❝ သိုက်ကွဲငှက် ❞
ကျွန်မတို့ ရဲ့ သာယာလှပသော မိသားစုလေး ကို ကံကြမ္မာဆိုး က ရုတ်တရက် ဝင်ရောက်၍ မွှေနှောက် ဖျက်ဆီး လိုက်တဲ့အခါ ကျွန်မ ၏ ဘုံဗိမာန် အသိုက်ကလေး က ဖရိုဖရဲ နှင့် ပျက်စီး သွားပါတော့တယ် ။ ကျွန်မ တို့ ဖြေမဆည် နိုင်အောင် ဝမ်းနည်းရပြီး မျှော်လင့် မထားတဲ့ အဖြစ်ဆိုး ကို တဖြည်းဖြည်း လက်ခံနိုင်အောင် ကြိုးစား ခဲ့ကြရတာပါ ။ ကျွန်မ ရင် ထဲက တင်းကျပ်ပြည့်နှက်နေတဲ့ အပူမီးတွေ ကို ဝေမျှယူလို့ ကျွန်မ ကို နှစ်သိမ့် အားပေးနိုင်မယ့် သူငယ်ချင်းတွေ ကို ကျွန်မ ပထမဆုံး သတိ ရမိတယ် ။ မိတ်ဆွေ သူငယ်ချင်း ကောင်း ဆိုတာ ဘဝ တိုက်ပွဲ မှာ ပြိုလဲ ကျနေတဲ့ သူ ကို ဖေးဖေးမမ နဲ့ အားပေး ကူညီတတ်တယ် မဟုတ်လား ။ ဒါကြောင့် ကျွန်မ နဲ့ ဖုန်း အဆက်အသွယ် အမြဲ ရှိတတ်တဲ့ သော်တာလင်း ဆီ ဖုန်းဆက်ပြီး အဖြစ်အပျက် အားလုံး ကို ရင်ဖွင့် ပြောပြမိတယ် ။ ဒါပေမဲ့ သွေးအေးအေး နဲ့ ခပ်ပေါ့ပေါ့ နှစ်သိမ့်တာ ကို ကြားရပါတယ် ။
“ ဟုတ်လား ၊ အေး စိတ် မကောင်းပါဘူးဟာ ၊ ဒါပေမဲ့ ငါ ဆို ငယ်ငယ်ကတည်းက အဖေ နဲ့ ခွဲနေကျ ၊ ငါ့ အတွက် တော့ သိပ် မဆန်းဘူး ၊ ဒီအတွက် သိပ်လည်း မတွေးမိပါဘူး ဟာ ၊ အဖေ ရှိလည်း တွေ့လိုက်တာပဲ ၊ မရှိလည်း သိပ် သတိ မရလှပါဘူး ၊ ဒါပေမဲ့ သူသူ နင့် အတွက် တော့ စိတ် မကောင်းပါဘူး ”
စီးပွားရေး ကို သာ အာရုံ စိုက်ပြီး အခြား သာရေး ၊ နာရေး ၊ လူမှုရေးများ ကို စိတ် မဝင်စားသည့် မိဘနှစ်ပါး မှ ပေါက်ဖွားလာသည့် သူ့ လို မိန်းကလေး က ထို စကားမျိုး ပြော ထွက်ရက်သည် မှာ အံ့ဩစရာ မကောင်းပါ ။ အင်းလေ ... သူ က ကျွန်မ လို မိဘ နဲ့ ရင်အုပ် မကွာ နေခဲ့ရသူ မှ မဟုတ်တာ ။ စီးပွားရေး သောင်းကျန်းတဲ့ အဖေ က နိုင်ငံခြားသင်္ဘော လိုက် နေရပြီး ၊ ပြန် ရောက်တော့လည်း အိမ် မှာ ရှိတတ်တာ မှ မဟုတ်တော့ အနေ စိမ်း တဲ့ သမီး ကတော့ ဝမ်းနည်းတတ် မှာ မဟုတ်ဘူးပေါ့ ။
ဒါကြောင့် ကျွန်မ သူ့ ကို အပြစ် မတင်ဘဲ အထက်တန်းကျောင်းသူ ဘဝ မှာ ခင်ခဲ့တဲ့ သူငယ်ချင်း ဝင်းလဲ့ နဲ့ လမ်း မှာ ဆုံတော့ သူ မေးသမျှ ကျွန်မ အားလုံး ပြောပြခဲ့ပါသည် ။ ဒါပေမဲ့ ခက်တာက ဝင်းလဲ့ ကိုယ်တိုင် က မိသားစု နဲ့ ပြိုကွဲနေသူ မို့ ကျွန်မ ကတောင် ပြန်ပြီး အားပေးခဲ့ရသေးတယ် ။ ပြီးတော့ ကျွန်မ မျှော်လင့် မထားတဲ့ စကားတွေ ကို သူ က ပြော လာပြီး သူ့ မျက်ဝန်းတွေ က လည်း နာကြည်းရိပ်တွေ လွှမ်းနေတာ ကျွန်မ တွေ့ ခဲ့ရတယ် ။
“ ငါ ကတော့ မိသားစု ဆို တဲ့ အသိုက်အမြုံ ကို မုန်းတယ် ၊ မိသားစု ဆို တာ အမိ ၊ အဖ ၊ သားသမီး စုစုစည်းစည်း ရှိမှသာ မိသားစု လို့ ခေါ်တွင်တာ ဟ ၊ အခုတော့ ငါ့ အဖေ ကို မုန်းတယ် သူသူ ”
“ အို နင် ကလည်း ဟယ် ၊ မပြောကောင်းတာတွေ ဘာလို့ ပြောနေရတာလဲ ၊ အခု နင့် အဖေ နင်တို့ နဲ့ အတူ ရှိမနေဘူးပေါ့ နော် ”
“ ဟုတ်တယ် ၊ သူ အခု သုဝဏ္ဏ အိမ် မှာ ၊ ဟို မိန်းမ နဲ့ အတူ နေတယ် ”
လူမျိုးစုံ ဘဝမျိုးစုံ ဆိုသလို ကျင်လည်နေတဲ့ လူ့ ဘဝကြီး မှာ လူ တစ်ယောက် အတွက် ပြဿနာမျိုးစုံ က အချိန် တိုင်း ၊ နာရီ တိုင်း ရှိ နေတာပဲ ။ ကျွန်မ အတွက် ကတော့ ငယ်ငယ်တုန်းက ညလုံးပေါက် ထိုင် ကြည့်ဖူးတဲ့ ဇာတ်ပွဲ ထဲ က မျက်ရည် တောက်တောက် ကျရတဲ့ ဇာတ်နာခန်းတွေ မှာ သရုပ်ဆောင် ရတဲ့ ဘဝကြီး ကို ရင်ဆိုင်ရင်း နဲ့ ပဲ အံ့ဩစရာ ကောင်း လောက်အောင် တည်ငြိမ် ရင့်ကျက် လာတယ် လို့ ပတ်ဝန်းကျင် က ဝေဖန်လာကြတယ် ။ ကျွန်မ လည်း အဲဒီအခါ ကျတော့ မျက်နှာလေး ကို အနည်းငယ် မော့ ၊ မဲ့ပြုံးလေး တစ်ချက် ပြုံးပြီး “ ဘဝ က သင်ပေးလိုက်တာလေ ” လို့ ဖြေ တတ်လာတယ် ။
တစ်ရက်တော့ မေမေ ဖတ်ချင်တဲ့ မိုးမိုး ( အင်းလျား ) ရဲ့ ဝတ္ထုစာအုပ် ဝယ်ဖို့ ၃၃ လမ်း ထဲ ကို သွားခဲ့တယ် ။ ဝတ္ထု စာအုပ် ရဲ့ နာမည် ကလည်း ကြည့်ပါဦး ။ ပျောက်သော လမ်း မှာ စမ်းတဝါး တဲ့ လေ ။ အဲဒီကို အသွား လမ်း မှာ မမျှော်လင့်ဘဲ သူ့ ကို မျက်နှာချင်း ဆိုင် တွေ့ခဲ့ရတယ် ။ သူ ဆိုတာ က ကျွန်မ နဲ့ ငယ်ငယ် ကတည်း က ခင်ရတဲ့ အချစ်ဆုံး သူငယ်ချင်း ‘ ဘိုမ ’ ပေါ့ ။ သူ့ ကို သူ့ အိမ် က ဘိုမ လို့ ချစ်စနိုး ခေါ်ကြတာ ။ သူ က တကယ်တော့ ဘိုမရုပ် နဲ့ မတူပါဘူး ။ အခုခေတ် ကလေးတွေ လက် မှာ ရေပန်း စားနေတဲ့ Canday ရုပ်လေး နဲ့ တော့ ခပ်ဆင်ဆင် တူတယ် ။ အဲဒီ အရုပ်လေး လို ဆံပင် စုတ်ဖွားလေး နဲ့ ခြေတံရှည် လက်တံရှည် ၊ အရပ်ရှည်ရှည်လေး မို့ သူ့ ကို အဝေး ကတောင် လှမ်း မြင်နိုင်တယ် ။ Canday ရုပ်လေး ကို မျက်မှန် တပ် ပေးလိုက်ရင် ကျွန်မ သူငယ်ချင်း ဘိုမ မျက်နှာ ပါ ပဲ ။ ဒီတော့ လူ မမှားနိုင်ပါဘူး ။
သူ က ကျွန်မ ကို မြင်တော့ ဝမ်းသာအားရ နဲ့ ကျွန်မ လက် ကို ဆွဲပြီး စကား ပြော ကောင်း တဲ့ လူ ရှင်း တဲ့ အအေးဆိုင် ထဲ ခေါ်လာခဲ့တယ် ။ သူ က ကျွန်မ ဘဝ ရဲ့ အပြောင်းအလဲ ကို မေးလည်း မေး ၊ ပြောလည်း ပြောရင်း ဟန် မဆောင်နိုင်ဘဲ ပါဝါမျက်မှန် အထူကြီး အောက် မှ မျက်လုံး အိမ်ထဲ မှ မျက်ရည်တွေ တောင် ဝဲ လို့ ။ ကျွန်မ အံ့အား သင့် နေမိတယ် ။ အရင်တုန်းက ဒီ ကောင်မလေး ဒီလို မဟုတ်ပါဘူး လို့ တွေး ရင်းပေါ့ ။ သူ နဲ့ ကျွန်မ နဲ့ က ဟိုးအရင် ကျောင်းသူ ဘဝ ကတည်း က တတွဲတွဲ မခွဲခဲ့တာမို့ သူ့ အကြောင်း ဆို ကျွန်မ က နောကျေအောင် သိပြီးသား ။ သူ က နူးညံ့တဲ့ စိတ်လေး နဲ့ ဝမ်းနည်း လွယ်ပေမယ့် မျက်ရည်တော့ အရမ်း ခိုင်တယ် ။ တကယ်တမ်း မျက်ရည် လွယ်ပြီး စိတ် ပျော့တာ က ကျွန်မ ။ အခုတော့ သူ က မျက်ရည် ဝဲနေတဲ့ မျက်လုံးလေး နဲ့ အားပေးရင်း နှစ်သိမ့်စကား ဆိုနေပြီး မတုန်မလှုပ် ငြိမ်သက်နေတာ က ကျွန်မ ဖြစ်နေပါရောလား ။
“ နင့် အဖေ ဘယ်နေ့ က သွား တာလဲ ”
“ ဖေဖော်ဝါရီ ၁၀ ရက် က ”
သူ က ကျွန်မ ကို စကား တစ်ခွန်း ဖြတ်မေးပြီး ခဏ ငြိမ်သက်သွားပြန်တယ် ။
“ နင် အရမ်း ခံစားရမှာပဲ နော် ”
သူ က အဲဒီလို မေးတော့ ကျွန်မ ဘာမှ ပြန် မပြောမိပါဘူး ။
“ ငါ ကိုယ်ချင်းစာပါတယ် ဟာ ၊ ငါ့ အဖေ ဆုံးတုန်းက ငါ လည်း အဲဒီလို ခံစားခဲ့ရတယ် ”
သူ ပြောတဲ့ စကား ကြောင့် ကျွန်မ အနည်းငယ် စိတ်ရှုပ်သွားလို့ ၊ မျက်မှောင် ကျုတ် လိုက်မိတယ် ။ သူ့ အဖေ ဆုံး တုန်းက ။ သူ့ အဖေ ဆုံးတာ ကြာပြီပဲ ဥစ္စာ ။ ကျွန်မ မှတ်မိသလောက် ကျွန်မ နဲ့ သူ နဲ့ စစချင်း ခင်တော့ သူ့ အဖေ ဆုံး ပြီးနေပြီ ။ ဖခင် မေတ္တာ မခံစားရတဲ့ ကလေး ဟာ သာမန်ကလေး နဲ့ မတူတာတော့ အမှန်ပါပဲ ။ မိစုံဖစုံ ရှိတဲ့ ကလေးတွေ နဲ့ ယှဉ်ရင် ကိုယ့် ကိုယ် ကိုယ် အားငယ်သိမ်ငယ် နေတာကြောင့် မိဘမေတ္တာ ငတ်မွတ်မှု ကို ဖုံးကွယ်ဖို့ ကြိုးစားရင်း မာန ကြီးသလို ၊ တစ်ကိုယ်ကောင်း ဆန်သလို ဖြစ်နေတတ်တာ ထင်ပါရဲ့ ။
ဒါကြောင့် ဘိုမ နဲ့ စ တွေ့တုန်းက သူ့ ကို မာန ကြီးတယ် ထင်ပြီး ကျွန်မ မခင်မင်မိဘူး ။ နောက်မှ သူငယ်ချင်း အပေါ် စိတ်ရှည် ၊ သည်းခံ ၊ အနွံတာ ခံ တတ်တဲ့ စိတ်ရင်း အမှန် ကို သိရပြီး သူ့ ကို ခုချိန်ထိ အခင်မင် ပိုခဲ့ရတာပါ ။ သူ ၁၀ တန်း အောင် လို့ တက္ကသိုလ် မတက်ခင် သူ့ ဦးလေး နဲ့ ကလော ကို လိုက် သွားပြီး နောက်ပိုင်း ကျတော့ ကျွန်မ တို့ အဆက်အသွယ် ပြတ် ခဲ့ရတယ် ။ အခု မထင်မှတ်ဘဲ လမ်း မှာ ဆုံပြီး ၊ ကျွန်မ ဘဝ ရဲ့ တစ်စိတ်တစ်ပိုင်း ပြောင်းလဲမှု ကို အားပေးနေတဲ့ ကျွန်မ သူငယ်ချင်းလေး ရဲ့ စကား က ကျွန်မ ကို အနည်းငယ် တွေဝေစေခဲ့ပါတယ် ။
“ ငါ့ အဖေ ကို နင် က မမြင်ဖူး လိုက်တော့ ငါ့ အဖေ ဆုံး တာကို ဘယ် သိမလဲဟာ ၊ ငါ့ အဖေ က နင့် အဖေ လိုပဲ သိပ် သဘော ကောင်းတာ ၊ စိတ်ထား ကောင်း တဲ့ သူ တွေ ကို လောကကြီး က ကြာကြာ နေခွင့် မပေးဘူး ဟာ ၊ ငါ ကတော့ ငါ့ အဖေ ဆုံးတာ ကြာပြီ ဆိုပေမဲ့ ခုထိ မမေ့နိုင်သေးဘူး ၊ ငါ့ စိတ် ထဲမှာတော့ မနေ့ က တစ်နေ့ ကလိုပဲ စွဲစွဲမြဲမြဲ ရှိနေတယ် ”
သူ့ စကား ကို ကြားတော့ ကျွန်မ အတော် စိတ်မကောင်း ဖြစ် သွားတယ် ။ သူ့ ရင် ထဲ က ခံစားချက်တွေ ကို ကျွန်မ မြင်အောင် မကြည့်တတ်ခဲ့ဘူး ။ မိသားစု သိုက်သိုက်ဝန်းဝန်း နဲ့ နေခဲ့ဖူးတဲ့ ကျွန်မ ဟာ အဖ မဲ့ နေတဲ့ သူ့ နေရာ မှာ တစ်ခါ မှ ဝင်ပြီး မနေကြည့်ခဲ့ဖူးဘူး ။ သူ့ ရင်ထဲက ခံစားချက်တွေ ကိုလည်း စာနာနားလည်ဖို့ မကြိုးစားခဲ့ဘူး ။ ခုချိန် ကျွန်မ အနား မှာ အဖေ တစ်ယောက် လုံး မရှိတော့ မှ သူ့ ရင် ထဲ က ဝေဒနာတွေ ကို စာနာ နားလည် ပေးနိုင်လာတယ် ။
“ ငါ ပြော လိုက်လို့ နင် စိတ် မကောင်း ဖြစ်သွားလား ဟင် ”
သူ က ကျွန်မ မျက်နှာ ကို စူးစိုက် ကြည့်ပြီး မေးလာတော့ ကျွန်မ ကြိုးစားပြုံးပြီး သူ့ ကို ခေါင်း ခါပြလိုက်တယ် ။
“ နင့် အဖေ က ပြန် လာမှာပါ ဟာ ၊ ငါ့ အဖေ လို တစ်သက်လုံး အတွက် တစ်ခါတည်း ထွက် သွားတာမှ မဟုတ်တာ ။ ပြီးတော့ နင့် ကို မချစ်လို့ ပစ် သွားတာ မှ မဟုတ်ဘဲ ၊ သူ လုပ်သင့်တဲ့ အလုပ် ကို လုပ်ရင်း သွားရမယ့် ခရီး ကို သွားတာ ၊ ခရီး ဆုံး တော့ ပြန် လာမှာပေါ့ ”
သူ က စကားစ ကို ဖြတ်လိုက်ပြီး အနည်းငယ် မောဟိုက်သလို နှင့် အအေး ကို ပိုက် နှင့် မနားတမ်း စုပ် သောက်လိုက်ပါတယ် ။
“ ငါ့ အဖေ ဘယ်တော့ ပြန်လာမလဲ ဟင် ”
မဖြစ်နိုင်မှန်း သိရက် ၊ မမေးသင့်မှန်း သိရက် နှင့် ကျွန်မ ရင် ထဲ က စကား တစ်ခွန်း က နှုတ် မှ အလို လို ထွက်ကျ သွားပြန်ပါရော ။ အအေး သောက် နေရာက သူ တစ်ချက် ရပ် သွားပြီး ကျွန်မ ကို မော့ ကြည့်လိုက်တယ် ။ ပြီးတော့ သူ့ မျက်လုံး က အနည်းငယ် မှေး စင်းသွားပြီး နှုတ်ခမ်း က ခပ်ဟဟ ပွင့်လာကာ အလေးအနက် တစ်ခွန်းချင်း ပြော လိုက်တယ် ။
“ ကမ္ဘာကြီး လည်နေ သရွေ့ ၊ နေ့ရက် တွေ အချိန် တွေ မကုန်ဆုံး သရွေ့ ၊ တစ်နေ့ တော့ သူ နင့် ဆီ ရောက် လာမှာ ပေါ့ ”
သူ ပေးလိုက်သည့် အဖြေ သည် ကျွန်မ အတွက် အလွန် တန်ဖိုး ရှိသော အားဆေး တစ်ခွက် ကို မော့ သောက် ချလိုက်ရသလို ပင် ။ သူ့ ကို ကျွန်မ ဘာမှ ပြန် မပြောဖြစ်ဘဲ ကျေးဇူး တင်သော အကြည့် နဲ့ ပဲ တုံ့ပြန် လိုက်မိပါတယ် ။ သူ နဲ့ နှုတ်ဆက် လမ်းခွဲပြီး ထွက် လာတော့ ကျွန်မ မှာ အရင် ထက် ပေါ့ပါးသွက်လက် နေပါတယ် ။
မလှမ်းမကမ်း က ကောင်းကင် ပေါ် မှာ တော့ အိပ်တန်းပြန် ငှက်များ ဟာ သူတို့ ရဲ့အသိုက်တွေ ရှိရာ ကို ကိုယ်စီကိုယ်စီ ပျံသန်းသွားတာ ကို ကျွန်မ တွေ့မြင် လိုက်ရပါတယ် ။
◾စုသဲမွန်
📖 နွယ်နီမဂ္ဂဇင်း
၂၀၀၃ ၊ ဇွန်လ ။
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment