Sunday, May 1, 2022

တစ်လောက နှင့် နှစ်ဘဝ


 

❝ တစ်လောက နှင့် နှစ်ဘဝ ❞

( ၁ )

ယနေ့ လောက် ကျွန်တော့် စိတ်တွေ ဂယောက်ဂယက် နိုင်လှသော နေ့ ဟူ၍ မရှိသေးပါ ။ ည က တစ်ညလုံး မိုးကလေးတစိမ့်စိမ့် ဖြစ်နေခဲ့သည် ကို ကျွန်တော် ကောင်းစွာ အမှတ်ရပါသည် ။ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ် မပျော်ခဲ့သည့် အတွက် အမှတ်ရခြင်း ဖြစ်ပါသည် ။

ည က မိုး ရွာထားသဖြင့် ယနေ့မနက်ခင်း မှာ ခါတိုင်း မနက်ခင်းနှင့် မတူဘဲ အလွန်တရာ သာယာလျက် ရှိသည် ။ အိမ်နံဘေးရှိ  ခြံဝင်း အတွင်းမှ မြက်ပင်များ မှာ ည က ကျထားသော မိုးရည်စက်များ နှင့် နံနက်ခင်း မိုးနှင်း အကြား မှ ထိုးပြူ ထွက်လျက် ရှိသော နေရောင် ကြောင့် စိမ်းလဲ့တောက်ပ လျက် ရှိကြသည် ။

ကျွန်တော် သည် ဝါးခနဲ နေအောင် တစ်ချက် မျှ သမ်းဝေလိုက်ပြီးနောက် ပျင်းပျင်းရိရိပင် မျက်နှာ သစ် ရန် နောက်ဖေးဘက် ဆီ သို့ ထွက်လာခဲ့၏ ။ နောက်ဖေး ဘက် ရှိ သရက်ပင် အုပ်အုပ်ကြီး ဆီ မှ နံနက် စောစော နိုးလာသော ငှက် သံ အချို့ကို မသဲမကွဲ ကြား ရသည် ။ နေရောင် သည် အဖြူရောင် ဇာပဝါပါး ခြုံလွှမ်းထားသည့် မြေပြင် ပေါ် သို့ ကျိုးတိုးကျဲတဲ နှင့် ထိုးဆင်းလျက် ရှိသည် ကိုလည်း တွေ့ရ၏ ။

ကမန်းကတန်း မျက်နှာ သစ် နေစဉ် ကလေး ငို သံ ကြား ရသည် ။ ငိုသော ကလေး မှာ ကျွန်တော့်သားငယ် ဖြစ်ပါသည် ။ ကျွန်တော် သည် ပျာပျာသလဲ မျက်နှာ သစ်ကာ အိမ်အတွင်းခန်းဘက် သို့ ပြန် ဝင်လာလျက် မျက်နှာ သုတ်ပြီး နောက် ငိုနေ သော ကလေး ကို သူ့ အမေရင်ခွင်မှ ယူ၍ ချီ ထားလိုက်ပါသည် ။ ကျွန်တော့် မိန်းမ မြရင် မှာ ကလေး ငို သည်ကို သိဟန် မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်ပါသည် ။ တစ်ည လည်း မဟုတ် ၊ နှစ်ည လည်း မဟုတ် အိပ်ရေးပျက်ပေါင်း များလှပြီ ဖြစ်သည့် အတွက် မြရင် မှာ တမေ့တမော အိပ်နေဟန် တူပါသည် ။ ထို့ကြောင့် မြရင် အား ကျွန်တော် မနှိုးရက်တော့ပါ ။

အငို တိတ် သွားသော သား ကို ပွေ့ချီရင်း ခေါင်းရင်းပြတင်းပေါက် နား တွင် ရပ်လျက် အပြင်ဘက် သို့ ငေးကြည့် နေမိသည် ။ သို့ကလို ငေးကြည့်ရင်း ကျွန်တော် နှင့် မြရင် တို့ အိမ်ထောင်ရေး ကိုလည်းကောင်း ၊ ကျွန်တော် အလုပ် လုပ် ကိုင်နေသော အလုပ်ခွင် အကြောင်း ကိုလည်းကောင်း အစီအစဉ် မရှိ သတိ ရလာမိလေသည် ။

ကျွန်တော် နှင့် မြရင် တို့ ညားကြသည် မှာ ၄ နှစ်ခန့် ရှိပါပြီ ။ မြရင် သည် ကျွန်တော် နှင့် တစ်ရပ်တည်း သား ဖြစ်သည် ။ မအူပင်ခရိုင် မလက်တို ရွာသူ ဖြစ်သည် ။ ကျွန်တော် သည် မလက်တို တွင် နေစဉ် အခါက မလက်တိုချောင်းဖျား ရှိ အင်းများ ၌ သူရင်းငှား အလုပ် ကို လုပ်ကိုင် စားသောက်ခဲ့ပါသည် ။ မလက်တို ရွာကလေး တွင် နေထိုင်ရန် မသင့်လောက်အောင် ဆူဆူပူပူ ဖြစ်လာခဲ့သော ၁၁ နှစ် ကျော် ခန့် ကစ၍ ရန်ကုန် သို့ ထွက် လာခဲ့ပါသည် ။

ရန်ကုန် ရောက်သောအခါ ၁၆ လမ်း တွင် နေ၍ ကုလားငါးရွဲ တစ်ခု တွင် ဝင် အလုပ် လုပ်သည် ။ ငါးအလုပ် ၊ အင်းအလုပ် တွင် မပျော်ပိုက်ဘဲ ငြီးငွေ့လာသည့် အတွက် ကျွန်တော် သည် ငါးရွဲသူဌေးပိုင် ဂျစ်ကား ဖြင့် တိတ်တဆိတ်ခိုး ၍ အမောင်း သင် ခဲ့ပြီးနောက် ငွေ ၈ဝ ပေး ကာ ကားမောင်းလိုင်စင် ရအောင် ယူ ခဲ့ပါသည် ။

အငှားကား မောင်းနိုင်ခွင့်လိုင်စင် ရပြီးနောက် ကြည့်မြင်တိုင် ပုဇွန်တောင် ပြေး ဘတ်စ်ကားများ ကို နေ့စား မောင်း ပါသည် ။ မနက် ၄ နာရီလောက် က စ၍ ည ၁၁ နာရီ ၊ ၁၂ နာရီ အထိ နာရီပေါင်း များစွာ မောင်း ရသည် ။ ရန်ကုန်မြို့ ၏ အပူရှိန် နှင့် ခေါင်းတိုကားများ ၏ အပူငွေ့ ဒဏ် ကို ကျွန်တော် လှလှကြီး ခံရပါတော့သည် ။ သို့သော်လည်း ခေါက်များများ ဆွဲနိုင်သလောက် ကားပိုင်ရှင် ထံ မှ ပိုက်ဆံ ရ သည့် အတွက် ခပ်ပျော်ပျော်ပင် ဘတ်စ်ကား မောင်း ကာ အသက်မွေး ဝမ်းကျောင်း ပြုခဲ့ပါသည် ။

နောက်ပိုင်းတွင် မြရင် နှင့် ကျွန်တော် လက်ထပ်လိုက်ပါသည် ။ မြရင် မှာ လည်း ကျွန်တော် ကဲ့သို့ပင် မလက်တိုရွာ ၌ မနေရဲတော့သဖြင့် ရန်ကုန် သို့ တက်လာကာ ညောင်ပင်လေးဆိပ် နှင့် စဉ့်အိုးတန်းဆိပ် တို့တွင် ကျပန်းအရောင်းအဝယ် ကလေးများ လုပ် နေခိုက်ဖြစ်ပါသည် ။

မြရင် က ကျွန်တော် ကား နှင့် ကြုံ ကာ သူ နေထိုင်ရာ ပုဇွန်တောင် ဘလုပ်မြေ ဘက် သို့ ပြန် လေ့ ရှိသည် ။ စကား စပ်မိကြရင်း မလက်တို ၏ ဇာတိများဖြစ်ကြောင်း ၊ ငယ်ငယ် က သိဖူးကျွမ်းဖူးသူများ ဖြစ်ကြောင်း ပြောမိ ဆိုမိကြသည် ။ တစ်ခါတစ်ရံ နံနက်ဝေလီဝေလင်းကြီး မှာ ပင် မြရင် သည် ညောင်ပင်လေးဆိပ် သို့ ကျွန်တော့် ကား နှင့် လိုက်တတ်သည် ။ သို့ကလို ရင်းနှီးခဲ့ရာ မှ အချင်းချင်း အပေးအယူတဲ့ ကာ လက်ထပ် လိုက်ကြခြင်း ဖြစ်ပါသည် ။

အိမ်ထောင်ရက်သား ကျပြီးသောအခါ မြရင် က ကျွန်တော့် ကို ဖျောင်းဖျ သည် ။ ဘတ်စ်ကား မောင်းသော အလုပ် မှာ အသက် ၄၀ ကျော် လျှင် အလွန် ထိခိုက် လာလိမ့်မည် ။ ကား ၏ အပူရှိန် သည် မျက်စိ နှင့် ဆီး ကို ဒုက္ခ ပေးလိမ့်မည် ဟု ပြော သည့် အပြင် အခြား သက်သာရာ အလုပ် တစ်ခု ခု ရှာ စေချင်သည် ဟု တိုက်တွန်းပါသည် ။

ထို့ကြောင့် ကျွန်တော် သည် ဘတ်စ်ကား မောင်းသော အလုပ် ကို စွန့်လွှတ် လိုက်ပြီးနောက် အခြား သက်သာမည့် အလုပ် တစ်ခု ခု ကို ရှာဖွေခဲ့ရာ အတွင်းဝန် ကလေး ဦးချစ်ထွန်း ၏ ကား ကို စ၍ မောင်းနှင်ခွင့် ရခဲ့ပါသည် ။ အတွင်းဝန်ကလေး ဦးချစ်ထွန်း မှာ သဘောသကာယ ကောင်းမွန်သလောက် အေးအေးဆေးဆေး နေလေ့ ရှိသူ တစ်ဦး ဖြစ်သည် ။ အသက် အရွယ် အားဖြင့် ၃၅ နှစ် ခန့် သာ ရှိရာ ကျွန်တော့် ထက် နှစ်နှစ် ခန့် ငယ်သည် ။ ကျွန်တော့် အား စတင် ခန့် ထားစဉ် အခါက ဦးချစ်ထွန်း သည် အတွင်းဝန်ကလေး ရာထူး ရခါစ ရှိပါသေးသည် ။

အတွင်းဝန်ကလေး ဦးချစ်ထွန်း မှာ အလုပ်တာဝန် ကို ရိုသေသလောက် အနေအထိုင်လည်း ရိုးသားသူ ဖြစ်၏ ။ အရက်သေစာ သောက်စားသည် ဟူ၍လည်း တစ်ခါမျှ မတွေ့ဖူးပါ ။ ကျွန်တော့်အပေါ် ၌လည်း သူ့ ကား ကို မောင်းရသော သူ့ ဒရိုင်ဘာ ဟူ၍ သဘော ထားပုံ မရဘဲ “ ကိုဘဆောင် ” ဟူ၍ ပင် “ ကို ” တပ် ခေါ် ပါသည် ။ ဤကဲ့သို့ ပညာ လည်း တတ် ရာထူးရာခံ လည်း ကြီး၍ အစစအရာရာ ကျွန်တော့် ထက် သာလွန်သော အလုပ်ရှင် မျိုး ထံတွင် ကျွန်တော် သည် စွဲစွဲမြဲမြဲ လုပ်ကိုင် နေ တော့မည် ဟု စိတ် ကို ပိုင်းဖြတ် ခဲ့ပါသည် ။

“ ကိုဘဆောင် ရေ ဒီနေ့ ခင်ဗျား တစ်နေ့လုံး မောင်း နေရတာ ညောင်းရော ပေါ့ ။ ဧည့်ခံပွဲ တော့ ခင်ဗျား မလိုက်ပါနဲ့တော့ ။ ကျွန်တော့် ဘာသာပဲ မောင်းသွား မယ်လေ ” ဟု တစ်ခါတစ်ရံ ပြော တတ်သည် ။ 

“ ဟာ ... မညောင်းပါဘူး ဆရာ ၊ ဧည့်ခံပွဲကြီး ဆရာ ကိုယ်တိုင်မောင်း လို့ ဘယ် ကောင်းမလဲ ။ ကျွန်တော် ပဲ လိုက် မောင်းပါ့မယ် ”

ကျွန်တော့် ဘက် က အလိုက် မသိဘဲ မနေနိုင်လောက်အောင် ကောင်းမွန် သော အလုပ်ရှင် မျိုး ဖြစ်သဖြင့် ကျွန်တော် သည် နားချိန် အားလပ်ချိန် ဟု သဘော မထားဘဲ အလုပ် လုပ်ခဲ့သည်သာ ဖြစ်ပါသည် ။ ထို့ အတွက်ကြောင့် ကျွန်တော့် သားဦးလေး မွေးသောအခါ ဆရာဦးချစ်ထွန်း နှင့် ဆရာကတော် တို့ ကိုယ်တိုင် သူတို့ တိုက် နောက်ဖေး ဘက် ရှိ ကျွန်တော့် တန်းလျားအခန်းကလေး သို့ လာကာ အနှီး ပိတ်စ နှင့် ငွေ ၂၀ ပေး ပါသည် ။ ထို ကျေးဇူး ကို ကျွန်တော့် တစ်သက် တွင် မေ့နိုင် တော့မည် မထင်ပါ ။

ဆရာဦးချစ်ထွန်း အကြောင်း ကို သို့ကလို ရောက်တတ်ရာရာ တွေး နေစဉ် ကျွန်တော် ပွေ့ချီထားသည့် သားအငယ် မှာ အိပ်လျက် ရှိသည် ကို တွေ့ ရသည် ။ ဤ သားအငယ် မှာ အလွန် ချူချာလှသည် ။ မွေးကတည်းက စ၍ ယခု အခါလည် ကျော် လာသည့်တိုင်အောင် ချူချာလှသဖြင့် ရသမျှ လစာလေး တစ်ရာကျော် မှာ ဆေးဝါးခ နှင့် ကုန်လုနီးပါး အခြေ ဆိုက်ခဲ့ရသည် ။

အမှန်စင်စစ် အားဖြင့် ဤကလေး ကို ကိုယ်ဝန် ရှိချိန်မှ စ၍ မြရင် သည် မကြာခဏ ဖျားနာတတ်သည် ။ သွေးအား နည်း ကာ လူမမာ တစ်ပိုင်း ဖြစ် နေသည် ။ မီးဖွားပြီးသည့် နောက်ပိုင်း ၌ လည်း ကောင်းစွာ မမာသော မြရင် သည် ကလေး ကို တစ်ဖက် က ပြုစုရပြန်သဖြင့် ပို၍ သာ အားနည်း လာခဲ့သည် ။ ကလေး မှာ လည်း ချောင်းဆိုးလိုက် ၊ ချွဲကျပ်လိုက် ၊ သံထိုးလိုက် နှင့် တစ်မျိုး ပြီး တစ်မျိုး ဖြစ်နေရာ တတ်သမျှမှတ်သမျှ ၊ ဆေးမျိုးစုံ ကို ရှာဖွေကာ ပြုစုခဲ့ရပါသည် ။

ယခုမူ မြရင် ကော ကလေးပါ ကောင်းစွာ မကျန်းမာ သည့် အတွက် တစ်လ တစ်လ ရသမျှ လခ မှာ သူတို့ ဆေးဖိုးဝါးခ နှင့်ပင် ကုန် ရသည်သာ ဖြစ်၏ ။ ယနေ့ ဆိုလျှင် လ ဆန်း ပြီးသည် မှာ ၁၀ ရက် ခန့် သာ ရှိသေးသည် ။ သို့သော် ရထားသော လခ မှာ ကုန်ခန်း နေပေပြီ ။

“ ကိုဘဆောင် ရေ .. ဆရာ ခေါ် နေတယ် ”

ထမင်းချက် အဒေါ်ကြီး က လှမ်း အော် သည့်အတွက် အိပ် ပျော်နေသော သားလေး ကို သူ့ အမေ ရင်ခွင် တွင်း ၌ အသာ ကလေး ချ ပေးလိုက်သည် ။ ထိုအခါ မောင်မင်းကြီးသားကလေး မှာ နိုး ၍ အော် ငိုလေ၏ ။ မြရင် လည်း ပျာယီးပျာယာ နိုး လာကာ ပိန်ကပ်နေသော သူ့ နို့ ကို ကလေး ပါးစပ် အတွင်း သို့ သွင်း လိုက်ပါသည် ။

“ နင် နေကောင်းရဲ့လား မြရင် ၊ ဆရာ ခေါ် နေလို့ ငါ သွားလိုက်ဦးမယ် ။ ထမင်း တစ်လုံး ပဲ ချက် ပေါ့ ဟာ ။ ဟင်း တော့ ဖြစ်သလို ကြည့် လုပ်တာပေါ့ ”

မြရင် ၏ ပိန်လှီ ခြောက်ကပ်နေသော မျက်နှာပြင် နှင့် နို့ပျော့အိအိ ကို  ငုံခဲ ရင်း မှေး နေသော ကလေး ကို လှမ်း ကြည့်ကာ တန်းလျားကလေး အတွင်း မှ ကားဂိုဒေါင် ဆီ သို့ ထွက်လာခဲ့ပါသည် ။

( ၂ )

“ ကနေ့တော့ ခပ်စောစောပဲ ”

ဆင်ဝင်အောက် တွင် ကား ထိုးလိုက်မိသည် နှင့် တစ်ပြိုင်နက် ဆရာ ဦးချစ်ထွန်း နှင့် ဆရာကတော် တို့ အိမ် တွင်း မှ ထွက် လာကြသည် ။ ဆရာ က ကားတံခါး ကို ဆွဲ ဖွင့်ကာ ဆရာကတော် အား ဝင် ထိုင်စေရင်း အထက်ပါ အတိုင်း ပြောခြင်း ဖြစ်ပါ သည် ။

ဆရာ့ စကား ကို ကြား မှ ကျွန်တော် လည်း သတိ ရလာ၏ ။ ကနေ့ အစောကြီး အထွက် ထူးလှသည် ။ ခါတိုင်းလို ဈေး သွားခြင်း မဟုတ် ။ ဈေး သွားလျှင် ဆရာကတော် တစ်ဦးတည်း ဖြစ်၏ ။ သို့တည်းမဟုတ် ဆရာကတော် နှင့် ထမင်းချက် မိန်းမကြီး ဖြစ်စေ သွား တတ်၏ ။ ယနေ့ ကား ဆရာ ရော ဆရာကတော် ပါ အတူတကွ ထွက်လာ ကြသည် ။ သို့ရာတွင် ကျွန်တော် အလုပ် မဟုတ်သည့် အတွက် အထူးတလည် မေးမြန်းခြင်း မပြုတော့ပါ ။

“ ကိုဘဆောင် ရေ .. ကျွန်တော်တို့ ဝင်ဆာလမ်း က ဦးလှဝေ အိမ် သိတယ် မဟုတ်လား ။ အဲဒီ ပို့ စမ်းပါဗျာ ... ”

ဆရာဦးချစ်ထွန်း ၏ အသံ မှာ ခါတိုင်းကဲ့သို့ မဟုတ်ဘဲ အတန်ငယ် ပျာယီး  ပျာယာ နိုင်လှသည်ကို သတိထားမိသည် ။ ဆရာကတော် ၏ မျက်နှာ ကို ကားမှန် အတွင်း မှ ပြန် မြင် နေရသည် ။ ဆရာကတော် ဒေါ်တင်တင်ဝေ မှာ အသက်အရွယ် အားဖြင့် ၃၂ နှစ် ခန့် သာ ရှိဦးမည် ဖြစ်သော်လည်း အရပ်အမောင်း နှင့် ကိုယ်အချိုး အစား လိုက်လျောပြေပြစ် သဖြင့် ကြည့် ကောင်းလှသည် ။ ဆရာကတော် သည် လမ်းလျှောက်သော အခါ၌ ဖြစ်စေ ၊ ထိုင်နေသော အခါ၌ ဖြစ်စေ ခါး ကို ဆန့်ဆန့် ထား ၍ ရင်ကို ရှေ့ ထုတ် ထားတတ်သဖြင့် ထာဝစဉ် ကြော့ရှင်း နေတတ်၏ ။ ပြည့်ဖြိုးသော မျက်နှာ ကို စလင်းမျက်မှန် နှင့် ဝင်းလက်သော ရွှေနားကွပ် ကိုင်းများက ပိုမိုတင့်တယ် အောင် ဖန်တီးထားသကဲ့သို့ပင်တည်း ။

“ သူတို့ အမျိုး က ဘာတဲ့ မောင် ”

“ ချူဟာဟာ .. တဲ့ ” 

“ နာမည် က တစ်မျိုးလေးပဲနော် ... ”

ဆရာ နှင့် ဆရာကတော် တို့ ပြောနေကြသော စကားလုံးတွေကို ကျွန်တော် အထက်ပါအတိုင်း ကြားရရိုး မှန်သော်လည်း ယင်း စကားလုံးတွေ အဓိပ္ပာယ် ကို ကျွန်တော် နားမလည်ပါ ။

“ ဘယ် နှစ်ပေါင်တဲ့ လဲ ” ဟု ဆရာကတော် က ထပ်မေးသံ ကြားရသည် ။

“ သူ့ နော်မဲလ် ကတော့ ၄ ပေါင် လို့ ဆိုတာပဲ ဝေ ရဲ့ ။ အခုတော့ ပေါင်များ မပြည့်ဘူးလား မသိဘူး ”

ကျွန်တော့် အတွေး သည် မောင်းနေသော ကားစက် အရှိန်နှင့် အတူ အပြေး အလွှား ဖြစ်နေ၏ ။ စဉ်းစား၍ မရသော စကားလုံးများဘ၏ အနက်အဓိပ္ပာယ် တွေ ကို သိချင်ဇော ဖြင့် ပြေးလွှားနေခြင်း ဖြစ်ပါလိမ့်မည် ။

“ ချူဟာဟာ တဲ့ ”

ဆရာကတော် ၏ လေးတွဲ့သော ရေရွတ်သံ ကို ကျွန်တော် ထပ်၍ ကြားရ ပြန်သည် ။

ဤ “ ချူဟာဟာ ” ဆိုသော စကားလုံး သည် ကျွန်တော့် ဦးနှောက် ကို တီးခေါက် ရိုက်နှက်လျက် ရှိပါတော့သည် ။ ' ချူဟာဟာ ' ဆိုသော အမျိုးသည် ဘာ အမျိုး ဖြစ်လေသနည်း ။ ကျွန်တော် နားမလည်သော ဝေါဟာရများ ဤမျှများပြား စွာ ရှိနေလေပြီလား ... စသည်ဖြင့် ရောက်တတ်ရာရာ စဉ်းစားနေမိပါသည် ။

“ အန်ကယ်လ်လှဝေ က သိပါ့မလား ”

“ သိတာပေါ့ ဝေ ရဲ့ ။ သူ က စပယ်ရှယ်လစ် ပဲ ”

ကျွန်တော့် ကားကလေး သည် ဝင်ဆာလမ်း ရှိ ဦးလှဝေ အိမ် ဆီ သို့ ဝင်လာခဲ့ ၏ ။ ဦးလှဝေ မှာ လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်ပြီး ကုန်တင်ကား အစီးပေါင်းများစွာ ကို ပိုင်ဆိုင် သူ ဖြစ်သည် ။ ဆရာဦးချစ်ထွန်း နှင့် ခင်မင်သူ ဖြစ်သည့် အလျောက် တစ်ဦး နှင့် တစ်ဦး များစွာ ရင်းနှီးကျွမ်းဝင်ကြကာ ကူးလူးဆက်ဆံမှုများ ရှိကြသည် ။ 

ဆရာဦးချစ်ထွန်း နှင့် ဆရာကတော် တို့ သည် ဦးလှဝေ အိမ် အတွင်းသို့ ဝင်သွားကြ၏ ။ ထိုနေရာတွင် နာရီဝက်ခန့် ကျွန်တော် စောင့် ရပါသည် ။ နာရီဝက် ခန့် အကြာတွင် ဆရာ နှင့် ဆရာကတော် တို့ ပြန်ထွက်လာကြသည် ။

“ ကိုဘဆောင် ရေ ၊ မဂိုလမ်း ကို မောင်းပေးပါဦး ”

ကျွန်တော် က ဘာမျှ ပြန်မပြောဘဲ မဂိုလမ်း သို့ မောင်းလာသည် ။ မဂိုလမ်း ဆို ကာမှ ကောင်းစွာ မမာနေသော ကျွန်တော့် သားလေး ကို သွားသတိရမိသည် ။ ကျွန်တော့် သားလေး အား ရှိစေရန်အတွက် ဆေးတစ်ပုလင်း ဝယ်စရာ ရှိနေသည် ။ သို့သော် ၇ ကျပ် ခန့် ပေးရမည် ဆိုသော ထို အားဆေး ကို ဝယ်ရန် အတွက် ငွေ ၇ ကျပ် မပြည့်သေးသဖြင့် မဝယ်ရသေးသော အကြောင်း ကို ပါ သတိ ရမိသည် ။

ဆရာ ရော ဆရာကတော် ပါ အလာတုန်းကလောက် စကား သိပ် မပြော ကြပါ ။ မျက်စိ မျက်နှာ လည်း သိပ် ကောင်းပုံ မရပါ ။ မဂိုလမ်း ရှိ ဆေးတိုက်ကြီး တစ်တိုက် တွင် သူတို့ လင်မယား နှစ်ယောက် စလုံး ဆင်း သွားကြသည် ။ အတန်ကြာသော အခါမှ အထုပ်နှစ်ထုပ် ကို ပိုက်ကာ ပြန် လာကြသည် ။ ထိုမှတစ်ဖန် ၎င်း မဂိုလမ်း မှာ ပင် ဆေးတိုက်တော်တော်များများ ထံ ဝင်ချည် ထွက်ချည် နှင့် အလုပ် များနေကြ သည် ။ နောက်ဆုံး ၁၀ နာရီသာသာခန့် ရှိသောအခါ ဒီဆူဇာ သို့ မောင်းခိုင်း ပြန်ပါ သည် ။

ဒီဆူဇာ တွင် မိနစ် ၂၀ ခန့် စောင့်ရပါသည် ။ သို့ကလို စောင့်နေရင်း ယနေ့ တစ်ရက်တော့ ခွင့်ယူ၍ သားကလေး ကို ဆေးဝယ်ရန် အတွက် ငွေရှာ ထွက်ဦး မှ ဖြစ်မည် ဟု စဉ်းစားလိုက်မိပါသည် ။ ဤသို့ စဉ်းစားမိခြင်း မှာ တစ်ရက် လည်း အလုပ် မအား ၊ တစ်ရက် လည်း ပိုက်ဆံ  မပြည့် ဟူသော အကြောင်းများကြောင့် တစ်နေ့ ထက် တစ်နေ့ ကြာမြင့်လာသည့် အတွက် သားကလေး လုံးပါး ပါးသွားမှာ စိုးခြင်းကြောင့် ဖြစ်ပါသည် ။

အတွေးမျှင် တန်းဆဲမှာပင် ဆရာ နှင့် ဆရာကတော် တို့ ဒီဆူဇာ ဆေးတိုက် ထဲ က ထွက်လာကြသည် ။ ဝမ်းသာရွှင်မြူးစွာ စကား ဆိုလာကြသည် ။ စောစောကထက် လည်း ပိုမိုသွက်လက်ကြသည် ။

“ အိမ် ကို ပြန်မယ် ကိုဘဆောင် ” ဟု ဆရာ က ပြောသည် ။ ခါတိုင်း ဆိုလျှင် ရုံး ဆက်တက်တတ်သော ဆရာ့ အတွက် ကျွန်တော့် မှာ ထူးဆန်း နေရပြန်သည် ။

“ မောင် ရုံး တက်ဦးမလား ”

“ ကြည့်သေးတာပေါ့ ကွာ ။ မတက်ချင်ရင် လည်း မတက်ဘူးပေါ့ ”

ကျွန်တော် သည် ချင်းချောင်းရိပ်သာလမ်း ဘက် ရှိ နေအိမ်သို့ ပြန် မောင်းခဲ့ ပါသည် ။

“ ဆေးနာမည် က ဘာတဲ့လဲ ”

“ ဝက်စ်ဇင် ဆို ထင် ပါရဲ့ ။ သူ က ဗိုက်တာမင် ဘီ များ တယ်တဲ့ ”

ဆေး အကြောင်း ပြော၍ ဆေးတိုက်တွေချည်း ဝင်သည် ဆိုသော သဘောကို ကျွန်တော် နားလည်ပါပြီ ။ သို့သော် ဆရာ့ အိမ် တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ဖျားနာသူ မရှိကြောင်း ကျွန်တော် ကောင်းစွာသိပါသည် ။ ဆရာ နှင့် ဆရာကတော် တို့ မှာ သားသမီးမရှိ ဆရာကတော် ၏ ဖခင် နှင့် မိခင် တို့ ရှိသည် ။ ဆရာ့ ညီငယ် တစ်ယောက် ရှိသည် ။ သို့သော် သူတို့အားလုံး လူကောင်း ပကတိ များ ဖြစ်ကြသည် ကို ကျွန်တော် လွန်ခဲ့သော ညနေစောင်း ကပင် တပ်အပ်သေချာ မြင်ခဲ့ရပါသည် ။

“ နောက်တစ်မျိုး ကတော့ ဗိုက်တာမင် အေ ကနေ အီး အထိ ပါတယ် တဲ့ ။ နောက် ဟောဒီ ကာလ်ဒီဖီရန် က ကယ်စီယံ ဗိုက်တာမင်ဒီ နဲ့ အိုင်းယင်းဓာတ် ပါ တယ် ။ ကဲ .. စုံနေတာပဲ ”

ဆရာ ရော ဆရာကတော် ပါ ရယ်ကြသည်ကို တွေ့ရပါသည် ။ ကျွန်တော် ကား မရှင်းလင်းနိုင် ။ မဖြေကြားနိုင်သော မေးခွန်းတွေ ကိုသာ ကိုယ့် ဘာသာ ကိုယ် မေးရင်း ချင်းချောင်းရိပ်သာ ဘက်သို့ ကား ကို ထိုး ဝင်လိုက်မိပါသည် ။

( ၃ )

“ ကဲ ... ကိုဘဆောင် ရေ ၊ ဒီ အထုပ်တွေ ယူခဲ့ဦး ။ နောက်ပြီး မပြန်ပါနဲ့ဦး နော် ။ လုပ်စရာ ရှိသေးတယ် ” ဟု ဆရာ က ပြောပါသည် ။ ကျွန်တော် သည် သူတို့ ဝယ်လာသော အထုပ်တွေ ကို ပွေ့ပိုက်ရင်း အိမ် ထဲ သို့ ဝင် လိုက်သွားပါသည် ။

“ လာ ... လာ ” ဟုဆိုရင်း သူတို့လင်မယားနှစ်ယောက် စလုံး က ရှေ့ က သွားရာ ကျွန်တော် ကလည်း လိုက်သွားရပါသည် ။ ဆရာ တို့ အိပ်ခန်း နှင့် ကပ်လျက် သား တစ်ဖက် မှ အခန်းသို့ ရောက်သောအခါ ကျွန်တော် က လက်ထဲတွင် ပွေ့ပိုက် ထားသော အထုပ်တွေ ကို စားပွဲကလေး ပေါ် သို့ ချလိုက်ပါသည် ။

“ အိပ် နေသလား မသိဘူး ၊ အရမ်း မလုပ်ပါနဲ့ ” ဟု ဆရာကတော် က လေသံ တိုးကလေး နှင့် ပြောပါသည် ။ ထိုအခါ ကျ မှ ကျွန်တော် သိရပါတော့သည် ။ အမွေးတို မျက်လုံးပြူးပြူး နှင့် ခွေးကလေး တစ်ကောင် ကို အခန်းထောင့် တစ်နေရာ တွင် လှမ်း မြင်ရခြင်းကြောင့် ပင်တည်း ။

“ သိပ် စိတ်ပင်ပန်းတာပဲ ကိုဘဆောင် ရာ ၊ ဒီကောင်တွေမျိုး က ချူဟာဟာ တဲ့ ။ တောင်အာဖရိက က လာတာ ။ သိပ်ကိုလည်း ဂရုစိုက်ရတာပဲ ။ ဗမာပြည် မှာ မွေး ကြတဲ့ ခွေးမျိုးတွေ ထဲမှာတော့ ထိပ် ပေါ့ဗျ ”

ကျွန်တော် သည် ဆရာ ပြောသော စကားများ ကို ယောင်ယောင်ရမ်းရမ်း ခေါင်း ညိတ်လိုက်ပြီးနောက် သူရူး သဖွယ် ငေး ကြည့်နေမိပါသည် ။

“ လာ ကိုဘဆောင် ၊ ကျွန်တော့် ကို ကူစမ်းပါ ” ဟု ဆရာ က ပြောပြော ဆိုဆို တိုက်ပုံအင်္ကျီ ကို ချွတ်ကာ ခွေးကလေး ကို လှမ်း ယူလိုက်သည် ။

“ ဟောဒီ နားရွက် တစ်ဖက် လဲ နေတာ အားနည်း နေလို့ဗျ ။ ဒါကြောင့် ဆေးတွေ ရှာရတာ ဖား နေတာပဲ ။ ဟောဒီလို ခင်ဗျား က ကိုင် ပေးထားစမ်းပါ ”

ကျွန်တော် သည် အိပ်မက် မက်နေသူ ပမာ ခွေးကလေး ကို ကိုင်ထားပေး လိုက်ပါသည် ။ ဆရာ က အသင့် ယူ လာသော ပလာစတာဗူးကလေး အတွင်း မှ ပလာစတာ ကို ထုတ်ကာ အနေတော် ညှပ်၍ လဲနေသော နားရွက်ကလေး ကို ထောင် အောင် ဆွဲ ကပ် ပေးလိုက်ပါသည် ။

“ ဝေ ရေ ... အစာ ယူခဲ့စမ်း ဟေ့ ၊ အရိုးမှုန့် အစာ လေ ”

ဆရာကတော် သည် အခန်း ၏ အခြားထောင့် တစ်ဖက် မှ ဗူးကလေးတစ်ဗူး ကို ယူကာ ပန်းကန်လုံး ထဲ သို့ ပြောင်း ထည့်သည် ။

“ ဗိုက်တာမင်ဒီ နဲ့ ရောပြီးသားလား ” ဟု ဆရာ က ထပ်မေးရာ ဆရာကတော် က ခေါင်းညိတ် ပြသည် ။ ကျွန်တော် ကား ထို လူ သတ္တဝါ နှစ်ဦး နှင့် ခွေးသတ္တဝါ တို့ ဖြစ်ပျက်နေပုံ ကို ကြို့ထားခံရသူ ပမာ ငေးမောလို့သာ ကြည့် နေမိပါသည် ။

ကျွန်တော် သည် ယနေ့ တစ်ရက် ခွင့် ယူဖို့ ပြော ရမည် ကို သတိ ရ၏ ။ သို့သော် မည်သို့မည်ပုံ စ၍ ပြောရမည် ကို မူ မသိတော့ပါ ။

“ ဒီလိုလုပ် ကိုသာဆောင် ကို တစ်ခေါက် ပြန်ဝယ်ခိုင်း ၊ အသားရယ် ၊ ဂျုံ နည်း နည်းရယ် ၊ နောက်ပြီး အသည်း ထဲ က ဘာ အသည်း ရ ရ ဝယ်ခဲ့ ၊ ကြက်ဥ ဒါဇင် ဝက် လောက် လည်း ဝယ်ခဲ့ ။ နောက်ပြီး နို့ က ရော ”

ဆရာကတော် က ကျွန်တော့် ကို ငွေ အစိပ် ထုတ် ပေးပါသည် ။

“ ကဲ .. သွား ကိုဘဆောင် ရေ ၊ သေသေချာချာလည်း မှတ်ထားဦး ။ အသား ၊ ဂျုံ ၊ အသည်း ၊ ကြက်ဥ ပေါ့ ဗျာ ၊ ရအောင်သာ ရှာ ဝယ်ခဲ့ပါ ။ ကြက်ဥ က ဟို .. ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်း မျက်နှာချင်းဆိုင် မှာ ရှိတတ်တယ် ။ ဟုတ်လား ၊ အဲဒါ ခင်ဗျား ပြန်လာတော့မှ ကျွန်တော် ရုံး သွားမယ် ”

ကျွန်တော် က “ ဟုတ်ကဲ့ ဆရာ ” ဟု ဆိုကာ အခန်းပေါက် ဘက်ဆီ သို့ ပြန် လာခဲ့သည် ။

“ ဆေးဖိုး ရော ၊ သူ့ အစာ ဖိုး ရော ဒီ မနက် ချည်း ပဲ ၅၀ လောက် ကုန်မယ် ” ဟု ဆရာကတော် က လှမ်း ပြောသံလည်း ကြား ရပါသည် ။

ကျွန်တော် သည် လှုပ်ရှားနေသော အတွင်းစိတ် ကို ဖုံးအုပ်မျိုသိပ် ကာ အခန်း ပြင် ဘက်သို့ ပြန် ထွက်လာခဲ့မိ၏ ။ ကမန်းကတန်း ပင် ဖြစ်စေကာမူ မမာနေသော သားလေး ကို ကြည့်ချင်လိုသေး သည့် အတွက် ကျွန်တော့် တန်းလျားဘက်ဆီ သို့ ခပ်သုတ်သုတ် ကူး လာခဲ့မိသည် ။

မြရင် သည် ထမင်းကြမ်း နှင့် ပဲပြုတ် ကို နယ်ကာ လက်ဖက်ရည်ကြမ်း နှင့် စားသောက်လျက် ရှိ၏ ။ ဤသည် မှာ နံနက်စာ ပင် ဖြစ်ပေလိမ့်မည် ။

“ မင်း က လည်း ကွာ ကလေး ရင် ပြည့်နေရတဲ့ ကြား ထဲ ထမင်းကြမ်း တွေ ခဏ ခဏ စား နေတာပဲ ”

မြရင် က ဟောက်ပက်သော မျက်ခွံ အတွင်း မှ အရောင် မထွက်သည့် မျက်အိမ်များ ဖြင့် ကျွန်တော့် အား လှမ်း ကြည့်နေပါသည် ။

“ သား အိပ် နေသလား ” ဟု ဆိုကာ ပုခက်ကလေး အပါးသို့ ကျွန်တော် လာခဲ့ သည် ။ ကြုံလှီသော ကျွန်တော့် သားလေး မှာ ညှိုးလျစွာ အိပ်စက် နေပါသည် ။

“ စောစောစီးစီး ဘာတွေအလုပ် များ နေတာလဲ ”

ဟု မြရင် က လှမ်း မေးသည် ။

“ အို .. ဆေးတွေ လိုက်ဝယ်တယ်ကွာ ။ အခုတစ်ခါ သွား ဝယ် ရဦးမယ် ”

“ ဘယ်သူ ဘာ ဖြစ်လို့လဲ ” ဟု မြရင် က ထပ် မေးပြန်ပါသည် ။ အမေး အမြန်း ထူလှချည်ကလား ဟု တွေးမိကာ စိတ် တိုသွားသည် ။

“ နေ မကောင်းလို့ ကွ ၊ ချူဟာဟာ နေ မကောင်း လို့ တဲ့ ”

“ ဘာလဲ ချူဟာဟာ ဆိုတာ က ”

“ ချူဟာဟာ ဆိုတာ ခွေး ပေါ့ကွ ၊ မင်း ကလည်း ရှာရှည်လိုက်တာကွာ ” ဟု ပြောပြောဆိုဆို တန်းလျားပေါ်မှ ပြန် ဆင်းလာခဲ့သည် ။ ညှိုးလျသော မျက်နှာ ဖြင့် ကျန်ရစ်ခဲ့သော မြရင် အား နောက်ခိုင်းလာခဲ့ပေမဲ့ မျက်စိ ထဲတွင် မြင်နေရဆဲ ပင် ဖြစ်ပါသည် ။ တစ်ခါဖူးမျှ မဖြစ်ခဲ့ဖူးသော လှုပ်ရှားမှုမျိုး ဖြင့် ကျွန်တော့်စိတ်တွေ လှုပ်ရှားလျက် ရှိပါသည် ။ တစ်စုံတစ်ရာ သော အကြောင်း ကို တွေးကာ မကျေမချမ်း ဖြစ် နေ၏ ။ ညှာတာထောက်ထားသော အလုပ်ရှင် အပေါ် ၌ မကျေမချမ်း ဖြစ်ခြင်း မဟုတ်သော်လည်း မည်သူ့ ကို ရည်ရွယ်၍ မည်သည့် အတွက် မကျေမချမ်း ဖြစ်နေရ သည် ကို ကျွန်တော် ကိုယ်တိုင် မစဉ်းစားတတ်ပါ ။

ခြံဝ မှ ကား ကို ဝူးခနဲ မောင်းထွက် လိုက်ပါသည် ။ ကျွန်တော် တို့ သည် ခြံ တစ်ခြံထဲ တွင် အတူ နေကြသူများ မှန်ပါ၏ ။ တစ်လောက သားတည်း သာ ဖြစ်ကြပါ၏ ။ သို့သော် ချူဟာဟာ ဟူသော ခွေးကလေး ၏ ဘဝ နှင့် ကျွန်တော့် သားလေး ၏ ဘဝ မှာ မူ အနေ နီးပါလျက် အလှမ်း ကွာလွန်းလှပေ၏ ။

ရှုပ်ထွေးနေသော ယာဉ်များ ကို သတိ ထား၍ ရှောင်တိမ်း မောင်းနှင်ရင်း ပုခက် အတွင်း မှာ ညှိုးလျသော မျက်နှာကလေးဖြင့် ကျန်ရစ်ရှာသည့် ကျွန်တော့် သားလေး အတွက် အားဆေးကလေး တစ်မျိုးမျိုး ဝယ်ရန် ကြံဖန်ရ ပေဦးတော့မည် ဟူသော အသိ ကြောင့် ရှည်လျားလေးတွဲ့ သည့် သက်ပြင်း ကို သာ ချ လိုက်မိပါ သတည်း ။

◾ မောင်နေဝင်း

📖 မြဝတီ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၆၃

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment