Saturday, May 21, 2022

တပည့် အိမ်


 

    ❝ တပည့် အိမ် ❞

    “  ဒါ ခြံနံပါတ် ( ၅ ) ဟုတ်ပါတယ် နော် ”

    “  ဟုတ်ပါတယ် ”

    “  ဒီ ခြံ က ဟောဒီ ကြော်ငြာကလေး ... ”

    “  အာ ဟုတ်ပါတယ် ... ဟုတ်ပါတယ် ။ အဲဒါ လာ လျှောက်တာ ဆိုရင် အထဲ လာပါ ”

    ပြောပြောဆိုဆို နဲ့ အထဲ ကို ပြန် ဝင် သွားလို့ သူ့ နောက် ကို လိုက်ခဲ့ရတယ် ။ ဝင်ဝင်ချင်း အခန်း ဧည့်ခန်း ကို ဖြတ်ပြီး နောက်ထပ် အခန်း သုံးခန်း ကို ဖြတ် သွားရသေးတယ် ။ မှောင်လိုက် လင်းလိုက် ၊ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်ပြီး မှ အခန်း တစ်ခန်း ထဲ ရောက်တယ် ။ အခန်း ဝန်းကျင် ကို ခပ်မြန်မြန်ပဲ ဝေ့ ကြည့် လိုက်တယ် ။

    သိပ်မကျဉ်း သိပ်မကျယ် ...

    ဧည့်ခန်းလည်း မဟုတ် ...

    ရုံးခန်းလည်း မဟုတ် ...

    စာကြည့်ခန်း ၊ ထမင်းစားခန်းလည်း မဟုတ် ... ။

    အိပ်ခန်း ၊ ပစ္စည်းထားခန်း အဲဒါမျိုးတွေလည်း မဟုတ် ... ။

    စားပွဲ ရှိတယ် ။ ထိုင်ခုံ သုံးခုံ ရှိတယ် ။

    ခပ်နိမ့်နိမ့် ထွန်းထားတဲ့ မီးစလောင်း တစ်ခု စားပွဲဝန်းကျင် ကို ခပ်အုပ်အုပ် လင်း နေတယ် ။

    ကျွန်တော်တို့ နှစ်ယောက် စလုံး ထိုင် လိုက်ကြတယ် ။

    သူ က ကျုပ် ကို ထိုင် ပါလို့ မပြောပါ ။ သူ လည်း မထိုင်ပါ ။ ကျုပ် ဟာ ကျုပ် ထိုင် ပစ်လိုက်တယ် ။

    သူ က ဘာမှ စ မပြောပါ ။

    ခဏပဲ စောင့်ပြီး ကျုပ် ကပဲ စ ပြော လိုက်တယ် ။

    အလုပ် ခေါ်တဲ့ ကြော်ငြာ ကို ပြရင်း -

    “  ဒီကိစ္စ အတွက်ပါပဲ ”

    “  ဟုတ်ကဲ့ ”

    “  ဒီ ထဲ မှာ ဘယ်လို အလုပ် ဆိုတာ မပါဘဲ ဆရာ တစ်ယောက် လိုချင်တယ် ၊ လခကောင်းကောင်း ပေးမယ် ပဲပါတယ် ။ အဲဒါ ... ”

    “  ခင်ဗျား ကောင်းကောင်း မရှင်းဘူးပေါ့ ”

    “  ဟုတ်ပါတယ် ”

    “  ဒါဖြင့် ဘာလို့ လာ တွေ့တာလဲ ”

    “  မရှင်းပေမယ့် အလုပ်တော့ လိုချင်တယ်လေ ”

    “  ဘာပြုလို့လဲ ”

    “  အလုပ် မရှိဘူးလေ ။ အလုပ် မရှိလို့ပေါ့ ”

    “  လခရော ကျေနပ်ရဲ့လား ”

    “  ဒီထဲမှာ စစချင်း တစ်လ ၁၂၀ဝိ/- ပေးမယ် လို့ ပါ ပါတယ် ။ အဲဒါကိုတော့ ကျေနပ်ပါတယ် ”

    “  ခင်ဗျား ကို အိမ်သာ ဆေးခိုင်း ရင်လည်း အဲဒီ လခ နဲ့ လုပ် မှာပဲလား ”

    “  ဟာ ... အဲလိုတော့ ဘယ် လုပ်နိုင်မလဲ ။ ဒါကြောင့် ဘာ အလုပ် လဲ လို့ သိချင် နေတာပေါ့ ”

    “  ဆရာ အလုပ်လေ ”

    “  ဟုတ်ပြီဗျာ ... ဘာ ဆရာလဲ ။ ဘယ်သူ့ ကို သင်ပြပေးရမှာလဲ ။ အဲဒါလေး ”

    “  ခင်ဗျား သင်ပြပေးရမှာကတော့ ကျုပ် ပဲဗျ ။ ကျုပ် နာမည် ရန်နိုင် ပါ ”

    ကျုပ်တို့ နှစ်ယောက် ခပ်တည်တည် နဲ့ လက်ဆွဲ နှုတ်ဆက် လိုက်ကြတယ် ။

    “  ဟုတ်ပြီဗျာ ၊ ခင်ဗျား က ဘာ သင်ချင်တာလဲ ။ ခင်ဗျား ကို ဘာ သင် ပေးရမှာလဲ ”

    “  ကျုပ် က အကုန် သင်ချင်တယ် ”

    “  ဗျာ ”

    “  ခင်ဗျား တော်တော် ကြောင် သွားမယ် ထင်တယ် ။ ဘာတွေပဲ ဖြစ်ဖြစ် ကျုပ် သင်ချင်တယ် ။ အိပ်နည်း ၊ စားနည်း ၊ လမ်းလျှောက်နည်း ၊ စကားပြောနည်း ၊ အိမ်ထောင်ပြုနည်း ၊ ဘာဘာညာညာ ပေါ့ဗျာ ။ အဲဒီထဲမှာ ဂီတတွေ ၊ ပန်းချီ ၊ ပန်းပု ဘာညာ ဆက်ဆံရေးတွေ ဘာတွေ အဲဒါတွေ လည်း ပါ မှာ ပေါ့ ”

    “  ခင်ဗျား အဲဒါတွေ အရင် က မတတ်ဘူးလား ”

    “  အင်း ... ခု ကျုပ် အသက် ( ၅၀ ) နီးပါး ဖြစ်နေပြီ ။ ဒီလိုပဲ နေ လာခဲ့တာ ။ သေသေချာချာ စဉ်းစား ကြည့် မှ ကျုပ် ဘာမှ ကောင်းကောင်း မတတ်ဘူး ဖြစ်နေတယ် ”

    “  ခင်ဗျား ကို ဘယ်သူက ပြောလို့လဲ ”

    “   ဟင့်အင်း ၊ ကျုပ် ဟာ ကျုပ် ကို သိ လာတာပါ ။ တကယ်တမ်း ကျတော့ ကျုပ် က တော်တော် ချာ တာပဲ ”

    “ ကျုပ် လည်း အဲဒါတွေကို တတ်သလား ၊ မတတ်ဘူးလား ကျုပ် ကိုယ် ကျုပ် မသေချာဘူး ။ ခင်ဗျား ပြောတာ ဘယ်လိုလဲ ဆိုတာ ကို လည်း ကျုပ် သိပ် သဘော မပေါက်ဘူး ။ ဥပမာ ခု ခင်ဗျား စကား ပြော နေတာ ဟုတ်နေသားပဲ ”

    “  ဟုတ်ရဲ့လားဗျာ ”

    “  ဟုတ်ပါတယ် ၊ ကျုပ် နားလည်နေသားပဲ ”

    “  ဒါပေမယ့် ခင်ဗျား စောစောလေးကတင်ပဲ ကသိကအောက် တော်တော် ဖြစ်နေတယ် မဟုတ်လား ”

    “  ဪ ... ဟုတ်ပြီ ၊ ဟုတ်တယ် ၊ ခင်ဗျား ကြော်ငြာ ကို ဖတ် ကတည်း က ကသိကအောက် ဖြစ်နေတာပဲ ။ ဟုတ်တယ် ၊ ခြံဝ ရောက်တော့လည်း ဖြစ်တာပဲ ။ ခင်ဗျား နဲ့ တွေ့ တော့လည်း ဖြစ်တာပဲ ။ ခင်ဗျား နဲ့ စကား ပြော ရတာရော အိမ်ထဲ ဝင်ရလာရတာရော ခုလို ထိုင်ပြီး ပြောရတာရော အကုန် ကသိကအောက်တွေချည်းပဲ ။ ဟုတ်တယ် ... ဟုတ်တယ် ”

    “  အဲဒီလို မဖြစ်အောင် ခင်ဗျား ကျုပ် ကို သင် မပေးနိုင်ဘူးလား ”

    “  အင်း ... အကုန်တော့ မပြောတတ်ဘူး ။ ကျုပ် ထင်တယ် ။ ခင်ဗျား ထက် တော့ ကျုပ် က ပို သိလိမ့်မယ် ထင် တယ် ”

    “ ဖြစ်နိုင်ပါတယ် ၊ ကျုပ် နဲ့ ဆက်ဆံရင်း ကျုပ် ဟာ ဘယ်လို နေရာတွေမှာ တစ်ဖက်သား ကို ကသိ ကအောက် ဖြစ်အောင် လုပ်တတ်တယ် ဆိုတာ ခင်ဗျား သိ လာမှာပဲ ။ သိ လာရင် ခင်ဗျား ကိုယ်တိုင် ကသိ ကအောက် ဖြစ်နေ ခံစားနေရတဲ့ အတွက် ခင်ဗျား အဲလို မဖြစ်သင့်ကြောင်း ကျုပ် ထက် ပိုပြီး သဘောပေါက် နားလည်မယ် ။ အဲဒီ အခါမှာ ခင်ဗျား ကျုပ် ကို သင်လို့ ရမယ် ။ ဟုတ်တယ် မဟုတ်လား ”

    “  ဒါပေမယ့် ကျုပ် အဟုတ် ဆရာ လုပ်ချင်တာက ဓာတုဗေဒ ဗျ ”

    “ ဘယ် အဆင့် ထိ သင်ဖူးလဲ ” 

    “ များများစားစားတော့ မဟုတ်ပါဘူး ။ သိပ္ပံဘွဲ့ ရရုံ လောက်ပါပဲ ။ နောက် ဘာသာတွေကတော့ ပါ တာပေါ့ဗျ ။ ရူပဗေဒ တို့ ၊ သင်္ချာအခြေခံ တို့ ၊ အင်္ဂလိပ်စာ နည်းနည်းပါးပါး တို့ ၊ မြန်မာစာ နည်းနည်းပါးပါး တို့ ”

    “  ရတယ် ... ရတယ် ။ ဒါလောက်ဆို အများကြီး အိုကေ ပါတယ် ။ ခင်ဗျား မှာ ဆွေမျိုးသားချင်း ဘယ် လောက်လောက် ရှိလဲ ။ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲ လောက်ထိ ထည့် တွက်ပေါ့ဗျာ ”

    “ အင်း ... နေဦး ၊ ဆိုတော့ အင်း ... လေးငါးခြောက်ဆယ် တော့ ရှိမှာပေါ့ ”

    “ ကောင်းတယ်ဗျာ ၊ ဆွေမျိုးအင်အား လည်း မသေးပါဘူး ။ ဒါဆို မိတ်ဆွေအပေါင်းအသင်း ရော ဘယ် လောက်လောက် ရှိမယ် ထင်သလဲ ။ အကြမ်းဖျင်းပေါ့ ဗျာ ... ခန့်မှန်းခြေ လောက်ပေါ့ ”

    “  အင်း ... အရင်းအနှီးဆုံး ညီလို အစ်ကို လို ပေါင်းတာ ထဲ က သိပ် မရှိဘူး ဗျ ။ လေးငါး ဆယ်ယောက် လောက်ပေါ့ ။ နောက် ဝမ်းကွဲညီအစ်ကို မောင်နှမလောက် ထိ ဆက်ဆံရေး ရှိတာက သုံးလေး ဆယ် ပေါ့ဗျာ ။ ကျန်တဲ့ အသိတွေ ကတော့ တော်တော် များ ပါတယ် ။ ဘာပြုလို့လဲ ဆိုတော့ ကျွန်တော် က ပျော်ပျော် နေတတ် တယ်ဗျ ။ အနုပညာတွေ ဘာတွေလည်း တော်တော် လိုက်စားတယ် ။ အဲဒီတော့ လူသိ များ တယ် ”

    “  ကောင်းတယ်ဗျာ ၊ ကျုပ် ကလည်း အဲဒီ အနုပညာ ဆိုတာ တွေလည်း သင်ချင်ပါတယ် ”

    “  ဟုတ်ပြီ ၊ ကျုပ် က ဘယ်တော့ စ သင် ရမှာလဲ ”

    အဲဒီ အချိန်မှာ သူ တစ်စုံတစ်ခု ကို နားစွင့်ပါတယ် ။

    ကျုပ် လည်း နားစွင့်ပါတယ် ။ ဘာမှ မကြားရပါ ။ ဒါပေမယ့် သူ ကတော့ နေရာက ထပြီး ထွက်သွား ပါတယ် ။

    ကျုပ် ကို ခဏစောင့်ပါ ၊ ဘယ်သူ လာနေလို့ ၊ ဘာ ဖြစ်နေလို့ ဘာညာ စသဖြင့် ပြော မသွားပါ ။ ဒီအတိုင်းပဲ ထထွက် သွားတာ ဖြစ်ပါတယ် ။ ခဏနော် ဆိုတဲ့ သဘော လက်ဟန်ခြေဟန် နဲ့ တောင် ပြော မသွားပါ ။ တစ်ခုတည်း ရှိတဲ့ တံခါး ကို ဖွင့်ပြီး ထွက်သွားတာလည်း တော်တော် ကြမ်းတယ် ။ ပြန်ပိတ်တော့ လည်း အသံ အတော် မြည်သွားတယ် ။ တံခါး အပိတ်လိုက် မှာ ကျုပ် လန့်ပြီး တုန် သွားသေးတယ် ။ ပတ်ဝန်းကျင် အခန်းတွင်း မှာ ဘာပစ္စည်း မှ သိပ် မရှိလို့ အပျင်းပြေ ကြည့် စရာ သိပ် မရှိဘူး ။

    ကျုပ် နာရီ ကို ကြည့် လိုက် ၊ အဝတ်အစား မသေမသပ် ဖြစ်တာကို ပြင်လိုက် ၊ မသက်မသာ ဖြစ်နေတဲ့ ကိုယ်နေ ကိုယ်ထား ကို ပြင်လိုက် နဲ့ မိနစ် နှစ်ဆယ်လောက် ကုန်သွားတယ် ။ အဲဒီ အတောအတွင်း မှာ ကျုပ် နှစ်ခါ သုံးခါလောက် ထပီး မတ်တတ် ရပ် ဖြစ်သေးတယ် လို့ ထင်တယ် ။ လမ်း လည်း နည်းနည်း လျှောက်မိ တယ် ။

    အဲဒီ ဦးရန်နိုင် လည်း ပြန် ပေါ်မလာ ၊ ဘာသံမှ လည်း မကြားရ ။

    ကျုပ် အခန်းထောင့် က သပ်သပ်ရပ်ရပ် သေတ္တာတစ်လုံး ကို မြင် မိလာတယ် ။ ဘာ ရည်ရွယ်ချက် မှ မရှိဘဲ အဲဒီ ကို ရောက် သွားတယ် ။ ဘာမှ ရေရေရာရာ ရည်ရွယ်ချက် မရှိဘဲ အဲဒီ သေတ္တာအဖုံး ကို ဖွင့်ကြည့် မိတယ် ။ အဲဒီ သေတ္တာအဖုံး က တစ်ဖက် မှာ လက်ယှက် ရှိတာ မဟုတ်ဘူး ။ အဖုံး စနစ် မှာ လည်း “  အံ ” သဘော မပါဘူး ။ သည်အတိုင်း တင်ပြီး ဖုံး ထားတာပဲ ။ ကျုပ် မ လိုက်တော့ ပေါ့ရွှတ်ရွှတ် နဲ့ မြောက် တက် ပါလာ လို့ ကျုပ် လန့်ပြီး လက် က လွတ်ကျသွားတယ် ။ သေတ္တာ အဖုံး ဟာ သေတ္တာ နဲ့ နံရံ အကြား က ကတ်သီးကတ် သတ် နေရာ ကျဉ်းလေး ထဲ ကျသွားတယ် ။ အသံ လည်း အတော် မြည် သွားတယ် ။

    ကျုပ် လည်း တုန် သွားတယ် ။ သေတ္တာ ဖုံး ကို ပြန် ကောက် ဖို့ ကြိုးစားရင်း သေတ္တာ ထဲ ကို ကြည့်မိ တယ် ။ ပိုးစ အပြာနုရောင် ခပ်ဟောင်းဟောင်း တစ်ခု ကို သပ်သပ်ရပ်ရပ် မခေါက်ဘဲ ဒီ အတိုင်း လုံးထွေးပြီး ပစ် ထည့်ထား တာပဲ ။ သေတ္တာဖုံး ကို ချောင်ကြား ထဲ က ဆွဲ ထုတ်ဖို့လုပ်တော့ ထင် သလောက် မလွယ်တာ ကို တွေ့ ရတယ် ။ ဒါနဲ့ မျက်လုံး က သေတ္တာ ထဲ ပြန် ရောက်သွားတယ် ။ ပိုးစအပြာ က လှုပ် လာတယ် ။ ကျုပ် လန့်ပြီး ခုန်ထမိတယ် ။ ဟုတ်တယ် ။ ပိုးစ က သူ့ အလိုလို လှုပ် လာတာ အမှန်ပဲ ။

    ကျုပ် မျက်လုံးပြူးပြီး ကြည့် နေတုန်းမှာပဲ ပိုးစအပြာနု အောက် က မြွေ တစ်ကောင် ရဲ့ ခေါင်း ခပ် တုတ် တုတ် ၊ ခပ်တိုတို ထွက် လာတယ် ။ ကျုပ် တစ်ကိုယ်လုံး ကြက်သီး ဖြန်းဖြန်း ထ သွားတယ် ။

    ကယ်ပါ ၊ ယူပါ ၊ လာပါ အဲလိုမျိုးတော့ မအော်မိပါဘူး ။

    နောက် ကို နှစ်လှမ်း လောက် ဆုတ် လိုက်မိတာတော့ အမှန်ပဲ ။

    မြွေ ကလည်း သေတ္တာ ထဲ က ထွက် လာတယ် ။

    မြွေ ဆိုတာ ကျားသစ် လို ၊ ကြောင် လို ၊ ကြွက် လို မြန်မြန် ထက်ထက် လှုပ်ရှားနိုင်တာ မဟုတ်ပါဘူး ။

    ကျုပ် နားစွင့်တယ် ။ ဦးရန်နိုင် ပြန်လာတဲ့ အသံလည်း မကြားရပါဘူး ။ ဒုက္ခပဲ ၊ မြွေ က လည်း ထွက် လာပြီ ။ သိပ်တော့ ပြဿနာ မရှိပါဘူး ။ သူ လိုက် ကိုက် နိုင်တာမှ မဟုတ်ဘဲ ။

    ဒါပေမယ့် သိတယ် မဟုတ်လား ။ မြွေ ဆိုတာကို ကျုပ် က ရွံကြောက်ကြီး ဆိုတော့ ... ။

    ကျုပ် တံခါးဆီ ကို သွားပြီး တံခါးဘု ကို လှည့် လိုက်တယ် ။ ဖွင့် မရ ။ သော့ ခတ် ထားတာပဲ ။ ဒါမှမဟုတ် သော့ ခတ် သလို ဖြစ်သွားတာပဲ ။ ကျုပ် တံခါး ကို တဒုန်းဒုန်း ထု ကြည့်တယ် ။ ဘယ်သူ မှ ကြားဟန် မတူ ။ အပြင် က ဘာသံ မှ မကြားရဘူး ။ တံခါးပွင့် လာဖို့ ဆိုတော့ ဝေး ။ ကျုပ် တံခါး ကို သုံးလေးချက် လောက် ပိတ် ကန် ပစ်လိုက်တယ် ။

    လှည့် ကြည့်လိုက်တော့ မြွေ က သေတ္တာ အပြင်ဘက်ကို လုံးလုံးလျားလျား ရောက် နေပြီ ။ ကျုပ် မြွေ ကို ကြည့်လိုက် ၊ တံခါးကို ကြည့်လိုက် လုပ်နေသေးတယ် ။

    ပြီးတော့မှ စားပွဲခုံ ပေါ် တက်ပြီး မတ်တတ် ရပ် နေလိုက်တယ် ။ မြွေ ကတော့ တံခါးဆီ ကို ဖြည်းဖြည်းပဲ သွားနေတယ် ။

    အဲဒီ အချိန်မှာ တံခါး ပွင့်လာပြီး ကိုရန်နိုင် ဝင် လာတယ် ။ ကျုပ် ကို မော့ ကြည့်တယ် ။ ကျုပ် က မြွေ ကို ကြည့်လိုက်တယ် ။ သူ လည်း မြွေ ကို မြင်သွားတယ် ။ ဘာမှ မပြောဘဲ မြွေ ကို ကောက် ယူလိုက်တယ် ။ မြွေ က သူ့ လက် ကို ဖျတ်ခနဲ လှည့် ကိုက်တယ် ။ အဲဒီ အချိန်မှာတော့ ကိုရန်နိုင် ဆိုတဲ့ လူ က သိပ် လျင်တယ် ။ မြွေ ကို ဖျတ်ခနဲ လက်ပြောင်း ကိုင်လိုက်တယ် ။ ပြီးတော့မှ မြွေ ကို ဘယ်ပြန် ညာပြန် ပါး ရိုက်ပစ်လိုက်တယ် ။ မြွေ ဟာ တစ်ခါတည်း စိတ်ပျက်ပြီး ညှိုး ကျသွားတယ် ။ အဲဒီတော့မှ သေတ္တာ ထဲ ကို ပြန်ပြီး ပစ်သွင်းလိုက်တယ် ။ မြွေ ဟာ လျှောခနဲ နေအောင် ပိုးစအပြာနု အောက်ကို ဝင်ပြီး ပျောက် သွားတယ် ။

    “  ခင်ဗျား တော်တော် လန့်သွားတယ် ထင်တယ် ”

    “  သိပ် မလန့်ပါဘူး ။ ရွံကြောက်ကြီး မို့ ဒီပေါ် တက် ရပ်နေတာပါ ”

    ကျုပ် ပြန် ဆင်းလာတော့ သူ က ပြုံးနေတယ် ။

    ကျုပ် ကုလားထိုင် ကို နေရာ ပြင်လိုက်တော့ အသံ တော်တော်ပြင်း ပြီး ကြမ်းသွားတယ် ။

    “  အဲဒီတော့ ဘယ်လို ဆက် လုပ်ကြမလဲ ”

    “  ဘာကိုလဲ ”

    “  ကျုပ် ဆရာ လုပ်ဖို့ ကိစ္စလေ ”

    “  ဘယ်လိုလဲ ”

    “  ကျုပ် က ဓာတုဗေဒ ကို အဓိက ထားပြီး ကျန်တဲ့ ဘာသာရပ်တွေကို အခြေအနေ ကြည့်ပြီး ... ”

    “  နေစမ်းပါဦး ၊ ဘယ်တော့ စ သင်မှာလဲ ”

    “  မနက်ဖြန်လေ ၊ မနက်ဖြန်ပဲ စ လိုက်ရအောင်လား ”

    “  ဘုံး ”  ၊ “  ဒိုင်း ” ဆိုတဲ့ အသံကြီး ရုတ်တရက် ထွက်သွားတယ် ။ ကိုရန်နိုင် က စားပွဲကို လက်ဝါးနဲ့ ရိုက် ချလိုက်တယ် ။

    ကျုပ် လည်း တစ်လက်မ လောက် မြောက် တက်သွားတယ် ။ စိတ် ထဲ မှာ ပေါ့လေ ။

    “  ဘာ မနက်ဖြန် လဲ ”

    “  ဘာပြုလို့လဲ ”

    “ ဒီမှာ သေသေချာချာ မှတ်ထား ၊ ဘယ်နေ့ ဘယ်ရက် စ သင်ရမယ် ဆိုတာ ကျုပ် ပြောမှာ ။ ကျုပ် ဆုံးဖြတ် မယ် ။ နားလည်လား ”

    “  ကျုပ် က ဆရာ လုပ်ရမှာဆို ”

    “ ဘာ ဆရာလဲ ၊ နွားဂွေး သင်း တဲ့ ဆရာလား ။ ဒီမှာ ခင်ဗျား ဟာ ဆရာ တော့ ဆရာ ပဲ ။ ဒါပေမယ့် ကျုပ် က လခ ပေး ရမှာ ။ နားလည်လား ”

    “ ဘာပဲ ပြောပြော ဓာတုဗေဒ ကို ခင်ဗျား သင်မယ် ဆိုရင်တော့ ကျုပ် က ... ”

    “ ဒီမယ် ၊ ဓာတုဗေဒ ကို ခင်ဗျား သင် ပေးရမှာပဲ ။ မှန်တယ် ။ ဒါပေမယ့် ဘာ က စ သင်ရမယ် ဆိုတာ ကျုပ် က ပြောမှာ ။ ဘယ်လို သင်ရမယ် ဆိုတာလည်း ကျုပ် က ပြောမယ် ။ ဒါပဲ ”

    “  ဒီပြင် ဘာသာတွေရော ”

    “ ဘာကိုပဲ ဖြစ်ဖြစ် ၊ ဘယ် ဘာသာ ကို ပဲ သင်သင် ကျုပ် ပြောမယ် ။ ဘာ ကို သင် ရမယ် ၊ ဘယ်လို သင် ရမယ် ဆိုတာ ကျုပ် ပဲ ပြောမယ် ။ ဒါပဲ ”

    “  ခင်ဗျား ဟာ ဘာမှ မတတ်ဘူး ဆိုတာ အမှန်ပဲ ”

    “  ဟာ ... ဒုက္ခပါပဲ ၊ မတတ်ပါဘူး ဆို နေမှ ”

    “ ခင်ဗျား ဘယ်လောက် ညံ့ သလဲ ဆိုတော့ သင် လို့ တောင် ရတော့မယ် မထင်ဘူး ။ စိတ် တော့ မရှိနဲ့နော် ”

    “  ခင်ဗျား တော်တော် စိတ်ပျက်သွားပြီ ထင်တယ် ။ မပျက်ပါနဲ့ ဗျာ ၊ ကျုပ် က စို့စို့ပို့ပို့ ပေးမှာပါ ”

    “  ဘယ်လောက် ထိ ပေး မှာလဲ ”

    “  ဘယ်လောက် ထိ လိုချင်တာလဲ ”

    “  တစ်လ တစ်သောင်းလောက်တော့ အနည်းဆုံး ဖြစ်ရလိမ့်မယ် ”

    “  နှစ်သောင်း ပေး မယ်ဗျာ ”

    “  ဒါဖြင့် ဘယ်တော့လောက် စပြီး အလုပ် ဆင်း ရမှာလဲ ”

    “  ပြောမယ်လေ ၊ အဲဒါကိုတော့ ကျုပ် ပြော မှာပေါ့ ”

    “  ဘယ်တော့လောက်လဲ ”

    “  ခင်ဗျား တော်တော် ခက်ပါလား ။ ပြောပါမယ် လို့ ဆိုနေမှ ၊ မနက်ဖြန် လည်း တစ်ခေါက် လာခဲ့ ”

    “  အလုပ် စ မယ့် ရက် ကို ပြောမှာလား ”

    “  သေတော့ မသေချာဘူး ”

    “ ဟုတ်ပြီ ၊ ကျုပ် သွားတော့မယ် ”

    လင်းလိုက် မှောင်လိုက် ၊ လမ်းကြား ကနေ ပတ်ပြီး ဘာခန်းတွေ မှန်း မသိတဲ့ အခန်း သုံးလေးခန်း ကို ဖြတ် ၊ အိမ်ပြင် ထွက်ခဲ့တယ် ။ ဒီ အိမ် ကို နောက် ဘယ်တော့မှ ပြန် မလာဖို့ ဆုံးဖြတ်ပြီးသားပါ ။

◾  ဝင်းဖေ

📖  ရေကြည်ရေသန့် ဝတ္ထုတိုများ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment