❝ ပိုး ❞
“ ထီ ... ထီ ”
“ ထီး ... ဗိန် ... ထီ ”
ရွာလေးရဲ့ အနောက်ပိုင်း ဆီက ပတ်မ စမ်းသံဟာ ဖိုးတင် ရဲ့ စိတ်တွေကို ရိုးတိုးရွတ ဖြစ်အောင်ပင် အသံက လေနဲ့ အတူ လွင့်လာတယ် ။
“ ဟဲ့ မယ်ကျော့ ၊ ငါ ထမင်း မစားတော့ဘူး ။ သွားတော့မယ် ”
“ အောင်မယ်လေး ကိုဖိုးတင် ရယ် ၊ ဆိုင်း က အဝင် ဗြောတောင် မခေါက်သေးဘူး ။ ရှင့် နှယ်လည်း လောပ ။ ကြားရတဲ့ အသံ က ဖြင့် ပတ်စာ ထိုးပြီး အသံ စမ်းနေတာပါ တော် ”
မကျော့ က မျက်စောင်း တစ်ချက် ချီကာ ခေါင်း ကို ဆတ်ခနဲ ပြန် လှည့်သွားတယ် ။
“ ဗြောဝင်ဝင် မဝင်ဝင် ၊ ခေါက်ခေါက် မခေါက်ခေါက် ဟာ ငါ ကိုချစ်ပန်း တို့ ကို ဆိုင်းသေတ္တာတွေ ကူ သယ်ပေးမယ် ပြောထားတာ ။ အခုတော့ ပတ်မတောင် စမ်းနေပြီ ။ အားနာစရာ ကွာ ။ သွားပြီ ဟေ့ .. ”
အဲလို ကိုဖိုးတင် က ပြော ဖြေလေး ပြောပြီး ဖုတ်ဖက်ခါ ထွက်သွားလိုက်တာ မယ်ကျော့ ကိုတောင် တစ်ချက် လှည့်မကြည့်ဘူး ။
“ အဲဒီ ကိုဖိုးတင် က ဆိုင်းသံ ကြားရင် ထမင်းမေ့ ဟင်းမေ့ အစားထဲက ။ ဟင်း မပြောချင်ဘူး ”
ဆိုပြီး တဖျစ်တောက်တောက် နဲ့ ပြော လည်း ပြော ၊ မရွေးအိုး ကိုလည်း လက်တစ်ဖက်က လှော် လို့ ကျန်ခဲ့တော့တယ် ။
ooooo ooooo ooooo
အလှူဆိုင်း ၊ အသုဘဆိုင်း ၊ ဘုန်းကြီးပျံဆိုင်း ၊ ဘတော်ပျံဆိုင်း ၊ မယ်တော်ပျံ ဆိုင်း ၊ ဆိုင်း ဟူသမျှ ကြား တာနဲ့ နီးနီးဝေးဝေး ဖိုးတင် ရောက်ပြီးသား ။ ငယ်ငယ် က သူ့ အဖေ ပုဆိုးနှစ်ကွင်း ကို ချုပ်ရိုးကနေ ဖြဲပြီး နှစ်ထည် တစ်ထည်ပေါင်း ကန့်လန့်ကာ လုပ် ဇာတ်က , ကောင်းလို့ လိုက် ရိုက်တာ နှီးအကြောနဲ့ မိတ်ဆက်ခံရတော့ လက်သန်းလေး နည်းနည်း ကောက် နေတာဟာ ဖိုးတင် ရဲ့ အမှတ်တရ ဆို မမှားဘူးလို့ ဆိုရ မယ် ။ မျှစ်ချဉ် ထည့်ထားတဲ့ စဉ့်အိုးနှစ်လုံး ကို ထီးစ ပိတ်ပြီး ကြိုးချည် ၊ ဗုံ လုပ် တီးလို့ သူ့ အမေ ဝါးခြမ်းပြားစာ ကျွေး ရတာလည်း အကြိမ်ကြိမ် အခါခါ ။ မြို့ပေါ်က ဘုရား သုံးဆူ ဘုရားပွဲ ဆိုတာ တစ်နှစ် မှ တစ်ကြိမ် ၊ တစ်ကြိမ် ဆို ခုနစ်ရက် ၊ စည်စည်ကားကား ကျင်းပတော့လည်း ခုနစ် ရက် ၊ ခုနစ်လီ လူပျိုပေါက် မောင်ဖိုးတင် တို့က ဆင်နွှဲ မပျက် ။ ပွဲ ကြည့်တော့ ရှေ့ဆုံး က ၊ သူ့ ရှေ့မှာ ဆိုတာ ဆိုင်းဝိုင်းကြီးပဲ ရှိတော့တာ ။ ပွဲ ကြည့်တော့လည်း အများသူ ငါလို ဣန္ဒြေ ရရ ကြည့်တာ မဟုတ် ။ ဇာတ်စင် နောက် မင်းသား ၊ မင်းသမီးတွေ ၊ ဇာတ်သမတွေ နေတဲ့ အထဲ သွားလိုက် ၊ ခဏနေ ဇာတ်စင် ရှေ့ ပြန်ရောက်လာလိုက် နဲ့ ရက်ကန်း လွန်း ချည်သလို နေတော့တာ ။ ဘယ်ဇာတ်က လူ ရွှင်တော် နဲ့ ရင်းနှီးတယ် ။ ဘယ်ဇာတ် က မင်းသမီး နဲ့ ခင်တယ် ။ ဘယ်ဇာတ် က ဇာတ်ဆရာ က ဘယ်သူ ။ ဘယ်ဇာတ်က ပြဇာတ် ဒါရိုက်တာ က ဘယ်ဝါ ။ အဲ သလို ... အဲသလို ... ဖိုးတင် ဝါသနာ က ။ တစ်ခါက မြို့တော် သဘင် ဆိုတဲ့ ဇာတ် သူတို့ ရွာ ဘုန်းကြီးပျံပွဲ လာက တာ သုံးည ၊ သုံးချီ ။ နောက်ဆုံး ည ကပြီး ဇာတ်ပစ္စည်းတွေ ကားပေါ် တင် ၊ ဇာတ် ကားတွေ ရွာလယ်လမ်း က ပြန်ချိန် အထိ ဖိုးတင် အိမ်ပြန်ပေါ်မလာဘူး ။ ဖိုးတင် အမေ ဇာတ်ရုံ လိုက်ကြည့်တော့ မစင်ပုံ တထောင်းထောင်းနဲ့ နေရာ ဦးကြတဲ့ အုတ်နီခဲ အတုန်းအရုံးတွေ ၊ ဝါးငုတ်တွေ ဟို နေရာ တစ်တိုင် ၊ ဒီနေရာ တစ်တိုင် နဲ့ ရွာဆိုးရွာပျက်ကြီး ပုံစံပဲ တွေ့လိုက်ရတယ် ။ ဇာတ်စင် နဲ့ ဝါး သုံး , လေးပြန် လောက်မှာ ကွမ်းရောင်းတဲ့ လင်မယား ကုလားသေ ၊ ကုလားမော အိပ်နေကြတာ တွေ့တော့တယ် ။
“ ဟဲ့ ... မိညှက် ... ထပါဦးဟဲ့ ၊ ဖိုးတင် ကို ညက မတွေ့လိုက်ဘူးလား ။ ဇာတ် ကားတောင် ပြန်သွားပြီ ၊ ခုထိ အိမ် မပြန်သေးလို့တဲ့ ”
“ ဗျာ ... ဗျာ ... ကြီးတော် မကျောက်စိန် ... ဖိုးတင် ၊ ဘာ ... ဘာ ... ဖြစ်တယ် ”
မျက်လုံးနှစ်ဖက် ကို လက်ဖမိုးနဲ့ ယောင်ယမ်းပွတ် ပြီး ထ , လာတဲ့ လင်မယား က လည်း အိပ်မှုန်စုံမွှား ။ စကား တွေက အငေါ့ငေါ့ အထစ် ထစ် ။
“ ဖိုးတင်လား ... ကျွန် တော့်ကို ပြောသွားတယ် ။ သူ ဇာတ်အဖွဲ့ နဲ့ လိုက်သွားပြီတဲ့ ”
“ ဘာ ”
ဒေါ်ကျောက်စိန် ရဲ့ “ ဘာ ” ဆိုတဲ့ အာမေဋိတ်သံ က အတော် ကျယ်သွားပုံရတယ် ။ အိပ်ရေးပျက် လင်မယား နှစ်ယောက် နောက်ကို စွေ့ခနဲ ခန္ဓာကိုယ်တွေက ယိုင်သွား တယ် ။
“ အမယ်လေး ... ဖိုး တင် ရယ် အတော် ကြီးပွား ချမ်းသာဦးမယ့် ကောင် ၊ နင် တော့လား ... ”
ဆိုပြီး အပြေးတစ်ပိုင်းနဲ့ တဘက် ခေါင်းပေါ် တင် ၊ လိုက်သွားလိုက်တာ မိညှက် တို့ လင်မယားလည်း အိပ် ချင်စိတ်တွေ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း ကို မသိ တော့တာ ။ ဇာတ်ကား မောင်း သွားတဲ့ လမ်းတစ်လျှောက် မှာတော့ ဖုန်လုံးကြီးတွေ တလိမ့်လိမ့် ။ ဒေါ်ကျောက်စိန် ရင်ထဲမှာတော့ တငြိမ့်ငြိမ့် ဘယ် နေပါ့ မလဲလေ ။ ဗိန်း ဗောင်း သံတွေဟာ ဒေါ်ကျောက်စိန် ရင်ထဲ မြင်းရိုင်း သုံးဆယ် လောက် ဖြတ်ပြေးပုံ ကို နောက်ခံတေးဂီတ အသော့ နှင် တီးခတ်ပေးနေသလိုနေ မှာပါ ။
ooooo ooooo ooooo
မျက်နှာပေါ်က ချွေး တွေကို တဘက်နဲ့ ခပ်မြန် သုတ်ချလိုက်ပြီး ဒေါ်ကျောက်စိန် ရင်ဘတ်ကို လက်နဲ့ ခပ် ဖွဖွ ဖိလိုက်တယ် ။ အသက် ရှူသံ ခပ်ပြင်းပြင်းဟာ နိမ့် ဆင်းကျလာတော့မှ ... ။
“ ဖိုးတင်ရယ် နင် အဲဒီ ဇာတ်ထဲ လိုက်ပြီး မင်းသား လုပ်မလို့လား ၊ ကားဆွဲလုပ် မလို့လား ။ ဟင် ပြောစမ်း ။ နင် တော်တော် အရူးထနေပါ လား ။ ငါ တော့ သေတာ သေချင်တော့တယ် ။ ငါလိုက် ခေါ်ရတဲ့ အကြောင်း က ဆောင်းမြေပဲ သွားနုတ်နေတဲ့ နင့်အဖေ သိလို့ ကတော့ ထမ်းပိုးကျည်း နဲ့ ဆော်ခံရ မှာ ။ အမယ်လေး ဇာတ်ကား နောက် လိုက်ရတာ ဖတ်ဖတ်ကို မော သွားတာပဲ ။ ကား က လမ်း မကောင်းလို့ ဖြည်းဖြည်း မောင်း လို့သာ မီတာ ။ သွား စမ်း ၊ သောက်ရေ တစ်ခွက် ခပ်ခဲ့ ”
တရစပ် ပြောနေတဲ့ အမေ ဒေါ်ကျောက်စိန် ကို ကြည့်ပြီး ဖိုးတင် ပင် အတော် မောသွားပြီ ။ ဖိုးတင် ကတော့ ရွာ နဲ့ ခပ်လှမ်းလှမ်း ကို ရောက် သွားပြီ ဖြစ်တဲ့ ဇာတ်ကား နှစ်စီးကို လှမ်း ကြည့်နေဆဲ ။ သင်း တော့ စိတ်ငြိမ်ဆေး ကျွေးမှ ဖြစ်တော့မယ်ဆိုပြီး ဒေါ်ကျောက်စိန် စိတ် ထဲ တွေးတယ် ။ ဘယ်ဆေးရယ် ၊ ဘယ်ဝါးရယ် လို့ ဝေးဝေး ရှာ စရာ မလိုပါဘူး ။ မရွေးဖို ကို လာလာပြီး ကူညီ လှော်ခတ်ပေးနေတဲ့ မယ်ကျော့ နဲ့ ပေး စားမှလို့ ဘဝင် ခွေ့ မတတ် စိတ်ထဲက တွေးပြီး ပြုံးနေ တော့တယ် ။ ဒီကလေးမ လေးက ရိုးရိုးအေးအေး ဆိုပေမယ့် ဖိုးတင် ကိုတော့ ထိန်းကျောင်းနိုင်ပုံ ပေါ်ပါတယ် ။ သူ မနိုင်ဘူးဘဲ ထားဦး ။ တို့ လင်မယား လည်း သေ သွားသေးတာမှ မဟုတ် ဆိုပြီး သူ့ ကိုယ်သူ အား ပေးနေသေးရဲ့ ။ အဲဒီလောက် ဆိုး တဲ့ ပိုး ကို ဆေးခါးကြီး တိုက်ပစ်လိုက်မယ် ဆိုပြီး စိတ် ထဲက ကျိတ်ကြုံးဝါးနေတော့ တယ် ။ ဖိုးတင် ကတော့ နွား တွေ နဲ့ ခြံပြင် ရောက်နေတာတောင် သူ့ ပုလွေ ကျန်ခဲ့လို့ ဆိုပြီး နောက်တစ်ခေါက် အိမ်ပြန် တက်ယူပါရော ။ ဒေါ်ကျောက်စိန် ကတော့ မနက်ဖြန် အဲဒီ ပုလွေ ကို မီး ဆိုက်ပစ်မယ် လို့ ကြုံးဝါးပြီး မျက်စောင်းထိုး ကျန်ရစ်ခဲ့ တော့တယ် ။
ooooo ooooo ooooo
“ ရွဲ ကုန်သည် လာပြီ ဗျ xxx ခင်နှမတို့ ဆင်သဖွယ်ရာ xxx အသွင်လှတဲ့ ရွဲတွေပါ ဗျာ xxx ကြိုက်တာကို ယူကြ xxx ခေါ်ရင် လာမယ် xxx လာ ... မယ် ... ရွဲသည် ... ရွဲသည် ”
ထန်းရည် မူးလာတဲ့ ဖိုးတင် ဟာ သီချင်း ကို ကပေါက်တိ ကပေါက်ချာ ဆိုပြီး အိမ် ထဲ ဒယီးဒယိုင် ဝင်လာတယ် ။ လှေကားခြေရင်းမှာ တုတ်တစ်ချောင်း နဲ့ စောင့် နေတဲ့ ဒေါ်ကျောက်စိန် ကို မယ်ကျော့ က အတင်း ဆွဲ နေရတယ် ။
“ ဘယ့်နှယ်တော် ခြေ ငြိမ် မလားလို့ မိန်းမပေးစား လိုက်ပါတယ် ၊ သင်း က အသောက်ကလေးပါ ပါလာ တယ် ။ သင်း ငါ့ အကြောင်းကောင်းကောင်း သိရမှာပေါ့ ”
ဆိုပြီး ရိုက်မယ်ပြုမယ်လုပ်တော့ မယား မယ်ကျော့ လည်း မနေသာ ဝင် ဆွဲရတော့တာပဲ ။ ဖိုးတင် က အဲလို ဝါသနာကြီးတာ ။ ဘယ်လိုမှ မတတ်နိုင် တဲ့ အဆုံး ဒေါ်ကျောက်စိန် သူ့ ယောက်ျား နဲ့ တိုင်ပင်ပြီး ဆိုင်းတစ်ခြမ်း ထောင်ပေး လိုက်တော့တယ် ။ အဲဒီခေတ် က တစ်ရွာ တစ်ဆိုင်း ဆိုသလို ရှိကြတာကိုး ။ ဒေါ်ကျောက်စိန် တို့ ရွာ မှာသာ ဆိုင်းဝိုင်းကြီး မပြောနဲ့ ၊ တစ်ခြမ်းပဲ့ ဆိုင်းတောင် မရှိတာလေ ။ ဖိုးတင် ကို စိတ်ငြိမ်ဆေး အဖြစ် မယ်ကျော့ နဲ့ ပေးစားလိုက်တော့ လည်း မထူးရေးချ မထူး ။ ဆိုတော့ကာ ရွာမှာ လည်း သာရေး ၊ နာရေး ဆို တခြား ရွာ က ဆိုင်း ပဲ အားကိုးနေရတာ ဆိုတော့ ရှိတဲ့ ရွှေတို ရွှေစလေးတွေ ရောင်းချပြီး ဆိုင်းတစ်ခြမ်း ထောင်ပေးလိုက်တယ် ။ ပတ်မ ၊ စခွန့် ၊ ခြောက်လုံးပတ်ရယ် ၊ ကြေး ဝိုင်း တစ်ဝိုင်းရယ် ၊ စည်တို သုံးလုံးရယ် ၊ နှဲရယ် ၊ စည်းဝါး ရယ် ဆိုတော့ ဆိုင်းတစ်ခြမ်း စာ ဖြစ်သွားရော ။ ၆ ယောက် စာဆို အလုပ် ဖြစ်သွားရော ။ ဆိုင်းတစ်ခြမ်း ရင်းနှီးပေး လိုက်တဲ့နေ့က စလို့ ပွဲငှား မရသေးဘူး ၊ မိဘရဲ့ လယ်ယာ ကိုင်းချောင်းကို လှည့် မကြည့်တာကဘဲ တစ်လ တိတိ ကြာသွားတယ် ။ ဆိုင်း တိုက်တာ က တစ်မျိုး ၊ ဆိုင်း ကျင့်တာက တစ်ဖုံ နဲ့ ဆိုတော့ ရွာကလေးကတော့ စည်စည် ကို ဝေလို့ ။ ဟော ... ပွဲငှား ဆိုင်း ငှားရမယ် ဆိုတော့ ဖိုးတင် တို့ ရွာနဲ့ ခုနစ်မိုင်လောက် ဝေးတဲ့ ပေကုန်းရွာ မှာ ။ တီးရ မယ့် ပွဲ က နတ်ကနား ပွဲ ။ ပွဲနေ့ ထက် တစ်ရက် ဦးအောင် လှည်းတွေ နဲ့ ဆိုင်းတွေ လာ သယ်ကြတော့ ဖိုးတင့် မျက်နှာ တပြုံးပြုံး နဲ့ မှို ရတဲ့ မျက်နှာ ဆိုတာ ဖိုးတင် မျက်ခွက် သာ ကြည့်တော့လို့ အမေကျောက် စိန် ပြော ယူရတဲ့အထိ ဆိုပါ တော့ ။
ooooo ooooo ooooo
ကနားပွဲ ၃ ရက် ။ ၄ ရက် မြောက် နေ့မှာတော့ ရွာ ကို ဆိုင်းပစ္စည်းတွေနဲ့ သူ့အဖွဲ့ ကိုလှမောင် တို့ပဲ ရောက်လာ ကြတယ် ။ ဒေါ်ကျောက်စိန် က လှည်းတွေနောက် မျှော် ကြည့်လိုက်ပေမဲ့ ဖိုးတင် ကို မမြင်ရတော့ စိတ်ထဲ စိုးရိမ် လာတယ် ။
“ ဟဲ့ ... လှ မောင် ၊ ဖိုးတင်ရော ”
ပတ်မတီး လှမောင် လည်း မျက်နှာ က မရိုးမရွံ့ အောက်ချ လို့
“ ဒွေးလေး ကျောက်စိန် ရေ ... ပြော မပြောချင်တော့ ပါဘူး ။ နတ်ကနားပွဲ ဆိုတော့ ညဘက် နားတယ်လေ ။ အဲဒါ နဲ့ မြို့ပေါ်မှာ က , နေတဲ့ ဇာတ် အဖွဲ့မှာ ငါ့ အသိတွေ ရှိတယ် ။ သွား နှုတ်ဆက်ဦးမယ် ဆိုပြီး သွားလိုက်တာ ကနားပွဲ သာ ပြီးသွားတယ် သူက ပြန်ကို ပေါ်မလာတော့တာ ။ အဲဒီကို မသွားခင် ကျွန်တော့် ကို စကား တစ်ခွန်းတော့ ပြော သွားသေးတယ် ။ ငါ က ဆိုင်း တီးချင်တာ မဟုတ်ဘူး ၊ မင်းသား လုပ်ချင်တာတဲ့ ”
ပတ်မတီး ကိုလှမောင် ရဲ့ စကားလည်း ဆုံးရော ဒေါ်ကျောက်စိန် ရဲ့ ငိုကြီးချက်မ အသံဟာ ဧယင်ကျူး မင်းသမီး မာမာခင် ကတောင် အရှုံးပေး ရမလောက်ပဲလို့ အနီးအနား က လူတွေ က တီးတိုး ရေရွတ်နေကြတော့တယ် ။
“ အမယ်လေး ... မယ်ကျော့ ရဲ့ ... နင့် ယောက်ျား ဖိုးတင် က နင့် ကို ဗိုက်တစ်လုံး နဲ့ ထားခဲ့ပြီပေါ့ ။ သင်းက လက်စသတ်တော့ မင်းသား ရူး ရူးနေတာကိုး ။ သင်း တစ် နေ့တော့ ဒုက္ခ ရောက်မယ် ။ အမယ် လေး ... ဟီး ... ဟီး ... ရွှတ် ”
ဒေါ်ကျောက်စိန် ရဲ့ ကျောပြင် ကို ပွတ်ပြီး အား ပေး နှစ်သိမ့်သူ က ဖိုးတင့် အဖေ လူရိုးကြီး ။
“ သူ့လမ်း သူ သွားတာပဲ ကွာ ”
ဆိုပြီး အံကြိတ်နေရှာ တယ် ။ မယ်ကျော့ ကတော့ တဘက်ကလေး နဲ့ မျက်ရည် စတွေ သိမ်းသိမ်းနေလေရဲ့ ။
“ နင်ဟာ ငါ့ သား နဲ့ ရတော့ ငါ့ သမီးပဲ ၊ ဒီမှာပဲ နေ ။ ငါ့မြေး ကို ငါ ကိုယ်တိုင်ပဲ ပြုစု မယ် ၊ ကြားလား မယ်ကျော့ ”
ငိုလက်စ ခဏ ရပ်လို့ အသံ ခပ်ပြတ်ပြတ် နဲ့ မယ်ကျော့ ကို သတိပေးတယ် ။ မယ်ကျော့ ကတော့ အဖေတို့ အမေတို့ စီမံတဲ့ အတိုင်းပဲ ဆို ပြီး ရှိုက်ရှိုက် ငိုနေလေရဲ့ ။
အိမ်နီးချင်းတွေကတော့ စိတ် မကောင်း ဖြစ်တာက လွဲလို့ ဘာကူညီနိုင်တာ ရှိမလဲလေ ။ သူ့အိမ် ကိုယ့်အိမ် အလျှိုလျှို ပြန်သွားကြတော့ တယ် ။ လူရိုးကြီး ဖိုးတင့် အဖေ က တော့ ဆိုင်းသေတ္တာ လေး ငါးလုံး အထပ်လိုက်ကြီး ကို ဓာတ်ဆီ လောင်းပြီး ပြာပုံ ဘဝ ရောက်အောင် လုပ်လိမ့်မယ် လို့ ရွာကလူတွေ ထင်မထား ကြဘူး ။ ဒါပေမဲ့ ဖိုးတင် တို့ နေတဲ့ ရွာ မှာ နှစ်လလောက် ဆိုင်း တစ်ခြမ်း ထောင်ပြီး
နောက် သုံးလမြောက် မှာ ဆိုင်းတစ်ခြမ်း ပြာပုံ ဘဝ ရောက် သွားတယ် ဆိုတာ အစဉ် အဆက် ပြောစမှတ် တွင်ခဲ့ ပါတော့တယ် ။
ooooo ooooo ooooo
ဒေါ်ကျောက်စိန် က တော့ မိုင်ပေါင်းများစွာ ဝေးတဲ့ ဖိုးတင် ရှိတဲ့ နေရာကို မလိုက်နိုင် သလို ဖိုးတင် ကလည်း ရွာ ကို ခြေဦးတောင် မလှည့်တာ ၅ နှစ်လောက်ပင် ကြာခဲ့ရပြီ ။ ရိုးမခြေရင်း က လှည်းလမ်း ဆုံး ၊ လှေလမ်းဆုံး ရွာ ဆိုတော့ သူတို့ရဲ့ မြို့ငယ်လေး ကိုပင် မရောက်တာ ကြာပြီ ။ ဖိုးတင် နေတဲ့ မြို့ကြီး ဆိုတာ သူတို့ အဖို့တော့ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသလိုပ ။ ဖိုးတင် တစ်ယောက် မင်းသား ဖြစ်ပြီး ဆိုင်းသမားသမီး နဲ့ ညားတယ်လို့လည်း နားစွန် နားဖျား ကြားမိ ပါရဲ့ ။ သူ့ သွေးသားကို တောင် ယောက်ျားလား ၊ မိန်းမလား ၊ ဖြူသလား ၊ မည်းသလား သိချင်တဲ့စိတ် မရှိသူဟာ အနု ပညာ ကို ချစ်တဲ့ အနုပညာသမား တဲ့လား ။ အံ့သြမိပါရဲ့ လို့ ဒေါ်ကျောက်စိန် ကတော့ မြေးငယ် ကို မြူတိုင်း ၊ ချော့တိုင်း တွေးမိနေတော့တယ် ။ မြေးငယ်လေး ၅ နှစ် တင်းတင်း ပြည့်တဲ့ နေ့မှာ ရွာ ကို မြို့ပေါ်က စာတစ်စောင် ရောက်လာပါတယ် ။ အနုပညာသမားကြီး ၊ ဇာတ်မင်း သားကြီး သားတော်မောင် ဖိုးတင် ဆုံးရှာပြီ တဲ့ ။ ဘယ် လောက်ပဲ မုန်းမုန်း ၊ ဘယ် လောက်ပဲ ဒေါသတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ ဖိုးတင် ဟာ ဒေါ်ကျောက်စိန် ရဲ့ ရင်နှစ်သည်းချာပဲ မဟုတ်လား ။ စာ ကို ကောက် ဖတ်ပြီး ပုံ့ခနဲ လဲကျသွားတဲ့ ဒေါ်ကျောက်စိန် ကို သတိ ပြန်လည်လာအောင် မနည်း လုပ်ယူလိုက်ကြရတယ် ။ ဖိုးတင့် အဖေ ကတော့ အံကြီး ကြိတ်လို့ ။ မယ်ကျော့ မှာ အချိန်ရဲ့ တိုက်စားမှုကြောင့် လားတော့ မသိ ၊ မျက်ရည်ကျ စရာပင် မရှိတော့ ။
ooooo ooooo ooooo
အချိန်တွေ ကုစားသွားတော့ ဖိုးတင် ဟာ မယ်ကျော့ အတွေးထဲမှာ မရှိတော့ ။ သူ ထားရစ်ခဲ့တဲ့ ရင်သွေးလေး ကိုသာ ငယ် ကတည်းက ပြုပြင် သွန်သင်ရမယ် ဆိုတာ ကိုပဲ မယ်ကျော့ ခေါင်းထဲမှာ ထည့်ထားလိုက်တော့တယ် ။
ဟော .. သားတော်မောင် တောင် ကျောင်း ဆင်းလာပြီ ပဲ ။ ခြံဝင်းထဲ ဝင်လာတဲ့ သားတော်မောင် က ပါးစပ် က အဆက်မပြတ် ရွတ်လာတဲ့ အသံ ၊ လက်နှစ်ဖက် ကို ပေါင်တံလေး နှစ်ဖက်အ အပေါ် ယားလို့ ကုတ်သလိုမျိုး အပေါ် ယူလိုက် ၊ အောက် ကို ချလိုက် ခေါင်းတညိတ်ညိတ် လုပ်လာ တဲ့ ဟန်ပန်ကတော့ ကို မျက်ဖြူကြီးလန်ပြီး ထိုင်ရာကနေ ခေါက်ခနဲ လဲကျသွားအောင် ဖန်တီးလိုက်ပါတော့တယ် ။
“ ရို့ xxx ရို့ xxx ဒန်တွေ ဝယ်တယ် xxx ကြေးတွေ ဝယ်တယ်xxx ရို့ xxx ရို့ xxx ဒန်တွေ ဝယ်တယ် xxx ကြေးတွေ ဝယ်တယ် xxx ရို့ xxx ရို့ ”
“ ရို့ xxx ရို့ ”
“ ရို့ xxx ရို့ ”
◾ မင်းတုန်း မောင်စိမ်းလွင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၆ ၊ စက်တင်ဘာလ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment