Tuesday, March 8, 2022

ပန်း ရဲ့ ရိုက်ချက်


 

❝ ပန်း ရဲ့ ရိုက်ချက် ❞

မိုး က သဲသဲမဲမဲ ရွာနေတယ် ။ တစ်ဖက်ရပ် တဲကလေးပေမယ့် မဆိုးပါဘူး ။ ဖွင့်ထား တဲ့ ဘက်ပဲ မိုးရေ နည်းနည်း စဉ်တယ် ။ လေ မတိုက်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ် ။

ကျွန်တော် က တဲ အပြင်ဘက် က မိုးပြင် ကို ကြည့်နေတယ် ။ နောက်ခံ လမ်းမီးတိုင် နဲ့ ဆိုတော့ မိုးဖွားတွေ က အရောင်စုံ ထွက် နေတယ် ။ အဲဒီ မြင်ကွင်း ထဲ ကို လူ တစ်ယောက် ဝင် လာပါတယ် ။

အေးအေးဆေးဆေးပါပဲ ။ မိုး ရွာနေတာကို ဂရုစိုက်ပုံ မရဘူး ။ သိတောင် သိရဲ့ လား မပြောတတ်ဘူး ။ သူ က ဆိုင်ဘက် ကို လာနေတာ ။ ဟုတ်ပါ့ ။ ကျွန်တော် ထိုင်နေတာ အရက်ဖြူ ဆိုင် ပါပဲ ။ စွဲစွဲလမ်းလမ်းကြီး မဟုတ်ပေမယ့် မကြာမကြာ ထိုင် ဖြစ်ခဲ့ပါတယ် ။

စောစောက ပြောတဲ့ လူဟာ အရက်ဆိုင် အ၀ ရောက်တော့ ရေတွေ ကို ခါ ချပါတယ် ။ တစ်ကိုယ်လုံး ရွှဲနစ်ပြီး ရေပေါက်တွေ က  တောက်တောက် ကျနေတာကိုး ။ ထီး မပါ ဘာ မပါနဲ့  ။

သူ က ဆိုင်ထဲ ကို လှမ်းပြီး အကဲ ခတ်တယ် ။ ဆိုင် မှာ က ဘက်ထရီမီးရောင် နဲ့ ဆိုတော့ မှုန်ပျပျပေါ့ ။ ခဏ နေတော့ သူ ဟာ ကျွန်တော် ထိုင်နေတဲ့ စားပွဲဆီ ကို တန်းတန်းမတ်မတ် ကြီး လျှောက် လာလေရဲ့ ။ အနား ရောက်တော့ ကျွန်တော့် ကို ခပ်ပြုံးပြုံးစေ့စေ့ ကြည့်တယ် ။ ကြည့်ရတာ အရောတဝင် လုပ်မယ့် သဘောပဲ ။ လူ ပုံ ကတော့ သာမန်ပါ ။ အဝတ်အစား လည်း သပ်သပ်ရပ်ရပ် ရှိပါတယ် ။ အသက် က ၆၀ လောက် ရှိပါလိမ့်မယ် ။

“ ကျွန်တော် ထိုင် လို့ ရမလား ”

ပြဿနာ က စပါပြီ ။ ကျွန်တော် က တစ်ယောက်တည်း သောက်တတ်တာ ။ ဒါပေမဲ့ ကျွန်တော့် နေရာက ထောင့်ကွေး မှာ ဆိုတော့ နှစ်ယောက် ထိုင်လို့ ရတယ် ။ ဒီကိစ္စ အတွက် တွက်ကပ်စရာ မလိုပေမဲ့ သူ့ ပုံစံ က စောစော က ပြောသလို အရော ဝင်မယ့် သဘော ရှိနေတော့ စိတ်ထဲ သိပ် မသန့်လှဘူး ။ ဒါပေမဲ့ ကိုယ့် ဆိုင် မှ မဟုတ်ဘဲ ။ ခေါင်းညိတ် ပြလိုက်ရတော့ တာပေါ့ ။ သူ က ကျေးဇူးပဲ လို့ ပြောပြီး ကိုယ်ပေါ် က ရေတွေ ကို လက် နဲ့ သပ်စစ်ချရင်း မျက်နှာချင်းဆိုင် ဝင်ထိုင် လိုက်ပါတယ် ။

တစ်ခုခု ပြောချင်နေပုံ ပေမယ့် အပြော ခက်နေသလိုပဲ ။ အရက် လည်း လှမ်း မမှာဘူး ။ ဒီတော့ ကပ်တီးမူးလဲများ လားလို့ ထင်မိသေးတယ် ။ ဒါပေမဲ့ သူ့ ပုံစံက ကပ်သောက် မယ့် ပုံစံတော့ မဟုတ်ပါဘူး ။ မပြောနိုင်ဘူးလေ ။ အဝတ်အစား သပ်ရပ်ပေမဲ့ အရက် ဆာ လာ ရင် လူတွေဟာ သိက္ခာ မှ မရှိတော့တာကိုး ။ ကိုယ့် ဆီက ကပ် မသောက်ဘူးပဲ ထားဦး ။ ကျွန်တော့် မှာ တော့ စိတ် ကျဉ်းကျပ်သွားရပါပြီ ။

ခဏနေတော့ သူ က ချောင်းတစ်ချက် ဟန့်ပြီး “  စာရေးဆရာ ကိုမာယာ ဟုတ်ပါတယ်နော် ”

စိတ် ထဲ နည်းနည်း တော့ ပျော် သွားသလိုပဲ ။ ကျွန်တော် က ၀တ္ထုတိုရေးသမားပါ ။ လုံးချင်းတွေ ဘာတွေနဲ့ နာမည်ကြီး မဟုတ်ပါဘူး ။ သုံးလေးငါးလ လောက် နေမှ ၀တ္ထုတိုကလေး တစ်ပုဒ် စာမျက်နှာပေါ် ရောက်တတ်တာ မဟုတ်လား ၊ ခုလို သူ က ကျွန်တော့် ကလောင်နာမည် ကို သိနေတော့ ကျေနပ်မိတာ အမှန်ပါပဲ ။ နော့ပေမယ့် တချို့လူတွေဟာ အရက် ကပ် သောက်ဖို့ ဒီလိုပဲ ချဉ်းကပ်တတ်ကြတာကိုး ။ ပြီးတော့ ကျွန်တော့် ကို စာရေးဆရာ မှန်း သိတာက ဆိုင်ရှင် “ မွန်ကြီး ” ပဲ ရှိတယ် ။ ဒီတော့ သူ ဟာ ကျွန်တော့် အကြောင်း မွန်ကြီး ဆီက ကြားထားတာလား မသိဘူး ။ စိတ် ထဲ တထင့်ထင့် ဖြစ်နေတုန်း ။

“ မွန်ကြီး ရေ တစ်ပိုင်း ပေးကွာ ” ဆိုပြီး လှမ်းမှာ လိုက်တော့ မှ စိတ်ထဲ နည်းနည်းတော့ ဘဝင် ကျသွားတယ် ။ နော့ပေမယ့်လည်း အရက် ကပ် မသောက်တဲ့ တိုင် အပိုဆာဒါး စကားတွေ ပြောတော့မယ် ဆိုတာတော့ သိနေပါတယ် ။ စာရေးဆရာ မဟုတ်လား လို့ မေးလိုက်ကတည်းက စာဖတ်သူ တစ်ယောက် အဖြစ် နဲ့ စာအကြောင်း ပေအကြောင်း တွေ ရှည်နေရင် ခက်ပါတယ် ။ ကျွန်တော် က အရက် သောက်ရင်း လက်ဖက်ရည်ဆိုင် ထိုင်ရင်း စိတ် အပန်းဖြေချင်တာပဲ ရှိတယ် ။ မလေးနက် ချင်ဘူး ။ သူ က ရောက်လာတဲ့ အရက်ဖြူ ကို တစ်ကျိုက် နှစ်ကျိုက် သောက် လိုက်ပါတယ် ။ ပြီးမှ မထင်မှတ်တဲ့ စကား ကို ပြောပါတယ် ။

“ ဆရာလေး ဟာ မိန်းမ တစ်ယောက် က ပါး ရိုက်တာ ကို ခံရဖူးသလား ” တဲ့  ။

ကျွန်တော့် မှာ ဘယ်လိုကြီးမှန်းမသိ ဖြစ်သွားရတယ် ။ ဒီလ “  ဝတ်မှုန်ကြွေ  ” မဂ္ဂဇင်း မှာ ကျွန်တော့် ရဲ့ အချစ်ဝတ္ထု တစ်ပုဒ် ပါတယ် ။ မမ နဲ့ မောင်လေး ဇာတ်ပါ ။ အဲဒီမှာ ဇာတ်သိမ်း တော့ မမ က မောင်လေး ကို ဖျန်းခနဲ နေအောင် ပါးရိုက်ပြီး အဖြေ ပေးလိုက်တာ ကို ရေးထား ပါတယ် ။ သူ့ မေးခွန်း က ငါ့ ကို ရည်ရွယ်တာ ဖြစ်မယ် ။ သူ့ အသံ က ပါးရိုက် ခံဖူး ၊ မခံဖူး ဆိုတာ ကို စစ်ကြောချင်ဟန် ပေါ်နေတယ် ။

ပါးရိုက် မခံဖူးဘဲနဲ့ ရေး သလားလို့ များ မေးချင်တာလည်း ဖြစ်နိုင်ပါတယ် ။ သူ စ ရောက်လာကတည်း က စကား တစ်လုံးမှ မပြောခဲ့တဲ့ ကျွန်တော် ဟာ ဒီ မေးခွန်း အတွက်တော့ အဖြေ ပေးရပါတော့မယ် ။

“ ကျွန်တော့် မှာ ချစ်သူ တောင် မရှိပါဘူး ”

သူ က “ ဟက်  ” ခနဲ ရယ်တယ် ။ လှောင် တာ တော့ မဟုတ်ပါဘူး ။ ဖြစ်မှ ဖြစ်ရလေ ဆို တဲ့ အသံမျိုးပါ ။ ဒီနောက်တော့ တော်တော် ကြာအောင် ကိုယ့် အရက် ကိုယ် သောက် နေကြပါတယ် ။ သူ့ အရက်တစ်ပိုင်း ကုန်သွားတော့ ထပ် မှာပြန်တယ် ။

အဲဒီ က စပြီး သူ ကချည်း စကားတွေ ပြော တော့တာပါပဲ ။ အသက်ချင်း ကွာပေမယ့် သူ က “  ဆရာလေး ” “ ကျွန်တော် ” ဆိုတဲ့ နာမ်စားတွေ ကိုပဲ သုံးပါတယ် ။

“ ချစ်သူတောင် မရှိဖူးဘူးဆိုတဲ့ ဆရာလေး ကို ပြောရတာ တော့ အတော် ခက်တာပဲ ။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့် စကားတွေကို နားထောင်ပေးပါ ”

“ သိပ်အရှည်ကြီးတော့ မပြောနဲ့ ကွာ ” ဆိုတဲ့ အမူအရာ လုပ်ပြရပါတယ် ။

“ ကျွန်တော်တို့ လင်မယား က ငယ်လင် ငယ်မယား ပါ ။ သမီးရည်းစား အဖြစ်လည်း တစ်ယောက် ဆို တစ်ယောက်ပါ ပဲ ။ ဘာ ပြဿနာ မှ မရှိခဲ့ပါဘူး ။ ကျွန်တော့် အသက် ငါးဆယ် လောက် အထိ ပေါ့ ဗျာ ။ ခု ကျွန်တော့်အသက် ၆၀ စွန်း ပြီ ဆိုပါတော့  ”

သည် လိုဆိုတော့ ပြီးခဲ့တဲ့ ဆယ်နှစ် ကျော်ကျော်လောက် အတွင်း အိမ်ထောင်ရေး ပြဿနာတွေ ရှိခဲ့တယ် လို့ ဆိုသလိုပါပဲ ။

“ အဲဒီ နောက်ပိုင်းတော့ သူ ဟာ အေးစက်စက် နိုင်လာပါတယ် ။ သားသမီးတွေ က လည်း အရွယ် ကလေးတွေ ရ လာပြီကိုး ။ ပြောရရင် သူဟာ လူကြီး ဆန်လာတာ နည်းနည်း လွန် သလိုပဲ ၊ ချက်ရေးပြုတ်ရေး သားသမီးတွေကိစ္စ နဲ့ အချိန် ကုန်တာများ လာတယ်  ”

ဒီလိုပဲ ဖြစ်တတ်တာပဲလို့ ကျွန်တော် စကား ဝင် မထောက်ဖြစ်ပါဘူး ။

“ ကျွန်တော် က သဘော ကို သိပါတယ် ။ ဒါကြောင့် အဲဒီ အရွယ်မှာ ဒါလောက်တော့ မရင့်ကျက်သင့်ဘူးဗျာ ၊ ကျွန်တော် ကတော့ လေးဆယ်ကျော် ငါးဆယ်တွင်း ဆိုတာ မကြီးသေးပါဘူး  ”

သူ က သူ့စကား သူ သဘောကျပြီး ရယ် ပါတယ် ။

“ ပြောရရင်ဗျာ ။ အဲဒီ အရွယ်တွေမှာ အငယ်အနှောင်း ထားတတ်ကြတယ် မဟုတ်လား ။ ဒါပေမဲ့ ကျွန်တော် ကတော့ သူ့ ကို သစ္စာ မဖောက်တဲ့ အပြင် ပိုပြီးတောင် ရောရောဝင် ဝင်နေခဲ့ပါတယ် ။ ပြောရရင် ချစ်သူ လိုရော ၊ လင်မယား လိုရော ၊ သူငယ်ချင်း လိုရော ပါပဲ ”

စိတ်ထဲ ထင့်ခနဲ ဖြစ်ရတယ် ။ အဲဒီ မိန်းမ က ဖောက်ပြန်သွားလို့ လားပေါ့လေ ။

“ ဒါပေမဲ့ဗျာ ၊ ပိုပို ဆိုးလာပါတယ် ။ ကျွန်တော့် ကို ဟက်ဟက်ပက်ပက် မဆက်ဆံတော့ဘူး ။ အလုပ်ဝင် စ သမီးကြီး နဲ့  တတွဲတွဲ လုပ်နေပါရော ”

ကျွန်တော်လည်း သူ့ ဇာတ်လမ်းရိုးကြီး မဆုံးသေးတာ စိတ် မရှည်လို့ အရက်ဖြူ တစ် စိတ် ထပ်မှာ ရတယ် ။

“ အင်း ဆရာလေး လည်း ရိုးအီနေတဲ့ ဓာတ်ပြားဟောင်းကြီး နားထောင်နေရတာ ပျင်းရောပေါ့လေ ၊ ကျွန်တော် လိုရင်းပဲ ပြောပါတော့မယ်  ”

ဒီလိုတော့လည်း အလိုက် သိတတ်သားပါလား ။ ဒါပေမဲ့ သူ့ စကားကြောင့် နည်းနည်း စိတ်ဝင်စားသွားမိတာတော့ အမှန်ပါပဲ ။ ရှေ့ဆက်ပြီး ပြဿနာ ကြီးကြီးမားမား တစ်ခုတော့ ပေါ်မှာ သေချာပါပြီ ။ ကြီးကြီးမားမား မဟုတ်တောင် အလှည့်အပြောင်းလေးတော့ ရှိတန်ကောင်းပါရဲ့  ။

“ သူ ဟာ နောက်ပိုင်းမှာ ပိုပြီး အေးစက်သထက် အေးစက်လာပါတယ် ။ ကျွန်တော့် ကို အရန်လူ လို သဘော ထားပြီး သားတွေသမီးတွေ နဲ့ ပဲ တရုန်းရုန်း နေတယ် ။ စဉ်းစား ကြည့်ဗျာ ၊ ပင်ကိုက အေးစက်စက် ဆိုရင် ကလေးတွေနဲ့ လည်း အလိုက်အထိုက် ပဲ နေသင့် တာပေါ့ ။ ခုတော့ဗျာ ကျွန်တော့် မှာ အထီး ကျန်သလို ခံစားနေတယ်  ”

ဇာတ် ရှိန် ကလည်း ခုထိ မတက်သေးပါဘူး လို့ စိတ် ညစ်မိပြန်ပါတယ် ။ သူ ကတော့ အရှိန် ရလာလို့ နောက် တစ်စိတ် ထပ် မှာ ပြန်ရော ။

“ ခု နောက်ပိုင်း သားသမီးတွေ ဘွဲ့ရ အလုပ် ကိုယ်စီ ဖြစ်လာကြတော့ ပို ဆိုးတာပေါ့ဗျာ ။ ကျွန်တော် ကလည်း ပင်စင် ယူလိုက်ရပြီကိုး  ”

အဲဒီ အတွက်တော့ စာနာမိတာ အမှန်ပါပဲ ။ ပင်စင်နာ ဆိုတာ ဖြစ်နေပုံ ရပါရဲ့  ။ ဒါပေမဲ့ အဲဒါလောက်နဲ့ တော့ သူ့ ဇာတ် ကို သိမ်းလို့ မရပါဘူး ။

“  ကြားဖြတ် ပြောရဦးမယ်ဗျ ၊ ကျွန်တော့် မှာ အပြစ် ဆိုလို့ သောက်တတ်တာလေးပဲ ရှိတာပါ ။ ရမ်းရမ်းကားကားလည်း မဟုတ်ပါဘူး ။ အဲဒီ အတွက်တော့ ခဏခဏ စကားများ ရတာ အမှန်ပါပဲ ။ နော့ပေမယ့်ပေါ့ဗျာ ။ ဒီ အရက် ကိစ္စလေးနဲ့ တော့ သူဟာ ခုလောက် အေး စက်စက်ကြီး မဖြစ်သင့်ပါဘူး ၊ ခုတော့ဗျာ ”

သူ က ရောက်လာတဲ့ အရက်တစ်စိတ်ကို တစ်ခွက်တည်း မော့လိုက်ပြန်ပါတယ် ။ ပြီးတော့မှ

“ သူဟာ သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် ဆိုတာမှ ဟုတ်ရဲ့ လားလို့ တောင် ထင်ရတယ် ”

ဪ လက်စသတ်တော့ အိမ်ထောင်ရေး သုခ ကို ပြောချင် နေတာပါလား ။ ဒီအရွယ် ကြီးကျမှ လို့တော့ မထင်ရက်ပါဘူး ။ ယောက်ျား ဆိုတာက ဖွဲ တစ်ဆုပ် နိုင်ရင် သုခ ခံစားချင် တာပဲ မဟုတ်လား ။ တစ်ခု ရှိတာက သူ့ မိန်းမ ဟာ ဘယ် အရွယ်လဲ ဆိုတာ ကျွန်တော် မသိ ဘူး ။ သက်တူရွယ်တူ ဆိုရင်တော့ ဒါမျိုး စိတ် အေးသွားလောက်ပါပြီ ။ ကျွန်တော် ဖတ်ဖူး မှတ်ဖူးတာကို ပြောတာပါ ။

“ ကိုင်း ကိုင်း ဆရာလေး လည်း ပျင်း နေရော့မယ် ။ ဇာတ် သိမ်းကြပါစို့ ။ မနက်က တော့ သူ နဲ့ ကျွန်တော် အကြီးအကျယ် ရန် ဖြစ်ကြတယ် ။ အကြောင်းကတော့ မောနင်း ပက် လုပ်မိရာက စတာပါပဲ ။ ကျွန်တော် မနေ့ညက သူငယ်ချင်း အိမ် မှာ အတော်များ သွားလို့ မနက်က ဖြေတာပါဗျာ ။ အဲဒါကို ပြဿနာ လုပ်ပြီး ကျွန်တော့် ကို ပေယျာလကန် ထားခဲ့သမျှ ကို အတိုးချပြီး ရန်စွယ်ငေါငေါ လုပ်တော့တာပဲ  ”

သူ က တော်တော် သောက်နိုင်ပုံ ရပါတယ် ။ မွန်ကြီး ဆီ လှမ်းပြီး နှစ်ပက် ထပ်တောင်းပါတယ် ။

“ ခက်တာက ကျွန်တော် ပြန်လည် ခုခံပေမယ့် သားသမီးတွေ ကပါ သူ့ ဘက်က ဝိုင်းပြီး ကျွန်တော့် ကို ထိုးနှက်ကြတာပါပဲ ။ သားကြီး ဆိုရင် ကျွန်တော့် ကို မသုံးစဖူး ခင်ဗျားကြီး ဆိုပြီး သုံးတယ်ဗျာ ။ ကျွန်တော် တော်တော် စိတ် ထိခိုက်သွားတယ် ။ ဒေါသ လည်း ဖြစ် သွားတယ် ”

သူ က ဝမ်းနည်းသံ ပါသွားတာ သတိ ထားမိပုံ ရတယ် ။ စကား မဆက်သေးဘဲ ငြိမ်ပြီး တံတွေး မျိုချနေလေရဲ့  ။

“ လင်မယား ရန်ဖြစ်ပြီ ဆိုတော့ အသေးအဖွဲက အစ ငယ်ကျိုးငယ်နာတွေ ဖော်ကြ တော့တာပေါ့ဗျာ ၊ ဒီမှာ တင် ကျွန်တော် က သူ့ ကို သူ့ ရဲ့ ငယ်သူငယ်ချင်း ယောက်ျားလေး သူငယ်ချင်း ပေါ့ဗျာ ၊ အဲဒါကို သူ နဲ့ ပြန် ပေးစားမိတယ် ။ တကယ်က သူ့ ကို ဟို က ကြိုက်ခဲ့တာ ၊ သူ က ပြန် ကြိုက်ခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမဲ့ဗျာ စကားလေး တစ်ခွန်း က  ”

ဆိုပြီး နောက် ရောက်လာတဲ့ အရက်ကို တစ်ခွက်တည်း မော့ ချလိုက်ပါတယ် ။ ပြီးတော့ ဆတ်ခနဲ မတ်တတ် ထရပ်တာ ယိမ်းထိုးသွားတယ် ။ ဘာမပြော ညာမပြောနဲ့ ပြန်ဖို့ ဟန် ပြင်လိုက်ပါတယ် ။

“ အဲဒါပါပဲဗျာ ၊ ဆရာလေး မိန်းမ တစ်ယောက် ပါးရိုက်တာ ခံရဖူးသလား လို့  ”

ငိုသံပါကြီး နဲ့ ပြောပြောဆိုဆို သူ ထွက်သွားပါတယ် ။ ဝင် လာစဉ်ကအတိုင်း မိုး ရွာနေ တာကို မသိသလို လမ်းမပေါ် လျှောက်သွားပါရော ။ လူ ကတော့ ဝင်လာခါစ ကလို ပုံမှန် မဟုတ်ဘူး ပေါ့လေ ။ ယိုင်ထိုး ယိုင်ထိုးနဲ့  ။ ဒီတော့မှ ကျွန်တော့် မှာ ဆန့် တငံ့ငံ့ ဖြစ်ရပါတော့ တယ် ။ သူ ဘာ ပြေချင်တာပါလိမ့် ။ အင်း ကိုယ် ကလည်း အိမ်ထောင် မကျဖူးတော့ တွေးရ ခက်ကြီးပေါ့ ။

◾သုမောင်

📖 ကိုစံလွင် မစော

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment