Monday, May 2, 2022

မိဘဝတ္တရား


 

❝ မိဘ ဝတ္တရား ❞

ကုန်လွန်ခဲ့သည့် လေးလရာသီ လုံးလုံး အငြိုးကြီးကြီး နှင့် မိုး သည်းခဲ့သည် ။ တမူးမြို့ မှ ကလေးမြို့သို့ သွားသော နှင်းမြူဝဲသည့် ကျောက်ခင်းမြေလမ်းပေါ်တွင် မိုး ၏ ခြေရာကို အထင်းသား တွေ့ နေရသည် ။ တဝုန်းဝုန်း တဒိုင်းဒိုင်း ခုန်ကာပေါက်ကာ ဆောင့်ကာအောင့်ကာ နှင့် ခရီးပြင်း နှင်နေသည့် နစ်ဆန်းကားလေး တစ်စီး ။

ကား နှင့် အပြိုင် ကိုမျိုးထက် ရင်ဘထဲ မှာလည်း ...

•••••   •••••   •••••

ဟင်္သာ သင်္ဘော ၏ အညာဆန် ခရီးတစ်ခု ။

ချင်းတွင်း ၏ မျက်နှာပြင် သည် ဒေါသ ကင်းစင်၍ ကြည်လင်နေသည် ။ လှိုင်းဖွေးဖွေး ထကာ ကျန်ရစ်သော ရေယက်ပန်း ကို လှမ်း၍ ကြည့်မိသည် ။ နီးစဉ်က ထ ခဲ့သော ရေယက်ပန်း သည် အလှမ်းဝေးလာတော့ ငြိမ်၍ ငြိမ်၍ သွားသည် ။

အညာတက္ကသိုလ် နှင့် ဝေးခဲ့ပြီ ကို တွေးမိသည် ။ လေးနှစ်တာ ကာလတစ်ခု ကို ဖြတ်ကျော်ခဲ့ရသော ခရီး သည် ရင် တစ်ခုန်စာမျှ ကြာ လိမ့်မည် ထင်သည် ။ ခွဲခွာစမို့ ရေယက်ပန်းနှယ် ခုန်ပေါက်နေသည်လော ဟု စောကြော မိသည် ။ မဟုတ်နိုင်ပါ ။ တက္ကသိုလ်မှော်ရုံတော တွင် ဆုံဆည်းခဲ့သော မယဉ်ငြိမ့် ကို ချစ်မိသည့် သံယောဇဉ် သည် ခဏတာ ခုန်ပေါက် လှုပ်ရှားသော ရေယက်ပန်း လုံးလုံး မဟုတ်နိုင်ပါ ။

ဟင်္သာသင်္ဘော ၏ နောက်ဆွယ်ဝယ် ခုန်ပေါက်လှုပ်ရှား ကျန်ရစ်ခဲ့သော ရေယက်ပန်း ကို လှမ်း ၍ ပြော လိုက်ချင်သည် ။

“ တို့ နဲ့ မယဉ်ငြိမ့် ရဲ့အချစ်ဟာ သင်္ဘော ဖြတ်မောင်းမှ ရင်ခုန်ရတဲ့ ရေယက်ပန်း မဟုတ်ဘူး ၊ အမြဲတမ်း လှုပ်ရှားနေတဲ့ ပင်လယ်ပြင် ရဲ့ ရင်ခုန်သံမျိုး ဟေ့ ”

•••••   •••••   •••••

“ မယဉ်ငြိမ့် တွေ ဘာတွေ လုပ်မနေနဲ့ ၊ မိဘ က စီစဉ်တာ ကို ကောင်းကောင်း ဆိုးဆိုး မင်း လက်ခံရမယ် ”

တစ်ခွန်း ပြတ်ပြတ် ဆို၍ မျက်နှာနီနီ နှင့် ထ သွား သော ဖေဖေ့ ကို မကျေနပ်သော မျက်လုံး ဖြင့် အံ့ကြိတ် ကာ ကြည့်လိုက်သည် ။

“ သားရယ် မင်း ဖေဖေ့ စိတ် ကို သိရဲ့သား နဲ့ ၊ ဘာလို့များ ဖက်ပြိုင်ပြီး ပြောနေရတာလဲ ကွယ် ”

မေမေ က ကိုမျိုးထက် ၏ ပခုံး ကို ဖက်ကာ လေချိုသွေးလာသည် ။

လေချိုသွေး ပေမဲ့ မအေးနိုင်တော့ပါဘူး မေမေရယ် ။

•••••   •••••   •••••

အမုန်း မဆင်သော အပြုံး ယဉ်ယဉ်ကလေး ၊ နုမည် ထင်ရသော ပါးပြင်မို့မို့ဝယ် ပါးချိုင့်လှလှကလေး ထင်နေသည် ။

ညှို့မျက်ဝန်း အထက်က မျက်ခုံးညွတ်ညွတ်ကလေး၏ အကြည့်တွင် ငြိတွယ်ငင်သော စွမ်းအင် ကို တွေ့ ရသည် ။

ဖူးဖူးရွရွ ဟဟကလေး အဖွင့်ဝယ် တင့်တယ်လှစွာသော ပုလဲသွယ် ။ အသံမကြား စကားမဆိုသော်လည်း နှုတ်သံစဉ် တို့ ချိုလွင်သာမောမည် ဟု တွေးမိသည် ။

ပခုံးအကျ ရင်အလှ ကလည်း ကိုယ်တစ်ပိုင်း ဓာတ်ပုံ ဝယ် ပသာဒဟာကွက် မကျန်အောင် သဘာဝ က ဖြည့် စွက်ထားသည့် နှယ် ။

“ ဒီလောက် ကျက်သရေရှိလှတဲ့ မယဉ်သိမ့် ကို သမီးလေး လို မေမေ ချစ်လွန်းလို့ ကမ်းလှမ်းလိုက်မိတာပါ သား ရယ် ၊ တစ်မြို့စီ နေကြရတော့ မယဉ်သိမ့် ကို သား ဘယ် မြင်ဖူးလိမ့်မလဲ ၊ ဒါပေမဲ့ သူ့ မိဘ တွေ က သား ဖေဖေ ရဲ့ ငယ်ပေါင်းကြီးဖက် သူငယ်ချင်းတွေ ကွဲ့  ၊ သား တက္ကသိုလ် နေတုန်း ကတည်းက မိဘတွေချင်း စကား ကမ်းလှမ်းထားကြတာ ”

မေမေ့ ဘက် ကလည်း အကြောင်းပြချက် လုံလုံလဲလဲ နှင့် သာသာထိုးထိုး တိုက်တွန်းသည် ။ ဓာတ်ပုံ ကို ပြန် ပေးရင်း ကိုမျိုးထက် က မေမေ့ ကို တိုးတိုးကလေး ဆို၍ တိုးတိုးကလေး  ပြောလိုက်မိသည် ။

“ မေမေ က မယဉ်ငြိမ့် ရဲ့အလှ ကို မှ မမြင်ဖူးပဲ ကိုး ”

•••••   •••••   •••••

လမ်းကြမ်းခရီး ကို ကားကြမ်း စီးရင်း ကိုမျိုးထက် ရင်ထဲ မှာ လည်း သိမ့်ခနဲငြိမ့်ခနဲ ခံစားရလေသည် ။ ကားတစ်ကြိမ် ခုန်ပေါက်လိုက်တိုင်း မယဉ်သိမ့် ၏ မျက်နှာ ပေါ်လာလိုက် ၊ ကားတစ်ခါ ဆောင့်အောင့်လိုက် တိုင်း မယဉ်ငြိမ့် ၏ မျက်နှာ မြင်လာလိုက်ဖြင့် တသိမ့်သိမ့် တငြိမ့်ငြိမ့် ရှိလှပါဘိသည် ။

မယဉ်သိမ့် ကို မလှဘူး ဟု မဆိုလိုပါ ။ မယဉ်ဘူး ဟု မပြောလိုပါ ။ မချောဘူး ဟု မငြင်းလိုပါ ။ မယဉ်ငြိမ့် သာ ကိုမျိုးထက် ရင် ထဲ စောစီးစွာ နေရာ မဦးမိပါက မယဉ်သိမ့် ကို အကြား နှင့် နား မှာ ယဉ်၍ အမြင်နှင့် ပင် ခေါင်း တွင်တွင် ညိတ်လိုက်မည် မုချ ။

မေမေ က တိုးတိတ်ညင်သာစွာ တစ်ခွန်း ဆိုလာသည် ။ ကိုမျိုးထက် ရင်ထဲ ဗုံးပေါက်ကွဲ သွားသလို ခံစားလိုက်ရသည် ။

“ အခု လာ တာက စေ့စပ်ထားဖို့ သက်သက်ပဲ မဟုတ်ဘူး သား ရဲ့ ၊ စေ့စပ် ပြီးတာနဲ့ လေးငါးရက် လောက် ခြားပြီး တစ်ခါထဲ လက်ထပ်မှာ ”

•••••   •••••   •••••

“ ဒီ သားအမိ အဆင်ပြေရဲ့လားဟေ့ ”

နေလောင်ထားသော မျက်နှာ နှင့် ဖေဖေ က ပြုံးပြုံးကြီး မေးလာသည် ။ လုပ်ချင်ရာကို တစ်ဇွတ်ထိုး လုပ်တတ်သည့် အကျင့် က လွဲရင် ဖေဖေ က စာနာစိတ် အပြည့် ။ နစ်ဆန်းကား က ရှေ့ခန်းတွင် ခရီးသည်နှစ်ယောက် သာ လိုက်ပါနိုင်သည် ။ ကိုမျိုးထက် နှင့် မေမေ့ ကို ရှေ့ခန်းတွင် နေရာ ပေးသည် ။ သူ ကတော့ နောက်ဘက် ကယ်ရီယာ တွင် အပန်းတကြီး လိုက်လာခဲ့သည် ။

“ ဖေဖေ ရှေ့ လာစီးပါလား ၊ သား နောက် က လိုက်ခဲ့မယ် ”

“ နေစမ်းပါ သားရယ် ၊ သတို့သားမျက်နှာ က နေလောင် လို့ ဘယ် ဖြစ်ပါ့မလဲ ဟ ၊ သမီးလေးအလှ နဲ့ လိုက်မီအောင် နေရိပ် မှာ ငြိမ်ငြိမ်ကလေး နေလိုက်ဦး ”

“ သားက နေပူထဲ လိုက်လည်း အလှ မပျက်ပါဘူး တော် ”

မေမေ က ကိုမျိုးထက် ဘက်မှ မခံချင်စိတ် ဖြင့် ဝင်ပြောသည် ။

“ ကဲ ရှေ့ခြောက်မိုင် လောက် ဆို ကလေးမြို့ ရောက်ပါပြီ ၊ ဖေဖေ နောက်ကပဲ စီးခဲ့ပါ့မယ် ကွာ ၊ တော်ကြာ သတို့သား နဲ့ မှားနေမှာ စိုးလို့ ”

“ ဟွန်း သူ့ ကိုယ် သူ ခုထိ အမွှမ်းတင်တုံး ၊ ဒီက သူ့ ကို မျက်စိ မှား လို့ ကြိုက် မိတာများ ”

စိတ်ညစ်နေသည့် ကြားက မေမေ တို့ ငယ်မူပြန် စကား ကြောင့် ကိုမျိုးထက် အဖို့ ပြုံးချင်စိတ် နှင့် ရယ်ရိပ် ပြေး မိသည် ။

•••••   •••••   •••••  

“ လာကြပြီဟေ့ ၊ လာမှ လာပါ့မလားလို့ကွာ ၊ စိတ်ပူ လိုက်ရတာ ”

“ ဒါလား သမီးရှင် က ပြောရမယ့်စကား ၊ ရှင်တို့ သူငယ်ချင်းတွေ ကိုတော့လေ ပြောပဲ မပြော ချင်တော့ဘူး ”

ယောက္ခမလောင်းတွေ ၏ ဖော်ရွေသော အပြော နှင့် အပြုံး က ကိုမျိုးထက် တစ်ကိုယ်လုံး နွေးထွေးသွားစေသည် ။ မယဉ်ငြိမ့် နှင့် သာ ဆိုလျှင် ကိုမျိုးထက် သွားတွေ အအေး မိ ကုန်လိမ့်မည် ။ ခုတော့ မချိသွားဖြဲ ရယ်ကျဲကျဲ နှင့် ။ ဟင်း - တတ်နိုင်ပါဘူးလေ ။ ဖြစ်ချင်တာ မဖြစ်ရတော့ ချစ်ချင်တာလည်း ဘယ်ချစ်ရပါ့မလဲ ။

ခန်းဆီး ကို လှစ်ဟလို့ ခန်းဝ မှာ လပြည့်ဝန်းကလေး သာလာသည် ။ မယဉ်သိမ့် ၏ ငြိမ့်အေးဆွတ်မြသွားစေမည့် ဆီးကြိုပြုံးကလေး တစ်ပြုံး ။ အလှတွင် အယဉ်ဆင့် ၍ အသွင်တင့်သည် မှန်စေ ၊ ကိုမျိုးထက် အဖို့ လ ကို မြင်လျက် ကြယ်စင် မျှ သာ ထင် နေမိသည် ။

•••••   •••••   •••••

“ ငါ့ တစ်သက် မှာ ဒီလောက် အရှက်ရတာမျိုး မကြုံဖူးဘူး ဟေ့ ၊ ရော့ ပစ်လိုက်စမ်း ကွာ ၊ ဒီမှာ ငါ လိုင်စင် နဲ့ ကိုင်တဲ့ သေနတ် ၊ ခွေးမ ၊ သင်း တွေ့ရင်လည်း အသေပဲ ၊ ငါ့ မျက်နှာ အိုးမဲ သုတ်တဲ့ ခွေးမ ”

မနေ့ က နှင့် မတူ ။ ယောက္ခမလောင်း နှစ်ဦး စလုံး မျက်စိ မျက်နှာ ပျက်နေသည် ။ ဒေါသ ပွက်ပွက် ဆူနေသည် ။ တစ်အိမ်လုံး ပူလို့လောင်လို့ ။ ဖေဖေ နှင့် မေမေတို့ မျက်နှာ က ပုံဖမ်းရ ခက်ခက် ။ ကိုမျိုးထက် တစ်ယောက် သာ မရယ် မပြုံး ။ ရင် ထဲ က ခံစားချက်တွေ မျက်နှာပေါ် မထင်ဟပ် လာအောင် အတတ်နိုင်ဆုံး ကြိုးစားဖုံးကွယ် နေရသည် ။ ပူပုံပန်း နှင့် နွမ်းယောင် ပြုရင်း ပြုံးချင်စိတ် ကို ကြိတ်မှိတ်၍ မျိုသိပ်နေရသည် ။

•••••   •••••   •••••

စေ့စပ်မည့် ရက် ရောက် လာပြီ ။

ဖိတ်ကြားထားသည့် ဧည့်သည်များ ရောက်လာသည် ။

အိမ်တွင်း က ပြဿနာ အိမ်ပြင် မထွက်အောင် ဖုံးကွယ် ဖိ ထားပုံရသည် ။ ဖိတ်ကြားထားသည် ကို ဘာ စိတ်ကူး နှင့် များ မဖျက်ကြပါလိမ့် ။ ကိုမျိုးထက် တို့ မိသားစု သုံးဦး စလုံး ဘာ ပြောရမည် မသိသလို ဘာ လုပ်ရမည်ကို လည်း မသိနိုင်ကြချေ ။

“ ဟေ့ ပြင်ကြလေကွာ ၊ ဘယ်လိုလဲ ဟ ၊ ဧည့်သည် တွေ တောင် ရောက်လာကြပြီ ”

“ ဘယ့်နှယ် မင့်သမီး လင် နောက် လိုက်သွားမှတော့ ဘယ်သူ နဲ့ များ ငါ့ သား ကို စေ့စပ်ဦးမလို့လဲ ဟ ”

ဖေဖေ က ဘွင်းဘွင်း သမား ပီပီ ရှင်းရှင်းပြတ်ပြတ် စကား ဆိုသည် ။

•••••   •••••   •••••

ထိုနေ့ က စေ့စပ်ပွဲ ကျင်းပဖြစ်သည် ။ လက်ထပ်မည့် ရက်မြတ် မင်္ဂလာ ထက် လေးငါးရက် ကြို၍ ကျင်းပသော စေ့စပ်ပွဲ မှာ ပင် ကိုမျိုးထက် အလွန် ပျော်ပါသည် ။ ထိမ်းမြားလက်ထပ်မည့် နေ့တွင် အပျော် လွန် မည်မှာ သေချာပါသည် ။ နှစ်ဖက်မိဘများ လည်း ကိုယ့်သား ကိုယ့်သမီး ၏ အပျော်များ ကူးစက်ပြန့်ပွားသွားဟန် တူပါသည် ။ ပြုံးလို့ ရွှင်လို့ ရယ်လို့ မောလို့ ။

စေ့စပ်ပွဲ မတိုင်မီ တစ်ရက် က သမီးလင် နောက် လိုက် ပြေး၍ စိတ် ညစ်ကြ ၊ စိတ် ပျက်ကြ ၊ စိတ် ဆင်းရဲကြရသော ယောက္ခလောင်းများ ၏ မျက်နှာ မှာ တိမ်စင်ကင်း ၍ လမင်း သာနိုင်ပါပြီ ။ စေ့စပ်ပွဲ လာ စာပုံနှိပ်တိုက်လုပ်ငန်း ပိုင်ရှင် တစ်ဦးကိုပင် လှမ်း ၍ ဖိတ်စာ ကို ပြင်ဆင်ခိုင်းလိုက်သေးသည် ။

“ ဟေ့ ၊ ဟိုနေ့ က သမီး ရဲ့မင်္ဂလာဖိတ်စာ အပ်ထား ပါ ရောလား ၊အဲဒါ ပြင်စရာလေးတွေ ရှိနေတယ် ဟ ၊ သမီးဦး နေရာမှာ သမီးထွေး ၊ ဦး နေရာမှာ ထွေး ပြင်ဖို့ရယ် ၊ မယဉ်သိမ့် နေရာ မှာ မယဉ်ငြိမ့် ၊ သိမ့်နေရာ မှာ ငြိမ့် ပြင်ဖို့ ရယ် ၊ ဒီ နှစ်လုံး ပဲ ပြင်ဖို့ လိုတယ် ၊ အဲဒါ မမေ့ လိုက်နဲ့ဦး ၊ ဒီ စကားလုံးကလေး နှစ်လုံး ကလည်း သူ့ နေရာနဲ့ သူ အံဝင် ခွင်ကျ မဟုတ်ရင် အတော်ဒုက္ခများပါလားကွ ”

◾ ခြိမ့်သဲ

📖 မြဝတီမဂ္ဂဇင်း
      အတွဲ ( ၃၂ ) ၊ အမှတ် ( ၈ )
      ဇွန် ၊ ၁၉၈၄

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment