Sunday, March 6, 2022

လူချမ်းသာ


 

       ❝ လူချမ်းသာ ❞
      
       ဖိုးတေ နှင့် အမာ တို့ လင်မယား မှာ နာမည်အလိုက် တေ လည်း တေ ၊ မာ လည်း မာ လေသည် ။ သူတို့ကို ပစ်တိုင်းထောင် လင်မယား ဟု ခေါ်ကြသည် ။ ဖိုးတေ မှာ ခပ်ငယ်ငယ် က တေပေနေခဲ့သဖြင့် အမာ နှင့် တွေ့သည့် အချိန်တွင် တစ်လ ၆ဝ ရသော ၊ ကြွေးလည်ပင်း ထိသည့် ရုံးစာရေး တစ်ဦး ဖြစ်သည် ။ အမာ မှာလည်း ကိုယ့်ထူးကိုယ့်ချွန် ရသော ရုံးစာရေးမ ဖြစ်သည် ။ သူတို့ နှစ်ဦးမှာ အလုပ် ချင်း တူ ၊ လူရည်ချင်း နတ်ဖတ် နှုတ်ခမ်းပဲ့ ချင်း မီး မှုတ်ခဲ့ကြလေသည် ။
      
       သူတို့နှစ်ဦးစလုံး ပင် မိတ်ဆွေ အသိ ပေါလှသည် ။ ချစ်ခင်သူ များလှသည် ။ ထို့ကြောင့် ဖိုးတေ နှင့် အမာ တို့သည် တိတ်တိတ်ဆိတ်ဆိတ် လက်မှတ်ထိုး လက်ထပ်ရုံလောက် နှင့် ကိစ္စပြီးမည် ကို နှစ်ဖက် မိတ်ဆွေ များက
      
         " ဘယ် ... ဒီလိုနဲ့ ပြီးမလဲ  " 
      
       ဟု ဝိုင်းဝန်းစီမံကြသည် ။ အိမ်ထောင်မှု ခမ်းနား ငွေကောက်ခံ၍ ဝယ်သူ ဝယ် ၊ ထိုင်ဆို အငြိမ့် ထည့်သူ ထည့် စသည်ဖြင့် တစ်ယောက် တစ်လက် စီမံလိုက်ကြရာ သားသားနားနား မင်္ဂလာ ဆောင်တစ်ခု ဖြစ်သွားရုံမက အခြား မိတ်ဆွေသင်္ဂဟများက လက်ဖွဲ့ကြသော အိမ်ထောင်ပစ္စည်း အဝတ်အထည်များ အမြတ် ရလိုက်သေးသည် ။ မင်္ဂလာဆောင် မှာ ပျော်ပွဲစား သကဲ့သို့ နောက်ကြ ပြောင်ကြ ပျော်စရာကြီး ဖြစ်သည် ။ သူငယ်ချင်း တွေ က အမာအား မင်္ဂလာ စကား ပြောရာတွင် ခနိုး ခနဲ့ကြသည် ။ အမာ က သတို့သမီး ပီပီ မျက်နှာ မရဲ ၍လော မသိ ၊ ထ၍ နှုတ်ခမ်းပါးကလေးနှင့် ရန် တွေ့လေသည် ။ ဖိုးတေ နှင့် အမာ တို့မှာ မင်္ဂလာဆောင် တွင် လူ က လွဲ၍ ဘာ မှ မစိုက်ရဘဲ အမြတ် ရလေသည် ။ ဖိုးတေ ကား ရုံး က ထုတ်ပေးသည့် အသပြာငွေ ၁၈ဝ ကို ကြွေးတွေ မြီတွေ ဆပ်ဖို့ စိတ် မကူးဘဲ အခွင့်ယူ၍ ထိုငွေ နှင့် မင်္ဂလာဦး ခရီးထွက် လည်ပတ် လိုက်သေး သည် ။
      
       ဖိုးတေ နှင့် အမာ တို့သည် တစ်လ လျှင် ၂ဝ ပေးရသော အခန်းကလေးတွင် အိုးအိမ်တည်ကြလေ သည် ။ ဖိုးတေ ၏ လခမှာ တစ်လ တစ်လ ကဗူလီ ကုလားကြွေး အတိုး ပေးရသည်နှင့် ကုန်လေ သည် ။ အမာ လက်ဖွာ လက်လွယ် လှသဖြင့် သူ့ ကို မှီခို တောင်းရမ်းသူ ဆွေမျိုးများ ကို သူ့ လခ နှင့် ပို့ နေရသည် ။ တစ်လ တစ်လ ကြွေး နှင့် ထွေးလုံး ရစ်ပတ်နေကြရသော်လည်း စိတ်ညစ်ခြင်း မရှိ ။ သူတို့ မောင်နှံမှာ ပျော်ကြသည် ။ ပဲရာဇာ ဟင်းချို ၊ ငါးခြောက်ဖုတ် ၊ ငရုတ်သီးထောင်း ဟင်းများကို မြိန်မြိန်ရှက်ရှက် စားသောက်ကာ ကန်တော်ကြီး လမ်းလျှောက်ကြသည် ။
      
       ရုံးအားသည့် စနေ တနင်္ဂနွေ နေ့များ တွင် အင်္ဂလိပ် ရုပ်ရှင်ရုံများ ကို လည်ပတ် ကြည့်ကြသည် ။ တစ်ခါတစ်ရံ အလွန် ဘိုင်ကျသည့် အခါများတွင် ညဉ့် ၉ နာရီ မှ ၁၂ နာရီ ပြီးသော နောက်ဆုံးပွဲ ကို အိမ် မှ လသာသာ ခြေကျင် လျှောက်လာကြသည် ။ ရုပ်ရှင်ရုံနား တွင် ပြသည့်အချိန်တွင် ရစ်သီရစ်သီ လုပ်နေကြ၍ လူ သိပ်မကျပ် သည်ရှိသော် ရှက်ကြောက်ရမည့် အသိ မတွေ့သည်ရှိသော် တစ်မတ်တန်း က လက်မှတ် ခံ၍ ဝင်ကြည့်ကြ လေသည် ။ ပွဲပြီးလျှင် ဘတ်စ်ကားခ ကုန်မည့် ပိုက်ဆံတစ်ပဲ ကို ကြံရည် နှစ်ပြားဖိုး စီ ဝယ်သောက်ကာ အေးမြသော စိတ်ဓာတ် ချမ်းမြေ့သော နှလုံး နှင့် အိမ် သို့ ပြန်ကြကုန်၏ ။
      
       သူတို့ နှစ်ဦးစလုံး ၏ မိဘဆွေမျိုးများမှာ ခေကြသူ မဟုတ်ကြပေ ။ သူတို့ကို က တေကြ ပေကြလွန်း၍ ဖြစ်သည် ။ ချမ်းသာ ၍ မိမိထံ ကျမည့် ဆွေမျိုး နှင့် ဆင်းရဲသဖြင့် မိမိ ကျရမည့် ဆွေမျိုး နှစ်မျိုးနှစ်စား တွင် သူတို့သည် ဒုတိယ အမျိုးအစားကိုသာ အသိ လုပ်ကြသည် ။ ဘယ်သူ့ကို မှ မျက်နှာငယ်ခံ အကူအညီ တောင်းခြင်း မရှိကြချေ ။ သူတို့ ညားကြပြီး ၆ လလောက် ရှိလျှင် ဖိုးတေ ၏ မိခင်ကြီး လာ ၍ သား နှင့် ချွေးမ ဘယ်လို နေကြသည်ကို ကြည့်လေသည် ။ သင်းတို့ နှစ်ဦး နေပုံထိုင်ပုံတွေ ကို အလွန် စိတ်ပျက်စွာနှင့် သူ့ မြို့သို့ ပြန်သွား ပြီးနောက် ဖိုးတေ ၏ ကြွေးများ ဆပ်ရန် ငွေ ပို့လိုက်သည် ။ နောက်ထပ် ကြွေး မတင်စေနှင့် ၊ လိမ်လိမ် မာမာ နေကြရန် စာရေးလိုက်သည် ။
      
       မကြာမီ အမာ တွင် သားဦး ယောက်ျားလေး မွေးဖွားလေသည် ။ သားကလေး မဖွားမီ တစ်လ တွင် ဖိုးတေ သည် လခ ၁၅ဝ ရသော အလုပ်တစ်ခု ကို ပြောင်းရသည် ။ သူတို့ လင်မယား အဖို့၌ အလျောက် အလျောက် ဖြစ်လာ ရမည် ဟူသော စကား မှန်လေသည် ။ ဖိုးတေ နှင့် အမာ တို့သည် အင်္ဂလိပ် ရုပ်ရှင် ကြိုက်သော ဝါသနာ အပြင် စာဖတ် ဝါသနာပါသည် ။ အားလပ်သည့် နေ့များတွင် စာအုပ် အဟောင်းဆိုင်များမှ မဂ္ဂဇင်း ဂျာနယ် စာအုပ်များ ရှာဖွေ ဝယ်ယူကြသည် ။
      
       ညဉ့်နက်သန်းခေါင် အထိ စားပွဲတင် မှန်အိမ်မီးရောင် အောက် ပက်လက်ကုလားထိုင် ပေါ်တွင် ဖိုးတေ က သူ့ သဘောတွေ့သော စာများ ကို အသံ ထွက်အောင် ဖတ်သည် ။ အမာ ကား ကြမ်းပေါ် ထိုင်ကာ ခွေးမကလေး ပမာ သူ့ ချစ်လင် ၏ ဒူးပေါ်တွင် မေးတင်လျက် နားထောင်နေသည် ။ သားသမီး ရတော့မည် ဟု သိသော အခါ ကလေး နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ ကို ဖတ်ကြလေတော့သည် ။ သားကလေး နှင့် ပတ်သက် သည့် မွေးသည့် နေ့မှာပင် မွေးသဖခင် ဖိုးတေ သည် အားရပါးရ နမ်းရှုတ်၍ ဘယ်အဖေ များ ကလေး ကို မွေးမွေးချင်း နမ်းသလဲ ဟု သူ့ သူငယ်ချင်းတွေ ကို ချဲလင့် လုပ်လိုက်သေးသည် ။
      
       သားကလေး အပါ ကို စာအုပ်များတွင် ပါသည့်အတိုင်း စနစ်တကျ မွေးရာ ရှေးလူကြီးများ ၏ ဆိုမြည် ကြိမ်းမောင်းသည့် ကြားထဲကပင် သန်မာထွားကျိုင်း လာလေသည် ။ အစားအသောက် မှာ သူဌေး သား အရာရှိကြီး သားပမာ အကောင်းအမွန်များ ကျွေးမွေးသဖြင့် ပိုက်ဆုံ ကုန်လှသော်လည်း နာမကျန်း၍ ခေါ်ရသော ဆရာဝန် နှင့် ဆေးစရိတ် ကုန်သည် နှင့် ကာမိသည် ဟု ဖိုးတေ လင်မယား က စာရင်း ချ၍ ပြသည် ။ သူတို့ တရား နှင့် သူတို့ မှန်နေကြသည် ။ နံနက်တိုင်း ဖိုးတေ သည် တရုတ် ဆိုင် က ဝယ်သော ၂ ကျပ် ၈ ပဲ တန် ကြိမ်လက်တွန်းလှည်း တွင် သူ့ သား ကို ထည့်တွန်းကာ ကန်တော်ကြီးစောင်း သွား၍ လေညင်းခံ သည် ။ ထိုအခိုက် အမာ သည် ဖိုးတေ ရုံး မသွားမီ စားရန် ထမင်း ဟင်း ပြင်ဆင်သည် ။ ဖိုးတေ ပြန်လာ စားသောက်ပြီး ရုံးသွားလျှင် အမာ နှင့် ကလေး သာ အိမ်၌ ကျန်ခဲ့သည် ။ သူတို့မှာ မရှိမရှား ဘဝတွင် ရောင့်ရဲကာ စိတ်ပျော်ရွှင်နေကြသော်လည်း အချို့ လူကြီးများ က
      
        " ရှေ့ရေး နောက်ရေး မတွေးတတ်တဲ့ ကောင်မလေး နဲ့ ကောင်ကလေး ပဲ " 
      
       ဟု ညည်းညူကြသည် ။ အချို့ ဂုဏ်ပကာသန ကိုသာ ချစ်ခင်သော မိတ်ဆွေ ၊ ဆွေမျိုးများ က အထင် သေးကြသည် ။ ဖိုးတေ နှင့် အမာ တို့ကား သူတို့၏ သာယာသော အိမ်တွင်း လောကလောက် ကိုသာ ဂရုစိုက်ကြလေသည် ။ သူတို့၏ ရွှင်လန်း ကြည်လင် သော စိတ်နှလုံးကြောင့် လူချစ်လူခင် မိတ်ဆွေ ပေါသည် ။ စိတ်သဘော တူညီသော ဆွေမျိုး များက ချစ်သည် ။ ထို့ကြောင့် မိတ်ဆွေ အတုအယောင် နှင့် ရွှေ ရှိမှ မျိုးတော်ချင် သော ဆွေမျိုးများ ကို သူတို့ ၏ မိတ်ဆွေစာရင်း တွင် ထည့် စဉ်းစားစရာ မလိုတော့ပေ ။
      
       အပါ တစ်နှစ်သား တွင် အရှေ့အာရှ ကမ္ဘာစစ်ကြီး ဖြစ်လာ၏ ။ ဖိုးတေ အမာ တို့ မိသားတစ်စု မှာ ကြောက်အား လန့်အား နှင့် ပြေးကြရာ အပြေး မတတ်ကြသဖြင့် အင်္ဂလိပ် အပြေး ၊ ဂျပန် အဝင် စစ် မြေပြင် အလယ်ခေါင် ၌ ပိတ်မိ နေကြသည် ။ အမြောက်ချက်ပေါင်း ၂၈ ချက် အပစ် ခံရသော နေ့မှာ အမာ အသက်၂၈ နှစ် ပြည့်သော နေ့ ပင် ဖြစ်သည် ။ ဘုရင်ဧကရာဇ် မွေးနေ့ မှာ သာ အမြောက်ပစ်၍ ကျင်းပနိုင်သည် မဟုတ်ပါ ။ ဒါမျိုးတော့ အမာ လည်း ကြွားနိုင်ပါသေးသည် ။
      
       မိမိ အလိုသာဖြင့် မိုက်မိုက်ကန်းကန်း သေ ချင် သေ ၊ ဘယ်မှ မပြေးဘူး ။ ဖိုးတေ စိုးရိမ်ကြီးပြီး ပြေးလို့ သာ ပစ္စည်းကုန် ၊ လူမသေရုံ ကျန်သည် ဟု ဖိုးတေ အား အမာ သည် အပြစ် တင်၍ မပြီးနိုင် ရှိလေ သည် ။ ဒါမျိုးတော့ မဆန်းလှပါ ။ ကမ္ဘာဦး အစက အာဒံ နှင့် ဧဝ တို့ ရှိခဲ့ရာ မာရန်နတ် ၏ ဖြားယောင်မှု ကြောင့် မဧဝ က သစ်သီး စားမိသော အခါ
      
        " ကိုအာဒံ ရှင့်ကြောင့် ဒီလို ဖြစ်တာ ။ ဒီနေ့မှ ရှင် က ကျွန်မ နဲ့အတူ တောလည် မလိုက်ဘဲ ဘာလို့ ချန်နေရစ် ခဲ့တာလဲ ။ ကျွန်မ တစ်ဦးတည်း ထွက်သွားလို့ ဒီလို ဖြစ်ရတာ ။ ပြီးတော့ တကယ်ဆိုရင် ရှင် ဟာ ကျွန်မ ရဲ့ လင်သခင် မဟုတ်ဘူးလား ။ ငါ မပါဘဲ ဘယ် မှ မသွားနဲ့လို့ တား ထားလိုက်ပါတော့ လား "
      
       ဟု မြည်တွန် ခဲ့သည် မဟုတ်ပါလား ။
      
       ဤသို့ မြည်တွန် တောက်တီးရင်းပင် သူတို့ မိသားစုတစ်စု ရန်ကုန် ပြန်ဆင်းလာကြသည် ။ ရှေးက သူတို့ သိသော ရန်ကုန် မဟုတ် ။ မျက်စိသူငယ် ဖြစ်နေကြသည် ။ မိတ်ဆွေ သူငယ်ချင်းများ ဆီ လည်း မကပ်ဝံ့ ။ အလိုလို ရှက်ကြောက် အားငယ်နေကြသည် ။ သူတို့ကို တွေ့သူ တစ်ဦးတလေက အမြင် မတော်၍ ကလေး မုန့်ဖိုးပဲဖိုး ပေးကြသည် ။ အလုပ်အကိုင်လည်း မရ ဖြစ်ကာ ၊ အကြံတုံး ဉာဏ်တုံး ဖြစ်နေစဉ် ဖိုးတေ ၏ ဖိနပ်ထောင်သူ သူငယ်ချင်းတစ်ဦး က ဖိနပ်များ ထုတ်ပေး၍
      
        " မင်းတို့ လောက်အောင် ယူစား ၊ ပိုတာပေး "
      
       စီမံကန်း လုပ်ပေးမှ ဖိုးတေ တို့ အသက် ဆက်မိရုံ ဖြစ်သွားသည် ။ ဖျင်တို တစ်ထွာ အသပြာတစ်ဆင့် မျှ ပေးမည့် သူ မရှိသည့် အခါတွင် ထို မိတ်ဆွေကောင်း ၏ စေတနာကို အဘယ်သူ ကျေးဇူး မတင်ဘဲ ရှိနိုင် ပါမည်နည်း ။
      
       လမ်းဘေး ပလက်ဖောင်း ပေါ်တွင် ဝါးခုနှစ်ချောင်း သက်ငယ် ခုနှစ်ပျစ်နှင့် တဲဆိုင်ကလေး ဆောက် ၊ ဖိနပ် ရောင်းချပါ သော်လည်း ကော်ပိုရေးရှင်း အမိန့်ကြောင့် တစ်ဖျက်တည်း ဖျက်နေရသဖြင့် နောက်ဆုံး၌ ပလက်ဖောင်း ပေါ်တွင် ရွက်ဖျင်းခင်း၍ ရောင်းရသည့် အဖြစ်သို့ ရောက်လေတော့ သည် ။ မိတ်ဆွေအချို့မှာ မကြည့် ရက်နိုင်ကြ ၊ ရှက်ရှာလိမ့်မည်ဟု ထင် ၍ ရှောင်သွားကြသည် ။ ထိုလူ များအချင်းချင်း ဖိုးတေ တို့အား ဘယ်လို ကူညီရမည်ကို တိုင်ပင်ကြသည် ။
      
       ဖိုးတေ နှင့် အမာ ကား ရှက်မည် ဝေးစွ ။ ဖွတ်နှစ်ကောင် ပြာရထားတွင် မွဲ မျက်နှာပြောင် သား နှင့် ကြွားကြွားဝင့်လျက်ပင် ရှိကြသည် ။
      
       သူတို့၏ ကံမှာ တစ်နေ့သော် အလှည့်ကြုံရပြန်လေသည် ။ အမာ ကို ယခင်က လုပ်ဖူးသည့် နေရာ တစ်ခုတွင် အလုပ် ပေးလာသည် ။ စင်စစ် ရခြင်းရလျှင် ဖိုးတေ အလုပ်ရခြင်းကို အမာ ပိုမို လိုလား သည် ။ ထိုအလုပ်ကို အမာ ငြင်းလိုက်သည် ။ ဈေးကလေး ရောင်း၍ မနက် ခြောက်ချက် ည ခြောက်ချက် နေရတာက ကောင်းသေး သည်ဟု အောက်မေ့လိုက်သည် ။ သို့သော်
      
        " မိအမာ ရဲ့ နင့် ကို အလုပ် နားလည်လို့ ခေါ်တာပါဟဲ့ ၊ နင် မလုပ်ရင် တို့မှာ အခက် တွေ့နေပါလိမ့် မယ် ။ တို့ကို မကူညီ တော့ဘူးလား "
      
       ဟု ပြောကြရာ ဖိုးတေ က
      
        " အားနာပါတယ် အမာ ရာ ... လုပ်လိုက်ပါကွာ ၊ ခဏ ဖြစ်ဖြစ်ပေါ့ "
      
       ဟု ကူညီ ပြောလေသည် ။ ထိုအခါ မိတ်ဆွေများ က အားတက်၍ -
      
        " ကဲပါဟာ ... နင့် အားကိုးလို့ ပြောနေတာပဲ ငြင်းမနေပါနဲ့ "
      
       ဟု ထပ်ပြောကြပြန်သည်ကို အမာ မှာ ခေါင်းညိတ်လိုက်ရပြန်သည် ။
      
        " ရှင် အားနာတတ်တာနဲ့တော့ ဒုက္ခပါပဲ ၊ ရှင့် မှာဖြင့် နေရာတကာ အားနာနေတာပဲ "
      
       ဟု ရှေ့နေ လိုက်မိသော ဖိုးတေ ကို မကျေနပ်နိုင် ဖြစ်မိပြန်သည် ။
      
       အမာ သည် ဖိုးတေ ကို အိမ်တွင် ကလေး နှင့် ထား၍ အလုပ် လုပ်ရသည်ကို မပျော်ပိုက်ချေ ။ သူ၏ မိတ်ဆွေများ အပေါ်တွင် စောင့်သိအပ်သည့် ဝတ္တရားကြောင့် အောင့်အည်းနေရလေသည် ။ ဂျပန် ဖက်ဆစ်ခေတ် တွင် အလွမ်း သင့်လျှင် သင့်သလို အလုပ်အကိုင် ပေါသည့်ခေတ်၌ အမာ သည် မတုန်မလှုပ် ကျောက်ရုပ် လုပ်နေ ခဲ့သည် ။
      
        " ညည်းနှယ်အေ ... နေနိုင်ရန် ၊ ကိုယ့်လင် အလုပ် မရှိတာများ ကြံဖန် လုပ်ပေးလိုက်ရောပေါ့ "
      
       ဟု မဲ့ရွဲ့ အပြစ်တင်နေကြလေသည် ။ ဟိုလူ သည်လူ ကပ်ရပ် တောင်းပန်သည့် အလုပ် ကို အမာ သည် လမ်းပေါ် ဈေးတောင်းချ ရောင်းရသည်ထက် ရှက်သည် ။
      
        " ဒီလို စကားမျိုး ဘယ်သူ့ကိုမှ သွားပြောလိမ့်မယ် မထင်နဲ့ ၊ မေ့ မှားလို့ ပြောမိရင် လျှာ ကို လှီးပစ် လိုက်မယ် "
      
       ဟု အမာ က ပြောသည် ။ ထိုအခါ ဖိုးတေ က
      
        " ဒီလို စကားမျိုးတော့ ဘယ်သူ့ကိုမှ မေ့မှား လို့တောင် မပြောမိပါစေနဲ့ ၊ အိမ်ကြီးရှင်မ ၊ ဒေါ်အမာရယ် "
      
       ဟု ထပ်ခါ တလဲလဲ သတိပေးရလေသည် ။ ဖိုးတေ သည် မကြာမီ ဘယ်သူ့မှ မကပ်ရဘဲ နှင့်ပင် အလုပ် တစ်ခု ရရာ အမာ လည်း အလုပ် က ထွက်လိုက်လေသည် ။
      
       ဂျပန်ခေတ် တစ်ခေတ်လုံး လခစား အလုပ် က လွဲ၍ မလုပ် မကိုင်တတ်သော ဖိုးတေ နှင့် အမာ တို့မှာ ဆီ ၊ ကြက်သွန် မပါသော ဟင်း ထမင်းကို လည်ချောင်း မြေလှန် စုံကန်မျှောခဲ့ကြသည် ။ အဝတ် အစားမှာ အစုတ်စုတ် ဖြစ်၍ ကူလီ လောက်မှ မပြောင်တော့ချေ ။ သားကလေး အပါ မှာ စောင် ၊ စားပွဲခင်းများကို ချုပ်ထားသော အင်္ကျီနှင့် နေပူ မိုးရွာမရှောင် ဖိနပ် မပါဘဲ သွားတော့သည် ။ ငယ်ငယ် က ကရင်းကရိုက်ကားစ် ၊ ဂိုလ်ဒင်ပတ်ဖ် တွေ ကျွေးလာခဲ့သော်လည်း ယခုအခါ ဖွဲနုမုန့် မရွေး ဘိန်းမုန့် တို့ကို အဆာ ပြေရုံ စားရသည် ။ နံနက်စောစော တွင် ဘိန်းမုန့်ပူပူ ကို ဟိုလက် သည်လက် ပြောင်း ရင်း
      
        " ဘိန်းမုန့် ... ဘီးမုန့် ... ဘီးညန်း ...  "
      
       ဟု ကလေး ဘာဝ သီချင်းလုပ် ဆိုနေသော အပါကလေး ကို မြင်ရလျှင် အဘယ် မိဘ ၏ စိတ်နှလုံး မထိခိုက်ဘဲ ရှိပါမည်နည်း ။ ဂျပန် ပြေးမည့် နှစ် ဆောင်းတွင်း မှာ အလွန် ချမ်းလှသည် ။ အိမ် မလုံမခြုံ တွင် လေတွေက တဟူးဟူး ၊ နှင်းတွေက တပေါက်ပေါက် နှင့် ၊ တစ်ညတွင် အပါကလေး မှာ ပြာမဲ တုန်ချိနေသည် ။ ဘာလုပ်ရမှန်း မသိ ယောင်နန ဖြစ်နေကြပြီးမှ သတိရ၍ အမာ က ထင်းမီးများ ထည့်ကာ နွေးစေမှ ကလေး အပူအငွေ့ ဝင်လာတော့ သည် ။ ကဲ ... နှိပ်စက်လိုက်စမ်းဟဲ့ ... လောကဓံ ၊ နင် ပဲ နှိပ်စက်နိုင်မလား ၊ တို့ပဲ ခံနိုင်မလား ... ဟု အမာက အန်တု ကြုံးဝါးခဲ့သည် ။
      
       ကိုရွှေဂျပန်များ ကြွကြပြီ ။ ဖိုးတေ နှင့် အမာ တို့ ကံမှာ ပြောင်လာလေသည် ။ အင်္ဂလိပ် ပြန်ဝင် မှ သူတို့၏ ပညာ အစွမ်းအစ ကလေး နှင့် ကြံစည်သော ကိစ္စများမှာ အထမြောက်စပြုလာသည် ။ အပါ ကလေးကို ကျောင်းထား ရပြီ ။
      
        " အမာရေ ... တို့များ ဒီသားလေး တစ်ယောက် တည်း ရှိတာလည်း တစ်မျိုး ကံကောင်းတာပဲ ။ ကလေးတွေ များနေရင် သာဆိုးမယ် ။ လူမစွမ်း နတ်မတာ လိုပေါ့ " 
      
       ဟု ဖိုးတေ က ပြောရာ အမာ က
      
        " အစစ်ပေါ့ ကိုဖိုးတေ ... စစ်အတွင်း သူများတွေ ဟော တစ်ယောက် ၊ ဟော တစ်ယောက် မွေးနေကြ တာ ၊ အမာ ဒီ တစ်ယောက်နဲ့ ရပ်တန်းက ရပ်နေတာ အမာ ဖြင့် ဝမ်းသာလို့ မဆုံးဘူး ၊ အမာ တို့ သိပ် ကံကောင်း တာပဲနော် "
      
       ဟု သူတို့ လင်မယားမှာ ဝမ်းသာစရာ မရှိ ကြံဖန် ဝမ်းသာနေကြလေသည် ။ ဂျပန်ခေတ် တွင် အဆိုး တကာ့ အဆိုးဆုံး များ တွေ့ရပြီသော ဖိုးတေ နှင့် အမာ မှာ ဘယ် အဖြစ်မျိုး ရောက်ရောက် ကိစ္စ မရှိ ဟု အောက်မေ့ နေကြသည် ။
      
       ဖိုးတေ နှင့် အမာ တို့သည် စစ် မဖြစ်မီ အချိုးအတိုင်း ရုပ်ရှင်ကလေး ကြည့်လိုက် ၊ စာအုပ်အဟောင်း ဆိုင်သွား စာအုပ် တွေ ဝယ်လာ ၊ အိမ်ကျ တစ်ယောက်တလဲ ဖတ်လိုက် ၊ သားကလေး အပါ တွတ်တီးတွတ်တာ ပြောသည် ကို သဘောတွေ့ ပျော်နေလိုက် ။ သူတို့ဘဝ နှင့် သူတို့ ကျေနပ်နေကြ ပြန်လေသည် ။
      
       လင်မယားနှစ်ယောက် အချိန်တန် အလုပ်သွား အိမ်ပြန် ။ အားသည့်နေ့ အိမ်တွင် စာဖတ်ချင်း ဖတ် ၊ ဂိုင်ဖော သည့်နေ့ ဆိုလျှင် ရုပ်ရှင် ကြည့်၍ သူတို့ ရ တတ်သမျှနှင့် နေကြသည် ။ အလုပ်ရာထူး တိုးတက်ဖို့ စိတ် မပူပန်ရုံမက တစ်ခါတစ်ရံ လူလျှော့ အလုပ်ဖြုတ်ပစ်မည် ကိုပင် ဂရုမစိုက်ဘဲ တစ်ဦး အလုပ်မရှိ တော့လည်း တစ်ဦး အလုပ် ရှိသေးတာပဲ ။  ရတတ်သမျှနှင့် လောက်အောင် နေပေါ့ ဟု ခပ်အေးအေး နေကြသည် ။ သူတို့ကား အပြင် လောကကို ဂရုမပြုဘဲ နေခဲ့ရာ ၊ တစ်နေ့သော် သူတို့ မမျှော်လင့်သော အဖြစ်အပျက် တစ်ခု တွေ့ရသည် ။
      
       သတင်းစာများတွင် ဦးဖိုးတေ ဆိုသူ မင်းကြီး ရာထူး ရကြောင်း ပါလေသည် ။ ထိုအခါ
      
        " အမာ့ ယောက်ျား ကိုဖိုးတေ ဖြစ်မှာပေါ့ကွ ။ ဝန်ကြီး ဦးဟိုသင်း ရဲ့ ယောက်ဖ ရဲ့ မယားပါ သားနဲ့ ကြိုက်ဖူးတဲ့ ကောင်မလေး အိမ်က ခွေး က ကိုဖိုးတေ ကို ကိုက်ဖူးသေးတာပဲ "
      
       စသဖြင့် ထင်ကြေးပေးကြလေသည် ။ လာရောက် မေးမြန်းသူများကို ဖြေရလွန်းသဖြင့်
      
        " ကိုဖိုးတေ ရေ ... သတင်းစာကနေပြီး ဖြေရှင်းရပုံ ပေါ်နေပြီ "
      
       ဟု အမာ က ညည်းလေသည် ။ ခင်မင်သော မိတ်ဆွေများ က ဝမ်းသာကြသည် ။ အစက အထင် အမြင် သေးနေကြသူများက မနာလိုစိတ် မကင်းစွာနှင့်ပင် အရေးတယူ ခေါ်ပြောလုပ်ကြသည် ။ အမျိုးတော်သည့် အဒေါ်ကြီးတစ်ဦး သည် ရှေး က ဖုတ်လေသည့် ငါးပိ ရှိလေသည် ဟု မအောက်မေ့ ခဲ့သော်လည်း ယခုအခါ အရေးတယူ လုပ်ကာ ဘယ် အကူအညီ ပေးရမည် စသဖြင့် မေးမြန်းဖော် ရလေသည် ။
      
        " မင်းကြီး ဖြစ်လို့ တို့ အိမ်တောင် လာ မလည်ဘူး "
      
       ဟု ပြောမှ ဖိုးတေ နှင့် အမာ မှာ မဟုတ်ကြောင်း ရှင်းရ ပြန်သည် ။
      
        " မသိပေါင်တော် ... တို့က ဝန်ကြီးဦးဟိုဒင်း ရဲ့ ယောက်ဖ ရဲ့ မယားပါ သား နဲ့ ကြိုက်ဖူးတဲ့ ကောင်မလေးအိမ်က ခွေးက  ဖိုးတေ ကို ကိုက်ဖူး သေးတာမို့ ဟုတ်မှာပဲ ထင်လိုက်တယ် ။ မင်းတို့ကလည်း ဒီလို လူကြီးတွေဆီ သွားပြုတွေ့ ပါလား ။ ဒီလိုနေလို့ ဘယ်ဖြစ် မလဲ "
      
       ဟု အကြံပေး ဆုံးမ စကားပြောသွားလေသည် ။ အမာ မှာ လက်နှစ်ဖက်နှင့် ရင်ဘတ်ကို ဇာတ်ဟန် နှင့် ခတ်တီး ကာ
      
        " ခက်မှ ခက်ရလေနော် ၊ ကိုယ့်ဘာသာ ကိုယ့်ဘဝ နှင့် ပျော်ပျော် နေလည်း မနေရသေးဘူး ။ မင်းကြီး ဖြစ်မှ ခေါ်ချင် တဲ့ မိတ်ဆွေ ဆွေမျိုးတွေကို ငဲ့ညှာပြီး ဟိုလူ ဒီလူတွေဆီ သွားပြီး ကယ်မပါ ၊ ကြည့်ရှု ပါနှင့် မွဲသွေ့သွေ့မျက်နှာ နဲ့ အောက်ကျခံ ပြောရဦးမယ်လို့ ဖြစ်နေပြီ ကိုဖိုးတေ "
      
       ဟု ပြောရာ ဖိုးတေက
      
        " သူတို့ မခေါ်ချင်လည်း နေပေါ့ကွ ၊ ဘာဆိုင်လဲ ... ဘာလို့ အောက်ကျခံပြီး ပြောရမလဲ " ဟု ဆိုလိုက်လေသည် ။
      
        " မဖြစ်ဘူး ... မင်းကြီး မဟုတ်တာနဲ့ ကိုဖိုးတေကို အမျိုးရယ်လို့ စကားထဲ ထည့်ပြောရမှာ ရှက်ရှာ တဲ့ သူတွေ သနားလွန်း လို့ပါ ။ ဖြစ်မှဖြစ်ရလေ ။ သူတို့မှာ အမာ တို့ လင်မယား အတွက် အတော် မျက်နှာငယ် ၊ ဂုဏ်ငယ် နေရှာတော့မှာပဲ ၊ သနားလိုက်ပါဘိတော့တယ် ။ ကျွတ် ... ကျွတ် ... ကျွတ် "
      
       ဟု သောလုံးထုတ် နေပြန်သည် ။
      
       အမာ သည် လောကကြီးတစ်ခုလုံး ကို လက်ပိုက် ရပ်ကြည့်ကာ သရော်ရယ်မောလေတော့သည် ။ ဖိုးတေ ကား ဆေးလိပ် ကို ခဲလျက် သူ့ ဇနီး နှင့် လောကကြီး စစ်ပြိုင်နေပုံကို ရွှင်ပြုံးစွာ စောင့်ကြည့် နေလေသည် ။
      
       သူတို့၏ အသက်များမှာ မငယ်ကြတော့ပြီ ။ သုံးဆယ် က စွန်းထွက်လာလေပြီ ။ ထို့ကြောင့် ဖိုးတေ နှင့် အမာ နှစ်ဦးစလုံးပင် သူတို့၏ ကိုယ်ခန္ဓာမှ နှုတ်ဆက် ထွက်ခွာစပြုနေသော အရွယ် နုနယ် ပျိုမျစ်ခြင်းကို တတ်နိုင်သ၍ ဆိုင်းငံ့အောင် ကြိုးစားကြသည် ။ သူတို့သည် ရှေးကထက် ပို၍ အဝတ် အစား ကို ပို ဂရုစိုက် တတ်သည် ။ အမာ သည် သူ့ အရွယ်နှင့် လိုက်အောင် ဆံပင် မမောက်တမောက် ကလေး စသည်တို့ဖြင့် ပြုပြင်လာသည် ။  " စိတ်ပျိုကိုယ်နု "  ဝါဒ ကို လက်သပ်မွေးကာ သူ တို့ ကိုယ် သူတို့ ပျော် လည်း ပျော် ၊ နု လည်း နုအောင် လုပ်နေကြသည် ။ အသက် ၄ဝ အရွယ် နီးလာပြီ ဖြစ်၍ မက်ဆေး ခြယ်နေကြဟန် တူသည် ။
      
       ဖိုးတေ နှင့် အမာ တို့မှာ ဤသို့ ပျော်ပျော် နေတတ်သလို နေကြသည့်အတွက် မမျှော်လင့်သော စကားများ ကြားရသည် ။
      
        " ဖိုးတေ နဲ့ အမာ တော့ နှစ်ယောက်စလုံး အလုပ် လုပ် ၊ ကလေးကလည်း တစ်ယောက်တည်း သိပ် ပိုက်ဆံတွေ စု မိမှာပဲ ။ သူတို့ နေတာ ကြည့်ပါလား "
      
       ဟူ၍ တစ်မျိုး ။
      
        " သူတို့ လင်မယား ရာထူးတွေ ဘာတွေ ရအောင် ဘယ်ကြံမလဲ ၊ အခု သူတို့နှစ်ယောက်စလုံး လုပ်စာနဲ့ သုံးမှ မကုန်ဘဲ "
      
        ဟူ၍ တစ်ဖုံ ။
      
        " ခင်ဗျားတို့တော့ သိပ် ဟန်ကျနေတာပဲ "
      
       စသဖြင့် သူတို့အား တိုက်ရိုက်လည်း ပြောကြသေးသည် ။
      
       ဤကဲ့သို့  အချောင် အထင်ကြီး ခံနေရသည်ကို ဖိုးတေ က ရယ်သည် ။ အမာ ကား စိတ်တိုမိသည် ။
      
        " ရှင် ကတော့ ရယ်နေ ၊ အဲဒါက အချောင် ဓားပြရိုက် ခံရမယ့် အပေါက် ။ လူတွေ့တိုင်း ဒါမျိုးချည်း အမေး ခံ နေရာတာ ရှင် သွားလေရာ သတိ နဲ့ သာ သွားပေတော့ "
      
       ဟု ဒေါ နှင့် မော နှင့် အမာ က ရယ်ဖွယ်နှောသည့် အခါ နှောလေသည် ။
      
       ဖိုးတေ တို့ လင်မယား မှာ စေတနာ့ဝန်ထမ်း အလုပ်တွေနှင့် အားရသည် မရှိ ။ တဖားဖား နေရသည် ကို အပျော်ကြီး ပျော်နေရသဖြင့် မကောင်းသော စိတ်များအတွက် သူတို့မှာ အချိန် မရှိ ။ ဤသို့ နေရ ခြင်း သည်ပင် သူတို့အတွက် ကောင်းမှုကုသိုလ် တစ်ရပ် မဟုတ်ပါလော ။
      
       တစ်နေ့လုံး ခြေကုန်လက်ပန်း ကျ၍ လာရာမှ ဖိုးတေ နှင့် အမာ တို့သည် ရေမိုးချိုး အဝတ်အစားသန့် များ လဲခြင်းဖြင့် စိတ်ရာလူပါ လန်းဆန်းစေပြီးလျှင် သားကလေး အပါ နှင့်အတူ တံခါးဝတွင် ထိုင် ကာ  လမင်းကြီး ကို ကြည့်ရင်း စကား ပြောနေကြသည် ။ အပါလေး မှာ စကားများရင်း ဖိုးတေ ၏ ပေါင် ကို ခေါင်းအုံးကာ အိပ်ပျော်သွားပြီ ။ တစ်နေ့လုံး ဘယ်ရောက် ၊ ဘာလုပ် ၊ ဘယ်သူနှင့် တွေ့ စသည့် အာလာပသလ္လာပများ မှာ စကား အမျှင် မပြတ်နိုင်ဘဲ ရှိစဉ် ကောင်းကင်ယံမှ ကြယ်ကလေး တစ်ခု ကြွေကျသည်ကို မြင်သော ဖိုးတေ က
      
        " အမာရေ ... ဟောဟိုမှာ မြင်ရဲ့လား ၊ လိုတဲ့ဆုကို တောင်းလိုက် မြန်မြန်တောင်းလိုက် " 
      
       ဟု ပြောလျှင် အမာ သည် စဉ်းစား မနေဘဲ
      
        " ကျွန်မ ယနေ့ ယခု စိတ်ချမ်းသာခြင်း ကို တစ်သက်လုံး စိတ်ချမ်းသာရာ ရပါစေသတည်း "
      
       ဟု သူတို့ လက်ရှိ  " လူချမ်းသာ "  ဘဝ ၏ တည်မြဲမှု ကိုသာ ပတ္ထနာ ပြုလိုက်လေသတည်း ။
      
◾ဒေါ်ခင်မျိုးချစ်
      
📖 တိုင်းရင်းသူမဂ္ဂဇင်း ၊ အတွဲ -၂ ၊ အမှတ် - ၆
      
       www.facebook.com/aung.naingoo.3726613
      
       .

No comments:

Post a Comment