❝ ကိုပီတိ နှင့် သိုင်းကွက်သစ် ❞
စိမ်းမြမှိုင်းညို ၊ ဝါးရုံတော ။ ပါးပါးလျှလျှ လေပြည်နု ကပင် ပွတ်သပ် တိုးဝင်စရာ နေရာအကြား မရှိအောင် ပူးကပ်ကြပ်နေကြသည့် ဝါးရုံပင်များ ၊ အလယ်မှာတော့ လူတစ်ယောက် သွားရုံ မြေနီ လမ်း ကလေး ။ လူသူ အသွားအလာ နည်းပါးသည့်လက္ခဏာ ဝါးရုံရွက်ကြွေများနေရာယူလျက် ၊ သက်ပင့် တစ်ချက်ရှိုက်ရင်း ရှေ့နောက်ဝဲယာ ကို သူ ကြည့်သည် ။ သက်ရှိသတ္တဝါ တစ်စုံတစ်ဦး မှ မရှိ ။ မြေနီလမ်းကလေး ၏ ဟိုးဘက် အဆုံးမှာတော့ အမှောင်ထု နှင်းစက်တို့ဖြင့် လူးပွတ်လျက် တောင်ပေါ် လေထု က သူ့ ဆံပင်တွေ ကို တိုးဝင်လှုပ်ခတ်သွားစေသည် ။ အေးအေးစိမ့်စိမ့် လေ ကို တရှိုက် သွင်းလိုက်ရင်း သူ့ သိုင်းဆရာကြီး စိုင်းကျောက်လုံး ၏ စကားတွေ ကို ကြားယောင်နေပြန်သည် ။
“ မရဏ ဝေဠုကန္တာ လို့ ခေါ်တဲ့ သေမင်းဝါးရုံတော ဟာ ငွေသားမျှော်စင် သိုင်းဝင်္ကပါ ရဲ့ ပထမ လှေကားထစ် ပဲ ။ အဲဒီ ဝါးရုံတော ထဲမှာ မျောက်သိုင်းဆရာကြီး ယန်စွေ့ဟုန် ရှိလေရဲ့ ၊ သူ့ တိုက်ကွက်တွေ ဟာ သာမန် မျက်စေ့ နဲ့ မမြင်သာအောင် မြန်လွန်းတယ် ။ ဘယ်လောက် အဆင့်မြင့်တဲ့ သိုင်းသမားဖြစ်ဖြစ် ဝါးရုံတော ထဲ ကို ကျော် နိုင်ဖို့ မလွယ်ကူဘူး ။ သိုင်းအကျော်အမော်တော်တော်များများ ဟာ တောစပ်က လှည့် ပြန်ခဲ့ကြရတာချည်းပဲ ၊ မင်း ကတော့ ပညာတော်တော် စုံနေတော့ ဖြတ်သန်းကောင်း ဖြတ်သန်းနိုင်ပါလိမ့်မယ် ”
နောက်ကျောတွင် စလွယ်သိုင်းထားသည့် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ၊ ဝါးရုံတောအုပ် အလယ် မြေနီလမ်းကလေး ပေါ် သို့ ခြေ စ၍ လှမ်းလိုက်သည် ။ တစ်လှမ်း ... နှစ်လှမ်း .... သုံး ...
“ ဝှီး ... ဖတ် .. ဖတ် ... ဒုတ် ... ”
ကွေးညွတ်အိကျသည့် ဝါးရုံကိုင်းဖျား မှ ရိပ်ကနဲ မြင်လိုက်ရသည့် သဏ္ဌာန် တစ်ခု ။ မြေပေါ် အရောက် အခြား ဝါးရုံကိုင်း ဆီ ခုန် တက်ရင်း လက်တွင်းက ပစ္စည်းတွေနှင့် ပစ်ပေါက် တိုက်ခိုက်သွားသည် ။ ဘာ လက်နက်မှန်း မသိလိုက် ။ နောက်ကျွမ်း ထိုး၍ ရှောင်တိမ်းခြင်းသာ မပြုလိုက်နိုင်လျှင်
“ ဝေါ ... ဝုန်း ... ဝုန်း ... ”
နောက်ကျောဘက် မှ ဝါး သုံးလေးပင် ပြတ် ကျလာသည် ။ ဘုရား ... ဘုရား ... သံမဏိစကြာလက်နက်တွေ ၊ လူ မဆိုထားဘိ ဆင်လည်ပင်းတောင် တိခနဲ ဖြတ်လှီးပစ်နိုင်သည့်အရာတွေ ၊ အို သေတစ်နေ့ မွေးတစ်နေ့ပဲ ငါ လိုချင်တဲ့ ရောင်စဉ်ခုနစ်လွှာ ကို မရမချင်း မပြန်တော့ဘူး ။ ကိုင်း တွေ့ကြသေးတာပေါ့ ။ ယန်စွေ့ဟုန် ရယ် စိတ်တွင်းမှ ကြုံးဝါးရင်း ခြေဖော့၍ ရှေ့ တိုးလိုက်သည် ။
“ ဖြောင်း ... ဖြောင်း ... ဝှစ် ... ဝှစ် ... ”
လေ မတိုးဘဲ ဝါး တစ်ပင် အလိုလို ငဲ့ကျ ၊ စောင်းအိ ၊ ထိပ်ဖျားက မြားတစ်စင်းလို ပြေးဝင်လာ ။ အလိုက်သင့် ခုန်ပြီး ဝါးရုံကိုင်းများပေါ် ကိုယ် ဖော့၍ လိုက်သွားသည် ။ ထိုစဉ် လေယာဉ်ပျံတစ်စင်း လို တည့်တည့်ကြီး ဝှီးကနဲ တိုးဝင်လာသည့် လူရိပ် ကို နွဲ့ ရှောင် ။ ကျော ဆီက ဓား ကို ထုတ် ပိုင်းချ ၊ ခုန်ဆင်း ၊ ဓား ကို အပေါ်ပြန်ထောင် ၊ ရန်သူ ရှိရာကို အမြင် အာရုံစိုက် ၊ ဇယ်စက်သလို တရစပ် လှုပ်ရှားပစ်လိုက်သည် ။ ဓားဖျား တွင် ဆံပင်တစ်ထွေး ပြတ်ငြိလျက် ပါလာသည် ။
“ ဝေါ ... ရွှမ်း ... ဖတ် ... ဝှစ် ... ”
ဝါးတစ်ပင် ကို ကျောမီကပ်တွယ်သည့် လူရိပ် ပီပြင်လာသည် ။ ရှည်လျားသော ဆံပင်ထူပျစ်ပျစ်မုတ်ဆိတ် နှင့် သားမွှေးဝတ်စုံဝတ် လူတစ်ယောက် ၊ ပြူးကျယ်ဝိုင်းစက်မျက်လုံးတွေကို တမင် မှေးစင်းကြည့်ရင်း ...
“ ဟား ဟား ဟား ဟား လုပ်ရှူချောင်းဖျား မှာ ဆိပ်လူးကြာပွတ် ဝမ်းလီ ရဲ့ အလောင်း ကို တွေ့ ကတည်းက မောင်ရင် ကျုပ် ဆီ လာမှာပဲ ဆိုတာ သိပြီးသား ။ အကွက်ကလေးတွေ မဆိုးပါဘူး ။ ကိုင်း ဘာပြုလို့ ဝမ်းလီ ကို သတ်ခဲ့တာလဲ ... ပြောစမ်း ”
“ သူ က ကျုပ် ကို ကြာပွတ် နဲ့ လိုက် ရိုက်တယ်ဗျ ကျုပ် လည်း ခုခံရင်း လက်လွန်သွားတယ် ဆိုပါတော့ ”
“ ဝမ်းလီ ... ဝမ်းလီ ... သိပ် မိုက်တဲ့ ကောင် ၊ အဲဒါ သူ့ ကြာပွတ် မဟုတ်ဘူးကွ ၊ မြင်းသိုင်းဝိဇ္ဇာပိုက်ကြီး ရဲ့ကြာပွတ် ၊ အင်း ခုတော့ သူ့ အတတ် နဲ့ သူ သွားပြီပေါ့လေ ။ ကိုင်း မင်း ဒီနေရာက လှည့် ပြန်ဖို့ ပြင်ပေတော့ ... ”
“ ကျုပ် က ငွေသားမျှော်စင် က ၊ ရောင်စဉ်ခုနှစ်လွှာဓား ကို ရမှ ပြန်မှာဗျ ”
“ ဒီလို ရည်ရွယ်ချက်နဲ့ လာသူတိုင်း ဒီနေရာမှာ အသက်စွန့်ရတာချည့်ပဲ ကွ ၊ ဒီမှာ ချာတိတ် မျောက်သိုင်း ယန်စွေ့ဟုန် ဆိုတာ မင်း မကြားဖူးဘူးလား သွား ”
သူ တွေးကြည့်နေရင်း အသိအာရုံမှာ ဆရာကြီး ဦးစိုင်းကျောက်လုံး ရုပ်သွင် ပေါ်လာသည် ။
“ ယန်စွေ့ဟုန် ဟာ ရန်သူ ကို တိုက်ခိုက်တော့မယ် ဆိုရင် သူ့ ကိုယ်သူ မျောက်တစ်ကောင်လို စိတ် သွင်းပစ်လိုက်တယ် ။ အဲဒီအချိန်မှာ သူ ဟာ လူ မဟုတ်တော့ဘူး ။ မျောက်ရိုင်း တစ်ကောင် ဖြစ်သွားပြီ ၊ ဒါကို မင်း သတိထားပြီး ရင်ဆိုင်ရမှာပဲ ”
သူ နှုတ်ခမ်း ကို တင်းတင်းစေ့ပြီး ယန်စွေ့ဟုန် ကို ကြည့်ကာ
“ မသွားဘူး ဆိုရင်ကောဗျာ ”
ဘာအဖြေမှ မရတော့ ၊ ယန်စွေ့ဟုန် မျက်တောင်တွေ ပုတ်ခတ် ၊ ပုတ်ခတ် လုပ်ရင်း လက်ပြင်ကြီး တအိအိ ကိုင်းကျလာသည် ။ နှုတ်ခမ်းတွေလည်း မောက်မောက်စူစူကြီးတွေ ဖြစ်လာသည် ။ မျောက်စိတ်တွေ ဝင်နေပြီ ၊ ငါ့ ကို တိုက်ခိုက်တော့မယ် ၊ အရေးကြီးတာက သိုင်းပညာ မှာ လက်ဦးမှု ၊ လက်ဦးမှု ကို အရယူဖို့ အတွေး နှင့် အလုပ် ဆက်တိုက် ဖြစ်သွားသည် ။ အသင့်ဆောင်လာသည့် ခါးကြားမှ အထုတ်ငယ်တွေနှင့် ယန်စွေ့ဟုန် ကို တရစပ် ပစ်ပေါက်လိုက်သည် ။
“ ဖတ် ... ဖတ် ... ကွီ ... ကွီ ... ဖရူး ... ဖရူး ... ”
အမှတ်မထင် မျက်နှာပေါ် ပြေးကပ်ကုန်သည့် အရာတွေကို အနံ့ ခံရင်း ယန်စွေ့ဟုန် ထိတ်လန့်တကြား ခွာပစ်သည် ။ ပြီးတော့ မြေပြင်ပေါ် ဝုန်းကနဲ ခုန် ချပြီး လက်ဝါးတွေ ကို သွေးစိမ်းရှင်ရှင် ပန်းထွက်သည်ထိ ပွတ် နေပြန်သည် ။ သူ့ အာရုံမှာ ဆရာကြီးစိုင်းကျောက်လုံး ကို ဖြတ်ကနဲ သတိရမိသည် ။
“ ကိုယ်လုံပညာ ရဲ့ အဓိကသော့ချက်ဟာ ဉာဏ်ရည်ပါးနပ်မှုပဲ ၊ လေ့ကျင့်မှု ဘယ်လောက် တော်တော် ဖြတ်ထိုးဉာဏ် မရှိရင် အလကားပဲ ။ ကြိုးဝိုင်းထဲ က ပြိုင်ပွဲ မဟုတ်သ၍ ဘယ် စည်းမျဉ်းဥပဒေ မှ လိုက်နာ နေစရာ မလိုဘူး ”
မျောက်စိတ် ဝင်နေသည့် ရန်သူ အား ငပိထုပ်တွေ နှင့် ပေါက်ထည့် လိုက်ခြင်းသည် မှန်ကန်သော တိုက်ကွက် ။ မျောက် သည် ငပိ အသေအလဲ ရွံရှာ ကြောက်ရွံ့သည် မဟုတ်လော ။ အာရုံထွေပြား၍ လူ လို နေရကောင်းနိုးနိုး ၊ မျောက် လို နေရကောင်းနိုးနိုး ဖြစ်နေသည့် ယန်စွေ့ဟုန် ဆီ လှစ်ကနဲ ပြေးဝင်ကာ သေမင်းလက်ဝါး တစ်ချက် လွှတ်သည် ။
“ ဖြောင်း ... ဝှီး ... ဝှီး... ”
မျက်နှာတစ်ခြမ်း ရွဲ့ထွက်အသွား ၊ ပတ်ချေဖဝါး လှည့်ရိုက်သည် ။ လည်ပြီး ငိုက်အကျ ၊ အရှိုက် ဆီသို့ ဒူးပျံတစ်ချက် သွင်းကာ ၊ ကျောရိုး တည့်တည့် တဒေါင်ဖြင့် ထောင်း ချလိုက်သည် ။ နားတွေ ၊ ပါးစပ်ထဲမှ သွေးတွေ စီးကျကာ မြေနီလမ်း အလယ်၌ ပက်လက်လန်လျက် နောက်ဆုံး ထွက်သက်ကို လုယက် ထိန်းသိမ်းနေဆဲမှာပင် ၊ မျက်နှာစိမ်း လူရွယ် ၏ မျက်နှာနား ကပ်၍ တီးတိုး ပြောလိုက်သည့် စကားစုတွေကို ယန်စွေ့ဟုန် သဲ့သဲ့လေး ကြားလိုက်ရသည် ။
“ အကြွေးတွေ များလွန်းလို့ သေလည်း အေးရော ဆိုပြီး ၊ ဒီ ခရီးကို ထွက် လာတာ ၊ ငါ သေ မှာ မကြောက်ဘူး ကွ ။ နောင် ဘဝထိဆက် မှတ်သွား ၊ မင်းတို့ ကို အနိုင် ယူသွားတဲ့သူ ဟာ မြန်မာပြည် က လူရွှင်တော် ပီတိ တဲ့ ဟားဟား ”
°°°°° °°°°° °°°°°
လင်ဖမ်းဥယျာဉ်တော် ၊ ဝါးရုံတောမှအထွက် မိုးမခ ၊ ဝက်သစ်ချ နှင့် ထင်းရူးပင်များ ဝန်းရံထားသည့် လွင်ပြင် ။ ထူထပ်သည့် တိမ်သား အပြည့် ကောင်းကင်နောက်ခံဝယ် စိုလန်းတောက်ပနေသည့် အလှ ။ ပန်းရောင်စုံတို့ ဝေဆာလျက် ၊ လွင်ပြင် အလယ်တွင် ကြာပန်းတွေ ကြာဖတ်တွေ စီရရီ နှင့် ရေကန်ငယ် ။ ရေကန်ငယ် အဝင်မုခ်ဦး ၌ ယပ်တောင် ကို ဖြန့်ကိုင်လျက် လက်တစ်ဖက်က ခါး ကို ထောက်ထားသည့် ရင်ဆိုင် မိန်းမပျို ကျောက်ရုပ်တု လေးခု ။ လေပြည်တစ်ချက် ဝေ့သွားသည် မိုးရနံ့သင်းသင်း ၊သူ့ မုခ်ဦး ၏ မလှမ်း မကမ်းတွင် ရပ်လျက် စဉ်းစားနေခိုက် ။ ဆရာကြီး ဦးကျောက်လုံး ၏ ရုပ်လွှာ က ပေါ်လာပြီး ...
“ လင်ဖမ်း ဟာ ဒုတိယ လှေကားပဲ ၊ ငွေသားမျှော်စင် ကို သွားဖို့ လင်ဖမ်းဥယျာဉ်တော် ကို မဖြတ်ဘဲ မရဘူး ၊ သိုင်းသမား တို့ ရဲ့ နောက်ဆုံး ခရီးလို့ ခေါ်တယ် ။ မုတ်ဆိတ်ဖြူဘိုးဘိုး ဟိုယောင်ဝါး ရဲ့ သမီးတွေ ၊ ညီအစ်မ ခုနစ်ဖော် စောင့်တယ်လို့ အဆို ရှိတယ် ။ အခုတော့ လေးယောက် ပဲ စောင့်သတဲ့ ။ အဲ ဘယ်လောက် အဆင့်မြင့်တဲ့ သိုင်းသမား ဖြစ်ဖြစ် လင်ဖမ်း ကို ရောက်တာနဲ့ ပြန်လမ်း မရှိတော့ဘူး မှတ် ”
“ သေကုန်ကြတာလား ဆရာကြီး ”
“ အိမ်ထောင် ကျ ကုန်လို့ ဟ ။ ခွီး တဲ့မှပဲ ။ လင်ဖမ်း ပါလို့ ဆိုနေမှ ”
အတွေးစ ကို ဖြတ်သည် ။ ပတ်ဝန်းကျင်တစ်ခုလုံး သူ့ အသက်ရှူသံ မှ လွဲ၍ ပကတိ တိတ်ဆိတ်ငြိမ်သက်လျက် ။ ရေကန်အလယ် ကြာပန်းတွေပေါ် ဝဲနေသည့် လိပ်ပြာ တို့ တောင်ပံခတ်သံ ကိုပင် ကြား နေရ၏ ။ သူ ကျောက်ထု နှစ်ခုကြားသို့ တိုး ဝင်လိုက်သည် ။
“ ရွှတ် ... ရွှတ် ... ဝှီး ... ဝေါ ... ”
အချိန်မီ နောက်သို့ ခုန် မဆုတ်မိလျှင် ခန္ဓာကိုယ် နှစ်ခြမ်း ပြတ်ထွက်သွားလောက်သည် ။ ကျောက်ယပ်တောင် သိုင်းကွက် ။ ရုပ်တုများ ၏ တိုက်ခိုက်မှု ၊ သူ ကြည့်နေခိုက်မှာပင် ရုပ်တုတွေ အသက်ဝင်လာပြီး ရှေ့ဆုံး ရုပ်တု နှုတ်ခမ်းလွှာတွေ လှုပ်တွန့်ကာ
“ လင်ဖမ်း ဥယျာဉ်တော် ရဲ့ သခင် လင် ညီအစ်မများ က ကြိုဆိုပါတယ် ”
“ ကျွန်မတို့ က အပျိုစစ်စစ်တွေပါ ။ ကျွန်မ နာမည်က လင်ရှောင် ”
“ မင်း ဟာ အပျိုကြီး ဖြစ်ရမယ် ”
“ ကျွန်မ က လင်ရှောက်ရှာ ”
“ မွတ်သိပ်နေတဲ့ နှလုံးသားပိုင်ရှင်ပါလား ”
“ ကျွန်မ က လင်ကျန်းရီ ”
“ အမယ် လင် ကြမ်းတာတောင် ရယ် တယ် ဆိုတော့ တော်တော် ဆိုးမျိုး ခံနိုင်တာပဲ ”
“ ပေါကြောင်ကြောင်တွေ လျှောက် ပြောမနေနဲ့ ကျွန်မ က အငယ်ဆုံး လင်လုယူ ”
“ ဘုရား ဘုရား အာဂသတ္တိပါလား ကလေးမရယ် ”
အကြီးဆုံး က နှုတ်ခမ်းနှစ်လွှာကို တင်းတင်း စေ့ရင်း မဲ့ပြုံးကလေး ဖြင့် -
“ ဥယျာဉ်တော် ကို ဖြတ်သန်း သွားလာသူ မှန်သမျှကို သုတ်သင်ပစ်ဖို့ ကျွန်မတို့ သစ္စာ ဆိုထားရပါတယ် ရှင် ”
မိုးချုန်းသံ တစ်ချက် ကြား လိုက်ရသည် ။ ပန်းနုသွေးအလှမျက်နှာကလေးတွေ ကိုယ်စီမှာ တာဝန်မှ လွဲ၍ ကျန် ခံစားမှုအလျဉ်း မရှိသည့် အသွင် ။
“ ဒီတော့ အေးအေးချမ်းချမ်း အိမ်ထောင်ပြုပြီး ဒီမှာ နေမလား ၊ အသက် မပါတဲ့ ခန္ဓာကိုယ် နဲ့ ဟိုဘက်ကို ခရီး ဆက်ချင်သလား ၊ ရွေးချယ်ပါတော့ ”
သူ့ ကြောပြင်ဆီက စိမ့် ကနဲ ဖြစ်သွား၏ ။ ပြီးမှ အားတင်းရင်း
“ ကျုပ် ခရီးနဲ့ပန်းတိုင် ဟာ ငွေသားမျှော်စင် ပဲ ၊ မရောက်မချင်း သွားဖို့ ဆုံးဖြတ်ပြီးပြီ ”
အငယ်ဆုံး လင်လုယူ က ဝင်၍
“ ကိုင်း မမ ပဏာမ တိုက်ကွက် ဖြစ်တဲ့ မမ ရဲ့ ကျောက်စိမ်းပလွေ နဲ့ နှုတ်ဆက်လိုက်စမ်းပါ ”
ဆရာကြီး ၏ ရုပ်သွင် ကို ပြန် ဖော်ရပြန်သည် ။
“ လင်ရှောင် ဟာ ပလွေဝိဇ္ဇာ ပဲ ။ ပလွေ စွမ်းဟာ လူ မပြောနဲ့ ဆင်ရိုင်းတွေတောင် ဘုန်းကနဲ လဲ သေနိုင်တဲ့ အထိ ။ အဓိကကတော့ သူ့ ပလွေသံ ကို မင်း နား မစွဲဖို့ဘဲ ။ သူ ပလွေစွမ်း ပြ နေချိန်မှာ မင်း အာရုံ ဟာ တခြားမှာ ရောက်နေပါစေ ။ နို့မို့ဆိုလို့ကတော့ မင်း ကိစ္စ ပြီးပြီသာ အောက်မေ့ ။ နားစည်တွေ ကွဲထွက်ကုန်မယ် ။ အာရုံကြောတွေ ပြတ်ကျကုန်မယ် ။ မွှေးညင်းပေါက်တွေကတောင် သွေးစိမ်း ရှင်ရှင် ပန်းထွက်ကုန်မယ်ကွာ ”
စဉ်းစားနေခိုက်မှာပင် လင်ရှောင် ၏ နှင်းဆီသွေးနှုတ်ခမ်း နှစ်လွှာကြား မှာ ကျောက်စိမ်းပုလွေ ရောက်သွားသည် ။ သာယာညင်းပျောင်း အသံ ။ သူ့ အသိ အာရုံ မှန်သမျှကို သူ့ စီးပွားရေးပေါ် ပုံချထားလိုက်သည် ။ စိတ်ညစ်စရာ ၊ ဒေါသဖြစ်စရာ ၊ ပူပန်စရာ တွေသာ အလှည့်ကျ စိုးမိုးကုန်သည် ။ ပလွေ ဘာမှ မထိရောက်လိုက် ။
“ ညီမလေးတို့ မမ တော့ အာ ညောင်းတာပဲ အဖတ် တင်တယ် ၊ သင်း က အတွင်းအား အတော် ကောင်းတာကိုး ကွဲ့ ၊ ဒီတော့ ညီမလေးတို့ တစ်လှည့် ဝိုင်း တိုက်လိုက်ကြစမ်း ”
အမိန့် ပေးသံ မဆုံးလိုက် ။ ရိပ်ကနဲ ၊ လွှားကနဲ ထိုးခုတ်တိုက်ခိုက်မှုတွေ ဆင့်ကာ ဆင့်ကာ လက်ဝါးချင်း ရိုက်သံ ၊ ဖနောင့်ချင်း ထိသံ ၊ မာန်ဖီသံတွေ ပွက်ပွက် ညံသွားသည် ။ နာရီဝက် နီးပါး လက်ရည်တူ နေသည် ။ သူ လည်း မောလှပြီ ။ သည်အခိုက် တောင်ပေါ် မိုးသည် အညှိုး နှင့် ရွာ ချလေတော့ရာ သူငယ်မများ ၏ ပိုးသားဝတ်ရုံလေးတွေ မှာ ရေ ထိပြီး ဖြူဝင်းသော အသားတွေဆီ ကပ် ကုန်သဖြင့် မိန်းမသား ပီပီ အရှက်တရား ကို ဦးစားပေးကြလေရာ ။
“ ဟယ် အို လုပ်ကြပါဦး ဟွန့် အဲလို မကြည့်နဲ့ကွယ် လေ့ ”
သူတို့တွေ ဖုံးဖို့ ၊ ကွယ်ဖို့ လုံးပမ်းနေခိုက် ၊ အခွင့်ကောင်း ယူ၍ တိုက်ခိုက် ရပေတော့သည် ။ ဟီရိဩတ္တပ္ပ တိုက်ကွက်
“ ဖြောင်း ... ဖတ် ... ဝှစ် ... ဝှီး ... ဒုတ်... အား ... ”
ကွမ်းတစ်ရာညက်ခန့် အကြာမှာ အေးဆေးစွာပင် ဥယျာဉ်တော် အတွင်းမှ ထွက်ခွာသွားသည် ။ မိုးလည်းစဲပြီ ၊ သို့သော် လင်ဖမ်း ရေကန်တော် အတွင်းသို့ စီးဆင်းနေသော မိုးရေ တို့ မှာ အနီရောင်များ ဖြစ်နေတော့သတည်း ။
°°°°° °°°°° °°°°°
ဆုံးစ မမြင်နိုင်သော နှင်းပြင်လွှာ ၊ ဆီးနှင်းမြူငွေ့တို့ ရစ်ပတ်လျက် တိမ်ထုကို ဖောက်ခါ မိုးကောင်းကင် ကို ကျားကန်ပေးထားသည့်နှယ် မြင့်မားမတ်စောက်သော နှင်းတောင် ( သို့မဟုတ် ) ငွေသားမျှော်စင် သိုင်းဝင်္ကပါ ၊ သိုင်းလောကသား တို့ မက်မောလွန်းလှသည့် ရောင်စဉ်ခုနစ်လွှာဓား သည် သူ့ ကို ငံ့လင့် ကြိုဆိုနေပေပြီ ။ ပတ္တမြား ၊ မြ ၊ စိန် ၊ နီလာ ၊ ဂေါ်မုတ် ၊ ပုလဲ ၊ ဣန္ဒနီလာ ၊ ရတနာခုနစ်မျိုး စီချယ်၍ ရွှေသား ကို အပြားခတ်ပြီး အသွား တတ်ထားသည့် လက်ကိုင်အရိုး က ကျောက်စိမ်း အတိ ။ ရတနာတွေ ကို သူ့စွမ်းအင် နှင့် သူ အတိုက် ဓာတ် ၊ အခံ ဓာတ်သဘော နှင့် အချိုးကျ ပေါင်းဖွဲ့စီရင်ထားသည့် ဓား ။ အသွား နှင့် နေရောင် ကို ခံယူ၍ အရောင် ပြန်ရုံ နှင့် ရောင်ပြန်အလင်း ထိချက်သည် လူ နှစ်ယောက် ဖက်စာ သစ်ပင်ကြီးတွေ ကိုပင် ရွှေမွှာရေပန်းတွေ ဝါးနှစ်ရိုက် ခန့် မြင့်တက်လာပြီး ၊ ဓား ထိသည့် နေရာမှာ ရေလွှာ ကွဲအက်၍ လက်ဖျစ်တစ်တွတ်ကြာမှ ပြန်စေ့သော ဟူ၏ ။ လောဘ အတွေးများဖြင့် မမောနိုင် ၊ မပမ်းနိုင် နှင်းထု ကို ဖြတ်နင်း၍ တက်လာဆဲ
“ ဝုန်း ... ဟီး ... ဟီး ... ဟား ... ဟား ”
နှင်းခဲတွေ ဖွားကနဲ မြောက်တက်သွားပြီး ၊ လူ သဏ္ဌာန် ပေါ်လာသည် ။
“ ဟာ နှင်းခဲရာဇာ ရှောင်လိမ့် ပါလား ”
အတွေး၌ ဆရာကြီး ကို ဖော်ယူပြန်သည် ။ ဆရာကြီး မကျေမနပ် မျက်နှာကြီး နှင့် “ ဟေ့ကောင် ငါ့ ကို ခဏခဏ သတိ မရပါနဲ့ကွ ၊ မင်း သတိရတိုင်း ငါ က ဒဿန တစ်ခု ၊ တစ်ခု ပြောနေရတာ ၊ ငါ့ လဲ ပြောစရာ ကုန်ပြီ ၊ ခွီးတဲ့မှ ပဲ ”
ဆရာကြီး ပြန် ပျောက်သွား၏ ။ တတ်နိုင်ပါဘူး ။ ကိုယ့် အား ကိုယ် ကိုး ရတော့မှာဘဲ ၊ နှင်းခဲရာဇာ ခါးထောက်ရင်း -
“ လာ လာ လူကလေး ၊ မင်း ကို ရှင်းပြစ်ဖို့ အထက်ဆင်နက်ဂိုဏ်း က ငါ့ ကို လွှတ်လိုက်တာ ၊ ဓား တော့ မရဘူး ၊ ဒါပဲ ရမယ် ”
နှင်းခဲရာဇာ ကိုယ်လုံးကို မွှတ်နေအောင် လှည့်သည် ။ ပြီးတော့ နှင်းလွှာ ကို လျောတိုက်၍ ပြေးဝင်လာသည် ။ အတွင်းအားဖြင့် ပွေ့ ထုတ်လိုက်သည့် လေအရှိန် ဖြင့်ပင် အရေပြားတွေ ပွန်းပဲ့ကုန်သည် ။ ရှိသမျှ အတွင်းအားဖြင့် ခုခံသော်လည်း မရ ။ ရှောင် ဆုတ် ဆုတ်နေရသည် ။ ဒီ တစ်ချီတော့ ကိစ္စ ချောပြီ ထင်ပါရဲ့ ၊ နှင်းခဲရာဇာ လက်တစ်ကမ်း အလိုတွင် နှင်းပြင်တစ်ခုလုံး တုန်ခါ ပဲ့ကျသွားသည် ။ ရုတ်တရက်မို့ မထိန်းနိုင်တော့ဘဲ အသူတရာချောက် တွင်း သို့ နှင်းခဲရာဇာ ဇောက်ထိုးမိုးမျှော် ကျသွားလေတော့သည် ။
“ ဝေါ ... ဝုန်း ... အား ... ”
“ ဟား ဟား ဟား မြန်မာပြည် က ပီတိ ကွ ၊ ဘယ်သူ ဘာတတ်နိုင်သေးလဲ ၊ ရောင်စဉ်ခုနစ်လွှာဓား ကို ငါ ပိုင်တော့မယ် ။ ဘာ အစွမ်းသတ္တိ ကို မှ အသုံး မချဘူးဟေ့ ၊ ရတနာတွေ ကို ရောင်းစားမယ် ။ အကြွေး ဆပ်ပြီး အငြိမ့် ထောင် မယ်ကွ ။ ငါ ကြီးပွားပြီ ။ သူဌေး ဖြစ်ပြီ ၊ ဘယ်သူတွေ ယှဉ်ဦးမလဲကွ ၊ လာစမ်း ကွန်ဖူးတွေ ၊ ရှောင်လင်တွေ ၊ ဝူရှူးတွေ ၊ လေသိုင်း ၊ ကျားသိုင်း ၊ စွန်သိုင်း ၊ မျောက်သိုင်းတွေ ဟား ဟား ဟား ဟား ဘယ် သိုင်းသမားမှ အရှုံး မပေးဘူးကွ ၊ မင်းတို့ တရုတ်သိုင်းအကျော်အမော်တွေကို ဖြိုပြီး အောင်ပွဲခံတဲ့ ပီတိ ကွ ဟား ဟား ဟား ”
“ ကိုပီတိ ၊ ကိုပီတိ ”
စူးစူးပြာပြာအသံ လှုပ်နှိုး လိုက်တာကြောင့် ကိုပီတိ လန့်နိုးသွားတယ် ။ ပြာယာခတ်နေတဲ့ ဇနီးသည် မပွဲကြည့် ရဲ့မျက်နှာ ကို ငေါင်စင်းစင်း စိုက်ကြည့်ရင်း
“ ငါ့ ရောင်စဉ်ခုနစ်လွှာ ရော ဘယ်မှာလဲ ”
“ အို တရုတ်သိုင်းဝတ္ထုတွေ ဖတ်ပြီး ဘာ ဂယောင် ကယင်အိပ်မက် တွေ မက်နေတာလဲ ၊ တော့ ကို ပြောမလို့တော့ နားထောင်စမ်းပါ ”
“ ပြောပါဟ ဘာများတုန်း အလန့်တကြား ရှိလိုက်တာ ”
“ ကျုပ် တို့ အခု ငှားနေတဲ့ အိမ် ကို ဟို လမ်းထိပ် က ဆန်ခေါက်ဆွဲ ပိုင်ရှင်တွေ ကို ရောင်းလိုက်ပြီတဲ့ တော့ ၊ ရွှေလီ က ဆိုလား ၊ မူဆယ် က ဆိုလား ၊ သူတို့ နှမတွေ ဆွယ်တာဆိုင် ဖွင့်ဖို့ တဲ့ ၊ အဲဒါ သုံးရက် အတွင်း ရွှေ့ ပေးရမှာ တဲ့ ”
“ ဟင် ဟုတ်လား မပြောမဆိုကြီး ဟာ ”
“ သူတို့ချင်း စကား ရှိတာ ကြာ ပြီတဲ့ ၊ အိမ်ရှင်ကလည်း ကျုပ်တို့ ဆီက လခ မရတာ သုံးလ ဆိုတော့ ယူရင်း ယူရင်းနဲ့ ဒီလို ဖြစ်သွားတာပေါ့တော် အဲဒါ အိမ်လေး ဘာလေး ရှာဦးတော့ ”
ပြောပြီး ထွက်သွားတဲ့ မပွဲကြည့် ကို ငေးကြည့်နေရင်း ကိုပီတိ သက်ပြင်း ချတယ် ။ ပွဲကြဲ လမ်းကြဲ နဲ့ ခေါင်ခိုက်နေတဲ့ စဘော် ၊ မိုး ထိုးနေတဲ့ အိမ်လခတွေ ဘယ်လိုလုပ် ငါ ရှာ နိုင်မှာလဲ ပွဲကြည့် ရယ် ။ မိသားစုငါးယောက် စရိတ် နဲ့ တင် ၊ ငါ ချာလည်ပတ်ရမ်းနေတာ နင် အသိပါ ။ အင်း လောလောဆယ်တော့ မြစ်ငယ် က အဒေါ်အိမ် မှာ ခဏ သွား နေရမှာပဲ ၊ ပြီးမှ ကြည့် စီစဉ်ရမှာ ၊ ဒါတောင် မြို့ထဲမှာ မလွယ်ဘူး ၊ မြို့သစ် လို ၊ အမရပူရ လို နေရာမျိုးပဲ ရွှေ့ရမှာ ။ တောက် ဒီ လူများ ကလည်းကွာ တစ်လ လောက်များ ကြို ပြောပါတော့ ၊ ငါ့နှယ် ။
ကိုပီတိ စိတ်ထွေထွေ နဲ့ လျှောက်တွေးရင်း ခေါင်းကုတ်ပြီး မန္တလေး နဲ့ နီးနီး နေရာတွေ စဉ်းစားကြည့်တယ် ။ ဘယ်မှစဉ်းစား မရတဲ့အဆုံး ၊ အတွေးတွေ ကို ဖြတ်ပြီး ဖတ်လက်စ တရုတ်သိုင်းဝတ္ထု ကို ကောက်ပြီး မျက်နှာဖုံး ကို လှန်ကြည့်လိုက်တော့ နာမည် က -
“ အဝေးရောက် လျှပ်တစ်ပြက် သိုင်းကွက်သခင် ”
◾ ချစ်စရာ
စကားချပ် -
( ၎င်း ရောင်စဉ်ခုနစ်လွှာဓား ၊ ငွေသားမျှော်စင် သို့ သွားရောက်လိုသူများအတွက် မြေပုံ သားရေချပ် ရှိသော်လည်း ၊ ပေါ်ပင် စီးပွားရေးမဂ္ဂဇင်းများ မှ ပုဂ္ဂိုလ်များ ၊ အပြိုင် သွား၍ သတင်း ယူကြလျှင် အစုလိုက် အပြုံလိုက် သေကုန်မည် စိုးသဖြင့် ၊ အချိန်မီ ဖျက်စီး ပစ်လိုက်ရပါကြောင်း ။ )
📖 ကိုပီတိ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment