❝ ချစ်လျှင် အကျိုး ❞
[ ၁ ]
ယနေ့ မိတ်ဆွေ သည် နက်ဖြန် ရန်သူ ဖြစ်ရ၏ ။ ယနေ့ ရန်သူ သည် လည်း နက်ဖြန် မိတ်ဆွေ မဖြစ်နိုင်ဟု မည်သူမျှ မပြောနိုင်ပေ ။ ပြောင်းလဲခြင်းကား လောက ဓမ္မတာ ။
ထိုဓမ္မကာအရ ၊ မြန်မာပြည် ၏ အခြေအနေ မှာလည်း ပြောင်းလဲ၍ လာခဲ့ရလေ၏ ။ သို့သော် ထို ဓမ္မတာ ကို နား မလည်သော လူအချို့တို့ ဒုက္ခ ရောက်ရမည်မှာလည်း စစ် ၏ မငဲ့နိုင်သော ဓမ္မတာတစ်ရပ်ပင် ဟု ဆိုရမည်ဖြစ်ပေ၏ ။
ဗိုလ်မှူးကြီးဗထူး တို့ ဂျပန် ကို ပုန်ကန် ကာ စစ် ကြေညာလိုက်သောအချိန်တွင် မြန်မာ တပ်စိတ်ကလေးတစ်ခု သည် အထက် မြန်မာပြည် အစွန်ဆုံး ဒေသ ကုလားနှင့်မြန်မာပြည် နယ်စပ် အရပ် တစ်နေရာတွင် ရောက်၍ နေ၏ ။ ထို မြန်မာတပ်စိတ်ကလေး ကို ဆေးကျောင်းသားဟောင်း တစ်လိုင်း တစ်ပွင့် ရ တပ်စိတ်မှူး ဗိုလ်ကလေး ဗိုလ်မြဒင် အုပ်ချုပ်လျက် ရှိ၏ ။
သို့သော် ထို မြန်မာတပ်စိတ်ကလေးကား ဂျပန်တပ် ခွဲတစ်ခုနှင့် အတူ ချီတက်၍နေသော တပ်စိတ်ကလေးဖြစ် ၏ ။ ဂျပန်စစ်ဗိုလ် က အုပ်ချုပ်ရာ မြန်မာတပ်စိတ်မှူး ဗိုလ်ကလေး မြဒင် ကား ဂျပန်စစ်ဗိုလ် ၏ လက်အောက်ခံ ဖြစ်ပေ၏ ။
အထက်တွင် ဆိုခဲ့သည့်အတိုင်း မြန်မာပြည် ၏ စစ် မြေပြင် အခြေအနေအရ ဂျပန်တပ်မ တပ်ခွဲ အသီးသီး တို့ကို မဟာမိတ်တပ်များ အား ပိတ်လှောင်ချည်နှောင် ၍ ဖမ်းရန် စစ်ရေး ငင်သည့် စစ်ပရိယာယ် ကို သုံးကာ မြန်မာပြည် အထက်ပိုင်း နယ်ခြား အရပ်ရပ်တွင် ပြန့်ကြဲစွာ ချ၍ထားလေ၏ ။ ထို ဂျပန်တပ်ခွဲကလေး မှာလည်း ထို ပရိယာယ် စာရင်း ဝင် တပ်တစ်တပ် ဖြစ်ရာ ထို ဂျပန်တပ်ခွဲတွင် ဒိုင်တိုဝကျိုဧကင် ဆိုသော အာရှတိုက် စည်းလုံးရေး ဂျပန့်ကြွေးကြော်သံ အရ ဗိုလ်မြဒင် ကြီးမှူးသည့် မြန်မာတပ်စိတ်ကလေး က သာတူညီမျှ ပါခဲ့ရခြင်း ဖြစ်၏ ။
သို့သော် အခြေအနေအား ပြောင်းလဲခဲ့ချေပြီ ။
“ ယခင်ကမူ စိတ်တူညီမျှလို့ အောင်ပကုလား ၊ မကြာမီ သုတာဝေရီလို့ ခေမာပြည် ညိုညိုအုန်းရယ် ... မုန်းကြ စို့လား ... ”
ဒိုင်တိုဝကျိုဧကင် လည်း မကယ်နိုင်တော့ပြီ ။ ဘိရုမာ နိပွန် တူတူပဲ တို့မှာလည်း လောက ၏ ပြောင်းလဲခြင်းတရား ကို မလွန်ဆန်တော့ပြီ ။
ဗထူး မကောင်းဘူး ရှိတယ် က ။ ဘိရုမာစစ်သား မကောင်းဘူး က .. ဟူသော စကား သည် အလွန် ဝေးကွာလှသော မြန်မာပြည် အထက်ပိုင်း နယ်ခြားဒေသ လူမနီးသူ မနီးသည့် ဗိုလ်မြဒင် တို့ ရှိရာ ဌာနကလေး ဆီသို့ ဂယက် ရိုက် ၍ ရောက် လာခဲ့လေ၏ ။
နိပွန် - ဘိရုမာ တူတူပဲ တို့ မှာ ယခုအခါ မတူနိုင် တော့ပေ ။ ဗိုလ်မြဒင် တို့ လက်မှ လက်နက်များကို အကုန် သိမ်းဆည်းလိုက်လေ၏ ။ သိမ်းဆည်းရုံ မက ထို ဗိုလ်မြဒင် တို့ မြန်မာတပ်စိတ်ကလေး မှာ မကြာမီ လူမသိ သူမသိ ဘဲ စစ်သား ဘဝ မှ သုံ့ပန်း ဘ၀ သို့ ဆိုက်ရောက်ခဲ့ကြလေ၏ ။ ယခင်က တူတူစား ၊ တူတူနေ အစစ အရာရာ တူတူ လုပ်ကိုင် ချီတက်လာခဲ့သော ဂျပန် - မြန်မာ တပ်ခွဲကလေးမှာ ယနေ့မှ စ၍ အိုးစား ကွဲခဲ့လေ၏ ။
သို့သော် ဗိုလ်မြဒင် တို့ နှင့် အတူ ချီတက်လာခဲ့ရသော ထို ဂျပန်တပ်ခွဲကလေးမှ ဂျပန်စစ်သားများကား အခြား ဂျပန်များ နှင့် မတူဘဲ အနည်းငယ် စိတ်သဘောထား မြင့်မြတ် ကြင်နာဟန် ရှိ၏ ။ စစ် ထုံးစံအရ ဗိုလ်မြဒင် တို့ လူစုအား လက်နက်များ သိမ်းဆည်း အကျဉ်း ချထားလိုက်ရသော် လည်း ၎င်းတို့ စိတ်ထဲတွင် ရန်သူ ဟူ၍ မသတ်မှတ်နိုင်ကြ သကဲ့သို့ မြန်မာလူတစ်စ ုတို့ကို မြင်တိုင်း ၎င်းတို့၏ မျက်နှာ မှာ မချိတင်ကဲ ဖြစ်ဟန် ရှိကြ၏ ။ မတတ်သာ ခပ်ခွာခွာနေ ကြဦးစို့ ၊ မုန်းလို့ဟုတ်ဘူး ဆိုသလို အထက်အမိန့်ကြောင့် ဤကဲ့သို့ မိတ်ဆွေ ဘဝ မှ တစ်မုဟုတ်ချင်း ရန်သူကြီးများ ဘဂသို့ ကူးပြောင်း သွားရသော်လည်း အချို့ ဂျပန်စစ်သား များမှာ ယခင်က တစ်ဦး နှင့် တစ်ဦး ခင်ဖူးမင်ဖူးသည့် မိတ်ဆွေဘက် အရှိန်ကို မမေ့ပျောက်နိုင်သကဲ့သို့ မြဒင် တို့ လူတစ်စု ကို တွေ့တိုင်း ညှိုးငယ်သော မျက်နှာအမူအရာသို့ ပြောင်းလဲ သွားကြ၏ ။ အချို့မှာ ပါးစပ် မှ မပြောဘဲ ခေါင်း ကို ရမ်း က စုတ် တကျွက်ကျွက် သပ်ကြကုန်၏ ။
သို့သော် တစ်ယောက် နှင့် တစ်ယောက် အယုံကြည် တရား ကင်းမဲ့သော ဘဝ သို့ ရောက်သွားခဲ့ကြပြီး တစ်ဦး ကို တစ်ဦး မယုံတော့ ။ တစ်ယောက် ကို တစ်ယောက် အနား မကပ်တော့ ။ အဝေး မှ သာ လှမ်း၍ အလွမ်း ပိုရတော့လေပြီ ။ မည်သူသည် ပုဏ္ဏား ၊ မည်သူကား မျောက်မင်း ဖြစ်ကြသည်ကိုမူ မခွဲနိုင်သော ဘဝသို့ ရောက်ခဲ့ကြလေပြီ ။
ဤကား ဆိုးယုတ်သော စစ် ၏ စက်ဆုပ်ကြေကွဲဖွယ် အကျိုးဆက်များပင် ဖြစ်တော့၏ ။ မြဒင် တို့ လူစုမှာလည်း ဤ သဘောတရားမျိုးဖြင့် ကင်းနိုင်မည် မဟုတ်ပေ ။
သို့သော် ထိုကဲ့သို့ တစ်နေ့ဖြစ်ရမည့် အရေးကား မြန်မာစစ်သည်များ စိတ်တွင် ပြေး၍ တွေးပြီးသား ဖြစ်၏ ။ မည်သည့်နေ့ ကို သာ တပ်အပ် မသိသော်လည်း တစ်နေ့နေ့ တွင် မိမိတို့ အခြေအနေမှာ ဤဘဝ ၊ ဤအဖြစ်မျိုး သို့ နောက်ဆုံး ရောက်ရမည်ကို သိကြပြီးဖြစ်ရာ ဂျပန်များ နှင့် တပ် ထွက်လာပြီး ကတည်းက မိမိတို့ အသက်မှာ သေပြီး ၊ စွန့်ပြီး အခြေသို့ စဉ်းစား ဆုံးဖြတ်ပြီးသူများ ဖြစ်ကြ၏ ။
လူများစု ဂျပန်များ လက်တွင်းသို့ ရောက်နေပြီးသော မိမိတို့ လက်တစ်ဆုပ်စာ မြန်မာစစ်သား တစ်စုမှာ မည်သည့် နည်းနှင့်မျှ မလွတ်မြောက်နိုင်ကြောင်းကို သိပြီးဖြစ် သော်လည်း အဖ နိုင်ငံတော်ကြီးအတွက် အသက် ကို ဆက် ၍ ထွက်လာခဲ့ခြင်းဖြစ်၏ ။ မိမိတို့ အသက် ကို ဖက်ဆစ် ဓားပြများ လက်သို့ ဝ ကွက်ကာ အသေဓားစားခံ လိုက်ပါ လာခဲ့ခြင်းပင် ဖြစ်လေ၏ ။
မြန်မာရဲဘော်တစ်စု တို့ ၏မျက်နှာကား မိမိတို့ ၏ သေရမည့် ရက် ကို တွက်ကာ အမူအရာ မပျက်ကြပေ ။
“ ရဲဘော်တို့ ၊ သေရမှာ ကြောက်သလားဗျ ၊ မျက်နှာ တယ် ညှိုးပါလား ”
“ ဟား ဟား ဝေးပါသေးရဲ့ ရဲဘော် ရယ် ၊ မျက်နှာက နဂိုနေပါ ”
“ ဒါဖြင့် ရည်းစား လွမ်းလို့လားဗျ ”
“ လွမ်းစရာ ရည်းစားလည်း မရှိဘူးဗျာ ” ဟုပြောရင်း “ စစ်ပြီးရင်လ မောင်ပြန်ခဲ့မယ် စောင့်နေတော်မူဦးကွယ် ” သီချင်းကလေး ကို အေးအေးကလေး ညည်းနေ၏ ။
“ မကြောက်ပါနဲ့ ရဲဘော်ရယ် ၊ လူမှန်ရင် တစ်သက် တစ်ခါ သေစမြဲပဲ ။ ဘာ ကြောက်စရာရှိတာလိုက်လို့ ၊ ကိုယ့် တိုင်းပြည်ကြီး အတွက် အသေ ခံရတာ မြတ်တောင်မြတ် သေး သေရကျိုး နပ်ပါတယ်ဗျာ ”
တစ်ယောက် ကို တစ်ယောက် အားပေးစကား ပြော ကြ၏ ။ ထို့ကြောင့်ပင် လူ့ ဘဝတွင် စစ်သားဘဝ သည် တစ်ယောက် နှင့် တစ်ယောက် ချစ်ခင် အကြင်နာဆုံး ဘဝ ဟု ဆိုကြခြင်းပင် ဖြစ်၏ ။
“ မကြောက်ပါဘူး ရဲဘော်ရယ် ၊ တိုင်းပြည်ကြီး အတွက်ဆိုရင် တစ်သက် မက နှစ်သက် သေပါစေ မကြောက် ပါဘူး ။ လည်စင်း ခံဝံ့ပါတယ် ”
မြဒင် သည် မိမိ ရဲဘော်များ ၏ စကားတို့ကို မသိမသာ နားထောင်၍ နေ၏ ။ ထို စကားမျိုးကို ကြား ရသဖြင့် စိတ် ထဲမှာ အားရ ချီးကျူးမိသော်လည်း အခြေအနေအား ဖြင့်ကား ရင်ထုမနာ ဖြစ်မိလေ၏ ။
ယခု ရဲဘော်စု တို့ ရောက်နေသော အရပ်မှာ ငှက်တော ၊ ခွေးတော အရပ် ဖြစ်၏ ။ အေး လျှင် အစို ပူလောင် အခြောက် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရာသီ ဥတု ဖောက်ပြန်မှုကို ရဲဘော်များ သည် လူးလှိမ့်၍ ခံ ရသော အရပ် ဖြစ်၏ ။
ထို အထဲတွင်မှ စားသောက်စရာ ရိက္ခာ မပြည့်စုံကြပေ ။ ဂျပန်များ မှာ နေရာတိုင်းတွင် စစ်ရေးအခြေအနေ မလှ ဘဲ ရှိခဲ့ရာ နောက်ခံ မတောင့်တင်းခြင်းဖြင့် စားရေရိက္ခာတို့ မှာ အထူး ကျပ်တည်း ရှားပါးကြကုန်၏ ။ ရာသီဥတု ၏ ဖောက်ပြန်မှုတွင် အစားအသောက် ရိက္ခာက ညံ့ဖျင်းမှုတို့ကြောင့် ရဲဘော်တွေမှာ ကျန်းမာရေး၌ အထူးထိခိုက်ချွတ် ယွင်းပျက်စီးကြရကုန်၏ ။
မြဒင် သည် မိမိ ရဲဘော်များကို ညီရင်းသဖွယ် အစ်ကို ကြီး မိဘပမာ ယုယကြင်နာ၏ ။ ရဲဘော်တစ်ဦး နေမ ကောင်းလျှင် မြဒင်မှာ ပျားပန်းခတ် အလုပ် များ ၍ နေရှာ၏ ။ လူ မနီး ရပ်ဝေး တစ်နယ်တစ်ကျေးမို့ တစ်ဦး နှင့် တစ်ဦး ပို၍ ခင်မင်ယုယကြကာ တစ်ယောက် ကို တစ်ယောက် ပို၍ချစ် ခင်ကြင်နာကြရန် ကိုလည်း မိမိ ရဲဘော်များကို အမြဲ တရား လမ်းပြ ဆုံးမသွန်သင်ပေ၏ ။
“ နေကောင်းရဲ့လား ရဲဘော် ” ဟူသော စကားမှာ နေ့စဉ် မြဒင် ၏ အိပ်ရာထ ၊ မျက်နှာသစ်နေကျ ဝတ်မပျက် သော စကားတစ်လုံး ဖြစ်၏ ။
“ အေး အေး နေကောင်းအောင်သာ နေကြနော် ရဲ ဘော် ၊ ဘာမှ အား မငယ်ကြနဲ့ ။ စိတ်ထဲမှာ ရှိသမျှ ဆရာ့ ကို ထုတ်ပြော ” ဟူသော စကား မှာ ရဲဘော်တို့ နား၌ ပျားသ ကာတွင် အချို လောင်းသလို နားမညောင်းအောင် ဖြစ်ရလေ ၏ ။ ထိုစကား အတိုင်း မကျန်းမာသော မိမိ ရဲဘော်များ ကို မြဒင် သည် နေ့မအိပ်ညမအိပ် ကိုယ်ဖိရင်ဖိ ပြုစုရှာ၏ ။
စစ်မဖြစ်မီ က အင်္ဂလိပ်များ လက်ထက်တွင် ဆေးကျောင်းသားဟောင်း တစ်ဦးဖြစ်ခဲ့ရာ ထိုစဉ်က သင်ခဲ့ ရသော ပညာစု သည် ယခုကဲ့သို့ ငှက်တော ၊ ခွေးတော ကျန်းမာရေး အတွက် အရေးအကြီးဆုံးသော အခါမျိုးတွင် များစွာ အထောက်အပံ့ ရလေ၏ ။
ထို့ကြောင့် ရဲဘော်များ သည် မြဒင် အား စစ်ဗိုလ် တစ်ဦးကဲ့သို့ မခင် ၊ မိမိ တို့ ဆရာသမား အရင်းအချာတစ်ဦး ကဲ့သို့ ခင်ကြ၏ ။ မိမိတို့ ထက် အဆင့်အတန်း ရာထူးဌာနကြီးသော အထက်တန်းစား လူတစ်ဦး ကဲ့သို့ သဘော မထား ၊ အစ်ကိုကြီး မိဘ သဖွယ် အလား ချစ်ကြောက် ရိုသေ ကိုးစား ကြကုန်၏ ။
အချို့က မြဒင် ကို ဆရာ ဟု ခေါ်ကြ၏ ။ အချို့ ဒေါက်တာ ဟု ခေါ်၏ ။ အချို့ကမူ အမိ အဘ သဖွယ် သ ဘောထားကာ ( အဘ ) ဟု ပင် ခေါ်ကြလေသည် ။ ဗိုလ်ကလေး - ဗိုလ်ကြီး ဟူသော စကားတို့မှာ မြဒင် နှင့် ရဲဘော်စု တွင် မကြားဖူးသည့် စကား အဆန်း တစ်ခု ကဲ့သို့ ဖြစ်နေ လေ၏ ။
••• ••• ••• •••
( ၂ )
မိုးကျစ ပြုလာ၏ ။ မိုဦးပင် ဖြစ်သော်လည်း တော ကြီးတောင်ကြီး အရပ်ဒေသများတွင် အခြားအရပ်များ ထက် မိုးဦး အကျ စောကာ ပြင်းပြင်းထန်ထန်ရွာတတ်၏ ။ သို့သော် တောတောင်ထူထပ်သော ငှက်တော ၊ ခွေးတော အရပ်များကား ရာသီဥတုမှာ စည်းကမ်းမရှိဘဲ ပြောချင်စိ ၊ ခြောက်ချင်ခြောက်၍ ဗြုန်းခနဲ ရွာချင် ရွာ ချတတ်လေ၏ ။
မိုးရေကြောင့် ဖက်စွတ်ရေများသည် တသောသော ကျလာ၏ ။ ထို ရေသည်ပင် တောတောင် ခရီးသွားများအား ဒုက္ခပေးသော မမြင်ရသည့် သေမင်းတမန် ဖြစ်ပေ၏ ။
ဂျပန်များ တွင် ရိက္ခာတပ် ဟူ၍ သီးခြား မရှိပေ ။ ထိုသို့ မရှိခြင်းကြောင့် ခရီးတွင် ဝန်ပေါ့သည် ဆိုသော်လည်း ယခုကဲ့သို့ တောကြီး မျက်မည်း အစားအသောက် ရှားပါး အသွားအလာ ခက်ခဲသော နေရာမျိုးတွင် ရိက္ခာတပ် မရှိခြင်း အတွက် အကြီးအကျယ် အခက်အခဲ ဒုက္ခတွေ့ကြုံရ လေ၏ ။
ထိုအချိန်တွင် အထက် အောက် မြန်မာပြည် တစ်ပြည်လုံးက ဂျပန် ကို တော်လှန်ကုန်ကြပြီ ဖြစ်သော အချိန်ဖြစ်ရာ ဂျပန်တပ်များ မှာ ဆန်စင်ရာ ကျည်ပွေ့ မလိုက်နိုင်သကဲ့သို့ အဆက်အသွယ်တွေ ပြတ်ကာ လိုက်တန်းပြေးတန်း ကစား သလို ဖရိုဖရဲ ဖြစ်၍ နေကြလေ၏ ။ တစ်တပ် နှင့် တစ်တပ် အကြောင်း ကို ပင် ဆက်သွယ်နိုင်ရန် ခဲယဉ်း၏ ။
မိမိ ၏ နေရင်းဌာန မဟုတ်ဘဲ သောင်ပြင်လွှတ်သော ခွေးကဲ့သို့ ကြုံရသောအခြေအနေမှာ ထိုအခါက ဂျပန်တို့ အတွက် အမှန်ဆုံး စကားပင် ဖြစ်၏ ။ တစ်နည်းအားဖြင့် လူ့ သဘောအရ သနားစရာပင် ။သို့သော် စစ်သဘောအရ ကား အတ္တသမံ ပေမံနတ္ထိ ။
မြန်မာများ ၏ တော်လှန်ခြင်း ကို အခွင့်အခါကောင်း ယူရာ မဟာမိတ်တပ်များလည်း နယ်ခြား အရပ်ရပ် မှ ဖိ ၍ တက် လာ၏ ။ ဖိ၍ တိုက်လာ၏ ။ စစ်ရေး ငင်၍ စစ်ပရိ ယာယ် ကို သုံးကာ ချောင်ပိတ် အမိ ဖမ်းရန် ထောင်ချောက် အထောင် ကောင်းလိုက်သော ဂျပန်တပ်များ မှာ ဖရိုဖရဲ တကွဲတပြား ဖြန့်ကြဲဗရပွ အုပ်မနိုင် ထိန်းမရ ဖြစ်၍ နေ၏ ။ မိမိတို့ တပ်များရှိသည့် နေရာကိုပင် တိတိကျကျ မသိနိုင်ဘဲ ခွေးလေးများ တောအနှံ့ဖြင့် စစ်မျက်နှာကြီး ကျယ်ပြန့်၍ အလှမ်း ကျယ်ကာ အလယ် လပ် ၍ နေတော့၏ ။ တစ်ခါ တစ်ရံ အချင်းချင်း တစ်တပ် နှင့် တစ်တပ် ကိုပင် အထင် မှား ကာ ပစ်ခတ် တိုက်ခိုက်မိကြလေ၏ ။
ကိုယ့် အတတ် နှင့် ကိုယ်စူး နှုတ်လို့ မရဘူး ဆိုသကဲ့သို့ မြန်မာ့ တော်လှန်မှု သည် ဂျပန်များ အတွက် မိမိတို့ အထောင် ကောင်းလိုက်သော ထောင်ချောက် အတွင်း မိမိ တို့ ပင် ပြန် ၍ ဆင်းကာ လည်ပင်း ကြိုးကွင်းတပ် နေခြင်း နှင့် တူနေတော့၏ ။
သို့သော် မကောင်းသူ ထိပ် ၊ ကောင်းသူ ထိပ် လူတစ် စုကား တောင်ပြိုရာ မြက်ပိကာ လူမသိ သူမသိ ဒုက္ခတွေ့ နေရလေ၏ ။ ထို လူစုကား မြဒင် တို့ ရဲဘော် တစ်စု ပင်ဖြစ်၏ ။
စားစရာ ဆန်မရှိ ၊ သောက်စရာ ရေမရှိ ၊ ဝတ်စရာ အင်္ကျီ မရှိ ။ အစစအရာရာ ဗလာနတ္ထိဖြစ်၍ နေကြလေ၏ ။ တစ်ခါတစ်ရံ မဟာမိတ်လေယာဉ်ပျံများ က သနားကရုဏာ ကြီးစွာဖြင့် ဆုလာဘ်ဗုံးမိုး လာ၍ ရွာသွန်း ဖြိုးပေးလိုက်၏ ။
တစ်ခါတစ်ရံ တောင်ကျရေ နှင့် မိုးရေ ဒလဟော ကျ ဆင်းနေခြင်းဒဏ်ကြောင့် ချက်စရာ နေရာ မရှိ ၊ ထင်း မရှိ ခြင်းကြောင့် ချက်ပြုတ် မစားနိုင်ကြပေ ။ သို့သော် ထိုဒုက္ခ တွေကား ဂျပန်တို့ အတွက် အထူးအဆန်း ပထမအကြိမ် မဟုတ်ပေ ။ မနှစ်က အိန္ဒိယပြည် သို့ ချီတက်သွားသော အင်ဖာ တစ်သောင်းတပ်ကြီး ဆုတ်ခွာလာခဲ့ရစဉ်က မြန်မာ ပြည်နယ်စပ်သို့ ရောက်သည့်အခါတွင် တပ်သား တစ်ထောင် ကျော်ကျော် မျှသာ ကျန် တော့၏ ။ ထိုအကြောင်း ကို အချို့ ဂျပန်များပင် မသိကြဘဲ ယနေ့တိုင် မိမိတို့ ကိုယ် ကို အထင် ကြီးနေကြခြင်းပင် ဖြစ်၏ ။
လူ့ စိတ် လူ့ သဘောကား အတော် ဆန်းကြယ်ဂ်၏ ။ ဒုက္ခအကြီးအကျယ် ဖြစ်သည့် အခါတွင် အချို့သူတို့မှာ ရက်စက်ကြမ်းကြုတ် တတ်၏ ။ အချို့တို့မှာကား တစ်ဦး ကို တစ်ဦး သနားကြင်နာတတ်ပေ၏ ။
ဒုတိယ သဘောကား မြဒင် တို့ လူတစ်စု ကြုံတွေ့နေရသော သဘောမျိုးဖြစ်၍နေရာ အားကြီးသာခေါင် အ မှောင်ပိတ်ဖုံး ဒုက္ခ မြှုံး ကြီး မိနေကြသော ဂျပန် - မြန်မာ တစ်စု တို့မှာ တစ်နေ့ ထက် တစ်နေ့ ကာလ ကြာသည့်အခါတွင် တစ်ဦး တစ်ဦး ရန်သူ စိတ်များ ပျောက်၍လာကာ ရန်သူ ဟူ ၍ သဘော မထားနိုင်တော့ပေ ။ မိမိတို့နှင့် ဝေးကွာနယ်ခြား ၍နေသော အရပ်တစ်ပါးတွင် ထိုးခုတ်သတ်ဖြတ် ဖြစ်ချင် ရာ ဖြစ်၍ နေကြသော်လည်း မိမိတို့ နှင့် ဘာမျှ မဆိုင်သကဲ့သို့ ဒုကူတွေ ဗလပွန်းတီး အတိုင်း မသိအောင် ကြုံတွေ့နေရ သော လူတစ်စု ၏ စိတ်ဝယ် ဖြစ်ပေါ်၍ လာလေ၏ ။
တစ်နေ့တွင် ရဲဘော်တစ်ဦး မြဒင် အနားသို့ ကပ်လာ ၏ ။ ထိုအချိန်တွင် မြဒင် မှာ မိမိ တို့ ၏ ရှေ့နောက်အကြောင်း တို့ကို တစ်ကိုယ်တည်း အတွေးနက်၍ နေ၏ ။
ရဲဘော် သည် မြဒင် အနားသို့ ရောက်လျှင် တစ်စုံတစ် ခုကို ပြောလိုဟန် မြဒင် ၏ အရိပ်အကဲ ကို ကြည့်၍ နေရာ -
“ ဘာလဲ ရဲဘော် ” ဟု မြဒင် က ဆီးကြို၍ မေးလိုက် သောအခါမှ ရဲဘော် သည် မြဒင် အနီးသို့ တိုးကပ်လာပြီး လျှင် “ အဘ ကို ကျွန်တော် စကား တစ်ခုပြောချင်လို့ ” ဟု စကား ကို စလေ ၏ ။ ၎င်း ၏ မျက်နှာမှာ တစ်စုံတစ်ခု အတွေးနက်ဟန် အမူအရာ ရှိ၏ ။
“ ဘာ ပြောမလို့လဲ ရဲဘော် ၊ ဘာအကြောင်း ထူးလို့ လဲ ” ရဲဘော်သည် မြဒင် ၏ မျက်နှာကို တစ်ချက် စူးစိုက်၍ ကြည့်နေပြီး ဂျပန်များ စခန်းချရာ မနီးမဝေးဆီ သို့ လှမ်း ၍ ကြည့်လိုက်ပြီးနောက်
“ ဂျပန်တွေ အမူအရာ ထူးတယ် အဘ ။ မျက်နှာ မကောင်းဘူး ။ သူတို့ ကျွန်တော်တို့ အပေါ် မရိုးဘူးထင် တယ် ” ဟု ပြောလေ၏ ။
မြဒင် သည် ရဲဘော် ၏ စကားကို စိတ်ပါဝင်စားစွာ စူးစိုက်၍ နားထောင် နေပြီး “ ရဲဘော် ဘယ်လိုတွေ့လို့တုန်း ” ဟု အနည်းငယ် ပြုံး၍ မေးလိုက်လေ၏ ။
“ ဂျပန်တွေ တစ်ရက် နှစ်ရက် ရှိပြီ ။ သူတို့ အမူအရာ တွေ့ရတာ တယ် မျက်နှာ မကောင်းကြဘူး ၊ ကျွန်တော်တို့ ဘက် ကိုလည်း သူတို့ မကြာမကြာ တစေ့တစောင်း ကြည့် ကြတယ် ။ သူတို့ အချင်းချင်းလည်း ကွိကွိကွကွ နဲ့ ဘာ ပြောတယ် မသိဘူး ၊ တိုးတိုး တိုးတိုး ပြောပြီး မျက်နှာတွေ တယ် မသာကြဘူး ”
“ သူတို့ မျက်နှာမကောင်းတာနဲ့ ရဲဘော် က ဘာ ကြောင့် တို့ တတွေ အပေါ်မှာ မရိုးဘူးလို့ ထင်နိုင်ရသလဲ ” ဟု မြဒင်က အရေးမကြီး ဟန် ခပ်ပြုံးပြုံး မေးလိုက်ပြန်၏ ။
“ ဒီလိုလည်း မဟုတ်ဘူး အဘ ၊ ကျွန်တော် သူတို့ကို တယ် မယုံသလိုရှိလို့ မနေ့ကတည်းက အကဲခတ် ကြည့်နေ တယ် ။ အဘ ကိုသာ အရေးမကြီးဘူး မှတ်လို့ မတိုင် ခဲ့တာ ၊ တခြားရဲဘော်တွေ ကိုတော့ ဒီ အကြောင်းကို အသိပေးပြီး သတိ နဲ့နေဖို့ ပြောခဲ့တယ် ။ ဒီနေ့ တော့ ... ”
“ အင်း ဘာဖြစ်သတုန်း ” မြဒင် မှာ အနည်းငယ် စိတ် ဝင်စား၍ လာ၏ ။
“ ကျွန်တော် သူတို့ ဆီကို မယောင်မလည် ကပ် သွား ကြည့်တဲ့အခါ ဘိရုမာ မလာနဲ့ သွား ... သွား လို့ အတင်း မောင်းထုတ်တယ် ။ ကျွန်တော် က နားမလည်သလို အတင်း အနားကို ဇွတ်တိုးသွားတော့ ”
“ အင်း .. အင်း ..... ပြောပါဦး ရဲဘော် ”
“ ကျွန်တော်လည်း အနား ကို ရောက်ရော အထဲကို မလုံတဲ့ သဘောနဲ့ တစ်ချက် လှမ်းကြည့်ပြီး ကျွန်တော့်ဆီ ကို အတင်း လာပြီး ဘိရုမာ မကောင်းဘူးက သွားလေ ... လို့
အော်ငေါက် လွှတ်တယ် ။ ဂျပန် မျက်နှာ ကြည့်ရတာ တယ် ဣန္ဒြေ မရဘူး အဘ ။ သူတို့ ကျွန်တော်တို့ တတွေ မသိ အောင် တစ်ခုခု ကြံပုံရတယ် ”
“ အေး မင်း တွေးပုံ နည်းနည်း နီးစပ်တယ် ” ဟု ပြန် ပြောကာ မြဒင်သည် တစ်စုံတစ်ခုကို စဉ်းစား၍နေလေ၏ ။
“ ဒါကြောင့် ကျွန်တော်တို့ကို သူတို့ အနား အကပ် မခံတာပေါ့ ။ ကျွန်တော်တို့ မသိစေချင် ၊ မမြင်စေချင်တဲ့ အချက် တစ်ခုခုတော့ ရှိပြီ ၊ ကြံပြီ ထင်တာပဲ အဘရဲ့ ”
“ အင်း မင်း က ဘယ်လို ထင်လို့တုန်း ”
“ ကျွန်တော် ထင်မိတာကတော့ ... ”
ထို ရဲဘော် ပြော နေဆဲတွင် အခြား ရဲဘော် တစ်ယောက် အနားသို့ သုတ်သီး သုတ်ပျား ရောက်လာလေ၏ ။
“ ဟုတ်တယ် ရဲဘော် ။ ရဲဘော် ပြောတဲ့ အတိုင်း ကျုပ် စောင့်ကြည့်နေတာ အစစ်ပဲဟေ့ ၊ ဟုတ်တယ် ” ဟု ပြောပြောဆိုဆို အနားသို့ရောက်လာရင်း မြဒင်ကိုတွေ့ သ ဖြင့် ကိုယ်ရှိန် သပ်ကာ စကား ရပ်၍သွား၏ ။ မြဒင် ၏ မျက် နာကို တစ်ချက် လှမ်းကြည့်ကာ ရိုသေလေးစားဟန် ခပ်ရွံ့ရွံ့ ဖြစ်သွားလေ၏ ။
“ စောင့်ကြည့်တော့ ဘာဖြစ်သတုန်း ရဲဘော် ။ ပြောပါ ဦး ” ဟု မြဒင် က အနည်းငယ် ပြုံး၍ ဆီးကြို မေးလိုက်၏ ။ ထိုအခါမှ ရဲဘော် မှာ မျက်နာပိုး သတ်ရာက မြဒင် အနီးသို့
တိုးကပ်၍လာပြီးနောက် ..
“ ဒီရဲဘော်က ဂျပန်တွေ မရိုးဘူး ထင်တယ်လို့ ကျွန် တော့်ကို ပြောလို့ ကျွန်တော် စောင့်ကြည့်နေတာ ဒေါက်တာရဲ့ ၊ ဟုတ်တယ်ဒေါက်တာ ရဲဘော် ပြောတဲ့ အတိုင်းပဲ ”
“ အင်း ... အင်း ”
“ ဂျပန်တွေ မျက်နှာ မကောင်းကြဘူး ၊ သိသိသာသာ ကြီး အမူအရာတွေ ပျက်နေကြတယ် ။ ကျွန်တော်တို့ ဘက် ကိုလည်း မကြာမကြာ လှမ်းကြည့်တာကို တွေ့ရတယ် ဒေါက်တာ သူတို့ ပုံပန်းတွေကို ကြည့်ရတာတစ်မျိုးကြီးပဲ ဆရာ ။ တယ် မူမမှန်ကြဘူး ။ မျက်နှာတွေကလည်း မှုန် ကုတ်ကုတ်နဲ့ ”
မြဒင် သည် ထို ရဲဘော် ၏ စကား ကို တွေဝေ၍ နား ထောင်ကာ စဉ်းစားစိတ်ကူးနက်၍ နေ၏ ။ မျက်နှာ မှာ ဝေခွဲ ၍ မရဟန ်ရှိ၏ ။
“ ဘယ်နေရာက သွား ကြည့်နေသလဲ ” ဟု ရဲဘော် အား လှမ်း၍ မေးလိုက်၏ ။
“ ကျွန်တော် သူတို့နဲ့ မနီးမဝေးက အကဲခတ်ပြီး မယောင်မလည် သွားကြည့်တယ် ဒေါက်တာ ”
“ မင်းကို သူတို့ မမြင်ဘူးလား ”
“ မြင်တော့ မြင်တယ် ဒေါက်တာ မြင်တော့ သူတို့ မျက်နှာ မကောင်းဘူး ၊ သူတို့ အချင်းချင်း ကို ဘာပြောတယ် မသိဘူး လှမ်း ပြောလိုက်ကြတာကိုလည်း တွေ့ရတယ် ”
“ အင်း .... အင်း ” မြဒင် သည် ခေါင်းကို အသာ ညိတ်ကာ “ မင်းကိုတော့ သူတို့ ဘာမှ မပြောဘူးလား ၊ မောင်း မထုတ်ဘူးလား ”
“ မပြောဘူး ဆရာ ၊ မောင်းတော့ မထုတ်ဘူး ၊ သူတို့ မျက်နှာ အမူအရာတွေ ကသာ ... ”
••• ••• ••• •••
ထို အတွင်း မိမိတို့ အနားမှ ခြေသံတွေ ကို ကြားရ၏ ။
“ ဟေ့ နေစမ်း ဘာလဲ ” ဟု မြဒင်က ရဲဘော်များကို လက်ကာကာ ခြေသံကြားရာဆီသို့ လှမ်း၍ကြည့်နေကြ ၏ ။ မိမိတို့ထင်သည့်အတိုင်း ဂျပန်နှစ်ယောက်သည် မိမိတို့ ဆီသို့ အရေးတကြီး သုတ်သီးသုက်ဗျာ လာနေကြသည် ကို တွေ့ရ၏ ။
မြဒင် တို့သည် အရေးရှိက အသင့်ရှိကြစေရန် သတိ ကို လက်မလွတ်စေဘဲ ဂျပန်များ ကို အကဲခတ်၍ ကြည့်နေ ကြလေ၏ ။ အခြားရဲဘော်တစ်စု တို့မှာလည်း ပထမရဲဘော် များ က အရိပ်အငွေ့ ပြောကြားထားပြီးသည့် အတိုင်း အ သင့်အတင့် ရိပ်မိကြဟန် အနီးသို့ မသိမသာ စုဝေး၍ ရောက်လာကြလေ၏ ။
သို့သော် အရေးရှိက အသင့်ရှိကြစေရန် ဟု ဆိုသော်လည်း ရဲဘော်တွေ လက်ထဲတွင် ဘာမှ မရှိပေ ။ အသင့် ရှိရန် ဟူသော စကားမှာ မိမိတို့ အဖနိုင်ငံတော်ကြီးအတွက် အသေ ခံရန် အသင့် ရှိကြောင်း ဆိုလိုခြင်းပင် ဖြစ်ဟန် တူ၏ ။ သို့ရာတွင် တစ်နည်းအားဖြင့်ကား မိမိတို့ မိဘဆရာ ကဲ့သို့ တစ်ဦးတည်းသော ကိုးကွယ်အားထားရာ ဗိုလ်ကလေး မြဒင် အား အသက် ကို ရှေ့ကထား၍ ခုခံကာကွယ်ရန် လည်း ဖြစ်နိုင်၏ ။ မိမိတို့ အသက်များ အရင် သေဆုံးပြီးမှ ဆရာ ကျေးဖူးရှင်အား သေဆုံးစေမည် ဟူသော သဘောမျိုး လား မပြောတတ်ပေ ။
ဂျပန်များ အနားသို့ ရောက်လာ၏ ။ မြဒင် က ချိုပြီး သော မျက်နှာဖြင့်ပင် ခရီးဦးကြို နှုတ်ဆက် ခေါ်ငင်လိုက်၏ ။ ထို ဂျပန်များကား မိမိတို့နှင့်နေ့စဉ် တွေ့ဆုံနေရသည့် ဂျပန် အောက်တန်းစားများ မဟုတ်ဘဲ အနည်းငယ် အထက်တန်း ကျကျ ရာထူး ရှိသော ဂျပန်များ ဖြစ်ရာ တစ်စုံတစ်ခု ထူး သည့်အကြောင်း ကို မူ မြဒင် စိတ်ထဲတွင် တွေးမိလေ၏ ။
“ ဘာကိစ္စ အရေးကြီးသလဲ မာစတာ ” ဟု မြဒင် က မေးလိုက်ရာ ဂျပန်များ သည် ရုတ်တရက် ပြန်မပြော သေးဘဲ ရဲဘော်များ ရှိရာကို စူးစိုက်၍ ကြည့်နေကြပြီး နောက် တစ်ယောက် ကို တစ်ယောက် အချင်းချင်း လှမ်း၍ စကား တစ်ခွန်း နှစ်ခွန်း ပြောဆိုနေကြလေ၏ ထိုစကား များတွင် ( ကောင်းပမလား ) ( ကောင်းပါတယ် ) ( လွှတ် လိုက်ပေါ့ ) စသော မြန်မာရဲဘော်များ နားလည်သည့် စကားအရိပ်အမြွက် တစ်လုံးစ နှစ်လုံးကို ကြားရလေ၏ ။ ရဲဘော်များ လည်း မိမိတို့ ထင်သည့်အတိုင်း ဧကန် ဟုတ်နေ ပြီ အကြောင်း ကို ရိပ်မိ တွေးတောမိ သကဲ့သို့ မိမိတို့ ဆရာ မြဒင် ၏ မျက်နှာကို လှမ်း၍ကြည့်ကြ၏ ။ မြဒင် ၏ အမူအရာ ကား မထူးခြားဘဲ မိမိ ရဲဘော်များအား အသာ အရိပ်အခြေ ကြည့်၍ နေရန် ဟန့်တားသော အမူအရာကို ပြလိုက်လေ၏ ။
“ ဘိရုမာ မာစတာ အခု ခင်ဗျားလူတွေ အားလုံး သွားနိုင်ပြီ ၊ သွားချင်ရာ သွားပါတော့ ” အချင်းချင်း ကွိကွိ ကွကွ ပြောရာမှ ဂျပန်တစ်ယောက် က မြဒင် ကို ဂျပန်စကားဖြင့် လှမ်း၍ ပြောလိုက်လေ၏ ။ ၎င်း၏ မျက်နှာမှာကား ထို စကားကို ပြောရသည့်အတွက် လိုလားပုံ မရပေ ။ ထိုသို့ လိုလားပုံ မရသော်လည်း ဒေါသဆောင်၍ မျက်မှောင်ကြုတ် စိတ်ဆိုးသော အမူအရာမျိုးလည်း မပေါ် မတွေ့ရသဖြင့် မြဒင် နှင့် ရဲဘော်တစ်စု တို့မှာ ရုတ်တရက် မတွေးတတ်သ လို အားလုံး မော့ ၍ ကြည့်နေမိကြလေ၏ ။
“ ကျုပ်တို့ ဘယ်ကို သွားရမလဲ မာစတာ ၊ ဘာဖြစ်လို့ လဲ ” ဟု မြဒင် က နားမလည် သလို ပြန်၍ မေးလိုက်လေ၏ ။
ထိုအခါတွင် ဂျပန်များ မှာ တစ်ယောက် ကို တစ် ယောက် ကြည့်လိုက်ကြပြီး သာ၍ မျက်နှာ မသာမယာ ညှိုး ငယ်သွားသော အမူအရာမျိုး ပေါ်၍ လာရာမှ မြဒင် နှင့် ရဲ ဘော်များ အား တစ်ချက် စိမ်းစိမ်းဝါးဝါး ကြည့်နေကြပြီး နောက် မြဒင် ဘက်သို့လှည့်၍ -
“ ခင်ဗျားတို့ သွားချင်ရာ သွားနိုင်ပါပြီ ၊ ဒီနေ့က စပြီး ကျုပ်တို့ ခင်ဗျားတို့ကို ဘာမှ မလုပ်တော့ဘူး ” ဟု မျက်နှာ ရော ၊ အမူအရာပါ တကယ့် ချိုသာသော အသံမျိုးဖြင့် ပြော လေ၏ ။
ဤတွင်မှ ဂျပန်တို့ ၏ စေတနာမှာ တကယ့် စေတနာ ဖြင့် ပြောနေကြောင်း အကဲခတ်မိ၍ လာ၏ ။ သို့သော် မည် သည့်အတွက်ကြောင့် ဤကဲ့သို့ သဘောကောင်းစွာ လတ် တလော စေတနာတွေ ပေါက်၍ လာသည့်အကြောင်းကိုမူ မတွေးနိုင်အောင် ရှိလေ၏ ။
ယခု မိမိတို့ နှင့် တွေ့ရသော ဂျပန်များ မှာ အားလုံး လိုလို သဘော ကောင်းကြသူများဖြစ်သည်ကို တွေ့ရ၏ ။ သို့သော် ဂျပန်လူမျိုးများ သည် အလွန် ကောက်ကျစ်စဉ်းလဲ ပရိယာယ်ဉာဏ်များသည်ကိုလည်း သိပြီး ဖြစ်၏ ။
မိမိတို့ အား သွားချင်ရာ သွား ဆို၍ ဘေးမဲ့ လွှတ်လိုက် ပြီးမှ နောက်မှ ချောင်ကောင်းကောင်း နေရာတစ်ခုက အ လစ် ချောင်း၍ ပစ်သတ်ရန် ကြံလေသလားဟူ၍လည်း တွေးမိ၏ ။ ထို့ကြောင့် ဂျပန်များ၏ စကားကို မြဒင်မှာ မစဉ်းစားမဆုံးဖြတ်နိုင်လောက်အောင် ဖြစ်၍နေလေ၏ ။
“ မာစတာ ကျုပ် တို့ ဘယ်ကိုမှ မသွားချင်ဘူး ။ မာစတာတို့နဲ့ ကျုပ်တို့ အတူတူပဲ နေမယ် ။ ဘိရုမာ-နီပွန် နော် အတူတူပဲ ရှိတယ် ၊ ညီအစ်ကိုတွေပဲ ” ဟု မြဒင်က ပြန်၍ ပြောလေ၏ ။
ဂျပန်များ သည် တစ်ယောက်မျက်နှာ ကိုတစ်ယောက် ကြည့်၍နေ၏ ။ ၎င်းတို့ မျက်နှာမှာ ရွှင်လန်းပုံ မရ ၊ သက်ပြင်း ကို မသိမသာ တစ်ချက်ချလိုက်ကြကာ ခေါင်းကို ဖြည်း ညှင်းစွာ ရမ်း၍ ပြလေ၏ ။
“ သွားလေ ၊ သွားလေ ဘိရုမာစတာ သွားပါ ကောင်းတယ် ၊ ခင်ဗျားတို့အားလုံး ဒီနေ့ကစပြီး သွားချင် ရာသွားနိုင်ပြီး သွားပါ ” ဟု မြဒင် မှ တစ်ဆင့် ရဲဘော်တစ်စု တို့ ကို ကြည့်၍ ပြောလေ၏ ။ ထိုသို့ပြောပြီး ဂျပန်များ သည် မြဒင် အား နှုတ်ဆက်၍ ထွက်သွားကြလေ၏ ။
အရေးကြီးသော အကြောင်းတစ်စုံတစ်ရာကား ဧကန် ပေါ်ပေါက်လာသည်မှာ အမှန်ဖြစ်ကြောင်းကို မြဒင် တို့ ရဲဘော်တစ်စုမှာ တွေးတောမိကြ၏ ။ သို့သော် မည်သည့် အကြောင်းဆိုသည် ကို သာ တပ်အပ်သေချာ မသိနိုင်ဘဲ ရှိလေ၏ ။
မြဒင် သည် ဂျပန်များ ထွက်သွားရာ နောက်သို့ ကဗျာကယာ ထ၍ လိုက်သွားပြီးနောက် “ မာစတာ ကျုပ်တို့ မ သွားဘူးနော် ။ မာစတာတို့နဲ့ ကျုပ်တို့ ခွဲပြီး ဘယ်ကိုမှ မသွားချင်ဘူး ။ ဒီမှာပဲ မာစတာတို့နဲ့ အတူတူ နေမယ် ။ သေ လည်း မာစတာ တို့နဲ့ပဲ အတူတူသေမယ် ” ဟု ပရိယာယ် သုံးသော သဘောဖြင့် ၎င်းတို့ နောက်မှ တတွတ်တွတ် လိုက် ၍ ပြောလေ၏ ။ မြဒင် ၏ စကားများကို ကြားလျှင် ဂျပန်များ သည် နဂို စိတ်မချမ်းသာကြသည့် ပုံပန်းလက္ခဏာ တွင် အ ကြီးအကျယ် စိတ်ညစ်သွား သကဲ့သို့ မြဒင် ၏ စကားများ ကို နားထောင်ကာ မြဒင် ၏ မျက်နှာကို ရပ်၍ ကြည့်နေကြ လေ၏ ။
“ ဘီရုမာ မာစတာ သွားပါ ၊ ဒီမှာ မကောင်းဘူး ရှိတယ်က ၊ ခင်ဗျားတို့ အားလုံး သွားနိုင်ကြပါပြီ ”
“ မသွားဘူးလေ ၊ ကျုပ်တို့ ဘယ်မှ မသွားချင်ဘူး မာစတာတို့နဲ့ အတူတူ နေမယ် ”
မြဒင် သည် ဇွတ်တိုး၍ ပြန်ပြောရင်း ယခင် ရဲဘော်များ ပြောသည့် ဂျပန်များ စခန်းရှိရာသို့ မသိမသာ အကဲခတ်သ လို စောင်းမြောင်း ကြည့်လိုက်လေ၏ ။ ထိုသို့ ကြည့်သည့် အခိုက်တွင်ပင် ဂျပန်တစ်ယောက် သည် ယိမ်းယိမ်းယိုင်ယိုင် ဖြင့် အပေါက်ဝ မှ ပြေးထွက်လာပြီး အားပြတ်သောခြေ လှမ်းတို့ဖြင့် အပြင်သို့ သုံးလေးလှမ်းလောက်လှမ်းမီသည်နှင့် တစ်ပြိုင်နက် ဝေဒနာတစ်စုံတစ်ခုကို ခံစားလိုက်ရ သကဲ့သို့ ညည်းညူကာ ဗိုက် ကို နှိပ်၍ ဒုန်းခနဲ လဲ ၍ သွားသည် ကို တွေ့ရလေ၏ ။
ထို အခြင်းအရာကို တွေ့ရသော ဂျပန်များ သည် လည်း မျက်စိမျက်နှာ ပျက်ကာ အချင်းချင်း ဟစ်အော်၍ ယခင် လဲကျသွားသော ဂျပန် ဆီသို့ အတင်း ပြေးသွားကြလေ၏ ။
“ မာစတာ ဘာဖြစ်သလဲ မာစတာ ” ဟု မြဒင် က လည်း ၎င်းတို့ အကဲကို သိလိုခြင်းဖြင့် နောက်မှ ထက်ကြပ် မကွာ လိုက်၍ သွားလေ၏ ။ ယခင် လဲကျသွားသော ဂျပန် အနီးသို့ ရောက်လျှင် ဂျပန်များ မှာ တစ်ယောက် ကို တစ်ယောက်သာ အော်ကျယ်ဟစ်ကျယ် စကားများ ကို လှမ်း၍ ပြောဆိုနေကြသော်လည်း ယခင် ဂျပန်များ အနားသို့ ရောက်အောင် မသွားရပေ ။ ၎င်းတို့ မျက်နှာအမူအရာ တို့ မှာ အ လွန် တုန်လှုပ်ကြောက်ရွံ့ဟန် ရှိကြသည်ကို တွေ့ရလေ၏ ။
မြဒင် မှာ ၎င်းတို့ အကဲကို မခတ်နိုင်အောင် ရှိလေ၏ ။ ထိုအခိုက် ယခင် လဲကျသွားသော ဂျပန် မှာ မြေပေါ်၌ လူး လှိမ့်ကာ ပြင်းထန်သော ဝေဒနာကို ခံစားနေရသလို ညည်း ညူ ၍နေသည်ကို တွေ့ရလျှင် နဂိုကပင် ဆရာဝန် စိတ် ရှိ လျက် ကြင်နာတတ်သူ တစ်ယောက် ဖြစ်သည့်အတိုင်း ရပ်၍ ကြည့် မနေနိုင်ဘဲ..... ၊
“ ဟို မာစတာ ဘာဖြစ်သလဲ ၊ နေမကောင်းဘူးလား ” ဟု ပြောပြောဆိုဆို လူးလှိမ့်နေသော ဂျပန် ရှိရာသို့ ပြေး လွှားသွားမည့် ဟန် ယူလိုက်စဉ် ယခင် ဂျပန်များသည် မြဒင် ၏ လက်ကို ဆွဲ၍ တားလိုက်ကြပြီးနောက်
“ ဘိရုမာစတာ မသွားနဲ့ မသွားနဲ့ ၊ မကောင်းဘူးက ၊ မသွားနဲ့ ” ပြောဆို တားဆီးထားကြလေ၏ ။ ပထမသော် မြဒင် မှာ တွေး၍ မရနိုင်အောင် ရှိသော်လည်း မြေပေါ်တွင် လိမ့်ကာ အော့အန်ဗိုက်နှိပ်၍နေသော ဂျပန် ၏ မနီးမဝေးမှ အညစ်အကြေးတို့ကို မြင်လိုက်ရသည့်အခါမှ ယခင် ဇာတ် ရှုပ်ကြီးမှာ အစင်းသား ပေါ်၍လာလေ၏ ။
ဤတွင်မှ ဂျပန်များ ယောက်ယက်ခတ်ကာ အခြေ အနေ ဣန္ဒြေ ပျက်နေကြသည်ကို ရိပ်မိ သိရှိ၍လာ၏ ။ မိမိတို့ အား အားလုံး သွားနိုင်ခွင့်ပြုသည့်အကြောင်းကို လည်း ဤတွင်မှ တွေးတောသိမြင်၍ လာ၏ ၊ စိတ်ကောင်း ရှိသော ဂျပန်တစ်စု ပေ ဟူ၍လည်း စိတ်ထဲမှ ချီးကျူးမိကာ မိမိတို့ အတွေး မှားမိသည်တို့ကို နောင်တ ရမိလေ၏ ။
ဂျပန်များအား ၎င်းတို့ စခန်းအတွင်း၌ အနေအထိုင် အစားအသောက် ချို့ငဲ့ဆင်းရဲခြင်းဒဏ်ကြောင့် လူမသိ သူမသိ ဝမ်းရောဂါ အကြီးအကျယ် ဖြစ်၍နေခြင်းပင်ဖြစ်၏ ။
••• ••• ••• •••
( ၄ )
ဂျပန်များ သည် စစ်တိုက်ရာတွင် အသေခံအရဲဆုံး သောသူများဖြစ်၏ ။ သို့သော် ထို အသေခံအရဲဆုံးသော ဂျပန်များ သည် ရောဂါတစ်ခုခု ကျရောက်ဖြစ်ပွားမည်ကို အကြောက်ဆုံး သူများ ဖြစ်ကြ၏ ။ ၎င်းတို့ ကြောက်ကြ သည်မှာ တိုင်းပြည် အတွက် မတိုက်ခိုက်ရဘဲ ၊ မသေထိုက် ဘဲ မသေဆုံး လိုခြင်း ပင် ဖြတ်ဟန် တူပေ၏ ။
တောကြီး မျက်မည်းကြီး ထဲတွင် အနေအထိုင် အစားအသောက် ချို့ငဲ့ဆင်းရဲလှသည်တွင် စစ်ရေးက တစ် နေ့တစ်ခြား ရှုံးနိမ့်ကာ မဟာမိတ်လေယာဉ်ပျံများကလည်း တစ်နေ့ ထက် တစ်နေ့ နေ့စဉ်လို ဗုံးမိုးရွာ၍ချနေရာ ရိက္ခာ လမ်း အဆက်အသွယ်များ ပြတ်လျက် ရှိကုန်၏ ။
နောက်ကြောင်းမှ စစ်ကူ၍ ဘာမျှမရဘဲ တောကြီး အလယ်ကောင်တွင် ဖြစ်ချင်သလို ဖြစ်၍ နေကြလေရာ တစ်နေ့ထက် တစ်နေ့ ဥတုရာသီ အစားအသောက် ချို့တဲ့ညှဉ်း ပန်းခြင်းဒဏ်ဖြင့် နောက်ဆုံးတွင် ကပ်ရောဂါအမျိုးမျိုး ဆိုက်ရောက်၍ လာခဲ့ခြင်းမှာ မထူးဆန်းလှပေ ။ အစားအ စာပင် နပ်မှန်မှန်လုံလောက်ပြည့်စုံအောင် မစားနိုင်မရနိုင် သော ဂျပန်များသည် အဘယ်မှာ ဆေးဝါးများကို လုံ လောက်ပြည့်စုံအောင် ရနိုင်တော့မည်နည်း ။ သနားဖွယ် ကောင်းလှသော စစ်သားများပင်တည်း ။ ဂျပန်များ သည် ကမ္ဘာပေါ်တွင် အောက်တန်းအနိမ့်ဆုံးနှင့် အဆင်းရဲဆုံး စစ်သည်များ ဖြစ်ကြပေသည် ။
ထို့ကြောင့်ပင် အနည်းငယ် စိတ်ကောင်းသဘောက လေးမျိုး မွေးမိဟန် တူပေသော ဂျပန်တစ်စု သည် မိမိတို့ သေကြေပျက်စီးရမည့်အတူတူ မထူးတော့ဟူသော သဘောမျိုးဖြင့် မြဒင် တို့ လူစုအား ဘေးလွတ်ရာသို့ ဘေးမဲ့ပေး၍ မောင်းနှင်ထုတ်လွှတ်လိုက်ခြင်းဖြစ်ဟန် တူ၏ ။ မိုက်မဲကြမ်း ကြတ်သော ဂျပန်အများ တွင် ဤလို စိတ်ကောင်းကလေး မျိုးရှိသော ဂျပန် အချို့လည်း ရှိချေသေး၏တကား ။ ဤ
လောက သည် မျှော်လင့်ဖွယ် ဆုံးအောင် လုံးဝ တရားမမဲ့ သေးပေ ။
သို့သော် မြဒင် တို့ လူစုသည် မိမိတို့ ကဲ့သို့ပင် ခေါင်း တစ်လုံး ၊ ပခုံး နှစ်ဖက် ၊ ခြေလက်ဆင်တူ ရှိသော ဒုက္ခ သည် တစ်စုကို စွန့်ပစ်သွားရက်နိုင်ပါမည်လော ။
မြဒင် သည် ဂျပန်များ ဆွဲထားသည့် အတွင်းမှပင် ရုန်း ထွက်ကာ ယခင် လူးလှိမ့်နေသော ဂျပန် ရှိရာသို့ အတင်း ဇွတ်တိုး၍ သွားလေ၏ ။ ထို့နောက် ဂျပန် အား ယုယစွာ ကိုင်တွယ်စမ်းသပ်ကြည့်ရာမှ အနီးအနားရှိ ဂျပန်များ ကို အော်ဟစ်ခေါ်ယူလျက် မိမိ ကိုယ်တိုင် မကြောက်မရွံ့ ခေါင်း ဆောင်၍ လူနာဂျပန် ကို ဘေးလွတ်ကင်းရာနေရာတစ်ခုသို့ ခေါ်သွားလေ၏ ။ ထို့နောက် ဂျပန် အား ကိုယ်ဖိရင်ဖိ ယုယ စွာ ပြုစုလေ၏ ။
ကိုယ်တိုင်က ယခင် ဆေးကျောင်းသားတစ်ဦး ဖြစ်ခဲ့ ရာ ဤကိစ္စမျိုးတွင် မကြောက်မရွံ့ ဦးမလေးဘဲ သာမည သူများထက်လည်း နားလည်ကျွမ်းကျင်သူဖြစ်သည့် အလျောက် မြဒင် အတွက်ပင် ယခုကိစ္စမှာ အရေးကြီး ကြောက် မက်ဖွယ် ကောင်းသည့် ကိစ္စတစ်ခု ဟူ၍ မထင်မိပေ ။
ဂျပန်များ သည် မြဒင် ၏ လုပ်ပုံကိုင်ပုံနှင့် တကွ စိတ် သဘောထား ကြီးမြတ်လှသော မြဒင် အား အံ့သြစွာကြည့် နေကြလေ၏ ။ ဤတွင်မှ ဆေးကျောင်းသားဟောင်း တစ် ဦးဖြစ်ခဲ့သော မြဒင် အကြောင်း ကို သိရလေ၏ ။
သို့သော် လူမသိ သူမသိဘဲ အတွင်းကျိတ်၍ ဖြစ်နေ သော ဝမ်းရောဂါမျိုးစေ့ကား ဂျပန်တပ်စခန်း အတွင်း၌ အ တော် ပျံ့ပွား၍နေချေပြီ ။ အဆောက်အအုံ အတော်ကြီးမား ၍ နေ၏ ။
ဆေးဝါးကလည်း ပြည့်စုံအောင် မရှိ ၊ အစားအသောက် ကလည်း အလွန် ဆင်းရဲချို့တဲ့ လှပေရာ မည်သို့ပင် မြဒင် အစွမ်း ကောင်းလှသည် ဆိုသည့်တိုင် သိကြားမင်း နကင်းကြီး ဖြင့် ဆင်း၍ ကုသသော်လည်း ကယ်စွမ်းနိုင် မည့် အခြေအနေမျိုး မဟုတ်တော့ပေ ။
မြေနိမ့်ရာ လှံစိုက် ဆိုသလို လေယာဉ်ပျံများ ကလည်း နေ့စဉ်လိုလို လာ၏ ။ လာတိုင်း ဗုံးမိုးလာဘ်သပ်ပကာ တို့ ကို ချ၍ သွား၏ ။ လေယာဉ်ပျံလာတိုင်း ဗုံးမိုးရွာတိုင်း အကြောက် ဇော အားကြီးသော ဂျပန်များ သည် ထိုရောဂါ ကို တစ်မျိုး အားပေးသလို ရှိရာ နေ့စဉ် ဂျပန်များ ၏ သနားစရာ ဝိညာဉ် တို့သည် တင်နော်ဟေကာ ၎င်းတို့ ဘုရင်မင်း မြတ်ထံ အခစားဝင်ရန် သွားကြရရှာ၏ ။
ဝမ်းသမား ဂျပန်တို့ အား ဗိုက်ကလေးနှိပ်ကာ မျက် ဖြူကလေး ဆိုက်ကာ မျက်လုံးကလေး ပေကလပ်ပေကလပ်ဖြင့် ဟိုနေရာတစ်ယောက် သည်နေရာတစ်ယောက် ဖြင့် အနှံ့အပြား ဝေဒနာကို ခံစား၍ နေကြလေ၏ ။ ဝိညာဉ် ကွယ် ပျောက် ပြီးသော ဂျပန်များ မှာလည်း တစ်နေ့တစ်
ယောက်နှစ်ယောက် ဖြင့် မှန်မှန်ကြီး စခန်း သွားလျက် ရှိလေ ၏ ။
မကြာမီ မြဒင် တို့ ၏ မြန်မာစခန်းသို့ပင် ကူးစက်၍ လာ၏ ။ မြန်မာစစ်သား ရဲဘော်ကလေး တစ်ယောက် နှစ်ယောက်ပင် ဖိတ်စင်၍ သွားရလေ၏ ။ မြဒင် ၏ အသည်း ခိုက်စရာ အကြောင်းပင်တည်း ။ အခြားလူများထက် မြဒင် မှာ ထိုကိစ္စမျိုးတွင် တတ်ကျွမ်းနားလည်သူတစ်ယောက် ဖြစ်သည့်အတိုင်း တစ်ယောက် တည်း ဗျာ များ၍ နေ၏ ။ မိမိတို့ ဆရာ လုပ်သူတွင် အလုပ်များ၍ နေရာ တပည့် ရဲဘော်များမှာလည်း မနေအားနိုင်ဘဲ ဆရာ့ နောက်သို့ လိုက်ပါကူညီလုပ်ကိုင်ပေးရခြင်းဖြင့် မကြာမီ အလုပ်ပင်ပန်း အစားပျက်ခြင်းဒဏ်ကြောင့် ရောဂါစွဲကပ်လာခဲ့ရခြင်း ဖြစ်၏ ။
နောက်ဆုံးတွင်ကား ဆရာမနိုင် နှစ်ဆောင်ပြိုင် ဆို သော စကားကဲ့သို့ ဂျပန် - မြန်မာ စခန်းနှစ်ခုစလုံးတွင် ဝမ်း ရောဂါ အကြီးအကျယ် ပျံ့နှံ့ဖြစ်ပွား၍လာရာ တစ်နေ့တွင် ဂျပန်စစ်ဗိုလ်အမိန့်ဖြင့် မြန်မာရဲဘော်တပ်သားများ ဤ စခန်းမှ ချက်ချင်း ထွက်ခွာသွားရန် အမိန့် ရောက်လေ၏ ။
ထို အမိန့် အတိုင်း ရဲဘော်များအား သွားလိုကြ၏ ။ အချို့ရဲဘော်များမှာ ရောဂါကို အလွန်အကြူးကြောက်၍ နေကြလေပြီ ။ ရဲဘော်တိုင်း တိုက်ပွဲ မှန်သမျှ သူရဲကောင်း အစစ်များ ဖြစ်ကြသော်လည်း မမြင်ရသော ရန်သူကို မည် သည့်လက်နက်မျိုးဖြင့် တိုက်ခိုက်ချေမှုန်းရမည်ကို မသိသော အခြေအနေမျိုးသို့ ဆိုက်ရောက်၍ နေသဖြင့် ယခုအ ကြိမ်တွင် ရဲဘော်တို့ အတွက် စိတ်ပျက်အားငယ်ဆုံး အချိန် ဖြစ်လေ၏ ။ မိမိတို့ ဘဝကိုလည်း အချည်းနှီး အဆုံးမခံလို ကြပေ ။
သို့သော် မိမိတို့ အစ်ကိုကြီး အဘအရာ ဆရာရင်း မြဒင် အတွက် အခက်ကြုံရလေ၏ ။ မြဒင် သဘောကား မည်သို့နည်း ။
“ ကဲ ရဲဘော်တွေ အားလုံး ဆရာ့အနားကိုလာကြ စမ်း ။ မင်းတို့ ဒီနေ့ ဒီစခန်းက အားလုံး သွားကြရမယ် ။ ယူစရာ ငင်စရာရှိတဲ့ အထုပ်အပိုးတွေကို အားလုံး အဆင် သင့် သွားပြင်ထားကြပေတော့ ”
မြဒင် သည် မိမိ ၏ သားတပည့်များ ဖြစ်သော ရဲဘော် များကို ခေါ်၍ အမိန့် ပေးလေ၏ ။ မြဒင် ၏ အမိန့်ဆုံးသည့် အခါ ရဲဘော်များသည် ရုတ်တရက် ထွက်၍ မသွားသေး ဘဲ တစ်ယောက် မျက်နှာ ကို တစ်ယောက် မသိမသာ ကြည့် ကာ မြဒင် ၏ ရှေ့တွင် ယောင်လည်လည် လုပ်၍ ရပ်မြဲ ရပ်နေ ကြလေ၏ ။
“ ကဲ .. သွားကြပေတော့ ၊ မင်းတို့ ယူချင်တဲ့ အထုပ် ပိုးကလေးတွေကို သွားပြင်ထားကြ ။ ကနေ့ နေမကုန်ခင် အားလုံး ထွက်ကြရမယ် ။ ဒီ စခန်းမှာတော့ ကြာကြာနေဖို့ မသင့်ဘူး ” ဟု ရဲဘော်တွေ မသွားသေးသဖြင့် မြဒင် က ဆက်၍ ပြောလေ၏ ။ သို့သော် ရဲဘော်တွေ ကား နေရာမှ မဆုတ်သေးပေ ။
“ ကဲ .. ရဲဘော်တွေ လုပ်ကြ ၊ သွားကြလေ ” ဟု နောက်တစ်ကြိမ် အမိန့် ပေးလိုက်သောအခါ မှ
“ ဆရာကော ၊ ဒေါက်တာကော ၊ အဘကော ” ဟု ရဲဘော်များ သည် မြဒင် ၏ အမိန့်ကို မလွန်ဆန်ရဲသကဲ့သို့ ခပ်ရွံ့ရွံ့နှင့်ပင် အသီးသီး မေးကြလေ၏ ။
မြဒင် သည် ရဲဘော်များ ၏ မျက်နှာကိုကြည့်၍ တွေ နေ၏ ။ ထိုသို့ တွေနေရာမှ ၍သွား၏ ။ ရုတ်တရက် မိမိ စကား ကို ပြောဖို့ခက် မထွက်သလို ရှိဟန်တူ၏ ။
“ အေး ငါကတော့ ဒီမှာပဲ နေခဲ့တော့မယ် ။ ငါ သွားလို့ မဖြစ်ဘူး ။ ငါ သွားလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး ။ မထူးမယ့် အတူတူ ငါတော့ ဒီမှာပဲ နေခဲ့မယ် ။ မင်းတို့ တတွေ သွားကြ ”
မြဒင် သည် ရဲဘော်များ ၏ မျက်နှာကိုကြည့်ရင်း ပြော ရာမှ ပြောရင်း မျက်နှာ မထားတတ်သလို တစ်ဖက်သို့ လွှဲ ၍သွားလေ၏ ။ ၎င်းအသံမှာ မူ မမှန်ပေ ။
ထို မူမမှန်သော စကားများကို ကြားရသော ရဲဘော် များမှာလည်း ရင်ထဲ ဆို့မတတ် ဖြစ်သွားကြလေ၏ ။ စကား ၏ အဓိပ္ပာယ် မကောင်းလှပုံနှင့်တကွ မိမိတို့ ဆရာမှာ မည်သည့်အခါမှ ဤကဲ့သို့ “ မင်း - ငါ ” စသည်ဖြင့် တင်းတင်းမာမာ မပြောခဲ့ဖူးသည် တစ်ကြောင်း ကို တွေးရင်း ရင် ဆို့ သွားကြလေ၏ ။ တစ်ယောက် မျက်နှာကို တစ်ယောက် လှမ်း၍ ကြည့်နေကြ၏ ။
“ ဟာ ဆရာ မပါရင် ကျွန်တော်တို့ ချည်းပဲ ဘယ်သွား လို့ကောင်းမလဲ ဆရာ ၊ ဆရာ့ ကို ကျွန်တော်တို့ ထားခဲ့ပြီး သွားလို့လည်း ဘယ်သင့်တော်မလဲဆရာ ” ဟု အနည်းငယ် ရဲဟန် ရှိသော ရဲဘော်တပည့်တစ်ယောက် က စ၍ ပြော လိုက်လေ၏ ။
“ အဘ မပါဘဲ ကျွန်တော်တို့ ချည်းသွားလို့ ဘယ် ကောင်းနိုင်မလဲ အဘ ရယ် ။ အဘ ပါ လိုက်မှပေါ့ ။ အဘ တစ်ယောက်တည်းလည်း ကျွန်တော်တို့ မထားခဲ့နိုင်ပါဘူး ” ဟု အခြား ရဲဘော်တစ်ယောက်က ထပ်၍ ပြောလေ၏ ။
“ ဒေါက်တာ မပါရင် ကျွန်တော်တို့ချည်းဖြင့် မသွား ချင်ဘူး ဒေါက်တာရယ် ၊ ဒေါက်တာမပါဘဲ ကျွန်တော်တို့ ချည်း သွားရမယ့်အစား ဒီမှာပဲ အတူတူစုပြီး အားလုံးသေ ကြရတာက ကောင်းသေးတယ် ။ ကျွန်တော်တို့ချည်းတော့ ဒေါက်တာ့ကိုခွဲပြီး မသွားပါရစေနဲ့ ဒေါက်တာရယ် ” ဟု အ ခြားရဲဘော်များ လည်း အသီးသီး တစ်ယောက် တစ်ပေါက် ပြောကြလေ၏ ။ မြဒင် သည် ရဲဘော်များ ၏ စကားကို တွေ ၍နားထောင်နေ၏ ။ မျက်နှာကား သိသိသာသာ မကောင်း ပေ ။ ထို့နောက် ခေါင်းကို ရမ်းကာ “ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ရဲဘော်တို့ ဆရာ့ စကားကို နားထောင် ။ မင်းတို့ ဒီမှာ နေဖို့ မသင့်ဘူး ရဲဘော်တို့ ဒီမှာနေလို့လည်း ဘာမှ အကျိုး ရှိမှာမဟုတ်ဘူး ။ အဲဒီတော့ သွားမှဖြစ်မယ် ။ အကျိုးမရှိတဲ့ နေရာမှာနေလို့ ဘာအကျိုးထူးဦးမှာလဲ ။ အလဟဿ သေ လို့လည်း ဘာအကျိုးရှိမှာလဲ ။ ဒီမှာနေလို့မဖြစ်ဘူး ၊ သွား ကြ ငါ့တပည့်တို့ သွားကြ ” ပြောရင်း မြဒင် ၏ အသံ မှာ တုန်ရီ၍ သွားသလို ရှိလေ၏ ။
“ မသွားပါရစေနဲ့ ဒေါက်တာရယ် ၊ ကျွန်တော်တို့ ချည်း... ” ရဲဘော်များ ၏ စကားမဆုံးမီ မြဒင် ၏ မျက်နှာမှာ ရုတ်တရက်တင်းမာ၍လာသလို ရှိရာမှ -
“ အို မသွားလို့ ဘယ်ဖြစ်မလဲလေ ၊ အကျိုးမထူးတဲ့ နေရာမှာနေလို့ ဘာအကျိုးထူးမှာလဲ ၊ ရဲဘော်တို့ သွားမှ ဖြစ်မယ် ၊ သွားရမယ်လေ ”
“ မသွားပါရစေနဲ့ အဘရယ် ”
“ အို သွားရမယ်ဆိုတာ ဘာလို့ မသွားရမှာလဲ ။ အမိန့်ကွ ဒါ ငါ အမိန့် ပေးနေတာ ။ မင်းတို့ သွားရမယ် ။ ဒီမှာ နေလို့ ဘာမှ အကျိုးမရှိဘူး ။ ဒါကြောင့် သွားရမယ် ။ ငါ့ အမိန့် နဲ့ ”
ရဲဘော်များမှာ ဘာမှ ပြန် မပြောဝံ့ကြတော့ပဲ တစ် ယောက်မျက်နှာ ကို တစ်ယောက် လှမ်း၍ ကြည့်ကြရာမှ အ သီးသီး ခေါင်းငိုက်စိုက် ကျသွားကြလေ၏ ။
“ စစ်သားဆိုတာ အလဟဿ အကျိုးမရှိဘဲ ဘယ် နေရာမှာမှ မနေရဘူး ၊ မသေရဘူး ။ အကျိုးမရှိဘဲ ဘယ်နေ ရာမှာမှ အချိန် မဖြန်းရဘူး ၊ အခု မြန်မာပြည်ကြီး ဟာ အင်မတန် အရေးကြီးနေတဲ့ အချိန် ရောက်နေတယ်ဆိုတာ မင်းတို့ သိတဲ့ အတိုင်းပဲ ။ အဲဒီတော့ ဒီအချိန်မှာ ရဲဘော်တို့ဟာ အ များကြီး အသုံး ဝင်နိုင်တယ် ။ ဒီမှာနေလို့ ဘာမျှ အကျိုးမရှိ နိုင်ဘူး ။ ဒါကြောင့် ရဲဘော်တို့ သွားကြရမယ် ။ ဒီမှာ နေဖို့ မသင့်ဘူး ။ ရဲဘော်တို့ဟာ အဖနိုင်ငံကြီးရဲ့ တာဝန်ကို အများကြီး ထမ်းဆောင်ဖို့ အချိန်တွေ ရှိသေးတယ် ။ ရဲဘော်တို့ အကျိုး အတွက်နဲ့ မြန်မာပြည်ကြီးရဲ့ အကျိုးအတွက် ကိုပါ ကျုပ် ပြောနေတာ ၊ ကျုပ် စကားကို နားထောင်ကြပါ ”
ထိုသို့ မြဒင် ပြောစဉ် ရဲဘော်အချို့ထံမှ မသိမသာ ရှိုက်လိုက်သောအသံတစ်ချက်နှစ်ချက်ကို ကြားရလေ၏ ။ မြဒင် က ဆက်၍ -
“ ရဲဘော်တွေကို ကျုပ် ယုံကြည်တယ် ၊ ရဲဘော်တွေ စေတနာကို ကျုပ် ကြည်ညိုတယ် ၊ ကျုပ် အားကိုးတယ် ။ ဒါပေမဲ့ အခု ကျုပ် မလိုက်နိုင်တာက ဆေးဆရာသဘောမျိုး နဲ့ကြည့်ပြီး မျက်စိအောက်မှာ ဝေဒနာခံစားနေရတဲ့ ဒုက္ခ သည် လူနာတွေကိုပစ်ပြီး မသွားရက်နိုင်ဘူး ။ ဆရာ ဆိုတာ ဂျပန် မှ မြန်မာ မှ မဟုတ်ဘူး ။ ရန်သူ - မိတ်ဆွေ မရှိဘူး ။ မရွေးကောင်းဘူး ။ ဒါကြောင့် ကျုပ် ဒီမှာနေရစ်ခဲ့တာပါ ။ ကျပ် တစ်ယောက်အတွက် နဲ့ ရဲဘော်တွေ အကျိုး မပျက်စီးစေချင်ဘူး ။ ဆရာ တစ်ယောက်ကြောင့်လည်း ရဲဘော်တွေမှာ ဘာမှ မထူးပါဘူး ။ ဒါကြောင့် ဆရာ့ စကား နားထောင်ကြပါ ။ ဆရာ စိတ်ချလက်ချ မှာ လိုက်ပါရစေ ။ ခုအခါ မြန်မာ ပြည်ကြီး ဟာ အင်မတန် အရေးကြီးနေတဲ့ အချိန်ကောင်း ကြီးမှာ အလဟဿ အချိန် မကုန်ချင်ကြပါနဲ့ ။ အချိန်မီ ကိုယ့် တာဝန် ကိုယ် ထမ်းဖို့ သွားကြပါ ။ ဒါပဲ ဆရာ ပြော ချင်တယ် ။ ဒီလောက်ပြောရင် ငါ့ တပည့်များ ရိပ်မိလောက်ရောပေါ့ ”
မြဒင် သည် ပြောရင်း အသံများ တိမ်၍ဝင်ကာ စကား ပြတ်၍သွား၏ ။ ခေါင်းငိုက်စိုက်ချကာ မြဒင် ပြောသ မျှကို နားထောင်နေကြသော ရဲဘော်များကား တုတ်တုတ် မျှ မလှုပ်မရှား ၊ အသံကလေး တစ်ချက်မျှ မကြားရဘဲ ထို ခဏမျှသော အချိန်ကလေးသည် တောကြီးသာခေါင် အလယ်ရှိ မြန်မာ့တပ်မတော်ကြီး မှ မြန်မာ့တပ်စိတ်ကလေး မှာ မကြုံစဖူး အထူးကြီးထူးစွာ ဆိတ်သုဉ်းငြိမ်သက်၍သွား လေ၏ ။
ရဲဘော်အချို့ ၏ တရှုံ့ရှုံ့ ရှိုက်သံကလေးများ ကို သာ တစ်ခါတစ်ရံ ကြားရ၏ ။
“ ကျွန်တော်တို့ အဘ စကား နားထောင်ပါ့မယ် ။ အဘ အမိန့်အတိုင်း သွားပါတော့မယ် ။ ဒါပေမဲ့ ကျွန်တော် တို့ ရဲဘော်တွေမှာ အဘ တစ်ယောက်တည်း တောကြီး မြက်မည်း အလယ်ကောင်မှာ ခွဲသွားရတဲ့အတွက် ရင်ကွဲတာ ပါပဲ ။ မသွားခင် ကျွန်တော်တို့ ရဲဘော်တစ်စု အဘ ကို ဦးတင် ကန်တော့ခဲ့ပါတယ် ” ဟု ခေါင်းဆောင်ရဲဘော်တစ်ဦး က စတင်ကာ မျက်ရည်တွေ ယိုရွဲသော မျက်လုံးမျက်နှာ တို့ ဖြင့် စိတ် ကို တင်း၍ ပြောလိုက်ရာ မှ “ ရဲဘော် သတိ ” ဟု ငိုသံပါပါဖြင့် အချက်ပေးလိုက်ရာ အားလုံးသောရဲဘော် များသည် မျက်ရည်လည်ရွဲ အူအသည်း ခိုက်မတတ် မချိ ဝမ်းနည်းသော မျက်နှာအမူအရာ တို့ဖြင့် ဦးခေါင်းကိုညိတ် ကာ မြဒင် အား တစ်ပြိုင်တည်း ကန်တော့ကြလေ၏ ။
“ အေး အေး ငါ့တပည့်များ ဘုန်းကြီးလို့ သက်ရှည် ကြပါစေ ၊ လိုရာခရီးကို ခလုတ်မထိ ဆူးမငြိဘဲ ကောင်း ကောင်းမွန်မွန် ချောချော မောမော ရောက်လို့ အဖနိုင်ငံတော် ကြီးရဲ့ အကျိုးကို သက်စွန့်ကြိုးပမ်းသယ်ပိုးရွက်ဆောင်နိုင် ကြပါစေဗျာ ၊ သာဓု ... သာဓု ... ”
သာဓု သုံးကြိမ် ကိုပင် ပြည့်အောင် ဆုမပေးနိုင်ဘဲ မြဒင်သည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေ၏ ။ ရဲဘော် များဘက်ဆီသို့ တစောင်းမျှ တိမ်းလှည့် ၍နေသော မြဒင် ၏ ခေါင်း တစ်ခုလုံးကား တုန်တုန်ရီရီလှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို တွေ့ရလေ၏ ။ တစ်ယောက် အပူ ကို တစ်
ယောက် ကြာရှည်စွာ မမြင်ရက် ၊ မကြည့်ရက်နိုင်သော ရဲဘော်များလည်း ထိုခဏ၌ပင် မြဒင် ၏ မျက်မှောက် ပျောက်ကွယ် ထွက်ခွာ၍ လာကြလေသတည်း ။
••• ••• ••• •••
( ၅ )
ဤသို့ဖြင့် မြဒင် နှင့် ရဲဘော်တစ်စု တို့ ၏ ဒုက္ခတွေ ပင် လယ်ဝေခဲ့သည် ။ လူမနီးသူမနီးသည့် တောစခန်း ကြေကွဲ ဝမ်းနည်းဖွယ် ထိုအဖြစ်အပျက်ဇာတ်လမ်းကလေးကား ဤမျှနှင့် ပြီးဆုံးခဲ့လေ၏ ။ သို့သော် ယခု အတ္ထုပ္ပတ္တိ ကား မပြီးဆုံးသေးပေ ။
တစ်နေ့ပြီ း တစ်နေ့ ၊ တစ်ရက်ဘပြီး တစ်ရက် ၊ တစ်လ ပြီး တစ်လ စသော မြန်မာပြည်ကြီး ၏ အလူးအလဲခံခဲ့ရသော အချိန်တွေမှာ တဖြည်းဖြည်း ကုန်လွန်ခဲ့၏ ။ ထိုအချိန်များ အတွင်း သေသူ လည်း သေ ခဲ့ရ၏ ။ ကြေသူ လည်း ကြေ ခဲ့ရ ၏ ။ ဝမ်းနည်း သူ လည်း ဝမ်းနည်း ၊ ရင်ကွဲ သူ လည်း ရင်ကွဲ ခဲ့ကြရလေပြီ ။
ကျွန်ုပ်တို့ အထက်တွင် ဆိုခဲ့သည့်အတိုင်း အပြောင်း အလဲ ရှိရမြဲ ဖြစ်သော ဤလောကတွင် အဆိုး တွေ့ က အကောင်း တွေ့ ရစမြဲ ။ အပျက် တွေ့ က အဖြစ် တွေ့ရစမြဲ ဓမ္မတာအတိုင်း မကြာမီ အချိန်သည်လည်း ယခင်မြဒင် တို့ နှင့် မြန်မာ - ဂျပန် ဒုက္ခသည် ရဲဘော်တစ်စုတို့အား အမေ့ကြီး လောက်သော အခါနာရီသို့ ရောက်၍ လာခဲ့ရလေ၏ ။
အနှစ်နှစ်အလလ တစ်ယောက်ကိုတစ်ယောက် ထိုး ခုတ် ၊ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကာ ( စစ် ကြီး ) ဟု ခေါ်သော သွေးချောင်းစီးခဲ့သည့် လူသတ်ပွဲကြီး သည်လည်း ပြီးဆုံးခဲ့လေပြီ ။ ဂျာမနီ - ဂျပန်များလည်း စစ် ရှုံး၍ လက်နက်ချပြီးခဲ့လေပြီ ။ အချိန်ကား တစ်နှစ်ပင် မြောက်ခဲ့ပြီတကား ။ မြဒင် နှင့် တကွ သေကြေပျောက်ဆုံး ခဲ့ကြသော ရဲဘော်တစုတို့အ ား အမေ့ကြီးကာ ပျော်၍ ရွှင်၍ ကောင်းသောအချိန်ပင်တည်း ။
“ အောင်တပ်တော်ကြီးလည်း ချီလာပါပြီ ၊ ဗမာအာဇာနည် ကမ္ဘာမှာတာရှည် ၊ ငါတို့ကြံဆောင်မည် အောင်ပြီ ” ဟူသော စစ်ချီသီချင်းများ ။
“ ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် ၊ မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်.. ၊ တိုင်း ပြည်ကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် ... ” အစရှိသော ဗိုလ်အောင်ဆန်းသီချင်းများ ။
“ သဒ္ဓါမျှတဲ့ အာရှလူငယ် မောင်မယ်တွေကညီ ၊ တစ် ကိုယ့်ကောင်းစိတ် ပယ်ရှားကာပင် စေတနာကြည်လင် ၊ ခုနေအခါမှာ တို့လူငယ်တွေ စည်းလုံးညီညွတ်ပြီ ” စသော အာရှလူငယ်သီချင်းများ ၊ “ ရိုင်ဖယ်ကို ကိုင်ဆောင်က နိုင် အောင်သာ ကိုက် မောင်ရယ်... ချစ်သူ အတွက်ကို နောက်ဆံ မတင်းနဲ့ ထင်လင်းစွာပဲ စိတ်ချယုံကြည် ။
ဪ .. ဝမ်းသာလို့မဆုံးနိုင်တော့တယ် ။ စစ်ကိုက်က ပြန်ရင်ကွယ် ၊ အလိမ္မာကလေးကို ဆတက်ထမ်းပိုး ကိုးလို့ ချစ်ပါ့မယ် ” ဆိုသည့် စစ်သားနှင့် ချစ်မယား သီချင်းများ ။
“ စစ်ပြီးရင်လေ မောင်ပြန်ခဲ့မယ် စောင့်နေတော်မူဦး ကွယ် ... ” စသော စစ်သားနှင့် အချစ်ရည်းစားသီချင်းကော့ လည်း စုံခဲ့ကြပြီ ၊ စုံသလောက် ဆို၍ ကောင်းသော အချိန် သို့လည်း ရောက်ခဲ့ပြီ ။
စစ်ကြီးပြီးစ ပျော်တပြုံးပြုံးနှင့် မော်မဆုံးဘဲ အကြည် လုံး ဆိုက်သူများလည်း ဆိုက်နေကြ၏ ။ ထိုအထဲတွင် ကျိုး သူကန်းသူမဲ့သူရဲ့ သူများလည်း ကျိုးခဲ့ကန်းခဲ့ပဲ့ခဲ့ရဲ့ ခဲ့ကြ၏ ။ သေကွဲရှင်ကွဲ အမျိုးမျိုး ကွဲ၍ အသက်သွေးခဲ မမြဲသူများ လည်း ပါမည် မုချ အနန္တ ။
သို့သော် ကျိုးသူ ပဲ့သူများကား အသက်သေဆုံးရ သည့် သူများထက်ကား အခြေတော်ကာ ဖြေဖျော်နိုင်စရာ ရှိသေးရာ စစ်ကြီးပြီး သူတစ်ပါးတတွေ ချမ်းသာရ၍ ချစ် မနိုင်သော အချိန်မျိုးတွင် ထိုကဲ့သို့ သေကွဲ - ရှင်ကွဲ ကွဲရသော သက်ဆိုင်ရာသူများ အဖို့ကား အဘယ်သို့ ဖြေဖျော် ဖွယ် ရှိနိုင်မည်နည်း ။ ပုထုဇဉ်တွေပါတကား... ။
ထို့ကြောင့် အခြားသူများ မေ့သော်လည်း မမေ့နိုင် ၊ အခြားသူတွေ ပျော်ကြသော်လည်း မပျော်နိုင် ၊ တပ်စိတ်ဗိုလ် ကလေး မြဒင် ကို စောင့်မျှော် ၊ သူ့ အတွက် ကိုသာ သတင်း မေး ၊ မြဒင် အတွက် သောက မအေးဘဲ အတွင်း ဆွေး ဆွေး ၍နေရှာသော မြဒင် ၏ ရည်းစားသည် ခမျာ မမြနှစ်ကလေး မှာကား စစ်ကြီး ပြီး၍ တစ်နှစ် စေ့မြောက်သော ယမနေ့ အချိန် သို့ရောက်သည့်တိုင် မမေ့နိုင် မပျောက်နိုင် မရွှင်နိုင်မလန်း နိုင် ပုထုဇဉ်ပါတကား ။
ဂျပန်များ စစ်ရှုံး ၍ လက်နက်ချအပ်စဉ်က အရပ်ရပ် မှ ဂျပန်သုံ့ပန်းများ ကို ခေါ်ဆောင်ယူလာသည့်အခါ မြန်မာပြည် အထက်ပိုင်း နယ်ခြားတောကြီး ထဲမှ ဂျပန်သုံ့ပန်း များတွင် ချိုင်းထောက်ကြီး တစ်ခု နှင့် ခြေ တစ်ဖက် မရှိသော မြန်မာတစ်ယောက် ကို တွေ့ရသည်ဟူသော သတင်းကို အစ ပထမ ကမူ ကြားရ၏ ။
သို့သော် ထိုသတင်း မှာ မကြာမီ အစပျောက်၍သွားကာ ဂျပန်သုံ့ပန်းများလည်း အရပ်ရပ်အနယ်နယ် ဆိုင်ရာ အလုပ်စခန်းများ ဝေခွဲ စေလွှတ်၍ ပို့လိုက်ကုန်၏ ။ ထို့နောက် ထို ဂျပန်သုံ့ပန်းစခန်းများ တွင် လိုက်လံရှာဖွေ မေး မြန်းသည့်အခါတွင်လည်း ထို ဗမာစစ်သား အကြောင်း ကို မသိရ ၊ မတွေ့ရပေ ။
ထိုအတွင်း ဂျပန် သုံ့ပန်း တစ်ယောက်နှင့်တွေ့ရာ “ ဘိရုမာစတာ တစ်ယောက် ကောင်းကောင်း ရှိတယ် ၊ မာစတာနော် အစ်ရှု ( ဆရာဝန် ) ဖြစ်တယ် ။ နိပွန်တွေနော် ( ဗိုက် ကို နှိပ်၍ပြကာ ) မကောင်းဘူးရှိတယ်နော် သေတယ် က ။ ဘိရုမာ အစ်ရှမာစတာနော် နိပွန် ကို ကောင်းကောင်းကြည့် တယ် .. အခုနော် ဘိရုမာ မာစတာ မရှိဘူး ။ ဘယ်ကို သွားကယ် မသိဘူး ။ ကောင်းကောင်း ရှိတယ် မာစတာ နော် က.. ” စသည်ဖြင့် မြန်မာစကား မလည်မပတ်ဖြင့် တစ်လုံးစ ၊ နှစ်လုံးစပြောရာမှ ဂျပန်လို နားလည်သော ရဲ ဘော်တစ်ဦး က လိပ်ပတ်လည်အောင် မေးသည့်အခါ -
ထိုသူမှာ မြဒင် ပင် ဖြစ်၍ ဂျပန်များ ဝမ်းရောဂါဖြစ် သည်တွင် ကိုယ်ဖိရင်ဖိပြုစုရာမှ တစ်နေ့တွင် မဟာမိတ် လေယာဉ်ပျံများ တောင်းဆောင်ကြီးများ အတွင်းသို့ ရန် သူများရှင်းလင်းသည့်အနေဖြင့် ဗုံးမိုးအကြီးအကျယ် ရွာချ လိုက်သည်တွင် ဂျပန်ပေါင်းများစွာ ထိခိုက်သေကြေ၍ မြဒင် ကိုလည်း ခြေထောက် ကို ဗုံးဆံ ထိသဖြင့် ခြေ တစ်ဖက် ပြတ်သွားကြောင်း ရှင်းလင်းစွာ သိရလေ၏ ။
ဂျပန်သို့ ပန်းများကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ရာ၌ ခြေတစ်ဖက် မရှိသော မြန်မာတစ်ယောက် ဆိုသည်မှာ မြဒင် ပင်ဖြစ်သည့်အကြောင်းကို ဤတွင်မှ ဧကန် သိမြင်၍ လာ လေ၏ ။
သို့သော် မြန်မာတစ်ယောက် ဖြစ်သဖြင့် မဟာမိတ် တပ်သားများမှာ အထူး ဂရုမစိုက်ဘဲ သွားလိုရာ သွားနိုင်ကြောင်း ခွင့်ပြုလိုက်ရာတွင် မည်သည့် အရပ်ကို ထွက်သွား သည်မသိ ၊ ပျောက်ကွယ်သွားတော့ကြောင်း ဤမျှဖြင့်သာ နောက်ဆုံး သိရလေ၏ ။ ဤတွင် မြဒင် ၏ ဒုတိယ ဇာက် လမ်းမှာ အဆုံး သတ်ရပြန်၏ ။
ရည်းစားသည်ကလေး မမြနှစ် ကား ချစ်ဦးရည်းစား စိတ်ထားသဘောထား ပြည့်ဝသော မြဒင် အား ယနေ့တိုင် မမေ့နိုင်ပေ ။
“ မြ ရာ ၊ ဒီလောက်တောင်ပဲ ပူဆွေးဒုက္ခ ရောက်မနေပါနဲ့ ။ တစ်နေ့နေ့ တွေ့ရမှာပေါ့ ။ အကြောင်းဖြစ်ရင်လည်း တစ်ခုခု ကြားရမှာပါပဲ ။ ကျွန်တော်တို့ လည်း ဒေါက်တာ ရဲ့ အကြောင်း ကို အမြဲ ထောက်လှမ်း စုံစမ်းလျက်ပါပဲ ” ဟု မျိုးချစ်တပ်မတော် ဗိုလ်ကလေး ဗိုလ်လှဝင်း က မမြနှစ် အား အမြဲတမ်း ဖျောင်းဖျပြောဆိုလေ၏ ။
ဗိုလ်လှဝင်း ဆိုသည်ကား အခြား မဟုတ် ၊ ထိုစဉ်က မြဒင် ၏ တပည့် ရဲဘော်တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ တစ်ယောက် ဖြစ်၏ ။မြဒင် ကို ခွဲခွာခဲ့ကြပြီးနောက် တော်လှန် ရေး အရေးတော်ပုံတွင် စွန့်စွန့်စားစား ဝင်ရောက်ထမ်း ဆောင်ခဲ့ခြင်းဖြင့် ယခုအခါ ရာထူး တက်၍ မျိုးချစ်တပ်မတော် ဗိုလ်ကလေး ဘဝသို့ ရောက်လာခဲ့ခြင်း ဖြစ်လေ၏ ။
မိမိ တို့ ၏ မိဘဆရာသမား အရာ ထားခဲ့သော သူ ၏ ရည်းစားသည်တစ်ဦး ဖြစ်သည့်အတိုင်း မြနှစ် ဆီသို့ နေ့ တိုင်းလာ၍ အရာရာ စောင့်ရှောက်ခဲ့၏ ။ မြဒင် အကြောင်းနှင့် ပတ်သက်၍ အားပေး စကား ပြောခဲ့၏ ။ မြနှစ် မှာလည်း ဗိုလ်လှဝင်း လာရောက်အားပေး သည့်အခါများတွင် ချစ်ရည်းစားသည် မြဒင်အတွက် စိတ် သက်သာရာရသလို ရှိလေ၏ ။ ထို့ကြောင့် ဗိုလ်လှဝင်း အလာ ကိုသာ စောင့်၍ မျှော်မိ၏ ။ ဗိုလ်လှဝင်း လာလျှင် မြဒင် သတင်း ကို မေးမြန်းရခြင်းဖြင့် စိတ်အနည်းငယ်ပြေ ပျောက်သလိုလိုရှိရာ နောက်ဆုံးတွင် မြနှစ် မှာ ဗိုလ်လှဝင်း လာမှပင် စိတ်ပျော်ရွှင်သလို ရှိလာပေ၏ ။
အိုးချင်းထား - အိုးချင်း ထိ ဟူသော လောက စကား . ရှိ၏ ။ နှစ်ဦး နှစ်ယောက်စလုံး လွတ်လပ်သူ အပျို နှင့် လူပျို များလည်း ဖြစ်၍ နေရာ မကြာမီတွင် တစ်ဦး အပေါ် တစ်ဦး စိတ်ထားပြောင်းလဲ ဖောက်ပြန်လာမည် ဆိုက ဓမ္မတာ အရ မည်သူ ငြင်းနိုင်ပါမည်နည်း ။ သဒ္ဒါ မှ ဘယာ ဟူသော ကမ္ဘာ့ စကားသည် အပူပွားနေသော ထိုသူနှစ်ယောက် ကျမှ အ ဘယ်သို့ ပြောင်းလဲ၍ စီရင်နိုင်မည်နည်း ။
သို့သော် လောကတွင် အမှားမှား အယွင်းယွင်းများ အကြား၌ မီးပြတံတိုင်းကြီးတစ်ခုကား ကာဆီး ရပ်တည်၍ နေသေး၏ ။ ထို တံတိုင်းမီးပြကြီးကား လူ့လောက နှင့် တိရစ္ဆာန်လောက ကို ခွဲခြားထားသော ကိုယ်ကျင့်တရား ပင် ဖြစ်၏ ။ ဗိုလ်လှဝင်း နှင့် မမြနှစ် တို့မှာလည်း ထိုကိုယ် ကျင့်သိက္ခာတရားကလေး တစ်ခုက တားဆီး၍နေခြင်းဖြင့် ဤမျှ ရက် - နေ့ အချိန် နာရီတွေ အတွင်း သန့်ရှင်းစင်ကြယ်၍ နေနိုင်ခဲ့ကြခြင်း ဖြစ်လေ၏ ။
ရံဖန်ရံခါ တစ်ယောက် ကို တစ်ယောက် မရိုးသော မျက်လုံးတို့ဖြင့် ကြည့်မိကြ၏ ။ တစ်ဦး ကို တစ်ဦး ဆင်ကြံ ကြံ မိကြ၏ ။ ထိုသို့ အလော်မာ မြူး၍လာတိုင်း “ တော်ပါ ဘူး ” ဟူသော ကိုယ်ကျင့်တရား တံတိုင်း က ကာဆီး၍ ပေးလိုက်ကြပြန်၏ ။
တစ်နေ့ နံနက်တွင် ဗိုလ်လှဝင်း ၏ မော်တော်ကား ကလေး ရောက်လာ၏ ။
“ မြ စိတ်ပြေ လက်ပျောက် ဒီနေ့ အောင်ပွဲနှစ်ပတ် လည် အထိမ်းအမှတ် လှည့်ပွဲကို သွားရအောင် ကိုလှဝင်း လာ ခေါ်တယ် ။ ကဲ အဝတ်အစားလဲပါ ၊ ကိုလှဝင်း ကား ပေါ်က စောင့်နေမယ် ”
“ အို မြ မလိုက်ချင်ပါဘူး ကိုလှဝင်း ရယ် ။ သွားပါ တော့ ” ဟု မြနှစ် က ငြင်းနေ၏ ။
“ အို စိတ်ပြေလက်ပျောက်ပေါ့ မြ ရယ် ။ ဒီလိုချည်း တစ်ယောက်တည်း တွေးနေလို့ ဆွေးရုံ ရှိမပေါ့ ။ ထပါ ကိုလှဝင်း တမင် လာခေါ်တာပဲဟာ ”
မြနှစ် သည် လှဝင်း မျက်နှာ ကို တစ်ချက်ကြည့်ပြီး အ လိုလိုက်သည့်ဟန် ၊ မငြင်းမဆန် ထ၍ အခန်းတွင်းသို့ ဝင် ၍ အဝတ်အစားများ ကို လဲလှယ်လေ၏ ။ ဗိုလ်လှဝင်း သည် မြနှစ် ထ သွားရာသို့ ငေး၍ ကြည့်ရင်း ကျန်ရစ်ခဲ့၏ ။ ၎င်း၏ စိတ်ထဲ၌ အတွေးများမှာလည်း မရှင်းလင်းပေ ။
မကြာမီ မော်တော်ကားကလေး ပေါ်တွင် နှစ်ယောက် သား လိုက်ပါလာကြ၏ ။ တစ်နှစ်တစ်ခါ လွတ်လပ်ရေး ဆာလောင်နေသော မြန်မာတို့ ၏ အောင်ပွဲနေ့ကြီးဖြစ်ရာ အ သွားအလာ အလွန် စည်ကားလှပေ၏ ။ ဗိုလ်လှဝင်း တို့ လည်း အောင်ပွဲ ကျင်းပရာနေရာ အနီးသို့ရောက်လျှင် ကြီး မားသော လူထုကို မြင်ရသည်တွင် အားပါးတ ရရှိလှကာ ရောက်လိုစောဖြင့် ကား ကို သတိမရဘဲ အနည်းငယ် လစ်သလို ရှိသွားစဉ် မိမိတို့ အနီးမှ ဟစ်အော်ဆူညံသံများကို ကြား ရလေ၏ ။
မော်တော်ကား လည်း ရပ်၍ သွားရာ ဤတွင်မှ သတိ ရကာ မိမိတို့ ရှေ့ မနီးမဝေးတွင် ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားတို့ဖြင့် စိတ်မနှံ့ဟန် လူတစ်ယောက် လဲနေ သည်ကို တွေ့ရလေ၏ ။ ထိုသူအား မိမိ ကားဖြင့် အမှတ်မဲ့ ဝင်၍တိုးမိကြောင်း သိရကာ ထိုအတွင်းပင် သူနာပြုတပ်သားများ လည်း ဝိုင်းဝန်း ရောက်လာကြလေ၏ ။ မော်တော် ကား အတိုး ခံရသူမှာ ဒဏ်ချက် မပြင်းထန်လှသော်လည်း အသက် က ကြီး ၊ အားအင် က ပြတ်လပ် ကုန်ခန်းပုံကြောင့် သတိမရဘဲ မေ့မြောနေရာ သူနာပြုများ က အဆင်သင့် ရှိသော ၎င်းတို့ ကားဖြင့် ဆေးရုံ သို့ အလျင်အမြန် ဆောင် ယူသွားလေ၏ ။
ဗိုလ်လှဝင်း ကား အောင်ပွဲကိစ္စကြောင့် စိတ်များနေကာ သူနာပြု တပ်သားများအား တောင်းပန်စကား ပြောဆို ပြီးနောက် မကြာမီ ဆေးရုံကြီးသို့ မိမိလိုက်လာခဲ့ပါမည့် အကြောင်း မှာထားလိုက်လေ၏ ။
အောင်ပွဲကြီး လည်း စတင်၍ ကျင်းပလေ၏ ။ အဖ နိုင်ငံတော်ကြီး လွတ်လပ်မှု အတွက် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော်များ ကို အရိုအသေပြုသည့်အခါ တွင် မမြနှစ် ဆီမှ ရှိုက်သံ တစ်ချက်ထွက်၍လာ၏ ။
လှဝင်း မှာလည်း မျက်နှာ မကောင်းဘဲ အမှတ်မဲ့ ကြည့်လိုက်ရာ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားရင်း ခေါင်းကလေးမှာ တဆတ်ဆတ်တုန် လုပ်နေသည်ကို တွေ့ရ ၏ ။ လှဝင်း ကိုယ်တိုင် မိမိတို့ ဆရာမြဒင် ကို သွား၍သတိရ ကာ မျက်ရည်များ စို ၍လာ၏ ။
“ ပြန်ကြပါစို့ ကိုလှဝင်း ရယ် ၊ ဒီမှာ နေရတာ တယ် စိတ်မကောင်းပါဘူး ၊ ပြန်ချင်ပါပြီ ”
“ ကဲ မြ ပြန်ချင်လည်း ပြန်တာပေါ့လေ ။ မပြန်ခင် ခုနကိစ္စအတွက် ဆေးရုံကြီးကို ခဏကလေး ဝင်လိုက်ပါ စေဦးနော် ” ဟု ဗိုလ်လှဝင်းလည်း မြနှစ် အလို ကို လိုက်ကာ ဆေးရုံကြီး သို့ မောင်းနှင် ထွက်လာခဲ့လေ၏ ။
မိမိတို့ ဆေးရုံ အဝ သို့ရောက်လျှင်ပင် ပျာယီးပျာယာ ထွက်လာကြသော ရဲဘော်နှစ်ယောက် နှင့် တွေ့ရ၏ ။ ဗိုလ်လှဝင်း ကို မြင်လျှင် အရိုအသေ ပြုပြီးနောက် ...
“ အဆင်သင့်ပဲ ဗိုလ်ကြီးရယ် ခုနက ဗိုလ်ကြီး ကား နဲ့ တိုက်မိတဲ့ အဘိုးကြီး မရှိတော့လို့ ”
“ ဟင် ဘာဖြစ်သွားလို့လဲ ” ဟု ဗိုလ်လှဝင်း က အံ့ အားသင့်သွားရင် ပြန်မေးရာ ရဲဘော်များ က -
“ ဘယ် ထွက်သွားတယ်မသိဘူး ဗိုလ်ကြီးရဲ့ ။ ဆရာဝန်များလည်း အလုပ် များနေတုန်း သူ့ နေရာကို လာတော့ မတွေ့တော့ဘူး ။ ထူခြားတာ တစ်ခုက ဟောဒီမှာ ” ပြော ပြောဆိုဆို မမြနှစ် ရှိရာသို့ မသိမသာ တစ်ချက် လှမ်းကြည့်လိုက်ရင်း ညစ်ထေးဟောင်းနွမ်းနေသော မှတ်စု စာအုပ်ငယ် ကလေးတစ်ခု ကို ဗိုလ်လှဝင်း ၏ လက်သို့ ပေးလိုက်လေ၏ ။
“ ဒီလူကြီး သတိမေ့နေတုန်း သူ့ပစ္စည်းကလေးတွေ ကိုယူပြီး ခေါင်းအုံးအောက်မှာ ခဏ ထားတာ ၊ သူ ထွက် သွားတော့ သူ့ ပစ္စည်းကလေးတွေ ကျန်နေခဲ့ပါတယ် ”
ဗိုလ်လှဝင်း သည် မှတ်စုစာအုပ်ကလေးကို အမှတ်မဲ့ လှန်ကြည့်လိုက်ရာ ဗိုလ်မြဒင် ဟူသော စာလုံး နှင့် ဓာတ်ပုံ တစ်ခုကို တွေ့ရသည်နှင့် တစ်ပြိုင်နက် -
“ ဟင် ဆရာကိုမြဒင် ၊ အလို ဘုရား ဘုရား ” ဟု နှစ်ယောက်သား ပါးစပ်မှ သံပြိုင် ထွက်သွားလေ၏ ။ ဗိုလ် မြဒင် နှင့် မျက်နှာချင်းဆိုင် ပုံကလေး တစ်ပုံ သည် မြနှစ် ၏ ပုံ ဖြစ်၏ ။
“ ကိုမြဒင် ကိုမြဒင် ဆိုပါကလား ကိုလှဝင်း ရယ် ၊ အခု ဘယ်ရောက်သွားသလဲ ရှာကြည့်ပါဦး ” ဟု ဤတွင် မှ မြနှစ် မှာ ပျာပျာသလဲ ဖြစ်၍ နေတော့၏ ။
မော်တော်ကား လည်း ဘယ် လိုက်ရမှန်း မသိဘဲ ဦးတည့် ရာသို့ ဟူးခနဲ ထွက်၍ လာခဲ့ရလေ၏ ။ သို့သော် မကြာမီ ကံအားလျော်စွာ မိမိတို့ ရှေ့မနီးမဝေး၌ ချိုင်းထောက်ကြီး နှင့် ပျာယီးပျာယာ သွားနေသော သူတစ် ယောက်ကို တွေ့ရလေရာ ထိုသူ အနီးတွင် ကား ကို ထိုးရပ် လိုက်သည်နှင့် ထို ခြေကျိုးကြီး မှာ မြဒင် ဖြစ်နေကြောင်း သိရ လေ၏ ။
“ ကိုမြဒင် .. ကိုမြဒင် အမယ်လေး ကိုမြဒင်ရဲ့ ” ဟု မြနှစ် က အသံ ပေး၍ ကားပေါ်မှ တစ်ဟုန်ထိုး ဆင်း၍ ပြေး သွားရာ နောက်မှ ကိုလှဝင်း တို့ လူစု လိုက်ပါ၍ လာ၏ ။
မြဒင် သည် မြနှစ် အား ပြူးကြောင်သော မျက်လုံးတို့ ဖြင့် စူးစိုက်ကြည့်နေရာမှ မျက်ရည်များ လည်ဆင်း၍ လာ ၏ ။ ထို့နောက် လှဝင်း တို့ အား လှမ်း၍ ကြည့်၏ ။
“ မြ ... မြ ... ဘာလို့ လိုက်လာသလဲ မြရယ် ” ဟု တုန်ရီ သော အသံဖြင့် ပြောစဉ် “ အဘ ” ဟု ခေါ်ရင်း ဗိုလ်လှဝင်း က လှမ်း၍ အရိုအသေ ပြုလိုက်လေ၏ ။ ဤတွင်မှ သေချာစွာ ကြည့်ရင်း “ မင်း ရဲဘော်လှဝင်း မဟုတ်လား ” ဟု မေးရာ -
“ ဟုတ်တယ် အဘ ၊ အဘ ကို တွေ့ရတာ ကျွန်တော် ဝမ်းသာလိုက်တာ" ဟု လှဝင်း က ပြန်ပြောရင်း မျက်ရည် များ စို့၍ လာ၏ ။
မြဒင် သည် မြနှစ် ဘက်သို့ လှည့်သွားပြီးလျှင် “ မြ .. ကိုမြဒင် ကို မြင်တဲ့ အတိုင်း လူစဉ် မမီတော့ဘူး ။ ဒါကြောင့် ကိုမြဒင် ဝေးရာကို သွားတော့မလို့ ၊ ဒီ လောကကြီး ဟာ ကိုမြဒင် အတွက် မဟုတ်တော့ဘူး ” ဟု စကား မဆုံးမီ
“ ဒီလို မပြောပါနဲ့ ကိုမြဒင် ရယ် ၊ မြ အင်မတန် အား ငယ်နေပါတယ် ။ ကိုမြဒင် ကို မြ စောင့်နေတာ ကြာလှပါပြီ ။ ကိုမြဒင် ကျိုးလို့ ကန်းလို့ ဘယ် ဘဝရောက်နေနေ မြ ကိုမြဒင် ကို မေတ္တာ မပျက်ပါဘူး ” ဟု ပြောပြောဆိုဆို ညစ်ပေစုတ်ပြတ်လျက်ရှိသော မြဒင် ၏ ရင်ခွင်ကြားသို့ တိုးဝင်ကာ တုန်တုန် ခိုက်ခိုက် ငိုရှိုက်၍ နေလေ၏ ။
မြဒင် သည် မြနှစ် အား ယုယစွာ ပွေ့ဖက်ထားရင်း မျက်ရည်ယိုရွဲသော မျက်လုံးတို့ဖြင့် မော၍နေစဉ် -
“ ဟုတ်ပါတယ် အဘရယ် ၊ ကျွန်တော် အသိပါပဲ ၊ မြ အင်မတန် စိတ်ဆင်းရဲနေပါတယ် ။ ကဲ မော်တော်ကား ဆီ ကြွပါ အဘ ” ဟု ဗိုလ်လှဝင်း သည် မင်းလောင်း ပင့် သလို ပင့်ခေါ် ၍ သွား လေသတည်း ။
◾ သင်္ခါ
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၄
၁၉၄၇ ၊ ဩဂုတ်
www.facebook.com/aung.naingoo.3726613
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, March 26, 2022
ချစ်လျှင် အကျိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment