❝ ဆန်ပြုတ် ပွဲတော် ❞
ညနေ သုံးနာရီမှ ထိုးမယ်မကြံသေးဘူး .... ၊ ဖိုးတရုပ်တို့ မောင်နှမနှစ်ယောက် ဂဏာမငြိမ် ဖြစ်စပြုပြီ ။
အိမ်ရှေ့ထွက်လိုက် ၊ နောက်ဖေးဝင်လိုက် ၊ အိမ်အထက်ဆင့်ခါးပန်းကို ခေါင်းအုံးငေးမော နေတဲ့ အမေ့ကို လှမ်းကြည့်လိုက်လုပ်ရင်း ၊ ဖိုးတရုပ် မျက်လုံးတွေက ပန်းကန်စင်ပေါ် မှောက် ထားတဲ့ ကြွေရည်သုပ်ဇလုံလေး ဆီ ခဏ ခဏ ဝဲနေတယ် ။ သူ့ထက် ပိုပြီးအကင်းပါးတဲ့ မိငယ်ကလဲ ဖိုးတရုပ် အိမ်ရှေ့ထွက် ... ထွက်ချင်း ၊ နောက်ဖေးဝင် .... ဝင်ချင်း ။ ပြီးတော့ ဖိုးတရုပ် တရစ်ဝဲဝဲကြည့်နေတဲ့ ပန်းကန်စင်ပေါ်က ကြွေရည်သုတ် ဇလုံလေးကို သူလဲဘဲ မျက်ခြည်မပြတ် ။ တခါတခါ ဖိုးတရုပ် လှမ်းကြည့်ရင်း မျက်စောင်းခဲပြီး သတိပေးလိုက်သေး တယ် ။
" အဲဒါငါ့ ဇလုံနော် .... ဒါဘဲ ..." လို့ ။
ဖိုးတရုပ် အိမ်ရှေ့တခေါက် ထွက်ပြန်တယ် ။ လမ်းထိပ်က ထွက်လာနေတဲ့ မီးခိုးငွေ့ငွေ့ လေးတွေကို လှမ်းမျှော်ကြည့်ရင်း နှာခေါင်းလေးကို ရှုံ့ပြီး အနံ့ခံ ကြည့်မိတယ် ။ တရုပ်နံနံပင် အနံ့ ၊ ကြက်သွန်မိတ်နံ့ ၊ ငံပြာရည်နံ့ သင်းပျံ့တဲ့ ဆံပြုတ်မွှေးမွှေးရဲ့ အနံ့အသက်တွေများ ပါလာလေမလား ။ ဖိုးတရုပ် ဗိုက်ဆာလှပြီ ။ မနက်ထဲက မုံ့ပျားသလက်ငါးမူးတန် အဖြူအနီ နှစ်ယှက်ပဲရှိတဲ့ ဖိုးတရုပ်ဗိုက်ထဲမှာ မီးရထားတွဲကြီးတွေ တဂျုတ်ဂျုတ် အော်ဟစ်ခုတ် မောင်းနေကြပြီ ။
အိမ်နောက်ဖေး နောက်တခေါက် ပြန်ဝင်လာတဲ့ ဖိုးတရုပ်ကို သူ့အမေက မျက်စိနောက် လာသလို လှမ်းကြည့် လိုက်တုန်းမှာပဲ ...
" ဖိုးတရုပ်ရေ ... မိငယ်ရေ ...သွားစို့ဟေ့ ... "
အိမ်ရှေ့က အော်ခေါ်သံတွေ ၊ ဇလုံတီးသံ ၊ ဂျိုင့်ခေါက်သံတွေကို ကြားလိုက်တာနဲ့ ဖိုးတရုပ်က လေကဲ့သို့ လျင်မြန်ခြင်းမျိုးနဲ့ ပန်းကန်စင်ပေါ်က ကြွေဇလုံကို ပြေးယူတယ် ။ ဘယ်ရမလဲ ။ မိငယ်ကလဲ အားကျမခံ ကြွေဇလုံကို ဇွတ်ဆွဲလုတယ် ။
" ပေး ... မယူရဘူး ... ၊ ဒီဇလုံ .... ငါယူမှာ"
" ပေးဘူး .... ဒါ .... ငါ့ဇလုံ "
"ဟုတ်ဘူး .... ၊ ဟိုမှာ .... ကိုတရုပ် ဇလုံက ဒန်ဇလုံ "
မိငယ်က ကြွေဇလုံကို မလွှတ်ဘဲ ဆွဲထားရင်း ပန်းကန်စင်ပေါ်ကို မေးငေါ့ပြတယ် ။ စင်ပေါ်မှာ ဒန်ဇလုံရယ် ၊ ချိုင့်တခုရယ် ကျန်နေသေးတယ် ။ စင်တခုလုံးမှာ ဇလုံနှစ်လုံးရယ် ၊ ချိုင့် တခုရယ် ၊ ဇွန်းသုံးချောင်းရယ်ပဲ ရှိတယ် ။ ( တခြား ထမင်းပန်းကန်ပြားတွေနဲ့ ဟင်းပန်းကန်တွေ ကို ထမင်းချက် မစားနိုင်တဲ့နေ့ကစပြီး အမေသိမ်းလိုက်ပြီ ။ ) ဆန်ပြုတ် သောက်ဖို့ထားတာ ။ သုံး ယောက်တွက် ။ အဖေ့အတွက်တော့မပါဘူး ။ အဖေအိမ်ပြန် မလာတာရှစ်ရက် ၊ ဆယ်ရက် လောက်တောင် ရှိနေပြီ ။ ဟင်း မိငယ်ဆိုတဲ့ ကောင်မစုတ်က အလည်လေး ။ လာသေး တယ် ။ ဒန်ဇလုံက ဆန်ပြုတ်ထည့် ကိုင်ရင် တအားကြီးပူတာကို ။ ဘာလို့ ယူရမှာလဲ ။ ကြွေ ဇလုံကမှ မပူတာ ။
" ဖိုးတရုပ် ... ဟေ့ .... ၊ သွားမယ်ဟေး "
အိမ်ရှေ့ကကောင်တွေကို “ လာပြီဟေး ” လို့ပြန်အော်ရင်း ဖိုးတရုပ် မိငယ်လက်ထဲက ကြွေဇလုံကို ဆောင့်ဆွဲယူပစ်လိုက်ပြီး အိမ်ရှေ့ တအားပြေးထွက်ခဲ့တယ် ။ မိငယ် အာခေါင်ခြစ်ပြီး အော်ငိုတဲ့အသံက ဗြဲကနဲထွက်လာတယ် ။
" ဟဲ့ .... ဟဲ့ကောင်လေး .... လာခဲ့စမ်း ၊ နင်တော့ ၊ ဖိုးတရုပ် .... နေအုံး ၊ ညီမလေးကိုပေးလိုက်စမ်း ... ဇလုံကို .... ၊ ဟဲ့ ...ဖိုးတရုပ် ..."
အမေခေါ်တဲ့ အသံက ဖိုးတရုပ်တို့ ဇလုံတီးသံ ၊ ဂျိုင့်ခေါက်သံတွေကြားမှာ ပျောက်သွား တယ် ။ ဖိုးတရုပ်တို့ ၊ ဇလုံတွေ ၊ ချိုင့်တွေတီးရင်း ၊ ခေါက်ရင်း လမ်းထိပ်ကို တအားပြေးကြတယ် ။ ပြေးရင်းလွှားရင်း ဖိုးတရုပ်သူငယ်ချင်း သူ့လိုပဲ နှစ်တန်းကျောင်းသား အမွှေးအမှင်လေးတွေ
ရှည်ရှည်နဲ့ မျက်နှာက ဝက်ဝံလေးနဲ့တူလို့ “ ဘဲယား ” လို့ခေါ်တဲ့ ကျော်မင်းဦးက သူ့ဇလုံကို တဒေါင်ဒေါင်တီးပြီး
" ဆန်ပြုတ် ... ဆန်ပြုတ် ၊ ဆုတ်ပြန် .... ဆုတ်ပြန် " လို့အော်တယ် ။ ဖိုးတရုပ်တို့ ကျန်တဲ့ အကောင်တွေက
" ဆုတ်ပြန် ၊ ဆုတ်ပြန် .... ဆန်ပြုတ် ၊ ဆန် ပြုတ် " လို့ပြန်အော်တယ် ။
" ဆန်ပြုတ် ဆန်ပြုတ် ၊ သောက်လို့ ကောင်းတယ် " လို့ အော်တဲ့ကောင်က အော် တယ် ။
ဘာတွေမှန်းလဲ မသိဘူး ။ အော်ရတာ ပျော်တာပဲ သိတယ် ။ ထမင်းမစားရတဲ့ ဖိုးတရုပ် တို့တတွေ ဆန်ပြုတ်သောက်ရတော့မယ်လေ ။ ဆန်ပြုတ်ပွဲတော်ကြီး နဲ့ တွေ့ရတော့မယ် ။
ဒီပွဲတော်ကြီးကို ဘယ်လူကြီးတွေ စလိုက် တယ်တော့မသိဘူး ။ စ, လိုက်တဲ့ လူကြီးတွေ အရမ်းချစ်ဖို့ကောင်းတာပဲ ။ ဒီဆန်ပြုတ်ပွဲတော်ကြီး ပေါ်လာတာ ဖိုးတရုပ်တို့မောင်နှမ အဖေ နဲ့အမေရင်ခွင်ထဲကိုကြောက်လန့်တကြား တိုးဝင်နားပိတ်ပြီး အိပ်ရတဲ့ညပြီးတဲ့ နောက်လေးငါး
ရက်အကြာမှာပဲ ။ ဖိုးတရုပ်တို့အဖေ အိမ်ကထွက် သွားတာ ဟောဒီဆန်ပြုတ်ပွဲ တော်ကြီးနဲ့ အမျှပဲ ။ ဒါပေမယ့် အဖေ့ကို တခါတလေပဲ သတိရတယ် ။ ပျော်နေရတာကိုး ။ ဖိုးတရုပ်တို့ ကျောင်းပိတ်က တည်းက ဘာပွဲလမ်းမှမရှိတော့ ဒီလို ခလေးတွေ တစုတဝေးစုပြီး မပျော်ရတာ ကြာပြီ ။
" ဟေ့ရောင်တွေ .... ဒီနေ့ ဆန်ပြုတ်နေရာ သုံးခုတောင် ရှိတယ်ကွ"
" ဟေး ... ပျော်တယ်ဟေ့ ...."
ဖိုးတရုပ်တို့ထဲက အလည်ဆုံး ၊ အကြီးဆုံး ကောင် ... " ဘဲယားကျော်မင်းဦး ” သတင်းပေးသံ ကြောင့် အားလုံး ခုန်ပေါက်အော်ဟစ်ကြတယ် ။ ပျော်စရာကြီး ..... ။ တဖြေးဖြေးနဲ့ ဆန်ပြုတ် တိုက်ပွဲတွေများလာပြီ ။ ဟိုလမ်းထောင့် ၊ သည်လမ်း ထောင့် ၊ ဟိုအိမ် ၊ သည်အိမ် ။ သူဌေးတွေ နေ့တိုင်း ၊ နေ့တိုင်း တိုက်နိုင်ပါစေ ။ သည့်ထက်ပို ဌေးပါစေဗျာ ..... ။
" ဟေ့ ..... မြန်မြန်နေရာဦးဟေ့ ၊ လူတွေ အများကြီးကွ "
ဟာ ဟုတ်သားဘဲ ။ ဆန်ပြုတ်တိုက်တဲ့ ဆေးလိပ်ခုံအိမ်ရှေ့မှာ ခွက်တွေ ၊ ပလုံးတွေနဲ့ ခလေးတွေရော ၊ လူကြီးတွေရော အများကြီး ရောက်နေကြတယ် ။ ဆန်ပြုတ်အိုး ..... ၊ မိုးဗြဲဒယ် ကြီးတွေကအငွေ့တလူလူ ၊ အနံ့တွေ တမွှေး မွှေးနဲ့ ။ လူကြီးတွေက မွှေကြ ၊ မြည်းကြတုန်း ။ ဆန်ပြုတ်ကဖြင့် မဝေသေးဘူး ။ လူတွေကတော့ အပြင်မှာကြိတ်ကြိတ်တိုးနေပြီ ။ မိန်းမယောက်ျား တချို့က ဒန်အိုးအလွတ်နဲ့ ၊ ချိုင့်ပလုံး အကြီးကြီးတွေနဲ့ သိပ်လောဘကြီးတာပဲ ။ ဖိုးတရုပ်တို့ ကလေးတွေကတော့ သံဇလုံ ၊ ကြွေဇလုံ ၊ ဒန်ဇလုံလေးတွေကိုယ်စီနဲ့ ။ ချိုင့်ပလုံး အသေးလေးတွေကိုယ်စီနဲ့ ။
သူတို့လူကြီးတွေက လောဘသာကြီးတာ ၊ ရှက်တော့ ရှက်တတ် တယ် ။ ကုပ်ကုပ် ... ကုပ်ကုပ်နဲ့ ၊ သစ်ပင်ကွယ် ၊ ဓါတ်တိုင်ကွယ်လေးတွေနားမှာ မယောင်မလည် ရပ်နေကြတာ ။ ကောင်းတယ် ၊ ဒါမှ တန်းစီခိုင်းရင် ဖိုးတရုပ်တို့ ခလေးတွေ ရှေ့ကအရင်ရောက်မှာ ။
" ဟေ့ ... ဘဲယား ၊ နောက်တခုက ဘယ်နေရာမှာလဲကွ .... ဝေးလား "
" ဝေးဘူးကွ ၊ ဟို အထက်တက်လိုက်ရုံဘဲ ။ ဓမ္မာရုံကွ ။ မနှစ်က ငါတို့ ဘုရားပွဲသွားတဲ့ ဆီ လေကွာ "
"ဒီနှစ်ကျ .... ဘုရားပွဲလဲမဖြစ်ဘူး "
" ဘယ်ဖြစ်မလဲကွ .... "
ဘဲယားနဲ့ ဖိုးတရုပ် စကားပြောနေတုန်း ဆေးလိပ်ခုံထဲက လူကြီးတယောက် ဇွန်း အကြီးကြီးနဲ့ ထွက်လာပြီး
" ကဲ .... ကဲ ..... တန်းစီကြဗျို့ .... တန်းစီကြ ၊ ချိုင့်လေးတွေ ၊ ဇလုံလေးတွေ အဆင်သင့် ပြင်ထားမယ် "
ဆေးလိပ်ခုံရှေ့က ဆန်ပြုတ်စောင့်သူများ လှုပ်လှုပ်ရှားရှား ဝရုန်းသုန်းကားနဲ့ ၊ အလုအ ယက် တန်းဝင်စီကြတယ် ။ ဖိုးတရုပ်တို့ ခလေးတွေက အကဲဆုံးပေါ့ ။ ရှေ့ရောက်ဖို့ အတင်းတိုး ရတာပျော်စရာကောင်းတယ် ။ တအားတိုးတာတောင် ဖိုးတရုပ်တို့အုပ်စု ရှေ့မရောက်ဘူး ။ အလယ်နားပဲ
ရတယ် ။ အရေးထဲ ရှေ့က ကောင်မလေးတယောက်က အားကြီးအဆဲကြမ်းတာ ပဲ ။ လက်ထဲမှာ ဇလုံနှစ်လုံးနဲ့ ။ သူ့ကို နောက်က တွန်းရင် ဇလုံနဲ့ ခုတ်မယ်တဲ့ ။
" ဖိုးတရုပ် .... ဟိုမှာ .... ၊ မင်းအမေနဲ့ မိငယ် လာပြီကွ ၊ ခေါ်လိုက် "
ဘဲယားက ဖိုးတရုပ်ကို လှမ်းပြတယ် ။ မိငယ်က နှုတ်ခမ်းစူစူနဲ့ .... ။ ဒန်ဇလုံလေးကိုင် လို့ ။ အမေကတော့ ချိုင့်ဆင့် တဆင့်နဲ့ ၊ ရှက်ရွံရွံ့ပုံ ။
"အမေ ... အမေ ... ဒီကို .... လာ "
ဒါပေမယ့် အမေနဲ့မိငယ် ... ဖိုးတရုပ်တို့ ကြားထဲဝင်တော့ ဓါတ်ရှင်ရုံကျနေတာပဲ ၊ နောက်က ဝိုင်းအော်ကြတယ် ။
" ဟေ့ ... ဟေ့ ... ကြားဖြတ်မဝင်နဲ့ကွ နောက် မှာသွားတန်းဟေ့ "
ဖိုးတရုပ်တို့ အုပ်စု နောက်ကိုလှည့်ပြီး လက်သီးဆုပ်ပြ ၊ အံကြိတ်ပြကြတယ် ။ အမေက တော့ ရှက်ရွံရွံ့နဲ့ အပြင်ဘက်ထွက်ရပ်ပြီး သူ့လို ရပ်နေတဲ့ မိန်းမတယောက်ကို
" ဆန်တပြည် နှစ်ဆယ်နဲ့ ဘယ်လိုမှ မတတ်နိုင်လွန်းလို့သာ ... ၊ ရှက်စရာကြီး ရှင် ... ခလေးတွေကြားထဲမှာ " တဲ့ ။ ဟိုမိန်းမကြီးက ခေါင်းခပ်ငုံ့ငုံ့နဲ့လက်ထဲကတော့ ချိုင့်ကိုပွတ်သပ်နေရင်း တိုးတိုးလေး " သူတောင်းစားတွေ ကျနေတာပဲ " တဲ့ ။
" ဖြည်းဖြည်းဗျို့... ဖြည်းဖြည်း .... ၊ အားလုံး ရမယ် ။ မပူနဲ .... ဟောဒီမှာ အများကြီးရှိသေးတယ် .... ။ ကဲ ... လာပြီ နောက်တဇွန်း ...."
ဆန်ပြုတ်ထည့်ပေးတဲ့ လူကြီးရဲ့မျက်နှာမှာ ချွေးတွေကို သီးနေတာပဲ ။ ဒါပေမယ့် သူက တဟားဟားနဲ့ ပျော်နေတယ် ။ ဆေးလိပ်ခုံဘေး တိုက်ပေါ်ကနေကြည့်နေတဲ့ ဆန်ပြုတ်ပိုင်ရှင် အဒေါ်ကြီးတွေရဲ့ မျက်နှာကလဲ ပြုံးပြုံး ၊ ပြုံးပြုံးနဲ့ ။ ဖိုးတရုပ် ငေးကြည့်နေမိတယ် ။ သူတို့ရော
ဒီဆန်ပြုတ်တွေ သောက်သလားမသိဘူးနော် ။
" ဟေ့ကောင် ဖိုးတရုပ် ငေးမနေနဲ့ ၊ မြန် မြန်ခံ "
ဖိုးတရုပ်နောက်က ဘိုဖြူဆိုတဲ့ကောင်က ဇလုံနဲ့တွန်းထိုးပြီး သတိပေးတယ် ။ ဟုတ်သားပဲ ..... ။ ဖိုးတရုပ်ရှေ့ကဘဲယား ။ ဘဲယားပြီးတော့ ဖိုးတရုပ် ။
ဖိုးတရုပ်တို့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ် ဇလုံလေးတွေကိုယ်စီနဲ့ ပလက်ဖောင်းဘေး မန်းကျည်းပင်ရိပ်အောက်မှာ တဖူးဖူးမှုတ်ပြီး ဇလုံစောင်း မော့သောက် လိုက်ကျတယ် ။ လျှာပူပူ အာပူပူနဲ့ ဆန်ပြုတ်ကလဲ ချိုမှ ချိုပဲ ။
" မြန်မြန်သောက်ဟေ့ ၊ တော်ကြာ ဓမ္မာရုံ မမီပဲနေမယ် "
" အေးဟေ့ .... သောက်ကြဟေ့ "
တယောက်နဲ့တယောက် လောဆော်ပြီး သောက်ပြီးတာနဲ့ ဓမ္မာရုံဆီ ဇလုံလေးတွေကိုင်ပြီး ပြေးကြတယ် ။ အိုး ဓမ္မာရုံမှာလဲ နည်းတဲ့ လူတွေမှုတ်ဘူး ။ ဓမ္မာရုံက ရပ်ကွက်လူကြီးတွေ ပိုက်ဆံစုပြီး တိုက်တာတဲ့ ။ ဘောကြီးမှာ အလှူရှင်စာရင်းတွေ ရေးထားတယ် ။ တန်းစီ ရွေ့ရှားရာနောက် တဖြေးဖြေးလိုက်ရင်း စာဖတ်တတ်ခါ စ ဖိုးတရုပ် .... ဘောကြီးပေါ်ကစာတွေကို ဖတ်တယ် ။ ဦးအောင်ခင် - ဒေါ်မြမြ .... ငါးကျပ် ။ ဒေါ်ခင်ခင်တင့် သုံးကျပ် ။ ဖိုးတရုပ်လိုပဲ နှစ်တန်းကျောင်းသားတွေဖြစ်တဲ့ ဘဲယားတို့ ၊ ဘိုဖြူတို့ လဲ လိုက်ဖတ်ကြတယ် ။
" ဟေ့ရောင် ... ဟိုအောက်က စာလုံးကြီး နဲ့ရေးထားတာ ဖတ်ရအောင် ... ဘာတဲ့ကွ "
" သုံးရက်နှင့် အပြတ်ထိုင်မည် "
" ဟားဟားဟား ၊ စာလဲမဖတ်တတ်ပဲ နဲ့ဟေ့ "
ဘဲယားဖတ်တာမှားတော့ ဖိုးတရုပ်တို့ ၊ ဘိုဖြူတို့နဲ့ တခြားကောင်တွေက ဝိုင်းပြောင်ကြတယ် ။ ဘဲယားက မျက် မှောင်ကြုတ်ပြီး
" ဘာမှားလို့လဲကွ .... ကဲ "
" မှားတာပေါ့ကွ ၊ မင်းက ကျောင်းမ လိုက်ရတာနဲ့ စာတွေ မေ့သွားပလား "
" ငါဖတ်ပြမယ် ... ကြည့် ၊ သုံးရက်နှင့် အပြတ်တိုက်မည် ၊ ပြစ်ရဲရင် ပြစ် ကြည့် ၊ ရေရော ပစ်လိုက်မည် ၊ ပုံ ဆန်ပြုတ် တဲ့ "
" ဟားဟားဟား ၊ ရီရတယ်ဟေ့ " ဖိုးတရုပ်တို့အုပ်စု စာဖတ်ပြီးတအားသဘောကျ ဝိုင်းရီကြတယ် ။
“ ဘဲယား ... နောက်တနေရာ သွားဦးမှာ လားကွ .... ဘယ်နားမှာလဲ ”
ဓမ္မာရုံက ဆန်ပြုတ်တဇလုံစီကို မော့ သောက်ကြပြီး ... ရှေ့ဆက်ဖို့ တာစူကြတော့ ၊ ဘဲယားက လက်ဟန်ခြေဟန်နဲ့
" နီးနီးလေးပဲ ။ လာ ငါသိတယ် ၊ နေ့လည်က ငါ့လေးလေးနဲ့ လိုက်သွားရင်း အိုးကြီးတွေတည်နေတာ ငါမြင်ခဲ့တယ် "
ဘဲယားခေါင်းဆောင်တဲ့နောက်ကို ဖိုးတရုပ်တို့အုပ်စု ပြေးရူးပြေးရူးနဲ့ လိုက်ကြတယ် ။ ဗိုက်ချောင်အောင်ဆိုပြီး ခုန်ပေါက်ကြရင်း ဇလုံတွေ ၊ ဂျိုင့်တွေကို တီးလိုက်ကြသေးတယ် ။ ဆန်ပြုတ်က ဗိုက်ပြည့်လွယ်သလို ၊ ချောင်လွယ် သလားလဲမမေးနဲ့ ။ ခဏလေးဆို ပြန်ပြန်ဆာ တယ် ။ ညနေမှာဘယ်လောက် သောက်သွား သွား ၊ ညကျရင် ဗိုက်က ပြန်ဆာလာတာပဲ ။ ထမင်းလိုလဲ မဟုတ်ဖူး ။
" ဟေ့ ဟိုတိုက်ကြီးမှာ မြင်လား ၊ မကုန်သေးဘူး ... ။ လာ တန်းဝင်စီမယ် "
ဖိုးတရုပ်တို့တတွေ ချွေးသံတရွှဲရွှဲနဲ့ အမောတကော တန်းဝင်စီလိုက်ကြတယ် ။ ဟာ အိုးကြီးတွေကတော့ အများကြီးပဲ ။ တော်တော် ဌေးတဲ့အိမ်နဲ့ တူတယ် ။ အသားဖတ်တွေလဲ ဆန်ပြုတ်ထဲမှာ အများကြီးမြင်ရတယ် ။ ဒီဇလုံကိုတော့ အိမ်ထိ သယ်သွားပြီး ည ဆာမှသောက် ရင်ကောင်းမယ် ။
ဆန်ပြုတ်အိုးကြီးတွေထဲကို ဖိုးတရုပ် အာသာငန်းငန်းနဲ့ ကြည့်နေတုန်း ဘိုဖြူက လက်လာတို့တယ် ။
" ဖိုးတရုပ် . ဟိုမယ် ငါတို့အတန်းထဲက ကောင်မလေး "
ဖိုးတရုပ်နဲ့ဘဲယား ကြည့်လိုက်တော့ သူ တို့အတန်းထဲမှာ မကြာခဏ ရန်ဖြစ်ကြတဲ့ ကောင်မလေးက ဆန်ပြုတ်တန်းစီတိုးသူများရဲ့ ဆန်ပြုတ်ပွဲတော်ကြီးကို ဘေးကနေလာရောက် ကြည့်တဲ့ ပွဲတော်ကြည့်ပရိသတ်ထဲမှာ ။ သူ့ အဖေလား ။ လေးလေးလားရဲ့ ဆိုင်ကယ်နောက်မှာ အိုက်စကရင် တပျပ်ပျပ်စားရင်းထိုင်လို့ ။ ဖိုးတရုပ်တို့ကို မချိုမချဉ်ကြည့်လို့ ။ ဒါ တင်မကသေးဘူး သူက လက်ညှိုးလေးကို ကွေး လို့ ကရော်ကရော်လုပ်ရင်း ဖိုးတရုပ်ဆီကို
" ဟေ့ ဟေ့ ရှက်ပါတယ် ၊ သူတောင်းစား တွေကျနေတာပဲ ရှက်ပါတယ် "
အောင်မာ ဘုတ်အီးမကကွာ ဟင်း ။ ဖိုးတရုပ်တို့ ရှက်သွားတယ် ။ ရှက်ဒေါသ ဖြစ်ဖြစ် နဲ့ လူကြီးမမြင်အောင် ဘုတ်အီးမကို ဘဲယားက လက်သီးဆုပ်ပြရင်း ရှေ့ကို တရွေ့ရွေ့တိုးနေရတုန်း အမေ့ဘေးက ဟိုမိန်းမပြောတဲ့ သူတောင်းစားတွေကျနေတာပဲ စကားကို သတိရတဲ့ ဖိုးတရုပ်က စိတ်တင်းသံလေးနဲ့ သူငယ်ချင်းတွေကို မလုံမလဲ
" ငါတို့မှ ဆုတောင်းစားတွေမှ မဟုတ်တာ နော့ကွာ "
" အေးလေ ငါတို့မှ မဟုတ်တာ . . အလကား "
ဘဲယားက ရှေ့ကိုဖိတိုးတယ် ။ ဖိုးတရုပ်တို့လည်း နောက်ကလိုက်တိုးတယ် ။ ဟော အလှည့်ရောက်ပြီ ။ ဖိုးတရုပ်တို့ ဇလုံလေးတွေ ထိုးခံ လိုက်ကြတယ် ။ ကရော် ကရော် ရှက်ပါတယ် ဟေ့ ။ ဘုတ်အီးမဘက်ကို ဘယ်သူမှ လှည့်မ ကြည့်ကြဘူး ။ ဟေ ဟေ့ ရှက်ပါတယ် ။ ဖိုးတရုပ် တို့ရှေ့မှာ ဆန်ပြုတ်အိုးကြီးက အနံ့တွေ တထောင်းထောင်း ။
◾ နုနုရည် ( အင်းဝ )
📖 သာရမဂ္ဂဇင်း ။ ၁၉၈၈ ဒီဇင်ဘာ
၁၉၈၈ ခုနှစ် ၊ စက်တင်ဘာ အာဏာသိမ်းပြီးခါစ ... ဗမာတပြည်လုံး မြို့ရွာအနှံ့မှာ မြင်နိုင်တဲ့ မြင်ကွင်း
လေးတခုကို ခံစားရေးဖွဲ့ပါတယ် ။
koaungnaingoo.blogspot.com
.
No comments:
Post a Comment