❝ စူပါစတီး နှင့် ညားသော စူပါစတား ၏ ဓားဝေဒနာ ❞
စနေနေ့ တစ်နေ့၏ ညနေစောင်းတွင် ရေဒီ
ယို ဆက်သွယ်ရေးအရာရှိ ဦးစိုးလှိုင် ၏ အိမ်သို့ တက်မကိုင် မောင်ဝင်းအောင် နှင့်
မောင်အေးကိုကို တို့ ရောက်ရှိလာကြသည် ။ ဦးစိုးလှိုင် နှင့် သင်္ဘော တစ်စီးတည်းတွင် အတူတူ လုပ်ကိုင်ခဲ့ဖူးသည့် ရဲဘော် ရဲဘက်များ ဖြစ်သည် ။ တောင်ဥက္ကလာ တွင် အိမ်တစ်လုံး ရောင်းရန် ရှိသည် ဟု သတင်း ကြား၍ လာကြည့်ရင်း လမ်းကြုံ ၍ ဝင်လာကြသည် ဟု ဆိုသည် ။
ရေနွေးကြမ်း သောက်ရင်း ၊ ဆေးလိပ် ဖွာရင်း ကားအကြောင်း ၊ အိမ် အကြောင်း ၊ ဟိုအကြောင်း ဒီအကြောင်း ၊ ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရရင်း မှ မောင်ဝင်းအောင် က မေး လိုက်သည် ။
“ အဘဦးညိမ်းမောင် ဆေးရုံက ပြန် ဆင်းလာပြီလို့ သတင်း ကြားတယ် ။ ဆရာ နဲ့ တွေ့ သေးလား ”
“ ဟေ ၊ မတွေ့ဘူး ကွ ၊ အခု ဘယ် မှာ နေသတဲ့လဲ ”
“ မြောက်ဥက္ကလာ က သူ့ ညီ တစ် ဝမ်းကွဲ တစ်ယောက် ရဲ့ အိမ်မှာ လို့ ပြော တယ် ၊ လိပ်စာ ရထားတယ် ၊ ကျွန်တော်တို့ နဲ့တော့ မတွေ့ရသေးဘူး ”
“ ဒါဆို သတင်းလေးဘာလေး သွားမေးကြရင် ကောင်းမယ်ကွာ ”
“ သတင်း မေးရုံနဲ့ ဘယ် ပြီးမလဲဆရာရယ် ၊ ဆရာ့ ကတိ အတိုင်း ဆုငွေ ငါးထောင် ကိုလည်း သွားပေးမှ ဖြစ် မှာပေါ့ ဟဲ ဟဲ ”
မောင်အေးကိုကို က သတိဖောက်လိုက် မှ ဦးစိုးလှိုင် သတိရ သွားသည် ။
“ အေးကွ ၊ ဟုတ်တယ် ၊ ငါ ပါးစပ်
ဆော့မိတာ ၊ အဲဒါတော့ ငါ့ မှာ တာဝန် ရှိတယ် ၊ မင်း တို့ လည်း အားရင်
သတင်းလေး ဘာလေး မေးရင်း အားပေးစကားလေး ဘာလေး သွား ပြော ကြရအောင် ”
“ အားပါတယ် ဆရာ ၊ နက်ဖြန် တနင်္ဂနွေနေ့ သွားပါလား ”
“ အိုကေ ၊ မင်းတို့ လာခဲ့ကြကွာ ၊ ငါ စောင့်နေမယ် ”
မောင်ဝင်းအောင် နှင့် မောင်အေးကိုကို တို့ ပြန်သွားကြသည် ။ ဦးစိုးလှိုင် တစ်ယောက်တည်း ကျန်ခဲ့တော့မှ လွန်ခဲ့သည့် သုံးနှစ် ခန့် က သင်္ဘော တစ်စီးတည်း အတူ လုပ်ခဲ့ဖူးသော ရဲဘော်ရဲဘက်ကြီး တစ်ဦးဖြစ် သည့် အဘ ခေါ် ဦးဇင်းကြီး ခေါ် ဒုထမင်းချက် ဦးညိမ်းမောင် အကြောင်း ပြန်ပြောင်း တွေးတောနေမိသည် ။
ဦးညိမ်းမောင် သည် မြေလတ်ပိုင်း ဇာတိ ဖြစ်သည် ။ ရဟန်း ဆယ်ဝါ ရပြီး မှ လူ ထွက်ပြီး သင်္ဘော လိုက်သူ ဖြစ်သည် ။ ရဟန်းငယ် ဘဝ ဖြင့် ပခုက္ကူစာသင်တိုက်ကြီး တစ်ခုမှ ပထမလတ်တန်း အောင်မြင်ခဲ့သည် ဟု
သိရသည် ။ ရန်ကုန်မြို့ကြီး သို့ ပညာ ဆက် သင်ရန် ရဟန်း ဘဝဖြင့် ရောက်ရှိလာပြီးမှ ဘုန်းကံပါရမီ ကုန်ဆုံး၍ ထင်သည် ။ လူဝတ် လဲခဲ့သည် ။
လူဝတ်ကြောင် ဘဝဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေစဉ် ရဟန်းဘဝ က ဆွမ်းကွမ်း ဒါယကာ ဖြစ်ခဲ့ဖူးသော ရေကြောင်းဦးစီးဌာနမှ အရာရှိတစ်ဦး ၏ အကူအညီဖြင့် ကမ်းရိုးတန်းသွား ( အယ်လ်စီတီ ) သင်္ဘော တစ်စီး တွင် ထမင်းချက် အလုပ် ကို ရခဲ့သည် ။ သုံးနှစ်ခန့် ကြာသောအခါ ကြယ်ငါးပွင့်လိုင်း သင်္ဘောကြီးများ ပေါ်တွင် အမှုထမ်းခွင့် ရ သွားခဲ့သည် ။
ဦးညိမ်းမောင် က အညာသားရဟန်းလူထွက် ပီပီ ရိုးသည် ။ အ သည် ။ နိုင်ငံခြား သွားမည့် ကြယ်ငါးပွင့်သင်္ဘောကြီး ပေါ်သို့ အမှုထမ်းရန်တက်လာသောအခါ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး တို့ကို သင်ဖြူးဖျာ ဖြင့် ပတ်လိပ်၍ မော်တင်ဘုရားဖူးသွားမည့် ခရီးသည်ပုံစံမျိုးဖြင့်
တက်ခဲ့သူ ဖြစ်သည် ။ နိုင်ငံခြား သွားနေသည့် သင်္ဘောကြီးများတွင် သပ်ရပ်သန့်ရှင်းသော အိပ်ရာ အိပ်ခန်းများ သီးသီးသန့်သန့် ရှိသည်ကို သူ မသိခဲ့ဟု ဆိုသည် ။
ကြယ်ငါးပွင့်လိုင်း တွင် ငါးနှစ်ခန့် အမှုထမ်းပြီးသောအခါ အလုပ် မှ ထွက်လိုက်သည် ။ နိုင်ငံခြားသင်္ဘောသား အလုပ်အကိုင် ရှာဖွေရေးရုံးတွင် မှတ်ပုံတင်သင်္ဘောသား အဖြစ် စာရင်းဝင်သွားပြီး နိုင်ငံခြား ကုမ္ပဏီပိုင် သင်္ဘောများတွင် ဒုထမင်းချက် ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း ကား နှစ်စီး ခန့် ပင် တင်သွင်းပြီးပေပြီ ။
ဦးညိမ်းမောင် နှင့် သင်္ဘောတစ်စီးတည်းတွင် အတူ အမှုထမ်းခဲ့ ကြစဉ်က မိမိ တို့ ၏ ဆတ်ဆော့မှုကြောင့် ဦးညိမ်းမောင် ၏ စီးပွားရေး နှင့် လူမှုရေး ဘဝများ ကသောင်းကနင်း ဖြစ်သွားခဲ့ရပုံကိုပါ ဦးစိုးလှိုင် ပြန်လည် အမှတ် ရနေမိတော့သည် ။
°°°°° °°°°° °°°°°
ညနေပိုင်း အလုပ် သိမ်းပြီးချိန်မို့ သင်္ဘောသားများ စားသောက်ခန်း ထဲမှာ
လူစုံနေသည် ။ စက်ခန်း ထဲ မှာ တာဝန် ကျနေသော ဆီလောင်း မောင်မောင်ခင် နှင့် စားဖိုခန်း ထဲမှာ ထမင်း ချက်နေသော အဘဦးညိမ်းမောင် တို့မှ အပ အားလုံး ရှိနေကြသည် ။ ဟော်လန်နိုင်ငံလုပ် ကာ့လစ်စဘာခ် ဘီယာ စုပ်ရင်း အနားယူနေကြသည် ။ ။
“ ဟေ့ ၊ တို့ သင်္ဘောမှာ လူပျို ဘယ်နှစ်ယောက် ရှိလဲကွ ”
မူးလာပြီ ဆိုလျှင် မဟုတ်တာ အကုန် လုပ်၍ ထင်ရာ စွတ်ပြော တော့မည့် ဆက်သွယ်ရေးအရာရှိ ဦးစိုးလှိုင် က မေးလိုက်ခြင်း ဖြစ်သည် ။
“ ဘာ လုပ်မလို့လဲ ဆရာ ၊ ကျွန်တော် လူပျို ပါ ”
သူ့ ဆရာ ကို အမြည်း လုပ်ပေးပြီး ကပ်တီးမူးလဲ လုပ်နေသော
စားပွဲထိုး မောင်သိန်း က အခွင့်အရေး တစ်ခု ရမည် ထင်၍ မေးဖြေလေး လုပ်လိုက်ရသည် ။
“ ငါ မေးတာက ဘယ်နှစ်ယောက်လဲ လို့ မေးတာကွ ၊ မင်း လူပျိုမှန်း ငါ သိတာပေါ့ ”
ဦးစိုးလှိုင် က ဖန်ခွက် ထဲ သို့ ဝီစကီထပ် ဖြည့်ရင်း သူ့ တပည့်ကျော် ကို ဟောက်မေး လေး မေးလိုက်သည် ။
“ ကျွန်တော် ရယ် ၊ ဝင်းအောင် ရယ် ၊ ရဲထွန်း ရယ် ၊ ဖက်တီး ရယ် ပြီးတော့ နေဦး ဘယ်သူ ရှိသေးလဲ ၊ ဪ အဘရယ် ၊ အားလုံး ငါးယောက် ရှိတယ် ဆရာ ”
ဝင်းအောင် ဆိုတာက တက်မကိုင် ၊ ရဲထွန်း က အလုပ်သင်အင်ဂျင် နီယာ ၊ ဖက်တီး ခေါ် ခင်မောင်ထွေး က ဆီလောင်း ၊ အဘ ဟု ခေါ်ကြ သော ဦးညိမ်းမောင် က ဒုထမင်းချက် ဖြစ်သည် ။
“ အဘ က လူပျို ဟုတ်လို့လားကွ ၊ အသက် ပဲ ငါးဆယ် ပြည့်တော့ မယ် ”
“ လူပျို ၊ ဟုတ် မဟုတ်တော့ မသိဘူးဆရာ ၊ မိန်းမ မရှိတာတော့ သေချာတယ် ”
မောင်သိန်း ပြောမှ ဦးစိုးလှိုင် သတိရသွားသည် ။ အဘ သည် မိသားစု လွှဲငွေ ကို သူ့ မိခင်ကြီး နာမည်ဖြင့် လွှဲထားသူဖြစ်သည် ။
“ အဘ ကို ခေါ်လိုက်စမ်း ၊ ဒီကိစ္စ အရေးကြီးတယ်ကွ ၊ သေချာ အောင် မေးရမယ် ”
အရာရှိ တစ်ယောက် က မေးနေသည့် ကိစ္စမို့ လစာ တိုးမည့်ကိစ္စ လား ၊ သင်္ဘောကုမ္ပဏီရုံး က မေးတာလား ၊ ရန်ကုန် ရှိ သင်္ဘောသားရုံးက မေးခိုင်း တာလား စသည်ဖြင့် သိလိုသူတွေထဲက ခြေသွက်လက်သွက် တက်မကိုင် မောင်အေးကိုကို က ပြေး ခေါ်၍ အဘ ရောက်လာသည် ။
ချွေးတွေသံတွေ တရွှဲရွှဲဖြင့် ဘာများ အရေးကြီးသလဲ ဟု သိလိုဟန်ဖြင့် ဟင်းအိုးမွှေသည့် ဇွန်းကြီး ကိုင်ပြီး လိုက်လာသည် ။
“ အဘ လူပျို ဆိုတာ ဟုတ်ရဲ့လား ”
ဦးစိုးလှိုင် က မေးလိုက်တော့ အဘ က ပြုံးပြုံးကြီး လုပ်နေသည် ။ ငါ ဘာများလဲလို့ကွာ ဟု ပြောချင်သော ဆန္ဒ က မျက်နှာမှာ ပေါ် နေ သည် ။
“ ကျွန်တော် ဆိုလိုတာက မုဆိုးဖို ၊ တစ်ခုလပ် ၊ လူပျိုစစ်စစ် ၊ ဒါတွေ မလိုဘူး ၊ မိန်းမ ရှိ မရှိဗျာ ၊ ဒါလိုချင်တယ် ”
ဝီစကီပုလင်း မှာ လက်ငါးလုံးပဲ လျော့ သေးသည် ။ ဦးစိုးလှိုင် ဂျီတိုက်ဖို့ စ လာပြီ ဖြစ်၍ အဘ ဦးညိမ်းမောင် က ကိစ္စ မြန်မြန်ပြတ်အောင် အဖြေ ပေးလိုက်ရတော့သည် ။
“ လူပျို ပါ ဆရာ ”
“ တစ် တစ်ခါမျှ မတစ်ခါရသေးဘူးပေါ့ ဟုတ်လား အဘ ”
“ ဟီး ဟီး ဟဲ ဟဲ ၊ ဟုတ်ပါတယ် ဆရာ ”
“ အိုကေ ၊ ကဲ အားလုံး နားထောင်ကြ စမ်း ၊ မင်း တို့ လူပျို ငါးယောက်အတွက် ငါ့ မှာ အစီအစဉ် တစ်ခု ရှိတယ် ၊ ဟာ အဘ ကန်တော့နော် ၊ အဘ ကျွန်တော့် ထက် အသက်ကြီးတယ် ၊ ကျွန်တော် ပြောမှား ဆိုမှား ခွင့်လွှတ်ပါ
နော် အဘ ကျွန်တော် ကန်တော့ပါ တယ် ”
ဦးစိုးလှိုင် က မင်း နှင့် ငါ နှင့်
ပြောမိ၍ အဘ ကို လက်အုပ် ချီပြီး တောင်းပန်ရင်းပင် တစ်ဆက်တည်း ပြောလိုက်သည် ။
“ အဘ သွားတော့ဗျာ ၊ အဘ အလုပ် သွားလုပ်တော့ ၊ နောက်မှ အဘ ကို ကျွန်တော် ရှင်းပြမယ် အခု ကျွန်တော် ဒီကောင်တွေ ကို တင်ပြလိုက်ဦးမယ် ”
ဦးစိုးလှိုင် က အာလေး လျှာလေးသံကြီးဖြင့် ပြောလိုက်၍ အတော် ရေချိန်ကိုက်ပြီး မူးစ ပြုနေပြီဆိုတာ သဘောပေါက်သော အဘ သူ့ အလုပ် ရှိရာ စားဖိုခန်းဘက် သို့ ပြုံးပြီး လှည့်ထွက်သွားတော့ သည် ။ အခန်းထဲတွင် ကျန်နေသူများကတော့ ဦးစိုးလှိုင် ပြောလာမည့် စကား ကို စိတ်ဝင်စားစွာ နားထောင်နေကြသည် ။
“ ဟေ့ကောင်တွေ မင်းတို့တွေဟာ သင်္ဘောသားတွေနော် ၊ ငါလဲသင်္ဘောသားပေါ့ကွာ ၊ ဒီတော့ တို့တွေဟာ ခေသူတွေ မဟုတ်ဘူး ဆိုတာ မင်းတို့ သဘောပေါက် ၊ သင်္ဘောသား ဆိုတာ မိန်းမ ခေါင်း ခေါက် ရွေး ယူ နိုင်တယ် ၊ မဟုတ်ဘူးလား ၊ ငါ ပြောတာ မှန်လား မမှန်ဘူးလား ”
“ ဟာ သိပ်မှန်တာပေါ့ ဆရာရယ် ”
“ ဟေ့ကောင် ရဲထွန်း ၊ မင်းက ဘာရယ်တာလဲ ၊ ငါ ပြောတာ မဟုတ်ဘူးလား ”
“ ဟုတ်ပါတယ် အစ်ကိုကြီးရယ် ၊ သိပ် ဟုတ်တာပေါ့ ”
ဖိုးထောင် တို့ မောင်ကဲ တို့ အဖွဲ့နှင့် အမူးသမား တွေ့နေကြပြီ ဖြစ်၍ တစ်ဝါးဝါး တစ်ဟားဟား ဖြင့် စည်ကားစ ပြုနေပေပြီ ။ ဦးစိုးလှိုင် က မူးပေမယ့် အမူးပါး စကား မှားတယ် ဆိုတာ ဘယ်တော့မှ မရှိ ။ အာလေး လျှာလေးတာပဲ ရှိသည် ။
“ ဟုတ်ရင် ပြီးရော ၊ အဲဒီတော့ မင်းတို့ လူပျိုတွေ ငါတို့ လူအို တွေကို ဖယ် ထားလိုက်ကွာ ၊ မင်းတို့ လူပျို ငါးယောက် ထဲ က ရုပ်ရှင် မင်းသမီး ၊ အဆိုတော် ၊ ဆရာဝန်မ ကို ရအောင် ယူနိုင်တဲ့ လူ ကို ငွေငါး ထောင် ၊ ငွေငါးထောင် ဆုချမယ်ကွ ၊ ဒါကို ပြောချင်တာပေါ့ ရှင်းပလား ”
“ ဆု က ဘယ်သူ က ပေးမှာလဲ ဆရာ ”
“ ဘာလဲ ၊ ဆုလား ၊ ငါ ပေးမှာကွ ငါ ပေးမှာ ၊ ဟောဒီ စိုးလှိုင် ဆိုတဲ့ ပုဂ္ဂိုလ်ကြီး က ပေးမှာ နားလည်ပလား ”
“ ဟေ ဟေ့ ဒါဆို လုပ်လိုက်လေ ”
“ လုပ်လိုက်လေ ကြာသလားလို့ ”
“ ငါးထောင်ကြီးများတောင် အလကား ရဦးမယ် ဟီဟိ ”
“ အခု လောလောဆယ် ကိုယ် နဲ့ ငြိနေတာကိုက ဆေးကျောင်းသူ ကွ ”
တစ်ခန်းလုံး ဆူညံသွားသဖြင့် ဦးစိုးလှိုင် က စားပွဲကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း ပုတ်ပြီး သတိပေးလိုက်ရသည် ။
“ ဒီမှာ နားထောင်ကြဦး ၊ သိပ်လည်း ဝမ်းသာမနေနဲ့ဦး ၊ စည်းကမ်း ချက်တွေ ရှိတယ် ၊ ရုပ်ရှင်မင်းသမီး က အဆင့် တစ် ၊ အဆိုတော် က အဆင့် နှစ် ၊ ဆရာဝန်မ က အဆင့်သုံး ၊ အဆင့်မြင့်ဆုံး ကို ရအောင်ယူနိုင်တဲ့သူ တစ်ဦးတည်း ကို သာ ဆု တစ်ဆုပဲ ပေးမှာနော် ”
“ ရုပ်ရှင်မင်းသမီး အဆိုတော် ဆိုရင်ကော ဆရာ ”
စူပါစတားများ အတွက် စူပါစတီး ဇနီးလောင်းရွေးပွဲကြီးနှင့် ပတ်သက်၍ စည်းကမ်းချက်များ အပေါ်တွင် မရှင်းလင်းသော အချက် တစ်ခု ကို စားပွဲထိုး မောင်သိန်း က မေးလာသည် ။
“ ဟ အဲဒါဆို ပထမတန်းပေါ့ကွ ညီလေးရ ၊ ဆုရဖို့ သေချာ သလောက် ဖြစ်သွားပြီ ၊ ဒါပေမယ့် အဲဒီမှာလည်း အဆင့် ရှိတယ်နော် ။ အကယ်ဒမီ ရထားသူ ဒါမှမဟုတ် သမို့စ်ပေါ်ပြူလာ ဖြစ်တဲ့သူ ကို ဦးစား ပေးရမယ် ၊ ဆရာဝန်မ ဆိုရင်လည်း ပါရဂူဘွဲ့ ရထားသူ ၊ လုပ်သက်ရင့်သူ စသဖြင့်ပေါ့ကွာ ၊ ဟောက်ဆာဂျင်တို့ ဆေးကျောင်းသူတို့ ကတော့
အမှတ် အနည်းဆုံးပဲ ဆိုတာ မင်းတို့ သဘောပေါက် ၊ ဟိုကောင် ဆေး ကျောင်းသူ နဲ့ ငြိနေတယ် ဆိုတဲ့ ဖက်တီး ၊ ငါ ပြောတာ နားလည်ရဲ့လား ”
“ နားလည်ပါတယ် ဆရာကြီး ”
“ အေး နားလည်ရင် ပြီးရော ၊ ဟိုကောင်လေး ရဲထွန်း ၊ မင်း က စာ များများ ဖတ်တဲ့ အကောင် ဆိုတော့ မင်း ကို တာဝန် တစ်ခု ပေးမယ် ၊ သင်္ဘော မှာ ရှိတဲ့ သပြေ ၊ မဟေသီ ဂီတပဒေသာ ၊ ရုပ်ရှင်ပဒေသာစာစောင် တွေထဲက လင် မရှိတဲ့ ရုပ်ရှင်မင်းသမီး ၊ အဆိုတော်တွေ ရဲ့ လိပ်စာတွေ ကို ရသလောက် ငါ လိုချင်တယ် ၊ ပျိုတာ အိုတာ အဓိကမဟုတ်ဘူး ၊ လော
လောဆယ် လင် မရှိဖို့ အရေးကြီးတယ် ၊ အပျို ၊ အအို ၊ မုဆိုးမ ၊ တစ်ခုလပ် တွေရဲ့ အိမ်လိပ်စာတွေ အကုန် ကူးရေးပြီး ငါ့ ကို လာပေး ၊ ပြော တာ ရှင်းရဲ့လား ဟေ့ ”
“ ရှင်းပါတယ် ဆရာကြီး ”
“ လိပ်စာတွေ ကို မိတ္တူ ငါးစောင်ရိုက်ပြီး မင်း တို့ လူပျိုငါးယောက် ကို ဝေပေးထားမယ် ၊ မိတ်ဆက်စာတွေ ရေးကြပေါ့ကွာ ၊ ပထမဦးဆုံး ပြန်စာ ရတဲ့ သူ ကို ပဏာမ ဂုဏ်ပြုတဲ့ အနေနဲ့ ငါ က ဘီယာ အဝ တိုက်မယ် ”
အမူးသမား အရာရှိ က ပါးစပ် ဆော့သည် ။ နတ်ရူးဘုံမြှောက်တတ် သည့် လူငယ်သင်္ဘောသားတွေ က ရုပ်ရှင်မင်းသမီး ၊ အဆိုတော်တို့ ၏ လိပ်စာတွေ ကို စုဆောင်းပေးခဲ့ကြသည် ။
အဘဦးညိမ်းမောင် က သူ့အရည်အချင်း ကို သူ သိ၍ ထင်သည် ။ သူ့ အနေဖြင့် အသက် ကြီးပြီ ဖြစ်၍ ဤ ပြိုင်ပွဲတွင် မပါဝင်လိုပါ ဟု ဆိုသည် ။ သို့သော် သူလည်း လောကီသားပေမို့ နှစ်ဆယ်ရာစု ၏ လူပျံတော် စူပါ စတားကြီးပီပီ စိတ်ဝင်စားသည့် လက္ခဏာကြီးက မျက်နှာ မှာ ပေါ် နေသည် ။
“ သင်္ဘောသား ဆိုလျှင် ကြီးကြီးငယ်ငယ် ၊ အိုအိုပျိုပျို လိုချင်တဲ့ ရုပ်ရှင်မင်းသမီး ၊ အဆိုတော် ဆရာဝန်မ ကြိုက်တာ ရနိုင်တယ်ကွ ” ဆိုသော အဆို ကိုလည်း အတော်ယုံကြည်
အားကိုးနေပုံရသည် ။
အဘ ၏ စိတ်အနေအထား ကို ရိပ်စားမိသူတွေ ထဲက ဘယ်ကောင် က လက် ကမြင်း ပြီး အဘ ၏ နာမည် ဖြင့် မိတ်ဆက်စာ ရေး လိုက်သည် မသိ ။ ရုပ်ရှင် မရိုက်ရတော့၍ ဘေးထိုင် ဘိုင်ကျ နေသော ဇာတ်ရံရုပ်ရှင်သရုပ်ဆောင် အမျိုးသမီး ထံ မှ အဘ နာမည်ဖြင့် စာ ပြန် လာပါလေတော့သည် ။
ဒီတော့မှ ဖိုးထောင် တို့ မောင်ကဲ တို့တစ်တွေ တအံ့တသြ ဖြစ်ကုန် ကြသည် ။ ခိုးခိုးခိခိ ဖြင့် ဟိုနား ရွစိရွစိ ၊ ဒီနား ပွစိပွစိ ဖြင့် တိုးတိုးကြိတ် ရယ်နေကြသည် ။ မနာလို သဝန်တိုသလိုလို အသံတစ်သံ က ထွက်လာ လိုက်သေးသည် ။
“ အလကား ဟာ ကြီးပါကွာ ၊ ဒါရိုက်တာ ဦး -- ရဲ့ မယားငယ် ပါ ။ တစ်ကားလား ၊ နှစ်ကားလား အရံထည့် ရိုက်ပေးပြီး ဟိုငနဲကြီး က ခေါက်ပစ် လိုက်လို့ လမ်းဘေးရောက်နေတာ ကြာပြီ ”
“ အဲဒါ မင်း သောက်လုပ် မဟုတ်ဘူး ၊ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲစည်းကမ်း အရ လင် မရှိတဲ့ ရုပ်ရှင်မင်းသမီး ဖြစ်ဖို့ပဲ အရေးကြီးတယ် ၊ မင်း ပါးစပ် ပိတ်ထား ”
ဦးစိုးလှိုင် က မင် နဲ့ မောင်း နဲ့ မျက်စိတစ်ဘက် မှိတ်ပြီး ဟောက်ပေး လိုက်တော့မှ အထာ ပေါက်သွားကြပြီး လိုအပ်နေသည့် စကားသံလေး တွေက ဦးထောင်ဗို တို့ မောင်တွန်းပု တို့ ငချွန်လေး တို့ ထံမှ ထွက်လာကြ တော့သည် ။
“ အဘတို့ ကတော့ ပိုင်တယ်ကွာ ၊ အဲဒီ မင်းသမီး ကို ကျွန်တော် မြင်ဖူးတယ် ၊ ရူပါ က ရေရေလည်လည် လှတယ် ၊ ကိုယ်လုံးကိုယ်ပေါက် ကလည်း ဘာ တောင့်သလဲ မမေးနဲ့ ၊ စကား ပြောတာကလဲ ညုနုနေတာပဲ ”
ဒီလိုဒီလို လေသံမျိုးလေးတွေ ကြားရတော့ အဘ ဦးသိမ်းမောင် ကလည်း မိတ်ဆက်စာ ကို သူကိုယ်တိုင်ပဲ ရေးလိုက်သယောင် ရင်ကော့ပြီး ပြုံးနေသည် ။ သင်္ဘောမလိုက်မီကပင် ကြိုက် နေသလိုလို ငယ်ရည်းစား လိုလို အဘ ထံမှ အသံတိုးတိုး ထွက်လာသည် ။ ဒီတော့လည်း သိ တယ် မဟုတ်လား ၊ ဘိုးထောင် တို့ ငချွန် တို့ က
“ ထင်တော့ အထင်သားပဲ ”တဲ့ ။
ဘာပဲဖြစ်ဖြစ် ရုပ်ရှင်မင်းသမီးတစ်ဦး အမှန်တကယ် ပါ ဝင်လာပြီ ဖြစ်သည့် သည်ဇာတ်လမ်း ကို တာဝန်ယူဖန်တီးခဲ့သူ ဒါရိုက်တာ ဦးစိုးလှိုင် ကတော့ သူ့ ကတိအတိုင်း အဘဦးငြိမ်းမောင် ကို ဘီယာအဝ တိုက် ရပေတော့မည် ။ သို့သော် ဇာတ်လိုက်မင်းသားက ဆေးလိပ် နှင့် ရေ က လွဲ၍ ဘာမျှ မသောက် ။ ကိုကာကိုလာ ကိုတောင် မမွှန်မသီးအောင် ကျွမ်းကျွမ်းကျင်ကျင် သောက်တတ်သည်မှာ မကြာသေး ။ ဇာတ်လိုက်က ဘီယာ မသောက်တတ်ပေမယ့် ဆင်ဖြူတော် မှီပြီး ကြံစုပ်ကြမည့် ဦးထောင်ဗို တို့ အုပ်စု က ချွန်ပေးနေသဖြင့် ဦးစိုးလှိုင် မှာ ဆယ့်ငါးဒေါ်လာ လောက် ထိသွားတော့သည် ။ .
အဲဒီ နောက်ပိုင်းကာလ သုံးလခန့် ကြာသွားသောအခါ အဘ နှင့် ရုပ်ရှင်မင်းသမီး တို့ ၏ အခြေအနေမှာ အတော် ခရီးပေါက်နေပြီ ဟု သိရသည် ။ မေတ္တာစာ အပြန်အလှန် ရေးသည် ။ ဓာတ်ပုံ ချင်း လဲ သည် ။ လူကြုံ ဖြင့် လက်ဆောင်ပစ္စည်း ပို့ပေးသည့် အဆင့် သို့ ပင် ရောက်သွား တော့သည် ။
ခြောက်လခန့် ကြာသွားသောအခါ ရုပ်ရှင်မင်းသမီး ရောဂါ စွဲကပ်နေပြီဖြစ်သော စူပါစတားကြီး အဘ သည် လုပ်သက် ကန်ထရိုက်နှစ်ပြည့် ပြီးရုံသာမက ကျော်လွန်နေသူ ဖြစ်၍ ဦးစိုးလှိုင် တို့ ကို မစောင့်တော့ ဘဲ အလုပ် မှ ထွက်၍ ရန်ကုန်သို့ ပြန်သွားခဲ့သည် ။
အဲဒီ အချိန်က စ၍ အဘ နှင့် လူခြင်း ကွဲသွားကြသော်လည်း အဘ ၏ သတင်းတွေ ကို ကြားနေခဲ့ရသည် ။ ရုပ်ရှင်မင်းသမီး က အဘ ကို လက်ထပ် လိုက်သည် ။ ကျောက်မြောင်း ရပ်ကွက် ထဲတွင် အိမ်တစ်လုံး
ဝယ်ပြီး နေကြသည် ။ အခြေတကျ ဖြစ်သွားသောအခါ အဘ သင်္ဘော ပြန် လိုက်သွားခဲ့သည် ။ အဘ သင်္ဘော ပြန်လိုက်သွားစဉ် ရုပ်ရှင်မင်းသမီး က ဘဏ် က ပိုက်ဆံတွေ ကို ထုတ်ယူသည့် အပြင် လိုင်းဆွဲ နေသည့် ကား တစ်စီး နှင့် အိမ် ကိုပါ ရောင်းပြီး နောက်လင်ငယ် တစ်ယောက် ယူ သွားခဲ့ သည် ။ အဘ သည် ဤ သတင်း ကို ကြားလျှင် ကြားချင်း နိုင်ငံခြား မှ ပြန် လာခဲ့သော်လည်း သူ့ မယား ရုပ်ရှင်မင်းသမီး ကို ဘယ် လိုက်ရှာရမှန်းမ သိဖြစ်ပြီး နောက်ဆုံး စိတ္တဇဝေဒနာဖြင့် ဆေးရုံ တင်လိုက်ရသည် ။ စူပါစတားကြီး ပင်ပန်းကြီးစွာ ရှာဖွေ၍ မစားရက် မသောက်ရက် စုဆောင်းခဲ့သော စီးပွားဥစ္စာတွေ ကို ခြောက်လခန့် အတွင်း အကုန် ဝါးမျိုပစ်လိုက်သော စူပါစတီး ရုပ်ရှင်မင်းသမီး ကြောင့် အဘဦးငြိမ်းမောင် ဘဝ ပျက်ခဲ့ရလေသည် ။
°°°°° °°°°° °°°°°
“ လိပ်စာ အရ ဆိုရင်တော့ ဒီ အိမ်ပဲဆရာ ”
မြောက်ဥက္ကလာ ဈ ရပ်ကွက် ဈေးအနီးမှ အိမ်တစ်အိမ် ရှေ့တွင် ရပ်မိကြစဉ် မောင်ဝင်းအောင် က ပြောလိုက်ခြင်း ဖြစ်သည် ။ အိမ်အခြေ အနေ ကို ကြည့်ရခြင်းဖြင့် အိမ်ရှင်ခမျာ အတော် နွမ်းပါးပုံ ရသည် ။
“ ဝင်ပြီး မေး ကြည့်ရအောင်ကွာ ”
ဦးစိုးလှိုင် က ပြောပြီး ရှေ့မှ ဝင်သွားသည် ။ အိမ်ရှင် ဖြစ်ဟန်တူ သော အသက် လေးဆယ်ခန့် အမျိုးသမီးကြီးတစ်ဦး က အိမ်ပေါ်မှ ကြည့်နေသည် ။ တိုက်ပုံအင်္ကျီ ဝတ် သားသားနားနား လူကြီးတစ်ယောက် နှင့် ဘောင်းဘီရှည်ဝတ် လူငယ်နှစ်ယောက်တို့ သူ့ အိမ်ထဲ ဝင်လာသည်ကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် ထိတ်လန့်အံ့သြစွာ ကြည့် နေသည် ။
“ သင်္ဘော လိုက်နေတဲ့ ဦးညိမ်းမောင် ညီ ရဲ့ အိမ် ဆိုတာများလား ဗျာ ”
“ ဟုတ်ပါတယ် ရှင် ၊ ရှိပါတယ် ၊ အိမ်ပေါ် ကြွကြပါ ”
အိမ်ရှင် က အိမ်ပေါ်ကြွကြပါဆိုတော့ ကတ္တီပါဖိနပ် ၊ ရှူးဖိနပ် တွေ ချွတ်ပြီး အိမ်ပေါ် တက်လိုက်ကြပြီး အိမ်ရှင်အမျိုးသမီးကြီး ခင်းပေးသော ဖျာပေါ်တွင် ထိုင်လိုက်ကြသည် ။ ဝတ်ကောင်းစားလှများ ဝတ်စားထားကြ သည့်အပြင် ဆွတ်ဖျန်းလာကြသည့် အနံ့အသက် တို့ကလည်း မြောက်ဥက္ကလာ လို အရပ်က ဈေးနားတွင် ထူးခြားနေသမို့ ခေသူများ မဟုတ်ကြောင်းကို ရိပ်စားမိဟန် တူသော အိမ်ရှင်အမျိုး သမီးကြီး ခမျာ ရေနွေးဗန်း သုတ်ရ ဆေးလိပ်ပြာခွက် သန့်ရှင်းရေး လုပ်ရ သဖြင့် အတော် အလုပ် ရှုပ် သွားသည် ။
“ နေပါ ရပါတယ် ၊ ကျွန်တော်တို့ က ဦးညိမ်းမောင် ရဲ့ မိတ်ဆွေတွေ ပါ ။ အားနာရမယ့် လူတွေ မဟုတ်ပါဘူး ၊ ဦးညိမ်းမောင် ဘယ်သွားနေလဲ ”
“ ရှိပါတယ်ရှင် ၊ အပေါ်ထပ်မှာ ဘုရား ရှိခိုးနေပါတယ် ၊ ကျွန်မ တက် ကြည့်ပြီး ခေါ်လိုက်ပါ့မယ် ”
“ နေပါစေ ၊ နေပါစေ ၊ ပြီးရင် ဆင်းလာပါလိမ့်မယ် ”
အပေါ်ထပ် ဟု ခေါ်သော လူ တစ်ရပ်လွတ်ရုံသာ မြင့်သည့် ထပ်ခိုး လေးပေါ်သို့ ပြိုင်တူ မော့ကြည့်ကြရင်း ပြောလိုက်ကြခြင်းဖြစ်သည် ။
“ ဒီက ဦးညိမ်းမောင် နဲ့ ဘာ တော်ပါလိမ့် ”
“ ကျွန်မ ဦးညိမ်းမောင် ခယ်မ ပါ ”
“ ဪ ဟုတ်ကဲ့ ၊ အမျိုးသား ကော မမြင်ပါလား ”
“ အလုပ် ဆင်းရတယ် ရှင့် ”
“ ဒီနေ့ တနင်္ဂနွေနေ့ ပဲ ၊ အချိန်ပို ဆင်းရတယ် ထင်တယ် ”
“ မဟုတ်ဘူး ရှင့် ၊ သူတို့ ဆိပ်ကမ်း က ကြားရက် နားတယ် ”
“ ဪ ဪ ”
ထူးထူးခြားခြား ဝတ်ကောင်းစားလှများ ဝတ်ထားကြသည့် ၊ ဧည့်ကောင်း စောင်ကောင်းတွေ ရောက်နေသည်ဟု သတင်းကြား၍
လာ ကြည့်ကြဟန် တူသည့် အသက်သုံးဆယ့်ငါးနှစ် နှင့် လေးဆယ်ဝန်းကျင် ခန့်ရှိ အိမ်နီးချင်း ဖြစ်ဟန် တူသော အမျိုးသမီးနှစ်ဦး တို့ ရောက်လာကြပြီး အိမ်ရှင် အမျိုးသမီးကြီး အနီးမှာ လာထိုင်ကြသည် ။
“ ဦးညိမ်းမောင် ရော နေကောင်းသွားပြီ မဟုတ်လား ”
အိမ်ရှင်အမျိုးသမီးကြီး က ထပ်ခိုးပေါ်ကို မော့ကြည့်ရင်း လေသံ နှိမ့်၍ ပြောသည် ။
“ အခြေအနေ ကသိပ် မကောင်းဘူး ၊ သူ့ မိန်းမ နဲ့ လင်ငယ် ကို တွေ့ရင် ခုတ်သတ်မယ် ဆိုပြီး နေ့တိုင်း ဓား သွေးနေတယ် ၊ ကျွန်မ တောင် ကျွန်မ ယောက်ျား အိမ် မှာ မရှိရင် ကြောက်လို့ သူတို့ ကို အဖော် ခေါ်ထားရ တယ် ”
အနား မှာ လာ ထိုင်နေသည့် အမျိုးသမီးနှစ်ဦး ကို လက်ညှိုး ထိုးပြပြီး ပြောသည် ။ ထိုစဉ် ထပ်ခိုးပေါ် မှ ချောင်း ဟန့်သံ ကြား၍ အားလုံးပင် မော့ ကြည့်လိုက်ရာ မတ်တတ်ရပ်လျှက် ဘုရားစင် ကို လက်အုပ် ချီနေ သော ဦးညိမ်းမောင် ၏ ကိုယ် တစ်ပိုင်း ကို မြင်ကြရသည် ။
“ အစ်ကိုညိမ်း မောင် ၊ ဒီမှာ ဧည့်သည်တွေ ရောက်နေတယ် ”
အိမ်ရှင် အမျိုးသမီး က ထပ်ခိုးပေါ် မော့ ကြည့်ပြီး လှမ်းပြောလိုက် သည် ။ မကြာမီ ထပ်ခိုးပေါ် တက်သည့် ကြက်တက် လှေကား မှ နောက် ပြန် ဆင်း လာသော ဦးညိမ်းမောင် ၏ ခန္ဓာကိုယ် မှာ ယခင် ကနှင့် စာ လျှင် ထက်ဝက်ခန့် ပိန်ကျသွားကြောင်း ဦးစိုးလှိုင် နှင့် လုပ်ဖော်ကိုင်ဖက် များ က သတိ ထားလိုက်မိသည် ။
ဦးညိမ်းမောင် သည် ရေနွေးဗန်းအနီးတွင် ဖြည်းညင်းစွာ ထိုင်ချ လိုက်ပြီး ဦးစိုးလှိုင် မောင်ဝင်းအောင် နှင့် မောင်အေးကိုကို တို့၏ မျက်နှာတွေ ကို တစ်ခုပြီး တစ်ခု စူးစူးရဲရဲ စိုက်ကြည့်လိုက်သည် ။ ဦးစိုးလှိုင် က
ကျောထဲက စိမ့်ပြီး ကြက်သီးထ သွားသော်လည်း မောင်ဝင်းအောင် နှင့်
မောင်အေးကိုကို တို့က ထ ပြေးရတော့မလို ဖြစ်သွားကြသည် ။ ဦးစိုးလှိုင် က ကြောက်စိတ် ကို ဘေးလူ မရိပ်မိအောင် ချုပ်ကာ အသံ ကို ထိန်း၍ ဦးညိမ်းမောင် ကို နှုတ်ဆက်လိုက်သည် ။
“ အဘ နေကောင်းတယ် မဟုတ်လား ”
“ လူ ကတော့ နေ ကောင်းတယ်ဗျ ။ စိတ် ကတော့ မကောင်းဘူး ”
ဦးညိမ်းမောင် ၏ ပြောပုံဆိုပုံ နှင့် အမူအရာ ကို ကြည့်ပြီး ဦးစိုးလှိုင် ပိုကြောက် လာသည် ။ သူ့ လူ နှစ်ယောက် ကတော့ ပြေးပေါက်ကို ကြည့်နေ ကြပေသည် ။ ဦးစိုးလှိုင် က လူကြီးပီပီ ဟန် ကိုယ့်ဖို့ အမူအရာဖြင့် အသံ ကို ထိန်း၍ စကား ပြောကြည့်သည် ။
“ ကျွန်တော် ကျွန်တော်တို့လည်း ကြားရတာ စိတ်မကောင်းပါဘူး အဘရယ် ”
“ ဒေါင်းတံဆိပ် ဖတ်စာအုပ် ထဲ က အိုးထိန်းသည် ကတော့ မြွေပါ လည်း ဆုံး သားလည်း ဆုံးသတဲ့ ၊ ငါ့မှာတော့ ရှိသမျှ ကုန်တဲ့ အပြင် မယား လည်း ဆုံး ၊ ကား လည်း ဆုံးပြီဆိုတော့ ဓား ကိုပဲ သုံးရတော့မှာပေါ့ ကွာ ၊ တောက် ဟင်း ဟင်း ”
ဦးညိမ်းမောင် ၏ အံကြိတ်၍ တောက်ခေါက်သံကြီး နှင့်အတူ ဓား ဆိုသော အသံ ကို ကြားလိုက်ရသောကြောင့် အိမ် ပေါ် ရှိ လူအားလုံးပင် ကြက်သီးမွေးညင်း ထသွားကြသည် ။ အိမ်နီးချင်း အဖော် အမျိုးသမီး နှစ်ယောက်က နောက် ဆုတ်ပြီး နေရာ ရွှေ့ထိုင်ကြသည် ။ ဦးစိုးလှိုင် ၏ လူ နှစ်ယောက်ကလည်း “ ဆုငွေငါးထောင် ကို မြန်မြန်ပေးပြီး လစ်ကြရအောင် ဆရာရေ့ ” ဆိုသော အမူအရာ ပြနေသဖြင့် ဦးစိုးလှိုင် က လက်ကိုင်အိတ် ထဲမှ ပိုက်ဆံငါးထောင် ကို ထုတ်ယူပြီး စကား ပြောလိုက် သည် ။
“ အဘ က ကျွန်တော်တို့ ထက် ပိုပြီး စာ တတ်ပါတယ် ၊ တရား သိပါ တယ်ဗျာ ၊ ဖြစ်ချိန်တန်လို့ ဖြစ်တာ ၊ ပျက်ချိန်တန်လို့ ပျက်တာပဲ လို့ တရား နဲ့ ဖြေပေါ့ အဘ ရယ် ၊ ရော့ ရော့ ဟောဒီမှာ ကျွန်တော့် ကတိ အတိုင်း အဘ ကို ငွေငါးထောင် လာပြီး ဆု ချပါတယ် ၊ နောက်လည်း လိုရင် ပြောနော် အဘ ”
ဦးစိုးလှိုင် က သားရေကွင်းနှင့် ပတ်ထားသော ဆယ်တန်အုပ် ငါးအုပ် ကို ဦးညိမ်းမောင် ၏ ရှေ့တွင် ချပြီး အနား ရောက်အောင် တွန်းရွှေ့ပေးလိုက်သည် ။ ဦးစိုးလှိုင် ၏ စကား ကို ကြားရသောအခါ ဦးညိမ်းမောင် က ဘယ်သူ့ မျက်နှာ ကို မျှ မကြည့်ဘဲ တစ်နေရာ ကို ငေးမောကြည့်ရင်း မဲ့ပြုံးကြီး ပြုံးလိုက်သည် ။ သူ့ အပြုံး က ပြင်သစ်မြို့စားကတော် မိုနာလီဇာ ၏ မင်္ဂလာဦး ည အပြုံး နှင့်လည်း မတူ ၊ အမေရိကန်လူဆိုးကြီး အယ်လ်ကပုန်း ၏ သေခါနီး ပြုံး သွားသော အပြုံးနှင့်လည်း မတူ ၊ ဂျာမနီ စစ်ရှုံး ပြီ ဟု သိရသောအခါ ဟစ်တလာပြုံး ခဲ့သော အပြုံးနှင့်လည်း မတူ ၊ တစ်မူ ထူးပြီး တစ်မျိုးကြီး ကြောက်စရာ ကောင်းနေသည်ဟု ဦးစိုးလှိုင် ထင်လိုက်မိသည် ။
“ မလိုပါဘူးဗျာ ၊ ဒီ အခြေအနေ ကျခါမှ ခင်ဗျား ငွေ ငါးထောင် လောက်ကို ကျုပ် က ဘာ လုပ်ရမှာလဲ ၊ တရား သိပေမယ့် တရား မရှိတော့ ဘူးဗျ ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဘယ်အရာမှ မမြဲတာ ကျုပ် သိတယ် ၊ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား ၊ အကြောင်း ကင်းသော အကျိုးတရား ဆိုတာ မရှိဘူးတဲ့ ၊ ကျုပ် ဟာ ကျုပ် လူပျိုကြီးဘဝ နဲ့ အမေ့ ကို လုပ်ကျွေးနေတာ စိတ်ကို ချမ်းသာလို့ ၊ အခုတော့ ခင်ဗျားတို့ သောက်ကမြင်းကြော ထပြီး ချောက် တွန်းခဲ့ကြလို့ ကျုပ် ဒုက္ခ ရောက်နေပြီလေ ၊ သယ်မအေပေးတွေ ၊ သေချင်းဆိုးတွေ ၊ နင် တို့ ကိုပါ သတ်ရမယ် ၊ သေဖို့သာ ပြင်ပေတော့ ”
ဦးညိမ်းမောင် သည် ထိုင်ရာမှ ဝုန်းခနဲ ကုန်းထပြီး ထရံ မှာ ထောင် ထားသည့် ဓား ကို ပြေး ဆွဲသဖြင့် ဦးစိုးလှိုင် နှင့် သူ့ လူနှစ်ယောက် တို့မှာ ဖိနပ် စီး ဖို့ ဆိုတာ အသာ ထား ၊ ကောက် ကိုင်ဖို့တောင် အချိန်မရတော့ဘဲ အိမ်ပေါ်မှ ဒရောသောပါး ပြေး ဆင်းခဲ့ရပါတော့သတည်း ။
◾အဏ္ဏဝါစိုးမိုး
📖 ချယ်ရီ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၈၉
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment