Thursday, August 5, 2021

မောင်ကြီး နှမ


 ❝  မောင်ကြီးနှမ  ❞


( ၁ )


မိမိ၏ရန်ဘက် ယစ်ထုတ်ကြီးသမီးကိုမှ ရွေး၍ ကြိုက်တတ်သော သိကြားမင်းကြီးမာဃလို ကျွန်တော်ကလည်း ကျွန်တော်နှင့် မျက်နှာကြော မတည့်ခဲ့သော သူကြီးမင်း ဦးဖိုးဘသမီး ထွေးခင်ကိုမှ တွေ့တတ်ပလေသည် ။


ဦးဖိုးဘအား ကျွန်တော်က အသူရာနှင့် ခိုင်းနှိုင်းလိုက်ခြင်း၌ သူသည် အသူရာကဲ့သို့ ဂဇော်အမူးလွန်နေရုံမျှမက ကျွန်တော့်ကိုပင် နှစ်လုံးပြူး သေနတ်ကြီးဖြင့် စစ်ခင်း၍တိုက်ခဲ့သောကြောင့်ဖြစ်၏ ။


ထိုမျှမကသေး ၊ သူကြီးမင်း ဦးဖိုးဘ စံတော်မူရာ ဝဲကြီးရာဇဌာနီသည် သခွတ်ပင် ပေါက်ရာ, ပွင့်ရာ, ပေါရာဒေသကြီး ဖြစ်သောကြာင့်လည်း ဖြစ်၏ ။


မိုးကျပြီဆိုလျှင် ဝဲကြီးရွာတစ်ဝိုက်၌ သခွတ်ပွင့်တို့သည် မြေပြင်ကို ငွေစင်လျှမ်းအောင် အရမ်းကာရော ပြန့်ကျဲ၍နေတတ်၏ ။


ဤသို့လျှင် သခွတ်ပွင့်ရာ အသူရာတိုင်းပြည်နှင့် ခိုင်းနှိုင်းဖွယ်ကောင်းသော ဝဲကြီးရွာ၌ သူကြီးမင်း ဦးဖိုးဘ၏သမီး ထွေးခင်ကို ကျွန်တော်က ပြေး၍မြင်ယောင်ခဲ့လေသည် ။


သိကြားမင်းကြီး၏ မိဖုရား , အသူရာ၏သမီး သူဇာကို ကျွန်တော်က မမြင်ဖူးသော်လည်း ထွေးခင်သည် သူဇာလောက်တော့ လှမည်မထင်ပါ ။ သူဇာ၏ လှပုံချောပုံကို စိတ်ကူးနှင့် မှန်း၍ ရမ်း၍ ဖွဲ့ဆိုထားသောစာများကို ဖတ်ရ၏ ။ သို့သော် ဦးဖိုးဘ၏သမီး ထွေးခင်အကြောင်းကိုမူ မည်သည့် စာဆိုတော်ကမျှ ဖွဲ့ဆိုထားခြင်း မရှိသည့်အတွက် ထွေးခင်သည် သူဇာလောက် လှမည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်ပါသည် ။


သို့တစေ ကျွန်တော်က ထွေးခင်ကို မြင်လျှင်မြင်ချင်း သွေး ဘောင်ဘင်ရိုက်အောင် ချစ်ကြိုက် မိပါသည် ။


ထွေးခင်ကို မြင်လိုက်ရသောအချိန်မှာလည်း ကျွန်တော့်အတွက် အထူး အံ့ဩဖွယ်ကောင်းသောအချိန် ဖြစ်ပါ၏ ။


ကျွန်တော်က တောင်ကုတ်သင်္ဘောဆိပ်တွင် ဖြစ်ပွားသော ရိုက် မှု တစ်ခု အတွက် သင်္ဘောဆိပ်နှင့် အနီးကပ်ဆုံး ဝဲကြီးရွာသို့ သူကြီးဖြစ်သူအား တိုင်ချက်ပေးရန် လာခဲ့၏ ။


အချိန်မှာ နေဝင်ရီသရောအချိန် ဖြစ်သည် ။


ကျွန်တော်သည် သူကြီးမင်း၏ လေးပင်သုံးခန်း ပျဉ်းကတိုးအိမ်ကြီး အဝတွင် ခဏမျှရပ်ကာ အရိပ်အခြည်ကို ကြည့်သော်လည်း လူတစ်ယောက် မျှ မတွေ့ရ ။ နောက်ဖေးဘက် မှသာ တွန်းသံ , ထိုးသံ , ရုန်းသံ, ကန်သံများကို ကြားနေရသဖြင့် အသံကြားရာဆီသို့ အပြေးကလေး ဝင်လာခဲ့၏ ။


ထွေးခင်နှင့် သူ့အဘကား ထွေးလုံးသတ်ပုတ်လျက်ရှိလေသည် ။


“ ဟဲ့ ... လူယုတ်မာကြီး ... လွှတ် ... လွှတ် ၊ ပထွေးပီပီ ခွေးလိုမလုပ်နဲ့ ...” 


ထွေးခင်က ပါးစပ်မှ တဖျစ်တောက်တောက်ပြောရင်း သူကြီးမင်း ဦးဖိုးဘ၏ ဖက်ငင်ဆွဲရမ်းမှုကို ရုန်းကန်နေ၏ ။


ကျွန်တော်က ကြောင်၍ ရပ်ကြည့်နေမိလေသည် ။ ဦးဖိုးဘမှာ ထွေးခင်၏ ဖအေအရင်းဟု ကျွန်တော်က ထင်မှတ်နေခဲ့ရာ ယခုမှ ဖအေအရင်း မဟုတ်မှန်း သိလာရတော့လေသည် ။


တကယ်တော့ ကျွန်တော်သည် ဝဲကြီးရွာသားတစ်ယောက်မဟုတ် ၊ တောင်ကုတ်သင်္ဘောဆိပ်တွင် သင်္ဘောဆိုက်ကပ်သည့် ရက်သတ္တတစ်ပတ်တိုင်း ဝဲကြီးရွာသို့ ဝင်ထွက်သွားလာခဲ့သူသာဖြစ်၏ ။ ထိုအခါက ကျွန်တော့်မှာ ရခိုင်တိုင်း ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွင် သင်္ဘောစာရေးအဖြစ် လုပ်ကိုင်နေခဲ့ရာ တောင်ကုတ်သို့ သင်္ဘောကပ်တိုင်း  ဝဲကြီးရွာသို့ ရောက်ခဲ့၏ ။ သို့တစေ သူကြီးမင်း ဦးဖိုးဘ၌ ထွေးခင်ဟူသော သမီးတစ်ယောက် ရှိသည်ဟူသော သတင်းကို ကြားခဲ့ရုံမှအပ ထွေးခင်ကို မူ တစ်ခါမျှ မမြင်ဖူးခဲ့ ။ ဦးဖိုးဘသည် ထွေးခင်ကို ကျွန်တော်မမြင်အောင် တမင်ပင်လုပ်ထားခဲ့ဟန် တူလေသည် ။


တစ်ခါက ၊ ထိုတစ်ခါက ဆိုသည်မှာလည်း ကျွန်တော် တောင်ကုတ်သင်္ဘောဆိပ်သို့ စတင်ရောက်ခဲ့သည့်နေ့ကပင်ဖြစ်၏ ။ ဦးဖိုးဘနှင့် ကျွန်တော်သည် သင်္ဘောကုန်တင်ကုန်ချကိစ္စနှင့်ပတ်သက်၍ စကားများခဲ့ဖူးရာ သူသည် ကျွန်တော့်ကို ထိုအချိန်ကစ၍ ဝေရာမဏိ ဝေးစွာရှောင်ကြဉ်ခဲ့၏ ။ သူ့သမီးကို မြင်ရဖို့ မဆိုထားနှင့် ၊ သူ့အိမ်နားသို့ပင် ကျွန်တော့်ကို အကပ်မခံခဲ့ ။


ဤကဲ့သို့ ကျွန်တော်နှင့် မျက်နှာကြော မတည့် ... ၊ ဘုအကျကြီးကျခဲ့သော ဦးဖိုးဘအိမ်သို့ပင် ကျွန်တော်သည် ကျွန်တော်နှင့်သက်ဆိုင်နေသော ကိစ္စဖြစ်၍ တိုင်ကြားရန်လာခဲ့၏ ။ လာခဲ့သောအခါ၌လည်း ကျွန်တော်၏ လာခြင်းသည် သူ့အတွက် ကောင်းသောလာခြင်းမဟုတ်ဘဲ ဖြစ်နေရပြန်လေသည် ။


“ ဟဲ့ထွေးခင် ... နင်မိုက် မနေပါနဲ့ဟဲ့ ၊ ငါက နင့်ကိုသနားလို့ တောင်ညာတင်မလို့ လုပ်တာ ..” 


ဦးဖိုးဘသည် အသုရာ၏ စံချိန်ကိုပင် ချိုးထားဟန်တူ၏ ။ သူ့ကိုယ်ကို သူပင် မနိုင်ဘဲ ဒယီးဒယိုင်နှင့် ထွေးခင်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းနေ၏ ။


“ ခွေးကောင်ကြီး လွှတ် ... လွှတ် ... ၊ အော်လိုက်ရမလား ...” 


ကျွန်တော်သည် နောက်ဘက်သို့ အနည်းငယ်ပြန်ဆုတ်ကာ မီးဖိုချောင်တံခါးဝတွင် ခြေကို ခပ်ပြင်းပြင်းနင်း၍ ရပ်လိုက်၏ ။


သူတို့နှစ်ယောက်စလုံး မှင်တက် မိသလို ငိုင်နေကြလေသည် ။ သို့သော် ဦးဘဖိုးကား လူကြီးလူမိုက်ပီပီ ခဏအတွင်း ဣန္ဒြေဆည်လိုက်နိုင်၏ ။


“ ဟေ့ ... ဟေ့ ... မင်းက ဒီမှာ ဘာလာလုပ်တာလဲ ...” 


သူက ကျွန်တော့်ဘက်သို့ တည့်တည့်လှည့်လိုက်ကာ ကျွန်တော့်ကိုပင် ဟိန်းဟောက်လိုက်ပါသေး၏ ။


“ ခင်ဗျားကပဲ ကျုပ်ကိုမေးနေရသေးသလား ၊ ခင်ဗျားလုပ်တာ ကျုပ်မမြင်ဘူးမှတ်လို့လား ....” 


ကျွန်တော်၏အသံက မာဆတ်ဆတ်ဖြစ်နေ၍ သူက အပြစ်ရှိသူပီပီ တွန့်သွားပုံရလေသည် ။ မျက်နှာထားကလေး သေသေ ၊ နားရွက်ကလေး ပေပေ နှင့် တစ်ချက် မျှငေးသွား၏ ။ ဥပမာဆိုလျှင် ချိုလှ, ကိုယ်လှ ၊ နွားနက်မကို ၊ ဥသဘနွားထီး ၊ အနုကြမ်းစီးမည်ဟု ဟန်ကြီးနှင့် ကြံတုန်းကို ၊ ကျားဟုန်း၍ ဝါးသော့ခါ ၊ မျက်နှာထားသေသေ ၊ နားရွက်ပေနှင့် ၊ အောင်မြေရပ်မှာ တပ်မစွဲနိုင် ၊ ခေါင်းကျ၍ မှိုင်သကဲ့သို့ပင် ဖြစ်ပါ၏ ။


ဦးဖိုးဘက ' လူမိတာ နာသဖြင့် ' ဒေါသကြီးကာ စကားတစ်ခွန်းမျှ မပြောနိုင်သလို ကျွန်တော်ကလည်း မမျှော်လင့်သည့်ရှုခင်းတစ်ရပ်ကို ဖြုန်းခနဲလာတွေ့နေရသဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်နေ၏ ။ ကျွန်တော်တို့နှစ်ယောက်က ပြောမည့်စကားလုံးများကို အပြေးအလွှား လိုက် ရှာနေကြစဉ် ထွေးခင် ပို၍ကျယ်လာသည်ဟု ထင်ရလေသည် ။


“ အမေရေ ... ကျုပ် ရှက်လှချည်ရဲ့ ...” 


ဦးဖိုဘ၏ ဥသဘနွားထီး အနုကြမ်းစီးသည့်ဇာတ်သည် ဤသို့သော အခန်းတွင် အထွတ်သို့ရောက်ခါနီး၌ ဇာတ်ကွက်ကို အောက်သို့ တဖြည်းဖြည်းချလိုက်သော အခြားဇာတ်ကောင်တစ်ကောင်သည် နောက်ဖေးမီးဖိုချောင်သို့ ရောက်လာလေသည် ။


သူကား ဦးဖိုးဘ၏မယား , ထွေးခင်၏ အမေ ဖြစ်၏ ။


“ ထွေးခင်ကလည်းဟယ် ကိုယ့်အဖေရိုက်တာနဲ့ ဒီလောက်တောင် ငိုနေရသလား ...” 


ထွေးခင်၏အမေသည် ကျွန်တော့်ရှေ့တွင် ဤကဲ့သို့ပင် ဟန်လုပ်၍ ပြောလိုက်စေကာမူ သူ၏စိတ်ထဲတွင်မူကား မခံမရပ်နိုင်သော ဒေါသမီးသည် တဟူးဟူးတောက်လောင်နေသည်ကို သတိပြုမိလိုက်ပါသည် ။


( ၂ )


ထွေးခင်ကား ဆံတောက်ဖားဖား ၊ တင်ကြီးကားကားနှင့် မျှစ်စို့ကြီးလို နုထွား၍နေစေကာမူ အသက်ကား ဆယ့်ငါးနှစ်ပင် ရှိပုံမပေါ်သေး ။


ဤကဲ့သို့ အသက်အရွယ် နုနယ်သူကလေးတစ်ယောက်သည် ဦးဖိုးဘလို ယုတ်မာသော ပထွေး ၊ လင်ကို အကြောက်ကြီးကြောက်နေရသော ဒေါ်ငွေမြလို အမေမျိုးနှင့် မည်ကဲ့သို့ ဆက်လက်နေထိုင်သွားမည်ကို ကျွန်တော်က စဉ်းစား၍မရအောင် ဖြစ်ရ၏ ။


ထိုနေ့က ကျွန်တော်သည် သင်္ဘောပေါ်တွင် အမှုဖြစ်သည့်အကြောင်းကို ဦးဖိုးဘအား တိုင်ကြားခြင်းမပြုတော့ဘဲ မြို့ပေါ်သို့ ပြန်တက်သည့် လှည်းသမားတစ်ယောက်နှင့် အကျိုးအကြောင်းကို စာရေး၍ မြို့အုပ်ဆီသို့သာ ပေးပို့ခဲ့လေသည် ။


ထွေးခင်က သူ့ဘဝ ရေစုန်မျောမည့်အချိန်တွင် ကျွန်တော်ရောက်ရှိသွားသဖြင့် သူ့မျက်နှာပေါ်တွင် ဝမ်းနည်းခြင်းနှင့်အတူ ကျေးဇူးတင်ကြောင်း ဖော်ပြသည့် အရိပ်အယောင်ကို တွေ့ခဲ့ ... ။


သူက တရှုပ်ရှုပ်ငိုနေရင်း ကျွန်တော့်ကို လှမ်း၍ကြည့်လိုက်သည့်အကြည့်မှာ ကျွန်တော့်တစ်သက်တာ မမေ့နိုင်အောင် ဖြစ်သွားစေပါ၏ ။


သို့ဖြစ်၍ နောက်တစ်ပတ် တောင်ကုတ်သို့ သင်္ဘောအရောက်တွင် ထွေးခင်နှင့် တွေ့ချင်စိတ်က ပြင်းပြ၍နေလေသည် ။ သို့သော် သူ့အဖေ ဦးဖိုးဘနှင့် ကျွန်တော်မှာ အသူရာနှင့် သိကြားမင်းကဲ့သို့ မျက်နှာချင်းဆိုင်ရန် မဖြစ်နိုင်သဖြင့် ကျွန်တော်တွေ့ချင်သော ထွေးခင်ကို တွေ့မြင်ရတော့မည်မဟုတ်ဟု စိတ်ပျက်လက်ပျက် ဖြစ်မိသည် ။ ကျွန်တော် တောင်ကုတ်သင်္ဘောဆိပ်မှ ထွက်ခွာသွားနေသည့်ရက်အတောအတွင်း ထွေးခင်ကလေး၏ ကံကြမ္မာသည် မည်ကဲ့သို့ဖန်လာလေမည်ကို စိုးရိမ်မိသည် ။ ကျွန်တော်သည် ထွေးခင်အကြောင်းကို အနုလုံပဋိလုံ စဉ်းစားရင်း ဝဲကြီးရွာနှင့် အတန်ငယ်လှမ်းသော တောအုပ်ကလေးသို့ လျှောက်လာခဲ့၏ ။


တောအုပ်အတွင်းရှိ ချောင်းကလေးအနီးသို့ ရောက်သောအခါတွင်ကား ကျွန်တော်၏ခြေလှမ်းများသည် စတုဒီသာကျွေးရာသို့ လာသော သူတောင်းစား၏ ခြေလှမ်းကဲ့သို့ သွက်၍လာခဲ့၏ ။ ကျွန်တော်၏စိတ်သည် သားရွှေအိုးထမ်းလာသည်ကို မြင်ရသော ဒုကုလနှင့် ပါရိကာ၏ စိတ်ကဲ့သို့ ရွှင်၍သွားခဲ့၏ ။


ဆယ်ပေလောက်ကျယ်သော ချောင်းကလေးထဲတွင် တဗွမ်းဗွမ်းနှင့် အသံမြည်အောင် ကူးနေသူကား ကျွန်တော်တွေ့ချင်နေသော ထွေးခင်ပင် ဖြစ်နေလေသည် ။


“ ထွေးခင်ရေ ... ထွေးခင် ...” 


ကျွန်တော်က အားရဝမ်းသာ အော်ခေါ်လိုက်၏ ။


တဗွမ်းဗွမ်းနှင့် ရေကူးနေသောအသံများ ရုတ်တရက်ရပ်သွား၏ ။ ထွေးခင်သည် တစ်ဖက်ကမ်းစပ်မှ ရေထဲတွင် ခေါင်းတစ်လုံးပေါ်ရုံသာ ထိုင်နေရင်း ကျွန်တော့်ကို မျက်စိပြူး၍ ကြည့်နေလေသည် ။


“ ထွေးခင်ရေ ... ဒီဘက်ပြန်ကူးခဲ့ပါကွဲ့ ... ၊ နင်နဲ့တွေ့ချင်လို့ လိုက်ရှာနေတာ ကြာလှပြီ ” 


ထွေးခင်က တစ်ဖက်ကမ်းစပ်မှနေ၍ ခေါင်းကိုသာ တွင်တွင်ရမ်းပြနေ၏ ။ ကျွန်တော်က ထွေးခင်၏ အမူအရာကို နားမလည် ။


“ ထွေးခင်ရ ... နင့်ကို ကိုက်မစားပါဘူးဟ ... လာသာ လာခဲ့ပါ ” 


“ ကျုပ် ရှက်တယ်တော့ ၊ ဒီမှာ ... ဒီမှာ ...” 


ထွေးခင်က ရှေ့သို့စကားမဆက်နိုင်ဘဲ ကျွန်တော်ရပ်နေသည့်ဘက်သို့ လက်ညှိုးထိုးပြနေ၏ ။ သူ့လက်ညှိုးညွှန်ပြနေသည့်အတိုင်း ကျွန်တော်က ခြေရင်းဘက်သို့ ငုံ့ကြည့်လိုက်တော့မှပင် ကျွန်တော်ပါ မျက်စိပြူး၍သွားမိလေသည် ။


ကျွန်တော်ရပ်နေသည့်နေရာနှင့် တစ်တောင်ခန့်အကွာရှိ ကျောက်တုံးကလေး တစ်တုံးပေါ်တွင်ကား ထွေးခင်၏ အင်္ကျီနှင့် ကွင်းလုံးကျွတ် ပုံချထားသော ထဘီကို တွေ့ရ၏ ။


“ အို ...” 


ကျွန်တော်က အလန့်တကြားပင် ရေရွတ်လိုက် မိ၏ ။ မရွှေချောသည် ထဘီမပါဘဲ ရေဆင်းချိုးနေလေသည် ။


“ ဒါတွေ ဘယ့်နှယ့်လုပ်မလဲ ...” 


ကျွန်တော်က သူ့ထဘီနှင့်အင်္ကျီကို လက်ညှိုးထိုးပြရင်း အော်မေးလိုက်၏ ။


“ တော် ... တခြားကို ခဏသွားနေ ... ကျုပ် အဲ့ဒီဘက်လာခဲ့မယ်” 


ကျွန်တော်သည် ထွေးခင်၏အမိန့်အတိုင်း ကမ်းစပ်မှခွာ၍ ရှေ့သို့ ဆယ်ကိုက်ခန့် လျှောက်လာခဲ့၏ ။ ပြီးနောက် ထွေးခင်ဘက်သို့ ကျောပေးကာ သစ်ပင်တစ်ပင်ကို မှီ၍ ရပ်နေရလေသည် ။


ထွေးခင်၏ရေကူး၍လာသံကို ကြားရပြီးနောက် ခဏမျှ တိတ်ဆိတ် သွား၏ ။


“ အင်္ကျီဝတ်ပြီးရင် ပြောဟေ့ ...” 


ကျွန်တော်က နောက်သို့လှည့်မကြည့်ဘဲ ထွေးခင်ကို သတိပေးလိုက်၏ ။


“ အမယ်လေး ... ကင်းကြီး ... ကင်းကြီး ...” 


ထွေးခင်က ထိတ်ထိတ်ပျာပျာ အော်လိုက်သောကြောင့် ရပ်နေသည့်နေရာမှ ပြေး၍ထွက်လာခဲ့၏ ။


ထွေးခင်သည် ထဘီကို လက်တစ်ဖက်နှင့် လေထဲတွင် ခါရမ်းရင်း မိမွေးတိုင်း , ဖမွေးတိုင်း ရပ်နေလေသည် ။ ကျွန်တော့်မှာ 

“ မဉ္ဇူရုံညှာ ၊ ထုံမာလာမှာ ၊ ပျာကယာတွေ့ ။ မြစတေပင် ၊ လှငွေစင်သို့ ၊ ယဉ်မူလေ့ကို ၊ ပြကတေ့သွင် ၊ မောင်ကြီးလှည့်လို့ ၊ ကြည့်လိုက် မြင် ၊ ရွှေဘွင်နှောင့်နှေး ၊

မရဲမလို ၊ သည်းဖိုလို့ ပြေးလိုက်လေ ၊ သွေးဘောင်ဘင်ရိုက် ၊ ဆယ်ဇမ္ဗူရာဇ် ၊

မယ်တစ်မူဖြစ်ခါမှ ၊ လူသစ်ကြီးလိုက်ကရော့ ၊ ခိုက်ခိုက်များတုန်တဲ့လို့ ကြုံပလေ ”  ဆိုသောအဖြစ်မျိုးနှင့် တိုးမိနေ၏ ။


“ သွား ... သွား ၊ ဒီကိုမလာနဲ့ ...” 


ထွေးခင်က အလန့်တကြား ထပ်၍အော်လိုက်တော့မှပင် ကျွန်တော်သည် သတိရလာကာ စောစောက ကျောမှီ၍ရပ်နေသော သစ်ပင်ခြေရင်းသို့ တပ်ဆုတ်၍ လာခဲ့နိုင်လေသည် ။


“ ထွေးခင်ရေ ... ထွေးခင် ..” 


ခဏကြာသောအခါ ကျွန်တော်က ခေါ်လိုက်၏ ။ သို့သော် ပြန်ထူးသံကို မကြားရ ။


“ ထွေးခင်ရေ ... ပြီးပြီလားဟေ့ ...” 


သို့တိုင်အောင် စကားပြန်ကား မရ ။ ကျွန်တော်သည် သည်းမခံနိုင်တော့ဘဲ နောက်သို့လှည့်ကြည့်လိုက်၏ ။ ထွေးခင်သည် ကျောက်တုံးကလေးပေါ်တွင် မျက်နှာကို ထောင်ထားသော ဒူးခေါင်းနှစ်လုံးကြားတွင် ညှပ်၍ ငိုနေသည်ကို တွေ့ရ၏ ။


“ ကျုပ်ရှက်တယ်တော့ ... ၊ ကျုပ်အနား မလာခဲ့နဲ့ ...” 


ကျွန်တော်က အရှက်ကြီးရှက်ကာ ရှိုက်၍ရှိုက်၍ငိုနေသော ထွေးခင်ကို နှစ်သိမ့်စေပါ၏ ။ အတန်ကြာမှပင် ထွေးခင်က ခေါင်းဖော်ဝံ့လာကာ ကျွန်တော်မေးသမျှကို ပြန်၍ပြောလာလေသည် ။


“ ကျုပ်တော့ ... ကျုပ်ပထွေးအိမ်မှာ မနေချင်တော့ပါဘူးတော် ... လွတ်ရာ ကျွတ်ရာသာ ထွက်ပြေးချင်တော့တာပဲ ...” 


ထွေးခင်က မျက်ရည်ရွှန်းသော မျက်လုံးဝိုင်းဝိုင်းကလေးဖြင့် ကျွန်တော့်ကို အကူအညီတောင်းနေ၏ ။ ကျွန်တော်ကမူ မကြံတတ်အောင် ဖြစ်နေရလေသည် ။


ထွေးခင်က အသက်ဆယ့်ငါးနှစ်ပင် မပြည့်တတ်သေး ။ ဆံတောက်ကြီးဖားဖား ၊ တင်ကြီးကားကားဖြင့် မိုးဦးကျ မျှစ်စို့ကြီးလို နုနုထွားနေသောကြောင့် တောစရိုက် တောဓလေ့အရမူ အိမ်ထောင်သားမွေးရန် ခန္ဓာကိုယ်အရ လူလားမြောက်ပြီဟုဆိုက ဆိုထိုက်သော်လည်း စိတ်အားဖြင့်ကား လူလားမြောက်ပြီဟု ဆိုနိုင်မည်မဟုတ်ပါပေ ။ ကလေးစိတ် , ကလေးအမူအရာသာ ရှိသေးသော ထွေးခင်ကို ကျွန်တော်က မည်ကဲ့သို့ သူ့ဆန္ဒအတိုင်း ကူညီနိုင်ပါမည်နည်း ။


“ ထွေးခင် ... နင် အသက်ငယ်ငယ်ကလေး ရှိပါသေးတယ်ဟယ် ...” 


ကျွန်တော်က သူ့အပေါ်တွင် စေတနာထားကာ အစ်ကိုကြီးတစ်ယောက်လို ဆုံးမနေမိသည် ။


“ အံမယ် ... ကျုပ်လား ... ငယ်တာ ၊ ကျုပ်လိုအရွယ်တွေ ကလေးအမေတွေ ဖြစ်နေကြပြီ သိရဲ့လား” 


သူက နှုတ်ခမ်းတလန်ပန်းတလန်နှင့် ကျွန်တော့ကိုပင် ရန်တွေ့နေပါသေး၏ ။


“ အေး ... ဘာပဲဖြစ်ဖြစ် ၊ ခုတော့ ကိုယ့်အိမ်မှာပဲကိုယ် သတိဝီရိယထားနေပေါ့ ။ တကယ်လို့ မနေချင်ဘူးဆိုရင်လည်း ရွာထဲက ဆွေမျိုးသားချင်းအိမ်တစ်အိမ်မှာ ညတိုင်းသွားသွားအိပ်တာပေါ့ ထွေးခင်ရာ ...” 


“ ဟင့်အင်း ... ဟင့်အင်း ... ကျုပ်တော့ ဘယ်မှာမှမနေချင်ဘူး ။ အိမ်ကပဲ ထွက်ပြေးချင်တယ် ...” 


ကျွန်တော်က အတန်တန်ဖျောင်းဖျ၍ပြောပါ၏ ။ သို့သော် ထွေးခင်က ခေါင်းမာမြဲ မာနေလေသည် ။


“ ကဲ ... ဒီလောက်တောင်ရှိလှတာ နောက်တစ်ခေါက်လာရင် နင့်ကို ငါခေါ်မယ် ...” 


ကျွန်တော်က သူ့စိတ်မှ သက်သာရာ ရပါစေတော့ဟု လိမ်၍ပြောလိုက်၏ ။ သည်တော့မှပင် ထွေးခင်သည် ပြုံးရယ်၍လာနိုင်လေသည် ။


“ ကိုင်း ... ဒါပဲနော် ... နောက်တစ်ပတ် သင်္ဘောလာရင် ...” 


ထွေးခင်က ကျွန်တော့်ပါးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်နမ်းရင်း ဝဲကြီးရွာဘက်သို့ ပြေးသွားသည်ကို ကျွန်တော်က သက်မ တဟင်းဟင်း ချကာ ငေး၍ ကျန်ရစ်ခဲ့လေသည် ။


နောက်တစ်ပတ် တောင်ကုတ်သင်္ဘောဆိပ်သို့ ဆိုက်ကပ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်ရင်မှာ တဒိတ်ဒိတ်ခုန်နေ၏ ။ ကျွန်တော်က ထွေးခင်စိတ်မှ သက်သာရာရပါစေတော့ဟု ပြောခဲ့သောစကားကို သူက တကယ်မှတ်ထင်ကာ ကျွန်တော်နှင့်လိုက်ပါရန် စိတ်စော၍နေမည်ကို ပူပန်မိ၏ ။


အသက် ဆယ့်ငါးနှစ်ပင် မပြည့်တတ်သေးသော ထွေးခင်လို ကလေးမကလေးကို ကျွန်တော့်လို အသက်အစိတ်လောက်ရှိသော ယောက်ျားတစ်ယောက်က အားပေးအားမြှောက်ပြုသကဲ့သို့ ပြောခဲ့မိသည့်အတွက် ကျွန်တော့်ကိုယ်ကို ကျွန်တော် အပြစ်တင်မိသည် ။ ခန္ဓာကိုယ်အရမူ တောဓလေ့ တောစရိုက်အရ လူလားမြောက်ပြီဟုဆိုက ဆိုနိုင်သော်လည်း စိတ်အားဖြင့် လူလားမမြောက်သေးသူကလေးကို ကျွန်တော်က သူ့သဘောလိုက်၍ ခေါ်ယူသွားသည့်တိုင်အောင် ကျွန်တော့်အပေါ်တွင်ကား အပြစ်ကင်းနိုင်မည် မဟုတ်ပါ ။


ကျွန်တော်သာလျှင် တရားခံဘဝသို့ ရောက်ရပေမည် ။ ကျွန်တော့်အပေါ်တွင် အငြိုးကြီး ငြိုးထားခဲ့သော ဥသဘနွားထီး ဦးဖိုးဘကလည်း ကျွန်တော့်အပေါ်တွင် မည်သည့်နည်းနှင့်မျှ ချမ်းသာပေးမည်မဟုတ် ။


ကျွန်တော်သည် စိတ်လေးလေးနှင့်ပင် ထွေးခင်နှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ရာ တောအုပ်အတွင်းရှိ ခြံကလေးဆီသို့ လျှောက်လာခဲ့၏ ။


ထွေးခင်က သီချင်းကလေးတအေးအေးနှင့် ကျွန်တော့်ကို စောင့်နေလေသည် ။


“ ကျုပ်က ပထမသင်္ဘောဥဩမှုတ်သံကြားကတည်းက ဒီကိုရောက်နေတာ သိလား ...” 


မျက်စကလေးချီကာ ဝမ်းပန်းတသာပြောလိုက်ပုံမှာ ကလေးဆန်လှပေသည် ။ သူက ဝမ်းသာနေသလောက် ကျွန်တော်က စိတ်ပူနေမိသည် ။


“ လာလေ ... ဘာငေးတေးတေးကြီးလုပ်နေတာလဲ ... ထိုင်လေ ...” 


သူက ကျွန်တော့်လက်ကိုဆွဲကာ သူ့အနားတွင် အထိုင်ခိုင်းနေပါ၏ ။


“ ကျုပ်က အိမ်မှာ အထုပ်တွေအပိုးတွေတောင် ပြင်ထားပြီးပြီ ။ သင်္ဘောက ဘယ်အချိန် ပြန်ထွက် မလဲဟင် ...” 


ကျွန်တော်က ဘာစကားမျှမပြောနိုင် ၊ ငိုင်၍သာထိုင်နေမိသည် ။


“ ဟင် ... ဘာဖြစ်နေတာလဲ ပြောစမ်း ...” 


“ ဘာမှ မဖြစ်ပါဘူးကွာ ...” 


ကျွန်တော်က တိုတိုတောင်းတောင်းပင်ပြောမိလေသည် ။


ထွေးခင်က ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို ခုမှရိပ်မိလာဟန်တူသည် ။ သူ့မျက်နှာကလေးသည် အိုသွားရှာသည် ။


“ ကျုပ်ကို ခေါ်မသွားချင်ဘူးလား ... ဟင် ...” 


“ ခေါ်မသွားချင်လို့ မဟုတ်ပါဘူးကွာ ၊ နင်က အသက် မှ မပြည့်သေးတော့ တော်တော်ကြာ နင်ရော ငါပါ ဒုက္ခရောက်နေမယ် ...” 


“ အံမယ် .... ကျုပ်က ဘာများအသက် မပြည့်သေးတာလဲ ၊ ကျုပ်အသက် ဆယ့်ငါးနှစ် ရှိပြီတော့ ၊ ကျုပ်တို့ဆီမှာ ဒီအချိန် လင်ယူသားမွေးကြတာချည်းပဲ ...” 


“ နင်တို့တောမှာတော့ ဟုတ်တာပေါ့ဟယ် ...” 


“ တော်တို့မြို့ကကော ဒီလိုမဟုတ်ဘူးလား ...” 


“ မဟုတ်ဘူး ...” 


ကျွန်တော်က သံပြတ်နှင့်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထွေးခင်သည် သူ၏မျှော်လင့်ချက်တောင်ကြီး ပြိုကျသွားပြီကို သိသွားလေသည် ။


“ ဒီလိုဆိုရင် ကျုပ်ကို ဘာလို့ခေါ်မယ်လို့ ပြောခဲ့သလဲ ...” 


ထွေးခင်က ကျွန်တော့်ရင်ခွင်ကိုမှီရင်း ကျူကျူပါအောင် ငိုချလိုက်၏ ။ ကျွန်တော်က ဘယ်လို ပြန်ပြောရမည်ကို စဉ်းစား၍မရ ။ ဘယ်လိုချော့ရမည်ဟုလည်း နားမလည် ၊ ထွေးခင် ငိုနေသည်ကိုသာ ထိုင်၍ကြည့်နေမိသည် ။


“ ပြော ... ပြော ... ၊ ကျုပ်ကို ဘာလို့ ခေါ်မယ်လို့ ပြောရတာလဲ ...” 


ထွေးခင်က ကျွန်တော့်ရင်ဘတ်ကို တဗုန်းဗုန်းမြည်အောင် ထုလိုက်၏ ။


ထွေးခင်၏ ငိုရှိုက်သံနှင့် ကျွန်တော့်ရင်ဘတ်ကို ထုရိုက်သံကြားတွင် ကျွန်တော်တို့နောက်ဘက်ဆီမှ တချွတ်ချွတ်နှင့် သစ်ကိုင်းခြောက် များကို နင်း၍သွားသော အသံကို ကြားလိုက်၏ ။


“ ထွေးခင် ... ထွေးခင် ... တိတ်စမ်း ... ၊ တို့ကို တစ်ယောက်ယောက် တွေ့သွားပြီထင်တယ် ” 


ထွေးခင်၏မျက်လုံးသည် ပြူးကျယ်၍သွားကာ ကျွန်တော့်ကို ကြောက်အားလန့်အားနှင့် နင်းကန်ဖက်ထားလေသည် ။


“ လွှတ်ပါဦးဟ ထွေးခင်ရာ ... ငါသွားကြည့်လိုက် မယ် ...” 


“ ကျုပ်တော့ အဖေလိုက်ပြီးချောင်းတာလို့ ထင်တာပဲ ...” 


“ နင့်အဖေဆိုရင် ဘာလို့ပြန်သွားမလဲ ၊ နင့်ပါ တစ်ခါတည်းခေါ်သွားမှာပေါ့ ...” 


“ အိမ်မှာ သေနတ်သွားယူတယ်ထင်တယ် ၊ ဟုတ်တယ် ... ဟုတ်တယ် ... အဖေပဲဖြစ်ရမယ် ။ ပြေး ... ပြေး ... တော် လွတ်အောင်သာပြေး ၊ မိုးလင်း သင်္ဘောထွက်ချိန်နီးမှ တော့်ဆီကို ကျုပ်ဆင်းလာခဲ့မယ် ...” 


ထွေးခင်က ပြောပြောဆိုဆို ကျွန်တော့်ကိုလည်း ပြေးစေကာ သူလည်း သူ့အိမ်ဘက်သို့ ထွက်ပြေးသွား၏ ။


ကျွန်တော်သည် ဝဲကြီးမှ သင်္ဘောဆိပ်သို့ ခါတိုင်းသွားနေကျ လမ်းအတိုင်း မသွားဘဲ တောအုပ်ထဲမှနေ၍ တောင်ကမူနှင့် လျှိုမြှောင်ကလေးများကို ကျော်ဖြတ်ကာ ခပ်သုတ်သုတ်လာခဲ့၏ ။ အသူရာနတ်မင်းကြီး ဥသဘနွားထီး ဦးဖိုးဘသည် ကျွန်တော့်ကို တွေ့နိုင်မည် မဟုတ်ဟု ထင်ခဲ့၏ ။ သို့ကြောင့်လည်း ကျွန်တော့်ဘေးကို ကျွန်တော်က မစိုးရိမ် ။ ထွေးခင် အတွက်ကိုသာ စိုးရိမ်ပူပန်မိသည် ။


ဦးဖိုးဘသည် ကျွန်တော့်ကို လက်လွတ်သွားသဖြင့် ထွေးခင်ကို အငြိုးနှင့် ရိုက်နှက်နေမည်ကို မြင်ယောင်မိ၏ ။ ကျွန်တော်သည် တောင်ကမူကလေးတစ်ခုမှဆင်းကာ လျှိုကလေးတစ်ခုကိုဖြတ်ရန် ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်နောက် မှ မာကျောခက်ထန်လှသော ဦးဖိုးဘ၏ အသံကြီးကို ကြားလိုက်ရ၏ ။


“ ဟေ့ ... မသေချင်သေးရင် ရပ်လိုက် ...” 


ရုတ်တရက်အားဖြင့် ကျွန်တော့်နားကိုပင် ကျွန်တော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏ ။ ဦးဖိုးဘသည် ကျွန်တော့်အား မည်သည့်နည်းနှင့်မျှ မတွေ့နိုင်ဟူသော ကျွန်တော်၏ယူဆချက်ကား တက်တက်စင် မှားယွင်းခဲ့ပေပြီ ။


ကျွန်တော်သည် သွားနေရာမှ ဦးဖိုးဘ၏အမိန့်အတိုင်း ချက်ချင်းပင် ရပ်တန့်လိုက်ရ၏ ။


“ ဟေ့ ... ဒီဘက်လှည့်လိုက်စမ်း ...” 


သူ၏နောက်ထပ်အမိန့်အတိုင်းပင် သူ့ကို ကျောပေး၍ရပ်နေရာမှ သူ့ဘက်သို့ လှည့်လိုက်ရ၏ ။ သူသည် သူ၏နှစ်လုံးပြူးသေနတ်ကြီးကို ကျွန်တော့်ရင်ဘတ်တည့်တည့်ဆီသို့ချိန်ရင်း အနိုင်ရသော စစ်သူကြီး၏ မျက်နှာထားဖြင့် ကျွန်တော့်အနီးသို့ တိုးလာလေသည် ။


“ ဖိုးဘအကြောင်း သိပြီလားဟေ့ ...” 


သူက မခန့်လေးစားရယ်လိုက်ရင်း မေးလိုက်၏ ။


“ သိသားပဲ ... လူယုတ်မာကြီးဆိုတာ ...” 


ကျွန်တော်က မရဲသော်လည်း ပြေးခဲ့စေ ဆိုသောစကားအတိုင်း ရင်ကိုခပ်ကော့ကော့ ထား၍ ပြန်ပြောလိုက်၏ ။ ဦးဖိုးဘ၏ မျက်နှာသည် ချေးမှန်သကဲ့သို့ ရှုံ့၍သွားလေသည် ။


“ အေးကွာ ... သိကြသေးတာပေါ့ ၊ မင်းလိုလူမျိုးကို ဖိုးဘက အကောင်တောင်ဖျောက်ပစ်နိုင်တယ် ... သိလား ။ မင်းတော့ ဂျပန်သတ်သလို တဖြည်းဖြည်းညှဉ်းပြီးမှ သတ်မယ်ကွာ ..” 


“ ခင်ဗျားသတ်တိုင်း ကျုပ်သေရမှာလား ....” 


“ ဟဲ ... ဟဲ ... မင်းက တော်တော်မိုက်သားပဲ ။ ဖိုးဘရဲ့သေနတ်ပြောင်းဝမှာ ဘယ်နှစ်လောင်းကြွသွားတယ်ဆိုတာ ကြားဖူးမှာပေါ့ကွာ ၊ ဟုတ်လား” 


“ ဟေ့ ... ခွေးကောင်ကြီး ၊ စကားများမနေနဲ့ ၊ သတ္တိရှိရင် ပစ်လိုက်စမ်း ...” 


ကျွန်တော်က အသူရာနတ်မင်းကြီး ဦးဖိုးဘကို ပို၍ ဒေါသထွက်အောင်လုပ်ကာ ရှေ့သို့တိုးလိုက်၏ ။


သို့သော် ဦးဖိုးဘသည် ကျွန်တော်၏အကြံကို ရိပ်မိဟန်တူ၏ ။ သူသည် ကျွန်တော့်ကို အနားကပ်မခံဘဲ ကျွန်တော်က ရှေ့သို့တစ်လှမ်းတိုးလာသလို သူက တစ်လှမ်းနောက်သို့ ဆုတ်ကာ ကျွန်တော်နှင့် ခပ်ကွာကွာဖြစ်အောင် လုပ်နေ၏ ။


“ ဟေ့ ... ပစ်ရဲရင် ... ပစ်စမ်း ...” 


ကျွန်တော်က ပြောပြောဆိုဆို ရှေ့သို့ လေးငါးလှမ်းမျှ ခုန်၍တိုးသွား၏ ။ ဦးဖိုးဘသည် ကျွန်တော် ပြေး၍ တက်လာသဖြင့် နောက်သို့ ခပ်မြန်မြန်ကလေး ဆုတ်လိုက်၏ ။ သူက နောက်ကိုဆုတ်၍ ခေါင်းကို မတ်မတ်ကလေးဖြစ်အောင် ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့နောက်ဘက်ဆီမှ ဖြန်းခနဲ ရိုက်လိုက်သည့်အသံ ပေါ်ထွက်လာလေသည် ။


ဦးဖိုးဘသည် တစ်ချက်မျှသာအော်နိုင်ပြီးလျှင် ခွေခနဲ လဲကျသွား၏ ။ ကျွန်တော်ကမူ အံ့အားသင့်ကာ ကြည့်နေမိသည် ။


ထွေးခင်သည် ဝါးရင်းတုတ်တစ်ချောင်းကို ကိုင်ကာ ချုံပုတ်အကွယ်မှ ပြေးထွက်လာလေသည် ။


“ ဟဲ့ ထွေးခင် ၊ နင် ဘယ့်နှယ်လုပ်လိုက်တာလဲ ...” 


သွေးသံရဲရဲဖြင့် လဲကျနေသော အသူရာမင်းကြီး ဦးဖိုးဘကို ငုံ့ကြည့်ရင်း ကျွန်တော်က မေးလိုက်၏ ။


“ ကျုပ်ရိုက်လို့ ဒီအကောင်ကြီး မသေပါဘူးတော် ...” 


ကျွန်တော်သည် အသူရာမင်းကြီး ဦးဖိုးဘကို ပျာပျာသလဲပွေ့ထူ၍ ထွေးခင် ရိုက်လိုက်သောဒဏ်ချက် မည်မျှပြင်းထန်မည်ကို ကြည့်နေ၏ ။ ထိုစဉ်တွင် ထွေးခင်၏အမေ ဒေါ်ငွေမြသည် အူယားဖားယားနှင့် ကျွန်တော် တို့နေရာသို့ ရောက်လာလေသည် ။


“ ဒဏ်ရာ တော်တော်ပြင်းသလား ” 


“ သိပ်မပြင်းပါဘူး ၊ နဂိုကလည်း အရက်တွေသောက်ထားတော့ အရိုက်ခံရတဲ့အရှိန်နဲ့ သတိလစ်သွားတာပါ ” 


ဒေါ်ငွေမြက သူ့လင် အရိုက်ခံရသော်လည်း သူ့လင်နှင့် ကျွန်တော်တို့ ဖြစ်ပျက်ပုံကို သိနေဟန် တူ၏ ။ ထို့ကြောင့်လည်း သူ့သမီး ထွေးခင်ကို အပြစ်မတင်ပေ ။


“ ကဲ ... ကဲ ... မောင်ရင်တို့ သွားဖို့ရှိတာ သွားကြ ၊ ဒီမှာ တော်သလို ကြည့်လုပ်လိုက်မယ်” 


“ အမေ ... ကျုပ်လည်း တစ်ခါတည်း လိုက်သွားမယ်နော်” 


အရေးထဲတွင် ထွေးခင်က ကလေးမကလေးလို ပူဆာနေပြန်၏ ။ ဒေါ်ငွေမြကမူ သူ့သမီးကို အဖြေမပေးဘဲ ကျွန်တော့်မျက်နှာကိုသာ စုံစမ်းသော အမူအရာနှင့် ကြည့်နေ၏ ။


“ စိတ်ချပါ ၊ ထွေးခင်ကို ကျွန်တော် နှမကလေးလို စောင့်ရှောက်ပါ့မယ် ” 


ကျွန်တော်က စကားလှလှသုံးကာ ထွေးခင်အမေကို သတိပေးလိုက်၏ ။


“ ဘာပြောတယ် ... နှမကလေးလို ဟုတ်လား ” 


ကျွန်တော်က ထွေးခင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရ၏ ။ သည်တော့မှပင် သူ့ခမျာ အဓိပ္ပာယ်ပေါက်သွားလေသည် ။


“ ကဲ ... အမေ့ကို ကန်တော့ခဲ့ပါတယ် ...” 


ထွေးခင်အမေက သူ့သမီးကို မျက်ရည်စမ်းစမ်းနှင့်ကြည့်ရင်း ဆုမွန်ကောင်းများတောင်းလျက်ရှိသည် ။


“ စိတ်ချပါရစေ မောင်ရင်ရယ် ၊ ကျုပ်သမီးလေးက လူကောင်သာ ထွားနေတာ ၊ ဘာမှ သိတတ်သေးတာ မဟုတ်ဘူး ၊ အစစအရာရာ ဆုံးမပါ ...” 


ကျွန်တော်နှင့် ထွေးခင်တို့သည် အသက်ပြင်းပြင်းရှူကာ မြေပေါ်တွင် ပျော့ခွေလျက်ပင်ရှိသေးသော အသူရာနတ်မင်းကြီး ဦးဖိုဘကို တစ်ချက် မျှ လှည့်ကြည့်ကာ ထိုနေရာမှ ထွက်လာခဲ့ကြ၏ ။


ဒေါ်ငွေမြသည် ကျွန်တော်တို့နှစ်ယောက်ကို လှမ်းကြည့်လိုက် ၊ သူ့လင်ကို သတိရလာအောင် ယပ်ခတ်ပေးလိုက်နှင့် ကျွန်တော်တို့နောက်တွင် ဝေး၍ ... ဝေး၍ ကျန်ခဲ့ပါသတည်း ။


◾ တက္ကသိုလ် နန္ဒမိတ်


📖 မြဝတီမဂ္ဂဇင်း


koaungnaingoo.blogspot.com


.

No comments:

Post a Comment