❝ ကိုဉာဏ်ပေါ် သို့မဟုတ် မင်းလူ ❞
စာရေးဆရာ ၊ ဒါရိုက်တာ သာဓု မိသားစု နဲ့ ကျွန်တော်တို့ ညီအစ်ကို တစ်တွေ ခင်မင်ခဲ့ကြတာ နှစ်ပေါင်း အတော် ကြာပါပြီ ။
ပြောရရင်တော့ နှစ်ပေါင်း ၄၀ ကျော် ရှိပြီပေါ့ ။ ကျွန်တော် နဲ့ ကိုဗလ ( သုမောင် ) ၊ ကိုသန်းထွဋ် တို့က ငယ်သူငယ်ချင်း တွေပါ ။ ကိုဗလ နဲ့ ကျွန်တော် က အချိန် အားတိုင်း သန်းထွဋ် တို့ အိမ် မှာ နေလေ့ ရှိပါတယ် ။ အဲဒီအချိန် က ကိုဗလ နဲ့ ကိုမြင့်ဆောင် တို့ က စာသဘင် စာအုပ်တိုက် ကနေ စာအုပ်တွေ ထုတ်ဝေနေတဲ့ အချိန်ပါ ။ ကျွန်တော်တို့ သူငယ်ချင်း ၃ ယောက် ကတော့ တတွဲတွဲပါပဲ ။
ဆရာသာဓု က ရုပ်ရှင်ကား တွေ ရိုက်နေတဲ့ အချိန် လည်း ဖြစ်တယ် ။ ဆရာတို့ ခေတ် က ရုပ်ရှင် ရိုက်တယ် ဆိုတာ ကိုယ်ပိုင် စတူဒီယို ရှိတယ် ။ ရုပ်ရှင်ရိုက်ကူးရေး စက်အဖွဲ့ ရှိတယ် ။ မင်းသား ၊ မင်းသမီးတွေက အစ သရုပ်ဆောင်တွေပါ မွေး ထားတာပါ ။
ဆရာသာဓု ရဲ့ စတူဒီယို က ကိုဗလ တို့ နေတဲ့ သင်္ဃန်းကျွန်း ခြံ ထဲ မှာပါ ။ ဆရာသာဓု ရဲ့ဇနီး အမေညို ( ဒေါ်ခင်ညို ) က အားလုံး ကို ကြည့်ရှုထားတယ် ။ အမေညို ရဲ့အိမ်မှာ မောင်ဝဏ္ဏ ၊ ကိုဗလ ၊ ကိုရူပ နဲ့ ကိုဉာဏ်ပေါ် ( မင်းလူ ) တို့ ညီနောင်လေးယောက် နဲ့ ကဗျာဆရာ ငယ်သွေး ၊ ကချင်မြေသန်းဆောင် ၊ မြင့်ဆောင် ( ကဗျာ / ဇာတ်ညွှန်း ) တို့ နေကြတာပါ ။ ( ရုပ်ရှင်မင်းသားကြီး ဇော်လွင် လည်း လာ နေခဲ့ဖူးပါသေးတယ် ။ )
ရုပ်ရှင်ရိုက်ကူးရေး စက်အဖွဲ့ ရဲ့ မိသားစုတွေ ကလည်း ခြံ ထဲမှာ အိမ်လေးတွေ နဲ့ အသီးသီး နေကြရတာပါ ။ ကင်မရာမဲန်းကြီး ကိုစိုး ၊ အသံဖမ်း ကိုစံ ၊ မီး ဦးခင်မောင် ( ဆရာသာဓု ရဲ့ ညီ ) ၊ ဦးသောင်း ၊ မာလီဦးဒင်္ဂါး စတဲ့ သူတွေလည်း မိသားစုတွေ နဲ့ အသီးသီး ရပ်ကွက်ကလေးတစ်ခု လို နေကြတာပါ ။ အလယ် မှာ တော့ ရိုက်ကူးရေးအတွက် စတူဒီယိုကြီး ရှိပါတယ် ။ ဆရာသာဓု က အလုပ်တစ်ခု ကို လုပ်ရာမှာ စေ့စပ်သေချာ သူ တစ်ဦး ပါ ။ ရှပ်ရှင်ကား တစ်ကား ရိုက်ကူးပြီး ပါ က ဖြန့်ချိရေး အတွက် သာဓုရုပ်ရှင်ကုမ္ပဏီ ကို ဗိုလ်ချုပ်ဈေး ၊ ပန်းပုဦးလွင် ရဲ့ အခန်း မှာ မန်နေဂျာ ဦးစံထွန်း နဲ့ ဖွင့်လှစ် ထားသလို ရုပ်ရှင်ပိုစတာ ၊ ဒီဇိုင်း နဲ့ ဆက်တင်အတွက် ပါ ပန်းချီဆရာ ဦးအောင်မြင့် လည်း ရှိပါတယ် ။ ရုပ်ရှင်ကြော်ငြာ လှည့် ဖို့ ကား ရှိသလို လက်ကမ်းကြော်ငြာရိုက် ဖို့ ပုံနှိပ်စက် တစ်လုံး နဲ့ စက်ဆရာ ကာလာမောင်လှ ဆိုတာ လည်း ခြံ ထဲ မှာ ရှိ ပါတယ် ။ ရုပ်ရှင်လုပ်ငန်း တစ်ခုလုံး အတွက် လိုအပ်တာတွေ ကို စီမံ ဆောင်ရွက်ထားတာပါ ။
ကိုဗလ နဲ့ ကျွန်တော် တို့ က ဝါသနာ တူ တွေမို့ အခါအားလျော်စွာ သာဓုခြံ ကို ရောက်လေ့ ရှိပါတယ် ။ ကိုဝဏ္ဏ က လည်း ရုပ်ရှင်ဖလင် ရိုက်ကူးနေချိန်ပေါ့ ။ အမေညို့ အိမ် မှာ စားအိမ်သောက်အိမ် ဖြစ်နေတာပါ ။ အဲဒီမှာ ကိုရူပ နဲ့ ကိုဉာဏ်ပေါ် ကို တွေ့ဆုံခဲ့ရတာပါ ။ ကိုရူပ ကတော့ အားကစားသမားပါ ။ ဘောလုံး ကန်တာ နဲ့ အချိန် ကုန်နေသူ တစ်ယောက်ပါ ။ သူတို့ ထဲ မှာ အငယ်ဆုံး က ကိုဉာဏ်ပေါ် ပါ ။ ငယ်ငယ်လေးကတည်း က စကား ပြောရင် စကားကြီး စကားကျယ် ပြောပြီး ဝေဖန်လေ့ ရှိပါတယ် ။ သူ့အရွယ် နဲ့ မလိုက်အောင် ပြောတတ်လွန်း လို့ အားလုံးက တစ်ခုခု ဆိုရင် ကိုဉာဏ် ဝေဖန်ခံရမှာ ကို လန့် နေကြရတာပါ ။ မလန့်လို့ လည်း မရဘူး ။ သူ သိလို့ကတော့ ချက်ကျကျ နဲ့ နှက်မှာပါ ။ ငယ်ငယ်လေး နဲ့ ပြောတတ် ဆိုတတ် လို့ အားလုံး ချစ်ခင်ကြတယ် ။ ချစ်စရာကောင်း အောင်လည်း ပြောတတ်ပါတယ် ။
ဆရာသာဓု က လွတ်လပ်ရေး မရမီ က စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ခဲ့ပါတယ် ။ ပူတူတူး ပေါင်ဒါ ဆိုပြီး ထုတ်လုပ်ရောင်းချပြီး အောင်မြင်ခဲ့ပါတယ် ။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ် ချိန်မှာ ဆရာသာဓု တစ်ယောက် သခင်ဖေသန်း ဆိုပြီး ရေနံမြေသပိတ် ကို ကြိုဆို ထောက်ခံပြီး နိုင်ငံရေး ကို လုပ်ကိုင်ခဲ့သူပါ ။ နောင်အခါမှာ ဗိုလ်ချုပ်အောင်ဆန်း တို့ နဲ့ အတူ လှုပ်ရှားခဲ့ပါသေးတယ် ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြော တဲ့ ဓာတ်ပုံ ထဲ က ကားလေး က ပူတူတူးပေါင်ဒါကြော်ငြာ ကားလေးပါ ။
ဆရာ က ပုံနှိပ်စက် တစ်ခု ကိုလည်း ထောင် ခဲ့ပါတယ် ။ ကျားကွက်သစ် ဘက် မှာ နေစဉ်က ပုံနှိပ်စက် ထောင်ပြီး ပဒေသာ ၊ သစ္စာ စတဲ့ မဂ္ဂဇင်းတွေ ကို ရိုက် ခဲ့သလို စာသဘင် ဆိုတဲ့ ထုတ်ဝေရေး ကို လည်း လုပ်ခဲ့ပြန်ပါတယ် ။ ဆရာ့ အိမ် မှာ စာရေးဆရာ သော်တာဆွေ ၊ မင်းဆွေ ၊ သခင်တင်ရီ စတဲ့ အဲဒီခေတ် က စာရေးဆရာ တွေ ရဲ့ စုဝေးရာ နေရာလေး တစ်ခု ဖြစ်ခဲ့ပါတယ် ။ ဆရာသာဓု လည်း စာရေးဆရာ ဖြစ် လာပြီး နိုင်ငံရေး ကို ဆက် မလုပ်တော့ပါ ။ ဆရာ က မဟုတ်တာ တွေ့ရင်တော့ ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုလေ့ ရှိသူပါ ။ ဆရာ ပြောလေ့ ရှိတာက ‘ မှန်ရာ ကို ဒဲ့ဒိုး ပြောလို့ အမုန်း ခံရတယ် ဆိုရင် အဲဒါ သာဓု အဖို့တော့ အရသာ ပဲ ’ ။ ဒီလို ဗီဇ ကို အမွေ ဆက်ခံသူ ကတော့ ကိုဉာဏ်ပေါ် ( မင်းလူ ) လို့ ဆိုရမှာပါ ။ သူ က ပြောပုံ ဆိုပုံ သာမက အဖွဲ့အစည်း စိတ် ရှိပုံ နဲ့ နိုင်ငံရေး စိတ်ဓာတ် ကို ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း မှာ ထင်ထင်ရှားရှား တွေ့ ရပါတယ် ။
ကိုဉာဏ်ပေါ် တစ်ယောက် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် မှာ ပညာ သင်ကြားနေချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့် ဈာပန အရေးအခင်း ဖြစ်ခဲ့ပါတယ် ။ ရန်ကုန်မြို့ ကျိက္ကဆံကွင်း မှာ ဈာပန အခမ်းအနား ကို ကျင်းပရာ က နေ ကျောင်းသားများ က ဦးသန့် ကို မဆလ အစိုးရ က ထိုက်တန်စွာ ဂုဏ်ပြုခြင်း မရှိတဲ့ အတွက် ဦးသန့် ရဲ့ ရုပ်ကလပ် ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ထဲ ပြောင်းရွှေ့ သယ်ယူပြီး ဂုဏ် ပြုခဲ့ကြပါတယ် ။ နောက် မှ ကျောင်းသားသမဂ္ဂဟောင်း နေရာ မှာ ဦးသန့် ကို ဂူသွင်း ထားပါတယ် ။ ကျွန်တော် တို့ လည်း အလုပ် က ပြန်ပြီး ညဘက် ကို သွားပြီး တရားပွဲတွေ ကို နား ထောင်ကြပါတယ် ။ အဲဒီထဲ မှာ ဦးသန့် ဂူ ရဲ့ပတ်ပတ်လည် မှာ တက္ကသိုလ်ကျောင်းသားတွေ က နဖူး မှာ အနီရောင် အဝတ်တွေ စည်းပြီး ဝိုင်းရံ ထားတာကို တွေ့ရပါတယ် ။ အဲဒီ ထဲ မှာ ကိုဉာဏ်ပေါ် ကို တွေ့ လိုက်ရပါတယ် ။ နေ့စဉ်နဲ့ အမျှ ရန်ကုန် က လူတွေ က တက္ကသိုလ် ကျောင်း ဝင်း ထဲမှာ လာရောက် စုဝေးနေကြတာ တစ်နေ့ ထက် တစ်နေ့ များ လာပါတော့တယ် ။
တက္ကသိုလ်ကျောင်းသား တွေ က ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ ကို အတိအလင်း အန် တုလိုက်တဲ့ ပွဲပါပဲ ။
ရက် အနည်းငယ် အကြာမှာတော့ စစ်တပ် နဲ့ ဝင်ရောက်စီးနင်း ပြီး ဖြိုခွဲ ခံလိုက်ရပါတယ် ။ ဒီလို ဖြိုခွဲပြီး ကျောင်းသားတွေ ကို ဖမ်းဆီးထိန်းသိမ်း လိုက်ရာမှာ ကိုဉာဏ်ပေါ် လည်း ပါ သွားသလို ကိုဗလ ၊ ကိုဝဏ္ဏ နဲ့ ကိုအောင်ပြည့် တို့ပါ အင်းစိန်ထောင် ကို ရောက် သွားကြပါတော့တယ် ။ ဆရာသာဓု က တော့ သူ့ သား အတွက် တစ်ခွန်း ပဲ ပြောပါတယ် ။ ‘ လုပ်ရင် စို့စို့ပို့ပို့ လုပ် ၊ မစို့မပို့ တော့ မလုပ် နဲ့ ’ လို့ ပြန် လာတဲ့ သား ကို ပြော ခဲ့ဖူးပါတယ် ။ ကိုဉာဏ် ရဲ့ နိုင်ငံရေးစိတ်ဓာတ် က ဆရာ့ ရဲ့ဗီဇ ပဲ လို့ ဆိုရမှာ ပေါ့ ။
၁၉၇၆ ခုနှစ် မှာ တော့ နေဝင်သွားတော့ လထွက်သည် ဝတ္ထုတို နဲ့ စာပေနယ် ထဲ ကို ရောက်ရှိလာကာ မင်းလူ ဆိုပြီး ထင်ရှားလာပါတယ် ။ သူ့ ဝတ္ထုတွေ က အစောပိုင်း က အချစ်ဝတ္ထုတွေ လို ရေးဖွဲ့ရာ ကနေ သောလုံး ၊ ထေ့လုံး တွေ နဲ့ သရော်တဲ့ ဖက် ကို တဖြည်းဖြည်း ပြောင်း လာတာတွေ့ ရမှာပါ ။
၁၉၈၈ ခုနှစ် နောက်ပိုင်း မဆလ ကနေ နဝတခေတ် ကို ပြောင်းပြီး စစ်တပ် က အုပ်ချုပ်ခဲ့ပါတယ် ။ စစ်အုပ်ချုပ်ရေး ရဲ့ဖိနှိပ်မှု တွေ ကို အတော် ခံ နေရချိန်မှာ မင်းလူ တစ်ယောက် ငုတ်နေတဲ့ နိုင်ငံရေး စိတ် နဲ့ အုပ်ချုပ်ရေး ကို သရော် တဲ့ ကဗျာ တစ်ပုဒ် ဖြစ် တဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ ကဗျာ ကို ထုတ်ဝေခဲ့ပါတယ် ။ ဒီ ကဗျာ ကို ထုတ်ဝေ တဲ့ ကျွန်တော့် ညီ မျိုးမြင့်ညိမ်း နဲ့ ကိုစိန်လှိုင် တို့ အပါအဝင် ၃ ယောက် စလုံး အင်းစိန်ထောင် အရှေ့ က စစ်ခုံရုံး ကနေ ထောင်ဒဏ် ၇ နှစ် ကျ ခဲ့ရပါတော့တယ် ။
အင်းစိန်ထောင် မှာ နှစ်ပတ် တစ်ကြိမ် မိသားစုတွေ က ထောင်ဝင်စာ တွေ့ခွင့် ရ ခဲ့ပါတယ် ။ တစ်ခါတစ်လေ ကိုမျိုးမြင့်ညိမ်း နဲ့ မင်းလူ ကို တစ်တွဲတည်း တွေ့ရတာလည်း ရှိပါတယ် ။ သူ ကတော့ အပြုံး မပျက်ပါ ။ တွေ့ရတဲ့ ခဏလေး ( ၁၅ မိနစ် ) အတွင်း မှာ ဟာသ က ဖောက် တတ်ပါသေးတယ် ။ သူ က သာ ပြော နိုင်ပေမယ့် ကျွန်တော်တို့ မှာ မရယ်နိုင်ခဲ့ပါဘူး ။ ဩော် … ကဗျာ တစ်ပုဒ် အတွက် ပေးဆပ် လိုက်ရတဲ့ အချိန်တွေ ပါ ။ မင်းလူ ဝတ္ထုတွေက နောက်ပိုင်း မှာ သရော်တာ နဲ့ ဟာသ ကို ရေးဖွဲ့လာပါတယ် ။ အထူးသဖြင့် စာပေလောက က ပုဂ္ဂိုလ်တွေ ကို ဇာတ်ကောင် ထား ပြီး ဟာသဝတ္ထုတွေ လို ရေးဖွဲ့ခဲ့ပါတယ် ။ သူ့ စကား နဲ့ ပြော ရရင် ‘ စာပေကယ်ရီကေးချား ’ တွေပေါ့ ။
သူ က ကျွန်တော့် ပန်းပု တွေ ကိုလည်း စိတ်ဝင်စားသူပါ ။ ထူးခြားတာ က Abstract ပန်းပုတွေ ကို စိတ်ဝင်တစား ဆွေးနွေးလေ့ ရှိပါတယ် ။ သူ့ စာထဲ မှာတော့ ဟာသ လုပ် အရေးခံ ရတာပေါ့ ။
‘ ချစ်လို့ခင်လို့ ကလူကျီစယ် သည့် သဘော ကို ထင်ရှားပေါ်လွင်စေခြင်း ဖြစ်၏ ။ ဂုဏ်သိက္ခာ ထိခိုက်အောင် ချိုးနှိမ်တာမျိုး ၊ သရော်လှောင်ပြောင် ကဲ့ရဲ့တာမျိုး မဖြစ်အောင် ရှောင်ကြဉ်ရပါသည် ’ တဲ့ ။ သူ က ဒီလို ဆိုတော့လည်း ကျေနပ်ရတာပေါ့ ။
သရော်စာ ရေးတဲ့ မြန်မာစာရေးဆရာ အနည်းငယ် ထဲ မှာ မင်းလူ ရဲ့ စာ တွေ က ပုံသဏ္ဌာန်တစ်မျိုး နဲ့ ရေးဖွဲ့ခဲ့တာ ကို လည်း သတိ ပြုမိပါတယ် ။ သူ့ ရဲ့ဝတ္ထု တွေ ထဲ မှာ ခေတ်မီ နည်းပညာတွေ ၊ ခေတ်လွန် နည်းပညာတွေ ကို ပါ ထည့်သွင်းပြီး ခပ်သွက်သွက်ကလေး ရေးလေ့ ရှိပါတယ် ။ ဒီလို ရေးဖွဲ့ရာမှာ စာဖတ်သူအတွက် သတင်း အချက်အလက် တွေ ကို ပါးပါးနပ်နပ် နဲ့ ထည့်သွင်း ရေးထားတာ တွေ တွေ့ ရမှာပါ ။ စာရေးဆရာ မင်းလူ က ဝတ္ထုတို ၉၂ ပုဒ် ၊ ဆောင်းပါး ၊ ကဗျာ နဲ့ ရုပ်ရှင်ဇာတ်ညွှန်း များ ရေးသားခဲ့ပါတယ် ။ နှစ်ပေါင်း ၄၀ ကျော် သိကျွမ်း ချစ်ခင်ခဲ့ရတဲ့ ညီငယ် ကိုဉာဏ်ပေါ် ( မင်းလူ ) ကို အမြဲ သတိရ နေမိပါတော့တယ် ။
◾ဆန်နီညိမ်း ( ၂၄ . ရ . ၂၀၁၄ )
📖သို့ ... မင်းလူ ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment