Showing posts with label အောင်မောင်း. Show all posts
Showing posts with label အောင်မောင်း. Show all posts

Monday, August 10, 2026

အခွန်ဌာနမှာ


❝ အခွန်ဌာနမှာ ❞
( အောင်မောင်း )

ကမ္ဘာကျော်လူသန်ကြီး စုပ်ပြူးချွန် တစ်ယောက် နေပြည်တော်သို့ ရောက်ရှိလာသည် ။ နေပြည်တော်ရှိ လွှတ်တော်အမတ်များနှင့်ပြည်သူများကို သူ ခွန်အားမည်မျှ သန်မာကြောင်း ပြသလို၍ ဖြစ်သည် ။ သူ စင်ပေါ်၌ ပြသမည်ပြုစဉ် လူတစ်ယောက် အရည်ညှစ်ပြီးသား ကြံဖတ်ချောင်းကို ကိုင်လျက် တက်လာသည် ။ ပြီးနောက် “ လူသန်ကြီးခင်ဗျား .. ဝိတ်မတာတွေ ဘာတွေ လုပ်ပြမနေပါနဲ့ .. ခင်ဗျား ဘယ်လောက်သန်မာလဲဆိုတာ သိရအောင် ဒီကြံကို အရည်ထွက်  အောင် ညှစ်ပြစမ်းပါ ” ဟု တောင်းဆိုလိုက်သည် ။ လူသန်ကြီးက ချက်ချင်းပင် ကောက်ညှစ်ပြလိုက်သည် ။ ကြံရည်များ ထွက်ကျလာသဖြင့် ပရိသတ်က သြဘာပေးလိုက်ကြသည်  ။ လူသန်ကြီး စုပ်ပြူးချွန်က ပရိသတ်ကို စိန်ခေါ်လိုက်သည် ။    

“ နောက်ထပ် ဒီကြံဖတ်ကို အရည်ထွက်အောင် ညှစ်ပြနိုင်သူရှိရင် ငွေသုံးသိန်းပေးမယ်” ဟူ၍ ။ ထိုအခါ ပရိသတ်ထဲမှ လူတစ်ယောက် တက်လာသည် ။ ကြံဖတ်ကို အားကုန် ညှစ်ပြလိုက်သည် ။ ကြံရည် လက်ဖက်ရည်ပန်းကန် တစ်လုံးစာ ထွက်ကျလာသည် ။ ထိုလူက “ ကျုပ် မော်တော်ပီကယ် လုပ်လာတာ သုံးနှစ်ရှိပြီ ၊ ဒီလောက်တော့ ပျင်းတောင် ပျင်းသေးတယ် ” ဟု ကြုံးဝါးပြီး လောင်းကြေးငွေ ပိုက်လျက် စင်ပေါ်က ဆင်းသွားသည် ။ နောက်ထပ် လူတစ်ဦး တက်လာပြန်သည် ။ ထိုလူက ကြံဖတ်ကို ကောက်ညှစ်လိုက်ပြန်ရာ ကြံရည်လက်ဖက်ရည်ပန်းကန် သုံးလုံးစာ ထွက်ကျလာသည် ။ ပရိသတ်က လက်ခုပ်သြဘာ ပေးလိုက်ကြသည် ။ လူသန်ကြီး စုပ်ပြူးချွန်လည်း အံ့အားသင့်သွားသည် ။ သူ့ထက် စွမ်းသောသူများ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်သည် ။ ထိုသို့ဖြင့် ဒုတိယညှစ်ပြသူနား ကပ်ကာ မေးလိုက်သည် ။

“ ခင်ဗျားကကော ဘယ်ဌာနမှာ ဘယ်နှနှစ် လုပ်ခဲ့လဲ ” 

ထိုလူက ချက်ချင်း ပြန်ဖြေသည် ။

“ ကျုပ်က အခွန်ဌာနမှာ လုပ်လာတာ ဆယ်နှစ်ရှိပြီ ”

▢ အောင်မောင်း
📖ရယ်စရာ မဂ္ဂဇင်း
     ဇူလိုင် ၊ ၂၀၁၅