Saturday, March 5, 2022

မြေ မလျှိုးပေမဲ့ မိုးပျံတဲ့ ငတေ


 ❝ မြေ မလျှိုးပေမဲ့ မိုးပျံတဲ့ ငတေ ❞


ကျွန်ုပ်တို့ ရွာသူရွာသားများ သည် ကန်ရေ ကိုသာ သောက်သုံးကြသည် ။ ထို့ကြောင့် မိုးခေါင်သော နှစ် ၊ သင်္ကြန်လက်ဆေးမိုးလည်း မရွာ ။ တန်ခူး ၊ ကဆုန်လများမှာလည်း မိုး မရွာသော နှစ် ဆိုလျှင် ရွာသူရွာသားများ မှာ ရေ အခက်အခဲနှင့် ကြုံကြရသည် ။


ထိုအခါ  " မောင် "   ဟုခေါ်သော တောင်အောက် စမ်းပေါက်တစ်ခု ကို တူးဖော်၍ ရေတွင်း ပြုလုပ်ကြကာ သုံးရေ ၊ သောက်ရေများ ကို ထို ရေတွင်း မှ ပင် ခပ်သုံးကြရသည် ။ ထို ရေတွင်း မှာ ရွာနှင့် ခြေကျင် ဆယ့်ငါးမိနစ် ခန့် ဝေး၏ ။


တောတန်းလေး တစ်ခု ကိုလည်း ရေခပ် သွား သူတိုင်း ဖြတ်သွားကြရသည် ။ သို့သော် အိမ်ခြေ တစ်ရာနီးပါး ရှိသော ရွာသူရွာသားများ အတွက် ထို ရေတွင်း တစ်တွင်း မှ ရေ သည် လောက်လောက်ငင မရှိကြ ။ ထိုအခါ ရေ ကို အလှည့်ကျ တန်းစီ စောင့်၍ ခပ်ကြရသည် ။ ဦးဆုံး ရေတွင်းနား ရောက်လာသူ သည် ရေတွင်း နှုတ်ခမ်းနား တွင် စမ်းပေါက်ရေတွင်း ထဲမှ ရေတစ်အိုးစာ ကို ခပ်ယူရန် ရေအိုး ကို ချ ထားရသည် ။ ထို ရေအိုး နောက်တွင် နောက် မှ ရောက်လာသူများ က တန်းစီ၍ ရေ ကို အလှည့်ကျ စောင့် ခပ်ကြရလေသည် ။


သည်လိုနှင့် ရေ ရှားသော နှစ် တစ်နှစ် တွင် ဖြစ်သည် ။ ရွာ နှင့် အနီးအနား တွင် တခြား စမ်းပေါက် ရေတွင်း ဆို၍လည်း တစ်တွင်းမှ မရှိရာ ထို တစ်တွင်းတည်းသော စမ်းပေါက်ရေတွင်း ၌ပင် ရွာသူရွာသား အားလုံး တို့မှာ ရေ ကို စောင့် ခပ်နေကြရသည် ။ ထို စမ်းပေါက်ရေတွင်း ရှိရာ နေရာမှာ တောင်ခြေရင်းအောက် ဖြစ်သဖြင့် ကျား ၊ စသည့် သားရဲ တိရစ္ဆာန်များလည်း ပေါ သည် ။


လူ တွေ ရေရှားသလို စမ်းဖျား စမ်းချောင်းတို့ ၌လည်း ရေခန်းသွားရာ တစ်ခါတစ်ခါ ရွာသူရွာသားများမှာ ရေခပ်သွားရင်း ရေသောက်လာသော ကျား ၊ ဝံ တို့ နှင့်လည်း တွေ့တတ်ကြသည် ။


ထို့ကြောင့် မိန်းမများ ဆိုလျှင် နေစောင်းညချမ်း ၌ စမ်းရေတွင်းထဲ တစ်ဦးကောင်း ၊ တစ်ယောက်ကောင်း မသွားရဲကြဘဲ သုံးယောက် တစ်စု ၊ လေးယောက် တစ်စု သာ သွားရဲကြသည် ။ ည ၌ မူ ရေခပ်သူ နည်းသဖြင့် ရေခပ်လှည့် မြန်မြန် ကျတတ်သဖြင့် ယောက်ျားသားများ ကတော့ ည ရှစ်နာရီ ၊ ကိုးနာရီ ထိလည်း သွားခပ်လေ့ ရှိကြသည် ။


သည်လိုနှင့် ကဆုန်လ ၏ လမိုက်ည တစ်ညတွင် ဦးကြာပန်း အပါအဝင် ကျွန်ုပ်တို့ ရွာသား လေးငါးယောက် သည် တောင်ခြေ စမ်းပေါက်ရေတွင်း ၌ ရေ စောင့်ခပ်ရန် ညရှစ်နာရီလောက် တွင် ထွေရာလေးပါး စကား ပြော၍ ထိုင် စောင့်နေကြသည် ။


ထိုအချိန်မှာပင် သူတော်ငတေ သည် စမ်းပေါက်ရေတွင်းများ သို့ ရောက်လာ၏ ။ ထိုအခါ ရေခပ်ရန် စောင့်နေကြသူများထဲတွင် အသက်အရွယ် အကြီးဆုံး ဖြစ်သူ ဦးကြာပန်း က  " ဦးသူတော် ဘယ်လို လာလဲ "   ဟု အလောသုံးဆယ် အံ့ဩသလို မေးလိုက်သည် ။


အမှန်က ဦးကြာပန်း မှာ သူတော်ငတေ နှင့် ငယ်ငယ် ကပင် ရန်ဖြစ်ဖက် ၊ တစ်ယောက်နှင့် တစ်ယောက်လည်း တစောင်းစေး နှင့် မျက်ချေးပမာ ဖြစ်ကြလေရာ  " ဦးသူတော် ဘယ်ကလာလဲ ၊ ဘယ်ကိုလာလဲ ၊ ဘာကိစ္စလာလဲ "  ဟုမေးရမည့်အစား အချိန်မတော် အခါမတော် သွားချင်တာ သွား ၊ လာချင်တာ လာ ၊ နေချင်သလို နေ နေသော သူတော်ငတေ ကို ယခုလည်း အမြင်ကတ်ကတ် နှင့်  " ဦးသူတော် ဘယ်လို လာလဲ "  ဟု စကားမှားပြီး မေးမိလိုက်၏ ။


ဤသည်ကိုပင် သူတော်ငတေ က လည်း အထအန ကောက်ကာ  "  ဘယ်လို လာမလဲဗျ ၊ မိုးပေါ် က ပျံလာတာပေါ့ "  


ဟု ခွပြောလိုက်သည် ။


သူတော်ငတေ နှင့် မတည့်သူ ဦးကြာပန်း ကလည်း သူ့ စကား အမေးမှား လောသွားသည်ကို သတိမရဘဲ သူ့ ကို သက်သက် ခွပြောသည်ဟု ထင်ကာ ..  "  ဪ မိုးပေါ်ကတောင် ပျံလာနိုင်ပြီ ဆိုတော့ ခင်ဗျား ဈာန်ရနေပြီပေါ့ ။ ရဟန္တာ ဖြစ်နေပြီပေါ့  "   ဟု ပြောလိုက်သည် ။ 


 "  ကျုပ် က ခင်ဗျားကို ရဟန္တာ ဖြစ်နေပြီလို့ ပြောသေးလို့လား "  


 "  ဦးသူတော် ပဲ မိုးပေါ်က ပျံလာတာဆို "  


 "  ဟ မိုးပေါ်ပျံနိုင်တိုင်း ရဟန္တာ ဖြစ်ပြီလို့ ခင်ဗျား ကို ဘယ်သူက ပြောလဲ "  


 "  ကျုပ်တို့ ကြားဖူးတာကတော့ ရဟန္တာတွေ မှ ဈာန်ပျံနိုင်တယ်လေ "  


 "  ဒါဆို မိုးပေါ် ပျံနေတဲ့ ငှက်တွေ ရဟန္တာတွေလား "  


 "  အဲဒါက ငှက်ပဲဗျ ။ လူ က မိုးပေါ်ပျံနိုင်တယ် ဆိုရင် ဈာန်ရလို့ပေါ့ "  


 "  ဈာန် ရတာနဲ့ ရဟန္တာ ဖြစ်တာနဲ့ တခြားစီပဲ ။ ခင်ဗျား မသေမချင်း ပျဉ်းကြမ်းညပ်အောင် မှတ်သား ။ မိုးပေါ်ပျံရုံနဲ့ ရဟန္တာ မဖြစ်ဘူး ။ ရဟန္တာအရှင်မြတ်များကလည်း ခင်ဗျားတို့ကို မိုးပေါ် ပျံမပြဘူး ။ ရဟန္တာ အရှင် "  


 "  သူတော် ကသာ ပျံပြနိုင်တယ် ဆိုတဲ့ သဘော လား  "  


သူတော်ငတေ ၏ စကားအဆုံး ကို ပင် မစောင့်ဘဲ ဦးကြာပန်း ကလည်း တမင် အရွဲ့တိုက် မေးလိုက်၏ ။


 "  ဟုတ်တယ် ၊ ကျုပ် မိုးပေါ် ပျံ ပြနိုင်တယ် ။ မိုးပေါ် ပျံ ပြတာ ဘာ ခက်တာမှတ်လို့ "  


သူတော်ငတေ ကလည်း ခပ်တည်တည်ပင် သူ မိုးပေါ် ပျံ ပြနိုင်သည်ဟု ပြောလိုက်၏ ။


ထိုအခါမှာတော့ စမ်းပေါက်တွင် ရေလာ စောင့် ခပ်နေကြသူ အားလုံးက လမိုက်ညထဲမှာ သူတော်ငတေ ကို ဝိုင်း ကြည့်လိုက်ကြ၏ ။


သူတို့ ဝိုင်း ကြည့်ကြမည် ဆိုက လည်း ကြည့်စရာပင် ။ သူတော်ငတေ မှာ သူတို့ ရွာတွင် သာမက ရွာ နီး ချုပ်စပ် တစ်ဝိုက်၌ပင် ဆေးဝါး ၊ မန္တရား ၊ အင်း ၊ အိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့ အစွမ်းထက်သူ အဖြစ် အသိအမှတ် ပြု ထားကြရာ ယခုလည်း သူ ပြောသလို တကယ်များ မိုးပေါ်က ပျံ လာပြီး စမ်းပေါက် ကို ရောက်လာလေသလား ဟု ထင်သွားကြလေသည် ။


ထိုအခါ ဦးကြာပန်း က ...


 "  ဦးသူတော် ၊ ခင်ဗျား တကယ် ပျံပြနိုင်သလား "  


ဟု ထပ်မေးလိုက်၏ ။


 "  ပျံနိုင်ပါတယ် ဆို ခင်ဗျား ကို ကျုပ် ဘယ်နှခါ ပြောရမလဲ "  


 "  ဒါဆို ခု ဒီက အများရှေ့မှာ ပြလေ "  


 "  ဟဲဟဲ ဒီလို ပျံပြပါ ဆိုတိုင်း အလကားတော့ ကျုပ် က ဘယ် ပျံပြလိမ့်မတုံး "  


 "  ဒါဆို ခင်ဗျား ဘယ်လိုမှ ပျံပြမလဲ "  


 "  ကျုပ် ရေချိုးပြီးမှ ပျံပြနိုင်မယ် "  


 "  ဦးသူတော် ကျုပ် တို့ အချိန်ကုန်ခံပြီး စောင့်ခပ်ထားတဲ့ ရေ ကို ချိုးချင်တာနဲ့ ခင်ဗျား ပေါက်ကရတော့ မလုပ်နဲ့နော် ။ ကျုပ်တို့ မှာ လူတိုင်း ထမ်းပိုး တစ်ယောက် တစ်ချောင်းစီ ပါတယ် ဆိုတာ သိတယ် မဟုတ်လား "  


ဦးကြာပန်း က ဤ သူတော် မှာ တစ်ခါတစ်ခါ၌ သူ လိုချင်တာ ထင်ရာမြင်ရာ လုပ်ပြီး ခပ်တည်တည်နှင့် ထွက်သွားတတ်သည် ကိုလည်း ကြုံဖူး ၊ ကြားဖူး ထားရာ ယခု သူ ရေချိုးချင်တာ နှင့် ကလီကမာ ပြောပြီး ရေချိုး သွားလျှင်တော့ ရေထမ်းထမ်းပိုး နှင့် ဝိုင်း ရိုက်ကြရလိမ့်မည် ဆိုသည် ကို သွယ်၍ ပြောလိုက်၏ ။


 "  အောင်မယ်လေး ... လေး.. လေး ရေချိုးပြီးလို့ မှ ကျုပ် မိုးပေါ် ပျံမပြနိုင်ရင် ခင်ဗျားတို့ က ကျုပ် ကို ထမ်းပိုး နဲ့ ဝိုင်း ရိုက်ကြမယ်ဆိုတဲ့ သဘောလား ကြာပန်း  "  


 "  ဒါပေါ့ဗျ ၊ ခင်ဗျား ရေချိုးပြီး ကျုပ်တို့ကို ရူးသလို ပေါသလို လုပ်သွားလို့ ကတော့ ရိုက်ကို ရိုက်မယ်နော် ။ တကယ် ပြောတာ "  


 "  မလုပ်ပါနဲ့ကွာ ၊ မင်း မိုက်တယ် ဆိုတာ ငါ သိပါတယ် ကြာပန်း ရာ ။ ငါ ရေချိုး ပြီးရင် မင်းတို့ကို ပျံ ကို ပျံ ပြပါ့မယ် "  


 "  ဦးသူတော် ခင်ဗျား တကယ် ပြောတာနော် "  


 "  အို တကယ်ပါဆို ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ကွယ့် "  


 "  ဘာတစ်ခုလဲ "  


ဦးကြာပန်း က သူတော်ငတေ မျက်နှာ ကို စေ့စေ့ကြည့်၍ ခပ်ထန်ထန် မေးလိုက်၏ ။


 "  ကျုပ် မိုးပေါ် ပျံပြဖို့ အတွက် ကြိုးရှည်ရှည်က တစ်ပင် ၊ ဒီလိုမှ မဟုတ်ရင်လည်း အပ်ချည်လုံး ဖြစ်ဖြစ် တစ်ခုခုတော့ လိုတယ်ဗျ "  


 "  ရပါတယ် ဒီနား က ဘယ် နွားတင်းကုပ် သွားယူယူ နွားလံကြိုးတော့ နွားရုံတိုင်း ရှိကြတာ ချည်းပဲ "  


 "  မင်း အဘ ၊ မိုးပေါ် ပျံ ပြပါ့မယ်ဆိုတာ နွားလံကြိုး နဲ့ တော့ ဖြစ်မလားကွ ကြာပန်း ရ "  


 "  ဘာဖြစ်လို့လဲ "  


 "  ငါ က မင်းတို့ ကို မိုးပေါ် ထိ စွန် လို တက်ပြမှာ နွားလံကြိုး က တိုနေလို့ပေါ့ကွ "  


 "  ရှည်ရှည်မှ ဖြစ်မယ် ဆိုပါတော့ "  


 "  ငါ စောစောက ပြောသားပဲ ၊ အပ်ချည်လုံး ဒါမှမဟုတ် ချည်ခင် ဆို လည်း ရတယ်ကွာ "  


 "  ကောင်းပြီ မောင်လှသန်း ၊ ငချမ်းမြ တို့ တဲ ပြေးလိုက်ကွာ ။ မငွေ ကို ငါ က အပ်ချည်လုံး ရှိရင် တစ်လုံး ခဏငှားလိုက်ပါလို့ ပြော ။ ဒါမှမဟုတ် သူတော် ပြောသလို ချည်ခင် ပဲ ရရ ပေါ့ကွာ ။ သွား သွား အမြန်သွား ။ သူ ပြောသလို မိုးပေါ် ပျံမပြနိုင်လို့ကတော့ ဒီည ဒီ သူတော် နဲ့ ငါ နဲ့ တွေ့မယ် "  


ဦးကြာပန်း က သူ နှင့် အတူ ရေခပ်လာကြသော ရွာသား လေးယောက်ထဲ သူ့ တူ တော်သူ - မောင်လှသန်း အား စမ်းရေတွင်း နှင့် အနီးဆုံးဖြစ်သော ဦးချမ်းမြ ၊ ဒေါ်ငွေကြည် တို့ အိမ် ကို အပ်ချည်လုံး သို့မဟုတ် ချည်ခင် တစ်ခင် ငှားရန် လွှတ်လိုက်သည် ။


မောင်လှသန်း ကလည်း ထူးထူးဆန်းဆန်း သူတော်ငတေ မိုးပေါ်ပျံပြမည် ဆိုသဖြင့် ချက်ချင်းပင် ဦးချမ်းမြ ၊ ဒေါ်ငွေကြည် တို့အိမ်ဘက် ထ ပြေးလိုက်သည် ။


 "  ဟေ့ ဟိုကောင် ၊ ခဏနေဦး  "  


မောင်လှသန်း ကို သူတော်ငတေ က လှမ်း ခေါ် တားသည် ။


 "  ဦးသူတော် ၊ ခင်ဗျား ဘာပြောဦးမလို့လဲ "  


ဦးကြာပန်း က မယုံသင်္ကာ လေသံနှင့် မေးလိုက်၏ ။


 "  ဟို ... အဲ ချမ်းမြ တို့ အိမ်သားတွေကို ကျုပ် မိုးပေါ် ပျံပြမလို့ ချည်ခင်အပ်ချည်လုံး လာ ငှားတယ် ဆိုတာတော့ မပြောလိုက်နဲ့နော် ။ အဲဒါ မှာမလို့ပါကွ "  


 "  ဟုတ်ကဲ့ စိတ်ချပါ ဦးသူတော် ၊ ကျွန်တော် တစ်ခုခု အကြောင်းပြပြီး ပြီး ငှားလာခဲ့ပါ့မယ် "  


သူတော်ငတေ မိုးပေါ် ပျံပြမည်ဆိုသည်ကို အလွန် ကြည့်ချင်စိတ်စောနေသော မောင်လှသန်းလေး က ဤတစ်ခါ သူတော်ငတေအား သူ့ ဦးလေး ဝင် မပြောမီပင် သူ က ခြေလှမ်းတုံ့၍ လှမ်း ပြောလိုက်၏ ။


 "  အေး ... အေး ရအောင်သာ ရှာလာခဲ့ကွာ ၊ ချမ်းမြ တို့ အိမ်မှာ မရှိရင် တင်အောင် တို့ အိမ် မှာတော့ ရှိမှာပဲ ။ ဒီကောင်တွေက လယ်တဲယာတဲ မှာ အိမ်နေပင်စောက် နေ နေကြတာပဲ "  


ဦးကြာပန်း က လည်း သူ့ တူ ကို မရ အရ ရှာလာရန် လှမ်းပြောလိုက်သည် ။


 "  ကဲ ကြာပန်း "  


သူတော်ငတေ က ဦးကြာပန်း ကို မထီတရီ လေသံ နှင့် ခေါ်လိုက်၏ ။


 "  ပြောပါ ဦးသူတော် "  


 "  ဟိုအကောင် အပ်ချည်လုံး ၊ ချည်ခင် ရလာရင် မင်း ကြိုးဆွဲချ သေမလို့လား "  


 "  တော် ၊ ခင်ဗျား ယီးတီးယားတား တော့ မလုပ်နဲ့နော် ။ လှသန်း ကြိုးရလာလို့မှ ခင်ဗျား ယီးတီးယားတား လုပ်လို့ကတော့ ဒီနေ့ ကျုပ်တို့နဲ့ တွေ့  ... "  


 "  မင်း အဘ ၊ ငါ ရေချိုးမယ် ဆိုတဲ့ ကိစ္စ ကကော "  


 "  ခု ချိုးရမလေ "  


 "  မင်း တို့ ခပ် ထားတဲ့ ရေအိုး က ဘယ်နှလုံး ရပြီလဲ "  


 "  ခင်ဗျား က ဘယ်နှလုံးတောင် ချိုးချင်လို့လဲ "  


 "  ငါ ပူအိုက်လွန်းလို့ ထွက်လာတာကွ ။ အနည်းဆုံး လေးငါးလုံး တော့ ချိုး မယ်ကွာ  "  


 "  ရပါတယ် ဦးသူတော် ၊ ကျွန်တော် တို့ သုံးဆိုင်း ခြောက်လုံး တောင် ရေ ရ ထားပါပြီ "  


ဤစကား ကိုတော့ ဦးကြာပန်း တို့နှင့် ရေအတူ လာခပ်သူ မောင်ဦး က ဝင် ပြောလိုက်၏ ။


 "  ကဲ ကြာပန်း ၊ ဒါဆို ငါ ရေချိုးမယ်ကွာ ။ ဟိုကောင် ပြန် လာရင်လည်း မင်းတို့ ကို မိုးပေါ်ပျံပြရဦးမယ် ဆို "  


 "  ဟုတ်တယ်လေ ၊ ဦးသူတော် ထားတဲ့ ကတိအတိုင်း ပျံ ပြရမှာပေါ့ "  


 "  ကဲ ဒါဆို ရေလဲပိုင်း ပေးကွာ "  


 "  ကျုပ်တော့ မပါလာမိဘူးဗျ ။ မင်းတို့ ဘယ်သူ ပါကြလဲကွ "  


 "  ကျွန်တော့် မှာ ပါပါတယ် ဦးလေး "  


ကာလသားတစ်ယောက် က ချက်ချင်း ထလာပြီး ဦးသူတော် ကို ရေလဲပိုင်း ပေး လိုက်၏ ။


 "  ဒီမှာ ကြာပန်း ၊ မိုးပေါ် ထိ ပျံပြမယ့် အလုပ် ဆိုတာ လွယ်လွယ်လေးတော့ မထင်လိုက်ပါနဲ့ကွ ။ အဲဒါ နတ် နဲ့ ၊ စုန်း နဲ့ လုပ်ရတဲ့ အလုပ် ဆိုတော့ စည်း နဲ့ ကမ်းနဲ့ လုပ်ရတယ် ။ ရေအိုးတွေ ကို ငါ့ အနား လာ ချတဲ့အခါ လက် များလို့ မရဘူး ။


ဒီတော့ မင်း တစ်ယောက်တည်း လက် နဲ့ပဲ ဟို ဆိုင်းထမ်းတွေ ထဲက ရေပြည့်အိုး တွေ ကို ငါ့ အနား လာ ချပေး  "  


သူတော်ငတေ က သူ့ ကို ပညာရှိ နှိပ်စက်နည်းဖြင့် တမင် ခိုင်းလေသလား ဟု မကျေမနပ် ဖြစ်မိလိုက်သော်လည်း သူတော်ငတေ မိုးပေါ် ပျံပြတာကို ကြည့်ချင်နေသော ဦးကြာပန်း မှာ သူတော်ငတေ ခိုင်းသလို ဆိုင်းထမ်း ထဲ က ရေအိုးခြောက်လုံး ကို သူတော်ငတေ ရှိရာသို့ ပို့ ပေးလိုက်ရသည် ။


စမ်းရေတွင်း အောက်ဘက်ရှိ ကျောက်တုံး ပေါ် တွင် သူတော်ငတေ သည် စိမ်ပြေနပြေပင် ကြေးတွန်း လိုက် ရေချိုး လိုက် လုပ်နေ၏ ။


သူတော်ငတေ ရေချိုးနေစဉ်ပင် ချည်ခင် ၊ အပ်ချည်လုံး အရှာသွား သော မောင်လှသန်းလေး ပြန် ရောက်လာသည် ။


 "  ဘယ့်နှယ်လဲကွ ၊ ရခဲ့တယ် မဟုတ်လား  "  


 "  ချည်ခင် ပဲ ရခဲ့တယ် ဦးလေး ၊ အပ်ချည်လုံး တော့ ရွာ က အိမ် မှာပဲ ရှိ တယ်လို့ ပြောတယ် "  


ဦးကြာပန်း အမေး ကို မောင်လှသန်း က ပြန်ပြောလိုက်၏ ။


 "  ဦးသူတော် ၊ ဖြစ်တယ် မဟုတ်လား  "  


 "  ဘာဖြစ်တာလဲ "  


သူတော်ငတေ မှာ သူ့ အာရုံနှင့် သူ ရေချိုးနေသဖြင့် မောင်လှသန်း နှင့် ဦးကြာပန်း တို့ ပြောနေကြသည် ကို မကြားလိုက်၍လား ၊ တမင်ပဲလား တော့ မသိ  "  ဘာဖြစ်တာလဲ "   ဟု ပြန်မေးနေ၏ ။


 "  ဘာဖြစ်ရမလဲ ၊ ခု ချည်ခင် ရလာပြီ ဆိုတာ ပြောတာဗျ  "  


 "  သူငယ်ချင်း ၊ မင်း အသံ ကလည်း ထန် လှချည်လားကွ "  


 "  ထန် တာ မပြောနဲ့လေ ၊ ချည်ခင် ရ လာပြီးမှ ခင်ဗျား အူကြောင်ကြောင် လုပ်မှာ စိုးလို့ ပြောတာ "  


 "  မင်းတို့ ထမ်းပိုး လေးငါးလက် ကို ငါ ကြောက်ပါတယ် ကြာပန်းရာ  ၊ မလုပ်ရဲပါဘူး ။ ခု ချည်ခင် လည်း ရလာပြီ ဆိုတော့ မင်းတို့ ကို ငါ တကယ် မိုးပေါ် ပျံပြမှာပါ "  


ဦးကြာပန်း စိတ်ထဲ မှာ သူတော်ငတေ အသံပြောင်းသွားသလား ထင် လိုက်ရသဖြင့် သူတော်ငတေ အား ဘာမှ ပြန် မပြောတော့ဘဲ သူတော်ငတေ ရေချိုးနေသည် ကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည် ။ အမှန် ကတော့ ဦးကြာပန်း တစ်ယောက်တည်း သာ မဟုတ် ၊ ဦးကြာပန်း နှင့် ရေအတူ လာခပ်ကြသူ လေးယောက် စလုံး က လမိုက်ညထဲ ရေချိုးနေသော သူတော်ငတေ ကို သာ ဝိုင်းကြည့်နေကြသည် ။


လမိုက်ည ဟု ဆိုသော်လည်း စမ်းရေတွင်း အနောက်ဘက် နှင့် တောင်ဘက် မြောက်ဘက် တို့ မှာ လယ်ကွင်းချည်း ဖြစ်သည့်အပြင် မိုးပေါ်က ကြယ်ရောင်များလည်း ရှိရာ သူတို့နှင့် သုံးလံခန့် အကွာရှိ ကျောက်တုံး ပေါ်တွင် ရေချိုး နေသော သူတော်ငတေ ကို ကောင်းစွာ မြင်နေကြရသည် ။ ရေချိုးပြီး၍ သူ ၏ အဝတ်ဖြူ သူတော်ဝတ်ရုံ ကို ခြုံ လိုက်သောအခါ အမှောင် ထဲ မှာ သူတော်ငတေ ကို ပို၍ပင် ဖြူဖြူကြီး မြင်နေကြရလေသည် ။


 "  ကဲ သူငယ်ချင်း ကိုကြာပန်း ရေ ၊ ပူအိုက်နေတဲ့ ကျုပ် ရဲ့ သုံးဆယ့် နှစ်‌ကောဌာသ အေးမြစင်ကြယ်သွားသလို ကိုယ့်သူငယ်ချင်း လည်း ရေလှူရသော အကျိုးကြောင့် ရေလို အေးလို့ အပြန်မှာ လမ်းဘေး ခလုတ် တိုက်ပါစေဗျာ "  


 "  ဦးသူတော် ၊ ခင်ဗျား ရေချိုးပြီးသွားတာ နဲ့ ရူးသလို ပေါသလို လုပ်လာပြန်ပြီလား ၊ ရေချိုး ပြီးရင် ခင်ဗျား ပြော ... "  


 "  ကျုပ် အလုပ် ကျုပ် သိပါတယ်ဗျ ။ ရေချိုးပြီးရင် ခင်ဗျားတို့ ကို မိုးပေါ်ပျံရမယ် မဟုတ်လား ။ ဘယ်မှာလဲ ချည်ခင် ၊ ပေး "  


သူတို့ အနား ကို လျှောက်လာပြီး ချည်ခင် ပေး ဆိုသဖြင့် ဦးကြာပန်း က သူ့ လက်ထဲ ကိုင်ထားသော ချည်ခင် ကို သူတော်ငတေ ဆီ လှမ်းပေးလိုက်သည် ။


 "  ခင်ဗျားတို့ ချည်ခင် ကလည်း အပင် ကြီးလှချည်လား "  


 "  ဗိုင်းငင်ထားတဲ့ လက်ချည်ခင်ပဲဗျ ။ စက်ချည်မှ မဟုတ်တာ ။ ဒီလောက်တော့ ချည်လုံး ကြီးမှာပေါ့ "  


ဦးကြာပန်း က သူတော်ငတေ ကို ဗိုင်းချည်ခင် ဖြစ်ကြောင်း ပြောလိုက်၏ ။


 "  ရပါတယ် ၊ ရပါတယ် "  


 "  ရရင် လုပ်တော့ "  


 "  ခင်ဗျားတို့ ငါးယောက် စလုံး ကျုပ် တား ထားတဲ့ စည်း ရှေ့ကိုတော့ ဘယ်သူမှ ကျော် မလာရဘူးနော် "  


 "  စိတ်ချပါ ဦးသူတော် "  


ဤစကားကိုတော့ ဦးကြာပန်း အဖော်များ က ပြောလိုက်ကြသည် ။


 "  ကဲ ကောင်းပြီး ၊ ဒီအချိန်က စပြီး ခင်ဗျားတို့ ပါးစပ်တွေ ကို ပိတ်ထားကြတော့ ။ သူတော် မိုးပေါ် ပျံသွားပြီဗျ ဘာဘာ ညာညာ ဘယ်သူမှ မပြောရ ။ မအော်ရဘူးနော် ။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်နေကြ "  


 "  ဟုတ်ကဲ့ပါ ခင်ဗျ "  


ဦးကြာပန်း ကမူ ယခုအခါ ဘာစကား မှ မပြောတော့ဘဲ သူတော်ငတေ လျှောက်လုပ်နေသည် ကိုသာ စူးစိုက် ကြည့်နေ၏ ။


သူတော်ငတေ သည် သူတို့ မတ်တတ် ရပ်နေကြသော ရှေ့ကို လာပြီး ချည်ခင် မှချည်ကို ဖြေ ကာ စည်းတားသည် ။ ပြီးတော့ တစ်ဖက် ချည်စ ကို ဦးကြာပန်း အား ကိုင်ထား ဟု ပြောပြီး တစ်ယောက် ပြီး တစ်ယောက် ချည်စ ကို ကိုင် ခိုင်းထားသည် ။ ထို့နောက် သူ စောစော က ရေသွားချိုးသည့် ဦးကြာပန်း တို့ နှင့် လေးငါးလံ ဝေးသော နေရာသို့ ချည်မျှင်စ ကို ဆွဲယူသွားသည် ။ ပြီးတော့မှ ချည်ခင် ကို ကျောက်တုံးပေါ် ချပြီး ချည်မျှင် တစ်စ ကို ကိုင်ကာ -  "  ကြည့်နေကြ ၊ ဘယ်သူ မှ စကား မပြောရဘူးနော် ။ စည်း ပေါက်ရင် ခင်ဗျားတို့ အားလုံး ဒုက္ခ ရောက်သွားမယ် "   ဟု ပြောကာ ချည်စ ကို ကိုင်ဆွဲ ယူသွားသည် ။  "  ကဲ သူတော်ငတေ မိုးပေါ်ပျံပြီ ။ ကြည့်ကြ ကြည့်ကြ "   ဟု ပြောကာ ချည်စ ကို ကိုင်ဆွဲပြီး ဦးကြာပန်း တို့ နှင့် ဝေးရာ လယ်ကွင်းဘက် ဆွဲ ယူသွားသည် ။


လမိုက်ညပင် ဖြစ်သော်လည်း ကွင်းပြင်ကြီး ဖြစ်နေသည့် အပြင် ကြယ်ရောင်ကလည်း ရှိနေရာ သူတော်ငတေ ၏ ဝတ်ရုံဖြူကြီး ကို အတိုင်းသား မြင်နေရသည် ။ လေညာက ကြိုးတပ် လွှတ်လိုက်သော စွန် တစ်ကောင် လို သူတော်ငတေ သည် တဖြည်းဖြည်း နှင့် တကယ်ပင် မိုးပေါ် မြောက် တက်သွားသည် ။ ထိုအခါ သူတော်ငတေ က ပါးစပ်ပိတ်ထားကြ ၊ စကား မပြောရဘူး ဟု စောစောက ပြော ထားသော်လည်း လူတွေ မှာ  "  ဟင် ... ဟာ "   ဟုပင် အသံ ထွက်သွားကြ၏ ။


လမိုက်ည ဖြစ်သဖြင့် မျက်နှာ ကိုသာ မည်သူမည်ဝါ ဟု မခန့်မှန်းနိုင်ကြသော်လည်း သူတော်ငတေ ၏ ဝတ်ရုံဖြူကြီး နှင့်အတူ သူတော်ငတေ သည် ဦးကြာပန်း တို့ နှင့် ဝေးသွားလေမိုးပေါ် အမြင့် ကို လွင့်တက်သွားလေ ဖြစ်နေသည် ကို ဦးကြာပန်း တို့ ငါးယောက် စလုံး အထင်းသား မြင်နေကြရလေသည် ။


ဦးကြာပန်း တို့မှာ တအံ့တဩ နှင့် မတ်တတ်ရပ် မော် ကြည့်နေကြရင်း သူတော်ငတေ က တဖြည်းဖြည်း ဝေးပြီး မြင့်တက်သွားနေရာ ဆယ်မိနစ် ပင်မ ကြာ အမြင့်သို့ ရောက်ပြီး တဖြည်းဖြည်း သေးသေးသွားကာ မိုးပေါ်၌ပင် သူတော်ငတေ ပျောက်သွားလေသည် ။


သို့သော် သူတော်ငတေ သည် မိုးပေါ် က ဘယ်လိုများ ပြန် ဆင်းလာမည်နည်း ၊ ဘယ်နေရာကများ ပြန်ပေါ်လာမည်နည်း ဟု ဦးကြာပန်း တို့ မှာ အံ့ဩတကြီးနှင့် မိုးပေါ် ကိုပင် အသက်ရှူ ရပ်မတတ် ကြည့်ကာ မှင်တက်မိပြီး မော့ကြည့် နေကြသည် ။


ထိုအချိန်မှာပင် ညဦးက နွားသိုးကြီး တစ်ကောင် လွတ်သွား၍ တစ်ချိန်လုံး လိုက်ဖမ်းနေကြရသော ဦးထွန်းညို တို့ သားအဖ မှာ အိမ် ကို ည ရှစ်နာရီ ကျော်မှ ပြန်ရောက် လာကြရာ ယခုအခါ ဆိုင်းထမ်း ကိုယ်စီ နှင့် ရေခပ်ရန် ဦးကြာပန်း တို့ ရှိရာ စမ်းတွင်း နား ရောက်လာကြသည် ။


လမိုက်ည ဖြစ်သဖြင့် မျက်နှာတွေကို သဲသဲကွဲကွဲ မမြင်ရသော်လည်း စမ်းတွင်းနား အမှောင် ထဲတွင် လူ ငါးယောက် မတ်တတ် ရပ်နေကြသည် ကို လှမ်းမြင်နေရသောအခါ ..


 "  ဘယ်သူ တွေလဲ ၊ စမ်းတွင်း ထဲ ရေ ရှိရဲ့လား "  


ဟု ဦးထွန်းညို က လှမ်းမေးလိုက်သည် ။ ဦးထွန်းညို ၊ အသံ ကို မှတ်မိလိုက်သော ဦးကြာပန်း ကလည်း


 "  ဦးထွန်းညို လားဗျ "  


ဟု ပြန်မေးလိုက်၏ ။


 "  အေးကွ ကြာပန်း ၊ မင်းတို့ ရေ မရကြဘူးလား ။ ငါ့ မှာကွာ ဒီ ညနေ ကမှ နွားသိုးကြီး လွတ်သွားလို့ လိုက်ဖမ်းနေရတာနဲ့ ခုမှ ရေလာ ချိုးရတော့တယ် "  


ဟု ပြောပြီး ဦးကြာပန်း တို့ အနား ကို သားအဖ နှစ်ယောက် ဆိုင်းထမ်း ကိုယ်စီ နှင့် ရောက်လာကြသည် ။


ဦးကြာပန်း မှာ ဦးထွန်းညို ကို သာ စကား ပြောနေရသော်လည်း ယခု အချိန်ထိ မိုးပေါ် ဝေးဝေးကိုမူ လှမ်းကြည့် မပျက် ဖြစ်နေသေး၏ ။ အမှန်က ဦးကြာပန်း တစ်ယောက်တည်း သာ မဟုတ် ၊ ဦးကြာပန်းနှင့် ရေလာခပ်နေကြသူ အားလုံးက သူတော်ငတေ မိုးပေါ် ပျံတက်ပြီး ပျောက်သွားရာ ဘက်ကိုသာ ငေးမော မျှော်လှမ်းကြည့်နေကြတုန်း ။ ဤသည်ကို သူတို့ အနား ရောက်လာသော ဦးထွန်းညို က ...


 "  ဟ ကြာပန်းရ ၊ မင်း တို့ မိုးပေါ်ဘက် မော့ပြီး ဘာ ကြည့်နေကြလဲ "  


ဟု မေးလိုက်၏ ။


 "  ကျုပ်တို့ကျောင်းက ဦးသူတော် မိုးပေါ် ပျံတက်သွားလို့ဗျ "  


ခါတိုင်းဆိုလျှင် သူ့ ကွယ်ရာ၌ "  သူတော်ငတေ "   ဟု သာ ပြောနေကျ ဦးကြာပန်း သည် ဤတစ်ခါတော့ အံ့ဖွယ်သရဲ မိုးပေါ် ပျံတက်သွားသော သူတော်ငတေ ကို ယခုထိ ကြောက်ရွံ့နေ၍လား မသိ ၊ သူ့ တစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်း ထကာ မခေါ်စဖူး ၊ မပြောစဖူး  "  ဦးသူတော် "   ဟု လေးလေးစားစား ပြောလိုက်၏ ။


 "  ပေါက်တတ်ကရ "  


ဦးကြာပန်း ၏ စကား ကို ယခုမှ စမ်းရေတွင်းနား ရောက်လာသူ ဦးထွန်းညို က ဆိုသည် ။


 "  ပေါက်တတ်ကရ မဟုတ်ဘူး ဘကြီး ၊ ဦးသူတော် ကျွန်တော် တို့ မျက်စိ ရှေ့တင် စွန်တစ်ကောင် လိုပဲ မိုးပေါ် ပျံတက်သွားတာဗျ  "  


စောစောက ချည်ခင် သွားယူပေးရသူ မောင်လှသန်း ကလည်း ဦးကြာပန်း စကား ကို ထောက်ခံ၍ ပြော၏ ။


 "  တော်စမ်းပါကွာ ၊ အလကား တောမှာ တောင်မှာ ညကြီးမင်းကြီး ပေါက်ကရ "  


လူငယ်တစ်ယောက် ဖြစ်သူ မောင်လှသန်း ကို ဦးထွန်းညို က အော်လိုက် ပြန်သည် ။ ဦးကြာပန်း ကမူ ရင်ထဲ ကတုန်ကယင် ဖြစ်ကာ ယခုထိ အံ့သြမဆုံး ဖြစ်ပြီး ငိုင်တိ ငိုင်တိုင် ဖြစ်နေသည် ။ ထို့ကြောင့် လူငယ်တစ်ယောက် ဖြစ်သူ မောင်တင်မြင့် က ...


 "  အဘိုးညို ။ ကျွန်တော်တို့ တကယ် ပြောနေကြတာနော် ။ အဘိုး မယုံရင် ဒီမှာ တွေ့လား ၊ ဦးသူတော် စွန်တစ်ကောင် လို မိုးပေါ်ပျံတက်သွား တဲ့ စွန်ကြိုး "  


 "  ခက်လိုက်တဲ့ ကောင်လေးတွေ ၊ ခုလေးတင်ပဲ သူတော်ငတေ ကို ငါ လမ်းမှာ တွေ့ ခဲ့ပါလား "  


 "  ဟင် တကယ်လား ဦးထွန်းညို  "  


ငေးငိုင်ငိုင် အံ့ဩတကြီး ဖြစ်ကာ နှုတ်ဆိတ် နေသော ဦးကြာပန်း ဆီမှ ယခုတော့ ပို၍ အံ့သြသွားသလို စကားသံ ထွက်လာသည် ။


 "  အို မင်း ကလည်း ၊ လမ်း မှာ ခုလေးတင်ပဲ တွေ့လို့ ဦးသူတော် ဘယ်က ပြန်လာလဲမေးတော့ ပူအိုက်လွန်းလို့ စမ်းပေါက်ထဲ ရေသွားချိုးတာ ကျောင်းဒကာရယ် လို့တောင် ငါတို့ ကို ပြောသွားသေးတယ် "  


 "  ဟင် ဒါဆို ဘယ်လိုပါလိမ့် "  


ဟု ရေရွတ်လိုက်ကြကာ ဦးကြာပန်း တို့ အဖွဲ့ နှင့် ဦးထွန်းညို တို့ သားအဖ တို့မှာ အကြောင်း ခြင်းရာ ကို သူတို့ ကိုယ်တွေ့ အပြန်အလှန် ပြောပြ ကြသည် ။


သို့သော် တစ်ယောက်စကား ကို တစ်ယောက် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ကာ ရေခပ်ပြီး အပြန်တွင် သူတော်ငတေ စွန်တစ်ကောင် လို ကြိုးစ ကို ကိုင်ပြီး မိုးပေါ် တက်သွားသော ထို ကြိုးစ ကို လိုက်ကိုင်ပြီး ရွာ ဘက် ပြန်လာကြရာ လယ်ကွင်း အဆုံးသာသာ မှာ ဗိုင်းချည်ခင် နှင့် ကြိုးစ တို့ အဆုံးကို အထွေးလိုက် တွေ့ကြရလေသည် ။


ထို့ထက် အံ့ဩမဆုံးသည် မှာ သူတို့ ရေခပ်လမ်း အပြန် ရွာအဝင် လမ်း မှာ ဘုန်းတော်ကြီး ကျောင်း နား တပ်စည်း ဘေးက သွားကြရရာ သူတို့ ကျောင်းတပ် စည်း နား အရောက်မှာ သူတော်ငတေ သည် ကျောင်းဝင်းထဲ စင်္ကြံလျှောက်နေရာမှ


"  ဦးကြာပန်း တို့လားဗျ ။ ရေခပ်ပြန်လာကြတာ ထင်တယ် "  


ဟု လှမ်း နှုတ်ဆက် လိုက်သောကြောင့် ဖြစ်လေသည် ။


🚩 စာကြွင်း


သူတော်ငတေ မိုးပေါ် ပျံပြသွားသော နည်းလမ်း မှာ မြန်မာ့မျက်လှည့်ပညာ စစ်စစ် ဖြစ်ပါသည် ။ ဤနည်းကို လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ ကျော် ခန့် က  "  မြန်မာညီနောင် "   မျက်လှည့် အဖွဲ့ကြီးနှင့်  "  နေတစ်လုံး "   မျက်လှည့်အဖွဲ့ တို့ က မျက်လှည့်ပညာခန်းတွေ အကုန်ပြအပြီးတွင် ပွဲသိမ်း အဖြစ်


 "  ကျုပ်တို့ မျက်လှည့်အဖွဲ့ နဲ့ အသူရာ တွေ နဲ့ မိုးပေါ်မှာ စစ်တိုက်ကြဖို့ ရှိသေးတယ် "  


ဟု ဥပါယ်တံမျဉ် လုပ် ပြောကာ အပ်ချည်ကြိုးစ ကို ကိုင်ပြီး မျက်လှည့်အဖွဲ့သားများ အားလုံး အထုပ်အပိုးတွေ ကိုယ်စီ နှင့် မိုးပေါ် တက်ပြသွားကြသော မြန်မာ့ မျက်လှည့်ပညာရပ် ဖြစ်သည် ။


လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော် ခန့် က ( ၂၄ ) နိုင်ငံ မျက်လှည့်ပြိုင်ပွဲကြီး ၌ ရွှေတံဆိပ် သုံးလေးခု ရလာသော မျက်လှည့်ဆရာကြီး ပဏ္ဏဝ သည် ဤနည်းကို ရရှိရန် အပတ်တကုတ် ကြိုးစားခဲ့သေးသည် ။ သို့သော် ဆရာကြီး သည် ကွယ်လွန်သွားသည် အထိ ဤ မြန်မာ့မျက်လှည့် ပညာ စစ်စစ် ဖြစ်သော မိုးပေါ် ပျံပြသည့် ပြကွက် ကို မပြသနိုင်ခဲ့ပေ ။ ထို မြန်မာ့ မျက်လှည့်ပညာ စစ်စစ်များ ပျောက်ကွယ် တိမ်ကောသွားသည်မှာ ဝမ်းနည်းနှမြောစရာပင် ဖြစ်တော့သည် ။


◾ ဝေယံလင်းခေါင်


📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment