Saturday, May 7, 2022

သောင်းတိုက်ကကျော်


 ❝ သောင်းတိုက်က ကျော် ❞


သုဓ္ဓမာခန်းမ နန်းဆောင်ကြီးဆီ မှာ နတ်ပရိသတ် တို့ စုံညီ စုဝေးမိနေကြ ပြီး သည် တစ်ကြိမ် နတ်သဘင်အစည်းအဝေးကြီး ၌ တရား ဟောမည့် နတ်မင်း မှာ ဂန္ဓဗ္ဗနတ်မှူးကြီး ပဉ္စသိင်္ခ ဖြစ်သည် ။ နတ်ပြည် ၏ သဘင်နတ်မှူးကြီး လည်း ဖြစ် ကိုယ်တိုင်လည်း ဗေဠုဝစောင်းဆရာဖြစ် ၊ သိကြားမင်း ၏ အားထားရာ လက်ရုံးလည်း ဖြစ်သော ပဉ္စသိင်္ခနတ်မင်းကြီး ကိုယ်တိုင် တရား ဟောမည့် အလှည့် ။


ဥသျှစ်သီးမှည့် အဆင်း ရှိသော ၊ ဗေဠုဝစောင်းကြီး ကို အဝေး ကပင် မြင် နေရ၏ ။ ပဉ္စသိင်္ခနတ်မင်းကြီး သည် သူ ၏ သျှောင်ငါးခု ကို ပုလဲများဖြင့် တန်ဆာ ဆင် ထား၏ ။ တာဝတိံသာ မှ နတ်သမီးများ မှာ တရားဟောပလ္လင် နား မှာ သဲသဲ လှုပ် နေကြသည် ။ အင်း - နတ်သဘင် မှာ ပရိသတ်အများစု က နတ်သမီး တွေ ။


ကျွန်ုပ် နောက် ကျနေပြီး ဘုံစံ အားဖြင့် လည်းကောင်း ၊ တန်ခိုးဣဒ္ဓိပါတ် အားဖြင့် လည်းကောင်း ၊ ပိုင်နက် အားဖြင့် လည်းကောင်း ၊ မထင်မရှား အညတြ သာ ဖြစ်သော ကျွန်ုပ် အဖို့ရာ ဖွေးဖွေးလှုပ် ဝင်းဝင်းလက် နေသော ဤ နတ်သဘင် နတ်ပရိသတ် ထုကြီးကို ထိုးဖောက်ဖို့ မလွယ်ပေ ။ ဒါပေမဲ့ ဂန္ဓဗ္ဗနတ်မှူးကြီး ပဉ္စသိင်္ခ အနီးထံပါး သို့ မရောက် ရောက်အောင်တော့ တိုးဝှေ့ သွားရပေမည် ။


ကျွန်ုပ် ကိုယ်တိုင် က အညတြ နတ်သား ဖြစ်သော်လည်း ကျွန်ုပ် သယ်ယူလာသည့် ကိစ္စကား အညတြ မဟုတ် ။ လူ့ပြည် ၏ အမျိုး ၊ ဘာသာ ၊ သာသနာ နှင့်ပတ်သက် နေသည် ။ ဒါကို ပဉ္စသိင်္ခနတ်မှူးကြီး သိအောင် သတင်းပို့ လျှောက်တင်ရမည့် တာဝန် ကျွန်ုပ် မှာ ရှိနေသည် ။


တန်ခိုးကြီးနတ်မင်းများ အား တိုးလျှိုးတောင်းပန်လျက် ကျွန်ုပ် တိုးဝှေ့ ဖြတ်ကျော်ခဲ့၏ ။ နတ်သမီးများ ၏ လှပသော မျက်စောင်းများ ကိုလည်း မသိ ကျိုးကျွံ ပြုခဲ့ရ၏ ။ အင်း ဂန္ဓဗ္ဗနတ်မင်းကြီး ထိုင်ရာ ပလ္လင် အခြေသို့ ရောက်ပေပြီ ။ ဗေဠုဝ စောင်းကြီး ၏ စောင်းကြိုးများ ကိုပင် လှမ်း ၍ ထိ တို့ နိုင်လောက်သည့် နေရာ ... ။ ကျွန်ုပ် အကျအန နေရာ ယူလိုက်၏ ။


“ ဟဲ့ ... ဟဲ့ ... ကိုယ်ရောင်ကိုယ်ဝါ ကလဲ မတောက် မပ ၊ နတ်ဝတ် တန်ဆာ ကလဲ ချို့ချို့ငဲ့ငဲ့နဲ့ ဘယ်က နတ်သား လဲ ”


ပလ္လင်ဘေး မှ အခြံအရံနတ်မင်းတစ်ပါး က လှမ်းမေးသည် ။ 


“ ကျွန်ုပ် ရုံစောင့်နတ် ပါ ” 


“ ဘာ ... ဘယ်လို ”


“ ရုံစောင့်နတ် ပါ ။ လူ့ပြည် က ... အဲ... စတုမဟာရာဇ်ဘုံ နယ်နိမိတ် တစ်ခု က လာခဲ့တာပါ ”


“ ဘယ်လို... ရုံစောင့်နတ် လဲ .... ။ ကိုယ်စောင့်နတ် လဲ မဟုတ် ၊ ဘုမ္မစိုး ၊ အာကာသစိုး ၊ ရုက္ခစိုး လဲ မဟုတ် ...  ။ ဘယ်နှယ့် ရုံစောင့်နတ် ရယ် လို့ ”


“ အဲ ..... ဟိုဒင်း ..... နစ္စ ၊ ဂီတ ၊ ဝါဒိတ သဘင်ဂီတအမှုတွေ ကျင်းပတဲ့ ရုံ ၊ ဇာတ်ရုံကြီး တစ်ခု ကို စောင့် တဲ့ နတ်ပါ ..... ဂန္ဓဗ္ဗနတ်မှူးကြီး ဒီနေ့တရားဟောမယ် ဆိုလို့ သံတော်ဦး တင်စရာတွေလဲ ရှိလို့ လာခဲ့ခြင်းဖြစ်ပါ တယ် နတ်မင်းကြီး ”


“ အံမာ .... လာ လာချည်သေး ၊ ပလ္လင် ရဲ့ ဒီ ရှေ့တန်း နေရာတွေဟာ တန်ခိုးကြီး နတ်တွေ နဲ့ အလွန် အရေးကြီးသော ဒေဝတာတွေ အတွက် သီးသန့် နေရာ ဆိုတာ သင် မသိရော့သလား ..... သင့်လို အညတြ ”


“ သိပါတယ် နတ်မင်းကြီးရယ် အခုဟာ က လူသားတွေရဲ့ အမျိုး ၊ ဘာသာ ၊ သာသနာရေး အတွက် .. ”


“ ဟာ ... ရှုပ်လိုက်တာ .... ဟော ... ဟော  ... နတ်သဘင် အစည်းအဝေး စတော့မယ် ”


ခရုသင်းသံများ ကိုပင် ကျေးဇူး တင်ရတော့မည် ။ ကျွန်ုပ် အား သဟောက် သဟန်း လုပ်နေသော နတ်မင်း မှာ ခရုသင်းသံများ နှင့် ဟိုမှာဘက် မှ နတ်သမီး ဆီ အာရုံ ပြောင်း သွားလေသည်  ။


ကိုင်း ..... သူတို့တတွေ နတ်သဘင် အစည်းအဝေးကြီး ၏ အစီ အစဉ်များဖြင့် အလုပ် ရှုပ် နေကြချိန်မှာ ကျွန်ုပ် လည်း ရုံစောင့်နတ် ကိုယ့် ရှိစုမဲ့စု တန်ခိုး ဣဒ္ဓိပါတ် ကို သုံးလျက် ၊ ကိုယ့် ကိစ္စကိုယ် နှလုံးသွင်း ဆင်ခြင်လိုက်၏ ။


ပဉ္စသိင်္ခနတ်မင်းကြီး တရား စ ဟောတော့မည် ။ ဟောပစေ ။ ကျွန်ုပ် လာ တာက တရား နာဖို့ မဟုတ် ။ သတင်းပို့ လျှောက်တင်ဖို့သာ ဖြစ်သည် ။ ကိုင်း ... မင်း ပြောရမယ့် စကားတွေ ကို အစီအစဉ်တကျ ဖြစ်အောင် လုပ်စမ်း ။ မင်း တွေ့ခဲ့ ကြုံခဲ့ ၊ ကြားခဲ့ရတာတွေ ..... လေ့လာ .....  ။ 


( ၂ )


မြို့လယ်ခေါင် က ဇာတ်ရုံကြီး .... ။ အဲ ..... ဇာတ်ရုံကြီးလို့တော့ ပြောရမှာ ခက်သည် ။ အမှန်က ရုပ်ရှင်ရုံကြီး ဖြစ်သည် ။ ဒါကို ဇာတ်ရုံ အဖြစ် ယာယီ အသုံးပြုလိုက်ကြတာ ဖြစ်သည် ။ သူ့ ဘာသာ သူ ရုပ်ရှင် ဖြစ်ဖြစ် ၊ ဇာတ် ဖြစ်ဖြစ် ၊ ဘာ ပြပြ ဘာမှ မပြဘဲ ပိတ်လို့ပဲ ထားထား ကိုယ် က စတုမဟာရာဇ် နတ်မင်းကြီးတစ်ပါး ၏ ခွင့်ပြုချက်ဖြင့် ဒီ ရုံ ကိုစောင့်ရှောက်ရင်း ဗိမာန်ပြု နေထိုင် ရတာ ဖြစ်သောကြောင့် ဒီရုံကြီး နှင့်ပတ်သက်သမျှ ကိုယ့် တာဝန် ပေါ့ ။


ဟေမန္တဥတု ။ တစ်ခုသော ညဉ့်ဦး အဲဒီ ဇာတ်ရုံကြီး ၏ အတွင်းဘက် ဇာတ်သဘင်သည် တို့ အဝတ်အစား လဲရာ နားနေရာ အခန်း တစ်ခန်း ။ ထို အခန်းငယ် ထောင့် တစ်နေရာ မှာ ကျွန်ုပ် ရပ် နေခဲ့သည် ။ လူသားတွေ ကတော့ ကျွန်ုပ် ကို မမြင်နိုင်ဘူးပေါ့ ။


ခေါင်းဆောင် ၊ ဇာတ်ဆရာ မင်းသားလေး ၏ အဝတ်လဲနေရာလေး ကို ကျွန်ုပ် သဘောက် ကျမိသည် ။ ကိုယ်လုံးပေါ်မှန်ချပ် အထက်တွင် မြတ်စွာဘုရား ပုံတော် ကို ပူဇော် ထားသည် ။ ပြီးတော့ ချောင်းဝ ဆရာတော် သာမည ဆရာတော် များ ၏ ပုံတော် ၊ သာဓု ၊ သာဓု ၊ သာဓု ၊ ရတနာသုံးပါး ကိုင်းရှိုင်းသော မင်းသား လေး ပဲ ။


အနီးတစ်ဝိုက်မှ ကျန်ပစ္စည်းတွေ ကိုတော့ ကျွန်ုပ် သိပ် နားမလည် ။ ကဗျာ စာရွက် တွေလည်း ချိတ်ထားသည် ။ ကြော်ငြာဓာတ်ပုံတွေလည်း ရှိသည် ။ ပြီးတော့ တဝှီးဝှီး လည်နေသော လျှပ်စစ် လေရဟတ် ၊ ဘော်ကြယ်ထိုး ဇာတ်ဝင် ဝတ်စားတန်ဆာများ ။ အဲ ..... ပြောင်ပြောင်လက်လက် အဲ ဟို ဒွါဒရာ တစ်ခု က ကျွန်ုပ် ၏ ခါးထက်မှ ခါးစည်းကြိုး ထက်ပင် ပို၍ အရောင် တောက်ပါသေး သကော  ။


မင်းသားလေး နှင့် သူ့ ဇနီး ဖြစ်ပုံရသည့် မိန်းကလေး တို့ စောစောကပင် ဘုရားရှိခိုး ၊ မေတ္တာပို့ ၊ အမျှဝေခဲ့ကြသည် ။ အမျှဝေ သည့် အထဲ မှာ ရုံစောင့်နတ် ဆိုတဲ့ စကားလုံး ပါသည် ။ ကျွန်ုပ် သာဓု ခေါ်ခဲ့သေးသည် ။ အသင်တို့ ၏ အမျှ မေတ္တာ ကို ခံယူလျက် အကျွန်ုပ် ကလည်း ကိုယ့်ပိုင်နက်ဗိမာန် အတွင်း ရောက်နေသော အသင်တို့ အား ပြန်လည် စောင့်ရှောက် မ စ ရပေမပေါ့ကွယ် ။  ။ 


ကဲ ... ကဲ ... ဘာများ လိုအပ်ကြသလဲကွဲ့... ၊ ဘေးကင်းရန်ကင်း ရှိစေဖို့ စောင့်ရှောက်မယ် ။ ရန်သူမျိုးငါးပါး ဘေးကနေ လွတ် အောင် လုံခြုံစေရမယ် ။ အသင်တို့ ရဲ့ တင်ဆက်ကပြမှု သဘင်အနုပညာ ကိစ္စ ၊ အစစချောမွေ့အောင် စောင့်ရှောက်မယ် ။ အင်း ..... လှူနိုင်တန်းနိုင် ဖို့ အတွက် ရွှေငွေ ၊ ရတနာအသပြာများ ရရှိအောင် မစ .... အဲ.... ဒါတော့  ခန ဆိုင်းဦး ကွဲ့ ။ အသင်တို့ ပွဲကို လာရောက် ကြည့်ရှုတဲ့ ပရိသတ် က ရုံ ရဲ့ သုံးချိုး တစ်ချိုး တောင် မရှိချင်ဘူး ။ 


သို့သော်လဲ စိတ် မပျက်လေနဲ့ ။ အသင် လူသား ၊ မင်းသား မောင်နှံ တို့ ။ အသင်တို့ ယခု ကပြတဲ့ နောက်ပိုင်း ဇာတ်ထုပ် ဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ဝင် မဟာနိပါတ် ဇာတ် တစ်ဆယ် ထဲက အလောင်းတော်ဇာတ် ထုပ် ဖြစ်သမို့ အသင်တို့ မှာ ကုသိုလ် လဲ ရ ဝမ်းလဲ ဝ ရပေမကွဲ့ ၊ ဒါတွင်မကသေး ဘူးကွဲ့ ။


ရုံစောင့်နတ် ဆိုတော့ ကျွန်ုပ် ကောင်းကောင်း သိသပေါ့ ။ သည် တိုင်းနိုင်ငံ ၏ မြို့ရွာဇနပုဒ် အရပ်ရပ် ရှိ အခြား အခြားသော ရုံစောင့်နတ်များ နှင့် ဆွေးနွေး တိုင်ပင်နေ ကျ ဖြစ်သည် ။ ရုံစောင့်နတ်မင်းများ အားလုံး လိုလို ၊ တစ်သံတည်း အညီအညွတ် ထွက်လာကြတဲ့ စကား ။  ။


“ နတ်မင်းတို့ ရယ် အသင်တို့ စောင့်ရတဲ့ ဇာတ်ရုံတွေ မှာတော့ ပွဲတွေ ၊ သဘင်တွေ ခင်းကျင်းလိုက်ကြတာ .... ဘာတွေမှန်းကို မသိဘူး ။ အလွန် တရာမှ ဆူညံစူးရှတဲ့ ဂီတသံတွေ အလွန်တရာ ထူးဆန်းတဲ့ ဝတ်စားဆင်ယင်မှု တွေ ၊ အလွန်တရာ မျက်စိရှစရာ လှုပ်ရှားမှုတွေနဲ့ တစ်ရုံလုံးကို ဝက်ဝက်ကွဲ နေတော့တာကလား ။ ဟိုး ယခင့်ယခင် အနှစ် ငါးဆယ် တစ်ရာ ကလို ဗုဒ္ဓဝင် ၊ မဟာဝင် ၊ ရာဇဝင် ၊ ထူပဝင် ၊ ဝင် ကိုး ဝင်ဇာတ်နိပါတ်တွေ မက ကြတော့ဘူးဗျ ။ ပွဲကြည့် သူ ကို ဘာဝနာ မဖြစ်စေတော့ဘူးဗျ ။ ကြည့်တတ် မကြည့်တတ် တဏှာတွေ ချည်းဘဲ ပေး နေသဗျ ။ အဲ သူ့ အရပ် သူ့ဇာတ် ဟုတ်ပေဗျား  ။ က သူ က ကတော့ ကြည့် သူ ကလဲ လက်ခုတ်ဩဘာ တဖြောင်းဖြောင်း နဲ့ ဗျ ။ ဘာတွေ ဖြစ်ကုန်ကြပြီ  လဲ ။ သင်တို့ စောင့်တဲ့ ရုံတွေမှာကော နတ်မင်းတို့ ”


“ ထိုနည်းလည်းကောင်းပါပဲဗျာ ထိုနည်းလည်းကောင်းပါပဲဗျာ ”


သို့ကလို အခြေမှာ အခု ကျွန်ုပ် စောင့်ရတဲ့ ရုံ ကို ဝင်ရောက် ကပြလာတဲ့ အဖွဲ့ ကတော့ ရိုးရာအစဉ်အလာ သဘင်အနုပညာ ဆိုပြီး ၊ မဟာနိပါတ်ဝင် ဇာတ်ကြီး ကို ကပြပေတာမို့ ... အင်း ... သာဓု ... သာဓု ... သာ ... ။


အလို ... အလှပြင် မှန်ချပ်ကြီးရှေ့ ၊ ကော်ဇောပေါ်မှာ ဧည့်သည် တစ်ဦး ထိုင် လို့ပါလား ။ သူ့ ကြည့်ရတာ တစ်ခုခု ထူးခြားနေသလိုလို ။ အလို ..... မင်းသားလေး ရဲ့ ဇနီး နဲ့ တပည့် တစ်ဦး ကို သူ က ဘာတွေ မေးနေပါလိမ့် ။ စာအုပ်ဖွင့် ၊ ကလောင်တန် ဝင့်လို့ ။ ကိုင်း ..... ရုံစောင့်နတ် တို့ ရဲ့ ဒိဗ္ဗ သောတ နဲ့ နား စွင့်ကြည့်လိုက်စမ်းမယ် လာလေ့ ”


( ၃ )


“ ကိုင်း ... မလေး ... အခုဟာ က မင်းသား ရဲ့ ဇနီးလေး နဲ့ အင်တာဗျူး မဟုတ်ဘူး ။ ဇာတ်အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံတာလို့ သဘောထား ကြီးကြီးကျယ်ကျယ် ပြောရရင် ၊ ယနေ့ ဇာတ်သဘင်နှင့် တွေ့ဆုံ ခြင်းပေါ့ ။ အကြမ်းဖျဉ်း အချက်အလက် တွေ ကိုတော့ ညီတော်မောင် မင်းသားလေး နဲ့ တွေ့ခဲ့လို့ သိပြီးပါပြီ ။ အသေးစိတ် အတွင်းကျကျလေးတွေ သိချင်လို့ ၊ မလေး နဲ့ တွေ့ရတာပါ ”  


“ ကျွန်မ ဘာတွေ ပြောရမလဲ ဆရာ ”


“ ကျွန်တော် မေးတာတွေ ဖြေပေါ့ဗျာ ။ ပြီးတော့ မလေး ပြောချင်တာတွေ လဲ ပြောပေါ့  ။ အင်း - အားတော့နာသား ... အခြေအနေ သိနေတာကိုး ”


“ ရပါတယ် ဆရာ ။ အားမနာပါနဲ့ ကျွန်မ စိတ်ဓာတ် မကျပါဘူး ၊ လူရော စိတ်ပါ အဲငွေကြေး အရပါ ပင်ပန်းအားနည်း နေပေမယ့် ကျွန်မ ကြည်နူးနေမိပါတယ် ”


“ အဲ ... ဟုတ်ပြီ ... ဒီ အခြေခံနဲ့ မလေး ကို တွေ့ရတာ သိပ် ကောင်း ပါတယ် ။ အခု ဒီ ရုံကြီးမှာ ဝင် ကခဲ့တာ ၊ သုံးပါတ် နီးပါး ရှိသွားပြီနော် ။ အခု မလေး ဆီ က သိချင်တာက ငွေရေးကြေးရေး အခြေအနေပဲ ”


စာအုပ်ဖွင့် ၊ကလောင်တံ ကိုင်ထားသော မျက်မှန် နှင့် ပုဂ္ဂိုလ် ၏ အမေးစကား တွေ နှင့် ထပ်ကြပ်မကွာ လိုက်ပါ ဖြေဆိုသည့် မင်းသားလေး ဇနီး ၏ အဖြေစကား များ ကို အကျွန်ုပ် အံ့ဩစွာ ၊ စာနာစွာ ၊ စိတ်မကောင်းစွာ ။ သို့သော် ဘာမျှ မတတ်နိုင်စွာ ကြား လိုက်ရချေ၏ ။ အို ... ဖြစ်ရလေ ... အသင် လူသားတို့ ...  ။


“ ကုန်ကျစားရိတ် ဟုတ်လား ။ ဟင်း ဟင်း ... ဒီ မြို့လယ်ရုံကြီး မှာ နောက်ပိုင်း ဇာတ်ထုပ် စစ်စစ် ကို က မယ်လို့ ... ကျွန်မတို့ မနှစ် ကတည်းက  ကြံရွယ် ထားတာပါ ။ တကယ် က ဖို့က တစ်လခွဲ နှစ်လလောက် က စပြီး ပြင်ဆင်ခဲ့ပါတယ် ။ အခုလို လရာသီ မှာ တခြားနေရာတွေမှာ ကမယ့် ပွဲခွင်တွေ ရှိပြီးသား ပါ ။ ကြိမ်းသေ အမြတ်အစွန်း ရမယ့် ပွဲချီတွေပေါ့ ဆရာ ။ ဒါပေမယ့် အဲဒီ ညပွဲချီ တွေကို လက်လွှတ်ပြီး ကျွန်မတို့ ဒီ မြို့တော် မြို့လယ်ရုံကြီး ကို ဝင် ခဲ့ပါတယ် ။ ဆရာ့ ညီတော်မောင် ရဲ့ စိတ်ဓာတ် လဲ ဆရာ သိသားပဲလေ ”


“ ရုံခ က တစ်ပါတ် ကို သုံးသောင်း ပေးရတယ် ။ တစ်ည ကို လေးထောင့် သုံးရာ နီးပါးပေါ့ ။ ဇာတ် မဝင်ခင် တစ်ပါတ် ကြို ပြီး ရုံသန့်ရှင်းခ ခြောက်ထောင့်ခြောက်ရာ သွင်း ရသေးတယ် ။ တယ်လီဖုန်း သုံးခ ၊ ဒီပိုးဇစ်ပေါ့ ဆရာ ။ ငါးထောင် သွင်းရတယ် ။ ကြိုတင်ပြင်ဆင်ခ က တစ်သောင်းငါးထောင် ”


“ ကြော်ငြာ ကိုလည်း ဂရုစိုက်ရပါတယ် ။ ကိုယ် က တာ လူ သိ မှ ဖြစ်မှာ ကိုး ။ ဒါကြောင့် သတင်းစာကြော်ငြာ ၊ ရုံရှေ့ ဂိတ်ထိုး ပန်းချီကား ၊ ပိုစတာ .... ဘာညာ ..... ကြော်ငြာခ ချည်း တစ်သိန်း နီးပါး သုံး ခဲ့ရတယ်လေ ” 


“ မြို့တော်ကြီးရဲ့ မြို့လယ် အချက်အခြာရုံ မှာ က ရမှာ ဆိုတော့ အဝတ်အစားတွေ လဲ အသစ်တွေချည်း ပြန် ချုပ်ပါတယ် ။ သူ့ အတွက် နှစ်ပါးသွား ဝတ်စုံ အသစ် နောက်ပိုင်းဝတ်စုံ အသစ် ... ဟင်း .. ဟင်း .. ကိုယ့် ခင်ပွန်း အတွက်တင် မဟုတ်ပါဘူး ဆရာ ။ ဘုရင်နေရာ ကမယ့် အဘ အတွက် မိဖုရားကြီး နဲ့ နတ်သမီး အတွက် လဲ .. ဘယက်ဒွါဒရာ ၊ ထိုင်မသိမ်း ပုဆိုး ၊ ထဘီ ကအစ အသစ်တွေ ချုပ်တာပါ ။ မြို့တော်ကြီး မှာ ဝင်ရမှာကိုး ဆရာရဲ့ ”


“ ဟုတ်ပါတယ် အစ ကတည်းက ရုပ်ရှင်ရုံ ဆိုတော့ ခုံတွေနဲ့ပေါ့ ။ ဟုတ်ကဲ့ တစ်ရာ့ငါးဆယ် ၊ တစ်ရာ ၊ ခုနှစ်ဆယ့်ငါးကျပ် ၊ ငါးဆယ် ဆိုပြီး လေးမျိုး ခွဲပါတယ် ။ ဟင်း ... ဟင်း ... ဒါပေမဲ့  ... ငါးဆယ်တန်း မှာပဲ ပွဲကြည့် ပုံမှန် ရှိတယ်လေ ။ ခုံအပြည့် ဆိုရင်လား ... အင်း ခုံပြည့်ရုံပြည့် ဆိုရင်တော့ တစ်ပွဲကို ခြောက်သောင်း ကျော် ခုနှစ်သောင်း လောက် ရမှာပါ ” . 


“ အခု က ခဲ့သလောက်လား ... ဟင်း ... ဟင်း .... တစ်ပွဲမှာ ခြောက်ထောင့်ငါးရာ ပဲ ရတဲ့ နေ့တွေ ရှိတယ် ။ တနင်္လာ ကနေ သောကြာ အထိ ရက်တွေ ဆိုရင် တစ်ဝက် ၊ တစ်ဝက်ကျော် လူ ဝင်တယ် ။ ကြွားတယ် မထင်နဲ့နော် ဆရာ ”


“ ရှင် ကုန်ကျ စရိတ်လား ။ အဲ .... စားစရိတ် က ဇာတ်အဖွဲ့ လူအင်အား ၇၀ ကျော် အတွက် တစ်နေ့ နှစ်ထောင် ၊ သန့်ရှင်းခ ၊ ခရီးစားရိတ် ၊ ပညာရှင်တွေ အတွက် ညကြေး ။ အားလုံး ပေါင်းရင် တစ်နေ့ကို ကုန်ကျစားရိတ် နှစ်သောင်းခွဲ နဲ့ သုံးသောင်း ကြား မှာ ရှိပါတယ် ” 


“ ဟုတ်ပါတယ် ဆရာ ။ ပွဲခွန် က ဆယ့်ငါးရာနှုန်း ပါ ။ ဒါကလဲ ရရှိငွေ ထဲ က ကုန်ကျစားရိတ်နှုတ် ၊ အသားတင် ထဲ က ကောက်တာ မဟုတ်ဘူးလေ ။ ဝင်ငွေ ကို ဆယ့်ငါးရာနှုန်း ကောက်ခံတာ .... ဒီရုံမှာ အသားတင် ထဲ က ကောက် မယ် ဆိုရင်လည်း ပွဲခွန်တော်ဌာန မျက်စိ လည်သွားနိုင်တယ် ။ အသားတင် အမြတ် မှ မရှိတာကိုး ဆရာရဲ့ ” 


“ ရှင် ..... အခုထိ သုံးပါတ် အရက် နှစ်ဆယ် ကျော် က ခဲ့ပြီး နောက် လား ... အင်း ... ကြွားလိုက်ရဦးမယ် ဆရာရေ ။ သုံးသိန်းခွဲ နဲ့ လေးသိန်း အကြား အရှုံး စာရင်း ပြပါတယ် ”


“ ငွေကြေး အရ ရှုံးမယ် ဆိုတာ ကျွန်မတို့ နှစ်ယောက်စလုံး ကြို တွက်ပြီး သား ၊ မျှော်လင့်ပြင်ဆင်ထားပြီးသားပါ ။ ဒါပေမဲ့ ဒီလောက်ကြီး အရှုံး ပြမယ် မထင်ခဲ့တာတော့ အမှန်ပဲ ဆရာရေ့ ။ အခုဟာက ဟင်း ... ဟင်း .... မျှော်လင့်တာထက် အတော်လေး ပို များသွားတယ် ။ ဆရာ့ညီတော်မောင် ကတော့ လင့်ရိုဗာကား ကို မျက်စောင်း ထိုးနေပြီ ။ ပွဲစားတန်း မှာ ဈေး မေးခိုင်းထား သလား မသိဘူး ၊ ရောင်းသင့်လဲ ရောင်း ရမှာပေါ့ရှင် ”


“ ဒါပေမဲ့ ဆရာ .... ။ အနုပညာ အရ ဂုဏ်သိက္ခာ အရ ကျွန်မတို့ မရှုံးဘူးလို့ ကျွန်မ ယုံကြည်ပါတယ် ။ ပါရမီဖြည့်ဘက်တို့ အနုပညာစိတ်ဓာတ်တို့ ဘာတို့ ဆိုတဲ့ စကားလုံးတွေ ကတော့ ကျွန်မ မသုံးတတ်ဘူး ဆရာ ။ ဒါပေမဲ့ တစ်ခု ပြောရဲပါတယ် ။ ငွေကြေးအရ ရှုံးပေမယ့် ပင်ပန်းလွန်းမက ပင်ပန်းပေမယ့် ... သူရော ကျွန်မရော ဇာတ်အဖွဲ့သားတွေ အားလုံးပါ စိတ်ဓာတ် မကျကြဘူး ။ ကျွန်မ က မပြောတတ်ဘူး ဆရာ ။ ဘာ ခေါ်မလဲ ......  ။ ရှုံးရကျိုး နပ်တယ် ခေါ် မလား ဆရာ့ညီတော်မောင် တော့ ပြောတတ်မှာပါ ” 


“ ဘာကြောင့်လဲ ဟုတ်လား .... ကျွန်မ မဖြေတတ်ဘူး ဆရာ ။ ဇာတ်ပွဲ ဆိုရင် ည မှ ကြည့်ရတာ ဆိုတဲ့ အစဉ်အလာကြောင့်လား .... အခုဟာက နေ့ပွဲ ကိုး ၊ ပြီးတော့ နောက်ပိုင်းဇာတ်ထုပ် ဆိုတာကို စိတ် မဝင်စားကြလို့ လား ၊ မသိပါဘူး ဆရာ ၊ အဲဒါတွေတော့ ကျွန်မ မသိဘူး မပြောတတ်ဘူး ဆရာ ”


အလို ဖြစ်မှ ဖြစ်ရလေ ။ အသင်လူသား မင်းသားဇနီးမောင်နှံ တို့ ။ ကျွန်ုပ် ရုံစောင့်နတ်မင်း တစ်ပါးလုံး ရှိပါရက် နှင့် ဤသို့ ဖြစ်ရမည် လော .....  ။ တကယ်စစ် ၊ တကယ်မှန် ၊ တကယ်လုပ်သူ စွန့်စားသူ ၊ စေတနာကောင်းထားသူ ၊ အမျိုးဘာသာ သာသနာ ကို မိမိတို့ တတ်စွမ်းသော ပညာဖြင့် တိုးမြှင့်လိုသူ မနုဿ လူသားတို့ အတွက် ကျွန်ုပ်တို့ သမာဒေဝနတ်များ မှာ တာဝန် ရှိပေ၏ ။ 


ရုံစောင့်နတ် ဖြစ်ပေသော ကျွန်ုပ် အဖို့ ဤ ရုံမှာ လူဝင် စည်ကားဖို့ တကယ် ကောင်းတာကို အရသာ ခံတတ်ကြဖို့ ... ပရိသတ်တို့ သဲသဲလှုပ် အားပေးကြဖို့ ကူညီညာဝိုင်း၍ မှိုင်းမရချေမည် .....လာလေ့ ။


( ၄ )


အလို - ဘာသံပါလိမ့် ဇာတ်ခုံပေါ်မှာ မီးတွေ မှောင်လို့ တစ်ရုံလုံးလည်း တိတ်လို့ ဟဲ့ ... အလို ... မင်းသားလေး ကိုယ်ပေါ်မှာ အဏုမြူရောင်ခြည် တွေ ပက်ဖြန်းလို့ပါကလား ... မှန်းစမ်း ။ အို ... ကဗျာ ရွတ်သံပါ တကား ။


“ မနက်ခင်းကလေး ရေ တို့နှစ်ယောက် ရဲ့ အလင်းရောင် ဟာ ဘယ်တော ဘယ်တောင်မှာ ရောက်နေပြီလဲ ။ မီးဖွင့်လိုက် ။ စိမ်းလန်းခြင်းကို ဘယ်ခါမမေ့လျော့တဲ့ လယ်ကွင်းတွေပျော်ရွှင်ဖို့ ... မီးဖွင့်လိုက်  ။


“ ဒီမှာ မိတ်ဆွေ ... ငါတို့အားလုံး ရဲ့ အမေ့ ရင်ခွင် ထိန်ညီးစေဖို့ ကမ္ဘာကြီး ကို မီးဖွင့်လိုက် ”


ကဗျာ ရွတ်ဆိုနေသော မင်းသားလေး .... ဝိုးခနဲ ဝင်းခနဲ လက် လက် သွားသည့် အလင်းတန်း ... ။ ငြိမ်ဆိတ်နစ်မျောလှိုက်လှဲ ပရိသတ် ... ။


ရှေ့ခုံတန်းများ မှာ ..... အလယ်ခုံတန်းများ မှာ နောက်ခုံတန်းများ  ။ အလို ..... အများစုဟာ စာပေနယ် က ပုဂ္ဂိုလ်တွေ ပဲ ။ ကျွန်ုပ် ၏ နတ် တို့ တန်ခိုးဖြင့် သိ သပေါ့ ။ ဟုတ်ပေစွ ၊ စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ တက္ကသိုလ် က ဆရာဆရာမတွေ သမိုင်း ပညာရှင်တွေ အို ..... တကယ့် ပရိသတ်ပါ တကား ..... ။


မီးဖွင့်လိုက် ..... မီးဖွင့်လိုက် ..... ကဗျာရွတ်သံ ......  ။


မင်းသားလေး ဇနီး ပြောပြခဲ့သော စကားများ ၊ ကိန်းဂဏန်းများ ....  ။


ဒေဝတာဣဒ္ဓိပါတ် တန်ခိုး ကို နှိုး ကြည့်လိုက်၏ ။ အမျိုး ၊ ဘာသာ ၊ သာသနာ ကို စောင့်ရှောက်ကြချင်သူ တွေ အမှန်အစစ် ကို ချစ်ကြသူ တွေ ။ အမှန်အစစ် ကို ချစ်ကြသူတွေ ..... သည် ရုံကြီးထဲ လှိမ့် ဝင်လာအောင် ကျွန်ုပ် စွမ်းဆောင်နိုင်မည်လား ကိုင်း ..... ငါ့ ရဲ့ နတ်တန်ခိုးတွေ နိုးထကြစမ်း ဟေ့ .... ။ 


ဟင်း .... ၊ ငါ ဟာ စတုမဟာရာဇ်ဘုံ ထဲ က သာမာန် အညတြ ရုံစောင့်နတ် တစ်ပါး ပါကလား ..... သည် အမှု မှာ ငါ့ ဗိမာန် ပိုင်နက်အတွင်း ဖြစ်သော်လည်း တွေ့ကြုံရင်ဆိုင်နေရသော အမှု.... ငါ မစွမ်းနိုင်သော အမှု ။


မဖြစ်ချေပြီကဘူး သုဓမ္မာနတ်သဘင် အစည်းအဝေးကြီး မှာ ဂန္ဓဗ္ဗနတ် ကြီး ပဉ္စသိင်္ခ ဗေဠုဝအရှင် တရားဟောမည့် အလှည့် ဘယ်တော့ ရောက်မလဲ ....  ။ မြို့စောင့်နတ် နှင့် ပုထိုးစေတီစောင့် နတ်မင်းကြီးများ ထံမှ တဆင့် နတ်သဘင် တက်ခွင့် ရွှေလွှာ ချပ် လက်မှတ် တောင်းယူလေမှပဲ .... ။


နတ်သဘင် မှာ ပလ္လင် အနီးဆုံး အရောက် သွားပြီး သျှောင် ငါးခု အရှင် ၊ ဗေဠုဝစောင်းတော် သခင် ၊ ပဉ္စသိင်္ခနတ်မှူးကြီး ရွှေနားတော် ပေါက် အရောက် ကြားသိ သံတော်ဦး တင်လေမှ .....  ။


“ ဟောသလို ... ဟောသလို တော့ ဖြစ်နေကြပါပေါ့ အရှင် နတ်မင်းကြီးဘုရား ... အစချီပြီး ... ”


◾  ချစ်ဦးညို


📖  မြန်မာ့ဓန ၊ ၁၉၉၅


Aung Naing Oo


.

No comments:

Post a Comment