Sunday, August 8, 2021

ပရုပ်ဆီနှင့် တူသော မိန်းမ


 

❝ ပရုပ်ဆီ နှင့် တူသော မိန်းမ ❞

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွှန်ပြမှုကြောင့် တရားထိုင်ရန်အလို့ငှာ လွန်စွာချမ်းအေးသော တောင်ကုန်းမြို့ ကလေးတစ်မြို့ဆီသို့ မီးရထားဖြင့် ခရီးထွက်ခဲ့လေ၏ ။ ကျွန်ုပ်၏ နံဘေးထိုင်ခုံ၌မူ အဘိုးကြီးတစ်ဦး လာရောက်ထိုင်လေ၏ ။ သူ့၌ ပစ္စည်းပစ္စယဟူ၍ မယ်မယ်ရရ မပါရှိပေ ။ လွန်စွာကြီးမားသော လွယ်အိတ်ကြီးတစ်လုံးနှင့် လွန်စွာကြီးမားသော တောင်ဝှေးကြီး တစ်ချောင်းသာ ပါလေ၏ ။ ထိုအဘိုးကြီးသည် အသားအလွန်ဖြူ၏ ။ ထို့အပြင်လွန်စွာရှည်လျား၍ ဖြူဖွေးလျက်ရှိကုန်သော မုတ်ဆိတ်တို့သည်လည်း ရှိ၏ ။

တိုက်ပုံအင်္ကျီနှင့်တူသော အင်္ကျီပွကြီး ၊ ရှမ်းဘောင်းဘီကဲ့သို့သော ဘောင်းဘီပွကြီးကိုလည်း ဝတ်ဆင်ထား၏ ။ ထိုအဝတ်အစားတို့ကြောင့် မြန်မာအဘိုးအိုတစ်ဦး မဟုတ်ကြောင်း သိသာနိုင်၏ ။ ကျွန်ုပ်သည် ထိုင်ခုံ၌ ထိုင်မိသည်နှင့် တစ်ပြိုင်နက် လွယ်အိတ်တွင်းမှ တရားထိုင်နည်း စာအုပ်ကို ထုတ်၍ ဖတ်ရှုနေလေ၏ ။ မုတ်ဆိတ်ဖြူ အဘိုးကြီးမှာမူ ကျွန်ုပ်၏နံဘေး၌ လာ၍ထိုင်နေသည့် အချိန်မှစ၍ ၎င်း၏ တောင်ဝှေးကို ပစ္စည်းတင်သော စင်ပေါ်သို့တင်ခြင်း ၊ လွယ်အိတ်တွင်းမှ ပစ္စည်းများကို ထုတ်ခြင်း ၊ ပြီးလျှင်ပြန်ထည့်ခြင်းစသော သက်ကြီးရွယ်အိုတို့၏ အငြိမ်မနေတတ်သော အကျင့်ကို ပြလေတော့၏ ။ ထို့နောက် မုတ်ဆိတ်ဖြူအဘိုးကြီးသည် သူ၏ လွယ်အိတ်အတွင်းမှ မုန့်ထုပ်ကိုထုတ်၍ မုန့်တစ်ခုကို နှိုက်ယူစားသောက်လေ၏ ။ ကျွန်ုပ်သည် စာဖတ်နေရာမှ ၎င်း၏မုန့်ကိုလှမ်း၍ ကြည့်လိုက်လေ၏ ။ မုန့်မှာ ဓားလှီးမုန့်ဖြစ်၏ ။

မုတ်ဆိတ်ဖြူကြီးသည် ဓားလှီးမုန့်ကို စားပြီးနောက် ရေဘူးကို ထုတ်၍ ရေသောက်ပြန်၏ ။ ရေသောက်ပြီးသောအခါ၌ ဆေးတံကလေးကိုထုတ်၍ ဆေးအိုး၌ ဆေးဖြည့်ကာ ဆေးတံဖွာရင်း ငြိမ်၍သွားလေတော့၏ ။ ထိုအချိန်ထိ ရထားမှာ တုတ်တုတ်မျှ မလှုပ်သေး ။ ခရီးသည်များမှာမူ တက်လိုက်ဆင်းလိုက် ပစ္စည်းများကို ခုံအောက် ထိုးသူထိုး ၊ တန်းပေါ်တင်သူတင် နှုတ်ဆက်သူနှုတ်ဆက် စသည်ဖြင့် ပွက်လောရိုက်လျက် ရှိလေတော့၏ ။

ထို့နောက်တွင်ကား ခရီးသည်အားလုံးလိုလို နေသားတကျ ဖြစ်သွားသောကြောင့် ငြိမ်၍သွားလေတော့၏ ။ လိုက်ပို့သူအချို့နှင့် ခရီးသည်အချို့သည် ဟိုတစ်စု သည်တစ်စုဆိုသလို စင်္ကြံလမ်းပေါ်၌ စကားပြောလျက် ရှိကြ၏ ။ ကျွန်ုပ်တို့၏ ပြတင်းပေါက်၌မူ တစ်ဘက်ခုံမှ ခရီးသည် လာရောက်၍ ကိုယ်တစ်ပိုင်းကို ပြတင်းပေါက်အပြင်ဘက်သို့ထုတ်ကာ ကုန်းတိကုန်းကွ အနေအထားဖြင့် ၎င်းအားလိုက်ပို့သော ပလက်ဖောင်းပေါ်မှလူအား မှာတမ်းရှည်ကြီး တစ်ခုကို မှာကြားနေလေ၏ ။ ထိုမှာတမ်းထဲတွင် အမ်ဒီအိမ်သို့ ပို့ရန်ပစ္စည်းများ အကြောင်းလည်း ပါ၏ ။ ထိုပစ္စည်းများနှင့်အတူ သာကေတမှ အနှိပ်သည်ကြီး တစ်ဦးလည်းပါ၏ ။ အမ်ဒီကြီး၏ ကတော်မှာသော သစ်ခွပန်းအကြောင်းလည်းပါ၏ ။ အောက်မှလိုက်ပို့သူက ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ဟုသာ ပြန်၍ပြောနေသံကိုလည်း ကြားရ၏ ။ နိုင်ငံခြားသို့ထွက် မည့် သူ၏သားအတွက် ပါတ်စ်ပို့ကိစ္စ မည်သူ့ထံသို့ ပြောထားကြောင်း ၊ ထိုကိစ္စအတွက် အဆင်ပြေမပြေ သွားရောက်မေးမြန်းရန်လည်းပါ၏ ။ အောက် မှလူက ဟုတ်ကဲ ၊ ဟုတ်ကဲ့ဟု ပြန်၍ ဖြေသံကိုလည်း ကျွန်ုပ်ကြားရ၏ ။

ထို့နောက် အိမ်၌ တပ်ဆင်ထားသော လေအေးစက် မှာ ကောင်းစွာ မအေးတော့ဘဲ ရေများယိုကျနေခြင်း သာလျှင်အဖတ်တင်ကြောင်းလည်း ပါ၏ ။ ထို့ကြောင့် ရုံးမှလေအေးစက် များကို ပြင်လေ့ရှိသူအားခေါ်၍ လက်ဖက်ရည်လေး ဘာလေးတိုက်ခါ ပြင်ခိုင်းထားဖို့လည်း ပါ၏ ။ အောက် မှလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ပြန်၍ ဖြေနေလေသည် ။ ထို့အပြင် ၎င်း၏ ရုံးခန်းအတွင်းရှိ ၊ ဗီရိုအတွင်းမှ နှစ်သစ်ကူးတွင် သုံးရန် ရောက်ရှိနေပြီဖြစ်သော ဒိုင်ယာရီစာအုပ်များနှင့် ပြက္ခဒိန် များကိုပို့ရမည့် စာရင်းများလည်းပါ၏ ။ ထိုစာရင်းများထဲတွင် ရုံးက လူတွေတောင်းမည် မပေးနဲ့ဟုလည်းပါ၏ ။ အောက်ကလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ ဟု ပြန်၍ဖြေလေ၏ ။ ထို့နောက် မှ ကားကို ယူသွားပြီး ရေဆေးခြင်း ၊ ဆီထိုးခြင်းများ ပြုလုပ်ပြီး ဂိုထောင်အတွင်း၌ ထည့်သိမ်းထားရန် မှာကြားလိုက်လေ၏ ။ ထိုအခါ အောက် မှ လူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ ဟု ခေါင်းတညိတ်ညိတ်ဖြင့် ပြောကာ ပြန်သွားလေတော့၏ ။

ထိုအခါ၌ ထိုခရီးသည်သည် နောက်သို့ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက်ကို နင်းမိလေတော့၏ ။ ခြေထောက်အဖျားကို နင်းမိသောကြောင့် ကျွန်ုပ်မှာ အတော်ကလေး နာကျင်သွားသည်ဖြစ်ရာ “ အား ” ဟု အော်လိုက်မိလေ၏ ၊ ထိုအခါထိုသူက “ ဆောရီး ၊ ဆောရီး ” ဟုပြောပြီး ၎င်း၏ ထိုင်ခုံဆီသို့ပြန်သွားလေ၏ ။ ကျွန်ုပ်သည် ကျွန်ုပ်၏ နံဘေးမှ မုတ်ဆိတ်ဖြူကြီးကို လှမ်းကြည့်လိုက်၏ ။ မုတ်ဆိတ်ဖြူကြီးသည် ၎င်း၏ ခြေထောက် နှစ်ခုစလုံးကို ခုံပေါ်သို့ တင်၍ထားကြောင်း တွေ့ရလေ၏ ။ မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏ ။

“ ဒီလူမျိုးတွေက ဘာမှမမြင်တော့ဘူး ၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ ။ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကိုနင်းမိရင် ဘာလုပ်ရမယ်ဆိုတဲ့နည်းများ ပါသေးသလား ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေတော့၏ ။ ထို့ကြောင့် ကျွန်ုပ်က ..

“ ကျုပ်ဖတ်နေတာ ရှေးဦးသူနာပြုစာအုပ် မဟုတ်ဘူး ၊ ဒါတွေ ဘယ်ပါမလဲ ” ဟု ပြန်၍ပြောလိုက်လေ၏ ။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းကို ထုတ်ကာ ကျွန်ုပ်အား လှမ်းပေးရင်း ...

“ နည်းနည်း ပွတ်ထားလိုက် ” ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်လည်း အနင်းခံရသော ခြေထောက်ကို ပရုပ်ဆီပွတ်မည်ဟု ခုံပေါ်သို့ တင်လိုက်ပြီး ကြည့်လိုက်ရာ သွေးခြည်များဥသွားကြောင်း တွေ့ရလေတော့၏ ။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ...

“ သွေးခြည်ဥသွားပြီ ထင်တယ် ၊ အရိုးအက်မသွားတာဘဲ ကံကောင်းတယ်မှတ် ။ ဒီလူက တော်တော်စားတဲ့လူနဲ့ တူတယ် ၊ သူ့ခန္ဓာကိုယ်ကြီးက နည်းတာမဟုတ်ဘူး ။ အနင်းခံရတာချင်း တူပေမယ့် သိပ်ပြီးမစားတဲ့လူနင်းတာနဲ့ စားတဲ့လူနင်းတာ ကွာတယ်ငါ့လူ ။ သိပ်ပြီးစားတဲ့သူနင်းရင် ပိုပြီးအီတယ်ကွယ် ” ဟု ပြောလိုက်လေ၏ ။ ကျွန်ုပ်သည် ပရုပ်ဆီပုလင်းကိုဖွင့်၍ ပရုပ်ဆီအနည်းငယ်ကို ကော်ကာ နင်းမိသော နေရာသို့ ပွတ်လိုက်လေ၏ ။ ပရုပ်ဆီမှာ အတော်ကလေး ကောင်း၏ ။ ထို့ကြောင့်ပွတ်လိုက်သည်နှင့် ပွတ်လိုက်သောနေရာမှာ ပူနွေး၍ သွားသောကြောင့် အနာသည် သက်သာသွားလေ၏ ။

“ အတော်ကောင်းတဲ့ ပရုပ်ဆီပဲ ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏ ။

“ ဘယ်လောက်ပဲကောင်းကောင်း ရောဂါပျောက်တဲ့ ပရုပ်ဆီဆိုတာ ဒီကမ္ဘာမှာ မပေါ်သေးဘူးကွ ။ ပရုပ်ဆီဆိုတာ နည်းနည်းပါးပါး ထိမိခိုက် မိရင်ပွတ်လိုက် ၊ လိမ်းလိုက်တာနဲ့ ပူခနဲနွေးခနဲဖြစ်ပြီး သက်သာသလို ရှိပေမယ့် ဘယ်ရောဂါကိုမှ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ဘူး ၊ ရောဂါလဲ မပျောက်ဘူး ၊ လူတွေလဲသုံးနေတဲ့ ဆေးတစ်မျိုးကို ပြောပါဆို၍ ပရုပ်ဆီကိုပဲ ပြောရမယ် ။ ဒါကြောင့် ငါတို့ ရှေးဟောင်း အဘိုး အဘွား တရုတ်လူမျိုးတွေက ခဏပန်းကောင်းပြီး ရေရှည်မကောင်းတဲ့လူကို စိတ်ဆိုးလို့ ဆဲရင် “ ပရုပ်ဆီ ” လို့ ဆဲလေ့ ရှိတယ် ။ အဆဲခံရတဲ့လူက သိပ်ပြီးနာတယ် ။ ဘာပဲဖြစ်ဖြစ် ပရုပ်ဆီကလဲ မရှိရင် မဖြစ်ဘူးကွ ။ နှာလေးဘာလေးမွန်ရင် နှာခေါင်းမှာ ပွတ်ရတယ် ၊ ခေါင်းလေးဘာလေး ကိုက်တဲ့အခါ နားထင်မှာ ပွတ်ရတယ် ၊ ချောင်းလေးဘာလေးဆိုရင် လည်ပင်းမှာ ပွတ်ရတယ် ၊ အသက်ရှူ ကျပ်ချင်သလိုလို ဖြစ်ရင် လက်ထဲမှာ ပွတ်ပြီး ရှူရတယ် ၊ ချွေးငုပ်နေရင် ရေနွေးပူပူထဲခတ်ပြီး သောက်ရတဲ့အခါမျိုးလဲ ရှိသေးတယ် ။ အခု ကိုယ့်လူလက်ထဲမှာ ရောက်နေတဲ့ ပရုပ်ဆီက ရှေးခေတ်က ပေါ်ဖူးတဲ့ ကျားဘမ်းပရုပ်ဆီကွယ့် ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်လည်း ပုလင်းကို သေချာစွာ ကြည့်လိုက်လေ၏ ။ ပုလင်းမှာ မတ်စေ့ပုံသဏ္ဌာန် ထောင့်ကလေးများပါ၏ ။ အရောင်မှာ နီညိုရောင် ဖြစ်၏ ။ နဖာချေး၏ အရောင်နှင့်တူ၏ ။

ရှေးတုန်းကတော့ ကျားကြီးတစ်ကောင် အဝတ်ကြီးပတ်ပြီး ခေါင်းကိုက်နေတဲ့ ပုံနဲ့ “ ကိုက်လိုက်တဲ့ခေါင်း ၊ ကောင်းလိုက်တဲ့ ဘမ်း ” ဆိုပြီး ကြော်ညာခဲ့တဲ့ ကျားဘမ်းပရုပ်ဆီပေါ့ ။ ဘယ်လိုလူမျိုးတွေက ဘယ်လို သိမ်းထားတယ် မဆိုနိုင်ပါဘူး ။ အခါအခါမှာ နှစ်ပေါင်း ငါးဆယ်လောက် ပျောက်သွားတဲ့ ပရုပ်ဆီ ၊ ဟိုနားဒီနားမှာ တစ် ပုလင်းစ ၊ နှစ်ပုလင်းစ ဝယ်လို့ရနေပြီ ။ ပုလင်းကြီးနဲ့ တစ်မျိုးထုတ်တယ် ၊ ပုလင်းသေးနဲ့ တစ်မျိုးထုတ်တယ် ၊ သံဘူးကလေးနဲ့လဲတစ်မျိုးထုတ်တယ် ” ဟု မုတ်ဆိတ်ဖြူကြီးက ပြောပြလေ၏ ။

“ အတော်ကောင်းပါတယ် ။ အခု မပူတော့ဘူး ၊ အေးသလို ဖြစ်လာပြန်ပြီ ” ဟု ကျွန်ုပ်က ကျွန်ုပ်၏ ခြေထောက်ကို ညွှန်ပြရင်း ပြောလိုက်လေ၏ ။

“ ဟုတ်တယ် ၊ ပူတစ်ခါ ၊ အေးတစ်လှည့်ပဲ ကိုယ့်လူရေ ။ ဒါကြောင့် ကျုပ်တို့ အဘိုးအဘွားတွေက ခုတစ်မျိုး ၊ တော်တော်ကြာ တစ်မျိုး လုပ်တတ်သူတွေကို “ ပရုပ်ဆီ ” လို့ ဆဲလေ့ရှိတယ် ။ အဆဲခံရတဲ့လူက သိပ်ပြီး နာတာကွ ၊ ဒါပေမယ့် ငါကတော့ ပရုပ်ဆီကို သဘောကျတယ် ။ ပရုပ်ဆီက မိတ်ဆွေတိုးစေတယ်ကွယ့် ။ ကျိုက်ထီးရိုးတောင် တက်တုန်းက ပရုပ်ဆီကို အကြောင်းပြုပြီး မိတ်ဆွေကောင်း တစ်ယောက် ရခဲ့တယ် ။ ရွှေစက်တော်ကို သွားတုန်းကလဲ ပရုပ်ဆီကို အကြောင်းပြုပြီး မိန်းမကြီးတစ်ယောက်နဲ့ ငါနဲ့ မိတ်ဆွေဖြစ်ရတယ် ။

ဟော ... ကြည့်စမ်း ၊ မင်းနဲ့ ငါနဲ့ မိတ်ဆွေ ဖြစ်ရပြန်ပြီ ။ မင်း ဘာအလုပ် လုပ်စားတဲ့လူဆိုတာတော့ ငါ အတတ်မပြောနိုင်ဘူး ။ အသည်းငယ်တဲ့လူဆိုတာတော့ ငါပြောနိုင်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ခြေထောက်ကို နင်းမိတုန်းက အော်လိုက်တဲ့ အသံဟာ အသည်းကောင်းတဲ့လူဆိုရင် အမြောက် မှန်မှ အဲဒီလောက် အော်မှာကွ ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် ၎င်း၏ စကားကို သဘောကျသောကြောင့် ပြုံးလိုက်လေ၏ ။ ထို့နောက် မှ ကျွန်ုပ်က ...

“ အော်တာတစ်ခုတည်းကို ကြည့်ပြီး ကျုပ်ကို အသည်းငယ်တယ်လို့ အတတ်ပြောတာတော့ နည်းနည်းလွန်တယ်ထင်တယ် ” ဟု ပြန်၍ ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက ...

“ အော်တာတစ်ခုတည်းနဲ့ ပြောတာမဟုတ်ဘူး ၊ နာရင် အော်တာဟာ သဘာဝပါပဲ ။ ဒါပေမယ့် ကိုယ်ဒီလောက် နာနေပြီပဲ ၊ နင်းတဲ့လူကို ဆောင့်ပြီး တွန်းလိုက်ပါလား ။ ကိုယ့်လူ ဒီလိုလဲ မတွန်းခဲ့ဘူး ။ ဘာကြောင့် မတွန်းလဲဆိုတော့ ဟိုလူပြောတဲ့စကားတွေကို ကိုယ့်လူ ကြားလိုက်တာကိုး ။ ဒီတော့ ကိုယ့်လူရဲ့ မသိစိတ်မှာ ဟိုလူကို အတော်ကြီးကျယ်တဲ့ လူကြီးအဖြစ် အမှတ်ပေးထားလိမ့်မယ် ။ အဲဒါကြောင့် မတွန်းဝံ့တာ ။ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်သာ ကိုယ့်လူကို နင်းမိစမ်း ၊ ကိုယ့်လူ ဒီလိုအော်ရုံအော်မှာ မဟုတ်ဘူး ။ အခုတော့ ဟိုလူက ဆောရီး ၊ ဆောရီးဆိုတာနဲ့ ကိုယ့်လူ ကျေနပ်လိုက်တယ် ” ဟု ပြောပြန်လေ၏ ။ ကျွန်ုပ်မှာ တစ်စုံတစ်ရာ ပြန်၍ပြောဆိုခြင်း မပြုဘဲ ပြုံးလိုက်လေ၏ ။

ထို့နောက် ကျွန်ုပ်က ...

“ ဘာပဲဖြစ်ဖြစ် ခင်ဗျားပရုပ်ဆီကို အကြောင်းပြုပြီး ခင်ဗျားကိုတော့ ကျေးဇူးတင်ရမှာပဲ ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက ...

“ ဟိုတုန်းက မိန်းမပျိုလေး တစ်ယောက်နဲ့ သူ့အမေဟာ ကျိုက်ထီးရိုး တက်လာတယ် ။ “ ရွှေရင်ဆို့ ” အတက်လဲရောက်ရော အမေလုပ်တဲ့လူဟာခြေသလုံးကြွက်သားတွေ တက်ပါလေရော ။ အဲဒီတော့ မိန်းမပျိုလေးလဲ အခက်ကြုံနေတယ် ။ အဲဒီအခါမှာ ဘုရားဖူးလမ်းကြုံ လူငယ်တစ်ဦးက ပရုပ်ဆီပုလင်း ထုတ်ပေးလိုက်တယ် ။ အဘွားကြီးက အဲဒီ ပရုပ်ဆီလဲ လိမ်းရော ဝေဒနာက သက်သာခွင့် ရသွားတယ် ၊ အဲဒါကနေ အကြောင်းပြုပြီး မိန်းမပျိုကလေးနဲ့ လူငယ်ကလေးဟာ ရင်းနှီးသွားတယ် ။ နောက်ဆုံးမှာ ချစ်ကြိုက်ပြီး ညားသွားကြတယ် ဆိုပါတော့ကွယ် ။ အဲဒီလို ဝတ္ထုသွားမျိုးတွေ ရှေးတုန်းကထုတ်တဲ့ ဒီဇူဇာသက်စောင့် မဂ္ဂဇင်းမှာ အများကြီးပါဖူးတယ် ။ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့ မရဘူး ။ ပရုပ်ဆီတစ်ပုလင်း ကို အကြောင်းပြုပြီး မိန်းမရချင်လဲ ရသွားနိုင်တယ် ။ တကယ်လို့ ကိုယ့်လူဟာ ဒီအရွယ်ထိအောင် အမြီးမပေါက်သေးဘူး ဆိုရင်တော့ ပရုပ်ဆီကောင်းကောင်း တစ်ပုလင်းလောက်ဝယ်ပြီးဆောင်ထား သင့်တယ် ” ဟု ပြောလိုက်လေ၏ ။ ကျွန်ုပ်သည် ပြန်၍ မပြောဘဲ ပြုံးလိုက်လေ၏ ။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ အိမ်ထောင်ရှိ၏ ။ ကျွန်ုပ် ရရှိထားသော မိန်းမသည်ပင်လျှင် ပရုပ်ဆီကို အကြောင်းပြု၍ ရရှိထားသောကြောင့် ဖြစ်၏ ။ ကျွန်ုပ်၏ မိန်းမသည် ပရုပ်ဆီကို အလွန်ကြိုက်၏ ။ မည်သို့ဖြစ်သည် မသိ ။ ကျွန်ုပ်၏ မိန်းမသည် အိပ်ရာဝင်သည်နှင့် တစ်ပြိုက်နက် ပရုပ်ဆီပုလင်းကို ဖွင့်ကာ သူ၏ ကိုယ်ခန္ဓာနေရာအနှံ့အပြားသို့ ပွတ်လေတော့၏ ။ ကျွန်ုပ်မှာ ခြင်ထောင်တွင်းသို့ ဝင်သည့်အခါတိုင်း၌ ပရုပ်ဆီဂိုဒေါင်တွင်းသို့ ဝင်သကဲ့သို့ ခံစားရမိလေ၏ ။ ဤကိစ္စကို အကြောင်းပြု၍ အိမ်ထောင်ကျခါစက မကြာခဏ ရန်ဖြစ်ရလေ၏ ။ သို့ရာတွင် မည်သို့ ဖြစ်လေသည်မသိ ။

နောင်အခါများ၌ ပရုပ်ဆီနံ့ မရလျှင်ပင် ကျွန်ုပ်သည် တစ်ခုခုလိုနေသကဲ့သို့ ခံစားရပြီးလျှင် အိပ်၍ မပျော်သကဲ့သို့ ရှိလေတော့၏ ။

ထို့အပြင် ကျွန်ုပ်၏ ဇနီးသည် လွန်စွာ နားပူနားဆာနိုင်၏ ။ ပြဿနာမရှိလျှင် ပြဿနာ ရှာ၏ ။ ထို့ကြောင့် မကြာခဏဆိုသလို ..

“ နင်ဟာ ပရုပ်ဆီလိုပဲ ။ အလွန်ကို ပူစပ်ပူလောင်နိုင်တဲ့ မိန်းမပဲ ” ဟု ပြောရလေ၏ ။ ထိုအခါမျိုး၌လည်း ကျွန်ုပ်၏ မိန်းမသည် ငြိမ်၍ မနေတတ် ။

“ ပရုပ်ဆီနဲ့တူတဲ့ မိန်းမနဲ့ မပေါင်းချင်ရင် မပေါင်းနဲ့ ။ ရေခဲတုံးလို မိန်းမရှာပြီး ပေါင်းပေတော့ ၊ ရှင့်လိုလူမျိုးကို ဘယ်မိန်းမမှ ကျွန်မလို သည်းညည်းခံပြီး ပေါင်းမှာ မဟုတ်ဘူး ” ဟု ပြန်၍ ရန်တွေ့တတ်လေ၏ ။

ထို့ပြင် ကျွန်ုပ်၏ မိန်းမမှာ နတ်ကို လွန်စွာ ယုံသူဖြစ်၏ ။ ၎င်းယုံသော နတ်များမှာလည်း ဝက်သားကြောက်သော နတ်များ ဖြစ်၏ ။ တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ကျွန်ုပ်ထံသို့ လာရောက်၍ ယနေ့ခေတ် အသုံးပြုနေသော ပရုပ်ဆီတော်တော်များများနှင့် ဆပ်ပြာတို့မှာ ဝက်ဆီကို သုံးထားကြောင်း ပြောဖူးလေ၏ ။ ကျွန်ုပ်သည် ထိုသူ၏ စကားကို အယုံအကြည် မရှိပါ ။ သို့သော် ကျွန်ုပ်၏ ဇနီးကို ထိုအကြောင်းကို ပြောပြလေ၏ ။ ထိုအခါ ကျွန်ုပ်၏ ဇနီးသည် ပရုပ်ဆီနှင့် နတ်အကြားတွင် ဝေခွဲမရ ဖြစ်ရလေတော့၏ ။ ငယ်စဉ်ကပင် ပေါင်းခဲ့သော ပရုပ်ဆီကို ပေါင်းရမည်လော ၊ ကြီးမှ ပေါင်းရသောနတ်ကို ပေါင်းရမည်လောဟု ဗျာများရလေတော့၏ ။ သို့ရာတွင် ခေါင်းကိုက်သောအခါ နတ်သည် မည်သို့မျှ မတတ်နိုင် ၊ ပရုပ်ဆီကသာ တတ်နိုင်၏ ။ ထိုအခါ နတ်သည် တန်ခိုးမရှိ ၊ ပရုပ်ဆီကသာ တန်ခိုးရှိ၏ ။ ကိုယ်လက်ကိုက်ခဲသောအခါ၌လည်း သူ၏ နတ်များသည် ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ကြ ၊ ပရုပ်ဆီကသာ စွမ်းဆောင်နိုင်၏ ။ စေ့စေ့ပေါက်ပေါက် တွေးကြည့်သောအခါ၌ သူကိုးကွယ်သော နတ်များသည် သူအသုံးပြုသော ပရုပ်ဆီလောက်ပင် တန်ခိုးမကြီးကြောင်း သဘောပေါက်လာလေတော့၏ ။

မည်သို့ သဘောပေါက်သော်လည်း အစွဲအလမ်းဟူသည်ကား စွန့်လွှတ်ရန် ခက်ခဲ၏ ။ အစွဲအလမ်းတစ်ခု ရှိပြီဆိုလျှင် စွန့်လွှတ်ရန်အတွက် ပတ်ဝန်းကျင်လို၏ ။ သတ္တိလို၏ ။ အရည်အချင်းများစွာ လို၏ ။ ထို့ကြောင့် ကျွန်ုပ်၏ ဇနီးသည် နတ်ကိုလည်း မစွန့်ရဲ ။ ပရုပ်ဆီကိုလည်း မသုံးဘဲ မနေနိုင် ၊ ထို့ကြောင့် ပရုပ်ဆီသုံးခါနီး၌ ..

“ ကိုယ်တော်တို့ ပရုပ်ဆီထဲမှာ အမဲဆီတွေပါရင် ခွင့်လွှတ်ပါ ” ဟု တောင်းပန်တိုးလျှိုးသော အလေ့တစ်ခု ပေါ်ပေါက်လေတော့၏ ။

နောင်တွင် တောင်းပန်တိုးလျှိုးသော စကားမပြောဘဲ ပရုပ်ဆီပုလင်းကို ဖွင့်ခါ အပေါ်သို့ မြှောက်လေတော့၏ ။ ထိုအပြုအမူကိုမြင်သော တောမှ အဒေါ်ကြီးတစ်ဦးက ...

“ စားစရာသောက်စရာဆိုရင်တော့ အဘိုးကို အဒေါ်တို့ဆီမှာလဲ မြှောက်တဲ့အလေ့အထ ရှိပါတယ် ၊ ပရုပ်ဆီကိုတော့ မမြှောက်ပါဘူး ၊ မိန်းကလေးရယ် ” ဟု ပြောလေ၏ ။

ထိုအချိန်မှာပင် ရထားထွက်ရန် ဥဩဆွဲလေ၏ ။ ထိုဥဩဆွဲသံ၏ မရှေးမနှောင်း၌ပင် မျက်နှာချင်းဆိုင်ထိုင်ခုံသို့ မိန်းမတစ်ဦးရောက်လာပြီး ထိုင်လေ၏ ။ ထိုမိန်းမမှာ အသက် ( ၃၀ ) ကျော် အရွယ်ခန့် ရှိ၏ ။ ထိုမိန်းမအား အဒေါ်ကြီးတစ်ဦးက လိုက်ပို့၏ ။ ထိုမိန်းမသည် ပြတင်းပေါက် မှ နေ၍ လိုက်ပို့သော အဒေါ်ကြီးအား

“ ဒေါ်သိန်းရယ် ၊ ကမန်းကတန်းထွက်လာခဲ့တာ ပရုပ်ဆီတောင် ပါမလာဘူး ။ ကျွန်မက ခရီးသွားရင် ခေါင်းကိုက်တတ်တယ် ။ အခုလဲ မနက်အစောကြီး ရေချိုးတာ ခေါင်းထဲမှာ အုံတုန်တုန်နဲ့ ” ဟု ပြောစဉ်၌ပင် ရထားသည် ဘီးလိမ့်စ ပြု၏ ။ ထိုမိန်းမလည်း လိုက်ပို့သော အဒေါ်ကြီးအား လက်ပြပြီး ကိုယ်ကိုမတ်ကာ ဣန္ဒြေ ရရ ထိုင်နေ၏ ။ ထိုသို့ ထိုင်လိုက်စဉ်တွင် ကျွန်ုပ်၏ လက်ထဲမှာ ပရုပ်ဆီပုလင်းကို မြင်တွေ့သွားလေ၏ ။ ထိုအခါ ကျွန်ုပ်က ၎င်းအား လှမ်း၍ ပေးရင်း ...

“ ခေါင်းကိုက်ရင် နဲနဲပွတ်ထားလိုက်ပါလား ကျားဘမ်းပရုပ်ဆီ အစစ်ကလေး ”ဟု ပြောပြီး ပေးလိုက်ရာ ထိုမိန်းမလည်း အငန်းမရ လှမ်းယူရင်း ...

“ ကျေးဇူးတင်လိုက်တာရှင် ” ဟု ပြောရင်း ပရုပ်ဆီကို အားရပါးရ ကော်ကာ နားထင်ကို ပွတ်၏ ။ ဇက်ကို ပွတ်၏ ။ ထို့ပြင် လက်ထဲတွင် ပွတ်၍လည်း အားရပါးရ ရှူလေ၏ ။ ထိုသို့ ရှူလိုက်ပြီး ...

“ ကျေးဇူးတင်လိုက်တာရှင် ” ဟု ပြောကာ ပရုပ်ဆီပုလင်းကို ပြန်၍ မပေးဘဲ ကိုင်မြဲကိုင်ထားလေ၏ ။ ထို့နောက် အိမ်သာဘက်သို့ ထသွားလေ၏ ။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်အား ...

“ ကိုယ့်လူက ကိုယ့်ပစ္စည်းလဲ မဟုတ်ဘဲနဲ့ ဟိုကတောင် မတောင်းသေးဘူး ။ ဘာဖြစ်လို့ လောကွတ်သွားလုပ်နေရတာတုန်း ” ဟု ပြောလေတော့၏ ။ ထိုအခါ ကျွန်ုပ်က ...

“ သူ့ခမျာ ၊ ခေါင်းကိုက်နေရှာတယ်ဗျာ ” ပြောလိုက်လေ၏ ။

“ သူ ခေါင်းကိုက်နေကြောင်း ကိုယ့်လူက ဘယ့်နှယ်လုပ် သိသတုန်း ” ဟု မေးလေ၏ ။

“ စောစောက ဟိုမိန်းမကြီးကို ပြောလိုက်တာ ကြားတယ်လေ ” ဟု ကျွန်ုပ်က ပြန်၍ ပြောလျှင် မုတ်ဆိတ်ဖြူကြီးက ...

“ အဲဒီလိုကြားတာနဲ့ဘဲ သူခေါင်းကိုက်တယ်ဆိုတာ တကယ်ယုံလိုက်ရောလား ကိုယ့်လူရဲ့ ၊ မိန်းမတွေဆိုတာ သူတို့ပြောတာနဲ့ သူတို့ဖြစ်တာ တခြားစီ ဖြစ်နေတတ်တယ် ။ အဲဒါကြောင့် သူတို့ စကားကို မယုံရင် အကောင်းဆုံးပဲ ကိုယ့်လူ ၊ ဘာပဲဖြစ်ဖြစ်လေ ကျုပ်ရဲ့ ပရုပ်ဆီဘူးလေး မဆုံးရင် တော်ပါပြီ ” ဟု ပြောလေတော့၏ ။

ထို့ကြောင့် ထိုမိန်းမထံမှ ပရုပ်ဆီ ပုလင်း ပြန်ရရှိရေးမှာ ကျွန်ုပ်အတွက် တာဝန်တစ်ခု ဖြစ်နေလေတော့၏ ။ ထိုအချိန်၌ ထိုမိန်းမသည် အိမ်သာမှ ပြန်လာလေတော့၏ ။ ထို့နောက် ကျွန်ုပ်အား ပရုပ်ဆီပုလင်းကို ပြန်၍ပေး၏ ။ ကျွန်ုပ်လည်း မုတ်ဆိတ်ဖြူကြီးထံသို့ ထို ပရုပ်ဆီပုလင်းကို ပြန်၍ ပေးလိုက်လေတော့၏ ။ ထိုအခါ ထိုမိန်းမက ...

“ အစ်ကိုကြီး ပရုပ်ဆီပုလင်းကလဲ ရထားတစ်စင်းလုံး လိုက်ပြီး ငှားနေတော့တာပဲလား ” ဟု မေးလိုက်လေ၏ ။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်ဘက်သို့ လှည့်၍ မျက်လုံးပြူးပြလိုက်လေ၏ ။

ဤသို့နှင့်ပင် ကျွန်ုပ်သည် မျက်နှာချင်းဆိုင်မှ မိန်းမနှင့်ပါ စတင် ခင်မင်သွားလေတော့၏ ။ မုတ်ဆိတ်ဖြူကြီးသည် ပရုပ်ဆီ အနည်းငယ်ကို ဇက်ပိုး၌ အနည်းငယ် ပွတ်၍ ပုလင်းကို လွယ်အိတ်ထဲသို့ ထည့်ကာ အိမ်သာဘက်သို့ ထွက်သွားလေတော့၏ ။ ထိုအခါ၌ မျက်နှာချင်းဆိုင်မှ မိန်းမက ကျွန်ုပ်အား ...

“ မုတ်ဆိတ်ဖြူကြီးနဲ့ အဘိုးကြီးက ရှင့်ပရုပ်ဆီဘူးကို သူ့ လွယ်အိတ်ထဲထည့်လိုက်ပြီ ၊ နောက်တော့ မေ့ပြီး သူနဲ့ ပါသွားလိမ့်မယ် ” ဟု သတိပေးလေ၏ ။ ထိုအခါ ကျွန်ုပ်က ...

“ အဲဒီပရုပ်ဆီဟာ မုတ်ဆိတ်ဖြူကြီးဟာ ” ဟု ပြောလိုက် မှပင် မိန်းကလေးလည်း သဘောကျ၍ တခစ်ခစ် ရယ်လေ၏ ။ ထိုသို့ ရယ်ပြီးနောက် ...

“ ကျွန်မကလဲ မဆီမဆိုင် အကုသိုလ်တွေ များနေလိုက်တာ ” ဟု ပြောလေ၏ ။ မုတ်ဆိတ်ဖြူကြီးလည်း ပြန်လည်ရောက် ရှိလာပြီး နေရာ၌ ထိုင်လေ၏ ။ ထို့နောက် မုတ်ဆိတ်ဖြူကြီးနှင့် ကျွန်ုပ်တို့စကားစမြည် ပြောကြလေ၏ ။ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွှန်ပြမှုကြောင့် တရားထိုင်ရန် အလို့ငှာ တောင်ပေါ်မြို့လေး တစ်မြို့ဆီသို့ သွားခြင်းဖြစ်ကြောင်း ပြောလေ၏ ။ ထိုအချိန်၌ပင် ရထားသည် ဘူတာတစ်ခု၌ ရပ်ရန် စက်ရှိန်ကို လျှော့လိုက်လေ၏ ။

မိန်းကလေးက ..

“ ဘာ ဘူတာလဲ ” ဟု ကျွန်ုပ်အား မေးလေ၏ ။ ကျွန်ုပ်ကလည်း မသိသောကြောင့် မုတ်ဆိတ်ဖြူကြီးအား ...

“ ဘာ ဘူတာလဲ ” ဟု ထပ်၍ မေးလေ၏ ။

ထိုအခါ မုတ်ဆိတ်ဖြူကြီးက

“ ကိုယ့်လူဖတ်နေတဲ့ စာအုပ်ထဲမှာ ကြည့်လို့ မရဘူးလား ” ဟု ပြန်၍ မေးလေ၏ ။

“ ကျုပ်ဖတ်နေတဲ့ စာအုပ်က ဘူတာခရီးစဉ် စာအုပ်မှ မဟုတ်ဘဲဗျ ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက ...

“ အခုရပ်တာ ပဲခူးဘူတာ ”ဟု ပြောလေ၏ ။ ထိုအခါကျမှပင် ကျွန်ုပ်လည်း ရထားအနီးသို့ လာရောက်ရောင်းချသော ဈေးသည်များထံမှ တစ်စုံတစ်ခုသော စားစရာ သောက်စရာများကို ဝယ်ရန်အတွက် ကြည့်ရှုလေ၏ ။ ထို့နောက် ကြက်ဥနှင့် ကြော်ထားသော ပေါင်မုန့်တစ်ခုကို ဝယ်လိုက်လေ၏ ။ ကျွန်ုပ်၏ ရှေ့မှ မိန်းမကလည်း ပုစွန်ကြော်တစ်ခုကို ဝယ်လိုက်လေ၏ ။ မုတ်ဆိတ်ဖြူကြီးကမူ ငှက်ပျောသီးတစ်ဖီးကို ဝယ်လိုက်လေ၏ ။ ရထားထွက်သောအခါ ကျွန်ုပ်သည် ပေါင်မုန့်ကြော်ကို စားကြည့်၏ ။ ပေါင်မုန့်ကြော်မှာ အကျန်ကို နွှေးထားသောကြောင့် စား၍ မကောင်းဘဲ ရှိလေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ပေါင်မုန့်ကြော်ကို လွှင့်ပစ်လိုက်၏ ။ မိန်းကလေး၏ ပုစွန်ကြော်မှာလည်း အကျန်ပင် ဖြစ်၏ ။ မိန်းကလေးသည် ကျိတ်မှိတ်၍ စားသော်လည်း နောက်ဆုံး၌ လွှင့်ပစ်လိုက်ရလေတော့၏ ။ မုတ်ဆိတ်ဖြူကြီးမှာမူ ငှက်ပျောသီးတစ်လုံးကို အခွံနွှာကာ စားနေပြီ ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်က ...

“ ဘယ်လိုလဲ ကောင်းရဲ့လား ” ဟု မေးလိုက်ရာ မုတ်ဆိတ်ဖြူကြီးက ...

“ ကောင်းပါ့ဗျာ ” ဟု ပြန်၍ ပြောလေ၏ ။

“ ကျုပ်ဝယ်တဲ့ ပေါင်မုန့်ကြော်ကြီးက အကျန်ကို ပြန်‌ေနွှးထားတာဗျာ ၊ ဒါကြောင့် လုံးဝကို စားလို့မရဘူး ” ဟု ပြောလိုက်လေ၏ ။

“ လူလုပ်တဲ့ပစ္စည်းနဲ့ သဘာဝပစ္စည်း ကွာတယ် ၊ တကယ်လို့ လိမ်စရာရှိရင် လူလုပ်တဲ့ပစ္စည်းမှ လိမ်လို့ လွယ်တယ် ။ သဘာဝပစ္စည်းမှာ မလွယ်ဘူး ၊ အဲဒါကြောင့် မသေချာတဲ့နေရာမှာ ဝယ်ပြု စားသောက် မယ်ဆိုရင် သဘာဝအစားအသောက်ကို ဝယ်ပြီး စား ၊ ကျုပ်ဟာ အမြဲလိုလို ခရီးသွားနေသူတစ်ဦးပဲ ၊ ဒါပေမယ့် ထမင်းသုပ် အသိုးတို့ ၊ ဘာလီရည်အတုတို့ ၊ ဆေးသကြားဖျော်ထားတဲ့ လက်ဖက်ရည်တို့ တစ်ခါမှ မဝယ်မိဖူးဘူး ၊ ကျွန်ုပ် ဝယ်စားရင် ငှက်ပျော်သီးတို့ ၊ သင်္ဘောသီးတို့ အဲဒါမျိုးပဲဝယ်စားတာ ၊ ဒါနဲ့ နေစမ်းပါဦး ၊ ကိုယ့်လူ ဖတ်နေတဲ့ စာအုပ်ထဲမှာ ဒီအချိန်မျိုး ပေါင်မုန့်ကြော် ဝယ်စားရင် အကျန်နဲ့ မိနေမယ်ဆိုတာ မပါဘူးလား ” ဟု မုတ်ဆိတ်ဖြူကြီးက မေးလိုက်လေ၏ ။ ထိုအခါ ကျွန်ုပ်က ...

“ တောက်တီးတောက်တဲ့ဗျာ ။ ကျပ် ဖတ်နေတဲ့ စာအုပ်က မုန့်ဝယ်စားနည်း စာအုပ်မှ မဟုတ်ဘဲ ” ဟု ပြန်ပြောလိုက်လေ၏ ။ ဤသို့နှင့်ပင် ကျွန်ုပ်တို့ သုံးဦးသားသည် ရင်းနှီးသိကျွမ်းကြပြီးနောက် တောင်ပေါ်မြို့ကလေးဆီသို့ ရောက်လာကြလေတော့၏ ။ မျက်နှာချင်းဆိုင်မှ မိန်းကလေးမှာမူ တောင်ပေါ်မြို့ကလေးမှ ၎င်း၏ အစ်မထံသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရလေ၏ ။ ကျွန်ုပ် တရားထိုင်မည်ဖြစ်ကြောင်း သိရသောကြောင့် ပဲငပိကြော်များ ၊ မုန့်ညှင်းချဉ်များ လှူဒါန်းပါရစေဟု ခွင့်တောင်းကာ ကျွန်ုပ်ထံ လာရောက်၍ လှူဒါန်းလေ၏ ။ ကျွန်ုပ်သည် မိတ်ဆွေညွှန်ပြသော ဆရာနှင့် တွေ့ဆုံကာ ( ၄၅ ) ရက် တိုင်တိုင် တရားထိုင်လေတော့၏ ။ ( ၄၅ ) ရက်ပြည့်သောအခါ၌ ပြန်ခဲ့လေတော့၏ ။ ကျွန်ုပ်ပြန်မည့်နေ့တွင် မျက်နှာချင်းဆိုင်ထိုင်ခုံမှ မိန်းကလေးလည်း ထိုမြို့မှ ပြန်ခဲ့လေ၏ ။

ဘူတာတွင် တွေ့သဖြင့် လက် မှတ်ကို အတူယူကြရာ ထိုင်ခုံချင်း အတူကျလေတော့၏ ။ လမ်းတွင် ကျွန်ုပ်က ခေါင်းကိုက်သည် ဆိုသောကြောင့် သူက ပရုပ်ဆီပုလင်းကလေးကို ထုတ်ပေး၏ ။ ဘူတာ တစ်ခုသို့ ရောက်၍ မုန့်ဝယ်ခါနီး၌ သူကပင် ကျွန်ုပ်အား ...

“ ဒီတစ်ခါဝယ်ရင် သဘာဝပဲ ဝယ်နော် ” ဟု သတိပေးသဖြင့် ကျွန်ုပ်လည်း ငှက်ပျောသီး ၊ သင်္ဘောသီး ၊ လိမ္မော်သီးတို့ကို ဝယ်ယူလေ၏ ။ ထို့နောက် နှစ်ယောက်သား ပျော်ရွှင်စွာ စားသောက်ကြလေတော့၏ ။

ဤသို့နှင့်ပင် သူနှင့် ကျွန်ုပ်သည် ရင်းနှီးသွားကြလေတော့၏ ။ ရင်းနှီးသည်ဆိုခြင်းထက် နီးစပ်သွားကြသည်ဆိုလျှင် ပို၍ မှန်ပေလိမ့်မည် ။ ရန်ကုန်သို့ ရောက်သောအခါ၌လည်း ကျွန်ုပ်၏ ရုံးသို့ မကြာခဏ သူက လာ၏ ။ ကျွန်ုပ်ကလည်း သူ၏ ရုံးသို့ မကြာခဏ သွား၏ ။ ထို့နောက်တွင်ကား သူက ကျွန်ုပ်အား မောင် ဟု ခေါ်လာ၏ ။ ကျွန်ုပ်ကလည်း သူ့အား ခင် ဟု ခေါ်ဖြစ်လာလေတော့၏ ။ ကျွန်ုပ်၏ မိန်းမကြီး မသိအောင် ကျွန်ုပ်သည် ခင့်ထံသို့ ရောက်ရှိခဲ့လေ၏ ။ ကျွန်ုပ်မှာ လူပျိုမဟုတ် ၊ အိမ်ထောင်နှင့် ဖြစ်၏ ။ ထို့အတူ ခင့်မှာလည်း အပျိုမဟုတ် ၊ တစ်ခုလပ်မကလေး ဖြစ်၏ ။ ကျွန်ုပ်တို့နှစ်ဦး၏ အချစ်ရေးသည် ကြာလေလေ ခိုင်မြဲလေလေ ဖြစ်လာလေတော့၏ ။ တစ်ဦးကိုတစ်ဦး မမြင်ရလျှင် မနေနိုင်အောင် ဖြစ်လာကြ၏ ။ ထိုအဖြစ်မှာ ပရုပ်ဆီတစ်ပုလင်းမှ စခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ကျွန်ုပ်မှာ မကြာခဏ သတိရမိလေ၏ ။

ကျွန်ုပ်တို့၏ ဖူးစာမှာ ပရုပ်ဆီဖူးစာဟုပင် ဆိုနိုင်လေ၏ ။ တစ်ညတွင် ကျွန်ုပ်သည် ခင့်ထံသို့ သွားလေ၏ ။ ထို့နောက် ခင်၏ အခန်းတံခါးကို ခေါက်လိုက်လေ၏ ။ အတွင်းမှ ခင်က ...

“ ဘယ်သူလဲ ” ဟု မေးလေ၏ ။ ကျွန်ုပ်က ... “ မောင် ” ဟု ပြန်၍ ဖြေသော်လည်း ခင်သည် တံခါးဖွင့် မပေးပေ ။ ထို့ကြောင့် ကျွန်ုပ်က ...

“ မောင်လေကွာ တံခါးဖွင့်လေကွာ ” ဟု ဆိုသော်လည်း တံခါးမဖွင့်ပေးပေ ၊ ကျွန်ုပ်သည် နှစ်နာရီနီးပါး တံခါးအပြင်ဘက်၌ ရပ်နေရ၏ ။ နောက်ဆုံးတွင် လက်လျှော့၍ ပြန်ခဲ့ရလေ၏ ။ လမ်းထိပ်သို့ ရောက်သောအခါ၌ အတွေးတစ်ခု ပေါ်လာ၏ ။ ထို့ကြောင့် ခင့်ထံသို့ ပြန်လာပြီး တံခါးကို ခေါက်ပြန်၏ ။ အတွင်းမှ ခင်က ...

“ ဘယ်သူလဲ ” ဟု မေးပြန်၏ ။ ကျွန်ုပ်က မောင်ဟု မဖြေတော့ဘဲ ...

“ ခင်ပါ ” ဟု ဖြေလိုက်လေ၏ ။

ထိုအခါ အတွင်းမှ ခင်သည် တံခါးဆီသို့ အူလားဖားလျားပြေးလာပြီးလျှင် တံခါးကို ကပျာကယာ ဖွင့်လေ၏ ။ ထို့နောက် ကျွန်ုပ်၏ လည်တိုင်ကို သိုင်းဖက်လိုက်လေတော့၏ ။ ပြီးလျှင် ...

“ မောင်က သိပ်ပြီး သဘောပေါက်လွယ်တာပဲ ၊ ခင်လေ တစ်ခု စဉ်းစားနေတာ ၊ မောင်ရယ် ၊ ခင်ရယ်ဆိုပြီး နှစ်မျိုးနှစ်စား ရှိနေသမျှ တစ်ဦးနဲ့တစ်ဦး သပ်သပ်စီ ဖြစ်နေမယ် ၊ တစ်ပေါင်းတည်း တစ်စည်းတည်း မဖြစ်နိုင်ဘူးလို့ စဉ်းစားနေတာ ၊ ဒါကြောင့် ခင့် အဖို့တော့ မောင်ဆိုတာ မရှိဘူး ၊ ခင်ပဲ ရှိရမယ် ၊ ခင်ဟာလဲ ခင်ပဲ ။ မောင်ဟာလဲ ခင်ပဲ ဖြစ်နေရမယ် ၊ အဲဒါကို မောင် သဘောပေါက်တယ်နော် ” ဟု ပြောလိုက်ရာ ကျွန်ုပ်လဲ ...

“ ဒီလောကကြီးမှာ မောင်မရှိတော့ဘူးလေ ၊ ခင်ပဲ ရှိတော့တယ် ”

ဟု ပြောလိုက်ရာ ခင်သည် သဘောကျလွန်း၍ တခစ်ခစ် ရယ်ကာ ကျွန်ုပ်အား အကြိမ်ပေါင်းများစွာ နမ်းရှုံ့လေ၏ ။

အထက်ပါ အဖြစ်အပျက် များသည် နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်၏ ။ ကျွန်ုပ်လည်း အိမ်မှ ဇနီးနှင့် ခင်တို့၏ အကြားတွင် ကောင်းစွာ နေတတ်လာပြီဖြစ်၏ ။ အိမ်က ဇနီးလည်း ပြောမရသည့် အဆုံး၌ ကျွန်ုပ်အား လက်လျှော့လိုက်ရပြီ ဖြစ်၏ ။ ကျွန်ုပ်သည် ခင့်ထံသို့ ဗြောင်သွားခွင့် ရလာပြီ ဖြစ်၏ ။

တစ်နေ့တွင် ကျွန်ုပ်သည် ခင့်ထံသို့ သွားခဲ့၏ ။ တံခါးကို ခေါက်လိုက်၏ ၊ အတွင်းမှ ခင်က ...

“ ဘယ်သူလဲ ” ဟု မေးလိုက်၏ ။ ကျွန်ုပ်က ...

“ ခင်ပါ ” ဟု ဖြေလိုက်၏ ။ သို့ရာတွင် တံခါးမဖွင့်ဘဲ ရှိပြန်လေတော့၏ ။ ထိုအခါ၌ ကျွန်ုပ်သည် တံခါး အပြင်ဘက်တွင် တစ်နာရီခွဲခန့် ရပ်စောင့်နေပြီးနောက် ပြန်ထွက်ခဲ့လေ၏ ။ သို့ရာတွင် ရိုးရိုးမထွက်ခဲ့ဘဲ အပြင်မှ ကလန့်ထိုးခဲ့လေ၏ ။ ထို့နောက် မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်သို့ဝင်ကာ အိမ်ခန်းကို မမှိတ်သော မျက်စိနှင့် ကြည့်နေခဲ့လေ၏ ။ အတော်အတန်ကြာသောအခါ၌ ခင်၏ အခန်း၌ ကပ်လျက်အခန်းမှ မိန်းမကြီးသည် ကျွန်ုပ်ထိုးခဲ့သော ကလန့်ကို ဖြုတ်ပေးနေကြောင်း တွေ့ရလေ၏ ။ ကျွန်ုပ်သည် စိတ်ဝင်စားစွာဖြင့် လက်ဖက်ရည်ဆိုင်တွင်းမှ မုန့်ထည့်ထားသော မုန့်ဘီရိုကို ကွယ်ကာ ကြည့်နေလေ၏ ။ အချိန်မှာ ည ( ၉ ) နာရီထိုးနေပြီ ဖြစ်၏ ။ ဤညမှာ တနင်္လာနေ့ည ဖြစ်သောကြောင့် ခင့်ထံသို့ လာလေ့မရှိဘဲ ဘုရားသို့ တက်ကာ ဘုရားပေါ်တွင် အိပ်လေ့ရှိသော ညမျိုး ဖြစ်၏ ။

များမကြာမီ၌ပင် တံခါးကလန့်ကို ဖြုတ်ပေးသော မိန်းမကြီးသည် သူ၏ အခန်းသို့ ပြန်သွားကာ တံခါးကို ပိတ်လိုက်လေ၏ ။ ထိုအခါ၌ ကျွန်ုပ်၏ ခင်သည် ဝဲယာသို့ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏ ။ ထိုသို့ ကြည့်ပြီး များမကြာမီ၌ပင် သူ၏ အခန်းတွင်းမှ ယောက်ျားတစ်ဦး ထွက်လာလေ၏ ။ ထိုသူမှာ ကိုယ်ခန္ဓာ အလွန် ကြီးမားကြောင်းလည်း ကျွန်ုပ် သတိပြုမိ၏ ။ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်အတွင်းမှ ပြေးထွက်ကာ ထိုသူ၏ ဂုတ်ကို ဖမ်းဆွဲလိုက်လေ၏ ။ ထိုသူကို ကျွန်ုပ် ကောင်းစွာ မှတ်မိ၏ ။ ထိုသူသည် တစ်ခါက ရထားပေါ်တွင် ကျွန်ုပ်၏ခြေထောက်ကို နင်းသွားဖူးသောသူ ဖြစ်၏ ။ ထိုသူသည် ကြောက်လန့်တကြားနှင့် ရုန်းကာ ကျွန်ုပ်၏ ခြေထောက်ကို နင်းကာ ထွက်ပြေးလေတော့၏ ။

ကျွန်ုပ်က ခင့်အား ...

“ နင် မိန်းမယုတ်ပဲ ။ ဟိုကောင်ကြီးဟာ နင့်လင်ငယ် မဟုတ်လား ” ဟု ကျွန်ုပ်က ပြောရာ ခင်သည် ကျွန်ုပ်၏စကားကို အလေးအနက် မထားဘဲ မြေကြီးပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေနေ၏ ။ ထို့နောက်တွင် တွေ့ရှိသွားကာ ကောက်ယူလိုက်လေ၏ ။ ကောက်ယူလိုက်သော အရာမှာ ပရုပ်ဆီပုလင်းကလေးပင် ဖြစ်တော့၏ ။

“ နင်ဟာ ပရုပ်ဆီလို မိန်းမမျိုးပဲ ” ဟု ပြောလိုက်ရာ ခင်က ...

“ အဲဒီတော့ ရှင်က မပေါင်းချင်ဘူးပေါ့ ။ မပေါင်းချင်ရင် ဂျောင်းပေတော့ ” ဟု ပြောလေ၏ ။

ကျွန်ုပ်သည် သူ၏ ပါးကို လှမ်း၍ ရိုက်လိုက်၏ ။ ထို့နောက် ထွက်လာခဲ့လေတော့၏ ။ ထိုအချိန်ကစ၍ ကျွန်ုပ်၏ စိတ်များ ဂနာမငြိမ် ဖြစ်လာ၏ ။ ထိုအခါ ကျွန်ုပ်၏ မိတ်ဆွေကောင်းတစ်ဦးက တောင်ပေါ်မြို့ကလေးတစ်မြို့တွင် တရားပြသော ဆရာတစ်ဦးရှိကြောင်း ၊ တရားသွား၍ ထိုင်သင့်ကြောင့် ပြောပြန်လေ၏ ။ ထို့နောက် ထိုတောင်ပေါ်မှ ဆရာထုတ်ထားသော တရားစာအုပ် ကလေးတစ်အုပ်ကိုလည်း လက်ဆောင် ပေးလိုက်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် တောင်ပေါ်မြို့ကလေးသို့ သွားရန်အတွက် ဘူတာရုံသို့ ထွက်ခဲ့လေ၏ ။ ထို့နောက် ရထားပေါ်သို့ တက်ကာ ကျွန်ုပ်၏ ထိုင်ခုံ၌ ထိုင်လိုက်လေ၏ ။ ခရီးသည်များသည် တက်သူ တက် ၊ ဆင်းသူဆင်း ပြုနေကြလေ၏ ။ ခရီးသည်အချို့နှင့် လိုက်ပို့သူအချို့သည် စင်္ကြံလမ်းပေါ်တွင် စကားပြောနေကြလေ၏ ။ ကျွန်ုပ်သည် လက်ဆောင်ရထားသော တရားစာအုပ်ကို ထုတ်၍ ဖတ်ရှုနေလေ၏ ။ ထိုအချိန်မှာပင် ကျွန်ုပ်၏ နံဘေးသို့တစ်စုံတစ်ယောက် လာ၍ ထိုင်၏ ။ ကျွန်ုပ်သည် ထိုသူ့ကို လှည့်၍ ကြည့်လိုက်လေ၏ ။ ထိုသူမှာ နှစ်ပေါင်းများစွာက ဤအတိုင်း ဆုံခဲ့ဖူးသော မုတ်ဆိတ်ဖြူ အဘိုးကြီး ဖြစ်၏ ။ မုတ်ဆိတ်ဖြူကြီးလည်း ကျွန်ုပ်ကို ကောင်းစွာ မှတ်မိသွားလေ၏ ။ ထိုအခိုက် မှာပင် အခြားသောမှ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့ ပြတင်းပေါက်သို့ လာရောက်ကာ ၎င်းကို လိုက်ပို့သူနှင့် စကားပြောလေတော့၏ ။ ၎င်းပြောသော စကားထဲတွင် အမ်ဒီကြီးထံသို့ ပို့ရန်ပစ္စည်းများ စာရင်းလည်း ပါ၏ ။ ထိုစာရင်းထဲတွင် ဗွီဒီယိုအခွေများ၏ အမည်များလည်း ပါ၏ ။ အမ်ဒီကတော်ကြီး မှာထားသော ခွေးမျိုးကောင်း တစ်ကောင်၏ အကြောင်းလည်း ပါ၏ ။ ၎င်း၏ အိမ်မှ ရေခဲသေတ္တာ ပျက်နေသည်ကို ရုံးမှ ခိုင်းနေကျလူကို ခေါ်၍ ပြင်ခိုင်းရန်လည်း ပါ၏ ။ ထို့နောက် ဓာတ်ဆီကို နေ့စဉ်မှန်မှန် ထုတ်၍ ထားရန်လည်း ပါ၏ ။ ထိုသူသည် အလုံးစုံမှာပြီး သောအခါ၌ လိုက်ပို့သူ ပြန်သွား၏ ။ ထိုသူက နောက်သို့ ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက်ကို နင်းမိလေ၏ ။ ထိုအခါ ကျွန်ုပ်သည် ထိုသူအား ဆောင့်၍ တွန်းလိုက်၏ ။ ထိုသူက “ ဆောရီး ၊ ဆောရီး ” ဟု ပြော၏ ။ သို့ရာတွင် ကျွန်ုပ်က...

“ ဒီမှာ ကိုယ့်လူ ၊ ကိုယ့်လူခြေထောက်ကို ဆောင့်နင်းပြီး ဆောရီး ဆောရီးလို့ ( ၁၅ ) ခါ ပြောမယ် ၊ ကျေနပ်မလား ” ဟု ပြောလိုက်ရာ ထိုသူသည် ကျွန်ုပ်၏ ခြေထောက်ကို ကိုင်ကာ အနူးအညွတ် တောင်းပန်သွားလေ၏ ။ ကျွန်ုပ်သည် နင်းမိသော ခြေထောက်ကို ခုံပေါ်သို့ တင်၍ ကြည့်လိုက်ရာ ခြေဖျားကလေးများ သွေးခြည်ဥသွားကြောင်း တွေ့ရလေ၏ ။ ထိုအခါ မုတ်ဆိတ်ဖြူ အဘိုးကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းလေးကို ထုတ်ကာ ကျွန်ုပ်အား ပေးလိုက်လေ၏ ။ ကျွန်ုပ်သည် မယူဝံ့ မယူရဲ ဖြစ်နေလေ၏ ။ သို့ရာတွင် ခြေထောက်က နာလွန်းသဖြင့် ပရုပ်ဆီပုလင်းကို ယူကာ ဒဏ်ရာပေါ်တွင် ပရုပ်ဆီကို သုတ်လိမ်းလိုက်လေ၏ ။ ထို့နောက် မုတ်ဆိတ်ဖြူကြီးအား ယခင်က ဤနေရာ၌ ဤသို့တွေ့ကြုံရပုံမှအစ နောက်ဆုံး ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံအထိ ပြောပြလိုက်လေတော့၏ ။ ထိုအချိန်၌ မျက်နှာချင်းဆိုင်ခုံသို့ မိန်းမတစ်ဦး ရောက်လာလေ၏ ။ ထိုမိန်းမသည် သူ့အား လိုက်ပို့သော မိန်းမကြီးအား အိမ်၌ ပရုပ်ဆီပုလင်း ကျန်ခဲ့ကြောင်းကို ပြောပြလေ၏ ။ ထို့ပြင် ခေါင်းကိုက်နေကြောင်းကိုလည်း ပြောလေ၏ ။ ထိုအချိန်မှာပင် ရထားသည် ဥဩဆွဲ၍ စတင်ထွက်ခွာနေပြီ ဖြစ်၏ ။

မျက်နှာချင်းဆိုင်မှ မိန်းမသည် ကျွန်ုပ်၏ လက်ထဲမှ ပရုပ်ဆီပုလင်းကို လှမ်း၍ ကြည့်လိုက်လေ၏ ။ ကျွန်ုပ်သည် ပရုပ်ဆီပုလင်းကို အဖုံးပိတ်လိုက်ပြီးနောက် မုတ်ဆိတ်ဖြူကြီး၏ လက်သို့ ပြန်၍ ပေးလိုက်လေ၏ ။ ထိုသို့ ပေးလိုက်ရင်း ...

“ ပရုပ်ဆီကောင်း သိပ်ပြီး ရှားတယ် ၊ လူတွေ့တိုင်း လျှောက်ပြီး ဝေမနေနဲ့ ”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏ ။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ....

“ ကိုယ့်လူ တရားထိုင်ဖို့ သွားဦးမှာ မဟုတ်လား ၊ မသွားနဲ့ ကိုယ့်လူ အပိုပဲ ။ ကိုယ့်လူတရားရမှာ မဟုတ်ဘူး ။ ကိုယ့်လူရင်ထဲမှာ အတေးအမှတ်တွေ ရှိနေတယ် ။ ကိုယ့်လူရဲ့ စိတ်ဟာ အတေးအမှတ်တွေရဲ့ လှောင်အိမ်ထဲမှာ မိနေတယ် ၊ စိတ်ဆိုတာက တိမ်ကလေးလိုလွင့်ပြီး စမ်းရေကလေးကို စီးနေမှ ကောင်းတာ ၊ အဲဒီလို လွတ်လွတ်လပ်လပ်လေး ရှိနေမှ လွတ်မြောက် မှုနဲ့ပိုပြီး နီးစပ်လိမ့်မယ် ထင်တယ် ။ အခုအခါမှာတော့ ကိုယ့်လူဟာ ဒီလို မဟုတ်ဘူး ။ ပရုပ်ဆီကို မုန်းနေပြီ ။ ပြီးတော့ ပရုပ်ဆီနဲ့တူတဲ့ မိန်းမကိုလည်း မုန်းနေပြီ ။ အမှန်က လောကကြီးဆိုတာ အကြောင်းမဲ့ မောက် မာသူတွေ ၊ လောဘအတွက် ယောက်ယက်ခတ်နေတဲ့သူတွေ ၊ ရမ္မက်ထူပြောတဲ့သူတွေ ၊ လျှပ်ပေါ်လော်လီတဲ့သူတွေ ၊ ပရုပ်ဆီနဲ့တူတဲ့ မိန်းမတွေလည်း ရှိမှ ပြည့်စုံမှာပေါ့ကွာ ။ ပြီးတော့ မောက် မာသူတွေ ၊ လောဘတွေ ၊ ရမ္မက်တွေ ၊ လော်လီဖောက်ပြားမှုတွေ ၊ ဂုဏ်ယူဝင့်ကြွားဝါမှုတွေကြောင့် အသက်ဝင် လှုပ်ရှားနေတာ မဟုတ်လား ၊ အဲဒီအရာတွေကို ဖယ်လိုက်ရင် လောကကြီးဟာ ဆိတ်ဆိတ်ငြိမ်နေတဲ့ တုံဏိဘောကြီးအဖြစ်ကို  ရောက်သွားမှာပေါ့ ” ဟု ပြောလိုက်လေ၏ ။

ကျွန်ုပ်သည် မည်သို့ဖြစ်သည် မသိ ၊ မုတ်ဆိတ်ဖြူကြီး၏ စကားကို ကောင်းစွာ နားလည်သွား၏ ။ ထို့ကြောင့် ရင်ထဲတွင် ပေါ့သွား၏ ။

“ ကျုပ် ပဲခူးဘူတာမှာ ဆင်းပြီး ပြန်တော့မယ် ” ဟု ကျွန်ုပ်က ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက သူ၏ ပရုပ်ဆီပုလင်းလေးအား ကျွန်ုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်လေ၏ ။ ကျွန်ုပ်သည် ကျွန်ုပ်၏ အိမ်သို့ ပြန်လာခဲ့လေတော့၏ ။ ခင် ( သို့မဟုတ် ) ပရုပ်ဆီနှင့်တူသော မိန်းမထံသို့လည်း မည်သည့်အခါမျှ မသွားတော့ပေ ။ သို့ရာတွင် ကျွန်ုပ်သည် ထိုမိန်းမအား မုန်းတီးခြင်း မရှိပါ ။ ထို့အတူ ချစ်ခြင်းလည်း မရှိပါ ။ ကျွန်ုပ်သည် ချစ်ခြင်း ၊ မုန်းခြင်းမှ လွတ်မြောက်သွားသည်ဟု ဆိုနိုင်၏ ။ ထိုမိန်းမအပေါ်၌သာ မဟုတ် ၊ အရာရာတိုင်း၌ ချစ်ခြင်း ၊ မုန်းခြင်း၏ မျဉ်းကြောင်းများကို ကျော်ဖြတ်လာနိုင်ပြီ ဖြစ်၏ ။ ထို့ကြောင့် မုတ်ဆိတ်ဖြူကြီးထံမှ ရခဲ့သော ပရုပ်ဆီပုလင်းလေးအား ဘုရားစင်ပေါ်သို့ အမြတ်တနိုး တင်ထားလိုက်လေတော့သတည်း ။

◾ မှတ်ချက်

ဤဝတ္ထု၌ပါသော ကျွန်ုပ်ဆိုသည်မှာ စာရေးသူ မဟုတ် ။ ထို့အတူ မည်သူ တစ်စုံတစ်ယောက် မျှလည်း မဟုတ်ပါ ။
တစ်ဖန် ထိုကျွန်ုပ်သည် ...
စာရေးသူကိုယ်တိုင်လည်း ဖြစ်နေ၏ ။

အခြားသော တစ်စုံတစ်ယောက်လည်း ဖြစ်နေပြန်၏ ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်နှင့် အခြားသူဟူသော စည်းကြောင်းသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ထိုစည်းကြောင်းသည်လည်း မှိန်သည်ထက် မှိန်၍ သွားသောကြောင့် ဖြစ်၏ ။

စာရေးသူ

◾ မင်းသိင်္ခ

koaungnaingoo.blogspot.com


.





Thursday, August 5, 2021

မောင်ကြီး နှမ


 ❝  မောင်ကြီးနှမ  ❞


( ၁ )


မိမိ၏ရန်ဘက် ယစ်ထုတ်ကြီးသမီးကိုမှ ရွေး၍ ကြိုက်တတ်သော သိကြားမင်းကြီးမာဃလို ကျွန်တော်ကလည်း ကျွန်တော်နှင့် မျက်နှာကြော မတည့်ခဲ့သော သူကြီးမင်း ဦးဖိုးဘသမီး ထွေးခင်ကိုမှ တွေ့တတ်ပလေသည် ။


ဦးဖိုးဘအား ကျွန်တော်က အသူရာနှင့် ခိုင်းနှိုင်းလိုက်ခြင်း၌ သူသည် အသူရာကဲ့သို့ ဂဇော်အမူးလွန်နေရုံမျှမက ကျွန်တော့်ကိုပင် နှစ်လုံးပြူး သေနတ်ကြီးဖြင့် စစ်ခင်း၍တိုက်ခဲ့သောကြောင့်ဖြစ်၏ ။


ထိုမျှမကသေး ၊ သူကြီးမင်း ဦးဖိုးဘ စံတော်မူရာ ဝဲကြီးရာဇဌာနီသည် သခွတ်ပင် ပေါက်ရာ, ပွင့်ရာ, ပေါရာဒေသကြီး ဖြစ်သောကြာင့်လည်း ဖြစ်၏ ။


မိုးကျပြီဆိုလျှင် ဝဲကြီးရွာတစ်ဝိုက်၌ သခွတ်ပွင့်တို့သည် မြေပြင်ကို ငွေစင်လျှမ်းအောင် အရမ်းကာရော ပြန့်ကျဲ၍နေတတ်၏ ။


ဤသို့လျှင် သခွတ်ပွင့်ရာ အသူရာတိုင်းပြည်နှင့် ခိုင်းနှိုင်းဖွယ်ကောင်းသော ဝဲကြီးရွာ၌ သူကြီးမင်း ဦးဖိုးဘ၏သမီး ထွေးခင်ကို ကျွန်တော်က ပြေး၍မြင်ယောင်ခဲ့လေသည် ။


သိကြားမင်းကြီး၏ မိဖုရား , အသူရာ၏သမီး သူဇာကို ကျွန်တော်က မမြင်ဖူးသော်လည်း ထွေးခင်သည် သူဇာလောက်တော့ လှမည်မထင်ပါ ။ သူဇာ၏ လှပုံချောပုံကို စိတ်ကူးနှင့် မှန်း၍ ရမ်း၍ ဖွဲ့ဆိုထားသောစာများကို ဖတ်ရ၏ ။ သို့သော် ဦးဖိုးဘ၏သမီး ထွေးခင်အကြောင်းကိုမူ မည်သည့် စာဆိုတော်ကမျှ ဖွဲ့ဆိုထားခြင်း မရှိသည့်အတွက် ထွေးခင်သည် သူဇာလောက် လှမည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်ပါသည် ။


သို့တစေ ကျွန်တော်က ထွေးခင်ကို မြင်လျှင်မြင်ချင်း သွေး ဘောင်ဘင်ရိုက်အောင် ချစ်ကြိုက် မိပါသည် ။


ထွေးခင်ကို မြင်လိုက်ရသောအချိန်မှာလည်း ကျွန်တော့်အတွက် အထူး အံ့ဩဖွယ်ကောင်းသောအချိန် ဖြစ်ပါ၏ ။


ကျွန်တော်က တောင်ကုတ်သင်္ဘောဆိပ်တွင် ဖြစ်ပွားသော ရိုက် မှု တစ်ခု အတွက် သင်္ဘောဆိပ်နှင့် အနီးကပ်ဆုံး ဝဲကြီးရွာသို့ သူကြီးဖြစ်သူအား တိုင်ချက်ပေးရန် လာခဲ့၏ ။


အချိန်မှာ နေဝင်ရီသရောအချိန် ဖြစ်သည် ။


ကျွန်တော်သည် သူကြီးမင်း၏ လေးပင်သုံးခန်း ပျဉ်းကတိုးအိမ်ကြီး အဝတွင် ခဏမျှရပ်ကာ အရိပ်အခြည်ကို ကြည့်သော်လည်း လူတစ်ယောက် မျှ မတွေ့ရ ။ နောက်ဖေးဘက် မှသာ တွန်းသံ , ထိုးသံ , ရုန်းသံ, ကန်သံများကို ကြားနေရသဖြင့် အသံကြားရာဆီသို့ အပြေးကလေး ဝင်လာခဲ့၏ ။


ထွေးခင်နှင့် သူ့အဘကား ထွေးလုံးသတ်ပုတ်လျက်ရှိလေသည် ။


“ ဟဲ့ ... လူယုတ်မာကြီး ... လွှတ် ... လွှတ် ၊ ပထွေးပီပီ ခွေးလိုမလုပ်နဲ့ ...” 


ထွေးခင်က ပါးစပ်မှ တဖျစ်တောက်တောက်ပြောရင်း သူကြီးမင်း ဦးဖိုးဘ၏ ဖက်ငင်ဆွဲရမ်းမှုကို ရုန်းကန်နေ၏ ။


ကျွန်တော်က ကြောင်၍ ရပ်ကြည့်နေမိလေသည် ။ ဦးဖိုးဘမှာ ထွေးခင်၏ ဖအေအရင်းဟု ကျွန်တော်က ထင်မှတ်နေခဲ့ရာ ယခုမှ ဖအေအရင်း မဟုတ်မှန်း သိလာရတော့လေသည် ။


တကယ်တော့ ကျွန်တော်သည် ဝဲကြီးရွာသားတစ်ယောက်မဟုတ် ၊ တောင်ကုတ်သင်္ဘောဆိပ်တွင် သင်္ဘောဆိုက်ကပ်သည့် ရက်သတ္တတစ်ပတ်တိုင်း ဝဲကြီးရွာသို့ ဝင်ထွက်သွားလာခဲ့သူသာဖြစ်၏ ။ ထိုအခါက ကျွန်တော့်မှာ ရခိုင်တိုင်း ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွင် သင်္ဘောစာရေးအဖြစ် လုပ်ကိုင်နေခဲ့ရာ တောင်ကုတ်သို့ သင်္ဘောကပ်တိုင်း  ဝဲကြီးရွာသို့ ရောက်ခဲ့၏ ။ သို့တစေ သူကြီးမင်း ဦးဖိုးဘ၌ ထွေးခင်ဟူသော သမီးတစ်ယောက် ရှိသည်ဟူသော သတင်းကို ကြားခဲ့ရုံမှအပ ထွေးခင်ကို မူ တစ်ခါမျှ မမြင်ဖူးခဲ့ ။ ဦးဖိုးဘသည် ထွေးခင်ကို ကျွန်တော်မမြင်အောင် တမင်ပင်လုပ်ထားခဲ့ဟန် တူလေသည် ။


တစ်ခါက ၊ ထိုတစ်ခါက ဆိုသည်မှာလည်း ကျွန်တော် တောင်ကုတ်သင်္ဘောဆိပ်သို့ စတင်ရောက်ခဲ့သည့်နေ့ကပင်ဖြစ်၏ ။ ဦးဖိုးဘနှင့် ကျွန်တော်သည် သင်္ဘောကုန်တင်ကုန်ချကိစ္စနှင့်ပတ်သက်၍ စကားများခဲ့ဖူးရာ သူသည် ကျွန်တော့်ကို ထိုအချိန်ကစ၍ ဝေရာမဏိ ဝေးစွာရှောင်ကြဉ်ခဲ့၏ ။ သူ့သမီးကို မြင်ရဖို့ မဆိုထားနှင့် ၊ သူ့အိမ်နားသို့ပင် ကျွန်တော့်ကို အကပ်မခံခဲ့ ။


ဤကဲ့သို့ ကျွန်တော်နှင့် မျက်နှာကြော မတည့် ... ၊ ဘုအကျကြီးကျခဲ့သော ဦးဖိုးဘအိမ်သို့ပင် ကျွန်တော်သည် ကျွန်တော်နှင့်သက်ဆိုင်နေသော ကိစ္စဖြစ်၍ တိုင်ကြားရန်လာခဲ့၏ ။ လာခဲ့သောအခါ၌လည်း ကျွန်တော်၏ လာခြင်းသည် သူ့အတွက် ကောင်းသောလာခြင်းမဟုတ်ဘဲ ဖြစ်နေရပြန်လေသည် ။


“ ဟဲ့ထွေးခင် ... နင်မိုက် မနေပါနဲ့ဟဲ့ ၊ ငါက နင့်ကိုသနားလို့ တောင်ညာတင်မလို့ လုပ်တာ ..” 


ဦးဖိုးဘသည် အသုရာ၏ စံချိန်ကိုပင် ချိုးထားဟန်တူ၏ ။ သူ့ကိုယ်ကို သူပင် မနိုင်ဘဲ ဒယီးဒယိုင်နှင့် ထွေးခင်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းနေ၏ ။


“ ခွေးကောင်ကြီး လွှတ် ... လွှတ် ... ၊ အော်လိုက်ရမလား ...” 


ကျွန်တော်သည် နောက်ဘက်သို့ အနည်းငယ်ပြန်ဆုတ်ကာ မီးဖိုချောင်တံခါးဝတွင် ခြေကို ခပ်ပြင်းပြင်းနင်း၍ ရပ်လိုက်၏ ။


သူတို့နှစ်ယောက်စလုံး မှင်တက် မိသလို ငိုင်နေကြလေသည် ။ သို့သော် ဦးဘဖိုးကား လူကြီးလူမိုက်ပီပီ ခဏအတွင်း ဣန္ဒြေဆည်လိုက်နိုင်၏ ။


“ ဟေ့ ... ဟေ့ ... မင်းက ဒီမှာ ဘာလာလုပ်တာလဲ ...” 


သူက ကျွန်တော့်ဘက်သို့ တည့်တည့်လှည့်လိုက်ကာ ကျွန်တော့်ကိုပင် ဟိန်းဟောက်လိုက်ပါသေး၏ ။


“ ခင်ဗျားကပဲ ကျုပ်ကိုမေးနေရသေးသလား ၊ ခင်ဗျားလုပ်တာ ကျုပ်မမြင်ဘူးမှတ်လို့လား ....” 


ကျွန်တော်၏အသံက မာဆတ်ဆတ်ဖြစ်နေ၍ သူက အပြစ်ရှိသူပီပီ တွန့်သွားပုံရလေသည် ။ မျက်နှာထားကလေး သေသေ ၊ နားရွက်ကလေး ပေပေ နှင့် တစ်ချက် မျှငေးသွား၏ ။ ဥပမာဆိုလျှင် ချိုလှ, ကိုယ်လှ ၊ နွားနက်မကို ၊ ဥသဘနွားထီး ၊ အနုကြမ်းစီးမည်ဟု ဟန်ကြီးနှင့် ကြံတုန်းကို ၊ ကျားဟုန်း၍ ဝါးသော့ခါ ၊ မျက်နှာထားသေသေ ၊ နားရွက်ပေနှင့် ၊ အောင်မြေရပ်မှာ တပ်မစွဲနိုင် ၊ ခေါင်းကျ၍ မှိုင်သကဲ့သို့ပင် ဖြစ်ပါ၏ ။


ဦးဖိုးဘက ' လူမိတာ နာသဖြင့် ' ဒေါသကြီးကာ စကားတစ်ခွန်းမျှ မပြောနိုင်သလို ကျွန်တော်ကလည်း မမျှော်လင့်သည့်ရှုခင်းတစ်ရပ်ကို ဖြုန်းခနဲလာတွေ့နေရသဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်နေ၏ ။ ကျွန်တော်တို့နှစ်ယောက်က ပြောမည့်စကားလုံးများကို အပြေးအလွှား လိုက် ရှာနေကြစဉ် ထွေးခင် ပို၍ကျယ်လာသည်ဟု ထင်ရလေသည် ။


“ အမေရေ ... ကျုပ် ရှက်လှချည်ရဲ့ ...” 


ဦးဖိုဘ၏ ဥသဘနွားထီး အနုကြမ်းစီးသည့်ဇာတ်သည် ဤသို့သော အခန်းတွင် အထွတ်သို့ရောက်ခါနီး၌ ဇာတ်ကွက်ကို အောက်သို့ တဖြည်းဖြည်းချလိုက်သော အခြားဇာတ်ကောင်တစ်ကောင်သည် နောက်ဖေးမီးဖိုချောင်သို့ ရောက်လာလေသည် ။


သူကား ဦးဖိုးဘ၏မယား , ထွေးခင်၏ အမေ ဖြစ်၏ ။


“ ထွေးခင်ကလည်းဟယ် ကိုယ့်အဖေရိုက်တာနဲ့ ဒီလောက်တောင် ငိုနေရသလား ...” 


ထွေးခင်၏အမေသည် ကျွန်တော့်ရှေ့တွင် ဤကဲ့သို့ပင် ဟန်လုပ်၍ ပြောလိုက်စေကာမူ သူ၏စိတ်ထဲတွင်မူကား မခံမရပ်နိုင်သော ဒေါသမီးသည် တဟူးဟူးတောက်လောင်နေသည်ကို သတိပြုမိလိုက်ပါသည် ။


( ၂ )


ထွေးခင်ကား ဆံတောက်ဖားဖား ၊ တင်ကြီးကားကားနှင့် မျှစ်စို့ကြီးလို နုထွား၍နေစေကာမူ အသက်ကား ဆယ့်ငါးနှစ်ပင် ရှိပုံမပေါ်သေး ။


ဤကဲ့သို့ အသက်အရွယ် နုနယ်သူကလေးတစ်ယောက်သည် ဦးဖိုးဘလို ယုတ်မာသော ပထွေး ၊ လင်ကို အကြောက်ကြီးကြောက်နေရသော ဒေါ်ငွေမြလို အမေမျိုးနှင့် မည်ကဲ့သို့ ဆက်လက်နေထိုင်သွားမည်ကို ကျွန်တော်က စဉ်းစား၍မရအောင် ဖြစ်ရ၏ ။


ထိုနေ့က ကျွန်တော်သည် သင်္ဘောပေါ်တွင် အမှုဖြစ်သည့်အကြောင်းကို ဦးဖိုးဘအား တိုင်ကြားခြင်းမပြုတော့ဘဲ မြို့ပေါ်သို့ ပြန်တက်သည့် လှည်းသမားတစ်ယောက်နှင့် အကျိုးအကြောင်းကို စာရေး၍ မြို့အုပ်ဆီသို့သာ ပေးပို့ခဲ့လေသည် ။


ထွေးခင်က သူ့ဘဝ ရေစုန်မျောမည့်အချိန်တွင် ကျွန်တော်ရောက်ရှိသွားသဖြင့် သူ့မျက်နှာပေါ်တွင် ဝမ်းနည်းခြင်းနှင့်အတူ ကျေးဇူးတင်ကြောင်း ဖော်ပြသည့် အရိပ်အယောင်ကို တွေ့ခဲ့ ... ။


သူက တရှုပ်ရှုပ်ငိုနေရင်း ကျွန်တော့်ကို လှမ်း၍ကြည့်လိုက်သည့်အကြည့်မှာ ကျွန်တော့်တစ်သက်တာ မမေ့နိုင်အောင် ဖြစ်သွားစေပါ၏ ။


သို့ဖြစ်၍ နောက်တစ်ပတ် တောင်ကုတ်သို့ သင်္ဘောအရောက်တွင် ထွေးခင်နှင့် တွေ့ချင်စိတ်က ပြင်းပြ၍နေလေသည် ။ သို့သော် သူ့အဖေ ဦးဖိုးဘနှင့် ကျွန်တော်မှာ အသူရာနှင့် သိကြားမင်းကဲ့သို့ မျက်နှာချင်းဆိုင်ရန် မဖြစ်နိုင်သဖြင့် ကျွန်တော်တွေ့ချင်သော ထွေးခင်ကို တွေ့မြင်ရတော့မည်မဟုတ်ဟု စိတ်ပျက်လက်ပျက် ဖြစ်မိသည် ။ ကျွန်တော် တောင်ကုတ်သင်္ဘောဆိပ်မှ ထွက်ခွာသွားနေသည့်ရက်အတောအတွင်း ထွေးခင်ကလေး၏ ကံကြမ္မာသည် မည်ကဲ့သို့ဖန်လာလေမည်ကို စိုးရိမ်မိသည် ။ ကျွန်တော်သည် ထွေးခင်အကြောင်းကို အနုလုံပဋိလုံ စဉ်းစားရင်း ဝဲကြီးရွာနှင့် အတန်ငယ်လှမ်းသော တောအုပ်ကလေးသို့ လျှောက်လာခဲ့၏ ။


တောအုပ်အတွင်းရှိ ချောင်းကလေးအနီးသို့ ရောက်သောအခါတွင်ကား ကျွန်တော်၏ခြေလှမ်းများသည် စတုဒီသာကျွေးရာသို့ လာသော သူတောင်းစား၏ ခြေလှမ်းကဲ့သို့ သွက်၍လာခဲ့၏ ။ ကျွန်တော်၏စိတ်သည် သားရွှေအိုးထမ်းလာသည်ကို မြင်ရသော ဒုကုလနှင့် ပါရိကာ၏ စိတ်ကဲ့သို့ ရွှင်၍သွားခဲ့၏ ။


ဆယ်ပေလောက်ကျယ်သော ချောင်းကလေးထဲတွင် တဗွမ်းဗွမ်းနှင့် အသံမြည်အောင် ကူးနေသူကား ကျွန်တော်တွေ့ချင်နေသော ထွေးခင်ပင် ဖြစ်နေလေသည် ။


“ ထွေးခင်ရေ ... ထွေးခင် ...” 


ကျွန်တော်က အားရဝမ်းသာ အော်ခေါ်လိုက်၏ ။


တဗွမ်းဗွမ်းနှင့် ရေကူးနေသောအသံများ ရုတ်တရက်ရပ်သွား၏ ။ ထွေးခင်သည် တစ်ဖက်ကမ်းစပ်မှ ရေထဲတွင် ခေါင်းတစ်လုံးပေါ်ရုံသာ ထိုင်နေရင်း ကျွန်တော့်ကို မျက်စိပြူး၍ ကြည့်နေလေသည် ။


“ ထွေးခင်ရေ ... ဒီဘက်ပြန်ကူးခဲ့ပါကွဲ့ ... ၊ နင်နဲ့တွေ့ချင်လို့ လိုက်ရှာနေတာ ကြာလှပြီ ” 


ထွေးခင်က တစ်ဖက်ကမ်းစပ်မှနေ၍ ခေါင်းကိုသာ တွင်တွင်ရမ်းပြနေ၏ ။ ကျွန်တော်က ထွေးခင်၏ အမူအရာကို နားမလည် ။


“ ထွေးခင်ရ ... နင့်ကို ကိုက်မစားပါဘူးဟ ... လာသာ လာခဲ့ပါ ” 


“ ကျုပ် ရှက်တယ်တော့ ၊ ဒီမှာ ... ဒီမှာ ...” 


ထွေးခင်က ရှေ့သို့စကားမဆက်နိုင်ဘဲ ကျွန်တော်ရပ်နေသည့်ဘက်သို့ လက်ညှိုးထိုးပြနေ၏ ။ သူ့လက်ညှိုးညွှန်ပြနေသည့်အတိုင်း ကျွန်တော်က ခြေရင်းဘက်သို့ ငုံ့ကြည့်လိုက်တော့မှပင် ကျွန်တော်ပါ မျက်စိပြူး၍သွားမိလေသည် ။


ကျွန်တော်ရပ်နေသည့်နေရာနှင့် တစ်တောင်ခန့်အကွာရှိ ကျောက်တုံးကလေး တစ်တုံးပေါ်တွင်ကား ထွေးခင်၏ အင်္ကျီနှင့် ကွင်းလုံးကျွတ် ပုံချထားသော ထဘီကို တွေ့ရ၏ ။


“ အို ...” 


ကျွန်တော်က အလန့်တကြားပင် ရေရွတ်လိုက် မိ၏ ။ မရွှေချောသည် ထဘီမပါဘဲ ရေဆင်းချိုးနေလေသည် ။


“ ဒါတွေ ဘယ့်နှယ့်လုပ်မလဲ ...” 


ကျွန်တော်က သူ့ထဘီနှင့်အင်္ကျီကို လက်ညှိုးထိုးပြရင်း အော်မေးလိုက်၏ ။


“ တော် ... တခြားကို ခဏသွားနေ ... ကျုပ် အဲ့ဒီဘက်လာခဲ့မယ်” 


ကျွန်တော်သည် ထွေးခင်၏အမိန့်အတိုင်း ကမ်းစပ်မှခွာ၍ ရှေ့သို့ ဆယ်ကိုက်ခန့် လျှောက်လာခဲ့၏ ။ ပြီးနောက် ထွေးခင်ဘက်သို့ ကျောပေးကာ သစ်ပင်တစ်ပင်ကို မှီ၍ ရပ်နေရလေသည် ။


ထွေးခင်၏ရေကူး၍လာသံကို ကြားရပြီးနောက် ခဏမျှ တိတ်ဆိတ် သွား၏ ။


“ အင်္ကျီဝတ်ပြီးရင် ပြောဟေ့ ...” 


ကျွန်တော်က နောက်သို့လှည့်မကြည့်ဘဲ ထွေးခင်ကို သတိပေးလိုက်၏ ။


“ အမယ်လေး ... ကင်းကြီး ... ကင်းကြီး ...” 


ထွေးခင်က ထိတ်ထိတ်ပျာပျာ အော်လိုက်သောကြောင့် ရပ်နေသည့်နေရာမှ ပြေး၍ထွက်လာခဲ့၏ ။


ထွေးခင်သည် ထဘီကို လက်တစ်ဖက်နှင့် လေထဲတွင် ခါရမ်းရင်း မိမွေးတိုင်း , ဖမွေးတိုင်း ရပ်နေလေသည် ။ ကျွန်တော့်မှာ 

“ မဉ္ဇူရုံညှာ ၊ ထုံမာလာမှာ ၊ ပျာကယာတွေ့ ။ မြစတေပင် ၊ လှငွေစင်သို့ ၊ ယဉ်မူလေ့ကို ၊ ပြကတေ့သွင် ၊ မောင်ကြီးလှည့်လို့ ၊ ကြည့်လိုက် မြင် ၊ ရွှေဘွင်နှောင့်နှေး ၊

မရဲမလို ၊ သည်းဖိုလို့ ပြေးလိုက်လေ ၊ သွေးဘောင်ဘင်ရိုက် ၊ ဆယ်ဇမ္ဗူရာဇ် ၊

မယ်တစ်မူဖြစ်ခါမှ ၊ လူသစ်ကြီးလိုက်ကရော့ ၊ ခိုက်ခိုက်များတုန်တဲ့လို့ ကြုံပလေ ”  ဆိုသောအဖြစ်မျိုးနှင့် တိုးမိနေ၏ ။


“ သွား ... သွား ၊ ဒီကိုမလာနဲ့ ...” 


ထွေးခင်က အလန့်တကြား ထပ်၍အော်လိုက်တော့မှပင် ကျွန်တော်သည် သတိရလာကာ စောစောက ကျောမှီ၍ရပ်နေသော သစ်ပင်ခြေရင်းသို့ တပ်ဆုတ်၍ လာခဲ့နိုင်လေသည် ။


“ ထွေးခင်ရေ ... ထွေးခင် ..” 


ခဏကြာသောအခါ ကျွန်တော်က ခေါ်လိုက်၏ ။ သို့သော် ပြန်ထူးသံကို မကြားရ ။


“ ထွေးခင်ရေ ... ပြီးပြီလားဟေ့ ...” 


သို့တိုင်အောင် စကားပြန်ကား မရ ။ ကျွန်တော်သည် သည်းမခံနိုင်တော့ဘဲ နောက်သို့လှည့်ကြည့်လိုက်၏ ။ ထွေးခင်သည် ကျောက်တုံးကလေးပေါ်တွင် မျက်နှာကို ထောင်ထားသော ဒူးခေါင်းနှစ်လုံးကြားတွင် ညှပ်၍ ငိုနေသည်ကို တွေ့ရ၏ ။


“ ကျုပ်ရှက်တယ်တော့ ... ၊ ကျုပ်အနား မလာခဲ့နဲ့ ...” 


ကျွန်တော်က အရှက်ကြီးရှက်ကာ ရှိုက်၍ရှိုက်၍ငိုနေသော ထွေးခင်ကို နှစ်သိမ့်စေပါ၏ ။ အတန်ကြာမှပင် ထွေးခင်က ခေါင်းဖော်ဝံ့လာကာ ကျွန်တော်မေးသမျှကို ပြန်၍ပြောလာလေသည် ။


“ ကျုပ်တော့ ... ကျုပ်ပထွေးအိမ်မှာ မနေချင်တော့ပါဘူးတော် ... လွတ်ရာ ကျွတ်ရာသာ ထွက်ပြေးချင်တော့တာပဲ ...” 


ထွေးခင်က မျက်ရည်ရွှန်းသော မျက်လုံးဝိုင်းဝိုင်းကလေးဖြင့် ကျွန်တော့်ကို အကူအညီတောင်းနေ၏ ။ ကျွန်တော်ကမူ မကြံတတ်အောင် ဖြစ်နေရလေသည် ။


ထွေးခင်က အသက်ဆယ့်ငါးနှစ်ပင် မပြည့်တတ်သေး ။ ဆံတောက်ကြီးဖားဖား ၊ တင်ကြီးကားကားဖြင့် မိုးဦးကျ မျှစ်စို့ကြီးလို နုနုထွားနေသောကြောင့် တောစရိုက် တောဓလေ့အရမူ အိမ်ထောင်သားမွေးရန် ခန္ဓာကိုယ်အရ လူလားမြောက်ပြီဟုဆိုက ဆိုထိုက်သော်လည်း စိတ်အားဖြင့်ကား လူလားမြောက်ပြီဟု ဆိုနိုင်မည်မဟုတ်ပါပေ ။ ကလေးစိတ် , ကလေးအမူအရာသာ ရှိသေးသော ထွေးခင်ကို ကျွန်တော်က မည်ကဲ့သို့ သူ့ဆန္ဒအတိုင်း ကူညီနိုင်ပါမည်နည်း ။


“ ထွေးခင် ... နင် အသက်ငယ်ငယ်ကလေး ရှိပါသေးတယ်ဟယ် ...” 


ကျွန်တော်က သူ့အပေါ်တွင် စေတနာထားကာ အစ်ကိုကြီးတစ်ယောက်လို ဆုံးမနေမိသည် ။


“ အံမယ် ... ကျုပ်လား ... ငယ်တာ ၊ ကျုပ်လိုအရွယ်တွေ ကလေးအမေတွေ ဖြစ်နေကြပြီ သိရဲ့လား” 


သူက နှုတ်ခမ်းတလန်ပန်းတလန်နှင့် ကျွန်တော့ကိုပင် ရန်တွေ့နေပါသေး၏ ။


“ အေး ... ဘာပဲဖြစ်ဖြစ် ၊ ခုတော့ ကိုယ့်အိမ်မှာပဲကိုယ် သတိဝီရိယထားနေပေါ့ ။ တကယ်လို့ မနေချင်ဘူးဆိုရင်လည်း ရွာထဲက ဆွေမျိုးသားချင်းအိမ်တစ်အိမ်မှာ ညတိုင်းသွားသွားအိပ်တာပေါ့ ထွေးခင်ရာ ...” 


“ ဟင့်အင်း ... ဟင့်အင်း ... ကျုပ်တော့ ဘယ်မှာမှမနေချင်ဘူး ။ အိမ်ကပဲ ထွက်ပြေးချင်တယ် ...” 


ကျွန်တော်က အတန်တန်ဖျောင်းဖျ၍ပြောပါ၏ ။ သို့သော် ထွေးခင်က ခေါင်းမာမြဲ မာနေလေသည် ။


“ ကဲ ... ဒီလောက်တောင်ရှိလှတာ နောက်တစ်ခေါက်လာရင် နင့်ကို ငါခေါ်မယ် ...” 


ကျွန်တော်က သူ့စိတ်မှ သက်သာရာ ရပါစေတော့ဟု လိမ်၍ပြောလိုက်၏ ။ သည်တော့မှပင် ထွေးခင်သည် ပြုံးရယ်၍လာနိုင်လေသည် ။


“ ကိုင်း ... ဒါပဲနော် ... နောက်တစ်ပတ် သင်္ဘောလာရင် ...” 


ထွေးခင်က ကျွန်တော့်ပါးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်နမ်းရင်း ဝဲကြီးရွာဘက်သို့ ပြေးသွားသည်ကို ကျွန်တော်က သက်မ တဟင်းဟင်း ချကာ ငေး၍ ကျန်ရစ်ခဲ့လေသည် ။


နောက်တစ်ပတ် တောင်ကုတ်သင်္ဘောဆိပ်သို့ ဆိုက်ကပ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်ရင်မှာ တဒိတ်ဒိတ်ခုန်နေ၏ ။ ကျွန်တော်က ထွေးခင်စိတ်မှ သက်သာရာရပါစေတော့ဟု ပြောခဲ့သောစကားကို သူက တကယ်မှတ်ထင်ကာ ကျွန်တော်နှင့်လိုက်ပါရန် စိတ်စော၍နေမည်ကို ပူပန်မိ၏ ။


အသက် ဆယ့်ငါးနှစ်ပင် မပြည့်တတ်သေးသော ထွေးခင်လို ကလေးမကလေးကို ကျွန်တော့်လို အသက်အစိတ်လောက်ရှိသော ယောက်ျားတစ်ယောက်က အားပေးအားမြှောက်ပြုသကဲ့သို့ ပြောခဲ့မိသည့်အတွက် ကျွန်တော့်ကိုယ်ကို ကျွန်တော် အပြစ်တင်မိသည် ။ ခန္ဓာကိုယ်အရမူ တောဓလေ့ တောစရိုက်အရ လူလားမြောက်ပြီဟုဆိုက ဆိုနိုင်သော်လည်း စိတ်အားဖြင့် လူလားမမြောက်သေးသူကလေးကို ကျွန်တော်က သူ့သဘောလိုက်၍ ခေါ်ယူသွားသည့်တိုင်အောင် ကျွန်တော့်အပေါ်တွင်ကား အပြစ်ကင်းနိုင်မည် မဟုတ်ပါ ။


ကျွန်တော်သာလျှင် တရားခံဘဝသို့ ရောက်ရပေမည် ။ ကျွန်တော့်အပေါ်တွင် အငြိုးကြီး ငြိုးထားခဲ့သော ဥသဘနွားထီး ဦးဖိုးဘကလည်း ကျွန်တော့်အပေါ်တွင် မည်သည့်နည်းနှင့်မျှ ချမ်းသာပေးမည်မဟုတ် ။


ကျွန်တော်သည် စိတ်လေးလေးနှင့်ပင် ထွေးခင်နှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ရာ တောအုပ်အတွင်းရှိ ခြံကလေးဆီသို့ လျှောက်လာခဲ့၏ ။


ထွေးခင်က သီချင်းကလေးတအေးအေးနှင့် ကျွန်တော့်ကို စောင့်နေလေသည် ။


“ ကျုပ်က ပထမသင်္ဘောဥဩမှုတ်သံကြားကတည်းက ဒီကိုရောက်နေတာ သိလား ...” 


မျက်စကလေးချီကာ ဝမ်းပန်းတသာပြောလိုက်ပုံမှာ ကလေးဆန်လှပေသည် ။ သူက ဝမ်းသာနေသလောက် ကျွန်တော်က စိတ်ပူနေမိသည် ။


“ လာလေ ... ဘာငေးတေးတေးကြီးလုပ်နေတာလဲ ... ထိုင်လေ ...” 


သူက ကျွန်တော့်လက်ကိုဆွဲကာ သူ့အနားတွင် အထိုင်ခိုင်းနေပါ၏ ။


“ ကျုပ်က အိမ်မှာ အထုပ်တွေအပိုးတွေတောင် ပြင်ထားပြီးပြီ ။ သင်္ဘောက ဘယ်အချိန် ပြန်ထွက် မလဲဟင် ...” 


ကျွန်တော်က ဘာစကားမျှမပြောနိုင် ၊ ငိုင်၍သာထိုင်နေမိသည် ။


“ ဟင် ... ဘာဖြစ်နေတာလဲ ပြောစမ်း ...” 


“ ဘာမှ မဖြစ်ပါဘူးကွာ ...” 


ကျွန်တော်က တိုတိုတောင်းတောင်းပင်ပြောမိလေသည် ။


ထွေးခင်က ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို ခုမှရိပ်မိလာဟန်တူသည် ။ သူ့မျက်နှာကလေးသည် အိုသွားရှာသည် ။


“ ကျုပ်ကို ခေါ်မသွားချင်ဘူးလား ... ဟင် ...” 


“ ခေါ်မသွားချင်လို့ မဟုတ်ပါဘူးကွာ ၊ နင်က အသက် မှ မပြည့်သေးတော့ တော်တော်ကြာ နင်ရော ငါပါ ဒုက္ခရောက်နေမယ် ...” 


“ အံမယ် .... ကျုပ်က ဘာများအသက် မပြည့်သေးတာလဲ ၊ ကျုပ်အသက် ဆယ့်ငါးနှစ် ရှိပြီတော့ ၊ ကျုပ်တို့ဆီမှာ ဒီအချိန် လင်ယူသားမွေးကြတာချည်းပဲ ...” 


“ နင်တို့တောမှာတော့ ဟုတ်တာပေါ့ဟယ် ...” 


“ တော်တို့မြို့ကကော ဒီလိုမဟုတ်ဘူးလား ...” 


“ မဟုတ်ဘူး ...” 


ကျွန်တော်က သံပြတ်နှင့်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထွေးခင်သည် သူ၏မျှော်လင့်ချက်တောင်ကြီး ပြိုကျသွားပြီကို သိသွားလေသည် ။


“ ဒီလိုဆိုရင် ကျုပ်ကို ဘာလို့ခေါ်မယ်လို့ ပြောခဲ့သလဲ ...” 


ထွေးခင်က ကျွန်တော့်ရင်ခွင်ကိုမှီရင်း ကျူကျူပါအောင် ငိုချလိုက်၏ ။ ကျွန်တော်က ဘယ်လို ပြန်ပြောရမည်ကို စဉ်းစား၍မရ ။ ဘယ်လိုချော့ရမည်ဟုလည်း နားမလည် ၊ ထွေးခင် ငိုနေသည်ကိုသာ ထိုင်၍ကြည့်နေမိသည် ။


“ ပြော ... ပြော ... ၊ ကျုပ်ကို ဘာလို့ ခေါ်မယ်လို့ ပြောရတာလဲ ...” 


ထွေးခင်က ကျွန်တော့်ရင်ဘတ်ကို တဗုန်းဗုန်းမြည်အောင် ထုလိုက်၏ ။


ထွေးခင်၏ ငိုရှိုက်သံနှင့် ကျွန်တော့်ရင်ဘတ်ကို ထုရိုက်သံကြားတွင် ကျွန်တော်တို့နောက်ဘက်ဆီမှ တချွတ်ချွတ်နှင့် သစ်ကိုင်းခြောက် များကို နင်း၍သွားသော အသံကို ကြားလိုက်၏ ။


“ ထွေးခင် ... ထွေးခင် ... တိတ်စမ်း ... ၊ တို့ကို တစ်ယောက်ယောက် တွေ့သွားပြီထင်တယ် ” 


ထွေးခင်၏မျက်လုံးသည် ပြူးကျယ်၍သွားကာ ကျွန်တော့်ကို ကြောက်အားလန့်အားနှင့် နင်းကန်ဖက်ထားလေသည် ။


“ လွှတ်ပါဦးဟ ထွေးခင်ရာ ... ငါသွားကြည့်လိုက် မယ် ...” 


“ ကျုပ်တော့ အဖေလိုက်ပြီးချောင်းတာလို့ ထင်တာပဲ ...” 


“ နင့်အဖေဆိုရင် ဘာလို့ပြန်သွားမလဲ ၊ နင့်ပါ တစ်ခါတည်းခေါ်သွားမှာပေါ့ ...” 


“ အိမ်မှာ သေနတ်သွားယူတယ်ထင်တယ် ၊ ဟုတ်တယ် ... ဟုတ်တယ် ... အဖေပဲဖြစ်ရမယ် ။ ပြေး ... ပြေး ... တော် လွတ်အောင်သာပြေး ၊ မိုးလင်း သင်္ဘောထွက်ချိန်နီးမှ တော့်ဆီကို ကျုပ်ဆင်းလာခဲ့မယ် ...” 


ထွေးခင်က ပြောပြောဆိုဆို ကျွန်တော့်ကိုလည်း ပြေးစေကာ သူလည်း သူ့အိမ်ဘက်သို့ ထွက်ပြေးသွား၏ ။


ကျွန်တော်သည် ဝဲကြီးမှ သင်္ဘောဆိပ်သို့ ခါတိုင်းသွားနေကျ လမ်းအတိုင်း မသွားဘဲ တောအုပ်ထဲမှနေ၍ တောင်ကမူနှင့် လျှိုမြှောင်ကလေးများကို ကျော်ဖြတ်ကာ ခပ်သုတ်သုတ်လာခဲ့၏ ။ အသူရာနတ်မင်းကြီး ဥသဘနွားထီး ဦးဖိုးဘသည် ကျွန်တော့်ကို တွေ့နိုင်မည် မဟုတ်ဟု ထင်ခဲ့၏ ။ သို့ကြောင့်လည်း ကျွန်တော့်ဘေးကို ကျွန်တော်က မစိုးရိမ် ။ ထွေးခင် အတွက်ကိုသာ စိုးရိမ်ပူပန်မိသည် ။


ဦးဖိုးဘသည် ကျွန်တော့်ကို လက်လွတ်သွားသဖြင့် ထွေးခင်ကို အငြိုးနှင့် ရိုက်နှက်နေမည်ကို မြင်ယောင်မိ၏ ။ ကျွန်တော်သည် တောင်ကမူကလေးတစ်ခုမှဆင်းကာ လျှိုကလေးတစ်ခုကိုဖြတ်ရန် ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်နောက် မှ မာကျောခက်ထန်လှသော ဦးဖိုးဘ၏ အသံကြီးကို ကြားလိုက်ရ၏ ။


“ ဟေ့ ... မသေချင်သေးရင် ရပ်လိုက် ...” 


ရုတ်တရက်အားဖြင့် ကျွန်တော့်နားကိုပင် ကျွန်တော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏ ။ ဦးဖိုးဘသည် ကျွန်တော့်အား မည်သည့်နည်းနှင့်မျှ မတွေ့နိုင်ဟူသော ကျွန်တော်၏ယူဆချက်ကား တက်တက်စင် မှားယွင်းခဲ့ပေပြီ ။


ကျွန်တော်သည် သွားနေရာမှ ဦးဖိုးဘ၏အမိန့်အတိုင်း ချက်ချင်းပင် ရပ်တန့်လိုက်ရ၏ ။


“ ဟေ့ ... ဒီဘက်လှည့်လိုက်စမ်း ...” 


သူ၏နောက်ထပ်အမိန့်အတိုင်းပင် သူ့ကို ကျောပေး၍ရပ်နေရာမှ သူ့ဘက်သို့ လှည့်လိုက်ရ၏ ။ သူသည် သူ၏နှစ်လုံးပြူးသေနတ်ကြီးကို ကျွန်တော့်ရင်ဘတ်တည့်တည့်ဆီသို့ချိန်ရင်း အနိုင်ရသော စစ်သူကြီး၏ မျက်နှာထားဖြင့် ကျွန်တော့်အနီးသို့ တိုးလာလေသည် ။


“ ဖိုးဘအကြောင်း သိပြီလားဟေ့ ...” 


သူက မခန့်လေးစားရယ်လိုက်ရင်း မေးလိုက်၏ ။


“ သိသားပဲ ... လူယုတ်မာကြီးဆိုတာ ...” 


ကျွန်တော်က မရဲသော်လည်း ပြေးခဲ့စေ ဆိုသောစကားအတိုင်း ရင်ကိုခပ်ကော့ကော့ ထား၍ ပြန်ပြောလိုက်၏ ။ ဦးဖိုးဘ၏ မျက်နှာသည် ချေးမှန်သကဲ့သို့ ရှုံ့၍သွားလေသည် ။


“ အေးကွာ ... သိကြသေးတာပေါ့ ၊ မင်းလိုလူမျိုးကို ဖိုးဘက အကောင်တောင်ဖျောက်ပစ်နိုင်တယ် ... သိလား ။ မင်းတော့ ဂျပန်သတ်သလို တဖြည်းဖြည်းညှဉ်းပြီးမှ သတ်မယ်ကွာ ..” 


“ ခင်ဗျားသတ်တိုင်း ကျုပ်သေရမှာလား ....” 


“ ဟဲ ... ဟဲ ... မင်းက တော်တော်မိုက်သားပဲ ။ ဖိုးဘရဲ့သေနတ်ပြောင်းဝမှာ ဘယ်နှစ်လောင်းကြွသွားတယ်ဆိုတာ ကြားဖူးမှာပေါ့ကွာ ၊ ဟုတ်လား” 


“ ဟေ့ ... ခွေးကောင်ကြီး ၊ စကားများမနေနဲ့ ၊ သတ္တိရှိရင် ပစ်လိုက်စမ်း ...” 


ကျွန်တော်က အသူရာနတ်မင်းကြီး ဦးဖိုးဘကို ပို၍ ဒေါသထွက်အောင်လုပ်ကာ ရှေ့သို့တိုးလိုက်၏ ။


သို့သော် ဦးဖိုးဘသည် ကျွန်တော်၏အကြံကို ရိပ်မိဟန်တူ၏ ။ သူသည် ကျွန်တော့်ကို အနားကပ်မခံဘဲ ကျွန်တော်က ရှေ့သို့တစ်လှမ်းတိုးလာသလို သူက တစ်လှမ်းနောက်သို့ ဆုတ်ကာ ကျွန်တော်နှင့် ခပ်ကွာကွာဖြစ်အောင် လုပ်နေ၏ ။


“ ဟေ့ ... ပစ်ရဲရင် ... ပစ်စမ်း ...” 


ကျွန်တော်က ပြောပြောဆိုဆို ရှေ့သို့ လေးငါးလှမ်းမျှ ခုန်၍တိုးသွား၏ ။ ဦးဖိုးဘသည် ကျွန်တော် ပြေး၍ တက်လာသဖြင့် နောက်သို့ ခပ်မြန်မြန်ကလေး ဆုတ်လိုက်၏ ။ သူက နောက်ကိုဆုတ်၍ ခေါင်းကို မတ်မတ်ကလေးဖြစ်အောင် ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့နောက်ဘက်ဆီမှ ဖြန်းခနဲ ရိုက်လိုက်သည့်အသံ ပေါ်ထွက်လာလေသည် ။


ဦးဖိုးဘသည် တစ်ချက်မျှသာအော်နိုင်ပြီးလျှင် ခွေခနဲ လဲကျသွား၏ ။ ကျွန်တော်ကမူ အံ့အားသင့်ကာ ကြည့်နေမိသည် ။


ထွေးခင်သည် ဝါးရင်းတုတ်တစ်ချောင်းကို ကိုင်ကာ ချုံပုတ်အကွယ်မှ ပြေးထွက်လာလေသည် ။


“ ဟဲ့ ထွေးခင် ၊ နင် ဘယ့်နှယ်လုပ်လိုက်တာလဲ ...” 


သွေးသံရဲရဲဖြင့် လဲကျနေသော အသူရာမင်းကြီး ဦးဖိုးဘကို ငုံ့ကြည့်ရင်း ကျွန်တော်က မေးလိုက်၏ ။


“ ကျုပ်ရိုက်လို့ ဒီအကောင်ကြီး မသေပါဘူးတော် ...” 


ကျွန်တော်သည် အသူရာမင်းကြီး ဦးဖိုးဘကို ပျာပျာသလဲပွေ့ထူ၍ ထွေးခင် ရိုက်လိုက်သောဒဏ်ချက် မည်မျှပြင်းထန်မည်ကို ကြည့်နေ၏ ။ ထိုစဉ်တွင် ထွေးခင်၏အမေ ဒေါ်ငွေမြသည် အူယားဖားယားနှင့် ကျွန်တော် တို့နေရာသို့ ရောက်လာလေသည် ။


“ ဒဏ်ရာ တော်တော်ပြင်းသလား ” 


“ သိပ်မပြင်းပါဘူး ၊ နဂိုကလည်း အရက်တွေသောက်ထားတော့ အရိုက်ခံရတဲ့အရှိန်နဲ့ သတိလစ်သွားတာပါ ” 


ဒေါ်ငွေမြက သူ့လင် အရိုက်ခံရသော်လည်း သူ့လင်နှင့် ကျွန်တော်တို့ ဖြစ်ပျက်ပုံကို သိနေဟန် တူ၏ ။ ထို့ကြောင့်လည်း သူ့သမီး ထွေးခင်ကို အပြစ်မတင်ပေ ။


“ ကဲ ... ကဲ ... မောင်ရင်တို့ သွားဖို့ရှိတာ သွားကြ ၊ ဒီမှာ တော်သလို ကြည့်လုပ်လိုက်မယ်” 


“ အမေ ... ကျုပ်လည်း တစ်ခါတည်း လိုက်သွားမယ်နော်” 


အရေးထဲတွင် ထွေးခင်က ကလေးမကလေးလို ပူဆာနေပြန်၏ ။ ဒေါ်ငွေမြကမူ သူ့သမီးကို အဖြေမပေးဘဲ ကျွန်တော့်မျက်နှာကိုသာ စုံစမ်းသော အမူအရာနှင့် ကြည့်နေ၏ ။


“ စိတ်ချပါ ၊ ထွေးခင်ကို ကျွန်တော် နှမကလေးလို စောင့်ရှောက်ပါ့မယ် ” 


ကျွန်တော်က စကားလှလှသုံးကာ ထွေးခင်အမေကို သတိပေးလိုက်၏ ။


“ ဘာပြောတယ် ... နှမကလေးလို ဟုတ်လား ” 


ကျွန်တော်က ထွေးခင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရ၏ ။ သည်တော့မှပင် သူ့ခမျာ အဓိပ္ပာယ်ပေါက်သွားလေသည် ။


“ ကဲ ... အမေ့ကို ကန်တော့ခဲ့ပါတယ် ...” 


ထွေးခင်အမေက သူ့သမီးကို မျက်ရည်စမ်းစမ်းနှင့်ကြည့်ရင်း ဆုမွန်ကောင်းများတောင်းလျက်ရှိသည် ။


“ စိတ်ချပါရစေ မောင်ရင်ရယ် ၊ ကျုပ်သမီးလေးက လူကောင်သာ ထွားနေတာ ၊ ဘာမှ သိတတ်သေးတာ မဟုတ်ဘူး ၊ အစစအရာရာ ဆုံးမပါ ...” 


ကျွန်တော်နှင့် ထွေးခင်တို့သည် အသက်ပြင်းပြင်းရှူကာ မြေပေါ်တွင် ပျော့ခွေလျက်ပင်ရှိသေးသော အသူရာနတ်မင်းကြီး ဦးဖိုဘကို တစ်ချက် မျှ လှည့်ကြည့်ကာ ထိုနေရာမှ ထွက်လာခဲ့ကြ၏ ။


ဒေါ်ငွေမြသည် ကျွန်တော်တို့နှစ်ယောက်ကို လှမ်းကြည့်လိုက် ၊ သူ့လင်ကို သတိရလာအောင် ယပ်ခတ်ပေးလိုက်နှင့် ကျွန်တော်တို့နောက်တွင် ဝေး၍ ... ဝေး၍ ကျန်ခဲ့ပါသတည်း ။


◾ တက္ကသိုလ် နန္ဒမိတ်


📖 မြဝတီမဂ္ဂဇင်း


koaungnaingoo.blogspot.com


.

Tuesday, August 3, 2021

ဆရာတစ်ယောက် နောက်ထပ်တိုးခြင်း


 ❝  ဆရာတစ်ယောက် နောက်ထပ်တိုးခြင်း ❞


“ အစ်ကိုကြီး ကိုစိုးလှိုင် မဟုတ်လား ”


လေဟာပြင်ဈေးထဲက ကားတွေရပ်သည့် နေရာမှာ ကိုအဏ္ဏဝါ ကို တစ်စုံတစ်ယောက်က လှမ်းနှုတ်ဆက်လိုက်သဖြင့် ကိုအဏ္ဏဝါ အလွန်အံ့ဩ သွားလေသည် ။ နှုတ်ဆက်ခံရ၍ အံ့ဩ ခြင်း မဟုတ် ။ အစ်ကိုကြီးဟု အခေါ်ခံလိုက်ရ၍ အံ့ဩသွားခြင်းဖြစ်သည် ။ ကိုအဏ္ဏဝါ၏ ဗိုက်ပူထိပ်ပြောင် အင်္ဂါရုပ်ကြောင့် အသက်သုံးဆယ်အရွယ်ကစပြီး ဦးလေး အခေါ်ခံခဲ့ရသည် ။ ယခု အသက် ငါးဆယ်ကျော်မှ အစ်ကိုကြီးဟု အခေါ်ခံလိုက်ရ၍ အံ့ဩ ဝမ်းသာသွားခြင်းလည်း ဖြစ်နိုင်သည် ။ သို့သော် ခက်တာက ကိုအဏ္ဏဝါ ကို အစ်ကိုကြီးဟု ခေါ်လိုက်သူမှာ ချောချောလှလှ အမျိုးသမီးမဟုတ်ပဲ အသားမည်းသည့်    ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ငနဲလေး တစ်ကောင် ဖြစ်နေပါသည် ။


“ ဟုတ်ပါတယ် ”


ချောချောလှလှ အမျိုးသမီး မဟုတ်၍ ထင်သည် ။ ကိုအဏ္ဏဝါ၏ဖြေသံက ဘုဆတ်မာကြောနေသည် ။ ရာရာစစ ငါကဲ့သို့သော သင်္ဘောသားကြီးကို မလောက်လေး မလောက်စား   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ လေး တစ်ယောက်က နာမည်တပ်ပြီး အစ်ကိုကြီး ခေါ်ရမလားဟု မကျေမနပ် ဖြစ်ဟန်လည်း တူပါသည် ။ သို့သော်     ̶က̶̶ု̶̶လ̶̶ာ̶̶း̶  လေးသည် ကိုအဏ္ဏဝါကဲ့သို့ပင် ကားပါတ်ကင်လုပ်ပြီး အက်(စ်)အီး ကားပေါ်က ဆင်း၍ နှုတ်ဆက်ခြင်းဖြစ်သည် ။


“ အစ်ကိုကြီး ကျွန်တော့်ကို မမှတ်မိဘူးလား --- ကျွန်တော် စွန်နယားလေ .."


“ အင်း ... ဆောရီးပဲကွာ ... ကောင်းကောင်း မမှတ်မိဘူး ဖြစ်နေတယ် "


စွန်နယား ဆိုသူ   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ လေးက သူ့ကားကို နေသားကျအောင် တံခါးပိတ် သော့ခတ်ပြီး ကိုအဏ္ဏဝါ အနားသို့ လာ၍ လက်ဆွဲနှုတ်ဆက်သည် ။ ကိုအဏ္ဏဝါ၏ လက်ကို မလွှတ်ပဲ ဆုပ်ကိုင်ထားလျက် သူသည် ဟို ... လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က စစ်တွေရေယာဉ်စုမှာ ထမင်းကျန် ဟင်းကျန် ကပ်စားပြီး လုပ်အားပေးနေခဲ့သည့်   ̶က̶̶ု̶̶လ̶̶ာ̶̶း̶   လေး စွန်နယားလေဟု ပြောတော့မှ ကိုအဏ္ဏဝါ မှတ်မိသွား လေတော့သည် ။


“ အောင်မယ် ... ခွေးမသား စွန်နယား . . . မင်း တယ်ကြီးပွားနေပါလားကွ ဟေ ... ကြည့်စမ်း ၊ အက် ( စ် ) အီးတွေ ဘာတွေနဲ့ ..."


ကိုအဏ္ဏဝါတို့ကတော့အလိုက်ကမ်းဆိုး မသိစွာ အောက်ခြေလွတ်တဲ့နေရာမှာ ဂိတ်ကို ဆုံးပါရော ၊ အက် ( စ် ) အီး ကားသစ်ကြီး စီးလာသူကိုပင် လူရှေ့သူရှေ့မှာ ခွေးမသားဟု အော်ပြီး နှုတ်ဆက်ပြလိုက်ပြန်ပြီ ။ ဒါပေမယ့် ကိုအဏ္ဏဝါ၏ ငယ်နိုင်ဖြစ်ဟန်တူသည့်   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ လေးက စိတ်မဆိုးသည့်အပြင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ကိုအဏ္ဏဝါနဲ့ ပြန်တွေ့ရတာကိုပဲ အတော်ဝမ်းသာနေပုံရသည် ။


“ လာ .. အစ်ကိုကြီး ... တစ်ခုခုစားရင်း စကားပြောကြရအောင် ”


စွန်နယားက လက်ဆွဲခေါ်ပြီး တစ်ခုခု စားပါရန် ကျွေးသော် လည်း ဘာမှမစားချင်သည့် ကိုအဏ္ဏဝါက စကားပြောရလျှင် ပြီးရောဆိုပြီး နီးရာ အအေးဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်လိုက်ကြသည် ။


“ ကဲ ... လုပ်စမ်းပါဦး ၊ မင်းဘယ်လိုဖြစ်ပြီး အခုလို ကုန်းပေါ် ရောက်နေတာလဲ ”


စွန်နယားက ကိုအဏ္ဏဝါ၏ အမေးကို မဖြေသေးပဲ ကိုအဏ္ဏဝါ ကို ပြုံးပြီး ကြည့်နေသည် ။ စွန်နယား၏ အပြုံးထဲမှာ လူ့ဘဝ တစ်ခုစီ၏ နက်ရှိုင်းသော ကံကြမ္မာ အလှည့်အပြောင်းဆိုင်ရာ အဘိဓမ္မာတွေ ၊ ဒဿနတွေ ပါကောင်း ပါနေပေလိမ့်မည် ။ တစ်ခါတုန်းက လစာ တစ်ရာ့ငါးမတ်စားဘဝနဲ့ မြောင်းထဲ ရောက်နေခဲ့တဲ့ ကိုအဏ္ဏဝါတောင် ယနေ့ တိုယိုတာ ကိုရိုလာ စီးပြီး ကုန်းပေါ် ရောက်နေပြီပဲဗျာဟု ပြောနေတာလည်း ဖြစ်ကောင်း ဖြစ်မည် ။ ဘဝဆိုတာ လျှော့တွက်ထားလို့မှ မရပေပဲကိုး ... ။


ကိုအဏ္ဏဝါ ရေတပ်သားဘဝတုန်းက ရခိုင်ရေတပ်စခန်း လက်အောက်ခံ စစ်သင်္ဘော တစ်စီးမှာ တာဝန် ကျဖူးသည် ။ အဲဒီ သင်္ဘောမှာ ကိုအဏ္ဏဝါက မစ်အင်ချတ်ခေါ် အစားအသောက် တာဝန်ခံဖြစ်၍ အရာရှိနှင့် ရဲဘော်များ နေ့စဉ်စားသောက်ရန် ဈေးဝယ်သည့်တာဝန်ကို ယူရသည် ။ စစ်တွေဈေးကြီးသို့ ကိုအဏ္ဏဝါ ဈေးဝယ်သွားပြီဆိုလျှင်    ̶က̶̶ု̶̶လ̶̶ာ̶̶း̶လေး စွန်နယားက ဈေးခြင်းတောင်းထမ်း၍ ကိုအဏ္ဏဝါ၏ နောက်က လိုက်ရသည် ။ အဲဒီတုန်းက စွန်နယား၏အသက် ဆယ့်ငါးနှစ်ခန့်သာ ရှိပေလိမ့်မည် ။ ရဲဘော်တွေ မဝတ်ချင်တော့၍ ချွတ်ပစ်ထားသည့် ဘောင်းဘီ ၊ အကျီနွမ်းနွမ်း ပွပွကြီးတွေကို ဝတ်ထားသည် ။ အရာရှိ နှင့် ရဲဘော်များ စားပြီးကျန်သည့် ထမင်းကျန် ဟင်းကျန်တွေကို စားသည် ။ ခိုင်းတာကို မညည်းမညူ လုပ်သည် ။ သင်္ဘောမှာရှိသည့် မိုးရေကာဖျင်တာပေါ်လင် အဟောင်းအစုတ်တွေကို ခင်းတာခင်း ၊ ခြုံတာခြုံပြီး ကြုံရာမှာ အိပ်သည် ။ နိုးသည့်အချိန်မှာထပြီး ခိုင်းတာလုပ်သည် ။


စွန်နယားသည် အဖေနှင့်အမေ ဆိုတဲ့ လူသားနှစ်ဦးကို မမြင်ဖူး၍ လူ့ဘဝကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာသည်ကို သိသူမဟုတ် ။ သူ့ဘဝကို သူမှတ်မိသည့် အချိန်မှာ စစ်တွေမြို့ အပြင်ဘက်ရှိ    ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ရပ်ကွက်ထဲက တဲအိမ်လေး တစ်လုံးမှာ သူ့အဘိုး   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ကြီးနဲ့ အတူ နေရတာကစပြီး မှတ်မိနေသည် ။ သူ့အဘိုး ပြောပြလို့ ဝိုးတိုးဝါးတားကြား သိရတာက သူ့ကိုမွေးပြီး သူ့အမေ သေတော့ သူ့အဖေ ကလေကချေက အိမ်နားယာနား မကပ်တော့ပဲ ခြေရာဖျောက်သွား တော့သည်ဟု ဆိုပါသည် ။ သူ့အဘိုးမွေးထားသည့် ဆိတ်မကြီးကို နို့ညှစ်ရောင်းပြီး ရသည့် ပိုက်ဆံ တစ်ကျပ်ခွဲ ၊ နှစ်ကျပ်ဖြင့် ဆန်ဝယ် ဆားဝယ်ပြီး မြေးအဖိုးနှစ်ယောက် စားနေခဲ့ ကြရသည် ။ ကလေးဘဝမှာ မုန့်ဆိုတာ တစ်ခါမှ မစားဘူးပဲ လမ်းပေါ်မှာ ကြွေကျနေသည့် သရက်သီး ၊ မရမ်းသီး အပုပ်အမှည့်တွေကိုသာ ကောက်စား ခဲ့ရသည်ဟုဆိုသည် ။ စွန်နယား အသက် တစ်ဆယ့်သုံးနှစ်ခန့် အရွယ်တွင် စွန်နယားတို့ ရပ်ကွက်ထဲသို့ မျက်စိလည်ပြီး ရောက်လာသော ရေတပ်သား ရဲဘော်တစ်ယောက်နှင့် စွန်နယားတို့ မိတ်ဆွေ ဖြစ်ကြပြီး အဆိုပါ ရဲဘော်က စွန်နယားကို သူ့ သင်္ဘောသို့ ခေါ်လာခဲ့သည်ဟု ဆိုပါသည် ။ သင်္ဘောပေါ်ရောက်တယ် ဆိုရင်ပဲ စွန်နယားသည် သူ့အဖိုး၏ တဲကလေးသို့ မပြန်တော့ပဲ သင်္ဘောမှာပဲ နေတော့သည်ဟု ဆိုသည် ။ ကိုအဏ္ဏဝါ အဲဒီသင်္ဘောကို ရောက်သွားသောအခါ စွန်နယားက စီနီယာ သင်္ဘောသား ဖြစ်နေပေပြီ ။


ကိုအဏ္ဏဝါ မစ်အင်ချတ်ဖြစ်ပြီး ဈေးဝယ်ထွက်ရသောအခါ စွန်နယားကို အားကိုးအားထား ပြုရသည် ။ ဘာပစ္စည်း ဘယ်မှာ ရသည် ။ ဘယ်‌ေဈးသည်က ဈေးသက်သာသည် ။ ဘယ်ဈေးသည်က အလေးခိုးသည် စသည်တို့ကို စွန်နယား သိသည် ။ စစ်တွေ ဈေးကြီးထဲက သားငါးပုစွန် ဈေးသည်တွေကလည်း ရေတပ်သင်္ဘောတွေက ဈေးဝယ်သူတွေကို ဈေးရောင်းချင်၍ စွန်နယားကို ပေါင်းထားကြရသည် ။ လက်ဖက်ရည် ခေါ် တိုက်သူ ၊ မုန့်ဝယ်ကျွေးသူတွေ ရှိနေသည် ။ ရဲဘော်တွေ လခထုတ်ရက်ဆိုလျှင် စွန်နယားရဲ့ အိတ်ကပ်ထဲမှာ ငွေနဲ့ ကြေးနဲ့ပင် ဖြစ်‌ေနတတ်သည် ။ ကိုအဏ္ဏဝါ ဆင်မြန်းပေးထားသည့် လုံချည်အသစ် ၊ အင်္ကျီအသစ်တွေနဲ့ပြောင်ပြောင်ရောင်ရောင်ဖြစ်နေ၍ ၁၉၆၄ - ၆၅ခုနှစ် တစ်ဝိုက်သည် စွန်နယားရဲ့ ရွှေခေတ်ဟုပင် ဆိုနိုင်သည် ။


၁၉၆၆ - ခုနှစ်ခန့်တွင် ကိုအဏ္ဏဝါတို့သင်္ဘောကို ရန်ကုန်သို့ ပြန်လာရန် အမိန့်ထွက်လာသောအခါ အရာရှိနှင့် ရဲဘော်များအားလုံး ဝမ်းသာ ပျော်မြူး နေကြသော်လည်း မစားနိုင် မအိပ်နိုင်ပဲ တမှိုင်တွေတွေ ဖြစ်နေသူမှာ စွန်နယားဖြစ်သည် ။ သူ့အဘိုးသေလို့ အသုဘစရိတ် စိုက်ထုတ်ထားသူက ဆိတ်မကြီးနဲ့ တဲကလေးကို အကြွေးနဲ့ သိမ်းလိုက်သည်ဆိုသည့် သတင်းကို ကြားထားလေတော့ အားကိုးရာမဲ့ပြီ ၊ ဘဝပျက်ပြီဆိုသည့် အတွေးဖြင့် ငေးငေး ငိုင်ငိုင် ဖြစ်နေရှာသည် ။ လောကဓံ လှိုင်းတံပိုးကြီးတွေရဲ့ ဆောင့်တိုက် မှုဒဏ်ကို အရွယ်နဲ့ မမျှအောင် ခံစားနေရရှာသည့် စွန်နယားကို သနားမည့် သူကလည်း များများစားစား မရှိ၍ ပိုပြီး အားငယ်နေဟန် တူပါသည် ။ စစ်တွေမြို့ ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာရမည့် နေ့မှာတော့ သူ့အဝတ်အစား အထုပ်ကလေးကိုပိုက်ပြီး ငိုနေသည့် စွန်နယားကို ရေယာဉ်မှူးက မြင်သွားပြီး ပစ်ဟောက်ပါလေတော့သည် ။


“ ဟေ့ကောင် ... သူများတွေ ပျော်နေတဲ့ အချိန်မှာ မင်းက မင်္ဂလာမရှိ ငိုမနေနဲ့ကွာ ၊ တိတ်စမ်း အဲဒီ အထုပ်ကို သွားထား ၊ မင်းလည်း ရန်ကုန် လိုက်ခဲ့ပေတော့ ”


ရေယာဉ်မှူးသည် စွန်နယားကို ဟောက်ပြီးသည်နှင့် ရေယာဉ်ကို ကြိုးဖြုတ်ထွက်ခွာရန် အမိန့်ပေးလိုက်ပါတော့သည် ။ မမျှော်လင့်သော အခွင့်အရေးကိုရလိုက်၍ စွန်နယားသာမက ရဲဘော်များပါ ဝမ်းသာသွားကြလေသည် ။ စွန်နယားကို သနားနေကြသူများက ရေယာဉ်မှူး ကို အထူးကျေးဇူးတင်ကြသည် ။ ငိုနေရာမှ ပြုံးလာသည့် စွန်နယား၏ မျက်နှာမှာ သကာရည်စိမ်ထားသလား အောက် မေ့ရသည် ။ စစ်တွေမှ ရန်ကုန်ခရီးတစ်လျှောက် မှာ လှိုင်းမူးနေတဲ့ကြားက ခိုင်းတာတွေကို ကြိုးစားလုပ်ပြီး လိုက်ပါလာသည် ။


ရန်ကုန်ရောက်တော့လည်း ကိစ္စကမပြီးသေး ၊ စွန်နယား၏ရှေ့ရေးနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ကြရပြန်သည် ။တစ်ယောက်ယောက်၏ အိမ်မှာ ခေတ္တခေါ်ထားမလား ၊ မွေးချင်သူရှာပြီး အလကား ပေးလိုက် မလား ၊အလုပ်အကိုင် ရှာဖွေပေးရမှာကလည်း စာက မတတ် ၊ အရွယ်က ငယ်သေး၍ ခက်နေသည် ။ ရဲဘော်များ စုပေါင်းရံပုံငွေဖြင့် သမ္မာန် တစ်စီးဝယ်ပေးပြီး ဒေါပုံနဲ့ ပုစွန်တောင် ထင်းပုံဆိပ် ကူးတို့ဆွဲခိုင်းထားရကောင်းမလား စသည်ဖြင့် အမျိုးမျိုး စဉ်းစားကြရတော့သည် ။


စွန်နယား ပြဿနာနှင့်ပတ်သက်၍ အောက်ခြေအဆင့်မှာ ညှိနှိုင်းအစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး အမျိုးမျိုး စဉ်းစား၍ အဖြေရှာမတွေ့ ဖြစ်နေစဉ် တစ်နေ့မှာ ရေယာဉ်မှူးက စွန်ယားကို သူ့ကားပေါ် တက်ခိုင်းပြီး ခေါ်သွားပါလေတော့သည် ။ အဲဒါဟာ ကိုအဏ္ဏဝါ စွန်နယားကို နောက်ဆုံး မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည် ။ အဲဒီနောက် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာပြီးမှ ယခုတစ်ဖန် ပြန်တွေ့ရခြင်း ဖြစ်သည် ။ ပြန်တွေ့ကြသည့် အခါမှာတော့ စွန်နယားက ကိုအဏ္ဏဝါ ကို ပြုံးပြီး ကြည့်နေသည် ။


“ ဗိုလ်မှူးက ကျွန်တော့်ကို မွေးစားလိုက်တယ် အစ်ကိုကြီးရဲ့”


“ ဟေ ”


ကိုအဏ္ဏဝါ အံ့ဩ ဝမ်းသာသွားသည် ။ စွန်နယား ပြောသည့် ဗိုလ်မှူးဆိုတာ ကိုအဏ္ဏဝါတို့သင်္ဘောက ရေယာဉ်မှူးကို ပြောခြင်းဖြစ်သည် ။ ဗိုလ်မှူးသည် ဝါသနာပါ၍ စစ်တပ်ထဲ ဝင်သော်လည်း ယောက္ခမ မိဘတွေက ချမ်းသာကြသည်ဟု ကြားဖူးသည် ။ သားသမီး မထွန်းကားဟုလည်း ကြားဖူးသလိုလိုရှိသည် ။ သူ့အကြောင်းနှင့်သူ ၊ ကိုယ့်အကြောင်းနှင့် ကိုယ်မို့လို့ ဗိုလ်မှူးအကြောင်းကို မေ့မေ့ပျောက်ပျောက် နေခဲ့သည် ။ ယခု စွန်နယားနဲ့ ပြန်တွေ့တော့မှ အကြောင်းစုံကို မေးရ မြန်းရတော့သည် ။


စွန်နယား ပြောပြချက်အရ ဗိုလ်မှူးသည် တပ်မတော်မှ အနားယူပြီး နိုင်ငံခြား သင်္ဘောလိုင်း လိုက်သေးသည် ။ အသက်ကြီးလာသည့်အတွက် သင်္ဘော မလိုက်ချင်တော့၍ ဖက်စပ်လုပ်ငန်း အချို့တွင် အစုရှယ်ယာဝင်ထားသည်သာမက ပုဂ္ဂလိက လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသည် ။ စွန်နယားကို အိမ်ဖော်ကောင်မလေးနဲ့ လက်ထပ်ပေးပြီး သားနဲ့ သမီးအဖြစ် မွေးစားထားသည်ဟု ဆိုသည် ။ အသက်ကြီးလာပြီဖြစ်၍ သံသရာအရေး မျှော်တွေးပြီး အတွင်းပစ္စည်း အချို့ကို ရွှေတိဂုံ စေတီတော်စာရင်း ခေါင်းစဉ်ဖြင့် ဘဏ်မှာအပ်နှံထားပြီး ကျန်ပစ္စည်း အားလုံးနှင့်တကွ အိမ်နှင့် မော်တော်ကားကိုပါ စွန်နယားတို့ လင်မယားကို အမွေ

ပေးခဲ့ရန် ဆုံးဖြတ်ပြီး ဖြစ်သည်ဟု သိရသည် ။


ကိုအဏ္ဏဝါသည် ဝမ်းသာပီတိဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လျက် သက်ပြင်း ချလိုက်သည် ။ အဆိုးဝါးဆုံးသော ဘဝဖြင့် စခဲ့သည့် လူသားတစ်ဦးသည် ကံကြမ္မာ အလှည့်အပြောင်းမှာ ကံကောင်း မြောင်း

တည့်ပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပုံကို မြင်တွေ့ရ၍ ဝမ်းသာ အံ့ဩ နေခြင်း ဖြစ်သည် ။ လူ့ဘဝဆိုတာ ပုခက်နဲ့ ခေါင်းတလား အကြား ကာလမှာ ဖြစ်ပျက်နေတဲ့ အနိမ့်အမြင့် အတက်အဆင်းတွေအတွက် ရုန်းကန် လှုပ်ရှား နေခြင်းပါကလားဟု သတိတရား ရနေခြင်းလည်း ဖြစ်သည် ။


စွန်နယားက ကိုအဏ္ဏဝါကို အကြောင်းရှိက ဆက်သွယ်နိုင်ရန် လိပ်စာတောင်းသည် ။ သူ့နေရပ်လိပ်စာနှင့် တယ်လီဖုန်း နံပါတ်ပါသည့် ကဒ်ပြားလေးကိုလည်း ထုတ်ပေးသည် ။ ( ဦးတင်အောင်ဝင်း ၊ ရောင်းဝယ် ရေးနှင့် အထွေထွေ လုပ်ငန်းကိုယ်စားလှယ် ၊ ကန်ရိပ်သာ ၊ ကမ္ဘာအေး ) ပါတဲ့ ခင်ဗျား ၊ သာကေတ လိပ်စာကို ရေးပေးနေသည့် ကိုအဏ္ဏဝါ၏ လက်တွေ တုန်နေသည် ။


“ အော် ဒါထက် စကားမစပ် ... အစ်ကိုကြီး ဘာလုပ်နေလဲ ”


“ နေဗီထွက် ဆိုတော့ ထုံးစံအတိုင်းပေါ့ကွာ ... သင်္ဘောသား ”


“ နားနေတာ ကြာပြီလား --- ပြန်မလိုက်သေးဘူးလား ”


“ ဟ ... လိုက်ချင်တိုင်း လိုက်လို့ရတာမှ မဟုတ်ပဲကွ ... ၊ သင်္ဘောသားဆိုတာ တန်းစီဇယား အလှည့်ရောက်လို့ ဆလိုက်ရှင်ဝင်ပြီး အရွေးခံရမှ လိုက်လို့ရတာ ၊ ပြန်လိုက်လို့ရရင် ဒီနေ့ညတောင် လိုက်ချင်တယ် ”


စွန်နယားသည် ကိုအဏ္ဏဝါကို စူးစိုက်ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည် ။ အတန်ကြာမှ တည်ငြိမ်လေးနက်သည့် လေသံဖြင့်ပြောလိုက်သည် ။


“ အစ်ကိုကြီးရဲ့ လိုင်စင်ဓာတ်ပုံ ဆယ်ပုံနဲ့ စီဒီစီ ပါတ်စ်ပို့တွေကို ဖိုတိုကော်ပီကူးပြီး ကျွန်တော့်ကိုလာပေးပါ ။ ကျွန်တော်တို့လိုင်းမှာ ထည့်ပေးလိုက် မယ် ။ ကဲ ...ကျွန်တော် သွားလိုက်ဦးမယ် ... ဟိုမှာ မာမီ ရောက်နေပြီ ”


ဟိုမှာ မာမီ ရောက်နေပြီဆိုပြီး သူ လှမ်းကြည့်သည့် နေရာကို ကိုအဏ္ဏဝါ လှည့်ကြည့်လိုက်ရာ အသက်ခြောက်ဆယ်ခန့် ဖြူဖြူချောချော အမျိုးသမီးကြီး တစ်ဦးကို စွန်နယား၏ ကားအနီးမှာ ရပ်နေတာ တွေ့လိုက်ရသည် ။ ကိုအဏ္ဏဝါ၏ ဆရာ ဗိုလ်မှူးကတော်ဖြစ်မည် ။ စွန်နယား က အအေး နှစ်ခွက်ဖိုး ပိုက်ဆံရှင်းပြီး သူ့ကားဆီသို့ လျှောက်သွားသောအခါ ကိုအဏ္ဏဝါပါ ရောယောင်ပြီး စွန်နယား၏ နောက်က လိုက်သွားမိသည် ။ စွန်နယားက ကိုအဏ္ဏဝါကို သူ့မာမီနဲ့မိတ်ဆက်ပေးသည် ။ ခင်မင်မှု သမိုင်းအစဉ်အလာကိုလည်း တိုတိုဖြင့် ငုံမိအောင် ပြောပြသည် ။ ဦးတင်အောင်ဝင်း ( စွန်နယား ) နှင့် ပတ်သက် ၍ နှစ်ဦးနှစ်ဖက် ဝတ်ကျေ တန်းကျေ ပြုံးပြကြရသည် ။ စွန်နယားက သူ့မာမီ ကားပေါ် တက်နိုင်ရန် ကားတံခါး ဖွင့်ပေးရသလို စွန်နယား ကားပေါ်တက်ခါနီးမှာလည်း ကိုအဏ္ဏဝါ က မရည်ရွယ်ပဲ အမှတ်တမဲ့ ကားတံခါးဖွင့်ပေးမိလျက်သား ဖြစ်သွားလေသည် ။


စွန်နယားက ကားစက်နှိုးပြီး မောင်းထွက်ခါနီးမှာ ကိုအဏ္ဏဝါ ကို သူပြောတာတွေ အမြန်ဆုံး လုပ်ပြီး လာပေးဖို့ ထပ်ပြောသည် ။


“ မြန်မြန်လုပ်နော် အစ်ကိုကြီး ဒီလအတွင်းမှာ ထွက်ရမယ် ”


“ ဟုတ် ... ဟုတ်ကဲ့ စိတ်ချပါ ဆရာ ”


စွန်နယား၏ကား ထွက်သွားတော့မှ ကိုအဏ္ဏဝါ သူ့ပါးစပ်ကို လက်ဝါးနဲ့ ပိတ်ထားမိလိုက်သည် ။ ခေါ်လိုက် မိပြန်ပြီ ... ဆရာ လို့ ။


အော် ... ကိုအဏ္ဏဝါ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန် လှုပ်ရှားရသည့် ဘဝလမ်းခရီး တစ်လျှောက် မှာ ဆရာတွေ များလွန်း၍ ဆရာခေါ်သည့် အကျင့်ပါနေသော ကိုအဏ္ဏဝါမှာ ခွေးမသား ဟုခေါ်ပြီး နှုတ်ဆက်ခဲ့သည့် စွန်ယားကိုပါ ယောင်ပြီး ဆရာ ခေါ်မိလျက်သား ဖြစ်သွားလေပြီတကား ။


◾ အဏ္ဏဝါစိုးမိုး


📖  ရွှေအမြုတေ

       အောက်တိုဘာလ ၊ ၁၉၉၃ ခုနှစ်


koaungnaingoo.blogspot.com


.

Thursday, July 29, 2021

တစ္ဆေမ


 ❝ တစ္ဆေမ ❞

ဘဦးသည် မိမိ၏ ဇနီးသည်ဖြစ်သူ မလှစိန်နှင့် ကွဲ၍လာပြီးတည်းက အကြီးအကျယ် မကျန်းမမာဖြစ်ရာ သုံးလကျော်ကျော် ကြာခဲ့လေ၏ ။ များစွာသော ဆရာတို့ လက်လျှော့သဖြင့် ရန်ကုန်ဆေးရုံကြီးကိုတက်၍ ကုသခြင်းခံခဲ့ပြီးမှ ဆရာဝန် ၊ ဆရာမတို့၏ ကျေးဇူးကြောင့် ကျန်းမာချမ်းသာ၍ ၊ ဆေးရုံမှ ဆင်းခဲ့သည်မှာ တနင်္ဂနွေ တစ်ပတ်မျှ ကြာခဲ့လေ၏ ။ ဇနီးဖြစ်သူအပေါ်၌ အထင်လွဲ၍ ကွဲခဲ့ခြင်းဖြစ်ရာ ၎င်း၏ထံမှ လည်းကောင်း ၊ ၎င်းမိဘများထံမှ လည်းကောင်း စာတစ်စောင်မှ မရ ၊ စိတ်နာ၍ မပေးဘဲနေကြတာပဲဟု ဘဦး ၏စိတ်၌ အယူရှိလေ၏ ။ စွန့်ခွာ၍ မလာမီကလည်း အထင်လွဲခြင်းကြောင့် မယားသည်လှစိန်ကို အနာတရ ရိုက်နှက်ခဲ့လေ၏ ။ သို့ခွဲ၍လာပြီး တနင်္ဂနွေ တစ်ပတ်မျှ ကြာသောအခါ ကြို့ပင်ကောက် မြို့ ရောက်လာသော မိမိ၏ အသိများက စိတ်ချယုံကြည်လောက်အောင် ပြောကြသဖြင့် လှစိန်မှာ လုံးလုံးကြီး အပြစ်မရှိ ။ မိမိက မူးယစ်မိုက် မှားပြီး မတရား တလွဲထင်၍ နှိပ်စက်ရိုက်နှက် ထွက်လာခဲ့မိသည့် အကြောင်းကို သိရလေ၏ ။

သို့ဖြစ်လေရာ မိမိ၏အပြစ်ကြောင့် လှစိန်ထံသို့ မပြန်ရဲ ။ လှစိန်၏ မိဘများကလည်း မိမိအပေါ်၌ စိတ်နှာမှာပဲဟုအောက် မေ့ကာ မပြန်ဘဲနေခိုက် မှာ မယားစိတ်နှင့် ရတက်ဖြာ၍ နေရာတွင် မကျန်းမမာ ဖြစ်ခဲ့လေ၏  ။ ယခုမှာကား မိုးရိပ်မိုးရောင်ကလေးများ မှိုင်းညိုကာသမ်း ၊ တိမ်ရက်ပန်းကြွသော လရာသီ ဖြစ်သဖြင့် တစ်ကြောင်း ၊ နာလန်ထခါစ ဖြစ်သဖြင့် တစ်ကြောင်း ၊ ကွဲကွာနေသည်မှာ အတော်ကြာသောကြောင့် လည်းကောင်း ၊ မိုးတိမ်တို့ကို ရှုမျှော်ရင်း လှစိန်၏ မျက်နှာကလေးကို အခါတစ်ပါးနှင့်မတူ တိုး၍ ထင်မြင်လေ၏ ။ ငါမှားလေခြင်း ၊ ငါ့မယားမှာ အပြစ်မရှိဘဲလျက် ငါနှိပ်စက် ထွက်၍ လာမိလေခြင်းဟု စဉ်းစားဆင်ခြင် အသည်းတွင် မနည်းနာ၍ နေလေ၏ ။

မိုးသံလေသံတွေ ဖြိုးလျှံ၍ လာလေလေ ၊ အဆွေးလုံးကြီးတွေ ရင်ကို ဆို့ကာ ဆို့ကာ တက်၍လာလေလေ ၊ အသည်းထဲမှာ နာလေလေ ဖြစ်လေ၏ ။သို့ဖြစ်သောကြောင့် ဟိုကျန်းမာစဉ်အခါက မသွားရဲ ၊ မပြန်ရဲသော်လည်း ယခုမှာကား မနေနိုင်အောင် ဖြစ်လှသဖြင့် ပြန်ရတော့မှာပဲဟု စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်ရလေတော့သတည်း ။ သို့ဖြစ်သောကြောင့် ကြို့ပင်ကောက် မြို့ ရှေ့စွန်းနား ထန်းတောနှင့် မနီးမဝေး မဒရပ် အိမ်မြင့်ကလေးအောက်သို့ ရောက်၍ သွားလေ၏ ။

အသက် ( ၁၄ ) နှစ် အရွယ်ခန့်ရှိသော မိန်းမပျိုကလေး တစ်ယောက်သည် ဘဦး ဝင်ရောက်လာသောအခါ ကြောင်တောင်‌ေငးလျက် ကြည့်၍နေလေ၏ ။ ဘဦး ရှိစဉ်က ၎င်းသူငယ်မကလေး မရှိသဖြင့် မည်သူမည်ဝါဟု မသိသောကြောင့် အိမ်မှားဝင်လာလေသလား ၊ မှားဖို့ လည်း မရှိပါဘူးလေဟု အောက်မေ့ကာ “ ဒါ မလှစိန်တို့အိမ် မဟုတ်လား ” ဟု မေးလေ၏ ။

“ ဟုတ်ပါတယ်ရှင် ၊ မလှစိန်ယောက်ျား မဟုတ်လား ၊ ကျွန်မ ဓာတ်ပုံကို မြင်လို့မေးတာပါ ၊ ကျွန်မ သူ့ရဲ့ညီမဝမ်းကွဲ မန္တလေးမြို့ကပါ ၊ ရှင်တို့ လင်မယား ကွဲနေတယ်လို့ ကြားပါကလား ၊ အခုအိမ်မှာ ဘယ်သူမှ မရှိဘူး ၊ မလှစိန် အဖေတော့ အလှူကိုသွားတယ် ၊ အမေတော့ စိတ်မကောင်းလို့ အိပ်နေတယ် ၊ အိပ်ပျော်နေတယ် ထင်ပါရဲ့  ၊ မနိုးသေးဘူး ” ဟု ငြိမ်သက်သော ရုပ်အသွင်နှင့် မလိုက်အောင် စကားကို စဉ်တိုက်ဆက်ကာ ငေးရင်း ၊ တွေးရင်း လိုလို ၊ တစ်ခါတစ်ခါ အဝေးထန်းတောကြီးကို မျှော်ရင်း မျှော်ရင်း ပြောလေ၏ ။

“ လှစိန်ကော ” ဟု ဘဦးက မေး၏ ။

“ နားထောင်ပါ ။ ကျွန်မ ပြောပါ့မယ် ၊ အမယ်လေး လှစိန်လေ .. ကျွန်မ ပြောတောင်မပြောချင်ဘူး ၊ အဲ ... ခုလို အချိန်လောက်ပဲ ဖြစ်ပါလိမ့်မယ် ၊ ရှင် ထွက်သွားပြီး တစ်လလောက်အကြာမှာ ဟောဟို ထန်းတောနားကိုသွားပြီး သရက်ပင်တစ်ပင် အကိုင်းမှာ ကြိုးဆွဲချသေတယ် ၊ ဒါကြောင့် အရီး စိတ် မကောင်းတာပေါ့ ” ဟု ပြောလေ၏ ။

ဘဦးသည် ဇက်ကိုဝါးရင်းတုတ်နှင့် အနှက်ခံရသလို ဖြစ်၍သွားလေ၏ ။ သို့သော်လည်း နဂိုက အတော်စိတ်ခိုင်မာသူဖြစ်သဖြင့် စိတ်ကို ချုပ်ကာ အံကြိတ်လျက် အကြောင်သားနေလေ၏ ။ မျက်ရည်များကိုကား ချုပ်၍မရချေ ။ ရင်ဘတ်မှာ လှိုင်းကြီးတွေထလျက် ရှိုက်ကာရှိုက်ကာ တက်တော့မလို ဖြစ်လေ၏ ။ နှုတ်ခမ်းကိုကိုက်ပြီး နှာရည်များကို လက်ကိုင်ပဝါနှင့် သုတ်၏ ။ ငါ့အတွက်ပါပဲ ၊ ငါရိုက်လို့ ငါ့မယား ငါ့စိတ်နဲ့ သေရရှာတော့တာပါပဲဟု ယူကျုံးမရ အပူလုံးကြီး ကြွ၍နေလေ၏ ။

သူငယ်မ ကလေးသည်ကား ၎င်းကို မကြည့်ဘဲ ထန်းတောဘက်သို့ မျှော်ပြန်လေ၏ ။ ထို့နောက် စကားဆက်ကာ “ အခါတိုင်း ဒီအချိန်မှာ သူ ရေခပ်သွားတာပဲ ။ ရေခပ်ပြီးရင် ဟောဟိုခြံစည်းရိုးအကြားက ရေအိုးကို ရွက်ပြီး ဖြတ်ဖြတ်ဝင်လာတာပဲ ။ အဲဒီနေ့မှာတော့ ပြန်မလာဘူး ။ အရီးမှာတော့ကာ အဲဒီကတည်းက စပြီး စိတ်နောက်သွားတာပဲ ၊ အခုထက်ထိ ဒီခြံစည်းရိုးလမ်းကြား တံခါးကို ဖွင့်ထားတာပဲ ။ အမယ်လေး ဒီခြံစည်းရိုးအကြားက ရေအိုးရွက်ပြီး ပြန်လာလိမ့်မယ်လို့ သူ့စိတ်ထဲမှာ စွဲနေရှာတာကိုးရှင့် ၊ တော်တော်ကြာ အိပ်ရာကနိုးရင် မျှော်ပါလိမ့်မယ် ၊ အရီးတော့ ဘာပြောစရာရှိမလဲ ။ ကျွန်မတောင် တစ်ခါတစ်ခါ ထင်မြင်နေတာပဲ "

ဘဦးသည် မိမိ၏ကြီးလေသော မိုက်မှားခြင်းအတွက် မိမိကိုယ်ကို ဒေါသ ဖြစ်ကာနေ၏ ။ မေးမြန်းပြောဆို ငိုယိုပြီးတွားသော်လည်း အလဟဿအကျိုးမဲ့ ဖြစ်တော့မှာပဲဟု အောက် မေ့ကာ ကြောင်တောင်‌ေငးလျက် ဆိတ်ငြိမ်စွာ နားထောင်၍သာ နေလေ၏ ။ ဦးခေါင်းကိုငုံ့ကာ မိမိ၏ဆံပင်များကို လက်နှင့် ဖြတ်တော့မလို ဆုပ်ကိုင်လှုပ်ရှားကာသာ နေလေ၏ ။

ထိုအခိုက်တွင် ယောက္ခမကြီး ဆင်း၍လာလေ၏ ။

“ မင်း မမာလို့ ဆေးရုံတက်နေတယ် ကြားပါတယ်  ၊ ငါတို့တော့ သတင်း နားထောင်လျက်ပါပဲ ” ဟု ဘဦး၏ ညှိုနွမ်းပူပင်သော မျက်နှာကိုကြည့်ကာ ပြောလေ၏ ။ ထို့နောက် စကားဆက်ကာ လှစိန်ကတော့ မင်းတစ်နေ့ ပြန်လာလိမ့်မယ်လို့ စိတ်ချနေတာပဲ ၊ အခု လာပါလိမ့်မယ် ဟိုထန်းတောဘက်ကို ရေခပ်သွားတယ်ဟု ပြောလေ၏ ။

သူငယ်မကလေးက ဘဦးကို မျက်စပစ်ကာကြည့်၏ ။ ဘဦးက ယောက္ခမကြီးကို သနားသဖြင့် အပူမီးကို ထပ်၍မွှေးသလို နေမှာစိုးသောကြောင့် ၊ မိမိ၌ ဖြစ်ပွားသော သောကအရိပ်အယောင်ကို ပပျောက်အောင် ကြိုးစားလျက် ၊ စိတ်နောက်၍နေသော ယောက္ခမကြီးကို ကြင်နာသနားပြီး မေးမြန်းခြင်းကို မပြုဘဲနေလေ၏ ။

ဪ .. ငါ့အတွက် သေသူကသေ ၊ ရူးသူကရူး ဖြစ်နေရှာပါကလားနော် ၊ သနားစရာ ကောင်းလိုက်ပါဘိတော့တယ် ၊ ငါတော့ ဒီဝဋ်ကို ခံရမှာ ဆဲဆဲပါကလားဟု စဉ်းစားကာ အရူးသွေးကို ပို၍နောက် မှာစိုးသဖြင့် အခြားအကြောင်းကို ပြောမည်ပြုပြီးမှ ၊ အဲလေ သူ့သမီး ရှိသေးတယ်လို့ ထင်မှတ်နေရင်လည်း သက်သာခြင်းတစ်ခုပါပဲ ၊ ဒီလိုမှ စိတ်ဖောက်ပြန်ပြီး ဒီလို ထင်မနေရင် ရင်ထဲမှာ မီးတောက်ပြီး သေဖို့တောင် ရှိပါကလားလေ ၊ ထင်တာကိုပဲ ပြောနေပါစေတော့ဟု အောက် မေ့ကာ နားထောင်၍သာ နေရှာလေ၏  ။ အမယ်ကြီးကို သနားသဖြင့် မိမိ၏သောကမှာ အနည်းငယ် သက်သာသလို ဖြစ်လေ၏ ။ ထို့နောက် မိန်းမကြီးက စကားဆက်ကာ ပါးစပ်ကတော့ ဘယ်တော့မှ တေးဆို မပြတ်ဘူးကွဲ ၊ စိတ်ကလည်းမကောင်း ၊ အရူးလို ဖြစ်နေတယ် ထင်ပါရဲ့  ၊ မင်းကြောင့် ဖြစ်တာပဲ ၊ ငါတို့တော့ မင်းကို စိတ်မဆိုးပါဘူး ၊ မတော်တဆ အထင်မှားတာကိုးဘွဲ့ဟု ပြောပြီး ၊ သူငယ်မကလေးကိုကြည့်ကာ “ ဟဲ့ သူဆိုတဲ့ တေးဟာဘာလဲ ၊ တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့ ဘာဆိုလဲဟယ် ၊ အဲဒီတေးကို အမြဲဆိုဆိုပြီး ၊ ရေအိုးကို ရွက်ရွက်လာတာပဲ ၊ မကြာမီ ကြားရပါလိမ့်မယ် ၊ အဝေးကြီးက ဆိုလာတာပဲ ” ဟု ပြောလေ၏ ။

သူငယ်မကလေးသည် ဘဦးကို တစ်ဖန် မျက်စပစ်ပြန်လေ၏ ။ ဘဦးသည်ကား .. ဒုက္ခ .. ဒုက္ခဟုတွေးပြီး ကြင်နာသော အမူအရာနှင့် အမယ်ကြီး၏ မျက်နှာကိုကြည့်ပြီး ခေါင်းငုံ့ကာ နားထောင်လေ၏ ။

ထိုအခါ နေမင်းကြီးသည် အနောက်ဘက်၌ စက်ဝိုင်းကြီးဖြစ်၍ နေလေ၏ ။ လေသည် သုတ်နှင်၍လာလေ၏ ။ ထန်းပင်များ၏ အရွက် များသည် ဆတ်ဆတ်တုန်လှုပ်ကြလေ၏ ။ အမယ်ကြီးသည် ထန်းတောဘက်သို့ ပြုံးရွှင်သော မျက်နှာနှင့် မျှော်လေ၏ ။ “ ဟော ... လာပါပကော ၊ ဟောဟိုတောစပ်မှာ ရေအိုးရွက်လို့ ” ဟု ပြောလေ၏ ။ သူငယ်မကလေးက တစ်ဖန်ပြုံး၍ မျက်စပစ်ပြန်၏ ။

ဘဦးသည် ထန်းတောဘက်ကို လှမ်းမျှော်ကာ ကြည့်လေ၏ ။ နေမင်းတို့ တိမ်ကွယ်သဖြင့် မှေးမှောင်သော တောစပ်၌ ရေအိုးကို ရွက်လျက် လာ၍နေသော သဏ္ဌာန်တစ်ခုကို မထင်မရှား မြင်ရလေ၏ ။ ထိတ်လန့်အံ့ဩမိန်းမောတွေဝေကာ မျက် မှောင်ကုတ်လျက် စူးစိုက်ကာကြည့်၏ ။ အင်း ... လှစိန် သွားပုံလာပုံပါပဲ ၊ အမျှ အမျှ လှစိန် အမျှကွဲ့ ဟု စိတ်၌ အောက် မေ့ရင်း မျက်ရည်လည်၍ လာ၏ ။ ငါလာတာ သိလို့ ပြတာပါပဲဟု ဣန္ဒြေ မဆည်နိုင်အောင် ဖြစ်ရရှာလေသတည်း ။

နေသည် တိမ်အောက် မှ လွတ်ပြန်၏ ။ သဏ္ဌာန်သည် ပိုမိုထင်ရှား၍လာ၏ ။ ဘဦးသည် ထိုင်ရာမှထ၍ မျှော်၏ ။ “ အမယ်လေး ကျုပ်မယား လှစိန်ပါပဲကွဲ့  ၊ အမိုက် မကြီးရဲ့ " ဟု တိုးတိုးပြောကာ မျက်ရည်ကို သုတ်လေ၏ ။ ဘဦးသည် ခြံစည်းရိုးအပြင်သို့ ရောက်၍ သွားလေ၏ ။ စိုက်ကာ ကြည့်၍ နေပြန်လေ၏ ။ လှစိန်ထံသို့လည်း စွန့်၍ မသွားရဲချေ ။ ညီအစ်ကို မသိတသိ အချိန်ဟာ ခြောက်တတ်တဲ့အချိန်ပဲဟု အယူ ရှိလေ၏ ။ ကြက်သီးများ တဖြန်းဖြန်း ထလေ၏ ။

သို့ ကြည့်၍နေခိုက်တွင် သာလွန်အံ့ဩဖွယ် ဖြစ်၍လာပြန်သည်ကား “ တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့ မောင်ရယ် " ဟူသော တေးသံကို ကြားရခြင်း ဖြစ်လေ၏ ။ အမယ်လေး လှစိန်ရဲ့  ၊ အခုအထိ မင်း အပူသည်ဖြစ်၍နေရတဲ့ ဒုက္ခကို ခံနေရပါကလား ၊ အမျှ လှစိန် အမျှ ကောင်းရာကိုသာ သွားပေတော့ ၊ ငါကြာကြာ မနေဘူး လှစိန်ငါလိုက်ခဲ့မယ်ဟု ပြောလေ၏ ။ ထိုအခိုက်တွင် အသံရော ၊ သဏ္ဌာန်ရော နီးလာလေ၏ ။နေဝန်းကြီး ဝင်းခနဲ လင်းပြန်၏ ။ လှစိန်၏သဏ္ဌာန်သည် မျက်တောင်မခတ် ပြူးကျယ်သော မျက်လုံးများ  နှင့် စူးစိုက်ကာကြည့်လေ၏ ။ ခြေလှမ်းများ မြန်၍လာ၏ ။ ရေအိုးသည် ခေါင်းပေါ်မှ ကျ၍ ကွဲလေ၏ ။ဘဦး ရှိရာသို့ သုတ်ခြေနှင်၍လာ၏ ။

ထိုအခိုက် နေဝန်းပျောက်ကွယ်၍ သွားလေ၏ ။ အဆွေး ၊ အလွမ်းကို အကြောက်က လွှမ်း၍လာလေ၏ ။ ဘဦးသည် ထွက်၍ ပြေးလေ၏ ။ လှစိန်၏ ရူပါရုံသည် မြန်စွာလိုက်လေ၏ ။ ထို့နောက် ဘဦး ဝေး၍ သွား၏ ။ သဏ္ဍာန်သည် ခြံစည်းရိုး၌ ရပ်၏ ။

“ အမေ ၊ အမေ ဘယ့်နှယ်လဲ ဘယ်သူလဲ ၊ ဘာဖြစ်လို့ ပြေးတာလဲ ” ဟု မေး၏ ။

“ စိတ်နောက်တဲ့ လူကြီး အစ်မလေးရဲ့ " ဟု သူငယ်မကလေးက ပြောလေ၏ ။ ထိုအခိုက် ဘဦး မရဲတရဲ ဝင်ရောက်၍လာလေရာ ၊ " ရှင်ဘာဖြစ်တာလဲ ရူးသလား ။ ကျုပ်ကို ဘာထင်လို့ အခုလိုကြည့်တာလဲ ” ဟု လက်ညှိုး ငေါက် ငေါက် ထိုးကာ မေးလေ၏ ။

“ နို့ နင် ဆွဲကြိုးချ သေပြီဆို ”

“ ရှင့်ကို ဘယ်သူပြောသလဲ ”

“ ‌ေဟာ သူပဲ ပြောတာပဲ ”

လှစိန်သည် ရယ်မောလျက် ၊  “ ဒီကောင်မ အရူးရှင့် အရူး ၊ ဟိုတိရစ္ဆာန်မ နင် ဘယ့်နှယ့်တွေ ပြောနေသလဲ အရူးမ ၊ နင့်ကြောင့် အင်မတန် ခက်တာပဲ ၊ နိမိတ်မရှိ နမာမရှိ သွား ၊ နင် အ , မင်္ဂလာမ ” ဟုပြောကာ ကျောကို အုတ်အုတ်မြည်အောင် ထုလေရာ ၊ အရူးမကလေး အိမ်ပေါ်ကို တက်၍ပြေးလေ၏  ။

◾ ပီမိုးနင်း

📖  ဗန္ဓုလဂျာနယ်

koaungnaingoo.blogspot.com

.


Tuesday, July 27, 2021

ဂျာလင်း တစ္ဆေ


 

❝ ဂျာလင်း တစ္ဆေ ❞

၁ ။

အဲဒီတုန်းက ရွာထဲမှာ ခုလို ဆိုင်ကယ်တွေ မပေါသေးဘူး ။

ဟုတ်တယ် ၊ သေချာတယ် ။ ကံကြီးစုဘက် မှာ တစ်စီးစ နှစ်စီးစ ၊ ကြီးကန်ဘက် မှာ နှစ်စီးစ သုံးစီးစ ၊ အဲသလောက်ပဲရယ် ။

ဒါပဲ ။ ဖိုးချွေတို့ရွာဘက် မှာ အဲဒီအချိန်က ဆိုင်ကယ်ဆိုတာ ပေတစ်ရာထွက် မှ မြင်ရတာ စက်ဘီးတွေကတော့ တစ်အိမ် တစ်စီးကနေ သုံးလေးစီးထိ ရှိနေပြီ ။

°°°°°  °°°°°°  °°°°°°°

၂ ။

ရွာမှာ ဆိုင်ကယ် ဆိုတာကို ကနဦးဆုံး ရင်းနှီးခွင့်ရတာက တိမွေးကု ဆရာဝန် စီးစီးလာတဲ့ ဘီအက်စ်အေ ဆိုတာကြီး ။ နွား နေမကောင်း ၊ ဝက် မကျန်းမာမှ ရောက်ရောက်လာတာ ။ ဘုရားစူးရစေ့ ဆိုင်ကယ်ပေါ့ ။ လာပဟေ့ဆိုရင် တစ်တိုင်သာသာ အဝေးကတည်းက ဆိုင်ကယ် မရောက်ခင် အသံက ရွာထဲ အရင်ရောက်လာ တာ ။ အသံထက် မြန်တဲ့ ဆိုင်ကယ်ပေါ့ ။ ရွာထဲ ဝင်လာရင်တော့ အလိပ်လိုက် မီးခိုးဟာ အတော်ဆိုးတယ် ။ ကြည့်နေရတာပဲ ။ ဘာတတ်နိုင်မတုံး ၊ ဖုံးဖုံးအုံးအုံးပဲ ။

နွားကု ၊ ဝက်ကုပြီးပဟေ့ဆိုရင်တော့ တွန်းပေရော့ တစ်ယောက် တစ်လှည့် ။ လူ ၄ ၊ ၅ ယောက် တစ်မောစီတွန်းမှ ဖုတ်လှိုက် ဖုတ်လှိုက် အမောဆို့မှ နွားဆရာ ၊ ကျွဲဆရာ ၊ ဝက်ဆရာ ဆိုင်ကယ်က ဖွတ်တွတ်ဖွတ်တွတ်ကနေ ဘောင်းလောင်းဘုန်း‌ေဘာင်း နိုးတာ ။ တစ်ခါတလေ ရှ ရှလွတ် ချက်ချက်ဆို သန်းဝေပြီးမှ ပြန်အိပ်ချင်အိပ်တယ် တွန်းဟ တွန်းကြပေါ့ ။ စိတ်ကောင်းဝင်ရင်လည်း နှစ်ယောက် တွန်းလောက်နဲ့ ဘုန်းဒိုင်းဆို သေနတ်ပြောင်းက ကျည်ဆန်လို ဝှီ ခေါ်အောင် ပြေးတတ်သေးတာ ။

ဘကြီးမိုးကတော့ အစိုးမရတဲ့အထဲမှာ မိုးနဲ့ နွားသိုးအပြင် ထပ်ဖြည့်ချင်တာက နွားဆရာဝန်ဆိုင်ကယ် ၊ ရွာထိပ်ကုန်း ကမူပေါ် ရပ်နေတဲ့ စက် မှုလယ်ယာက ကြွက်နီဇွဲထွန်စက် ၊ မြို့မရဲစခန်းက ကိုဆောင်း ရိုင်ဖယ်သေနတ် တဲ့ ။ ရွာသမိုင်းမှတ်တမ်းမှာ စံချိန်တင် စိုးရိမ်ရေမှတ်တွေပေါ့  ။

ကိုဆောင်း ရိုင်ဖယ်သေနတ်ကလည်း ရာဇဝင်နဲ့ ။

ရွာဦး ဘုန်းကြီးဦးသောမ ပျံတော်မူတော့ ၅ ချက်ဖောက်တာ တစ်ချက် မှ အသံမထွက်ဘူး ။ ဘာတတ်နိုင်မတုံး ။ သူ့ခေတ် သူ့အခါ ကြည့်လို့သာနေကြရတယ်ပေါ့  ။ ရွာက ကလေးတွေက ရဲတွေလာပြီဆို ခြောက်လို့ကို မရတော့ဘူး ။ အဲသည်ကတည်းက မကြောက်ကြတော့တာ ။

စိတ်တိုနေတဲ့ သူကြီးက ' ပေးစမ်း ငဆောင်းရာ သလောက်ရှိဒါ ' ဆိုပြီး စိတ် တိုတိုနဲ့ ဒင် မန်ကျည်းပင် ဖင်နဲ့ ဆောင့်မှ ဖွတ်ရှူးဆို တစ်ချက် မြည်သံထွက် ဆိုပဲ ။ ကိုကြွက် ထွန်စက်ကတော့ ဘယ် ယာတောက ပြန်လာလာ ရွာထိပ်ပြာကုန်းပေါ် တက်ရပ်ရတာ ။ နှိုးခါနီးရင် “ ကလေးတွေ လာဟေ့ ” ဆို အချက်ပြလိုက်တာနဲ့ ဝိုင်းတွန်းချလိုက်တာပဲ ။ ဂလုံး ဂလုံး ဒုံးဒုံးဆို ထွန်စက်က အသံဆိုးကြီးနဲ့ နိုးတာ ။

တွန်းတဲ့ကောင်တွေတက် ဆိုပြီး ရွာတစ်ပတ် ပတ်ရော ။ ကားတွန်းခပေါ့ ။ တွန်းသူက ပေါသလားမမေးနဲ့ ။ သူ့ရက်နဲ့သူ အလှည့်ချကို ယူရတယ် ။ ဘယ်ခုနှစ် ၊ ဘယ်ရက် ၊ ဘယ်ကာလတုန်းလို့တော့ ရွာသွားမမေးနဲ့ ။ သတ်သတ်မှတ်မှတ် ဖြေမတတ်ဘူး ။ ဟိုးရှေးရှေးတုန်းက ၊ ဘယ်သူကြီး လက်ထက်ကနဲ့ နီးရာ တွဲမှတ်တတ်တယ် ။ ကျောင်းဖွင့်လို့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားအသက် မေးရင် ခုနှစ် လောက်ပဲ မှန်မယ် ။ လ ၊ ရက်ကတော့ ကိုစိန်မောင်ကြီး ဆုံးသွားတဲ့လတို့ ၊ ကိုသာခင်နွား စာဥကြီး အိမ်သာကျင်းထဲ ကျတဲ့ လတို့ ၊ အုံးခင်လင်မယား ရန်ဖြစ်လို့ စဉ့်အိုးကြီးကွဲတဲ့နေ့တို့ ။ ဆရာမကြီးကလည်း အထာသိပြီးသား ။ “ ပြန်မေးချေ ၊ ဒီအိမ်တွေကို ” ဆို လွှတ်လိုက်တာ ။

အဆင်ပြေတယ် ။ အဲဒီ အိမ်တွေက ထူးခြားဖြစ်စဉ်ဆို အိမ်ခါးပန်းထုပ်တန်းမှာ မီးသွေးခဲနဲ့ ရေးထားတာ ။ ဒါ ရွာ ပြက္ခဒိန်ပဲ ။ ဆိုတော့ကာ သလောက် မှတ်ဉာဏ်နည်းကြတာ သညာကို မရှိဘူး အပြစ်မတင်လေနဲ့ ။ သူ့နည်းသူ့ဟန် တန်းလို့ ။ ဘုန်းကြီး ဦးသောမ ပျံတော်မူတဲ့ နှစ် ၊ သူကြီးအိမ်က ရာဝင်အိုးကြီးကွဲတဲ့ နှစ် ၊ ထန်းညီနောင် မိုးကြိုးပစ်တဲ့ နှစ် ၊ ရေတွင်းကြီး ရေတွေခန်းတဲ့ နှစ် ၊ လေနီကြမ်းလို့ မပု မန်ကျည်းပင်ကြီး လဲတဲ့ နှစ် ရွာပြက္ခဒိန်တွေ နည်းတာ မဟုတ်ဘူး ။

အတော်စုံတယ် ။

အဲသည်လိုပြောရင် ရွာလူချင်း အထာပေါက်တယ် ။

ဪ ... အေး ၊ အင်း ၊ ဟုတ်ပါ့ ကွာ ဖြစ်ကုန်ရော ။

အဲဒီ ထူးခြားဖြစ်စဉ်တွေရဲ့ နောက် မှာ လူပုဂ္ဂိုလ်တွေ တွဲပါနေတတ်တာ ။ ဆိုတော့ ဂျာလင်းတစ္ဆေ ဆိုတာ အဲဒီထဲက အဖြစ်တစ်ခုပေါ့ ။

°°°°°°  °°°°°°  °°°°°°

၃ ။

ဆိုတော့ ရွာထဲကနေ ကားလမ်းထိ လမ်းဖောက်ခဲ့တဲ့နှစ်မှာ သူကြီး ကိုဘိုစိန် ‌ေသတယ် ။ အဲဒီလမ်းမှာ မှတ်တမ်းမှတ်ရာ ဘယ်နှစ် ၊ ဘယ်လ ၊ ဘယ်သူ ဖောက်တယ် ဘာမှ မရှိဘူး ။ လမ်းဘယ်နှခုနှစ်က ဖောက်တာတုံး မေးကြည့် ဘိုစိန် သေတဲ့နှစ် ။ ဒါပဲ ။ ဘယ်နှစ်သေတာတုံး သိချင် ကျန်တဲ့ မိသားစုသွားမေး ။ ရက် ၊ လ ၊ နေ့နဲ့အတိအကျပြောနိုင်တယ် ။ အဖြေက အဲဒီမှာ ။

ဘုန်းကြီးကျောင်းထဲ ဇာတ်ခုံကြီး ဆောက်တဲ့နှစ်က ဂေါပကလူကြီး ကိုမြိုင်ကြီး သေတယ် ။ ဇာတ်ခုံဆောက်တာ ဘယ်ခုနှစ် ၊ မြိုင်ကြီး သေတဲ့နှစ်ပဲ ။ အတိအကျသိချင် ကျန်ရစ်သူမိသားစုမေး ။ အဖြေက အဲဒီမှာ ။

စုပေါင်းမှတ်တမ်း မှတ်ရာကတော့ သူကြီးအဆက်ဆက် ဘာအမွေမှ မလွှဲဘူး ၊ မအပ်ဘူး ။ တစ်ရွာလုံးလည်း မှတ်ရကောင်း စေ့ မအောက် မေ့ဘူး ။ ကိုယ့်တစ်ကိုယ်စာ စာရင်းပဲ ခပ်ရှင်းရှင်းမှတ်တယ် ။ ဆိုတော့ ... ဖိုးချွေတို့ ဆိတ်မြ ကန်ရွာမှာ ကနဦး ဆိုင်ကယ် စ , စီးတာ တိုးမောင် ။ ဒီလိုပဲ ဘယ်နေ့ ၊ ဘယ်ရက် ၊ဘယ်လက တိုးမောင် ဆိုင်ကယ် ဝယ်တုံး မေးရင်တော့ ထုံးစံအတိုင်း ... ။

ရွှေချောင်း ချောင်းကြီး ရေတွေကြီး ၊ လူတွေသေတဲ့နှစ် ။ ဒါမှမဟုတ် တံတားကြီး ကျိုးတဲ့နှစ် ၊ တစ်ခုမဟုတ် တစ်ခုပေါ့ ။ ဆိတ်မြကန်မှာ ကနဦး ဆိုင်ကယ်ဝယ်တာက တိုးမောင်  ။ ဒါတော့ သေချာတယ် ။ နှစ် က တံတားကြီးကျိုးတဲ့ နှစ် ။ ဆိုင်ကယ် ဆိုတဲ့ စက်နဲ့အကောင်ကို ရွာမှာ တိုးမောင် စ , ဝယ်တာ ။

ဒါ ရွာသမိုင်းမှာ မှတ်တမ်းဝင် ကိစ္စ ။

°°°°°°  °°°°°°  °°°°°°
၄ ။

ရှေးပဝေသဏီ အဆက်ဆက်ကတည်းက ဖိုးချွေတို့ ဆိတ်မြကန်ရွာမှာ ရွာရန်ပုံငွေဆိုတာ ရှိတယ် ။ ဘုန်းကြီးကျောင်းက ကျောက်စီအရုပ်တွေနဲ့ ကန့်လန့်ကာရှေးဟောင်းပစ္စည်းကြီးကို ရောင်းတာ ငွေ ၃ဝဝဝ ရတယ် ။ ငွေသုံးထောင်ဆို မရယ်‌ေလနဲ့ ။ ရွာလေသံနဲ့ ဘယ်ခေတ်ကတုံး မေးရင် ရွှေတစ်ကျပ်သား ၃ဝဝ ခေတ်က ။ ငွေ ၁ဝဝ ၊ ငါးမူးတိုးနဲ့ ရွာကို ပြန်ချေး ၊ အတိုးက အရင်းဖြစ် ၊ ပြန်ချေး အတိုးက အရင်းဖြစ်နဲ့ မ.ဆ.လ ခေတ်နှောင်းမှာ ဘုန်းကြီးကျောင်း အသစ်ရွာမှာ အဖတ်တင်ကျန်ရစ်တယ် ။

တိုးမောင်က ဦးသိန်းစိန် အရပ်သား အစိုးရမှ သူကြီးဖြစ်တာ ။ ရွာမွေး ရွာကြီး ရွာသားစစ်စစ်တော့မဟုတ်ဘူး ။ ဘေးရွာက  ။ ဆိတ်မြကန်သူနဲ့ အကြောင်းဆက် ပေါင်းဖက် ရွာတက်နေတာ ။ အထက်အညာကို ကုန်ရောင်း ကုန်ဝယ်သွားရင်း မယားငယ်ရှာ ၊ အိမ်ထောင် ဆက်ပြီး ဆိတ်မြကန်က ဆယ့်လေးငါးမိုးလောက် လွင့်ပြီး ပျောက်သွားသေးတာ ။ တော်တော်ကြာမှ မယားငယ်လက်ဆွဲ ရွာပြန်ကပ်တယ် ။

နှစ်ယောက်ပေါင်းတာ ။

ဝက် မွေး ၊ ကြက် မွေး ၊ ဝက်စာစု ၊ စက်ဘီးအစုတ်ကလေးနဲ့ တောအရက်တစ်ပိုင်း ၊ မဝ , ရင် ကပ်သောက် တောင်းသောက်နဲ့ ယောင်ချာချာ ဂေါပကအဖွဲ့မှာ ပါရတယ် ။ မိုက်ကလေးကိုင် ၊ အဟောအပြာလေးကကောင်းနဲ့ ဂေါပကအသင်းမှာ ၂ နှစ် အတွင်း ဥက္ကဋ္ဌနေရာကို ပြိုင်ဘက်ကင်းကင်း ရတာ ။ ဘုရားကြီးက ရတဲ့ငွေဟာ တိုးမောင်တို့ သဒ္ဓါမှ ရွာက မြင်ရတယ် ။ ဒါနဲ့ မရပ်သေးဘူး ။ တိုးမောင်က သူ ကြီးရာထူးအထိ တက်လှမ်းပြီး ရွာကို အပိုင် ခွစီးထားတာ ။

စပါးကြီးမြွေလို တစ်ရစ်ချင်း မျိုတယ် ။

ဓမ္မာရုံ ၊ စာသင်ကျောင်း ၊ကျန်းမာရေး ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ ငွေတစ်ရာ ၅ ကျပ် အတိုးသတ်မှတ်ပြီး ဖွံ့ဖြိုးရေးဆို ချေးဟယ် ငှားဟယ် လုပ်တယ် ။ မ,တည် ရန်ပုံငွေကို ကော်မတီအဖွဲ့က ဝိုင်းထည့် ။ ရွာကို တစ်ကျပ် ၊ ငွေထည့်သူက ၄ ကျပ် မဆီမလျော် အတိုးသတ်မှတ်ပြီး ၃ နှစ်ခရီးကို တိုးမောင် စပြီး ခြေလှမ်းလိုက်တာ ... ။

အဲဒီလို ဇာတ်လမ်းက စ , တယ် ။

တိုးမောင် ဆိုင်ကယ် စ , ဝယ်တဲ့နှစ်က ရွှေချောင်းတံတားကြီး ကျိုးတဲ့နှစ် ။

တိုးမောင် သူကြီးဖြစ်တဲ့နှစ် ဘယ်နှစ် ၊ ဦးသိန်းစိန် အစိုးရတက်တဲ့နှစ် ၊ ရွာရပ်ပြက္ခဒိန်မှာ မှတ်တမ်းမှတ်ရာတွေက အဲသလို ဂေဇက်ဝင်သွားတယ် ။

°°°°°°°  °°°°  °°°°°°°

၅ ။

ဆိုတော့ကာ စပါးကြီးမြွေလို တဖြည်းဖြည်း မျိုလာရင်း ရွာလူတွေ ဖွတ်ကျောပြာစုတော့မှ အမျိုးမရှောင် တိုးမောင်ရန်ကို ခုခံတွန်းလှန်ရကောင်းမှန်း သိလာတယ် ။ ရွာပြက္ခဒိန်မှာမှတ်တမ်းတစ်ခု ထပ်တိုးတယ် ။ တိုးမောင် သူကြီးပြုတ်တဲ့နှစ် - ဦးထင်ကျော် အစိုးရတက်တဲ့နှစ် ။

ဒါပဲ ။ နောက် တစ်ဆယ် ၊ ဆယ့်ငါးနှစ်ကြာရင် မေးကြည့် ။

ရွာလူတွေက အဲလိုပဲ ဖြေကြည့်လိမ့်မယ် ။

နောက်တက်တဲ့ အဖွဲ့က တိုးမောင်ကို ခုံဖွဲ့ စစ်တယ် ။ ဘာအသုံးစရိတ် မှတ်တမ်းမှတ်ရာ ၊ ဘာ ဘောက်ချာမှ မရှိဘူး ။ စာရွက် တစ်ရွက် မှာ ရေကန်ပြင် ဘယ်ရွေ့ ၊ မီးကင်းတဲ ဆောက် ဘယ်မျှ ၊ လမ်းဖောက် ဘယ်လောက် ၊ မီးသတ်စက်ဝယ် ဘယ်နှသိန်းနဲ့ ၃ နှစ် ၊ ၃ မိုးစာ ရန်ပုံငွေလုပ်ငန်းဟာ ငွေ ၁ဝ ၊ ၉ သိန်းလောက် ကျန်ကောင်းသမို့ ကျန်တယ် ။ မကျေမနပ် ၊ မြို့ မ.ရ.က ရုံးတက် ၊ အမတ်တွေတိုင် ၊ အလုပ်တွေ လှိုင်နေပေမဲ့ ... ။

°°°°°°  °°°°°°  °°°°°°

၆ ။

တိုးမောင် ကတော့ မျက်နှာပြောင်နေတုန်းပဲ ။

၃ နှစ်အတွင်း အပင်းလျှိုခဲ့သမျှ ငုံ့ဝင်ရတဲ့ တဲကနေ တိုက်ဖြစ်တယ် ။ တိုးမောင် စာရင်းရှင်းတမ်း ကျန်ငွေက သူတို့အဖွဲ့ သောက်တဲ့ တစ်နှစ်စာ ဘီယာဖိုးတောင် မရှိဘူးလို့ သောက်နေကျ ၊ ဝိုင်းဖွဲ့နေကျဆိုင်က အတွင်း သတင်းပေးလာတော့ တစ်ရွာလုံး ဆွေ့ဆွေ့ခုန် ကရော ။ တိုင်တယ် ၊ တောတယ် ၊ စောင့်တယ် ၊ ကြည့်တယ် ။

တစ်လ ၊ နှစ်လ ၊ သုံးလ မျှော်လာတယ် ။ မျှော်တယ် ။

ရွာက ၊ ရွာက ဆိုင်ရာကို ... ။ ဒီလိုနဲ့ ... ။

°°°°°°  °°°°°°  °°°°°°

၇ ။

ရွာရပ် ပြက္ခဒိန်မှာ နေ့စွဲတွေ တော်တော်တိုးလာတယ် ။ တိုးမောင် သူကြီးဖြစ်တဲ့နှစ် ၊ ဦးသိန်းစိန် အစိုးရတက်တဲ့နှစ် ။ ရွာဘုရားထီးတင်တဲ့နှစ် ၊ တိုးမောင် ဂေါပကလူကြီး မယား ၂ ယောက် နဲ့ ဘုရားလှည့်တဲ့နှစ် ။ တိုးမောင် သူကြီးပြုတ်တဲ့နှစ် ၊ ဦးထင်ကျော် အစိုးရ ဖြစ်တဲ့နှစ် ။ တိုးမောင် ရန်ပုံငွေတွေ ဖြောင်တဲ့နှစ် ၊ ရွာဘုရားပွဲ ချောက် ဇာတ်ထည့်တဲ့နှစ် ။

တိုးမောင် ရွာကို ငွေ ၁၀ သိန်းနဲ့ ဆိုင်ကယ်အစုတ်အပ်တဲ့နှစ် ၊ ဘေးရွာကို VIP လာတဲ့နှစ် ။ ဖွတ် ကိုလည်း သိတယ် ၊ တောင်ပို့လည်း မြင်တယ် ၊ ဖွတ်က ပြန်ဝင်ဖို့ ချောင်းလို့ကောင်းတုန်း ။

ရွှေ ချောင်းတံတား ကျိုးတဲ့နှစ် ၊ တိုးမောင် ဂျာလင်းဆိုင်ကယ်ဝယ်တဲ့နှစ် ။ တိုးမောင် ဆိုင်ကယ်အစုတ် အပ်တဲ့နှစ် ၊ ပုဂံဘုရားတွေ ပြိုတဲ့နှစ် .. ။

၅ သိန်း အဖိုးဖြတ် ရွာပြန်အပ်တဲ့ ဂျာလင်းဆိုင်ကယ်ဟာ ရွာသမိုင်း ပြက္ခဒိန်မှာ အထင်အရှားရှိဆဲ ။ ရွာလူတွေ က ဂျာလင်းတစ္ဆေ ခြောက်တဲ့ဒဏ် တော်တော်ကြီး ခံနေရတာတောင် တိုးမောင်ကတော့ …… ။

၂၀၂၀ သူကြီးရွေးပွဲကို အိပ်မ က် မ က် လို့ ကောင်းတုန်း ။ ကြိတ်မနိုင် ခဲမရ ပြောသံကြားရတာက “ နည်းနည်းစောလို့ ၊ မဟုတ်ရင် ကားစီးရတာပေါ့ကွာ ” တဲ့ ။

◾ အောင်ဖြိုးကျော် ( ပခုက္ကူ )

📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ၃၅၂  ၊ မတ် ၂၀၁၉

koaungnaingoo.blogspot.com

.







Monday, July 19, 2021

ဆန်ပြုတ် ပွဲတော် ( နုနုရီ - အင်းဝ )


 

❝ ဆန်ပြုတ် ပွဲတော် ❞

ညနေ သုံးနာရီမှ ထိုးမယ်မကြံသေးဘူး .... ၊ ဖိုးတရုပ်တို့ မောင်နှမနှစ်ယောက် ဂဏာမငြိမ် ဖြစ်စပြုပြီ ။

အိမ်ရှေ့ထွက်လိုက် ၊ နောက်ဖေးဝင်လိုက် ၊ အိမ်အထက်ဆင့်ခါးပန်းကို ခေါင်းအုံးငေးမော နေတဲ့ အမေ့ကို လှမ်းကြည့်လိုက်လုပ်ရင်း ၊ ဖိုးတရုပ် မျက်လုံးတွေက ပန်းကန်စင်ပေါ် မှောက် ထားတဲ့ ကြွေရည်သုပ်ဇလုံလေး ဆီ ခဏ ခဏ ဝဲနေတယ် ။ သူ့ထက် ပိုပြီးအကင်းပါးတဲ့ မိငယ်ကလဲ ဖိုးတရုပ် အိမ်ရှေ့ထွက် ... ထွက်ချင်း ၊ နောက်ဖေးဝင် .... ဝင်ချင်း ။ ပြီးတော့ ဖိုးတရုပ် တရစ်ဝဲဝဲကြည့်နေတဲ့ ပန်းကန်စင်ပေါ်က ကြွေရည်သုတ် ဇလုံလေးကို သူလဲဘဲ မျက်ခြည်မပြတ် ။ တခါတခါ ဖိုးတရုပ် လှမ်းကြည့်ရင်း မျက်စောင်းခဲပြီး သတိပေးလိုက်သေး တယ် ။

" အဲဒါငါ့ ဇလုံနော် .... ဒါဘဲ ..." လို့ ။

ဖိုးတရုပ် အိမ်ရှေ့တခေါက် ထွက်ပြန်တယ် ။ လမ်းထိပ်က ထွက်လာနေတဲ့ မီးခိုးငွေ့ငွေ့ လေးတွေကို လှမ်းမျှော်ကြည့်ရင်း နှာခေါင်းလေးကို ရှုံ့ပြီး အနံ့ခံ ကြည့်မိတယ် ။ တရုပ်နံနံပင် အနံ့ ၊ ကြက်သွန်မိတ်နံ့ ၊ ငံပြာရည်နံ့ သင်းပျံ့တဲ့ ဆံပြုတ်မွှေးမွှေးရဲ့ အနံ့အသက်တွေများ ပါလာလေမလား ။ ဖိုးတရုပ် ဗိုက်ဆာလှပြီ ။ မနက်ထဲက မုံ့ပျားသလက်ငါးမူးတန် အဖြူအနီ နှစ်ယှက်ပဲရှိတဲ့ ဖိုးတရုပ်ဗိုက်ထဲမှာ မီးရထားတွဲကြီးတွေ တဂျုတ်ဂျုတ် အော်ဟစ်ခုတ် မောင်းနေကြပြီ ။

အိမ်နောက်ဖေး နောက်တခေါက် ပြန်ဝင်လာတဲ့ ဖိုးတရုပ်ကို သူ့အမေက မျက်စိနောက် လာသလို လှမ်းကြည့် လိုက်တုန်းမှာပဲ ...

" ဖိုးတရုပ်ရေ ... မိငယ်ရေ ...သွားစို့ဟေ့ ... "

အိမ်ရှေ့က အော်ခေါ်သံတွေ ၊ ဇလုံတီးသံ ၊ ဂျိုင့်ခေါက်သံတွေကို ကြားလိုက်တာနဲ့ ဖိုးတရုပ်က လေကဲ့သို့ လျင်မြန်ခြင်းမျိုးနဲ့ ပန်းကန်စင်ပေါ်က ကြွေဇလုံကို ပြေးယူတယ် ။ ဘယ်ရမလဲ ။ မိငယ်ကလဲ အားကျမခံ ကြွေဇလုံကို ဇွတ်ဆွဲလုတယ် ။

" ပေး ... မယူရဘူး ... ၊ ဒီဇလုံ .... ငါယူမှာ"

" ပေးဘူး .... ဒါ .... ငါ့ဇလုံ "

"ဟုတ်ဘူး .... ၊ ဟိုမှာ .... ကိုတရုပ် ဇလုံက ဒန်ဇလုံ "

မိငယ်က ကြွေဇလုံကို မလွှတ်ဘဲ ဆွဲထားရင်း ပန်းကန်စင်ပေါ်ကို မေးငေါ့ပြတယ် ။ စင်ပေါ်မှာ ဒန်ဇလုံရယ် ၊ ချိုင့်တခုရယ် ကျန်နေသေးတယ် ။ စင်တခုလုံးမှာ ဇလုံနှစ်လုံးရယ် ၊ ချိုင့် တခုရယ် ၊ ဇွန်းသုံးချောင်းရယ်ပဲ ရှိတယ် ။ ( တခြား ထမင်းပန်းကန်ပြားတွေနဲ့ ဟင်းပန်းကန်တွေ ကို ထမင်းချက် မစားနိုင်တဲ့နေ့ကစပြီး အမေသိမ်းလိုက်ပြီ ။ ) ဆန်ပြုတ် သောက်ဖို့ထားတာ ။ သုံး ယောက်တွက် ။ အဖေ့အတွက်တော့မပါဘူး ။ အဖေအိမ်ပြန် မလာတာရှစ်ရက် ၊ ဆယ်ရက် လောက်တောင် ရှိနေပြီ ။ ဟင်း မိငယ်ဆိုတဲ့ ကောင်မစုတ်က အလည်လေး ။ လာသေး တယ် ။ ဒန်ဇလုံက ဆန်ပြုတ်ထည့် ကိုင်ရင် တအားကြီးပူတာကို ။ ဘာလို့ ယူရမှာလဲ ။ ကြွေ ဇလုံကမှ မပူတာ ။

" ဖိုးတရုပ် ... ဟေ့ .... ၊ သွားမယ်ဟေး "

အိမ်ရှေ့ကကောင်တွေကို “ လာပြီဟေး ” လို့ပြန်အော်ရင်း ဖိုးတရုပ် မိငယ်လက်ထဲက ကြွေဇလုံကို ဆောင့်ဆွဲယူပစ်လိုက်ပြီး အိမ်ရှေ့ တအားပြေးထွက်ခဲ့တယ် ။ မိငယ် အာခေါင်ခြစ်ပြီး အော်ငိုတဲ့အသံက ဗြဲကနဲထွက်လာတယ် ။

" ဟဲ့ .... ဟဲ့ကောင်လေး .... လာခဲ့စမ်း ၊ နင်တော့ ၊ ဖိုးတရုပ် .... နေအုံး ၊ ညီမလေးကိုပေးလိုက်စမ်း ... ဇလုံကို .... ၊ ဟဲ့ ...ဖိုးတရုပ် ..."

အမေခေါ်တဲ့ အသံက ဖိုးတရုပ်တို့ ဇလုံတီးသံ ၊ ဂျိုင့်ခေါက်သံတွေကြားမှာ ပျောက်သွား တယ် ။ ဖိုးတရုပ်တို့ ၊ ဇလုံတွေ ၊ ချိုင့်တွေတီးရင်း ၊ ခေါက်ရင်း လမ်းထိပ်ကို တအားပြေးကြတယ် ။ ပြေးရင်းလွှားရင်း ဖိုးတရုပ်သူငယ်ချင်း သူ့လိုပဲ နှစ်တန်းကျောင်းသား အမွှေးအမှင်လေးတွေ ရှည်ရှည်နဲ့ မျက်နှာက ဝက်ဝံလေးနဲ့တူလို့ “ ဘဲယား ” လို့ခေါ်တဲ့ ကျော်မင်းဦးက သူ့ဇလုံကို တဒေါင်ဒေါင်တီးပြီး

" ဆန်ပြုတ် ... ဆန်ပြုတ် ၊ ဆုတ်ပြန် .... ဆုတ်ပြန် " လို့အော်တယ် ။ ဖိုးတရုပ်တို့ ကျန်တဲ့ အကောင်တွေက

" ဆုတ်ပြန် ၊ ဆုတ်ပြန် .... ဆန်ပြုတ် ၊ ဆန် ပြုတ် " လို့ပြန်အော်တယ် ။

" ဆန်ပြုတ် ဆန်ပြုတ် ၊ သောက်လို့ ကောင်းတယ် " လို့ အော်တဲ့ကောင်က အော် တယ် ။

ဘာတွေမှန်းလဲ မသိဘူး ။ အော်ရတာ ပျော်တာပဲ သိတယ် ။ ထမင်းမစားရတဲ့ ဖိုးတရုပ် တို့တတွေ ဆန်ပြုတ်သောက်ရတော့မယ်လေ ။ ဆန်ပြုတ်ပွဲတော်ကြီး နဲ့ တွေ့ရတော့မယ် ။

ဒီပွဲတော်ကြီးကို ဘယ်လူကြီးတွေ စလိုက် တယ်တော့မသိဘူး ။ စ, လိုက်တဲ့ လူကြီးတွေ အရမ်းချစ်ဖို့ကောင်းတာပဲ ။ ဒီဆန်ပြုတ်ပွဲတော်ကြီး ပေါ်လာတာ ဖိုးတရုပ်တို့မောင်နှမ အဖေ နဲ့အမေရင်ခွင်ထဲကိုကြောက်လန့်တကြား တိုးဝင်နားပိတ်ပြီး အိပ်ရတဲ့ညပြီးတဲ့ နောက်လေးငါး ရက်အကြာမှာပဲ ။ ဖိုးတရုပ်တို့အဖေ အိမ်ကထွက် သွားတာ ဟောဒီဆန်ပြုတ်ပွဲ တော်ကြီးနဲ့ အမျှပဲ ။ ဒါပေမယ့် အဖေ့ကို တခါတလေပဲ သတိရတယ် ။ ပျော်နေရတာကိုး ။ ဖိုးတရုပ်တို့ ကျောင်းပိတ်က တည်းက ဘာပွဲလမ်းမှမရှိတော့ ဒီလို ခလေးတွေ တစုတဝေးစုပြီး မပျော်ရတာ ကြာပြီ ။

" ဟေ့ရောင်တွေ .... ဒီနေ့ ဆန်ပြုတ်နေရာ သုံးခုတောင် ရှိတယ်ကွ"

" ဟေး ... ပျော်တယ်ဟေ့ ...."

ဖိုးတရုပ်တို့ထဲက အလည်ဆုံး ၊ အကြီးဆုံး ကောင် ... " ဘဲယားကျော်မင်းဦး ” သတင်းပေးသံ ကြောင့် အားလုံး ခုန်ပေါက်အော်ဟစ်ကြတယ် ။ ပျော်စရာကြီး ..... ။ တဖြေးဖြေးနဲ့ ဆန်ပြုတ် တိုက်ပွဲတွေများလာပြီ ။ ဟိုလမ်းထောင့် ၊ သည်လမ်း ထောင့် ၊ ဟိုအိမ် ၊ သည်အိမ် ။ သူဌေးတွေ နေ့တိုင်း ၊ နေ့တိုင်း တိုက်နိုင်ပါစေ ။ သည့်ထက်ပို ဌေးပါစေဗျာ ..... ။

" ဟေ့ ..... မြန်မြန်နေရာဦးဟေ့ ၊ လူတွေ အများကြီးကွ "

ဟာ ဟုတ်သားဘဲ ။ ဆန်ပြုတ်တိုက်တဲ့ ဆေးလိပ်ခုံအိမ်ရှေ့မှာ ခွက်တွေ ၊ ပလုံးတွေနဲ့ ခလေးတွေရော ၊ လူကြီးတွေရော အများကြီး ရောက်နေကြတယ် ။ ဆန်ပြုတ်အိုး ..... ၊ မိုးဗြဲဒယ် ကြီးတွေကအငွေ့တလူလူ ၊ အနံ့တွေ တမွှေး မွှေးနဲ့ ။ လူကြီးတွေက မွှေကြ ၊ မြည်းကြတုန်း ။ ဆန်ပြုတ်ကဖြင့် မဝေသေးဘူး ။ လူတွေကတော့ အပြင်မှာကြိတ်ကြိတ်တိုးနေပြီ ။ မိန်းမယောက်ျား တချို့က ဒန်အိုးအလွတ်နဲ့ ၊ ချိုင့်ပလုံး အကြီးကြီးတွေနဲ့ သိပ်လောဘကြီးတာပဲ ။ ဖိုးတရုပ်တို့ ကလေးတွေကတော့ သံဇလုံ ၊ ကြွေဇလုံ ၊ ဒန်ဇလုံလေးတွေကိုယ်စီနဲ့ ။ ချိုင့်ပလုံး အသေးလေးတွေကိုယ်စီနဲ့ ။

သူတို့လူကြီးတွေက လောဘသာကြီးတာ ၊ ရှက်တော့ ရှက်တတ် တယ် ။ ကုပ်ကုပ် ... ကုပ်ကုပ်နဲ့ ၊ သစ်ပင်ကွယ် ၊ ဓါတ်တိုင်ကွယ်လေးတွေနားမှာ မယောင်မလည် ရပ်နေကြတာ ။ ကောင်းတယ် ၊ ဒါမှ တန်းစီခိုင်းရင် ဖိုးတရုပ်တို့ ခလေးတွေ ရှေ့ကအရင်ရောက်မှာ ။

" ဟေ့ ... ဘဲယား ၊ နောက်တခုက ဘယ်နေရာမှာလဲကွ .... ဝေးလား "

" ဝေးဘူးကွ ၊ ဟို အထက်တက်လိုက်ရုံဘဲ ။ ဓမ္မာရုံကွ ။ မနှစ်က ငါတို့ ဘုရားပွဲသွားတဲ့ ဆီ လေကွာ "

"ဒီနှစ်ကျ .... ဘုရားပွဲလဲမဖြစ်ဘူး "

" ဘယ်ဖြစ်မလဲကွ .... "

ဘဲယားနဲ့ ဖိုးတရုပ် စကားပြောနေတုန်း ဆေးလိပ်ခုံထဲက လူကြီးတယောက် ဇွန်း အကြီးကြီးနဲ့ ထွက်လာပြီး

" ကဲ .... ကဲ ..... တန်းစီကြဗျို့ .... တန်းစီကြ ၊ ချိုင့်လေးတွေ ၊ ဇလုံလေးတွေ အဆင်သင့် ပြင်ထားမယ် "

ဆေးလိပ်ခုံရှေ့က ဆန်ပြုတ်စောင့်သူများ လှုပ်လှုပ်ရှားရှား ဝရုန်းသုန်းကားနဲ့ ၊ အလုအ ယက် တန်းဝင်စီကြတယ် ။ ဖိုးတရုပ်တို့ ခလေးတွေက အကဲဆုံးပေါ့ ။ ရှေ့ရောက်ဖို့ အတင်းတိုး ရတာပျော်စရာကောင်းတယ် ။ တအားတိုးတာတောင် ဖိုးတရုပ်တို့အုပ်စု ရှေ့မရောက်ဘူး ။ အလယ်နားပဲ ရတယ် ။ အရေးထဲ ရှေ့က ကောင်မလေးတယောက်က အားကြီးအဆဲကြမ်းတာ ပဲ ။ လက်ထဲမှာ ဇလုံနှစ်လုံးနဲ့ ။ သူ့ကို နောက်က တွန်းရင် ဇလုံနဲ့ ခုတ်မယ်တဲ့ ။

" ဖိုးတရုပ် .... ဟိုမှာ .... ၊ မင်းအမေနဲ့ မိငယ် လာပြီကွ ၊ ခေါ်လိုက် "

ဘဲယားက ဖိုးတရုပ်ကို လှမ်းပြတယ် ။ မိငယ်က နှုတ်ခမ်းစူစူနဲ့ .... ။ ဒန်ဇလုံလေးကိုင် လို့ ။ အမေကတော့ ချိုင့်ဆင့် တဆင့်နဲ့ ၊ ရှက်ရွံရွံ့ပုံ ။

"အမေ ... အမေ ... ဒီကို .... လာ "

ဒါပေမယ့် အမေနဲ့မိငယ် ... ဖိုးတရုပ်တို့ ကြားထဲဝင်တော့ ဓါတ်ရှင်ရုံကျနေတာပဲ ၊ နောက်က ဝိုင်းအော်ကြတယ် ။

" ဟေ့ ... ဟေ့ ... ကြားဖြတ်မဝင်နဲ့ကွ နောက် မှာသွားတန်းဟေ့ "

ဖိုးတရုပ်တို့ အုပ်စု နောက်ကိုလှည့်ပြီး လက်သီးဆုပ်ပြ ၊ အံကြိတ်ပြကြတယ် ။ အမေက တော့ ရှက်ရွံရွံ့နဲ့ အပြင်ဘက်ထွက်ရပ်ပြီး သူ့လို ရပ်နေတဲ့ မိန်းမတယောက်ကို

" ဆန်တပြည် နှစ်ဆယ်နဲ့ ဘယ်လိုမှ မတတ်နိုင်လွန်းလို့သာ ... ၊ ရှက်စရာကြီး ရှင် ... ခလေးတွေကြားထဲမှာ " တဲ့ ။ ဟိုမိန်းမကြီးက ခေါင်းခပ်ငုံ့ငုံ့နဲ့လက်ထဲကတော့ ချိုင့်ကိုပွတ်သပ်နေရင်း တိုးတိုးလေး " သူတောင်းစားတွေ ကျနေတာပဲ " တဲ့ ။

" ဖြည်းဖြည်းဗျို့... ဖြည်းဖြည်း ....  ၊ အားလုံး ရမယ် ။ မပူနဲ .... ဟောဒီမှာ အများကြီးရှိသေးတယ် ....  ။ ကဲ ... လာပြီ နောက်တဇွန်း ...."

ဆန်ပြုတ်ထည့်ပေးတဲ့ လူကြီးရဲ့မျက်နှာမှာ ချွေးတွေကို သီးနေတာပဲ ။ ဒါပေမယ့် သူက တဟားဟားနဲ့ ပျော်နေတယ် ။ ဆေးလိပ်ခုံဘေး တိုက်ပေါ်ကနေကြည့်နေတဲ့ ဆန်ပြုတ်ပိုင်ရှင် အဒေါ်ကြီးတွေရဲ့ မျက်နှာကလဲ ပြုံးပြုံး ၊ ပြုံးပြုံးနဲ့ ။ ဖိုးတရုပ် ငေးကြည့်နေမိတယ် ။ သူတို့ရော ဒီဆန်ပြုတ်တွေ သောက်သလားမသိဘူးနော် ။

" ဟေ့ကောင် ဖိုးတရုပ် ငေးမနေနဲ့ ၊ မြန် မြန်ခံ "

ဖိုးတရုပ်နောက်က ဘိုဖြူဆိုတဲ့ကောင်က ဇလုံနဲ့တွန်းထိုးပြီး သတိပေးတယ် ။ ဟုတ်သားပဲ .....  ။ ဖိုးတရုပ်ရှေ့ကဘဲယား ။ ဘဲယားပြီးတော့ ဖိုးတရုပ် ။

ဖိုးတရုပ်တို့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ် ဇလုံလေးတွေကိုယ်စီနဲ့ ပလက်ဖောင်းဘေး မန်းကျည်းပင်ရိပ်အောက်မှာ တဖူးဖူးမှုတ်ပြီး ဇလုံစောင်း မော့သောက် လိုက်ကျတယ် ။ လျှာပူပူ အာပူပူနဲ့ ဆန်ပြုတ်ကလဲ ချိုမှ ချိုပဲ ။

" မြန်မြန်သောက်ဟေ့  ၊ တော်ကြာ ဓမ္မာရုံ မမီပဲနေမယ် "

" အေးဟေ့ .... သောက်ကြဟေ့ "

တယောက်နဲ့တယောက် လောဆော်ပြီး သောက်ပြီးတာနဲ့ ဓမ္မာရုံဆီ ဇလုံလေးတွေကိုင်ပြီး ပြေးကြတယ် ။ အိုး ဓမ္မာရုံမှာလဲ နည်းတဲ့ လူတွေမှုတ်ဘူး ။ ဓမ္မာရုံက ရပ်ကွက်လူကြီးတွေ ပိုက်ဆံစုပြီး တိုက်တာတဲ့ ။ ဘောကြီးမှာ အလှူရှင်စာရင်းတွေ ရေးထားတယ် ။ တန်းစီ ရွေ့ရှားရာနောက် တဖြေးဖြေးလိုက်ရင်း စာဖတ်တတ်ခါ စ ဖိုးတရုပ် .... ဘောကြီးပေါ်ကစာတွေကို ဖတ်တယ် ။ ဦးအောင်ခင် - ဒေါ်မြမြ .... ငါးကျပ် ။ ဒေါ်ခင်ခင်တင့် သုံးကျပ် ။ ဖိုးတရုပ်လိုပဲ နှစ်တန်းကျောင်းသားတွေဖြစ်တဲ့ ဘဲယားတို့ ၊ ဘိုဖြူတို့ လဲ လိုက်ဖတ်ကြတယ် ။

" ဟေ့ရောင် ... ဟိုအောက်က စာလုံးကြီး နဲ့ရေးထားတာ ဖတ်ရအောင် ... ဘာတဲ့ကွ "

" သုံးရက်နှင့် အပြတ်ထိုင်မည် "

" ဟားဟားဟား ၊ စာလဲမဖတ်တတ်ပဲ နဲ့ဟေ့ "

ဘဲယားဖတ်တာမှားတော့ ဖိုးတရုပ်တို့ ၊ ဘိုဖြူတို့နဲ့ တခြားကောင်တွေက ဝိုင်းပြောင်ကြတယ် ။ ဘဲယားက မျက် မှောင်ကြုတ်ပြီး

" ဘာမှားလို့လဲကွ .... ကဲ "

" မှားတာပေါ့ကွ ၊ မင်းက ကျောင်းမ လိုက်ရတာနဲ့ စာတွေ မေ့သွားပလား "

" ငါဖတ်ပြမယ် ... ကြည့် ၊ သုံးရက်နှင့် အပြတ်တိုက်မည် ၊ ပြစ်ရဲရင် ပြစ် ကြည့် ၊ ရေရော ပစ်လိုက်မည် ၊ ပုံ ဆန်ပြုတ် တဲ့ "

" ဟားဟားဟား ၊ ရီရတယ်ဟေ့ " ဖိုးတရုပ်တို့အုပ်စု စာဖတ်ပြီးတအားသဘောကျ ဝိုင်းရီကြတယ် ။

“ ဘဲယား ... နောက်တနေရာ သွားဦးမှာ လားကွ .... ဘယ်နားမှာလဲ ”

ဓမ္မာရုံက ဆန်ပြုတ်တဇလုံစီကို မော့ သောက်ကြပြီး ... ရှေ့ဆက်ဖို့ တာစူကြတော့ ၊ ဘဲယားက လက်ဟန်ခြေဟန်နဲ့

" နီးနီးလေးပဲ ။ လာ ငါသိတယ် ၊ နေ့လည်က ငါ့လေးလေးနဲ့ လိုက်သွားရင်း အိုးကြီးတွေတည်နေတာ ငါမြင်ခဲ့တယ် "

ဘဲယားခေါင်းဆောင်တဲ့နောက်ကို ဖိုးတရုပ်တို့အုပ်စု ပြေးရူးပြေးရူးနဲ့ လိုက်ကြတယ် ။ ဗိုက်ချောင်အောင်ဆိုပြီး ခုန်ပေါက်ကြရင်း ဇလုံတွေ ၊ ဂျိုင့်တွေကို တီးလိုက်ကြသေးတယ် ။ ဆန်ပြုတ်က ဗိုက်ပြည့်လွယ်သလို ၊ ချောင်လွယ် သလားလဲမမေးနဲ့ ။ ခဏလေးဆို ပြန်ပြန်ဆာ တယ် ။ ညနေမှာဘယ်လောက် သောက်သွား သွား ၊ ညကျရင် ဗိုက်က ပြန်ဆာလာတာပဲ ။ ထမင်းလိုလဲ မဟုတ်ဖူး ။

" ဟေ့ ဟိုတိုက်ကြီးမှာ မြင်လား ၊ မကုန်သေးဘူး ...  ။ လာ တန်းဝင်စီမယ် "

ဖိုးတရုပ်တို့တတွေ ချွေးသံတရွှဲရွှဲနဲ့ အမောတကော တန်းဝင်စီလိုက်ကြတယ် ။ ဟာ အိုးကြီးတွေကတော့ အများကြီးပဲ ။ တော်တော် ဌေးတဲ့အိမ်နဲ့ တူတယ် ။ အသားဖတ်တွေလဲ ဆန်ပြုတ်ထဲမှာ အများကြီးမြင်ရတယ် ။ ဒီဇလုံကိုတော့ အိမ်ထိ သယ်သွားပြီး ည ဆာမှသောက် ရင်ကောင်းမယ် ။
ဆန်ပြုတ်အိုးကြီးတွေထဲကို ဖိုးတရုပ် အာသာငန်းငန်းနဲ့ ကြည့်နေတုန်း ဘိုဖြူက လက်လာတို့တယ် ။

" ဖိုးတရုပ် . ဟိုမယ် ငါတို့အတန်းထဲက ကောင်မလေး "

ဖိုးတရုပ်နဲ့ဘဲယား ကြည့်လိုက်တော့ သူ တို့အတန်းထဲမှာ မကြာခဏ ရန်ဖြစ်ကြတဲ့ ကောင်မလေးက ဆန်ပြုတ်တန်းစီတိုးသူများရဲ့ ဆန်ပြုတ်ပွဲတော်ကြီးကို ဘေးကနေလာရောက် ကြည့်တဲ့ ပွဲတော်ကြည့်ပရိသတ်ထဲမှာ ။ သူ့ အဖေလား ။ လေးလေးလားရဲ့ ဆိုင်ကယ်နောက်မှာ အိုက်စကရင် တပျပ်ပျပ်စားရင်းထိုင်လို့ ။ ဖိုးတရုပ်တို့ကို မချိုမချဉ်ကြည့်လို့ ။ ဒါ တင်မကသေးဘူး သူက လက်ညှိုးလေးကို ကွေး လို့ ကရော်ကရော်လုပ်ရင်း ဖိုးတရုပ်ဆီကို

" ဟေ့ ဟေ့ ရှက်ပါတယ် ၊ သူတောင်းစား တွေကျနေတာပဲ ရှက်ပါတယ် "

အောင်မာ ဘုတ်အီးမကကွာ ဟင်း ။ ဖိုးတရုပ်တို့ ရှက်သွားတယ် ။ ရှက်ဒေါသ ဖြစ်ဖြစ် နဲ့ လူကြီးမမြင်အောင် ဘုတ်အီးမကို ဘဲယားက လက်သီးဆုပ်ပြရင်း ရှေ့ကို တရွေ့ရွေ့တိုးနေရတုန်း အမေ့ဘေးက ဟိုမိန်းမပြောတဲ့ သူတောင်းစားတွေကျနေတာပဲ စကားကို သတိရတဲ့ ဖိုးတရုပ်က စိတ်တင်းသံလေးနဲ့ သူငယ်ချင်းတွေကို မလုံမလဲ

" ငါတို့မှ ဆုတောင်းစားတွေမှ မဟုတ်တာ နော့ကွာ "

" အေးလေ ငါတို့မှ မဟုတ်တာ . . အလကား "

ဘဲယားက ရှေ့ကိုဖိတိုးတယ် ။ ဖိုးတရုပ်တို့လည်း နောက်ကလိုက်တိုးတယ် ။ ဟော အလှည့်ရောက်ပြီ ။ ဖိုးတရုပ်တို့ ဇလုံလေးတွေ ထိုးခံ လိုက်ကြတယ် ။ ကရော် ကရော် ရှက်ပါတယ် ဟေ့ ။ ဘုတ်အီးမဘက်ကို ဘယ်သူမှ လှည့်မ ကြည့်ကြဘူး ။ ဟေ ဟေ့ ရှက်ပါတယ် ။ ဖိုးတရုပ် တို့ရှေ့မှာ ဆန်ပြုတ်အိုးကြီးက အနံ့တွေ တထောင်းထောင်း  ။

◾ နုနုရည် ( အင်းဝ )

📖 သာရမဂ္ဂဇင်း ။ ၁၉၈၈ ဒီဇင်ဘာ

၁၉၈၈ ခုနှစ် ၊ စက်တင်ဘာ အာဏာသိမ်းပြီးခါစ ... ဗမာတပြည်လုံး မြို့ရွာအနှံ့မှာ မြင်နိုင်တဲ့ မြင်ကွင်း လေးတခုကို ခံစားရေးဖွဲ့ပါတယ် ။

koaungnaingoo.blogspot.com

.

Friday, July 16, 2021

ကိုဆေးရိုးတို့အဖေ သက်တော်ရှည်


 


❝ ကိုဆေးရိုးတို့အဖေ သက်တော်ရှည် ❞


လေထန်ကုန်းဆိုတာက ဂုရုကွေးမသွားလို့ မရတဲ့နေရာ ။ ဖြစ်နိုင်ပါက ( ပိတ်ရက်တနင်္ဂနွေမှ လွဲ၍ ) နေ့စဉ် ရောက်နေတတ်သော နေရာ ...


ဘာကြောင့်ဆို ထိုနေရာမှာ စာရေးဆရာစုံသည် ။ ကဗျာဆရာစုံသည် ။ ကာတွန်းဆရာ စုံသည် ။ အယ်ဒီတာ စုံသည် ။ ဖလင်သမားစုံသည် ။ ဘိုင်းနင်းသမားများပင် တစ်ခါတစ်ရံ လာတတ်သည် ။


အလေးအနက်ပြောပါက လေထန်ကုန်းသည် စာပေနယ်တစ်ခုလုံး၏

အသည်းနှလုံး ဖြစ်သည် ။ ရန်ကုန်စာပေသမားတွေသာမက နယ်စာပေသမားတွေပါ လေထန်ကုန်းမှာ ဆုံကြသည် ။ နယ်သတင်းတွေ ဘယ်သူဘာလုပ်နေတယ် ။ ဘယ်သူ နေမကောင်းလို့ စသည်ဖြင့် ကြားရတတ်သည် ။ လေထန်ကုန်းမှာ လူစုံသည် ။ သတင်းစုံသည် ။ အဲ မဟုတ်က ဟုတ်က သတင်းတွေလည်း စုံသည် ။


" ကွေးကြီး လာ လာ ထိုင် ... သောက်ပြီးပလား ... ”


တစ်နေ့ နေ့လည် လေထန်ကုန်းသို့ ရောက်အသွား လူကြီးဝိုင်းတစ်ဝိုင်းမှ ခေါ်သံကြားရသည် ။ လေထန်ကုန်းမှာ လူငယ်ဝိုင်းတွေ များသည် ။ လူကြီးဝိုင်း အလွန်နည်းသည် ။ တစ်ခါတစ်ရံမှ တွေ့ရတတ်သည့် လူကြီးဝိုင်းမှာ အသက်ခြောက်ဆယ်နှင့် ခြောက်ဆယ်အထက် ခေါင်းတွေ ဖွေးဖွေးလှုပ်နေသော အဘိုးကြီးဝိုင်း ဖြစ်သည် ။


“ သောက်ပြီးပါပြီ ... ဒါပေမဲ့ ခင်ဗျားတို့နဲ့ တွေ့ဖို့က မလွယ်ဘူး ... တစ်ပတ်တစ်ခါတောင် တွေ့ချင်မှ တွေ့ရတာ ”


ဂုရုကွေးကို လှမ်းခေါ်သူမှာ တစ်ပတ်လျှင် အင်္ဂါတစ်ရက်သာ မြို့ထဲ ထွက်တော့သော ဆရာ ဆင်ဖြူကျွန်းအောင်သိန်း ဖြစ်သည် ။ သူသည် ခေါင်းဖြူရုံမက မျက်ခုံးမွေးတွေပါ ဖြူနေပြီ ။ နှစ်ပေါင်းလေးဆယ်နီးပါး ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သော စာပေမိတ်ဆွေများ ဖြစ်သည် ။


“ ဆင်ကြီး ... ခုဘယ်လောက် ရှိသွားပလဲ ... ”


“ အဲဒါသိတော့ ခင်ဗျားဘာဖြစ်မှာလဲ ... သိန်းသုံးရာဆု ပေါက် မှာလား  ... ”


“ ပေါက်ပေါက် မပေါက်ပေါက်လေ ... သိချင်လို့ မေးတာပါ ဟောင်း အိုး အာ ယူ ... ခင်ဗျား အသက်ဘယ်လောက် ရှိသွားပလဲ ”


ဆင်ကြီးက ပြုံး ကျဲကျဲ မျက်နှာဖြင့် ရေနွေးပန်းကန်ကို လှမ်းကိုင်သည် ။ ရေနွေးကြမ်းဖြင့် ပက် မည့် ဟန်ပြုသည် ။ တကယ် မပက်ပါ ။ လူခင်လူရင်းချင်း နောက်ပြောင်ခြင်း ဖြစ်သည် ။


“ ခုနစ်ဆယ့်ငါးကျော်သွားပြီ ... ဘယ်လောက်ကျော်လဲဆိုတာ အတိ

အကျမသိချင်နဲ့ သေမင်းကြားသွားရင် မလွယ်ဘူးဗျ ... ”


သူ့ဟာသူပြောပြီး သူ့ဟာသူ ရယ်သည့် ဂုရုကွေးနှင့်တကွ တစ်ဝိုင်းထဲ ထိုင်နေကြသော စာရေးဆရာ ရဲဘော် ကျော်ဆန်းနှင့် သုတေသီ မြင့်ထွန်းတို့ပါ ရယ်မိကြသည် ။


“ ကျုပ်တို့လည်း တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာကြပြီ ... ချမ်းလည်း မချမ်းသာ ငတ်လည်း မငတ် ထမင်းလေး နပ်မှန်ရုံနဲ့ စာပေနယ်ထဲ ကျင်လည်လာ ခဲ့ကြတာ ”


ဂုရုကွေးက သံဝေဂသံဖြင့် ပြောတော့ ဆင်ဖြူကျွန်းအောင်သိန်း က


“ ဘာအခုမှ ကြောက်ပါပြီလဲ ... အစကတည်းက ခင်ဗျားကို ကျုပ် ပြောခဲ့သားပဲ ... ဒီနယ်ထဲ ခြေစုံပစ်မဝင်နဲ့ ဒုက္ခရောက်လိမ့်မယ်လို့ လွန်ခဲ့

တဲ့ နှစ်လေးဆယ်က ...  "


မှန်ပါသည် ။ ဆင်ကြီးခမျာ စာပေမိတ်ဆွေကောင်းတို့၏ ဝတ္တရားအတိုင်း ဂုရုကွေးကို သတိပေးခဲ့ပါသည် ။ လူက လေထန်ကုန်း လူကြီးဝိုင်းမှာ ထိုင်နေသည် ။ စိတ်က နှစ်လေးဆယ်ဆီသို့ နောက်ကြောင်းပြန်သွားသည် ။


ဆင်ကြီးကို ဂုရုကွေး စတွေ့ဖူးတာ အမှတ် ( ၂၉ ) ဘရုတ်ကင်းလမ်း ( ယခု ဘိုကလေးဈေးလမ်း ) ရှိ စုံထောက်ဝတ္ထု / မဂ္ဂဇင်းတိုက်တွင် ဖြစ်သည် ။ ဂုရုကွေးက အသက်နှစ်ဆယ်ပင် မပြည့်တတ်သေး ခေါင်းတုံးဆံတောက်နှင့် ပင်နီတိုက်ပုံနှင့် လွယ်အိတ်လွယ်ကာ ခုံဖိနပ်စီးထားသည် ။ ဖဲထီးကောက်တစ်လက် လက် မောင်း ချိတ်ထားသည် ။ ပါးစပ်တွင် ဆေးပြင်းလိပ်တို ခဲထားသည် ။ ကဗျာ ဆရာပေါက်စဘဝ ကဗျာဆရာမှန်းသိအောင် တမင်ဖန်တီးထားသော ဒီဇိုင်းနှင့် ။


“ အဲဒါ ဓနုဖြူကျော်ထွန်းတဲ့ ... ဒါကတော့ ဆင်ဖြူကျွန်းအောင်သိန်း .. "


နေသွေးနီ ကလား ၊ ကိုစောလင်း ကလား ၊ ကိုရွှေလှကလား မမှတ်မိတော့ ကျွန်တော်နှင့် ရင်းနှီးပြီးသား စုံထောက် ဝိုင်းတော်သားတစ်ယောက်က မိတ်ဆက်ပေးသည် ။ ထိုစဉ်က စုံထောက် မဂ္ဂဇင်းသို့ ကိုနတ်နွယ် မရောက်သေး ။ အလွန်စောသေးသော ကာလ ။


ဤမှ စ၍ ဂုရုကွေးနှင့် ဆင်ကြီးတို့ ရင်းနှီးလာခဲ့ကြတာ ယနေ့ဆိုလျှင် နှစ်လေးဆယ် ကျော်နေပြီ ။ ထိုစဉ်က လင်းယုန်သစ်လွင် ၊ တင့်ဆန်း ၊ ဆင်ဖြူကျွန်း အောင်သိန်းတို့မှာ စာပေ တြိဂံဖွား ဖြစ်သည် ။ အတူတူ ကျော်ကြားခဲ့ကြသော ခေတ်ပြိုင်များဖြစ်သည့် နောက်ခေတ်တွင်မှ မင်းကျော် ၊ နတ်နွယ် ၊ မောင်နေဝင်း ဟု စာပေ တြိဂံ တစ်ခုထပ်ပေါ်လာသည် ။ သူတို့လည်း အတူတူ ကျော်ကြားခဲ့ကြသော ခေတ်ပြိုင်များ ဖြစ်သည် ။


သည်တုန်းက ဂုရုကွေးက ဓနုဖြူမှာ အနေများသည် ။ ဟိုမှာက စာပေဝါသနာရှင်များအသင်း ၊ ကဗျာဆရာအသင်းတွေ ဖွင့်ထားသဖြင့် မနေလို့မရ ။ အသင်းတွင် စာကြည့်တိုက်ပါ တွဲဖွင့်ထားသဖြင့် ပို၍တာဝန်ကြီးသည် ။ ရန်ကုန် နှင့် ဓနုဖြူက ရေလမ်းခရီးဖြင့် မိုင်တစ်ရာကျော်သာ ဝေးသည် ။ ဟင်္သာတ ရန်ကုန်ပြေးဆွဲနေသော ကြားသင်္ဘောတွေ တစ်နေ့နှစ်စီး ရှိသည့် အစိုးရ ဧရာဝတီသင်္ဘောလည်း ရှိသည် ။ ကြားသင်္ဘောစီးလျှင် ၄ိ /  ၊ ဧရာဝတီစီးလျှင် ၆ ိ/၁၅ ပြား ။


ဓနုဖြူမှာ နေသော်လည်း ရန်ကုန်သို့ တရွှတ်ရွှတ်လာနိုင်သော ကာလ ။ ကဗျာတွေ ပို့စရာရှိလျှင် ပိုက်ဆံမရှိသည့်အခါ စာတိုက် မှ ပို့သည် ။ အိမ်က ပိုက်ဆံတောင်းရသည့်အခါ သင်္ဘောခကို အကုန်ခံ၍ ရန်ကုန်ဆင်းသည် ။ မဂ္ဂဇင်းတိုက်ပေါင်းစုံ ခြေစကြာဖြန့်သည် ။ ရန်ကုန်ပေတစ်ရာလမ်းပေါ်တွင် ခုံဖိနပ် တဂွပ်ဂွပ်ဖြင့် ဟိုတိုက်ဝင်ဒီတိုက်ထွက် ကိုယ့်ဟာကိုယ် လှပြီးသား ထင်ထားသော်လည်း ဘေးအမြင်က ငပေါတွေဟု ထင်ချင်စရာ ။


ဂုရုကွေးနှင့် စသိစဉ်က ဆင်ကြီးက ဂွတ္တလစ် ဈေးဟောင်းလမ်းမှာ နေသည် ။ ရန်ကုန်ရောက်တိုင်း သူ့ အိမ် အမြဲရောက်သည် ။ သူလိပ်စာပေးထား၍ ပထမဆုံးတစ်ကြိမ်ကလား အိမ်ရှာမတွေ့၍ လမ်းထဲမှာ ကစားနေသော ကလေးတစ်ယောက်ကို မေးမိသည် ။


“ ဟဲ့ကလေး ဒီလမ်းထဲမှာ စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းနေတယ်မဟုတ်လား .. အစ်ကိုတို့ အိမ်ရှာတာ မတွေ့လို့ ”


“ သံမဏိတို့ အဖေကို ပြောတာလား .…. ”


ရှုပ်ကုန်ပြီ ရှာတာက ဆင်ဖြူကျွန်းအောင်သိန်း ၊ ကလေးက သံမဏိတို့ အဖေလားတဲ့ ။ အတူပါလာသော ဓနုဖြူစာပေဝါသနာများအသင်း၏ ဒုတိယမြောက်အတွင်းရေးမှူး ကျော်မြလေးဘက်သို့ လှည့်၍


“ ကျော်မြရေ တို့တော့ ဒုက္ခပဲ ... ဆင်ကြီးနဲ့ မတွေ့ပဲ ဘယ်ကလာမှန်းမသိတဲ့ သံမဏိနဲ့ တွေ့ရတော့မယ် ထင်တယ် ... ”


ကျော်မြလေးက အသာနေ ဒီကိစ္စ ကျွန်တော်ရှင်းမယ်ဟု ဂုရုကွေးကို

ပြောပြီး ကလေးဘက် လှည့်၍


“ အဲဒီသံမဏိတို့ အဖေအိမ်လဲ တို့ကိုပို့ပေးပါ ... ရော့မင်းအတွက် မုန့်ဘိုး ... ”


မူးစေ့တစ်စေ့ပေးလိုက်တော့ ကလေးက ရွှေထုပ်ကောက်ရသည့်အလား မူးစေ့ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဈေးဟောင်းလမ်းထဲ ဝင်ပြေးသည် ။ ဂုရုတို့ မနည်းလိုက်ရသည် ။ ကလေးသည် ဈေးဟောင်းလမ်းအတွင်းပိုင်းမှ အိမ်တစ်အိမ်ရှေ့တွင် ရပ်ပြီး ဂုရုကွေးတို့ကို စောင့်နေသည် ။


“ အဲဒါ သံမဏိတို့ အိမ်ပဲ ... ”


ကျော်မြလေးက ဗျို့ ဦးသံမဏိ ဦးသံမဏိ ဟု အိမ်ရှေ့မှ အသံပြုလိုက်သောအခါ ဘဒူဒေလဲ ဘဒူနဲ့ တွေ့ချင်လို့လဲ ဟု ဖြေသံနှင့်အတူ ကလေးတစ် ယောက် ထွက်လာသည် ။


“ လူကြီးမင်းက ဦးသံမဏိလား ... ”


“ ဟုတ်တယ် ... အနော်ပဲ အနော်နဲ့ တွေ့ချင်တာ ဘာလဲ ... မုန့်ဘိုးပေးမလို့လား .…. ”


ဂုရုကွေးက ကြားဝင်၍


“ မုန့်ဘိုးခဏထားပြီး ကျွန်တော်မေးတာ အရင်ဖြေပါ ... ဦးသံမဏိရဲ့ အဖေက စာရေးဆရာလား ”


“ ဟုတ်တယ် ... ချာရေးချရာ .…. ”


“ သူ့နာမည် ... ”


“ ချင်ဖြူကျွန်းအောင်တိန်း ”


“ အေး ... အဲဒါကြီး အိမ်ထဲမှာ ရှိလား ... ”


“ ရှိတယ် .. ”


“ ဘာလုပ်နေလဲ ... ”


“ ခင်ဗျားတို့လို အရုပ်မရှိလို့ လျှောက်သွားနေတာ မဟုတ်ဘူး ရုပ်ရုပ် နေတယ်... ချင်ဖြူကျွန်းအောင်သိန်း စာရေးနေတယ် ... ”


" အသံပြုလိုက်စမ်းပါ ... ဓနုဖြူက မိတ်ဆွေတွေ လာတယ်လို့ ... ”


ဦးသံမဏိက အိမ်အတွင်းဘက်သို့ လှမ်းအော်သည် ။


“ အဖေ အဖေ ဒီမှာ ခင်ဗျား တငယ်ချင်းတွေတဲ့ ... ဓနုဖြူကတဲ့ ... "


မျှော်တုန်းမျှော်ဆဲ ပျိုလည်းထွက်လာ အငြိမ့်သီချင်းကဲ့သို့ ဂုရုကွေးတို့

အမျှော်လင့်ကြီး လာခဲ့ရသော စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း အတွင်းခန်းမှ ထွက်လာသည့် စာရေးရင်းတန်းလန်းမှ ထလာခဲ့ရသဖြင့် လက်ထဲတွင် ဖောင်တိန်ကြီး ကိုင်လျက်သား


“ ဟာ ရဲဘော်ကျော်ထွန်းနဲ့ ရဲဘော်ကျော်မြလေးတို့ ပါလား လာလာ တက်ထိုင်ကြ ... ”


ဈေးဟောင်းလမ်းထဲက သူ့ အိမ်ခန်းကလေးပေါ်သို့ ဖိတ်ခေါ်သည် ။


ဤတွင် ကိုသံမဏိက


" အဖေ အနော် သွားကစားလိုက်ဦးမယ် ” ဟုပြောပြီး ဈေးဟောင်းလမ်းထိပ် ထွက်သွားသည် ။ ဆင်ကြီးအိမ် ဂုရုကွေးရှာခဲ့စဉ်က တွေ့ကြုံခဲ့ရသော ဖြစ်စဉ်ကလေးကို ယနေ့တိုင် မမေ့နိုင်သေး ။ ပြန်ရေးတာနှင့် ပြန်သတိရပြီး ပြန်ပြုံး ရသည် ။


ဂုရု‌ေကွးတို့မှာ ရန်ကုန်စာပေလောကတွင် အကြောင်းကိစ္စရှိပါက ဆင်ကြီးကိုပဲ အားပြုရသည် ။ ဆင်ကြီးက ဂုရုကွေးတို့ကို လူငယ်တွေ ၊ ချာတိတ်တွေဟု ခွဲခြား ခွဲခြားမလုပ် ၊ သူ လင်းယုန်သစ်လွင် ၊ တင့်ဆန်းတို့ အရွယ်လို သဘောထားပြီး ရင်းရင်းနှီးနှီးပေါင်းသည် ။ လှိုက်လှိုက်လှဲလှဲ ကူညီသည် ။ ထက်ထက်သန်သန် စောင့်ရှောက်သည် ။


ဓနုဖြူစာပေ ဝါသနာရှင်များ အသင်းအပေါ် အထူးစေတနာထားသည် ။ ၁၉၅၉ ခုနှစ်က ရန်ကုန်မြို့မှလွဲပြီး နယ်မြို့များတွင် စာပေ ဟောပြောပွဲ မလုပ်ကြသေး ။ လုပ်သည့်မြို့အလွန် နည်းသည် ။ တစ်ပြည်လုံး အတိုင်းအတာနှင့် တွက်ကြည့်လျှင် စာပေဟောပြောပွဲလုပ်သည့် မြို့ကို လက်ချိုးရေတွက်လို့ရသည် ။ လက်တစ်ဘက် မပြည့်ချင် ။


၁၉၅၉ ခုနှစ် ဓနုဖြူစာပေ ဟောပြောပွဲကို ခမ်းနားသိုက် မြိုက်စွာ ကျင်းပမည်ဆိုတော့ ဆင်ကြီးကို အကူအညီတောင်းရသည် ။ သူက တင့်ဆန်းကို ခေါ်ပြီး လာဟောပေးမည်ဟု ကတိပေးသည် ။ ကိုတင့်ဆန်းမှာ ထိုနှစ်စာဆိုတော် အချိန်က ရန်ကုန်တွင် ဟောနေရ၍ မအား ။ တင့်ဆန်းအစား ရွှေဓားကိုခေါ်ပြီး သူလာဟောပေးသည် ။


၁၉၅၉ ခုနှစ် ၊ ဓနုဖြူ စာဆိုတော်နေ့ စာပေဟောပြောပွဲကို မင်္ဂလာသီရိ ရုပ်ရှင်ရုံဟောင်းတွင် ကျင်းပသည် ။ ရန်ကုန်မြို့မှ စာရေးဆရာကြီးနှစ်ဦး နှင့် ဂုရုကွေး၏ ငယ်သူငယ်ချင်းအဆိုတော် ဓနုဖြူစိုးသိန်းပါ လာဟောပေးသည် ။ တပ်ရင်း ( ၄ ) မှ ဗိုလ်ကြီးဟန်ညွှန့် ( ရှ င်စိုးမိုး ) လည်း ပါဝင်ဟောပြောသည် ။ ဖြစ်ချင်တော့ စာပေဟောပြောပွဲသို့ မြို့ထဲက လူကြီးများတစ်ယောက် မှ မလာ ။ အသင်းဝင်လူငယ်များနှင့်အတူ လူမလာ၍ ဟောင်းလောင်း ဖြစ်နေသော ရုံထဲတွင် ဂုရုကွေး ပျာယာခတ်နေသည် ။


လူလာလိုလာငြား စောင့်စားရင်း သီချင်းတွေပဲ နင်းကန်ဖွင့်နေရေသည် ။ သီချင်းတစ်ပုဒ်ပြီးသွားသည် ။ လူမလာ ။ တစ်ပုဒ်ပြီးတစ်ပုဒ် အဆက် မပြတ် ဖွင့်သည် ။ လူတစ်ယောက် မှ မလာ ။


“ ရဲဘော် ခင်ဗျားပွဲက ဘယ်လိုလဲ ဖြစ်ဦးမလား ... ”


လူမရှိသော ရုံထဲတွင် မျက် မှောင်ကြုတ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ဆင်ကြီးက ဂုရုကွေးကို မေးသည် ။ ဂုရုကွေး တော်တော်စိတ်ညစ်သွားသည် ။


“ လာပါလိမ့်မယ် လာမှာပါ .... ”


ပြောလို့သာ ပြောရသည် ။ အားက မရှိ ။ အသံက တိုးလွန်းနေသည် ။ မတတ်သာလွန်းမက မတတ်သာသောအခါ ရုံနှင့်လမ်းသာခြားသော အထက်တန်းကျောင်းသို့ ပြေးရသည် ။ ကျောင်းအုပ်ဆရာကြီးဦးဘိုကို အကူအညီတောင်းရသည် ။ ရန်ကုန်က စာရေးဆရာတွေ ပင့်လာပြီး ဟောပြောပွဲလုပ်တာ လူမလာလို့ ကယ်ပါယူပါ ဘာညာ စသည်ဖြင့် ဖြစ်ရပ်မှန်ကို ပြောပြတော့ ဆရာကြီး ဦးဘိုက ကျောင်းသားတွေကို အတန်းလိုက် လွှတ်ပေးလိုက်သည် ။ ကျောင်းသား ပရိသတ်ဖြင့် ရုံပြည့်သွားသည် ။


ရှင်စိုးမိုး ဟောသည် ။ ဓနုဖြူစိုးသိန်းဟောသည် ။ ဂုရုကွေးဟောသည် ။ အရွယ်စုံ ကျောင်းသားပရိသတ် မငြိမ်ပါ ။ ငြိမ်အောင် မထိန်းနိုင်ကြပါ ။ ဆင်ကြီး အလှည့်တွင် ကျောင်းသားငလောင်အချို့က ခွက်တွေ ခေါက်တော့ ဆင်ကြီး စိတ်ဆိုးသည် ။ စိတ်ဆိုးပင် ဆိုးလင့်ကစား စာပေအကြောင်းများကို တစ်နာရီနီးပါး ဟောပြောပေးသည် ။ ထိုပွဲကို ရွှေဓား တစ်ယောက်ပဲ ထိန်းနိုင်သည် ။ နောက်ဆုံးလူ ရွှေဓားသာ မထိန်းနိုင်လျှင် ဟောပြောပွဲတစ်ခုလုံး ပုံပျက်ပန်းပျက်နှင့် ပြီးဆုံးရတော့မည် ။


ဂုရုကွေးတို့ အသင်းမှာ ငမွဲအသင်းဖြစ်၍ ဆင်ကြီးနှင့် ရွှေဓားကို ဖြာသေးသေးလေးနှစ်ချပ်သာ လက်ဆောင်ပေးလိုက်နိုင်ပါသည် ။ ဆင်ကြီးကို ထိုတစ်ကြိမ် နှိပ်စက်ပြီး နောက်ထပ် နှိပ်စက်စရာတွေ ပေါ်လာပြန်သည် ။


ထိုစဉ်က ၅၉ - ၆၀ က ဗမာ့ရုပ်ရှင်အမည်ရှိ တစ်ကျပ်တန် ရုပ်ရှင်စာစောင်လေးတွင် ဆင်ကြီးက နာမည်မခံဘဲ အယ်ဒီတာလုပ်ပေးနေသည် ။  ဗမာ့ရုပ်ရှင်တွင် ရုပ်ရှင်မင်းသမီးတစ်ဦးစီ တစ်ဦးစီ၏ ဓာတ်ပုံနှင့် တွဲ၍ အလှဘွဲ့ ကဗျာတစ်ပုဒ် ရှေ့ဆုံးစာမျက်နှာမှ လစဉ်ဖော်ပြသည် ။


ဂုရုကွေးတို့က ကဗျာဆရာပေါက်စ အင်မတန်မှ လက်သွေးကြွနေချိန် ၊

အလှဘွဲ့တွေ ရေးကာ ဆင်ကြီးဆီ ပို့ကြသည် ။ ဆင်ကြီးက ဂုရုကွေးအပါအဝင် စာပေဝါသနာရှင်များအသင်းမှ ကဗျာဆရာပေါက်စတို့၏ ကဗျာများကို ဗမာ့ ရုပ်ရှင်တွင် လစဉ်ဖော်ပြပေးခဲ့သည် ။ သူ့ကျေးဇူးတွေ များလှပါသည် ။


သည်တုန်းက စာပေဝါသနာရှင်များအသင်းကို တိုးချဲ့ကာ ကဗျာဆရာအသင်း ထပ်ဖွဲ့ရန် အားယူနေကြသည့် ကဗျာဆရာ အင်အားလိုသည် ။ ထို့အတွက် ဆင်ကြီးက ဗမာ့ရုပ်ရှင်တွင် ဓနုဖြူမှ ကဗျာများကို လစဉ် ထည့်ပေးသည် ။ ကဗျာရေးသူအချင်းချင်းက ဗမာ့ရုပ်ရှင် စာစောင်ကို ဓနုဖြူစာစောင်ဟု ဝေဖန်ကြသည် ။ ဤအထိ ဆင်ကြီး ကူညီခဲ့ပါသည် ။


သူ့ကျေးဇူးဖြင့် ကဗျာဆရာအင်အား တိုးလာသည် ။ ကဗျာဆရာအသင်း ဖွဲ့နိုင်သည် ။ သည်စဉ်က မြန်မာတစ်ပြည်လုံးတွင် အင်အားကြီးမားသော ကဗျာဆရာအသင်း သုံးသင်းရှိခဲ့သည် ။ တောင်ငူ ကဗျာဆရာအသင်း ၊ ပျဉ်းမနား ကဗျာဆရာအသင်း ၊ ဓနုဖြူ ကဗျာဆရာအသင်း ၊ ပျဉ်းမနားက ကဗျာဆရာအင်အား အများဆုံး ၊ တောင်ငူက ဒုတိယ ၊ ဓနုဖြူက တတိယ ၊ ဂုရုကွေးမှာ စာပေဝါသနာရှင်များအသင်းတွင် ဥက္ကဌ ၊ နှစ်သင်းခွဲပြီး တာဝန်ယူသည် ။ ဘယ်သူကမှ ပေးသည့်တာဝန်မဟုတ် ။ ကိုယ့်ဟာကိုယ် စာပေဝါသနာအရ ယူထားသည့် တာဝန် ။


“ တို့ စာစောင်လေးတစ်ခု လောက် ထုတ်ကြရင်ကောင်းမယ် ”


စာပေဝါသနာရှင်များ အသင်းအနေဖြင့် စာစောင်ထုတ်ရန် တိုင်ပင်ကြသည် ။ အားလုံးက ဖိုးရေးချင် မယ်ရေးချင်တွေ ဖြစ်နေ၍ ထိုအဆိုကို ကန့်ကွက်သူ မရှိ ။ အတည်ပြုလိုက်ကြသည် ။ ရန်ကုန် ဂွတ္တလစ် ဟောင်းလမ်းမှာ ဆင်ဖြူကျွန်းအောင်သိန်း ရှိနေသည် ။ဓနုဖြူအသင်း နှစ်သင်းလုံး၏ အားကိုးရာ ၊ လဲလျောင်းရာ ညောင်ညိုပင်ကြီးကို အကူအညီ တောင်းရမည် ။


ဂုရုကွေးတို့ ငမွဲအသင်းသည် အသံ ချဲ့စက်ငှားကာ မြို့ပေါ်တွင် အလှူခံကြသည် ။ ဂုရု‌ေကွးက လမ်းပေါ်မှာ မိုက် ဖြင့်ပြော ၊ အသင်းသားတွေက ငွေဖလား ကိုယ်စီဖြင့် လမ်းဟိုဘက် မှာ ဒီဘက် မှာ အိမ်တွေပေါ်တက် အလှူခံ ။ ဤသို့ပင်ပန်းတကြီး ခွက်ထိုး အလှူခံရလာ သော ရံပုံငွေလေး မဖြစ်ညစ်ကျယ်ဖြင့် စာစောင်ထုတ်ကြသည် ။


“ ဆင်ကြီး ဟောဒီမှာ ကျွန်တော်တို့ ရှာလာတဲ့ ရံပုံငွေ ဒါနဲ့ စာစောင်ထုတ်မယ် .. ဖြစ်အောင် လုပ်ပေးပါ ... ”


စာစောင်နာမည်ကလည်း ကြည့်ဦး ။ သူများတွေ ယုဇနတို့ ၊ ပန်းတော်ဝင်တို့ ၊ ကေသီပန်တို့ နာမည်လှလှလေးတွေ သုံးနေချိန်မှာ ဂုရုကွေးတို့ စာစောင်နာမည်က ( မုန်တိုင်း ) ။ စာစောင်၏ ကြွေးကြော်သံကလည်း ကြောက်ခမန်းလိလိ ။ ( စာပေ အလေှးအမှိုက် များကို တိုက်ထုတ်ပစ်မည့် မုန်တိုင်း ) တဲ့ ။


ဆင်ကြီးက ဂုရုကွေးနှင့် ရဲဘော် မောင်မင်းယာ တို့ရှာလာသော ရံပုံငွေဖြင့် မုန်တိုင်းစာစောင်လေးကို ဖြစ်အောင် စီစဉ်ပေးသည် ။ သူ၏ စာမူသာမက မာန်အောင်ပီယ၏ စာမူကိုပါ တောင်းယူပေးသည် ။ မုန်တိုင်း ( ၁ ) ထွက်ပြီးတော့ မုန်တိုင်း ( ၂ ) ဆက်ထုတ်သည် ။ ကန်တော်လေးထဲက ရွှေဟင်္သာပုံနှိပ်တိုက် မှ ကိုကျော်ညွှန့် ( စာရေးဆရာ အောင်ကျော်စည် ) ထံ ဆင်ကြီးပဲ တာဝန်ယူ အပ်နှံပေးသည် ။


“ ရဲဘော် ခင်ဗျားက တကယ့် ခွစာပဲနော် ... ”


“ ဘာဖြစ်လို့လဲ ဆင်ကြီး ”


“ သူများ စာစောင်တွေ မိန်းကလေးပုံလှလှလေးတွေနဲ့ ထုတ်နေချိန်မှာ ခင်ဗျားက သရဲပုံမျက်နှာဖုံးလုပ်ပြီး ထုတ်တယ် .. ”


“ ဒီသရဲပုံရဖို့ ကျွန်တော် ဘယ်လောက်အထိ ကြိုးစားရတယ် မှတ်သလဲ .. ”


ထိုစဉ်က ရန်ကုန်သင်္ကြန်တွင် သင်္ကြန်သံချပ်ကားတွေများစွာ ထွက်သည် ။ မင်္ဂလာတောင်ညွန့်မှ ကိုမြင့်နော်တို့အဖွဲ့ သံချပ်စာအုပ်အဖုံးမှာ အားလုံးထဲတွင် တမူထူးခြားသည် ။ နယ်ချဲ့သမားသရဲကြီးသည် ပါးစပ်တွင် သွေးများစီးကျနေသည် ။ လက်ထဲတွင် အနုမြူဗုံး ကိုင်ထားသည် ။ ထိုသရဲကြီးကို လက်ဝါးတစ်ဘက်က ဟန့်တားထားသည် ။ လက်ဝါးပေါ်တွင် ( နယ်ချဲ့စနစ်ကို ဟန့်တားလော့ ) ဟု ရေးထားသည် ။ ပန်းချီဆရာကြီး ဦးစန်းလွင်၏ လက်ရာဖြစ်သည် ။


“ ဒီသရဲပုံကို ကျွန်တော်ကြိုက်လို့ ကိုမြင့်နောင်ဆီက မူရင်းပန်းချီပုံ သွားတောင်း ... ဆရာဦးစန်းလွင်ဆီပို့ သင်္ကြန်အဖွဲ့နာမည်ကို ဖျက် ... မုန်တိုင်း နာမည်ပြင် အောက်ကစာပေဝါသနာရှင်များအသင်း ဓနုဖြူ စာတန်းထည့် ... ဆရာဦးစန်းလွင်က မေတ္တာနဲ့ကူညီလိုက်တဲ့ သရဲကြီးဗျ ... ပေါ့သေးသေး မထင်နဲ့ ”


ဆင်ကြီးက နယ်ချဲ့သရဲပုံကြီးကို ကြည့်ကာ တဟားဟားရယ်သည် ။


“ ခင်ဗျားတို့ သဘောကျတဲ့ သရဲကြီးပဲ အဖုံးလုပ်လိုက်ပေါ့ဗျာ ... ရဲဘော်ကတော့ တကယ့် ပြောစမှတ်ပါပဲ..."


မုန်တိုင်း ( ၂ ) မှာ ဓနုဖြူ တစ်မြို့လုံးတွင်လည်း တကယ်ပင် ပြောစမှတ်ဖြစ်ခဲ့သည် ။ ဂုရုကွေးတို့က စာစောင်ကို ပြားခြောက်ဆယ် ရောင်းသည် ။ အိမ်တွေ တက်ရောင်းတော့ အိမ်အချို့က စာစောင်ဖုံးကြည့်ပြီး မျက်လုံးပြူး ကာ


“ ဟေ့ကောင်လေး ... မောင်ကျော်ထွန်း ... မင်းသရဲကြီးပြန်ယူသွားပါကွာ ... အိမ်မှာထားရတာ ကျက်သရေ ယုတ်တယ် ... ပြားခြောက်ဆယ်ကို တစ်ကျပ်လှူမယ် .. ပြားလေးဆယ် ပြန်မအမ်းနဲ့တော့ .. ရော့ ရော့ …. မင်းသရဲကြီး ... ”


ဆင်ကြီး နိမိတ်ဖတ်တာ မှန်သွားသည် ။ ဂုရုကွေးလည်း ဓနုဖြူတွင်

နာမည်ကြီးသွားသည် ။ ဒီကောင်လေးကို သွားမစမ်းနဲ့ သူမှန်တယ်ထင်ရာကို ဇွတ်တရွတ်လုပ်တဲ့ ကောင်တဲ့ ။ ၁၉၆၁ တွင် ထုတ်ခဲ့သော သရဲပုံ မျက်နှာဖုံးနှင့် မုန်တိုင်း ( ၂ ) ကို ဓနုဖြူမှ အိမ်အတော်များများတွင် ယနေ့တိုင်တွေ့နိုင်ပါသေးသည် ။


“ ဓနုဖြူမှာ စာပေသွားဟောတော့ ခင်ဗျားလုပ်ခဲ့တဲ့ သရဲကြီးနဲ့ မုန်တိုင်းကော မုန်တိုင်း ( ၁ ) ကော ယူသွားပြီး ပရိသတ်ကို ထောင်ပြခဲ့ရတယ် ... ”


ဓနုဖြူ စာပေဟောပြောပွဲများကား စည်ကားလှပါသည် ။ ဂုရုကွေးတို့

ဖောက်ခဲ့သောလမ်းမှာ ယခုအခါ ဖြောင့်ဖြူးနေပါပြီ ။ ဆင်ကြီးသည် ဂုရုကွေး နှင့် ပတ်သက်ပြီး ဓနုဖြူအပေါ် သံယောဇဉ်ကြီးသည် ။ သူသွားဟောစဉ်က မုန်တိုင်း ( ၁ ) နှင့် မုန်တိုင်း ( ၂ ) ကို ယူသွားပြီး ဂုရုကွေးအကြောင်းကို ထည့်ဟောခဲ့သည် ။


အတွေးစ သည် ( ၃၃ ) လမ်းမှ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ပြန်ရောက်လာသည် ။ ၅၉ တုန်းက ဆင်ကြီး ၆၀ တုန်းကဆင်ကြီးနှင့် ယခုဆင်ကြီး မတူတော့ပေ ။ ယခုဆင်ကြီးက ခေါင်းတွေဖြူ ၊ မျက်ခုံးတွေပါဖြူ နေသည် ။ သို့သော် အလွန်သန်မာသေးသည် ။ ကြံ့ခိုင်သေးသည် ။ လမ်းသွားလျှင် ယခင်ကအတိုင်း သွက်လက်ဆဲ ။ ဂုရုကွေးအပေါ် အလွန်စေတနာထားခဲ့သော ၊ ထက်ထက်သန်သန် ကူညီခဲ့သော ကိုဆေးတို့အဖေ သက်တော်ရှည်ကြီးကို သည့်ထက်သည် အသက်ရှည်ပါစေဟု ဆုတောင်းလိုက်ပါသည် ။


°°°°  °°°°°°° °°°°°°


ဆင်ကြီးနှင့် ဂုရုကွေးတို့ ၁၉၅၉ ခုနှစ် ၊ ဓနုဖြူစာပေ ဟောပြောပွဲတွင် ဆုံကြပြီး နောက်ထပ် မဆုံဖြစ်ကြတော့ ။ သူက တခြားစာရေးဆရာများနှင့် တွဲကာ လျှောက်ဟောနေသည် ။ ဂုရုကွေးနှင့် ပြန်မတွဲဖြစ်သေး ။


၁၉၆၃ ခုနှစ်တွင် ဂုရုကွေး နေထိုင်ရာ ဓနုဖြူမှ အပြီးအပိုင် ထွက်လာပြီး ၊ ယခု လက်ရှိနေထိုင်ရာ တောင်ဥက္ကလာ ၊ မင်္ဂလာလမ်းမှ အိမ်ပုကလေးတွင် နေသည် ။ ရန်ကုန်တွင် အမြဲတစေ ၊ နေပြီဆိုတော့ ဆင်ကြီး နှင့် မကြာခဏ တွေ့ဆုံဖြစ်သည် ။


အထူးသဖြင့် ထိုစဉ်က ထုတ်ဝေနေသော နဝဒေးမဂ္ဂဇင်းတိုက်တွင် ဆုံလေ့ရှိသည် ။ ( မှတ်ချက်  ။  ထိုနဝဒေးမှာ ယခုထုတ်နေသော နဝဒေးမဟုတ် ၊ ယခင့် ယခင်ကာလ များက တစ်ကျပ်တန် နဝဒေးဂျာနယ်မှ တစ်ဆင့် နှစ်ကျပ်တန် နဝဒေး မဂ္ဂဇင်း အဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့သော မူလ နဝဒေး ဖြစ်သည် ။ )


သည်တုန်းက ပုဇွန်တောင် ၊ ရေကျော်ဘက်တွင် မဂ္ဂဇင်းတိုက် အတော်များများရှိခဲ့သည် ။ ရေကျော်ဝတ်ကျောင်းလမ်းတွင် ကေသီပန်မဂ္ဂဇင်း ( တစ်ကျပ်တန် ) ၊ ရေကျော် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ပန်တော်ဝင်မဂ္ဂဇင်း ( တစ်ကျပ်တန် ) ၊ ၄၈လမ်း အထက်ဘလောက်တွင် သွေးသောက် မဂ္ဂဇင်း ( နှစ်ကျပ်တန် ) ၊ မဟာသုခလမ်းထဲတွင် ကဗျာသစ်မဂ္ဂဇင်း ( တစ်ကျပ်တန် ) ။


လမ်း - ၅ဝ အထက်ဘလောက်တွင် ကာနယ်ဇင်း ( စထုတ်စဉ်က တစ်ကျပ်တန် ၊ နောက် နှစ်ကျပ်တန် ) ။ လမ်း - ၅ဝ အောက်ဆုံးဘလောက်တွင် နဝဒေးမဂ္ဂဇင်း ၊ နဝဒေး အယ်ဒီတာအဖွဲ့က အင်အားကောင်းသည် ။ တက္ကသိုလ် နန္ဒမိတ် ၊ လေးမြင့် ငွေလင်း ၊ ထွန်းသစ် ၊ နောက်ပိုင်းတွင် ပန်းတနော် ဝင်းသိန်းပါ အယ်ဒီတာ အဖွဲ့ထဲ ပါလာသည် ။


နဝဒေးမဂ္ဂဇင်းတိုက် မှာ နေရာထိုင်ခင်း ကျယ်ဝန်းသည် ။ ပိုင်ရှင်ဦးထွန်းအောင်က ဆက်ဆံရေးကောင်းသည် ။ စာရေးဆရာများ၏ သည်းညည်းကို ခံရသည် ။ သည်တော့ သည်မဂ္ဂဇင်းတိုက် မှာ စာရေးဆရာတွေ ပျော်ကြသည် ။ တစ်နေ့ နေ့လယ်ခင်း ဂုရုကွေး ရောက်အသွား ဆင်ကြီးနှင့် ဆုံသည် ။


ဦးငွေလင်း မရောက်သေး၍ ဦးငွေလင်းစားပွဲတွင် ထိုင်ကာ ဓာတ်ပုံတစ်ပုံ၏ နောက်ကျောတွင် တစ်စုံတစ်ခု ရေးနေတာ မြင်ရသည် ။ ဟေ့ လူကြီး .. ဘာတွေ ရေးနေတာလဲ မေးတော့ အသာနေ အသာနေ မကြာခင် သိရမယ်ဟု ပြောသည် ။


“ ဟာ ကိုအောင်သိန်းတို့ ဆရာကွေးတို့ ရောက်နေကြမှကိုး ”


လက်ဆွဲအိတ်ကြီး တကားကားဆွဲကာ မြောင်းမြသခင်တင်ကြီး ဝင်လာသည် ။ မြောင်းမြသခင်တင်က နဝဒေးမဂ္ဂဇင်းတွင် ဟာသကဗျာများ ကဏ္ဍကို လစဉ်ပင်တိုင်ရေးသည် ။ အရပ်ကြီး ကလန်ကလား ၊ လမ်းလျှောက်လျှင်မားမား မားမား အလွန် သဘောကောင်းသည် ။


“ မဂ္ဂဇင်းထဲ ထည့်ဖို့ ကျွန်တော်တို့ ဓာတ်ပုံတွေ ရပြီလား မသိဘူး ”


ဆင်ကြီးက မပြောတတ်ဘူး ။ စားပွဲပေါ်မှာ ရှာကြည့်ဟုပြောပြီး ဂုရုကွေးကို မျက်စိမှိတ်ပြသည် ။ သခင်တင်ကြီးသည် ကိုင်းကိုင်း ကိုင်းကိုင်းဖြင့် ဓာတ်ပုံများကို ရွေးသည် ။ သူ့ပုံကိုတွေ့သွားသည် ။ ဓာတ်ပုံက အင်္ကျီကော်လံ လည်ကတုံးဖြင့် တိုက်ပုံဝတ်လျက် စတိုင်တွေ မလိုင်တွေ အပြည့် ။


“ ကိုကျော်ထွန်း ကျွန်တော့်ပုံ မဆိုးဘူးနော် ”


သခင်တင်က ဂုရုကွေးကို ဆရာကွေးခေါ်တဲ့အခါခေါ် ၊ နာမည်ရင်းဖြစ်သော ကိုကျော်ထွန်း ခေါ်တဲ့ အခါခေါ် ၊ သူ့ပါးစပ်ထဲ အလျဉ်းသင့်သလို ခေါ်တတ်သည် ။ ဓာတ်ပုံကို ရှေ့ကကြည့်ပြီး နောက်ကျောဘက် လှည့်ကြည့်သောအခါ သခင်တင် မျက်နှာရှံု့သွားသည် ။


“ တော်တော်ဆိုးတဲ့လူတွေ ဒါဘယ်သူရေးတာလဲ ”


ဂုရုကွေးက ဓာတ်ပုံကိုယူပြီး ကြည့်မိသည် ။ ရေးထားတဲ့စာက ( မသေမီ နောက်ဆုံး ရိုက်ထားသောပုံ ) တဲ့ ။ ဘယ်လိုမှ အောင့်ထားလို့မရသဖြင့် ဂုရုကွေး အော်ကြီးဟစ်ကြီး ရယ်မိသည် ။ ရယ်သံကြောင့် နဝဒေးရိုက်သော သန်းထိုက် ၊ ရတနာပုံနှိပ်တိုက် မှ အလုပ်သမားတွေ ထွက်လာသည် ။ ဓာတ်ပုံကို ဝိုင်းကြည့်ပြီး တအုံးအုံး ရယ်ကြသည် ။ ဘယ်သူတွေ ဘယ်လောက်ရယ်ရယ် ဆင်ကြီးကတော့ ခပ်တည်တည် ။


မြောင်းမြသခင်တင်ကြီးမှာ လူ့ပြည်တွင် နှစ်ပေါင်းများစွာ နေပြီးမှ သေသွားသည် ။ ထိုစဉ်ကတော့ လောလောလတ်လတ် သေမလားဆိုပြီး လန့်သွားတာ အမှန် ။


ကာနယ်ဇင်းမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ စစ်သူမြလေး ( ခေါ် )

အောင်လျှပ်စက် ကွယ်လွန်သွားသဖြင့် တာဝန်ခံအယ်ဒီတာအဖြစ် ဆင်ကြီး ဝင်လုပ်သည် ။ လက်ထောက်အယ်ဒီတာက ကွယ်လွန်သူ မောင်မြတ်ခေါင် ။


“ ဟေ့လူ .. ခင်ဗျား .…. အားလား ”


တစ်နေ့ ကာနယ်ဇင်းတိုက် ရောက်အသွား ဆင်ကြီးကမေးသဖြင့်


“ စာရေးတာကလွဲပြီး ဘာမှမလုပ်တဲ့ကောင် ။ အမြဲအားတယ် ။ ဘာဖြစ်လို့လဲ ”


“ ကျောက်တံခါးမြို့က စာပေဟောပြောပွဲ ဖိတ်ထားတယ် ။ ခင်ဗျားလိုက် မလား ”


“ ဘယ်သူတွေ ပါမှာလဲ ”


“ ကျွန်တော်ရယ် ၊ ငဖြူသီးရယ် ၊ သိန်းတန်ရယ် ခင်ဗျားတို့ တောင်ဥက္ကလာက လင်းယုန်သစ်လွင် တပည့် ဗဟိုပွင့်ဦးရယ် ၊ ခင်ဗျား လိုက် မယ်ဆို ငါးယောက်ပေါ့ ”


“ ဟာ ... လိုက် မယ် ... လိုက် မယ် ”


ငဖြူသီးဆိုတာ စုံထောက် မဂ္ဂဇင်းတွင် ကပ္ပိယစုံထောက် ဦးဖြူသီး ဝတ္ထုတွေရေးသော တင့်ဆန်းကို ဆင်ကြီးက နောက်ခေါ်တာပါ ။ သိန်းတန် ဆိုတာက တွံတေးသိန်းတန် မဟုတ် ။ ဂျာနယ်ကျော်မမလေးသား စာရေးဆရာ ရုပ်ရှင်မင်းသား မောင်သိန်းတန် ၊ ထိုစဉ်က ဒါရိုက်တာခင်မောင်ရင်၏ နှမလက်လျှော့ နေလေတော့ ရုပ်ရှင်ကားတွင် မင်းသားအဖြစ် သရုပ်ဆောင်ထား၏ ။ နာမည်ရစ ဗဟိုပွင့်ဦးမှာ နောင်အခါဇာတ်ညွှန်းရေးဆရာလှိုင်ဦး ဖြစ်လာသူ ၊ ယခုတော့ သူလည်း ကွယ်လွန်ပြီ ။


ကျောက်တံခါးပွဲကား တကယ့်ပွဲဖြစ်သည် ။ စာဆိုတော်ကာလ မဟုတ်သော ကြားရက်တွင် ကျင်းပသည် ။ စာပေနှင့် ဘာမှမဆိုင်သော အား/ကာ ရန်ပုံငွေ လက် မှတ်ရောင်းထားသည် ။ ပိုဆိုးတာက စာပေဟောပြောပွဲပြီးလျှင် မာသီတို့၏ ခေတ်ပေါ် တီးဝိုင်းဖြင့် ဖျော်ဖြေမည်တဲ့ ။


ကျင်းပတာက ရုပ်ရှင်ရုံထဲမှာ ပွဲက နေ့ပွဲ ။ လာရောက်နားထောင်သော ပရိသတ်က စာပေပရိသတ်မဟုတ် ။ ဂီတပရိသတ်များသည်သာ ။ ဘာပြော ကောင်းမလဲ ။ မောင်သိန်းတန်တစ်ယောက်သာ ရုပ်ရှင်မင်းသားဆိုသော ဟိတ်ကြောင့် ပရိသတ်လက်ခံသည် ။ အဖွဲ့ခေါင်းဆောင် ငဖြူသီးမှ စပြီး ဗဟိုပွင့်ဦး အဆုံး ဂုရုကွေးတို့ အကုန်လုံး ကွဲသည် ။


“ တော်ပါတော့ ... သီချင်းနားထောင်ဖို့ လာတာ ။ ဘာတွေပြောနေတာလဲ ”


ငမူးငလောင်များက ထထအော်သဖြင့် ဘယ်သူမှ ကြာကြာမဟောလိုက်ရ ။ သိန်းတန်တစ်ယောက်ပဲ နာရီဝက်ခန့် ဟောရသည် ။ ဂုရုကွေးတို့မှာ တစ်ယောက်လျှင် ဆယ်မိနစ် ဆယ့်ငါးမိနစ်ဖြင့် စတိလောက် ဟောပြောပြီး ဆင်းပေးရသည် ။


“ ကျွန်တော့်ကို ငါးမိနစ်လောက် အချိန်ပေးပါ ။ ငမိုးရိပ်မှ ငမိုးရိပ်သို့ အကြောင်းလေး ပြောခဲ့ချင်လို့ ”


ငရဲပွက်သလို ဆူပွက်နေသော ပရိသတ်ကို နောက်ဆုံးဟောသော တင့်ဆန်းက ဈေးသွားဆစ်နေသဖြင့် ဆင်ကြီး ကိုယ်တိုင် ထအော်သည် ။


“ ငဖြူသီး တော်တော့ ... တော်တော့ ”


အခြေအနေမကောင်းသဖြင့် ဂုရုကွေးပါ ဝင်အော်သည် ။


“ ကိုတင့်ဆန်း ... ဆင်း ... ဆင်း ... ပွဲကြမ်းနေတယ် ။ ခဲတက်လာလိမ့်မယ် ”


ခဲဖြင့်ပေါက် မည်စိုး၍ အတင်းဆင်းခိုင်းရသည် ။ ကိုတင့်ဆန်း ပရိသတ်ကို ပေကန်း ပေကန်းကြည့်ပြီး ဆင်းလာသည် ။ ကံဆိုးမသွားလေရာ ၊ မိုး လိုက်လို့ရွာ ဆိုသလို ဂုရုကွေးတို့မှာ ခံရမည့်ဝဋ်ကြွေး မကုန်သေးပေ ။ ကျောက်တံခါးပွဲတွင် စုတ်ပြတ်သတ်ပြီး အသားနီလန်အောင် ခံခဲ့ရပြီးနောက် ရန်ကုန် အပြန်ခရီးတွင် ရေကြီးသည်နှင့် တိုးရသည် ။


ရထားသံလမ်း ရေကျော်သဖြင့် ပဲခူးတွင် သောင်တင်ကြရသည် ။ ဇလပ်‌ေထာ်တံတား ကျိုးသဖြင့် ကားလမ်းတွေလည်း ရေကျော်ကုန်သည် ။ ဘယ်လိုမှ ပြန်လို့မရတော့ ။ ပဲခူးတစ်မြို့လုံး ရေတွေ ဖွေးနေသည် ။ ပိုက်ဆံလည်း မပါ ။ လဲစရာ အဝတ်အစားလည်း မပါ ။ ပေရေညစ်ပတ်နေသည် ။ စာရေးဆရာရုပ် မပေါက်ဘဲ ပျံကျအလုပ်ကြမ်းသမားရုပ် ပေါက်နေသည် ။


“ ကျွန်တော့်မှာ သူများစာမူခပေးဖို့ ပိုက်ဆံ နည်းနည်းပါတယ် ”


ဆင်ကြီးက ပြောသဖြင့် အားလုံးဝမ်းသာသွားကြသည် ။ မောင်သိန်းတန်မှာ ထိုဒုက္ခကို မခံရ ကျောက်တံခါးတွင် နေခဲ့သဖြင့် ကံကောင်းသွားသည် ။


“ တစ်ယောက်စွပ်ကျယ် တစ်ထည်စီတော့ ဝယ်လို့ရမယ် ။ ဒီပိုက်ဆံ ရန်ကုန်ကျမှ ပြန်ရှင်းကြတာပေါ့ ”


အင်္ကျီတွေက နံစော်နေပြီး သူ့အနံ့ ကိုယ်မခံနိုင် ၊ ကိုယ့်အနံ့  သူမခံနိုင် ၊ ကမ္ဘာ့အနံ့ကြီးတွေ ဖြစ်ကုန်ပြီ ။


“ လာ .. လာ .. ဈေးထဲ သွားဝယ်ကြရအောင် ”


ရေလွှမ်းထားသော ပဲခူးမြို့လယ်တွင်ခါးတောင်းတွေ အမြှောင်သား ကျိုက်ပြီး စွပ်ကျယ်ဝယ်ထွက်ကြသည် ။ ရေတွေက ဝါးလုံးထိုး စီးနေသည် ။ လူတွေက လှေတွေနှင့် သွားနေကြသည် ။ ရေထဲတွင် တဘွမ်းဘွမ်း လျှောက်နေသူဟူ၍ ဂုရုကွေးတို့ လူစုသာ ရှိသည် ။


“ ရေပေါ်မှာ ဖိနပ်စီးတော့ နှပ်ချေးက ငန်တန်တန် ”


" ပတ် ... ဗိန် နောင် ဗျောင် ... ”


“ စဘတ်ဘီး တလန်လန်ငယ် မျက် မှန်နဲ့အကန်း ”


“ အို ဘာတဲ့တုန်း ၊ ဆင်ကြီးတဲ့ ။ ကျိတ်လိုက်စမ်း ။ မဆလာတွေ .. ”


ဆင်ကြီးက ဘုံထောက်သံဆို ဂုရုကွေးတို့က ပါးစပ်ဆိုင်းတီးပေးစဉ် တိုက်ကြားမှ ထွက်လာသော လှေတစ်စီးက ဆင်ကြီးကို ဝင်တိုက်သည် ။ ကံကောင်းလို့ ၊ ရေထဲလဲမလို့ ဂုရုကွေးတို့ လှေဦးကို ဝိုင်းတွန်းပြီး ဖယ်ရှားလိုက် မှ ထိုလှေမှာ အဟုန်ပြင်းစွာဖြင့် အခြားဘက် ရောက်သွားသည် ။


လေထန်ကုန်းမှာ ဆုံစဉ် ထိုအကြောင်းကို စကားစပ်မိတိုင်း ...


“ ဘယ်လိုလဲ ဆင်ကြီး ၊ ပဲခူးမြို့လယ်ခေါင်က လမ်းမကြီးမှာ လှေ

တိုက်ခံရတာ မှတ်မိသေးလား ” ဟု မေးလျှင် ဆင်ဖြူကျွန်းအောင်သိန်းက “ တော်စမ်းပါ ရဲဘော်ရာ ။ စိတ်ကုန်လွန်းလို့ ” ဟု တုံ့ပြန်ပြီး ပြုံးပြုံးကြီး လုပ်နေတတ်သည် ။ ဆင်ကြီး အသက်ရာကျော် ရှည်ပါစေ ။



◾ အီကြာကွေး


📖  သောကြာစာစောင်


အမှတ် ( ၄၄၄ ) ဩဂုတ်လ ၊ ၂၀၀၀ ပြည့်နှစ်


အမှတ် ( ၄၄၅ ) စက်တင်ဘာလ ၊ ၂၀၀၀ ပြည့်နှစ်


အမှတ် ( ၄၄၆ ) အောက်တိုဘာလ ၊ ၂၀၀၀ ပြည့်နှစ်


Thursday, June 17, 2021

ဗေဒါရဲ့ ဗေဒါလမ်း


 ❝ ဗေဒါရဲ့ ဗေဒါလမ်း ❞


တေးရေးသူ - ဆရာဇော်ဂျီ (စာ)

                   စန္ဒရားချစ်ဆွေ (သံ)


တေးဆိုသူ - ကြည်ကြည်ဌေး


( မြစ်ကမ်းမှာတဲ့ လေကြမ်းဆင် ထန်လိုက်လေ လေမုန်တိုင်း လှိုင်း လှိုင်းက ဘောင်ဘင် ... )


တစ်လှိုင်းထွက် တစ်လှိုင်းဝင် ... ဗေဒါခင်ဖြစ်နဲ ရေလှိုင်း ဗရဗွေနှင့် မုန်တိုင်းလေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ ...


စုန်ဆန်ရ တပေပေ ဒီရေနယ်တစ်ကျေး ဒီချောင်းရေ ဗေဒါလမ်း ပန်းဖွယ်တဲ့လေး ...


ဒီအပြိုင် ဒီအိုင်ထဲ ဝဲကတစ်ရာ ဝဲကတစ်ရာ ဒီအားကြောင့် မနားသာ ပတ်ချာလည်ဘဝ ဝဲခွင်ဝင်သမျှ တိုးထွက်နိုင်မှ ...


ဗေဒါထက်ဗေဒါ ဒီချောင်းမှာ အမည်မွှေး အေးငြိမ့်သာယာ မွှေးသမျှ အပြန်တစ်ရာ ခံစရာအရေး အတိုက်ခံနိုင်မှ အမွှေ့ခံနိုင်မှ ထိုးဝါးကိုင် ဒီဆိုင်ဝဲထဲ ရွှေဘဲရန် စုန်ဆန်လမ်းမှာ ရမ်းတတ်တယ်လေး ...


Monday, June 14, 2021

ဗေဒါလမ်း


    ❝  ဗေဒါလမ်း  ❞


တေးရေးသူ - ဆရာဇော်ဂျီ ( စာသား )

                       စန္ဒရားချစ်ဆွေ ( သံစဉ် )


တေးဆိုသူ - ကြည်ကြည်ဌေး


    ( ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက် .. လှိုင်းသက်ရာဆင်း )


    ( ဆင်းရလည်း မသက်သာ အုန်းလက်ကြွေ ရေပေါလော ... မျောစုန်လို့လာ ) 


    ( အဆင်းနှင့်အလာ ... ဗေဒါမအတွေး အုန်းလက်ကြွေ သူ့နံဘေးဆောင့်ခဲ့ ရသေး )


    ဆောင့်ခဲ့လည်း မသက်သာ နောက်တစ်ချီ ... ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ့ ... မြုပ်လေပေါ့ ပေါ်မလာ မဗေဒါအလှ တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ..


    ပေါ်ပြန်လည်း မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ .. ဘဲအုပ်မှာ တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်း ... အယက်အကန်ခံလို့  ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ...