Thursday, May 19, 2022

ကံမကြုံ အကြံကုန်


 ❝ ကံမကြုံ အကြံကုန် ❞


သည် တစ်ခါတော့ ဆုံးဖြတ် မှ ဖြစ်တော့မယ် ။ ဟုတ်တယ် ။ သည် ပုံအတိုင်း ဆက် သွားလို့ မ ဖြစ်တော့ဘူး ။ စရိတ်တွေ က သိပ် တက် လာပြီ ။ ဒီ စရိတ် ကို အမီ လိုက်ဖို့ ဆိုတာက တော်ရုံတန်ရုံ ဝင်ငွေ နဲ့ မဖြစ်တော့ဘူး ။ အခု ငွေ က မတ်တတ် စာ တော့ရှိပါရဲ့  ၊ တုံးလုံးစာ ဆို တာ ဝေလာဝေး ။  


ပင်ကို စရိုက် က ခပ်အေးအေး နေ ချင်တာပါ  ။ ကိုယ့် မိသားစု လေးယောက် တောင် ရှုပ်လှပြီ လို့ ထင် နေတဲ့ သူ မဟုတ်လား ။ အခုမှ နဖူး တွေ့ ၊ ဒူးတွေ့ တွေ့သူတွေ နဲ့ နှစ် ချီပြီး အတူ နေဖို့ ဆိုတာ တော့ မစဉ်းစားခဲ့ရိုး အမှန် ။ ကိုယ့် မိသားစု ကိုယ့် အိမ် အနေအထား ကြည့်ပြီး တဒီး ဒီး လာ စပ်ကြပါ တယ် ။ အကုန်လုံး ကို ဆလံ သ လွှတ် လိုက်တာချည်းပါ ။


ခင်ဗျား သိတဲ့ အတိုင်းပါပဲ ။ ကိုယ့် အိမ် က အကျယ်ကြီးပဲ ။ ကိုယ့် မိသားစု လေးယောက် က အ ပေါ်ထပ် တင် ကျွမ်း ပစ်နေလို့ ရတယ် ။ အောက်ထပ် တစ်ထပ် လုံး အား နေတာပဲ ။ ကိုယ့် အိမ် အ နေ အထား ကလည်း ဈေး ခေါ် ကောင်းတဲ့ အနေ အထားပဲ ။ ဒါပေမဲ့ တော်ပြီ ။ ကိုယ့် စာအုပ် ဆိုင်လေးနဲ့ ပဲ လူတန်း စေ့ နေပြီ ။ တော်ပြီ ။ ဒါက လွ န်ခဲ့တဲ့ သုံးလေးနှစ် အခြေအနေ ၊ သုံးလေးနှစ် အတွေး ကိုး ။  အင်း ... အခုတော့ စာအုပ်ဆိုင်ကလေး က တယ်ပြီး လူတန်း စေ့အောင် မပေး နိုင်တော့ဘူး ။ တက်လာတဲ့ စရိတ်တွေကြောင့် စာအုပ်ဆိုင် ဝင်ငွေ ဟာ စာအုပ်အသစ် ကို ပုံမှန် ဝယ် နိုင်ဖို့ အင်အား မရှိတော့ဘူး ။ အသစ် မဝယ်နိုင်တော့ အငှား မလိုက် ၊ အငှား မလိုက်လို့ အသစ် မဝယ်နိုင် နဲ့ လုံးချာ လိုက် နေတာ ကြာပြီပဲ ။ ဒီ ဒဏ် ကို တင်းခံ ကြည့်တယ် ။ အင်း ... ရေရှည် တင်းနိုင် ၊ တောင့်နိုင် ဖို့ မလွယ်လှ ဘူး ။ လက် အံ သေနေပြီ  ။ တစ်ခုခု အမှီ ရှာမှ ဆက် ရပ်တည်နိုင်တော့မ ယ့် ကိန်း ။


ကိုယ့် အားနာပုံမျိုး ၊ နှုတ်နည်းပုံမျိုး နဲ့ အ ရောင်းအဝယ် လုပ်လို့ လည်း မဖြစ် ။ အပေါင်း အသင်း မဆံ့ ပုံ မျိုး ၊ မျက်နှာပြောင် မတိုက်ရဲ ပုံ မျိုး နဲ့ ကန်ထရိုက် လုပ်လို့ လည်း မဖြစ် ။ ကိုင်း ... ဒီတော့ စိတ်အကျဉ်းအကျပ် ကျချင် ကျပစေ ၊ အနေအထိုင် ကျုံ့ချင် ကျုံ့ပစေ ၊ ဒီ တစ်လမ်း ပဲ ရှိတော့ ဆုံးဖြတ်လိုက် တယ် ။


မနေ့က မာရဘင် ဝင်း ထဲ က ဇော်ဇော် စာအုပ် ငှားရင်း ပြော ကတည်း က ခေါင်း ညိတ်မိလို က် တယ် ။ 


“ အိုကေ ... ငှားမယ် ၊ မင်း လူတွေ ခေါ်ခဲ့ တော့” ပေါ့ ။


ooooo   ooooo   ooooo


“ အဲဒီလိုနဲ့ သမီးတို့ လည်း ပညာသင် ကတည်း က သူ့ ဆိုင်မှာ ပါပဲ ။ သမီးတို့ က နယ် က လာ ပြီး ပညာ သင်ရတာ ဆိုတော့ ပညာ ကိုပဲ ဂ ရုတစိုက် လေးလေးစားစား သင် ကြတာပါ ။ ဒါကြောင့်လည်း သူ့ အနေနဲ့ နောက်ပိုင်း ဆို ဆိုင် ကို မျက်နှာ လွှဲ ရတော့တာပေါ့ ။ သမီးတို့ ဦးစီးပြီး သုံးနှစ်လောက် လုပ် ကျွေး ပြီးပါပြီ ။ ဒါပေမဲ့ ကိုယ့် ဘ၀ ရှေ့ရေး က ရှိသေးတယ် မဟုတ်လား ။ ပြီးတော့ ရန်ကုန် မှာ လည်း တစ်သက်လုံး မနေနိုင်ဘူးလေ ။ ဒါကြောင့် စုဆောင်းထားတာလေး ထုခွဲ ၊ မိဘဆွေမျိုး အထောက်အပံ့ ယူသင့်တာ ယူ ပြီး မန္တလေး မှာ ပဲ ကိုယ်ပိုင် ဆိုင်လေး စထောင်တဲ့ အနေအထားပါ”


ကိုယ့် ရှေ့ မှာ ထိုင် နေတဲ့ ကလေးမလေး က ဇာတ်စုံ ခင်းပြနေတယ် ။ သူတို့ ဇာတိ က မုံရွာန ယ် က ဖြစ်ပုံတွေ ၊ အဒေါ် တစ်ယောက် အထောက်အပံ့ နဲ့ ရန်ကုန် မှာ မိတ်ကပ်ဆံပင် အလှပြင် သင်ပုံ တွေ ၊ သူတို့ သင်တဲ့ ဆိုင်မှာ ပဲ အလုပ် ဆက် လုပ်ကြပုံတွေ အစချီပြီးတော့ အခု မန္တလေး မှာ ဆိုင်ခွဲ ဖွင့် မှာ တွေ အထ ိပေါ့ ။ ကလေးမ က သွက်သွက်လက်လက်လေး ပဲ ။


အရွယ် ကလည်း ဘာ ရှိဦးမှာ လဲ ၊ အစိတ် အလွန်ဆုံးပေါ့ ။ ထုံးစံအတိုင်း ခေတ် အပြင်အဆင် ကို တော့ အမီ လိုက်ထားတဲ့ ပုံစံမျိုး ။ ဒါပေမဲ့ တယ် မကလက်လှဘူး ။ သူ့ ဘေးမှာ ထိုင် နေတဲ့ က လေးမ ကတော့ သူ့ ထက် ငယ်တယ် ။ သူတို့ အပြော အရ ဆိုရင် ညီမ ဖြစ်မယ် ။ အဲ ... သူ ကတော့ စကား တစ်ခွန်း မှ ဝင် မပြောပေမဲ့ အကြီး မထက် ပိုပြီး ရဲ တင်းဖျတ်လတ် ပုံမျိုး ။ အကြီးမ က ဆက်တီ မှာ ခပ်ကျုံ့ကျုံ့ နဲ့ ထဘီလေး ကို ဒူး အောက် ဆွဲကာ ၊ ဆွဲ ကာ ထိုင်ရင်း စကားတွေ တတွတ်တွတ် ပြောနေပေမဲ့ သူမ ကတော့ ဆက် တီပေါ် မှာ ဘယ်ဘက်ဒူး ပေါ် ညာဘက် ပေါင် တင်ပြီး ခပ်ကြော့ကြော့လေး ထိုင် နေတယ် ။ ခပ်တိုတို ဝတ်ထားတဲ့ ထဘီ က သူ့ ဒူးလုံးလုံးလေး ကို အနိုင်နိုင် ဖုံး ထားရတာ ပေါ့ ။


ပြီးတော့ ဆက်တီ နောက်မှီပေါ် ဘယ်ဘက် လက် ကို တင်လို့  ။ နဖူးပေါ် ဝဲ ဝဲ ကျလာတဲ့ ရှေ့ ဆံပင်တွေ ကို ခေါင်းလေး ဆတ်ကာ ဆက်ကာ ဖယ်ရင်း အိမ် ရဲ့ အနေအထား ကို မျက်လုံး က စား နေ တယ် ။ တစ်ခါတစ်ခါ သူ့ အစ်မ ပြောတဲ့ စကား တစ်ခွန်းတလေ အပေါ် အသိအမှတ် ပြု အတည်ပြု တဲ့ သဘောမျိုး ခေါင်းလေး ညိတ်တတ်ရဲ့  ။ အလုပ် လုပ် မှာ တော့ သူတို့ ညီအစ်မ နှစ် ယောက် ပေါ့ လေ ။ အအုပ်အထိန်း နဲ့ အဖော် အဖြစ် နယ် က ဘွားအေကြီး ကို ခေါ် ထားတာတဲ့  ။ အတူ ပါလာတဲ့ ဘွားအေကြီး ကတော့ ဘာမှ ဝင် မပြောရှာ ဘူး ။ တစ်ချိန်လုံး ဆေးလိပ် ပဲ ဖွာ နေတာပါပဲ ။ ဟုတ်တယ်လေ ။ တော က ဘွားအေကြီး တစ်ယောက် အနေနဲ့ ခေတ်လူငယ်တွေ ရဲ့ ခေတ်ကိစ္စ ဘာသိမှာ မှတ်လို့ ။


ဒီတော့ သူတို့ ညီအစ်မ နှစ်ယောက် ရယ် ၊ ဘွားအေကြီး ရယ် ၊ အကူ ထမင်းချက် တစ်ယောက် ရယ် ပေါင်း ( ၄ ) ယောက် နေပြီး အလှပြ င် ၊ ဆံပင်ညှပ်ကောက်ဆိုင် ဖွင့် ဖို့ ကိုယ့် အိမ် အောက် ထပ် ကို ငှား ကြတယ် ဆိုပါတော့ ။ မန္တ လေး အနေအထား ၊ မန္တလေး အတိုင်းအတာ နဲ့ ဆိုတော့ အိမ်ငှား ခ တို့ စပေါ် ပမာဏ တို့ ကို သူ တို့ သဘော ပေါက်ပြီးပုံ ရပါတယ် ။ ပြောစရာ ရှိ တာက ကိုယ့် အိမ် အောက်ထပ် ကို ဘယ်လို အ သုံး ချမှာ လဲ ၊ ဘာတွေ သုံးခွင့် ပေးရမှာ လဲ ၊ ဘ ယ်လို အထိန်းအကွပ်မျိုး ရှိ ရမှာ လဲ ၊ ဘယ်လိုစ ည်းကမ်းတွေ အပေးအယူတွေ လုပ် ရပါ့မလဲ ပေါ့ ။


ကိုယ့် ကို စပ်ပေးတဲ့ ဇော်ဇော် ကလည်း ပွဲစား သာ လုပ်တယ် ၊ သူတို့ ကို အိမ် ပို့ ပေးပြီးကတည်း က ဈေးချို ကို ဆိုင် ဖွင့်ဖို့ ထွက် သွားပြီ ။ ဒီတော့ ကိုယ် ပဲ တတ်သလောက် မှတ်သလောက် ကြားဖူးနားဝ ရှိ သလောက်နဲ့ ညှိ ရတော့တာပေါ့ ။ နောက်ဆုံး ပြောကြ ဆိုကြ တာ ချုပ် လိုက်တော့ အိမ်အောက်ထပ် သုံးခန်း မျက်နှာဖွင့် မှာ အပေါ်ထပ် လှေကားဘက် ကို သွား သာရုံ  (၄ )ပေ လောက် ချန်ပြီး ကန့် ပေး ရမ ယ် ။ အဲဒီ ( ၄ ) ပေ က ကိုယ် တို့ အပေါ် တက်ဖို့  ၊ လှေကား သုံး ဖို့ စက်ဘီး ထား ဖို့ ပေါ့ ။ နောက် ဖေး ကတော့ ကိုယ်တို့ လက်ရှိ သုံးနေတဲ့ မီးဖို ပေး ရမယ် ။ လက်ရှိ သုံးနေတဲ့ ရေလောင်းအိမ် သာ ပေး ရ မယ် ။ ဒီတော့ လွတ် နေတဲ့ နောက် ဖေး အနောက်တောင် ထောင့် မှာ ကိုယ်တို့ သုံးဖို့ မြေကျင်း ရေလောင်းအိမ်သာ တစ်လုံး လုပ်ရမှာ ပေါ့ ။


ပြီးတော့ ဆံပင်ကောက် ၊ ဆံပင်ညှပ်ဆိုင် မို့ ရေ ပေးရမယ် ။ ခေါင်းလျှော်ဖို့  ၊ ချိုးဖို့  ၊ သုံးဖို့ အခန်း တွေ ထဲမှာ ပိုက်တွေ ဆင်ပေးရမယ် ။ ရပါတယ် ။ ပြီးတော့ ဆံပင်ကောက် ၊ ညှပ် နဲ့ ဆိုင်တဲ့ လျှပ်စစ် ပစ္စည်းတွေ အတွက် လျှပ်စစ်အား တွေ သုံး မယ်ပေါ့ ။


နှစ်ဖက် လိုချင်တာ ၊ ပေးနိုင်တာ ညှိ ကြပြီး ဈေး စကား ပြောကြတော့ ကိုယ် ဘာမှ တောင် ပြော စရာ မလိုပါဘူး ။ စပေါ် ရှစ်သောင်း ၊ လခ ရှစ်ထောင် နဲ့ တည့် သွားပါတယ် ။ ကိုင်း ... ဘာ ပြောစရာ လို တော့လဲ ။ ရပ်ကွက်လူကြီး တေွ ရှေ့ စာချုပ် ပြီး ငွေပေး ငွေယူ လုပ်ကြရုံ ရှိ တော့တာပေါ့ ။ စာချုပ် ကြ တော့ ထုံးစံ အတိုင်း လူမှုရေး အရ ၊ ဥပဒေအရ ခွင့် မလွှတ်နိုင်တဲ့ ကိစ္စမျိုး ပေါ်ရင် ကိုယ့် ဘက် က ဆက် မထားနိုင်ဘူး ဆိုတာတော့ အလုပ် သဘော ထည့် ပေးပါတယ် ။


စာချုပ်မှ ပဲ ဒီ ညီအစ်မ နာမည် သိ ရတော့တယ် ။ ဝင်းသန်း ဦးတဲ့ ။ ဝင်းသန်းစိုး တဲ့ ။ 


ဟုတ်တယ် ။ ကိုယ်တို့ နယ် ဘက် က မှည့်တ တ်တဲ့ နာမည် မျိုး။


ooooo   ooooo   ooooo


ဘာမှ သာ မဟုတ်တာ။ အခန်း ကန့်တာ၊ ဆေး သုတ်တာ၊ မီး ဆင်တာ ၊ ရေပိုက် သွယ်တာ၊ ပြင်ဆင်တာ နဲ့ ငွေသုံးသောင်းခွဲ လောက် ကုန် သွားပါတယ် ။ ငွေ မြင်ပြ န်တော့ မိန်းမ က လည်း ပူဆာတာနဲ့ တိုရှီဘာ ( ၁၄ ) လက်မလေး တစ်လုံး ဝယ် ပေးရတာ နှစ်သောင်းရှစ်ထောင် လောက် ချော သွားရော ။ ဘာ ကျန်တော့ မလဲ ၊ လက်ထဲ တစ်သောင်းခွဲ လောက် ကျန်တော့တာပေါ့ ။ ဒါက ခြေစောင့် လက်စောင့် ။


ကဲ ... အိမ် လည်း ပြင်ဆင်ပြီးပြီ ။ မဦး ( ဝင်း သန်းဦး ) က ဆိုင်းဘုတ် နဲ့ ထောင်ဘုတ် အပ် ခိုင်း လို့ ပန်းချီဆရာ ဆီ အပ် ပေးရတယ် ။ ဖလာဝါရီ အမျိုးသား ၊ အမျိုးသမီး ဆံပင်အလှပြင်တဲ့  ။ ထောင်ဘုတ် မှာ တော့ အမျိုးသား ၊ အမျိုးသမီး ဆံပင်ညှပ် ၊ ဆံပင်ကောက် ၊ ဆံပင်ဖြောင့် ၊ ဆံပ င်ပေါင်းတင် ၊ တစ် ကိုယ်လုံးပေါင်းတင် ၊ မျက်တောင်ကော့ ၊ မျက်ခုံး ကို စက်ဖြင့် ထိုး ၊ ခြေသည်း လက်သည်း ပြုပြင် ၊ ခေတ်မီသေနတ် ဖြင့်  နားဖောက် ၊ ခေတ်မီ စက်ကိရိယာ ဖြင့် အကြောပြင် ဆိုပြီး ရေး ခိုင်းတယ် ။ လား လား စုံလိုက် တဲ့ အတတ်ပညာတွေပါလား ။


ဆိုင် ကို တော့ ကဆုန်လဆန်း ( ၈ ) ရက် နေ့မှ  စ ဖွင့်မယ်လို့ မဦး ကပြောပါတယ် ။ သည်တစ်ခါ တော့ အဘွား လုပ် သူ က သူ့ မြေး ဖတ ဆိုးလေး တွေ အရွယ် နဲ့ မလိုက် လုပ်ကိုင်စား သောက် ကြရတာ မို့ နှမလေးတွေ လို စောင့်ရှောက်ဖို့  ၊ ကြည့်ရှုဖို့  ၊ ဆွေမျိုးရင်းချာ လို သဘော ထားဖို့ ပြော ပါတယ် ။ ကိုယ် ကလည်း စိတ်ချပါပေါ့ ၊ ဒီ ရပ်ကွက် အနေနဲ့ လည်း မန္တလေး ရွာနေ ပြည်ထိုင် ရပ်ကွက် မို့ အစစ စိတ်ချ ဖို့ ပြော ပြရပါတယ် ။


လဆန်း ( ၈ ) ရက် ဥပုသ်နေ့ မှာ ဆိုင် စ ဖွင့်တယ် ။ ဆိုင် ဖွင့်ပွဲမှာ ဘုန်းကြီး ( ၃ ) ပါး ဆွမ်း ကျွေး တယ် ။ ရပ်ကွက်လူကြီးတွေ အိမ်နီးနားချင်း တွေ ဖိတ် ပေးလိုက်ရတယ် ။


အဲ ... မဦး တို့ မိတ်ဆွေတွေ လည်း လာ ကြ တယ် ။ အမယ် ... သူ့ မိတ်ဆွေ အပေါင်းအသင်း တွေ ကလည်း တော်ရုံတန်ရုံတော့ မဟုတ်ကြ ဘူး ။ သိသလောက်တော့ မန္တလေး က စားပွဲရုံပိုင်ရှင် တွေ ၊ ဟိုတယ်ပိုင်ရှင်တွေ ချည်းပဲ ။ ဒီခေတ် “ ကလေး” တွေ မျက်စိ ပေါက် သိပ် ပွင့်ကြ တယ် ။ ဒီအ ရွယ် နဲ့ တင်ပဲ အခုလို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းနိုင်ကြတာပါကလား ။


ဆိုင် ထဲ က ဖွင့် ထားတဲ့ ကက်ဆက်သံ က လာတဲ့ ဧည့်သည်တွေ ရဲ့ စကားသံတွေ ကြား က အ ပြင် ကို တိုး ထွက်လာတယ် ။


“ တစ်နေ့နေ့ တစ်ချိန်ချိန် သိန်းကျောက် ရရ င် လောပန်း ဖြစ်ပြီပေါ့ ။ အကြံကုန်ရင် သံတိုင် ရောင်း ...”


ooooo   ooooo   ooooo


အကျိုးပေးတယ် ခေါ်မလား ၊ လက်ရာ ကောင်းတယ် ခေါ်မလား ၊ မဦး တို့ ဆိုင် မှာ စ ဖွင့်က တည်းက လူ မပြတ်ဘူး ။ စာအုပ်ဆိုင် ဖွင့်တုန်း က အလွန်ဆုံး စည်လှ စက်ဘီး လေးငါးခြောက် စီး သာ ရှိတဲ့ ကိုယ့် အိမ်ရှေ့လည်း စာအုပ်ဆိုင် ပိ တ် ၊ မဦး တို့ ဆိုင် ဖွင့်ပါမှ ပါဂျဲရိုးတွေ ၊ အက်စ် အီးတွေ ၊ ဗင် တွေ ၊ စူပါဆလွန်းတွေ ၊ ဘဲခေါင်း စိမ်းတွေ ၊ ရွှေရောင်တွေ နဲ့ ပြည့် နေတော့တယ် ။ ဒါကြောင့်လည်း ည ဆို ( ၁၁ ) နာရီ ကျော် မှ ချည်း မဦးတို့ ဆိုင်ပိတ်ရတယ် ။


ကိုယ် တို့ မိသားစု ကတော့ စာအုပ်ဆိုင် အလုပ် မရှိကတည်းက ညစာ စားသောက်ပြီး တစ်ခါ တည်း အပေါ် တက်ကြတယ် ။ မိန်းမ ကလည်း တီဗွီ မှာ ရောင်စုံမျဉ်းကျားကြီး တွေ လာ ကတ ည်းက ထိုင် လိုက်တာ အစီအစဉ် ပြီးထိ နေ့တိုင်း  ။ ကိုယ် လည်း ပျင်းရင် တီဗီ ထ ကြည့် ချင် ကြည့်  ၊ ရှစ်နာရီ ဆယ့်ငါး ရေဒီယို နားထောင် ချင် ထောင် ၊ စာအုပ် ဖတ် ချင် ဖတ် နဲ့ မဦး တို့ ဆိုင် စ ဖွင့်တဲ့ နေ့က စပြီး အိမ် အောက် တောင် မရော က်ဖြစ်ပါဘူး ။ ဘာပဲ ပြောပြော အိမ်ငှားခလေး က ကိုယ့် မိသားစု စားဖို့ သောက်ဖို့ အပြင် လစဉ် စုနိုင် ဆောင်းနိုင် ပြီး ခုလို အေးအေးသက်သာ နေနိုင်တော့ မဆိုးဘူး ပြော ရမှာ ပေါ့ ။ ဒီကြား ထဲ မဦး တို့ အလုပ် ဖြစ်တာ မြင် နေရတော့ ၀မ်း သာ ရတာ ပေါ့လေ ။


သူတို့ အလုပ် ဖြစ်ပုံကလည်း ကိုယ် က အိပ်ရာထ မျက်နှာသစ်ပြီး လို့ တံခါး ဖွင့်ခါစ ရှိသေး ၊ အိမ်ရှေ့မှာ စောင့် တဲ့ ဧည့်သည် က စောင့် နေပြီ  ။ တစ်ရက်ကများ ဘယ်အချိန် က ရောက် နေကြသလဲ မသိဘူး ။ တံခါး ဖွင့်လိုက် တော့ အိမ်ရှေ့ မှာ ကားနှစ်စီး ရောက်နေပြီ ။ ဟို .. တောင်ပေါ်က ဆင်း လာတဲ့ ကားတေွ နေမှာ  ။ ဟိုင်းလတ် နှစ်စီး ရဲ့ ဘော်ဒီ တစ်ခုလုံး လည်း နဂိုဆေးရောင် မမြင်ရတော့ ဘူး ။ မြေနီတွေ ၊ ရွှံ့တွေ ၊ ဖုန်တွေ နဲ့  ။ ကား ပေါ် မှာ လည်း အထုပ်အပိုးတွေ အပြည့် ။ အထုပ်အပိုးတွေ ပေါ် မှာ လည်း လူ သုံးလေးယောက် က ခရီး ပန်းလာတဲ့ ပုံမျိုး ပိုးလိုးပက်လက် အိပ်လို့  ။ တံခါး အဖွင့် ကိုယ့် ကို မြင်တော့ ကားခေါင်းခန်း က လူ က စီးကရက် ဖွာ ရင်း ရယ် ပြတယ် ။ မဦးတို့ အခန်း မေးပြီး မဖွင့်သေးဘူးလား တဲ့  ။ ကိုယ် က ဖွင့် တော့မှာ ပါ ၊ သူတို့ ည က ဆိုင် ပိတ်တာ နောက်  ကျပုံ ရတယ် ၊ ခဏ စောင့်ပါ လို့ ပြော ရတယ် ။


ဒီအချိန်မှာ ဆင်းတာလား ၊ တက်တာလား မသိဘူး ။ ဝေါ .... ဝေါ .... ဝေါ နဲ့ လေယာဉ်ပျံသံ ၊ ကြားတော့ ကား နောက်ခန်း က အိပ် နေတဲ့ လူ တွေ လူးလဲ ထပြီး အံ့အားတသင့် နဲ့ လေယာဉ်ပျံ ကို မော် ကြည့်ကြပါရောလား ။ ဪ ... အတော် ခေါင်တဲ့ နေရာ က လူတွေ နေမှာ လို့ တွေး မိသေးရဲ့  ။ အံမယ် ... အဲဒီ လို လူတွေ က မဦး တို့ ဆိုင် ကို သိ နေတာ တွေး မိပြန်တော့ ပို အံ့သြ ရတာ ပေါ့ ။ ခဏနေတော့ မဦး တို့ ဆိုင် ဖွင့်တယ် ။ ကဲ ... အဲဒီ နေ့ မနက် တင် ညှပ် ၊ လျှော် ငါး ယောက် လောက် ဝင်တော့ အနည်းဆုံး ငွေ တစ်ထောင် ကျော် ဈေးဦး ပေါက်ပြီ ။ ဆိုင်ထဲ ကလည်း ဧည့်သည် အသံတွေ နဲ့ အတူ ကက်ဆက်သံလေး ကြား ရပြီ ။ 


“ ဘ၀သံသရာ ရဲ့ အလယ်မှာ .. 

ဆင်းရဲသူရယ်.. ချမ်းသာသူရယ် အများကြီးရှိပါတယ်...  ။ 

ကံမကြုံသေးလို့ သံတိုင်ကိုင်ပြီး ကျောက် တူးရတာ အထင်တော့ မသေးပါနဲ့ ...”


ooooo   ooooo   ooooo


ဒီ အနံ့တွေ နဲ့ လေးငါးခြောက်နှစ် လောက် ကင်းကွာ နေပေမဲ့ ဘယ့်နှယ် လုပ် မေ့ ပါ့မလဲ ။ မ နက်စောစော ရတာ က အခေါက်ကင် နံ့ ။ ပြီး တော့ ကြက်သားလုံးကြော် နံ့ ၊ ကုန်းဘောင်ကြီးကြော် နံ့ ၊ ငါးရှဉ့်ကြော် နံ့ ၊ ကိုက်လန် နံ့ ၊ မှို နံ့ ၊ ပုစွန် နံ့ ။ တော်တော်များများ အနံ့ တွေ မှတ်မိတယ် ။ ဒီ အနံ့တွေ ကို အခုထိ စွဲပြီး မှတ်မိနေတုန်း ။

 

အား ... မဦး တို့ က ဝင်ငွေ ကောင်းတော့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် စားနိုင်ကြပါကလား ။ လေးယောက်အိုး စာ ကို ဒီလောက် ကြော်လှော် နေရင် ဘယ်လို လုပ် ကုန်အောင် စားနိုင်ပါ့မလဲ  ။ နေ့တိုင်းပဲ ချက်နိုင် ပြုတ်နိုင်ကြပါ ပေါ့ ။ သူတို့ ခိုင်း တဲ့ ကောင်မလေးများ မနက်ဘက် ဈေး က ပြန်လာရင် ချက်စရာ ပြုတ်စရာတွေ ဆိုက်ကားပေါ် မှာ ခြင်းတောင်း နဲ့ အပြည့် ။ တစ်ခါတလေ အချိုရည်ဘူးတွေ လည်း ပါ တတ်တ ယ် ။ တစ်ခါတလေ ဂျပ်ပုံးတွေနဲ့ အစားအသော က်ဘူးတွေ ၊ ပုလင်းတွေ လည်း ပါ တတ်ပါတ ယ် ။ 


မိန်းမ ကတော့ မိန်းမဉာဏ် နဲ့ မှတ်မှတ်သားသား ရှိတယ် ။ အချိုရည်ဖာတွေ ကိုတလုတ် ဆို က်ကား နဲ့ ရောက် လာရင်


“ ဟင် မနေ့ ကမှ နှစ်ဖာ ယူလာတာ ၊ ဒီနေ့ ထ ပ်ဝယ်ပြန်ပြီ ”


လို့ ပြောတတ်ပါတယ် ။ 


တစ်ခါတလေ အချိုရည်ဖာတွေ မဟုတ်ဘဲ ဂျပ်ပုံးကြီးတွေ သယ် ပြီး အခန်း ထဲ ဝင်သွားရင် ကိုယ့် နား ကပ်ပြီး တိုးတိုး ပြောတတ်ပါသေးတယ် ။ 


“ အစ်ကို .... အဲဒီ ဂျပ်တွေ က အရက်ပုလင်း တွေ သိလား ။ ကိုတလုတ်ကြီး အခုလို သယ်တု န်း တစ်ခါက ကြိုးတေွ ပြေ သွားလို့ ပြန် ချည် တော့ မြင် လိုက်ရတယ် ” တဲ့  ။ 


ကိုယ် ကတော့


“ သူတို့ လည်း အရောင်းအဝယ် လုပ်လို့ နေ မှာ ပေါ့ကွာ ။ ဆိုင် မှာ ကုန်သည်တွေ ဝင်ထွက်နေ တာပဲ”


လို့ ခပ်ပေါ့ပေါ့ ပြော လိုက်ရတယ် ။ မိန်းမ က မျက်လုံးလေး ကလယ် ကလယ် နဲ့ ထပ်အတွန့် တက်ချင်ပုံ ပဲ ။ ဒီ ကိစ္စ ကို ကိုယ် သိပ် စိတ်ဝင်စား ပုံ မပေါ်လို့ သာ ဘာမှ ပြန် မပြောတာ ။ ဒါပေမဲ့  ၊ နောက် တော့ ကိုယ် လည်း စိတ်ဝင်စား လာတယ် ။ သံသယ ဖြစ်လာတယ် ။ ဂျပ်ပုံးတွေ အဝင် သိပ် များ လာပါ ကလား ။ ကိုတလုတ်ဆိုရင် သူ့ ဆိုက်ကား ဂိတ် ထိုးစရာ မလိုဘူး ၊ ပါစင်ဂျာ ရှာ စရာ မလိုဘူး ၊ မဦး တို့ ဆိုင် နဲ့ တင် အလုပ် ဖြစ် နေပြီ ။


တစ်ညတော့ ဖြု ( စ် ) ပြတ်ပြီး မီး ငြိမ်းသွားတ ယ် ။ ပြတ်သွားတဲ့ ဖြု( စ် ) ကို ပြန်တပ် ၊ မီး ပြန်ဖွင့်  ၊ ဖြု ( စ် ) ပြန် ပြတ် ဖြစ်နေတယ် ။ တစ်နေရာရာ မှာ ရှော့ ဝင်နေပြီ ပေါ့ ။ ကိုယ်တို့ အပေါ်ထပ် မှာ လည်း ထူးထူးထွေထွေ လျှပ်စစ် အသုံး မရှိတော့ ခဏ ရှာလိုက်ရုံ နဲ့ ရှော့ မရှိတာ စစ် လို့ ရတယ် ။ ဒါနဲ့ အောက်ထပ် မဦး တို့ အခန်း ဝင် ရှာရတာ ပေါ့ ။ သူတို့ သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ နည်းနည်း စစ် ကြည့်တော့ တွေ့ပါပြီ ။ ဟော့ပလိတ် ဝါယာ ပေါက် နေတာပါ ။ ဒါနဲ့ ဝါယာပေါက် ကို တိပ် ပတ်ပြီး မီး ဖွင့်တော့ ကောင်းသွားတယ် ။ 


ဒါက အရေး မကြီးဘူး ။ မဦး တို့ အခန်း ကို ဝင် ကြည့်တော့ ဆံပင်ညှပ် လာတဲ့ ပုဂ္ဂိုလ်လေးယောက် ကို မဦး တို့ ထမင်းစား စားပွဲ မှာ အမိန့် သား တွေ့ရပြီး စားပွဲ ပေါ် က ပစ္စည်းပစ္စယ မြင် ကွင်း က စိတ် ကသိကအောက် ဖြစ် ရတာ က အရေးကြီးတယ် ။


ပြောပြပါ့မယ် ။ စားပွဲပေါ် မှာ ပန်းကန်ကြီး ၊ ပန်းကန်ငယ် နဲ့ ဟင်းအမယ်တွေ က အမျိုးမျိုး ။  ဘီ ယာပုလင်း ၊ ဘီယာဘူး ၊ နိုင်ငံခြား အရက်ပုလင်းတွေ က ထိုးထိုး ထောင်ထောင် ။ လဲ နေတဲ့ ဆိုဒါပုလင်း ၊ စားပွဲ အောက် လိမ့် နေတဲ့ ဘီယာ  ဘူးခွံ ၊ အချိုရည်ဘူးခွံ ၊ ပုဂ္ဂိုလ် အားလုံး ကလည်း ရေချိန် ကိုက် နေကြပြီ ။


ဘေး က ဆက်တီအရှည် ပေါ် မှာ တော့ တစ်ယောက် က ခပ်မှီမှီလေး ခွေလို့  ။ မျက်လုံး က မှိ န်း လို့  ။ သူ့ ရှေ့မှာ ရေနွေးကြမ်း အပြည့် ။ တစ်ပန်းကန် ပြီး တစ်ပန်းကန် တဂွပ်ဂွပ် ယူ မော့လို့  ။ စတီးရေ နွေးဘူးတွေ လည်း စားပွဲ ပေါ် မှာ အစီ အရီ ။ 


ဒီ ထက် ဆိုး တာက မဦး ညီမ မစိုး က ဒူးပေါ် ရောက် နေတဲ့ စကပ်ကျပ်ကျပ်လေး နဲ့  ။ ခပ်ပွပွ တီ ရှပ် လည်ပင်း ဟိုက်နဲ့  ။ ပြော ပါရစေတော့ ။ ကိုယ့် အထင် အပေါ်ဝတ် အတွင်းခံ တောင် ပါ ပုံ မရဘူး ။ ကိုယ် လည်း အစ က ရှော့ ဖြစ်တဲ့ ကိစ္စ မဲ နေရလို့ သတိ မထားမိတာ အမှန် ။ ပြင်ဆင်ပြီး မီး ဖွင့်လို့ ရမှ သတိ ထား မိတာပါ ။ မဦး က ကွက်ခနဲ မျက်နှာ ပျက် သွားတယ် ။ အ ဘွားကြီး ကတော့ ထုံးစံ အတိုင်း နောက်ဖေး ဘက် မှာ ဆေးပေါ့လိပ် နဲ့ ငုတ်တုတ် ။ သူတို့ အခန်း က ကိုယ် လည်း ပြန် ထွက် လာတော့ မ ဦး က မလုံမလဲ နဲ့ - 


“ မူဆယ် က ဧည့်သည် တွေလေ ”


လို့ ပြော လိုက်တယ် ။ ကိုယ် ဘာ ပြန်ပြောရ မှန်း မသိဘူး ။ ဒါပေမဲ့ ခေါင်း ထဲ မှာ အလုပ် တစ်ခု တော့ ပို လာပြီ ။ မိန်းမ ကို တော့ ပြန်ပြော မပြ သေးဘူး ။


ooooo   ooooo   ooooo


“ အစ်ကို ... အစ်ကို ”


ဆူဆူညံညံ အသံတွေ ရော ၊ မိန်းမ လှုပ်နှိုး တာ ရော ၊ ကိုယ် ဖျတ်ခနဲ နိုးလာပါတယ် ။ ငုတ် တုတ် ထိုင်တော့ မိန်းမ က -


“ အစ်ကို ထပြီး ဆင်း ကြည့်ဦး ။ အောက် မှာ ဆူညံ နေတာပဲ ။ မဦး တို့ ဘာ ဖြစ်နေလဲ မသိဘူး ”


ဆိုလို့ ကမန်းကတန်း ထ ၊ မီး ဖွင့်ပြီး နာရီ ကြည့်တော့ ( ၁၂ ) နာရီ ( ၂၀ ) ။


ဟုတ်တယ် ... မဦး တို့ အခန်း က ဆူညံ နေ တာပဲ ။ ဒါနဲ့ အောက် ဆင်းလိုက်တယ် ။ မိန်းမ က နောက် က လိုက် လာတယ် ။ မဦး တို့ အခန်း က ဝုန်းဒိုင်း ကြဲ နေကြပါလား ။ စားပွဲ ကို စည်းချ က် ကျကျ ရိုက်နေသံတွေလည်း ပါရဲ့  ။ ပုလင်း တွေ ၊ ပန်းကန် တွေ တဒေါင်ဒေါင် ခေါက် နေသံ ရော ပါရဲ့  ။ 


“ ဟိုကျင်း မရရင် ဒီကျင်း ၊ ဒီကျင်း မရရင် ဟို ကျင်း ၊ ဇွဲ မလျှော့ပါဘူး ...”


ဆိုတဲ့ သီချင်းသံ ကလည်း ကက်ဆက် က တစာစာ ။ ရယ်သံတွေ လည်း ဆူ လို့  ။ တစ်ခါတစ်ခါ မဦး အသံ ကြား ရတယ် ။


“ ပြန်ကြတော့ ကွာ ။ တော်ကြတော့ ကွာ ။ မဦး ကို သနားပါဦး” တဲ့  ။  


အဲလို ပြောတိုင်း ဝိုင်း အော်ကြတာ က


“ ရတယ် ၊ ပြန်မယ် ၊ မဦး ရော လိုက် ရမယ်” တဲ့  ။


ကိုယ် သူတို့ အခန်း ရှေ့ ရောက်တော့ ဆိုင် ရှေ့ မှာ ကား နှစ်စီး ရပ်ထားတယ် ။ ဘေးအိမ် တွေ မျက်နှာချင်းဆိုင် အိမ်တွေ ကပါ ထွက် ကြည့်နေကြတယ် ။ ကိုယ် လည်း ထောင်းခနဲ ဒေါသ ထွက် သွားတာပေါ့ ။ ရှက်လည်း ရှက်တယ် ။ ကာ ထားတဲ့ လိုက်ကာ အစိမ်းကြီး တွန်း ဖယ်ပြီး မဦး တို့ အခန်း ထဲ ဝင် လိုက်တယ်  ။ ကိုယ့် မြင်တော့ မဦး မျက်လုံး ပြူး သွားတယ် ။ လက် ထဲ က ဘီယာဘူး လွတ် ကျသွားတယ် ။ စားပွဲ ပေါ် ထိ တက် ထိုင် သူ ထိုင် ၊ ကုလားထိုင် ကို ပြောင်းပြန် ကားယား ခွ ထိုင် သူ ထိုင် ၊ ဆက်တီ ပေါ် မှာ လည်း တုံးလုံးပက်လက် တွေ ။


 “ ရတယ် ၊ ပြန်မယ် ၊ မဦး လိုက်ရမယ် ”


“ ရတယ် ၊ ပြန်မယ် ၊ မဦး လိုက် ရမယ် ” 


ဒေါင် ... ဒေါင် ... ဒေါင်... 


ဒုန်း ... ဒုန်း ... ဒုန်း


ကိုယ် လည်း နံရံ က  နာရီ ကို လက်ညှိုး ထိုးပြီး -


“ မဦး ... ဘယ်အချိန် ရှိပြီလဲ ။ ညည်းတို့ ဟာ က ဆင်ခြင်ဦးမှ ပေါ့ ။ ရပ်ကွက် ကိုလည်း အား  နာ ဦးမှ ပေါ့ ။ အခုတော့ ပေါက်လွှတ်ပဲစား ပုံစံ နဲ့ ကမ္ဘာ ပျက်နေတဲ့ အတိုင်း ”


လို့ အော် လိုက်တယ် ။ စားပွဲပေါ် က ပုဂ္ဂိုလ် တချို့ ခေါင်းထောင် ကြည့်တယ် ။ တစ်ယောက် နှစ်ယောက် က ဒယီးဒယိုင် နဲ့ ထ လာတယ် ။ ကို ယ် က အနား မှာ ရှိတဲ့ တံခါးမင်းတုံး သုံးတစ် အသား တစ်ချောင်း ကို လှမ်း ဆွဲ လိုက်တယ် ။ မိန်းမ က အော်တယ် ။ အိမ်နီးနားချင်းတွေ ကိုယ့်ဘေး ရောက် လာကြတယ် ။ မဦး က သူ့ လူတွေ ဆွဲ ရင်း ရှေ့ကို ထွက် လာပြီး -


“ ဦး ... ဦး ... သူတို့ မူး နေလို့ ပါ ။ ကျွန်တော့် ဧည့်သည် တွေပါ ။ ကျွန်တော် တာဝန် ယူပါ တ ယ် ။ နော် ... နော် ... ဦး ... ဦး ...”


လို့ ပြောတယ် ။ ကိုင်း .. အိမ်နီးချင်းတွေ ကို ဘယ်လို မျက်နှာ ပြရမှာ လဲ ။ မပြေသေးတဲ့ ဒေါသ ကြောင့် လက်ထဲ က မင်းတုံး အသားချောင်းကြီး ဝုန်းခနဲ ဆောင့် ချလိုက်ပြီး နောက်ဖေး မီးဖိုခန်း ထဲ ဝင် လိုက်တယ် ။ ပန်းကန် တွေ ဆေး နေတဲ့ အဘွားကြီး ကို -


“ ဒီမယ်...ခင်ဗျား မြေးမတွေ ကို ပြော လိုက်  ။ သုံးရက် အတွင်း နေရာ ရှာပါ ။ ဒီ က ထွက်ပေးပါ ။ မစိုး လည်း ဘာ စစ်ကိုင်း သွား တာလဲ ။ ကျုပ်  ကိုယ်တိုင် တည်းခိုခန်း မှာ တွေ့ခဲ့ပြီ ဗျ ။ သုံးရက် အတွင်း နော် ... သုံးရက် အတွင်း... အမြန်ဆုံး ရွှေ့ ပေးပါ ”


လို့ အော်နေမိတယ် ။ 


အဘွားကြီး က ခေါင်း မော့ မကြည့်ဘူး ။ အဖော်ကောင်မလေး က ပုလင်းခွံတွေ စု သိမ်းနေ လေရဲ့  ။ အပြင်ဘက် မှာ မိန်းမ ကို အိမ်နီးချင်း တွေ က အခုမှ ရင် ဖွင့်နေကြပုံရတယ် ။


ooooo   ooooo   ooooo


တော်ပါသေးရဲ့  ၊ ရှောရှောရှူရှူ ထွက် သွားကြပေလို့  ။ သူတို့ စပေါ် တင်ထားတဲ့ အထဲ က ( ၄ ) သောင်း ပဲ ပြန် ယူသွားတယ် ။ အိမ် ပြင်ဆင်တဲ့ စရိတ် ( ၄ ) သောင်း ကို ရက်ရက် ရောရော ထား ခဲ့တယ် ။ အဲဒီ ည အဖြစ်အပျက် အတွက် လည်း မဦး က တောင်းပန်တယ် ။ ကို ယ် အမ်းရမယ့် ( ၄ ) သောင်း က လည်း တီဗွီဝယ် ဘာဝယ် ဆိုတော့ တီဗွီ ပြန် ရောင်းပြီး စု ထားတဲ့ ငွေလေး ဖြည့် တာတောင် မပြည့်လို့ နန်းရှေ့ က တူမ ဆီ က ထပ် ဆွဲရတော့ အကြွေး တောင် တင် ရပါရောလား ။


မဦး တို့ လည်း လုံးချင်း အိမ် တစ်လုံး ရသတဲ့  ။ စပေါ် ( ၁ )သိန်း ၊ လခ ကတော့ ရှစ်ထောင် ပဲ တဲ့  ။ သန်ဘက်ခါ ဆိုင် ဖွင့်မှာ တဲ့  ။ ဆိုင်ဖွင့်ပွဲ လာ ပါဦး တဲ့  ။ ဘာညာ ပြောပြီး ဘဲခေါင်းစိမ်း စူပါကပ်လေး ဝေါခနဲ စီးပြီး ပြန် သွားမှ ပဲ သက်ပြ င်း ချနိုင်တော့တယ် ။


ကဲ ... သူတို့ ထားခဲ့တဲ့ အခန်း မှာ ပဲ ထမင်း ရှင် စာအုပ်ဆိုင်လေး ပြန် ဖွင့်မယ် ။ အခန်း ကို ရေ ဆေး ရှင်းလင်းနေတဲ့ မိန်းမ က လှမ်း အော် တယ် ။


“ အစ်ကို ... ဒီ ဂျပ်ပုံးကြီး အပြင် ထုတ်ပေးပါ ဦး ” တဲ့  ။


ဒါနဲ့ ခုတင်အောက် မဦး တို့ ကျန်ခဲ့တဲ့ ရွိုက် ကွတ်ကာ ပုံးခွံကြီး သွားရွှေ့ ရတယ် ။ ပုံး ထဲက ဂွ မ်းလိပ်အသစ်တွေ ထွက် လာတယ် ။ ပြီးတော့ နေဗီယာကရင်မ်ဘူးခွံ ၊ လက်သည်းဆိုးဆေး ဘူးခွံ ၊ အမ်းမဝေးဘော်ဒီ ချောပြည့်တင်းဆေး ဘူးခွံတွေ ။ ပြီးတော့ ပြီးတော့... ။ ကိုယ် မျက်လုံး ပြူးသွား တယ် ။ ကံကောင်း လို့ ပါလား ။


နောက်ထပ် တွေ့တဲ့ ပုလင်းခွံတွေ က အများကြီး ၊ အများကြီး ။ ဒီ ပုလင်းတွေ က ဆေးရည် ပါ ရင် တစ် ပုလင်း ထောင်ချီ တန်တဲ့ ပုလင်းတွေ ။ ပုလင်းတွေ ကသာ တစ်မိုက် လောက် ရှိ တာ ။ အိန္ဒိယ ဘက် က ဝင်တဲ့ ဥပဒေ ပြင်ပက ဆေးရည် ပုလင်းခွံ တွေ ။


ကိုယ့် မျက်စိ ထဲ မှာ ဒီ ပုလင်းခွံတွေ နဲ့ အတူ စတီး ရေနွေးဓာတ်ဘူး အရွယ်စုံ ဆိုက်စုံ တွေ ၊ မှေး စင်း နေတဲ့ မျက်လုံး တွေ ၊ ဖန်ခါးခါး ရေနွေးကြမ်း ပန်းကန်တွေ ။ အမယ်လေး စောစောစီးစီး နှင်မိတာ ကံကောင်းလို့ ပါလား ။


ooooo   ooooo   ooooo


စာအုပ်ဆိုင်လေး ပြန် ဖွင့်ပြီး ပထမဆုံး ရတဲ့ သန့်သန့်ရှင်းရှင်း ငွေနှစ်ရာ ထဲ က တစ်ရာ ကို ဘုရားကြီး မှာ ရွှေ သွား ချကြတယ် ။  ကလေးတွေ ကျောင်း ပိတ်တဲ့ စနေနေ့ မှာ မိ သားစု ဘုရားကြီး ထွက်ခဲ့တယ် ။ ဘုရား ကန်တော့ ၊ ရွှေချ ၊ ကြေးစည်ကြီး ၊ မောင်းကြီး နဲ့ ကြေးရုပ်ကြီးတွေ ကို ကလေးတွေ ပြပြီး လိပ်ကန် ဘက် ထွက် လာခဲ့ကြတယ် ။ လိပ်ကန် မှာ ကလေးနှစ်ယောက် က လိပ်စာ ကျွေးကြ နဲ့ ပျော်လို့  ။ ကိုယ် တို့ လင်မယား လည်း ကလေးတွေ ကို ကြည့်ပြီး ကြည်နူးလို့  ။


ကလေးတွေ ဆီ အာရုံ ရောက်နေတုန်း အနား က -


“ မိသားစု ဘုရား လာ ကြတာလား ”


ဆိုတဲ့ အသံ ကြောင့် မော့ ကြည့် လိုက်မိတယ်  ။ ကန်စွန်းဥပြုတ် လင်ပန်းလေး ရွက်ထားတဲ့ အဘွားကြီး ကို မြင်ဖူး သလိုလို ဇဝေဇဝါ နဲ့  ။ မိန်းမ က ကိုယ့် လက်မောင်း ကို လှမ်း ကိုင်ပြီး “ မ ဦး တို့ အဘွား လေ” လို့ ပြော မှ မှတ်မိတော့တ ယ် ။


အဘွားကြီး က ခေါင်းပေါ် က လင်ပန်းလေး  ချ ၊ လင်ပန်းလေး ထဲ က ဆေးလိပ်တိုလေး ယူ ပါး စပ် တပ် ၊ မီးညှိ ၊ တစ်ရှိုက် နှစ်ရှိုက် ဖွာပြီး ရယ်ကျဲကျဲ နဲ့ -


“ ကိုယ့် ဟာ ကိုယ် သရေစာလေး ရောင်း ပြီး ငါးကျပ်တစ်ဆယ် ရတာ က စိတ် ချမ်းသာပါတယ် တော် ။ သူတို့ က သူတို့ အဘွား အနေ နဲ့ လိုက် နေပေးပါ ၊ ဘာမှ လည်း ဝင် မပြောပါနဲ့  ၊ စား ပြီး သောက် ပြီး လို့ တစ်လ ငါးရာ ပေးပါမယ် ဆိုလို့ သာ စိတ် ဆင်းရဲ ခံပြီး လိုက် နေရတာ ပါ ။ အခု သူတို့ ဆေးရုံကြီး ဘက် ပြောင်း တော့ ကျုပ် လည်း မလုပ်ချင်တော့ဘူး ၊ ရှက်တယ် ဆိုပြီး ထွက် ခဲ့တာ ၊ နောက် တစ်ယောက် ထပ် ရှာပြီး ခေါ်သွားကြလေ ရဲ့  ။ မဦး နဲ့ မစိုး ကလည်း ညီအစ်မ မဟုတ်ပေါင် တော် ။ မစိုး က လည်း ကျုပ် လို ငှား တဲ့ အလုပ်သမား ပါ ပဲ ။ အဲ ... ကွာတာ ကတော့ မစိုး က ပိုက်ဆံတွေ အများကြီး ရ တာပေါ့လေ” လို့ ပြောတယ် ။


ကိုယ်တို့ လည်း ပါးစပ် အဟောင်းသား နဲ့ အံ့ အား သင့်လို့  ။


ကလေး နှစ်ယောက် ကတော့ လိပ်ကန်ဘေး လိပ် စာ ဆိုင် က ဖွင့်တဲ့ သီချင်း ကို သံပြိုင် လိုက် ပြီး အော် ဆိုနေကြတယ် ။


“ ကျင်းပေါင်းတစ်ထောင် ကုန်အောင် တူးမယ့် ကျောက်တူးသမားပါ ကွာ... တကယ်တော့ ကျောက်တူးသမားများ ဟာ လောပန်းလောင်းတွေပါ....”


◾   ဆူးငှက်


📖   ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

     ၁၉၉၅ ၊ ဇူလိုင်


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment