Tuesday, May 31, 2022

အားမကျပေါင်


 

❝  အားမကျပေါင် ❞

သည် မိန်းမ ကို စ တွေ့ကတည်း က ယမုံ ကြည့် မရခြင်း ဖြစ်သည် ။ ရှည်လျားသော သူမ ၏ ဆံပင်တွေ ကို နဖူး ပြောင်အောင် ဆွဲဖြီး ကာ ဆံထုံး ကို ပုံပန်းမကျ ထုံးနှောင်ထားသည် ။ အသားလတ်လတ် မျက်နှာပြင် မှာ သနပ်ခါး ရေကျဲ အမြဲ လူးထားတာ တွေ့ရသည် ။ မျက်ခုံး ထူထူ နှင့် မျက်လုံးတောက်တောက် ကတော့ ထူးခြားမှု အရှိသား ။ အဝါ ရောင် သမ်းနေသော အင်္ကျီဖြူ ၊ ပြည်တွင်းဖြစ် မာစရိုက်ကျောင်းစိမ်း နှင့် မောင်ဗမာ မိန်းမစီး စက်ဘီးစုတ်လေး ချောက်ချက် ချောက်ချက် နင်း နေသည်က အထင်ကြီးစရာ တစ်စက် မှ မရှိချေ ။ သို့သော် သူမ ၏ သွင်ပြင်နှင့် မလိုက်ဖက်စွာ မျက်နှာကျော တင်းလှသည် ။ မာန နှင့် တင်းခြင်း လည်း မဟုတ်ပါ ။ မာနကြီး လောက်အောင် သူမ မှာ ဘာ ပြည့်စုံမှု မှ မရှိဘဲလေ ။

ကိုကို့ ရုံး နှင့် ထို မိန်းမ ၏ ကျောင်း က လည်း လမ်း သာ ခြားသော မျက်နှာချင်းဆိုင် တည့်တည့် ဖြစ်သည် ။ ကိုကို့ ရုံး ကို အပို့အကြို လုပ်တိုင်း ထို မိန်းမ နှင့် ဆုံဖြစ်သည် ။ ယမုံ က ဆူပါရု ကားဖြူလေး ကို ကိုယ်တိုင် ကျွမ်းကျင်စွာ မောင်းပြီး ကိုကို ရုံး ကို ပို့သော အချိန် နှင့် ထို မိန်းမ က သူမ ၏ စက်ဘီးစုတ်လေး ကို မျက်နှာချင်း ဆိုင် မှ နင်း လာချိန် အမြဲ ဆုံစည်း တတ်သည် ။ ယမုံ က ကားစတီယာတိုင် ပေါ် မှာ ဟန်ပါပါ လက် တင်ရင်း ရုံး တက်မည့် ကိုကို့ ကို ..

“ နေ့လယ် ဆယ့်တစ်နာရီ ယမုံ လာ ကြိုမယ်နော် ” 

ဟု ညုတုတု ပြောရင်း ထို မိန်းမ ကို မျက်လုံး စွေ ကြည့်စဉ် ထို မိန်းမ နှင့် စက်ဘီးစုတ်လေး က ကျောင်း ထဲ ဝင်သွားတာ တွေ့လျှင် သိပ် မကျေနပ်ချင် ။ အမှတ် (  ) မူလတန်းကျောင်း ဟူသော ဆိုင်းဘုတ်လေး ကြောင့် ထို မိန်းမ သည် မူလတန်းကျောင်းဆရာမ ထက် မပိုနိုင်ပါ ။ ထို မိန်းမ သည် ယမုံ နှင့် ယှဉ်ပြိုင် ရလျှင် အသက်အရွယ်ချင်း တူပေမယ့် ယမုံ ပိုပြီး နုပျိုလှပနေမည် အမှန်ဖြစ်သည် ။ ဘဝ ချင်း ယှဉ် လျှင်လည်း ယမုံ အစစ သာလွန်ပြီး ဖြစ်သည် ။ ဝင်ငွေ ကောင်းသော ဌာန တစ်ခု မှ အရာကြီး တစ်ဦး ၏ ချစ်လှစွာသော ၊ ချောမော လှပသော ၊ အရာရာ ပြည့်စုံမှု ရှိသော ဇနီးမယား ဘဝ ကို ယမုံ ပိုင်ဆိုင် ထားသည် ။ မိန်းမတိုင်း စိတ်ကူးယဉ် မက်မောလောက်သည့် ဘဝမျိုး ပါပေ ။ ဖူးရွလှပနေအောင် အစွမ်းကုန် ပြင်ဆင်ပြီး ကားလေး ကို ကိုယ်တိုင် မောင်း ကာ ကိုကို့ ရုံး ကို အပို့အကြို လုပ်ရခြင်းကို ယမုံ ကျေနပ်သည် ။ လမ်းပေါ် မှ လူများ ၏ အားကျ မက်မောစွာ ကြည့်ရှုကြ သော မျက်လုံးများစွာ အပေါ် မှာ မိန့်မူး သာယာတတ်သည် ။

“ ဦးမောင်မောင်တင် အမျိုးသမီး က တကယ် လှတာပဲ ” 

ဟူသော ကိုကို့ ရုံး အသိုင်းအဝိုင်း မှ လူအများ ၏ ချီးမွမ်းထောမနာ ပြုသံက နားဝင် ချိုလှသည် ။ မြို့ငယ်ကလေး ဆိုတော့လည်း ယမုံ့ အလှ နှင့် ဘဝ က လိုအပ်သည် ထက် ပိုမို ကျော်ကြားနေလေ၏ ။

သို့သော် ဟို မိန်းမ က ပြိုင်ဘက် ကင်းသော ယမုံ့ ၏ အလှ နှင့် ဘဝ ကို အများ နှင့် ဆန့်ကျင်စွာ ဥပေက္ခာ ပြုထားသည် ။ ယမုံ့ ကို ကြည့်သော အခြား မိန်းမ များစွာ ၏ မျက်လုံး အတွင်း မှာ တွေ့ရတတ်သည့် အားကျ ၊ အထင်ကြီး ၊ မက်မောမှုတွေ မတွေ့ရခြင်း အတွက် ယမုံ နှလုံးသား မှာ ဆူးတစ်ချောင်း နစ် ဝင်နေသလို ခံစားသည် ။ ယမုံ့ ကို ကြည့်သော ထို မိန်းမ ၏ မျက်လုံး ထဲ မှ အရောင်အဆင်း ကို ယမုံ မုန်းတီးသည် ။ ထို မိန်းမ ကို မြင်တွေ့ရသည် မှာ တစ်မျိုးကြီး မှ တကယ့် တစ်မျိုးကြီး ပါ ။

ထို မိန်းမ အပေါ် အထင်သေး စိတ် နှင့် အတူ မကျေနပ်ခြင်း အမြုံ သည် ယမုံ့ ရင်တွင်းမှာ အုံကျင်း ဖွဲ့ လျက်ရှိလေ၏ ။

     •••   •••   •••   ••• 

ဒီနေ့ ကိုကို ရုံးဆင်းတာ နောက် ကျသည် ။ ယမုံ က စောစော ရောက်နှင့် နေသည် ။ ကိုကို့ ကို စောင့်ရင်း ကား ပေါ်မှာ ထိုင်နေစဉ် မျက်နှာချင်းဆိုင် မူလတန်းကျောင်း မှ ကျောင်းဆင်းခေါင်းလောင်း ထိုး သံ ကြား ရသည် ။ မကြာခင် ကျောင်းသားတွေ ကျောင်းဂိတ် တံခါးဝ မှ စုပြုံ ထွက်လာသည် ။ ထို့နောက် ဆရာ , ဆရာမ အချို့ ..... ။ ဆရာ , ဆရာမများ နှင့် လာကြိုသူ ကျောင်းသားမိဘ ၊ အထူးသဖြင့် မိခင်များ က ယမုံ့ ကို အမှတ်ထင်ထင် ကြည့် သွားကြသည် ။ ဟော... လာပါပြီ ။ မျက်နှာကျော တင်းတဲ့ မိန်းမ ၊ စက်ဘီးစုတ်လေး တွန်း ကာ ကျောင်းဝန်း ထဲ မှ ထွက် လာသည် ။ ယမုံ့ ကို တစ်ချက်လေး မှ ငဲ့ မကြည့်ဘဲ ကားဘေး မှ ဖြတ်ကာ စက်ဘီး တွန်း သွားသည် ။ မလှမ်း မကမ်း မှာ ရှိသော လက်ဖက်ရည်ဆိုင်လေး ဆီ သို့ ဦးတည်၍ ဖြစ်သည် ။ ကားတံခါး ပင် လော့ လုပ်ခြင်း မပြုနိုင်ဘဲ ယမုံ ဆင်း လိုက်သွားသည် ။

ထို မိန်းမ က လက်ဖက်ရည်ဆိုင် ၏ စားပွဲ တစ်လုံး မှာ ထိုင် နေ သည် ။ ပလပ်စတစ် ခြင်းဟောင်းလေး ကို စားပွဲပေါ် တင် ထားသည် ။ ခြင်း ထဲ မှ စာအုပ်တွေ ၊ စာရွက်စာတမ်းတွေ ထိုးထိုးထောင်ထောင် နှင့် ... ။ စားပွဲထိုးကောင်လေး က ဓာတ်ဘူးသေးသေး တစ်လုံး နှင့် ပါဆယ်ထုပ် ထားသော မုန့်ထုပ်လေး ကို ထို မိန်းမ အား လာ ပေးသည် ။

“ ဆယ့်ရှစ်ကျပ် ကျ ပါတယ် ဆရာမ ”

ထို မိန်းမ က ဓာတ်ဘူး နှင့် မုန့် ကို သူမ ၏ ခြင်းတောင်း ထဲ သို့ စနစ် တကျ ထည့် နေစဉ် ...

“ လစ်ပတန်တီး ရမလားဟေ့ ”

ယမုံ က ထို မိန်းမ နှင့် အနီးဆုံး မျက်နှာချင်းဆိုင် စားပွဲ မှာ ဝင် ထိုင် ရင်း မေး လိုက်သည် ။ ယမုံ့ အသံ ကြောင့် ထို မိန်းမ အနီး  က စားပွဲထိုး လေး “ ပျာ ”  သွားသည် ။

“ လစ်ပတန်တီး မရှိပါဘူး မမ ၊ ရိုးရိုး လက်ဖက်ရည် ရှယ် ရပါ တယ် ”

ကောင်လေး က ရိုကျိုးစွာ ဖြေသည် ။ ဆိုင်တွင်း မှ လူအားလုံး ၏ အကြည့် နှင့် အာရုံ က ယမုံ ထံ စုပြုံ ကျလာသည် ။ ယမုံ လို ချင်တာ ဒါပဲ ဖြစ်သည် ။ ဟို မိန်းမ သာ ယမုံ ကို ကြည့် နေလျှင် သေသပ်လှပသော ၊ မြင့်မားသော ဂုဏ်သရေ ရှိသော မိန်းမ တစ်ယောက် ကို အထင် ကြီးစွာ တွေ့မြင်ရပေလိမ့်မည် ။

“ တော်ပြီကွယ် ၊ ထရစ်ပယ်ဖိုက် တစ်ဘူးပဲ ပေးတော့ ”

ယမုံ က အဖိုးတန် လက်ပွေ့အိတ် ထဲ မှ ငါးရာတန် အုပ် ကို မလို အပ်ဘဲ ထုတ် ပြီးမှ ထို အုတ် ထဲ မှ ငါးရာတန် တစ်ရွက် ဆွဲ ထုတ် ပေးလိုက် သည် ။ ယမုံ ဆိုတာ ပေါ့ကက်မန်းနီး တောင် ငါးရာတန် အုပ် လိုက် ထုတ် ကိုင် သုံးတဲ့ မိန်းမ ဆိုတာ သိပြီ မဟုတ်လား ။

ဟို မိန်းမ ကတော့ သူမ ၏ ကချင်ရိုးရာ ပိုက်ဆံ အိတ် တွန့်ကြေ ကြေလေး ထဲမှ လက်ဖက်ရည်ဖိုး ငွေ တစ်ဆယ့်ရှစ်ကျပ် ကို ခဲခဲယဉ်းယဉ်း ထုတ် ယူနေသည် ။ အိတ်ထဲ က စက္ကူစုတ်တွေ ကြား မှာ အတော် ရှာ နေ ရဟန် တူသည် ။

“ ပိုက်ဆံ ထားခဲ့ပြီ ဟေ့ ”

ဆယ့်ငါးကျပ်တန် တစ်ရွက် နှင့် ကျပ်တန် သုံးရွက် ကို စားပွဲပေါ် မှာ တင် ထားခဲ့ပြီး သူမ ၏ ခြင်း ကို ဆွဲကာ ထွက် သွားသည် ။ သူမ ၏ အသံက ဆရာမ ပီပီ စီးစီးပိုင်ပိုင် ဖြစ်သည် ။ ထို မိန်းမ စက်ဘီးစုတ်လေး နှင့် ထွက် သွားတာကို မြင်ကွင်း မှ ပျောက်ကွယ်သည် အထိ ယမုံ ငေးကြည့်နေမိသည် ။ 

ကားပေါ်မှာ ထိုင်ရင်း စီးကရက်ဘူးသစ် မှ စီးကရက်တစ်လိပ် ကို မီးညှိ ဖွာရှိုက်ရင်း ကျေနပ်နှစ်သိမ့်မှု အရသာ ကို တစိမ့်စိမ့် ခံစားရတာ  ၊ မည်သည့် အရသာနှင့်မှ မတူပါချေ ။

“ အီးဗနင်းဒရိုက် ( evening drive ) ဟေ့ ”

ကိုကို က ပြောတော့ ယမုံ အလှ ပြင်ပြီးပြီ ။ ထမင်းစား ပြီး ညနေပိုင်း ယမုံ နှင့် ကိုကို ကား လျှောက် မောင်းတတ်သည် ။ ထိုအချိန်မှာ ကိုကို က ကား မောင်းပြီး ယမုံ က ဘေး မှာ ခပ်မြိန့်မြိန့်လေး ထိုင်ကာ လိုက်ပါရင်း မိမိ ဘဝ ကို ကျေနပ် ရပြန်သည် ။ ပြည့်စုံကြွယ်ဝသော ဂုဏ်သရေရှိ ယောက်ျား တစ်ယောက် ရ ထားခြင်း ( သို့ ) ရအောင် ယူ ထားနိုင်ခြင်း နှင့် အတူ မျှော်မှန်းတောင့်တခဲ့ဖူးသော ဘဝ လှလှ ကို ပိုင်ဆိုင်ရခြင်း တို့ အတွက် ကျေနပ်မှု အထွတ်အထိပ် မှာ ရှိနေသည် ။ ကိုကို က ယမုံ့ ထက် အသက် အနည်းငယ် ကြီး နေခြင်း ကလည်း ယမုံ ဆိုး နွဲ့ နိုင်ရန် အခွင့် အရေး တစ်ရပ်ပင် ။

“ စီးကရက် ကုန် နေပြီကွာ ” 

ကိုကို က စတိုးဆိုင် ရှေ့ မှာ ကား ရပ် ၊ ညည်းတွားပြီး ဆင်း သွားသည် ။ စီးကရက် ဝယ်ရင်း ဆိုင်ရှင် နှင့် စကား ပြောနေတာ အတော် ကြာသည် ။ ယမုံ က စိတ် မရှည်နိုင်တော့ သလို ကားဟွန်း နှစ်ချက် ဆင့် တီး လေမှ ဒရောသောပါး ပြန် လာသည် ။ 

“ ကိုကို့ မိတ်ဆွေ တစ်ယောက် အကြောင်း စုံစမ်းနေလို့ပါကွာ ၊ သူတို့ က အရင် အိမ် မှာ မရှိတော့ဘူး ။ မြို့သစ် ကို ပြောင်း သွားတာပဲ ”

ကိုကို က ရှင်းပြသည် ။ “ ယောက်ျား မိတ်ဆွေ လား မိန်းမ မိတ်ဆွေ လား ကိုကို ”

“ ယောက်ျား မိတ်ဆွေ ပါ ယမုံလေး ရဲ့ ။ တက္ကသိုလ် တုန်း က သိပ် ခင်ကြတဲ့ သူငယ်ချင်း ပေါ့ ။ ကိုစိုးထိုက် တဲ့ ။ ကျောင်းပိတ်ရက်တွေ မှာ သူ့ အိမ် ကို ခဏခဏ အလည် လိုက်ဖူးတယ် ။ ဒီ ကောင်ကြီး နဲ့ ကျောင်း ပြီးသွား ကတည်း က ကွဲသွားတာ ခုထိပဲ ။ မြို့သစ်ဘက် ကားမောင်း ရင်း စုံစမ်းရအောင် ”

မြို့သစ် မှာ အသစ် ချပေးထားသော ရပ်ကွက် ပီသစွာ ခြံ ကျယ်သည် ။ အကွက် လှသည် ။ လူနေအိမ် ကျိုးတိုးကျဲတဲ ရှိသည် ။ အိမ်ငယ်လေးတွေ များသည် ။ တိုက်သစ်လေး တစ်လုံးစ နှစ်လုံးစ က ထို အိမ်ငယ်လေးတွေ ကြား မှ ခေါင်းပြူထွက်နေသည် ။ 

တစ်လမ်းဝင် တစ်လမ်းထွက် မေးမြန်း စုံစမ်းရင်း သွပ်မိုးပျဉ်ထောင် နှစ်အိမ် ရှေ့တွင် ကား ရပ်သည် ။ အိမ်အောက် မှာ အသက် ခုနှစ်ဆယ် အရွယ် အဘွားအို တစ်ယောက် ထိုင် နေသည် ။

“ ဦးဘိုးဘ ၊ ဒေါ်မြရီ သား ကိုစိုးထိုက် တို့ အိမ်လား ခင်ဗျာ ”

ကိုကို က ကားပေါ် မှ ဆင်းပြီး သိမ်မွေ့စွာ မေးတော့ အဘွားကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။ ကိုကို့ ကို ဇဝေဇဝါ ကြည့်ရင်း စဉ်းစား နေစဉ် ...

“ အစ်ကိုမောင် ”

ခေါ်သံ နှင့် အတူ အိမ် ဘေး မှ မိန်းမ တစ်ယောက် ထွက် လာသည် ။ ဘုရား ရေ .. ။ မျက်နှာကျော တင်း တဲ့ ဟို မိန်းမ ပါလား ။ ထူးဆန်းသော တိုင်ဆိုင်မှု အတွက် ယမုံ အံ့အား သင့်သွားသည် ။ မိန်းမ က သူမ ၏ ရှည်လျားသော ဆံပင် ကို ပလတ်စတစ်ဘီးစိမ်းစိမ်း ဖြင့် ရစ်ပတ်ထား သည် ။ သနပ်ခါး ရေကျဲ က လတ်ဆတ် နေသည် ။ အိမ်နေရင်း ဝတ်သော ဘလောက်စ်အင်္ကျီ နှင့် ထဘီအဆင် နှင့် ဆိုတော့ နုပျိုသွားသလိုပင် ။ ရင့်ကျက်မှု ကြား မှ စွန်း ထွက်လာသော နုပျိုမှုပင် ။

“ အမေ ၊ အစ်ကို့ သူငယ်ချင်း ကိုမောင်မောင်တင် လေ ” 

ထို မိန်းမ က သူ့ အမေ ကို ပြော ပြသည် ။ သုံးယောက် သား နွေးထွေး သော ဆုံဆည်းမှု အတွက် ဝမ်းသာအားရ နှုတ်ဆက်ကြသည် ။

အမေ နေကောင်းလား ။ စိုးထိုက်ကြီး ဘယ်ရောက်နေလဲ ။ အဖေ ဆုံးတာ သုံးနှစ် လောက် ရှိပြီ စသည့်ဖြင့် ဆူဆူညံသွားတာ ယမုံ့ ကို ပင် မေ့ နေကြသည်ထင့် ။

“ ညည်း က အပျိုကြီး ဖြစ် နေပါလား ပူစူးမ ရဲ့ ။ ငါ ရောက် ကတည်း က ညည်းတို့ ကို စုံစမ်းနေတာ ။ ညည်းတို့ ရပ်ကွက် က မီး ထဲ ပါ သွားပြီး ညည်းတို့ ကလည်း အိမ် ပြောင်း သွားပြီ ဆိုတော့ စုံစမ်း မရဘဲ ဖြစ်နေတာ ။ ညည်း ကို ငါ့ အမျိုးသမီး နဲ့ မိတ်ဆက် ပေးရဦးမယ် ”  

ခုမှ ကိုကို က ယမုံ့ ကို သတိတရ ခေါ်သည် ။ ယမုံ စိတ် မပါစွာ ကားပေါ် မှ ဆင်းသည် ။ ကိုကို မိတ်ဆက် ပေးတော့ ထို မိန်းမ က ယမုံ့ ကို တစ်ချက် ပဲ ကြည့်သည် ။ ထို အကြည့်လေး တစ်ချက် က ယမုံ့ ကို စိတ် အနှောင့်အယှက် ဖြစ်စေပြန်သည် ။ 

“ အစ်ကို က ကျောင်း ပြီး ကတည်းက စစ်ထဲ ဝင်သွားတာ အခု နယ်ဘက် မှာ တာဝန် ကျနေတယ် ။ ဒု/တပ်ရင်းမှူး အဆင့်နဲ့ ပေါ့ ။ ပူစူး က အစ်ကိုမောင့် ရုံး နဲ့ မျက်နှာချင်းဆိုင် အ - မ - က ကျောင်း မှာ ကျောင်းအုပ် လုပ်နေတယ် ။ အစ်ကိုမောင် ရောက် နေတာ ပူစူး သိပါ တယ် ။ မမမေ ကလည်း စာ ကြို ရေးလိုက်တယ်လေ ။ မမမေ ညီမ သဇင် က ပူစူး တီတီစီ တက် တုန်း က ဆုံတာ ။ သိပ် ခင်ကြတာပေါ့ ”

မမမေ ဆိုတာ က ကိုကို့ မယားကြီး ။ သဇင် ဆို တာ ကိုကို့ ခယ်မ ဟောင်း ဆိုတာ ယမုံ သိ နှင့် နေပြီးသားပင် ။ ကမ္ဘာကြီး ရယ် ကျဉ်း လိုက် တာ ။ ယမုံ အသက် ရှူ ကျပ်သွားသည် ။ ဒါပေမယ့် .. ။ ဒါပေမယ့် လေ ... ။ ကိုကို့ လို အရာရှိကြီး ရဲ့ တရားဝင် ဇနီး မယား ဖြစ်ဖို့ ၊ ဂုဏ်တွေ ရွှေငွေရတနာတွေ ဆင့်ကာ ဆင့်ကာဖြင့် ပြည့်စုံလွန်းသော ဘဝ ကို ခံစား နိုင်ဖို့ ယမုံ ဘယ်လောက် တိုက်ခိုက် စွန့်စား ခဲ့ရသလဲ ။ အခွင့် အရေး ရလျှင် မိန်းမ များစွာလည်း မက်မောစွာ စွန့်စား ကြမှာပဲ ။

အသက်ပြင်းပြင်း ရှူရှိုက်သံ နှင့် အတူ ယမုံ ခေါင်း မော့ ရင် ကော့ သွားသည် ။

“ အစ်ကို မောင် ရုံး လာရင် ပူစူးမ မြင် သားပဲ ။ ဒါပေမယ့် .. ” 

မိန်းမ က ပြောရင်း ရပ် ထားပြန်သည် ။ နောက်မှ ဆက် ပြီး

“ အခု မြို့ထဲ က ကျောင်းသားလေး တစ်ယောက် နေ မကောင်းတာ သွား မေးမလို့ ။ နည်းနည်း နောက်ကျရင် အစ်ကိုမောင် လာတာ နဲ့ လွဲဦးမှာ ”

“ ဒါဆို အတော်ပဲ ။ အစ်ကိုမောင် လိုက် ပို့ပေးမယ် ။ ပြီးတော့ အိမ် အလည် လိုက်ခဲ့လေ ။ ပြန် ပို့ ပေးမှာပေါ့ ”

“ နေပါစေ အစ်ကိုမောင် ရယ် ၊ ပူစူး ဘာသာ စက်ဘီး နဲ့ သွားပါ မယ် ။ အစ်ကိုမောင့် အိမ် နေရာ လည်း သိပြီပဲ ။ ပူစူး အားရင် လာ လည် ပါ့မယ် ။ အစ်ကို့ ကားကြီး အသွား အပြန် လိုက် စီးရမှာ သက်သာပေ မယ့် ပူစူး ကိုယ့်အား ကိုယ်ကိုး ပြီး စက်ဘီး ပဲ စီး ချင်တယ် ။ သူများ ကား ကြီး စီးပြီး အားနာစရာ လည်း မလိုဘူး ။ အားကျစရာ လည်း မလိုတော့ဘူးလေ ”

ကိုကို က ပူစူးမခေါင်း ကို မနာအောင် ခေါက်ပြီး တဟားဟား ရယ် မောနေသည် ။ ယမုံ့ ရင် ထဲ မှာ ကျင်ခနဲ စစ်ခနဲ ကိုက်ခဲ ရပြန်သည် ။

ကိုကို နှင့် ယမုံ ပြန်ရန် ပြင်တော့ ပူစူး က ကား နား လိုက် ပို့သည် ။ “ နောက်လည်း လာလည်နော် ” ဟု ပြောရင်း ယမုံ့ ထံ အကြည့် စူးစူး တစ်ချက် လွှတ် လိုက်ပြန်သည် ။ သူမ ၏ အကြည့်ကို ယမုံ နားလည် သလို ရှုပ်ထွေး နောက်ကျိ သွားပြန်သည် ။

ရပ်ကွက်လေး မှ အထွက် လမ်းမကျယ် ပေါ် ရောက်မှ လေပြည် လေညင်း အရသာ ခံစားရင်း စိတ် နောက်ကျိ ညစ်ထွေးမှုတွေ ကြည်လင် စေ ရသည် ။ အားကျစွာ ၊ အထင်ကြီးစွာ ငေးမော ကြည့်ရှု သွားကြသော မျက်လုံးများ ထဲ မှာ နစ်မျော မက်မောရင်း ကိုကို့ ပခုံးတစ်ဖက်စွန်း မှာ ခေါင်း မှီရင်း လိုက် ပါလာသော ယမုံ့ မျက်နှာလေးမှာ ကြည် တစ်လှည့် ၊ မှုန် တစ်လှည့် သို့ သာတည်း ။

◾   သျှီ ( အင်ကြင်း )

📖  မဟေသီ မဂ္ဂဇင်း
       ၁၉၉၈ ၊ ဇွန်လ

www.facebook.com/aung.naingoo.3726613

.

Monday, May 30, 2022

ကိုယ်တွေ့ ကြုံမှ ယုံမှာလား

❝ ကိုယ်တွေ့  ကြုံမှ ယုံမှာလား ❞

“ ဟယ် , သူငယ်ချင်း မြင့်မြင့် ၊ နင် ဘယ်တုံးက ရောက် နေတာလဲ ၊ ငါ ဝမ်းသာလိုက်တာ ဟယ် ... လာ ... လာ ... အထဲ ဝင် ”

မခင်စောဦး သည် အိမ်ရှေ့ဧည့်ခန်း ၌ စက်ချုပ် နေရာ မှ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သူ ခင်မြင့်မြင့် ရောက်လာသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည် ။

“ ထိုင် သူငယ်ချင်း ၊ ဟောဒီမှာ ရေနွေး သောက် လိုက်ဦး ၊ နင် ဒီရွာ ကို ဘယ်တုံးက ရောက် နေတာလဲ ၊ ခွင့် နဲ့ လာတာလား ၊ အလည် သက်သက်ပဲလား ၊ တာဝန် နဲ့ လား ”

“ အမလေး , ခင်စော ရယ် ၊ ဖြည်းဖြည်း မေးပါဟာ ၊ မောနေပါဦးမယ် ၊ နင် ကတော့ ငယ်ငယ် က အကျင့် ကို မဖျောက်နိုင်သေးဘူး ၊ အမြဲတမ်းပျာယာခတ် နေတုန်းပဲ ”

“ အို ... အဲဒါကတော့ ငါ့အကျင့် ၊ ငါ့ ဗီဇပေါ့ဟာ ၊ ကဲ , ပြော အေးအေးဆေး ဆေးပဲလား ”

မခင်စောဦး နှင့် မခင်မြင့် တို့ မှာ တစ်ရွာတည်း နေ ၊ တစ်ရေတည်း သောက် ခဲ့ ကြ သည့် ကျောင်းနေဖက် သူငယ်ချင်းများ ထဲတွင် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြ သည် ။ မခင်မြင့်မြင့် က ( ၁၀ ) တန်း အောင်ပြီး နောက် မိဘများ နှင့် အတူ ရန်ကုန် သို့ ပြောင်းရွှေ့သွားသည် ။ မခင်စောဦး မှာ မူ ( ၁၀ ) တန်း ကို ( ခ ) ဖြင့် အောင်မြင်ပြီး ကျေးရွာ သမဝါယမ ၌ အရောင်းစာရေးမ အဖြစ် ဝင်ရောက် လုပ်ကိုင်နေခဲ့သည် ။ ရွာကျောင်း မှ မူလတန်းပြဆရာ တစ်ယောက် နှင့် အိမ်ထောင် ကျပြီး ကလေး တစ်ယောက် ရရှိပြီး ချိန် တွင် သမဝါယမစာရေး အလုပ် မှ နှုတ်ထွက်၍ အိမ် ဆိုင် ဖွင့် ထားရင်း  ကိုယ်ပိုင် စက်ချုပ်လုပ်ငန်း ကို လုပ်ကိုင်နေခဲ့သည် ။ တစ်ဖက်မှာလည်း အိမ်နောက် ခြံ ထဲရှိ မြေကွက်လပ် တွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုး၍ ပိုလျှံသည်များ ကို ရောင်းချခြင်း ဖြင့် စီးပွားရေး ချောင်လည် နေခဲ့သည် ။

သူငယ်ချင်း မခင်မြင့်မြင့် မှာ ရန်ကုန် သို့ ပြောင်းရွှေ့သွားပြီးသည့် နောက် ရန်ကုန်တက္ကသိုလ် မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည် ။ ကွန်ပျူတာသင်တန်းများ ကို တစ်ဆင့် ပြီးတစ်ဆင့် တက်ပြီး မှ အစိုးရဌာန တစ်ခု တွင် အလုပ် ဝင်ခဲ့သည် ။ နောက်ပိုင်း၌ စစ်ဗိုလ်တစ်ဦး နှင့် အိမ်ထောင် ကျပြီး သားသမီးများ ရရှိနေပြီ ဖြစ်ကြောင်း စာအဆက် အသွယ် အရ သိရှိခဲ့ရသည် ။ နောက်ပိုင်း၌ အဆက်အသွယ် ပြတ်သွားခဲ့ကြသည် ။ လူချင်း မတွေ့ဖြစ်ခဲ့ကြသည် မှာ နှစ်၂၀ နီးပါး ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။

“ ဒီလိုဟ ၊ ငါ့ အမျိုးသား က လုပ်ငန်းတာဝန် တစ်ခု နဲ့ ဒီ နယ် ဘက် ကို လာ ရလို့ ငါ လည်း ခွင့်ယူပြီး လိုက်လာခဲ့တယ် ။ ကိုယ့်ဒေသ ကို သတိ ရလို့ပေါ့ဟာ ၊ အထူးသဖြင့် နင့် ကို ပေါ့ ၊ နင့် ကို ငါ တကယ် သတိရတယ် ဟာ သိလား ”

“ တော်စမ်းပါ မြင့်မြင့် ရာ ၊ မြို့ကြီးသူ လေသံမျိုး နဲ့ ချွဲ မနေစမ်းပါနဲ့ ၊ ဒီလိုသာ သတိ ရနေခဲ့ရင် အခုမှ ဘာဖြစ်လို့ လာ ရတာလဲလို့ ၊ ကဲ ပြောပါအုံး ”

နှစ်ပေါင်း၂၀ နီးပါး ကွဲကွာခဲ့ကြသော သူငယ်ချင်း နှစ်ယောက် တွေ့တုန်း တွေ့ခိုက် လွတ်လွတ်လပ်လပ် ပြောကြ ဆိုကြ ၊ အလွမ်းသယ်ကြ နှင့် အချိန် ကုန်ခဲ့ ကြသည် ။

“ ဟဲ့ .. နေစမ်းပါဦး မြင့်မြင့် ရယ် ၊ နင် ဒီလောက်တောင် ဘာဖြစ်လို့ ဝ နေရ တာလဲ ဟာ ၊ ကြည့်စမ်းပါဦး ၊ ဗိုက်ခေါက် ထူပြီး ဝက်မကြီး ကျနေတာပဲ ၊ ကြည့်စမ်း ဟီး .. ဟီး .. ဟီး ”

“ ဪ , ဒါကတော့ ခင်စောရယ် ၊ ငါတို့ မိန်းမတွေ ဆိုတာကတော့ အသက်ကလေး ရလာလေလေ ဗိုက်ခေါက် ထူလာလေပေါ့ ဟာ ၊ဒါ သဘာဝ ပဲ ၊ နင့် မှာ သာ စီးပွါးရေး သောင်းကျန်းနေလို့ အညောင်း မိပြီး ပိန်နေ တာ ဖြစ်မှာပါ ဟာ ၊ ကြည့်လည်း လုပ်အုံးနော် ခင်စော ၊ နင် က , မ စားရက် မသောက်ရက် ဘဲ ရှာဖွေ စုဆောင်းခဲ့သမျှ ညီမလေး အတွက် ဖြစ်သွားမယ်နော် ၊ ဟဲ .. ဟဲ .. ဟဲ .. အဲ ... ဒါထက် နင့် ယောကျာ်း နဲ့ ကလေးတွေ မမြင်ပါလား ”

မခင်မြင့်မြင့် က တစ်အိမ်လုံး ကို အကဲခတ် စောင်းငဲ့ ကြည့်လိုက်ပြီး မေး လိုက်သည် ။

“ သမီးအကြီး နဲ့ သူ့ အဖေ ကတော့ ကျောင်း သွား ကြတယ်လေဟာ ၊ အငယ် ကောင် ကတော့ အခန်းထဲ မှာ အိပ်နေတယ် ၊ ညနေ ကျောင်းဆင်းတဲ့ အထိတော့ နေဦးပေါ့ ဟာ ၊ အချိန် ရရင်ညနေစာ ကို အိမ် မှာ စားပေါ့ ၊ ရောက်တုန်းရောက်ခိုက် အေးအေး ဆေးဆေးပေါ့ဟာ ၊ ဩော် , မြင့်မြင့် ခဏနော် ၊ ငါ နောက်ဖေး မှာ ပြောင်းဖူး ပြုတ်ထား တာ ရှိတယ် ၊ ခဏ ထိုင်ဦးနော်သူငယ်ချင်း ”

မခင်စောဦး က ပြောလက်စ စကား ကို ဖြတ်ထားခဲ့ပြီးနောက် မီးဖိုချောင် ဘက် သို့ ပြေး ဝင်သွားသည် ။ မခင်မြင့်မြင့် တစ်ဦး သာ ဧည့်ခန်းတွင် ကျန်နေရစ် ခဲ့သည် ။ အိမ်ရှေ့ခန်း တွင်လည်း အပ်ချုပ်စက် နှင့် ချုပ်လက်စ အဝတ်အထည်များ ဖြတ်စညှပ်စများ ... ကလေးကစားစရာများ မှ အစ ပြန့်ကြဲရှုပ်ထွေး နေသည် ။ အိမ်ရှေ့ခန်း တွင် လည်း ကုန်စုံဆိုင်မှ အရောင်းပစ္စည်းများ ၊ အာလူး ၊ ကြက်သွန် ၊ ဆပ်ပြာနှင့် အိမ်သုံးပစ္စည်းများ ၊ မုန့်ပဲသရေစာများ အပြင် မီးဖိုချောင်သုံး ပစ္စည်းများ ဖြင့် ရှုပ်ပွနေသည် ။ သည်လို မြင်ကွင်းကို ကြည့် လိုက်ရုံဖြင့် သူငယ်ချင်း ခင်စောဦး ၏ စီးပွါးရေး ခြေလှမ်းကျဲနေမှု ကို သတိ ပြုလိုက်မိသည် ။

“ ကဲ , သူငယ်ချင်း ၊ ပြောင်းဖူးပြုတ် ပူပူလေး စားလိုက်ပါဦး ၊ ဒါ ကိုယ့် ခြံ က ထွက်တဲ့ ပြောင်းဖူးတွေ ပဲ ၊ သိပ် ချို တာပဲဟ ၊ စားကြည့်ပါဦး ”

မခင်စောဦး က ပြောင်းဖူးပြုတ်လေးငါးဖူး ကို ကြွေရည်သုတ် သံလင်ဗန်း တစ်ချပ် တွင် ထည့်၍ လာ ချပေးသည် ။

“ ဪ ရပါတယ် သူငယ်ချင်းရယ် ၊ နင့် ကလေးတွေ စားဖို့ ထား လိုက်ပါဟယ် ”

“ အိုး , စားသာ စားစမ်းပါ ဟာ ၊ ဝယ်ရတာ မဟုတ်ပါဘူး ၊ အိမ်နောက် ဘက် မှာ ငါ ကိုယ်တိုင် စိုက် ထားတာ ဟ ၊ နင် ပြန် ရင်ထည့် ပေးလိုက်ဦးမယ် ”

“ အမလေး တော်ပါတော့ ခင်စော ရယ် ၊ ဒါတွေကို ငါ မသယ်နိုင်ပါဘူး ဟာ ၊ နင့် ဈေးဆိုင် မှာသာ တင် ရောင်းပစ်လိုက်စမ်းပါ ၊ ဟောဟိုမှာ နင့် သားလေး နိုးလာ ပြီဟ ၊ ဒီကောင် ဘယ်နှနှစ် ရ သွားပြီလဲ ၊ ကဲ .. ကဲ အန်တီ့ ဆီ လာပါဦးကွ ၊ အန်တီ ပြောင်းဖူး ပေးပါ့မယ် ”

သူငယ်ချင်း နှစ်ယောက်သား စကား ပြော နေကြစဉ်မှာပင် သားသားလေး အိပ်ရာမှ နိုးလာပြီး မိခင် ရင်ခွင်ထဲ သို့ ဝင်ထိုင်လိုက်သည် ။ မိခင် က ပြောင်းဖူး တစ်ပိုင်း ချိုးဖဲ့ပေးလိုက်သဖြင့် ငြိမ်သက်စွာထိုင် စားနေလိုက်သည် ။

“ သားသားလေး က သုံးနှစ် ရှိပြီ ၊ အကြီးမ က ကိုးနှစ် ထဲ မှာရောက်နေပြီ ၊ ဒီနှစ် လေးတန်းပေါ့ ဟာ ၊ သူတို့လေးတွေ လိမ္မာကြပါတယ် ။ သူတို့ လိမ္မာကြလို့လည်း ငါ့ အလုပ် ကိုဖြောင့်ဖြောင့် လုပ် နိုင်တာပေါ့ ”

မခင်မြင့်မြင့် သည် မိခင် ရင်ခွင်ထက် တွင် ပြောင်းဖူး စားရင်းငြိမ်သက်စွာ ထိုင် နေသော သားငယ်ကလေး အား ဆွဲယူ ပွေ့ချီလိုက်သည် ။

“ အန်တီ့ ဆီ ကို လာစမ်းပါဦးကွ ၊ သားသားလေး က လူချောလေးပဲ ကြည့်စမ်း ၊ အသားကလည်း ဖြူဖွေးဥနေတာပဲ ကွာ ၊ ကြီးလာရင်တော့ မိန်းမ ဘယ်နှယောက် တောင် ရမလဲမသိဘူး ၊ ပြစမ်း ၊ အန်တီ လက္ခဏာ ကြည့်ဦးမယ် ၊  လက်ဖဝါးလေးတွေ က နု နေတာပဲ ”

မခင်မြင့်မြင့် က သားငယ်ကလေး ၏ လက်ဖဝါးနုကလေးများ ကို တယု  တယ ပွတ်သတ် ဖြန့် ကြည့်နေလိုက်ရာ -

“ ဟယ် ... ”

မခင်မြင့်မြင့် အလန့်တကြား အော် လိုက်စဉ် မခင်စောဦး ၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပျက်ယွင်းသွားသည် ။

“ ဒါ ... ဒါ့ ဘယ်လို ဖြစ်တာလဲ ခင်စော ရယ် ၊ ကြည့်စမ်းပါဦး ၊ ငါ စိတ်မကောင်း လိုက်တာဟယ် ၊ မှန်းစမ်း ... ဒီဘက် လက် ၊ ဟယ် ... နှစ်ဖက်စလုံးပါပဲလား ၊ ကဲ ... သူငယ်ချင်း ၊ ဒါ ... ဘယ်လို ဖြစ်တာလဲ ၊ ငါ့ ကို ပြောပြစမ်းပါဦးဟာ ၊ မွေးရာ ပါလား ၊ မွေးပြီး မှ ဖြစ်တာလား ၊ ကြည့်စမ်းပါဦး ၊ ငါ စိတ်မကောင်းလိုက်တာ ခင်စောရယ် ၊ တကယ်ပဲ ဟာ ”

မခင်မြင့်မြင့် က ကလေးငယ် ၏ လက်ဖဝါး နှစ်ဖက် ကို ဖြန့်ကြည့်ရင်း စိတ် မကောင်းဖြစ်နေသည် ။ ကလေးငယ် ၏ လက်ချောင်း ဆယ်ချောင်းစလုံး တွင် လက် တစ်ဆစ် စီ ပြတ်တောက်နေပြီး လက်သည်းခွံ များ မပါကြသဖြင့် လက်ထိပ်ဖျား ကလေးများ မှာ ပျော့စိစိ ဖြစ်နေသည် ။

“ ဟုတ်တယ် မြင့်မြင့် ရယ် ၊ သားလေး အတွက် ငါတော်တော် ခံစားခဲ့ရတယ် ၊ ငါ့ သားလေး ဘယ်လို ဝဋ်ကြွေးကြောင့် ဒီလို ခံစားနေရတယ် မသိတော့ပါဘူး သူငယ်ချင်း ရယ် ၊ သားသားလေး ခမျာ လက်ချောင်းကလေးတွေ တင် မကပါဘူး ၊ ခြေချောင်း ကလေး မှာ လည်း ဒီအတိုင်း ပဲဟာ ”

“ ဟယ် , ဟုတ်လား ၊ ပြစမ်းပါးဦး ၊ ဟယ် , ဟုတ်တာပေါ့ ဟာ ၊ အမလေး ခင်စော ရယ် ဘယ်လို ဖြစ်တာလဲ ဟာ ၊ နေစမ်းပါဦး ၊ နင် အိုင်အိုဒင်းဆား ကို မသုံးခဲ့ဘူး ထင်တယ်ဟာ ၊ အိုင်အိုဒင်းဆား ကို ကိုယ်ဝန် မဆောင်မီ မှာရော ကိုယ်ဝန်ဆောင် ထား တဲ့ အချိန်မှာပါ အမြဲ စား ရတယ် ၊ နင် မစားဘူး ထင်ပါတယ် ဟာ ”

မခင်စောဦး က မည်သို့မျှ တုံ့ပြန် ပြောဆိုမှု မပြုဘဲ သားသားလေး ကို သာ စိုက် ကြည့်ပြီး စိတ်မကောင်း ဖြစ်နေသည် ။ မျက်လုံးအိမ် မှ မျက်ရည်ဥ တို့ ယီးလေး ခို၍ စီးဆင်းလာကြသည် ။ ကျဆင်းလာသော မျက်ရည်များ ကို လက်ဖမိုးဖြင့်ပွတ်သုတ်ရင်း တုန်ရီနေသောအသံ ဖြင့် ပြော လိုက်သည် ။

“ အိုင်အိုဒင်းဆား ကြောင့် တော့ မဟုတ်ဘူးလို့ ထင်ပါတယ်ဟာ ၊ ငါ လည်း ကျန်းမာရေး ပညာပေးစာစောင်တွေ ကို ဖတ်ပါတယ် ၊ ကြားလည်း ကြားဖူးပါတယ် ၊ ဒါကြောင့် ငါ့ အိမ် မှာ အိုင်အိုးဒင်းဆား ကို ပဲ အမြဲစားသုံးတယ်ဟ ၊ ငါ့ သားကလေးခမျာ ဘယ်လို ဝဋ်ကြွေးကြောင့် ဒီလို ဖြစ်ရတာ ဆိုတာတော့ မတွေးတတ်တော့ပါဘူး သူငယ်ချင်း ရယ် ”

မခင်စောဦး က ခေါင်း ငုံ့ပြီး တရှုပ်ရှုပ်ဖြင့် ငိုနေသည် ။ မခင်မြင့်မြင့် က စိတ်မကောင်းစွာဖြင့် ကလေးငယ် ကို သာ ငေးစိုက် ကြည့်နေလိုက်သည် ။

“ အင်း - အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ သူငယ်ချင်း ရယ် ၊ သူ့ ဝဋ်ကြွေး ပါလို့ပဲ ပေါ့ ဟာ ၊ အေး ... ဒါပေမယ့် နင့်ကလေး ကြီးလာရင်သာ လူ့ အောက်တန်း မကျ ရအောင် မျက်နှာ မငယ်ရအောင် ပညာ ကို ထူးချွန်အောင် သင်ပေးရမှာပေါ့ဟာ ။ ကဲ ... ကဲ စိတ် မကောင်း ဖြစ်မနေပါနဲ့တော့ သူငယ်ချင်း ရယ် ၊ ကဲ , သားလေး ပြောင်းဖူး စားလို့ကောင်းရဲ့လား ၊ အန်တီ့ ကိုပေးစားပါဦးကွ ”

“ မြင့်မြင့် သူငယ်ချင်း ”

“ ဘာလဲ ခင်စော ၊ နင် ဘာ ပြောချင်လို့လဲ ဟင် ”

“ ဒီလို ဟ ၊ ငါ့ စိတ်ထဲ မှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေတာ ကြာပြီ ၊ နင် , ယုံမလားတော့ မသိဘူး ၊ ငါ့ အမျိုးသားကတော့ ယုံတယ် လို့ ပြောတယ် ၊ အဲဒါ ဇဝေဇဝါ ဖြစ် နေတယ်သူငယ်ချင်း ”

“ ဘာကိုလဲ ခင်စော ၊ ဘာကို မယုံတာလဲ ပြောလေဟာ ”

မခင်စောဦး က လမ်းဘက်သို့ ငေးကြောင်၍ ကြည့် နေသဖြင့် မခင်မြင့်မြင့် က သူ့ သူငယ်ချင်း အပေါ် အားမလို အားမရ ဖြစ်ပြီး ၊ မခင်စောဦးအား ကိုင်လှုပ် ပစ် လိုက်သည် ။

“ ပြောလေ ခင်စော ၊ နင် ဘာကို မယုံတာလဲ လို့ ”

“ ဒီလို ဟာ ဝဋ် ဆိုတာ တကယ် ရှိ ၊ မရှိ နဲ့ ၊ ရှိ ရင်လည်း နောက်ဘဝ မှာ မှ ခံရ တာမျိုးလား ၊ ဒီ ဘဝ မှာပဲ ခံစားရမှာလား ဆိုတာကို ငါ သိချင်နေတာကြာပြီ သူငယ်ချင်း ”

“ ဪ , ခင်စော ရယ် ၊ နင် လည်း ခေတ်ပညာတတ် လူငယ် တစ်ယောက် ပါဟာ ၊ စာတွေ ထဲ မှာလည်း ဖတ်ဖူးမှာပေါ့ ကြားလည်း ကြားဖူးမှာပေါ့ ၊ ငရဲ မှ အပ - ဝဋ် မှာ အမြဲ တဲ့ ၊ အင်း , ငရဲ ဆိုတာတော့ ကုသိုလ်ကောင်းမှု နဲ့ ပြန် ချေရင်တော့ ပေါ့ လျော့ချင် ပေါ့လျော့ သွားနိုင်ပေမယ့် ခံတော့ ခံရမှာပဲ ၊ အဲ , ဒါပေမယ့် ဝဋ် ဆိုတာ ကိုတော့ ဘယ်လိုမှချေဖျက်လို့ မရနိုင်ဘူး ဟာ ၊ တစ်နေ့နေ့ မှာတော့ ဝဋ်ကြွေး ကို ဆပ် ကို ဆပ်ရမှာပဲ ၊ ပြေးမလွတ်ဘူး ၊ ကိုယ် မကောင်းမှု လုပ်ခဲ့တဲ့ အတွက် တူသော အကျိုး ၊ တူသော အပြစ် ကို ခံကြရမယ်လေ ၊ ငါတို့ ဂေါတမ မြတ်စွာဘုရား ကိုယ်တော်မြတ် ကြီး တောင် မှ ပရိနိဗ္ဗာန် မဝင်မီ စပ်ကြား မှာ ဝဋ်ကြွေးတွေ အများကြီး ခံခဲ့ရသေးတာပဲ ၊ ပြီးတော့လည်း တန်ခိုးအရာ မှာ ဧတဒဂ်ဘွဲ့ ရ ထားတဲ့ ရဟန္တာ အရှင်မောဂ္ဂလန် ကိုယ်တော်ကြီး ဟာ ဟိုး နုစဉ်ဘဝ တုန်း က မိခင်အရင်း ကို ခိုးသားဓားပြ အယောင် ဆောင်ပြီး ကိုယ်တိုင် ရိုက်နှက်သတ်ပုတ်ခဲ့တဲ့ ဝဋ်ကြွေးကြောင့် တန်ခိုးကြီးမားတဲ့ ရဟန္တာ ဘဝ ကို ရောက်နေတာ တောင် မှ အဲဒီမကောင်းမှု ဝဋ်ကြွေး ကို တူသော ဝဋ်ကြွေး အဖြစ် ခိုးသားငါးရာ ဆီ မှာ အရိုက်အနှက် ခံခဲ့ရသေးတာပဲ ဟာ ၊ ဒါကြောင့် ဝဋ်ကြွေး ဆိုတာ အမှန်တကယ် ပြန်လည်ပေးဆပ်ရတာမျိုးပေါ့ ခင်စောရယ် ၊ ဒါနဲ့ နေပါဦး နင် က ဒီ ဝဋ်ကြွေး နဲ့ ဘယ်လို ပတ်သက်နေလို့ ဒီလောက် စိတ်ဝင်စား နေရတာလဲ ငါ့ ကို ပြောပြစမ်းပါဦး ”

မခင်မြင့်မြင့် က ဝဋ်ကြွေးအကြောင်း နှင့်ပတ်သက်၍ စိတ်ရှည်လက်ရှည် ရှင်းပြနေသည် ကို မခင်စောဦး က စိတ်ဝင်စားစွာဖြင့် ငြိမ်၍ နားထောင်နေသည် ။ မခင်မြင့်မြင့် စကား အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် မခင်စောဦး က ဝင် ပြော လိုက်သည် ။

“ ဒီလိုဆိုရင် ဟုတ်ပါပြီသူငယ်ချင်း ၊ ငါ , ယုံသွားပြီ ၊ အခု ငါ အမှန်တကယ် ဝဋ်ကြွေး ခံနေရတာပဲ ၊ ဒါပေမယ့် ငါ့ဝဋ်ကြွေး ကို ငါ့ သားလေး ခံနေရတာပဲ သူငယ်ချင်း ၊ ငါ ယုံသွားပြီ ”

မခင်စောဦး မှာ သားသားလေး ၏ ခြေထောက် နှစ်ဖက် ကို ဆုပ်ကိုင်ရင်း ငို ချလိုက်သည် ၊ မခင်မြင့်မြင့် က နားမလည်သည့် အမူအရာဖြင့် အော်ပြောလိုက်သည် ။

“ ဟဲ့ ခင်စော ၊ နင် က ဖြစ်ပြန်ပြီဟာ ၊ နင် ဘာ လုပ်မိခဲ့လို့ လဲ ၊ နင့် သားလေး က နင့် အစား ဝဋ်ကြွေး ခံရတယ် ဆိုတာ ဘယ်လိုကြောင့်လဲ ၊ ငါ့ ကိုပြောပြပါဦး ဟာ ”

“ သူငယ်ချင်း ၊ ငါ ... ငါ လေ , သိပ် မှားခဲ့တယ် သူငယ်ချင်းရယ် ငါ , စိတ်လိုက် မာန်ပါ နဲ့ မဆင်မခြင် လုပ်ခဲ့မိတဲ့ ဝဋ်ကြွေးကိုပါ ၊ အခု ပြန် ခံနေရတယ် ဆိုတာ ၊ ငါ ယုံကြည်လိုက်ပြီ သူငယ်ချင်း ၊ သူငယ်ချင်း ကို ငါ ပြောပြမယ် ၊ ဟိုး ... လွန်ခဲ့တဲ့ လေးငါးနှစ် လောက် က ပေါ့ ”

•••••   •••••   •••••

“ မေမေကြီး .. မေမေကြီး ”

“ ဘာလဲ သမီးလေး ”

“  ခြံ ထဲ မှာ ကြက်တွေအများကြီး ၊ သမီးတို့ စိုက်ထားတဲ့ အပင်တွေ အားလုံး ကျိုးသွားပြီ ၊ မေမေကြီး လာကြည့် လာကြည့် ”

“ ဟင် ၊ ဒီ ကြက်နာတွေ ... ရောက် နေကြပြန်ပြီလား ”

မခင်စောဦး မှာ အပ်ထည်အင်္ကျီများ အရေးကြီးနေသဖြင့် စက်ခုံပေါ်မှ မထနိုင် ။ အပ်ထည်များ မှာ ယနေ့ အပြီးချုပ်ပေးရမည် ဖြစ်၍ နေ့လယ်စာ ထမင်း ကိုပင် မစားနိုင်သေးဘဲ ၊ ကြိုးကြိုးစားစားချုပ် နေရသည် ။ အိမ်မှုကိစ္စ မှန်သမျှကိုလည်း အလျဉ်မီအောင် လုပ်ဆောင်ရသည် ။ စက်ချုပ်လုပ်ငန်း ၊ အိမ်ဆိုင်လုပ်ငန်း ၊ အိမ် နောက်ဖေးစိုက်ပျိုးရေးလုပ်ငန်း နှင့် အိမ်မှုကိစ္စ ၊ စားသောက်ရေးကိစ္စမှ အစ အချိန်နှင့် တစ်ပြေးညီ အပြေးအလွှား လုပ်ကိုင်နေရသဖြင့် တစ်ယောက်တည်း အလွန် ပင်ပန်း လှသည် ။ ထို့ကြောင့်လည်း မခင်စောဦး တစ်ယောက် အမြဲလိုလို စိတ် တိုနေတတ် သည် ။

ယခုလည်း ထွေထွေပြားပြား အလုပ် မအားရသည့် ကြားထဲ ၊ နောက်ဖေးစိုက်ခင်း သို့ ကြက်မတစ်အုပ် ရောက်နေပြန်ပြီ ဖြစ်ကြောင်း သမီးလေး က လာ ပြောသဖြင့် ဒေါသ မထိန်းနိုင်တော့ဘဲ ၊ စက်ခုံ ပေါ် မှ ဝုန်းခနဲ ထ လိုက်ပြီး ၊ နောက်ဖေး စိုက်ပျိုးရေး ခြံဘက် သို့ အပြေး ဆင်း လိုက်သည် ။ မခင်စောဦး သည် စိုက်ခင်းထဲ ၌ ကြက်မတစ်အုပ် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည် ကို မြင် လိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါသ ကို ချုပ်တည်း မထားနိုင်တော့ဘဲ နီးရာ ထင်းခြမ်းချောင်း ကို ကောက်ယူ၍ တအားကုန် ပစ်ပေါက်လိုက်သည် ။

“  ကောက်ကောက် .. ကတောက် ကတောက် .. ကတော်ကတော် .. ကျလိကျလိ"

ကြက်မိသားစု ၏ အော်ဟစ်သံ ၊ မခင်စောဦး ၏ အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံ တို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံသွားသည် ။

မခင်စောဦး ပစ်ပေါက်လိုက်သော သစ်သားချောင်း ကြောင့် လသား အရွယ် ကြက်ငယ် တစ်ကောင် ကို ထိမှန်ပြီး လဲကျနေခဲ့သည် ။ ကြက်ကလေး မှာ တောင်ပံတဖျပ်ဖျပ် ဖြင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည် ။ မခင်စောဦး ၏ ဒေါသ မှာ မပြေ ပျောက်နိုင်သေးဘဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ကြက်ငယ်ကလေး ၏ ခြေထောက် တစ်ဖက် ကို ဆွဲကောက်ကိုင်မြှောက်၍  ခြံအပြင် ဘက် သို့ လွှင့်ပစ်လိုက်သည် ။ ထို့နောက် ပျက်စီးသွားသော ဘူးပင် ၊ ခရမ်းပင် ၊ သခွါးပင် ၊ ငရုတ်ပင် ၊ ပန်းပင် စသည် များကို ပြန်လည် ပြုပြင်ပေးရင်း ၊ ပါးစပ်မှ လည်း ဗျစ်တောက်ဗျစ်တောက် ဖြင့် ဆဲဆို ကြိမ်းမောင်းနေလိုက်သည် ။

“ ဟေး ... ကြက်ပိုင်ရှင်တွေ ၊ ကိုယ့်ကြက် ကို နိုင်အောင် ထိန်းထားကြဦးဟေ့ ၊ အပင်ပန်းခံပြီးစိုက်ပျိုးထားတဲ့ ငါ့ အပင်တွေအကုန်လုံး ပျက်စီးကုန်ပြီ ၊ ဒီတစ်ခါ ကိုယ့် ကြက် ကို နိုင်အောင်မထိန်းနိုင်လို့ ကတော့ ၊ ငါ့ ကို အပြစ် မဆိုကြနဲ့ ၊ ဒါနောက်ဆုံးပဲ ”

မခင်စောဦး မှာ သူ စိုက်ပျိုးထားသော အပင်များ ပြိုလဲပျက်စီးသွားကြသဖြင့် ကြက်ပိုင်ရှင်များ ကြား နိုင်လောက်အောင် အော်ဟစ်ပြောဆိုကြိမ်းမောင်းကာ အိမ်ပေါ် သို့ပြန် တက်လာခဲ့ပြီး စက်ခုံ တွင် ထိုင်၍ စက်ချုပ် နေလိုက်ပြန်သည် ။ အိမ်ရှေ့ ဈေးဆိုင် တွင် ဈေးဝယ်များ ရောက်လာသဖြင့် ၊ စက်ခုံ မှ ထ၍ ဈေး ရောင်း လိုက်ရပြန် သည် ။ စက်ခုံ တွင် ပြန် ထိုင်ရင်း ၊ ခေါင်းရင်း ဘက် စားပွဲပေါ် တွင် တင်ထားသော နာရီ ကို လှမ်း ကြည့်မိလိုက်ရာ  ( ၃ ) နာရီ ထိုးနေပြီ ဖြစ်၍ ၊ ထမင်း ချက် ရန်မီးဖိုချောင်ဘက် သို့ ပြေးဝင်လိုက်ရပြန်သည် ။

“ သမီးလေး ၊ မေမေ ထမင်း ချက်လိုက်ဦးမယ်နော် ၊ ဈေးဆိုင် ကို ခဏ ထိုင် စောင့်နေဦးနော် သမီး ၊ ခဏ ကြာရင် ဖေဖေကြီး ပြန် လာတော့မယ် ၊ စောင့်နေနော် သမီးလေး ”

အသက် ( ၄ ) နှစ် အရွယ် သမီးလေး ကို အိမ်ရှေ့တွင် ထိုင် စောင့်ခိုင်းပြီး မခင်စောဦး က ထမင်းဟင်းလျာများ  ချက်ပြုတ် နေလိုက်သည် ။

“ ဟေး ၊ ဖေဖေကြီး ပြန်လာပြီ ၊ ဖေဖေ ဒီ မှာ သမီး ဈေးရောင်းနေတာလေ ”

“ အို  ဖေဖေ့ သမီးလေး က လိမ္မာလိုက်တာကွာ ၊ သမီးလေး က ဈေးရောင်း တတ်လို့လား ၊ ဟား , ဟား , ဟား ၊ မေမေကြီးရော ဘာ လုပ်နေလဲ သမီး ”

“ မေမေကြီး က ထမင်း ချက်နေတယ် ၊ ဖေဖေကြီး သမီး ရေခဲချောင်း စားချင် တယ် ၊ နော် , ဖေဖေကြီး ”

“ ဟေ , စားချင် စားပေါ့ သမီးရဲ့ ၊ ဟိုမှာ မေ့မေ့ ဈေးဆိုင် ထဲ မှာ ရေခဲပုံး ရှိ နေ သားပဲ ၊ ဘာလဲ , မေမေကြီး က မကျွေးဘူးလားဟင် သမီး ”

“ ဟင့်အင်း ၊ ချောင်းဆိုးလို့ မစားရဘူး တဲ့ ၊ ဘီစကစ်မုန့်ပဲ စားရတယ် ၊ သမီး က ရေခဲချောင်း စားချင်နေတာ ၊ နော် .. ဖေဖေကြီး ”

“ ကြည့်စမ်း … သမီး , သေသွားချင်လို့လား ဟင် ၊ သမီး ည က ချောင်းဆိုး တယ်လေ ၊ ရေခဲချောင်း စားရင် နေမကောင်း ဖြစ်မှာပေါ့ သမီး ရဲ့ ၊ သမီး က ဘီစကစ် မုန့်တစ်ထုပ်တောင် ကုန်အောင် စားထားပြီးပြီပဲ သမီးရယ် ၊ တော်ရောပေါ့နော် , သမီး ”

မိခင် အသံ ကို ကြား လိုက်တော့မှ သမီးလေး ငြိမ်သွားသည် ။ သမီးလေး မှာ အသက် ( ၄ ) နှစ် မပြည့်တတ်သေးသော်လည်း စကားအရာ မှာ တတ်ကျွမ်းလိမ္မာသည် ။ လူကြီးများ ၏ အရိပ်အကဲ ကို သိတတ်သည် ။ သို့ကြောင့်လည်း မိဘ နှစ်ပါးလုံး က အချစ်ဆုံး ဖြစ်နေကြသည် ။

“ ကဲ ... မိန်းမ ကို အစ်ကိုတစ်ခု မေးမယ် ၊ စိတ် မဆိုးရဘူးနော် ”

“ အမယ် .. ဒီနေ့ ထူးထူးဆန်းဆန်းပါပဲလား ၊ မေး ဘာမေးမလို့လဲ ”

ညနေ ထမင်းစားပြီး၍ အေးအေးဆေးဆေး စကားထိုင် ပြောနေကြခိုက် ၊ မခင်စောဦး ၏ ခင်ပွန်း ကျောင်းဆရာ ‘ ကိုသန်းစိန် ’ က မေးခွန်း တစ်ခု မေးလိုက်သည် ။

မခင်စောဦး မှာ ခင်ပွန်းသည် ထံ မှ မမျှော်လင့်ထားသော မေးခွန်းမျိုး ကို အမေး ခံလိုက်ရသဖြင့် မျက်နှာ အမူအရာ ပျက် သွားသလို  ဒေါသလည်း ဖြစ်သွား သည် ။

“ ဒီနေ့ ကိုယ့် မိန်းမ ကြက်တစ်ကောင် ကို ရိုက် သတ်လိုက်တယ် ဆို ၊ ဦးကျော်ကြီး က အစ်ကို့ ကို ပြောပြလိုက်တယ် ။ နောက် , ဒီလို မလုပ်နဲ့ကွာ ၊ သူတို့ တစ်အိမ်သား လုံး စိတ်ထား ကောင်းကြပါတယ် ၊ သဘောထားလည်း ပြည့်ဝကြပါတယ် ၊ အခုလည်း သူတို့ စိတ်ဆိုး လို့ ပြောတာ မဟုတ်ပါဘူး .. ”

“ အမယ် , ကြီးကျယ်လိုက်တာ ၊ စိတ် မဆိုးဘူး ဆိုရင် အစ်ကို့ ကို ဘာဖြစ်လို့ တိုင် လိုက်တာလဲ. . ”

“ ဪ .. ဒီလို သဘောမျိုးနဲ့ တိုင်တာ မဟုတ်ပါဘူးကွာ ၊ သူတို့ ကြက် ခြံ ထဲ ဝင်တဲ့ ကိစ္စ နဲ့ပတ်သက်လို့ စိတ် မဆိုးပါနဲ့ တဲ့ တောင်းပန်ပါတယ် တဲ့ ၊ အဲ .. ဒါပေမယ့် ပေါ့ကွာ ၊ သူတို့ က တောင်းပန်တယ် ဆိုမှတော့ ကိုယ်တို့က သဘောထား ကြီးကြီး နဲ့ ခွင့်လွှတ်ရမှာပေါ့ ၊ အပြောအဆို အပြုအမူတွေ ကို ဆင်ခြင်ရမှာပေါ့ ၊ မိန်းမ က ကိုယ့် အပင်လေးတွေ ကို နှမြောသလို သူတို့ က လည်း သူတို့ ကြက် ကို နှမြောမှာ ပေါ့ ၊ ကိုယ့် ခြံ ထဲ ဝင် လာရင် မောင်းထုတ် လိုက်ပေါ့ကွာ ၊ မိန်းမ တန် မဲ့ ဒီလို ပုံစံမျိုး ရက်ရက်စက်စက် ရိုက်သတ် လိုက်တယ် ဆိုတာ လူ ကြားလို့လည်း မကောင်းပါဘူး‌ နော် , မိန်းမ ”

“ အိုး ... ဒါဆိုလည်း ကြက်တွေ ကို ခြံ ထဲ မဝင်လာစေနဲ့ပေါ့ ၊ ဟင်း .. သူတို့ ကပဲ တိုင်လားပြောလား လုပ်သေးတယ် ၊ မှတ်ထားကြဦးပေါ့ ၊ ဒီတစ်ခါ ဝင် လာ ကြည့် ၊ ကောင်းကောင်း ပညာ ပေး လိုက်ဦးမယ် ”

မခင်စောဦး မှာ ခင်ပွန်းသည် ၏ ဖျောင်းဖျဆိုဆုံးမမှု ကို ပင် လက်မခံနိုင် လောက်အောင် စိတ် တိုနေသည် ။ သူမ ၏ ဒေါသ ကို ဆွ ပေးလိုက်သလို ဖြစ် သွားခဲ့ ရသည် ။

သည်လိုနှင့်ပင် နောက် တစ်ပတ်ခန့် အကြာ တွင် ပြဿနာ တစ်ခု တက်လာ ပြန်သည် ။

“ လာပြန်ပြီ ဒီကြက်နာတွေ ၊ ရှူး ရှူး ရှူး, ဟင်း, ဒီ ကြက်နာတွေ ကို မောင်းနေ ရ တာနဲ့ ဘာ အလုပ် မှ မလုပ်ရတော့ဘူး , သိမယ် ၊ ငါ့ အကြောင်း ကို သိစေရမယ် ”

မခင်စောဦး မှာ မီးဖိုချောင် ထဲ ၌ ဟင်း ချက်နေရာမှ ကြက်မိသားစု တစ်အုပ် ကို လှမ်းအော် မောင်းထုတ်နေသည် ။ ကြက်မ မိသားစု မှာ မခင်စောဦး စိုက်ပျိုးထားသော ဘူးပင် ၊ ခရမ်းပင် ၊ သခွားပင် ၊ ငရုတ်ပင် နှင့် အခြား စားပင် သီးနှံပင်များ အကြား တွင် သောင်းကျန်းချင်တိုင်း, သောင်းကျန်း နေကြသည် ။ မခင်စောဦး ကလည်း ဟင်းအိုး တန်းလန်း ဖြစ်နေ၏ ။ ပါးစပ် က သာ တရှူးရှူးရှူးဖြင့် အော်ဟစ်မောင်းထုတ်ရင်း ကြိမ်းမောင်း နေရသည် ။ ခဏအကြာ တွင် ဟင်းအိုး ကို မီးဖိုပေါ် မှ ချထားခဲ့ပြီး ၊ ဝါးဖြင့်ပြုလုပ်ထားသော အုပ်ဆောင်းအဟောင်း တစ်ခု ကို လှမ်းဆွဲ ဆုပ်ကိုင်လျက် စိုက်ခင်းထဲ သို့ တစ်ဟုန်ထိုး ပြေးဆင်းသွားတော့သည် ။

“ ကဲ , ငါ လာပြီ , နင်တို့ ပဲ သောင်းကျန်း နိုင်မလား ၊ ငါ က ပဲ ထိန်းနိုင်မလား ၊ ကဲ ကဲဟာ , ကဲဟာ , မှတ်ထား , ဟာ , အေး , အေး လွတ်သွားတဲ့ အကောင်တွေ  နေကြဦး ”

မခင်စောဦး မှာ အုပ်ဆောင်းကြီး ကို ကိုင်မ , ပြီး ကြက်မကြီးနှင့် ကြက် ပေါက် ကလေးများကို လိုက် ဖမ်းနေသည် ။ ကြက်ဖ ၊ ကြက်မကြီး နှင့် ကြက်ငယ် ကလေးများ ကြောက်လန့်ပြီး အော်ဟစ်ပျံလွှားပြေးသွားကြသည် ။ ကြက်သံ , လူသံ များ ဖြင့် ဆူညံသွားသည် ။

“ ကဲ မှတ်ထား, နင် တို့ ကို ပညာ ပေးရမယ် လွတ်သွားတဲ့ ကောင်တွေ လည်း နောက်မှ ပညာ ပေးရမယ် ၊ လာ လိုက်ခဲ့ကြ ”

မခင်စောဦး မှာ အုပ်ဆောင်းကြီး ဖြင့် ဖိအုပ် , ဖမ်းမိလိုက်သော လသား အရွယ် ကြက်ပေါက်ကလေး သုံးကောင် ကို အိမ်ပေါ် သို့ ယူ လာခဲ့သည် ။ အိမ်ပေါ် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် မီးဖိုချောင် ထဲ တွင် အုပ်ဆောင်း ဖြင့် ခေတ္တ ချုပ်ထား လိုက်သည် ။ ပြီးတော့ အဝတ်ညှပ် သည့် ကပ်ကျေးအဟောင်း တစ်လက် ကို ဆွဲယူ လာပြီး အုပ်ဆောင်း ထဲ မှ ကြက်ပေါက်ကလေးများ ကို တစ်ကောင် စီ ထုတ်ယူ၍ ခြေချောင်းငယ်ကလေးများအား ခြေသည်းနား မှ ကပ်လျက် တစ်ဒေါက်ဒေါက်ဖြင့် ဖြတ်တောက် ပစ်လိုက်သည် ။ ကြက်ငယ်ကလေး သုံးကောင်လုံး ၏ ခြေချောင်း ကလေးများမှ သွေးများ ယိုစီးကျနေကြသည် ။ ထို့အတူ ကြက်ပေါက်ကလေးများ ၏ နာကျင်မှုဒဏ်ကြောင့် အော်မြည်သံများ မှာလည်း ဆူညံ၍ နေသည် ။

“ ကဲ , မှတ်ထား ၊ ယက်ဦး ဟ ၊ ငါ့ အပင်တွေ ကို ယက်ကြဦး ၊ ဖျက်ကြဦး ကဲ ၊ ငါ့ အကြောင်း ကို သိကြပြီ မဟုတ်လား ၊ မှတ်ထားကြ ”

မခင်စောဦး မှာ အရူး တစ်ယောက် ပမာ ၊ အော်ဟစ်မြည်တမ်းနေလိုက် သည် ။ သမီးငယ်ကလေး မှာ အိပ်ခန်းထဲ၌ အိပ်ပျော်နေသည် ။ ခင်ပွန်းသည် မှာ လည်း ကျောင်း မှ ပြန် မရောက်သေးသဖြင့် ၊ သူမ တစ်ဦးတည်း စိတ်ကြိုက် လုပ်နေခြင်း ဖြစ်သည် ။ သို့သော် မကြာပါ ၊ ခင်ပွန်းသည် ရောက်လာပါသည် ။

“ ဟော ... ငါ့ မိန်းမ တစ်ယောက်တည်း ဘာ ဖြစ်နေတာလဲ ၊ ပါးစပ် ကလည်း ဗျစ်တောက် ဗျစ်တောက် နဲ့ ပါလားကွ ၊ ဘယ်သူ နဲ့ ရန်ဖြစ်နေပြန် ပြီလဲ ၊ ဟင်  ... ဟို အုပ်ဆောင်း ထဲ မှာ ကြက်ကလေးတွေ ပါလား ၊ ဘာဖြစ်လို့ အုပ်ထားရ တာလဲ ၊ လွှတ်လိုက် , လွှတ်လိုက် ကွာ ”

ခင်ပွန်းသည် ကိုသန်းစိန် က ကျောင်း မှ ပြန် ရောက်လာပြီး ၊ မခင်စောဦး အုပ်ထားသော ကြက်ကလေးများ ကို လွှတ်ပေးရန် အုပ်ဆောင်း ကို , မ၍ ဖမ်းယူ လိုက်သည် ။

“ ဟိုက်  ... ကြက်ကလေးတွေ ခြေထောက် မှာ သွေးတွေနဲ့ပါလား ၊ မိန်းမ မင်း  ... မင်း ဘာလုပ် လိုက်တာလဲကွာ ”

“ ဘာ လုပ်ရမှာလဲ ၊ ပညာပေးထားတာလေ ၊ မှတ်လောက်သားလောက် အောင် ကို ပညာ ပေးထားတာ ”

ကိုသန်းစိန် က ကြက်ကလေးများ၏ ခြေထောက် ကို ကရုဏာသက်စွာဖြင့် သေချာစွာ စိုက်ကြည့်နေလိုက်သည် ။

“ ဟာ ... မိန်းမ ၊ မင်း ရက်စက်လိုက်တာကွာ ၊ ကြည့်စမ်းပါဦး ၊ သနားစရာ လေးတွေ ကွာ သူတို့က တိရစ္ဆာန်တွေပဲ ၊ လူ့ လောက်တော့ ဘယ် အသိရှိပါ့မလဲကွာ ။ မိန်းမ ကွာ, မင်း ဝဋ် လိုက်မှာ မကြောက်ဘူးလား ”

ကျောင်းဆရာ ကိုသန်းစိန် မှာ ကြက်ကလေးများ ကို ညင်သာ လျက် မီးဖိုချောင် ထဲ မှ နနွင်းမှုန့်များ နှိုက်ယူ၍ ကြက်ကလေးများ ၏ ခြေထောက် အနာများ ကို သေချာစွာ သုတ်လိမ်းပေးလိုက်ပြီး ညင်သာစွာ ပြန်လည် လွှတ် ပေး လိုက်သည် ။ ကြက်ကလေးများ မှာ ခြေချောင်းကလေးများ နာကျင်လွန်း၍ လမ်း ကောင်းကောင်း မလျှောက်နိုင်ကြတော့ဘဲ ကြောက်ရွံ့အော်ဟစ်ကြပြီး သူတို့ မိခင် ကြက်မကြီး ရှိရာသို့ ဒယီးဒယိုင် ဖြင့် ထွက်ပြေးသွားကြသည် ။

“ ဪ ... မိန်းမ ရယ် ၊ မင်း ဝဋ် လိုက် မှာ မကြောက်ဘူးလား ကွာ ၊ မင်း ကလေးတွေ သာ ဒီလို ဖြစ်သွားရင် မင်း ဘယ်လို ခံစားရမှာလဲ ၊ သူတို့လေးတွေ ခမျာ မှာလည်း ခြေချောင်း အပြတ်ကလေးတွေ နဲ့ တစ်သက်လုံး ဒုက္ခိတ ဘဝ နဲ့ ဘယ် လောက် ဒုက္ခ ရောက်လိုက်ကြမလဲ ဆိုတာ မင်း မစဉ်းစားမိဘူးလားကွာ ၊ မင်း လည်း ခေတ်ပညာတတ်အမျိုးသမီး လူငယ် တစ်ယောက် ပါကွာ ၊ နောက်နောင်ကို အရာရာ မှာ စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့ ၊ ကိုယ် တောင်းပန်ပါတယ် မိန်းမ ရယ် နော် , ဆင်ခြင်စမ်းပါကွာ ”

မခင်စောဦး တစ်ယောက် မည်သို့မျှပင် ပြန် မပြောနိုင်တော့ဘဲ ငြိမ်သက်စွာ ရပ်နေမိသည် ။ မိမိ မျက်စိ ရှေ့မြင်ကွင်း တွင် ကြက်ကလေးများ ကြောက်ရွံ့အော်ဟစ် ပြီး ဒယီးဒယိုင် ထွက်ပြေးသွားကြသည်ကို မြင်တွေ့ လိုက်ရ၍လည်း စိတ်မကောင်း ကြီးစွာ ဖြစ်သွားရသည် ။ ခင်ပွန်းသည် ၏ ဆိုဆုံးမ စကားသံများ ကို ကြား လိုက်ရပြီး နောက်တွင်လည်း ပို၍ ပို၍ နောင်တ တရားများ ရလာကာ မိမိ ၏ အမှားကို မိမိ သိရှိလိုက်ရပြီ ဖြစ်သဖြင့် စိတ်မကောင်း ကြီးစွာဖြင့် အိပ်ခန်း ထဲ သို့ ပြေးဝင်သွားကာ အိပ်ရာ ပေါ် တွင်ညမှောက်လျက် အားရပါးရ ငိုချလိုက်ပါတော့သည် ။

•••••   •••••   •••••

“ အဲဒါပါပဲ မြင့်မြင့် ရယ် ၊ ငါလည်း မဆင်မခြင် စိတ်လိုက် မာန်ပါ လုပ်ခဲ့မိ တယ် ၊ ဒီလိုနဲ့ နောက်များ မကြာခင်မှာပဲ ငါ့ မှာ ကိုယ်ဝန် ရရှိလာပြီး အခုသား ကလေး ကို ဒီလို ပုံစံမျိုးနဲ့ မွေးဖွားခဲ့တာပါပဲ ဟာ ၊ ဒါ့ကြောင့် ဝဋ် ဆိုတာကို ငါ ယုံပါပြီဟာ ၊ ငါ ကြောက် လည်း သိပ်ကြောက် သွားပြီ သူငယ်ချင်း ၊ နောင်တ တရား လည်း သိပ်ကို ရသွား ပါပြီ သူငယ်ချင်း ရယ် ”

“ အေးပါဟာ  ... ဒီဘဝ ဒီမျှနဲ့ပဲ ဝဋ်ကြွေး ကျေပါစေလို့ ဆုတောင်းပေါ့ သူငယ်ချင်း ရယ် ၊ နောက်ထပ် ဘယ်လိုဝဋ်ကြွေးမျိုး ကို မှ မဆုံတွေ့ရအောင် တရား အလုပ် ကို လုပ် ၊ လူတိုင်း အပေါ် ခွင့်လွှတ် စေတနာ ထားပြီး ၊ ကောင်းမှုကုသိုလ်တွေ လုပ် ပေါ့ သူငယ်ချင်း ရယ် ၊ ပြီးတော့ ဟောဒီ သားလေး အတွက် ဒီဘဝ နဲ့ နောင် ဘဝ တွေ မှာ ဒီလိုကံကြမ္မာဆိုးတွေ နဲ့ မကြုံတွေ့ရပါစေနဲ့ လို့ ဆုတောင်း ပေး ၊ ကုသိုလ်ကောင်းမှု တွေ များများ လုပ်ပေးပေါ့ သူငယ်ချင်းရယ် နော် ၊ တရား ရှာ ကိုယ် မှာ တွေ့ ဆိုသလို သူငယ်ချင်း မှာ အသိတရားတွေ ရ နေပြီပဲ ၊ အချိန် မီ ပါသေးတယ် ၊ မနှောင်းသေးပါဘူး ဟာ နော် ”

“ မေမေကြီး က ကြက်ကလေးတွေ ခြေထောက် ကို ကတ်ကြေး နဲ့ ဖြတ်ပစ်ခဲ့လို့ သားသား ရဲ့ ခြေချောင်းလေးတွေ ပြတ် နေရတာ နော် ... မေမေ နော် ... ”

“ ဪ .. သားလေး ရယ် ၊ မေမေ့ အပြစ်ပါကွယ် ၊ အဟီး ... ဟီး  ... ဟီး... ”

စကား တတ် လှသော သားငယ်ကလေး ၏ ပြော စကားသံကြောင့် မိခင် ဖြစ်သူ မခင်စောဦး ခမျာ မှာ ပို၍ ပို၍ သောက ရောက်ရပြီး ယူကျုံးမရ ဖြစ်ကာ သားငယ်လေး ၏ ခြေထောက်အစုံ ကို ဆုပ်နယ်နမ်းရှုပ်ရင်း အားရပါးရ ယူကျုံး မရ ငိုချလိုက်ပါတော့သည် ။

◾မင်းရွှေမင်း ( တောင်ကုတ် )

📖 အလင်္ကာရပ်ဝန်း
       ဝတ္ထုတိုစာစု ( ၇ )

www.facebook.com/aung.naingoo.3726613

.

 

Sunday, May 29, 2022

လိပ်ပြာ

❝ လိပ်ပြာ ❞

နေရောင်နုနုလေး တောင် မှ ဖြာ ကျနေပြီ ။

ည က သူ ကောင်းကောင်း အိပ် မပျော်ဘူး ။ ကြက်အိပ် ကြက်နိုး နဲ့ ဒီလို အိပ် မပျော်တဲ့ ညတွေ ၊ ကလေး တစ်ယောက် လို နေ့ နဲ့ ည နဲ့ မှားခဲ့တဲ့ ရက်တွေ မနည်းတော့ဘူး ။ လ နဲ့ ချီ နေပြီ ။

အိပ်ရာ က နိုးနိုးချင်း ဝေဒနာကြီး ကို ခံစားနေရတာမို့ မလှုပ်မယှက် ဘဲ အသာ ငြိမ်ငြိမ်လေး နေ လိုက်ချင်တယ် ။ ဒါပေမဲ့ အိပ်ရာ နဲ့ ထိ နေတဲ့အသားတွေ က ကျိန်းစပ်ထုံကျဉ်လှပြီ ။ အကြောအခြင်တွေ က ကွန်ကရစ် လောင်းထားသလို  မာတောင့် ကိုက်ခဲလှပြီ ။ မြေမာမာ ထဲ မှာ တွင်းသေးသေးလေး တူးပြီး ခန္ဓာကိုယ် ကို ဇွတ်ဖိသိပ် မြှုပ် ထည့်ထားသလိုပဲ ။ လက်ရှိ အိပ် နေတဲ့ ပုံစံ ကနေ နည်းနည်းလေး စောင်းဖို့ သူ ကြိုးစား နေမိတယ် ။

ဖြည်းဖြည်းချင်း မှ တကယ့် ကို ဖြည်းဖြည်းချင်း ။ ဒီလိုလေး ရွှေ့ နိုင်ဖို့ ဘယ်နှစ်မိနစ် အား စိုက်ရမယ် လို့ သူ မသိဘူး ။ ရွေ့ ကော ရွေ့ ရဲ့လား ။ မျက်လုံး က တင် ရွေ့ သွားတာလား ။ ခေါင်း တင် စောင်း သွားတာလား ။ ဝဖိုင့် တဲ့ ခန္ဓာကိုယ် ကို စောင်း ဖို့ ကြိုးစားရင်း နဲ့ နဖူး မှာ ချွေး စို့လာတယ် ။

ခြင်ထောင် ထဲ မှာ ဘယ်အချိန် က ဝင် နေမှန်း မသိတဲ့ ခြင်တွေ က သွေး တွေ ဝ ပြီး မပျံနိုင်ကြဘူး ။ လက်ညှိုးလေး နဲ့ အသာ ဖိလိုက် ၊ လက်ခလယ် နဲ့ အသာ တောက် လိုက်ရုံ နဲ့ ခေါင်း တစ်ခြား ၊ ဗိုက် တစ်ခြား ဖြစ်ပြီး သေသွားမယ့် ခြင်တွေ ကို စိတ် ထဲ ကနေ လိုက် သတ်နေမိတယ် ။

ညဦး က တော်တော် အိုက်တယ် ။ ဒါပေမဲ့ အခုလို မနက်စောစော ကျတော့ အေး ပြန်ရော ။ အိမ်သားတွေ က သူ့ နံ ဘေး က ပြတင်းပေါက် ကို ပိတ် ပစ်ခဲ့ကြတယ် ။ နောက်ဘက် မျက်နှာပြုပြတင်းတစ်ချပ် ပဲ ဖွင့် ထားခဲ့တယ် ။ အဲဒီ ပြတင်း က လေ သိပ် ဝင်လေ့ မရှိဘူး ။ အအေး မိ မှာ စိုးလို့ ပိတ် ထားခဲ့တာပါ လို့ ဆိုပေမဲ့ သူ့ ကို မပြုစုချင်ကြလို့ အပြုရ သက်သာအောင် လှောင် ပိတ် ခဲ့တာလို့ သူ ထင်နေမိတယ် ။ ထင် နေတာ မဟုတ်ပါဘူး ။ သူ သိ ကို သိ နေတာပါ ။

သူ့ဘမိန်းမ ၊ သူ့ သမီး ၊ သမက် ၊ ယောက်ဖ ၊ တူမ နဲ့ တူ တွေ သူ့ အပေါ် တစ်ချိန် က မှီခို နေကြသူတွေ ၊ သူ့ အရိပ် ထဲ က လူတွေ ၊ သူ ကြည့်ရှု စောင်မ ခဲ့တဲ့သူ ၊ တကယ့် အရေးရယ် အကြောင်းရယ် ကြုံ လာတော့ ရေရှည် သူ့ အနား မှာ မနေနိုင် ကြတော့ဘူး ။ အရင် စိတ် နဲ့ အရင် ကိုယ် သာ ဆိုရင် ကျေးဇူးကန်း တွေ ၊ ဟဲ့ ကျေးဇူးကန်း တွေ ၊ ကျေးဇူးစွပ်တဲ့ ဟာတွေ လို့ တန်းစီ ပြီး ဆဲမိ ၊ ငေါက်မိ ၊ အော်မိ တော့မှာပဲ ။ သူတို့ ကျတော့ ပြတင်းတံခါးတွေ ဖွင့်ပြီး လေ တဖြူးဖြူး နဲ့ စည်းစိမ် ရှိရှိ အိပ်စက် နေကြမှာ ကို သူ မြင်ယောင်ပြီး မနာလို တဲ့ စိတ် ၊ မကျေနပ်တဲ့ စိတ် ပေါ်လာတယ် ။

မျက်နှာချင်းဆိုင် အိမ် က မှန်ပြတင်း ပေါ် ကို နေရောင် ကျ နေတယ် ။ ဒီ ပြတင်းမှန် ကနေ ပြန် လာတဲ့ အလင်းရောင် က ရှားရှားပါးပါး ဖွင့် ထားတဲ့ ပြတင်း ကနေ ဝင် လာပြီး သူ့ မျက်စိ ကို စူး စေတယ် ။ ဒီလို ဖြစ်နေတာ ကို မကြိုက်ဘူး ။ လူ မှ နေမကောင်း လို့ ခံစားနေရတဲ့ အထဲ ဒီ မှန်ပြတင်း က ရောင်ပြန် က တစ်မှောင့် ။ မျက်စိ ကို လာ စူးနေတယ် ။ မျက်စိ ဖွင့် ထားချင်လို့ မရဘူး ။ ဒါနဲ့ သူ တစ်ဖက် ကို စောင်း ဖို့ ကြိုးစား နေမိပြန်တယ် ။

လင်းထိန် နေတဲ့ အလင်းရောင် ၊ စူး နေတဲ့ ပြတင်းမှန် ရောင်ပြန် ကို သူ မကြည့်ချင်ဘူး ။ မုန်းတယ် ။ ဒီလို မုန်းတီးနေရာ ကနေ မျက်နှာချင်းဆိုင်အိမ် က မှန်ပြတင်း ကို ရိုက်ခွဲပစ်ချင်လာတယ် ။ တကယ်တော့ သူ မကျေနပ် နေတာ ၊ ဒေါသ ဖြစ် နေတဲ့ အထဲ မှာ မျက်နှာချင်းဆိုင် အိမ် က အိမ်ရှင် လည်း ပါတယ် ။

အမှန်တော့ သူတို့ နှစ်ယောက်ဟာ တစ်ချိန် က နှစ်အိမ့် တစ်အိမ် လို ဝင်ထွက်သွားလာခဲ့ ဖူးကြတယ် ။ သူ က သိပ် သွားလေ့ မရှိပေမဲ့ သူ့ မိန်းမ က အသွား များတယ် ။ ဆွမ်းကျွေး ရှိတဲ့အခါ ၊ ဘုရားကိုးဆူ ကပ်တဲ့ အခါမျိုးမှာ သူ တစ်ခါတလေ ရောက် တတ်တယ် ။ အလုပ်များလို့ မသွားနိုင်တဲ့ဘအခါမျိုး မှာ သံဃာပွဲထက် မညံ့တဲ့ စားစရာ ၊ သောက်စရာတွေ အိမ် ကို လင်ပန်းကြီးငယ် နဲ့ အပို့ လွှတ်နေကျ ။

“ ဘယ် သွားမလို့လဲ အစ်ကိုကြီး ။ ဟာ ... အတော်ပဲ ကျွန်တော် လည်း အဲဒီ ဘက် သွားမလို့ ။ လာပါ ။ ကားပေါ် တက်ပါ အစ်ကိုကြီး ရဲ့ ။ နောင်အရေးကြီး လို့ အစ်ကိုကြီး ရဲ့ ကား အဆင် မပြေရင် ဒီ ကား ကို အချိန်မရွေး ယူ သုံးပါဗျာ ” ဆိုတာ အဲဒီ လူ ရဲ့ ကိုယ်ပိုင် ဓာတ်ပြား ပေါ့ ။

သူ့ မိန်းမ က မျက်နှာချင်းဆိုင် အိမ် ကို ဝင်ထွက် သွားလာရင်း သူ မင်တံ ထိပ်ကနေ သူ့ ရဲ့နာမည် အတိုကောက် တွေ ကို အမြန် ရေးခြစ် ပေးရင်း အဲဒီ လူ ဟာ ပါဝါမီတာ ၊ တယ်လီဖုန်း နဲ့ မြေကွက်တွေ ၊ မော်တော်ကားတွေ ပိုင်ဆိုင်တဲ့ လူ ဖြစ်မှန်း မသိ ဖြစ်လာတယ် ။

အခုတော့ ဒီ လူ ပေါ် မလာတော့ဘူး ။ အဲဒီ လူ ကို ကျေးဇူးကန်း စာရင်း ထဲ ထည့် ရင် သူ့ မိန်းမ က ဘာ ပြောမယ် မသိ ။

တုန်တုန်ယင်ယင် နဲ့ ကြိုးစားပြီး တစ်ဖက် ကို စောင်းနေမိတယ် ။ တဖြည်းဖြည်း မှ တကယ့်တဖြည်းဖြည်းချင်း ။ မနေ့က သောက် ထားတဲ့ ဆီးဆေး ကြောင့် ဆီး က သွားချင် လှပြီ ။ ကြိုးစားနေရင်း နဲ့ မေးစေ့ က ထိုးထိုးထောင်ထောင် မုတ်ဆိတ်မွေး နီကြောင်ကြားတွေ က လက်မောင်းအိုး ကို လာ ထိုး နေလိုက်သေးတယ် ။ နေကောင်း ရင် တော့ အရက် ကောင်းကောင်း ကို ဇိမ် ဆွဲပြီး သောက်ချင် စိတ် က ခေါင်း ထဲ မှာ ဖျတ်ခနဲ ပေါ် လာပြန်တယ် ။

ခြေသံ တရှပ်ရှပ် ကို သူကြားတယ် ။ ဒါ ဘယ်သူ့ ခြေသံ ပါလိမ့် ။ သူ့ တူမ ရဲ့ခြေသံ ဖြစ်ဖို့ များတယ် ။ အသံ ပြုပြီး ခေါ် လိုက် ချင်တယ် ။ လူ ခေါ်ခေါင်းလောင်း ဘုသီးလေး ရှိရာ ကို လက် က လှမ်းနေတာ ကြာလှပြီ ။ ခြေသံရှင် က လှေကား အတိုင်း မှန်မှန် တက် လာနေပြီ ။

သူ့ ဆီ လာတာလည်း ဖြစ်နိုင်တယ် ။ ဒါမှမဟုတ် ဘုရား သောက်တော်ရေ လာ လဲတာလည်း ဖြစ်နိုင်တယ် ။ သူ နိုး နေတာ တွေ့ ရင်တော့ ခြင်ထောင်ကို ပင့် တင်ပြီး ဆီး သွားဖို့ ကိစ္စ အတွက် လည်ပင်းရှည် ပလတ်စတစ်အိုး ကလေး ယူ ပေးလိမ့်မယ် ။ ပြီးတော့ ည က ဘဘ အိပ်ရဲ့လားလို့ မေးလိမ့်မယ် ။

သူ့ မှာ သမက် ရှိတယ် ။ တူ နှစ်ယောက် ရှိတယ် ။ သူ အလုပ် သွင်းပေးထားတဲ့ လူတွေ ပေါ့ ။ သမက် ကတော့ သူ့ လိုပဲ အလုပ် သိပ် များတဲ့ လူ ဆိုတော့ ထားပါတော့ ။ တူ နှစ်ယောက် ကတော့ ဝေဒနာ ဖြစ်ခါစ က သာ အခုတော့ သူ့ အနား သိပ် မကပ်ချင်ကြတော့ဘူး ။

ခုတင်ခေါင်းရင်း ဘုရားစင်ရှေ့ က ခြေသံ လုံအောင် နင်းပြီး သွား နေတဲ့ ခြေသံရှင် ဟာ သူ့ တူမ ပဲ ။

ဟေ့ .. ဘုရားပန်း တို့ ၊ သောက်တော်ရေ တို့ နောက် မှ ကပ် ဟေ့ ။ လာ ဒီကို မြန်မြန်လာ ။ ငါ နိုးနေပြီ ။ ဒီမှာ ဒုက္ခ ဖြစ်လှပြီ ။ ကျွတ် ... ကျွတ် ... ကျွတ် ။ သေးအိုး မြန်မြန် ယူလိုက်စမ်း ။

အော် ပြောလို့ ရရင် အကျယ်ကြီး အော် လိုက်ချင်တယ် ။ တကယ်တော့ ရွဲ့ နေတဲ့ သူ့ပါးစပ် က လေသံ သဲ့သဲ့တောင် ထွက် မလာဘူး ။ မုတ်ဆိတ်မွေးတွေ ကတော့ လက်မောင်းအိုး ကို စူး နေတုန်းပဲ ။

ခြင်ထောင် ထဲ ကနေ ကြိုးစားပြီး သူ့ ရဲ့ခန္ဓာကိုယ် ကို စောင်း ဖို့ အား ထုတ်နေတယ် ။ သူ နည်းနည်းပါးပါး လှုပ်ရှား ပြ နိုင်ရင် တူမ က သတိ ထားမိတန် ကောင်းပါ ရဲ့  ။ တူမလေး ဒီဘက် လှည့် ကြည့်ပါစေ ။ သူ့ ကို လှမ်း ကြည့်နေပါစေ ။ လက် ကို ရွှေ့ဖို့ သူ အားထုတ် နေတယ် ။

ခါတိုင်းလည်း သူ ဒီ အချိန် နိုးနေကျ ။ တူမ ကလည်း တစ်ချက် လာ ကြည့်နေကျ ။ ဒီမနက် ဆီးကြော က တင်း လွန်း မက တင်း လွန်းပြီး ဆီးအိမ်ကြီး ပေါက်ကွဲ မတတ် ဖြစ် နေကာမှ တူမ က သူ့ ဆီရောက် မလာဘူး ။

သူ ဒေါသ ဖြစ်လာတယ် ။

ဝမ်းလည်း နည်းလာတယ် ။

ဒေါသ ဖြစ်ရတာ ၊ ဝမ်း နည်းရတာ တစ်နေ့ ကို ဘယ်နှစ်ကြိမ် မှန်း မသိတော့ဘူး ။ နာရီ နဲ့ အမျှတောင် မကတော့ဘူး ။ နဖူး မှာ ချွေးတွေ ပို စို့ လာတယ် ။

ဆရာဝန် က စိတ်ညစ်စရာ ၊ စိတ်ဓာတ်ကျစရာတွေ မတွေးဖို့ ၊ ဒေါသ မကြီးဖို့ ၊ ဝမ်းမနည်းဖို့ အတန်တန် မှာလိုက်တယ် ။ ဒီ အမှာစကား တင် မကဘူး ဆရာဝန် က အားပေးစကားတွေ လည်း ပြောလိုက်သေးတယ် ။

ဆရာဝန် ကို ကြည့်ရင်း သူ့ စိတ်ထဲ မှာ ဝတ်ကျေဝတ်ကုန် အောက်မေး လှုပ်နေတဲ့ ဘောင်းဘီရှည်ဝတ် တစ်ယောက် လို မြင် လာတယ် ။ ဆရာဝန် ရဲ့ အားပေး စကား က ရင်ထဲ က လာတဲ့ စကားတွေ ဟုတ် မဟုတ် သံသယ စိတ် ဝင်နေမိတယ် ။

ပျောက်သွားမှာပါ ။ သက်သာလာပြီပဲ ။

ပျောက်သွားမှာပါ ၊ သက်သာလာပြီပဲ ... တွေ ထပ်နေတယ် ။ အားပေးစကားတွေ ပြောနေရင်း ဆရာဝန် မှာ စကားလုံး ခေါင်းပါး လာနေပြီ လို့ သူ တွေးနေမိတယ် ။

အရက် အတူ သောက်ဖော် တစ်ဦး ကတော့ တရား မှတ် နေပါလား ။ ဝေဒနာ တစ်ဝက် သက်သာသွားမယ် လို့ တရား လာ ပြနေတယ် ။ သူရယ်လည်း ရယ်ချင် ၊ ဒေါသ လည်း ဖြစ်တယ် ။ အေး ... မင်းကိုယ်တိုင် ဒီလို ဝေဒနာခံစား ရတော့ မှ တရား မှတ် နေလို့ ပြန် ပြောနိုင်ရင် ပြော လိုက်ချင်တယ် ။ အဲဒီ မိတ်ဆွေ ကတော့ သူ့ ရဲ့ မျက်လုံးတွေ ကို အဓိပ္ပာယ် အဖွင့် မှားပြီး ခေါင်းတညိတ်ညိတ် လုပ် နေလေရဲ့ ။ တကယ့် သူတော်စင် ၊ မိတ်ကောင်းဆွေမွန် တစ်ယောက် ရဲ့ ဟန်ပန် အပြည့် နဲ့ ။ သူ့ စိတ်ထဲကတော့ အဲဒီ လူ ကို ခွေး ငေါက် သလို ငေါက်ပစ် မောင်းထုတ်ပြီးခဲ့ပြီ ။

ခေါင်းရင်း ဆီ က ခြေသံ တရှပ်ရှပ် ကြား နေရတုန်းပါပဲ ။ တူမ က သူ့ ဆီ ရောက် မလာဘူး ။ အတတ်နိုင်ဆုံး အောင့် ထား ရာ က ဆီးအိမ် က တင်းလွန်း မက တင်း ၊ နာလွန်း မက နာလာပြီး ခြေသံရှင် သူ့ ဆီ လာတယ် အထင်နဲ့ စိတ် အလျှော့လိုက်မှာ ... လက်ဆောင် ရထားတဲ့ မလေးရှား ပုဆိုး ရော ၊ ဘယ်သူ လာကန်တော့ထားမှန်း မသိတဲ့ ပခုက္ကူ ချည်စောင် ပါ ရွှဲနစ် သွားတော့တယ် ။ သူ့ ရဲ့ခါး အောက်ပိုင်း တစ်ပိုင်းလုံး ပူနွေး သွားတယ်လေ ။

တစ်ချိန် ချိန် မှာ တစ်ယောက် ယောက် တော့ တက်ပြီး သူ့ ကို လာ ကြည့်လိမ့်မယ် ။ ဘယ်သူ ဖြစ်မလဲ ။ မိန်းမ လား ၊ နှမ လား ၊ တူတွေ ဖြစ်မလား ။ သမက် တော့ သိပ် မဖြစ်နိုင်ဘူး ။ ယောက်ဖ က ဝေဒနာခံစားနေရတာ ကို မကြည့်ရက်ဘူး ဆိုတဲ့ စကားလုံး ကို အကာအကွယ် ယူပြီး သူ့ အနား မလာတာ အတော် ကြာ နေပြီ ။

ဘယ်သူပဲ ဖြစ်ဖြစ် သူ့ အဖို့တော့ တယ် မထူးလှဘူး ။

ဪ ... ဘကြီး တောင် နိုး နေမှ ကိုး ။ အစ်ကိုကြီး နိုး နေပြီလား ။ ဘာ စားချင်သတုန်း ဘကြီး .. ။ ဒီလို စကား တွေ ပဲ ကြား ရမလား ၊ ဒါမှမဟုတ် သူ မကြားချင်တဲ့ စကားလုံးတွေ ပဲ ကြား ရလေမလား ။

ဆီးအိမ် တင်းနေတာက ပေါ့ပါးသွားပေမဲ့ စိတ် ထဲ မှာ ပိုပြီးလေးလံ တင်းကျပ်လာမိတယ် ။

သေးစို နေတဲ့ အဝတ်တွေ လဲ တဲ့ အခါ နဲ့ အောက် က ခင်းတဲ့ ဖျာ တို့ ၊ ဖယောင်းပုဆိုးတို့ ကို လဲကြတဲ့ အခါ သူ့ ကို မ ကြ ၊ ရွှေ့ ကြ လိမ့်ဦးမယ် ။ အဲဒီအခါ မှာ အိပ်ရာပူ လောင် ထားတဲ့ အနာတွေ ကို ဆွဲ ဖြဲသလို ဖြစ်ပြီး နာ ဦးတော့မှာ ။ ဒီ အနာတွေ က တစ်နေ့ တစ်ခြား အနာ မကျက်တဲ့ အပြင် အနာဝတွေ ကျယ်ကျယ် လာလိုက်တာ ဂုံညင်းဒိုး လောက် အရွယ် က အငယ်ဆုံး ပဲ ။

အိပ်ရာပူ အနာတွေ နာ တာထက် မ , မချင်ဘဲ မ ကြရတဲ့ အိမ်သားတွေ ၊ မရွှေ့ချင် ရွှေ့ချင် နဲ့ ရွှေ့ ကြရမယ့် အိမ်သားတွေ ရဲ့ မျက်နှာ ကို သူ မကြည့်ချင်ဘူး ။ ဆောင့်ဆောင့်အောင့်အောင့်နဲ့ မ,ကြ ၊ ရွှေ့ကြမှာ လေလား ။ ဘယ် က ရောက်လာမှန်း မသိတဲ့ မျက်ရည်တွေ ခေါင်းအုံးစွပ် ကို စွန်း သွားတယ် ။

တစ်ချိန်က သူ ကောင်းမှု ပြုခဲ့တဲ့ သူ ပဲ ဖြစ်ဖြစ် ၊ သူ့ သမက် ရဲ့ အရှိန်အစော် ကြောင့် ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဆွေမကင်းမျိုးမကင်း လို့ ပဲ ဖြစ်ဖြစ် သူ့ ကို လူမမာ လာ လာမေးကြတယ် ။ မေးကြလိမ့်ဦးမယ်လို့ ထင်တယ် ။ မေးတဲ့ လူတွေ က တကယ့် ကို သနားတဲ့မျက်လုံးတွေ ရော ၊ တာဝန်အရ ၊ အခြေအနေအရ ကြင်နာနေရတဲ့ မျက်လုံးတွေ ရော ပါတယ် ။ အနား မှာ လာ ထိုင်ကြတဲ့ သူ က ထိုင်တော့ ထိုင်မယ် ခဏပဲ ။

မလွှဲမရှောင်သာ နည်းနည်း ပိုပြီး ကြာကြာ ထိုင်မိတဲ့ လူ က မကြာခင်မှာ လက်ကိုင်ပဝါ နဲ့ နှာခေါင်း ကို ပိတ်လိမ့်မယ် ။ လက်ကိုင်ပဝါ မပါ တဲ့ လူ က လက်ညှိုး ၊ လက်ခလယ် တို့ နဲ့ နှာခေါင်းပေါက် ကို ပိတ်ထားရင်း တစ်ဖက် ကို မျက်နှာ လှည့် နေလိမ့်မယ် ။ အိပ်ရာပူလောင် တဲ့ အနာတွေ ကရော ၊ သူ့ သင်ဖြူးကြီး ကရော အမြဲ ထွက်နေတဲ့ အနံ့ ကို ဘယ်သူ မှ ကြာကြာ မခံနိုင်ဘူး ။

အဲဒီအခါ မယောင်မလည် နဲ့ အသာ ထ ပြီး နောက်ကျောဘက် မှာ ပွင့် နေတဲ့ ပြတင်းပေါက် ဆီ ထ သွားလိမ့်မယ် ။ အောက် က လမ်းပေါ် မှာ လူသွားလူလာ ရှင်း မရှင်း ငုံ့ ကြည့်ပြီး ရှင်းတာ နဲ့ တစ်ပြိုင်နက် ပါးစပ် ထဲ မှာစုထားတဲ့ တံတွေး ကို ပစ်ခနဲ အမြန် ထွေး ပစ်လိုက်လိမ့်မယ် ။ ဆွေမျိုး အရင်း အကျက် ၊ တပည့် အစိမ်း အမှည့် နဲ့ အားနာတတ်မှု အပေါ် လိုက်ပြီး ပစ် ဆိုတဲ့ အသံ က အတိုးအကျယ် ရှိနေမယ် ။

ပြီးရင် နံရံတွေ နဲ့ တိုင်တွေ မှာ ချိတ် ထားတဲ့ ဂုဏ်ပြုလွှာတွေ ၊ မှတ်တမ်းတွေ ၊ ဓာတ်ပုံတွေ ကို အချိန် ဆွဲ ပြီး ကြည့် နေလိမ့်မယ် ။ မလွှဲမရှောင်သာ လို့ အနား ပြန် ထိုင် ရရင်တော့ လက်ကိုင်ပဝါ ကိုင် မထားတဲ့ လက် တစ်ဖက် က ခေါင်း ကို ခဏ ခဏ ကုတ် နေမှာ သေချာတယ် ။

သူ့ နဖူး မှာ ချွေးစ တွေ တော်တော်များများ ရှိ နေရာ ပြန် တိတ်ပြီး ချွေးစေးတွေလောက် ပဲ ကျန်ရစ်တယ် ။

သူ ဆေးရုံ ကို ပြန် တက်ရရင် ကောင်းမလား ။

ဆေးရုံ မှာ တော့ တာဝန်ကျ တဲ့ ဆရာမ က ဆေး ကို အချိန်မှန်မှန် လာ တိုက်ကြတယ် ။ ဆရာဝန် ကလည်း လက် တစ်ကမ်း မှာ တင် ရှိ နေတယ် ။ လူမမာ လာ မေးတဲ့ သူတွေကလည်း သပ်သပ်ရပ်ရပ်လေး ဝတ်စား လာတတ်ကြတယ် ။ သူ့ အိမ်သူ အိမ်သားတွေ ကိုပဲ ဆေးရုံ မှာ နဲ့ အိမ် မှာ ၊ သူ့ အပေါ် ပြုစုဆက်ဆံကြတာ ချင်း မတူဘူးလို့ သူ ထင် နေမိတယ် ။ ဆေးရုံ ပေါ် မှာ ပိုပြီး ကြင်နာကြသလိုပဲ ။ သူ ကလည်း ဝေဒနာ ကို ရုတ်တရက် ကောက်ရသလို စပြီး ခံစားရခါစ အချိန် မဟုတ်လား ။

ကိုသန်းနိုင် ရဲ့ ယောက္ခမကြီးတုန်း ကလည်း ဒီလိုပဲ ဖြစ်တာ မြောက်ပြင် က အကြောပြင်ဆရာလေး နဲ့ ကုတာ အခု ဆိုရင် အကောင်း နီးနီး ပဲ ။ အရက် နဲ့ ဝက်သား တော့ လုံးဝ မတို့ လေ နဲ့ တော့ ။

ကြေးနန်းရုံး က ဒေါ်မော်လီ ရဲ့ အမေကြီး တုန်း က တော့ တိုင်းရင်း နည်း ရော ၊ တရုတ်အပ်စိုက်ရော အစုံ လုပ်တာ ဖြစ်ခါစ က ကိုယ့် ဆံပင် ကိုယ် ဘယ် ဖြီးနိုင်လို့လဲ…. ။

ငှက်ဖျားရောဂါ နဲ့ တက် နေတဲ့ လူနာ က လည်း ကုထုံး တစ်မျိုး ဝေငှ သလို ၊ အသည်းရောင် နေတဲ့ လူ ကို လာ စောင့် တဲ့ လူနာစောင့် ကလည်း ကြားဖူးနားဝ ကုထုံး ပေးတတ် တယ် ။

သမီး ကတော့ လူမမာ လာ မေးတဲ့ ဧည့်သည် ကို သူ့ ရဲ့ ဝေဒနာ နဲ့ ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင် ကို မမောနိုင် ၊ မပန်းနိုင် … ပြော ပြတတ်တယ် ။ လူမမာ လာ မေးတတ်တဲ့ လူ ရဲ့ ဂုဏ်ရှိန်ဥစ္စာစည်းစိမ် အပေါ်လိုက်လို့ ဝေဒနာ ဖြစ်စဉ်ကို ပြော ရာမှာ လိုတိုး ပိုလျှော့ ပြောနေတာ ကို ကြား နိုင်တယ်ပေ ။

ဒီလို ပြောနေရင်း သမီး က လေသံ ကို တိုး ပစ်လိုက်တတ်တယ် ။ သူ မကြားရအောင် လို့ လား  ၊ နံဘေး က ဆေးရုံဝန်ထမ်းတွေ ၊ သူနာပြုတွေ မကြားရအောင်လို့ လားတော့ မသိ ။ သမီး ရဲ့မျက်လုံးတွေ က သူ့ ကို ကြည့်လိုက် ၊ သူနာပြုတွေ အခန်း ဘက် ကြည့်လိုက် ၊ ဗီရိုအပုလေး ပေါ်က ဆေးပုလင်းတွေ ကို လည်း လက်ညှိုး ထိုး ပြလိုက်သေးတယ် ။ ပိုက်ဆံအိတ် ကို လည်း ပုတ် ပြတတ်ပြီး လက်ငါးချောင်း ကို စုချည် ၊ ကားချည် လည်း လုပ် ပြတတ်တယ် ။

သူ့ ကို ငါးလ ပဲ နေ ရတော့မယ်လို့ ဆရာဝန် က ပြောလိုက်ပြီ လား ၊ သမားတော်ကြီး ကို ကန်တော့ရတဲ့ လက်ငါးချောင်း လား ၊ ဆေးဖိုးချည်းပဲ တစ်နေ့ ငါးဆယ် ကုန်တယ် လို့ ဆိုချင်တာ လား ။

နေ့စဉ် နေ့စဉ် ကြားရဖန် များတော့ မျက်စိ ကို အသာလေး မှေးစင်းပြီး ဂေါက် ရိုက်ဖော်တွေ အကြောင်း စဉ်းစားနေလိုက်တယ် ။

တစ်နေ့တော့ သူ့ ခုတင် နဲ့ တစ်ခုတင် ခြား က လူမမာ ကို စောင် နဲ့ ခြေဆုံးခေါင်းဆုံး လွှမ်း လိုက်တာ ကို သူ မြင်နေ ရတယ် ။ မိန်းမ တစ်ယောက် က ကျိတ်ပြီး ငို လို့ ။ တော်တော် ကြာ တော့ ခြေသလုံးလောက်အထိ ရှည်တဲ့ ဘောင်းဘီဝတ် ဆေးရုံ အလုပ်သမား က ထမ်းစင် ကပ် ပေါ် ကို ခပ်ကြမ်းကြမ်း မ,တင် လိုက်တာ ကို လည်း သူ မြင်နေရတယ် ။ သူ မျက်စိ မှိတ်ထားဖို့ မေ့ နေတယ်လေ ။

အကြမ်းခံ ပစ္စည်း တစ်ခု ကို ဆိုင် တစ်ဆိုင် ကနေ တစ်ခြား ဆိုင် တစ်ဆိုင် ကို သွား ပို့ကြသလို ဆိုးဆိုးဆတ်ဆတ် မ,လိုက်တာ ရော ၊ ခုံဖိနပ် သံ တခွပ်ခွပ် မြည်သံ ကိုပါ ကြားလိုက်ရတယ် ။ ဆေးရုံ က အမြန် ဆင်း ပြေးချင်စိတ် ပေါက်လာတယ်လေ ။ တရှုံ့ရှုံ့နဲ့ ကျိတ် ငိုရင်း အလုပ်သမား နှစ်ယောက် ရဲ့ နောက် က လိုက်သွား တဲ့ မိန်းမ ရဲ့အသက် က မနှိုင်းကောင်း နှိုင်းကောင်း သူ့ မိန်းမ ရဲ့အသက် လောက် ပဲ ရှိလိမ့်ဦးမယ် ။

ဆေးရုံ ပေါ် မှာ နေ ရတဲ့ရက်တွေ ရှည်လျား လှပြီ ။ ရောက်စ တုန်းက နဲ့ ဘာမှ မထူးဘူး ။ ပက်လက် ထား ရင် ပက်လက် ပဲ သူ နေရတယ် ။ တစ်ယောက် ယောက် က တစ် ဖက် ကို စောင်း ပေးခဲ့ရင် အဲဒီလို စောင်းလျက်ကြီး ပဲ ။ ကြာ လာတော့ မနက်ပိုင်းကြမ်း တိုက်လာတဲ့ ဆေးရုံ က အလုပ်သမတွေ ရဲ့ ခုံဖိနပ်သံ နဲ့ ထမ်းစင်ကပ် ကို မ,မ လာတဲ့ အလုပ်သမားတွေ ရဲ ခုံဖိနပ်သံတွေ ကိုတောင် သူ ခွဲခြားနိုင် လု နီးနီး ရှိ လာပြီ ။

ဒုတိယ ခုံဖိနပ်သံတွေ ကို ကြားရတဲ့ အခါတိုင်း သူ ကြောက် နေမိတယ် ။ ကြောက်နေရာ က ရွံမုန်း လာမိတယ် ။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင်း ခုံဖိနပ်သံတွေ ကြား နေရတာ ကို သူ ကျေနပ်နေတယ် ။ နားဝင် ချို လာတယ် ။ ခုံဖိနပ်သံတခွပ်ခွပ် က သေသွားတဲ့ လူတစ်ယောက် ရဲ့ အလောင်း ကို လာ သယ်ကြတာပဲ ။ ခုံဖိနပ်သံ ကို ကြား နေရသမျှ သူ့ အလှည့် မဟုတ်သေးဘူး ။ သူ့ အလှည့် မရောက်သေးတာ သေချာတယ် ။

ဆရာဝန် က အိပ်ရာပူလောင် ထား တဲ့ အနာတွေ ကိုလည်း ဂရုစိုက်ဖို့ ပြောသံ ကြားတော့ သူ့ မှာ ထိတ်လန့်စရာ တစ်ခု ပို လာပြန်ရော ။ ဒီ အနာတွေ ကနေ မေးခိုင်ရောဂါပိုး ဝင် လာပြီး ... ၊ တွေးရင်း ကျော ထဲ က စိမ့် တက်လာတယ် ။

ဆေးရုံ ပေါ် မှာ ရက်တွေ သာ ကြာ လာတာ သူ့ အခြေအနေ က ဘာမှ ထူး မလာဘူး ။ ပက်လက် - ပက်လက် ပဲ ။ အိပ်ရာပူလောင် တဲ့ အနာတွေ ဂရုစိုက်ပြီး ဖန်ရေ ဆေးပေးတာပဲ ရှိ တော့တယ် ။ ဆရာဝန်ကြီး က မတည့်တာ ရှိဘူး ၊ စားနိုင်လို့ ကတော့ ကျွေးသာကျွေးပါ လို့ ပြောလိုက်သံ ကြား ရတယ် ။ ဆေးရုံ ရက်တွေ ကြာလာတော့ လူနာ လည်း ငြီးငွေ့နေမယ် ၊ လူနာရှင်တွေလည်း ပင်ပန်းလှပြီ ၊ အိမ် မှာပဲ အနားယူပါစေ ၊ နောက် တစ်လနေတော့ တစ်ခေါက် ပြန်လာ ပြလှည့် လို့ ပြော လိုက်သေးတယ် ။

ဆေးရုံ မှာ လ နဲ့ ချီ ပြီး ရက်ရှည်တက် နေသူအဖို့ မင်္ဂလာ ရှိတဲ့ စကားတွေ ပေါ့ ။ သူ့ ရဲ့သားချင်းတွေ က ဆရာဝန်ကြီး ရဲ့ စကား ကို ခေါင်းတညိတ်ညိတ် လုပ်နေကြတဲ့ အချိန် ၊ သူ က ခေါင်းရမ်း နေမိတယ် ။ အားငယ်ဘလာမိတယ် ။ ကြောက်တာ လည်း ပါတယ် ။ ဆရာဝန်တွေ က လက်လျှော့ လိုက်တာ လား ၊ သူ အရင် က စိတ်ကူးနေတဲ့ ပုစွန်တွေ ၊ ငါးဥတွေ ၊ ကြက်ဥတွေ ပျောက်ကုန်တယ် ။ သူ စိတ်ချမ်းသာအောင် ပြောလို က် တဲ့ ဆရာဝန်ကြီး ရဲ့ နှုတ်ဆက် စကားတွေ လို့ သူ ယုံနေတယ် ။

စာကလေး တစ်ကောင် လှစ်ခနဲ ဝင် လာပြီးတော့ ခြေ ရင်း က စားပွဲ တစ်လုံး ပေါ် မှာ နားနေတယ် ။ ဟိုကြည့် ဒီကြည့် နဲ့ သူ စားလို့ ရတဲ့ အစာ ဘာ ရှိမလဲလို့ ရှာ နေတယ် ။ စားပွဲပေါ် မှာ ရှိတဲ့ ကက်ဆက် ပေါ် ခုန် တက်လိုက်တယ်  ။ စာကလေးတွေ ဒီလိုပဲ ဝင်လာ နေကျ ။ တစ်ခါတလေ စာမ လေးပါ အဖော် ခေါ် ခေါ်လာတယ် ။ ပင့်ကူလေးတွေ လို သူ တို့ စားစရာ တစ်ခုခု တွေ့ရင် ချက်ချင်း စားပစ်လိုက်ကြတယ် ။

အခု စာကလေး နား နေတဲ့ ကက်ဆက် က လွန်ခဲ့တဲ့ ခုနစ်နှစ် လောက် က ခေတ်စားတဲ့ ပုံ စံ  ၊ အဲဒီ အချိန် ပေါ်ဦးပေါ် ဖျားမှာ ဘယ်သူ လာ ကန်တော့သွားမှန်း သူ မမှတ်မိတော့ဘူး ။ သူ့ ဇနီး ကတော့ မှတ်မိ ချင်မှတ်မိလိမ့်မယ် ။ သူတို့ ပဲ အဖွင့် များကြတဲ့ ကက်ဆက် ။ အခုတော့ တော်တော့် ကို ပွန်း ပဲ့ ဟောင်းအိုနေပြီ ။ ထွက်လာတဲ့အသံတွေ ကလည်း ပင်ကို သံ ပျောက်ပြီး အက်ကွဲနေတယ် ။

အိမ်သားတွေ က တီဗွီရှေ့ မှာ အယ်လ်ခွန်းရီ တို့ ၊ ခိုင်ဝါ တို့ ၊ လဲ့ယဉ်မြင့် တို့ ကို ကြည့်နေကြချိန်မှာ သူ က ကြာနီကန်ဆရာတော် ရဲ့ တရားတော်ကို နာချင်သည် ဖြစ်စေ ၊ မနာချင်သည် ဖြစ်စေ နာ နေရတယ် ။ ဒီ တရား ကို နာရပေါင်း များ လှပြီ ။ အလွတ် ရဖို့တောင်  ကောင်းနေပြီ ။ ဒါပေမဲ့ သူ့ အဖို့ အမြဲတမ်း အသစ် လိုလို ဖြစ်နေတယ် ။

စာကလေး ခေါင်းလေး ဘယ်ညာ လှည့်ရင်း သူ့ အစာ ကို ရှာ နေတယ် ။ စာကလေး ကို ကြည့်ရင်း လွတ်လွတ်လပ်လပ် ပျံချင်ရာ ပျံနိုင်တဲ့ ဘဝ ကို အားကျ နေမိတယ် ။ စာကလေး မှ မဟုတ်ဘူး ၊ သူ့ အနားမှာ ရှိတဲ့ ပင့်ကူလေး ၊ အိမ်မြှောင်လေး တွေ ၊ နောက်ဖေးအိုး နား လာ တတ်တဲ့ ပိုးဟပ် တွေ ၊ အကောင် တွေ အားလုံး ကို သူ ကြည့် ပြီး အား ကျနေမိတယ် ။ တစ်ဆက်တည်း ပဲ သူ သွားချင်ရာ မသွားနိုင် တဲ့ သူ့ အဖြစ်အပျက် ကို တွေးပြီး ဝမ်းနည်းလာတယ် ။ သူ့ ကို အမျိုးအဆွေတွေ က ဂရု မစိုက်ကြဘူး ။ မစောင့်ရှောက်ကြဘူး လို့ တွေးပြီး ဝမ်းနည်း လာတယ် ။

တရား ကို နာချင်သည် ဖြစ်စေ ၊ မနာချင်သည် ဖြစ်စေ ကက်ဆက် ထဲ ကို တရားခွေ ထည့်ပြီး ဖွင့် ပေးခဲ့တာ သူ့ ကို ဂရုစိုက် စောင့်ရှောက်ကြတာလား ။ နီးလာပြီ ၊ တရားသဘော ကို ရှု လို့ ဆိုချင်ကြတာလား ။

သူ ကတော့ နောက် ဆုံး ရ ထားတဲ့ ကျွဲဆည်ကန် က မြေကွက်လေး မှာ နှစ်ထပ်တိုက်ကလေး တစ်လုံး ကိုယ်တိုင် ကြီးကြပ်ပြီး ဆောက် လိုက်ချင်သေးတယ် ။ ဘယ်သူ့ ကို မှ သူ မယုံဘူး ။ ကိုယ်တိုင် ပဲ ကြီးကြပ် ချင်တယ်  ။ လက်သမားတွေ က သံ တွေ ကို သူတို့ ထမင်းဘူး ထဲ မှာ ထည့်ပြီး အိမ် ကို ပြန်တဲ့ အခါ ယူ တတ်သလို ဘိလပ်မြေအိ တ် ခွံ ကလည်း ဈေး တော်တော်ရတယ် ။ အဲဒီ တိုက်ကလေး မှာ ဘုရားခန်း ကိုဘတော့ လေအေးစက် တပ် ထားမယ် ။ နှစ်ထပ်တိုက် ကလေး ဆောက်ပြီး ရင်တော့ တရား အလုပ် ကို ပဲ အား ထုတ် တော့ မ ယ်  ။ အေးအေးဆေးဆေး သူ နေချင်ပြီ ။

သူ့ ဆီ က ငွေခုနစ်သောင်းလောက် ခဏ လှည့်ပါ ဆိုတဲ့ နှမ အငယ်ဆုံး က လည်း ပေါ် မလာဘူး ။ သူ့ သတင်း မကြားလို့ မလာတာ တော့ မဖြစ်နိုင်ဘူး ။ ငွေခုနစ်သောင်း ကို အပိုင် စီးချင်လို့လား ။ သူ ကျန်းမာ စဉ် က ဒီအကြောင်း ကို သူ့ မိန်းမ ကို အသိ မပေးခဲ့ဖြစ်တာ မှား သွားပြီလား ။ အခု ပါးစပ် က မပြောနိုင်လို့ စာ ရေးပြီး ပြချင်ဦးတော့ သူ့ လက် က မလှုပ်နိုင်တော့ဘူး ။ သူ့ နှမ အကြောင်း တွေးမိ ရင် သူ ဒေါသ ဖြစ် ဖြစ်လာတတ်တယ် ။

ရွှဲ နေတဲ့ အောက်ပိုင်းကြောင့် တစိမ့်စိမ့် ချမ်းစပြုလာပြီ ။ ခြင်ကျားတွေ က ခြင်ထောင် အပြင် ကနေ တဝီဝီနဲ့ အထဲ ဝင် ဖို့ ကြိုးစား နေကြတယ် ။ ဒီ ခြင်တွေ ကို တော့ သူ မကျေနပ်ဘူး ။ နေ့ခင်း ကြောင်တောင် ဗြောင် အနိုင်ကျင့် သွေးစုပ်တတ် တဲ့ ခြင်ကျားတွေ ပျံ နေရင်း လေထဲ တင် မိတ် လိုက်နေကြသေးတယ် ။

တစ်ယောက် ယောက် တော့ အမြန် လာစေချင်လှပြီ ။ သူ့ ဇနီး ၊ သူ့ တူမ မှ မဟုတ် နှုတ်စ ၊ လျှာစ ကြမ်းတဲ့ တူ ထဲက ပဲ ဖြစ်ဖြစ် တစ်ယောက် ယောက်တော့ အမြန် လာစေချင် လှပြီ ။ သူ တစ်ဖက် ကို စောင်း ချင်လှပြီ ။ အောက်ပိုင်းက စို နေတဲ့ ပုဆိုးတွေ ၊ စောင်တွေ ၊ အိပ်ရာခင်းတွေ ကို လဲပစ်ပြီး နွေးနွေးထွေးထွေး နေချင်တယ် ။

ည တုန်း က ပါးစပ် က ယိုစီးပြီး အင်္ကျီကော်လံ တစ်ဝိုက် စိုရွှဲနေတဲ့ အာပုပ်ရည်တွေ ကြောင့်လားမသိ ယင်မည်းမည်း တစ်ချို့ လည်း ခြင်ထောင် ပေါ် မှာ လာ နား နေကြတယ် ။

အိမ်သားတွေ ကတော့ အိပ်ပျော်တဲ့ လူ က အိပ် နေကြတုန်းပဲ ။ သူ က တစ်ယောက် ယောက် အမြန် လာ စေချင်နေပြီ ။ နိုး နေတဲ့ တူ တစ်ယောက်က တစ်ဖက် စောင်း ပြီး ဇိမ် နဲ့  ပြန် နှပ် နေလိုက်တယ် ။

သူ ကတော့ ချမ်းစ ပြုလာပြီ ။ တစ်ယောက် ယောက် အမြန် လာစေချင်လှ ပြီ ။ သူ့ မိန်းမ က မျက်နှာ သစ်ပြီး တာနဲ့ ကိုယ်လက် သု တ် သင်ရအောင် ရေအိမ် ဝင် ရင်း အငှားဆိုင် က ငှားထားတဲ့ မဂ္ဂဇင်းတစ်အုပ် ကို  ဖတ် နေတယ် ။ ကြွေကမုတ် ပေါ် မှာ ဇိမ်ကျကျ ထိုင် ဖတ်ရင်း တွင်းရိုးမျိုးဆက် ထဲ က သူဌေးသမီးလေး ဖြစ်နေရှာတယ် ။

သူ ကတော့ တစ်ဖက် ကို စောင်းချ လိုက် ချင်နေပြီ ။ အကြောတွေ တောင့်တင်းပြီး တစ်ကိုယ်လုံး နာကျင်လှပြီ ။ တစ်ယောက် ယောက် အမြန်လာ စေချင်လှပြီ ။

တူမ လုပ်သူ ကတော့ မီးဖို ထဲ မှာ တစ်အိမ်လုံး အတွက် မနက်စာ စား ရအောင် စီစဉ်နေတုန်း ။

သူ က တစ်ယောက် ယောက် လာ စေချင်လှပြီ ။ သူ့ ရဲ့အိပ်ရာပူ အနာတွေ က လည်း တစစ်စစ်နဲ့ ကိုက် နေပြီ ။ ချမ်း လည်း ချမ်း လှပြီ ။ အိပ်ရာ ခေါင်းရင်း မှာ ရှိတဲ့ လူခေါ် ခေါင်းလောင်းလေး ကို နှိပ်ဖို့ သူ့ ခန္ဓာကိုယ် ကို တစ်ဖက် စောင်း ဖို့ ကြိုးစား နေတာ ကြာလှပြီ ။ တစ်ယောက် ယောက် တော့ အမြန် လာစေချင်တယ် ။

ဗြုန်း ဆို လှေကားထစ် ဆီ က ခပ်ဖွဖွ ခြေသံ တစ်ချက် ကြား လိုက်ရတယ် ။ ဘယ်သူ ဖြစ်မလဲ ၊ လာတော့ လာနေပြီ ။ ဘယ်သူ့ ခြေသံ လဲ ။

ဒီ ခြေသံ ကို သူ တစ်ခါ မှ မကြားဖူးဘူး ။

သူ့ အနာတွေ ထဲ မှာ မေးခိုင်ပိုးများ ဝင် ရော့သလား ။ ဒီ ပိုးမျိုး ဝင် ရင် အနာတွေ က ဒီလိုပဲ နာ သလား ။

ခြေသံ တစ်ချက် ထပ် ကြားရတယ် ။ ဒီ ခြေသံမျိုး သူ တစ်ခါ မှ မကြားဖူးဘူး ။

ဘယ်သူ့ ခြေသံပါလိမ့် ... ။ ခြေသံ နောက် တစ်ချက် ထပ် ကြားရတယ် ... ။

◾ ညီပု‌လေး

📖 မြန်မာဝတ္ထုတို ၁၉၈၉ - ၂၀၀၀

www.facebook.com/aung.naingoo.3726613

.

 

Saturday, May 28, 2022

ငတ်ဖူးတယ်


 

❝ ငတ်ဖူးတယ် ❞

ကျယ်ဝန်းသော ဝန်းခြံကြီး တစ်ခု အတွင်း ၌ ကျီကျဂိုဒေါင် နှင့် အိမ်ငယ် တစ်ဆောင် ရှိ၏ ။ ကြီးထွားသော မန်ကျည်းပင်ကြီး ၃ - ၄ ပင် သည် ခြံဘေး နှင့် ခြံလယ် တွင် မားမားမတ်မတ် နှင့် အရိပ်အာဝါသ ကို ပေး ကြ၏ ။ အသက် ၁၆ နှစ် ခန့် မိန်းကလေး တစ်ယောက် သည် ဝါးလုံးရှည် တစ်ချောင်း ဖြင့် မန်ကျည်းကိုင်း အခြောက်များ ကို ထိုးကာ ထိုးကာ ချိုးယူ ၍ နေလေ၏ ။ တစ်နာရီကျော် ကြာ မှ ထမင်းအိုး တစ်လုံးချက် စာ မျှ ရ ရှာ၏ ။ ထိုသို့ ရှားပါးသည် မှာ အခြားကြောင့် မဟုတ် ။ ၁၄ - ၅ ရက် ခန့် ထင်း အလို့ငှာ မန်းကျည်းပင်များ မှ ချိုး ယူခဲ့သောကြောင့် ဖြစ်လေ၏ ။

မိန်းကလေး သည် မန်ကျည်းပင် ကိုင်းအခြောက်များ ကို မီးဖိုဆောင် အပေါက် တွင် ချ ထားခိုက် အသက် ၃၀ - ခန့် လူရွယ် တစ်ယောက် သည် လှမ်း၍ ကြည့် လေ၏ ။ ပင့်သက် တစ်ခါလောက် ရှူ ပြီးနောက် အခြေမပျက် ပြုံး ကာ

“ မြသီရေ ... တော်တော်များများ ရ ရဲ့လား ဟေ့ ”

“ ဟုတ်ကဲ့ .. ချက်လောက်ပါပြီ ” ဟု ပြန်လှန် ပြောဆိုရင်း ဆန်အိုး ကို သွား၍ နှိုက်လေ၏ ။ ဆန်မှာ တစ်ခွက် လောက် သာ ရှိ တော့ ရာ မြသီ သည် စိုးရိမ်သော မျက်နှာ နှင့် “ ကိုဌေး ရေ ... ဆန် တစ်ခွက် လောက် ရှိ တော့တယ် ” ဟု ပြောလေ၏ ။ မောင်ဌေး သည် မျက်နှာ အခြေ မပျက်ရန် အထူး ဂရုစိုက်လျက် ..

“ အို .. ဒါဖြင့် ဒီလို လုပ်ကြစို့ကွယ် ၊ ဒီ ဆန် ကို ထမင်း ချက် စားရင် နှစ်နပ် နဲ့ ကုန် သွားမယ် ၊ ဒီတော့ လက်ဖက်ရည်ပန်းကန် နဲ့ တစ်လုံး လောက် ရမန်း ကျို ပါလား ၊ အစာ လည်း ကြေ လွယ်သေး ရဲ့ ၊ အကုန် လည်း သက်သာသေး ရဲ့ ”  ဟု ပြောရာ မြသီ သည် ခေါင်း မော့ လိုက်လျှင် မျက်ရည် စို့ သည် ကို မြင်မည် စိုးသောကြောင့် “  ဟုတ်ကဲ့ .. ကောင်းသားပဲ ” ဟု ခေါင်းငုံ့ ပြောဆိုကာ ဆန်တစ်ဆုပ် သာသာ ကို သတ္တုအိုးငယ် တွင် ထည့် ကာ မီး မွှေးပြီး ကျို ၍ နေလေ၏ ။

မောင်ဌေး ကား မိမိ အဖြစ် ကို မစဉ်းစားချေ ။ စဉ်းစား မိ က ကိုယ်တိုင် လည်း စိတ် ညစ်မည် ။ ဇနီးသည် သည် လည်း စိတ် ကောင်း ရှာမည် မဟုတ် ဟု ရ ဖူးသော သီချင်းကြီးများ ကို အသံတိုး ထွက် အောင် သီဆို ၍ နေလေ၏ ။

မောင်ဌေး သည် မြသီ နှင့် လက်ထပ်ခဲ့သည်မှာ ၃ လ ခန့် မျှ ရှိ သေး၏ ။ မြသီ နှင့် လက်ထပ်စဉ် က အလုပ် လက်ရှိ ဖြစ် သောကြောင့် ကိုယ်ပိုင်ငွေများ အပြင် သူ တစ်ထူး ထံ က ချေးငှား ၍ ပင် ထည်ထည်ဝါဝါ ပြုလုပ်ခဲ့၏ ။ မြသီ ၏ မြို့ရွာ မှ ဇနီးသည် အား ခေါ်ဆောင်၍ အလုပ် ပြန်လည် လုပ်ကိုင်စဉ် ၂ - လ ခန့် အကြာ၌ အလုပ် ပြုတ် ခဲ့လေ၏ ။ အလုပ် ရှိစဉ်ကလည်း ရသော ငွေ ကို လက်ထပ်ကြွေး ဆပ် ၍ မလောက် သဖြင့် မြသီ ၏ မိဘများ ဝတ်ကြေ ဝတ်ကုန် အနည်းငယ်မျှ ထည့် ပေးလိုက်သော မြသီ ၏ လက်ဝတ်လက်စားများ ကို ပေါင်နှံ ရောင်းချ သုံးစွဲရ၏ ။ အဖိုးတန် ပစ္စည်းများ လည်း တစ်စတစ်စ ကုန် လေတော့သည် ။

နောက်ဆုံး၌ အဝတ်အစား အချို့သာ ကျန် တော့၏ ။ မောင်ဌေး သည် ထို မြို့တွင် ရှေး က ထည်ထည်ဝါဝါနှင့် လူပျိုကိုယ် အဖြစ် ထင်သလို သုံးစွဲ နေခဲ့သူ ဖြစ် သည် ။ သူ တစ်ထူး ကို မှီခို ကပ်ရင်း တောင်းရမ်းလေ့ မရှိ ။ မာန ကြီးသူ ဖြစ်ခဲ့ရာ မြသီ မှာ လည်း ဝန်ထောက်သမီး ဟု မာန တစ်လုံး နှင့် နေခဲ့ သူ ဖြစ်လေ၏ ။ မောင်ဌေး ဤမျှ ဆိုးဝါးသော အခြေအနေ သို့ ရောက်ရှိ နေသည် ဟု မိတ်ဆွေသင်္ဂဟများ သိရှိ က မည်သူမျှ ဥပေက္ခာ ထားမည် မဟုတ် ။ မောင်ဌေး ကား မိတ်ဆွေ ကို မဆိုထားဘိ ၊ မိဘဆွေမျိုးသော်မျှ အသိ မပေးချေ ။ ဘယ်ထိအောင် ငတ် နိုင်မလဲ ။ အဘယ်မျှ အငတ် ခံနိုင်ဇွဲ ရှိသနည်း ဟု စုံစမ်းသည့်အလား ဝင်းကျယ် အတွင်း အိမ်ငယ် တွင် ဖွတ်ကျော ပြာစု ၍ ခရုအဆံ ကျွတ် သည် ကိုပင် အောင့်အည်း နေရ သူ ဖြစ်လေ၏ ။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦး မှာ အပြင် သို့ ထွက်လျှင် အင်္ကျီ ဒိုဘီ ကျ ပိုးလုံချည်လတ်လတ် ကို ဝတ် နိုင်ကြသေးသဖြင့် အခြားသူများ မှ ရိပ်မိကြခြင်း မရှိချေ ။ သို့ရာတွင် ရမန်း ကျို သောက်ရသော အခြေ၌ ပိုက်ဆံ ကြေးနီပြား တစ်ပြား မှ မကပ်တော့ချေ ။ တစ်ပြား လည်း တစ်ပြား လောက် အဖိုး တန်သည် ကို သိ လာ၏ ။ ရှေးက တစ်ထိုင် တည်း အနှမြော မရှိ ( ၅၀၀၀၀ ) ကျပ် သုံးစွဲခဲ့ ဖူးသော မောင်ဌေး ၏ စိတ် ကို ကွက်ကွက်ကွင်းကွင်း ဆုံးမ သကဲ့သို့ နေလေ၏ ။

ငတ်စ ၌ စိတ် ဆင်းရဲကြ၏ ။ ရက် ကြာခဲ့သော် စိတ်ခေါင်း မာ၍ တင်း နိုင်ကြသူများ ဖြစ်သည့်အတိုင်း တစ်ဦး နှင့် တစ်ဦး အချစ် နလံ ထ၍ နေ ကြလေ၏ ။ ၎င်းတို့ အိမ်ဘေး မှ နား ထောင်လျှင် တခိခိ နှင့် ရယ်မောသံများကို ကြား ရမည်ဖြစ်ပေ၏ ။ ၎င်းတို့ နေသော အိမ် မှာ ဦးကြီး တစ်ယောက် က အခမဲ့ နေထိုင်ခွင့် ပြုသဖြင့် ပဲစပါးဂိုဒေါင် ကို စောင့်ရင်း ဆိုသလို နေထိုင် ရ၍ အိမ်လခ အတွက် မပူပင်ရချေ ။ အကယ်၍ ထို အိမ် သာ မရှိပါက ဇရပ် သို့ ပြေး ရချေ ။ ခွေးသေ သို့ သေရငြား ဖြစ်မလား မသိနိုင်ချေ ။

ထိုနေ့ ညနေ မြသီ ကျို ပေးသော ဆန် တစ်ပန်းကန် သည် ဟင်းချိုသောက်ပန်းကန် နှင့် တစ်လုံး ခန့် ရရှိလေ၏ ။ နေ့ခင်း က လက်ဖက်ရည်ချို မုန့်ပဲသရေစာ အလျဉ်း မစားရသော မောင်ဌေး မှာ ပူပူလောင်လောင် နှင့် မှုတ် သောက်ရင်း တက်တက် ပြောင် တော့၏ ။ မြသီ က နောက်ထပ် ထည့် မည် ဟု ပန်းကန် ကို ဆွဲ ယူရာ မောင်ဌေး က “တော်ပြီကွယ် ... ဝ ပြီ ” ဟု ပြောလိုက်လေ၏ ။ မောင်ဌေး က အကယ် ဝ သည် မဟုတ် ၊ မြသီ အတွက် ငဲ့ကွက် ပြောဆို လိုက်ခြင်း ဖြစ်ရာ မြသီ မှာ မီးဖိုချောင် တွင် ပန်းကန်တစ်ဝက်ခန့် မျှ ရှိသော ရမန်းရည်များ ကို သောက်၍ နေရ ရှာ၏ ။ မောင်ဌေး မှာ ဟင်းခွက် ( ၉ ) ခွက် ( ၁၀ ) ခွက် နှင့် အခံ့သား စားသောက် နေထိုင်ခဲ့သော မြသီ အတွက် သက်မကြီး ရှူမိ ရှာလေ၏ ။ တစ်ဖန် ဟယ် ... ဘာလို့ စိတ် ညစ်အောင် တွေး ရသလဲ ဟု ရှေး က ရွှေထီး ဆောင်းခဲ့ဖူးသည် ကို ဖျောက်ဖျက် ၍ ပစ် လိုက်ရလေ၏ ။

ထိုနေ့ ညတွင် လင်မယား နှစ်ယောက် သည် ရယ်စရာ မောစရာ ပြော ဆိုရင်း အိပ်ပျော် သွားကြရာ နံနက် လင်း သည် နှင့် တစ်ပြိုင်နက် ထင်း အတွက် အခက် ကြုံ ၍ နေလေ၏ ။ ထို မြို့ ၌ ထင်လှည်း တစ်စီး လျှင် သုံးမတ် တစ်ကျပ် ပေး ဝယ် က တစ်လ ခန့် မီး ဆိုက် ရ၏ ။ သို့ရာတွင် ထင်း မဝယ်နိုင်ကြ ။ မောင်ဌေး သည် ထို အကြောင်း ကို သိ သဖြင့် နံနက်စောစော အိပ်ရာ ထ ကာ သတင်းစာအဟောင်းများ မှ အရေးကြီးသော သတင်း နှင့် ဆောင်းပါးများ ကို ဖြတ် ယူပြီးလျှင် ...

“ ရော့ ဟေ့ .. ဒီ စက္ကူတွေ ဆိုက် ရင်လည်း ရမန်း တစ်အိုး တော့ ကျက် မှာပါပဲကွယ်” ဟု သတင်းစာအဟောင်းများ ကို ချပေးလေ၏ ။ မြသီ သည် သတင်းစာများ ဖြင့် ရမန်းအိုး ကို ကျက် စေပြီးလျှင် နံနက် ၈ နာရီ ခန့် တွင် မောင်ဌေး အား ပန်းကန် နှင့် ပေး လာလေ၏ ။ မောင်ဌေး သည် မြိန်ရေရှက်ရေ သောက်၍ နေခိုက်

“ ဗျို့ .. ဆရာတို့ ဆရာတို့ ..” ဟူသော အသံကို ကြားရာ မျက်စ ပစ်လျက် ပန်းကန် ကို အသိမ်း ခိုင်းလေ၏ ။ သို့ရာတွင် အသံရှင် မှာ မြသီ မသိမ်းခင် ရောက် လာသဖြင့် မိ၍ သွားလေ၏ ။

“ ခင်ဗျား တယ် ဂွကျတဲ့ လူ ၊ ဇောတိက နဲ့ ဂုဏ် ပြိုင်နေတုန်း ရောက်လာတယ် ” ဟု မောင်ဌေး က ရယ်မော ပြောဆိုရာ တက် လာသူမှာ ၎င်းတို့ ၏ အခြေ ပျက်သော မျက်နှာ ကို တစ်မျိုး ပြင်လျက် ပြုံးရယ် ပြီး လျှင် ..

“ မမြသီ ရေ .. ဘယ်မလဲ ရမန်းရည် ဆင်းဆင်းရဲရဲ ငတ် နေကြတာ သနားလှတယ် ၊ တို့များ ပေးစမ်းပါ ” ဟု အကယ်ပင် ၃ - ၄ ဇွန်း ကုန် အောင် သောက် လေ၏ ။

“ ဘယ့်နှယ့် ကိုမောင်စိန်း ၊ ကျွန်တော်တို့ အဖြစ် ဟာ ပျော်စရာ မကောင်းဘူးလား ၊ အလွန် တွေ့ကြုံခဲ တဲ့ ငတ်မွတ်ခြင်း အရသာ ကို ခုမှ ခံစားရတယ် ။ ကြာတော့ သိပ် ပျော်ပြီး သိပ် ရယ် ချင်တာပဲဗျာ ”

မောင်စိန်း ကား ပြုံးပြုံးကြီး ကြည့် ၍ နေလေ၏ ။ ၎င်းမှာ မောင်ဌေး ၏ ရင်းနှီးသော မိတ်ဆွေ ဖြစ်ရာ မောင်ဌေး နှင့် မြသီ တို့ ၏ ရှေးက အခြေအနေ ကိုလည်း သိခဲ့သူ ဖြစ်လေ၏ ။ ၎င်း ကိုယ်တိုင် မှာ ကုန်သည် တစ်ဦး ဖြစ်သဖြင့် မောင်ဌေး တို့ အား ထောက်ပံ့ နိုင်၏ ။ သို့ရာတွင် မောင်ဌေး သည် သူ တစ်ပါး ၏ အကူအညီ ကို ဘယ်နည်း မှ ယူမည် မဟုတ်သဖြင့် အမှတ်တမဲ့ နေခဲ့ရာ ရမန်းရည် သောက်ရသော အခြေ၌ မူ မချိအောင် ဝမ်းနည်း၍ သွားဟန် ရှိ လေ၏ ။

“ ခက်လိုက်တာ ကိုမောင်စိန်း ရယ် ၊ ဒီ အကောင် အလုပ် လည်း ပြုတ်ရော ဒီ မြို့ကလည်း ပြေး ရရော လို့ သူများ ပြော မခံချင်လို့ သာပါ ။ ဒိပြင် နေရာ သွား ရရင် အလုပ်တော့ မရှားပါဘူးဗျာ”

ထိုအခိုက် မြသီ သည် ထင်းခက်ခြောက် ရနိုးနိုးနှင့် မန်ကျည်းပင်များ ကို သွားရောက် မော် ကြည့် နေလေ၏ ။

“ ခင်ဗျား က ယောက်ျား မို့ တင်း နိုင်ဦးမယ် ၊ ဟို က ဘယ်လောက် ဆင်းရဲ ရှာမလဲဗျာ”

“ အို ... လင်မယား ချစ် သလား မေးရင် သရော ဘယ်နှစ်ခါ ခိုင်းဖူးသလဲ လို့ လူကြီးတွေ ပြော ကြတယ် မဟုတ်လားဗျ ။ သူ စိတ် မညစ်ပါဘူး ။ ပျော်ပျော်ပါးပါးပဲ နေ နိုင်ပါတယ် ”

“ မူလက ထည်ထည်ဝါဝါ နေလာပြီး အသက် က လည်း ငယ်တော့ သနားစရာ ပဲ ”

“ ဟာ ... ဒီလိုငယ်ငယ်ရွယ်ရွယ် ဒုက္ခကြီး တွေ့ဖူး မှ နောက် သာမည ဒုက္ခတွေ အတွက် ခံနိုင်ရည် ရှိတော့မပေါ့ ”

ထိုအတွင်း မြသီ သည် အိမ်ပေါ် သို့ ခပ်မြန်မြန် တက် ၍ လာပြီး မောင်ဌေး အား ပြုံးရယ် ကြည့်ရှု နေလေ၏ ။ မေးမည် အလုပ်

“ သူဌေးမင်းတို့ သူဌေးကတော် တို့ ရှင် ၊ ဆန်ကလေး တစ်ဆုပ် ပိုက်ဆံကလေး တစ်ပြား လောက် ပေးသနားတော် မူကြပါရှင် ” ဟု ဝင်းပေါက် မှ သူတောင်းစားမလေး တစ်ယောက် ၏ အသံကို ကြား ကြလေ၏ ။ မောင်ဌေး မှာ ဟက်ဟက်ပက်ပက် ရယ်မော ၍ နေရာ ကိုမောင်စိန်း မှာ လည်း မောင်ဌေး နှင့် အတူ ရောယောင် ရယ်မော ၍ နေရလေ၏ ။

ထို့နောက် မောင်ဌေး သည် အိမ်ပေါ် မှ ဆင်းကာ ဝင်းပေါက် သို့ သွားပြီးလျှင် “ ဟဲ့ ကောင်မကလေး ၊ နင် ရတဲ့ ဆန် နဲ့ ပိုက်ဆံ ထဲ က တို့ ကို ပေးခဲ့ပါဦး ဟယ် ” ဟု ရယ်မောကာ တောင်းဆိုရာ သူတောင်းစားမကလေး သည် လည်း နှုတ်သီး စူ လျက် ထွက်ခွာ သွားလေ၏ ။ ကိုမောင်စိန်း လည်း စိတ်ပြေလက်ပျောက် ရယ်စရာမောစရာ ပြောဆိုပြီးလျှင် ထွက်ခွာ၍ သွားလေ၏ ။

၎င်းတို့ ၏ ဆန်တစ်ခွက် ကား ရမန်း ၃ - ရက် စာ မျှ ရှိရာ ထို ၃ - ရက် က ကျော် လျှင် ရေ သောက် ၍ နေရမည် ကဲ့သို့ ဖြစ် နေလေ၏ ။ တစ်စုံတစ်ဦးမျှ ထောက်ပံ့မည့် သူ မပေါ်လာ ။ ပေါ်လာပြန်ကလည်း လက်ခံမည် မဟုတ်သောကြောင့် အကြံ အိုက်၍ နေ ကြလေ၏ ။

“ ဟေ့ .. မြသီ ရေ ဒီ ဆန် ကုန်ရင် စားဖို့ လို လိမ့်မည် ။ ဒီတော့ မင့် သားမွေးအင်္ကျီ ကို ပေါင် ရအောင်လား ၊ ရှေး က တစ်ရာ့ လေးငါးဆယ် တန် ပဲ ဟာ ။ ( ၁ဝ ) ( ၁၅ ) ကျပ် တော့ ရကောင်းပါရဲ့ကွယ် ”

“ကိုဌေး သဘောပေါ့ ။ ဘယ်သူ့ကို ခိုင်းမလဲ ”

“ ကိစ္စမရှိဘူး ...အေးမောင် ကို ခိုင်းမယ် ” ဟု မိမိတို့ ရှေးက ခိုင်းနေကျ အသက် ၂၀ - ခန့် သူငယ်တစ်ယောက် ကို သွားရောက် ခေါ်ငင်ပြီး လျှင် အပေါင်ဆိုင် သို့ လွှတ် လေ၏ ။ အပေါင်ဆိုင်ရှင်များ မှာ မောင်ဌေး ပြောလျှင် အော်ဒီမန် မပါဘဲ ငွေတစ်ရာ နှစ်ရာ ကို ထုတ်၍ ချေးမည့်သူများ ဖြစ် လေ၏ ။ သို့သော် မကြာခင် အေးမောင် သည် အထုပ် ကို ပိုက်၍ ပြန်လာခဲ့၏ ။

“ ဘယ့်နှယ်လဲဟေ့... အေးမောင် ”

“ သူတို့မှာ သိမ်းဖို့ တာဝန် ကြီးလို့ မခံ ပါရစေနဲ့တဲ့”

“ အေး.. တို့ လည်း အိမ် မှာ တာဝန် ကြီးလွန်းလို့ ခိုင်းတာပဲ ၊ မရရင် ဘယ်မှာ တတ် နိုင်ပါ့မလဲ ” ဟု ရယ်မော ပြောဆိုရင်း အထုပ် ကို လှမ်း၍ ယူလေ၏ ။ အေးမောင် လည်း ၎င်း ၏ အိမ်သို့ ပြန် သွားလေတော့၏ ။

၃ - ရက် မြောက် သော နံနက် ၌ ကား လင်မယား နှစ်ယောက် မှာ ဝမ်း ဟောင်းလောင်း အူ တကြတ်ကြုတ် နှင့် ဖြစ်၍ နေကြလေ၏ ။ ၎င်းတို့ မှာ အစားအသောက် အချိန် မမှန်လျက် မဝရေစာ စား သောက်ကြရသောကြောင့် စားသမျှ ကျေလွယ်ကျက်လွယ် လှသဖြင့် အချိန်မရွေး ဆာလောင် မွတ်သိပ် နေကြရာ ထိုနေ့နံနက် တွင် ဆန် တစ်စေ့မျှ မရှိ ရမန်း တစ်ဇွန်း မျှ မသောက်ရသောကြောင့်တည်း ။ မောင်ဌေး သည် ဆာမွတ်တိုင်း ရေ ကို ခဏဏ သောက်၍ နေရာ မြသီ မှာ မောင်ဌေး မမြင်အောင် မန်ကျည်းသီးများ ကို ကောက်ယူလျက် ဆား နှင့် တို့ကာ စား၍ နေလေ၏ ။

အချိန်ကား မွန်းလွဲ တစ်နာရီခန့် တိုင် လေ၏ ။ မုန့်ဟင်းခါးသည် အကြော်သည် တို့ သည် မောင်ဌေး တို့ အား ပြောင်လှောင်သည့် အလား အိမ်ရှေ့ က အော်ဟစ် ၍ သွားကြလေ၏ ။ ထိုအခိုက် မြသီ သည် ပြုံးရယ်လျက် လက် ထဲ က တစ်စုံတစ်ရာ ကို ကိုင် ကာ “ ကိုဌေး .. ကိုဌေး ” ဟု ခေါ်လေ၏ ။ မောင်ဌေး သည် မြသီ လက် ထဲ မှ အရာကို မြင်လေရာ မျက်လုံး ပြူး ၍ သွား လေ၏ ။

“ မြသီ .... ဒါ ဘယ်ကလဲ ” ဟု မေး၏ ။ မြသီ လည်း ငါးကျပ်တန် စက္ကူကလေး ကို ဖျာ ပေါ်သို့ ပစ် ချကာ ..

“ ငခွေး လာပေးတာ ၊ ကျွန်မ တို့ အိမ် အောက် က ကောက် ရတာတဲ့ ”

မောင်ဌေး သည် စဉ်းစား နေလေ၏ ။

“ ဟုတ်မှာပါ ၊ ရှင် က အရင်တုန်း က ငွေ ထားရင် ပစ္စလက္ခတ် ပဲ ၊ ခေါင်းအုံးအောက် ထား လို ထား ၊ စာအုပ် ကြား ညှပ် လို ညှပ် နဲ့ ”

မောင်ဌေး သည် မကျေမနပ်သေး ၊ မိတ်ဆွေ တစ်စုံတစ်ဦး က ပစ်၍ ထားလာသည် ဟု တွေးတောနေမိလေ၏ ။ ပစ်လာသူ အား စုံစမ်းပြီး ပြန်၍ ပေးမည်ဟုလည်း အောက်မေ့လေ၏ ။ ထိုအခိုက် မျက်နှာထား တင်းသော ကုလား တစ်ယောက် သည် အိမ်ဝင်း ထဲ သို့ ရောက် ရှိ လာရာ ...

“ ဟေ့ .. ဆီဗား ၊ မင့် ရေဖိုး ( ၄ ) ကျပ် မဟုတ်လား ၊ ပေး အမ်း ငါ့ ကို ငွေ ( ၁ ) ကျပ် ” ဟု ယခင် မသုံးဘဲ ထားမည် ဟု စိတ်ကူးသော ( ၅ ) ကျပ်တန်စက္ကူ ကို ပစ် ပေးလိုက်ရလေ၏ ။

၎င်းတို့မှာ နံနက်စာ တစ်နပ်လုံး လုံးဝ မစားကြရချေ ။ ကုလားအမ်းခဲ့သော ငွေ ( ၁ ) ကျပ် ဖြင့် ခေါက်ဆွဲ ဝယ်စား ကာ ( ၁ ) ကျပ်ဖိုး လုံး ကုန်မှ ဝ မည် ဖြစ်ပေ၏ ။ မောင်ဌေး သည် ကျပ်ပြား ကို ကိုင်ကာ ဈေးနား သို့ ထွက် ၍ သွားလေ၏ ။ မကြာမီ လူချည်း ပြန်လာပြီး နောက် ကလေးတစ်ယောက် သည် စက္ကူကတော့ကြီး တစ်ခု ကို ပွေ့လျက် လိုက်ပါ လာလေ၏ ။

“ ကိုဌေး ဘာတွေ ဝယ်လာတာလဲ ” ဟု မြသီက လှမ်း မေးလိုက်ရာ ...

“ အိမ် ထဲ ရောက်မှ ကြည့် ” ဟု ပြောရင်း ကလေး လက် ထဲ က အထုပ် ကို ဆီး ၍ ယူလေ၏ ။ မြသီ လည်း အထုပ် ကို ကပျာကယာ ထိပ် က ဖွင့် ကြည့်ရာ ဂျုံကြမ်းမှုန့်များ ကို တွေ့ရလေ၏ ။ မောင်ဌေး က ..

ဂျုံ သည် ဆန် ထက် အား ရှိပုံ ဂျုံမှုန့် တွင် ပါသော အာဟာရဓာတ်များ ကို ခွဲ၍ ပြောလေ၏ ။ မကြာမီပင် မောင်ဌေး ကိုယ်တိုင် ချာပါတီ လုပ် ပြ၍ မီးဖိုပေါ် မှ ပူပူနွေးနွေး ချ ယူပြီးလျှင် ဖဲ့၍ စားလေ၏ ။ ချာပါတီ နှင့် စားရန် အာလူးဟင်း စသည်တို့ လို နေ၏ ။ မြသီ လည်း ကော်ဖီ မဖေျာ်နိုင်တော့စဉ်က ကျန်ရှိနေသော သကြား ( ၅ ) ကျပ်သားခန့် ကို ထုတ်ယူခဲ့ရာ ဂျုံမှုန့် ( ၅၀ ) သား လုပ် ချာပါတီများ မှာ ခဏချင်း ကုန်၍ သွားလေတော့၏ ။

“ ကိုင်း ... မြသီ ၊ ဂျုံ ၁ - ပိဿာ နောက် ( ၂ ) ရက် အတွက် စား နိုင်သေးတယ် ။  ဘာလောက် ဟန်ကျသလဲ ” ဟု ရယ်မော ပြောဆိုလေ၏ ။ ၎င်းတို့ နှစ်ဦးကား ထိုနည်းအတိုင်း ချာပါတီ စား သည့်အခါ စား ၊ ရမန်းရည် သောက်သည့် အခါ သောက် ၊ ရေ သောက် ပြီး ဝမ်းဟောင်းလောင်း နေသည့်အခါ နေ နှင့် ( ၄ ) လ တိုင် ကြာခဲ့လေ၏ ။ လူများ မှာ ကား ဝဖြိုး ကြည်လင်လျက် ရှိ ကြလေ၏ ။ ထို အတွင်း မြသီ မှာ ပဋိသန္ဓေ ၃ - လ ခန့် ရရှိပြီး ဖြစ်လေရာ မောင်ဌေး မှာ မျက်လုံး ပြူးလျက် အတော် ငိုင်၍ သွား ရှာလေ၏ ။

ထိုသို့ ပူပင်တွေးတော နေရာမှ နံနက် ( ၈ ) နာရီခန့်တွင် စာပို့သူ သည် လက်မှတ်ထိုး ယူ ရသော စာတစ်စောင် ကို ပေး၍ သွားသဖြင့် ဖွင့် ဖောက် ဖတ်ရှုရာ မောင်ဌေး မှာ ကခုန်တော့ မလောက် ဝမ်းမြောက် သွားလေ၏ ။

“ ဘာလဲ ကိုဌေး .. ဘယ်က စာ လဲ ” ဟု မြသီ က မေး၏ ။

“ အယူခံ နိုင်တယ် ၊ အလုပ် ပြန် ဝင်ရတော့မယ် ၊ အလုပ် ဖြုတ်ထားတဲ့ လခတွေ အတွက်လည်း ရရှိမယ် ” ဟု တစ်လုံးစီ စီ၍ ပြောလေ၏ ။

      •••   •••   •••   •••

နောက် ( ၁၀ ) ရက် ခန့် ကြာသော အခါ မောင်ဌေး သည် လခစား အလုပ် ကို ပြန်၍ ရရှိလေ၏ ။ ရသမျှ ငွေကြေးကို စုဆောင်းကာ ၂ - နှစ် ခန့် အကြာတွင် ငွေ ( ၁၅ဝဝ ) ခန့် ကို ပိုက် မိလေ၏ ။

ထိုအခါ အလုပ် မှ နှုတ်ထွက်ပြီးလျှင် ရန်ကုန် ကြည့်မြင်တိုင် သို့ ပြောင်းရွှေ့လျက် ဆေးပြင်းလိပ်ရုံ တစ်ရုံ ကို စတင် ထောင်လေ၏ ။ ထို အလုပ် မှာ အလုပ် မထွက်ခင် တစ်နှစ် အတွင်း ကပင် လေ့လာခဲ့ရာ အလုပ် စ သည် နှင့် တစ်ပြိုင်နက် ဆေးရွက်ဖောက်သည် မရှာရ ။ လိပ်သူ ( ၁၀ ) ယောက် အရန်သင့် ရှိလေ၏ ။ ဆေးလိပ်ခုံ မှ ကုန်ကျသော စရိတ်စက ကို နှုတ် ပြီးလျှင် ထမင်း နပ်မှန် စားရရုံမျှ ချွေတာ ကြလေ၏ ။ ပိုသော အမြတ် ဟူသမျှ ကို ကြော်ငြာဘက် တွင် အသုံး ချလေ၏ ။ အိန္ဒိယ ၊ ပီနန် ၊ စင်္ကာပူ စသည် တို့ မှ ထွက်သော သတင်းစာများ တွင် မောင်ဌေး ၏ ဆေးလိပ်ကြော်ငြာ ကို တစ်လက်မခန့် စီ အမြဲ တွေ့ ရလေ၏ ။ မြန်မာသတင်းစာ ဂျာနယ်များ ၌ လည်း ထိုနည်း အတိုင်းပင်တည်း ။

ရန်ကုန် ၊ ကွမ်းယာဆိုင် ၊ လက်ဖက်ရည်ဆိုင် ၊ ဟိုတယ်များ တွင် ရွှေပြည်စိုးငှက်တံဆိပ် ဆေးလိပ်များ ကို လူတိုင်း ခဏဏ လာရောက် မေးမြန်းကြသဖြင့် ဆေးလိပ်ရောင်းသော ဆိုင်များ ' ရွှေပြည်စိုး ' တံဆိပ် ဆေးပြင်းလိပ် ကို ထား ကြလေ၏ ။ ထိုသို့ မေးမြန်းခြင်း ကား မောင်ဌေး ဉာဏ် ကစားခြင်း မျှ ပင်တည်း ။ ၎င်း ၏ မိတ်ဆွေများ နှင့် စီစဉ်ခြင်းလည်း ဖြစ် လေ၏ ။ မည်သည့် ဆိုင်မဆို လူ ကြိုက်များ ၊ လူ အမေးများ သော ပစ္စည်းများ ကို လက်ကိုင် ထား၍ ရောင်းချမြဲ ဖြစ်သဖြင့် မိတ်ဆွေတို့ က မိမိတို့ သည် ရွှေပြည်စိုး ကို အမြဲ သောက်ရှူကြောင်း ပြောကာ လှည့်လည် မေးမြန်းကြခြင်း ဖြစ်လေ၏ ။

နိုင်ငံခြား အထက်တန်းစားများ သည် တစ်ရာလျှင် ( ၅ ) ကျပ် ( ၁၀ ) မျှ ပေးရသော ဆေးပြင်းလိပ်များ ကို သောက်ရှူကြကြောင်း မောင်ဌေး သိ၏ ။ ထို့ကြောင့် မောင်ဌေး သည် ငွေအား ရှိသမျှ စုဆောင်းကာ ကြိတ်၍ ကြံစည်ခဲ့ရာ ( ၅ ) နှစ် ကြာအတွင်း ပီနန် ၊ စင်္ကာပူ ၊ အိန္ဒိယ မြို့ကြီးများ သို့ တင်ပို့ ရောင်းချနိုင်လောက်အောင် ထမြောက် လာခဲ့လေ၏ ။ ရွှေပြည်စိုး ငှက်ရုပ် နှင့် စားလုံးများ ပါသော ကုန်တင်မော်တော် လော်ရီ နှစ်စင်း သည် မီးရထားကုန်ရုံ အနီးအနား မြို့ရွာများ နှင့် သင်္ဘောဆိပ်ကြီးများ သို့ မကြာခဏ ပြေးလွှားလျက် ရှိသည် ကို မြင် ကြရလေသတည်း ။

“ အဲသလိုပဲ ဦးဘဆွေ ရဲ့ ၊ လူ ဆို တာ ငတ် ဖူး မှ ကိုယ်ရေး လုံ ပြီး အစွမ်း ကုန် ကြိုးစား ချင်ကြတာပဲ ။ အခုတော့ ငတ် ဖူးတာ ကို ပဲ ကျေးဇူး တင်ရဦးမယ် ”

◾ မဟာဆွေ

📖 ကြီးပွားရေးမဂ္ဂဇင်း
      ၁၉၃၆ - ခု
      စက်တင်ဘာ နှင့် အောက်တိုဘာ

www.facebook.com/aung.naingoo.3726613

.

Friday, May 27, 2022

အသက် နှစ်ပြန် ရှည်စေသော်


 

❝ အသက် နှစ်ပြန် ရှည်စေသော် ❞

ကျွန်မ အတွက် ပျော်ရွှင်မှု ဆိုတာ မိသားစု ထဲ မှာပဲ ရှာဖွေနေရတာပါ ။ နေ့စဉ် ကျင်လည်နေရတဲ့ ပရဟိတလောက ဆိုတာက ပျော်ရွှင်စရာ မဟုတ် ကြည်နူးစရာများ သာ ဖြစ်ပါတယ် ။ လူ့ အဖွဲ့အစည်း ထဲ မှာ နည်းမျိုးစုံနဲ့ သောက ရောက် နေကြသူတွေ ရဲ့ ဘဝအမောတွေ ကိုယ့် ကြောင့် သက်သာရာ ရ သွားတာ သူတို့ ရင်ထဲ ပေါ့ပါးသွားတာ ကို တွေ့ လိုက်ရရင် ကြည်နူးမိတာပါပဲ ။ အဲဒီကြည်နူးမှု ရဲ့နောက် မှာ တောင် ဘဝ အမော တွေ ရှိ နေတတ်ပါသေးတယ် ။ကျွန်မ ရဲ့မိသားစု ဆိုတာ က လက်ချိုး ရေတွက်လို့ရတဲ့ သွေးသားရင်းချာတွေ နဲ့ ထပ်တူ ချစ်ရ သံယောဇဉ်ကြီး ရတဲ့ စာပေ မောင်နှမ တွေပါ ။

ကျွန်မ မိသားစု မှာ ကျွန်မ က တစ်ဦး တည်း သောသမီး အကြီးဆုံး ၊ ကျွန်မ အောက် က မောင် သုံးယောက် ၊ မောင်တွေ ကို ချစ်တဲ့ ကျွန်မ ၊ မောင်တွေ က ချစ်တဲ့ ကျွန်မ ။ ကျွန်မ မှာ က အမေ မွေး ကတည်းက မော့ကြည့်စရာ အစ်မ လည်း မရှိ ။ ငုံ့ ကြည့်စရာ ညီမ လည်း မရှိ ။ ငယ်ငယ်တုန်း ကတော့ ကျွန်မ ရဲ့အချစ် မှန်သမျှ မောင်တွေအတွက် ချည်း ဖြစ်ခဲ့သည် ။

ငယ်စဉ် ကတည်း က မောင်လေးတွေ ရဲ့သူငယ်ချင်းတွေ ဟာ ကျွန်မ ရဲ့မောင်တွေ ချည်း ဖြစ်ခဲ့သလို စာပေနယ် ရောက် လာပြန်တော့လည်း ကျွန်မ ထက် ငယ်သူတွေ အားလုံး ကျွန်မ ချစ်မိ ခင်မိ သမျှ ကျွန်မမောင်တွေ ၊ ညီမတွေ ချည်း ဖြစ်တော့သည် ။ ဒါပေမဲ့ မတူ ထူးခြားတာ က စာပေနယ် က ကျွန်မ ချစ်သော မောင်တွေအားလုံး က ခပ်ညံ့ညံ့ ကျွန်မ ထက် အလွန် အနုပညာ အား ကောင်းကြသူ ချည်းပင် ။ ကျွန်မ ကို တော့ ပရဟိတသမား တစ်ယောက် မို့ သူတို့ က အားပေးကြ ချစ်ခင်ကြ တာလည်း ဖြစ်ပါတယ် ။ ကျွန်မ အတွက် ကတော့ စာပေမောင်နှမ တွေ ဟာ ကျွန်မ အတွက် အင်အားတွေ ပါပဲ ။

ဖေဖေ့ ကျေးဇူး ကြောင့် ငယ်စဉ် ကတည်း က မြန်မာ ရသ စာပေ ကို ချစ်မြတ်နိုးခဲ့ရသော ကျွန်မ အတွက် စာရေးဆရာသာဓု ရဲ့ သာဓု လူပါးဝတယ် စာအုပ် ကို အလွန် နှစ်ခြိုက်သလို ဆရာသာဓု ရဲ့စာတွေ ထဲမှာ ဖတ်ရလေ့ ရှိတဲ့ စာရေးဆရာကြီးဦးသာဓု ရဲ့ သာဓုခြံ နဲ့ သာဓုခြံ ထဲ က မိသားစုတွေ ကို စိတ်ဝင်စားခဲ့တာပါ ။ တစ်နေ့ မှာ စာရေးဆရာ ဖြစ်လာလိမ့်မယ် ၊ ဆရာသာဓု ရဲ့ရင်သွေး ပညာမျိုးဆက်တွေ နဲ့ စာပေ မောင်နှမတွေ ဖြစ်လာလိမ့်မယ် လို့ ဖြင့် လုံးဝ ကို မမျှော်လင့်ခဲ့မိပါဘူး ။ သည်လိုပါပဲ ကိုယ်လေးစား အားကျခဲ့ရတဲ့ စာရေးဆရာမကြီးတွေ စာရေးဆရာမလေးတွေ နဲ့လည်း စာပေ ညီအစ်မတွေ ၊ စာပေမိသားစုတွေ ဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့ပါဘူး ။ စာပေမောင်နှမတွေ ရဲ့ သံယောဇဉ် ဟာ အခြား သံယောဇဉ်တွေ ထက် ထူးပါတယ် ။ သူတို့ ရဲ့ ခင်မင်မှု မှာ များသောအားဖြင့် ဘက် ရှိတယ် ၊ ရပ်တည်ချက် တူ သူချင်း ပို သွေးနီးကပ်တယ် ၊ အရေး ဆို ရှေ့က မထွက်နိုင်တောင် ဘေး က ရပ် ကြတယ် ။ ရပ်ခွင့် မသာရင် နောက် ကနေ အားပေးသမှု ပြုတယ် ။ ထောက်ထောက် ခံခံ ရှိ ကြတယ် ။ ဒါကြောင့် စာပေလောက ပိုပြီး သွေးစည်းကြ သွေးနီး ကြပါတယ် ။ အဲဒီ သံမဏိနှလုံးသား ပိုင်ရှင်တွေ ထဲမှာ ကျွန်မတို့ စာပေမောင်နှမတွေ ထဲ က ပြည်သူ ချစ်တဲ့ စာရေးဆရာ မင်းလူ လည်း ပါခဲ့ပါတယ် ။ အေးစက်တဲ့ အပြုံးတွေ နဲ့ လူတကာ နဲ့ ဖက်လှဲတကင်း မနေတတ်ပေမယ့် သူ တကယ် ချစ်ခင်လာပြီ ဆိုရင် စာမျက်နှာ ပေါ် မှာ သူ့ဇာတ်ကောင်တွေ ဖြစ်လာကြ စမြဲမို့ ကျွန်မ မှာ လည်း သူ့ စာမျက်နှာတွေ ပေါ် မှာ ပြောင်းဖူးပြုတ်သည် ဖြစ်လိုက် ၊ ဟူဘိဂိုးဘတ် ဖြစ်လိုက် နှင့် သူ့ ဝတ္ထုတို တွေ ထဲ မှာ စာရေးဆရာမ တွေ ကို ဇာတ်ကောင် ထားပြီး သူ မို့ ပုံစံမျိုးစုံ နဲ့ တစိမ့်စိမ့် တွေးရင်း ရယ်ရွှင် မဆုံးအောင် ရေးတတ်ပါပေတယ် ။ မြန်မာပြည် တွင်သာမက ကမ္ဘာအရပ်ရပ် မှာ ပါ ရှိ နေကြသူ သူ့ စာဖတ်ပရိသတ် ကို ရွှင်လန်းနှစ်ခြိုက် စေခဲ့တဲ့ မင်းလူ ကို ကျွန်မ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ မမျှော်လင့်ဘဲ တွေ့ လိုက်ရတဲ့ နေ့ ကလေး ကို အမှတ် ရနေမိပါသေးတယ် ။

၂၀၁၃ ဖေဖော်ဝါရီလ နောက်ဆုံးပတ် ထဲ မှာ စင်ကာပူနိုင်ငံ က ကျွန်မ အပါအဝင် ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ သံလျင် မောင်မောင်ဦး ၊ ပန်းချီမြင့်မောင်ကျော် တို့ ကို စာပေဟောပြောပွဲ ဖိတ် ပါတယ် ။ အဓိက အကြောင်းရင်း ကတော့ ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ ပန်းတိုင်ရှိရာ ကဗျာစာအုပ် ကို စင်ကာပူနိုင်ငံ မှာ ပြန်လည် ရိုက်နှိပ် ထုတ်ဝေတဲ့ စာအုပ်ထွက်ပွဲ မှာ စာပေဟောပြောပွဲ ပါ စီစဉ် ဖြစ်တာပါပဲ ။ သူ့ ပွဲ မို့ ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) က သံလျင်မောင်မောင်ဦး နဲ့ ကျွန်မ တို့ ထက် နှစ်ရက် စောပြီး ကျွန်မ နဲ့ မြင့်မောင်ကျော် က ဟောပြောပွဲ မတိုင်ခင် တစ်ရက် အလို ကျ မှ လိုက် သွားကြပါတယ် ။ ကျွန်မတို့ စင်ကာပူ ထွက်မယ့် နေ့ လေဆိပ် မှာ ကော်ဖီ သောက်နေတုန်း ကိုမင်းလူ နဲ့ သူ့ သမီးလေး ယုယ ကို လှမ်း တွေ့လိုက်ပါတယ် ။ သူတို့ နဲ့ အတူ စာရေးဆရာမ နီနီနိုင် ( သထုံ ) ကို လည်း တွေ့ တယ် ။ သူ လည်း ပြည်ပ သွားမှာပါလား စာပေဟောပြောပွဲ အတွက် ပဲ ထင် ပါရဲ့ ၊ ဘယ် နိုင်ငံ ကို သွားမှာ ပါလိမ့် လို့ စိတ် က အောက်မေ့ လိုက်ပေမယ့် နည်းနည်းတော့ ထူးဆန်းသလို လိုပါ ။ သူ့ ကို စာပေဟောပြောပွဲ တွေက တောင့်တ ကြသလောက် သူ က ရှောင်တာ များသည် ။ မင်းလူ ရဲ့ စာဖတ် ပရိသတ် က နည်းတာ မဟုတ် ၊ သူ့ ပရိသတ်က သူ့ ဟောပြောမှု ကို တောင့်တသည် ။ ဒါပေမဲ့ သူ က ပြည်ပ မပြော နဲ့ ပြည်တွင်း က စာပေဟောပြောပွဲ တွေ တောင် ငြင်းလေ့ ရှိတာ ကျွန်မ တို့ အသိပါ ။ ကော်ဖီဆိုင် က ထွက် လာပြီး သူတို့ နဲ့ တွေ့ချိန် အပြန်အလှန်နှုတ်ဆက် ကျတော့ သူ ဘန်ကောက် ကို သွားမယ့်အကြောင်း နဲ့ ဆေး စစ်ဖို့ ကိစ္စ လို့ သိ လိုက်ရတယ် ။ သူ ကတော့ ဘာမှ မဖြစ်သလို ရွှင်ရွှင်လန်းလန်း နဲ့ “ ဆရာဝန် က အဆုတ် မှာ အကွက်ကလေး တွေ့တယ် ဆိုလို့ မိသားစု ကလည်း စိုးရိမ်တာ နဲ့ ထိုင်း မှာ သွား စစ် ကြည့်မလို့ပါ ” လို့ ပြောတယ် ။ သူ က ဆေးလိပ် ကြိုက် သူမို့ ကျွန်မ စိတ်ထဲ ထင့်ခနဲ ဖြစ် သွားမိပေမင့် တီဘီ ဖြစ်ရင်လည်း ဆေး ကုလို့ ရတာပဲလေ ဆိုပြီး ကိုယ့် ဟာ ကိုယ် ဖော့ ပြီး တွေး နေမိလိုက်ပါတယ် ။ သူ့ ကို ကျွန်မ တို့ နှစ်ကာလတိုကလေး အတွင်း ဆုံးရှုံးရမည့် ရောဂါ တစ်ခုခု ၏ အမည် ကို တပ် မကြည့်ရဲပါ ။ ကျွန်မတို့ ချစ်ရသူတွေ ကို မကြာခဏ ဆုံးရှုံးရခြင်းမျိုးများဖြင့် ကျွန်မတို့ ဝန်းကျင် ကို မဖြတ်သန်း လိုပါ ။ အထူးသဖြင့် သူ့ လို ပြောမနာ ဆိုမနာ စာပေမောင်နှမ စာရင်းဝင်တစ်ယောက် ကျွန်မတို့ နား က အပျောက် မခံလိုပါ ။

•••••   •••••   •••••

ပန်းချီမမွှေး ၊ ရာသက်ပန် ( တောင်ငူဆောင် ) ၊ မပွင့် ၊ ဝိုင်း ( ကံ့ကော်ဝတ်ရည်စာပေ ) နှင့် ကျွန်မတို့ ကို သူ စာအုပ် ထွက်လို့ စာမူခတွေ ရလေတိုင်း သူ့အိမ် အနီး က MEGA တွင် ကျွန်မတို့ ကို ဧည့်ခံကျွေးမွေးလေ့ ရှိပါတယ် ။ မုန့် စားရတာ ထက် ကျွန်မတို့ မောင်နှမတွေ ဆုံ ရတာက ပျော်စရာ ပိုကောင်းတာပါ ။ အစ်မတွေ ညီမတွေ ကို ပြုံးစစ နဲ့ ကျီစယ်တတ် တဲ့ သူ့ အမူအကျင့် က ကျွန်မ ကို ပင်ပန်းလာသမျှ တွေ မေ့ပြီး ရွှင်လန်းအားတက်စေသလို သူ ကလည်း ကျွန်မတို့ ကို ဘယ်လို ကျီစားရမလဲ လို့ အမြဲတမ်း အကွက် ရှာ နေသူဖြစ်ပါတယ် ။ MEGA စားသောက်ဆိုင် က စားကောင်းသောက်ဖွယ်တွေ ကို သူ အပါအဝင် အားလုံး က ကောင်းနိုးရာရာလေး တွေ မှာယူ စားသောက်နေကြ ချိန် မှာ ကျွန်မ က ဆန်ပြုတ် မှာ သောက်တာ ကို သူ က “ အစ်မကြီးတို့ များ ဇာတိ က ပြတာ ၊ ကြည့် သူများ ကျွေးတုန်းလေး ကောင်းတာ မစားတတ်ဘူး ။ မှာ စားစရာ ရှားလို့ ကြည့်ကြဦး ” ဆိုတော့ ဝိုင်း က “ ဟုတ်သားပဲ အစ်မကြီး ကလည်း သူ ကျွေးတုန်းလေး ကောင်းတာ စားစမ်းပါ ။ ကုန်ချင်သလောက် ကုန်ပါစေ ၊ ဝိုင်းတို့ ကတော့ ”

ရာသက်ပန် တို့ ၊ မပွင့် တို့ ဆိုတာကလည်း သူ့ စာမျက်နှာတွေ ပေါ် မှာ ပုံစံအမျိုးမျိုး နဲ့ အသုံးတော် ခံနေရတဲ့ သူ့ဇာတ်ကောင်တွေ ချည်း မို့ ဒီ စာမူခ ဟာ ငါတို့ နဲ့ လည်း ဆိုင်တယ် လို့ သဘော ထားပြီး အပြတ် အားပေးကြခြင်းပဲ ဖြစ်ပါတယ် ။ သူ က လည်း ဒါကိုပဲ ပျော်ရွှင်ကျေနပ်နေသူ ဖြစ်ပါတယ် ။ ဝိုင်း က ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့သား ဆရာဘုန်းတင့်ကျော် ( ကိုကျော်ဇင် ) ရဲ့ ဇနီး ဖြစ်ပြီး ကံ့ကော်ဝတ်ရည် စာပေတိုက် ကို တည်ထောင်ထားသူ ထုတ်ဝေသူ တစ်ယောက် မို့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ၏ စာအုပ် မှန်သမျှ ကံ့ကော်ဝတ်ရည် စာပေတိုက် မှ ချည်း ပြန်လည် ထုတ်ဝေသည်ကို သူ က “ ဝိုင်းဝိုင်း ဟာ အမြော်အမြင် ကြီးစွာ နဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ စာပေတွေ ကို လက်ဝါးကြီး အုပ်ချင်တာပါပဲ ။ ဒါပေမဲ့ ဆရာသာဓု ရဲ့သားတွေ ကို ကြည့်လိုက်တော့ ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ စာပေတွေ နဲ့ ပဲ စီးပွားရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ” ကျီစယ်ကြ ၊ ချေပကြရတာ ကလည်း ကျွန်မတို့ မောင်နှမတွေ ရဲ့ ပျော်ရွှင်ဖွယ် နေ့ရက်တွေပါ ။ တစ်ခါတစ်လေ သူ ကျွန်မ အိမ် ကို ဖုန်းဆက်လို့ ကျွန်မ မရှိတဲ့အခါ သမီးတွေ က “ မေမေ နာရေးအသင်းကို သွားပါတယ် ” ပြန်ဖြေ လိုက်တဲ့အခါမျိုး မှာ သူ က ကျန်တဲ့ သူတွေ ကို သတင်း ပြန်ပေးပုံ က “ အစ်မကြီး အိမ် ကို ဖုန်း ဆက်တာ အစ်မကြီး မရှိဘူး ။ မားကက်တင်း ဆင်း နေတယ်လို့ သူ့ သမီးတွေ က ပြောတယ် ” တဲ့ ။ သူ မို့လို့ ပေါက်ပေါက်ရှာရှာ ။ တစ်ခါ ကိုမင်းလူ ဖျား နေတယ် လို့ မမွှေး တို့ က ပြော ပါတယ် ။ “ မပွင့် နဲ့ကျွန်မ တော့ ရောက်ပြီးပြီ ။ ဝိုင်း နဲ့ ရာသက်ပန် လည်း သွား လိမ့်မယ် ။ အပေါင်းအသင်းတွေ သွားပြီး စကားစမြည် ပြောတော့ သူ လည်း လူ အားရှိတာပေါ့ ။ အစ်မကြီး လည်း သွား လည်ဦးလေ ” ဆိုတဲ့ ညီမလေး ရဲ့တိုက်တွန်းမှုကြောင့် ကျွန်မ တစ်နေ့ အသင်း က ကား နဲ့ သင်္ဃန်းကျွန်းဘက် အသွား မှာ လမ်း ကြုံလို့ လိုက် သွားပြီး သူ့ အိမ် နား မရပ်ဘဲ ရပ်ကွက် ထဲ က လူနေအိမ် မရှိတဲ့ လမ်းထောင့် တစ်နေရာ မှာ ရပ်ခိုင်းထားပြီး သူ့ အိမ် ကို လမ်းလျှောက် လာခဲ့ပါတယ် ။ အိမ် ရောက်တော့ သူ က နေကောင်း နေပါပြီ ။ ကျွန်မ ကို မြင်တာ နဲ့ သူ က “ အစ်မကြီး အခြေအနေ လာ ကြည့်တာလား ၊ ဘာမှ မဖြစ်သေးဘူး ” လို့ နှုတ်ဆက် တော့ ကျွန်မ က “ ဘာတွေ လျှောက် ပြောနေတာလဲ ။ ငါ့ မောင်လေး နေ မကောင်းဘူး ဘာများ စားချင်မလဲ ဆိုပြီး ဝယ် ကျွေးမလို့ ဝင် လာတာဟာ ” ဆိုတော့ သူ က ထုံးစံအတိုင်း ပြုံးတုံးတုံး နဲ့ “ သိဘူးလေ အစ်မကြီး ရာ ၊ ကျွန်တော် က မားကက်တင်း ဆင်းလာတယ် မှတ်လို့ ” တဲ့ ။ ပြောဖြစ်အောင် ပြောလိုက်သေးတာ ။ အဲဒီနေ့ က သူ နဲ့ ကျွန်မ ကိုရူပ ရဲ့လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည် သောက်ရင်း စကား ပြောကြပြီး ကျွန်မ ပြန်တော့ ကျွန်မ ရပ်ကွက် ထဲ မှာ ရပ် ထားတဲ့ ကား ရှိတဲ့ နေရာ ကို လာ ဖို့ ခက် နေတာပေါ့ ။ ကား မောင်းလာ တဲ့ မောင်ငယ် တစ်ယောက် ကလည်း ကျွန်မ ကို ထားခဲ့ပြီး ပြန်ပါ “ ကျွန်မ ဟာ ကျွန်မ ပြန်ပါ့မယ် ” ဆိုတာ ကို နားမထောင်ဘူး ။ ဘယ်လောက် ကြာကြာ စောင့်ပါ့မယ် ဆိုပြီး ပေ စောင့်နေတော့  ကျွန်မ မှာ လက်ဖက်ရည် တောင် ဖြောင့်ဖြောင့် မသောက်ရဘဲ အမြန် ပြန် ခဲ့ရတာပါ ။ ဒို့ ဟိုဘက်နား ကို ဝင်စရာ ရှိလို့ပါ ။ “ အဲဒီ အထိ လိုက်ပို့မယ် စကား ပြောရင်း လျှောက် တာပေါ့ အစ်မကြီး ကလည်း ဘာ ဖြစ်နေတာလဲ ” ဆိုပြီး သူ ကတောင် ကျွန်မ ကို ပြန် ငေါက်ချင်နေသေးတယ် ။ တကယ် ကျွန်မ ပြန်မဲ့ ကား ဆီ ကိုလည်း ရောက်ရော “ ကြည့်စမ်း အစ်မကြီး က အပိုင် တွက်ပြီး လုပ် ချလာတာ ကိုး ၊ မသာ တင် တဲ့ ကားကြီး နဲ့ ဒါကြောင့် ကျွန်တော် လိုက် ပို့တာ ကို အတင်း ငြင်းနေတာ ၊ ခုမှပဲ သဘော ပေါက်တော့တယ် ” ဆိုပြီး ကျွန်မ အကြောင်း ကို ပြောစရာ တစ်ကွက် ထပ် ရသွားပြန်ရောပေါ့ ။ “ အစ်မကြီး ကွာ လူ ကို အပိုင် တွက်ပြီး မသာကားကြီး နဲ့ ပေါက် ချလာတာ လုပ်ပုံ … လုပ်ပုံ …”  ဒီလို ဇဝနဉာဏ် ရွှင်တဲ့ မောင် တစ်ယောက် နဲ့ ချစ်ချစ်ခင်ခင် နေခဲ့ရတဲ့ ကာလတွေ ဟာ ကျွန်မတို့ စာပေ ညီအစ်မတွေ အတွက် မမေ့နိုင်တဲ့ ရက်စွဲတွေပါ ။

“ ကိုမင်းလူ ပြန် လာပြီ ၊ အဆုတ်ကင်ဆာ တဲ့ ” ဆိုတဲ့ မကြားဝံ့တဲ့ ထိတ်လန့်တုန်လှုပ်စရာ စကားလုံးတွေ ကို ကျွန်မ အယုံအကြည် ကင်းမဲ့ချင်လွန်းလှသည် ။ ကျွန်မတို့ မောင်နှမတွေရဲ့ ချစ်ခြင်း ကို ဒီလို ကင်ဆာ ဆိုတဲ့ ဝေဒနာကြီး က ဖြိုခွင်းတော့ မှာပါလား ။

ကာလ ဘယ်လောက် ကြာကြာ သူ ချစ်တဲ့ သူတွေနဲ့ နေရတော့မှာပါလိမ့် ကျွန်မတို့ တောင် ဒီလောက် စိတ် ထိခိုက်နေကြရင် သူ့ ချစ်ဇနီး နဲ့ သားသမီးလေးတွေ ဘယ်လောက် ခံစားနေကြရလိမ့်မလဲ ။ ဒီအချိန် မှာ သူ့ ဘေး မှာ မိသားစု သာ အချိန်ပြည့် လို အပ်နေပေလိမ့်မယ် ။

သူတကာ ကို အမြဲ ပျော်ရွှင်စေလိုသူ ၊ နှလုံးသားစင်ကြယ်သူ ၊ အမှန်တရား ကို မြတ်နိုးသူ အဖိုးတန် လူ တစ်ယောက် အနုပညာ လောက မှာ လူ့ အဖွဲ့အစည်း မှာ ဘာကြောင့်များ ကြာရှည် ရှင်သန်ခွင့် မရအောင် သေခြင်းတရား က ခြိမ်းခြာက်နေတာပါလိမ့် နော် ။ သူကိုယ်တိုင် ရော ဘယ်လောက် ကြောက် နေရှာလိမ့်မလဲ ၊ ကျွန်မတို့ က ဘေး က တွေးပြီး ကြောက် နေပေမယ့် သူ က ကြောက် ချင်မှ ကြောက် မှာပါ ။ သူ့ ဉာဏ် အတိုင်း သေမင်း ကို မထိတထိ နဲ့ ကလိပြီး ဟာသ လုပ်ချင် လုပ် ပစ်ဦးမှာလား ။ ကျွန်မ သူ့ ကို သွား မကြည့်ရက်ပါ ။ သူကတော့ ကျွန်မ တို့ ထက် ပိုပြီး အတွေးအမြင် ကျယ် သူမို့ လောကဇာတ်ခုံ ရဲ့ အချိုးအကွေ့ အလှည့်အပြောင်း ပရိယာယ်မာယာ တွေ ကို သဘောပေါက်ပြီး ဖြစ် ပါလိမ့်မယ် ။ သေခြင်းတရား သည် လက်ခံနိုင်သည် ဖြစ်စေ ၊ လက်မခံနိုင်သည် ဖြစ်စေ သူ သွား လိုရာ ဦးတည် သူ ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် သွားမည်သာ ဖြစ်သည် ။ ဒါကို သူ ကလည်း အဆင်သင့် ကြိုချင် ကြို နေမှာပါပဲ ။ သူ့မိသားစု နဲ့ အတူ ကျွန်မတို့ ဘေးလူများ ကတော့ သေခြင်းတရား ကို ရွာ လည် နေစေချင်သေးသည် ။ ဖြည်းဖြည်း လာခဲ့ပါ ။ အဆောတလျင် ခရီး မနှင်ခဲ့ပါ နဲ့ လို့ မေတ္တာ ရပ်ခံ ချင်သေးတာပေါ့ ။ သူ ရှိနေတဲ့ ဝိတိုရိယဆေးရုံ ကို ဝိုင်း က မကြာခဏ ရောက်သလို အခြား ညီမများ ကလည်း ရောက် ကြသည် ။ ကျွန်မ ကတော့ အတော် သွားရ ခက်နေသည် ။ သူ ကျွန်မ ကို တစ်ချိန် က ပျော်ရွှင်စရာ ဟာသ လုပ် ခဲ့တာကို နားလည် ပေမယ့် တကယ်တမ်း နောက်ဆုံး ထွက်သက် ကို ရင်ဆိုင်ရတော့မယ့် အခြေအနေ မှာ သူ က သတိ မရစကောင်းပေ မဲ့ “ အစ်မကြီး မားကက်တင်း ဆင်းလာတာလား ” ဆို တဲ့ သူ့ ရဲ့ကျီစယ်ပုံကလေး ကို မြင်ယောင် သတိရ လိုက်မိရင် ကျွန်မ ခံနိုင်ရည် ရှိနိုင်ပါ့မလား ။ ကျွန်မ သူ့ ကို အလွန် တွေ့ ချင်ပါသည် ။ သူ ဆေးသွားစစ်သည့် နေ့ လေယာဉ်ကွင်း မှာ တွေ့ပြီး ကတည်းက တစ်ခါမှ မတွေ့ရသေးပါ ။ သူ့ အခြေအနေတွေ ကို ဖေ့စ်ဘွတ်ခ် ကနေ တစ်ဆင့် နေ့စဉ်လိုလို တွေ့မြင်နေရလေ သူ့ ဆီ သွားချင် လေ လေ ဖြစ်လာသည် ။ သမီး ယုယ နဲ့ ဝိုင်း က ဆေးရုံ ပေါ် က သူ့ ပုံကလေးတွေ ကို တင် တင်ပေးနေသည် ။ သူ့ စာဖတ်ပရိသတ် နဲ့ သူ့ ကို သံယောဇဉ် ရှိ သူတွေက အွန်လိုင်း ပေါ် ကနေ ဆုတောင်း ပေးနေကြသည် ။

မေတ္တာ ပို့ ပေးနေကြသည် ။ ဒါတွေကို မြင် နေရလေ ကျွန်မ သူ့ ကို တွေ့ချင်လာလေ ပင် ။ နောက်ဆုံးတော့ ဘယ်လို မှ မနေနိုင်တော့ပါ ။ ကျွန်မ လို ပင် သတင်းမေး သွားချင်နေသည့် ဂျူး နှင့် အဖော် ရသွားတော့ အဆင် ပြေသွားသည် ။ ဆေးရုံ မှာ ဝိုင်း နှင့် ပါ ချိန်းပြီး ညီအစ်မ သုံးယောက် ဆုံပြီး သူ့ ထံ သွားတော့ သူ က ဆေး အရှိန် နှင့် မျက်နှာ တစ်ပြင်လုံး မည်း နေရာက သူ့ ချစ်ဇနီး ရဲ့ လက်ကလေး ကို အချိန်ပြည့် ဆုပ်ကိုင် ထားနေရာက အင်အား ဆုတ်ယုတ်ပြီး စကား  မပြောနိုင်သော်လည်း ပြုံးပြရှာသည် ။ သူ့ အပြုံး က ယခင်လိုပင် ဖော်ရွေ ဆဲ လှိုက်လှဲ ဆဲ ။ သို့သော် လှစ်ခနဲ သာသာ ကာလ တို သည် ဝေဒနာ က သူ့ကို နှိပ်စက်နေသည် ကိုး ။

အဲသည် နေ့ က ကျွန်မ တို့ ဝိတိုရိယဆေး ရုံ မှာ နောက်ထပ် သံယောဇဉ် ရှိ သူ တစ်ယောက်ကို လည်း ဝင် ကြည့်ခဲ့ကြပါသည် ။ စာရေးဆရာ ၊ သတင်းစာဆရာ မောင်ဝံသ ပါ ။

ဆရာမောင်ဝံသ နှင့် ရော ဆရာ့ မိသားစု နှင့် ပါ ကျွန်မ က ရင်းနှီး နေသူလည်း ဖြစ် ၊ ဆရာ့ပရိသတ် လည်း ဖြစ်သော ကျွန်မ အတွက် ကင်ဆာဝေဒနာ ကို ကိုယ်စီ ခံစားနေရတဲ့ ကြား ထဲ က စကားတွေ ပြောပြီး ဧည့်ခံနေသော ကျွန်မတို့ သုံးယောက် နဲ့ ဓာတ်ပုံ ရိုက် ခိုင်းပြီး ဖေ့စ်ဘွတ်ခ် တင် ရန် စာ ကို နှုတ်ဖြင့် ကိုယ်တိုင် စီ ပြီး ရေးခိုင်း ကာ ဝိုင်း ကို ညွှန်ကြားနေသော ဆရာ့ အသွင်သဏ္ဌာန် က ကျွန်မတို့ အတွက် နောက်ဆုံး အမှတ်တရ ပုံရိပ် ပါ ပဲ ။ ကိုမင်းလူ နဲ့ ဆရာမောင်ဝံသ တို့ ကင်ဆာရောဂါ ကိုယ်စီ နဲ့ ဆေးရုံ တစ်ရုံ ထဲ မှာ ဘဝ ရဲ့ နောက်ဆုံး ရက်စွဲတွေ ကို ကျော်ဖြတ် နေကြရတာဟာလည်း ဘဝဇာတ်ဆရာ ရဲ့ ဇာတ်ညွှန်း တစ်ပိုင်း တစ်စ ပေပဲ ။ ဒီ မြင်ကွင်း ဟာ ကျွန်မ မမေ့နိုင်တဲ့ သူတို့ ရဲ့နောက်ဆုံး ရှင်သန်ခြင်း ကာလ ရဲ့ပုံရိပ်တွေ ပါ ။ ကျွန်မ အတွက် သက်မဲ့ခန္ဓာတွေ ကို တွေ့ရမြင်ရ တာ များလှပေမယ့် ချစ်သူခင်သူတွေ ကို စွဲလမ်းတွယ်တာ နေတတ်သေးတာကြောင့် ကျွန်မတို့ မြင်ကွင်း က ပျောက်ဆုံးသွားတာ မရှိပါဘူး ။ မပျောက်ပျက်နိုင်ကြတာ က ရင် ထဲ က ပုံရိပ်တွေပါ ။ ကိုမင်းလူ တို့ ညီအစ်ကိုရင်းချာတွေ ထဲ မှာ ကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက် ထွက်ခွာသွားလိုက်ကြတာ ကိုဝဏ္ဏ ၊ မချိုရီ ၊ ကိုသုမောင် ၊ ခု သူ ကိုမင်းလူ ။ အဲဒါ ဘဝ တဲ့ လား ။ နောက်ဆုံးတော့ အလွမ်း နဲ့ သိမ်း ကြရတဲ့ လောကဇာတ်ခုံကြီး မှာ မဖြစ်မနေ က , ကြရမဲ့အရေး ကတော့ဖြင့် တွေးပြီး ပျော် မနေချင်တော့ပါ ။ တွေ့ခဲ့ကြတယ် ၊ ရှိခဲ့ကြတယ် ၊ အမှန်တကယ် ပျော်ရွှင်ခဲ့ကြပါတယ် ။ ဒါတွေဟာ အမှန်တရားပါ ။ အဲဒီ အမှန်တရားကြီး ပျောက်ဆုံး သွားတာဟာလည်း အမှန်တရားပါ ပဲ ။ ကျွန်မ ရဲ့ရွှေရတု မွေးနေ့ တုန်း က ကိုမင်းလူ ကျွန်မ ကို လက်ဆောင်ကလေးတစ်ခု ပေး ခဲ့ဖူးတယ် ။ ငွေရောင်ပတ်ကား ဖောင်တိန်ကလေး တစ်ချောင်း ပါ ။ အဲဒီအချိန်တုန်း က ဖောင်တိန်ဘူးပေါ် မှာ သူ ရေး ထားပေးတဲ့ စာကြောင်းကလေး ကို မကြာခဏ ဖတ်ကြည့်ပြီး ကျွန်မ သဘောကျ နှစ်ခြိုက်ခဲ့ရပါတယ် ။ ဒါပေမဲ့ အဲဒီ သူ့ လက်ရေး နဲ့ မွေးနေ့ အမှတ်တရစာကလေး ကို ဆယ်နှစ်ကျော် ကာလ ကြာ မှ ကျွန်မ ပြန် ဖတ်မိတဲ့ အခါမှာ တော့ ကျွန်မ လုံးဝ လက် မခံနိုင်တော့ပါ ။ ပတ်ကားဖောင်တိန် ထည့် တဲ့ ဘူးခွံ ပေါ် က သူ့ လက်ရေး သေးသေးသော့သော့ကလေး က …

“ အစ်မကြီး အသက် နှစ်ပြန် ရှည်စေသော် ” တဲ့ ။

◾သန်းမြင့်အောင်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

လန့်ဖျား


 

❝ လန့် ဖျား ❞

ဟံသာဝတီ အဝိုင်း ကို ကား ကွေ့ လိုက် မှ ငိုက်မျဉ်းနေရာက လန့် နိုး လာသည် ။ မျက်နှာချင်းဆိုင် ထိုင်ခုံ တွင် အင်းစိန် ကတည်း က လိုက် လာခဲ့သော လင်မယား နှစ်ယောက် မရှိတော့ ။

ငယ်နုသော မျက်နှာလေးများ နှင့် သမီးရည်းစားနှစ် ယောက် က နေရာစား ယူပြီးကြပြီ ။ လှည်းတန်း ( သို့မဟုတ် ) စိုက်ပျိုး ရေးမှတ်တိုင် မှ တက်လာခဲ့ကြဟန် တူသည် ။

“ နောက်ဆိုရင် ကလပ်စ် မလစ် တော့ဘူး နော် ”

“ အိုကွာ ... တစ်ခါတလေ ပဲ ဟာ ”

“ တစ်ခါတလေ တစ်ခါတလေ နဲ့ ဟိုနေ့က အနာတမီ လက်ချာ လည်း လွတ် ပြီးပြီ ၊ သူ သိပ် ကို ကဲတယ် ။ ဟွန်း ... ”

ကျွန်တော် ဘေး မှ အဒေါ်ကြီးက မျက်စောင်း တစ်ချက် ထိုး လိုက်ရင်း တစ်ဖက် သို့ လှည့် သွားသည် ။

ကျွန်တော် ကတော့ အိပ်ချင်ယောင် ပဲ ဆက် ဆောင်လိုက်ပါသည် ။

ထို့နောက် ကောင်လေး ၏ ညောင်နာနာ အသံလေး က ပေါ် လာ၏ ။

“ မကြင်ဝါ တို့ ဆီ က တောင်း ပြီး ကူး လိုက်ပါလား မီး ရယ် ”

“ အမယ်လေး ရှစ်တန်း ကတည်း က ပြိုင်ဘက် တွေ ။ ဝေး ပါသေးတယ် ကို ရယ် ။ သူတို့ ကလား …. မီး ကို စာအုပ် ငှားမှာ  ”

“ အခုထိ ပြိုင် နေကြတုန်းပဲလားကွာ ၊ ကလေးတွေ လည်း မဟုတ်တော့ဘဲ နဲ့ ”

"ဟင်း .... ဟင်း ။ ဆယ်တန်း ရောက်တော့ အခေါ် အပြော ကို မရှိကြတော့ ဘူးလေ ။ ဆယ်တန်း ရောက် တော့လည်း ဖိုက်ဒီ ချင်း အတူတူ ပေမယ့် သူ က နှစ်မှတ် လောက် ပိုများ သွားတာကိုပဲ အခုထိ ကြွား လို့ မဆုံးသေး ဘူး ။ ဟွန့် ၊ အဲဒီ တုန်း က သူတို့ ဝိုင်းကျူရှင် က အရမ်း တိုး သွားလို့ပါ ”

အသံ မထွက်သော သက်ပြင်းကြီး တစ်ချက် ကို ကျွန်တော် ကြိတ် ၍ ချမိသည် ။ ကျူရှင် တက် ချင်၍ နားပူနားဆာ လုပ်နေသော သားတော် မောင် သုံးတန်း ကျောင်းသားကြီး ကို သတိ ရမိသည် ။

“ ဟုတ်တယ် ။ ကို လည်း သူတို့ ဝိုင်း က ရတာ လေးတွေ နဲ့ ”

“ ဟွန်း ၊ ဒါတောင် ကို က ဖိုးဒီ ပဲ ထွက် တယ် ။ သိပ်ကို သိပ်ကို မုန်း ဖို့ ကောင်း တာပဲ ။ ခါတည်းမှပဲ ”

ကျွန်တော့် ဘေးမှ အဘွားကြီး က ချောင်း တစ်ချက် ဟန့် သည် ။

“ မီး ရယ် ၊ အချိန်တန်လို့ ဆရာဝန် ဖြစ်ရင် ပြီး ရောပေါ့ကွာ ”

“ အင်း ၊ ကို ကတော့ အမြဲ ခပ်ပေါ့ပေါ့ပဲ နော် ။ ဖိုင်နယ် မှာ တော့ အမှတ်ကောင်း ရ မှ ဖြစ်မယ်နော် ။ ဒါမှ ဘွဲ့ လွန် ဆက် ရမှာ ”

“ ဒုက္ခပါပဲကွာ ၊ ဟုတ်လှိုင် တို့ အုပ်စု ကလည်း ဒါပဲ ပြော နေကြတာပဲ ။ အင်း မူကြို ကတည်း က လူ နဲ့ ကို မတူ တော့ဘူး ။ စာကျက် တဲ့ စက်ရုပ် လို ပဲ ဖြစ်နေပြီ ”

“ အဲသလို လူဖျင်း စကားမျိုး မပြောနဲ့ ။ မီး မကြိုက်ဘူး ။ ဒီမှာ ကို ။ အနည်းဆုံး ဘွဲ့ နှစ်ခု လောက် မှ မရရင် အပေါစား ဖြစ် မှာ ပေါ့ ။ ဘာလဲ ကို က ဆေးတစ်လုံး ငါးကျပ် နဲ့ သာကေတ မှာ ဆေးခန်း သွား ဖွင့် မလို့လား ။ ရေရေ လည်လည် တုံး တယ်ကွာ ”

မြတ်စွာ ဘုရား ။ ညောင်ပင်ဝန်း မောင်းထောင် သား ကျွန်တော် ခေါင်း ကိုက် ချင်သလို ဖြစ် လာ၏ ။ အဘွားကြီး က ကားပြတင်း ဝ မှ ခေါင်း ထုတ် လျက် တံထွေး ထွေးသည် ။

ထိုစဉ် သက်ပြင်း ချသံ နှင့် အတူ အမျိုး သားငယ် က အယူခံ ဝင်၏ ။

“ ဟင်း ၊ အချိန် တွေ ရှိပါသေးတယ် ကွာ ”

“ အဲဒါ ငတုံးတွေ ပြောတဲ့ စကား ။ ဒယ်ဒီ ဆိုရင် မီး တို့ အတွက် မဂိုလမ်း မှာ ဆေးခန်း တောင် ရှာ နေပြီ ။ ကိုယ့် ပုံစံ နဲ့ ဆိုရင် ဟွန်း ... ဥက္ကလာ နဲ့ သာကေတ ပဲ ရောက်လိမ့်မယ် ”

“ ဟာ ဒါ ကတော့ လွန်လွန်းပါတယ် ကွာ ။ ကျောင်း ပြီး ဖို့ အဝေးကြီး ကျန် ပါသေးတယ် ”

“ အို ကို ကလည်း ကြိုတင် ပြင်ဆင်မှု ပေါ့ ”

မှန်၏ ။ ကျွန်တော် လည်း ကြိုတင် ပြင်ဆင်ရတော့မည် ။

ယနေ့မှ စ၍ ကျန်းမာရေး ကို အထူး ဂရုစိုက်ရတော့မည် ။

“ ဥုံ  ၊ အာရောဂျံ ၊ ပရမံ လာဘံ ၊ အနိစ္စ ၊ ဒုက္ခံ ၊ အနတ္တံ ”

◾မင်းသစ်

📖 မဟေသီမဂ္ဂဇင်း
      ၁၉၈၆ ၊ ဇွန် လ

www.facebook.com/aung.naingoo.3726613

.

Thursday, May 26, 2022

နတ်ပြည်က ဝတ္ထု


 

❝ နတ်ပြည်က ဝတ္ထု ❞

လူ့ပြည် တွင် သက္ကရာဇ် ၁၂၉၆ ခု တော်သလင်း လဆုတ် ၉ ရက် နေ့ နံနက် အချိန် တွင် “ ကသစ်ပွင့်ကာ ဝတိသာ သူရာနိုင်နိုးနိုး ” ဟူဘိ သကဲ့သို့ တာဝတိံသာ သို့ စစ် ပြုလာမည် ဖြစ်သော အသူရာနတ်စစ်သည် တို့ အား ကင်းစောင့် အဖြစ်ဖြင့် စောင့်ကြည့်လျက်နေ ရသော ပုဏ္ဏကနတ်ဘီလူး သည် ကင်း လှည့်ရင်း လူ့ပြည် နား သို့ ချဉ်းကပ်လာသဖြင့် ဆူညံစွာ ပြောဆို နေကြသော တက္ကသိုလ် ဖလားလု ဘောပွဲသတင်း ကို ကြား လိုက်မိလေ သတည်း ။ ထို ထူးခြားသော သတင်း ကို ကြား ခဲ့သော ပုဏ္ဏက လည်း သိကြားမင်း ထံ သို့ အသူရာ တို့ မပေါ်လာ သေးကြောင်း ကင်းလှည့် အစီရင်ခံစာ တင်သွင်းရန် တာဝတိသာ သို့ တက် လာသောအခါ နန္ဒာကန်ပေါင်ရိုး ပေါ်တွင် ခေါင်းချင်း ဆိုင် ကာ တိုင်ပင်နေကြသော မိတ်ဆွေ မာတလိ ၊ ဝိသကြုံ နှင့် ပဉ္စသီခနတ်သား တို့ ကို မြင်လိုက် လေ၏ ။

ပဉ္စသီခနတ်သား မှာ သုရိယဝစ္ဆ  နတ်သမီး သည် အလွန် လှဂုဏ်ကိုးကြောင်း ၊ ယခု ထက်တိုင် ဗေလုဝနတ်စောင်း ဖြင့် မြှောက်ပင့် ဖွဲ့နွဲ့၍ နောက်ပိုးသော်လည်း မအောင် မြင်သေးကြောင်း ၊ သူ့ အတွက် အများကြီး စိတ်ညစ်ရကြောင်းများ ကို ပြောပြလျက် နေလေ၏ ။ မာတလိ နှင့် ဝိသကြုံ တို့ မှာ လည်း ငေးမောကာ နားထောင်၍ နေကြလေသ တည်း ။

ပုဏ္ဏက လည်း မိမိ ၏ သိန္ဓော မြင်း နှင့် ၎င်းတို့ ၏ အနီး သို့ ချဉ်းကပ်လာ ၍ “ အို အချင်း ကိုကြီးသီသီ ၊ သီသီ ၌ နေ့စဉ်တစေ ဝန်တိုသော နတ်သမီး ကို သာ စွဲလမ်းနေလျက် ဘိတကား ။ ပင်ပန်းလေစွ ”  ဟု ဆိုလိုက်လေ၏ ။ ထို အခါ ပဉ္စသီခနတ်သား လည်း မော့ ကြည့်၍ အချင်း ပုဏ္ဏက သင် ကား သင် ချစ်ကြိုက်သော ဣရန္ဓတီ ကို ရပြီးသဖြင့် ငါ့ အား ကဲ့ရဲ့ပြစ်တင်သည် မှာ မသင့်လျော်လေ ” လို့ ပြန် ပြောလိုက်လေ၏ ။ ထိုအခါ ဝိသကြုံ လည်း “ အချင်း ပုဏ္ဏက ငါတို့ အား မနှောင့်ယှက်ကုန်လင့် ။ ငါ ကား နန္ဒာကန် ဆန်းကြယ်ခြင်း ကို သာ ရှုစားလျက် နေလေသည် ”  ဆို ပြန်၏ ။ ပုဏ္ဏက လည်း “ ကြွပါမည် အချင်းတို့  ၊ သို့ရာတွင် ကျွန်ုပ် လူ့ပြည် မှ သတင်းတစ်ခု ပါလေသည် ”  ဟု ဆို ရာ မာတလိနတ်သား လည်း ပုဏ္ဏက အား မေး လေ၏ ။

ပဉ္စသီနတ်သား သည် ရည်းစားပူ မိနေသောကြောင့် ဘာမျှ မကြားလို ၊ ဝိသကြုံ မှာ လည်း ရေကန် ၏ ဆန်းကြယ် မှု ကိုသာ ရှုလျက် နေလေသည် ။ မာတလိ မှာကား ရထား မှူး ဖြစ်နေသည့် အားလျော်စွာ ဟိုစပ်စပ် သည်စပ်စပ် သိ လို၏ ။ ( ဒရိုင်ဘာ တို့၏ သဘောတည်း ) ထို့ကြောင့် မာတလိ လည်း အပန်းတကြီး မေးသတည်း ။ ထို အခါ ပုဏ္ဏက ကလည်း လေသံ ကြား နှင့် တက္ကသိုလ်ဖလားလုပွဲ ဘောသတင်း ကို လင်းကျင်းလိုက်လေသတည်း ။ လင်း ကျင်း ပြီးသည်နှင့် အဆုံး ၌ ဝေဇယန္တာ နတ်နန်း သို့ သိန္ဓော မြင်း ကို ရှေးရှု နှင်လေ၏ ။ လူ့ သတင်း ကို နတ်ချင်း ဆောင် လိုက်ခြင်းပင် တည်း ။

သတင်း ကို ကောင်းစွာ နာယူပြီးသော မာတလိ က ဤသို့ ဆို၏ ။

“ အချင်းမောင် ပဉ္စသီ ၊ အမောင် သည် ထို တက္ကသိုလ်ဘောလုံးပွဲ ကို ကြည့်သင့် ၏ တကား ။ လူသား ပြည် ၌ ဤမျှလောက် ကျော်စောသော ဖလားပွဲ ၏ ဂုဏ် ကို ချီးကျူး ပြောဆိုသွားသော ပုဏ္ဏက ၏ စကား ကို မယုံမကြည် မရှိရာ ။ အမောင် သွားရောက် ရှုစားမိပါက အမောင် ၏ အဆွေး သည် ပြေအံ့တကား ” 

ဤသို့လျှင် မာတလိနတ်သား သည် ပဉ္စသီခ အား နှစ်သိမ့်စေပြီး နောက် ဝိသကြုံ အား ဤသို့ ဆိုပြန်၏ ။

“ အချင်း ဝိသကြုံ ၊ အမောင် ကား ဆန်းကြယ်မှု တို့ ကို ဖန်ဆင်းတတ် သူ ဖြစ်သည်ကား မှန်၏ ။ သို့ရာတွင် လူ့ပြည် ၌ လည်း ဆန်းကြယ်မှု တို့ လည်း များစွာ ရှိကုန်၏ ။ အို ဝိသကြုံ ထ လော့ ... ထ လော့ ” 

ဟု ဆို၍ သုံးဦး သောနတ်သား တို့လည်း ဝေဇယန္တာရထား ပေါ် သို့ တက် ကြလေ၏ ။ ရထား လည်း လေ ၏ အဟုန်ဖြင့် ဘီအေအေ ဘောကွင်း သို့ ရုတ်ခြည်း နှင် ထွက်သွားလေ သတည်း ။

နောက်တစ်နေ့ တွင် သိကြားမင်း သည် ဝေဇယန္တာ ရထား ၏ နံရံတွင် ရွံ့ ကွက်ကြီး တစ်ကွက် ကို တွေ့ရှိသဖြင့် မာတလိ ကို ခေါ်၍ စစ်ဆေးရာ မာတလိ မှာ အံ့အားသင့် လျက်နေလေ၏ ။ ရထား ခိုးစီးမှု လည်း ပေါ်လေ၏ ။ နက်သား သုံးပါး တို့ “ ချောက် ” ကျ ကြလေသတည်း ။ ထို ရွံ့ ကွက် မှာ အခြား မဟုတ် ၊ ထိုနေ့ ညနေ က တက္ကသိုလ်ဘော အသင်း ကပ္ပတိန် ကိုဝင်း သည် ဘောလုံးမြှောက်၍ ကန် လိုက်ရာ ရထားနံရံ ကို ထိ မှန်သော ရွှံ့ ကွက် ပင်တည်း ။ ထိ မှန်စဉ် အခါက လေ ထဲ၌ ပန်းဆိုင်း ဆွဲ ထားသကဲ့သို့ တည် နေသော ရထား မှာ ငြိမ့် ခနဲပင် ဖြစ်သွားလေသေးသည် ။ မာတလိနတ်သား လည်း သုဇိတာမိဖုရားကြီး ကို ကပ် လေ သည် ။ သုဇိတာမိဖုရားကြီး လည်း သနားသဖြင့် သိကြား မင်း အား ကောင်းပန်ရာ “ အဘယ်ချစ်မငြီး သုဇိတာ ၊ ငါ သည် သင့် အား မိဖုရားတကာ တို့ ထက် မြတ်နိုး ချစ်ခင်ပါ ၏ ။ အသင် လည်း ငါ့ အား ချစ်ခင်ပါမူ သင်းတို့ အတွက် မတောင်းပန်လေလင့် ၊ သည်းခံ၍ အေးချမ်းစွာ စံလေလော့ ”  ဟူသော စကားကို သာ ရသဖြင့် သုဇိတာ မိဖုရား လည်း လက်မှိုင် ချကာ နေရရှာသတည်း ။ 

သိကြားမင်း လည်း

“ မောင်နတ်သား တို့ ၊ အမောင် တို့ ၌ လူသားတို့ ၏ ဘောပွဲ ကို ကြည့်သည် လည်း တစ်ပြစ် ၊ ရထား ခိုး စီး သည်လည်း တစ်ပြစ် ၊ ဤ နှစ်ပြစ် ရှိ၏ တကား ၊ အမောင်နတ်သား တို့ အဘယ် ဆိုဖွယ်ရာအကြောင်း ရှိသေး သနည်း ”

ဟု မေးမြန်း၏ ။

ထိုအခါ မာတလိ လည်း

“ မှန်လှ ပါ ထို ဘောပွဲကို ကြည့်စဉ် အခါက ကျွန်တော်တို့ သာ ကြည့်သည် မဟုတ်ပါ ။ ဝါဝါဝတ်များ လည်း ပါပါသေး သည် ဘုရား ” 

ဟု လျှောက်ထားလေ၏ ။

သိကြားမင်း လည်း

“ အင်း ဝါဝါဝတ်များ ပင် ကြည့်လျှင် သင်းတို့ ကို အပြစ် မဆိုသာပြီ ”

ဟု စဉ်းစားမိသဖြင့်

“ ကောင်းပြီ မောင် နတ်သားတို့ ၌ ရထား ခိုးစီးသော အမှု ရှိသေးသည် ။ ဆိုစရာ ရှိသေးသလော ” 

ဟု မေးပြန်၏ ။

ထိုအခါ မာတလိနတ်သား သည် အားတက်လာ၍

“ မှန်လှပါ အရှင်ဘုရား ၏ ရထား ကို စီးနင်းသွားသဖြင့် သာ ဘောပွဲ ကို မီရုံ ရောက်ရှိ ပါသည် ။ လူသားတို့ မှာ မွန်းတိမ်းချိန် လောက်က စ၍ ကျပ် နေကြပါသည်ဘုရား ”

ဟု လျှောက်တင်ပြန်ရာ သိကြားမင်း လည်း

“ ကောင်းပြီ မောင်နတ်သား တို့ ၊ အမောင်တို့ ကြည့်ရှု ခဲ့သော ဘောပွဲ နှင့် အလားတူ ဘောပွဲ ကို မကြာမီ ကျင်းပမည် ဖြစ်သော ငါ ၏ ကသစ်သဘင် ၌ ခင်းကျင်း ပြသရမည် ။ အကယ်၍ ငါ ကိုယ်တော် သဘော ကျပါမူ အမောင် တို့ အား အပြစ်ဒဏ် မှ လွတ်မည် ”

ဟု တစ်ချက်လွှတ် အမိန့်ပြန် ၍ မျက်နှာတော် လွှဲသွားလေသတည်း ။ 

မာတလိနတ်သား လည်း

“ အမောင် ဝိသကြုံ နှင့် ပဉ္စသီ တို့ ၊ နောင်တော် ၏ တာဝန် ဖြင့် ကုန် လေပြီ ။ မောင်တို့ ၏ တာဝန် လက်စွမ်းများ ကို ပြဦးလော့ ”

ဟု ဆိုရာ နတ်သား နှစ်ဦး တို့လည်း အသီးသီး ဝန်ခံ ၍  ခွဲခွာသွားကြလေသတည်း ။ ထိုနေ့မှ စ၍ ဝိသကြုံနတ်သား သည် မြင်းမိုရ်တောင် ခြေရင်း သို့ ဆင်း ၍ စိတ်ကူးခန်း ဝင်လျက် နေလေ သည် ။ ပဉ္စသီခနတ်သား မှာ လည်း မိမိ ၏ ဘုံဆောင် ကို လုံစွာ ပိတ်၍ ဗေလုဝနတ်စောင်း ကို စမ်းသပ်ခါ တီးခေါက်နေ လေသတည်း ။

များမကြာခင် ကသစ်သဘင် ကျင်းပမည့် နေ့လည်း ကြုံ လာလေ၏ ။ ကသစ်ပင်ရင်း တွင် နတ်သမီး ၊ နတ်သား ပရိသတ်အပေါင်းတို့ လည်း စုဝေးလျက် ရှိကြလေပြီ ။ သိ ကြားမင်း လည်း ဧရာဝဏ် ဆင်တော် ကို စီး လျက် မိဖုရား လေးပါး ခြံရံကာ ကြွလာတော်မူ၍ ကသစ်ပင်ရင်း ခင်းအပ်သော ဗန္ဓုကမ္ဗလာ မြကျောက်ဖျာ ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ စံ နေတော် မူလေသတည်း ။

ဝိသကြုံ လည်း နတ်တို့ ၏ တန်ခိုးဖြင့် တက္ကသိုလ် ဘောပွဲ ကို ဖန်ဆင်း ပြ လိုက်လေ၏ ။ သိကြားမင်း လည်း ကစားသူ တို့ ၏ ဖျတ်လတ်ပုံ ၊ လျင်မြန်ပုံများ ကို မြင်မိသော အခါ

“ ဝိသကြုံ လူသားတို့ ၏ ပြည် ၌ ယခုကဲ့သို့ ဖျတ်လတ်လျင်မြန်သော လူသားများ ရှိပါ့မလား ။ ယခင်တစ်ခါ အနော်ရထာမင်းတရားကြီး လက်ထက်တော် တွင် ရွှေစည်းခုံဘုရား ကို ငါ ကိုယ်တော် နှင့် တကွ နတ်အပေါင်း တို့ ဝိုင်းဝန်း၍ တည် ပေးစဉ်အခါက ကျန်စစ်သား ၊ ငထွေရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး သူရဲကောင်း တို့ ကို မြင်ဖူးခဲ့ပြီ ။ သို့ရာတွင် ဤ လူများ လောက် မဖျတ်လတ် ပါ တကား ” 

ဟု လက်ဖျားတခါခါ နှင့် မိန့် တော် မူလေသတည်း ၊ နတ်ပရိသတ်အပေါင်း တို့ လည်း သောင်းသောင်းဖြဖြ ဟစ်အော်ကြွေးကြော် သြဘာ ပေးကြလေသတည်း ။ နတ် တစ်ပါး မှာ အော်ဟစ်ရင်း လက်ကတီး ကြား မှ ချွေး ယို၍ စုတေ ရ ရှာ၏ ။ ထိုအခိုက် တွင် သိကြားမင်း လည်း ပုဏ္ဏက ကို မြင်လိုက်သဖြင့် အခေါ် စေလွှတ်တော် မူ၍ ပုဏ္ဏက ရှေ့တော် သို့ ရောက် လာသောအခါ

“ ဟဲ့ ပုဏ္ဏက ငါ သည် သင့် အား အသူရာ နတ်စစ်သည် တို့ ၏ အလာကို စောင့်ကြည့်ရန် ယုဂန္ဓိုရ် တောင်စောင်း တွင် ထားသည် မဟုတ်လော ။ အဘယ့်ကြောင့် ဤ နေရာသို့ ရောက်လာသနည်း ။ နင် ဒဏ် သင့်အံ့ ” 

ဟု ကြိမ်းဝါးလေ၏ ။

ထိုအခါ မှ ပုဏ္ဏက က လည်း ဒူး တုပ် ၍

“ မှန်လှပါ ၊ စိုးရိမ်တော်မမူပါနှင့်ဘုရား ။ အသူရာနတ်စစ်သည် တို့ မှာ တက္ကသိုလ်ကျောင်းသားများ ကန် သော ဘောသံ ကို ကြား ရုံမျှနှင့် ဤ အသံကား ကက္ကဋ စည် သံ ထက် ပြင်းလှ ၏ တကား ၊ ကြောက်မက်ဖွယ် ကောင်းစွ တကား ဟု မြည်တမ်းကာ လက်လွတ် ထွက် ပြေး ကုန်သဖြင့် ၎င်းတို့ အား စောင့်ကြည့်ရန် မလိုတော့ ကြောင်းပါဘုရား ” 

ဟု လျှောက်ထား လိုက်လေ၏ ။ ထိုအခါ သိကြားမင်း လည်း လွန်စွာ အားရတော် မူပြန် သတည်း ။

ဘောပွဲ ကို ခင်းကျင်း ပြသပြီးသော အခါ သျှောင် ငါး လုံး ကို ချောမွတ် နေအောင် ထုံး ထားသော ပဉ္စသီခ နတ်သား လည်း ဗေလုဝနတ်စောင်းကြီး ကို ပိုက်လျက် သိကြား မင်း ၏ ရှေ့တော်မှောက် သို့ ရောက်လာလေ၏ ။ ထိုအခါ နတ်ပရိသတ်အပေါင်း တို့ သည် “ ဘော ကောင်းသည် ကို ဤနောက်ပိုး မျက်နှာရူး နတ်သား သည် နောက်ပိုးသီချင်း နှင့် ဖျက် လာပြန်တော့မည် ၊ အရှက်နည်းလေစွ ” ဟု တီးတိုးကြ ၏ ။ မေးကြ၏ ။ မျက်စောင်း လည်း ထိုး ကြသတည်း ။ သုရိဝစ္ဆနတ်သမီး မှာ လည်း “ ဤ နောက်ပိုး နတ်သား အား ရှက်စရာကောင်း သောသီချင်း တို့ဖြင့် ဖွဲ့နွဲ့ ဦး မှာ တကား ” ဟု တစ်ကိုယ်တည်း ညည်းညူ၏  ။ ရှက် လည်း ရှက် ၏ ။ တခြား သို့ ထ သွားချင်၏ ။ သို့ရာတွင် နတ်သမီး တို့ ကာယိန္ဒြေ ပျက်ယွင်း မည် စိုးသဖြင့် ထိုင် နေရှာလေသတည်း ။

သို့ရာတွင် ပဉ္စသီခနတ်သား လည်း ဗလုဝစောင်း ကြိုး များ ကို စမ်းသပ် လိုက်သောအခါ နတ်ပရိသတ် တို့ လည်း ကြက်သေ သေလျက် နေကြလေသည် ။ အဘယ့်ကြောင့် ဆိုသော် ယခု ခတ် လိုက်သော နတ်စောင်း သံ မှာ ကြားနေကျ ဖြစ်သော ဥသဘ ၊ ဓေဝတ ၊ ဆဇ္ဇ ၊ ဂန္ဓာရ စသော နွားလားဥဿဘ ၊ မြင်း ၊ ဥဒေါင်း ၊ ဆိတ် တို့ မြည်သော အသံ နှင့် တူသော အသံများ မဟုတ် ။ တစ်ခါမျှ မကြားဖူးသေး သော ဘောသံ နှင့် တူသော သာယာသော အသံ ဖြစ်နေသော ကြောင့် ပင်တည်း ။ ပဉ္စသီခနတ်သား လည်း အောက်ခြေ နှင့် ခတ် လိုက်သော အသံ ၊ နှစ်ယောက်ကြား တွင် လု ကြ၍ မြည်ထွက်သော အသံ ၊ ဂိုးတိုင် ကို ထိရိုက် ၍ မြည်ထွက် လာသော အသံ အမျိုးမျိုး တို့ ကို တီး၍ ပြလေသတည်း ။ နတ် ပရိသတ် တို့သည် များစွာ နှစ်သက်ကြလေသတည်း ။ တစ်ဖန် သီဆို လိုက်သော သီချင်းမှာလည်း ကြား နေကျ ဖြစ်သော ပေါင်တန် ကဘယ်လို ၊ လည်ပင်း က ဘယ်သို့ ၊ ပန်းနှစ်ပွင့် က ဘယ်နည်း စသော သုရိယဝစ္ဆနတ်သမီး ကို ချီးကျူးသော စောင်းချင်း ဂါထာများ မဟုတ် ။ တစ်ခါမျှ မကြားဖူးသော ဂိုးစောင့်ကိုကိုလေး က ဘယ်လို ၊ ဆီဘာရတ် နှင့် လက်စထရိန်း တို့ ကဘယ်သို့ ၊ ဘွန်ဘောက် ၊ ကိုဧငွေ ၊ မန်ရိုး တို့ က ဘယ်နည်း ၊ ကိုယုတ်ကွင်း ၊ ကိုကံညွန့် ၊ ကိုဝင်း ၊ စတီဗင် ၊ ကိုမောင်ကလေး တို့ က ဘယ်လို ဘောလုံး ကို ယူပြီး ဘယ်လို ဂိုး သွင်းလိုက်တာ လား စသော တာဝတိံသာ ခေတ်စမ်းဘောသီချင်းများ ပင် တည်း ၊ ဩဘာသံကြီး လည်း ဆူညံ သွားလေသတည်း ။

ယင်းကဲ့သို့ ကသစ်သဘင် ၌ တာဝတိသာ ခေတ်စမ်း ဘောသံ ဘောသီချင်းများ ကို သီဆို တီးခေါက် ပြီးသည့် အဆုံး၌ သုရိယဝစ္ဆ နတ်သမီး လည်း ပဉ္စသီခနတ်သား ၏ နောက်သို့ ကောက်ကောက် ပါအောင် လိုက် သွားရာ နောင် အခါတွင် ၎င်းတို့ နှစ်ဦး သည် နတ်တို့ ၏ အခမ်းအနား ဖြင့် မင်္ဂလာ ဆောင်ကြလေသတည်း ဟူ၍ ။ အဲ - ဒါလိုများ ကိုယ် တို့ လူတွေ ရဲ့ ဂုဏ် ကို ရွှန်းရွှန်း ဝေ နေအောင် လေပေါပေါ နဲ့ လျှောက် “  ဖြီး ” လိုက် ရရင် သိပ္ပံကိုဝ က “ ကွယ့် ... ကိုဇော်ဂျီ ရဲ့ ၊ မောင့် စာ ဟာ လွန်လွန်းသည် ပင် ”  လို့များ ပြောဦး မ လား မပြောတတ်ပါဘူးဗျာ ။

     ( ဘောလုံးပွဲ အောင်တော်မူ မှတ်တမ်း ၊ ၁၉၃၄ )

◾  ဇော်ဂျီ

📖  မြန်မာဝတ္ထုတို ( ၁၉၁၂ - ၁၉၆၄ )

www.facebook.com/aung.naingoo.3726613

.