Thursday, March 10, 2022

အစာ မကြေကြသူများ


 

❝ အစာ မကြေကြသူများ ❞

အစာမကြေကြသူများ ကို တွေ့ဆုံဆွေးနွေး ရေး ဆိုသည့် ကိစ္စရပ် ကို ကျွန်ပ် ငယ်စဉ်ကပင် အလွန် ဝါသနာ ပါခဲ့သည် ။

အဝေး ကနေ စကားလုံးတွေ နဲ့ စကားစစ်ထိုးနေမည့် အစား ထိပ်တိုက် ရင်ဖွင့်ကြသည် မှာ လွန်စွာ ငြိမ်းချမ်း သော အလုပ် တစ်ခု ဟု ကျွန်ုပ် မှတ်ယူခဲ့သည် ။

Globalization ဟု ခေါ်သည့် ကမ္ဘာကြီးဟာ ရွာကြီး တစ်ရွာ မို့ ကိုယ့် ရွာ ထဲ က ပုဂ္ဂိုလ် လေးယောက် ကို ကျွန်ုပ် အိမ် ၌ပင် ခေါ်ယူ တွေ့ဆုံ ပေးခဲ့သည် ။

ဘက်ခမ်း က စပိန် က လာ ရသည် မို့ ကျွန်ုပ် အိမ် သို့ သတ်မှတ်ချက် အချိန် ကွက်တိ ရောက် သည် ။ ကျွန်ုပ် စိတ်ထဲမှ ပင် အချိန် ကို လေး စားလို့ လည်း ကမ္ဘာကျော်တာပဲ ဟု မှတ်ချက် ချ မိလိုက် သည် ။

မက္ကလာရင် နှင့် ဖာဂူဆန် ကား ကျွန်ုပ် အိမ် သို့ ဘက်ခမ်း ထက် မိနစ် ၂၀ နောက် ကျမှ ရောက် လာသည် ။ မော်ရင်ဟို ကား နောက် အကျဆုံး ရောက် လာသည် ။ ဟီးသရိုး လေဆိပ် တွင် အုတ် အော်သောင်းတင်း ဖြစ်နေကြောင်း ကို သူ ၏ ထုံးစံအတိုင်း မဲ့ကာရွဲ့ကာ နှင့် ကျွန်ုပ် အား ညည်းညူစွာ ပြောပြသည် ။

“ ကျုပ် ကိုသာ အကြမ်းဖက်နှိမ်နင်းရေး မှာ ဗိုလ်ချုပ် သာ ခန့်လိုက်စမ်းပါ ... ကျုပ် ရဲ့ ချယ်လ်ဆီး က ကစားကွက်ဗျူဟာ အတိုင်း နှိမ်နင်းပြ လိုက်ချင်တယ် ”

ကျန် သုံးယောက် ၏ မျက်နှာ ကား မော်ရင်ဟို မျက်နှာအတိုင်း မဟုတ်သည့်တိုင် အနည်းငယ် ရွဲ့ သွားကြသည် ။ ထိုအခိုက် ဒေးဗစ်ဘက်ခမ်း မှ ကောက်ကာငင်ကာ မက္ကလာရင် အား မျ က်နှာချင်း အပ်မတတ်ဖြင့် ...

“ ကျွန်တော့် ကို အင်္ဂလန် လက်ရွေးစင် ကနေ ချန်လှပ် ထားတယ် ဆိုတာ ကျွန်တော် ဘယ်လိုကိုမှ နားမလည်နိုင်ဘူး ”

မက္ကလာရင် မှ အေးဆေး တည်ငြိမ်စွာဖြင့် ..

“ အဓိက အချက် နှစ်ချက် ရှိပါတယ် ဒေးဗစ် . . . တစ် က နှေးကွေးစွာ ကစားခြင်း နဲ့  ... နှစ် က ကမ္ဘာ မှာ ပေါ်ပြူလာ ဖြစ်ရုံနဲ့ ဘောလုံးပွဲ တစ်ပွဲ ရဲ့ အနိုင် ကို ဆောင်ကြဉ်း မပေးနိုင်ပါဘူး ... ကမ္ဘာ့ ဖလားပွဲ မှာ ဇနီးမယား ... ချစ်သူတွေ နဲ့ ... အပျော်ခရီး ထွက်သလို ဇိမ်ခံပစ္စည်းတွေ ကို ဟိုတယ် ပေါ် ထိ ယူဆောင်သွားကြတာကို ကြည့် ရင် ... သိသာနိုင်ပါတယ် ”

“ အဲဒီ ကမ္ဘာ့ဖလားပွဲကြောင့်ပေါ့ဗျ ... ကျုပ် ရဲ့ အသင်းတွေ နိုင်ငံကိုယ်စားပြုလိုက်ကြတာ ကျုပ် အသင်း ကို ပြန် ရောက်လာတော့ ဂိလာန တွေ ပဲ ပြန် ရောက်လာကြတယ် ... အဲဒီ ကမ္ဘာ့ဖလား အကြောင်း မပြောစမ်းပါနဲ့ ဗျာ ... စိတ် နာလွန်းလို့ ပါ ... ဒါပေမဲ့ ကျုပ် က မော်ရင်ဟို လေ ... တိုက်စစ်မှူး အသစ် ငွေ နဲ့ ပေါက်ပြီး ခေါ် လိုက်တာပေါ့ ”

“ ငွေ နဲ့ ပေါက် ခေါ်လိုက်လို့ ကွန်မြူနစ်တီဖလားလုပွဲ မှာ လီဗာပူး ကို ရှုံး တာပေါ့ ”

မက္ကလာရင် ၏ စကား က မော်ရင်ဟို အရှိုက် ကို ထိသွားသလို ဖြစ်သွားမှန်း ကျွန်ုပ် ရိပ်မိလိုက် သည် ။

“  ဒုန်း ”

“ ခင်ဗျား ဘာစကား ပြောတာလဲ ”

မော်ရင်ဟို ၏ ဒေါသ ကို တစ်ချိန်လုံး ငြိမ်နေ သည့် ဖာဂူဆန် မှ ..

“ နိုင်ငံကြီးသားတွေ လုပ်ပြီး ဒေါသ ကို ရှေ့မှာ ထားကြတာကိုးဗျ ... အမ်စတာဒမ် အကြောင်း မပြောစမ်းပါနဲ့ ဗျာ ... အဲဒီ ဖိတ်ခေါ်ပွဲ ကို ကျုပ် သေတဲ့ အထိ ဝင် မပြို င်တော့ဘူး ... ကျုပ် အရမ်း အထိ နာတယ် ... ရွန်းနီ နဲ့ ပေါလ်စကိုး ပွဲပယ် ခံရတယ် ... ဒဏ် ရာတွေ ရကြတယ် ... ကျုပ် ရဲ့ ပရီးမီးယား ဖလား အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ် ”

“ နည်းပြကြီး ကလည်း ပရီးမီးယားဖလား ကို  အိပ်မက် မက်တုန်းပဲလားဗျ ... နှစ် နှစ် ရှိပြီလေ ... မရှက်ကြဘူးလားဗျာ ”

“ နှစ်ရာသီ အ စ မှာ မန်ယူခြေစွမ်း ကို ခင်ဗျား မြင်လိုက်ရပြီ မဟုတ်လား ... ဖူလ်ဟမ် ကို ငါးဂိုး သွင်းပြတာလေ ”

“ ဟား ဟား ဟား .. ဖူလ်ဟမ် လို လက်သန်းဖျား လောက် ရှိတဲ့ အသင်းလေး ကို နို င်တာ ... ကျုပ် နိုင်တဲ့ အသင်း က မန်စီးတီး ဗျ ... သုံးလုံး ထည့်လိုက်တာ ခင်ဗျားတို့ တွေ စိတ်လျှော့ လိုက်ကြပါ ဗျာ ”

“ ခင်ဗျား လေသိပ်ကြွားတဲ့ လူ ”

“ ဒါ ကျုပ် ရဲ့ ပင်ကိုစတိုင် ... တစ်ကမ္ဘာလုံးမှာ မရှိတဲ့ စတိုင် ... အသင်းချင်းလည်း ယှဉ်လို့ ရတယ် ... တစ်ယောက်ချင်း လည်း ယှဉ်လို့ ရတယ် ”

“  ဒုန်း ”

“ ခင်ဗျား စကားတွေ လွန် လာပြီဗျာ ... ကျ ပ်ရဲ့ ဆရာဟောင်း နဲ့ မချနဲ့ ... ကျုပ် နဲ့ ချ မလား ... ခင်ဗျား နဲ့ မက္ကလာရင် နှစ်ယောက် ပေးတ ယ် ”

ဒေးဗစ် ၏ အသံ နှင့် လှုပ်ရှားမှုကြောင့် ဆွေးနွေးပွဲက တင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိ လာရာ ကျွန်ုပ် ကပင် ဝင်ရောက် တားယူသည့် အဆင့်ထိ ဖြစ်လာသည် ။

“ ဟေ့ကောင် ... ဒေးဗစ် ... မင်း ငါ့ ကို စိန် ခေါ်တယ်ပေါ့ လေ ... ငါ အင်္ဂလန်နည်းပြ ဖြစ် နေ သရွေ့ ကာလပတ်လုံး မင်း တင် မဟုတ်ဘူးကွ ... မင်း သား တွေ ကိုပါ မရွေးဘူး ”

မက္ကလာရင် ပေါက်ကွဲတော့သည် ။

သား ကို အထိ ခံလိုက်ရသော ဒေးဗစ် သည် မက္ကလာရင် ရှိရာသို့ ပြေး သွားတော့သည် ။

မော်ရင်ဟို က နီးစပ်ရာ ပစ္စည်း တစ်ခု ကို ကောက် ကိုင်လိုက်သည် ။ ပီကေ ဝါးနေသော ဖာဂူဆန် သည် လည်း မက္ကလာရင် နောက် ကို ဝိုင်း လိုက်သည် ။

“ ဝုန်း ... ဝုန်း ”

“ ခွပ် ... ခွပ် ”

“ မရွေးဘူးကွ ”

“ မရွေးလို့ ချ တယ်ဗျာ ”

“ ဒေးဗစ် ... မော်ရင်ဟို လေကြွားကိုပါ ချ ”

“  လာလေ .. ပေါ်တူဂီ သွေး ပြ လိုက်မယ် ”

“ ဒါက ဘာ ဖြစ်နေကြတာလဲ ”

အောင်မြင်လှသော ကျွန်ုပ် ၏ ဇနီးသည် အသံ ။

ရန်ပွဲ က ခေတ္တမျှ ရပ်သွားကြသည် ။ ကျွန်ုပ် ၏ ဇနီးသည် တစ်ယောက်ချင်း စီ ကို ကြည့်လိုက် ပြီး ...

“ ရှင်တို့ ဘယ်သူတွေလဲ ... အိမ်မှာ ဘာလာ ရန်ဖြစ်နေကြတာလဲ ... ရှင်တို့ သုံးယောက် ကို တော့ မမြင်ဖူးဘူး ... သူ့ ကိုတော့ မြင်ဖူးတယ် ... ဒေးဗစ်ဘက်ခမ်း မဟုတ်လား .... အပြင်မှာ ပိုတောင် ချောသေးတယ် .. ရှင် တို့ သုံးယောက် အခု ချက်ချင်း ထွက်သွားကြ . . . သူ့ ကိုတော့ ထားခဲ့ ... မထွက်ရင် လမ်းမှူး နဲ့ တိုင်မှာ နော် ”

ကျွန်ုပ် ကား မိန်းမ ၏ စကားများ ကို တိုက်ရိုက် အင်္ဂလိပ် လို ဘာသာပြန် ပေးလိုက်သည် ။

မော်ရင်ဟို မှ ..

“ လမ်းမှူး ဆိုတာ ဘာလဲဗျ ”

ဟု ကျွန်ုပ် ကို မေးသည် ။

“ လမ်းမှူး ဆိုတာ လမ်းမှူး ပေါ့ ဗျ ”

ဟု ပြောလျက်

“ ကဲ ... ခင်ဗျားတို့ ပြန်ကြတော့ ... ဒေးဗစ် ကိုတော့ ကျွန်တော် နောက်မှ လိုက် ပို့လိုက်မယ် ... ခင်ဗျား တို့ ဒေးဗစ် လောက် ကမ္ဘာ မကျော်ဘူး ဆိုတာ ကျွန်ုပ် ဇနီးသည် က သက်သေ ပြလိုက်ပြီ ... ကဲ ... အားလုံး ဂွတ်ဘိုင် ”

ဟု ပြောကာ ကျွန်ုပ် သည် ထို သုံးဦး အား အိမ်ဝ ထိ လိုက် ပို့ လိုက်လေတော့သည် ။

◾  ဗေလုဝ

📖  သောကြာစာစောင်
       အောက်တိုဘာလ ၊ ၂၀၀၆

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment