Tuesday, August 3, 2021

ဆရာတစ်ယောက် နောက်ထပ်တိုးခြင်း


 ❝  ဆရာတစ်ယောက် နောက်ထပ်တိုးခြင်း ❞


“ အစ်ကိုကြီး ကိုစိုးလှိုင် မဟုတ်လား ”


လေဟာပြင်ဈေးထဲက ကားတွေရပ်သည့် နေရာမှာ ကိုအဏ္ဏဝါ ကို တစ်စုံတစ်ယောက်က လှမ်းနှုတ်ဆက်လိုက်သဖြင့် ကိုအဏ္ဏဝါ အလွန်အံ့ဩ သွားလေသည် ။ နှုတ်ဆက်ခံရ၍ အံ့ဩ ခြင်း မဟုတ် ။ အစ်ကိုကြီးဟု အခေါ်ခံလိုက်ရ၍ အံ့ဩသွားခြင်းဖြစ်သည် ။ ကိုအဏ္ဏဝါ၏ ဗိုက်ပူထိပ်ပြောင် အင်္ဂါရုပ်ကြောင့် အသက်သုံးဆယ်အရွယ်ကစပြီး ဦးလေး အခေါ်ခံခဲ့ရသည် ။ ယခု အသက် ငါးဆယ်ကျော်မှ အစ်ကိုကြီးဟု အခေါ်ခံလိုက်ရ၍ အံ့ဩ ဝမ်းသာသွားခြင်းလည်း ဖြစ်နိုင်သည် ။ သို့သော် ခက်တာက ကိုအဏ္ဏဝါ ကို အစ်ကိုကြီးဟု ခေါ်လိုက်သူမှာ ချောချောလှလှ အမျိုးသမီးမဟုတ်ပဲ အသားမည်းသည့်    ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ငနဲလေး တစ်ကောင် ဖြစ်နေပါသည် ။


“ ဟုတ်ပါတယ် ”


ချောချောလှလှ အမျိုးသမီး မဟုတ်၍ ထင်သည် ။ ကိုအဏ္ဏဝါ၏ဖြေသံက ဘုဆတ်မာကြောနေသည် ။ ရာရာစစ ငါကဲ့သို့သော သင်္ဘောသားကြီးကို မလောက်လေး မလောက်စား   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ လေး တစ်ယောက်က နာမည်တပ်ပြီး အစ်ကိုကြီး ခေါ်ရမလားဟု မကျေမနပ် ဖြစ်ဟန်လည်း တူပါသည် ။ သို့သော်     ̶က̶̶ု̶̶လ̶̶ာ̶̶း̶  လေးသည် ကိုအဏ္ဏဝါကဲ့သို့ပင် ကားပါတ်ကင်လုပ်ပြီး အက်(စ်)အီး ကားပေါ်က ဆင်း၍ နှုတ်ဆက်ခြင်းဖြစ်သည် ။


“ အစ်ကိုကြီး ကျွန်တော့်ကို မမှတ်မိဘူးလား --- ကျွန်တော် စွန်နယားလေ .."


“ အင်း ... ဆောရီးပဲကွာ ... ကောင်းကောင်း မမှတ်မိဘူး ဖြစ်နေတယ် "


စွန်နယား ဆိုသူ   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ လေးက သူ့ကားကို နေသားကျအောင် တံခါးပိတ် သော့ခတ်ပြီး ကိုအဏ္ဏဝါ အနားသို့ လာ၍ လက်ဆွဲနှုတ်ဆက်သည် ။ ကိုအဏ္ဏဝါ၏ လက်ကို မလွှတ်ပဲ ဆုပ်ကိုင်ထားလျက် သူသည် ဟို ... လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က စစ်တွေရေယာဉ်စုမှာ ထမင်းကျန် ဟင်းကျန် ကပ်စားပြီး လုပ်အားပေးနေခဲ့သည့်   ̶က̶̶ု̶̶လ̶̶ာ̶̶း̶   လေး စွန်နယားလေဟု ပြောတော့မှ ကိုအဏ္ဏဝါ မှတ်မိသွား လေတော့သည် ။


“ အောင်မယ် ... ခွေးမသား စွန်နယား . . . မင်း တယ်ကြီးပွားနေပါလားကွ ဟေ ... ကြည့်စမ်း ၊ အက် ( စ် ) အီးတွေ ဘာတွေနဲ့ ..."


ကိုအဏ္ဏဝါတို့ကတော့အလိုက်ကမ်းဆိုး မသိစွာ အောက်ခြေလွတ်တဲ့နေရာမှာ ဂိတ်ကို ဆုံးပါရော ၊ အက် ( စ် ) အီး ကားသစ်ကြီး စီးလာသူကိုပင် လူရှေ့သူရှေ့မှာ ခွေးမသားဟု အော်ပြီး နှုတ်ဆက်ပြလိုက်ပြန်ပြီ ။ ဒါပေမယ့် ကိုအဏ္ဏဝါ၏ ငယ်နိုင်ဖြစ်ဟန်တူသည့်   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ လေးက စိတ်မဆိုးသည့်အပြင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ကိုအဏ္ဏဝါနဲ့ ပြန်တွေ့ရတာကိုပဲ အတော်ဝမ်းသာနေပုံရသည် ။


“ လာ .. အစ်ကိုကြီး ... တစ်ခုခုစားရင်း စကားပြောကြရအောင် ”


စွန်နယားက လက်ဆွဲခေါ်ပြီး တစ်ခုခု စားပါရန် ကျွေးသော် လည်း ဘာမှမစားချင်သည့် ကိုအဏ္ဏဝါက စကားပြောရလျှင် ပြီးရောဆိုပြီး နီးရာ အအေးဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်လိုက်ကြသည် ။


“ ကဲ ... လုပ်စမ်းပါဦး ၊ မင်းဘယ်လိုဖြစ်ပြီး အခုလို ကုန်းပေါ် ရောက်နေတာလဲ ”


စွန်နယားက ကိုအဏ္ဏဝါ၏ အမေးကို မဖြေသေးပဲ ကိုအဏ္ဏဝါ ကို ပြုံးပြီး ကြည့်နေသည် ။ စွန်နယား၏ အပြုံးထဲမှာ လူ့ဘဝ တစ်ခုစီ၏ နက်ရှိုင်းသော ကံကြမ္မာ အလှည့်အပြောင်းဆိုင်ရာ အဘိဓမ္မာတွေ ၊ ဒဿနတွေ ပါကောင်း ပါနေပေလိမ့်မည် ။ တစ်ခါတုန်းက လစာ တစ်ရာ့ငါးမတ်စားဘဝနဲ့ မြောင်းထဲ ရောက်နေခဲ့တဲ့ ကိုအဏ္ဏဝါတောင် ယနေ့ တိုယိုတာ ကိုရိုလာ စီးပြီး ကုန်းပေါ် ရောက်နေပြီပဲဗျာဟု ပြောနေတာလည်း ဖြစ်ကောင်း ဖြစ်မည် ။ ဘဝဆိုတာ လျှော့တွက်ထားလို့မှ မရပေပဲကိုး ... ။


ကိုအဏ္ဏဝါ ရေတပ်သားဘဝတုန်းက ရခိုင်ရေတပ်စခန်း လက်အောက်ခံ စစ်သင်္ဘော တစ်စီးမှာ တာဝန် ကျဖူးသည် ။ အဲဒီ သင်္ဘောမှာ ကိုအဏ္ဏဝါက မစ်အင်ချတ်ခေါ် အစားအသောက် တာဝန်ခံဖြစ်၍ အရာရှိနှင့် ရဲဘော်များ နေ့စဉ်စားသောက်ရန် ဈေးဝယ်သည့်တာဝန်ကို ယူရသည် ။ စစ်တွေဈေးကြီးသို့ ကိုအဏ္ဏဝါ ဈေးဝယ်သွားပြီဆိုလျှင်    ̶က̶̶ု̶̶လ̶̶ာ̶̶း̶လေး စွန်နယားက ဈေးခြင်းတောင်းထမ်း၍ ကိုအဏ္ဏဝါ၏ နောက်က လိုက်ရသည် ။ အဲဒီတုန်းက စွန်နယား၏အသက် ဆယ့်ငါးနှစ်ခန့်သာ ရှိပေလိမ့်မည် ။ ရဲဘော်တွေ မဝတ်ချင်တော့၍ ချွတ်ပစ်ထားသည့် ဘောင်းဘီ ၊ အကျီနွမ်းနွမ်း ပွပွကြီးတွေကို ဝတ်ထားသည် ။ အရာရှိ နှင့် ရဲဘော်များ စားပြီးကျန်သည့် ထမင်းကျန် ဟင်းကျန်တွေကို စားသည် ။ ခိုင်းတာကို မညည်းမညူ လုပ်သည် ။ သင်္ဘောမှာရှိသည့် မိုးရေကာဖျင်တာပေါ်လင် အဟောင်းအစုတ်တွေကို ခင်းတာခင်း ၊ ခြုံတာခြုံပြီး ကြုံရာမှာ အိပ်သည် ။ နိုးသည့်အချိန်မှာထပြီး ခိုင်းတာလုပ်သည် ။


စွန်နယားသည် အဖေနှင့်အမေ ဆိုတဲ့ လူသားနှစ်ဦးကို မမြင်ဖူး၍ လူ့ဘဝကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာသည်ကို သိသူမဟုတ် ။ သူ့ဘဝကို သူမှတ်မိသည့် အချိန်မှာ စစ်တွေမြို့ အပြင်ဘက်ရှိ    ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ရပ်ကွက်ထဲက တဲအိမ်လေး တစ်လုံးမှာ သူ့အဘိုး   ̶က̶̶ု̶̶လ̶̶ာ̶̶း̶ကြီးနဲ့ အတူ နေရတာကစပြီး မှတ်မိနေသည် ။ သူ့အဘိုး ပြောပြလို့ ဝိုးတိုးဝါးတားကြား သိရတာက သူ့ကိုမွေးပြီး သူ့အမေ သေတော့ သူ့အဖေ ကလေကချေက အိမ်နားယာနား မကပ်တော့ပဲ ခြေရာဖျောက်သွား တော့သည်ဟု ဆိုပါသည် ။ သူ့အဘိုးမွေးထားသည့် ဆိတ်မကြီးကို နို့ညှစ်ရောင်းပြီး ရသည့် ပိုက်ဆံ တစ်ကျပ်ခွဲ ၊ နှစ်ကျပ်ဖြင့် ဆန်ဝယ် ဆားဝယ်ပြီး မြေးအဖိုးနှစ်ယောက် စားနေခဲ့ ကြရသည် ။ ကလေးဘဝမှာ မုန့်ဆိုတာ တစ်ခါမှ မစားဘူးပဲ လမ်းပေါ်မှာ ကြွေကျနေသည့် သရက်သီး ၊ မရမ်းသီး အပုပ်အမှည့်တွေကိုသာ ကောက်စား ခဲ့ရသည်ဟုဆိုသည် ။ စွန်နယား အသက် တစ်ဆယ့်သုံးနှစ်ခန့် အရွယ်တွင် စွန်နယားတို့ ရပ်ကွက်ထဲသို့ မျက်စိလည်ပြီး ရောက်လာသော ရေတပ်သား ရဲဘော်တစ်ယောက်နှင့် စွန်နယားတို့ မိတ်ဆွေ ဖြစ်ကြပြီး အဆိုပါ ရဲဘော်က စွန်နယားကို သူ့ သင်္ဘောသို့ ခေါ်လာခဲ့သည်ဟု ဆိုပါသည် ။ သင်္ဘောပေါ်ရောက်တယ် ဆိုရင်ပဲ စွန်နယားသည် သူ့အဖိုး၏ တဲကလေးသို့ မပြန်တော့ပဲ သင်္ဘောမှာပဲ နေတော့သည်ဟု ဆိုသည် ။ ကိုအဏ္ဏဝါ အဲဒီသင်္ဘောကို ရောက်သွားသောအခါ စွန်နယားက စီနီယာ သင်္ဘောသား ဖြစ်နေပေပြီ ။


ကိုအဏ္ဏဝါ မစ်အင်ချတ်ဖြစ်ပြီး ဈေးဝယ်ထွက်ရသောအခါ စွန်နယားကို အားကိုးအားထား ပြုရသည် ။ ဘာပစ္စည်း ဘယ်မှာ ရသည် ။ ဘယ်‌ေဈးသည်က ဈေးသက်သာသည် ။ ဘယ်ဈေးသည်က အလေးခိုးသည် စသည်တို့ကို စွန်နယား သိသည် ။ စစ်တွေ ဈေးကြီးထဲက သားငါးပုစွန် ဈေးသည်တွေကလည်း ရေတပ်သင်္ဘောတွေက ဈေးဝယ်သူတွေကို ဈေးရောင်းချင်၍ စွန်နယားကို ပေါင်းထားကြရသည် ။ လက်ဖက်ရည် ခေါ် တိုက်သူ ၊ မုန့်ဝယ်ကျွေးသူတွေ ရှိနေသည် ။ ရဲဘော်တွေ လခထုတ်ရက်ဆိုလျှင် စွန်နယားရဲ့ အိတ်ကပ်ထဲမှာ ငွေနဲ့ ကြေးနဲ့ပင် ဖြစ်‌ေနတတ်သည် ။ ကိုအဏ္ဏဝါ ဆင်မြန်းပေးထားသည့် လုံချည်အသစ် ၊ အင်္ကျီအသစ်တွေနဲ့ပြောင်ပြောင်ရောင်ရောင်ဖြစ်နေ၍ ၁၉၆၄ - ၆၅ခုနှစ် တစ်ဝိုက်သည် စွန်နယားရဲ့ ရွှေခေတ်ဟုပင် ဆိုနိုင်သည် ။


၁၉၆၆ - ခုနှစ်ခန့်တွင် ကိုအဏ္ဏဝါတို့သင်္ဘောကို ရန်ကုန်သို့ ပြန်လာရန် အမိန့်ထွက်လာသောအခါ အရာရှိနှင့် ရဲဘော်များအားလုံး ဝမ်းသာ ပျော်မြူး နေကြသော်လည်း မစားနိုင် မအိပ်နိုင်ပဲ တမှိုင်တွေတွေ ဖြစ်နေသူမှာ စွန်နယားဖြစ်သည် ။ သူ့အဘိုးသေလို့ အသုဘစရိတ် စိုက်ထုတ်ထားသူက ဆိတ်မကြီးနဲ့ တဲကလေးကို အကြွေးနဲ့ သိမ်းလိုက်သည်ဆိုသည့် သတင်းကို ကြားထားလေတော့ အားကိုးရာမဲ့ပြီ ၊ ဘဝပျက်ပြီဆိုသည့် အတွေးဖြင့် ငေးငေး ငိုင်ငိုင် ဖြစ်နေရှာသည် ။ လောကဓံ လှိုင်းတံပိုးကြီးတွေရဲ့ ဆောင့်တိုက် မှုဒဏ်ကို အရွယ်နဲ့ မမျှအောင် ခံစားနေရရှာသည့် စွန်နယားကို သနားမည့် သူကလည်း များများစားစား မရှိ၍ ပိုပြီး အားငယ်နေဟန် တူပါသည် ။ စစ်တွေမြို့ ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာရမည့် နေ့မှာတော့ သူ့အဝတ်အစား အထုပ်ကလေးကိုပိုက်ပြီး ငိုနေသည့် စွန်နယားကို ရေယာဉ်မှူးက မြင်သွားပြီး ပစ်ဟောက်ပါလေတော့သည် ။


“ ဟေ့ကောင် ... သူများတွေ ပျော်နေတဲ့ အချိန်မှာ မင်းက မင်္ဂလာမရှိ ငိုမနေနဲ့ကွာ ၊ တိတ်စမ်း အဲဒီ အထုပ်ကို သွားထား ၊ မင်းလည်း ရန်ကုန် လိုက်ခဲ့ပေတော့ ”


ရေယာဉ်မှူးသည် စွန်နယားကို ဟောက်ပြီးသည်နှင့် ရေယာဉ်ကို ကြိုးဖြုတ်ထွက်ခွာရန် အမိန့်ပေးလိုက်ပါတော့သည် ။ မမျှော်လင့်သော အခွင့်အရေးကိုရလိုက်၍ စွန်နယားသာမက ရဲဘော်များပါ ဝမ်းသာသွားကြလေသည် ။ စွန်နယားကို သနားနေကြသူများက ရေယာဉ်မှူး ကို အထူးကျေးဇူးတင်ကြသည် ။ ငိုနေရာမှ ပြုံးလာသည့် စွန်နယား၏ မျက်နှာမှာ သကာရည်စိမ်ထားသလား အောက် မေ့ရသည် ။ စစ်တွေမှ ရန်ကုန်ခရီးတစ်လျှောက် မှာ လှိုင်းမူးနေတဲ့ကြားက ခိုင်းတာတွေကို ကြိုးစားလုပ်ပြီး လိုက်ပါလာသည် ။


ရန်ကုန်ရောက်တော့လည်း ကိစ္စကမပြီးသေး ၊ စွန်နယား၏ရှေ့ရေးနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ကြရပြန်သည် ။တစ်ယောက်ယောက်၏ အိမ်မှာ ခေတ္တခေါ်ထားမလား ၊ မွေးချင်သူရှာပြီး အလကား ပေးလိုက် မလား ၊အလုပ်အကိုင် ရှာဖွေပေးရမှာကလည်း စာက မတတ် ၊ အရွယ်က ငယ်သေး၍ ခက်နေသည် ။ ရဲဘော်များ စုပေါင်းရံပုံငွေဖြင့် သမ္မာန် တစ်စီးဝယ်ပေးပြီး ဒေါပုံနဲ့ ပုစွန်တောင် ထင်းပုံဆိပ် ကူးတို့ဆွဲခိုင်းထားရကောင်းမလား စသည်ဖြင့် အမျိုးမျိုး စဉ်းစားကြရတော့သည် ။


စွန်နယား ပြဿနာနှင့်ပတ်သက်၍ အောက်ခြေအဆင့်မှာ ညှိနှိုင်းအစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး အမျိုးမျိုး စဉ်းစား၍ အဖြေရှာမတွေ့ ဖြစ်နေစဉ် တစ်နေ့မှာ ရေယာဉ်မှူးက စွန်ယားကို သူ့ကားပေါ် တက်ခိုင်းပြီး ခေါ်သွားပါလေတော့သည် ။ အဲဒါဟာ ကိုအဏ္ဏဝါ စွန်နယားကို နောက်ဆုံး မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည် ။ အဲဒီနောက် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာပြီးမှ ယခုတစ်ဖန် ပြန်တွေ့ရခြင်း ဖြစ်သည် ။ ပြန်တွေ့ကြသည့် အခါမှာတော့ စွန်နယားက ကိုအဏ္ဏဝါ ကို ပြုံးပြီး ကြည့်နေသည် ။


“ ဗိုလ်မှူးက ကျွန်တော့်ကို မွေးစားလိုက်တယ် အစ်ကိုကြီးရဲ့”


“ ဟေ ”


ကိုအဏ္ဏဝါ အံ့ဩ ဝမ်းသာသွားသည် ။ စွန်နယား ပြောသည့် ဗိုလ်မှူးဆိုတာ ကိုအဏ္ဏဝါတို့သင်္ဘောက ရေယာဉ်မှူးကို ပြောခြင်းဖြစ်သည် ။ ဗိုလ်မှူးသည် ဝါသနာပါ၍ စစ်တပ်ထဲ ဝင်သော်လည်း ယောက္ခမ မိဘတွေက ချမ်းသာကြသည်ဟု ကြားဖူးသည် ။ သားသမီး မထွန်းကားဟုလည်း ကြားဖူးသလိုလိုရှိသည် ။ သူ့အကြောင်းနှင့်သူ ၊ ကိုယ့်အကြောင်းနှင့် ကိုယ်မို့လို့ ဗိုလ်မှူးအကြောင်းကို မေ့မေ့ပျောက်ပျောက် နေခဲ့သည် ။ ယခု စွန်နယားနဲ့ ပြန်တွေ့တော့မှ အကြောင်းစုံကို မေးရ မြန်းရတော့သည် ။


စွန်နယား ပြောပြချက်အရ ဗိုလ်မှူးသည် တပ်မတော်မှ အနားယူပြီး နိုင်ငံခြား သင်္ဘောလိုင်း လိုက်သေးသည် ။ အသက်ကြီးလာသည့်အတွက် သင်္ဘော မလိုက်ချင်တော့၍ ဖက်စပ်လုပ်ငန်း အချို့တွင် အစုရှယ်ယာဝင်ထားသည်သာမက ပုဂ္ဂလိက လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသည် ။ စွန်နယားကို အိမ်ဖော်ကောင်မလေးနဲ့ လက်ထပ်ပေးပြီး သားနဲ့ သမီးအဖြစ် မွေးစားထားသည်ဟု ဆိုသည် ။ အသက်ကြီးလာပြီဖြစ်၍ သံသရာအရေး မျှော်တွေးပြီး အတွင်းပစ္စည်း အချို့ကို ရွှေတိဂုံ စေတီတော်စာရင်း ခေါင်းစဉ်ဖြင့် ဘဏ်မှာအပ်နှံထားပြီး ကျန်ပစ္စည်း အားလုံးနှင့်တကွ အိမ်နှင့် မော်တော်ကားကိုပါ စွန်နယားတို့ လင်မယားကို အမွေ

ပေးခဲ့ရန် ဆုံးဖြတ်ပြီး ဖြစ်သည်ဟု သိရသည် ။


ကိုအဏ္ဏဝါသည် ဝမ်းသာပီတိဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လျက် သက်ပြင်း ချလိုက်သည် ။ အဆိုးဝါးဆုံးသော ဘဝဖြင့် စခဲ့သည့် လူသားတစ်ဦးသည် ကံကြမ္မာ အလှည့်အပြောင်းမှာ ကံကောင်း မြောင်း

တည့်ပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပုံကို မြင်တွေ့ရ၍ ဝမ်းသာ အံ့ဩ နေခြင်း ဖြစ်သည် ။ လူ့ဘဝဆိုတာ ပုခက်နဲ့ ခေါင်းတလား အကြား ကာလမှာ ဖြစ်ပျက်နေတဲ့ အနိမ့်အမြင့် အတက်အဆင်းတွေအတွက် ရုန်းကန် လှုပ်ရှား နေခြင်းပါကလားဟု သတိတရား ရနေခြင်းလည်း ဖြစ်သည် ။


စွန်နယားက ကိုအဏ္ဏဝါကို အကြောင်းရှိက ဆက်သွယ်နိုင်ရန် လိပ်စာတောင်းသည် ။ သူ့နေရပ်လိပ်စာနှင့် တယ်လီဖုန်း နံပါတ်ပါသည့် ကဒ်ပြားလေးကိုလည်း ထုတ်ပေးသည် ။ ( ဦးတင်အောင်ဝင်း ၊ ရောင်းဝယ် ရေးနှင့် အထွေထွေ လုပ်ငန်းကိုယ်စားလှယ် ၊ ကန်ရိပ်သာ ၊ ကမ္ဘာအေး ) ပါတဲ့ ခင်ဗျား ၊ သာကေတ လိပ်စာကို ရေးပေးနေသည့် ကိုအဏ္ဏဝါ၏ လက်တွေ တုန်နေသည် ။


“ အော် ဒါထက် စကားမစပ် ... အစ်ကိုကြီး ဘာလုပ်နေလဲ ”


“ နေဗီထွက် ဆိုတော့ ထုံးစံအတိုင်းပေါ့ကွာ ... သင်္ဘောသား ”


“ နားနေတာ ကြာပြီလား --- ပြန်မလိုက်သေးဘူးလား ”


“ ဟ ... လိုက်ချင်တိုင်း လိုက်လို့ရတာမှ မဟုတ်ပဲကွ ... ၊ သင်္ဘောသားဆိုတာ တန်းစီဇယား အလှည့်ရောက်လို့ ဆလိုက်ရှင်ဝင်ပြီး အရွေးခံရမှ လိုက်လို့ရတာ ၊ ပြန်လိုက်လို့ရရင် ဒီနေ့ညတောင် လိုက်ချင်တယ် ”


စွန်နယားသည် ကိုအဏ္ဏဝါကို စူးစိုက်ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည် ။ အတန်ကြာမှ တည်ငြိမ်လေးနက်သည့် လေသံဖြင့်ပြောလိုက်သည် ။


“ အစ်ကိုကြီးရဲ့ လိုင်စင်ဓာတ်ပုံ ဆယ်ပုံနဲ့ စီဒီစီ ပါတ်စ်ပို့တွေကို ဖိုတိုကော်ပီကူးပြီး ကျွန်တော့်ကိုလာပေးပါ ။ ကျွန်တော်တို့လိုင်းမှာ ထည့်ပေးလိုက် မယ် ။ ကဲ ...ကျွန်တော် သွားလိုက်ဦးမယ် ... ဟိုမှာ မာမီ ရောက်နေပြီ ”


ဟိုမှာ မာမီ ရောက်နေပြီဆိုပြီး သူ လှမ်းကြည့်သည့် နေရာကို ကိုအဏ္ဏဝါ လှည့်ကြည့်လိုက်ရာ အသက်ခြောက်ဆယ်ခန့် ဖြူဖြူချောချော အမျိုးသမီးကြီး တစ်ဦးကို စွန်နယား၏ ကားအနီးမှာ ရပ်နေတာ တွေ့လိုက်ရသည် ။ ကိုအဏ္ဏဝါ၏ ဆရာ ဗိုလ်မှူးကတော်ဖြစ်မည် ။ စွန်နယား က အအေး နှစ်ခွက်ဖိုး ပိုက်ဆံရှင်းပြီး သူ့ကားဆီသို့ လျှောက်သွားသောအခါ ကိုအဏ္ဏဝါပါ ရောယောင်ပြီး စွန်နယား၏ နောက်က လိုက်သွားမိသည် ။ စွန်နယားက ကိုအဏ္ဏဝါကို သူ့မာမီနဲ့မိတ်ဆက်ပေးသည် ။ ခင်မင်မှု သမိုင်းအစဉ်အလာကိုလည်း တိုတိုဖြင့် ငုံမိအောင် ပြောပြသည် ။ ဦးတင်အောင်ဝင်း ( စွန်နယား ) နှင့် ပတ်သက် ၍ နှစ်ဦးနှစ်ဖက် ဝတ်ကျေ တန်းကျေ ပြုံးပြကြရသည် ။ စွန်နယားက သူ့မာမီ ကားပေါ် တက်နိုင်ရန် ကားတံခါး ဖွင့်ပေးရသလို စွန်နယား ကားပေါ်တက်ခါနီးမှာလည်း ကိုအဏ္ဏဝါ က မရည်ရွယ်ပဲ အမှတ်တမဲ့ ကားတံခါးဖွင့်ပေးမိလျက်သား ဖြစ်သွားလေသည် ။


စွန်နယားက ကားစက်နှိုးပြီး မောင်းထွက်ခါနီးမှာ ကိုအဏ္ဏဝါ ကို သူပြောတာတွေ အမြန်ဆုံး လုပ်ပြီး လာပေးဖို့ ထပ်ပြောသည် ။


“ မြန်မြန်လုပ်နော် အစ်ကိုကြီး ဒီလအတွင်းမှာ ထွက်ရမယ် ”


“ ဟုတ် ... ဟုတ်ကဲ့ စိတ်ချပါ ဆရာ ”


စွန်နယား၏ကား ထွက်သွားတော့မှ ကိုအဏ္ဏဝါ သူ့ပါးစပ်ကို လက်ဝါးနဲ့ ပိတ်ထားမိလိုက်သည် ။ ခေါ်လိုက် မိပြန်ပြီ ... ဆရာ လို့ ။


အော် ... ကိုအဏ္ဏဝါ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန် လှုပ်ရှားရသည့် ဘဝလမ်းခရီး တစ်လျှောက် မှာ ဆရာတွေ များလွန်း၍ ဆရာခေါ်သည့် အကျင့်ပါနေသော ကိုအဏ္ဏဝါမှာ ခွေးမသား ဟုခေါ်ပြီး နှုတ်ဆက်ခဲ့သည့် စွန်ယားကိုပါ ယောင်ပြီး ဆရာ ခေါ်မိလျက်သား ဖြစ်သွားလေပြီတကား ။


◾ အဏ္ဏဝါစိုးမိုး


📖  ရွှေအမြုတေ

       အောက်တိုဘာလ ၊ ၁၉၉၃ ခုနှစ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment