Friday, July 16, 2021

ကိုဆေးရိုးတို့အဖေ သက်တော်ရှည်


 


❝ ကိုဆေးရိုးတို့အဖေ သက်တော်ရှည် ❞


လေထန်ကုန်းဆိုတာက ဂုရုကွေးမသွားလို့ မရတဲ့နေရာ ။ ဖြစ်နိုင်ပါက ( ပိတ်ရက်တနင်္ဂနွေမှ လွဲ၍ ) နေ့စဉ် ရောက်နေတတ်သော နေရာ ...


ဘာကြောင့်ဆို ထိုနေရာမှာ စာရေးဆရာစုံသည် ။ ကဗျာဆရာစုံသည် ။ ကာတွန်းဆရာ စုံသည် ။ အယ်ဒီတာ စုံသည် ။ ဖလင်သမားစုံသည် ။ ဘိုင်းနင်းသမားများပင် တစ်ခါတစ်ရံ လာတတ်သည် ။


အလေးအနက်ပြောပါက လေထန်ကုန်းသည် စာပေနယ်တစ်ခုလုံး၏

အသည်းနှလုံး ဖြစ်သည် ။ ရန်ကုန်စာပေသမားတွေသာမက နယ်စာပေသမားတွေပါ လေထန်ကုန်းမှာ ဆုံကြသည် ။ နယ်သတင်းတွေ ဘယ်သူဘာလုပ်နေတယ် ။ ဘယ်သူ နေမကောင်းလို့ စသည်ဖြင့် ကြားရတတ်သည် ။ လေထန်ကုန်းမှာ လူစုံသည် ။ သတင်းစုံသည် ။ အဲ မဟုတ်က ဟုတ်က သတင်းတွေလည်း စုံသည် ။


" ကွေးကြီး လာ လာ ထိုင် ... သောက်ပြီးပလား ... ”


တစ်နေ့ နေ့လည် လေထန်ကုန်းသို့ ရောက်အသွား လူကြီးဝိုင်းတစ်ဝိုင်းမှ ခေါ်သံကြားရသည် ။ လေထန်ကုန်းမှာ လူငယ်ဝိုင်းတွေ များသည် ။ လူကြီးဝိုင်း အလွန်နည်းသည် ။ တစ်ခါတစ်ရံမှ တွေ့ရတတ်သည့် လူကြီးဝိုင်းမှာ အသက်ခြောက်ဆယ်နှင့် ခြောက်ဆယ်အထက် ခေါင်းတွေ ဖွေးဖွေးလှုပ်နေသော အဘိုးကြီးဝိုင်း ဖြစ်သည် ။


“ သောက်ပြီးပါပြီ ... ဒါပေမဲ့ ခင်ဗျားတို့နဲ့ တွေ့ဖို့က မလွယ်ဘူး ... တစ်ပတ်တစ်ခါတောင် တွေ့ချင်မှ တွေ့ရတာ ”


ဂုရုကွေးကို လှမ်းခေါ်သူမှာ တစ်ပတ်လျှင် အင်္ဂါတစ်ရက်သာ မြို့ထဲ ထွက်တော့သော ဆရာ ဆင်ဖြူကျွန်းအောင်သိန်း ဖြစ်သည် ။ သူသည် ခေါင်းဖြူရုံမက မျက်ခုံးမွေးတွေပါ ဖြူနေပြီ ။ နှစ်ပေါင်းလေးဆယ်နီးပါး ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သော စာပေမိတ်ဆွေများ ဖြစ်သည် ။


“ ဆင်ကြီး ... ခုဘယ်လောက် ရှိသွားပလဲ ... ”


“ အဲဒါသိတော့ ခင်ဗျားဘာဖြစ်မှာလဲ ... သိန်းသုံးရာဆု ပေါက် မှာလား  ... ”


“ ပေါက်ပေါက် မပေါက်ပေါက်လေ ... သိချင်လို့ မေးတာပါ ဟောင်း အိုး အာ ယူ ... ခင်ဗျား အသက်ဘယ်လောက် ရှိသွားပလဲ ”


ဆင်ကြီးက ပြုံး ကျဲကျဲ မျက်နှာဖြင့် ရေနွေးပန်းကန်ကို လှမ်းကိုင်သည် ။ ရေနွေးကြမ်းဖြင့် ပက် မည့် ဟန်ပြုသည် ။ တကယ် မပက်ပါ ။ လူခင်လူရင်းချင်း နောက်ပြောင်ခြင်း ဖြစ်သည် ။


“ ခုနစ်ဆယ့်ငါးကျော်သွားပြီ ... ဘယ်လောက်ကျော်လဲဆိုတာ အတိ

အကျမသိချင်နဲ့ သေမင်းကြားသွားရင် မလွယ်ဘူးဗျ ... ”


သူ့ဟာသူပြောပြီး သူ့ဟာသူ ရယ်သည့် ဂုရုကွေးနှင့်တကွ တစ်ဝိုင်းထဲ ထိုင်နေကြသော စာရေးဆရာ ရဲဘော် ကျော်ဆန်းနှင့် သုတေသီ မြင့်ထွန်းတို့ပါ ရယ်မိကြသည် ။


“ ကျုပ်တို့လည်း တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာကြပြီ ... ချမ်းလည်း မချမ်းသာ ငတ်လည်း မငတ် ထမင်းလေး နပ်မှန်ရုံနဲ့ စာပေနယ်ထဲ ကျင်လည်လာ ခဲ့ကြတာ ”


ဂုရုကွေးက သံဝေဂသံဖြင့် ပြောတော့ ဆင်ဖြူကျွန်းအောင်သိန်း က


“ ဘာအခုမှ ကြောက်ပါပြီလဲ ... အစကတည်းက ခင်ဗျားကို ကျုပ် ပြောခဲ့သားပဲ ... ဒီနယ်ထဲ ခြေစုံပစ်မဝင်နဲ့ ဒုက္ခရောက်လိမ့်မယ်လို့ လွန်ခဲ့

တဲ့ နှစ်လေးဆယ်က ...  "


မှန်ပါသည် ။ ဆင်ကြီးခမျာ စာပေမိတ်ဆွေကောင်းတို့၏ ဝတ္တရားအတိုင်း ဂုရုကွေးကို သတိပေးခဲ့ပါသည် ။ လူက လေထန်ကုန်း လူကြီးဝိုင်းမှာ ထိုင်နေသည် ။ စိတ်က နှစ်လေးဆယ်ဆီသို့ နောက်ကြောင်းပြန်သွားသည် ။


ဆင်ကြီးကို ဂုရုကွေး စတွေ့ဖူးတာ အမှတ် ( ၂၉ ) ဘရုတ်ကင်းလမ်း ( ယခု ဘိုကလေးဈေးလမ်း ) ရှိ စုံထောက်ဝတ္ထု / မဂ္ဂဇင်းတိုက်တွင် ဖြစ်သည် ။ ဂုရုကွေးက အသက်နှစ်ဆယ်ပင် မပြည့်တတ်သေး ခေါင်းတုံးဆံတောက်နှင့် ပင်နီတိုက်ပုံနှင့် လွယ်အိတ်လွယ်ကာ ခုံဖိနပ်စီးထားသည် ။ ဖဲထီးကောက်တစ်လက် လက် မောင်း ချိတ်ထားသည် ။ ပါးစပ်တွင် ဆေးပြင်းလိပ်တို ခဲထားသည် ။ ကဗျာ ဆရာပေါက်စဘဝ ကဗျာဆရာမှန်းသိအောင် တမင်ဖန်တီးထားသော ဒီဇိုင်းနှင့် ။


“ အဲဒါ ဓနုဖြူကျော်ထွန်းတဲ့ ... ဒါကတော့ ဆင်ဖြူကျွန်းအောင်သိန်း .. "


နေသွေးနီ ကလား ၊ ကိုစောလင်း ကလား ၊ ကိုရွှေလှကလား မမှတ်မိတော့ ကျွန်တော်နှင့် ရင်းနှီးပြီးသား စုံထောက် ဝိုင်းတော်သားတစ်ယောက်က မိတ်ဆက်ပေးသည် ။ ထိုစဉ်က စုံထောက် မဂ္ဂဇင်းသို့ ကိုနတ်နွယ် မရောက်သေး ။ အလွန်စောသေးသော ကာလ ။


ဤမှ စ၍ ဂုရုကွေးနှင့် ဆင်ကြီးတို့ ရင်းနှီးလာခဲ့ကြတာ ယနေ့ဆိုလျှင် နှစ်လေးဆယ် ကျော်နေပြီ ။ ထိုစဉ်က လင်းယုန်သစ်လွင် ၊ တင့်ဆန်း ၊ ဆင်ဖြူကျွန်း အောင်သိန်းတို့မှာ စာပေ တြိဂံဖွား ဖြစ်သည် ။ အတူတူ ကျော်ကြားခဲ့ကြသော ခေတ်ပြိုင်များဖြစ်သည့် နောက်ခေတ်တွင်မှ မင်းကျော် ၊ နတ်နွယ် ၊ မောင်နေဝင်း ဟု စာပေ တြိဂံ တစ်ခုထပ်ပေါ်လာသည် ။ သူတို့လည်း အတူတူ ကျော်ကြားခဲ့ကြသော ခေတ်ပြိုင်များ ဖြစ်သည် ။


သည်တုန်းက ဂုရုကွေးက ဓနုဖြူမှာ အနေများသည် ။ ဟိုမှာက စာပေဝါသနာရှင်များအသင်း ၊ ကဗျာဆရာအသင်းတွေ ဖွင့်ထားသဖြင့် မနေလို့မရ ။ အသင်းတွင် စာကြည့်တိုက်ပါ တွဲဖွင့်ထားသဖြင့် ပို၍တာဝန်ကြီးသည် ။ ရန်ကုန် နှင့် ဓနုဖြူက ရေလမ်းခရီးဖြင့် မိုင်တစ်ရာကျော်သာ ဝေးသည် ။ ဟင်္သာတ ရန်ကုန်ပြေးဆွဲနေသော ကြားသင်္ဘောတွေ တစ်နေ့နှစ်စီး ရှိသည့် အစိုးရ ဧရာဝတီသင်္ဘောလည်း ရှိသည် ။ ကြားသင်္ဘောစီးလျှင် ၄ိ /  ၊ ဧရာဝတီစီးလျှင် ၆ ိ/၁၅ ပြား ။


ဓနုဖြူမှာ နေသော်လည်း ရန်ကုန်သို့ တရွှတ်ရွှတ်လာနိုင်သော ကာလ ။ ကဗျာတွေ ပို့စရာရှိလျှင် ပိုက်ဆံမရှိသည့်အခါ စာတိုက် မှ ပို့သည် ။ အိမ်က ပိုက်ဆံတောင်းရသည့်အခါ သင်္ဘောခကို အကုန်ခံ၍ ရန်ကုန်ဆင်းသည် ။ မဂ္ဂဇင်းတိုက်ပေါင်းစုံ ခြေစကြာဖြန့်သည် ။ ရန်ကုန်ပေတစ်ရာလမ်းပေါ်တွင် ခုံဖိနပ် တဂွပ်ဂွပ်ဖြင့် ဟိုတိုက်ဝင်ဒီတိုက်ထွက် ကိုယ့်ဟာကိုယ် လှပြီးသား ထင်ထားသော်လည်း ဘေးအမြင်က ငပေါတွေဟု ထင်ချင်စရာ ။


ဂုရုကွေးနှင့် စသိစဉ်က ဆင်ကြီးက ဂွတ္တလစ် ဈေးဟောင်းလမ်းမှာ နေသည် ။ ရန်ကုန်ရောက်တိုင်း သူ့ အိမ် အမြဲရောက်သည် ။ သူလိပ်စာပေးထား၍ ပထမဆုံးတစ်ကြိမ်ကလား အိမ်ရှာမတွေ့၍ လမ်းထဲမှာ ကစားနေသော ကလေးတစ်ယောက်ကို မေးမိသည် ။


“ ဟဲ့ကလေး ဒီလမ်းထဲမှာ စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းနေတယ်မဟုတ်လား .. အစ်ကိုတို့ အိမ်ရှာတာ မတွေ့လို့ ”


“ သံမဏိတို့ အဖေကို ပြောတာလား .…. ”


ရှုပ်ကုန်ပြီ ရှာတာက ဆင်ဖြူကျွန်းအောင်သိန်း ၊ ကလေးက သံမဏိတို့ အဖေလားတဲ့ ။ အတူပါလာသော ဓနုဖြူစာပေဝါသနာများအသင်း၏ ဒုတိယမြောက်အတွင်းရေးမှူး ကျော်မြလေးဘက်သို့ လှည့်၍


“ ကျော်မြရေ တို့တော့ ဒုက္ခပဲ ... ဆင်ကြီးနဲ့ မတွေ့ပဲ ဘယ်ကလာမှန်းမသိတဲ့ သံမဏိနဲ့ တွေ့ရတော့မယ် ထင်တယ် ... ”


ကျော်မြလေးက အသာနေ ဒီကိစ္စ ကျွန်တော်ရှင်းမယ်ဟု ဂုရုကွေးကို

ပြောပြီး ကလေးဘက် လှည့်၍


“ အဲဒီသံမဏိတို့ အဖေအိမ်လဲ တို့ကိုပို့ပေးပါ ... ရော့မင်းအတွက် မုန့်ဘိုး ... ”


မူးစေ့တစ်စေ့ပေးလိုက်တော့ ကလေးက ရွှေထုပ်ကောက်ရသည့်အလား မူးစေ့ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဈေးဟောင်းလမ်းထဲ ဝင်ပြေးသည် ။ ဂုရုတို့ မနည်းလိုက်ရသည် ။ ကလေးသည် ဈေးဟောင်းလမ်းအတွင်းပိုင်းမှ အိမ်တစ်အိမ်ရှေ့တွင် ရပ်ပြီး ဂုရုကွေးတို့ကို စောင့်နေသည် ။


“ အဲဒါ သံမဏိတို့ အိမ်ပဲ ... ”


ကျော်မြလေးက ဗျို့ ဦးသံမဏိ ဦးသံမဏိ ဟု အိမ်ရှေ့မှ အသံပြုလိုက်သောအခါ ဘဒူဒေလဲ ဘဒူနဲ့ တွေ့ချင်လို့လဲ ဟု ဖြေသံနှင့်အတူ ကလေးတစ် ယောက် ထွက်လာသည် ။


“ လူကြီးမင်းက ဦးသံမဏိလား ... ”


“ ဟုတ်တယ် ... အနော်ပဲ အနော်နဲ့ တွေ့ချင်တာ ဘာလဲ ... မုန့်ဘိုးပေးမလို့လား .…. ”


ဂုရုကွေးက ကြားဝင်၍


“ မုန့်ဘိုးခဏထားပြီး ကျွန်တော်မေးတာ အရင်ဖြေပါ ... ဦးသံမဏိရဲ့ အဖေက စာရေးဆရာလား ”


“ ဟုတ်တယ် ... ချာရေးချရာ .…. ”


“ သူ့နာမည် ... ”


“ ချင်ဖြူကျွန်းအောင်တိန်း ”


“ အေး ... အဲဒါကြီး အိမ်ထဲမှာ ရှိလား ... ”


“ ရှိတယ် .. ”


“ ဘာလုပ်နေလဲ ... ”


“ ခင်ဗျားတို့လို အရုပ်မရှိလို့ လျှောက်သွားနေတာ မဟုတ်ဘူး ရုပ်ရုပ် နေတယ်... ချင်ဖြူကျွန်းအောင်သိန်း စာရေးနေတယ် ... ”


" အသံပြုလိုက်စမ်းပါ ... ဓနုဖြူက မိတ်ဆွေတွေ လာတယ်လို့ ... ”


ဦးသံမဏိက အိမ်အတွင်းဘက်သို့ လှမ်းအော်သည် ။


“ အဖေ အဖေ ဒီမှာ ခင်ဗျား တငယ်ချင်းတွေတဲ့ ... ဓနုဖြူကတဲ့ ... "


မျှော်တုန်းမျှော်ဆဲ ပျိုလည်းထွက်လာ အငြိမ့်သီချင်းကဲ့သို့ ဂုရုကွေးတို့

အမျှော်လင့်ကြီး လာခဲ့ရသော စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း အတွင်းခန်းမှ ထွက်လာသည့် စာရေးရင်းတန်းလန်းမှ ထလာခဲ့ရသဖြင့် လက်ထဲတွင် ဖောင်တိန်ကြီး ကိုင်လျက်သား


“ ဟာ ရဲဘော်ကျော်ထွန်းနဲ့ ရဲဘော်ကျော်မြလေးတို့ ပါလား လာလာ တက်ထိုင်ကြ ... ”


ဈေးဟောင်းလမ်းထဲက သူ့ အိမ်ခန်းကလေးပေါ်သို့ ဖိတ်ခေါ်သည် ။


ဤတွင် ကိုသံမဏိက


" အဖေ အနော် သွားကစားလိုက်ဦးမယ် ” ဟုပြောပြီး ဈေးဟောင်းလမ်းထိပ် ထွက်သွားသည် ။ ဆင်ကြီးအိမ် ဂုရုကွေးရှာခဲ့စဉ်က တွေ့ကြုံခဲ့ရသော ဖြစ်စဉ်ကလေးကို ယနေ့တိုင် မမေ့နိုင်သေး ။ ပြန်ရေးတာနှင့် ပြန်သတိရပြီး ပြန်ပြုံး ရသည် ။


ဂုရု‌ေကွးတို့မှာ ရန်ကုန်စာပေလောကတွင် အကြောင်းကိစ္စရှိပါက ဆင်ကြီးကိုပဲ အားပြုရသည် ။ ဆင်ကြီးက ဂုရုကွေးတို့ကို လူငယ်တွေ ၊ ချာတိတ်တွေဟု ခွဲခြား ခွဲခြားမလုပ် ၊ သူ လင်းယုန်သစ်လွင် ၊ တင့်ဆန်းတို့ အရွယ်လို သဘောထားပြီး ရင်းရင်းနှီးနှီးပေါင်းသည် ။ လှိုက်လှိုက်လှဲလှဲ ကူညီသည် ။ ထက်ထက်သန်သန် စောင့်ရှောက်သည် ။


ဓနုဖြူစာပေ ဝါသနာရှင်များ အသင်းအပေါ် အထူးစေတနာထားသည် ။ ၁၉၅၉ ခုနှစ်က ရန်ကုန်မြို့မှလွဲပြီး နယ်မြို့များတွင် စာပေ ဟောပြောပွဲ မလုပ်ကြသေး ။ လုပ်သည့်မြို့အလွန် နည်းသည် ။ တစ်ပြည်လုံး အတိုင်းအတာနှင့် တွက်ကြည့်လျှင် စာပေဟောပြောပွဲလုပ်သည့် မြို့ကို လက်ချိုးရေတွက်လို့ရသည် ။ လက်တစ်ဘက် မပြည့်ချင် ။


၁၉၅၉ ခုနှစ် ဓနုဖြူစာပေ ဟောပြောပွဲကို ခမ်းနားသိုက် မြိုက်စွာ ကျင်းပမည်ဆိုတော့ ဆင်ကြီးကို အကူအညီတောင်းရသည် ။ သူက တင့်ဆန်းကို ခေါ်ပြီး လာဟောပေးမည်ဟု ကတိပေးသည် ။ ကိုတင့်ဆန်းမှာ ထိုနှစ်စာဆိုတော် အချိန်က ရန်ကုန်တွင် ဟောနေရ၍ မအား ။ တင့်ဆန်းအစား ရွှေဓားကိုခေါ်ပြီး သူလာဟောပေးသည် ။


၁၉၅၉ ခုနှစ် ၊ ဓနုဖြူ စာဆိုတော်နေ့ စာပေဟောပြောပွဲကို မင်္ဂလာသီရိ ရုပ်ရှင်ရုံဟောင်းတွင် ကျင်းပသည် ။ ရန်ကုန်မြို့မှ စာရေးဆရာကြီးနှစ်ဦး နှင့် ဂုရုကွေး၏ ငယ်သူငယ်ချင်းအဆိုတော် ဓနုဖြူစိုးသိန်းပါ လာဟောပေးသည် ။ တပ်ရင်း ( ၄ ) မှ ဗိုလ်ကြီးဟန်ညွှန့် ( ရှ င်စိုးမိုး ) လည်း ပါဝင်ဟောပြောသည် ။ ဖြစ်ချင်တော့ စာပေဟောပြောပွဲသို့ မြို့ထဲက လူကြီးများတစ်ယောက် မှ မလာ ။ အသင်းဝင်လူငယ်များနှင့်အတူ လူမလာ၍ ဟောင်းလောင်း ဖြစ်နေသော ရုံထဲတွင် ဂုရုကွေး ပျာယာခတ်နေသည် ။


လူလာလိုလာငြား စောင့်စားရင်း သီချင်းတွေပဲ နင်းကန်ဖွင့်နေရေသည် ။ သီချင်းတစ်ပုဒ်ပြီးသွားသည် ။ လူမလာ ။ တစ်ပုဒ်ပြီးတစ်ပုဒ် အဆက် မပြတ် ဖွင့်သည် ။ လူတစ်ယောက် မှ မလာ ။


“ ရဲဘော် ခင်ဗျားပွဲက ဘယ်လိုလဲ ဖြစ်ဦးမလား ... ”


လူမရှိသော ရုံထဲတွင် မျက် မှောင်ကြုတ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ဆင်ကြီးက ဂုရုကွေးကို မေးသည် ။ ဂုရုကွေး တော်တော်စိတ်ညစ်သွားသည် ။


“ လာပါလိမ့်မယ် လာမှာပါ .... ”


ပြောလို့သာ ပြောရသည် ။ အားက မရှိ ။ အသံက တိုးလွန်းနေသည် ။ မတတ်သာလွန်းမက မတတ်သာသောအခါ ရုံနှင့်လမ်းသာခြားသော အထက်တန်းကျောင်းသို့ ပြေးရသည် ။ ကျောင်းအုပ်ဆရာကြီးဦးဘိုကို အကူအညီတောင်းရသည် ။ ရန်ကုန်က စာရေးဆရာတွေ ပင့်လာပြီး ဟောပြောပွဲလုပ်တာ လူမလာလို့ ကယ်ပါယူပါ ဘာညာ စသည်ဖြင့် ဖြစ်ရပ်မှန်ကို ပြောပြတော့ ဆရာကြီး ဦးဘိုက ကျောင်းသားတွေကို အတန်းလိုက် လွှတ်ပေးလိုက်သည် ။ ကျောင်းသား ပရိသတ်ဖြင့် ရုံပြည့်သွားသည် ။


ရှင်စိုးမိုး ဟောသည် ။ ဓနုဖြူစိုးသိန်းဟောသည် ။ ဂုရုကွေးဟောသည် ။ အရွယ်စုံ ကျောင်းသားပရိသတ် မငြိမ်ပါ ။ ငြိမ်အောင် မထိန်းနိုင်ကြပါ ။ ဆင်ကြီး အလှည့်တွင် ကျောင်းသားငလောင်အချို့က ခွက်တွေ ခေါက်တော့ ဆင်ကြီး စိတ်ဆိုးသည် ။ စိတ်ဆိုးပင် ဆိုးလင့်ကစား စာပေအကြောင်းများကို တစ်နာရီနီးပါး ဟောပြောပေးသည် ။ ထိုပွဲကို ရွှေဓား တစ်ယောက်ပဲ ထိန်းနိုင်သည် ။ နောက်ဆုံးလူ ရွှေဓားသာ မထိန်းနိုင်လျှင် ဟောပြောပွဲတစ်ခုလုံး ပုံပျက်ပန်းပျက်နှင့် ပြီးဆုံးရတော့မည် ။


ဂုရုကွေးတို့ အသင်းမှာ ငမွဲအသင်းဖြစ်၍ ဆင်ကြီးနှင့် ရွှေဓားကို ဖြာသေးသေးလေးနှစ်ချပ်သာ လက်ဆောင်ပေးလိုက်နိုင်ပါသည် ။ ဆင်ကြီးကို ထိုတစ်ကြိမ် နှိပ်စက်ပြီး နောက်ထပ် နှိပ်စက်စရာတွေ ပေါ်လာပြန်သည် ။


ထိုစဉ်က ၅၉ - ၆၀ က ဗမာ့ရုပ်ရှင်အမည်ရှိ တစ်ကျပ်တန် ရုပ်ရှင်စာစောင်လေးတွင် ဆင်ကြီးက နာမည်မခံဘဲ အယ်ဒီတာလုပ်ပေးနေသည် ။  ဗမာ့ရုပ်ရှင်တွင် ရုပ်ရှင်မင်းသမီးတစ်ဦးစီ တစ်ဦးစီ၏ ဓာတ်ပုံနှင့် တွဲ၍ အလှဘွဲ့ ကဗျာတစ်ပုဒ် ရှေ့ဆုံးစာမျက်နှာမှ လစဉ်ဖော်ပြသည် ။


ဂုရုကွေးတို့က ကဗျာဆရာပေါက်စ အင်မတန်မှ လက်သွေးကြွနေချိန် ၊

အလှဘွဲ့တွေ ရေးကာ ဆင်ကြီးဆီ ပို့ကြသည် ။ ဆင်ကြီးက ဂုရုကွေးအပါအဝင် စာပေဝါသနာရှင်များအသင်းမှ ကဗျာဆရာပေါက်စတို့၏ ကဗျာများကို ဗမာ့ ရုပ်ရှင်တွင် လစဉ်ဖော်ပြပေးခဲ့သည် ။ သူ့ကျေးဇူးတွေ များလှပါသည် ။


သည်တုန်းက စာပေဝါသနာရှင်များအသင်းကို တိုးချဲ့ကာ ကဗျာဆရာအသင်း ထပ်ဖွဲ့ရန် အားယူနေကြသည့် ကဗျာဆရာ အင်အားလိုသည် ။ ထို့အတွက် ဆင်ကြီးက ဗမာ့ရုပ်ရှင်တွင် ဓနုဖြူမှ ကဗျာများကို လစဉ် ထည့်ပေးသည် ။ ကဗျာရေးသူအချင်းချင်းက ဗမာ့ရုပ်ရှင် စာစောင်ကို ဓနုဖြူစာစောင်ဟု ဝေဖန်ကြသည် ။ ဤအထိ ဆင်ကြီး ကူညီခဲ့ပါသည် ။


သူ့ကျေးဇူးဖြင့် ကဗျာဆရာအင်အား တိုးလာသည် ။ ကဗျာဆရာအသင်း ဖွဲ့နိုင်သည် ။ သည်စဉ်က မြန်မာတစ်ပြည်လုံးတွင် အင်အားကြီးမားသော ကဗျာဆရာအသင်း သုံးသင်းရှိခဲ့သည် ။ တောင်ငူ ကဗျာဆရာအသင်း ၊ ပျဉ်းမနား ကဗျာဆရာအသင်း ၊ ဓနုဖြူ ကဗျာဆရာအသင်း ၊ ပျဉ်းမနားက ကဗျာဆရာအင်အား အများဆုံး ၊ တောင်ငူက ဒုတိယ ၊ ဓနုဖြူက တတိယ ၊ ဂုရုကွေးမှာ စာပေဝါသနာရှင်များအသင်းတွင် ဥက္ကဌ ၊ နှစ်သင်းခွဲပြီး တာဝန်ယူသည် ။ ဘယ်သူကမှ ပေးသည့်တာဝန်မဟုတ် ။ ကိုယ့်ဟာကိုယ် စာပေဝါသနာအရ ယူထားသည့် တာဝန် ။


“ တို့ စာစောင်လေးတစ်ခု လောက် ထုတ်ကြရင်ကောင်းမယ် ”


စာပေဝါသနာရှင်များ အသင်းအနေဖြင့် စာစောင်ထုတ်ရန် တိုင်ပင်ကြသည် ။ အားလုံးက ဖိုးရေးချင် မယ်ရေးချင်တွေ ဖြစ်နေ၍ ထိုအဆိုကို ကန့်ကွက်သူ မရှိ ။ အတည်ပြုလိုက်ကြသည် ။ ရန်ကုန် ဂွတ္တလစ် ဟောင်းလမ်းမှာ ဆင်ဖြူကျွန်းအောင်သိန်း ရှိနေသည် ။ဓနုဖြူအသင်း နှစ်သင်းလုံး၏ အားကိုးရာ ၊ လဲလျောင်းရာ ညောင်ညိုပင်ကြီးကို အကူအညီ တောင်းရမည် ။


ဂုရုကွေးတို့ ငမွဲအသင်းသည် အသံ ချဲ့စက်ငှားကာ မြို့ပေါ်တွင် အလှူခံကြသည် ။ ဂုရု‌ေကွးက လမ်းပေါ်မှာ မိုက် ဖြင့်ပြော ၊ အသင်းသားတွေက ငွေဖလား ကိုယ်စီဖြင့် လမ်းဟိုဘက် မှာ ဒီဘက် မှာ အိမ်တွေပေါ်တက် အလှူခံ ။ ဤသို့ပင်ပန်းတကြီး ခွက်ထိုး အလှူခံရလာ သော ရံပုံငွေလေး မဖြစ်ညစ်ကျယ်ဖြင့် စာစောင်ထုတ်ကြသည် ။


“ ဆင်ကြီး ဟောဒီမှာ ကျွန်တော်တို့ ရှာလာတဲ့ ရံပုံငွေ ဒါနဲ့ စာစောင်ထုတ်မယ် .. ဖြစ်အောင် လုပ်ပေးပါ ... ”


စာစောင်နာမည်ကလည်း ကြည့်ဦး ။ သူများတွေ ယုဇနတို့ ၊ ပန်းတော်ဝင်တို့ ၊ ကေသီပန်တို့ နာမည်လှလှလေးတွေ သုံးနေချိန်မှာ ဂုရုကွေးတို့ စာစောင်နာမည်က ( မုန်တိုင်း ) ။ စာစောင်၏ ကြွေးကြော်သံကလည်း ကြောက်ခမန်းလိလိ ။ ( စာပေ အလေှးအမှိုက် များကို တိုက်ထုတ်ပစ်မည့် မုန်တိုင်း ) တဲ့ ။


ဆင်ကြီးက ဂုရုကွေးနှင့် ရဲဘော် မောင်မင်းယာ တို့ရှာလာသော ရံပုံငွေဖြင့် မုန်တိုင်းစာစောင်လေးကို ဖြစ်အောင် စီစဉ်ပေးသည် ။ သူ၏ စာမူသာမက မာန်အောင်ပီယ၏ စာမူကိုပါ တောင်းယူပေးသည် ။ မုန်တိုင်း ( ၁ ) ထွက်ပြီးတော့ မုန်တိုင်း ( ၂ ) ဆက်ထုတ်သည် ။ ကန်တော်လေးထဲက ရွှေဟင်္သာပုံနှိပ်တိုက် မှ ကိုကျော်ညွှန့် ( စာရေးဆရာ အောင်ကျော်စည် ) ထံ ဆင်ကြီးပဲ တာဝန်ယူ အပ်နှံပေးသည် ။


“ ရဲဘော် ခင်ဗျားက တကယ့် ခွစာပဲနော် ... ”


“ ဘာဖြစ်လို့လဲ ဆင်ကြီး ”


“ သူများ စာစောင်တွေ မိန်းကလေးပုံလှလှလေးတွေနဲ့ ထုတ်နေချိန်မှာ ခင်ဗျားက သရဲပုံမျက်နှာဖုံးလုပ်ပြီး ထုတ်တယ် .. ”


“ ဒီသရဲပုံရဖို့ ကျွန်တော် ဘယ်လောက်အထိ ကြိုးစားရတယ် မှတ်သလဲ .. ”


ထိုစဉ်က ရန်ကုန်သင်္ကြန်တွင် သင်္ကြန်သံချပ်ကားတွေများစွာ ထွက်သည် ။ မင်္ဂလာတောင်ညွန့်မှ ကိုမြင့်နော်တို့အဖွဲ့ သံချပ်စာအုပ်အဖုံးမှာ အားလုံးထဲတွင် တမူထူးခြားသည် ။ နယ်ချဲ့သမားသရဲကြီးသည် ပါးစပ်တွင် သွေးများစီးကျနေသည် ။ လက်ထဲတွင် အနုမြူဗုံး ကိုင်ထားသည် ။ ထိုသရဲကြီးကို လက်ဝါးတစ်ဘက်က ဟန့်တားထားသည် ။ လက်ဝါးပေါ်တွင် ( နယ်ချဲ့စနစ်ကို ဟန့်တားလော့ ) ဟု ရေးထားသည် ။ ပန်းချီဆရာကြီး ဦးစန်းလွင်၏ လက်ရာဖြစ်သည် ။


“ ဒီသရဲပုံကို ကျွန်တော်ကြိုက်လို့ ကိုမြင့်နောင်ဆီက မူရင်းပန်းချီပုံ သွားတောင်း ... ဆရာဦးစန်းလွင်ဆီပို့ သင်္ကြန်အဖွဲ့နာမည်ကို ဖျက် ... မုန်တိုင်း နာမည်ပြင် အောက်ကစာပေဝါသနာရှင်များအသင်း ဓနုဖြူ စာတန်းထည့် ... ဆရာဦးစန်းလွင်က မေတ္တာနဲ့ကူညီလိုက်တဲ့ သရဲကြီးဗျ ... ပေါ့သေးသေး မထင်နဲ့ ”


ဆင်ကြီးက နယ်ချဲ့သရဲပုံကြီးကို ကြည့်ကာ တဟားဟားရယ်သည် ။


“ ခင်ဗျားတို့ သဘောကျတဲ့ သရဲကြီးပဲ အဖုံးလုပ်လိုက်ပေါ့ဗျာ ... ရဲဘော်ကတော့ တကယ့် ပြောစမှတ်ပါပဲ..."


မုန်တိုင်း ( ၂ ) မှာ ဓနုဖြူ တစ်မြို့လုံးတွင်လည်း တကယ်ပင် ပြောစမှတ်ဖြစ်ခဲ့သည် ။ ဂုရုကွေးတို့က စာစောင်ကို ပြားခြောက်ဆယ် ရောင်းသည် ။ အိမ်တွေ တက်ရောင်းတော့ အိမ်အချို့က စာစောင်ဖုံးကြည့်ပြီး မျက်လုံးပြူး ကာ


“ ဟေ့ကောင်လေး ... မောင်ကျော်ထွန်း ... မင်းသရဲကြီးပြန်ယူသွားပါကွာ ... အိမ်မှာထားရတာ ကျက်သရေ ယုတ်တယ် ... ပြားခြောက်ဆယ်ကို တစ်ကျပ်လှူမယ် .. ပြားလေးဆယ် ပြန်မအမ်းနဲ့တော့ .. ရော့ ရော့ …. မင်းသရဲကြီး ... ”


ဆင်ကြီး နိမိတ်ဖတ်တာ မှန်သွားသည် ။ ဂုရုကွေးလည်း ဓနုဖြူတွင်

နာမည်ကြီးသွားသည် ။ ဒီကောင်လေးကို သွားမစမ်းနဲ့ သူမှန်တယ်ထင်ရာကို ဇွတ်တရွတ်လုပ်တဲ့ ကောင်တဲ့ ။ ၁၉၆၁ တွင် ထုတ်ခဲ့သော သရဲပုံ မျက်နှာဖုံးနှင့် မုန်တိုင်း ( ၂ ) ကို ဓနုဖြူမှ အိမ်အတော်များများတွင် ယနေ့တိုင်တွေ့နိုင်ပါသေးသည် ။


“ ဓနုဖြူမှာ စာပေသွားဟောတော့ ခင်ဗျားလုပ်ခဲ့တဲ့ သရဲကြီးနဲ့ မုန်တိုင်းကော မုန်တိုင်း ( ၁ ) ကော ယူသွားပြီး ပရိသတ်ကို ထောင်ပြခဲ့ရတယ် ... ”


ဓနုဖြူ စာပေဟောပြောပွဲများကား စည်ကားလှပါသည် ။ ဂုရုကွေးတို့

ဖောက်ခဲ့သောလမ်းမှာ ယခုအခါ ဖြောင့်ဖြူးနေပါပြီ ။ ဆင်ကြီးသည် ဂုရုကွေး နှင့် ပတ်သက်ပြီး ဓနုဖြူအပေါ် သံယောဇဉ်ကြီးသည် ။ သူသွားဟောစဉ်က မုန်တိုင်း ( ၁ ) နှင့် မုန်တိုင်း ( ၂ ) ကို ယူသွားပြီး ဂုရုကွေးအကြောင်းကို ထည့်ဟောခဲ့သည် ။


အတွေးစ သည် ( ၃၃ ) လမ်းမှ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ပြန်ရောက်လာသည် ။ ၅၉ တုန်းက ဆင်ကြီး ၆၀ တုန်းကဆင်ကြီးနှင့် ယခုဆင်ကြီး မတူတော့ပေ ။ ယခုဆင်ကြီးက ခေါင်းတွေဖြူ ၊ မျက်ခုံးတွေပါဖြူ နေသည် ။ သို့သော် အလွန်သန်မာသေးသည် ။ ကြံ့ခိုင်သေးသည် ။ လမ်းသွားလျှင် ယခင်ကအတိုင်း သွက်လက်ဆဲ ။ ဂုရုကွေးအပေါ် အလွန်စေတနာထားခဲ့သော ၊ ထက်ထက်သန်သန် ကူညီခဲ့သော ကိုဆေးတို့အဖေ သက်တော်ရှည်ကြီးကို သည့်ထက်သည် အသက်ရှည်ပါစေဟု ဆုတောင်းလိုက်ပါသည် ။


°°°°  °°°°°°° °°°°°°


ဆင်ကြီးနှင့် ဂုရုကွေးတို့ ၁၉၅၉ ခုနှစ် ၊ ဓနုဖြူစာပေ ဟောပြောပွဲတွင် ဆုံကြပြီး နောက်ထပ် မဆုံဖြစ်ကြတော့ ။ သူက တခြားစာရေးဆရာများနှင့် တွဲကာ လျှောက်ဟောနေသည် ။ ဂုရုကွေးနှင့် ပြန်မတွဲဖြစ်သေး ။


၁၉၆၃ ခုနှစ်တွင် ဂုရုကွေး နေထိုင်ရာ ဓနုဖြူမှ အပြီးအပိုင် ထွက်လာပြီး ၊ ယခု လက်ရှိနေထိုင်ရာ တောင်ဥက္ကလာ ၊ မင်္ဂလာလမ်းမှ အိမ်ပုကလေးတွင် နေသည် ။ ရန်ကုန်တွင် အမြဲတစေ ၊ နေပြီဆိုတော့ ဆင်ကြီး နှင့် မကြာခဏ တွေ့ဆုံဖြစ်သည် ။


အထူးသဖြင့် ထိုစဉ်က ထုတ်ဝေနေသော နဝဒေးမဂ္ဂဇင်းတိုက်တွင် ဆုံလေ့ရှိသည် ။ ( မှတ်ချက်  ။  ထိုနဝဒေးမှာ ယခုထုတ်နေသော နဝဒေးမဟုတ် ၊ ယခင့် ယခင်ကာလ များက တစ်ကျပ်တန် နဝဒေးဂျာနယ်မှ တစ်ဆင့် နှစ်ကျပ်တန် နဝဒေး မဂ္ဂဇင်း အဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့သော မူလ နဝဒေး ဖြစ်သည် ။ )


သည်တုန်းက ပုဇွန်တောင် ၊ ရေကျော်ဘက်တွင် မဂ္ဂဇင်းတိုက် အတော်များများရှိခဲ့သည် ။ ရေကျော်ဝတ်ကျောင်းလမ်းတွင် ကေသီပန်မဂ္ဂဇင်း ( တစ်ကျပ်တန် ) ၊ ရေကျော် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ပန်တော်ဝင်မဂ္ဂဇင်း ( တစ်ကျပ်တန် ) ၊ ၄၈လမ်း အထက်ဘလောက်တွင် သွေးသောက် မဂ္ဂဇင်း ( နှစ်ကျပ်တန် ) ၊ မဟာသုခလမ်းထဲတွင် ကဗျာသစ်မဂ္ဂဇင်း ( တစ်ကျပ်တန် ) ။


လမ်း - ၅ဝ အထက်ဘလောက်တွင် ကာနယ်ဇင်း ( စထုတ်စဉ်က တစ်ကျပ်တန် ၊ နောက် နှစ်ကျပ်တန် ) ။ လမ်း - ၅ဝ အောက်ဆုံးဘလောက်တွင် နဝဒေးမဂ္ဂဇင်း ၊ နဝဒေး အယ်ဒီတာအဖွဲ့က အင်အားကောင်းသည် ။ တက္ကသိုလ် နန္ဒမိတ် ၊ လေးမြင့် ငွေလင်း ၊ ထွန်းသစ် ၊ နောက်ပိုင်းတွင် ပန်းတနော် ဝင်းသိန်းပါ အယ်ဒီတာ အဖွဲ့ထဲ ပါလာသည် ။


နဝဒေးမဂ္ဂဇင်းတိုက် မှာ နေရာထိုင်ခင်း ကျယ်ဝန်းသည် ။ ပိုင်ရှင်ဦးထွန်းအောင်က ဆက်ဆံရေးကောင်းသည် ။ စာရေးဆရာများ၏ သည်းညည်းကို ခံရသည် ။ သည်တော့ သည်မဂ္ဂဇင်းတိုက် မှာ စာရေးဆရာတွေ ပျော်ကြသည် ။ တစ်နေ့ နေ့လယ်ခင်း ဂုရုကွေး ရောက်အသွား ဆင်ကြီးနှင့် ဆုံသည် ။


ဦးငွေလင်း မရောက်သေး၍ ဦးငွေလင်းစားပွဲတွင် ထိုင်ကာ ဓာတ်ပုံတစ်ပုံ၏ နောက်ကျောတွင် တစ်စုံတစ်ခု ရေးနေတာ မြင်ရသည် ။ ဟေ့ လူကြီး .. ဘာတွေ ရေးနေတာလဲ မေးတော့ အသာနေ အသာနေ မကြာခင် သိရမယ်ဟု ပြောသည် ။


“ ဟာ ကိုအောင်သိန်းတို့ ဆရာကွေးတို့ ရောက်နေကြမှကိုး ”


လက်ဆွဲအိတ်ကြီး တကားကားဆွဲကာ မြောင်းမြသခင်တင်ကြီး ဝင်လာသည် ။ မြောင်းမြသခင်တင်က နဝဒေးမဂ္ဂဇင်းတွင် ဟာသကဗျာများ ကဏ္ဍကို လစဉ်ပင်တိုင်ရေးသည် ။ အရပ်ကြီး ကလန်ကလား ၊ လမ်းလျှောက်လျှင်မားမား မားမား အလွန် သဘောကောင်းသည် ။


“ မဂ္ဂဇင်းထဲ ထည့်ဖို့ ကျွန်တော်တို့ ဓာတ်ပုံတွေ ရပြီလား မသိဘူး ”


ဆင်ကြီးက မပြောတတ်ဘူး ။ စားပွဲပေါ်မှာ ရှာကြည့်ဟုပြောပြီး ဂုရုကွေးကို မျက်စိမှိတ်ပြသည် ။ သခင်တင်ကြီးသည် ကိုင်းကိုင်း ကိုင်းကိုင်းဖြင့် ဓာတ်ပုံများကို ရွေးသည် ။ သူ့ပုံကိုတွေ့သွားသည် ။ ဓာတ်ပုံက အင်္ကျီကော်လံ လည်ကတုံးဖြင့် တိုက်ပုံဝတ်လျက် စတိုင်တွေ မလိုင်တွေ အပြည့် ။


“ ကိုကျော်ထွန်း ကျွန်တော့်ပုံ မဆိုးဘူးနော် ”


သခင်တင်က ဂုရုကွေးကို ဆရာကွေးခေါ်တဲ့အခါခေါ် ၊ နာမည်ရင်းဖြစ်သော ကိုကျော်ထွန်း ခေါ်တဲ့ အခါခေါ် ၊ သူ့ပါးစပ်ထဲ အလျဉ်းသင့်သလို ခေါ်တတ်သည် ။ ဓာတ်ပုံကို ရှေ့ကကြည့်ပြီး နောက်ကျောဘက် လှည့်ကြည့်သောအခါ သခင်တင် မျက်နှာရှံု့သွားသည် ။


“ တော်တော်ဆိုးတဲ့လူတွေ ဒါဘယ်သူရေးတာလဲ ”


ဂုရုကွေးက ဓာတ်ပုံကိုယူပြီး ကြည့်မိသည် ။ ရေးထားတဲ့စာက ( မသေမီ နောက်ဆုံး ရိုက်ထားသောပုံ ) တဲ့ ။ ဘယ်လိုမှ အောင့်ထားလို့မရသဖြင့် ဂုရုကွေး အော်ကြီးဟစ်ကြီး ရယ်မိသည် ။ ရယ်သံကြောင့် နဝဒေးရိုက်သော သန်းထိုက် ၊ ရတနာပုံနှိပ်တိုက် မှ အလုပ်သမားတွေ ထွက်လာသည် ။ ဓာတ်ပုံကို ဝိုင်းကြည့်ပြီး တအုံးအုံး ရယ်ကြသည် ။ ဘယ်သူတွေ ဘယ်လောက်ရယ်ရယ် ဆင်ကြီးကတော့ ခပ်တည်တည် ။


မြောင်းမြသခင်တင်ကြီးမှာ လူ့ပြည်တွင် နှစ်ပေါင်းများစွာ နေပြီးမှ သေသွားသည် ။ ထိုစဉ်ကတော့ လောလောလတ်လတ် သေမလားဆိုပြီး လန့်သွားတာ အမှန် ။


ကာနယ်ဇင်းမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ စစ်သူမြလေး ( ခေါ် )

အောင်လျှပ်စက် ကွယ်လွန်သွားသဖြင့် တာဝန်ခံအယ်ဒီတာအဖြစ် ဆင်ကြီး ဝင်လုပ်သည် ။ လက်ထောက်အယ်ဒီတာက ကွယ်လွန်သူ မောင်မြတ်ခေါင် ။


“ ဟေ့လူ .. ခင်ဗျား .…. အားလား ”


တစ်နေ့ ကာနယ်ဇင်းတိုက် ရောက်အသွား ဆင်ကြီးကမေးသဖြင့်


“ စာရေးတာကလွဲပြီး ဘာမှမလုပ်တဲ့ကောင် ။ အမြဲအားတယ် ။ ဘာဖြစ်လို့လဲ ”


“ ကျောက်တံခါးမြို့က စာပေဟောပြောပွဲ ဖိတ်ထားတယ် ။ ခင်ဗျားလိုက် မလား ”


“ ဘယ်သူတွေ ပါမှာလဲ ”


“ ကျွန်တော်ရယ် ၊ ငဖြူသီးရယ် ၊ သိန်းတန်ရယ် ခင်ဗျားတို့ တောင်ဥက္ကလာက လင်းယုန်သစ်လွင် တပည့် ဗဟိုပွင့်ဦးရယ် ၊ ခင်ဗျား လိုက် မယ်ဆို ငါးယောက်ပေါ့ ”


“ ဟာ ... လိုက် မယ် ... လိုက် မယ် ”


ငဖြူသီးဆိုတာ စုံထောက် မဂ္ဂဇင်းတွင် ကပ္ပိယစုံထောက် ဦးဖြူသီး ဝတ္ထုတွေရေးသော တင့်ဆန်းကို ဆင်ကြီးက နောက်ခေါ်တာပါ ။ သိန်းတန် ဆိုတာက တွံတေးသိန်းတန် မဟုတ် ။ ဂျာနယ်ကျော်မမလေးသား စာရေးဆရာ ရုပ်ရှင်မင်းသား မောင်သိန်းတန် ၊ ထိုစဉ်က ဒါရိုက်တာခင်မောင်ရင်၏ နှမလက်လျှော့ နေလေတော့ ရုပ်ရှင်ကားတွင် မင်းသားအဖြစ် သရုပ်ဆောင်ထား၏ ။ နာမည်ရစ ဗဟိုပွင့်ဦးမှာ နောင်အခါဇာတ်ညွှန်းရေးဆရာလှိုင်ဦး ဖြစ်လာသူ ၊ ယခုတော့ သူလည်း ကွယ်လွန်ပြီ ။


ကျောက်တံခါးပွဲကား တကယ့်ပွဲဖြစ်သည် ။ စာဆိုတော်ကာလ မဟုတ်သော ကြားရက်တွင် ကျင်းပသည် ။ စာပေနှင့် ဘာမှမဆိုင်သော အား/ကာ ရန်ပုံငွေ လက် မှတ်ရောင်းထားသည် ။ ပိုဆိုးတာက စာပေဟောပြောပွဲပြီးလျှင် မာသီတို့၏ ခေတ်ပေါ် တီးဝိုင်းဖြင့် ဖျော်ဖြေမည်တဲ့ ။


ကျင်းပတာက ရုပ်ရှင်ရုံထဲမှာ ပွဲက နေ့ပွဲ ။ လာရောက်နားထောင်သော ပရိသတ်က စာပေပရိသတ်မဟုတ် ။ ဂီတပရိသတ်များသည်သာ ။ ဘာပြော ကောင်းမလဲ ။ မောင်သိန်းတန်တစ်ယောက်သာ ရုပ်ရှင်မင်းသားဆိုသော ဟိတ်ကြောင့် ပရိသတ်လက်ခံသည် ။ အဖွဲ့ခေါင်းဆောင် ငဖြူသီးမှ စပြီး ဗဟိုပွင့်ဦး အဆုံး ဂုရုကွေးတို့ အကုန်လုံး ကွဲသည် ။


“ တော်ပါတော့ ... သီချင်းနားထောင်ဖို့ လာတာ ။ ဘာတွေပြောနေတာလဲ ”


ငမူးငလောင်များက ထထအော်သဖြင့် ဘယ်သူမှ ကြာကြာမဟောလိုက်ရ ။ သိန်းတန်တစ်ယောက်ပဲ နာရီဝက်ခန့် ဟောရသည် ။ ဂုရုကွေးတို့မှာ တစ်ယောက်လျှင် ဆယ်မိနစ် ဆယ့်ငါးမိနစ်ဖြင့် စတိလောက် ဟောပြောပြီး ဆင်းပေးရသည် ။


“ ကျွန်တော့်ကို ငါးမိနစ်လောက် အချိန်ပေးပါ ။ ငမိုးရိပ်မှ ငမိုးရိပ်သို့ အကြောင်းလေး ပြောခဲ့ချင်လို့ ”


ငရဲပွက်သလို ဆူပွက်နေသော ပရိသတ်ကို နောက်ဆုံးဟောသော တင့်ဆန်းက ဈေးသွားဆစ်နေသဖြင့် ဆင်ကြီး ကိုယ်တိုင် ထအော်သည် ။


“ ငဖြူသီး တော်တော့ ... တော်တော့ ”


အခြေအနေမကောင်းသဖြင့် ဂုရုကွေးပါ ဝင်အော်သည် ။


“ ကိုတင့်ဆန်း ... ဆင်း ... ဆင်း ... ပွဲကြမ်းနေတယ် ။ ခဲတက်လာလိမ့်မယ် ”


ခဲဖြင့်ပေါက် မည်စိုး၍ အတင်းဆင်းခိုင်းရသည် ။ ကိုတင့်ဆန်း ပရိသတ်ကို ပေကန်း ပေကန်းကြည့်ပြီး ဆင်းလာသည် ။ ကံဆိုးမသွားလေရာ ၊ မိုး လိုက်လို့ရွာ ဆိုသလို ဂုရုကွေးတို့မှာ ခံရမည့်ဝဋ်ကြွေး မကုန်သေးပေ ။ ကျောက်တံခါးပွဲတွင် စုတ်ပြတ်သတ်ပြီး အသားနီလန်အောင် ခံခဲ့ရပြီးနောက် ရန်ကုန် အပြန်ခရီးတွင် ရေကြီးသည်နှင့် တိုးရသည် ။


ရထားသံလမ်း ရေကျော်သဖြင့် ပဲခူးတွင် သောင်တင်ကြရသည် ။ ဇလပ်‌ေထာ်တံတား ကျိုးသဖြင့် ကားလမ်းတွေလည်း ရေကျော်ကုန်သည် ။ ဘယ်လိုမှ ပြန်လို့မရတော့ ။ ပဲခူးတစ်မြို့လုံး ရေတွေ ဖွေးနေသည် ။ ပိုက်ဆံလည်း မပါ ။ လဲစရာ အဝတ်အစားလည်း မပါ ။ ပေရေညစ်ပတ်နေသည် ။ စာရေးဆရာရုပ် မပေါက်ဘဲ ပျံကျအလုပ်ကြမ်းသမားရုပ် ပေါက်နေသည် ။


“ ကျွန်တော့်မှာ သူများစာမူခပေးဖို့ ပိုက်ဆံ နည်းနည်းပါတယ် ”


ဆင်ကြီးက ပြောသဖြင့် အားလုံးဝမ်းသာသွားကြသည် ။ မောင်သိန်းတန်မှာ ထိုဒုက္ခကို မခံရ ကျောက်တံခါးတွင် နေခဲ့သဖြင့် ကံကောင်းသွားသည် ။


“ တစ်ယောက်စွပ်ကျယ် တစ်ထည်စီတော့ ဝယ်လို့ရမယ် ။ ဒီပိုက်ဆံ ရန်ကုန်ကျမှ ပြန်ရှင်းကြတာပေါ့ ”


အင်္ကျီတွေက နံစော်နေပြီး သူ့အနံ့ ကိုယ်မခံနိုင် ၊ ကိုယ့်အနံ့  သူမခံနိုင် ၊ ကမ္ဘာ့အနံ့ကြီးတွေ ဖြစ်ကုန်ပြီ ။


“ လာ .. လာ .. ဈေးထဲ သွားဝယ်ကြရအောင် ”


ရေလွှမ်းထားသော ပဲခူးမြို့လယ်တွင်ခါးတောင်းတွေ အမြှောင်သား ကျိုက်ပြီး စွပ်ကျယ်ဝယ်ထွက်ကြသည် ။ ရေတွေက ဝါးလုံးထိုး စီးနေသည် ။ လူတွေက လှေတွေနှင့် သွားနေကြသည် ။ ရေထဲတွင် တဘွမ်းဘွမ်း လျှောက်နေသူဟူ၍ ဂုရုကွေးတို့ လူစုသာ ရှိသည် ။


“ ရေပေါ်မှာ ဖိနပ်စီးတော့ နှပ်ချေးက ငန်တန်တန် ”


" ပတ် ... ဗိန် နောင် ဗျောင် ... ”


“ စဘတ်ဘီး တလန်လန်ငယ် မျက် မှန်နဲ့အကန်း ”


“ အို ဘာတဲ့တုန်း ၊ ဆင်ကြီးတဲ့ ။ ကျိတ်လိုက်စမ်း ။ မဆလာတွေ .. ”


ဆင်ကြီးက ဘုံထောက်သံဆို ဂုရုကွေးတို့က ပါးစပ်ဆိုင်းတီးပေးစဉ် တိုက်ကြားမှ ထွက်လာသော လှေတစ်စီးက ဆင်ကြီးကို ဝင်တိုက်သည် ။ ကံကောင်းလို့ ၊ ရေထဲလဲမလို့ ဂုရုကွေးတို့ လှေဦးကို ဝိုင်းတွန်းပြီး ဖယ်ရှားလိုက် မှ ထိုလှေမှာ အဟုန်ပြင်းစွာဖြင့် အခြားဘက် ရောက်သွားသည် ။


လေထန်ကုန်းမှာ ဆုံစဉ် ထိုအကြောင်းကို စကားစပ်မိတိုင်း ...


“ ဘယ်လိုလဲ ဆင်ကြီး ၊ ပဲခူးမြို့လယ်ခေါင်က လမ်းမကြီးမှာ လှေ

တိုက်ခံရတာ မှတ်မိသေးလား ” ဟု မေးလျှင် ဆင်ဖြူကျွန်းအောင်သိန်းက “ တော်စမ်းပါ ရဲဘော်ရာ ။ စိတ်ကုန်လွန်းလို့ ” ဟု တုံ့ပြန်ပြီး ပြုံးပြုံးကြီး လုပ်နေတတ်သည် ။ ဆင်ကြီး အသက်ရာကျော် ရှည်ပါစေ ။



◾ အီကြာကွေး


📖  သောကြာစာစောင်


အမှတ် ( ၄၄၄ ) ဩဂုတ်လ ၊ ၂၀၀၀ ပြည့်နှစ်


အမှတ် ( ၄၄၅ ) စက်တင်ဘာလ ၊ ၂၀၀၀ ပြည့်နှစ်


အမှတ် ( ၄၄၆ ) အောက်တိုဘာလ ၊ ၂၀၀၀ ပြည့်နှစ်


No comments:

Post a Comment