❝ နှလုံးသား ၃၈၀ / ၅၄ ❞
လူတစ်ယောက် ရဲ့ နှလုံးသား ကို ထို သူ မသိအောင် တိတ်တဆိတ် ခိုး ယူဖို့ ဆိုတာ လွယ်ကူသော ကိစ္စတော့ မဟုတ် ။ သို့ရာတွင် ဖြစ်အောင် လုပ် ရမည် ။ ကိုယ့် ကို စိတ်ဆင်းရဲစေခဲ့ သူ ၊ ရင် ထဲ မှာ တစစ်စစ် နာကျင် အောင် လုပ်ခဲ့ သူ ၊ ဖျပ်ဖျပ်လူးမျှ ခံစားရအောင် ရက်စက်ခဲ့ သူ ။ ထို မိန်းမ တစ်ယောက် ကို သက်သာခွင့် မပေးနိုင် ၊ ထိုက်တန်သော တုံ့ပြန်မှု ကို သာ ပေးရမည် ။ ညီမျှသော စိတ် ဒုက္ခ ကို ပြန်လည် ခံစားစေရမည် ။ ရင်နာမှု ပြစ်ဒဏ် ကို ပြန်လည် ပေးဆပ်စေရမည် ။ အနည်းဆုံး စိတ်ကူး ထဲ မှာပဲ ဖြစ်ဖြစ် လက်စား ချေရမည် ။
ထို့ကြောင့် ...
ညဘက် အိပ်မောကျချိန်လောက် ကို မှန်းပြီး သူ့ အိမ် ထဲ ဝင် လာခဲ့သည် ။ အပေါ်ထပ် ကို တက်သည် ။ အိပ်ခန်း ထဲဝင်သည် ။ ခပ် မှိန်မှိန် ထွန်းထားသော ပြာလဲ့လဲ့ မီးရောင်ကြောင့် အခန်း ထဲ မှာ မြင်သာ ထင်သာလောက်တော့ ရှိ၏ ။
သူ သည် အိပ်ရာပေါ်တွင် ပက်လက် အနေအထား ဖြင့် အိပ်မော ကျနေသည် ။ ထို အချက် သည် ကံကောင်း သွားခြင်း ဖြစ်၏ ။ တကယ်လို့ သူသာ ဘေးစောင်း အိပ်နေလျှင် အနေအထား ပြင် ပေးရဦးမည် ။ အခုတော့ အဆင်သင့် အနေအထားပဲ ။ သူ သည် အပူပင်ကင်းစွာ စိတ်ချ လက်ချ အိပ် နေတာ သိသာ၏ ။
သူ့ နှုတ်ခမ်းကလေး အနည်းငယ် ဟ နေတာကို မီးရောင် မှိန်မှိန် မှာ မြင်ရသည် ။ ထို မြင်ကွင်း ကို မြင်ရသော အခါ ဟို ယခင် အခါဆီ က ရုပ်ရှင် ထဲ မှာ ပိတ်ကား မှရောင်ပြန် ဟပ်သော အလင်းရောင် ကြောင့် မှုန်မှုန် ရေးရေး မြင် ရသော မျက်နှာ ကို သတိ ရစေသည် ။ ထိုစဉ်ကလည်း သူ့ နှုတ်ခမ်း သည် ခုလို ခပ်ဟဟ ကလေးပါပဲ ။ သို့ရာတွင် ခုချိန်မှာတော့ နှုတ်ခမ်း သည် အရေးပါသော အနေထား မှာ မရှိ ။
သူ့ ကိုယ် အပေါ်ပိုင်း မှာ လွှမ်းခြုံထားသော စောင် ကို အသာ ဆွဲ လှပ်လိုက်သည် ။ ညဝတ် အင်္ကျီ ၏ အောက်မှာ သူ့ရင် သည် နိမ့်ချည် မြင့်ချည် ဖြစ်နေ၏ ။ စည်းချက် မှန်မှန် အသက် ရှု နေသည့် သဘော ။ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စ က အရေး ကြီးသည် ။ နည်းနည်းလေး မှ တုံ့နှေး လို့ မရ ။ တိမ်းစောင်း သွားလို့ မဖြစ် ။ ဆရာဝန် တစ်ယောက် လို တည်ငြိမ်ပြီး ခါးပိုက်နှိုက် တစ်ယောက် လို လျင်မြန် ရမည် ။
လက်ချောင်းများ ကို ခပ်တင်းတင်း ပူး ကပ်၍ လက်ဖဝါးနှင့် တစ်တန်းတည်း နေအောင် ထားပြီး သူ့ ရင်ခေါင်း အတွင်းသို့ ဆတ်ခနဲ ထိုး သွင်းလိုက်သည် ။ ပူနွေးသောအရာ တစ်ခုကို စမ်း မိသောအခါ ဆုပ်ကိုင်ပြီး လက် ကို အလျင်အမြန် ပြန် ဆွဲ ထုတ်လိုက်၏ ။
ရေ ထဲ က အရာဝတ္တု တစ်ခု ကို နှိုက် ယူ လိုက်သောအခါ ရေပြင် ပေါ် တွင် ကွဲရာ အက်ရာ ကျန်ရစ်ခဲ့ခြင်း မရှိသလို သူ့ ရင်အုံ ၏ လက်ဝဲ ဘက်ယွန်းယွန်း မှ အရေပြား သည်လည်း ဘာ ဒဏ်ရာ မှ မဖြစ်ဘဲ ပကတိ အတိုင်း ရှိနေ၏ ။ ကိုယ့် လက် ထဲ မှာ တော့ သူ့ နှလုံးသား သည် တဆတ်ဆတ် ခုန် ရင်း ပါ လာသည် ။
သူ့ နှလုံးသား ကို ကြွပ်ကြွပ်အိတ် ထဲ ထည့် ဆွဲပြီး အိမ်အပြင် ပြန် ထွက်လာခဲ့၏ ။ သူကတော့ နှစ်နှစ်ခြိုက်ခြိုက် ဆက်လက် အိပ်ပျော်နေဆဲ ။ နှလုံးသား အခိုး ခံ လိုက်ရကြောင်း ကို သူ တော်တော် နဲ့ သိမှာ မဟုတ် ။ မနက် အိပ်ရာ က နိုး သောအခါ ရင် ထဲ က ဟာ နေ သလိုလို ၊ တစ်ခုခု လိုနေ သလိုလို တော့ ခံစားရလိမ့်မည် ။ နောက်ပိုင်း စိတ် လှုပ်ရှားစရာ နဲ့ ကြုံ ပါလျက် ရင် မခုန်ပဲရှိ နေတော့မှ အံ့သြပြီး တုန်လှုပ် ချောက်ချား ရလိမ့်မည် ။ လူဗိုလ်ပုံ အလယ် မှာ နှလုံးသားကင်းမဲ့စွာ အသက် ရှင်ရသူအဖြစ် ရှက်ဖွယ်လိလိ ရှိရလိမ့်မည် ။ နှလုံးသား မရှိသောကြောင့် ချစ်ခြင်းမုန်းခြင်း ကို ခံစားခွင့် မရှိတော့ပဲ လူ ဖြစ်ရှုံးသော ဘ၀ ရောက် ရလိမ့်မည် ။
ကိုယ့် လက် ထဲမှာ ဓားစာခံ အဖြစ် ရောက်ရှိနေသော သူ့ နှလုံးသား ကိုတော့ ကောင်းကောင်း ပညာ ပေး ရမည် ။ ကြွတ်ကြွတ်အိတ် ထဲ က သူ့ နှလုံးသား ကို ထုတ် ကြည့်သည် ။ ဒုတ်ကနဲ ဒုတ်ကနဲ ခုန် နေတုန်းပင် ရှိ၏ ။ စိတ် ထဲ မှာ ရုတ်တရက် မြူးကြွလာသည် ။ ကစားစရာ အသစ် တစ်ခု ရလာသော ကလေးငယ် တစ်ယောက်သည် အိမ် ပြန် ရောက်သည် အထိ မစောင့် နိုင်သလိုပင် ဖြစ်၏ ။ သူ့ နှလုံးသား ကို မြေပေါ် ပစ် ချလိုက်သည် ။ မြေပြင် နှင့် ထိ သောအခါ တင်းနစ်ဘောလုံး တစ်လုံး လိုပင် ခုန်ပြီး ပြန် တက်လာသည် ။
သူ့ နှလုံးသား ကို ဘတ်စ်ကက်ဘော လို ပုတ် ကစားနိုင်၏ ။
“ အဲဒီမှာ ... ကျွန်တော်တို့ ကို ခဏ ငှားပါလား ... ကျွန်တော်တို့ ကန် နေတဲ့ ဘောလုံး ပေါက် သွားလို့ ... ”
ကောင်လေး တစ်ယောက် က လာပြောသည် ။ သူတို့ သည် မာကျူရီ မီးရောင်အောက် က ကွန်ကရစ်လမ်း ပေါ် မှာ ဘောလုံး ကန်နေကြခြင်းဖြစ်၏ ။
“ ကဲ ... ရော့ ... စိတ်ရှိ လက်ရှိသာ ကန်ကြစမ်းကွာ ... ”
ဆိုပြီး သူ့ နှလုံးသား ကို ပစ်ပေးလိုက်၏ ။ ကောင်လေးသည် နှလုံးသား ကို တစ်ချက် နှစ်ချက် ပုတ် ကြည့်ပြီး သဘောကျဟန်ဖြင့် ...
“ တော်တော် ကန်လို့ ကောင်း မှာပဲ ... ” ဟု ပြောသည် ။
ဟုတ်လည်း ဟုတ်သည် ။ သူ့နှလုံးသား မှာ တွန်းကန်အားအလွန် ကောင်းသည် ။ ဖြည်းဖြည်းလေး ကန် လိုက်ရုံ နဲ့ အဝေးကြီး ပြေး နိုင်သည် ။ သူ့နှလုံးသား သည် ကလေးတွေကြား မှာ ဟိုမှ ဒီမှ ခုန်ပေါက် လူးလာနေသည် ။
“ ဟင်း ... ဒီလောက် မာနကြီး တဲ့ နှလုံးသား ... ခုတော့ သူများခြေထောက်ကြား လှိမ့် အကန်ခံ နေရပြီမဟုတ်လား ... ” ဟု တွေးရင်း ကျေနပ်စွာ ကြည့်နေမိ၏ ။
ချာတိတ် နှစ်ယောက် သည် ဝမ်းတူး ရိုက်ရင်း သယ်လာသည် ။ ပြီးတော့ တစ်ဖက် မှလွတ်နေသော ရှေ့တန်း လူ ဆီ ထိုးပေး လိုက်သည် ။ ရှေ့တန်းမှ ကောင်လေး က ကျုံး ကန် ထည့် လိုက်၏ ။ နှလုံးသား သည် ဂိုးတိုင်ဆီ တန်းကနဲ ပြေးသွားသည် ။ ဂိုးသမား က ဖမ်းဖို့ကြိုးစားသည် ။ သို့ရာတွင် အရှိန် က မြန် လည်း မြန် ၊ ပြင်း လည်း ပြင်း လွန်းလှသဖြင့် မဖမ်းနိုင်ဘဲ နှလုံးသား က သူ့ ရင်ဘတ် ကို ဒိုင်းကနဲ ဝင် ဆောင့်လိုက်သည် ။ ဂိုးသမားလေး သည် နောက် ကို ဆယ်ပေလောက် လွင့်စဉ် ထွက်သွားပြီး မြေပေါ် မှာ ပုံ လျက်သား ကျ သွား၏ ။
“ ဟာ ... ” ဆိုပြီး သူ့ ဆီ ချာတိတ်တွေ ဝိုင်းအုံပြေးသွားသည် ။ တစ်ယောက် က ပွေ့ထူပြီး ခေါ်ကြည့်သည် ။ ကောင်လေး မှာ ပြန် မထူးနိုင် ၊ သတိလစ် မေ့မြောနေပြီ ။ ဆေးရုံ အမြန် ပို့နိုင်သောကြောင့် သက်သာရာ ရသွားခြင်းဖြစ်သည်ဟု နောက်ပိုင်း ကျမှ သိရသည် ။
သူ့ နှလုံးသား ကတော့ အရှိန် မသေသေးဘဲ မြေကြီး ပေါ် မှာ ခုန်ဆွ ခုန်ဆွ လုပ် နေသည် ။
ထို့ကြောင့် ကြွပ်ကြွပ်အိတ် ထဲ အမြန် ကောက်ထည့်ပြီး ထွက်လာခဲ့ရ၏ ။ တော်တော် ကောင်းကျိုး မပေးတဲ့ နှလုံးသား ၊ အိမ် ရောက်မှ ရေရေ လည်လည် ဆုံးမပြီး ပညာပေး ရမယ် ဟု တေး ထားလိုက်ပြီး ဆက် လျှောက် လာခဲ့၏ ။
တိုက်တန်းတွေ ကြား က ဖြတ်လျှောက် လာသည် ။ တစ်နေရာတွင် ခွေးလေခွေးလွင့် တစ်ကောင် သည် အမှိုက်ပုံ ကြား မှာ နှုတ်သီး ဖြင့် ထိုး ဆွ ရင်း စားစရာ တစ်ခုခု တွေ့လို တွေ့ညား ရှာ ဖွေနေသည် ။
စိတ်ကူး တစ်ခု ပေါ်လာသည် ။ ဒါနှင့် လက်ဖျောက် တီးပြီး ခွေး ကို ခေါ် လိုက်သည် ။ ခွေး က ကြွပ်ကြွပ်အိတ် ကို မြင်တော့ သဘော ပေါက် သွားဟန် တူ၏ ။ အမြှီး နှံ့ပြီး အနား ကို ပြေးလာသည် ။ ကြွပ်ကြွပ်အိတ် ထဲက နှလုံးသား ကို ထုတ်ပြီး ခွေး ရှေ့ မှာ ချ ပေးလိုက်သည် ။
ခွေး က အနံ့ ခံ ကြည့်သည် ။ စား လို့ ရမှန်း သိသွားသောအခါ အငမ်းမရ ထိုး ဟပ် လိုက်၏ ။ ဆတ်ခနဲ တုန် သွားပြီး နောက် ပြန် လွှတ်ချလိုက်သည် ။ အီ ခနဲ တစ်ချက် ဖြစ်သွားသည် ။ ထို့နောက် တအိုင်အိုင် အော်ပြီး ကြောက်လန့် တကြား ထွက် ပြေးသွား၏ ။
သူ့ နှလုံးသား ကို ကောက်ယူ ကြည့်လိုက်တော့ ပွန်းရာခြစ်ရာလေးတောင် မရှိ ။ မြေပြင်ပေါ်မှာတော့ ခွေး ၏ အစွယ် တစ်ချောင်း ကျိုးပြီး ကျ ကျန်ရစ်ခဲ့တာ တွေ့ရသည် ။
အတော် မာရေကျောရေ နိုင်တဲ့ နှလုံးသား ပဲ ဟု မှတ်ချက် ချရင်း ဆက် လျှောက် လာခဲ့သည် ။
တိုက်တန်းလျားတွေ လွန်သောအခါ လမ်း က နည်းနည်းမှောင်ရိပ် ကျနေသည် ။ ခဏကြာသောအခါ ရှေ့ဘက်မှာ စက်ဘီး နှစ်စီး လာ နေတာ တွေ့ရသည် ။ ကင်း လှည့်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပင် ဖြစ်လေ၏ ။ အနား ရောက်လာတော့ စက်ဘီး ကို ရပ်ပြီး ဆင်းလာသည် ။
တစ်ယောက် က မေးသည် ။
“ ဘယ် က လာ တာလဲ ... ”
“ အလုပ် က လာ တာပါ ... ” ဟု ပြီးစလွယ် ဖြေ လိုက်သည် ။
လက် မှာ ဆွဲ ထားသော ကြွပ်ကြွပ်အိတ် ကို မသင်္ကာ သလို ကြည့် ပြီး ...
“ အဲဒီ အိတ် ထဲ က ဘာလဲ ... ”
“ နှလုံးသား ပါ ... ” ဟု ဖြေ သောအခါ အဖော် ဖြစ်သူ က ...
“ ပေါက်ကရတွေ ပြောနေတယ် ... အရက် မူးလာတယ်ထင်တယ် ... ” ဟု ခပ်တိုးတိုး ပြော သည် ။ ကျန် တစ်ယောက် က ...
“ ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်ရမှာပဲ ... အိတ် ကို ဖွင့်ပြစမ်း ... ” ဆိုသဖြင့် ဖွင့် ပြလိုက်သည် ။
သူ က လက်နှိပ်ဓါတ်မီး နှင့် ထိုးကြည့်ပြီး အံဩ ဟန် ဖြင့် ...
“ ဟာ ... ရွှေတုံးကြီး ပဲ ... ”
“ ဗျာ ... မဟုတ်ပါဘူး ... နှလုံးသား ပါ ... ”
“ ဒီမှာ လက်ပူးလက်ကြပ် တွေ့နေတာတောင် ငြင်း နေရသေးလား ... ”
ကြွပ်ကြွပ်အိတ် ထဲ ကို ငုံ့ကြည့် လိုက်တော့ ဟာ ... တကယ်ပါပဲ ။ နှလုံးသား လို ပုံစံမျိုး ဖြစ်နေသော ရွှေတုံးကြီး တစ်တုံး သည် လက်နှိပ်ဓါတ်မီးရောင်အောက် မှာ ဝင်းလက်တောက်ပြောင်နေတာ တွေ့ရသည် ။ အမယ် ... နိုင်တီနိုင်း ပွိုင့် နိုင်းနိုင်း ( 99.99 ) ဆိုသော ဂဏန်းလေးတောင် ရိုက်နှိက် ထားသေးသည် ။
“ ဟာ ... ဘယ်လို ဖြစ်တာလဲ ... ကျွန်တော် ယူ လာတုန်းက နှလုံးသား စစ်စစ် ပါ ... ”
“ အူကြောင်ကြောင် လုပ် မနေနဲ့ ... စခန်း လိုက်ခဲ့ ... ”
ဆိုပြီး ခေါ်သွားသဖြင့် ပါသွားရ၏ ။ စခန်း ထဲ ရောက်တော့ တာဝန်မှူး စားပွဲ ရှေ့ သို့ ခေါ်သွားသည် ။
“ ဘာဖြစ်တာလဲ ဟေ့ ... ”
တာဝန်မှူး က မေးသည် ။
“ ရွှေတုံးကြီး တစ်တုံး သယ်လာတာ တွေ့လို့ မသင်္ကာတာ နဲ့ ဆွဲလာတာ ဆရာ . . ”
“ ပြစမ်းပါဦး ... ”
ရဲတပ်ဖွဲ့ဝင် တစ်ယောက် က ကြွပ်ကြွပ်အိတ် ကို စားပွဲ ပေါ် တင် ပေးလိုက်သည် ။ တာဝန်မှူး က ကြွပ်ကြွပ်အိတ် ကို ဖွင့်ပြီး ငုံ့ ကြည့်သည် ။ မျက်မှောင် ကုတ် လိုက်ပြီး အိတ် ထဲ ကို လက် နှိုက်သည် ။ လက်ပြန်ထုတ် သော အခါ စတီးချိုင့်လေး တစ်လုံး ပါ လာသည် ။
“ ဘယ်မှာလဲ ကွ ရွှေတုံး ... ”
ရဲတပ်ဖွဲ့ဝင် နှစ်ယောက် သည် တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး နား မလည်သလို ပုံမျိုး ဖြစ်နေသည် ။ တာဝန်မှူးက စတီးချိုင့် ကို ဖွင့် ကြည့်သည် ။ အထဲ မှာ ငါးရိုး အစအနများ နှင့် ထမင်းကျန် အနည်းငယ် သာ ရှိသည် ။
တာဝန်မှူး သည် သူ့ လူနှစ်ယောက် ကို မော့ ကြည့်ပြီး ...
“ မင်းတို့ နှစ်ယောက် မူးနေလား ... ”
“ ဟာ ... ဆရာရယ် ... တာဝန်ချိန်ကြီး မှာ သောက်ရဲပါ့မလား ... ”
“ မင်းတို့ ကို သေသေချာချာ မှာ ထားတယ် ... အလုပ် ကို စေ့စေ့စပ်စပ် လုပ်ပါလို့ . . အခုတော့ အလုပ် က ပြန် လာတဲ့ လူတစ်ယောက် ကို သက်သက် စိတ် အနှောင့်အယှက် ဖြစ်အောင် လုပ်တယ် ... သူ့ ခမျာ အိမ်ပြန် နောက်ကျနေရတဲ့ ကြား ထဲ ... ”
ပြောရင်း ဒီဘက် လှည့်ပြီး ...
“ စိတ်မရှိပါ နဲ့ ညီလေးရာ ... ကိုယ့် ကောင်တွေ ဝီရိယ ပို သွားလို့ပါ ... ကဲ ... ကဲ ...သွားနိုင်ပါပြီ ... ” ဆိုပြီး စီးကရက် တောင် တိုက် လိုက်သေးသည် ။
စခန်း ထဲ က ထွက် လာစဉ် ... “ ကျွန်တော်တို့ သေသေချာချာ မြင်တာပါဆရာ .. ” ဟု ပြောနေသော အသံ သဲ့သဲ့ ကြား လိုက်ရသည် ။
ရဲစခန်း အပြင် ရောက်၍ ကြွပ်ကြွပ်အိတ် ကို အသာ ဖွင့် ကြည့်တော့ သူ့ နှလုံးသား သည် ပင်ကိုယ် အတိုင်း ပြန်ဖြစ်ပြီး တဒုတ်ဒုတ် ခုန်နေတာ တွေ့ ရ၏ ။ “ အတော် ပြဿနာ ရှာတဲ့ နှလုံးသား ... တွေ့မယ် ... ” ဟု စိတ် ထဲ က ကြိမ်းရင်း ဆက်လျှောက်လာခဲ့၏ ။
ထိုစဉ် ဟိုးခပ်လှမ်းလှမ်း မှ မောင်း လာနေသော ကား တစ်စီး ၏ မီးရောင် ကို တွေ့ ရသည် ။ စိတ်ကူး တစ်ခု ဖျတ်ကနဲ ပေါ်ပေါက်လာ၏ ။ နှလုံးသား ကို အိတ် ထဲ ထုတ်ပြီး လမ်း ပေါ်ချ ထားလိုက်သည် ။ ကား သည် အရှိန် နှင့် မောင်းရင်း ဖြတ် သွားသည် ။ နှလုံးသား ကို မနင်းမိဘဲ ခွ ကျော်သွား၏ ။
“ ဟင်း ... ကံကောင်းလို့ပေါ့ကွာ ... ” ဟု တွေးပြီး နှလုံးသား ကို ပြန် ကောက်ယူမည် ပြုစဉ် နောက်ထပ် ကားတစ်စင်း လာ နေတာ တွေ့ ရသဖြင့် လမ်းပေါ် ပြန် ချထားပြီး စောင့် ကြည့်နေလိုက်သည် ။ ဒီတစ်ခါ လာတဲ့ကား က ပို ကြီးသည် ။ ကွန်တိန်နာကားကြီး ဖြစ်၏ ။ ကုန်တန်ချိန် အတော်များ ဟန် တူသည် ။ စက်သံ အတော် ပြင်းသည် ။ ကား ရှင်းသောကြောင့် အရှိန် ကို လည်း တင် မောင်းလာသည် ။ ခဏအတွင်း မှာ ပင် နီးကပ်လာပြီ ။ ရှေ့ဘီး က လမ်းပေါ်မှာ ချ ထားသော နှလုံးသား ကို မနင်းမိဘဲ လွဲ သွားသည် ။ နောက်ဘီး တွေ ကတော့ နှစ်လုံးတွဲတွေ ဖြစ် သောကြောင့် မလွဲချော်နိုင် ။ တည့်တည့်ကြီး ပင် ဖြတ် ကြိတ်ပစ်လိုက်၏ ။
ဒုန်းခနဲ မြည်ပြီး ကားကြီး သည် မြောက်တက်သွားသည် ။ ပြန် ဆောင့် အကျတွင် နောက်မြီးပိုင်း က ယမ်းခါပြီး ပလက်ဖောင်းပေါ် တစ်ခြမ်း တင် သွား၏ ။ ဒရိုင်ဘာ သည် ခက်ခက်ခဲခဲ ထိန်း လိုက်ရပြီး ကား ကို ရပ် လိုက်သည် ။ ပြတင်းပေါက် မှ ခေါင်းပြူ ထွက် လာပြီး နောက် ကို လှည့်ကြည့်လိုက်သည် ။ သူ့မျက်နှာ ထား မှာ ဒီလောက် ညီညာ ပြန့်ပြူးနေတဲ့ လမ်း ပေါ်မှာ ဘယ်လို ဖြစ်သွားတာပါလိမ့် ဆိုပြီး ဇဝေဇဝါ ဖြစ်နေပုံ ပေါ်သည် ။ ပြီးမှ ကား ကို ပလက်ဖောင်း ပေါ် မှ ပြန် မောင်းချပြီး ထွက် သွား၏ ။
နှလုံးသား ကို သွား ကြည့်လိုက်တော့ ကတ္တရာလမ်း ထဲ မှာ မြုပ်ဝင် နေတာ တွေ့ရသည် ။ ဆွဲထုတ် ယူလိုက်သောအခါ ကတ္တရာလမ်း မှာ ချိုင့် ဝင်နေသော တွင်းငယ် တစ်ခု ဖြစ် ကျန်ခဲ့၏ ။ သူ့ နှလုံးသား ကတော့ ပုံစံလုံးဝ မပျက် ။ တဒုတ်ဒုတ် ခုန်နေတုန်း ။
သာမာန် အသွေးအသားဖြင့် တည်ဆောက်ထားပြီး လက်ညိုး နှင့် ခပ်ဆတ်ဆတ် ထိုးဖောက် လိုက်လျှင် ဖောင်းခနဲ ပေါက်ထွက်သွားလိမ့်မည် ထင်ရသော သူ့ နှလုံးသား သည် ဒီလောက် ထိ ခံနိုင် ရည် ရှိနေတာ အံ့ဩစရာ ပင် ဖြစ်၏ ။ ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်အား ဆိုသည်မှာ အကန့်အသတ် တစ်ခုတော့ ရှိစမြဲ ။
ထို့ကြောင့် အိမ် ပြန်ရောက်သောအခါ သူ့ နှလုံးသား ကို အသားကြိတ် စက် ထဲ သို့ ဖိသိပ် ထည့်ပြီး ခလုတ် ဖွင့်လိုက်သည် ။ ကြိတ်စက် သည် ရုတ်တရက် မလည်နိုင်ဘဲ တင်း ခံနေသည် ။ ပြီးတော့မှ တအား ရုန်းကန်ပြီး ကြိတ် ဆွဲလိုက်သည် ။ ပွတ်တိုက်ကြိတ်ဝါးနေသည့် အသံတွေ ထွက်လာသည် ။ ထို အသံများ မှာ မော်တာလည်သံ နှင့် ရောနှောပြီး ဆူညံနေတာ အူယားစရာ ကောင်းလှသည် ။ ခဏ အကြာတွင် တစ်ဖက် ထွက်ပေါက်ထဲမှ အပိုင်းအစကလေးတွေ ထွက်လာသည် ။ ဘာ တတ်နိုင်သေးလဲ ဟု ရေရွတ်မည် ပြုစဉ်မှာပင် တစ်စုံတခု မှားယွင်းနေကြောင်း သတိ ပြုမိ၏ ။
အပိုင်းအစလေးများ သည် အသွေးအသားတုံးကလေးများ မဟုတ်ပဲ သံတွေ သံခဲ ကလေးတွေ ဖြစ် နေခြင်းပါပဲ ။ လည်နေသော မော်တာ ရပ် သွား၏ ။ သူ့ နှလုံးသား သည် စက် ထဲ မှ အလုံး အထည် မပျက်ပဲ ခုန်ထွက် လာသည် ။ စက် ထဲ ကို ငုံ့ကြည့် လိုက်သောအခါ သံမဏိရိုလာ ဓါးသွားများ မှာ လုံးဝကြွေမွ ပျက်စီးနေတာ တွေ့လိုက်ရ၏ ။
ဒီလောက်တောင် ဖြစ်လှတာ သိကြရောပေါ့ ။
သူ့ နှလုံးသား ကို ပလက်တီနမ်ဆန်ခါ ပေါ် တင် လိုက်သည် ။ ပြီးတော့ ထောင့်ငါးရာဒီဂရီ စင်တီဂရိတ် ရှိသော အောက်ဆီ အက်တလင်း မီးလျှံ ဖြင့် အပူပြင်း တိုက်လိုက်သည် ။ ခံနိုင်လျှင် ခံပေရော့ ။ သူ့ နှလုံးသားသည် နစ်ခရုန်း သတ္တုစပ် လို ရဲရဲ တောက် လာ၏ ။ ဒီအတိုင်းဆိုလျှင် မိနစ်ပိုင်း အတွင်း မှာ ပင် ပြာ ကျသွားလိမ့်မည် ။ ကိုင်း ... မှတ်ပြီလား ။ ထိုစဉ်မှာပင် သူ့ နှလုံးသား ထံမှ အခိုးအငွေ့များ ထွက်လာသည် ။ အနံ့ က စိမ်းရွှေရွှေ ။ ထို အနံ့များ ကို ရှုရှိုက်မိသော အခါ ရင်ထဲ က တလိပ်လိပ် ဖြစ်လာသည် ။ စိတ် အာရုံ တက်ကြွလာသည် ။ တဖြည်းဖြည်း အူမြူး လာသည် ။ နောက်ဆုံး ဘယ်လိုမှ ထိန်းချူပ်လို့ မရတော့ပဲ အူလှိုက်သည်းလှိုက် တခစ်ခစ် တဟားဟား ရယ်မော လိုက်မိလေသည် ။
လက်စသတ်တော့ သူ့နှလုံးသား မှ ထွက်ပေါ်လာသော အခိုးအငွေ့များ မှာ ရှုရှိုက်မိလျှင် လူ ကို ရယ်မော စေတတ်သော လပ်ဖင်းဂက်စ် ခေါ် နိုက်ထရပ်စ်အောက်ဆိုဒ် ဓါတ်ငွေ့ တွေ ဖြစ် နေတာကိုး ။ နောက်ဆုံးမတော့ ထို အာဂနှလုံးသား ကို ပိုင်ရှင် ထံ သို့ သာ ပြန် ပို့ ပေးလိုက်ရတော့သည် ။
နောက်တစ်နေ့ ကျတော့ ထို မိန်းမ သည် နှလုံး အထူးကုဆရာဝန် ဆီ သွား ပြသည် ဟု သတင်း ကြား ရသည် ။ သူ့ ရောဂါ က အခြား နှလုံးရောဂါသည်တွေ လို ရင်ဘတ် အောင့်ခြင်း ၊ အသက်ရှု မဝခြင်း ၊ မောပန်းခြင်း စသည်တို့ လို မဟုတ် ။ နှလုံးသား ထဲ က မခံမရပ် နိုင်လောက်အောင် ယားကျိကျိ ဖြစ် နေလို့ ဆိုပဲ ။
( မှတ်ချက် ။ ။ ပုဒ်မ ၃၈၀/၅၄ = ခိုးမှု မသင်္ကာ )
◾ မင်းလူ
📖 နှလုံးသား ၃၈၀/၅၄
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment