❝ သူခိုး သူခိုး ❞
ဘကြင် သည် ဓားမြှောင် ကို ကိုင်ကာ စက္ကန့် အနည်းငယ် မျှ အိမ်ရှေ့ခန်း ၌ ရပ်ကာ အတွင်းသို့ နား စွင့်၍ နေလေ၏ ။
အင်း ဒီလို ဉာဏ် နဲ့ အသက် မွေးသူများ မှာ ဒီလို ချောင်ချိ သက်သာ လွယ်ကူလို့ ၊ ဒီအလုပ် ကို လုပ် ကြတာပဲကိုး ဟု အောက်မေ့လေ၏ ။ ရင်ထဲ ၌ တထိတ်ထိတ် ဖြစ်သည် ကို တင်းကာ စိတ်ဖြင့် နှလုံးသွေး ကို ငြိမ်စေလေ၏ ။
ဘာသံကိုမျှ အတွင်းမှ မကြားရချေ ။ ထိုအခါသည် မွန်းလွဲအခါ ဖြစ်လေ၏ ။ ဘကြင် သည် ထို အိမ်၌ လူ ဘယ်နှစ်ယောက် နေသည် ၊ မည်သူ မည်ဝါ မည်သည့် အချိန် မည်သည့် နေရာ ကို သွား၍ မည်သို့သော အချိန်မှာ ပြန် သည် ။ သန်းခင် ဝတ်သော ရွှေခြေကျင်း လက်ကောက်များ ကို အဘယ်မျှလောက် တန်ဖိုး ရှိမည်စသည့် အကြောင်းများ ကို သိပြီး ဖြစ်လေ၏ ။ အရပ် မှာ လူကောင်းသူကောင်းများ သာ နေသဖြင့် လွန်စွာ စိတ်ချ သောကြောင့် တစ်ကြောင်း ၊ နေ့လယ်ကြောင်တောင် ကြံဝံ့သူ ရှိမည် မဟုတ် ဟူ၍ ထင်သောကြောင့် တစ်ကြောင်း အိမ်သားများ အမှတ်တမဲ့ နေကြဟန် တူလေ၏ ။ ထို အိမ်သားများ မှာ များစွာ မရှိ ၊ အိမ်ရှင် လင်မယား နှစ်ယောက် နှင့် အိမ်ရှင်ယောက်ျား ၏ ခယ်မ အပျို တစ်ဆယ့်ရှစ်နှစ် အရွယ် မသန်းခင် တစ်ယောက် သာ ရှိလေရာ လင်မယား နှစ်ယောက် မှာ ထို နေ့ ၌ နံနက်စာ စားပြီး ဘုရား သွားကြကြောင်း ကို ဘကြင် ကောင်းစွာ သိပြီး ဖြစ်လေ၏ ။ ဓားမြှောင် ကို ကိုင်ကာ ရပ်လျက်နေစဉ် ကိုယ်လုံးပေါ် မှန်ကြီး၌ ပေါ်၍ နေသော မိမိ ၏ ရုပ်ပုံ ကို မြင်ရသောအခါ ရုပ်ရှင် ၌ အခါခါ မြင်ရ ဖူးသော သူရဲကောင်း မင်းသား ဟီးရိုးတစ်ယောက် ၏ ပုံ လို ဖြစ်၍ နေသဖြင့် သားနားသော မိမိ ၏ ရုပ်ပုံကို ကြည့်ကာ ငါ့ ရုပ်နဲ့ ငါ့ အလုပ် ဟာ မတော်တဆများ မိရင် ရှက်စရာကြီးပါကလားနော် ဟု တွေးပြီး နှလုံးသွေး ခုန်၍လာရာ မနည်းကြီး ရင် ကို ဖိ၍ ထားရလေ၏ ။ မကြာမီ ခြေသံ မကြားရဘဲ ခန်းဆီး အတွင်း သို့ ရောက်၍ သွားလေရာ မြင်ရသော သဏ္ဌာန်သည် မိန်းမောတွေဝေ ခြင်း ကို ဖြစ်စေလေ၏ ။ နံဘေး တရုတ်ကပ် အကြားမှ ဝင်သော အလင်းရောင် တွင် အထင်းသား မြင်ရသော ခပ်စောင်းစောင်း ကလေး အိပ်၍ နေသော ပုံ မှာ အံ့ဖွယ်ရာ ကောင်းအောင် လှပ ယဉ်ကျေးလေ၏ ။ ပျော့သောထဘီ ၏ အောက်နား သည် ပူအိုက်သော နေ့ ဖြစ်သောကြောင့်လား မသိရ ။ ဒူး အထက် နား သို့ တက်ကာ ရိပ်ငြိမ်သော အခန်းအား အလင်းရောင် ကို ထိုး၍ ပေးသည်ဟု မှတ်ထင်ရလေ၏ ။ အကယ်၍ ပန်းချီကျော် တစ်ယောက်ယောက် ထိုပုံ ကို တွေ့ရချေက ပြပွဲ ကို တင်လောက်သော ကား တစ်ခုကို ရဖို့ရှိ၏ ။ ၄င်း ၏ ရင်ဘတ် အနီး လက်ကိုင်ပဝါ နှင့် ထုပ်၍ထားသော အထုပ် တစ်ခု ရှိလေ၏ ။ ထို လက်ကိုင်ပဝါ အထုပ်ကလေး သည်ကား အတွင်း ရှိ ရွှေခြေကျင်း လက်ကောက်များ ကို လုံအောင် မထားနိုင် ၊ ပြတင်းပေါက် တရုတ်ကတ် မှ သက်ဆင်း သော အရောင်တွင် လင်း ၍ နေကြလေ၏ ။ ဘကြင် သည် ထို အထုပ် ကို မြင်လျှင် အပါးသို့ ရောက်၍ သွားပြီး ရပ်ကာ ကြည့်လေ၏ ။ သို့ ကြည့်လေရာ သန်းခင် ၏ ပြည့်ဖြိုးသော ရင်ဘတ် ကို သာလွန် သေချာစွာ မြင် ရလေရာ ကြောက်ရွံ့ခြင်း ကြောင့် လှုပ်ရှားသော သွေး သည် တဖြစ်လဲကာ သဘာဝ ပြောင်း၍ သွားလေသတည်း ။
ဘကြင် သည် ရှေးအခါက လူကုံထံ သား ဖြစ်ခဲ့၏ ။ မိန်းမ အမျိုးမျိုးနှင့် တွေ့ခဲ့လေရာ ယခု သန်းခင် ကို အနီးကပ် မြင် ရသလောက် တစ်ကြိမ်မျှ မဖြစ်ခဲ့ရချေ ။ ငါ့ မိဘလည်း မရှိ ။ စည်းစိမ်ဥစ္စာလည်း ကုန်လေပြီ ။ သားမယား ယူဖို့ မလို ။ ငါ ထင်သလို နေတော့မည်ဟု အကြံ ပြုခဲ့သော စိတ် သည် ရူပါရုံတည်း ဟူသော နေခြည်ရောင် တွင် ဆီးနှင်း ပမာ ပျော်၍ ကျပြီးလျှင် ပျောက်ကွယ်၍ သွားလေ၏ ။ ဤမျှလောက် ယဉ်ကျေးပျော့ပျောင်းလှသော နတ်ကညာကလေးများ ၏ အဆင်း ဟာ ယောက်ျားများ ကို ကြီးပွားအောင် ကြိုးစားနိုင်ဖို့ရာ အားပေးတဲ့ အရာတွေပါ ကလား ။ ဒီလို ရူပါရုံ အဆင်းမျိုး အတွက် အဘယ် ယောက်ျား မဆို ကြီးပွားအောင် ကြိုးစားမယ် ဆိုလျှင် တစ်ကယ်ပင် ကြိုးစားလောက်ပေသည် ။ ငါ လူကောင်း တစ်ယောက် ဖြစ်လျှင် ဤ မိုးနတ်ကညာလေး တစ်ယောက် အဘယ် အတွက် မရနိုင်သင့်ပါ သလဲ စသည်ဖြင့် စက္ကန့်အနည်းငယ်အတွင်း စိတ် ၏ လျင်မြန်ခြင်း သည် အတွေ့ အကြုံ တည်း ဟူသော ခရီး၌ ထိုမျှလောက် လျင်မြန်စွာ ပေါက်ရောက်၍ သွားလေသတည်း ။ သို့ တွေးပြီး ပစ္စည်းများ ရှိသော အထုပ် ကို စိုက်ကာ ကြည့်လျက် လက်များ ယား၍ နေလေ၏ ။ မကြာမီ ဓားမြှောင် ကို ခုတင်ပေါ် ၌ ချကာ အိတ် ထဲမှ ဒိုင်ယာရီ စာအုပ် ကို ယူပြီး စာကလေး တစ်စောင် ကို လျင်မြန်စွာ ရေးပြီး ထို စာကလေး ကို လက်ကောက်ဝတ် အောက် နားသို့ ထိုးပြီး ဓား ကို ယူကာ နောက်သို့ ပြန်၍ လှည့်မည် အပြုတွင် သန်းခင် မျက်လုံး ကို ဖွင့်၍ ကြည့်မိလေ၏ ။ နှစ်ယောက်သား တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့်ကာ ကြက်သေ သေ၍ နေကြလေ၏ ။
ဘကြင် သည် လက် ၌ ရှိသော ဓားမြှောင် ကို ဓား အိမ် သို့ ထည့်ရန် လက် ကို ကိုင် မြှောက် လိုက်သောအခါ သန်းခင် သည် လွန်စွာ ကြောက်ရွံ့လျက် “ ကျွန်မ ကို ဘာမှ မလုပ်ပါနဲ့ ၊ ဟောဒီမှာ ယူပါ ” ဟု အထုပ် ကို ကိုင် ပြလေ၏ ။
ဘကြင်သည် ဝမ်းနည်းပြုံး ပြုံးလျက် ဦးခေါင်း ကို ညင်သာစွာ ခါ လေ၏ ။ သန်းခင် သည် အံ့အားသင့်လျက် ကြည့်၍ နေလေ၏ ။
ကြင် ။ ။ အင်မတန် ဝမ်းနည်းပါတယ် ။ သည်တစ်ခါ နောက်ဆုံး ကြံ မိတာပါပဲ ဟု ပြောလေ၏ ။ ထိုအခိုက် သန်းခင် သည် စက္ကူ ကို ကိုင် မိသဖြင့် လျင်မြန်စွာ ဖတ်ပြီး ဘကြင် ကို ကြည့် ၍ နေလေ၏ ။
“ ရှင် လို ယောက်ျားတစ်ယောက် ဟာ အခုလို ဖြစ်တာ အင်မတန် နှမြောစရာ ကောင်းတာပဲ ။ လို ချင်ရင် တောင်းပါလား ”
“ ယောက်ျား ဆိုတာ တောင်းဖို့ အခက်သားပဲ ” ဟု ရှက်ရှက် နှင့် မျက်နှာ နီ၍ ပြုံးလေ၏ ။
“ ရှင် ဒါမျိုး လုပ်စားတာပဲလား ”
“ အလုပ် လုပ်ချင်လျက်နဲ့ မလုပ်ရတော့ ။ ဒါပဲ လုပ်ရတာ ပေါ့ ။ ဆယ်တန်း အောင်တယ် ။ လခ ငါးဆယ်စား အလုပ် ကို ရှာ မရဘူး ” ဟု ပြောလေရာ သန်းခင် စဉ်းစား၍ နေလေ၏ ။
ထိုအခိုက်တွင် ခြေသံ ကို လှေကား ၌ ကြား ရလေ၏ ။ နှစ်ယောက်လုံး ထိတ်လန့်ကြလေ၏ ။ သန်းခင် သည် နောက်ဖေး ကို ပြေးရင်း လိုက်ခဲ့ ဟု ပြောလေ၏ ။ မကြာမီ ဘကြင် သည် နောက်ဖေး လှေကားကလေး မှ လသာခန်း ကို တက်သော မှောင် သော မျက်နှာကြက် သို့ ရောက်၍ သွားလေ၏ ။ သန်းခင် အပြင် သို့ ရောက်သောအခါ ခဲအို ပြန်၍ လာသည်ကို တွေ့ရသဖြင့် မမ ဘယ်မှာ နေရစ်သလဲဟု မေးလေ၏ ။
“ မင်းမမ ဈေး မှာ ကျန်ရစ်တယ် ။ ငါ အရေးကြီးတဲ့ အလုပ် တစ်ခု သတိရလို့ ဟု ပြောပြီး စားပွဲသို့ သွား၍ စက္ကူတွေ စာအုပ်တွေ ကို လှန်လှောကာ သန်းခင် ရေ လက်ဖက်ရည် တစ်ခွက် ပေးပါကွယ် ” ဟု ပြောပြီး ၊ အခန်းထဲကို ဝင်၍သွားလေ၏ ။
“ ဟုတ်ကဲ့ ကိုကို ၊ ကျွန်မ ရေနွေး တည်လိုက်ဦးမယ် ” ဟု ပြောပြီး သန်းခင်သည် မီးဖို ကို ဝင်လေ၏ ။ အတန်ကလေး ကြာသောအခါ သန်းခင် သည် ရေနွေး ကို တည်၍ ထားပြီး မျက်နှာ ကြက် ပေါ်သို့ ရောက် သွားလေ၏ ။ သန်းခင် သည် ဘကြင် ၏ သားနားစရာ ရုပ်ရေ ကို နှမြော၏ ။ နှမြော ရာမှ သနား - သနား ရာမှ ချစ် ။ တကယ် လူကောင်း ဖြစ်ရင် အဖိုးတန်မှာပဲ ဟု ယုံကြည် လေ၏ ။
“ ရှင် တကယ် နောင်တ ရသလား ”
“ နောင်တ မရရင် ဟို အထုပ် ကို ယူပြီး ဆင်းသွားရင် ဘယ်သူ သိမှာလဲ ”
“ ရှင့်ကို ကျွန်မ သိပ် နှမြောတာပါ ။ ဒီလို လုပ်တာ ဘယ်လောက် ကြာပြီလဲ ”
“ မကြာသေးပါဘူး ။ အခုတော့ လက်ထဲမှာ ငါးကျပ် ရှိ ရှိ တစ်ဆယ် ရှိ ရှိ ၊ ရိုးရိုး ကြံပြီး ကြီးပွားအောင် လုပ်တော့မှာပဲ ။ လူကောင်း ဖြစ်ပါပြီ ”
“ ရှင် တကယ် နောင်တရသလား ”
“ နောင်တ ရပါတယ် ”
“ အခု ကျွန်မ အော်လိုက်ရင် ကျွန်မ ခဲအို ရှင့် ကို ခြောက်လုံးပြူး နဲ့ ပစ်သတ်လိမ့်မယ် ၊ ပြော လိုက်ရမလား ”
“ ဒီလောက် အဖိုးတန်တဲ့ ရူပါရုံ အဆင်းကြောင့် လူကောင်း တစ်ယောက် လုပ်ပါတော့မယ်လို့ အကြံ ပြုကာမှ နှိပ်စက်ရင် ခံရမှာပါပဲ ”
“ နေဦး ၊ ကျွန်မ သွားဦးမယ် ။ လက်ဖက်ရည် ပြင် စရာ ရှိသေးတယ် ” ဟု ပြော၍သွားပြီး မကြာမီ ပြန်၍ လာလေ၏ ။
“ ဟောဒါ ညောင်ရေအိုး ၊ အထဲမှာ ရေ ရှိတယ် ။ ယနေ့ လဲထားတဲ့ ရေ အသန့် ပါ ။ နှင်းဆီပန်း ပဲ ထိုး တယ် ။ အခု ရှင် ငါးပါးသီလ ခံရမယ် ။ ဒီ မကောင်းတဲ့ အလုပ် ကို နောင် မလုပ်တော့ပါဘူး ဆိုတာ သစ္စာ ဆိုပြီး ဒီ ညောင်ရေအိုးရေ ကို သောက် ဝံ့ရင် ရှင့် ကို ချမ်းသာပေးမယ် ။ မသောက် ဝံ့ရင် အော် လိုက်မယ် ။ ဟောဒီမှာ ကျွန်မ ရဲ့ ခြောက်လုံးပြူး ” ခြောက်လုံးပြူးဆေးတန် ကို မှောင်ရိပ်တွင် ကိုင်မြှောက်ခါ ပြလေ၏ ။ ။
သောက်ပါ့မယ် ၊ သောက်ပါ့ မယ် ဟု ပြောလေ၏ ။ မကြာမီ သန်းခင် က ၄င်း ၏ နား နား ကပ်ကာ ငါးပါးသီလ ကို ပေးလေ၏ ။ ထို့နောက် သစ္စာ ဆို၍ ညောင်ရေအိုး ရေ ကို တိုက် လေ၏ ။ ထို့နောက် ရှင် ဒီ အလုပ်ကို တကယ်စွန့်ပါ ။ အခု တလော ငွေကြေး ပြတ်ရင် ကျွန်မ မှာတော့ များများ မရှိဘူး ။ ဒါပဲ ရှိတယ် ဟု ပြောပြီး သားရေအိတ်ကလေး တစ်ခု ကို ထုတ်၍ ပေးလေ၏ ။
နောက်မကြာမီ သန်းခင် ၏ ခဲအို ဆင်း၍ သွားလေရာ သန်းခင် သည် ဘကြင် အား အပြင်သို့ ခြောက်လုံးပြူး နှင့် မ၍ ထုတ် ပြီး လွှတ် လိုက်လေ၏ ။
ဘကြင် သည် သားရေအိတ် ထဲ ၌ ငွေစက္ကူ တစ်ဆယ်တန် နှစ်ချပ် နှင့် ရွှေ လက်ဖွဲ့ ကလေး တစ်ခု ပါသော ရေမွှေး ပုလင်းငယ်လေး တစ်ခုကို တွေ့လေ၏ ။ ။
သန်းခင် သည် ဘကြင် ရေးသော စာကလေးကို ဖတ်ကာ ပြုံး လေ၏ ။ ထိုစာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။
“ ပစ္စည်း ကို ယူရန် လာသော လူဆိုး သည် လှပသော ရူပါရုံကြောင့် သံဝေဂ ရ၍ လူကောင်း တစ်ယောက် ဖြစ်ပါပြီ ။ ဝမ်းသာ၍ သာဓုခေါ်ပါမည့် အကြောင်း ”
ထို စာ ကို ဖတ်သောအခါ ငါ ဒီလောက် လှလို့လား ။ ကုသိုလ်ရေစက် ဆုံစည်းလို့ ထင်ပါရဲ့ဟု တွေးပြီး မိမိ ၏ လက်ဖွဲ့ကို သတိရ၍ နှမြော လေ၏ ။ သို့သော်လည်း လူဆိုး တစ်ယောက် ငါ့ ကြောင့် လူကောင်း ဖြစ်ရင် တော်ပါပြီလေ ဟု အောက်မေ့ကာ စိတ် ကို ဖြေ လေ၏ ။
နောက် ရက်အနည်းငယ် ကြာသောအခါ သန်းခင် သည် တစ်ကိုယ်တည်း ဘကြင် ၏ စာကို ဖတ်ကာ သူ ငါ့ ကို ကြိုက်လို့ ပဲ ။ သည့်အတွက် မဟုတ်ရင် ပစ္စည်းများ ကို ယူပြီး ဆင်းသွားဖို့ လွယ်လွယ် ကလေးပဲ ။ ဒီ စာ ကိုတောင် ရေး နေနိုင်သေးတာကလား ။ တကယ် နောင်တ ရတာနဲ့တူတာပဲ ဟု တွေး၍ နေလေ၏ ။ ကာလ မှာ လူကောင်း က အင်မတန် ရှားတယ် ။ ဒီ လူ ဟာ ဆယ်တန်း တဲ့ ။ ရုပ် လည်း ချော တာပဲ ။ ဘာကြောင့် အခုလို ဆိုးရပါလိမ့်မလဲ ။ တကယ် သူ လူကောင်း ဖြစ်ရင် ဒီလို လူမျိုးဟာ ပိုပြီး ကောင်းတတ်တာပဲ စသည်ဖြင့် တွေးကာ မိမိ ၏ အဆင်း ကြောင့် လူဆိုး တစ်ယောက် ကောင်း ရသည်ကိုတွေးကာ ပီတိ ဖြစ်၍ နေရုံသာမက ထို လူ ၏ မျက်နှာကို ဖျောက်ဖျက်၍ မရဘဲ နေလေ၏ ။
ထိုနေ့၌လည်း အိမ် မှာ သန်းခင် တစ်ယောက်တည်း ရှိလေရာ ထိုနေ့မှာ ကဲ့သို့ ခုတင်ပေါ်၌ လှဲ၍ နေလေ၏ ။ ထိုအခိုက် တွင် ရှေ့သို့ ဘကြင် ရောက်၍လာပြန်လေရာ သန်းခင် က အား သင့်လျက်
“ ရှင် ဘာလုပ်လာပြန်သလဲ ” ဟု မေးလေ၏ ။
“ ဟောဒါကလေး ပြန်ပေးမလို့ပါ ” ဟု ယူပြီးပေးလေရာ လက်ဖွဲ့ ပုလင်းကလေး ဖြစ်၍ နေလေ၏ ။ ။
“ ဟုတ်တယ် ။ ကျွန်မ မေ့လို့ ၊ သားရေ အိတ်ကော ”
“ ဪ မေ့ကျန်ရစ်ခဲ့ပြီ ။ ငွေ နှစ်ဆယ် မဟုတ်လား ။ ဟောဒီမှာ ရှိ ပါသေးတယ် ။ တစ်နေ့ ပြန် ဆပ်ပါ့မယ် ”
“ ရှင် တကယ် ကောင်းပြီနော် ”
“ ကြည့်ပါ ။ လူဆိုး မဟုတ်ပါဘူး ” ဟု လက်နက် မပါ ကြောင်း ပြလေ၏ ။ ထို့နောက် ရိပ်ငြိမ်ဆိတ်ငြိမ်သော အခန်း နှင့် သန်းခင် ကို စွဲမက်သော အမူအရာ နှင့် ကြည့်၍ သက်မကြီး ချပြီး စိတ်ချပါ ၊ လူကောင်း ဖြစ်ပါပြီ ဟုပြော၍ တစ်စုံတစ်ရာ ကို ကြံစည်ကာ စိတ်ကို တင်းသည့် အမူအရာကို နှုတ်ခမ်း ပါးစပ် ၌ ပြပြီး လှည့်၍ ထွက် သွားလေ၏ ။ သန်းခင် သည် လှေကားထိပ် သို့ လိုက်ကာ ရပ်ပြီး အောက်သို့ ကြည့် လိုက်လေ၏ ။ ရင် ထဲမှာ တဒိန်းဒိန်း ဖြစ်၍ ကျန်ရစ်လေသတည်း ။
ထို့နောက် နှစ်ပေါင်း အတော် ကြာ၍ သွားလေ၏ ။
••• ••• ••• •••
မသန်းခင် ဘာကို တွေးပြီး နေသလဲ ဟု မောင်သိန်း က လက် ကို ကိုင်ကာ မေး လေ၏ ။
သန်းခင် သည်ကား စကား ပြန်၍ မပြော ။ ပြတင်း ပေါက် မှ ကန်တော်ကြီး တောအုပ် ကို မျှော်ကာ ကြည့်၍ နေ လေ၏ ။ ထိုအခါသည်ကား ရန်ကုန် အရှေ့ပိုင်း မှာ နေ စဉ် က လူဆိုး တစ်ယောက် လာ၍ လူကောင်း ဖြစ်အောင် လုပ် လိုက် ရသော အချိန်အခါ ဖြစ်လေရာ သန်းခင် မှာ ထင်မြင်လျက် ဒီ လူ ကောင်းလေ မလား ၊ ရှိလေသေးရဲ့လား ၊ သေများ သေပြီလား ။ တစ်ကျွန်း မှာလား ၊ ကြိုး မှာလား စသည်ဖြင့် စဉ်းစား၍နေလေ၏ ။
မောင်သိန်း သည် နူးညံ့သော လက်ကလေးများကို တင်းစွာ ဖျစ်လေ၏ ။
“ ဘာများ ငေး နေသလဲ ။ မသန်းခင် ချစ်သူ တစ်ယောက် ယောက် ရှိတယ် ထင်ပါရဲ့ ။ ဒီ အရွယ် ဆိုရင် ကင်း မှာတော့ မဟုတ်ပါဘူး ”
သန်းခင်သည် မောင်သိန်း ၏ ခံ့ညားသော မျက်နှာကို မော်၍ ကြည့်ပြီး
“ ကျွန်မ မှာ ချစ်သူ ရှိတယ် ။ ဒီ ရာသီ ဒီ အချိန်မှာ တွေ့ဖူး တာပဲ ။ သူ ကလည်း ချစ်တယ် ”
“ ချစ်ရုံပဲလား ”
“ အခုဘယ်မှာလဲ ”
“ အခု ဘယ်မှာလဲ မသိဘူး ။ အခု လူကောင်း မဖြစ်ရင် လူဆိုး ပဲ ဖြစ်နေမှာပဲ ”
“ ဪ လူဆိုးလား ၊ လူဆိုး ဖြစ်ရင် မေ့ ပစ်လိုက်ပါလား မသန်းခင် ရဲ့ ”
“ မမေ့နိုင်လောက်အောင် ချစ်တာလည်း မဟုတ်ပါဘူး ။ တစ်ယောက် ကို တစ်ယောက် မြင်ဖူးပြီး ၊ သူ ကလည်း ချစ်တယ် ၊ ကိုယ် ကလည်း ချစ်တယ် ဆိုတာ သိဖူးတာပါပဲ ။ အခုအနေ ရှိရင် ကိုသိန်း တို့ အရွယ်လောက် ရှိမှာပဲ ”
မောင်သိန်း သည် ကား ယိုးဒယားပြည် မှာ သစ် အလုပ် ကို လုပ်၍ ကြီးပွား ပြီးနောက် မြန်မာပြည် သို့ ပြန်၍ လာ သည် ဆိုသော သူဌေး တစ်ယောက် ဖြစ်လေ၏ ။ ရုပ်ရည်လည်း သားနား၏ ။
သန်းခင် နှင့် တွေ့ရသည်မှာ တစ်လ မျှ မရှိသေးချေ ။ လောက မှာ လူကြွား လူညာတွေ ဟန် ကောင်းကောင်း နဲ့ လာပြီး အကြော ကြံတတ်သူတွေ များသောကြောင့် သန်းခင် သည် မောင်သိန်း ကို အကဲ ခတ်ကာ စဉ်းစား၍ နေလေ၏ ။ ယခုအနေ ဟို လူဆိုး ကြီးပွားပြီး ပြန်လာရင် ကိုသိန်း ထက် ပို စိတ်ချရမှာပဲ ။ သူ တကယ် ဆိုးသော်လည်း တကယ် သံဝေဂ ရတာကို ငါ သိ ရသည် ။ အခုအခါ ဘယ်လိုများ နေပါလိမ့်မလဲ ဟု တွေးလေ၏ ။ ၄င်းကို မေ့၍ နေသည်မှာ အတော် ကြာခဲ့ပြီးနောက် မောင်သိန်း နှင့် တွေ့သောအခါမှ ပြန်၍ သတိရလေရာ မောင်သိန်း ကို မယူရအောင် ဖူးစာနတ်များ သတိပေးသလား ။ သူ ပေါ်၍ လာမည့် နိမိတ်များ ဖြစ်လေသလား ဟု အခါခါ စဉ်းစားမိလေ၏ ။ သို့ စဉ်းစားမိခြင်းကြောင့် လည်း ကိုသိန်း ကို ယူပါမည် ဟု အာမ မခံသေးဘဲ မျှော်လင့်သော စိတ်နှင့် ဆိုင်း၍ နေခြင်း ဖြစ်လေ၏ ။ ။
ငါ့ အတွက်ကြောင့် လူကောင်း ဖြစ်ပြီး ၊ ချမ်းချမ်းသာသာ နဲ့ ပေါ်လာပြီး ငါ က တခြား လူနဲ့ ညား နေတာကိုများ တွေ့ ရရင် စိတ် မကောင်း ဖြစ်မှာပဲ ဟု တွေးမိလေ၏ ။
“ မသန်းခင် ချစ်တဲ့ လူ ဟာ ကွဲ သွားတာ ဘယ်လောက် ကြာပြီလဲ ”
“ တော်တော် ကြာပါပြီ ။ ကျွန်မ တစ်ဆယ့်ရှစ်နှစ် အရွယ် လောက်ကပါ ။ အခု ကျွန်မ သုံးဆယ် တောင် နီးနေပြီ ”
“ မသန်းခင် ကို သုံးဆယ် အရွယ် လို့ ဘယ်သူမှ ပြောမှာ မဟုတ်ဘူး ”
“ လောက မှာ ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် တဲ့ ။ ဒီလို ချစ်ဖူးတာတွေ ပြန် တွေးလို့တော့ အချိန် ကုန်ရုံ ရှိမှာပေါ့ ။ သူတို့ က ပြန် တွေးချင် မှ တွေး မှာ ကျုပ် မှာလည်း ချစ်သူတော့ ရှိဖူးတာပေါ့ ၊ သူ က ချစ်တာ မဟုတ်ပါဘူး ။ ကျုပ် က ချစ်တာပါ ။ သည့်အတွက် သူ လည်း အခုအနေ ယောက်ျား ရနေပါလျှင် ကျုပ် လို လူ ကို သတိ ရမှာ မဟုတ်ပါဘူး ။ ထိုအခါက သူ က ကျုပ် ထက် အင်မတန် အထက်တန်း ကျ တာပဲ ။ အခု ကျုပ် ချမ်းသာ တာလည်း သူ့ ကျေးဇူးပါ ”
“ နို့ ပြန် မတွေ့ဘူးလား ”
“ ရှာတာပဲ ၊ မတွေ့ဘူး ။ ယောက်ျား ရနေပါပြီ ”
“ နာမည် ဘယ့်နှယ့် ခေါ်သလဲ ”
“ နာမည်လဲ မသိဘူး ”
“ ဟင် ရှင့် ဟာက ဘာချစ်တာလဲ ”
“ နို့ မသန်းခင် ချစ်တဲ့ လူကော နာမည် သိရဲ့လား ”
“ ကျွန်မ လည်း မသိဘူး ”
“ ဟင် နို့ ဘာထူးသေးလဲ ။ မိုးပေါ် က တိမ်ရုပ် ကို ဖမ်း ကြိုက်သလို အိပ်မက်လိုပေါ့ ”
“ ဒီလိုကျနေတာပေါ့ ”
“ ဒီလိုပေမယ့် လွယ်လွယ် နဲ့ မမေ့ဘူးရှင့် ”
"ဟုတ်တယ် - မသန်းခင် တယ်ကြီး မမေ့ချင်ဘူး ။ အခုတော့ စိတ် လျှော့ပြီး လာ ခိုက်မှာ ဟောဒီက နဲ့ တွေ့တာနဲ့ ဆွေးမိ တာကလေးများ အေးပြီး ၊ အခုတော့ ၊ မသန်းခင် ကျုပ် လူလိမ် မဟုတ်ပါဘူး ။ ဗန်ကောက် မှာ အသိမိတ်ဆွေ ရှိရင် ဘယ်သူ မဆို စာ ရေးမေးကြည့်ပါ ” ဟုပြောကာ ပျော့ပျောင်းသော ကိုယ် ကို ပွေ့ယူဖျစ်ညှစ် အချစ် ၏သတ္တိဗျတ္တိ ကို ကပ်ငြိလောက်အောင် ပြလိုက်လေရာ သန်းခင် သည် ရယ်မောလျက် မိမိ မျက်နှာပေါ် သို့ ကပ်၍ လာသော မောင်သိန်း ၏ မျက်နှာကို ပန်းပွင့် နှင့် တူသော လက်ဝါးကလေးများ ဖြင့် ကွယ်ကာ၍ သူ ၏ ရင်ခွင် ၌ တွန့်ကာ ရုန်းကာ လွတ်အောင်လည်း မကြိုးစားဘဲ တစ်မျိုး အားနည်း၍ နေလေ၏ ။
“ စဉ်းစားနိုင်မှ တော်ရုံ ကျမယ် ကိုသိန်း ရဲ့ ။ ကာလမှာ အခက်သားမို့ စဉ်းစား ရတာပါ ။ မချစ် လို့တော့ မဟုတ်ပါဘူး ”
“ ချစ်ရင် တော်ပြီ ။ ချစ်တာသာ မူလ ၊ တစ်သက်လုံး အခုလိုပဲ ချစ်နေရရင် ကောင်းတာပဲ ။ သို့သော်လည်း မပိုင်ဝက်မွေး ဖြစ်မှာစိုးလို့ ။ စိတ်ချ ချင်တာပါပဲ ”
“ အခုအနေ ကိုသိန်း ချစ်ဖူးတဲ့ မိန်းမ ပေါ်လာရင် ၊ သန်းခင် ကို ပစ်လိုက်မှာပဲနော် ”
“ အို ဘယ်က ပေါ်လာမှာလဲ ။ တွေ့ကရာ ပေါက်ပေါက် ရှာရှာ မမေးပါနဲ့ ။ မသန်းခင် ကော ဟို လူ နဲ့ တွေ့ရင် ဟောဒီ ရင်ခွင် က ရုန်း ထွက်မှာလား ၊ ရုန်း မထွက်ရအောင် ဟော အခုလို ” ဟု ပြောကာ တင်းတင်း ပွေ့၍ ယူလေ၏ ။
“ အမယ်လေးရဲ့ မောလိုက်တာ တကတ် ၊ နာတယ် တော့ ” ဟု စိတ်ဆိုးဟန် နှင့် ဆံပင်ကို ပြန်၍ ပတ်လေ၏ ။
“ ပြောလေ - ပေါ် လာရင် လော်မာပြီး ၊ ပျော်ရာ ကို ခေါ်လာတိုင်း လိုက်မှာလား ”
“ တော်ပါရှင့် ၊ မပေါ် လာပါဘူး ။ ဟော ဟိုမှာ ဂေါ်ရာ ကြီး ” ဟု သန်းခင်က ပြောင်လှောင် ရယ်မောကာ ပြ၍ မောင်သိန်း ၏ ရင် ကို မှီရင်း တုတ်ခိုင်သော ဂေါ်ရာ ကို စိုက်ကာ ကြည့်၍ နေလေရာ ၊ မောင်သိန်း မှာ သူ ၏ မျက်နှာ ကို စဉ်းစားရင်း ကြည့် ၍ နေလေ၏ ။ ထို့နောက် သန်းခင် သည် သက်မ ကို ချပြီး ၊ တစ်ဖန် မောင်သိန်း ၏ မျက်နှာကို ပြုံးစစ နဲ့ ပြန်၍ ကြည့်လေ၏ ။
မောင်သိန်း က လက်ညှိုး ထောင်ကာ သတိ ထားနော် ။ သည်က လွဲရင် ဘယ်ကိုမှ မျက်လုံး မလှည့်ရဘူး သိလား ဟု အံကြိတ်ပြီး အတန်ကြာကြာ ဒေါသကြီး ၍ နေလေ၏ ။
သန်းခင် သည် အတန်ကြာ ငြိမ်၍နေပြီး “ ကိုသိန်း ချစ်တယ် ဆိုတဲ့ မိန်းမ ဟာ ဘယ်လို တွေ့ကြတာလဲ ”
“ အို ဘာ လုပ် မလို့လဲ ”
“ ပြောစမ်းပါ ၊ ကျွန်မ သိချင်လို့ပါ ”
“ သိချင်ရင် ပြော ရမှာပေါ့ ။ အရင်က ကျုပ် တော်တော် ဆိုးတယ် ။ အင်္ဂလိပ်ကျောင်း မှာ ဆယ်တန်း အောင်ပြီး မိဘနှစ်ပါး အနိစ္စ ရောက်တာနဲ့ ပညာ ဆက် မသင်နိုင် ၊ အလုပ် လည်း ဘယ်မှာမှ ရှာ မရ ။ မိဘ လက်ထက် က သုံးစားလာသူမှာ ဆင်းရဲတော့ အပေါင်းအသင်း နဲ့ တွေ့ပြီး ဖြစ်ချင်တာ ဖြစ်တာပေါ့ မသန်း ရဲ့ ။ တစ်နေ့တော့ ရန်ကုန်အရှေ့ပိုင်း အိမ် တစ်အိမ်ကို အတက် မှာ အင်မတန် ချောတဲ့ မိန်းမကလေး တစ်ယောက် နဲ့ တွေ့ပြီး သူ က သစ္စာရေ တိုက် လွှတ်တာ နဲ့ လူကောင်း ဖြစ်သွားတာပဲ ။ သူ က ငွေ နှစ်ဆယ် လည်း ပေး လိုက်တယ် ။ အဲဒီ ငွေ နှစ်ဆယ် နဲ့ ရန်ကုန် က ပစ္စည်းကလေးများ ကို တော တင်ရောင်း ၊ တော က ကုန် ကလေးများ ရန်ကုန် ပို့ ၊ လက် ထဲမှာ ငွေ သုံးလေးရာ လောက် ရမိတော့ မိတ်ဆွေ တစ်ယောက် က အကြံ ပေးတာနဲ့ ယိုးဒယား လိုက်သွားပြီး သစ်တောဘက် မှာ လခစား ဝင် လုပ် ရာက သစ်ကုန်သည် ဖြစ်ပြီး ပြန် လာတာပဲ ။ အခုအနေများ ဒီ ကျေးဇူးရှင်မကလေး ကို တွေ့ရရင် ကျေးဇူး ဆပ်ပါရဲ့ ။ ဘယ်လောက် ဆပ်ရမယ် ဆိုတာသာ မပြောတတ်တယ် ” ဟု ပြော၍ စဉ်းစားကာ ငေးပြီး ၊ စကား ခပ်မြန်မြန် အပြီး သတ်သော အနေဖြင့် ၊ အခက်သားပဲ မသန်းခင် နာမည်ကို မှ မသိ ။ တစ်ကြိမ် နှစ်ကြိမ် မြင် ရတာကလား ၊ သူ လည်း ဆင်းဆင်းရဲရဲ မဟုတ် ပါဘူးလေ ဟု ပြောကာ စိတ် လျှော့လိုက်လေ၏ ။
သန်းခင် သည် များစွာ အံ့သြ၍ နေလေ၏ ။ နှလုံး မှာ အတောင် ပေါက်၍ ပျံချင်သလို ဖြစ်၍ နေလေ၏ ။ သို့သော် လည်း ကြီးစွာသော ဝမ်းမြောက်ခြင်း ကို အပြင် ၌ မပေါ်ရအောင် ချုပ်တည်း၍ ထားရလေ၏ ။
သန်းခင် သည်လည်း မိမိ ၏ ချစ်သူ အကြောင်း ကို ပြော၍ ပြမည် ပြုသော်လည်း ၊ မပြော လျှင် သာပြီး ကောင်းမည် အယူ ရှိသဖြင့် မပြောဘဲ နေလေ၏ ။
သို့ နေလေရာ တစ်လလောက် ကြာလျှင် ဂျူဗလီဟော မှ အိမ်သို့ ပြန်လာကြလေ၏ ။ ထိုနေ့သည် သန်းခင် နှင့် မောင်သိန်း ၏ မင်္ဂလာဆောင်ပွဲနေ့ကြီး ဖြစ်လေ၏ ။
သန်းခင် သည် မိမိ ၏ ယောက်ျား အား မိမိ သိသော အကြောင်း ကို ပြော၍ ပြချင်သော်လည်း သိလျှင် မိမိ ၏ ရှေ့၌ စိတ်နေ စိတ်ထား ကျုံ့ယုံ့ နိမ့်ကျ၍ သွားမှာ စိုး သောကြောင့် မ ပြောဘဲ ချုပ်၍ ထားလေ၏ ။ ထိုသို့ သေတ္တာ ၌ ရှိသော ပစ္စည်း ကို သန်းခင် ပြင်ဆင်၍ ထည့်နေစဉ် မောင်သိန်း သည် တိတ်တဆိတ် ကပ် ၍ လာပြီး ၊ နောက်၌ ရပ်ကာ ကြည့်၍ နေလေ၏ ။ သန်းခင် ၏ နံဘေး၌ စက္ကူ အလိပ်ကလေး တစ်ခုကို မြင်ရသဖြင့် အမှတ်တမဲ့ ကောက်ယူပြီး ဖြေ၍ ကြည့်လိုက်ရာ စက္ကူ မှာ မိမ ိရေးသော ဒိုင်ယာရီ စာရွက်ကလေး ဖြစ်၍ အတွင်း ၌ တွေ့ရသော အရာမှာ ရွှေလက်ဖွဲ့ နှင့် ရေမွှေးပုလင်းကလေး ဖြစ်၍ နေလေ၏ ။ ထိုအခါ မောင်သိန်း မှာ ဝမ်းမြောက်ဝမ်းသာ အံ့ဩခြင်း ရောစပ်ကာ ၊ အောင်မလေးဗျာ ဟု အလန့်တကြား အော်ပြီး ၊ သန်းခင် ကို ပွေ့ယူကာ ခုတင်သို့ ပြေးပြီး လှိမ့် တင်လေ၏ ။ သေသေချာချာ ပခုံး ကို လက် နှစ်ဘက် နှင့် ကိုင် လှုပ်ကာ “ ပြော ၊ ဒီ မျက်နှာ ဘယ်သူ့ မျက်နှာလဲ ပြော ၊ ဘာပြုလို့ မပြောသလဲ ၊ တစ်ကိုယ်ကောင်း ကြိတ်ပြီး ကြည် နေတာပေါ့ လေ ။ တယ် တော်တယ် ” ဟု မေးလေ၏ ။
“ ဘာလဲ ကိုမောင်သိန်း ရဲ့ ၊ ဘယ့်နှယ်လဲ ပြော စမ်းပါဦး ”
“ ဘာလဲ ညာလဲ နဲ့ ၊ အောင်မယ် လူ ကို များ တစ်ပတ် ရိုက် အပါးနှင် နေတာပေါ့ လေ ။ တစ်ကိုယ်ကောင်း ကြိတ်ကြိတ် ပြီး မြုံ့နေတယ် ။ သူများ တော့ မသိရဘူးပေါ့ လေ ၊ ဒါ ဘာလဲ ၊ ကိုင်း ပြောလေ ။ ဘာပြုလို့ မပြောသလဲ ” စသည်ဖြင့် ပြောကာ စက္ကူ နှင့် ပုလင်းကလေး ကို ပြ လေရာ သန်းခင် သည် ရယ်မောလျက် သူခိုး သူခိုး ဟု အော်ကာ ပုလင်း နှင့် စက္ကူ ကို လု လေ၏ ။ သို့ အတန်ကြာ ခုတင်ပေါ် မှာ လု ကြရာ အတန် ကြာ မှ စက္ကူ ကလေး ကို ဖြန့် ကြပြီး အသက် မရှူဘဲ ဖတ်ကာ ဖတ်ကာ နေကြလေတော့၏ ။
◾ ပီမိုးနင်း
📖 ဗန္ဓုလ ဂျာနယ်
၁၉၃၂ ခုနှစ် ၊ မေလ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment