❝ ဂျာလင်း တစ္ဆေ ❞
၁ ။
အဲဒီတုန်းက ရွာထဲမှာ ခုလို ဆိုင်ကယ်တွေ မပေါသေးဘူး ။
ဟုတ်တယ် ၊ သေချာတယ် ။ ကံကြီးစုဘက် မှာ တစ်စီးစ နှစ်စီးစ ၊ ကြီးကန်ဘက် မှာ နှစ်စီးစ သုံးစီးစ ၊ အဲသလောက်ပဲရယ် ။
ဒါပဲ ။ ဖိုးချွေတို့ရွာဘက် မှာ အဲဒီအချိန်က ဆိုင်ကယ်ဆိုတာ ပေတစ်ရာထွက် မှ မြင်ရတာ စက်ဘီးတွေကတော့ တစ်အိမ် တစ်စီးကနေ သုံးလေးစီးထိ ရှိနေပြီ ။
°°°°° °°°°°° °°°°°°°
၂ ။
ရွာမှာ ဆိုင်ကယ် ဆိုတာကို ကနဦးဆုံး ရင်းနှီးခွင့်ရတာက တိမွေးကု ဆရာဝန် စီးစီးလာတဲ့ ဘီအက်စ်အေ ဆိုတာကြီး ။ နွား နေမကောင်း ၊ ဝက် မကျန်းမာမှ ရောက်ရောက်လာတာ ။ ဘုရားစူးရစေ့ ဆိုင်ကယ်ပေါ့ ။ လာပဟေ့ဆိုရင် တစ်တိုင်သာသာ အဝေးကတည်းက ဆိုင်ကယ် မရောက်ခင် အသံက ရွာထဲ အရင်ရောက်လာ တာ ။ အသံထက် မြန်တဲ့ ဆိုင်ကယ်ပေါ့ ။ ရွာထဲ ဝင်လာရင်တော့ အလိပ်လိုက် မီးခိုးဟာ အတော်ဆိုးတယ် ။ ကြည့်နေရတာပဲ ။ ဘာတတ်နိုင်မတုံး ၊ ဖုံးဖုံးအုံးအုံးပဲ ။
နွားကု ၊ ဝက်ကုပြီးပဟေ့ဆိုရင်တော့ တွန်းပေရော့ တစ်ယောက် တစ်လှည့် ။ လူ ၄ ၊ ၅ ယောက် တစ်မောစီတွန်းမှ ဖုတ်လှိုက် ဖုတ်လှိုက် အမောဆို့မှ နွားဆရာ ၊ ကျွဲဆရာ ၊ ဝက်ဆရာ ဆိုင်ကယ်က ဖွတ်တွတ်ဖွတ်တွတ်ကနေ ဘောင်းလောင်းဘုန်းေဘာင်း နိုးတာ ။ တစ်ခါတလေ ရှ ရှလွတ် ချက်ချက်ဆို သန်းဝေပြီးမှ ပြန်အိပ်ချင်အိပ်တယ် တွန်းဟ တွန်းကြပေါ့ ။ စိတ်ကောင်းဝင်ရင်လည်း နှစ်ယောက် တွန်းလောက်နဲ့ ဘုန်းဒိုင်းဆို သေနတ်ပြောင်းက ကျည်ဆန်လို ဝှီ ခေါ်အောင် ပြေးတတ်သေးတာ ။
ဘကြီးမိုးကတော့ အစိုးမရတဲ့အထဲမှာ မိုးနဲ့ နွားသိုးအပြင် ထပ်ဖြည့်ချင်တာက နွားဆရာဝန်ဆိုင်ကယ် ၊ ရွာထိပ်ကုန်း ကမူပေါ် ရပ်နေတဲ့ စက် မှုလယ်ယာက ကြွက်နီဇွဲထွန်စက် ၊ မြို့မရဲစခန်းက ကိုဆောင်း ရိုင်ဖယ်သေနတ် တဲ့ ။ ရွာသမိုင်းမှတ်တမ်းမှာ စံချိန်တင် စိုးရိမ်ရေမှတ်တွေပေါ့ ။
ကိုဆောင်း ရိုင်ဖယ်သေနတ်ကလည်း ရာဇဝင်နဲ့ ။
ရွာဦး ဘုန်းကြီးဦးသောမ ပျံတော်မူတော့ ၅ ချက်ဖောက်တာ တစ်ချက် မှ အသံမထွက်ဘူး ။ ဘာတတ်နိုင်မတုံး ။ သူ့ခေတ် သူ့အခါ ကြည့်လို့သာနေကြရတယ်ပေါ့ ။ ရွာက ကလေးတွေက ရဲတွေလာပြီဆို ခြောက်လို့ကို မရတော့ဘူး ။ အဲသည်ကတည်းက မကြောက်ကြတော့တာ ။
စိတ်တိုနေတဲ့ သူကြီးက ' ပေးစမ်း ငဆောင်းရာ သလောက်ရှိဒါ ' ဆိုပြီး စိတ် တိုတိုနဲ့ ဒင် မန်ကျည်းပင် ဖင်နဲ့ ဆောင့်မှ ဖွတ်ရှူးဆို တစ်ချက် မြည်သံထွက် ဆိုပဲ ။ ကိုကြွက် ထွန်စက်ကတော့ ဘယ် ယာတောက ပြန်လာလာ ရွာထိပ်ပြာကုန်းပေါ် တက်ရပ်ရတာ ။ နှိုးခါနီးရင် “ ကလေးတွေ လာဟေ့ ” ဆို အချက်ပြလိုက်တာနဲ့ ဝိုင်းတွန်းချလိုက်တာပဲ ။ ဂလုံး ဂလုံး ဒုံးဒုံးဆို ထွန်စက်က အသံဆိုးကြီးနဲ့ နိုးတာ ။
တွန်းတဲ့ကောင်တွေတက် ဆိုပြီး ရွာတစ်ပတ် ပတ်ရော ။ ကားတွန်းခပေါ့ ။ တွန်းသူက ပေါသလားမမေးနဲ့ ။ သူ့ရက်နဲ့သူ အလှည့်ချကို ယူရတယ် ။ ဘယ်ခုနှစ် ၊ ဘယ်ရက် ၊ ဘယ်ကာလတုန်းလို့တော့ ရွာသွားမမေးနဲ့ ။ သတ်သတ်မှတ်မှတ် ဖြေမတတ်ဘူး ။ ဟိုးရှေးရှေးတုန်းက ၊ ဘယ်သူကြီး လက်ထက်ကနဲ့ နီးရာ တွဲမှတ်တတ်တယ် ။ ကျောင်းဖွင့်လို့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားအသက် မေးရင် ခုနှစ် လောက်ပဲ မှန်မယ် ။ လ ၊ ရက်ကတော့ ကိုစိန်မောင်ကြီး ဆုံးသွားတဲ့လတို့ ၊ ကိုသာခင်နွား စာဥကြီး အိမ်သာကျင်းထဲ ကျတဲ့ လတို့ ၊ အုံးခင်လင်မယား ရန်ဖြစ်လို့ စဉ့်အိုးကြီးကွဲတဲ့နေ့တို့ ။ ဆရာမကြီးကလည်း အထာသိပြီးသား ။ “ ပြန်မေးချေ ၊ ဒီအိမ်တွေကို ” ဆို လွှတ်လိုက်တာ ။
အဆင်ပြေတယ် ။ အဲဒီ အိမ်တွေက ထူးခြားဖြစ်စဉ်ဆို အိမ်ခါးပန်းထုပ်တန်းမှာ မီးသွေးခဲနဲ့ ရေးထားတာ ။ ဒါ ရွာ ပြက္ခဒိန်ပဲ ။ ဆိုတော့ကာ သလောက် မှတ်ဉာဏ်နည်းကြတာ သညာကို မရှိဘူး အပြစ်မတင်လေနဲ့ ။ သူ့နည်းသူ့ဟန် တန်းလို့ ။ ဘုန်းကြီး ဦးသောမ ပျံတော်မူတဲ့ နှစ် ၊ သူကြီးအိမ်က ရာဝင်အိုးကြီးကွဲတဲ့ နှစ် ၊ ထန်းညီနောင် မိုးကြိုးပစ်တဲ့ နှစ် ၊ ရေတွင်းကြီး ရေတွေခန်းတဲ့ နှစ် ၊ လေနီကြမ်းလို့ မပု မန်ကျည်းပင်ကြီး လဲတဲ့ နှစ် ရွာပြက္ခဒိန်တွေ နည်းတာ မဟုတ်ဘူး ။
အတော်စုံတယ် ။
အဲသည်လိုပြောရင် ရွာလူချင်း အထာပေါက်တယ် ။
ဪ ... အေး ၊ အင်း ၊ ဟုတ်ပါ့ ကွာ ဖြစ်ကုန်ရော ။
အဲဒီ ထူးခြားဖြစ်စဉ်တွေရဲ့ နောက် မှာ လူပုဂ္ဂိုလ်တွေ တွဲပါနေတတ်တာ ။ ဆိုတော့ ဂျာလင်းတစ္ဆေ ဆိုတာ အဲဒီထဲက အဖြစ်တစ်ခုပေါ့ ။
°°°°°° °°°°°° °°°°°°
၃ ။
ဆိုတော့ ရွာထဲကနေ ကားလမ်းထိ လမ်းဖောက်ခဲ့တဲ့နှစ်မှာ သူကြီး ကိုဘိုစိန် ေသတယ် ။ အဲဒီလမ်းမှာ မှတ်တမ်းမှတ်ရာ ဘယ်နှစ် ၊ ဘယ်လ ၊ ဘယ်သူ ဖောက်တယ် ဘာမှ မရှိဘူး ။ လမ်းဘယ်နှခုနှစ်က ဖောက်တာတုံး မေးကြည့် ဘိုစိန် သေတဲ့နှစ် ။ ဒါပဲ ။ ဘယ်နှစ်သေတာတုံး သိချင် ကျန်တဲ့ မိသားစုသွားမေး ။ ရက် ၊ လ ၊ နေ့နဲ့အတိအကျပြောနိုင်တယ် ။ အဖြေက အဲဒီမှာ ။
ဘုန်းကြီးကျောင်းထဲ ဇာတ်ခုံကြီး ဆောက်တဲ့နှစ်က ဂေါပကလူကြီး ကိုမြိုင်ကြီး သေတယ် ။ ဇာတ်ခုံဆောက်တာ ဘယ်ခုနှစ် ၊ မြိုင်ကြီး သေတဲ့နှစ်ပဲ ။ အတိအကျသိချင် ကျန်ရစ်သူမိသားစုမေး ။ အဖြေက အဲဒီမှာ ။
စုပေါင်းမှတ်တမ်း မှတ်ရာကတော့ သူကြီးအဆက်ဆက် ဘာအမွေမှ မလွှဲဘူး ၊ မအပ်ဘူး ။ တစ်ရွာလုံးလည်း မှတ်ရကောင်း စေ့ မအောက် မေ့ဘူး ။ ကိုယ့်တစ်ကိုယ်စာ စာရင်းပဲ ခပ်ရှင်းရှင်းမှတ်တယ် ။ ဆိုတော့ ... ဖိုးချွေတို့ ဆိတ်မြ ကန်ရွာမှာ ကနဦး ဆိုင်ကယ် စ , စီးတာ တိုးမောင် ။ ဒီလိုပဲ ဘယ်နေ့ ၊ ဘယ်ရက် ၊ဘယ်လက တိုးမောင် ဆိုင်ကယ် ဝယ်တုံး မေးရင်တော့ ထုံးစံအတိုင်း ... ။
ရွှေချောင်း ချောင်းကြီး ရေတွေကြီး ၊ လူတွေသေတဲ့နှစ် ။ ဒါမှမဟုတ် တံတားကြီး ကျိုးတဲ့နှစ် ၊ တစ်ခုမဟုတ် တစ်ခုပေါ့ ။ ဆိတ်မြကန်မှာ ကနဦး ဆိုင်ကယ်ဝယ်တာက တိုးမောင် ။ ဒါတော့ သေချာတယ် ။ နှစ် က တံတားကြီးကျိုးတဲ့ နှစ် ။ ဆိုင်ကယ် ဆိုတဲ့ စက်နဲ့အကောင်ကို ရွာမှာ တိုးမောင် စ , ဝယ်တာ ။
ဒါ ရွာသမိုင်းမှာ မှတ်တမ်းဝင် ကိစ္စ ။
°°°°°° °°°°°° °°°°°°
၄ ။
ရှေးပဝေသဏီ အဆက်ဆက်ကတည်းက ဖိုးချွေတို့ ဆိတ်မြကန်ရွာမှာ ရွာရန်ပုံငွေဆိုတာ ရှိတယ် ။ ဘုန်းကြီးကျောင်းက ကျောက်စီအရုပ်တွေနဲ့ ကန့်လန့်ကာရှေးဟောင်းပစ္စည်းကြီးကို ရောင်းတာ ငွေ ၃ဝဝဝ ရတယ် ။ ငွေသုံးထောင်ဆို မရယ်ေလနဲ့ ။ ရွာလေသံနဲ့ ဘယ်ခေတ်ကတုံး မေးရင် ရွှေတစ်ကျပ်သား ၃ဝဝ ခေတ်က ။ ငွေ ၁ဝဝ ၊ ငါးမူးတိုးနဲ့ ရွာကို ပြန်ချေး ၊ အတိုးက အရင်းဖြစ် ၊ ပြန်ချေး အတိုးက အရင်းဖြစ်နဲ့ မ.ဆ.လ ခေတ်နှောင်းမှာ ဘုန်းကြီးကျောင်း အသစ်ရွာမှာ အဖတ်တင်ကျန်ရစ်တယ် ။
တိုးမောင်က ဦးသိန်းစိန် အရပ်သား အစိုးရမှ သူကြီးဖြစ်တာ ။ ရွာမွေး ရွာကြီး ရွာသားစစ်စစ်တော့မဟုတ်ဘူး ။ ဘေးရွာက ။ ဆိတ်မြကန်သူနဲ့ အကြောင်းဆက် ပေါင်းဖက် ရွာတက်နေတာ ။ အထက်အညာကို ကုန်ရောင်း ကုန်ဝယ်သွားရင်း မယားငယ်ရှာ ၊ အိမ်ထောင် ဆက်ပြီး ဆိတ်မြကန်က ဆယ့်လေးငါးမိုးလောက် လွင့်ပြီး ပျောက်သွားသေးတာ ။ တော်တော်ကြာမှ မယားငယ်လက်ဆွဲ ရွာပြန်ကပ်တယ် ။
နှစ်ယောက်ပေါင်းတာ ။
ဝက် မွေး ၊ ကြက် မွေး ၊ ဝက်စာစု ၊ စက်ဘီးအစုတ်ကလေးနဲ့ တောအရက်တစ်ပိုင်း ၊ မဝ , ရင် ကပ်သောက် တောင်းသောက်နဲ့ ယောင်ချာချာ ဂေါပကအဖွဲ့မှာ ပါရတယ် ။ မိုက်ကလေးကိုင် ၊ အဟောအပြာလေးကကောင်းနဲ့ ဂေါပကအသင်းမှာ ၂ နှစ် အတွင်း ဥက္ကဋ္ဌနေရာကို ပြိုင်ဘက်ကင်းကင်း ရတာ ။ ဘုရားကြီးက ရတဲ့ငွေဟာ တိုးမောင်တို့ သဒ္ဓါမှ ရွာက မြင်ရတယ် ။ ဒါနဲ့ မရပ်သေးဘူး ။ တိုးမောင်က သူ ကြီးရာထူးအထိ တက်လှမ်းပြီး ရွာကို အပိုင် ခွစီးထားတာ ။
စပါးကြီးမြွေလို တစ်ရစ်ချင်း မျိုတယ် ။
ဓမ္မာရုံ ၊ စာသင်ကျောင်း ၊ကျန်းမာရေး ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ ငွေတစ်ရာ ၅ ကျပ် အတိုးသတ်မှတ်ပြီး ဖွံ့ဖြိုးရေးဆို ချေးဟယ် ငှားဟယ် လုပ်တယ် ။ မ,တည် ရန်ပုံငွေကို ကော်မတီအဖွဲ့က ဝိုင်းထည့် ။ ရွာကို တစ်ကျပ် ၊ ငွေထည့်သူက ၄ ကျပ် မဆီမလျော် အတိုးသတ်မှတ်ပြီး ၃ နှစ်ခရီးကို တိုးမောင် စပြီး ခြေလှမ်းလိုက်တာ ... ။
အဲဒီလို ဇာတ်လမ်းက စ , တယ် ။
တိုးမောင် ဆိုင်ကယ် စ , ဝယ်တဲ့နှစ်က ရွှေချောင်းတံတားကြီး ကျိုးတဲ့နှစ် ။
တိုးမောင် သူကြီးဖြစ်တဲ့နှစ် ဘယ်နှစ် ၊ ဦးသိန်းစိန် အစိုးရတက်တဲ့နှစ် ၊ ရွာရပ်ပြက္ခဒိန်မှာ မှတ်တမ်းမှတ်ရာတွေက အဲသလို ဂေဇက်ဝင်သွားတယ် ။
°°°°°°° °°°° °°°°°°°
၅ ။
ဆိုတော့ကာ စပါးကြီးမြွေလို တဖြည်းဖြည်း မျိုလာရင်း ရွာလူတွေ ဖွတ်ကျောပြာစုတော့မှ အမျိုးမရှောင် တိုးမောင်ရန်ကို ခုခံတွန်းလှန်ရကောင်းမှန်း သိလာတယ် ။ ရွာပြက္ခဒိန်မှာမှတ်တမ်းတစ်ခု ထပ်တိုးတယ် ။ တိုးမောင် သူကြီးပြုတ်တဲ့နှစ် - ဦးထင်ကျော် အစိုးရတက်တဲ့နှစ် ။
ဒါပဲ ။ နောက် တစ်ဆယ် ၊ ဆယ့်ငါးနှစ်ကြာရင် မေးကြည့် ။
ရွာလူတွေက အဲလိုပဲ ဖြေကြည့်လိမ့်မယ် ။
နောက်တက်တဲ့ အဖွဲ့က တိုးမောင်ကို ခုံဖွဲ့ စစ်တယ် ။ ဘာအသုံးစရိတ် မှတ်တမ်းမှတ်ရာ ၊ ဘာ ဘောက်ချာမှ မရှိဘူး ။ စာရွက် တစ်ရွက် မှာ ရေကန်ပြင် ဘယ်ရွေ့ ၊ မီးကင်းတဲ ဆောက် ဘယ်မျှ ၊ လမ်းဖောက် ဘယ်လောက် ၊ မီးသတ်စက်ဝယ် ဘယ်နှသိန်းနဲ့ ၃ နှစ် ၊ ၃ မိုးစာ ရန်ပုံငွေလုပ်ငန်းဟာ ငွေ ၁ဝ ၊ ၉ သိန်းလောက် ကျန်ကောင်းသမို့ ကျန်တယ် ။ မကျေမနပ် ၊ မြို့ မ.ရ.က ရုံးတက် ၊ အမတ်တွေတိုင် ၊ အလုပ်တွေ လှိုင်နေပေမဲ့ ... ။
°°°°°° °°°°°° °°°°°°
၆ ။
တိုးမောင် ကတော့ မျက်နှာပြောင်နေတုန်းပဲ ။
၃ နှစ်အတွင်း အပင်းလျှိုခဲ့သမျှ ငုံ့ဝင်ရတဲ့ တဲကနေ တိုက်ဖြစ်တယ် ။ တိုးမောင် စာရင်းရှင်းတမ်း ကျန်ငွေက သူတို့အဖွဲ့ သောက်တဲ့ တစ်နှစ်စာ ဘီယာဖိုးတောင် မရှိဘူးလို့ သောက်နေကျ ၊ ဝိုင်းဖွဲ့နေကျဆိုင်က အတွင်း သတင်းပေးလာတော့ တစ်ရွာလုံး ဆွေ့ဆွေ့ခုန် ကရော ။ တိုင်တယ် ၊ တောတယ် ၊ စောင့်တယ် ၊ ကြည့်တယ် ။
တစ်လ ၊ နှစ်လ ၊ သုံးလ မျှော်လာတယ် ။ မျှော်တယ် ။
ရွာက ၊ ရွာက ဆိုင်ရာကို ... ။ ဒီလိုနဲ့ ... ။
°°°°°° °°°°°° °°°°°°
၇ ။
ရွာရပ် ပြက္ခဒိန်မှာ နေ့စွဲတွေ တော်တော်တိုးလာတယ် ။ တိုးမောင် သူကြီးဖြစ်တဲ့နှစ် ၊ ဦးသိန်းစိန် အစိုးရတက်တဲ့နှစ် ။ ရွာဘုရားထီးတင်တဲ့နှစ် ၊ တိုးမောင် ဂေါပကလူကြီး မယား ၂ ယောက် နဲ့ ဘုရားလှည့်တဲ့နှစ် ။ တိုးမောင် သူကြီးပြုတ်တဲ့နှစ် ၊ ဦးထင်ကျော် အစိုးရ ဖြစ်တဲ့နှစ် ။ တိုးမောင် ရန်ပုံငွေတွေ ဖြောင်တဲ့နှစ် ၊ ရွာဘုရားပွဲ ချောက် ဇာတ်ထည့်တဲ့နှစ် ။
တိုးမောင် ရွာကို ငွေ ၁၀ သိန်းနဲ့ ဆိုင်ကယ်အစုတ်အပ်တဲ့နှစ် ၊ ဘေးရွာကို VIP လာတဲ့နှစ် ။ ဖွတ် ကိုလည်း သိတယ် ၊ တောင်ပို့လည်း မြင်တယ် ၊ ဖွတ်က ပြန်ဝင်ဖို့ ချောင်းလို့ကောင်းတုန်း ။
ရွှေ ချောင်းတံတား ကျိုးတဲ့နှစ် ၊ တိုးမောင် ဂျာလင်းဆိုင်ကယ်ဝယ်တဲ့နှစ် ။ တိုးမောင် ဆိုင်ကယ်အစုတ် အပ်တဲ့နှစ် ၊ ပုဂံဘုရားတွေ ပြိုတဲ့နှစ် .. ။
၅ သိန်း အဖိုးဖြတ် ရွာပြန်အပ်တဲ့ ဂျာလင်းဆိုင်ကယ်ဟာ ရွာသမိုင်း ပြက္ခဒိန်မှာ အထင်အရှားရှိဆဲ ။ ရွာလူတွေ က ဂျာလင်းတစ္ဆေ ခြောက်တဲ့ဒဏ် တော်တော်ကြီး ခံနေရတာတောင် တိုးမောင်ကတော့ …… ။
၂၀၂၀ သူကြီးရွေးပွဲကို အိပ်မ က် မ က် လို့ ကောင်းတုန်း ။ ကြိတ်မနိုင် ခဲမရ ပြောသံကြားရတာက “ နည်းနည်းစောလို့ ၊ မဟုတ်ရင် ကားစီးရတာပေါ့ကွာ ” တဲ့ ။
◾ အောင်ဖြိုးကျော် ( ပခုက္ကူ )
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ၃၅၂ ၊ မတ် ၂၀၁၉
koaungnaingoo.blogspot.com
.
No comments:
Post a Comment