Sunday, March 13, 2022

စက္ကူငှက်


 

❝ စက္ကူငှက် ❞

စိတ်လွတ်ကိုယ်လွတ် ဆော့ကစားခြင်း မပြုရ၍ စိတ်ကောက်နေသော လူကလေး ကို ချော့မော့ရန် ဖား တစ်ကောင် ရှာဖွေခိုင်းကြောင်း ကျွန်မ ဖတ်ခဲ့ဖူးပါသည် ။

“ လူကလေးတဲ့ ချော့စရာ ... မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ ...”

ကျွန်မ လူကလေးများ အလွန် အဆော့သန်သည် ကို တွေ့ကြုံဖူးပါသည် ။ ကလေးတို့ သဘာဝ က အပူအပင် ကင်းမဲ့ပြီး ပျော်ပျော်ပါးပါး ဆော့ကစားဖို့သာ အဓိက ဖြစ်နေသည် မဟုတ်ပါလား ။

“ မျောက်ရှုံးအောင် ဆော့သည့်ကလေး ” တဲ့ ။ လူကလေး ထက် ပို ဆော့သည်မှာ မျောက် ဖြစ်ပြီး ထို မျောက် ထက်ပင် အချို့လူကလေးများ က ပို ဆော့ဟန် ရှိပေသည် ။ ထို့ကြောင့်ပင် မျောက်မူးလဲကလေးများ ဟု တင်စားရသည့် ကလေးများပင် ပေါ်ပေါက်ခဲ့သည် မဟုတ်ပါလား ။ လူကလေး မျောက်ကလေးများ အဆော့ သန်သည်ကတော့ ဟုတ်ပါပြီ ။ အလွန် ဣန္ဒြေ ရပြီး ကိုယ်ခန္ဓာ ကြီးမားတုတ်ခိုင်တောင့်တင်းလှသော ဆင်ကလေးများ ကတော့ ဘယ်လို အခြေအနေ ရှိမှာပါလိမ့် ။ ကိုယ်တွေ့ မကြုံဘူးခင်က ကျွန်မ သည် ဆင်ကလေးများ ကတော့ အတော် တည်တည်ငြိမ်ငြိမ် ရှိလိမ့်မည် ဟု ထင်မြင်ခဲ့ပါသည် ။ ဆင် ဆိုသည်မှာ သာမန် အားဖြင့် သွားပုံလာပုံ အလွန် ဣန္ဒြေ ရသည့် အမျိုးအနွယ် မဟုတ်ပါလား ။ ဒါပေမဲ့ ဆင် သာမက မည်သည့်မျိုးနွယ် မှ ဆင်းသက်လာသော ကလေးငယ်များ ဖြစ်စေ ကလေး သည် ကလေးသာ ဖြစ်ပေတော့သည် ။

ကျွန်မ ၏ မွေးရပ်မြေ ဖြစ်သော တောင်ငူမြို့ ၏ ဆေးရုံကြီး ၌ တာဝန်ထမ်းဆောင်နေစဉ် ကာလတွင် ကျွန်မ ထံ ဖိတ်စာ တစ်စောင် ရောက် လာပါသည် ။ ဖိတ်စာ က မွေးနေ့မင်္ဂလာ ဖိတ်စာပါ ။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ဆင်ကလေးတစ်ကောင် ၏ တစ်နှစ်ပြည့် မွေးနေ့ ဖြစ်ပါသည် ။ ကျွန်မတို့ တောင်ငူ က  သစ်လုပ်ငန်းလုပ်ကိုင်သူ ပေါများသောဒေသပေ မို့ ဆင်ပိုင်ရှင်များ ကိုလည်း အတော်များများ တွေ့နိုင်ပါသည် ။ ယခု ဆင်ပိုင်ရှင် က ယိုးဒယားလူမျိုး ဖြစ်ပြီး တောင်ငူကေတုမတီ ရွှေနန်းတည်ချိန် ဘုရင့်နောင် ၊ တပင်ရွှေထီး စိုးစံစဉ်ကာလ တောင်ငူ သို့ ရောက်ရှိလာသော ယိုးဒယားများ အဆက်အနွယ် ဖြစ်ပါသည် ။ သူ ၏ ဆင်ကလေး တစ်နှစ်ပြည့် ကျင်းပချိန်တွင် ထို ယိုးဒယားကြီး ၏ အသက် က ၁ဝဝ ကျော် နေပါပြီ ။ သူ့ အသက် ၂၀ အရွယ် မှာ မြန်မာအမျိုးသမီး နှင့် အိမ်ထောင် ကျပြီး တောင်ငူ မှာ အခြေချနေထိုင်ခဲ့ခြင်း ဖြစ်ပါသည် ။ ထို ယိုးဒယားကြီး သည် ဆင်များစွာ ကို ပိုင်ဆိုင်ပြီး အလွန် တွယ်တာသော ဆင်မကြီး မှ သည် ဆင်ကလေး ကို မွေးဖွားခဲ့ခြင်း ဖြစ်ပါသည် ။ သူ က မြန်မာပြည် မှာ အနေ ကြာလာ၍ မြန်မာ စကား ကို ကောင်းမွန်စွာ ပြောဆိုနိုင်ပါသည် ။ မြန်မာ ဓလေ့ထုံးစံများ နှင့်လည်း အကျွမ်းတဝင် ရှိပါသည် ။ သူ ၏ မြန်မာ နာမည် က ဦးတင် ဖြစ်ပါသည် ။ သူ့ သားသမီးများ က ခေတ်ပညာတတ်များ ဖြစ်ကြပါသည် ။ အသက် ၁ဝဝ ကျော် ခဲ့ပြီ ဖြစ်သော်လည်း စက်ဘီး စီးကာ ရွာစဉ် တစ်လျှောက် လမ်းဆိုး လမ်းကောင်း မရွေး သွားလာနိုင်ပါသည် ။ မြို့ပေါ်မှာ အနေနည်းပြီး တောရိပ်တောင်ရိပ် ဆင်စခန်း မှာသာ သူ ၏ ဆင်များ နှင့် ပျော်မွေ့နေသူ ဖြစ်ပါသည် ။

“ ကျွန်တော် ကျွန်မတို့၏ ဆင်ရတနာ “ သန်းတစ်ရာပွား ” ၏ တစ်နှစ်ပြည့် မွေးနေ့ပွဲသို့ ကြွရောက်ပါရန် ” ဟု ဖိတ်စာ၌ ရေးထားပါသည် ။ ဪ ဆင်မွေးနေ့ပွဲ ဆိုပါလား ။ နာမည်ကလည်း သန်းတစ်ရာပွား တဲ့ အတိတ်ကောင်း နိမိတ်ကောင်း ကို ဆောင်တဲ့ နာမည် ပဲ ၊ သန်းတစ်ရာပွား ကို ဘယ်လို မွေးနေ့လက်ဆောင်တွေများ ပေးရပါ့ ။ ကျွန်မ အတော် ခေါင်းရှုပ်ခံ စဉ်းစားပြီးမှ လက်ဗလာ နှင့် မွေးနေ့ပွဲ ကို လာခဲ့ပါသည် ။ ထို အိမ် ကို ရောက်လျှင် ကျွန်မ တအံ့တဩ ဖြစ်သွားပါသည် ။

အလို တယ်စည်ကားတဲ့ မွေးနေ့ပွဲပါလား ။ လာလိုက်တဲ့ ဧည့်သည်တွေကလည်း တဖွဲဖွဲ ။ နှစ်ထပ်အိမ်ကြီး အပေါ်ထပ်ကော အောက်ထပ် အိမ်ပြည့်အိမ်လျှံ ။ ကျွေးလိုက်တဲ့ အစားအသောက်တွေ ကလည်း အလျှံပယ် ။ ကြက်သားနိုင်းချင်း အုန်းနို့ကဲကဲ နှင့် ခေါက်ဆွဲ ၊ လက်ဖက် နှင့် ။ အချိုပွဲ ကျောက်ကျော နနွင်းမကင်း စုံစုံလင်လင် ။ ကျွန်မ သာ အတွေးရ ခက်နေပေမဲ့ ဆင်ကလေး အတွက် လာကြသော မွေးနေ့လက်ဆောင်များ ကလည်း တစ်ပုံတစ်ပင်ပါ ။ ဆင်မကြီး နှင့် ဆင်ကလေး အနီးတွင် အုန်းသီး ၊ ငှက်ပျောသီး ၊ ငှက်ပျောတုံး ၊ ကြံချောင်းများ စုပုံလျက် ရှိပါသည် ။ ဆင်မကြီး က တောင့်တောင့်ခိုင်ခိုင်ကြီး ရပ်လျက် အုန်းသီးများ ကို ခွမ်းခနဲ ခွမ်းခနဲ ပေါက်ခွဲကာ မြိန်ရေရှက်ရေ စားနေပါသည် ။ ဆင်ကလေး ကတော့ ကြံချောင်းလေး ဆွဲစားလိုက် ဆင်မကြီး ဗိုက်အောက် ဝင် ကာ ခြေကြိုကြား နှာမောင်းကြား ပတ်ဆော့လိုက်နှင့် အငြိမ် မနေပါ ။

ဪ သူ့ခမျာ ဒီအတိုင်းရပ်နေရတာ ညောင်းရှာထင်ပါရဲ့ဟု တွေးမိပါသည် ။ သူတို့ ခြံထောင့်တွင် သစ်လုံးပုံကြီး တစ်ပုံ ရှိပါသည် ။ သစ်လုံးများမှာ လုံးပတ် မကြီးလှသော်လည်း ၆ ပေ ၊ ၇ ပေ ရှည်ပါသည် ။ ကျွန်မ အချိုပွဲ ထိုင်နေစဉ် ဆင်ကလေးက သစ်ပုံပေါ် တက်သွားပါသည် ။ သစ်လုံးများ ကို ခြေထောက် နှင့် နင်းပြီး ဖြို ချနေပါသည် ။ ဆင်ပိုင်ရှင် ဦးတင်ကြီး ကတော့ သစ်လုံးပုံ နှင့် မလှမ်းမကမ်း ရှိ ကြိမ်ခုံပုကလေး ပေါ်တွင် ထိုင်ကာ သူ့ ဆင်ကလေး လိမ္မာကြောင်း ၊ မျိုးရိုးကောင်းကြောင်း ၊ မျက်လုံး က ကျေးမျက်လုံး ဖြစ်ပြီး ခု ကတည်းက မြီးဆံ သန် လှကြောင်း ချီးမွမ်းနေပါသည် ။ ထိုသို့ ချီးမွမ်းနေဆဲ ဆင်ကလေး ခြေဖြင့် တွန်းချလိုက်သော သစ်လုံးတစ်လုံးက အောက်သို့ လိမ့်ကျလာကာ ဦးတင် ၏ ကျောကုန်း ကို အရှိန်ဖြင့် ဆောင့် မိလေသောအခါ ရုတ်တရက်မို့ ဟန်ချက် မထိန်းနိုင်ဘဲ မြေကြီးသို့ မျက်နှာ အပ်ကာ မှောက်လျက်သား လဲကျသွားလေသည် ။ ဧည့်သည်များ အလန့်တကြား ဖြစ်ကာ ဦးတင် ကို ဝိုင်းဝန်းထူမ ပေးကြသော်လည်း ဦးတင် က ခါးကို လက်ဖြင့်ပွတ်ကာ မျက်နှာကြီး ရှုံ့မဲ့နေသည့် ကြားက တော်တော် အားသန်တဲ့ ကောင်လေး ဟု ချီးမွမ်းလိုက်သေးသဖြင့် ကျွန်မတို့ အားလုံး ပြုံးစေ့စေ့ ဖြစ်သွားကြလေသည် ။ ဪ ဆင်ကလေး ၊ ဆင်ကလေး ၊ ဆင်ပေါက်စပေမို့ ငယ်စဉ်ကတည်းက တုတ်တုတ်ခဲခဲ ၊ အရပ် က သုံးပေ ကျော် ၊ ခံ့ခံ့ထည်ထည် ရှိလှပေမဲ့ ခြေထောက် အငြိမ်မနေ ၊ နှာမောင်း အငြိမ် မနေ မျောက် ရှုံးအောင် ဆော့သည့် ဆင်ကလေး ပါပဲ ။

အမှန်ပင် သည် တိရစ္ဆာန်ပေါက်စလေးတွေ အဆော့ သန်လှပါသည် ။ လူကလေးတွေ လည်း ထို့ အတူပါပဲ ။ ကျွန်မလည်း ငယ်ရာမှ ကြီးလာသူမို့ ကျွန်မ ငယ်စဉ်က ဘယ်လို အခြေအနေများ ရှိခဲ့ပါလိမ့်ဟု တွေးမိပါသည် ။ အမေ ကတော့ မရွှေညို ဆော့ပုံများ ဒလက် လည် နေသလိုပဲဟု ညည်းညူတတ်ကြောင်း မှတ်မိနေပါသည် ။ ကျွန်မ ငယ်စဉ်က နွေရာသီ ကျောင်းပိတ်ရက်များသည် အလွန်ပင် လွတ်လပ်ကာ ပျော်မွေ့ဖွယ် ကောင်းပါသည် ။ နောက်ဆုံး စာမေးပွဲကြီး ဖြေရန် စာကျက်နေရင်းမှာပင် ကျောင်းပိတ်ရက် အတွက် ဆော့ကစားဖွယ်ရာ ပစ္စည်းများ စုဆောင်းနေကြပါသည် ။ ကျွန်မတို့ ငယ်စဉ်က ယခု ကာလကဲ့သို့ ကစားစရာမျိုးစုံ များများစားစား မရှိလှပါ ။ မြေကြီးပေါ် ပေါက်သမျှ နွယ်မြက်သစ်ပင် အားလုံးဆေးဖက်ဝင်သည် ဆိုသည်ထက် ကျွန်မတို့ ကစားစရာ အဖြစ် ဖန်တီးရန် အတွက်တော့ အလွန် အသုံးတည့်လှပါသည် ။ ကုက္ကိုလ်ပင် အောက် ထိုင်ကာ လက် တစ်ဖက် မှ ကျောင်းစာအုပ် ကို ကိုင်ရင်း အခြား တစ်ဖက်မှ ကြွေကျလာသော ကုက္ကိုလ်သီးခြောက် များကိုလည်း နွားပါးစပ် မှ အတင်း လု၍ ကောက် ရပါသည် ။ လက်ပံပင်ကြွေများ ကိုလည်း စုဆောင်းပါသည် ။ ကျောင်းပိတ်လျှင် အခြား ကောက်ယူသူ အများအပြား နှင့် လုယက်ကောက်ရသည် မို့ ဤမျှ ကြိုးစားပမ်းစား စုဆောင်းနေရခြင်းဖြစ်ပါသည် ။ ကျွန်မ ၏ အဝတ်ရှုံ့ အိတ်ကလေးထဲတွင် ကြွေပန်းကန်ကွဲများ ၊ လောက်စာလုံးများ ၊ ဒိုးများ ၊ သားရေကွင်းများ ပြည့်နှက် ရှုပ်ပွနေပါသည် ။ ကျောင်းပိတ်ပြီ ဆိုလျှင်တော့ ကျွန်မတို့ ကလေးအဖွဲ့ မီးကုန်ယမ်းကုန် ရွက်ကုန်ဖွင့် ဆော့ကြလေတော့သည် ။ တက်၍ ရသမျှ သစ်ပင်တိုင်းကို တက်ပါသည် ။ ထိုစဉ်က လူနေအိမ်ခြေ မများလှသေး၍ ခြံများမှာ အလွန် ကျယ်ပြောပြီး ခြံစည်းရိုး မရှိကြပါ ။ ကျွန်မတို့က သွားလိုရာ နေရာများ ကို လမ်းကောင်းလမ်းဖြောင့်မှ မသွားဘဲ ခြံကြို ခြံကြား မှ ဖြတ်ကာ ခြံစည်းရိုးပျက်များ ကို အတင်း တိုးဝှေ့၍ သွားလာ ဆော့ကစားကြပါသည် ။

ညလာသာသာတွင် ကျွန်မတို့ အိမ်ရှေ့မှ လမ်းမကြီးကို လမ်းထိပ်မှ ဝါးလုံးတားပြီး ထုတ်စည်း တိုးကြပါသည် ။ အခြားရပ်ကွက်မှ ကလေးများလည်း လာရောက် ပူးပေါင်းကြပါသည် ။ ဆော့ကစားရင်း ချွေးသံဗရပွနှင့် မောဟိုက် ပင်ပန်းလာသောအခါ ကတ္တရာလမ်းမပေါ် စန့်စန့်ကြီး အိပ်ရင်း အမော ဖြေကြပါသည် ။ နက်ပြာရောင် မှောင်မှိုင်းမှိုင်း ကောင်းကင်ရှိ တိမ်ခရီးသွားများ တဖျပ်ဖျပ်လင်းလက်နေသော ကြယ်ပွင့်များကို စိမ်ပြေနပြေ ငေးမောကြည့် နေရသည်မှာ အရသာ ရှိလှပါသည် ။

“ ငါ တစ်သက်လုံး ဒီလို အေးအေးချမ်းချမ်း နေရရင် သိပ်ကောင်းမှာပဲ ”

ဟု တွေးမိခဲ့ဖူးပါသည် ။

ကိုင်း ... လူသားကလေးများတွင် ယောက်ျားကလေးများသာ မက မိန်းကလေးများ ဖြစ်သော ကျွန်မ ပင် ဤမျှ ဆော့ကြသည်မှာ လွန်သည်ဟု မဆိုနိုင်ပါ ။

တစ်ခါက ကျွန်မ က ဘုန်းတော်ကြီးကျောင်း သို့ ဆွမ်းပို့ ရောက်ရှိသွားစဉ် ဆရာတော်ကြီး ထံမှ ကိုရင်ကလေးများ အလွန် ဆော့ကြောင်း ညည်းညူသံ ကြားခဲ့ရဖူးပါသည် ။ ကိုရင်ကလေးတွေ ဆိုတာကလည်း ဆော့ကစား၍ ကောင်းတုန်းအရွယ် ကလေးငယ်များပင် မဟုတ်ပါလား ။

ထို ဘုန်းကြီးကျောင်း က မီးရထားဘူတာရုံ နှင့် မနီးမဝေး မှာ ရှိပါသည် ။ မီးရထားက ဘူတာရုံမှ အထွက် ခပ်နှေးနှေး အရှိန်ယူ ခုတ်မောင်းနေစဉ် ဘုန်းကြီးကျောင်း နှင့် ခပ်လှမ်းလှမ်း အကွာအဝေး ရှိ သံလမ်းပေါ်မှ ဖြတ်သွားလေ့ ရှိပါသည် ။ ရထားတွဲ အတော်များများကလည်း မကြာခဏ ဘူတာရုံမှ ထွက်ကာ ရှေ့တိုးနောက်ငင် ပြုလျက် စမ်းသပ်ခုတ်မောင်းနေရပါသည် ။ ထိုအခါ ရထား စီးချင်လှသော ကိုရင်ကလေးများ က စွန့်စွန့်စားစား ထို စမ်းသပ်တွဲများ ပေါ် ခုန်တက်ပြီး ရထား အပျော် လိုက် စီးကြပါသည် ။ ထိုတွဲများက ခဏသာ ထွက်သွားပြီး မကြာမီ ဘူတာရုံသို့ ပြန် ဝင်သည်ပဲ မဟုတ်ပါလား ။ သည်ကိစ္စကို ဘုန်းကြီး သိသွားလျှင် လိမ့်ပြုကျမည် ကို စိုးရိမ်ပြီး ကိုရင်ကလေး ကို နာအောင် မှတ်အောင် ရိုက်၍ ဆုံးမပါသည် ။ ကိုရင်ကလေးများ က ရိုက်တုန်း ခဏသာ မှတ်ပြီး ရထားတွဲ လိုက်စီးရသည့် အရသာကိုကား မစွန့်လွှတ်နိုင်ကြပါ ။ တောရွာ မှ ရောက်လာခါစ အသစ်ကျပ်ချွတ် ကိုရင်လေး နှစ်ပါး ကမူ အခြား ကိုရင်လေးများ ရထားတွဲ လိုက်စီးသည်ကို ကြည့်ပြီး အလွန် အားကျနေပါသည် ။ ဒါပေမဲ့ သူတို့သည် တွယ်စီးနေကျ သူများကဲ့သို့ ကုန်တွဲ ၊ စမ်းသပ်တွဲနှင့် အမြန်ရထားကြီးကို မခွဲခြားတတ်သေးပါ ။ တစ်နေ့မှာမူ သူတို့ နှစ်ဦး ရထား စီးချင်ဇောနှင့် ဘူတာရုံမှ ထွက်ခါစ ခပ်နှေးနှေး ခုတ်မောင်းနေသော အမြန်ရထားကြီး ပေါ် စွန့်စား လိုက်ပါသွားကြကာ မြို့ နှင့် အတော် ဝေးဝေး ရောက်လေမှ ရထား က ပြန် လှည့် မလာတော့၍ ဒုက္ခတွေ့ကြရလေတော့သည် ။ ရထားစောင့်များ ၊ ခရီးသည်များ ကောင်းမှုကြောင့် သူတို့ ဆွမ်း မငတ် ။ အအိပ်အနေ မပျက်ဘဲ မန္တလေး မှ ထွက်လာသော အမြန်ရထားတစ်စီး ကို ပြောင်း စီး၍ ကျောင်းသို့ ချောချောမောမော ပြန် ရောက်လာကြပါသည် ။ ဆရာတော် မှာမူ ကျောင်းရောက်စ မလယ်မဝယ် ကိုရင်လေးနှစ်ပါး ကျောင်းမှ ပျောက်ဆုံးသွား၍ ရဲစခန်း ကို လူပျောက် တိုင်ရသည်အထိ ပူပင်သောကရောက်ကာ စိတ်ပင်ပန်းရရှာလေသည် ။

ကိုင်း .. ကိုရင်လေးများလည်း မီးပွင့်အောင် ကမ်းကုန်အောင် ဆော့ကြတာပါလား ။ ကလေးငယ်တို့ ၏ ဆော့ကစားခြင်းအကြောင်း ကို စဉ်းစားတွေးတောရသည် မှာ ကျွန်မ အတွက်တော့ စိတ်ရွှင်လန်းဖွယ်သာ ဖြစ်ပါသည် ။ ဆော့ကစားခြင်း သည် လူကြီးများအတွက် မျက်စိနောက် နားနောက်အောင် အနှောင့်အယှက် ဖြစ်လှသော်လည်း ကလေးများ အတွက်မူ စိတ်ဝင်စားဖွယ် ပျော်ရွှင်မြူးကြွဖွယ် အကြောင်းအရာများပင် မဟုတ်ပါလား ။

လွန်ခဲ့သော ၁၀ နှစ်ခန့်က လမ်းပန်းဆက်သွယ်ရေး မကောင်းလှသည့် နယ်ဆေးရုံတစ်ရုံ ၌ တာဝန်ကျနေစဉ် ဦးနှောက်အမြှေးရောင်သော ကလေးငယ်လေး တစ်ယောက် ဆေးရုံ ရောက်လာပါသည် ။ ကလေး က အလွန် ဖျားပြီး သတိလစ်နေ၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပါသည် ။ ကလေး က အသက် ၇ နှစ် အရွယ် ရှိပြီး နာမည်က ဖိုးပုလုံး ဟု ပါသည် ။ အမှန်တော့ သည်ကလေးကို ကျွန်မ ၏ ဆေးရုံ ထက် ဆေးပစ္စည်း ပိုမိုပြည့်စုံသော ကုထုံးပိုမို ကောင်းမွန်သော ဆေးရုံကြီးများ သို့ လွှဲ သင့်ပါသည် ။ ဒါပေမဲ့ ဖိုးပုလုံး တို့က အလွန် ဆင်းရဲချို့တဲ့ပါသည် ။ ဤဆေးရုံ ကိုပင် ရပ်ရွာ က အထောက်အပံ့ဖြင့် ခဲခဲယဉ်းယဉ်း လာတက်ခြင်း ဖြစ်သည် ။ ဖိုးပုလုံး သတိ လစ်နေသည်မှာ တစ်ပတ်ခန့် ကြာပါသည် ။ သတိရပြန်တော့လည်း အဖျား က အလျဉ်း မကျသေး ။ နှစ်ပတ်ခန့် တင်း ခံနေပြန်သည် ။ အဖျား ကျ ပြန်တော့လည်း ခြေထောက်များ ခွေယိုင်ကာ လမ်း မလျှောက်နိုင်တော့ပါ ။ အဖေ အမေ စသည့် ပြောနေကျ လွယ်လွယ်ကူကူ စကားများကိုပင် လျော့ သွားပါသည် ။ သူ့အရွယ်လေး နှင့် မလိုက်အောင် ပြင်းထန်သော ဝေဒနာများ ခံစားရရှာလေသည် ။

ဘာလိုလိုနှင့် သည်ကလေး ဆေးရုံ တက်သည်မှာ တစ်လကျော်ကျော် ကြာသွားပါသည် ။ ကျွန်မက သည် ကလေး ဆေးရုံ တက်သည်ဟု ဆိုလိုက်သော်ငြား အမှန်တော့ သူ၏ မိဘနှစ်ပါးပါ သူ့ အနားက မခွာနိုင်ဘဲ အိုးပစ်အိမ်ပစ် ဆေးရုံ ၌ လိုက် နေကြခြင်း ဖြစ်သည် ။ ကျွန်မ က မိဘနှစ်ပါးဖြစ်သူ ကိုလှသောင်း နှင့် မရင်ငွေ တို့ ၏ စားဝတ်နေရေး ကိုပါ အဆင်ပြေအောင် စီစဉ်ပေးရလေတော့သည် ။ ဆေးရုံ တက်လာသော လူနာများ အချင်းချင်း ကြည်ကြည်ဖြူဖြူ စောင့်ရှောက်ဖေးမ ပေးတတ်သည့် ဤရပ် ဤရွာ ၏ ဓလေ့ထုံးစံကြောင့်သာ သူတို့ လင်မယား ဒုက္ခ မရောက်ကြခြင်း ဖြစ်သည် ။

ဖိုးပုလုံး ကို ဆေးကုရသည်မှာ တစ်ခါတစ်ရံ စိတ်ပျက်ဖွယ် ကောင်းသကဲ့သို့ တစ်ခါတစ်ရံ မှာတော့ ရယ်မောပျော်ရွှင်ဖွယ် ဖြစ်လေသည် ။ ကျွန်မ က စာအုပ် ကို ထောင်ပြုပြီး စာအုပ် ဟု သင်သည် ။ ခဏကြာ၍ ပြန် မေးလျှင် သူက ကျီးကန်း ဟု ထ အော်ချင် အော်သည် ။ ခဲတံ ဟု ထ အော်ချင် အော်သည် ။ ကျွန်မကလည်း ဇွဲ မလျှော့ ။ စာအုပ် ၊ ပေတံ ၊ ခဲတံများ ကိုင် ကာ သူ့ ကို သင်ပေးမြဲ ဖြစ်သည် ။ စာအုပ် ကိုသာ ဖြောင့်ဖြောင့်တန်းတန်း မခေါ်တတ်သေးမဲ့ ဖိုးပုလုံး တို့ ဆော့နည်းဆော့ဟန် အသစ်အဆန်းလေးများကိုတော့ ထွင် တတ်ပါသည် ။ ခြေထောက် မလှုပ်နိုင်သော်လည်း လှုပ်နိုင်သော လက်များ က အငြိမ် မနေ ။ အား အားရှိလျှင် သူ့ အင်္ကျီ မှ ကြယ်သီးလေး နှစ်လုံး ၏ မျက်နှာပြင်ကို တခွပ်ခွပ် တိုက်နေသည် ။ တစ်ခါက ဖိုးပုလုံး ခုတင်ဘေးတွင် မီးခြစ်ဆံများ ပွ နေ၍ မေးကြည့်လျှင် မနက်မိုးလင်း ကတည်းက ယမ်းမီးခြစ်တစ်ဗူး ကုန်အောင် ထိုင် ခြစ်နေကြောင်း ဘယ်လိုမှ တားမရ ။ ချော့လို့ ငေါက်လို့လည်း မရကြောင်း ဝိုင်း တိုင်ကြပါသည် ။ ကျွန်မ ဖိုးပုလုံး ကို မဆူရက်ပါ ။ ဒါ ဖိုးလုံး ၏ ဆော့ကစားနည်း တစ်မျိုး ဖြစ်သည် ။ သူ့ခမျာ မျောက်ရှုံးအောင် ဆော့သည့်အရွယ်ကလေး မဟုတ်ပါလား ။ နည်းနည်းလေး ထလာနိုင်ပြီဆိုတော့ သူ ဆော့ဖို့ စဉ်းစားပြီပေါ့ ။ သူ့ ခုတင်ခြေရင်း၌ စောင် ကို သပ်သပ်ရပ်ရပ် ခေါက်ထားခြင်း မရှိဘဲ ပွယောင်းနေ၍ ကျွန်မ ဆူလျှင် သူ က စောင်ကို ဂူကြီး သဖွယ် ပုံ၍ အော် ငိုကြောင်း ၊ ကျွန်မ ကို တိုင် ကြပြန်သည် ။ စောင်များ ကို ညီညီညာညာ ခေါက်ထားရသော ကျွန်မ ၏ စည်းကမ်း သူ နဲ့ကျ မှ ပျက် ရလေတော့သည် ။

ကျွန်မ က ည ၉ နာရီ ခန့်တွင် ဆေးရုံ သို့ အရေးကြီးသော လူနာကြည့်ရင်း တစ်ခေါက် ထပ်သွားလေ့ ရှိပါသည် ။ လမ်း မှာ မီး ကလည်း မှောင် ၊ မြက်တောကလည်း ထူ ၊ မြွေပါးကင်းပါးမို့ ကျွန်မ ဓာတ်မီး အမြဲ ဆောင်ပါသည် ။ ကျွန်မ ၏ ဓာတ်မီးလေး ကို သူ့ ခုတင်ဘေးပေါ် ခဏ တင်ထားမိစဉ် ဖိုးပုလုံး က ခလုတ်ကလေး ရှေ့တိုး နောက်ဆုတ် ပြကာ ယူ ဆော့ပါသည် ။ ဓာတ်မီးလေးက နီနီရဲရဲတောက်တောက်ပပလေးမို့ သူ အကြိုက် တွေ့ဟန်တူပါသည် ။ မီးကလေး တဖျတ်ဖျတ်လင်းလာသည်ကို စူးစူးစိုက်စိုက် ကြည့်နေပါသည် ။ ကျွန်မက ထိုဓာတ်မီးလေးကို ဖိုးပုလုံး အား ပေးလိုက်ပါသည် ။ သူ အလွန်ဝမ်းသာသွားပြီး သွား အကျိုးအပဲ့လေးများ ပေါ်လာအောင် ရယ် ပြပါသည် ။ နောက်တစ်နေ့ည ကျွန်မ ဆေးရုံဝင်းထဲ ဝင် လာလျှင် ကျွန်မ ၏ ဓာတ်မီးရောင် မြင်သည် နှင့် သူ က ဆေးရုံထဲမှ မီး ဖွင့်၍ အချက် ပြပါသည် ။

တော်တော် ကဲသည့် ဖိုးပုလုံး ၊ ဒါတောင် သတိ မရတစ်ချက် ရတစ်ချက်ပေမို့သာပေါ့ ။ သူ ကျွန်မ ကို အချက်ပြသော ဓာတ်မီးရောင် ကို တွေ့လိုက်ရသော တစ်ခဏ ဖြစ်ပေါ်လာသော ကျွန်မ ၏ ရင်ထဲမှ ခံစားချက် သည် အတော်ပင် လှပ နက်ရှိုင်းပါသည် ။

ကျွန်မ ကုသခဲ့သော သေမွေးသေနာ ကလေးငယ်အား အသက် ရှင်နေသည်ကို သိရ၍ ဝမ်းသာတာလည်း ပါပါသည် ။ သူကလေး ကျွန်မ ၏ ဓာတ်မီး နှင့် ပျော်ရွှင်စွာ ဆော့ကစားနေပြီ ဟု သိရ၍ သူ့ အပျော်တွေ ကျွန်မ ၏ နှလုံးအိမ် ကို ကူးစက် ရိုက်ခတ်သွားတာလည်း ပါပါသည် ။ ဖိုးပလုံး က ဓာတ်မီး နှင့် အချက် ပြတတ်လာအောင် တိုးတက်နေပြီဟု တွေးရင်း ဝမ်းသာပီတိ ဖြစ်နေတာလည်း ပါပါသည် ။

ဪ လူ့ဘဝဆိုသည်မှာ ရယ်ပွဲဖွဲ့တစ်ခါ ငိုညည်းကာတစ်လှည့် တနွဲ့နွဲ့ တဖုံဖုံ စုံလင်အောင် ခါးစည်းခံ တွေ့ကြုံနေရသော်လည်း မမျှော်လင့်ထားသော နှလုံးသားအကြည်ဓာတ် ကို တဖျတ်ဖျတ် ထင်ဟပ်လာစေမည့် အကြောင်းအရာလေးများ ရုတ်တရက် ပေါ်ပေါက်လာသောအခါ လောကကြီးသည် အလွန်နေပျော်ပြီး ဖက်တွယ် မွေ့လျော်ဖွယ် ဖြစ်လာတတ်သည်မှာ မဆန်းလှပါ ။

ဆေးရုံမှာ နှစ်လနီးပါးကြာလာလျှင် ဖိုးပုလုံး တို့ မိသားစု သူတို့ ရွာ ကို ပြန်သွားကြလေသည် ။ မိုးဦးကျပြီး သူတို့ လယ် ပြန် ဆင်းရတော့မည် ။ အိမ်နီးချင်းများထံ အပ်ထားခဲ့သော ကလေးအကြီး နှစ်ယောက် ကိစ္စကလည်း ရှိသေးသည် မဟုတ်ပါလား ။ ဖိုးပလုံး ၏ ကျန်းမာရေး ကို ဂရုစိုက်ပါမည် ။ တစ်လတစ်ခါ ဆေးရုံ ပြန် လာပြပါမည်ဟု မိဘများ က ဝန်ခံ ကြလေသည် ။ သူတို့ ပြန်ခါစ ဆေးရုံမှာ ရင်းနှီးတွယ်တာနေသောသူများ လျော့ပါးသွား၍ မနေတတ် မထိုင်တတ် ဖြစ်ကြရပါသေးသည် ။

သို့ပါသော်လည်း သူတို့ ပြန်သွားပြီး တစ်လပင် မကြာသေး ။ ရက် ၂၀ ခန့်မှာပင် ကိုလှသောင်း ဆေးရုံ ပြန် ရောက်လာပါသည် ။ ကိုလှသောင်း တစ်ယောက် အိပ်မက်ထဲ လမ်းလျှောက်လာသူလို ငူငူငိုင်ငိုင် နှင့် ပြန် ရောက်လာခြင်းပါ ။ ဖိုးပုလုံး ပါမလာ၍ ကျွန်မတို့ တအံ့တဩ ဖြစ်နေစဉ် သူက မျက်ရည်တစမ်းစမ်းနှင့် ရှင်းပြပါသည် ။ ဖိုးပုလုံး ဆုံးသွားသည်မှာ ... သုံးရက်ခန့် ရှိပါပြီ ။ သူ့ အသုဘကိစ္စ ပြီးပြီးချင်း ကျွန်မတို့ ထံ လာရောက် အကြောင်းကြားခြင်း ဖြစ်သည် ။ ရေ ထဲ ကို လိမ့်ကျ၍ ရေမွန်း သေဆုံးသွားခြင်း ဖြစ်သည် ။ ကျွန်မတို့ အားလုံး ဝမ်းနည်းကြေကွဲမှုဖြင့် တိတ်ဆိတ် ငြိမ်သက်သွားပါသည် ။ သူတို့ အိမ်တွေက ရေတစ်ဝက် ကုန်းတစ်ဝက် အိမ်တွေ မို့ ချောင်းရေ တက်လျှင် အိမ်အောက် ရေ ပြည့်မြဲ ဖြစ်ပါသည် ။ ကိုလှသောင်း က ရွာလမ်းဘက် ကူးရန် လှေ ချနေသည် ။ မရင်ငွေ က ထမင်းအိုး ဝေနေ၍ ယောင်းမ ကိုင်ကာ ပြေး မွှေသည် ။ ထိုစဉ် ကျွန်မ ပေးထားသော ဓာတ်မီးလေး ရေထဲ ကျသွား၍ ဖိုးပုလုံး က မီလိုမီငြား လက်လှမ်းကာ လိုက် ဖမ်းရင်း ရေထဲ ဇောက်ထိုး ကျသွားခြင်း ဖြစ်သည် ။ သိသိချင်း အမြန် ဆယ်လိုက်နိုင်သော်လည်း မိနစ်ပိုင်း အတွင်းမှာပင် အသက် ဆုံးပါးသွားခဲ့ပါသည် ။

ဪ ကလေးက ချူချူချာချာလေး ဆိုတော့ ခံနိုင်ရည် ဘယ်ရှိပါ့မလဲ ၊ ဖြစ်မှ ဖြစ်ရလေ ဖိုးပလုံး ရယ် ငါ ပေးထားတဲ့ ဓာတ်မီးလေး ကို လိုက် ဆယ်ရင်း ရေမွန်း သေဆုံးသွားရရှာသတဲ့ ။ ငါ ရင်နာပါဘိကွယ် ။

ကျွန်မ အခန်းထဲ မှာ ငူငိုင်ငိုင်ကြီး ထိုင်ရင်း တစ်စစီ ကြဲပြန့်နေသော စိတ် ကို အတန်ကြာ ကြိုးစားပမ်းစား စုစည်း နေရပါသည် ။

ဪ လူကလေး မက်မောလှသော ဆော့ကစားစရာ ဓာတ်မီးလှလှကလေး က လူကလေး ကို ဒုက္ခ ပေး သွားပါလေရောလား ။ သည်တစ်ခါမှာဖြင့် ကျွန်မ ၏ နှလုံးသားအကြည်ဓာတ် ကို မည်းနက်နောက်ကျိစေမည့် အကြောင်းအရာများ ရုတ်တရက် ပေါ်လာသည်ဖြစ်၍ ကျွန်မ ယူကျုံးမရ ကြေကွဲခြင်းသည် အတိုင်းအဆ မရှိ ပွားချင်တိုင်း ပွားများ နေလေတော့သည် ။

ငယ်စဉ်ကလေး ဘဝ က ဤ ကမ္ဘာမြေပေါ်ရှိ နွယ်မြက်သစ်ပင်များကို ပိုင်ပိုင်နိုင်နိုင် အသုံးချ၍ မိုးမမြင်လေမမြင် လွတ်လပ်ပေါ့ပါး ပျော်ရွှင်ကစားခဲ့သော ကျွန်မ သည် ဤ သနားစဖွယ် လူမမာ ကလေးငယ် အတွက် ကစားစရာ အရုပ်ကလေး တစ်ရုပ်ပင် ဝယ် မပေးဖြစ်ခဲ့ပါ ။ ကလေးငယ် ၏ ကိုယ်ခန္ဓာ ကျန်းမာရေး ကိုသာ ဂရုစိုက်ပြီး လူကလေး ၏ နှလုံးသား ကွက်လပ်လေးကို ဖြည့်ပေးရန် မေ့လျော့နေပါသည် ။

ကျွန်မ မှာ တရားမျှတမှု ရှိပါရဲ့လား ။

ကျွန်မ ငယ်စဉ်က ဆော့ကစားခဲ့သော ကဏ္ဍများစွာတွင် စက္ကူရုပ်ချိုးခြင်း အတတ်ပညာလည်း ပါပါသည် ။ ဖိုးပုလုံး ဆုံးသွားကြောင်း သိရသည့်နေ့က ကျွန်မ စက္ကူငှက်ရုပ် ရှစ်ရုပ် ချိုးပါသည် ။ ဤနယ်ဤဒေသ တွင် စက္ကူငှက် သည်ပင် ထူးခြားလှသော ဆော့ကစားစရာ အရုပ် ဖြစ်နေပါသည် ။ ဆေးရုံအတွင်း ရှိ လူမမာကလေး နှစ်ယောက် ကို စက္ကူငှက်ကလေး တစ်ကောင်စီ ဝေပြီးသောအခါ ကလေးငယ်များ ပျော်ရွှင်စွာ မက်မက်မောမော ဆော့ကစား နေကြပါသည် ။

နောက်ဆုံး စက္ကူငှက်တစ်ကောင် ကား ကျွန်မ ၏ စားပွဲပေါ်တွင် ငူငူကြီး ရပ်နားလျက် ရှိပါသည် ။ ထို ငှက်ရုပ်ကား ဖိုးပုလုံး အတွက် ရည်ရွယ်ကြောင်း အထူး ပြောပြရန် လိုမည် မထင်ပါ ။

◾   ညိုနှင်းအိမ်

📖   ပိတောက်ပွင့်သစ်
       ၂၀၀၉ ခုနှစ်  ၊ မတ် လ
      
www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment