Saturday, March 12, 2022

ဦးရွှေအုပ် မျက်နှာ


 ❝ ဦးရွှေအုပ် မျက်နှာ ❞


တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီ ဖြစ်၍ မိတ်ဆွေကျောင်းသား ၄ - ၅ ယောက်တို့သည် ကျွန် တော်တို့ အခန်း သို့ လာ၍ ထွေရာလေးပါး ပြော၍ နေကြလေ ၏ ။ လွန်ခဲ့သော ရက်များက စာမေးပွဲ အတွက် အထူးကြိုးစား၍ နေရသဖြင့် ပျော်ရွှင်စရာ တို့ ကို သတိ မရနိုင်သဖြင့် ကျောင်းသားတိုင်း ပင် ထိုင်းမှိုင်းလျက် ရှိသည် ဖြစ်ရကား ထိုကဲ့သို့ ရယ်ရွှင်စရာ တို့ ကို ပြောဆို နားထောင်ရခြင်း သည် များစွာ စိတ် ကို ရွှင်လန်းစေသောကြောင့် အချိန် ကုန်မှန်း မသိချေ ။ ကျွန်တော်တို့ မိတ်ဆွေများ သည် တစ်ယောက်ပြီး တစ်ယောက် မိမိတို့ တစ်သက် တွင် မှတ်သားစရာ အကောင်းဆုံးသော အကြောင်းအရာ တို့ ကို ပြန်၍ ပြောနေကြ သဖြင့် ည ၁၀ နာရီ အချိန် တိုင်အောင် ရောက်လေ၏ ။ ထို အခါ ကျွန်တော် က 


“ ကဲဗျာ - ကိုစိုးသိမ်း ၊ ခင်ဗျား တစ်ယောက် ပဲ ကျန်တော့တယ် ၊ အားလုံးတော့ ပြီး ကုန်ပြီ ”


“ ဟုတ်သားပဲဗျာ ၊ မှတ်မိတာ တစ်ခုခုတော့ လုပ်ဦးမှ ပေါ့ ” 


ဟု ကိုတင်မောင် ကလည်း ကျွန်တော် ၏ တောင်းပန်ချက် ကို ထောက်ခံ သဖြင့် ကိုစိုးသိမ်း လည်း မိမိ ထိုင်နေသော ကုလားထိုင် ကို ရှေ့သို့ အနည်းငယ် တိုး လာ၍ စားပွဲ ပေါ် တင်ထားသော မိမိ မျက်မှန် ကို ကောက်၍ တပ်ပြီးလျှင် အနည်းငယ် ပြုံးလျက် 


“ ကဲ ကဲ နားထောင်ကြ ။ ကျွန်တော့် မှာ က ခင်ဗျားတို့ ဟာ တွေ ထက် ထူးတော့ မပေါ့ ။ ကျွန်တော် ဆယ်တန်း အောင်လို့ ကောလိပ် မှာ ပထမနှစ် တုန်း က လမ်းမတော် ဝိုင်အမ်စီအေ မှာ တစ်နှစ် နေရသေးတယ် ။ ဆန်း တာ တစ်ခု က ကျွန်တော် အိပ် တဲ့ ခုတင် ခေါင်းရင်း မှာ အုတ်ချပ်တွေ နည်းနည်း ကွာပြီးတော့ လူ မျက်နှာ တစ်ခု ထင် နေတော့ တယ် ။ ကွာတော့ ကွာတာပေါ့ဗျာ ။ အများကြီးပဲ ကွာကြ တာပါပဲ ။ ဒီတစ်ခုတည်း က ဆန်းတာ ။ သိပ် အံ့သြစရာ ကောင်းတာပဲ ။ မနက် မိုးလင်းလို့ ကျွန်တော် အိပ်ရာ က ထ ထ ချင်း ပြတင်းပေါက် က နေရောင် ထိုးပြီ ဆိုမှဖြင့် ဒီမျက်နှာ ဟာ အတိုင်းသား ထင် နေတာပဲ ။ တကယ့် ကို ပန်းချီ ဆရာတွေ ရေးပစ်ခဲ့တဲ့ ပုံ ထက်တောင် အချိုးအစား ကျသေးတယ် ။ မျက်နှာ က ခပ် ဝိုင်းဝိုင်း ၊ ခပ် ခံ့ခံ့ ၊ နှုတ်ခမ်းမွေး ရေးရေး နှင့် မျက်လုံး ပြူးပြူး ၊ ခေါင်းပေါင်းစ ခပ် ကြီးကြီး ။ အင်မတန် ကျက်သရေ ရှိတဲ့ မျက်နှာ ပါပဲ ခင်ဗျာ ။ ကျွန်တော့် အခန်းနား က လူတွေ မေးကြည့်တော့လည်း ကျွန်တော် မလာခင်က ဒီ အခန်း မှာ လူ တစ်ယောက် မှ မနေဖူးဘူး တဲ့ ။ ကျွန်တော် တွေ့ရတဲ့ မျက်နှာ က မြန်မာ ရုပ်တော့ မဟုတ် တန်ရာဘူးလို့ စဉ်းစားမိသဗျ ။ ကျက်သရေ ရှိလိုက်တဲ့ မျက်နှာ ဗျာ ၊ ခင်ဗျားတို့ မြင်စေချင်တယ် ”  


ထိုအခါ ကျွန်တော် က ကြားဖြတ်၍ “ အခု ဒီဟာ ရှိသေးသလား ”


“ နားထောင်ပါဦး ကိုသန့် ၊ ဆုံးတော့ သိလိမ့်မပေါ့ ။ ဒီ မျက်နှာကြီး ကို အိပ်ရာ ထတိုင်း မြင်မြင် ပြီးတော့ စာဖတ် တုန်းလည်း မြင် ၊ ကျောင်း တက်ခါနီးလည်း အားရပါးရ ဝဝ ကြီး မြင် ပြီးတော့မှ ကျောင်း တက် ၊ ကျောင်း က ဆင်း လာ ရင်လည်း ပထမ ဆုံး ဒီ မျက်နှာကြီး ကို ကြည့်ကြည့်ပြီး အလို လို ချစ် လာတာပါ ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ယောက်ျား အချင်းချင်း ဒီလို ချစ် ဖို့ဟာ အတော်ပဲ ခက်တာပဲ ။


ပြီးတော့လည်း ယောက်ျား သာ ဆိုရတယ် ၊ အင်္ဂတေ တွေ ကွာနေတဲ့ အရုပ်ကြီး ။ ဒါနဲ့ဗျာ ခပ်တိုတိုပဲ ပြောပါရစေတော့ ။ ကျွန်တော် လည်း ရယ်စရာကြီး ဖြစ်နေတော့ ဘယ်သူ့ မှ  ကျွန်တော် မပြောဘဲ တစ်ယောက်တည်း တိတ်တိတ်ပုန်း စွဲလမ်းနေလိုက်တာ စိတ် နောက်သလို တောင် ဖြစ်နေတာ ပေါ့ဗျာ ။ ဒီတော့ ကျွန်တော် က စဉ်းစားကြည့်တယ် ။ ဒါမျိုး ဟာ ဧကန္တ လူ တူ တစ်ယောက် ယောက်တော့ ရှိ ရမယ် ။ အင်္ဂလိပ် သတင်းစာတွေ ၊ မဂ္ဂဇင်းတွေ ထဲမှာလည်း ဖတ်ဖူးတဲ့ အတိုင်း နောင် ကျွန်တော် နှင့် တွေ့ရဦးမယ့် သူ တစ်ယောက် ရဲ့ မျက်နှာ ပုံသာ ဖြစ်ရမယ်လို့ စိတ် စွဲလမ်းမိတာပေါ့ ။ အဲဒီ လို စွဲလမ်းပြီးတဲ့ အခါက စပြီး ကျွန်တော် လိုက် ရှာတာပဲ ။ ရုပ်ရှင်ရုံတွေ ထဲမှာ လိုက်ပြီး ရှာ ၊ ကန်တော်ကြီး ပွဲ ဆိုတာ လည်း အနှံ့ ပေါ့ ။ ရန်ကုန် အရှေ့ပိုင်း -အနောက်ပိုင်း ဆိုတာ လည်း ကုန် သလောက် ဆိုပါတော့ဗျာ ။ ဘယ်မှာမှ မတွေ့တော့ စိတ် တောင် နည်းနည်း ပျက်လာရော ။ ကျွန်တော့် အခန်း ပြန်သွားရင် ကျွန်တော့် ကို အမြဲ နှုတ်ဆက်နေသလိုပဲ ။ ခပ်ပြုံးပြုံး စိုက်ကြည့်နေလိုက်တာ ၊ စကား ပြောပြီး နှုတ် ဆက်တာနဲ့ တယ် မခြားပါဘူး ။ ဒါနဲ့ဗျာ နောက်ဆုံးတော့ တွေ့ပါလေရော ”


ထိုအခါ ကျွန်တော်တို့ အားလုံးပင် အံ့အားသင့်စွာ “ ဪ ” ဟူ၍ တစ်ပြိုင်နက် အော်လိုက်မိ၏ ။


“ အဲဒီနှစ် ခရစ်စမတ် ကျောင်းပိတ်ရက် မှာ ကျွန်တော် တို့ အိမ် က ကျိုက်ထီးရိုး သွားကြမယ် လို့ ခေါ်တာနဲ့ ကျွန်တော် လည်း အိမ် ပြန်ပြီး သူတို့ နဲ့ ကျိုက်ထီးရိုး လိုက် သွား တာပေါ့ ။ ဒီတော့ ကိုတင်မောင် နဲ့ တောင် ပဲခူး မှာ တွေ့ လိုက် ပါသေးရော ”


ကိုတင်မောင် က “ ဪ ဟုတ်တယ် ၊ ဒီတုန်းကလား ”


“ ဟုတ်တယ် ၊ ကျွန်တော် တို့ က မနက် စောစောကြီး ကင်ပွန်းစခန်း က တက် ကြရော ။ ရေမြောင်ကြီး လည်း နည်း နည်း လွန်လာရော တစ်ခါတည်း တွေ့တာပါပဲ ။ ဟာဗျာ မပြောပါနဲ့တော့ အခန်း ထဲ က မျက်နှာ ပုံ ပါပဲ ။ နည်းနည်းက လေး မှ မလွဲဘူး ။ ခေါင်းပေါင်း ရော ၊ နှုတ်ခမ်းမွေး ရော ၊ မျက်နှာကျပုံ ရော တစ်ထေရာတည်း ပါပဲ ။ သူတို့က အဆင်း ၊ ကျွန်တော်တို့ က အတက် ကိုး ဗျ ။ သူ နှင့် အတူတူ မိန်းမ ကြီး ကြီး တစ်ယောက် ၊ ခပ်ရွယ်ရွယ် သမီး နှစ်ယောက် နှင့် နောက် က အစေခံ ထင်ပါရဲ့ လူ တစ်ယောက် ဒါပဲ ပါတယ် ။ ဒီတော့ ကျွန်တော် က လည်း ဘာ အောင့်နိုင်တော့မလဲ ။ တစ် ခါတည်း ဦး တစ်ဆိတ်လောက် ခွင့်ပြုပါ ။ ဦး တို့ ဘယ် အရပ် ကလဲ လို့ မေး တာပေါ့  ။ ဒီတော့ လူကြီး က ကျွန်တော့် ကို သေသေချာချာ စိုက် ကြည့်ပြီးတော့ သူ့ သမီးတွေ ကို တစ် ခါ လှည့် ကြည့်ပြီး မသင်္ကာ တဲ့ မျက်နှာ နှင့် ဘာမှ မပြောဘဲ ဆင်း သွားပါရောဗျာ ။ ကျွန်တော် ကလည်း ဘာ နေနိုင်တော့ မလဲ ။ တစ်ခါ လိုက်သွားပြီး မေး ပြန်ပါရော ။ သူ က ကျွန်တော့် ကို လူပေလူတေ အောက်မေ့လို့ ထင်ပါရဲ့ ။ ခြေဆုံး ခေါင်းဆုံး ကြည့်ပြီးတော့ “  အင်းစိန် က ဦးရွှေအုပ် ” လို့ ခပ် မြန်မြန် ပြောပြီး ဆက်လက်လို့ ဆင်းသွားပါရောဗျာ ။ ကျွန်တော် လည်း စိတ် နည်းနည်း မှ မကောင်းဘဲ “ အင်းစိန် ဦးရွှေအုပ် - အင်းစိန် ဦးရွှေအုပ် ” နဲ့ စိတ် ထဲက အောက်မေ့ပြီး ဘုရား ပေါ် ရောက် ၊ တစ်ရက် လောက် နေပြီး ပြန် ဆင်းကြ ရော ။ ကျောင်း ဖွင့်လို့ ကျွန်တော် လည်း ရန်ကုန် ပြန်ရောက် ပြီး အရင် အခန်းထဲ ရောက်တော့ ဒီ မျက်နှာကြီး သွား မြင်ပြန် ပါရောဗျာ ။ ဒါနဲ့ ဝိုင်အမ်စီအေ မှာ အင်းစိန် က တရုတ်ကပြား ကျောင်းသား တစ်ယောက် ရှိလို့ ဦးရွှေအုပ် အကြောင်း မေး ကြည့်တော့ ဒီ လူ ဟာ ပင်စင်စားဝန်ထောက် ဆိုပဲ ။ ပိုက်ဆံ လည်း အတော် ရှိသတဲ့ ။ ငွေ စားလို့ အထက် အစိုးရများ သိခါနီး မှာ ရုတ်တရက် ပင်စင် ယူလိုက်တာပဲ ။ ဒါပဲ သိရတော့တယ် ။ ခင်ဗျားတို့ပဲ စဉ်းစား ကြည့်တော့ဗျာ ။ အင်းစိန် က ဝန်ထောက် နဲ့ ဝိုင်အမ်စီအေ က အင်္ဂတေ ကွာတာနဲ့ ဘာ ဆိုင် လို့လဲ ။ ဒါနဲ့ တစ်နေ့ ကျတော့ မျက်နှာပုံ ဟာ နည်းနည်း မှိန် လာသဗျ ။ ခါတိုင်းဖြင့် ထင်ထင်ရှားရှား ပြတ်ပြတ်သားသားကြီး ။ နောက်တော့ မျက်နှာ ပုံလောက်သာ ထင် တော့ တယ် ။ မျက်စိ ၊ ပါးစပ် ၊ နှာခေါင်း တို့ ရေးရေးလောက်တော့ ကျန် တော့တယ် ။ ကျွန်တော့် အခန်း ထဲ လည်း လူသွားလူ လာ က အနည်းသား ။ ဘယ်သူ မှ တမင်တကာ သွား ဖျက် ပစ် မှာ မဟုတ်ဘူး ။ ဖျက် လို့ လည်း ရတာမျိုး မှ မဟုတ်ဘဲ ။ ဒါနဲ့ မှိန် မှိန် လာလိုက်တာ ၁၅ ရက် လောက်လည်း ကြာ ရော ၊ အရှင်း မျက်နှာ တစ်ခုလုံး ပျောက် သွားပါရော ”


ထိုအခါ ကျွန်တော် တို့ အားလုံးကပင် အံ့အားသင့် စွာ “ ခင်ဗျား ဟာ ကတော့ အတော် ကို ဆန်းကြယ်တာပဲ ။ ကျွန်တော်တို့ တော့ တစ်ခါမှ မကြားဖူးဘူး ” ဟု ပြောလိုက် မိ၏ ။


“ ဟာ ခင်ဗျား တို့ အံ့သြတာ က တော်တော် နောက် ၂ ရက် လောက် ကြာတော့ သူရိယ သတင်းစာ နာရေးကြော်ငြာထဲမှာ တစ်ခါတည်း တွေ့ပါရော ။ အင်းစိန် က ပင်စင် အငြိမ်းစား ဝန်ထောက်မင်း ဦးရွှေအုပ် ဟာ ၁၅ ရက် လောက် မကျန်းမမာ ဖြစ်ပြီး ကွယ်လွန် အနိစ္စ ရောက်တယ် လို့ ပါလ ပါ ရောဗျာ ” 


ထိုအခါ ကျွန်တော်တို့ မှာ အလွန်အကျူး အံ့ဩလှ၍ ကျွန်တော် ကပင် ထို အကြောင်းကို အင်္ဂလန်ပြည် စာရေးဆ ရာ ကိုနင်ဒွိုင်ရယ် ထံ သို့ ပေးပို့လိုက်လျှင် ကောင်းမည် ဟု ပြောမိ၏ ။ ( ထိုအခါ က ကိုနင်ဒွိုင်ရယ် အနိစ္စ မရောက်သေး ပေ ။ ) ကိုစိုးသိမ်း လည်း ဆက်လက်၍ မျက်မှန် ကို ဖြုတ်ကာ လက်ကိုင်ပဝါ နှင့် ပွတ်ပြီးလျှင် “ ဒီအကြောင်းနှင့်ပတ်သက် လို့ ထူးဆန်းတာ သုံးခု ရှိ တယ်ဗျ ။ ပထမ အချက်ကတော့ မတော်တဆ အမှတ်တမဲ့ ထင် နေတဲ့ အင်္ဂတေ ရာ ဟာ တကယ့် လူတစ်ယောက် ရဲ့ မျက်နှာ နှင့် တူ လွန်းသဗျာ ။ အသက်ချင်း တောင် တူ နေတာပဲ ။ လောကဓာတ် ဆရာကြီး တွေ ဖြင့် နောက်တော့ ဒီအကြောင်း ကို ဘယ်လို ရှင်းလင်းမလဲ မဆိုနိုင်ဘူး ။ ပြီးတော့ ဒုတိယ တစ်ချက် က ဦးရွှေအုပ် ဆိုတဲ့ နာမည် နှင့် အုတ်အင်္ဂတေ ဆိုတာ နာမည်ချင်း မဆင်ဘူး လားဗျာ ။ နာမည် ကလည်း အံ့သြစရာ တူ နေလိုက်တာ ”


ထိုသို့ ပြောစဉ်တွင် ၁၁ နာရီ ထိုးပြီ ဖြစ်၍ ဓာတ်မီးများ ကို ငြိမ်းမည် ဟု အချက် ပေးလိုက်သဖြင့် ကိုစိုးသိမ်း လည်း မိမိ အခန်းသို့ ထ သွားမည် ပြု၏ ။ ကျွန်တော် က လက်ဆွဲ ထား၍ “ နေပါဦးဗျ ၊ ခဏ ၊ ခင်ဗျား ပြောတော့ အံ့သြစရာ သုံးချက် ရှိတယ်ဆို ၊ တတိယ အချက် ကို ပြော ပါဦး ” ဟု တောင်းပန်ရာ ကိုစိုးသိမ်း လည်း ဟက်ဟက်ပက်ပက် ရယ် ၍ “ တတိယ အချက် ကတော့ ခင်ဗျားတို့ စိတ်ဝင်စားအောင် ကြံကြံဖန်ဖန် ပြော တာကို ခင်ဗျား တို့ က ယုံ တာ အံ့သြစရာ ပေါ့ ဗျာ ၊ ဂွတ်နိုက် ကိုသန့် ” 


◾  မောင်သန့်


📖   သူရိယရုပ်စုံ မဂ္ဂဇင်း

        အတွဲ-၁ ၊ အမှတ်-၃၅ 

        ၁၉၃၁ ၊ ဇန်နဝါရီ 


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment