❝ တစ္ဆေမ ❞
ဘဦးသည် မိမိ၏ ဇနီးသည်ဖြစ်သူ မလှစိန်နှင့် ကွဲ၍လာပြီးတည်းက အကြီးအကျယ် မကျန်းမမာဖြစ်ရာ သုံးလကျော်ကျော် ကြာခဲ့လေ၏ ။ များစွာသော ဆရာတို့ လက်လျှော့သဖြင့် ရန်ကုန်ဆေးရုံကြီးကိုတက်၍ ကုသခြင်းခံခဲ့ပြီးမှ ဆရာဝန် ၊ ဆရာမတို့၏ ကျေးဇူးကြောင့် ကျန်းမာချမ်းသာ၍ ၊ ဆေးရုံမှ ဆင်းခဲ့သည်မှာ တနင်္ဂနွေ တစ်ပတ်မျှ ကြာခဲ့လေ၏ ။ ဇနီးဖြစ်သူအပေါ်၌ အထင်လွဲ၍ ကွဲခဲ့ခြင်းဖြစ်ရာ ၎င်း၏ထံမှ လည်းကောင်း ၊ ၎င်းမိဘများထံမှ လည်းကောင်း စာတစ်စောင်မှ မရ ၊ စိတ်နာ၍ မပေးဘဲနေကြတာပဲဟု ဘဦး ၏စိတ်၌ အယူရှိလေ၏ ။ စွန့်ခွာ၍ မလာမီကလည်း အထင်လွဲခြင်းကြောင့် မယားသည်လှစိန်ကို အနာတရ ရိုက်နှက်ခဲ့လေ၏ ။ သို့ခွဲ၍လာပြီး တနင်္ဂနွေ တစ်ပတ်မျှ ကြာသောအခါ ကြို့ပင်ကောက် မြို့ ရောက်လာသော မိမိ၏ အသိများက စိတ်ချယုံကြည်လောက်အောင် ပြောကြသဖြင့် လှစိန်မှာ လုံးလုံးကြီး အပြစ်မရှိ ။ မိမိက မူးယစ်မိုက် မှားပြီး မတရား တလွဲထင်၍ နှိပ်စက်ရိုက်နှက် ထွက်လာခဲ့မိသည့် အကြောင်းကို သိရလေ၏ ။
သို့ဖြစ်လေရာ မိမိ၏အပြစ်ကြောင့် လှစိန်ထံသို့ မပြန်ရဲ ။ လှစိန်၏ မိဘများကလည်း မိမိအပေါ်၌ စိတ်နှာမှာပဲဟုအောက် မေ့ကာ မပြန်ဘဲနေခိုက် မှာ မယားစိတ်နှင့် ရတက်ဖြာ၍ နေရာတွင် မကျန်းမမာ ဖြစ်ခဲ့လေ၏ ။ ယခုမှာကား မိုးရိပ်မိုးရောင်ကလေးများ မှိုင်းညိုကာသမ်း ၊ တိမ်ရက်ပန်းကြွသော လရာသီ ဖြစ်သဖြင့် တစ်ကြောင်း ၊ နာလန်ထခါစ ဖြစ်သဖြင့် တစ်ကြောင်း ၊ ကွဲကွာနေသည်မှာ အတော်ကြာသောကြောင့် လည်းကောင်း ၊ မိုးတိမ်တို့ကို ရှုမျှော်ရင်း လှစိန်၏ မျက်နှာကလေးကို အခါတစ်ပါးနှင့်မတူ တိုး၍ ထင်မြင်လေ၏ ။ ငါမှားလေခြင်း ၊ ငါ့မယားမှာ အပြစ်မရှိဘဲလျက် ငါနှိပ်စက် ထွက်၍ လာမိလေခြင်းဟု စဉ်းစားဆင်ခြင် အသည်းတွင် မနည်းနာ၍ နေလေ၏ ။
မိုးသံလေသံတွေ ဖြိုးလျှံ၍ လာလေလေ ၊ အဆွေးလုံးကြီးတွေ ရင်ကို ဆို့ကာ ဆို့ကာ တက်၍လာလေလေ ၊ အသည်းထဲမှာ နာလေလေ ဖြစ်လေ၏ ။သို့ဖြစ်သောကြောင့် ဟိုကျန်းမာစဉ်အခါက မသွားရဲ ၊ မပြန်ရဲသော်လည်း ယခုမှာကား မနေနိုင်အောင် ဖြစ်လှသဖြင့် ပြန်ရတော့မှာပဲဟု စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်ရလေတော့သတည်း ။ သို့ဖြစ်သောကြောင့် ကြို့ပင်ကောက် မြို့ ရှေ့စွန်းနား ထန်းတောနှင့် မနီးမဝေး မဒရပ် အိမ်မြင့်ကလေးအောက်သို့ ရောက်၍ သွားလေ၏ ။
အသက် ( ၁၄ ) နှစ် အရွယ်ခန့်ရှိသော မိန်းမပျိုကလေး တစ်ယောက်သည် ဘဦး ဝင်ရောက်လာသောအခါ ကြောင်တောင်ေငးလျက် ကြည့်၍နေလေ၏ ။ ဘဦး ရှိစဉ်က ၎င်းသူငယ်မကလေး မရှိသဖြင့် မည်သူမည်ဝါဟု မသိသောကြောင့် အိမ်မှားဝင်လာလေသလား ၊ မှားဖို့ လည်း မရှိပါဘူးလေဟု အောက်မေ့ကာ “ ဒါ မလှစိန်တို့အိမ် မဟုတ်လား ” ဟု မေးလေ၏ ။
“ ဟုတ်ပါတယ်ရှင် ၊ မလှစိန်ယောက်ျား မဟုတ်လား ၊ ကျွန်မ ဓာတ်ပုံကို မြင်လို့မေးတာပါ ၊ ကျွန်မ သူ့ရဲ့ညီမဝမ်းကွဲ မန္တလေးမြို့ကပါ ၊ ရှင်တို့ လင်မယား ကွဲနေတယ်လို့ ကြားပါကလား ၊ အခုအိမ်မှာ ဘယ်သူမှ မရှိဘူး ၊ မလှစိန် အဖေတော့ အလှူကိုသွားတယ် ၊ အမေတော့ စိတ်မကောင်းလို့ အိပ်နေတယ် ၊ အိပ်ပျော်နေတယ် ထင်ပါရဲ့ ၊ မနိုးသေးဘူး ” ဟု ငြိမ်သက်သော ရုပ်အသွင်နှင့် မလိုက်အောင် စကားကို စဉ်တိုက်ဆက်ကာ ငေးရင်း ၊ တွေးရင်း လိုလို ၊ တစ်ခါတစ်ခါ အဝေးထန်းတောကြီးကို မျှော်ရင်း မျှော်ရင်း ပြောလေ၏ ။
“ လှစိန်ကော ” ဟု ဘဦးက မေး၏ ။
“ နားထောင်ပါ ။ ကျွန်မ ပြောပါ့မယ် ၊ အမယ်လေး လှစိန်လေ .. ကျွန်မ ပြောတောင်မပြောချင်ဘူး ၊ အဲ ... ခုလို အချိန်လောက်ပဲ ဖြစ်ပါလိမ့်မယ် ၊ ရှင် ထွက်သွားပြီး တစ်လလောက်အကြာမှာ ဟောဟို ထန်းတောနားကိုသွားပြီး သရက်ပင်တစ်ပင် အကိုင်းမှာ ကြိုးဆွဲချသေတယ် ၊ ဒါကြောင့် အရီး စိတ် မကောင်းတာပေါ့ ” ဟု ပြောလေ၏ ။
ဘဦးသည် ဇက်ကိုဝါးရင်းတုတ်နှင့် အနှက်ခံရသလို ဖြစ်၍သွားလေ၏ ။ သို့သော်လည်း နဂိုက အတော်စိတ်ခိုင်မာသူဖြစ်သဖြင့် စိတ်ကို ချုပ်ကာ အံကြိတ်လျက် အကြောင်သားနေလေ၏ ။ မျက်ရည်များကိုကား ချုပ်၍မရချေ ။ ရင်ဘတ်မှာ လှိုင်းကြီးတွေထလျက် ရှိုက်ကာရှိုက်ကာ တက်တော့မလို ဖြစ်လေ၏ ။ နှုတ်ခမ်းကိုကိုက်ပြီး နှာရည်များကို လက်ကိုင်ပဝါနှင့် သုတ်၏ ။ ငါ့အတွက်ပါပဲ ၊ ငါရိုက်လို့ ငါ့မယား ငါ့စိတ်နဲ့ သေရရှာတော့တာပါပဲဟု ယူကျုံးမရ အပူလုံးကြီး ကြွ၍နေလေ၏ ။
သူငယ်မ ကလေးသည်ကား ၎င်းကို မကြည့်ဘဲ ထန်းတောဘက်သို့ မျှော်ပြန်လေ၏ ။ ထို့နောက် စကားဆက်ကာ “ အခါတိုင်း ဒီအချိန်မှာ သူ ရေခပ်သွားတာပဲ ။ ရေခပ်ပြီးရင် ဟောဟိုခြံစည်းရိုးအကြားက ရေအိုးကို ရွက်ပြီး ဖြတ်ဖြတ်ဝင်လာတာပဲ ။ အဲဒီနေ့မှာတော့ ပြန်မလာဘူး ။ အရီးမှာတော့ကာ အဲဒီကတည်းက စပြီး စိတ်နောက်သွားတာပဲ ၊ အခုထက်ထိ ဒီခြံစည်းရိုးလမ်းကြား တံခါးကို ဖွင့်ထားတာပဲ ။ အမယ်လေး ဒီခြံစည်းရိုးအကြားက ရေအိုးရွက်ပြီး ပြန်လာလိမ့်မယ်လို့ သူ့စိတ်ထဲမှာ စွဲနေရှာတာကိုးရှင့် ၊ တော်တော်ကြာ အိပ်ရာကနိုးရင် မျှော်ပါလိမ့်မယ် ၊ အရီးတော့ ဘာပြောစရာရှိမလဲ ။ ကျွန်မတောင် တစ်ခါတစ်ခါ ထင်မြင်နေတာပဲ "
ဘဦးသည် မိမိ၏ကြီးလေသော မိုက်မှားခြင်းအတွက် မိမိကိုယ်ကို ဒေါသ ဖြစ်ကာနေ၏ ။ မေးမြန်းပြောဆို ငိုယိုပြီးတွားသော်လည်း အလဟဿအကျိုးမဲ့ ဖြစ်တော့မှာပဲဟု အောက် မေ့ကာ ကြောင်တောင်ေငးလျက် ဆိတ်ငြိမ်စွာ နားထောင်၍သာ နေလေ၏ ။ ဦးခေါင်းကိုငုံ့ကာ မိမိ၏ဆံပင်များကို လက်နှင့် ဖြတ်တော့မလို ဆုပ်ကိုင်လှုပ်ရှားကာသာ နေလေ၏ ။
ထိုအခိုက်တွင် ယောက္ခမကြီး ဆင်း၍လာလေ၏ ။
“ မင်း မမာလို့ ဆေးရုံတက်နေတယ် ကြားပါတယ် ၊ ငါတို့တော့ သတင်း နားထောင်လျက်ပါပဲ ” ဟု ဘဦး၏ ညှိုနွမ်းပူပင်သော မျက်နှာကိုကြည့်ကာ ပြောလေ၏ ။ ထို့နောက် စကားဆက်ကာ လှစိန်ကတော့ မင်းတစ်နေ့ ပြန်လာလိမ့်မယ်လို့ စိတ်ချနေတာပဲ ၊ အခု လာပါလိမ့်မယ် ဟိုထန်းတောဘက်ကို ရေခပ်သွားတယ်ဟု ပြောလေ၏ ။
သူငယ်မကလေးက ဘဦးကို မျက်စပစ်ကာကြည့်၏ ။ ဘဦးက ယောက္ခမကြီးကို သနားသဖြင့် အပူမီးကို ထပ်၍မွှေးသလို နေမှာစိုးသောကြောင့် ၊ မိမိ၌ ဖြစ်ပွားသော သောကအရိပ်အယောင်ကို ပပျောက်အောင် ကြိုးစားလျက် ၊ စိတ်နောက်၍နေသော ယောက္ခမကြီးကို ကြင်နာသနားပြီး မေးမြန်းခြင်းကို မပြုဘဲနေလေ၏ ။
ဪ .. ငါ့အတွက် သေသူကသေ ၊ ရူးသူကရူး ဖြစ်နေရှာပါကလားနော် ၊ သနားစရာ ကောင်းလိုက်ပါဘိတော့တယ် ၊ ငါတော့ ဒီဝဋ်ကို ခံရမှာ ဆဲဆဲပါကလားဟု စဉ်းစားကာ အရူးသွေးကို ပို၍နောက် မှာစိုးသဖြင့် အခြားအကြောင်းကို ပြောမည်ပြုပြီးမှ ၊ အဲလေ သူ့သမီး ရှိသေးတယ်လို့ ထင်မှတ်နေရင်လည်း သက်သာခြင်းတစ်ခုပါပဲ ၊ ဒီလိုမှ စိတ်ဖောက်ပြန်ပြီး ဒီလို ထင်မနေရင် ရင်ထဲမှာ မီးတောက်ပြီး သေဖို့တောင် ရှိပါကလားလေ ၊ ထင်တာကိုပဲ ပြောနေပါစေတော့ဟု အောက် မေ့ကာ နားထောင်၍သာ နေရှာလေ၏ ။ အမယ်ကြီးကို သနားသဖြင့် မိမိ၏သောကမှာ အနည်းငယ် သက်သာသလို ဖြစ်လေ၏ ။ ထို့နောက် မိန်းမကြီးက စကားဆက်ကာ ပါးစပ်ကတော့ ဘယ်တော့မှ တေးဆို မပြတ်ဘူးကွဲ ၊ စိတ်ကလည်းမကောင်း ၊ အရူးလို ဖြစ်နေတယ် ထင်ပါရဲ့ ၊ မင်းကြောင့် ဖြစ်တာပဲ ၊ ငါတို့တော့ မင်းကို စိတ်မဆိုးပါဘူး ၊ မတော်တဆ အထင်မှားတာကိုးဘွဲ့ဟု ပြောပြီး ၊ သူငယ်မကလေးကိုကြည့်ကာ “ ဟဲ့ သူဆိုတဲ့ တေးဟာဘာလဲ ၊ တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့ ဘာဆိုလဲဟယ် ၊ အဲဒီတေးကို အမြဲဆိုဆိုပြီး ၊ ရေအိုးကို ရွက်ရွက်လာတာပဲ ၊ မကြာမီ ကြားရပါလိမ့်မယ် ၊ အဝေးကြီးက ဆိုလာတာပဲ ” ဟု ပြောလေ၏ ။
သူငယ်မကလေးသည် ဘဦးကို တစ်ဖန် မျက်စပစ်ပြန်လေ၏ ။ ဘဦးသည်ကား .. ဒုက္ခ .. ဒုက္ခဟုတွေးပြီး ကြင်နာသော အမူအရာနှင့် အမယ်ကြီး၏ မျက်နှာကိုကြည့်ပြီး ခေါင်းငုံ့ကာ နားထောင်လေ၏ ။
ထိုအခါ နေမင်းကြီးသည် အနောက်ဘက်၌ စက်ဝိုင်းကြီးဖြစ်၍ နေလေ၏ ။ လေသည် သုတ်နှင်၍လာလေ၏ ။ ထန်းပင်များ၏ အရွက် များသည် ဆတ်ဆတ်တုန်လှုပ်ကြလေ၏ ။ အမယ်ကြီးသည် ထန်းတောဘက်သို့ ပြုံးရွှင်သော မျက်နှာနှင့် မျှော်လေ၏ ။ “ ဟော ... လာပါပကော ၊ ဟောဟိုတောစပ်မှာ ရေအိုးရွက်လို့ ” ဟု ပြောလေ၏ ။ သူငယ်မကလေးက တစ်ဖန်ပြုံး၍ မျက်စပစ်ပြန်၏ ။
ဘဦးသည် ထန်းတောဘက်ကို လှမ်းမျှော်ကာ ကြည့်လေ၏ ။ နေမင်းတို့ တိမ်ကွယ်သဖြင့် မှေးမှောင်သော တောစပ်၌ ရေအိုးကို ရွက်လျက် လာ၍နေသော သဏ္ဌာန်တစ်ခုကို မထင်မရှား မြင်ရလေ၏ ။ ထိတ်လန့်အံ့ဩမိန်းမောတွေဝေကာ မျက် မှောင်ကုတ်လျက် စူးစိုက်ကာကြည့်၏ ။ အင်း ... လှစိန် သွားပုံလာပုံပါပဲ ၊ အမျှ အမျှ လှစိန် အမျှကွဲ့ ဟု စိတ်၌ အောက် မေ့ရင်း မျက်ရည်လည်၍ လာ၏ ။ ငါလာတာ သိလို့ ပြတာပါပဲဟု ဣန္ဒြေ မဆည်နိုင်အောင် ဖြစ်ရရှာလေသတည်း ။
နေသည် တိမ်အောက် မှ လွတ်ပြန်၏ ။ သဏ္ဌာန်သည် ပိုမိုထင်ရှား၍လာ၏ ။ ဘဦးသည် ထိုင်ရာမှထ၍ မျှော်၏ ။ “ အမယ်လေး ကျုပ်မယား လှစိန်ပါပဲကွဲ့ ၊ အမိုက် မကြီးရဲ့ " ဟု တိုးတိုးပြောကာ မျက်ရည်ကို သုတ်လေ၏ ။ ဘဦးသည် ခြံစည်းရိုးအပြင်သို့ ရောက်၍ သွားလေ၏ ။ စိုက်ကာ ကြည့်၍ နေပြန်လေ၏ ။ လှစိန်ထံသို့လည်း စွန့်၍ မသွားရဲချေ ။ ညီအစ်ကို မသိတသိ အချိန်ဟာ ခြောက်တတ်တဲ့အချိန်ပဲဟု အယူ ရှိလေ၏ ။ ကြက်သီးများ တဖြန်းဖြန်း ထလေ၏ ။
သို့ ကြည့်၍နေခိုက်တွင် သာလွန်အံ့ဩဖွယ် ဖြစ်၍လာပြန်သည်ကား “ တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့ မောင်ရယ် " ဟူသော တေးသံကို ကြားရခြင်း ဖြစ်လေ၏ ။ အမယ်လေး လှစိန်ရဲ့ ၊ အခုအထိ မင်း အပူသည်ဖြစ်၍နေရတဲ့ ဒုက္ခကို ခံနေရပါကလား ၊ အမျှ လှစိန် အမျှ ကောင်းရာကိုသာ သွားပေတော့ ၊ ငါကြာကြာ မနေဘူး လှစိန်ငါလိုက်ခဲ့မယ်ဟု ပြောလေ၏ ။ ထိုအခိုက်တွင် အသံရော ၊ သဏ္ဌာန်ရော နီးလာလေ၏ ။နေဝန်းကြီး ဝင်းခနဲ လင်းပြန်၏ ။ လှစိန်၏သဏ္ဌာန်သည် မျက်တောင်မခတ် ပြူးကျယ်သော မျက်လုံးများ နှင့် စူးစိုက်ကာကြည့်လေ၏ ။ ခြေလှမ်းများ မြန်၍လာ၏ ။ ရေအိုးသည် ခေါင်းပေါ်မှ ကျ၍ ကွဲလေ၏ ။ဘဦး ရှိရာသို့ သုတ်ခြေနှင်၍လာ၏ ။
ထိုအခိုက် နေဝန်းပျောက်ကွယ်၍ သွားလေ၏ ။ အဆွေး ၊ အလွမ်းကို အကြောက်က လွှမ်း၍လာလေ၏ ။ ဘဦးသည် ထွက်၍ ပြေးလေ၏ ။ လှစိန်၏ ရူပါရုံသည် မြန်စွာလိုက်လေ၏ ။ ထို့နောက် ဘဦး ဝေး၍ သွား၏ ။ သဏ္ဍာန်သည် ခြံစည်းရိုး၌ ရပ်၏ ။
“ အမေ ၊ အမေ ဘယ့်နှယ်လဲ ဘယ်သူလဲ ၊ ဘာဖြစ်လို့ ပြေးတာလဲ ” ဟု မေး၏ ။
“ စိတ်နောက်တဲ့ လူကြီး အစ်မလေးရဲ့ " ဟု သူငယ်မကလေးက ပြောလေ၏ ။ ထိုအခိုက် ဘဦး မရဲတရဲ ဝင်ရောက်၍လာလေရာ ၊ " ရှင်ဘာဖြစ်တာလဲ ရူးသလား ။ ကျုပ်ကို ဘာထင်လို့ အခုလိုကြည့်တာလဲ ” ဟု လက်ညှိုး ငေါက် ငေါက် ထိုးကာ မေးလေ၏ ။
“ နို့ နင် ဆွဲကြိုးချ သေပြီဆို ”
“ ရှင့်ကို ဘယ်သူပြောသလဲ ”
“ ေဟာ သူပဲ ပြောတာပဲ ”
လှစိန်သည် ရယ်မောလျက် ၊ “ ဒီကောင်မ အရူးရှင့် အရူး ၊ ဟိုတိရစ္ဆာန်မ နင် ဘယ့်နှယ့်တွေ ပြောနေသလဲ အရူးမ ၊ နင့်ကြောင့် အင်မတန် ခက်တာပဲ ၊ နိမိတ်မရှိ နမာမရှိ သွား ၊ နင် အ , မင်္ဂလာမ ” ဟုပြောကာ ကျောကို အုတ်အုတ်မြည်အောင် ထုလေရာ ၊ အရူးမကလေး အိမ်ပေါ်ကို တက်၍ပြေးလေ၏ ။
◾ ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
koaungnaingoo.blogspot.com
.
No comments:
Post a Comment