Sunday, February 13, 2022

သူတော်ငတေ ၏ မဟူရာကျောက်ရှင်


 ❝ သူတော်ငတေ ၏ မဟူရာကျောက်ရှင် ❞


ဝါတွင်းကာလ ဝါခေါင်လဆန်း ( ၈ ) ရက် ၊ ဥပုသ်နေ့၌ ဖြစ်သည် ။


ကျွန်ုပ်တို့ အရပ်၌ ဝါတွင်း ဥပုသ်နေ့ များတွင် သီတင်းသည် ၊ ဥပုသ်သည်မများ နေ့ဆွမ်း စားပြီးချိန် ၌ ဇရပ်တွင် စုဝေးကာ ဇာတ်ကြီးဆယ်ဘွဲ့ ထဲမှ လင်္ကာဖြင့် ရေးသားထားသော ဇာတ်ဝတ္ထု တစ်ခုခု ကို စာ ဖတ်တတ်သူများက အလှည့်ကျ ဖတ်ပြ၍ စာနာသူများက နာကြသော အလေ့အထ ရှိသည် ။


ထိုသို့ စာနာနေကြရာမှ ဒေါ်ကြာလှဖြူ မည်သော ဥပုသ်သည် ၊ သီတင်းသည်မ တစ်ယောက် သည် ဇရပ် အောက် မှ " ကယ်ကြပါ ၊ ကယ်ကြပါ " ဟု အော်ငိုလိုက်ရာ ဇရပ်ရှိ ဥပုသ်သည်များ အားလုံး မှာ အထိတ်တလန့် ဖြစ်ကုန်ကြသည် ။


အမှန်က ဇရပ်ရှိ ဥပုသ်သည်မများ သာမဟုတ် ၊ ကျောင်းရှိ ဘုန်းတော်ကြီး ၊ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားများ နှင့် ဥပုသ်သည် လူကြီးများပါ ထိတ်လန့်တကြား ဖြစ်ကုန်ကြ၏ ။ ထို့ကြောင့် ကျောင်းရှေ့ရှိ ဇရပ် ဘက် သို့ လှမ်းကြည့်သူကြည့် " ဘာဖြစ်တာလဲ ၊ ဘယ်သူလဲ " မေးသူ မေးနှင့် ချက်ချင်း အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည် ။


အကြောင်းမှာ ဥပုသ်သည်မ ဒေါ်ကြာလှဖြူ ကို တောပင့်ကူ အကိုက်ခံလိုက်ရ၍ ဖြစ်၏ ။


ဒေါ်ကြာလှဖြူ မှာ ဆေးငုံတတ်သော အကျင့် ရှိသည် ။ ထို့ကြောင့် ဆေးလိပ်တို တစ်တို ကို ပထမတစ်ခါ ကိုက်ငုံပြီး ကျန် ဆေးလိပ်တို ကို ဇရပ်ကြမ်းခင်း ဝါးလုံးခေါင်း တစ်ခေါင်း ထဲရောက် တစ်ခါ ခံတွင်းချဉ်လာလျှင် ငုံရအောင် ထည့်ထားခဲ့သည် ။


ဇရပ်ကြမ်းခင်း ဝါးလုံးများ အားလုံးမှာ လွှ နှင့် ညီညီညာညာ တိုက်ဖြတ်ပြီး ခင်းထားသော ဝါးကြမ်းခင်းများ ဖြစ်ရာ အခင်းတစ်ပြင် လုံးရှိ ဝါးလုံးများမှာ အခေါင်းချည်း ဖြစ်သည် ။ ထို့ကြောင့်လည်း ဒေါ်ကြာလှဖြူ က ပထမ သူ ထည့်ထားခဲ့သော ဝါးလုံးခေါင်း ကို လည်း မှတ်မှတ်ရရ သတိ မထားမိဘဲ နမော်နမဲ့ ထည့်ထားခဲ့ရာ ယခု ခံတွင်း ချဉ်လာ၍ ဆေး ငုံချင်လာသောအခါ ဇရပ်အောက် ကို ဆင်းပြီး သူ့ ဆေးလိပ်တို ထည့်ထားခဲ့သော ဝါးလုံးခေါင်း ကို လိုက်ရှာကြည့်သည် ။


ထိုအခါ ဝါးလုံးခေါင်းထဲ၌ မည်းမည်းမြင်သော အရာကို သူ့ ဆေးလိပ်တို ဟု ထင်ကာ လက်ညှိုးနှင့် လှမ်းကောက် နှိုက်သည် ။ အမှန်မှာမူ သူ က ဆေးလိပ်တို ဟုထင်ပြီး ဝါးလုံးခေါင်း ထဲ၌ မည်းမည်း မြင်နေရသော အရာမှာ ဆေးလိပ်တို မဟုတ်ဘဲ တောပင့်ကူကြီး တစ်ကောင် ဖြစ်နေသဖြင့် အကိုက် ခံလိုက်ရခြင်း ဖြစ်သည် ။


ကျွန်ုပ်တို့ ဆီ၌ ဝါဆို ဝါခေါင်လများ မိုးကြီးပြီ ၊ ရေကြီးပြီဆိုလျှင် တောပင့်ကူကြီးများ သည် ရေ နှင့် မျောပါလာကာ တွယ်မိတွယ်ရာ ရမိရရာကို တွယ်တက်ပြီး ဝါးလုံးခေါင်း နှင့် သက်ငယ်ဓနိအမိုး အကြို အကြား ဝင်နေတတ်ကြသည် ။ ဤသည်ကို သိသော်လည်း ဆေးငုံချင်သော ဆန္ဒ နှင့် ဒေါ်ကြာလှဖြူ က ဝါးလုံးခေါင်းထဲ ရှိ တောပင့်ကူကို ဆေးလိပ်တို အမှတ်ဖြင့် နှိုက်မိ၍ အကိုက် ခံလိုက်ရခြင်း ဖြစ်သည် ။


တောပင့်ကူ ၏ အဆိပ် မှာ အလွန် ပြင်းသည် ။ စ , အကိုက်ခံရစဉ်က အော် နေရသလို နောင်တွင်လည်း ထို ဒဏ်ရာ မှ ရောင်ရမ်းလာပြီး တဖြည်းဖြည်း နှင့် အသားကောင်းတွေ ပုပ်ပွလာကာ လက်ဆစ် ၊ ခြေဆစ်တွေပါ ပြုတ်ကျတတ်သည် ။ ကျွန်ုပ်တို့ ရွာ ၌ ပင့်ကူ ကိုက်ခံရ၍ ထိုသို့ လက်ဆစ် ၊ ခြေဆစ်တွေ ပြုတ်ကျဖူးသူ တစ်ယောက် ၊ နှစ်ယောက် ခန့် ရှိရာ ယခု ဒေါ်ကြာလှဖြူ မှာ လောလောဆယ် ပင့်ကူ ကိုက် ဒဏ်ရာ မှ မခံနိုင်လောက်အောင် နာကျင်လာ၍ အော်ဟစ် ငိုယိုနေရသလို နောင်တွင် လက်ညှိုးပုပ်ပွ ပြုတ်ကျတော့မည် ကိုလည်း တွေးမိကာ ဆောက်တည်ရာ မရ အော်ဟစ်ငိုယို ပြီး " ကယ်ကြပါဦး ၊ လုပ်ကြပါဦး " နှင့် အကူအညီတောင်း ငိုယိုနေသည် ။


သို့သော် တောပင့်ကူ အဆိပ်ဖြေဆေး ဆိုသည်မှာ ဘယ်အရာမှန်း ဘယ်သူမှ မသိကြသဖြင့် ထင်ရာမြင်ရာ ကို တစ်ယောက် တစ်ပေါက် သာ ပြောဆို ဆူညံနေကြသည် ။ တချို့က ပင့်ကူ ကိုက်ရာ ကို ခုချက်ချင်း မီးစ နှင့် ထိုးလိုက်လျှင် အဆိပ် အတော်အသင့် ကျ သွားနိုင်သည်ဟု ပြောသလို ၊ တချို့ကလည်း မန်ကျည်းစေ့ ကို နှစ်ပိုင်း ဖြတ်၍ တစ်ပိုင်း နှင့် ပင့်ကူ ကိုက်ရာ ကို ကပ်ထားလျှင် အဆိပ် ကျသည် ဟု ဆိုပြန်သည် ။


ခက်သည်မှာ ထိုဥပုသ်နေ့ က သူတို့ ရွာ ဆေးဆရာ ကလည်း ဥပုသ်စောင့် ရောက် မလာဘဲ ပျက်ကွက်နေလေရာ ဆေးဆရာ ကို ရွာထဲ ပြေးခေါ်ရန် သွား သူ က သွား နေသည် ။ ဒေါ်ကြာလှဖြူ အတွက် ပို၍ ကံဆိုးသွားသည် မှာ သူ တို့ ရွာ ဆေးဆရာကြီးကို မင်းရွာ က လာ ပင့်သွားသဖြင့် ဆေးဆရာ အခေါ် သွားသူမှာ ရွာ ထဲ ၌ ဆေးဆရာ မရှိကြောင်း တစ်ခေါက် ပြေးလာ ပြောရပြန်၏ ။


မင်းရွာ က လာပင့်သွားသော ဆေးဆရာ ကို လိုက်ခေါ်ကြရအောင်ကလည်း မင်းရွာ နှင့် သူတို့ ရွာ မှာ အသွားအပြန် တစ်နာရီ နီးပါးခန့် ကြာမည် ။


သို့ဆိုလျှင် ယခု ဒေါ်ကြာလှဖြူ ၏ တောပင့်ကူ ကိုက်သော ဝေဒနာ ကို မည်သို့ ကုစားကြရမှန်း မသိဖြစ်ကာ တစ်ယောက် တစ်ပေါက် နှင့်သာ ဆူညံ နေကြသည် ။ တောပင့်ကူ အကိုက် ခံထားရသော ဒေါ်ကြာလှဖြူ မှာ လည်း မနေနိုင် မထိုင်နိုင်လောက်အောင် နာကျင်လာသောအခါ ဒဏ်ရာ ရထားသော လက် ကို နောက် လက်တစ်ဖက် နှင့် ဆုပ်ကိုင်ကာ ဇရပ် အောက် တွင် လူးလှိမ့် ငိုယိုနေလေသည် ။


ထိုအချိန်တွင် သာမန်အားဖြင့် သူ့ ဖိုရုံ ထဲက ထွက်ခဲလှသော သူတော်ငတေ သည် ရုတ်ရုတ်သဲသဲ အသံ ကြား သဖြင့် သူ့ ဖိုရုံ ထဲက ကိုယ်ရုံကြီး ဖိုသီဖတ်သီ နှင့် ထွက်လာကြည့်သည် ။ မျက်မှောင် ကုတ်ကာ " ဒီလောက် အော်ဟစ် ငိုယိုနေရအောင် နေ့ခင်းကြောင်တောင်ကြီး ဘယ်သူ့ ကျားဝင်ကိုက်လို့လဲ " ဟု မေး၏ ။


" ကျားကိုက်တာ မဟုတ်ဘူး ဦးသူတော် ၊ ဒေါ်ကြာလှဖြူ ကို တောပင့်ကူကြီး ကိုက် လိုက်တာဗျ ။ အဲဒါ အခု သူ မခံနိုင်လောက်အောင် နာကျင်လာလို့ ၊ ဟိုမှာ မြင်တဲ့အတိုင်းပဲ ၊ ဇရပ် အောက် မှာ လူးလှိမ့်အော်ဟစ်နေရတာ ။ ဆေးဝါး မန္တရား ရှိရင် ဒါနပြု ကုသိုလ် ယူလိုက်ပါဦး"


အရပ်လူကြီး ဥပုသ်သည် တစ်ယောက် က သူတော်ငတေ ကို တောင်းတောင်းပန်ပန် ပြောလိုက်၏ ။


ထိုအခါ သူတော်ငတေ သည် သူ့ ဖိုရုံ အခန်း ထဲ ပြန်ဝင်သွားပြီး ချက်ချင်း ပြန်ထွက်လာကာ တောပင့်ကူကြီး ကိုက် ၍ လူးလှိမ့် အော်ငိုနေသော ဒေါ်ကြာလှဖြူ အနား ရောက်လာသည် ။


" ပင့်ကူမှန်း ဆေးလိပ်တိုမှန်းတောင် မသိတတ်တဲ့ မိန်းမ ။ ခံရတာ နည်းတောင် နည်းသေးတယ် "


လူးလှိမ့် အော်ငိုနေသော ဒေါ်ကြာလှဖြူ ကို စူးစိုက်ကြည့်ကာ သူတော်ငတေ က သူ့ ထုံးစံအတိုင်း ပြောလိုက်၏ ။ သို့သော် ဒေါ်ကြာလှဖြူ ခမျာမှာကား သူတော်ငတေ ကို အကျိုးအကြောင်းပင် ပြန် မပြောနိုင်ဘဲ အော်ဟစ်၍ သာ ငိုယိုနေသည် ။


" ငိုနေလို့ ခင်ဗျား ဝေဒနာ ပျောက်မလားဗျ ။ ပြစမ်း ခင်ဗျားလက် "


ပြောပြောဆိုဆိုနှင့်ပင် သူတော်ငတေ သည် ဒေါ်ကြာလှဖြူ ၏ ပင့်ကူ ကိုက် ခံထားရသော လက်တစ်ဖက် ကို ဆိုးဆိုးဆတ်ဆတ် ဆတ်ခနဲ လှမ်းဆွဲ ကာ


" ဘယ်နေရာ ကို ကိုက်လိုက်လဲ ၊ ပြစမ်း "


" ... ဒီ လက်ညှိုးထိပ် ကို ကိုက် လိုက်တာ ဦးသူတော် ရယ် ။ အောင်မယ်လေး နာလိုက်တာ "


ဒေါ်ကြာလှဖြူ က ဒီ လက်ညှိုးထိပ် ကို ကိုက်လိုက်တာ ဟူသော စကား မဆုံးခင်မှာပင် သူတော်ငတေ သည် ဒေါ်ကြာလှဖြူ ၏ လက်ညှိုးထိပ် ကို သူ့ လက်ထဲ ပါလာသော ကညစ်အချွန် နှင့် ထိုး ကော်လိုက်သည် ။


ထိုအခါ ဒေါ်ကြာလှဖြူ မှာ


" အောင်မယ်လေးတော့ သေပါပြီ "


ဟု ထပ် အော်လိုက်ပြန်၏ ။


" ခင်ဗျားဟာ မသေနိုင်ပါဘူးဗျ ။ မသကာ ပြုတ်ကျရုံက လွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး ။ ခုနက ကျုပ် ထိုးလိုက်တဲ့ ကညစ် စူးသွားတာနဲ့ စောစော က ပင့်ကူ ကိုက်ခံထားရတာ ဘယ်ဟာ ပို နာသလဲ "


" ဦးသူတော် ထိုးလိုက်တာလည်း နာတာပဲ ၊ ပင့်ကူ ကိုက်လိုက်တာက အီပြီး နာတာ ။ ဦးသူတော် ကညစ် နဲ့ ထိုးလိုက်တာက ရုတ်တရက်ကြီး ဆိုတော့ ပို နာသလိုပဲ"


ဒေါ်ကြာလှဖြူ က ပင့်ကူ ကိုက်လိုက်တုန်းက သွေး မထွက်ဘဲ ယခု သူတော်ကညစ် နှင့် ထိုးလိုက်ကာမှ သွေး ထွက်လာသော သူ့ လက်ညှိုးထိပ် ကို ကြည့်ကာ တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားသည် ။


"ပင့်ကူ ကိုက်တာက ကျုပ် ကညစ် နဲ့ ထိုး လိုက်တာလောက် မနာဘူး ဆို တော့ အဲဒါ ဝေဒနာတစ်ခု ကို ဝေဒနာ တစ်ခု က ဖုံးလွှမ်းသွားတဲ့ သဘောပဲ ။ အခု ခင်ဗျား ကိုယ် ကို ဓား နဲ့ တစ်ယောက်ယောက် က လာ ခုတ်ရင် ကျုပ် ကညစ် နဲ့ ထိုးထားလို့ နာတယ် ဆိုတဲ့ ဝေဒနာ က ရုတ်တရက် ပျောက်သွားပြီး ဓား ခုတ်ရာက တစ်ခါ နာလာပြန်ဦးမယ် ။ ကျုပ် ကညစ် နဲ့ ထိုးထားတဲ့ ဒဏ်ရာ က နာကျင်မှုဝေဒနာ ရုတ်တရက် ပျောက်သွားတာ ဘာကြောင့်လဲ"


"မသိပါဘူး ဦးသူတော်"


"တော်တော့ ခင်ဗျားတို့ ဝိပဿနာ ထိုင်နေကြတယ်ဆို ။ သန္တတိ ဖြစ်စဉ်ကိုမှ နား မလည်ရင် ဝိပဿနာ ထိုင်တာ အပို ပေါ့ဗျ ။ ကဲ အခု ခင်ဗျား ကို ပင့်ကူ စ ကိုက်လိုက်တုန်းက နာတာ နဲ့ အခု နာတာ ဘယ်ဟာက ပို နာတယ်လို့ ထင်လဲ ။ အခုကို ပြောတာနော် ။ အခုဆိုတာ အခု ကျုပ် ပြောနေတဲ့ အချိန်ကို ပြောတာ ။ စောစောက ကညစ် နဲ့ ထိုးလိုက်လို့ နာတာကို ပြောတာ မဟုတ်ဘူး ။ ဘယ့်နှယ်လဲ ၊ ခင်ဗျား လက် ငြိမ်ငြိမ် ထားစမ်းပါ "


ဒေါ်ကြာလှဖြူ နှင့်တကွ ဝိုင်းကြည့်နေကြသူ အားလုံးက ဒေါ်ကြာလှဖြူ ၏ လက်ညှိုး ထိပ်တွင် သူတော်ငတေ စကားတပြောပြော နှင့် ဘယ်တုံးကပင် ကပ်လိုက်မှန်း မသိသော ကျောက်ပြာပြာလေး တစ်လုံးကို သတိ ပြုမိလိုက်ကြသည် ။


" ကျုပ် မေးနေတာလည်း ခင်ဗျား ဖြေဦးလေဗျာ ။ အခု နာကျင်ခြင်း ဆိုတဲ့ ဝေဒနာ ဘယ်လို နေသေးလဲ "


" သက်သာသွားပါတယ် ဦးသူတော် "


" ဟုတ်ရဲ့လား ၊ သေချာလား "


" သက်သာပါတယ် "


"သက်သာရင် လက်ကို ငြိမ်ငြိမ်ထား ။ ခင်ဗျားတို့ ခုလို ဝိုင်းကြည့်နေကြမယ့်အစား ကျုပ် ကို နွားနို့စိမ်း တစ်ဖန်ခွက်လောက် သွား ရှာပေးကြပါလား "


ဝိုင်းကြည့်နေကြသော ဥပုသ်သည် မိန်းမ ၊ ယောက်ျားများ ကို သူတော်ငတေ က မော့ကြည့်ပြီး ပြောလိုက်၏ ။


" ရပါတယ် ဦးသူတော် ကျွန်တော့် နွားမတမ်းမလေး မိုးဦးက မှ သားပေါက်ထားတာ ရတာပေါ့"


" ရရင် စောစော သွားယူလိုက်ဗျာ "


နွားနို့ ရပါတယ် ဆိုသော ဦးထွန်းလူ က ချက်ချင်းပင် သူတော်ငတေ အပြောကြောင့် ဇရပ်နားက ထွက်သွားသည် ။


ထိုအချိန်မှာ သူတော်ငတေ က ဒေါ်ကြာလှဖြူ ပင့်ကူ ကိုက်ရာ လက်ညှိုးထိပ် ၌ ကပ်ပေးထားသော လက်သည်းခွံ ပမာဏရှိ ကျောက်ကလေး ကို စိုက်ကြည့်ကာ -


" ဒါ မဟူရာကျောက် ခေါ်တယ်ဗျ ။ အဆိပ် မှန်သမျှ သိပ်နိုင်တာ ။ ခင်ဗျားတို့ သတိထားမိကြလား ၊ ဒေါ်ကြာလှဖြူ ရဲ့ လက်ထိပ်က ပင့်ကူ ကိုက်ရာ ကို ကျုပ် စ,ကပ်ပေးတုန်းက ဒီ မဟူရာ ကျောက်ကလေး ရဲ့ အရောင်ဟာ ခပ်ပြာပြာ ပဲ ။ အခု ညို သွားပြီ ၊ တွေ့လား "


ဟု ပြောလိုက်၏ ။


မှန်သည် ။ ယခု သူတော်ငတေ ပြောလိုက်မှ သတိထား ကြည့်မိကြရာမူလက ပြာလဲ့လဲ့ကျောက်ကလေး မှာ ယခု ညို သွားလေပြီ ။


" အဲဒါ ပင့်ကူ ရဲ့ အဆိပ် ကို မဟူရာကျောက် က စုပ်ယူနေတာဗျ "


သူတော်ငတေ ထိုသို့ ပြောနေစဉ် နွားနို့ သွားညှစ်သူ ဦးထွန်းလူ သည် နွားနို့ တစ်အာဒါ ( ပုလင်းဝက် ) နီးပါးရှိ ပုလင်းတစ်လုံး ကို ပိုက်ပြီး ပြန် ရောက်လာသည် ။ ထိုအခါ သူတော်ငတေ က ဇရပ်ပေါ်ရှိ သီတင်းသည် တစ်ဦး ဆီ က ကြေးဖလားတစ်လုံး လှမ်းတောင်းပြီး ဦးထွန်းလူ ၏ ပုလင်းထဲ က နွားနို့ရည် ကို ကြေးဖလား ထဲ လောင်းထည့်လိုက်လေ၏ ။


" ခင်ဗျားတို့ စောစောက ဝိုင်းကြည့်နေကြတာ ဘာမြင်ရလဲ ။ အခုမှ ကြည့်ဖို့ကောင်းတာ ။ လာ လာကြည့်ကြ "


ဟု ပြောပြီး ဒေါ်ကြာလှဖြူ လက်ညှိုးထိပ်၌ ကပ်ထားသော မဟူရာကျောက် ကို အသာလေး တို့ယူ လိုက်ကာ နွားနို့ကြေးဖလားခွက်ထဲ ထည့်လိုက်၏ ။ ထိုအခါ အရောင် ညိုနေသော မဟူရာ ကျောက်ကလေးသည် နွားနို့လေးဖလား ခွက်ထဲ အမြှုပ်တစီစီ နှင့် ကူးခပ်နေလေသည် ။


" ကျုပ် မဟူရာကျောက်က ပင့်ကူဆိပ်တွေ ကို ပြန် အန်ထုတ်နေတာ တွေ့ကြလား "


" တွေ့ပါတယ် ဦးသူတော် "


ဝိုင်းကြည့်နေကြသူများ ထဲမှ တစ်ယောက် က ပြောလိုက်၏ ။


"အေး ဒါဆို ခင်ဗျားတို့ ဆက်ကြည့်နေကြဦး ။ မကြာမီ နွားနို့ရော မဟူရာကျောက် ပါ အရောင် ပြောင်း သွားလိမ့်မယ် "


သူတော်ငတေ ပြောသည်မှာ အမှန်ပင် ဖြစ်သည် ။ ဖြူဖွေးနေသော ကြေးဖလားထဲ က နို့ရည် မှာ မကြာမီ မည်းပုပ်ဘသွားလေသည် ။ ထိုအခါ သူတော်ငတေ သည် ကြေးဖလားထဲ က မဟူရာ ကျောက်ကလေး ကို အသာ ကောက်ယူပြီး သူ့ လက်ဝါးနှစ်ဖက် နှင့် ပွတ်လိုက်သည် ။ ပြီးတော့ မဟူရာကျောက် ကို သူ့ လက်ဝါး ပေါ် တင်ပြထား၏ ။


" ကဲ စောစောက ညိုနေတဲ့ မဟူရာကျောက် က မူလအတိုင်း ပြန်ဖြစ်သွားပြီ ။ ဟုတ်ရဲ့လား ၊ သေသေချာချာ ကြည့်ထားကြ "


" ဟုတ်ပါတယ် "


ဟု ဥပုသ်သည် အားလုံးက ဝန်ခံ စကား ဆိုကြသည် ။


" ခင်ဗျား ကော တောပင့်ကူ ကိုက်တာ ဟိုတုန်းကလို နာသေးလား "


" မနာတော့ပါဘူး ဦးသူတော် "


ဝိုင်းကြည့်နေကြသူများ နှင့် စကား ပြောနေရာ က သူ့ ဘက် လှည့်မေးလာသော သူတော်ငတေ ကို ဒေါ်ကြာလှဖြူ က မနာမကျင်တော့ကြောင်းပြောလိုက်သည် ။


" သေချာရဲ့လား "


" သေချာပါတယ် ဦးသူတော် ၊ ပင့်ကူ ကိုက်လိုက်တုန်းက လက်ညှိုး တစ်ချောင်းတင် မကပါဘူး ။ ဒီဘက် လက်တစ်လျှောက်လုံး သေမလောက် ကို နာတာ ။ အခု မနာတော့ပါဘူး "


" ကျုပ် ကညစ် နဲ့ ထိုးလှန်ထားတဲ့ နေရာ ကကော "


" အဲဒီနေရာကတော့ နည်းနည်း နာပါသေးတယ် "


" အေး နာရင် သေလိုက် ။ ခင်ဗျား ပင့်ကူ ကိုက်တဲ့ ဒဏ်ရာနဲ့ မသေဘဲ ကညစ် ထိုး ဒဏ် နဲ့ သေလိမ့်မယ် ။ ကြားပဲ မကြားဖူးပါဘူး ၊ ဆေးလိပ်တိုမှန်း တောပင့်ကူမှန်းတောင် ခွဲခြားညမသိတတ်တဲ့ မိန်းမ "


သူတော်ငတေ ၏ စကား ကို အားလုံး ဝိုင်းရယ်လိုက်ကြစဉ် သူတော်ငတေ လည်း ဘုန်းကြီးကျောင်းဝင်း ဘက် ထွက် သွားလေသည် ။


◾ဝေယံလင်းခေါင်

   

📖 သူတော်ငတေ ၏ ပိတုန်း ၁၀၀၀ နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

Friday, February 11, 2022

အဆိပ်


 

❝  အဆိပ် ❞

“ ပန်းရမယ် သပြေပန်း ၊ နှင်းဆီပန်း ၊ သစ္စာပန်း ဘုရားတင်ဖို့ အတွက် ပန်းလှလှလေးတွေ ရမယ် ”

“ ဟေ့ မာလာ ၊ ခဏစောင့်ဦး ငါ ပန်းယူမလို့ ”

ပန်းတွေ အပြည့် ထည့်ထားသည့် ခြင်းတောင်း အား ခေါင်းပေါ် ရွက်ပြီး သူမ အိမ်ရှေ့ကို ကျော်ပြီး အော်ရောင်းနေသည့် သူငယ်ချင်း မာလာ ကို အိမ်ထဲက နေပြီး ကြည်ပြာ လှမ်းအော် တားကာ သူမ ဆီ လျှောက်သွားလိုက်သည် ။ အနားရောက်သည်နှင့် ခြင်းတောင်းထဲ က သပြေပန်း ၃ စည်းလောက် ကို ဆွဲယူပြီး အိတ်ကပ်ထဲ ထည့်ထားသည့် ငွေ ကို ထုတ်ပေးလိုက်သည် ။ ထို့နောက် ကြည်ပြာ သည် မာလာ ကို ကြည့်ပြီး မသိမသာ နှာခေါင်းရှုံ့ လိုက်သည် ။

“ ဒီမယ် မာလာ ၊ နင် ဒီလို ပန်းတွေကို ခေါင်းပေါ်ရွက်ပြီး အော်ရောင်းနေတာ မရှက်ဘူးလားဟင် ”

ပြောမနာ ဆိုမနာသည့် သူငယ်ချင်း အရင်းကြီးတွေ ဖြစ်ကြသည်မို့ ကြည်ပြာ သည် ဇက် ကို ပုပြီး မဝံ့မရဲ ဘွင်းဘွင်းကြီး မေးလိုက်သည် ။ ကြည်ပြာ ၏ အမေးကြောင့် မာလာ သွားပေါ်အောင် ရယ်လိုက်မိသည် ။

“ မရှိလို့ ပြောင် လုပ်စားတာ သူများပစ္စည်း ကို ခိုးစားတာမှ မဟုတ်တာ သူငယ်ချင်း ရယ် ၊ ဘာလို့ ရှက်ရမှာလဲလို့ ။ ရှက်လို့ မလုပ်စားရင် ငါ နဲ့ အမေ နှစ်ယောက် လုံး ထမင်း ငတ်ကုန်မှာပေါ့ ဟ ”

မာလာ ၏ စကားများ သည် အားလုံး အမှန်တွေချည်း ဖြစ်သည် ။ ချို့တဲ့သည့် မိခင်မုဆိုးမ နှင့် အတူတူ နေကြရသည့် ဘဝတူ သူငယ်ချင်းတွေ ဆိုပေမယ့် မာလာ သည် မရှက်မကြောက် သူမ ၏ မိခင် နှင့် အတူ ဘဝ ကို ရုန်းကန်သည် ။ ကြည်ပြာ မှာတော့ ထိုကဲ့သို့ နိမ့်ပါးသည့်အလုပ်များ ကို လုပ်ရမှာ အလွန် ရှက်သည် ။ မာလာ ကဲ့သို့ ဈေးတောင်း ကို ခေါင်းပေါ် ရွက်ပြီး အော်ရောင်းရလျှင်ဖြင့် ဟု တွေးမိသည့် အချိန်တိုင်း သူမ တစ်ကိုယ်လုံး ကြက်သီးတွေ ဟိုနားဒီနား သီးထလာသည် ။ အခုလည်း အတူတူပင် ။ မာလာ နှင့် စကား ဆက်ပြောဖို့ ကြည်ပြာ တွင် ဘာ ခွန်အားမှ မရှိတော့ချေ ။

“ ကျောင်းကျမှ တွေ့တော့မယ်နော် မာလာ ”

ထို့ကြောင့် စကားကြော ကို အမြန်ဆုံး ဖြတ်ချလိုက်သည် ။

“ အိုခေ ကောင်းပြီလေ ၊ ဒါဆို ငါ ဈေး ထပ်ရောင်းလိုက်ဦးမယ် နော် ”

ကြည်ပြာ သည် မာလာ ကို ခေါင်းညိမ့်ပြလိုက်သည် ။

“ ပန်းတွေ ရမယ် သပြေပန်း ၊ သစ္စာပန်း ပန်းလှလှလေးတွေ ဘုရားတင်ဖို့ ရမယ် ”

သူမ ကို ကျောခိုင်းပြီးသည်နှင့် ပန်းတွေ ကို အသံပြဲကြီး နှင့် အော် ရောင်းနေပြန်သည့် မာလာ ၏ ကျောပြင်ကို ကြည့်ပြီး ကြည်ပြာ ရင်ထဲ ဘာမဆိုင် ညာမဆိုင် ရှက်စိတ်များ ဝင်ရောက်လာသည် ။

“ တော် တော် ... မရှိရင်လည်း တခြား အလုပ်ပဲ လုပ်စားမယ် ။ အသံပြဲကြီး နဲ့ အော်ရောင်းရမှာ ကိုတော့ အရှက်ဆုံးပဲ ”

ကြည်ပြာ သည် ပန်းစည်း ကို ကိုင်ထားရင်း ပခုံးပါ တုန်ခါမြင့်တက်သွားအောင် တစ်ယောက်တည်း ရေရွတ်ပြီးသည် နှင့် အိမ်ထဲ ပြန်ဝင်သွားလေသည် ။

°°°°°   °°°°°   °°°°°

“ ရှေ့တစ်ပတ် သောကြာနေ့ ကျရင် ကျောင်းမှာ အာစရိယ ပူဇော်ပွဲ ရှိတယ် မေမေ ။ အဲဒါ အတန်းပိုင်ဆရာမ က တစ်ယောက် ကို အနည်းဆုံး ငါးထောင် ကို ဗုဒ္ဓဟူးနေ့နောက်ဆုံး ထည့်ရမယ်လို့ မှာ လိုက်တယ် မေမေ ”

ကြည်ပြာ သည် ကျောင်း ကနေ အိမ် ကို ပြန်ရောက်ရောက်ချင်းပင် လွယ်အိတ် ကို အိမ်တိုင်က သံငုပ်တွင် ချိတ်ပြီး မိခင် ဖြစ်သူ ဒေါ်ခင်မေ အား အသိပေးလိုက်သည် ။ “ ငါးထောင် ” ဆိုသော ငွေပမာဏ ကို ကြား ပြီး ဒေါ်ခင်မေ ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ထိုနှင့်အတူ မျက်လုံးပါ မသိမသာ ဝိုင်းစက်သွားသည် ။ ငါးထောင် ဆိုသော ငွေပမာဏ သည် ချမ်းသာသော မိသားစု အတွက်တော့ သူတို့ သားသမီး ကို ကျောင်းမုန့်ဖိုး ပေးသလောက် သာ ရှိပေမယ့် သူမ အဖို့တော့ သားအမိ နှစ်ယောက် စားရန် အတွက် ဆန် သုံးပြည် လောက် ဝယ်လို့ ရသည် မဟုတ်ပါလား ။ ကြည်ပြာ ပြောသည့် ငွေ ငါးထောင် သည် သူမ ၏ အိတ်ထောင်ထဲ တွင် ရှိသည် ။ သို့ပေမယ့် ဆန်အိုး ထဲတွင်တော့ ဆန် တစ်စေ့ မျှ မရှိတော့ချေ ။ မည်သို့ပင်ဖြစ်စေ သမီးကြည်ပြာ စိတ်ညှိုးနွမ်းသွားမှာ ကိုတော့ ဒေါ်ခင်မေ မလိုလားပေ ။

“ အေးပါ သမီးရယ် ၊ မေမေ ဗုဒ္ဓဟူးနေ့ အမီ ပေးပါ့မယ် ဟုတ်ပြီလား ”

ထို့ကြောင့် ကြည်ပြာ စိတ်ကျေနပ်သွားအောင် ချော့မော့ထားလိုက်သည် ။ ကြည်ပြာ သည် ဒေါ်ခင်မေ ၏ စကားများကို ထမင်းစားရင်း ခေါင်းညိတ် ပြလိုက်သည် ။

°°°°°   °°°°°   °°°°°

နေ့လယ်ခင်း ထမင်းစားချိန် ကျောင်းဆင်းတော့ အိမ် ကို မသာယာသော မျက်နှာထားဖြင့် ပြန်ရောက်လာပြီး ထမင်းစားပွဲပေါ် ဘုတ်ခနဲ ထိုင်ချကာ စိတ်လက် မပါသည့် အမူအရာ နှင့် ထမင်းစားနေသော ကြည်ပြာ ကို ဒေါ်ခင်မေ သတိထားလိုက်မိသည် ။

“ မေမေ သမီး ပြောထားတဲ့ ငွေ ရှိရင် ပေးပါတော့လား ဟင် ။ ဗုဒ္ဓဟူးနေ့ က မနက်ဖြန် မို့လို့ ဒီနေ့ပဲ သူငယ်ချင်းတွေ က အာစရိယ ပူဇော်ပွဲ အတွက် ငွေ ကို ဆရာမ ဆီ ပေးပြီးကုန်ကြပြီ ။ မာလာ တောင် ပါသေးတယ် ။ သမီး တစ်ယောက်တည်း ပဲ ကျန်တော့တယ် မေမေ ရ ။ ဆရာမ က သမီး ကို ဘယ်တော့ ပေးမှာလဲတဲ့ အီး ဟီး ဟီး သမီး ရှက်တယ် မေမေ ”

ထင်သည့်အတိုင်း ဖြစ်လာသောကြောင့် ကြည်ပြာ ကို ကြည့်ပြီး ဒေါ်ခင်မေ ရင်ကွဲမတတ် ခံစားလိုက်ရသည် ။ မရှိကြတာချင်း အတူတူကိုမှ မာလာ က ပေးပြီးသွားပြီ ဆိုတော့ အခက်သား လား ။ လက်ရှိ သူမ ထံတွင် အခုချက်ချင်း ကောက်ကာငင်ကာ သေသွားတောင် ပါးစပ်ထဲ ထည့်ဖို့ မူးတစ်ပြား တောင် မရှိချေ ။ ထုံးစံအတိုင်း သမီး ဖြစ်သူ ကြည်ပြာ ကို ချော့ရန်သာ ရှိတော့သည် ။

“ ပိုက်ဆံ က ဗုဒ္ဓဟူးနေ့ မှ နောက်ဆုံး ပေးရမှာ မဟုတ်လား သမီးရယ် ၊ မနက်ဖြန် ကို အဲဒီ ငွေငါးထောင် ရအောင် ရှာပြီး ပေးပါ့မယ်နော် သမီး ။ အခု မေမေ့ ဆီမှာ မရှိသေးလို့ပါ ”

“ မေမေ့ ကို ပြော လိုက်ရင် အဲဒီ အတိုင်းချည်းပဲ ။ အဲဒီ ပိုက်ဆံ ကို သမီး က သုံးမှာလည်း မဟုတ်ဘူး ၊ အာစရိယပူဇော်ပွဲအတွက် ပေးရမှာလို့ ရှေ့တစ်ပတ်ကတည်းက ပြောထားတာကို အခုထိ မရနိုင်သေးဘူး ။ ဘယ်တော့များမှ မေမေ့ ဆီမှာ ငွေ ရှိလာဦးမှာလဲ ဟင် ။ ကျောင်းမှာ အရာရာတိုင်း ကိစ္စတိုင်း အောက်ကျနောက်ကျ ဖြစ်ရလွန်းလို့ ကျောင်းတောင် နေချင်စိတ် မရှိတော့ဘူး ”

ကြည်ပြာ သည် ဒေါသကြောင့် စားလက်စထမင်း ကို ကုန်အောင် မစားဘဲ လက် ကို ထဆေးကာ လွယ်အိတ် ကို ဆွဲယူပြီး အိမ်ပြင် ကို ထွက်သွားလေသည် ။ ကြည်ပြာ စားထားသော ပွသရောင်း ထနေသည့် ထမင်းစားစားပွဲ ကို အဝတ်စ နှင့် သုတ်ပြီး ပါးပေါ် ကျတော့မလို ဖြစ်နေသည့် မျက်ရည်အား လက်ခုံ နှင့် အမြန်ဆုံးသုတ်ပြီး ပြုံးလိုက်သည် ။ ဘယ်လောက်ပင် ဆိုးဆိုး မိမိ ၏ ရင်နှစ်သည်းချာ သားသမီးမို့ ဘယ်မိဘ က အပြစ် မြင်မည်နည်း ။ ယခု ဒေါ်ခင်မေ သည်လည်း ထိုနည်းလည်းကောင်းပါပင် ။ ကြည်ပြာ အား အပြစ်မမြင်သည့် အပြင် သူမ ၏ လိုအပ်ချက်အား မဖြည့်ဆည်းပေးနိုင်သည့် အတွက် ဒေါ်ခင်မေ ပို၍ စိတ်မကောင်း ဖြစ်နေရသည် ။

°°°°°   °°°°°   °°°°°

“ ဘယ်လို ဖြစ်တာလဲ ဟင် ခင်မေ ၊ နင့် သမီး ငိုပြီး ကျောင်းသွားနေတာ ကို တွေ့လိုက်တယ် ”

ရုတ်တရက် အိမ်ထဲ ဝင်လာသည့် မာလာ ၏ မိခင် ဒေါ်ရီမြင့် ကြောင့် ဒေါ်ခင်မေ သည် လုပ်လက်စ အလုပ် ကို ဖြတ်ပြီး အိမ်ရှေ့ဘက်ကို ထွက်လာကာ ကြမ်းခင်းပေါ် ထိုင်ချလိုက်သည် ။

“ တွေ့လိုက်တာလား မရီမြင့် ၊ အာစရိယပူဇော်ပွဲကြေး မပေးနိုင်သေးဘူး ပြောလို့ စိတ်ကောက်သွားတာပါ ”

ဘယ်လောက်ပင် ရင်းနှီးကြသည့် မိတ်ဆွေ ဟု ပင် ပြောပြော ကိုယ့် သားသမီး အသုံးမကျ ဖြစ်နေသည်ကိုတော့ ဘယ် သူစိမ်း ကို မှ ပေး မသိချင်ကြတာ မိဘတိုင်း ၏ စိတ်ပင် မဟုတ်လား ။ ဒေါ်ခင်မေ တွင်လည်း ဒီစိတ် ရှိသည် ။ ထို့ကြောင့် ကြည်ပြာ နှင့်ပတ်သက်ပြီး အမှန်တရားချိုချိုလေးအား နှစ်လိုဖွယ်ကောင်းအောင် ရယ်မောရင်း ပြောလိုက်သည် ။ ဒေါ်ရီမြင့် သည်လည်း ကြည်ပြာ ဆိုး တာကို သိသည် ။ သို့ပေမယ့် သူငယ်ချင်း ၏ သမီး မို့ လို့ ကိုယ့် သမီးအရင်း လို သဘောထားပြီး မပြစ် မမြင်ပေ ။

“ အဲဒါ အသာထား အခု ကျုပ် တောထဲ ထင်းခွေ သွားမလို့ တော် လိုက်ဦးမလား ”

“ အင်းလေ ၊ မှိုလေးဘာလေး ရှာရအောင် သွားကြတာပေါ့ ”

ဒေါ်ခင်မေသည် ပြောပြောဆိုဆိုနှင့် သံမှာ ချိတ်ထားသည့် ပလိုင်း ကို ဆွဲယူပြီး သိုင်းလွယ်လိုက်သည် ။ ထရံကြား ထဲ ညှပ်ထားသည့် ဓားရှည် ကိုပါ ဆွဲကိုင်လိုက်ပြီး ဒေါ်ရီမြင့် နှင့်အတူ တောထဲ ဝင်လာခဲ့သည် ။ ဒေါ်ရီမြင့် သည် ထင်းခြောက်များ ကို ရှာဖွေကောက်ပြီး နွယ်ကြိုး နှင့် စည်းပြီး ပုံထားသည် ။ ဒေါ်ခင်မေ သည် တောကြိုအုံကြား တောင်ကတုံးတွေ ဆီ လျှောက်သွားပြီး မှိုများ ရှာသည် ။ ကံကြမ္မာက သူမ အား မျက်နှာသာ ပေးသည်ဟု ဆိုရမည်လားတော့ မသိ ။ သူမ ရှာလိုက်သည့် နေရာတိုင်းတွင် မှို နှင့် ပက်ပင်း တိုးသည် ။ ထို့ကြောင့် သူမ ၏ ပလိုင်းထဲတွင် မှိုများ အတော်အတန် ပြည့်နေပြီ ဖြစ်သည် ။

မှို ရသည့် မျက်နှာ ဟူသည် ဒေါ်ခင်မေ ၏ အပြုံးမျက်နှာ ကို ပြောသည်လား မသိ ။ ဒေါ်ခင်မေ သည် ပျော်လွန်း၍ ဆိုမိဆိုရာ သီချင်းများ ကို မညီမညာ ဆိုနေမိသည် ။ ဆိုင်းမဆင့် ဘုံမဆင့်ဘဲ မိုးပါ သည်းကြီးမည်းကြီး ရွာချလိုက်တော့ အမောများတောင် ပြေသွားသည် ။ အိမ် ရောက်သည် နှင့် မှိုများ ကို အဝယ်ဒိုင် ထံ သွားသွင်းတော့ ငွေ လေးသောင်း လောက် ခိုင်သွားသည် ။ ဒါပေမဲ့ ညရောက်တော့ ဒေါ်ခင်မေ ဘယ်လို မှ အိပ်၍ မရနိုင်အောင် သူမ ၏ ကျောတစ်ပြင်လုံး ပူလောင်သလို ခံစားရပြီး ယားယံ လာသည် ။ တန်းလေးပေါ် တင်ထားသည့် ဘာမီတွန်ဘူး ကို ယူပြီး သက်သာလိုသက်သာငြား ဖွင့်ပြီး နှစ်လုံး လောက် ဆင့် သောက်ပြီး အိပ်သည် ။ ဒါပေမဲ့ ဘယ်လိုမှ မသက်သာ ။ သမီး ဖြစ်သူ ကြည်ပြာ ကို ကြည့်လိုက်မိတော့ သူမ က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတော့ မနှိုးရက်တော့ပေ ။ အိပ်နေရာက ကုန်းထပြီး တိုင်မှာ ချိတ်ထားသည့် ဘီး ကို ဖြုတ်ပြီး လက်လှမ်းမီသလောက် နောက်ကျော ကို လက်နောက်ပစ်ပြီး ထိုးကုတ်သည် ။ မသက်သာပေ ။ မတတ်နိုင်တော့သည့် အဆုံး မိုးလင်းသည်နှင့် ဆေးရုံ ကို ပြေးရတော့သည် ။

တာဝန်ကျ ဆရာဝန်ကြီး သည် ဒေါ်ခင်မေ ၏ နောက်ကျောက အင်္ကျီ စ ကိုလှန်ပြီး ကြည့်လိုက်သည့် ခဏဝယ် သူ ၏ မျက်ခုံးတွေ ပင့် တက်သွားသည် ။

“ အဒေါ် မနေ့ က တစ်ခုခု လုပ်ခဲ့သေးလား ”

“ ဟုတ်ကဲ့ မနေ့ က တောထဲ သွားပြီး မှို ရှာခဲ့ပါတယ် ”

ဒေါ်ခင်မေ သည် ဆရာဝန် ၏ အမေး အား မှောက်လျက်အနေအထား နှင့် လှဲအိပ်ရင်း က ဖြေလိုက်သည် ။

“ ဘယ် အချိန်လောက်ကလဲ ”

“ ညနေ လေးနာရီ လောက်ကပါ ”

“ မှိုတွေ အများကြီး ရခဲ့တာပဲလားဟင် အဒေါ် ”

ဒဏ်ရာက မသက်သာသည့် ကြားထဲ ရွှတ်နောက်နောက် လုပ်နေပြန်သော ဆရာဝန် ကြောင့် ဒေါ်ခင်မေ ဒေါသထွက်လာသည် ။

“ အလကား စတာပါ အဒေါ် ၊ မနေ့က ပြန်လာတော့ မိုး မိခဲ့တယ် မဟုတ်လား ”

ဒေါ်ခင်မေ သည် ဆရာဝန် ၏ အမေး အား ခေါင်း ကို ဆတ်ခနဲ ညိတ်ပြီး ပြန်ဖြေသည် ။ ဆရာဝန် သည် သူ့ စကား ကို ဆက်ပြောလိုက်သည် ။

“ မှို ဆိုတာ က အဆိပ် လေ ဒေါ်ဒေါ် ၊ အဲဒါကို မိုး က ရွာချလိုက်တော့ ဒေါ်ဒေါ် ရဲ့ ကျောပေါ်  မှိုအဆိပ် တွေ စီးကျ ကုန်တာပါ ။ မပူပါ နဲ့ ဆေးရုံ တက်ပြီး ကုလိုက်ရင် သက်သာသွားမှာပါ ”

ဆရာဝန် သည် သူ့ ဘေးမှာ ရပ်နေသည့် သူနာပြုမလေး ကို မှာစရာ ရှိသည်များကို မှာပြီး တခြား လူနာများကို လိုက်ပြီး ကြည့်နေပြန်လေသည် ။

ကြည်ပြာ သည် သူနာပြုမလေး ဆေးလိမ်းပေးနေသည့် ညိုမည်းပြီး အရေပြားများကွာကျနေသော မိခင် ဒေါ်ခင်မေ ၏ ကျောပြင် ကို ကြည့်ပြီး ငြိမ်သက်နေသည် ။ ဆေးလိမ်းပြီးလို့ သူနာပြုမလေး ပြန်ထွက်သွားတော့မှ ကုတင်ဘေး က ခုံတန်းရှည်ပေါ် ထိုင်ပြီး ဒေါ်ခင်မေ ၏ လက် ကို ဆုပ်ကိုင်ထားလိုက်မိသည် ။

“ အရမ်း နာနေလားဟင် မေမေ ၊ ဒီ မှိုအဆိပ် မိထားတဲ့ ဒဏ်ရာ က ပျောက်ပျောက်ပါဦးမလားဟင် မေမေ ”

ဒေါ်ခင်မေ သည် သူမ ၏ မျက်နှာ ကို စိုးရိမ်စွာ ကြည့်ပြီး မေးနေသည့် ကြည်ပြာ ကြောင့် ပြုံးလိုက်မိသည် ။

“ ဘာဖြစ်လို့ မပျောက်ရမှာလဲ သမီးရယ် ၊ ပျောက်တာပေါ့ ။ မပျောက်နိုင်တာက မေမေ့ ရင်ထဲမှာ သမီး ကို ငုံထားမတတ် ချစ်တဲ့ အချစ်ဆိပ် ပါပဲ ။ အခု မေမေ ဒီလို ဆေးရုံ မှာ လှဲနေတော့ သမီး ရဲ့ ကျောင်းကိစ္စ နဲ့ စားဖို့သောက်ဖို့ အတွက် ဘယ်လိုစီစဉ်ရရင် ကောင်းမလဲလို့ မေမေ တွေးနေတာ ။ ဪ ဒါနဲ့ ဒီနေ့က ဗုဒ္ဓဟူးနေ့ မဟုတ်လား ၊ ရော့ ဒီမှာ သမီး ဆရာတွေ ကို ကန်တော့ဖို့ အတွက် တောင်းထား တဲ့ အာစရိယပူဇော်ပွဲကြေး ငါးထောင် ”

ဒေါ်ခင်မေ သည် ပြောပြောဆိုဆိုနှင့်ပင် သူမ ၏ ခေါင်းအုံးဘေးတွင် ချထားသည့် ဟောင်းနွမ်းနေသော သားရေဖာ အစုတ်ထဲမှ ငါးထောင်တန် တစ်ရွက် ကို ဆွဲထုတ်ပြီး ကြည်ပြာ ကို ပေးလိုက်သည် ။ ဒေါ်ခင်မေ သူမ ကို ကမ်းပေးသည့် ငါးထောင်တန်ငွေစက္ကူရွက် ကို ခပ်စိမ်းစိမ်း ကြည့်ပြီးသည်နှင့် ဒေါ်ခင်မေ ၏ ခါး ကို ဖက်ပြီး ငိုချလိုက်သည် ။

“ အီး ဟီး ဟီး ... မယူဘူး ၊ သမီး အတွက် မေမေ့ အရေပြားတွေ ၊ သွေးတွေ ၊ အသားတွေ ကို မှိုအဆိပ် အမိ ခံပြီး ရှာလာတဲ့ ဒီငွေ ကို ဘယ်သူ့မှ မပေးနိုင်ဘူး ။ သမီး မေမေ့ ကို ဒုက္ခ ပေးမိပြီ ၊ သမီး အတ္တကြီးပြီး မေမေ့ ရဲ့ ဒုက္ခတွေ ကို မမျှဝေ မခံစားပေးခဲ့မိ လို့ သမီး ကို ခွင့်လွှတ်ပါ မေမေ ရယ် ”

“ ကဲ ဒီကလေး လူကြားထဲ ငိုနေတာ မရှက်ဘူးလား ”

ဒေါ်ခင်မေ သည် လူကြားထဲ ကလေးလို ငိုနေသည့် ကြည်ပြာ ကို ချစ်စနိုး နှင့် မာန်လိုက်ပြီး နောက် သမီး ၏ ကျောပြင် ကို ဝဲတက်လာသော မျက်ရည်များ နှင့် အတူ ပွတ်ပြီး ချော့မြူလိုက်သည် ။

°°°°°   °°°°°   °°°°°

“ ပန်းရမယ်... ဘုရားပန်းကပ်ဖို့ နှင်းဆီပန်း ၊ သပြေပန်း ၊ သစ်ခွပန်းလေးတွေ ရမယ် ”

“ ဟေ့ ကြည်ပြာ လာပါဦး ”

အသံ လာရာကို ခေါင်းပေါ် ရွက်ထားသည့် ပန်းခြင်းတောင်းလေး အား ထိန်းပြီး စောင်းငဲ့ ကြည့်လိုက်တော့ သူငယ်ချင်း မာလာ ဖြစ်နေ၍ ကြည်ပြာ သည် မာလာ ၏ အိမ်ထဲ ဝင်ပြီး ပန်းတောင်း ကို ချကာ ထိုင်ချလိုက်သည် ။ မာလာ သည် တောင်းထဲ က သပြေသုံးစည်း ကို ယူပြီး ကြည်ပြာ အား ပန်းဖိုး ပေးလိုက်သည် ။ ပြီးသည်နှင့် ကြည်ပြာ ၏ မျက်နှာအား စူးစမ်းသလို ကြည့်ပြီး မေးခွန်း ထုတ်လိုက်သည် ။

“ နင် ဒီလို ပန်းတွေ လိုက်ရောင်းနေတာ မရှက်ဘူးလား ဟင် ”

“ မရှိလို့ ပြောင် လုပ်စားတာ သူများပစ္စည်း ခိုးစားတာမှ မဟုတ်တာ ။ မလုပ်ရင် ငါ နဲ့ အမေ ထမင်း ငတ်သွားမှာပေါ့ ”

စကားဆုံးသည် နှင့် ကြည်ပြာ သည် မာလာအား မျက်လုံး အပြူးသားနှင့် ကြည့်မိရက်သား ဖြစ်သွားသည် ။ ဒီစကားများ သည် တစ်ချိန်က မာလာ ကို သူ မေးခဲ့ဖူးသော ၊ မာလာ က သူမ ကို ဖြေပေးခဲ့ဖူးသော စကားများ ဖြစ်သည် ။ သေချာသည် ၊ ဒါ မာလာ သည် တစ်ချိန်က ဇာတ်ကို ပြန်ခင်းပြီး သူမ ကို အတည်ပေါက် နောက်နေသည် ကို ကြည်ပြာ သိ လိုက်သည် ။ ကြည်ပြာ သည်မာလာ ကို ခပ်စေ့စေ့ စိုက်ကြည့်လိုက်ပြီးသည် နှင့် မာလာ ၏ ပေါင် ကို ခပ်ဆတ်ဆတ် ရိုက်ပြီး -

“ မသာမ ငါ့ ကို ကလဲ့စား ပြန်ချေတာပေါ့လေ ”

ဟု ရယ်ရင်း ပြောကာ ပန်းခြင်းတောင်း ကို ခေါင်းပေါ်  ပြန်တင်ပြီး အသံပြဲကြီး နှင့် အော် ရောင်းလေတော့သည် ။

“ ပန်းရမယ်... ဘုရားကပ်ဖို့ အတွက် ပန်းအမျိုးစုံ ရမယ် ”

အဆိပ်မိတဲ့ မိခင်တစ်ဦး ရဲ့ အချစ်ဆိပ်ထက် ဘယ်အရာပိုပြီး အေးမြနိုင်ဦးမလဲ ။ မရှက်ဘူး ... ဒီနေ့က စပြီး မေမေ မပင်ပန်းရအောင်လို့ ရိုးသားတဲ့ အလုပ်တွေ ကို ငါ အကုန် လုပ်မယ် ။

ကြည်ပြာ သည် သူမ ၏ အတွေး ဆုံးသွားသည်နှင့် ပန်းများ ကို ပျော်ပျော်ကြီး အော် ရောင်းပစ်လိုက်သည် ။

“ ပန်းရမယ် ဗျို့ ... ပန်း ပန်း ပန်း ... ”

◾ကရင်နော်

📖 နှလုံးသားဖြင့် စီရင်သည်

www.facebook.com/aung.naingoo.3726613

.

Thursday, February 10, 2022

ခိုးစားဦးမလား


 

❝ ခိုးစားဦးမလား ❞

ကိုသာကျော် တစ်ယောက် ငါးရံ့ခြောက်ပြား တွေ ကို ရေ စင်အောင် ဆေးပြီး ဆန်ခါ ထဲ မှာ စီ ထည့်လိုက်တယ် ။ ည ကတည်းက ငါးခြောက်ခွဲ ၊ ဆားလူးပြီး နှပ်ထားတဲ့ ငါးရံ့ခြောက်ပြား တွေ က ဆန်ခါ သုံးချပ် အပြည့်ပဲ ။ ဆန်ခါ သုံးချပ် ပြည့် ဆို မနေ့ညနေ က အင်းသူကြီး မသိအောင် ရိုး ထဲ မှာ ငါး ခိုးဖမ်းတာ ငါးရံ့ချည်း သုံးပိဿာ လောက် ရလိုက် တယ်လေ ။ ငါးရံ့ချည်း ရမှာ ပေါ့ ကိုသာကျော် က ငါးရံ့ချည်း သက်သက် ပဲ ရွေး ဖမ်းတာကိုး ။ ဒီလိုမျိုး အင်းပက်ချိန် ရောက်ရင် ကိုသာကျော် လယ်နား က ရိုး ထဲ မှာ ရေ က ခန်းလုလု ။ ဒိုက်ဖုတ်တွေ အောက် မှာ ငါးရံ့ တွေ က ပေါ မှ ပေါ ။ အင်းသူကြီး လစ်တာနဲ့ ဆင်း စမ်းလိုက်ရင် ကိုသာကျော် တို့ ကျွမ်းကျင်မှု နဲ့ သုံးပိဿာ လောက်က ခဏရယ် ။ အကောင် ကြီးတာတွေ များလို့ အကုန်လုံး ငါးခြောက် ခွဲပစ်တာ နှစ်နေ သုံးနေ လောက် လှန်းလိုက်ရင် ခြောက်မယ် ထင်ပါရဲ့  ။

" ယောက်ျားရေ ၊ ဟင်းလေး လာမြည်းကြည့်ပါဦး "

မခင်မှီ က မီးဖိုထဲ ချက်ပြုတ်နေရာ က အသံ လှမ်းပေးတယ် ။ ဒီ မိန်းမ က ဒီလိုပဲ ။ ဟင်းလေးများ ကောင်းပြီဟေ့ ဆိုလို့ ကတော့ ယောက်ျား ကို ဦးဦးဖျားဖျား မြည်းကြည့် စေချင်တာ ။ မရိုးနိုင်တဲ့ စေတနာပေါ့ ။

ကိုသာကျော် လည်း မခင်မှီ ကျေနပ်အောင် မီးဖိုချောင်ထဲ ဝင်ပြီး ဟိုလှန် ဒီလှော လုပ်ကြည့်တော့ ငါးရံအူဟင်း က ကျက်နေပြီ ။ ငါးရံ့ခေါင်း နဲ့ ကင်ပွန်းရွက် ချဉ်ရည်ဟင်းအိုး က မီးဖိုပေါ်မှာ ပွက်ပွက်ဆူ လို့  ။ ဟင်းရည်တစ်ဇွန်း ခပ် မြည်းလိုက်တာ ဝမ်း ထဲ မှာ ဟာ ထွက်သွားတယ် ။

" ကောင်းလိုက်တာ မိန်းမ ရာ ။ လျှာ ပါ တစ်ပတ်ကျွမ်း ပြန်သွားလို့ မနည်း ပြန် ဆန့် လိုက်ရတယ် ။ ဗိုက်ဆာပြီကွာ ထမင်း စားကြမယ် "

မခင်မှီ ကို ပြောပြီး အိမ်ရှေ့ ပြန်ထွက်လာတော့ မြင်လိုက်ရတဲ့ မြင်ကွင်း က ဖရိုဖရဲ ။ ဆန်ခါတွေ ထဲမှာ စီထားတဲ့ ငါးခြောက်ပြား တွေ က ပွစာကို ကြဲလို့  ။ အိမ် က ကြောင်မ ပါးစပ် ထဲ မှာ ကိုက်ဖြဲထားတာ က တစ်ကောင် ။ ဒေါသ မြွေဟောက် က ကိုသာကျော် ငယ်ထိပ် တက်ပေါက်တော့တယ် ။ တံမြက်စည်း ဆွဲပြီး လိုက်တော့ ကြောင်မ က ငါးခြောက်ပြား ကို ချပြီး အိပ်ခန်း ထဲ က ခုတင်အောက် မှာ သွား ဝပ် နေတယ် ။

" မှီး မှီး မှီး လာ လာ လာ "

ကိုသာကျော် က အသာလေး ချော့ ခေါ်မှ ကြောင်မ က မရဲတရဲ နဲ့ အနား ကပ် လာတယ် ။ လည်ကုပ် ကို အမိအရ ကိုင်ပြီး နှုတ်သီးဖျား ကို တံမြက်စည်း နဲ့ ခပ်ဆတ်ဆတ် လေး သုံးချက်လောက် နှက် ပေးလိုက်ရင်း ကိုသာကျော် နှုတ် က ကြိမ်းဝါးလိုက်တာ က

" နောက်တစ်ခါ ခိုး စားဦးမလား ။ ကဲဟာ ... ကဲဟာ ... မှတ်ထား "

◾ဈာန်ဇာနည်

📖 ဟာဟ ( ၁ )

www.facebook.com/aung.naingoo.3726613

.

Tuesday, February 8, 2022

မေ့ဆေးပေးနည်း


 

❝ မေ့ဆေးပေးနည်း ❞

မောင်ထူး သည် လွန်စွာ စိတ်မြန်၏ ။ ထစ်ခနဲ ဆတ်ခနဲ ထိသည့်အခါ ကိုယ် ကိုပဲ ထိထိ ၊ စိတ်နှလုံး ကိုပဲ ထိထိ ထိသူ ကို လက်သီးဖြင့် ပြန်၍ ထိအောင် လုပ်တတ်၏  ။ အလွန် ဆိုးသွမ်းသော သာယာဝတီ ရွှေဘိုနယ်များ ၌ တစ်ကိုယ် တည်း ခရီးသွားသည့် အခါများမှာပင် လက်နက် ၊ တုတ် ၊ ဓား မဆောင် ၊ လက်သီး ကို သာ ဆောင် ကာ လက်သီး ကို သာ အားထားခဲ့ဖူးလေ၏  ။ မိမိ လက်သီး ကို ဝရဇိန်လက်နက် သိကြားစက် လောက် အစွမ်း သတ္တိရောက်သည် ဟု အထင် ကြီးလေ၏  ။ လက်ဝှေ့ ထိုးရလျှင် မိန်းမ ပိုးရသလောက် ပျော်၏ ။ ၎င်း မောင်ထူး မှာ မိခင်ဝမ်းမှ ထွက်၍ လာသော အခါကာလ ဤ လူ့ပြည်သို့ ရောက်စမှာပင် လက်သီးလက်ရုံး တန်းကာ ၊ ဆန့်ကာ ဆန်ကော ထက်၌ လက်သီး ဆုပ်ကာ ပက်လက်ကလေး နေရင်း လက်ဝှေ့ရေး ပြခဲ့သည် ဟု ပြော ကြလေသည် ။

သို့သော်လည်း ထို စကားမှာ စကားတို့ ဘာဝ ကား ၍ ကား ၍ ပြောသော ကောလာဟလ ၊ တစ်ဆင့်ထက် တစ်ဆင့် ကဲ ၍ ပြောသော သတင်းစကား မျှ ဖြစ်ဟန် လက္ခဏာ ရှိလေ၏ ။ အကြောင်းမူကား ၎င်း ကို အမိဝမ်း မှ လူ့ပြည်သို့ ပုစွန်လုံး နှိုက်သလို နိုက်ထုတ် ယူငင်ခဲ့ရသော ဝမ်းဆွဲ သည် ဒေါ်ဖီး ၏ ပြောစကားအရ ဝမ်းတွင်းကပင် သူငယ်နာရောဂါ ပါသဖြင့် ၊ အကြော ဆွဲ၍ လာခြင်း ဖြစ်ကြောင်း လုံလောက်သော အခြေခံနှင့် သိရှိရလေ၏ ။ လက်ဝှေ့ သမား ဝင်စားသောကြောင့် တကယ့် လက်ဝှေ့ရေး ပြ၍လာခြင်းကား လုံးလုံး ကြီး ဟုတ်ဟန် လက္ခဏာ မရှိလှချေ ။ ၎င်း မောင်ထူး သည် လက်သီး ကို အလွန် အားကိုးသူ ဖြစ်လင့်ကစား မိမိ ၏ သွား ၌ ပိုးစား၍ ပြင်းထန်စွာ နာကျင်သော ဝေဒနာကို ခံစားရသော အခါ၌ကား ၊ ပိုးများ ကို လက်သီးနှင့် ထိုး၍ မရ ။ တစ်ခါတစ်ခါ သွားပိုးများ ကို အများကြီး အငြိုးထားကာ တအားကြီး ထိုးချင် ကြိတ်ချင်သည့် စိတ် ဝင်၍ လာသော်ငြားလည်း ၊ ကြွက် မနိုင် ကျီ မီး နှင့် ရှို့ ဟူသော စကားလို ဖြစ်ကာ သွားပိုး မနာ ၊ ပါးကျိုးမှာကိုသာ စိုးရှာသဖြင့် တအား မထိုးသာရုံ မက ၊ သွားကြား မှ မထိုးရဲအောင် ညှာခဲ့ရလေ၏ ။ ဤကား လူသတ္တဝါတို့ ၏ ဓမ္မတာပေတည်း ။ အဘယ်ကား လူသတ္တဝါတို့ ၏ ဓမ္မတာပေနည်း ဟု မေးအံ့ ၊ အကြင်သူသည် အခြားတစ်ပါးသော သူတစ်ထူးအား အနာတရ ဖြစ်စေဖို့ရန် ထိုးခြင်း ၊ ကြိတ်ခြင်း တည်းဟူသော အလုပ်ကို လုပ်ချင်သော စိတ်သည် အဘယ်မျှပင် ကြီးမား ထက်သန် ဝေလျှံမို့မောက်ခြင်း ဖြစ်နိုင်စေကာမူ ၊ မိမိ ၏ ကိုယ်ခန္ဓာ ပဉ္စက ကို မူကား ပိုး ပုရွက် ကမြင်းနီ ကိုက်သလောက်မှ နာကျင်အောင် စစ်စစ် ထိခြင်းအမှုကို ပြုခြင်း၌ စိတ်အား ထက်သန် ၊ မျက်မာန် ကင်းမဲ့သော ဓမ္မတာ သဘောတရားကြီးပေတည်း ။

သို့ဖြစ်လေရာ မောင်ထူး မှာ သွားပိုး ထိုးသဖြင့် ကျိုးကျိုးကျည်ကျည် မချိ နာကျင် အလွန်ပင် ဒုက္ခများပြီး ၊ တညည်းညည်း တညူညူ ဇနီးသည် မမူ သော်မှ မအိပ်နိုင်အောင် ညဉ့်အခါ၌ ပူဆူရလေ၏ ။ မမူ လည်း ထိုဝေဒနာ ကို ပပျောက်အောင် မ ကူခြင်း မပြုနိုင်ချေ ။ သို့ဖြစ်သောကြောင့် စစ်စစ် ထိမခံ ၊ အလွန်တရာမှ နာတတ် ၊ ကျင် တတ်သော လင်ယောက်ျား တစ်ယောက် ဖြစ်ကြောင်း သိပါလျက်နှင့် အသိ ခေါက်ခက် အဝင် နက်ကာ ၊ လင်ယောက်ျား မောင်ထူး အား “ ကိုထူး ကိုထူး ဝေဒနာ ခံစားပြီး နေရတာကို ကျွန်မ ကြည့်လို့လည်း မနေနိုင် ၊ ကယ်လည်း မကယ်နိုင် ၊ ကယ်လည်း မကယ်တတ် ၊ အစားအသောက်လည်း ငတ် ၊ အအိပ် လည်း ပျက် ၊ ဒီလိုသာ နေရလျှင် အခက်ကြီး ခက်တော့မယ် ၊ သွားစိုက်ဆရာ့ ထံ ကို သွားပြီး ပိုးစားတဲ့ ဒီသွား ကို မြန်မြန်ကြီး နုတ်လို့သာ ပစ်စေချင်တာပဲ ” ဟု အိပ်စက်၍ မဖြစ်သော အသံနှင့် စိတ်စက်ညစ်ကာ အကြံ ပေးရှာလေ၏ ။

ထိုအခါ မောင်ထူး က “ မင်း အကြံဟာ သင့်ဟန် ရှိရဲ့ မမူ ၊ ဒီလို နေရင် အစာငတ် အအိပ်ပျက် ၊ စိတ်စက်တောင် ရူးနောက်မှာ စိုးတာမို့ တစ်မူးစ ၊ တစ်မတ်စ မင်း စုလို့ ရသမျှနဲ့ နက်ဖြန်ခါ သွား နုတ်ရန် သွားမှ တော်မှာပဲ ” ဟု စိတ်လက်ပင် လေးလံသော်လည်း ပျောက်ချင်ဇော ထက်သန်သဖြင့် အမှန်ပင် ဝန်ခံလိုက်ရလေတော့သတည်း ။

မိုးလင်းသော အခါ မမူ စုသော ပိုက်ဆံဘူးကလေး ကို ဖောက်ပြီး မောင်ထူး သည် ဆရာ ထံ တစ်ယောက်တည်း ထွက်၍ သွားလေရာ ခမ်းနားသော ဆရာ ၏ အခန်းသို့ ရောက်၍ သွားလေ၏ ။ ဆရာသည် ခွန်အား ဗလ အတော်ကြီးမားသော ဆရာ ဖြစ်၏ ။ ဆရာ နှင့် တူသည်ထက် လက်ဝှေ့ သမား ၊ နပန်းသမား နှင့် ပိုမို၍ အသွင် တူ၏ ။ လူလုံးလူထည် ကြီးမား ထွားကျိုင်းသန်မာ ၊ အရပ်အမောင်း မှာ မောင်ထူး ထက် သာသာကြီး မြင့်၏  ။

မောင်ထူး သည် ၎င်း ဆရာ ကို မြင်လျှင်မြင်ချင်း ၎င်း သည် ငါ ၏ သွား ကို ဧကန်နိုင်နင်းမည့် ယောက်ျား ဟု ယုံကြည် ကိုးစားလေ၏ ။ မောင်ထူး အဘယ်အကြောင်းကိစ္စ နှင့် လာသည်ကို ဆရာ မေးရန် မလို ၊ မောင်ထူး ၏ ရှုံ့ မဲ့သော မျက်နှာဖြင့် သွား အတွက် ငွေပေးရန် လာကြောင်းကို သိလေ၏ ။ မောင်ထူး ၏ နဖူး ကို လက်တစ်ဖက် နှင့် ကိုင်၏ ။ တစ်ဖက်သော လက် ဖြင့် မောင်ထူး ၏ မေးကို ပင့်ကိုင်၏ ။ ဝယ် မည့် နွား ကို သွား ဖြဲ ကြည့်သလို မောင်ထူး ၏ သွား ကို ကြည့်၏ ။ အတော် အနာကြီးကြောင်း သိ၏ ။ ဦးခေါင်း ခါ၏ ။ စုတ် သပ်၏ ။

“ ဒီသွား နုတ်ရမယ် ၊ မနုတ်လျှင် ကြာကြာ ခံရလိမ့်မယ် ” ဟုပြော၏ ။

“ နုတ်ချင်လို့ လာတာပါပဲ ဆရာ ၊ မြန်မြန် သက်သာအောင် လုပ်ပါ " ဟု မောင်ထူး က ပြော၏ ။

ဆရာ သည် မောင်ထူး အား ကုလားထိုင် ၌ အလှန် ခိုင်း၏ ။ သွား ကို စမ်းသပ်ကိုင်တွယ် လှုပ်နှဲ့ရာ မောင်ထူး သည် မျက်စိ မှိတ်ကာ စိတ် ကို တင်းလျက် လက်သီး ကို တင်းစွာ ဆုပ်၍ ထား၏ ။ ဆရာ သည် သွား ကို နုတ်ရာ နုတ်သော ညှပ် ကောင်းစွာ မမိသဖြင့် ချော်၍ သွား၏ ။ မကျွတ်ဘဲ အကြော ကို လျှောက်ကာ ပြင်းစွာ နာကျင်၏ ။

မောင်ထူး ၏ ဆုပ်၍ ထားသော လက်သီးတစ်လုံး သည် ဆရာ ၏ မေးရိုးပေါ် သို့ အုတ်ခဲ တစ်လုံး ထိရောက်သလို ထိရောက်၍ သွား၏ ။ သည် လူ လုပ်လို့ ဟူသောစကား နှင့် ဖြောင်းဖြောင်း မြည်သော လက်ခမောင်း ခတ်သံ သည် ဆရာ့ ထံ မှ ထွက်ပေါ်ကာ သွားစိုက်ခန်းမှာ ပဲ့တင်ထပ်၍ သွား၏ ။ မောင်ထူး လည်း ကုလားထိုင် မှ ခုန်၍ ဆင်း၏ ။ သွားနာ ကို မေ့ပြီး ဖြောင်း ဖြောင်း ဟု မြည်အောင် လက်ခမောင်း ခတ်၏ ။ နှစ်ယောက်သား ထိုးကွင်း မင်ကြောင်များ ပေါ်အောင် ခါးတောင်းမြှောင်၍ သွားကြလေ၏ ။

ဖြောင်းဖြောင်း ၊ ဖြောင်းဖြောင်း ဟူသော ဆရာ နှင့် လူနာ ၏ လက် ခမောင်း ခတ်သံ တို့သည် ရောစပ်၍ မြည်ကြ၏ ။ မကြာမီ ကြက်နှစ်ကောင် ခွပ်သလို ဒူးပျံ ၊ လက်သီးပျံ လွှတ်ကြလေ၏ ။ ဆရာ နှင့် လူနာ သည် ပူးချည် ခွာချည် ဂျိုက်ဒင်ပဆီ နှင့် ကာပင်တီယာ ၊ ဝစ်လာ နှင့် ဂျွန်ဆင် တို့လို အလွန်ပင် အထိုး ကောင်းကြသဖြင့် တိုက် ရှေ့၌ ပရိသတ်တွေ ဝိုင်းအုံကာ လက်ဝှေ့ပွဲ ကို ကြည့်ကြလေ၏ ။

မောင်ထူး စိတ်၌ ဤ ဆရာသည် သွားနာ ၊ သွားပိုးများ ကိုသာ နိုင်သည် ဟု မှတ်ထင်ခဲ့၏ ။ ယခုမှာကား လက်သီးကောင်း ပိုင်သူ ဖြစ်ကြောင်းကို သိစ ပြုလေ၏ ။ သို့သိသည်နှင့် တစ်ပြိုင်တည်း ဆရာ ၏ လက်သီး သည် မောင်ထူး ၏ ပါးပေါ်သို့ ကျရောက်ရာ ကြမ်းပေါ် သို့ မောင်ထူး တစ်စောင်းလဲ ၍ ကျပြီး မူးမေ့၍ ကျသွားလေ၏ ။ ၎င်း ၏ ပါးစပ် အနီး သွေးကွက်ထဲ၌ ဖြူသော အရာ ဝတ္ထု တစ်ခု ပေါ်၍ နေသည်ကို မြင်နိုင်လေ၏ ။

ကိုက်ခဲနာကျင်ခြင်း ကို မသိ ၊ မေ့ဆေး ပေးထားသလို နေ၏ ။ ဆရာ သည် မောင်ထူး အား နှိုး ၍ ထူပြီး ပြုတ်၍ ကျနေသော မောင်ထူး ၏ သွား ကို ကောက်ယူ၍ ၊ ကျော ကို သန်မာသော လက်မောင်းများ နှင့် ဖက် ကာ ရေဇလုံ ရှိရာသို့ ခေါ်သွားပြီး ၊ ပါးစပ် ကို ဆေးရည်တို့ နှင့် ဆေးကြောပြီးနောက် သွား ကို ပြ၏ ။ ထိုနောက် စာရေး စားပွဲမှာ ထိုင်ကာ စက္ကူတစ်ချပ် ကို ရေးပြီး မောင်ထူး အား လှမ်း၍ ပေးလေ၏ ။

ထို စက္ကူ မှာ သွားနုတ်ခ ( ၅ ) ကျပ် အတွက် ဘီလ်စာရွက် ဖြစ်လေ၏  ။ မောင်ထူး သည် မိမိ ၏ သွား ကို ကျေနပ်စွာ ကိုင်၍ ကြည့်ရှုပြီး ငွေ ( ၅ ) ကျပ် ကို ထုတ်၍ ပေးရင်း ၊ “  ယခုလို ပျော်ပျော်ပါးပါး နုတ်ရတော့ နာရမှန်း မသိဘူး ဆရာ ” ဟု ကြည်ဖြူကျေနပ်စွာ ရယ်မော၍ ပြော၏ ။

ဆရာ ။  ။ “ ဟင့်အင်း ၊ ပထမဦးဆုံး ရိုးရိုး အစိမ်းတိုက် နုတ်တော့ နာမှန်း သိတာ နဲ့ မေ့ဆေး ပေးတာကိုး ၊ ဘာနာမလဲ ”  ဟု ပြောရင်း ငွေ ( ၅ ) ကျပ် ကို ယူလေ၏ ။ ထို့နောက် မောင်ထူး ၏ ပခုံး ကို ကိုင်ပုတ်ကာ စကား ဆက် လျက် “ မေ့ဆေး ကောင်းကြောင်း ကြော်ငြာမောင်းကလေးများ လွှင့် လိုက်စမ်း ပါ ” ဟု ပြောရင်း မောင်ထူး အား တံခါးသို့ ရောက်အောင် လိုက်၍ ပို့လိုက် လေ၏  ။

◾  ပီမိုးနင်း

📖  ဗန္ဓုလဂျာနယ် ဝတ္ထုများ

www.facebook.com/aung.naingoo.3726613

.

Monday, February 7, 2022

ဂျပိန် ရိုးသားစွာ ဝန်ခံခြင်း


 

❝ ဂျပိန် ရိုးသားစွာ ဝန်ခံခြင်း ❞

အကျယ်အကျယ် မဖြစ်ချင်ဘူး ။ လူကြားလို့လည်း မကောင်းဘူး ။ ပြဿနာ ဆိုတာ ကိုယ့် ဘက်က စတင်တာလည်း မကောင်းဘူး ။ သူ့ ဘက်က စတင်တာလည်း မကောင်းဘူး ။ လူ့ဘဝ ကို ကိုယ့် အဓိပ္ပာယ် နဲ့ ကိုယ် ဖြတ်သန်းတာပဲ ကောင်းတယ် ။

အခုဟာက ပြဿနာ ကို ကိုယ့် ဘက်က စတင် စိန်ခေါ်ရတော့မယ့် အခြေရောက်နေပြီ ။ ရန်သူ က ဘယ်သူလဲ လို့ မေးရင် ဖြေရမှာ က ရှက်စရာ ။ ရန်သူ က ဂွီဒေါက် ပဲ ဟု ပြောရင် ဝိုင်းရယ်ကြဦးမယ် ။ ကျူးကျော်တယ် ဆိုတာ စစ်အသွင် နဲ့ ကျူးကျော်တာ ရှိသလို သေနတ် တစ်ချက်မှ မဖောက်ဘဲ ကျူးကျော်တာလည်း ရှိတယ် ။ ခုဟာက ကိုယ့် လူတွေ ကိုယ်၌ အကျူးကျော် ခံချင်နေတာ ။ ကိုရီးယား ကို ဂျပိန် မမုန်းပါဘူး ။ ကိုယ့် နိုင်ငံ ကို ကျူးကျော် တဲ့ လူမျိုး မှ မဟုတ်တာ ။

ခက်တာက ၇ နာရီ ဆိုရင် ဂွီဒေါက် က အိမ်ဦးခန်း ရောက်နေပြီ ။ အိမ်ဦးနတ် နေရာကို သူ နဲ့ ဂျပိန် လုနေရပြီ ။ ရိုးရိုးသားသား လုတယ် ဆိုရင် ဂျပိန် မပြောပါဘူး ။ မိန်းမ ရဲ့ မျက်ရည်တွေ ကို တသွင်သွင် စီးဆင်းစေတယ် ။ ဂျပိန် နဲ့ အိမ်ထောင် ကျကတည်းက မျက်ရည်ကျဖို့ မပြောနဲ့ ခွန်းကြီးခွန်းငယ် တောင် စကားမများ ဖူးတဲ့ စံပြ အိမ်ထောင်ရေး ။ ဂွီဒေါက် ကြည့်တိုင်း ကျလိုက်တဲ့ မျက်ရည် ... လက်ကျန်တောင် ရှိပါ့မလားလို့ တောင် တစ်ခါတစ်ခါ တွေးမိတယ် ။

ငိုပြီးတာ နဲ့ မိန်းမ က ပြီးသွားတာ မဟုတ်ဘူး ... တအိအိ လွမ်းဆွေးတတ်တဲ့ လူမျိုး ။ ပြီးတော့ မျက်ရိုး ကိုက်တာတို့  ၊ ရင်ခေါင်း အောင့် တာတို့ ဒါကလည်း ရှိသေးတယ် ။

ပြောရရင် တစ်ခုမှ မကောင်းဘူး ။ ပိုဆိုးတာ ဂွီဒေါက် လာချိန် အိမ် က သားတော်မောင်က ကြော်ငြာ ပဲ ကြည့်တယ် ။ မည်သည့်ကား မှ စိတ်ဝင်စားသူ မဟုတ် ။ ဂွီဒေါက် ကို မျက်တောင်မခတ် ကြည့်သော မိန်းမ နှင့် တကျက်ကျက် ။ ဇာတ်ညွှန်းရေးနေသော ဂျပိန် နှင့် ကြီးစွာသော ပဋိပက္ခ ပြဿနာ က အသေးလေး မဟုတ် ။ အဆင် မသင့်လျှင် ဂွီဒေါက် ကြောင့် အိမ်ထောင်ရေး ပြိုကွဲသွားနိုင်သည်  ။

ပြောရရင် ထမင်းခူး မကျွေးတာက စ ပြောရမှာ ပဲ ။ ယောက်ျား ဝေယျာဝစ္စ ဘာတစ်ခုမှ  လုပ် မပေးတော့ ။ သူ့ ဘဝကြီး တစ်ခုလုံး ဂွီဒေါက် ထဲမှာ နှစ်ထားသည့် အမူအရာမျိုး ။

ချန်ဂင် ... ။

ချင်ဂင် ပြီးသွားမလား မှတ်တယ်... ။ ဟော... ခု ဂွီဒေါက်

ကိုယ် နဲ့ မသိတဲ့ ဟိုးအဝေးကြီးက ကိုရီးယားမလေး ကို သနားနေလိုက်တာ ။ ကိုယ့်လူမျိုး မိန်းကလေးတွေ သနားစရာကောင်းဖို့ အများကြီး ။ ပြဿနာမျိုးစုံ ၊ ဘဝပေါင်းစုံ ။ အဲဒါကျတော့ သနားရကောင်းမှန်း မသိဘူး ။ မနေသာတော့ ... နောက်ဆုံး ကိုယ့်ဘက်ကပဲ စတင်ပြီး စစ်ကြေညာရ တော့တာပေါ့ ။ ဘယ် ရမလဲ အိုင်ဒီယာ ဂျပိန် ပဲ ။ ချက်နဲ့ လက်နဲ့ ပြောပစ်လိုက်တယ် ။

ဂွီဒေါက် တစ်ပိုင်းပြီးလို့ ကြော်ငြာ ဝင်နေတဲ့ အချိန် ...

“ မိန်းမရယ် ... တို့ မြန်မာကားတွေမှာ သူ့ ထက် ကြေကွဲလွမ်းဆွတ်ဖွယ်ကောင်း တာတွေ တစ်ပုံကြီးပါကွာ ... ရိုက်ချက်တွေကလည်း ထူးထူးခြားခြား တစ်ခုမှ မပါပါဘူး ... သက်သက်မဲ့ မျက်ရည် မကျ ကျအောင် ချူနေတာပါ ... ၊ မင်းယောက်ျား ကိုယ်၌ က မြန်မာပြည် က ဇာတ်ညွှန်းဆရာ ပဲ ကွ ... မင်း ဂွီဒေါက်ကား ထက် မျက်ရည် ကျအောင် ရေးတတ် တွေးတတ်သေးတယ် ... တို့ ဆီက လူတွေ က ခက်တယ်ကွ ... တို့ ဘဝတွေဟာ တွေးမယ် ဆိုရင် ငိုချင်စရာတွေ အများကြီး ... သူတို့ က ပါ ထပ် ငိုရအောင် လုပ်နေကြတယ် ”

“ မတူပါဘူးတော် . . . တော်တော့ ကို မတူတာပါ ... ရှင် ရေးနေတဲ့ ဇာတ်ညွှန်းတွေ က လွတ်လပ်ရေး မရသေးတဲ့ ဇာတ်ညွှန်းတွေ ... အနှစ်သာရ နဲ့ ဆွဲဆောင်မှု ကိုက မတူတာ ... ထမင်းမေ့ ဟင်းမေ့ ဖြစ်အောင် ကို ကောင်းတယ် . . . ဂွီဒေါက် မပြတဲ့ ရက် ဆို နေရထိုင်ရတာ ဘယ်လိုကြီးမှန်း ကို မသိဘူး ”

သူ့ စကားက ကုန်နေပြီ ။ ဆက် ပြောနေလည်း ဘာတစ်ခုမှ အရာထင်မှာ မဟုတ်တော့ ။ ဒေါသ ဘက် လှည့်လိုက်ရတော့သည်  ။

“ မင်း . . . ချန်ဂင် ၊ ဂွီဒေါက် နဲ့ ငါ နဲ့ ဘယ်သူက မင်း ဘဝ မှာ ပို အရေးကြီးဆုံးလဲ ... ငါ က အိမ်ဦးနတ် ကွ ... အိမ်ဦးနတ် ”

“ ဘယ်သူ ဘာပြောပြော လက်ရှိ အိမ်ဦးနတ် ကတော့ ဂွီဒေါက် ပဲ ... ဂွီဒေါက် ဇာတ်လမ်း ဆုံးမှ ပဲ ရှင် အိမ်ဦးနတ် ပြန်လုပ် ”

ဂျပိန် ၏ ဒေါသ ငယ်ထိပ်မှ ပေါက် ထွက်သွားသည်  ။

“ တောက် .... တော်တော် လုပ်ကျွေးချင်စရာ ကောင်းတဲ့ မိန်းမတွေ ”

“ မနေ့တစ်နေ့ ကမှ ဇာတ်ညွှန်းလေး ရေးလို့ ပိုက်ဆံ ရတာ ... ပုံကြီးချဲ့ ပြောမနေစမ်းပါနဲ့  ”

“ မင်း ဟာက တစ်ခွန်း မှ မခံပါလားကွ ... မင်း ဂွီဒေါက် လာတဲ့ အချိန် ငါ နဲ့ တွေ့မယ် ”

°°°°°   °°°°°   °°°°°

မေတ္တာသည် သာ အပိုင်း ၅၄ ။

ဂွီဒေါက် မြောက်ပိုင်း မထွက်ခွာမီ ကာလ ...

ဇာတ်ရှိန် မြင့်နေသော အပိုင်း ... ။

ဂွီဒေါက် မွေးစားသမီး မှန်း သိ၍ သူ့ စိတ်ထဲ ကျိတ်၍ အဝေးသို့ ထွက်သွားရန် ကြံစည်ပြီး အချိန် ။ ဖြစ်နေတာက သူဌေးသား နှင့် မင်္ဂလာဆောင်ရန် ပြောပြီး ဆိုပြီး ။ တစ်ယောက်ချင်း လိုက်လံ နှတ်ဆက်သည့် ဇာတ်ဝင်ခန်းများ  ။ ဂွီဒေါက် ကျန်လူများ ကို စိတ်မချသည့် အခန်း ။

°°°°°   °°°°°   °°°°°

စိတ်ဓာတ် မာကျောသော ဂျပိန် သည် ပင် မျက်ရည် ဝဲမှန်းမသိ ဝဲနေပြီ ။

ဟုတ်မှာ ... မြန်မာ့ အသည်းနှလုံး ကို လှုပ်မည် ဆိုလည်း လှုပ်လောက်ပါပေသည်  ။

“ တစ်ခါတည်းသာ ကြည့် ပစ်လိုက်ချင်တယ် ... ကြည့်ရတာ ဆန့်တငံ့ငံ့ ”

“ ဟုတ်ပါ့ကွာ ... ဂွီဒေါက် ထွက်သွားပြီ ဆိုတော့ ဘာတွေ ဆက် ဖြစ်မလဲ မသိဘူး ... မင်္ဂလာ ဆောင်လည်း ပျက်ပြီပေါ့ ... အစ်ကိုဆရာ နဲ့ ဂွီဒေါက် ကို အထင် လွဲချင် လွဲကြမှာ ... သတို့သားလေး က သနားစရာ ကွာ . . . ဆိုးလ် က ဂွီဒေါက် ကို ချစ်နေတဲ့ ကောင် က .... ”

“ တော် ကလည်း ဘာဖြစ်လို့ ဒီလောက်တောင် ကြိုပြီး စိတ်ပူနေရတာလဲ ... ရုပ်ရှင်မှန်း သိရဲ့နဲ့ ... မြန်မာကားတွေ မှာ ဂွီဒေါက် ထက် ကောင်းတာတွေ အများကြီးပါ ... ရှင် လည်း ဇာတ်ညွှန်းဆရာ ပဲ ”

ဂျပိန် ဂွီဒေါက် ၏ ဖမ်းစားခြင်း ကို ခံလိုက်ရမှန်း သိသွားသည်  ။

အိမ်ဦးခန်းရှိ ဂျပိန် ၏ အိမ်ဦးနတ် နေရာ ကို ကိုရီးယားနတ် ကား အခံ့သား ထိုင်လျက် ။

◾ဗေလုဝ

📖 ဟဒယမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၀၆

www.facebook.com/aung.naingoo.3726613

.

Sunday, February 6, 2022

မှော်ဂျင် မောင်ကြာ


 ❝  မှော်ဂျင် မောင်ကြာ ❞


မောင်ကြာ ဟု ဆိုလျှင် မှော်ရိုး တစ်လျှောက်လုံး မသိသူ မရှိ သလောက်ပါ ။ အားလုံး မဟုတ်သော်မှ အတော်များများသော အရေအတွက် က တစ်နည်းမဟုတ် တစ်နည်း မောင်ကြာ နှင့်ဆက်စပ် ပတ်သက်ဖူးကြသည် မို့ မောင်ကြာ က လူသိများသူ တစ်ဦးပါ ။ ထို့ထက် ပို၍ ဆိုရလျှင် မှော်လောက အကျော်ဇေယျတွေ ထဲမှာ မောင်ကြာ က တစ်ယောက် အပါအဝင်ပါ ။


မောင်ကြာ ဟု ဆိုသော်လည်း အသက်က ငယ်ငယ်တော့ မဟုတ် ။ လေးဆယ့်ငါး ဝန်းကျင်လောက်တော့ ရှိပေမည် ။ လူပုံ က အသားဖြူဖြူ ပုပုဝဝ ၊ ဗိုက်ရွှဲရွှဲ ။ အမြဲတစေ စပို့ရှပ် လက်တို နှင့်လျှာထိုးဦးထုပ် ကို ဝတ်တတ် ဆောင်းတတ်ပြီး ပုဆိုး ကို သူ့ ဗိုက်ပူကြီး အောက်မှ ချက်ပြုတ် ဝတ်တတ်ခြင်း က သူ ၏ အမှတ်သင်္ကေတ တစ်ခုပင် ဖြစ်သည် ။ သူ့ ကို ရုတ်တရက် ကြည့် လိုက်လျှင် နှေးကွေးလေးလံသူ  ဟု ထင်စရာ ကောင်းလှသော်ငြား ထိုသို့ လားလားမှ မဟုတ် ။ အလွန်မြန် ၊ အလွန်သွက် ၊ အလွန်လည်သော သူ ။ မျက်စိရော ၊ နားရော ၊ ပါးစပ်ရော ၊ ခြေရော ၊ လက်ရော ဘာတစ်ခုမျှမဖျတ်လတ် မနိုးကြားတာ မရှိ ။ ပြောရလျှင် လူ နှင့် အလုပ် အလွန် ဟပ်မိသည့် သူ ။ အများက သူ့ ကို ခေါ်တာပင် ကြည့်ပါ ။ ဂျင်ကြာ တဲ့ ။


မှော်ထဲ ကို လာပြီဆိုသည်နှင့် မောင်ကြာ့ စက်ကွင်း က လွတ်သူ ဟူ၍ ခပ်ရှားရှား ပင် ။ သည်လို ဖြစ်ရအောင် ကို မောင်ကြာ့ အလုပ် ၊ မောင်ကြာ့ ခွင် ၊ မောင်ကြာ့ ကွန်ရက် က သေးသေးမှ မဟုတ်တာ ။ သူ့ ကို ပွဲစား လို့ပဲ ခေါ်ခေါ် ၊ ရိုက်စား လို့ပဲ ပြောပြော သူ ကိုင်ထားသည့် ကဏ္ဍတွေက တကယ့်ကို များမှ များကိုး ။ ကြည့်လိုက်ပါ ၊ မှော် ထဲ လာတာ ဈေးရောင်းဖို့လား ၊ ကျင်းတူးဖို့လား ၊ ကျင်း က အသစ် တူးမှာလား ၊ အဟောင်း ဝယ်မှာလား ။ ကျင်းချင်းပဲ အလဲအထပ် လုပ်ချင်တာလား ။ အင်ဂျင်တွေ ၊ ကလပ်ခုံတွေ ၊ ထောင်းပိုက်တွေ ဝယ်ချင်သလား ။ ရောင်းချင်သလား ။ ရောင်းမှာ ဝယ်မှာ တွေ က အသစ်လား ၊ အဟောင်းလား ။ အလုပ်သမား ခေါ်ချင်သေးသလား ။ ခေါ်မယ့် အလုပ်သမား က နေ့စားလား ၊ တောင်စားလား ၊ ကျင်းပြတ်သမားလား ။ ဆီ ကို ဝယ်ချင်တာလား ၊ ရောင်းချင်တာလား ။ ဒါဆိုရင် ဂါလံလိုက်လား ၊ ပုံးချင့်လား ၊ ပီပါပြတ်လား ။ အို ၊ တကယ့်ကို စုံ မှ စုံ ။ မောင်ကြာ ပါမှ ပြီးရမည့် အလုပ်များ ကို စာရင်းချ ကြည့်ပါက ဆုံးနိုင်အံ့ မထင် ။


ရေနံ လောကထဲ ကို ဝင်လာသူ မှန်သမျှ အားလုံးလိုလို အဆင်ပြေ အိုကေ သွားကြသည်တော့ မဟုတ် ။ လုပ်ငန်းကိုင်ငန်းကလေး ခွင်တည့်ပြီး ပွပေါက် တိုးသွားသူတွေလည်း မရှားသလို ဘယ်လောက်ပဲလုပ်လုပ် အစစအရာရာ အလုပ် မဖြစ် အကျိုးမပေးဘဲ ကုန်းကောက်စရာ မရှိအောင် မွဲသွားသူတွေလည်း အများအပြား ။ ဟိုဘက် သည်ဘက် အရှုံးအမြတ် မပေါ်ဘဲ သရေရလဒ် နှင့် ကျေနပ်လိုက်ရသူတွေလည်း ဒု နှင့် ဒေး ။ အမှန်ဆိုလျှင် သေသေချာချာ စစ်တမ်း ကောက်ကြည့်ပါက မှော် လောက မှာ ရင်ကော့ ၊ ခေါင်းမော့ လက်မ,ထောင်သွားနိုင်သူတွေ ထက်  မျက်နှာ ရှုံ့မဲ့ပြီး လက်ခါပြသွားသူ တွေက ပိုများလိမ့်မည်ဟူ၍ပင် ပြောနိုင်သည် ။ မှော် ဆိုသည်မှာ လောဘ ၏ ရှေ့ဆောင်မှုကြောင့် ရချင်၍ ဝင်လုပ်ကြသည် မှန်သော်ငြား လုပ်လေတိုင်း မှန်းချက်နှင့် နှမ်းထွက် ကိုက်တတ်သော အလုပ်မျိုး မဟုတ် ။ ခိုင်ခိုင်မာမာရေရေရာရာ ရှိလှသော အလုပ်မျိုး မဟုတ် ။ သို့သော် မောင်ကြာ တို့လို မှော်ဂျင်တွေ အတွက်ကျတော့ သည်လို မဟုတ်ပြန် ။ သေချာပေါက် ပြောနိုင်တာရှိသည် ။ သူတို့ အလုပ်က လူတချို့ကဲ့သို့ ချက်ချင်းလက်ငင်းဘဝပြောင်းကာ တိုက်ဆောက် ကားစီးသွားနိုင်သည့် အလုပ်မျိုးတော့ မဟုတ် ။ ထို့အတူ ရှုံးသွားပြီ ၊ ကုန်သွားပြီ ၊ ပြာကျသွားပြီဆိုသည့် အဖြစ်မျိုးလည်း ဘယ်တော့မှ မရောက်နိုင် ။ မရောက်ဆို သူတကာ့ဆီက ဖြည်းဖြည်းနှင့် မှန်မှန် ပါးပါး တစ်လှည့် ၊ ထူထူ တစ်လှည့် လှီးစား နေရသည့် အလုပ်မျိုး လုပ်နေမှတော့ ရှုံးသည် ဟူ၍ ဘယ်မှာ ရှိပါဦး မည်နည်း ။ အရင်းအနှီး ဟူ၍ ခြူး တစ်ပြားမျှ ကုန်စရာ မလိုဘဲ လူအား ပါးစပ်အား လောက်သာ စိုက်ထုတ်ရသည့် အလုပ်မျိုး လုပ်နေမှတော့ ပြုတ်သွားပြီ ၊ ကုန်သွားပြီ ဟူ၍ ဘယ်မှာ ရှိပါဦးမည်နည်း ။


မောင်ကြာ ကို ဖျံကျ တတ်သည် ၊ အညွန့်ခူး တတ်သည် ၊ ခေါင်းပုံဖြတ်တတ်သည် ဟူ၍ သိထားပြီး သကာလ သူ နှင့် မဆက်ဆံလိုဘဲ ဝေးဝေးက ရှောင်လိုက ရှောင် နိုင်သည် ။ သို့တည်း မဟုတ် ၊ သူ့ အကြောင်းကိုလည်း သိ ၊ သူ နှင့် လည်း မပတ်သက်၍ မဖြစ် ဟု ဆိုလျှင်တော့ သူ နှင့် အလုပ် လုပ်မည့် လုပ်ငန်းအကြောင်း ကို သူ့ ထက် ပိုပြီး နားလည်အောင် ၊ သူ့လောက်နီးနီး ကျေညက်အောင် ကျွမ်းထား သိထားဖို့ လိုသည် ။ ဥပမာ အင်ဂျင်တစ်လုံး ကို ဝယ်ချင်ပြီ ဆိုပါစို့ ။ အင်ဂျင်အကြောင်း ကို တကယ် နားလည်ပါမှ ၊ တကယ် ကျွမ်းကျင်ပါမှ မောင်ကြာ နှင့် ဆက်ဆံပါလေ ။ သို့မဟုတ်လျှင်တော့ မောင်ကြာ့ ခါးပိုက်ထဲ ရောက်ရဖို့သာ ပြင်ထား ။


မှော် ထဲမှာ က ပြောကြစို့ဆိုလျှင် ဖုတ်ပူမီးတိုက်သမားတွေ သာ များသည် ။ အခု ဝယ်ချင် ဝယ်ချင် အခု ရောင်းချင် ရောင်းချင် ဆိုသူတွေသာ များသည် ။ သည်လို ဖြစ်ရသည်မှာ ရေနံမှော် ၏ သဘော သဘာဝ ကိုက အပြောင်းအလဲ ဖြစ်ချင်ပြီဆိုမှဖြင့် ချက်ချင်း မှ ချက်ချင်း ကိုး ။ သည်လို အခါမျိုးတွင်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလို မောင်ကြာ တို့ ခွင်ချည်းပဲသာ မှတ်လိုက်ပေတော့ ။ အဲ ၊ သူ အကြိုက်တကာ့ အကြိုက်ဆုံး ကတော့ မှော် လောကထဲ ကို မလည်မဝယ် နှင့် အခုမှ စပြီး ဝင်လာမည့် သူ ၊ အခုမှ စပြီး အလုပ် လုပ်မည့် သူ မျိုးပင် ဖြစ်သည် ။ ထိုသူမျိုး ကိုတော့ မောင်ကြာ တို့က လာပါ လာပါ ဟုပင် လက်ယပ် ခေါ်ပေလိမ့်ဦးမည် ။ ထိုသူမျိုးနှင့် တွေ့ဆုံရခြင်းက သိုက်တစ်ခု တူးရသလို သူ့ အတွက် အကျိုး ရှိလွန်းသောကြောင့်ပင် ဖြစ်သည် ။


မှော် ထဲမှာ မောင်ကြာ ကြောင့် အဆင်ချောသွား သူ ၊ မောင်ကြာ ကြောင့် ပြေလည်သွား သူ တွေရော မရှိတော့ဘူးလားဟု မေးစရာ ရှိပါသည် ။ အများကြီးပါ ။ မောင်ကြာ နှင့် ချိတ်ဆက်မိပြီးမှ ထူထူထောင်ထောင် ဖြစ်သွားရသူတွေ အများကြီးပါ ။ သို့လင့်ကစား ကောင်းသတင်း ထက် မကောင်းသတင်း က ပို၍ ကျော်တတ်သော လောကထုံးစံအတိုင်း မောင်ကြာ မွှေးသည့်အကြောင်းထက် မောင်ကြာပုပ်သည့် အကြောင်းကသာ မှော် ထဲမှာ ပို၍ လူ့သတင်း လူချင်းဆောင်ကာ နေလေ၏ ။ မောင်ကြာ ချတာ ၊ မောင်ကြာ ဆော်တာ ကို ခံရဖူးသူတွေ ဘက်က ကြည့်ပြန်တော့လည်း မောင်ကြာ က အလွန် ချဉ်စရာ ၊ အလွန် ခါးစရာ ဖြစ်နေသည်မှာ သဘာဝ ကျနေပြန်သည် ။ မောင်ကြာ့ ကို အော့ကြောလန်သူတွေက အရပ် ရှစ်မျက်နှာ မှာ လက်ညှိုးထိုး မလွဲအောင်ပင် ရှိကြသည် ။ ထိုသူများ အနက်မှ ကိုတင်သောင်း ဆိုသူက ဤသို့ ရေရွတ်ကြုံးဝါးခဲ့သည် ။


“ တောက် ၊ ဖြစ်နိုင်ရင် မောင်ကြာ ဆိုတဲ့ ကောင် ကို ဓား နဲ့သာနုပ်နုပ် စဉ်းပစ်ချင်တယ် ။ ဒီကောင့် မျက်နှာ ကို တစ်ခါ မြင်ရတိုင်းတစ်ခါ ငရဲ ကျသလိုပဲဟေ့ ” 


xxx   xxx   xxx


သည်တုန်းက ကိုတင်သောင်း က မှော် ထဲ ကို ရောက်ခါစ ။


“ ကိုမောင်ကြာ ရေ ၊ ကျင်း ကောင်းကောင်းလေး တစ်ကျင်းလောက် ရှာပေးစမ်းပါဦး ဗျာ ။ ကျင်းသစ် တူးတာ နဲ့ စာရင် ကျင်းဟောင်း ပြန်ဝယ်ပြီး ပုံမှန် ဆီ ခပ်စားနေရတဲ့ အလုပ် က ပို ကိုက်မလားလို့ ” 


“ သိပ် ဟုတ်တာပေါ့ဗျာ ။ ဉာဏ်ရှိတဲ့သူ မှန်ရင် ဒီလို တွက်တာပဲ ။ ကျင်း က ဘယ်လို ကျင်းမျိုး လိုချင်သလဲ ။ အမြင့်ကျင်းလား ၊ အောက်ကျင်းလား ” 


“ သင့်တော်မယ့် ကျင်းမျိုးပေါ့ဗျာ ။ ခင်ဗျား ကိုပဲ အားကိုးပါတယ် ” 


“ ဒါဆိုရင် အမြင့်ကျင်းထဲကပဲ ယူ ။ အောက်ကျင်းတွေက မှားတတ်တယ် ။ ဆီထွက်နှုန်း ကောင်းပြီး ဈေးနှုန်းကလည်း ခပ်သင့်သင့် ဆိုတဲ့ ကျင်းမျိုး ကျွန်တော့်မှာ ရှိတယ်“ 


“ ကောင်းပါလေ့ဗျာ ။ ကြည့်လုပ်ပါဦး ” 


သည်လိုနှင့် ကျင်း အရောင်းအဝယ်ကိစ္စ ကို လုပ်ဖြစ်ကြသည် ။ ပထမ မောင်ကြာ က ကိုတင်သောင်း ကို ကျင်းရောင်းမည့် သူတွေ နှင့် တွေ့ ပေးသည် ။ ကျင်းတန်ဖိုးကိစ္စ ကိုလည်း သူတို့ ဘာသာ စကားပြောစေသည် ။ ဈေးနှုန်း နှင့် ပတ်သက်ပြီး ရောင်းသူဝယ်သူ နှစ်ဦး ညှိနှိုင်းကြသည် ။ ထို့နောက် ကိုတင်သောင်း အား ကျင်း အခြေအနေ ကို မျက်မြင်အတိုင်း လေ့လာခိုင်းသည် ။


ဤတွင် ကျင်း အနေအထားကို စူးစမ်းနေသည့် ကိုတင်သောင်း အပါးသို့ ကပ်ကာ မောင်ကြာ က တိုးတိုး ပြောသည် ။


“  ဒီကျင်း အကြောင်းကို ကျွန်တော် ကောင်းကောင်း သိတယ်ဗျ ။ ဒီကောင် နှစ်ရက်ကို တစ်ပီပါနှုန်း နဲ့ ဆီထွက် မှန်နေတာ နှစ်ပတ် တောင် လည်တော့မယ် ။ သူတို့က ဒီကျင်း ကို သိပ် ရောင်းချင်တာ မဟုတ်ဘူး ။ဟိုတုန်းကတည်းက ဒီကျင်း ကို မျက်စိကျပြီး လာတောင်းဝယ်သူတွေရှိတယ် ။ အခုမှ သူတို့ အစုစပ် အချင်းချင်း ရန်တွေဖြစ် ၊ သဘောထားတွေ ကွဲလွဲပြီး ကျင်းကို ပြန်ရောင်းမယ် ဖြစ်လာတာ ။ ဒီ ကျင်းမျိုးကိုဒီဈေးမျိုးနဲ့ ရတာ ခင်ဗျား တစ်ယောက် ပဲ ရှိသေးတယ် ” 


အမှန်တော့ ကိုတင်သောင်း ကလည်း ရေနံ နှင့် ပတ်သက်၍ စိမ်းလှသူတော့ မဟုတ်ပါ ။ အထိုက်အလျောက် အတွေ့အကြုံ ရှိသူ ၊ နားလည်သူသာ ဖြစ်ပါသည် ။ ထို့ကြောင့် ဤ ကျင်းကို တကယ် ဆီထွက် မှန်သော ကျင်း ဟုတ် မဟုတ် တစ်ပတ်ခန့် စောင့် ကြည့်ပြီးမှ ဝယ်ဖို့ ဆုံးဖြတ်သည် ။ သည် အတောအတွင်း တစ်ရက် ကို သုံးကြိမ် ဆီခပ်ချိန် ရောက်တိုင်း စေ့စေ့စပ်စပ် လာကြည့်သည် ။ သို့သော် သားတော်မောင် လုပ်သူက တစ်ရက်နှစ်ရက် မျှ လေ့လာပြီးသည် နှင့် ကျင်းကို သဘော အတွေ့ကြီး တွေ့သွားသည် ။ ကျင်း ကို နောက် တစ်ယောက် လက်ထဲ ရောက်မသွားမီ အမြန် ယူလိုက်ဖို့ချည်း လောဆော်နေတော့သည် ။ သည်တော့ သူ ကိုယ်တိုင်ပင် ဟုတ်နိုးနိုး စိတ်ထဲ ထင်မိရာက သုံးရက်မြောက်သော နေ့တွင် ကျင်း ကို အပြီး ငွေချေလိုက်သည့် အဆင့်သို့ ရောက်သွားသည် ။


အဲ ... ကျင်း ဝယ်ပြီး၍ နှစ်ရက် ပင် မကြာပါ ။ အဖြေ က ဘွားဘွားကြီး ပေါ်လာသည် ။ ပထမ တစ်ရက် လောက်သာ ဆီ က မှန်မှန် ခပ်၍ ရသည် ။ နောက်နေ့ ကျတော့ ပုံမှန် မဟုတ်တော့ပြီ ။ မရ တစ်ချက် ရ တစ်ချက် ဖြစ်လာသည် ။ စိတ်ထဲမှာ စပြီး ထင့်ခနဲ ဖြစ်ရပြီ ။


ချက်ချင်းပင် မောင်ကြာ ကို ပြန်ရှာ ရသည် ။ သူ့ အလုပ်တွေနှင့် သူ ပျာယာခတ် နေသော မောင်ကြာ ကို မနည်း လိုက်ရှာယူရသည် ။ ကျင်း အကြောင်းကို ပြောပြတော့ မောင်ကြာ က . .


“ အာ ... ဒါက သဘာဝပဲ ။ ကျင်း က ဆီ ခပ်လာတာ ကြာပြီ ဆိုတော့ ဆီ ထွက် က နည်းနည်း ထိုင်း သွားတတ်တယ် ။ ကျင်း ကို အစာလေး ဘာလေး ပြန်ကောက်ပေးလိုက် ။ ပုံမှန် အတိုင်း ဖြစ်လာလိမ့်မယ် ” 


ခပ်ပေါ့ပေါ့ ပြောပြီး ထွက်သွားသည် ။ သို့နှင့် ကျင်း ကို သူပြောသည့်အတိုင်း အစာ ပြန်ကောက် ကြည့်သည် ။ သို့သော် ထောင်းရတာသာ အဖတ်တင်သည် ။ ဘာမှ ထူးမလာ ။ ကျင်း က ပို နက်သွားသော်လည်း ဆီ ထွက် က ယခင် အတိုင်းသာ ။ နှစ်ရက် တစ်ပီပါ ဆိုသည့် ကျင်း က တစ်ပတ် ဆယ်ရက် ခပ်တာတောင် တစ်ပီပါမပြည့်ချင် ။


သိလိုက်ပြီ ။ အပတ် ခံလိုက်ရပြီဆိုသည် ကို ကိုတင်သောင်း ကောင်းကောင်းကြီး သိလိုက်ပြီ ။ ထိုအခါ ဒေါသ က စိတ်ထဲမှာ တဖျဉ်းဖျဉ်း ထွက်ပေါ်လာသည် ။ တဖန် ထို ဒေါသ ကို ပွားသည်ထက် ပွားအောင်မီးထိုးပေးမည့်သူက အချိန်ကိုက် ဆိုသလို ဆိုက်ရောက်လာပြန်သည် ။


တစ်နေ့ညနေတွင် ကောင်လေး တစ်ယောက် က ကိုတင်သောင်း တဲ ထဲ ဝင်လာသည် ။ ထို ကောင်လေး က ယခင် ဤ ကျင်းကို ရောင်းလိုက်သူများ ထံမှ ဆီခပ်သမား အဖြစ် အလုပ် လုပ်ခဲ့သူဖြစ်သည် ။ကောင်လေး ရင်ဖွင့်ပုံ က ...


“ ဦးလေး ကို ကိုမောင်ကြာ နဲ့ ကျင်းပိုင်တွေ ပေါင်းပြီး ရိတ်လိုက်တာဗျ ၊ ကျွန်တော် က သူတို့ ခိုင်းတဲ့ အတိုင်း အပြင်က ဆီတွေ ကို ကျင်းထဲ လောင်းပြီး ဖြည့် ဖြည့်ထားရတာ ။ ဦးလေး လာကြည့်တော့မှ ကျင်း ထဲက ထွက်တဲ့ ဆီတွေ ဖြစ်လေဟန် ခပ် , ခပ် ပြရတာပေါ့ ။ ကျင်း လည်း ရောင်းပြီးရော သူတို့ တစ်ဖွဲ့လုံး ညတွင်းချင်း ပြောင်းပြေးကြတာ ကြည့်ပါလား ” 


ကောင်လေး စကားကြောင့် မောင်ကြာ့ ကို သတ်ချင်စိတ်တွေက တဖွားဖွား ဖြစ်ပေါ်လာသည် ။ မောင်ကြာ နှင့် ထပ်ရှင်းဖို့ကိုလည်း မောင်းတင်ထား လိုက်သည် ။ သို့သော် သေသေချာချာ စဉ်းစား ကြည့်ပြန်တော့ သည် ကိစ္စက ထင်သလောက် မလွယ်နိုင်တော့ချေ ။ သုံးဦး သုံးဖလှယ် ဆုံပြီး ရှင်းရမည့်အ‌ရေးတွင် မောင်ကြာ ကို ခေါ်၍ ရသည်ထားဦး ၊ ဟို ကျင်းရောင်းပြေးတွေ က ဘယ်လိုက် ခေါ်ရမှန်း မသိ ။ ဘယ် အရပ်သားတွေမှန်းလည်း မသိ ။ ကျင်း အရောင်းအဝယ်စာချုပ် ထဲမှာ နာမည် တွေတော့ ပါ ပါရဲ့ ။ သို့သော် အစုစပ် လုပ်ကြသော ကျင်းမို့ မည်သူက အဓိက တာဝန်ခံ ဆိုတာလည်း မသိနိုင်ပြန် ။ သည်လိုနှင့်ပင် ပြီးခဲ့ရတော့သည် ။ ရှင်းနေ၍လည်း ဘာမှ ထူးမလာတော့မည့် အတူတူ အရှုံး နှင့်သာ နေလိုက်ရတော့သည် ။ ကိုတင်သောင်း က တက် တခေါက်ခေါက် လုပ်ရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ ။


မောင်ကြာ ကိုတော့ ဟိုနား ရိပ်ခနဲ သည်နား ရိပ်ခနဲ ဆိုသလို မကြာခဏ တွေ့နေရသည် ။ မှော် တကာအနှံ့ လျှောက်လည်နေသည့် ဂျင် ဆိုတော့ တွေ့ရပေမည်ပေါ့ ။ သို့သော် သည်ကောင် က လူပါး ။ကိုတင်သောင်း နှင့် မျက်နှာချင်း ဆိုင်မိသည့် အဖြစ်သို့ ဘယ်တော့မှ အရောက် မခံ ။ ဝေးဝေးကပင် ရှောင်,ရှောင်သွားသည် ။ ကိုယ့်မှာသာ သည်ကောင့် ကို တွေ့ရသည့် အခါတိုင်း တီ ကို ဆား နှင့် တို့ လိုက်သလိုတွန့်ခနဲ တွန့်ခနဲ ဖြစ်,ဖြစ်သွားရသည် ။


တဲနီးချင်း ကိုမြင့်အောင် ဆိုသူက ခရီးလွန်ပြီးမှ ဝင်ပြောဖော်ရတော့သည် ။


“ ဒီ မောင်ကြာ ဆိုတဲ့ လူက လူတကာ့ ချဉ်ဖတ်ဗျာ့ ။ တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတဲ့ လူစားမျိုး ။ ဘယ့်နှယ်ဗျာ ၊ ကျွန်တော် အခု ဆီခပ်နေတဲ့ ကျင်းကလေး စ ဖောက်တုန်းက ၊ ကျင်းပြတ်ငှား တူးမယ်ဆိုပြီး သူ နဲ့ ဆက်သွယ်လိုက်ပါတယ် ။ တစ်ခါတည်းကို တာတေလံ ရော ။ အတောင်တစ်ရာ ကို နှစ်သိန်းခွဲ နဲ့ အပြတ် ဆိုလို့ ငှား တူးလိုက်တာ ။ အတောင်သုံးရာ ပြည့်လို့ ငွေလည်း ရှင်းပေးရော အလုပ်သမား လေးယောက် အတွက် စားစရိတ် တစ်ဝက် ခံရဦးမယ် ဖြစ်လာတော့တာပဲ ။ ကိုမောင်ကြာ ... ကျွန်တော်တို့ စ စကားပြောတုန်းက ဒါ မပါ ပါဘူးဆိုတော့ ၊ မဟုတ်ဘူး ၊ ဒါ ထုံးစံပဲ ဆိုပြီး အတင်းတောင်းနေလို့ ပြဿနာ မဖြစ်ချင်တာနဲ့ ပေးလိုက်ရပါရောလား ဗျာ ” 


ကိုအုန်းရွှေ ဆိုသူကလည်း ....


“  ကျွန်တော့် တုန်းကလည်း ဒီလိုပဲဗျ ။ သူ့ ဆီက အလုပ်သမား ခေါ်ပြီး လုပ်လိုက်တာ ။ အလုပ်သမား ကောင်လေးတွေ က ကျင်း ပြီးသွားပေမဲ့ မောင်ကြာ ဆီ က ပိုက်ဆံ မရသေးလို့ မပြန်နိုင်ကြဘဲတဝဲလည်လည် နဲ့ ဖြစ်နေကြရှာတယ် ။ တချို့က ကိုယ့်ရွာ ကထိန် ကို မီအောင် ပြန်ချင်နေကြပြီ ။ ဒါနဲ့ကျွန်တော် က ကောင်လေးတွေ ကို အကျိုးအကြောင်း မေးကြည့်တော့ ကျွန်တော့် ဆီက ငွေ အကုန်မရသေးလို့ သူတို့ ကို ငွေရှင်း မပေးနိုင်သေးဘူးလို့ မောင်ကြာ က ပြောတယ် ဆိုကိုး ။ ဟာ ... ငါ က မင်း တို့ ပွဲစား ကို ငွေ ရှင်းပေးပြီးတာ ကြာလှပေါ့လို့ ပြောလိုက်တော့ မှ ကောင်လေးတွေ က သူ့ ဆီ ဝိုင်းပြီးတောင်းကြတော့တာ ။ ဒီတော့မှ ဒီလူ က ဒိပြင် နေရာမှာ ငွေလွန် နေလို့ပါ ၊ ဘာညာ နဲ့ စကားရော ဖောရော လုပ်ပြီး ကောင်လေးတွေ ကို ငွေရှင်းပေးတယ် ။ အမှန်တော့ မဟုတ်ဘူး ။ ဒီလူ သက်သက် ဂျင်ဂလယ် ရိုက်ပြီး တခြား နေရာမှာ ငွေကို လှည့်သုံးထားတာ ” 


နောက်ဆုံးတော့လည်း ပြီးတာတွေ ပြီးပါစေတော့ ဆိုပြီး ထုံးစံအတိုင်း ဗမာ့နည်း ဗမာ့ဟန်နှင့် သင်ပုန်း ချေလိုက်ရတော့ တာပါပဲ ။ အလုပ် မဖြစ်သော ထိုကျင်း အပြင် နောက်ထပ် ကျင်းသစ်တစ်ကျင်းပါ ကိုတင်သောင်း ထပ် ဝယ်လိုက်ရသည် ။ ထို ကျင်းကလေးက မျှော်လင့်ထား သလို အကျိုးပေးနေသည်မို့ တော်ပါသေးသည် ။


xxx   xxx   xxx


နောက် တစ်လကျော်ကျော်လောက် အကြာတွင် ကိုတင်သောင်း တို့ ဇနီးမောင်နှံ မှော် ထဲမှ မြို့ပေါ် သို့ တက်လာခဲ့ကြသည် ။ မြို့ဈေးသို့ ရောက်လျှင် ဝယ်ခြမ်းစရာ ရှိသည်များကို ဝယ်ခြမ်းကြသည် ။ဘော်ဒါ ပို့ထားသည့် ကျောင်းသား အတွက်လည်း ငွေလွှဲ ရသည် ။ ထို့နောက် မှော်ပြန် ကားဖြင့် ပြန်လည် လိုက်ပါလာခဲ့ကြသည် ။


ရာသီက မိုးဦးရာသီ သို့ ရောက်ခဲ့လေပြီ ။ သည်နှစ်က မိုးဦး ကောင်းသော နှစ် ဟု ဆိုနိုင်သည် ။ ယခုတလော ရက်ဆက် ဆိုသလိုပင် မိုးတွေ တအုန်းအုန်း ရွာချနေသည် ။ မိုးတွင်း ရောက်ပြီဆိုလျှင် မှော် ထဲမှာက တစ်မျိုး ကောင်းပြီး တစ်မျိုးက မကောင်း ။ မှော်ထဲမှာ ရေ က အဖိုးတန်လှသည် ။ ဈေးကြီးပေး ဝယ်သုံးကြရသည် ။ ခုလို မိုးက သဲသဲမဲမဲ ရွာချပေးလိုက်တော့ သောက်ရေ ၊ သုံးရေ ၊ ချိုးရေမှ အစ ရေကို ပေါပေါပဲပဲ ရသွားသည်မို့ အားလုံးအတွက် အဆင်ပြေသည် ။ တစ်ခု မကောင်းတာက မိုးတွင်း ရောက်ပြီဆိုလျှင် ကျန်းမာရေး အတွက်က စိတ် မချရ ။ စည်းကမ်းမဲ့ နေထိုင်သူများကြောင့် ဝမ်းရောဂါ ကဲ့သို့ ရောဂါဆိုးကြီးများ ပေါက်ပွားလာမှာ စိုးရိမ်ရသည် ။ နောက်ပြီး သွားရေးလာရေး နှင့် ပတ်သက်၍လည်း ဒုက္ခ ရောက်ကြရသည် ။ သိကြသည့် အတိုင်း မှော်သွားလမ်း များက မိုးတွင်း ရောက်ပြီ ဆိုမှဖြင့် ဗွက်တွေ ၊ ကျင်းတွေ ၊ ချိုင့်တွေ နှင့် ဖြောင့်ဖြူးခြင်း လုံးဝ မရှိတော့ပေ ။


ယခု ကိုတင်သောင်း တို့ စီးလာသော မှော်ပြန်ကား ကလည်း မိုးတွေ တသဲသဲ ရွာချနေသည့်ကြားမှပင် ဖြည်းဖြည်းချင်း မောင်းလာခဲ့သည် ။ လမ်းတွေက မှော် ရောက်ခါနီးလေ ပိုဆိုးလေ ။ ကားဆရာ က ခက်ခက်ခဲခဲပင် ကြိုးစားပမ်းစား မောင်းနေရသည် ။ မှော် ဝင်ခါနီး စရွေးချောင်း ကို ရောက်တော့ ကား က ဘယ်လိုမှ ရှေ့ဆက် သွား၍ မရတော့ပေ ။ ဒလဟော ကျလာနေသော တောင်ကျ ရေ က ချောင်း ၏ ကမ်းနှစ်ဖက်စလုံး ပြည့်လျှံ၍ နေသည် ။ အချိန်က လည်း နေဝင်သွားခဲ့ပြီမို့ မကြာခင် မိုးချုပ်တော့မည် ။ ဤတွင် ကားဆရာ က သည်ည သည်စခန်းမှာပင် စတည်းချဖို့ ဆုံးဖြတ်လိုက်သည် ။ ခရီးသည်များ ကိုလည်း ကိုယ့် အစီအစဉ် နှင့် ကိုယ် သင့်တော်ရာတွင် တည်းခိုကြဖို့ ပြောလိုက်သည် ။ သို့သော် ရေ စောစော ကျသွားပါက ညတွင်းချင်းပင် ကားဆက် ထွက်မည့်အကြောင်းကို ခရီးသည်များအား ဆော်ဩထားလေသည် ။


သို့နှင့် ကိုတင်သောင်း တို့ သည်စခန်းမှာပင် ညအိပ်ဖို့ ပြင်ကြရသည် ။ ဤ စခန်းမှာ သူတို့ နေထိုင်ရာ သဖန်းဆိပ် မှော်ကြီး ၏ စခန်းထောက် တစ်ခု ဟု ပြောနိုင်သည် ။ ဆီခြံများ ၊ ကုမ္ပဏီ အဆောက်အအုံများ ၊ စားသောက်ဆိုင်များဖြင့် စည်ကားနေသည် ။ အထူးသဖြင့် ဆီ အရောင်းအဝယ် ပြုလုပ်ရာ ၊ ဆီပွဲစားများ ကျင်လည်ရာ နေရာဖြစ်သည့်အတွက် ငွေရွှင်သော နေရာဌာန တို့၏ ထုံးစံအတိုင်း ဒုစရိုက်ပေါများသော နေရာတစ်ခုဟုလည်း ဆိုနိုင်သည် ။ လောင်းကစား ပြုလုပ်နိုင်သော တဲများ ၊ ဘိလိယက်ခုံများ ၊ မိန်းကလေးများ ဖြင့် ပိုက်ဆံ ရှာသော ဆိုင်များကို မီးရောင် တဝင်းဝင်းဖြင့် အထင်အရှားပင် တွေ့နေရလေသည် ။


ကိုတင်သောင်း တို့က တည်းခိုနေကျ ထမင်းဆိုင် မှာပင် စတည်းချလိုက်ကြသည် ။ ခရီးပန်းလာကြသည်မို့ ထမင်းစားသောက် ပြီးသည်နှင့် စောစော အိပ်ရာဝင်လိုက်ကြသည် ။


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရာမှ ညနာရီပြန် တစ်ချက်လောက် ရောက်တော့ တစ်ဖက် ဆိုင်ခန်းမှ ထွက်ပေါ်လာသော ဆူဆူညံညံ အသံများကြောင့် ကိုတင်သောင်း လန့်နိုးလာခဲ့သည် ။ တစ်ဖက်ဆိုင်နှင့်က တံစက်မြိတ်ချင်း ထိစပ်နေသည်မို့ ထိုဆိုင်မှ ဝရုန်းသုန်းကား ဖြစ်နေသံများကို သဲသဲကွဲကွဲပင် ကြားနေရသည် ။ ယောက်ျား မိန်းမ ငြင်းခုံ ပြောဆိုနေသံ ၊ လုံးထွေးသတ်ပုတ်နေသံများကို အတိုင်းသားပင် ကြားနေရသည် ။ အထိတ်တလန့် ဖြစ်တတ်သော မှော် ၏ သဘာဝ ကို သိထားသူမို့ အိပ်ရာမှ ချက်ချင်း ထကာ ဆိုင် အပြင် သို့ ထွက်လာခဲ့သည် ။ ဆိုင် အပြင် ဘက် တွင် မီချောင်းရောင်ဖြင့် လင်းလင်းကျင်းကျင်း ဖြစ်နေသည် ။ ထို အချိန်မှာပင် ပြဿနာ ဖြစ်နေသော ထို ဆိုင်ထဲ မှ မိန်းကလေးတစ်ယောက် က ကပိုကရိုဖြင့် ပြေးထွက် လာသည်ကို တွေ့ရသည် ။ ကိုတင်သောင်း ကို တွေ့သည်နှင့် ထို မိန်းကလေး က တန်းတန်းမတ်မတ် ပြေးလာကာ ကိုတင်သောင်း လက်မောင်းတစ်ဖက် ကို အားကိုးတကြီး နှင့် ဆွဲကိုင်ပြီး ဗလုံးဗထွေး နှင့် ပြောလေသည် ။


“ ဦးလေးရယ် ။ ကျွန်မ ကို ကယ်ပါဦး ရှင် ။ ကယ်ပါဦး ။ ဟိုမှာ ကျွန်မ ကို စော်ကားဖို့ လုပ်နေကြတယ် ” 


ကောင်မလေး စကားမဆုံးမီ ဘောင်းဘီရှည်နှင့် ကောင်လေးနှစ်ယောက် က ဆိုင်ထဲမှ ထွက်လာသည် ။ ကိုတင်သောင်း ကို တွေ့သည်နှင့် ကောင်လေးတစ်ယောက် က ပြီတီတီ မျက်နှာ ဖြင့် ပြောသည် ။


“ ကျွန်တော်တို့ ကိစ္စပါ ဦးလေး ရာ ။ သူ က သက်သက် ဂျီကျနေတာ ၊ ကျွန်တော်တို့ က ပိုက်ဆံလည်း ပေးပြီးသားပါ ”  


ပြောပြောဆိုဆို သူတို့ က ရှေ့တိုးလာလေသည် ။ ကောင်မလေး ကိုလည်း ဝင်ဆွဲရန် ပြင်သည် ။ ကောင်မလေး က ကြောက်အားလန့်အား နှင့် ကိုတင်သောင်း ကျောဘက်တွင် ကွယ်ရပ်လိုက်ပြီးတုန်တုန်ရီရီဖြင့် လှမ်းပြောလိုက်သည် ။


“ မဟုတ်ဘူး ရှင့် ။ မဟုတ်ဘူး ။ ကျွန်မ မိန်းမကောင်း ပါ ။ ကျွန်မ ပြောတာယုံပါ ဦးလေး ရယ် ။ မှော် ထဲလည်း မရောက်ဖူးလို့ ကျွန်မ အဖေ နောက်ကို လိုက်လာတာပါ ။ အဲဒါ သူတို့ ကျွန်မ အိပ်နေတဲ့ အခန်းထဲ အတင်း ဝင်လာပြီးတော့ ” 


ကောင်မလေး ကို သနားသွားသည် ။ ကောင်မလေး စကားကိုလည်း ယုံကြည်လိုက်သည် ။ ဟို ကောင်လေး နှစ်ယောက် က အချင်းချင်း တစ်စုံတစ်ခု ပြောနေကြသည် ။ သူတို့ ထံမှ ချဉ်စုတ်စုတ် အရက် နံ့ ကပျံ့လွင့်လာသည် ။


ကိုတင်သောင်း က အခြေအနေကို တွက်ဆလိုက်မိပြီမို့ အနီးရှိ သစ်သားတုတ် တစ်ချောင်း ကို ကောက်ကိုင်လိုက်ကာ -


“ ဟေ့ကောင်တွေ နောက်ဆုတ် ။ ဒီမှာ တွေ့လား တုတ် ။ သူများ သားသမီးကို နှမချင်း မစာနာဘဲ မဖျက်ဆီးချင်နဲ့ ။ ကောင်မလေး က မဟုတ်ဘဲနဲ့ ပြောမှာ မဟုတ်ဘူး ” 


“ ဟာ ၊ ရှုပ်ကုန်ပြီဗျာ ၊ ရှုပ်ကုန်ပြီ ” 


ကောင်လေး တစ်ယောက် က ခေါင်းကို ကုတ်ရင်း ပြောသည် ။ ကိုတင်သောင်း လက်ထဲ က တုတ် ကို ကြည့်၍လည်း ရှေ့ မတိုးရဲကြ ။ ထိုအချိန်မှာပင် ထိုဆိုင် ၏ ပိုင်ရှင်ဖြစ်ဟန် တူသူ ဆံပင်တိုတို ၊ ခပ်ဝဝ ၊မိတ်ကပ်ပေါင်ဒါ အဖွေးသား နှင့် မိန်းမ တစ်ယောက် က အိပ်မှုန်စုံမွှားဖြင့် ဆိုင်တွင်းမှ ထွက်လာသည် ။ ကောင်လေးတွေ က ထို မိန်းမ နှင့် မျက်နှာချင်းဆိုင်ကာ တွတ်ထိုးနေကြသည် ။


“ နင်တို့ မှားတာ ၊ နင်တို့ မှားတာ ။ ငါ ပြောတာက သူ့ ကို မဟုတ်ဘူး ဟဲ့ ၊ သူ့ကို မဟုတ်ဘူး ” 


ထို မိန်းမ က ညည်းသလို ပြောလိုက်ပြီး ကိုတင်သောင်း နောက်က ကောင်မလေး ကို တစ်ချက် လှမ်းကြည့်လိုက်သည် ။ တောင်းပန်လိုဟန် မျက်နှာပေးဖြင့်လည်း တစ်ချက် လှမ်း ပြုံးပြလိုက်တာ တွေ့ရသည် ။ မကြာမီ ကိုတင်သောင်း တို့ တည်းခိုသော ထမင်းဆိုင် မှ ဆိုင်ရှင် အမျိုးသမီး နှင့် ကိုတင်သောင်း ၏ ဇနီး တို့ပါ အိပ်ရာမှ နိုးလာကြလေသည် ။


ကိုတင်သောင်း က ခပ်သွက်သွက် ပြောလိုက်သည် ။


“ ကလေးမ ။ သွား ... သွား ။ မင်း ပစ္စည်းတွေ သိမ်းပြီး ဦး တို့ ဆိုင်ဘက် ပြောင်းလာခဲ့ ” 


ကောင်မလေး က သူ့ ကျောပိုးအိတ်ကလေး ကို ကပျာကယာ ပြေးယူပြီး ကိုတင်သောင်း တို့ ဆိုင်ဘက် ကူးလာသည် ။ အခြေအနေက ပြန်ငြိမ်သွားလေပြီ ။ ကိုတင်သောင်း မိန်းမ က ကောင်မလေး ကိုပြောလိုက်သည် ။


“ တော်သေးလို့ပေါ့ သမီးရယ် ။ အဲဒီမှာမှ သွား တည်းရသလားကွယ် ” 


“ ကျွန်မ လည်း မရောက်ဖူးတော့ ဘာမှ မသိဘူး ရှင့် ၊ အဲဒီ မိန်းမကြီး က စိတ်ချလက်ချ တည်းလို့ ရတယ် ၊ ဘာမှ အားမနာနဲ့ ဆိုပြီး အပြောကောင်းကောင်း နဲ့ ခေါ်လို့ သွား တည်းလိုက်မိတာ ရှင့် ” 


ကောင်မလေး က ရှင်းပြရှာသည် ။ ဆိုင်ရှင် အမျိုးသမီး ကပါ ဝင်ပြောသည် ။


“ ဒီ မိန်းမ က ဒီလိုပဲ ။ သိရင် တစ်မျိုး ၊ မသိရင် တစ်မျိုး လုပ်စားနေတာ ကြာလှပြီ ။ တချို့ကောင်မလေး တွေဆို ပြောရမှာ ရှက်လို့ ခေါင်းငုံ့ ပြန်သွားကြတာတွေ မနည်းတော့ဘူး ။ သိပ် ကြောက်စရာ ကောင်းတဲ့ မိန်းမ ။ ဟို တလောက ရဲ က နှင်လိုက်လို့ ပြေးရပြီးပြီ ။ ခု တစ်ကျော့ ပြန်ဝင်လာတာ ” 


သူတို့ အားလုံး ပြန် မအိပ်ဖြစ်ကြတော့ဘဲ ရောက်တတ်ရာရာများကို ပြောဆိုနေကြရင်း အချိန်ကုန်အောင် စောင့်နေလိုက်ကြသည် ။ လင်းအားကြီး အချိန်ရောက်သော် ရေကျသွားပြီ ဖြစ်သဖြင့်ခရီး ဆက် ထွက်ရန် ပြင်သည် ။ ကားသမားများက ခရီးသည်များကို လိုက်ခေါ်နေလေသည် ။


လူစုံသည်နှင့် ကား က ထွက်ခွာခဲ့သည် ။ စရွေးချောင်း ကိုကျော်ပြီးချိန်တွင် တစ်စုံတစ်ခု ကို သတိရပြီး ကိုတင်သောင်း က ကောင်မလေး ကို မေးလိုက်မိသည် ။


“ ဒါနဲ့ ၊ ဟို ရောက်တော့ကော မင်း အဖေ ကို ရှာတွေ့ပါ့မလား ။ မင်း အဖေ နာမည် ဘယ်သူတဲ့ လဲ ” 


“ အဖေ က ကားဂိတ် က လာ စောင့်မယ်လို့ ပြောပါတယ် ။ ကျွန်မ အဖေ ကို ဦးလေးတို့များ သိမလား မသိဘူး ။ ဦးမောင်ကြာ တဲ့ ” 


“  ဟင် . . . ” 


ကား က ကုန်း အတက်မို့ အသံကုန် ညှစ်၍ ရုန်းနေရလေသည် ။ ကိုတင်သောင်း ရေရွတ်လိုက်သည့် “ ဟင် ”  အသံ က ကားစက်သံ ကို ဖုံးလွှမ်းသွား မတတ် သူ့ နားထဲ၌ မြည်ဟိန်းသွားလေသည် ။


xxx    xxx   xxx


ဂိတ်ဆုံးရောက်သော် မောင်ကြာ က သူ့ သမီး ကို လာ ကြိုနေတာ တွေ့ရပါသည် ။ ကောင်မလေး က ကိုတင်သောင်း တို့ လင်မယားကို လက်ညှိုးထိုး ပြကာ သူ့ အဖေ အား တစ်စုံတစ်ခု ပြောပြနေတာ တွေ့ရသည် ။ ညတုန်းက အဖြစ်အပျက် အလုံးစုံကို ပြောပြနေဟန်တူသည် ။မောင်ကြာ က ကိုတင်သောင်း တို့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး မျက်နှာကို ပြန် လွှဲသွားသည် ။ ကိုတင်သောင်း တို့ လင်မယားနှစ်ယောက် ကတော့ ဘာသိဘာသာပင် ကိုယ့် တဲရှိရာ သို့ ပြန်လာခဲ့ကြသည် ။ ညနေ နာရီပြန် နှစ်ချက်လောက် ရောက်တော့ မောင်ကြာ့ သား အကြီးကောင် က ကိုတင်သောင်း တဲသို့ ရောက်လာသည် ။


“ ဦးလေး ။ ဟိုတစ်လောက ဝယ်ထားတဲ့ ကျင်း ကို ပြန် ထုတ်ချင်ရင် ဝယ်မယ့် သူ ရှိတယ်လို့ အဖေ က ပြောလိုက်တယ် ။ ဈေး ကတော့ အရင် ဈေးနှုန်း ရဲ့ တစ်ဝက် ပဲ ရနိုင်မယ် တဲ့ ။ အဲဒါ ဦးလေးသဘော တူရင် တစ်ခါတည်း ငွေချေခဲ့ဖို့ပါ မှာလိုက်တယ် ” 


“ အေး ... အေး ။ ကောင်းတာပေါ့ကွာ ” 


ကိုတင်သောင်း က အလိုက်အထိုက်ပင် ပြန်ပြောလိုက်သည် ။ မောင်ကြာ့ သား က ကျင်းဖိုးငွေ ကို ပေးပြီး ကျင်း စာချုပ် ကို ပြန်ယူသွားလေသည် ။ ညတုန်းက သူ့ သမီးလေး အပေါ် ခရီးသွား ဟန်လွှဲအမှတ်တမဲ့ ကူညီပေးခဲ့မှု အတွက် မောင်ကြာ ၏ တုံ့ပြန်မှုပင်ဖြစ်မည် ။


ဧကန္တ သူ ကိုယ်တိုင် လာရမှာ မျက်နှာ ပူသည့် အတွက် သား ဖြစ်သူ ကို လွှတ်လိုက်ဟန် တူသည် ။ ဘာပဲ ပြောပြော ၊ ဆုံးပြီးသား ငွေ ထဲက တစ်ဝက်မျှ ပြန်ရသည် ဆိုလျှင်ပင် ကျေနပ်စရာကောင်းလှပါပြီ ။ သည် အသုံးမကျသော ကျင်း ကို သူ ကိုယ်တိုင်ကပဲ ငွေပြန်အမ်းပြီး ပြန်ရွေးသည်လား ။ သို့မဟုတ် အခြား မအူမလည် တစ်ယောက် ကိုပင် ဖျံကျပြီး ပြန်ရောင်းဦးမည်လား ။ ဒါတော့ သူ မသိပြီ ။


တစ်ခုတော့ မောင်ကြာ သိလိုက်ဖို့ ကောင်းပြီ ။ ကံကောင်း၍ ရေတိမ် မနစ်ခဲ့ရလေသော သမီးငယ် ၏ အဖြစ်ကို နမူနာ ယူကာ သူများကို အကုသိုလ် ပေးသူ အတွက် တစ်ချိန်မှာ ထို အကုသိုလ် ကိုပင် ပြန်ယူရတတ်မြဲဆိုတာ မောင်ကြာ တစ်ယောက် များများကြီး သိလိုက်ဖို့ကောင်းပြီ ။  


◾ရဲမြတ်တင် 


📖 ဆီမုဆိုး နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

Saturday, February 5, 2022

ရင်ထဲက သမီးလေး


 

❝ ရင်ထဲက သမီးလေး ❞


နယ်တစ်နယ် မှာပေါ့ ကျွန်တော် ကားသွားရိုက်တော့ ကျောင်းပိတ်ရက် ကြုံနေလို့ ကျွန်တော့် ရဲ့ သမီး နယ်လေး ဗဟုသုတ ရစေခြင်းငှာ ကျွန်တော် ခေါ်သွားမိပါသည် ။ သိတယ်မှတ်လား ကျွန်တော့်တို့ ရုပ်ရှင်သမား တွေ က ကျွန်တော့် ကို ချစ်ကြတယ်လေ ။ သည်တော့  '' ယောင်တတ် '' တဲ့ ကျွန်တော့် ကို လည်း စကြ နောက်ကြ ပျော်ကြပေါ့ ။  '' တစ်ဇတ်ဇတ် '' နဲ့ ယောင်နေတဲ့ ကျွန်တော့် ကို ခပ်လှမ်းလှမ်း က ကြည့်နေတဲ့ သမီး လေး ရဲ့ မျက်ဝန်း တွေကို ကျွန်တော် အကဲခတ်မိတယ် ။

ကျွန်မ အဖေ ပင်ပန်းနေပါတယ် မစ ကြပါနဲ့ လို့ ပြောနေသယောင်ယောင် ။ ခက်တာက သူတို့ကလည်း ချစ်လို့ စ နေကြတာလေ ။ သမီး ကတော့ ပုပ္ပါးတောင်ပေါ် က မျောက်ကလေး ကို တစ်လှည့် ကျွန်တော့် ကို တစ်လှည့် နဲ့ ကြည့် ကြည့် နေတတ်တယ် ။ ညပိုင်း အိပ်ရာဝင်တော့

     '' သမီး ဆယ်တန်းအောင်ရင် အလုပ် ဝင်လုပ်တော့မယ် ။ အဖေ နားတော့ ၊ အဖေတို့ အလုပ် က နေပူ မရှောင် မိုးရွာ မရှောင် နဲ့ စိတ်ရော လူရော အရမ်း ပင်ပန်းတယ် ''

    ကျွန်တော် သမီးငယ် ကို တစ်ချက် လှမ်းကြည့်လိုက်တော့ သူ က

     '' ပြီးတော့ သမီး တစ်ခု သိချင်တာပေါ့လေ အဖေ အသက် ကြီးသွားရင်ရော အဲဒီ ရုပ်ရှင်အဖွဲ့တွေ က အဖေ့ ကို ခုလို ခေါ် သုံးဦးမှာလား ဟင် ''

    သမီးငယ် ရဲ့ အမေးစကား ကို ကျွန်တော် ချက်ချင်း ပြန် မဖြေနိုင်ပါဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော့် ရဲ့မျက်လုံး ထဲ ရင် ထဲ မှာ ဘဘဦးဂျော်လီဆွေ တို့ ၊ ဦးစံမတူ ၊ ဦးပလာ တာ ၊ ဦးတုတ်ပေါ တို့ ကို ပြေး မြင်ယောင် သတိရလိုက်လို့ပါပဲ ။

     '' အဖေ ပြောလေ ခုနက သမီး မေးတာကို ''

     '' ဪ အင်း … အဟဲ အဖေ ကျန်းမာရေး ကောင်းနေရင်တော့ ခေါ် သုံးမှာပေါ့ သမီး ရယ် ။ အဖေ က အနုပညာ ကို ချစ်တယ်လေ သူတို့ကလည်း သည်အတိုင်းပဲပေါ့ သမီး ရဲ့ ''

    သမီးငယ် က အနား တိုးလာပြီး ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ကာ

     '' ကျန်းမာရေး ကောင်းတယ် ဆိုတာက ''

     '' ဪ သမီးရယ် ဘာခေါ်မလဲ နား မလေးဘူး မျက်လုံး မမှုန်ဘူး လေ မဖြတ်ဘူး ဆိုတာကို ပြော တာလေ ''

    သမီးငယ် က မျက်မှောင်ကြုတ် စဉ်းစားလိုက်ပြီး ခေါင်းတညိမ့်ညိမ့် ဖြင့်

     '' ဪ… ဪ တကယ်လို့ အဲဒီလို ဖြစ်နေခဲ့ရင်ရော အဖေ့ လူတွေက အဖေ့ ကို ချစ်တာပဲ ခေါ်သုံးမှာ ပေါ့နော် ''

    ကျွန်တော့် ရင်ထဲ မှာ ကျဉ် ခနဲ ဖြစ်သွားတယ် ။ ကျွန်တော် တစ်ခါ ဂျာနယ်တစ်ခုမှာ ရေးဖူးတယ် ။ ဆွေမျိုးတွေ ကို ပစ်မထား နဲ့ ဆောင်းပါးထဲ ကလို ဘဘဦးစံမတူ နဲ့ ဦးဂျော်လီဆွေ တို့ကို နားလေးလို့ ဆိုပြီး စိတ် မရှည် ဘဲ ခေါ် မရိုက်ကြဘူးလေ ။

     '' ဪ သမီးရယ် အဖေ က နားလေးနေတယ် ဆိုပါတော့ ဒါရိုက်တာ က ခဏခဏ ပြန် ပြန်ပြော နေရတော့ အချိန်တွေ ပုပ်ကုန်တာပေါ့ ။ ရုပ်ရှင်တို့ ဗီဒီယိုတို့ ဆိုတာက အချိန် လု ရိုက်နေရတာလေ ။ သည်တော့ ဖေဖေ တစ်ယောက်တည်း အတွက်နဲ့ သူတို့ ခမျာ အချိန် တွေ ကုန်ဆုံးကုန်မှာပေါ့ ။ ဒါရိုက်တာ မိုက်တီး ရိုက် တဲ့ ဇာတ်ကားနာမည်လိုပေါ့ သမီးရယ် ဘာတဲ့ … ချစ်တော့ ချစ်တယ် အလို မလိုက်ဘူးပေါ့ မှုတ်ဘူးလား ဟား ဟားဟား ''

    ခြောက်ခြောက်သွေ့သွေ့နဲ့ ရယ်မောပြီး သမီးငယ် စိတ်ချမ်းသာအောင် ကျွန်တော် ပြောလိုက်တယ် ။

    ကျွန်တော်တို့လို ဇာတ်ပို့ဇာတ်ရံ အနုပညာသမားများ ရဲ့ နောက်ကွယ်က မှီခိုအား ထားနေရတဲ့ သူတွေ ကို စိတ် မဆင်းရဲ စေချင်ဘူးလေ ။ အဲ တစ်ခု ကျန်သေးတယ်ဗျ ကျွန် တော့် သမီးငယ် အကြောင်းလေးပါပဲ ။ ခုနက နယ် ကိစ္စလေးပါပဲ ။ သည်လိုဗျ ရန်ကုန် မှာ ကားရိုက်ရင်း ရှူတင်ကား လာ ကြိုပို့ လုပ်ပေးတယ် ။ အဲ သူတို့ လာနေချိန်မှာ ကိုယ် က အကြောင်းကြောင်းကြောင့် မလိုက်နိုင်ဘူးဆိုရင် ကိုယ့် ဘာသာ ကိုယ် တက္ကစီ ငှားသွား ၊ ဒါပဲ ။ အဲ နယ်ကျတော့ တက္ကစီ မရှိဘူးလေ ။ သည်တော့ ဝီရိယ ရှိရမယ် ။ စောစောထ စားစရာ ရှိတာ စားထား ရှူတင်ကား လာရင် အဆင်သင့် ဖြစ်ရမယ် ။ အကယ်၍ ရှူတင်ကား က ကြပ်နေရင် မင်းသား မင်းသမီး တွေ ရဲ့ ကိုယ်ပိုင်ကားလေးတွေ ကပ်ပြီး စီး ပေါ့ ။ အဲဒါက တစ်ယောက်တည်း ၊ အဝတ်ထုတ် တစ်ထုတ်ရယ် ။ ခုဟာက ကျွန်တော့် သမီးငယ်လေး ပါ နေတော့ အခက်သားလား ။ ရှူတင်ကား ကလည်း ကြပ် တစ်ခါတစ်ရံမှ လိုက်ဖူးတဲ့ သမီး က မျက်လုံးလေး ပေကလပ်ပေကလပ် နဲ့ ။

     '' ကိုကျော်ထူး လာ တက် ၊ ခင်ဗျားသမီး က နောက်ခန်းမှာ ထိုင် ''

    မင်းသား တစ်ယောက် က စေတနာ ရှေ့တန်းတင်ပြီး လာခေါ်တော့ ဘယ်နှယ့် ပြော ရပါ့ သားအဖ နှစ်ယောက် ကား ပေါ် စွေ့ကနဲပေါ့ ။ ကား က နောက်ဖက်ခြမ်း အမိုးတွေ ဖြုတ်ထားပုံ ရတယ် ။ ဘာမှ မပါဘူး ။ လမ်း က ကြမ်း ဖုန်တွေ တလူလူနဲ့ ပေါ့ ။ ကိုယ် က မင်းသား ဘေး ကပ်ရက် ခေါင်းခန်းထဲမှာ အဲယားကွန်း နဲ့ ။ တစ်ချက် တစ်ချက် နောက်ကြည့် မှန်ထဲကနေပြီး သမီးငယ်လေး ကို ကြည့် လိုက်တော့ ဖုန်တွေ သဲတွေ နဲ့ ကျွန်တော့် အဝတ်စားအိတ်လေး ပိုက်ပြီး သိမ်ငယ်အားငယ်နေတဲ့ မျက်နှာလေး ကို တွေ့လိုက်ရတော့ ရင်ထဲ မှာ မကောင်းလိုက်တာ ဗျာ ။

ငါ့ မှာလည်း ကိုယ်ပိုင်ကားလေး ရှိရင် တို့သားအဖ ခုလို တကွဲတပြား စီးရမှာ မဟုတ် ဘူးလို့ အတွေးလေး တောင် ဝင်လာမိပြီး မျက်ရည်တောင် ကျချင်တယ် ၊ တကယ်ပါ ။ သည်ကြားထဲ မင်းသား က ချစ်တော့ ကျွန်တော့် ကို စ ချင်တယ်လေ ။ သည်တော့ ကား ကို အ ရှိန်မြင့် မောင်းပြီး ရုတ်တရက် ဘရိတ် အုပ်မယ် ၊ ကျွန်တော် က ယောင်မယ် ပေါ့ လေ ။ ဒါပေသိ အင်မတန်မှ ကြီးမားသော ချိုင့်ခွက်ကြီး တစ်ခုအပေါ် ဝုန်းကနဲ ကျသွားတော့ ကျွန်တော် လည်း ငယ်သံပါအောင် အော်ဟစ်ပြီး ယောင်တော့ မင်းသား နဲ့ သူ့ တပည့် တွေ က တဟား ဟား ပေါ့ ။

အဲ့ဒီ အချိန်မှာ ကျွန်တော် သတိရလို့ ကမန်းကတမ်း နောက်ဘက်ကို လှည့်ကြည့် လိုက်တော့ ကျွန်တော့် သမီးငယ်လေး ရယ် ဘာမှ ကိုင်စရာ တွယ်စရာ မရှိဘဲ ကား က ခုန် သွားတော့ မြောက်တက်သွားပြီး ကားနောက်ပိတ် တံခါး နဲ့ သူ့ ခါးလေး ဆောင့် မိလိုက်တယ် ။ ဖခင် ဖြစ်သူ စိတ်မကောင်းဖြစ်မှာ စိုးလို့ သူ လေ ကြိတ်မှိတ် နေခဲ့တယ် ။

နောက်ရက်တွေ ကျတော့ ( ကန်တော့ပါနော် ) သူ ဆီး သွားတဲ့အခါ သွေးတွေပါလာ ရော ။ သားအဖ နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် ဖက်ပြီး ငိုလိုက်ရတာဗျာ မပြော ပါနဲ့တော့ ။ ရှူတင် ကို ပဲ ကြောက် သွားတာလား ၊ ဖခင် ဖြစ်တဲ့ ကျွန်တော့် ကို ဝိုင်း စနေတာ ကို ပဲ မကြည့်ရက်တာလား ဆိုတာ ကိုတော့ သူမ ကိုယ်တိုင် ပဲ သိမှာပါ ။ အနုပညာသမားတွေ ရဲ့ နောက်ကွယ်က လူတွေ ဟာလည်း လူတွေ ပါပဲ ။ ခံစားချက် လေး တွေတော့ ရှိကြမှာပေါ့ နော် ။ မဟုတ်ဘူးလား ။

အဲဒါနဲ့ပဲ အဲဒါပဲ ပေါ့ဗျာ … နော် ။

◾  ကျော်ထူး

📖  မဟေသီ မဂ္ဂဇင်း
       အောက်တိုဘာလ ၊ ၂ဝ၁၁ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Friday, February 4, 2022

မခွဲချင်


 

❝ မခွဲချင် ❞

ကန်ရေပြင် ကို ဖြတ်တိုက်လာသည့် လေ မို့ ထင် ။ အေးတမြမြ ရှိ လှသည် ။ ခင့် ဆီက သနပ်ခါး ရနံ့လေး က လေနှင်လိုက်တိုင်း နှာခေါင်းဝ မှာ မွှေးတမြမြ နှင့် ။ ခင် က သူ့ ပခုံးပေါ် မှ ကျော် ကျနေသည့် ကျွန်တော့် လက် ကို တင်းတင်းရင်းရင်း ကိုင်ထား၏ ။ ခင် ၏ နားသယ်စပ်ကလေး ကို ကျွန်တော် ငေးမောရင်း အနာဂတ် ပန်းချီကား ကို အလှဆုံး ခြယ်မှုန်းနေမိသည် ။ လေပြေ တို့ သည် ကျွန်တော်တို့ နှစ်ယောက်ကြား ကို အလိုက်မသိ တိုးဝင်နေ၏။

" မောင် "

" ပြောလေ ခင် "

" မခွဲချင်ဘူး မောင်ရယ် ၊ ခွဲရမှာ ကြောက်တယ် "

" အို .. ခင်လေး ရယ် .. "

ကျွန်တော် က ချစ်သူ ၏ နဖူး ကို အကြင်နာဆုံး နမ်းလိုက်၏ ။

ကျွန်တော် နှင့် ခင် စကားသံတွေ တိတ်ဆိတ်နေကြသည် ။ ထိုစဉ် ကန်ဘောင် နှင့် မလှမ်းမကမ်း လက်ဖက်ရည်ဆိုင် မှ သီချင်း က ပျံ့လွင့်လာသည် ။

" ခွဲရခါနီးမှ ... လုပ်ရက်နိုင်တယ် ... တစ်ခါမှ တောင် နမ်းခွင့် မပေးသူရယ် "

တော်သေးရဲ့ ။ ခင် ကတော့ ကျွန်တော့် ကို နမ်းခွင့် ပေးသား ဟု စိတ် ထဲ မှ ပြောဖြစ်သည် ။ ခင် ကလည်း သီချင်း ကို နားစွင့် နေရာ မှ -

" မောင် .. ခင် လေ ခွဲဖို့ အတွက် မတွေးရဲဘူး "

" အချစ်ရယ် ... ကံတရား အတိုင်းပါပဲ။ မခွဲချင်ရင် မခွဲရပါဘူး "

" တကယ်လို့ များ ခွဲ ရမယ် ဆိုရင် "

" ခင်ရယ် ... တွေးမနေပါနဲ့ "

ခင် က ကျွန်တော့် ကို သိပ် တွယ်တာသည် ။ မိန်းမ ပီပီ ကြောက်ရွံ့စိုးရိမ် တတ်သည် ။ အားငယ်သည် ။ ကျွန်တော့် အတွက်ဆို သူ့ အသက် ကိုပင် မနှမြော ဟု ပြောဖူးသည် ။ အဲသည်လို ပြောဖူးသည့် ခင် အကြောက်ဆုံး က ခွဲရမှာ ကိုပင်။

" မောင် "

အတွေး မဆုံးခင် ဝင်လာသော ခင့် အသံ။

" ပြောလေ ခင် "

" ခင် မခွဲချင်ဘူး၊ နော် ... မောင် "

ကျွန်တော် လည်း စိတ် ကို အသေအချာ ဆုံးဖြတ်လိုက်သည် ။

" မခွဲချင်လည်း ရိုးရိုး မွေးပေါ့ကွယ် "

ဟု ဆိုကာ ခင့် ဗိုက်လေး ကို ယုယုယယ ပွတ် လိုက်လေသည် ။

◾ နိုင်ကြည်သားနေ

📖 ဟာဟ ( ၁ )

www.facebook.com/aung.naingoo.3726613

.

Thursday, February 3, 2022

ခလောက်မြွေ


 ❝ ခလောက်မြွေ ❞


 သူ့ နာမည် က သံချောင်း တဲ့ ။ မိဘတွေက ကိုယ့် သားကလေး သံချောင်း လို မာအောင် ချာအောင် မှည့်ခဲ့ပုံ ရပါတယ် ။ ဒါပေမဲ့ သံချောင်း က ပညတ် သွားရာ ဓာတ်သက် မပါလေတော့ နာမည် ကသာ သံချောင်း ။ လူ ကတော့ ပျော့ လိုက်တာမှ ငှက်ပျောရွက် နေလောင် ထားတဲ့အတိုင်းပါပဲ ။ ဘာ တစ်ခုမှ လက်ကြောတင်းတင်း မလုပ်ချင်တဲ့ အပြင် သူ့ ကိုယ် သူ လည်း ညှာသလား မမေးနဲ့ ။ အသက်တောင် ပြင်းပြင်း မရှူဘူး ။ မောမှာ စိုးလို့ ဆိုတဲ့ လူစားမျိုး ။ ဒါပေမဲ့ သူ့ ကို အပြစ် ပြောဖို့ရာကလည်း ခက်တယ် ။ ဘာလို့လည်း ဆိုတော့ သူ က မွေးရာပါ မျက်စိ မမြင်ရှာတဲ့ သူကိုး ။ မျက်စိ နှစ်လုံး က မျက်ခွံ ထဲ ကပ် နေပြီး မျက်လုံး တောင် မဖွင့်နိုင်ရှာတဲ့ သူပါ ။


သည်တော့လည်း သူ ဘာအလုပ် မှ မလုပ်တာ အပြစ်တော့လည်း မဟုတ်ဘူး ။ သံချောင်း ကို များ ဘာ အလုပ် မှ မလုပ်တဲ့ ငပျင်း လို့ ပြောရင် သူ က -


 “  ကျုပ် က မပျင်းပါဘူးဗျာ ၊ အလုပ်ပဲ လုပ်ချင်တာပေါ့ ၊ ဒါပေသိ ကျုပ် လို မျက်မမြင် ကို ဘယ်သူကများ ဘာအလုပ် ခိုင်းမှာတုံး ” တဲ့ ။


 သံချောင်း မှာ မိဘနှစ်ပါး မရှိတော့ပါဘူး ။ သူ့ ကို ငယ်စဉ်တောင်ကျေးကတည်းက ရွာဦးကျောင်း ဆရာတော် က ကျွေးမွေးထားတာပါ ။ ဆရာတော်ကြီး ပျံတော်မူတော့လည်း သံချောင်း က ဘုန်းကြီးကျောင်းသား ဘဝ နဲ့ သည်ကျောင်း မှာ မြဲကျန်ရစ်ခဲ့ပါတယ် ။ ဘုန်းကြီးကျောင်း ဆိုတော့လည်း ဆွမ်းကျန် ကွမ်းကျန်ကလေးတွေက ပေါတယ် မဟုတ်လား ။ သံချောင်း ဘာမှမလုပ်လည်း မနက်ထမင်း ညထမင်း တော့ လက်ရှိ ဆရာတော် ကလည်း ကျွေးတာပါပဲ ။ ဟိုတုန်းကသံချောင်း ကို ဆရာတော်က ကိုရင်ကြီး ဝတ်ပေးဖူးသေးတယ် ။ ညည ထမင်း ခိုးစားတာနဲ့ပဲ ငရဲငအုံကြီး မှာစိုးတာနဲ့ လူဝတ် ပြန်လဲပေးလိုက်ရတယ် ။ သံချောင်း ကလည်း သံချောင်း ပါပဲ ။ တခြား အပြင်အလုပ် မလုပ်တာ ထားဦး ။ ကျောင်းထဲမှာ ရှိတဲ့ သူ နိုင်သမျှ ဝေယျာဝစ္စကလေးတောင် လုပ်ချင်တဲ့ကောင် မဟုတ်ဘူး ။ တံမြက်စည်းကလေး လှည်းကျင်းပေးတာမျိုး ၊ ရေကလေးဖြည့်ပေးတာမျိုး ၊ သစ်ပင်ပန်းပင်ကလေးတွေ ရေလောင်းတာမျိုး ဆိုတာလောက်တောင် လုပ်နိုင်ရက်သားနဲ့ လုပ်ချင်တာ မဟုတ်ဘူး ။

 

ဆရာတော် က တံမြက်စည်း လှည်းခိုင်းရင် တမင် ဟိုတစ်ကွက် ၊ ဒီတစ်ကွက် အမှိုက်တွေ ချန်ခဲ့တာတို့ ၊ ရေဖြည့်ခိုင်းရင် တမင် ဘေးကို သွန်လောင်းပစ်တာတို့ ၊ ဆရာတော် က ဝတ်ဖြည့်ခိုင်းရင် တံတောင် နဲ့ မနာ နာအောင် ဖိကြိတ်ပစ်လိုက်တာတို့ လုပ်တော့ ဆရာတော် ကသူ့ ကို စိတ်မချတော့ မခိုင်းတော့ဘူး ။ ဆရာတော် ကလည်း ခပ်အေးအေး နေတတ်သူပါ ။ သည်တော့ သံချောင်း က အနေ ချောင်တာပေါ့ ။ တစ်ခါတလေ ဆရာတော် က -


 “ သံချောင်း … နင် ဘုန်းကြီးကျောင်း မှာ နေပြီး သူများက လှူလိုက်တန်းလိုက် တဲ့ ဆွမ်း ကို သာမဏေ မဟုတ်ဘဲ မစားကောင်းဘူး ဟဲ့ ၊ ဆွမ်းထမင်း ၊ ဆွမ်းဟင်းကို လူ စားရင် ငရဲ ကြီးမှာပေါ့ ။ တံမြက် တလင်းလေး လှည်းလို့ ၊ ရေကလေး ခပ်လို့ ၊ ထင်းကလေး ခွဲလို့ ကျောင်းဝေယျာဝစ္စကလေး လုပ်ပြီး စား မှ အာပူ မလောင်တော့မပေါ့ ၊ နင် ငရဲကြီးမှာ မကြောက်ဘူးလား ”လို့ ဆိုလိုက်ရင် သံချောင်း က …

 

“ တပည့်တော် ငရဲကြီး မှာ ကြောက်ပါတယ် ဘုရား ၊ ကျောင်းဝေယျာဝစ္စ တပည့်တော် တတ်နိုင်သလောက် လုပ်ပါ့မယ် ဘုရား ” 


ဆရာတော် သနားလာအောင် လျှောက်တယ် ။ နှစ်ရက် သုံးရက်လောက် ဟုတ်တိပတ်တိ လုပ်နေသေးတာပဲ ။ နောက်တော့ ဒုံရင်း ဒုံရင်း ပြန် ရောက်သွားတာပါပဲ ။ တလွဲတချော်တွေ လုပ်လို့ ရေအိုး ကျ ကွဲတာမျိုး ၊ လက် ကို ဓား ထိတာမျိုးတွေ ဖြစ်လာတော့ ဆရာတော် က သူ့ ကို မခိုင်းရက်တော့ပါဘူး ။ သံချောင်း က တမင်လုပ်တာမှန်း သိပေမဲ့ သူ က မျက်မမြင်ကိုး ။ စာမတတ် ပေမတတ် နဲ့ အသိဉာဏ် က လည်း နည်း ၊ မိဘနှစ်ပါး မရှိရှာရတဲ့အထဲ သူ့ ခမျာ အမြင်အာရုံ ချို့တဲ့ရှာသူပဲလို့ ဆရာတော် ကတော့ သူ့ ကို ခွင့်လွှတ်ထားလိုက်တာပါပဲ ။ သံချောင်း ကလည်း မျက်စိ သာ မမြင်တာ ၊ အကင်း ပါးသလားတော့ မမေးနဲ့ ။ ဆရာတော် ရဲ့ အညှာ ကို သူ သိနေတာသာ ကြည့် ။ ဒါပေမဲ့ သံချောင်း က တစ်ခုတော့ အားကိုးရရဲ့ ။ အကြောင်းကြီးငယ် ကိစ္စ ရှိလို့ သူ့ ကို ရွာထဲ ရပ်ထဲ လွှတ်လို့ကတော့ ဒုန်း ပြေးတယ် ဆိုတဲ့ အထဲကပါ ။

 

“ ဟဲ့ … သံချောင်း ကိုဘတုတ် အိမ် သွားစမ်း ၊ မနက်ဖြန် ငါ တောင်ရွာက အလှူ ကြွမှာမို့လို့ ကျောင်းစောင့်ပေးပါဦးလို့ ပြောချေစမ်း ”


လို့များ ခိုင်းလိုက်ရင် သံချောင်း က ဦးဘတုတ် အိမ် တန်းနေအောင် သွားတော့တာပါ ။သူ က မျက်စိသာ မမြင်တာကိုး ။ မွေး ကတည်းက သည်ရပ် သည်ရွာ မှာ နေလာတာ ဆိုတော့ ရွာထဲ ရပ်ထဲက လူတွေ ၊ လမ်းတွေ ၊ အိမ်တွေ ကို သူ အကုန် အလွတ် ရတယ် ။ ဘယ်သူ့ အိမ် ကိုဘယ်လမ်း က သွားရမယ် ၊ ဘယ်လို ချိုးရမယ် ၊ ဘယ်လို ကွေ့ရမယ် သူ အကုန် သိတယ် ။ ဘယ်သူ့ အိမ်ထောင့်မှာ မန်ကျည်းပင်ကြီး ရှိတယ် ၊ ဘယ်လမ်းမှာ ချောက် ။ ဘယ်ကွေ့မှာ ကျင်း ၊ ဘယ်ဝိုင်း က ကျော်ရင် ကမူ ၊ သူ အကုန် သိတယ် ။ အဲသလိုများ ဆရာတော် ခိုင်းလိုက်ရင် သံချောင်း က စူဠလိပ် ရေထဲ လွှတ်တဲ့ အတိုင်းပါပဲ ။ ငေါက်ခနဲ ထသွားလိုက်တာပါ ။ ရွာထဲ ရပ်ထဲရောက်လို့ကတော့ တော်တော် နဲ့ ကျောင်း ပြန်မရောက်တော့ဘူးသာမှတ် ။ ရောက်ရာ အိမ် မှာ တွေ့ကရာ လူ နဲ့ လေ ကန်နေတော့တာပဲ ။ ဒါကြောင့်လည်း သွားချင်နေတာ ။ တစ်ခါတလေ ဆရာတော် က လူ အခေါ်ခိုင်းလို့ အဲသည်လူ က ကျောင်းကနေ တစ်ခေါက် ပြန်လာတဲ့ နောက်တောင် သံချောင်း က ကျောင်း ပြန် မရောက်တတ်သေးဘူး ။ ဆရာတော် က အခေါ် ခိုင်းတဲ့လူ ကိုပဲ သံချောင်းပြန်လာဖို့ ပြန်မှာယူရတတ်တယ် ။ သူ ပြန်လာလို့ကတော့ ရွာထဲ ရပ်ထဲ ရှိသမျှသတင်း ဆရာတော် အကုန် ပြန်ကြားရတာပဲ ။


 သံချောင်း က ကိုယ့် ရွာထဲ မပြောနဲ့ တခြားရွာ ကို လွှတ်လည်း သွားတာပဲ ။ ဘုန်းကြီးပင့် စာပို့ ခိုင်းတာတို့ ၊ ကိုယ့်ကျောင်း က သစ်သီးသစ်ဖုကလေး တခြားရွာ က ကျောင်း ကို လှူခိုင်းတာတို့ ၊ ဆရာတော်အချင်းချင်း တရားဓမ္မ ဆွေးနွေးမေးမြန်း စာလွှာ အပြန်အလှန် ပေးကြ ကမ်းကြတာတို့ ဆိုရင်လည်း သံချောင်း က အဲသည် ရွာ က ဘုန်းကြီးကျောင်း ကို တန်းနေအောင် သွားတတ်တယ် ။သွားရင်းလာရင်း နဲ့ အဲသည် ရွာ က လူတွေ နဲ့ ခင်မင်နေလိုက်တာ သံချောင်း တဲ့ ဆိုရင် တစ်နယ်လုံးက သိနေတော့တာပါ ။

 

သူ့ မှာ နေ့ရယ် ညရယ် ကလည်း မရှိတော့ ၊ ညရေးညတာ အရေးတကြီး လွှတ်လည်း သူ ကတော့ သွားတာပဲ ။ လူ ဆိုတာ မပြောနဲ့ ၊ ဘာတစ္ဆေ ဘာသရဲ မှလည်း သူ မကြောက်တတ်ဘူး ။ သည်တော့လည်း ဆရာတော် မှာ သံချောင်း မရှိလို့ မဖြစ်ပြန်ဘူးလေ ။ သည်တော့ သံချောင်း  အလုပ် လုပ်လုပ် ၊ မလုပ်လုပ် ဆရာတော် ကတော့ ကျွေးမွေးစောင့်ရှောက်ထားရတာပါပဲ ။ ကျောင်းမှာတော့ သူ က ဆက်သားကိုး ။ စာပို့သမား ကိုး ။


°°°°°   °°°°°   °°°°°


 ဘာအလုပ်မှ မလုပ်ဘူး ဆိုပေမဲ့ သံချောင်း က သူ အသုံးလိုတဲ့အခါမျိုး ဆိုရင်တော့ ရွာထဲရပ်ထဲ ကို အနှိပ်အနင်းကလေး လိုက်တတ်တယ် ။ ဒါကလည်း အမြဲတမ်း မဟုတ်ဘူး ။ ပြီးတော့ ကြုံတဲ့ သူတိုင်းကို နင်း နှိပ်ပေးတာမျိုးလည်း မဟုတ်ဘူး ။ သူ အသုံးလိုတဲ့အခါရယ် ၊ပိုက်ဆံတတ်နိုင်တဲ့ သူရယ် အဲသလို ဆုံကျမှ သူ က နင်းတာ ၊ နှိပ်တာ ။ ပိုက်ဆံ ဘယ်လောက်ပေးပေး သူ အသုံးမလိုရင် လှည့်တောင်မကြည့်ဘူး ။ သူ အသုံးဘယ်လောက် လိုလို ပိုက်ဆံ မတတ်နိုင်လို့ တစ်မူးတစ်ပဲ နဲ့ တော့ သူ က မလိုက်ဘူး ။ အနည်းဆုံး သူ လိုနေတဲ့ ငွေကလေး ရပါမှ ။ သူ အသုံးလိုတယ် ဆိုတာကလည်း ဘုရားပွဲ ကျောင်းပွဲကလေး ရှိရင် သုံးချင် စားချင်တာရယ် ၊ပုဆိုးကလေး စွပ်ကျယ်ကလေး ဝယ်ချင်တာရယ် ၊ ဗီဒီယိုရုံ သွားချင်တာရယ် သည်လောက်ပါပဲ ။


 ဗီဒီယို ဆို လို့ သံချောင်း က မျက်စိတော့ မြင်တာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အသံ ကြားနဲ့ ဘေးက လူ ကို ဇာတ်လမ်း မေး မေးပြီး သူ က ဗီဒီယိုကြည့်တာပါ ။ တစ်ခါတလေ ရွာထဲ မှာ စကားလက်ဆုံ ကျရင် သံချောင်း က သူ ကြည့်လာတဲ့ ဇာတ်ကား အကြောင်း ပြောပြနေတတ်တယ် ။


 “ ဇာတ်ကား နာမည်တော့ မမှတ်မိတော့ပါဘူးဗျာ ၊ မင်းသမီးက ဘယ်သူ ဆိုလားပဲ ၊ မင်းသား ကတော့ နေထက်လင်း ဗျ ၊ နေထက်လင်း က ဖိုးသာဓု တဲ့ မြင်းလှည်း မောင်းတာ ၊ မင်းသမီး က သူတို့မြို့လာလည်ရင်း တွေ့ကြတာ ၊ မင်းသမီး က သူကြိုက်နေတဲ့ရုပ်ရှင်မင်းသမီး ကိုး ဗျ ၊ ဇာတ်လမ်းက သည်လို … ”


ဆိုတဲ့ပြီး နားထောင်နေတဲ့ သူတွေ ငေး ယူရလောက်အောင် လက်တွေရော ၊ ခြေတွေရော စုံလို့ ။ သံချောင်း က မျက်စိသာ မမြင်တာ ။ သူ လုပ်ပြတဲ့ အမူအရာတွေ က အဟုတ် ဆိုတော့ လူတွေက သဘောကျကြတာပေါ့ ။ ပြီးတော့ သူ ကြားလာခဲ့တဲ့ စကားလုံး ကိုလည်း မှတ်မှတ်ရရ ပြန် ပြောတတ်တယ် ။


 “ မင်းသမီး က ပြောတာ ဘာတဲ့ဗျာ ၊ အဲ … ပပ တို့လို ရုပ်ရှင်မင်းသမီး ဆိုတာ ဖိုးသာဓု တို့လို မြင်းလှည်းသမားလောက်တောင် မှ လောက မှာ လွတ်လွတ်လပ်လပ်ကြီး ပျော်ရွှင်စရာ မကောင်းပါဘူးတဲ့ ဗျ ၊ ဟိုနေရာ သွားလည်း လူတွေနဲ့ တိုး ၊ သည်နေရာ သွားလည်း လူတွေနဲ့ ရှောင် မရနဲ့ တဲ့ ၊ နာမည်ကျော် ဖြစ်ရတာ မကောင်းပါဘူးတဲ့ ဗျ ၊ အင်း … သူပြောတာလည်း ဟုတ်မှာပဲ ၊ထက်ထက်မိုးဦး တို့ နန္ဒလှိုင် တို့ ကျုပ်တို့ရွာ လာကြည့်ပါလား ၊ ကျုပ် က ရှေ့ဆုံးက ပြေးကြည့်မှာပဲ ”


 “ နင် က ဘယ် မျက်လုံးနဲ့ ကြည့်မှာတုံး သံချောင်း ရဲ့ ”


 “ ဟောသည် မျက်လုံး နဲ့ ဗီဒီယို ကြည့်သလို ကြည့်မှာပေါ့ဗျ ” တဲ့ ။


 အဲသလို စကား ပြောနေရင်း သူ့ဘေးမှာ ကောင်မလေးတွေ ကို ဝိုင်းလို့ ။ မျက်စိ မမြင်ပေမယ့် သူ့ဘေးမှာ ကောင်မလေးတွေ ရှိတယ် ဆိုတာ သံချောင်း က သိတယ် ။  ဟိုကောင်မလေးတွေ က သူ့ ကို တစ်မေးတည်း မေးနေကြတာကိုး ။ ဒါကိုပဲ သံချောင်း ကအသားယူပြီး ဗီဒီယို ထဲ က နေထက်လင်း တို့ ၊ ဝေဠုကျော် တို့ လေသံ နဲ့ ဟန်ပန် လုပ်ပြီး သူ့ ကိုယ် သူ ဇာတ်လိုက် ထင်နေတဲ့ ကောင် ပါ ။ တစ်ခါတလေ တကယ် မဟုတ်ဘဲ ဇာတ်လမ်းဆင်ပြီး တစ္ဆေ သရဲတွေ နဲ့ သူ တွေ့တဲ့အကြောင်း ပြောချင် ပြောနေတတ်ပြန်ရော ။


 “ မနေ့ညက ဘုန်းကြီး မသိအောင် ဗီဒီယို သွား ကြည့်တာလေ ၊ ညဉ့်နက်ရောဗျ ၊ ဒါနဲ့ ကျောင်းပြန်တော့ အရှေ့ပေါက်က ဝင်ရင် ဘုန်းကြီး သိမှာ စိုးတာနဲ့ တောလမ်းက ပတ်ပြီး နောက်ပေါက် က ခိုးဝင်ရတာပေါ့ ၊ တောလမ်း ဆိုတော့ စိတ်ထဲ ခပ်ကြောက်ကြောက်ပေါ့ဗျာ ။ တစ်လမ်းလုံး ကိုယ် က သတိထားလာသမျှ ကျောင်းစည်းရိုး ရောက်တော့မှ နောက်ကနေ ဝုန်း … ဆို ”


 “ အံမယ်လေး … ”


 ကောင်မလေးတွေ က လန့်ဖျပ် အော်တော့ သူ က ကျေနပ်သွားတယ် ။ အဲသလို လန့် သွားအောင်လို့ သူက တမင် ဖြည်းဖြည်းကလေး ဆွဲပြောနေရာက ဝုန်း ဆိုပြီး အသံ မြှင့်ပစ်လိုက်တာပါ ။


 “ ဝုန်း ဆို ခြေထောက် ကို ဆွဲပါလေရောဗျ ၊ ဆွဲတော့ လက် က ကြမ်းကြမ်းကြီး ၊ စူးလိုက်တဲ့ လက်သည်းတွေ ဆိုတာများ ခြေသလုံးထဲ နစ်ဝင်သွားမလား အောက်မေ့ရတယ် ၊ ဒါနဲ့ ကျုပ် က သိလိုက်ပြီ ၊ ဒါ သရဲ ပဲ ဆိုတာ ၊ အော်လိုက်လို့ ဘုန်းကြီး နိုးသွားရင် ကျုပ် အဆော်ခံရမယ် ၊ သရဲ ကလည်း အတင်း ဆုပ်ထားတာ ရုန်းမရဘူး ၊ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ခါးကြားလိုရမည်ရ ထိုးထားတဲ့ ဓားမ နဲ့ ပိုင်းချလိုက်ရော … ပိုင်းချလိုက်တော့ လက်ကြီး က ကျုပ် ခြေသလုံး မှာ ပြတ် ကျန်ရစ်ခဲ့တယ် ၊ သရဲ ကတော့ ပြေးပြီ ၊ ကျုပ် ကလည်း ကဲလေ ... ငါ တရားနဲ့ပဲ အနိုင်ယူပါတော့မယ် ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ကို သုံးကြိမ်သုံးခါ ရွတ်ပြီး လက်ပြတ်ကြီး သပ်ချပစ်လိုက်ရတယ် ”

 

သံချောင်း က သည်လို မဟုတ်က ဟုတ်ကတွေလည်း ပြောတတ်သူပါ ။ ဒါပေမဲ့ ရွာထဲ က သူ မို့ လာရင် အပျင်းပြေတယ် ဆိုပြီး သူ့ ကို စကားလက်ခံ ပြောကြတာပါပဲ ။ သံချောင်း ကလည်း သူ သည်လို ပြောတာဆိုတာ ကို လူတွေ သဘောကျကြတယ် လို့ သိတာပါပဲ ။ တစ်ခါတလေ သံချောင်း က သည်နား က စကား ကို ဟိုပြော ၊ ဟိုနား က စကား ကို သည်ပြန်ပြော နဲ့ စကားရောင်းစကားဝယ် လုပ်တတ်ပါသေးတယ် ။ ဒါပေမဲ့ လူတွေ က သူ ကုန်းချောသွားတာကို မသိလိုက်ကြရပါဘူး ။


 “ ပြောရဦးမယ် ၊ အင်း … ပြောတော့ မပြောချင်ပါဘူးဗျာ ၊ အဟင်း ဟင်း … မနေ့တုန်းက ကျုပ် ခင်ဗျားတို့အိမ် မှာ ဆန်မှုန့် ကူထောင်းပေးခဲ့တာလေ ၊ ကျုပ် ကတော့ စေတနာနဲ့ပါ ၊ ဪ … သူတို့ ပဲရိတ်တဲ့ သူတွေ မုန့်ကျွဲသည်း လုပ်ကျွေးမှာ ငါ ကုသိုလ်ရတာပေါ့ ဆိုပြီး မောင်းကလေး ကူ နင်းပေးခဲ့ပါတယ် ။ အဲဒါ ဒေါ်အေးမ က မြင်သွားပုံရပါတယ် ၊ မနေ့တုန်းက ခင်ဗျား တို့အိမ်က အပြန် သူ့ အိမ်ရှေ့ရောက်တော့ သံချောင်း တဲ့ ဗျ ၊ ခဏ လာပါဦး တဲ့ ၊ ဒါနဲ့ ကျုပ် က သွားတော့ နင် မိထိုက် တို့ အိမ်ကို မောင်းကူထောင်းပေးနေတာ ငါ မြင်ခဲ့ပါတယ်တဲ့ ၊ အဲသည် ကောင်မ က သိပ် ညွန့်တာတဲ့ ၊ နင့် ကို မျက်စိ မမြင်တဲ့သူ ဆိုပြီး အနိုင်ကျင့် ခိုင်းတာတဲ့ဗျ ၊ ကျုပ် စိတ်ထဲ မကောင်းချက်တော့ ” နဲ့ လုပ်လိုက်တော့ မမိထိုက် က ဆတ်ဆတ်ထိ မခံဘဲ ဒေါ်အေးမ ကို ချက်ချင်း သွား ရန်တွေ့တော့တာပဲ ။


 “ တော် က ကျုပ် ကို ညွန့်တယ် ပြောရအောင်က တော့် ဆီက ဆန်တစ်လမယ် ကျုပ် ချေးဖူးသလား ”


 “ ငါ့ ဆီကသာ မချေးဖူးတာပါ အေ ၊ မဖွားမိ မြင်းခြံဈေး သွားလို့ ပိုက်ဆံ မပေးဘဲ ဈေးဖိုး မှာတာ ညည်း ညွန့်တာ မဟုတ်လို့ ဘာတုံးအေ့ ”


 “ တော်ကရော … ဟင် … မိသေးကလေး ကောက်သင်း ကောက်လာတဲ့ ပဲတောင်း ထဲက ပဲကို ပြည် ခိုးခြင်ပြီး ဝယ်တာလေ ”


 “ ငါ ပြည် ခိုးခြင်တာ ထားပါဦး ၊ ညည်း က ကိုသာအိ အခင်းထဲ က မတ်ပဲတွေ ခိုး ရိတ်တာ ကျတော့ရော ”


 လက်ခုပ် တဖျန်းဖျန်း ရိုက်ရိုက်ပြီး ရန်ဖြစ်လိုက်ကြတာ ဗြောင်းဆန်လို့ ၊ ရှိသမျှ ငယ်ကျိုးငယ်နာတွေကလည်း ရွာလူကြီး စစ်တုန်းက မပေါ်ဘူး ။ အခုမှ ပေါ်ကုန်ကြတော့တာပါပဲ ။ ဒေါ်အေးမ နဲ့ မမိထိုက် တို့ ပွက်ပွက်ရိုက်နေတုန်း သံချောင်း ကတော့ မနေ့တုန်းက မောင်း ကူထောင်းထားလို့ မမိထိုက် ကျွေးထားတဲ့ မုန့်ကျွဲသည်း တစ်ပန်းကန် ကို စားလို့ ပြောင်ပြီ ။ ဒါက သူတို့အချင်းချင်း ဖြစ်ကုန်ကြတဲ့ သဘောပါ ။ တစ်ခါတလေကျတော့ သံချောင်း ပါ ဝင်ပြီး သင်္ကာ ရှင်းရတဲ့အခါလည်း ရှိသေးတယ် ။ အဲသည် အခါကျရင် သံချောင်း က -


 “ ကျုပ် ပြောတာ အဲသည်သဘော မဟုတ်ပါဘူး ၊ ခင်ဗျား က အကောက် လွဲလို့ပါ ၊ ကျုပ် ပြောတာက သည်လို … ” နဲ့ ဒေါသ ဖြစ်နေတဲ့ သူ ကို ချော့ကာမော့ကာ လုပ်ပြီး သူ က ရှောင်ထွက်တတ်တယ် ။ တစ်ခါတလေ သူ့ အပေါ် ဒေါသပုံကျလာရင်လည်း သံချောင်း က -

 

“ လုပ်ပါဗျာ … ခင်ဗျားတို့ လုပ်လည်း ခံရုံပါပဲ ၊ ကျုပ် က မျက်စိ မမြင်တဲ့ သူ ဆိုတော့ အကြားနဲ့ ပြောရတာကို ဗွေ ယူချင်တယ်ဆိုလည်း ယူကြပါဗျာ ”


ဆိုတော့ လူ တွေမှာ အခက်လေ ။ သံချောင်း က မျက်စိ မှ မမြင်တာကိုး ။ စာပေ မှ မတတ်ရှာတာ ကိုး ။ ဘယ့်နှယ် လုပ်ပါ့မတုံး ။


°°°°°   °°°°°   °°°°°

 

သံချောင်း က ရွာထဲ ရပ်ထဲ သွားရင်းလာရင်းနဲ့ ကြားလာသမျှ သတင်းတွေကို ဆရာတော် ကို ဖောက်သည်ချလေ့ ရှိပေမဲ့ သံချောင်း မပြောဘဲ ထိန်ချန်ထားတဲ့ သတင်းတစ်ခု ရှိတယ် ။ ဒါကို ဆရာတော် လည်း မသိဘူး ။ ရွာထဲက ဘယ်သူမှလည်း မသိပါဘူး ။သည်အကြောင်း သိသူက သံချောင်း နှင့် ကိုဝါသီး နှစ်ယောက်တည်း ရယ် ။ ကိုဝါသီး ဆိုတာက သံချောင်းတို့ ရွာ က အမဲပေါ် ဝက်ပေါ် လိုက်တဲ့ သူ ပါ ။ သူ ကသာ အမဲပေါ် ဝက်ပေါ် လိုက်ရတာ ၊  မိန်းမ ကတော့ ရွှေတွေကို ညွှတ်လို့ ၊ ညွှတ်ဆို ကိုဝါသီး ရဲ့ အရှိန်အဝါကလည်း သေးမှ မသေးဘဲကိုး ။


ရွာ တစ်ရွာ မှာ လူမိုက် တစ်ယောက် လောက်တော့ ရှိတတ်ကြတယ် မဟုတ်လား ။ ဟိုတုန်းကတော့ စုန်းရှိမှ ရွာ တည်ရသတဲ့ ။ သံချောင်း တို့ ရွာ ကတော့ လူမိုက် ရှိမှ ရွာတည်ရသလို ဖြစ်နေပြီ ။ ကိုယ့် ရွာ မှာ လူမိုက် မရှိရင် တစ်ရွာ က လာစော်ကားမှာ လန့် နေရသေးတာကိုး ။


 ကိုဝါသီး ကတော့ နွားသတ် ဝက်သတ်နေတဲ့ သူ ဆိုတော့ လက် က ယဉ်ပြီးသား နေမှာပေါ့ ။ သည်နယ်က ဘာပဲလုပ်လုပ် အမဲ ပေါ်ချင် ဝက် ပေါ်ချင် လို့ကတော့ ကိုဝါသီး ကို လှမ်း မှာလိုက်ရုံပဲ ။ ကိုဝါသီး ကလည်း ဘယ်ရွာက ခေါ်ခေါ် လိုက်တာပဲ ။ ဒါက သူ့ အလုပ် ကိုး ။ ရွာစဉ်ကိုးပေါက် ရောက်နေတဲ့ သူ ဆိုတော့ ရွာတကာ မှာ လူမိုက် မှန်သမျှ သူ့ မိတ်ဆွေချည်းပဲ ။ သည်တော့လည်းဝါသီး တဲ့ ဟေ့ ဆိုရင် ရွာ က မီးသေပြီးသားပါ ။ ကိုဝါသီး ကလည်း ရွာ ကို စောင့်ရှောက်ပါတယ် ။ သူ ရှိနေသမျှ ကာလပတ်လုံး ရွာမှာ နွားခိုးမှု မရှိဘူး ။ လူသတ်မှု မရှိဘူး ။ မုဒိမ်းမှု မရှိဘူး ။ ဒါကြောင့် ကိုဝါသီး ရဲ့ အရှိန်အဝါ က မသေးဘူး ။


 အဲသည် ကိုဝါသီး ကိုတော့ သံချောင်း က ကြောက်တယ် ။ ကြောက်တယ် ဆိုတာ သူက ဘာမှ လုပ်လို့တော့ မဟုတ်ပါဘူး ။ အလိုလို လန့်တာမျိုးပေါ့ ။ ကိုဝါသီး ကများ နင်းဖို့ နှိပ်ဖို့ ခေါ်ရင် သံချောင်း အရောက် ပြေးရတယ် ။ ကိုဝါသီး ကို ကြောက်တာကလည်း တစ်ကြောင်း ၊ နင်းနှိပ်ခကို မြိုးမြိုးမြက်မြက်ကလေး ပေးတတ်တာကလည်း တစ်ကြောင်းပေါ့ ။ အဲသည်နေ့ က ကိုဝါသီး ကသံချောင်း ကို နင်းပေးဖို့ လူခေါ်လွှတ်လိုက်တယ် ။ သံချောင်း လည်း ထမင်းစား ရေမိုးချိုးပြီး ရွာထဲ ထွက်ခဲ့တယ် ။ ကိုဝါသီး အိမ် က ကျောင်း နဲ့ လှမ်းပေမဲ့ သံချောင်း ကတော့ အရောက် သွားတတ်ပါတယ် ။ ဘုန်းကြီးကျောင်း က ရွာမြောက်ဖျား မှာ ၊ ကိုဝါသီး အိမ် က ရွာ တောင်ဖျား မှာ ။ တောင်ဖျား မှာတောင် ကိုဝါသီး အိမ် က ချောင်းချောက်ကြီး ကို ဖြတ်ရသေးတာ ။ ဒါပေမဲ့ သံချောင်း ကအဲသည် ချောင်းချောက်ကြီး ထဲက သဲလောက်တော့ ထည့် မတွက်ပါဘူး ။ နေ့လယ် နေပူကြီးကျက်ကျက် ရောက်လာတဲ့ သံချောင်း ကို ကိုဝါသီး က ဆီးပြီး မခိုင်းသေးဘူး ။ ရေနွေးကလေး ၊ အမြည်းကလေး နဲ့ ဧည့်ခံပါသေးတယ် ။ တစ်အောင့်လောက်နေတော့ သူ့ မိန်းမမမြဒေါ ကို …


 “ မြဒေါ … နင့် အမေအိမ် သွားချင်လို့ဆို ၊ သွားလေ ၊ ငါ အိမ် စောင့်နေလိုက်မယ် ၊ သံချောင်း အနင်းလည်း ခံချင်လို့ ”


 ကိုဝါသီး က ပြောတော့ မမြဒေါလည်း ဝမ်းသာအားရ နဲ့ သုတ်ခနဲ ရွာဘက် ထွက်သွားတော့တာပဲ ။ အဲသည်နေ့ က ကိုဝါသီး ဟာ သံချောင်း ကို ခါတိုင်းလို ၊ စဟယ် နောက်ဟယ် မလုပ်ဘဲ ကောင်းကောင်းမွန်မွန်ပဲ စကား ပြောတယ် ။ တစ်ခုပြီး တစ်ခု ကျွေးတယ် ။ သံချောင်း စိတ်ထဲ နည်းနည်းတော့ ထူးခြားနေတာပေါ့ ။ ပက်လက်ရော ၊ မှောက်ရက်ရော နင်းပြီးတော့ အပူ ထုတ်ပေးနေတုန်း ကိုဝါသီး က သံချောင်း ကို ပြောတယ် ။


 “ သံချောင်း… မင်း မြောက်ရွာ က ကိုဒင်ကြီး ကို သိလား ” ဆိုတော့ သံချောင်း က -


 “ လူမိုက်ဒင်ကြီးလား ” တဲ့ ။ 


“ ရှီးတဲ့မှ … သူ့ သွားပြီး လူမိုက်ဒင်ကြီး ခေါ်နေ ၊ မင်း ဇက်ပြုတ်သွားချင်လို့လား ”


နဲ့ လုပ်လိုက်တော့ သံချောင်း က ကြောက်ချင်ယောင် ဆောင်ပြလိုက်တယ် ။ သံချောင်း ကို ပြောတဲ့ ကိုဝါသီး လေသံကတောင် ဒင်ကြီး ကို ကြောက်နေတဲ့ ပုံမျိုးပေါ့ ။


 “ သူ့ အိမ် ကို မင်း သိလား ”


 “ အိမ် တော့ ကျုပ် ဘယ် သိပါ့မလဲ ”


 “ အေး … အိမ် မသိရင်လည်း ရတယ် ၊ မင်း ငါ ခိုင်းတာ လုပ်ပေးမလား ၊ မင်း ကို မုန့်ဖိုး ၅၀၀ ပေးမယ် ”


 ကိုဝါသီး က ၅၀၀ ပေးမယ် ဆိုတော့ သံချောင်း အံ့ဩသွားတယ် ။ ခါတိုင်း အနင်းခံရင် ၁၀၀ ငွေ ဆိုတာ ကိုဝါသီး မို့ ပေးနိုင်တာ မှုတ်လား ၊ အခု ၅၀၀ ပေးမယ် ဆိုတော့ တစ်ခုခုတော့ ထူးခြားနေပြီလေ ။


 “ ကျုပ် လုပ်နိုင်တာဆို လုပ်ပေးမှာပေါ့ဗျ ”


 “ မင်း ဘာမှ လုပ်စရာ မလိုဘူး ၊ ငါ ပေးလိုက်တဲ့ စာ ကို ဘယ်သူမှ မသိအောင် ပုဆိုးကြားထဲ လိပ်ထည့်သွားရုံပဲ ၊ ရွာသာညောင်ပင်ကြီးအောက်ကော မင်း သွားတတ်လား ”


 “ သင်္ချိုင်းမြောက်ဘက် က ရွာသာညောင်ပင် လား ”

 

“ အေး … ”


 “ အပျော့ပေါ့ဗျာ ”


 “ အေး … အဲသည် အပင်အောက်မှာ ဒင်ကြီး ရဲ့ သားလေး ရှိတယ် ၊ နွားကျောင်းနေတာလေ ၊ သူ့ ကို မင်း စာ ပေးခဲ့ရုံပဲ ၊ ဘယ့်နှယ့်လဲ … လုပ်ပေးမလား ”


 သည် စာကလေး ပေးရုံနဲ့ ၅၀၀ ပေးမယ် ဆိုတာကတော့ တော်တော့် ကို မတန်တာပါ ။ တစ်နေကုန် ခြေပန်းလက်ပန်းကျအောင် နင်းမှ ၁၀၀ ရတဲ့ သံချောင်း က ရွာသာညောင်ပင်ဆီ သွားပြီး စာကလေး ပေးရုံနဲ့ ၅၀၀ ဆိုတော့ …


 “ စာပေးရုံပဲဗျာ ၊ လုပ်တာပေါ့ ”


 “ စာပေးရုံတင် မကဘူး ၊ သည် စာကို ဘယ်သူမှ မမြင်အောင် ဝှက်ယူသွားရမယ် ၊ ဒင်ကြီးသား လက်ထဲ ရောက်အောင် ထည့်ရမယ် ၊ ကြားမှာ တစ်ခုခု ဖြစ်ရင်တော့ မင်း မချောင်ဘူး မှတ် ”


 “ ရပါတယ်ဗျာ ၊ ကျုပ် ခါးက ပုဆိုးလည်း ဘယ်သူမှ ဆွဲ မချွတ်ပါဘူး   ” 


“ အေး … သည်စာ ပေးတဲ့အကြောင်းကိုလည်း မင်း ဘယ်သူ့ကို မှ မပြောရဘူး ၊ ပြောရင် မင်း အသက် ဖက် နဲ့ ထုပ်ပေတော့ ”


 သည် သဘောတူညီချက်နဲ့ပဲ သံချောင်း က ကိုဝါသီး စာ ကို ယူသွားတော့တာပါ ။ သည်သတင်းက လျှို့ဝှက်ရမယ့် သတင်း ဆိုတာကို သံချောင်း သိနေသလို ကိုဝါသီး ကိုလည်း ကြောက်ရတယ် မဟုတ်လား ။ ဘာပဲဖြစ်ဖြစ် သံချောင်း ကတော့ ငွေ ၅၀၀ နဲ့  ရွာ က ဈေးသည်ဒေါ်ဖွားမိ ကို ပုဆိုးကလေးတစ်ထည်နဲ့ စွပ်ကျယ်ကလေး တစ်ထည် မှာပြီးပြီ ။ တန်ဆောင်မုန်းလ ဘုရားပွဲ မတိုင်မီကလေးမှာပဲ အရှေ့တောရွာ ဓားပြတိုက်မှု ဖြစ်တယ် ။ အမှုလိုက်ကြတော့ ဒင်ကြီး ရဲ့ လက်ချက် ဆိုပြီး ဒင်ကြီး အဖမ်း ခံရတယ် ။ အဲသည်ညက ကိုဝါသီး ကတော့ ရွာ မှာ ရှိနေခဲ့တယ် ။ ဒင်ကြီး တို့ အဖမ်း ခံရတဲ့သတင်း ကြားတော့ ကိုဝါသီး က သံချောင်း ဆီ ပြေးလာတယ် ။


 “ သံချောင်း … ဟို စာကိစ္စ ဘယ်သူ့မှ မပြောနဲ့နော် ”


 သံချောင်း က မျက်စိ မမြင်ရဘဲနဲ့ ကိုဝါသီး ကို ကြည့်ပြီး ပြုံးလိုက်တယ် ။ ပြီးတော့ ခေါင်း ကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်ရင်း …


 “ ကိုဝါသီး … ကျုပ် ကို ဘုရားပွဲ သုံးဖို့ မုန့်ဖိုး ပေးဦး ” တဲ့ ။


 ကိုဝါသီး ကလည်း “ အေးပါကွာ ” ဆိုတဲ့ပြီး သံချောင်းကို ငွေ ၅၀၀ ထပ် ပေးလိုက်တယ် ။


 အဲသည် နောက်ပိုင်းတော့ သံချောင်း က အနင်းအနှိပ် လိုက်မစားတော့ပါဘူး ။ ဘုရားပွဲ ကျောင်းပွဲ ရှိလို့ပဲ ဖြစ်ဖြစ် ၊ ဗီဒီယိုလေး ကြည့်ချင်လို့ပဲ ဖြစ်ဖြစ် သူမို့ အသုံး လိုလာရင် ကိုဝါသီး ဆီသွား ပြီး လက် ဖြန့်ခံလိုက်ရုံပဲ ။ တစ်ခါတလေလည်း ကိုဝါသီး က သူ တောင်းသလောက် ပေးတယ် ။ တစ်ခါတလေတော့ သံချောင်း ကို ကြိမ်းမောင်းပြီး သင့်သလောက်ပဲ ပေးတယ် ။ဘယ်လိုပဲ ဖြစ်ဖြစ် သံချောင်းကတော့ ကိုဝါသီး အကြောင်း ကို ရွာထဲ လျှောက် မပြောပါဘူး ။


°°°°°   °°°°°   °°°°°


 မနေ့ တစ်နေ့ကတော့ ကိုဝါသီး ဆုံးသွားရှာတယ် ။ ညကြီး အချိန်မတော် အိမ် ပြန်လာတုန်း ချောင်းချောက်ကြီး ထဲ က မြွေ ကိုက်လိုက်လို့တဲ့ ။ ကိုဝါသီး ဆုံးသွားတယ် ဆိုတော့ ရွာ က ဟင်ခနဲတောင် ဖြစ်သွားကြသေးတယ် ။ ကိုဝါသီး ရှိနေတုန်းက သူတို့ ရွာမှာ ဘယ်သူ့ ရန်မှ မကြောက်ရဘူး မဟုတ်လား ။ လူမိုက် ဆိုပေမဲ့ ရွာအပေါ် စောင့်ရှောက်ဖော် ရတော့အားကိုးကြရတာပေါ့ ။ ရန် ကို လုံ လို့ပါ ။ အခုလို ကိုဝါသီး ဗြုန်းခနဲ ဆုံးသွားတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် အားတော့ ငယ်သွားကြတာပေါ့လေ ။


 အားငယ်သွားကြတဲ့ အထဲမှာ သံချောင်း လည်း ပါတယ် ။ ကိုဝါသီး မရှိတော့ သူ့ ကို မုန့်ဖိုးပဲဖိုးလေး အချောင်ပေးမယ့် သူ က မရှိတော့ဘူးလေ ။ သည်တော့ ငွေအသုံး လိုလာရင် အနင်းအနှိပ်ကလေး လိုက်ရတော့တာပဲ ။ ဒါပေမဲ့ သံချောင်း မှာ ကိုဝါသီး သိမသွားတဲ့ အချက် တစ်ချက် ရှိသေးတယ် ။ ကိုဝါသီး သေတော့ သံချောင်း က သူ့ ထင်းရှူးသေတ္တာကလေးထဲမှာ သော့ခတ် သိမ်းထားတဲ့ စာရွက်ကလေး ကို ထုတ်ယူလိုက်တယ် ။ ပြီးတော့ ဘယ်သူမှ မသိအောင် ပုဆိုးကြားထဲ လိပ်ထည့်လာပြီး ကျောင်းအောက်က မီးဖိုကလေးထဲ ပစ် ထည့်လိုက်တယ် ။ စာရွက်ခေါက်ကလေး မီးလောင် မလောင် သူ က စမ်းကြည့်လိုက်သေးတယ် ။ စာရွက်ကလေး တစ်စမကျန် လောင်သွားတော့မှ သံချောင်းတစ်ယောက် စိတ်အေးလက်အေး ရွာ ထဲ ထွက်ခဲ့တယ် ။


 “ လာဟေ့ … သံချောင်း ”


 အရီးတင့် က လှမ်းခေါ်တော့ သံချောင်း က -


 “ ဘာကျွေးမှာလဲဗျ  ” တဲ့ ။


 ခါတိုင်းလို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပါပဲ ။ အရီးတင့် တို့ အိမ်မှာ သည်ကနေ့ မြေပဲ ဆွတ်နေကြတာ ဆိုတော့ အပျိုတွေကလည်း အုံးအုံးထ လို့ပေါ့ ။ သည်သတင်း ကို မနက်ကတည်းက သံချောင်း ရပြီးသားပါ ။ မနက်တုန်းက ဆရာတော် ကို သာကူယို လာလှူတော့ သံချောင်း က မေးလိုက်ပြီးသားလေ ။


 “ ညည်းတို့ မျှော်နေတဲ့ သံချောင်း လာပါပြီတော် ၊ ကဲ … သာကူယို အရင် သောက်လိုက်ဦး ”

 

အရီးတင့် က အပျိုတွေဘက် လှည့်ပြောရင်း သံချောင်း ကို သာကူယို တိုက်တယ် ။ သာကူယို က ပူနေလို့ သံချောင်း မှာ တစ်ဇွန်းချင်း လေမှုတ်ပြီး သောက်နေရတယ် ။

 

“ သံချောင်း … မနေ့ည က ဘာဇာတ်ကား ကြည့်ခဲ့ရတုံး ၊ ပြောပြဦး ” ဆိုတော့ သံချောင်း က


“ ကျုပ် ဗီဒီယို မကြည့်တာ ကြာပြီ  ” တဲ့ ။


 “ ဘာဖြစ်လို့တုံး သံချောင်း ရဲ့ ၊ ကိုဝါသီး ကို ကြောက်လို့လား  ” လို့ မသေးတာက မေးတော့ မမိဆွဲ က ကြားဝင်တဲ့ပြီး …


 “ ကိုဝါသီး ဆိုလို့ ပြောရဦးမယ် ၊ ကိုဝါသီး ကို ကိုက်တဲ့ မြွေက ခလောက်မြွေ တဲ့ တော့် ”


 “ ခလောက်မြွေ … ”


 သံချောင်း က သူ တစ်ခါမှ မကြားဖူးတဲ့ နာမည် မို့ ခေါင်းထောင်ပြီး နား စွင့်လိုက်တယ် ။


 “ ခလောက်မြွေ ဆိုတာ မြွေ က ခလောက် ဆွဲထားသလို မြည် လို့ လို့ အဘ က ပြောတာပဲ ၊ တို့နယ်ဘက်မှာတော့ တစ်ခါမှ မမြင်ဖူးပါဘူး ၊ အံမယ်လေး … ကိုက် လိုက်ရင်တော့ ဆေးမမီဘူးတဲ့ တော် ရေ့ … ”


 “ သူ့ မိန်းမ မမြဒေါ က ပြောတော့ အဲသည် မြွေ ကို မမိလိုက်ဘူးတဲ့ ၊ ကိုဝါသီး အော်သံ ကြားလို့ သူတို့ ပြေးသွားကြတော့ မြွေ က မရှိတော့ဘူးတဲ့ ၊ ကိုဝါသီး ဆိုတာများ နှုတ်ခမ်းတွေ ပြာနှမ်းလာတော့တာတဲ့ ။ အဆိပ် ပြင်းချက်ကတော့ …  ” 


“ အဲသည် မြွေ မမိလိုက်သာ ဆိုးသာပဲ ၊ တော်ကြာ ရွာ ထဲ ခိုကပ်နေပြီး လူတွေ ကို အန္တရာယ် ပြုမှဖြင့် … ”


 “ နတ်ကတော် မသန်းစိန် က ပြောတော့ ဘာမြွေ မှ မဟုတ်ဘူးတဲ့ ၊ တိုက်မြွေ တဲ့ အေ့ ၊ ကိုဝါသီး က နွားသတ် ဝက်သတ် နဲ့ မို့ နတ် က မကြိုက်လို့ တိုက်တာလို့ ပြောသာပဲ ”


 “ ဘာမြွေပဲ ဖြစ်ဖြစ်အေ … ညဘက် အပြင် မထွက်ကြနဲ့ပေါ့အေ့ ”


 မိန်းမတွေ တစ်ယောက် တစ်ပေါက် ပြောနေကြတာကို သာကူယို သောက်ရင်း ကြားနေရတဲ့ သံချောင်း မှာတော့ လက်ဖျားခြေဖျားတွေ အေးစက်လို့ ။


°°°°°   °°°°°   °°°°°


 “ သံချောင်း … ရွာ တောင်ဖျားက ကိုလှဘော် ကို သွားခေါ်စမ်း ၊ မနက်ဖြန် သူ မြို့သွားမယ် ပြောတယ် ၊ ငါ ဘုရားပုံတော်ကလေးအတွက် မှန်ပေါင် မှာ လိုက်ချင်လို့ ”

 

ဆရာတော် က ခိုင်းတာကို သံချောင်းက ပေကပ်ကပ် လုပ်နေတယ် ။ ခါတိုင်း ရွာထဲရပ်ထဲ လွှတ်ရင် အူမြူးနေတတ်တဲ့ သံချောင်း က သည်တစ်ခါ ဖင်လေးနေတော့ ဆရာတော် က …

 

“ ဟဲ့ … သံချောင်း … ဘာဖြစ်နေတာတုံး ”


 “ တ .. တပည့်တော် … ညဘက် မသွားရဲဘူး ဘုရား ”


 “ အမယ် … နင့် မှာ နေ့ရယ် .. ညရယ် ရှိသေးသလား သံချောင်း ရဲ့ ”


 “ ရှိတာပေါ့ ဘုရား ၊ နေ့ကျ လင်းတော့ ရွာလမ်းတွေမှာ လူသူလေးပါး ရှိတာပေါ့ ဘုရား ၊ညကျ လူသွားလူလာမှ မရှိတာ ဘုရား ”


 သံချောင်း ကြေးများနေပုံ ကို ဆရာတော် က ပြုံးတယ် ။


 “ ဘာလဲ … နင် က ဝါသီး ခြောက်မှာ ကြောက်နေတာလား ၊ နာနာဘာဝ က ရွာ ထဲ မနေနိုင်ပါဘူး သံချောင်း ရဲ့ ”


 “ တင် … တင်ပါ့ဘုရား ၊ တပည့်တော် နားလည်ပါတယ် ဘုရား ၊ တပည့်တော် သရဲ မကြောက်တတ်ပါဘူး ဘုရား ”


 “ ဒါဖြင့် နင် က ဘာ ကြောက်နေတာတုံး ”


 ဆရာတော် က လေသံမာမာ နဲ့ မေးတော့ သံချောင်း လန့်ဖျပ်သွားတယ် ။ 


“ တ … တပည့်တော် ကြောက်တာ ခလောက်မြွေ ပါ ဘုရား ”

 

ကိုဝါသီး လက်ထဲ က စာ ကို ဒင်ကြီးဆီ ရောက်အောင် မပေးဘဲ နေဝံ့တဲ့ သံချောင်း က သူ တစ်ခါမှ မမြင်ဖူး ၊ မကြားဖူးတဲ့ ခလောက်မြွေ ကိုတော့ ကြောက် သတဲ့လေ ။ စာပေး စာယူ လုပ်ကြကတည်းက သည် လူ နှစ်ယောက် မတွေ့ဝံ့ကြလို့ပဲ ဆိုတာ သံချောင်း က တွက်ပြီးသား ကို ။ နေရဲတာပေါ့ ။ ခလောက်မြွေ ဆိုတာမျိုးကျတော့ သူ တွက်လို့မှ မရတာ ။ ကြောက်မယ် ဆိုရင်လည်းကြောက်မှာပေါ့လေ ၊ ဆရာတော် က …


 “ နင့် လို လူကများ … ခလောက်မြွေ ကြောက်ရသေးသလား သံချောင်းရဲ့  ” ဆိုတော့


သံချောင်း က -


 “ တင်ပါ့ဘုရား ၊ သူ က အဆိပ်ပြင်းသတဲ့ ဘုရား ” တဲ့ ။


 အဲသည်နောက်တော့ ညဘက် ဆို သံချောင်း ကို ဘယ်မှ လွှတ်လို့ မရတော့ဘူး ။ ဗီဒီယိုရုံလည်း မသွားတော့ဘူး ။ ဒါပေမဲ့ နေ့လယ်နေ့ခင်းတော့ ခါတိုင်းလို ရွာထဲရပ်ထဲ လျှောက်သွားတုန်း ၊ မဟုတ်က ဟုတ်က ဇာတ်လမ်းတွေ ဆင်ပြောတုန်း ။ လူတွေကလည်းသံချောင်း ပြောတာကို နားထောင်နေကြတုန်း ။


◾ခင်ခင်ထူး


📖 ရွှေအမြုတေမဂ္ဂဇင်း

      ၂၀၀၁ ၊ ဒီဇင်ဘာလ ။ 


www.facebook.com/aung.naingoo.3726613


.

ကျွန်တော် နှင့် မင်္ဂလာအခမ်းအနားမှူးများ


 

❝ ကျွန်တော် နှင့် မင်္ဂလာအခမ်းအနားမှူးများ ❞

အခုတစ်လော ခေတ်စားနေတဲ့ Live Show ဗီစီဒီ ရိုက်ကူးရေး အစီအစဉ်တွေ ဟိုတယ်တွေမှာ ပြုလုပ်တဲ့ အခမ်းအနားတွေ မှာ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း ကျွန်တော် သိသလောက် ရေးပြချင်ပါတယ် ။

သူတို့ ရဲ့ ပုဂ္ဂိုလ်ရေး အဖြစ်အပျက်လေးတွေ ၊ မတော်တဆ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတွေ က ပရိသတ်တွေ မသိလိုက်တဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတွေ ဖြစ်ပေမယ့် ကြားမိ ၊ မြင်မိတဲ့ ကျွန်တော့် အတွက်တော့ စာဖတ်ပရိသတ်တွေ သာ သိသွားရင် တစ်ခုခုတော့ ဗဟုသုတ ရသွားကြမယ်လို့ ထင်မြင်မိတာကြောင့် အခမ်းအနားမှူး လုပ်တဲ့ ပုဂ္ဂိုလ်တွေ ကို ( လူချင်း ခင်မင်မှုကြောင့် ) တွေ့တိုင်း မေးဖြစ် ၊ အင်တာဗျူး လုပ်ဖြစ်ခဲ့ပါတယ် ။ အဲဒီ အကြောင်းလေးတွေ တင်ပြချင်ပါတယ် ။

တစ်ခါတစ်ခါ မင်္ဂလာဆောင်တွေမှာလည်း အခမ်းအနားမှူး လုပ်ရတာ မလွယ်ပါဘူး ။ တရုတ် မင်္ဂလာအခမ်းအနား တစ်ခု ( မေဟွား ) ခန်းမ မှာ လုပ်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခု ကို တင်ပြချင်ပါတယ် ။

မင်္ဂလာပွဲ စတော့မယ် ဆိုပြီး အဆိုတော်တစ်ယောက် က သီချင်းဆို အပြီးမှာ တီးဝိုင်း ကို ခဏ ရပ်လိုက်ပါတယ် ။ ပြီးတော့မှ မင်္ဂလာ အခမ်းအနားမှူး ( အမျိုးသမီး ) ကို နာမည် ခေါ်ပြီး စင်မြင့်ဆီ ကို လာဖို့ ဖိတ်လိုက်ပါတယ် ။ အဲဒီမှာ အပေါ်ထပ် က လှေခါးကြီးဟာ တီးလုံးသံ နဲ့ အတူ အပေါ် က ကျလာပါတယ် ။ အဲဒီ အမျိုးသမီး အခမ်းအနားမှူး လည်း အပေါ်ထပ် လှေခါး ကနေ ဆင်း လာပြီး ၊ ပရိသတ်တွေ ကြား က ဖြတ်ပြီး လမ်းလျှောက် လာပါတယ် ။ စင်မြင့်ပေါ် တက်လာပြီး ပရိသတ် ကို အရိုအသေ ပေးပြီးတော့မှ မင်္ဂလာအခမ်းအနား အစီအစဉ် အကြောင်း ပြောမယ် ဆိုပြီး သူ့ လက်ထဲ က ကိုင်လာတဲ့ မင်္ဂလာဖိတ်စာ စာရွက်ကလေး ကို ဖွင့် လိုက်တော့မှ ခေါင်းမွှေးတွေ ထောင်မတတ် လန့်ဖြန့်သွားတော့တာပါပဲ ။ သူ့ ရဲ့ လက်ထဲ မှာ မင်္ဂလာဖိတ်စာ ရဲ့ အပေါ်ခြမ်းပဲ ပါလာပြီး အလယ်ခေါင် က မင်္ဂလာအစီအစဉ် စာရွက် ပြုတ်ကျ ကျန်ခဲ့လို့ပါ ။ သူ က အဲဒီ ဖိတ်စာ ကြည့်ပြီးမှ နေရပ်လိပ်စာ ၊ အဖေ ၊ အမေ နာမည် နဲ့ ပြောရမှာ ဖြစ်လို့ အဲဒီ သူ့ ရဲ့ စာရွက် ကျန်ခဲ့တော့ ဘယ်လိုမှ သတို့သား ၊ သတို့သမီး ရဲ့ အချက်အလက်တွေ ကို မသိတော့ပါဘူး ။ ဒါကြောင့် ချက်ချင်းပဲ ပရိသတ် ကို ပြ န်အရိုအသေ ပေးပြီး သူ လာရာ လမ်းအတိုင်း ပြန် တက်ပြေးသွားရတာမျိုး ကို ပရိသတ်တွေ က တအံ့တသြ ကြည့်ရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ဖူးပါတယ် ။

ဟာသသရုပ်ဆောင် ကိုအရိုင်း ရဲ့ ပြောပြချက်လေး တစ်ခု ကိုလည်း ကျွန်တော် ကြားဖူးသလောက် ရေးပြချင်ပါတယ် ။

သူ ( ကိုအရိုင်း ) အခမ်းအနားမှူး လုပ်နေတဲ့ Live Show ပွဲတစ်ခုမှာ သရုပ်ဆောင် တစ်ယောက်လည်း စင်ပေါ် တက်လာပြီး စကား တက်ပြောပါတယ် ။ သူ ကလည်း ဟာသတွေ ပြောပြီး ကိုအရိုင်း ကို ပညာပေးပါတော့တယ် ။ ကိုအရိုင်း လည်း တတ်နိုင်သလောက်တော့ သည်းခံပြီး လိုက်လျောပါတယ် ။ နောက်ဆုံး သူ့ ဘက်က သည်းခံနိုင်စွမ်း ကျော်သွားတဲ့ အချိန်မှာ အဲဒီသရုပ်ဆောင် က အဆိုတော် ကို သူ က ခေါ်ပေးမယ် ဆိုပြီး ကိုအရိုင်း ကို “ ကဲ - ကိုအရိုင်း ရေ ၊ အခု သီဆိုမယ့် သူ ကို ကျွန်တော် ခေါ်ပေးမယ် ၊ အင်္ဂလိပ် လို ခေါ် ရမလား ၊ မြန်မာ လို ခေါ် ရမလား ” ဆိုပြီး မေးလိုက်ပါတယ် ။ အဲဒီမှာ ကိုအရိုင်း လည်း ( အခွင့်အရေး စောင့်နေသူ ပီပီ ) “ အစ်ကိုကြီး က အင်္ဂလိပ် လို မှ မပြောတတ်တာ ၊ မြန်မာ လို ပဲ ခေါ်လိုက်ပါ ” ဆိုပြီး ၊ ပွဲသိမ်းဂိုးသွင်းလိုက်ရတာ ကို အားနာနာ နဲ့ ကျွန်တော့် ကို ပြန်ပြောပြခဲ့တာ ကြားရတော့ အခမ်းအနားမှူး လုပ်တော့မယ် ဆိုခဲ့ရင် ကိုယ်ခံပညာလည်း တတ်ဖို့တော့ လိုလိမ့်မယ်လို့ မှတ်ထားခဲ့ဖူးပါတယ် ။

မင်္ဂလာအခမ်းအနားမှူး တွေ ထဲ က ကျွန်တော် နဲ့ လူချင်း ခင်မင်တဲ့ အစ်ကိုကြီး တစ်ယောက် ရှိပါတယ် ။ သူ ကတော့ မြန်မာ့ရုပ်မြင်သံကြား မှာ ( ယခင်က ) အစီအစဉ် ကြေငြာသူ တစ်ယောက် ဖြစ်ခဲ့တဲ့ အစ်ကိုကြီး ( ဦး ) သိန်းလှမော် ဖြစ်ပါတယ် ။ ဦးသိန်းလှမော် ဟာ အစီအစဉ် ကြေငြာရာမှာ ရော ၊ မင်္ဂလာအခမ်းအနားမှူး လုပ်ရာမှာ တည်တည်ငြိမ်ငြိမ် ၊ အေးအေးဆေးဆေး ဆောင်ရွက်သူ ဖြစ်ပေမယ့် အပြင်မှာ လူချင်း တွေ့ကြရင် ရယ်စရာတွေ ပြောပြီး ၊ ပျော်ပျော် နေတတ်တဲ့ ( ဇဝနဉာဏ် ) ရှိသူ တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် မြင်မိပါတယ် ။

သူ က အတည်ပေါက် နဲ့ ရယ်စရာ ပြောတတ်ပါတယ် ။ တစ်ခါက မင်္ဂလာပွဲ အပြီး “ ရွှေခေါင်းလောင်း ” လက်ဖက်ရည်ဆိုင် မှာ ကျွန်တော် နဲ့ သူငယ်ချင်းတွေ ထိုင်နေကြတုန်း သူ ရောက်လာပါတယ် ။ ကျွန်တော်တို့ ဝိုင်းမှာ ဝင်ထိုင်ကြပြီး ၊ ကျွန်တော် ဝယ်လာတဲ့ ဂျာနယ် ကို ယူ ဖတ်ပါတယ် ။ အဲဒီ ဂျာနယ် က မြရိပ်ညို စတိတ်ရှိုး မှာ ကျွန်တော် ဂစ်တာ လက်တံ သုံးချောင်း ပါတဲ့ ဂစ်တာကြီး လွယ်ပြီး တီးနေတဲ့ ဓါတ်ပုံ ပါလာတယ် ။ ဦးသိန်းလှမော် က အဲဒီ Neck သုံးချောင်း နဲ့ ဂစ်တာကြီး ကိုကြည့်ပြီး “ ထပ်သရီး ” ဆိုပြီး ကုလားလို ပြောပါတယ် ။ တကယ်တော့ သုံးထပ်ဂစ်တာ ဆိုတာကို ရုတ်တရက် ကုလားလို “ ထပ်သရီး ” ဆိုပြီး ရွံရှာတဲ့ ပုံစံနဲ့ စတာပါ ။ ကျွန်တော် က သူ့ ရဲ့ ရုတ်တရက် စ,တတ်တဲ့ ဇဝနဉာဏ် ကို သဘောကျလိုက်လို့ ဥပမာ အဖြစ် ရေးပြတာပါ ။

ဦးသိန်းလှမော် ဆီ က အခမ်းအနားမှူး အဖြစ် လုပ်တုန်း လွဲချော်တာတွေ ရှိခဲ့သလား ဆိုပြီး မေးဖြစ်ခဲ့ပါတယ် ။ သူ က ပြောပြဖူးတာလေးတွေ ကို ပရိသတ် ဆီ တင်ပြချင်ပါတယ် ။

တစ်ခါက မင်္ဂလာပွဲ တစ်ခု မှာ သူ အခမ်းအနားမှူး လုပ်ပြီး သတို့သား ၊ သတို့သမီးကို မင်္ဂလာစင်မြင့် ဆီကို ခေါ်လိုက်ပါရော ၊ အဲဒီမှာ သတို့သား က ခြေလှမ်း လှမ်းလိုက်တိုင်း လူတွေ က ဝိုင်းရယ် ကြပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သတို့သား က သူ့ရဲ့ ပုဆိုးတောင်ရှည် ကို သေသေချာချာ ဝတ်မထား ၊ ပတ်မထားတဲ့ အတွက် သူ လမ်းလျှောက်လိုက်တိုင်း တောင်ရှည်ပုဆိုး က ဟ ဟ သွားပြီး တွယ်ထားတဲ့ ချိတ်ကလည်း မရှိလို့ ပေါင်ရင်း အထိ ပေါ်သွားပြီး ( ကန်တော့ပါရဲ့ ) အတွင်းခံဘောင်းဘီ ပါ လူ တွေ မြင်ကြလို့ သတို့သား ကို ဝိုင်း ရယ်နေကြတာ ဖြစ်နေတော့တာပါပဲ ။

မင်္ဂလာပွဲ တစ်ခုမှာလည်း သတို့သမီး ရဲ့ ဦးလေး ဆိုသူ တစ်ယောက် က ဘိသိက်ဆရာ ( နယ်မြို့တစ်မြို့က ) ဖြစ်လို့ ( ဦးသိန်းလှမော် )ကို ကူညီပြီး ၊ အခမ်းအနားမှူးလုပ်ပေးပါရစေ ဆိုတော့ သူ လည်း လက်ခံလိုက်ပါတယ် ။ တကယ်လည်း အခမ်းအနား စ,တော့မယ် ဆိုတော့ ဘိသိတ်ဆရာ ၊ ဦးလေးကြီး က သတို့သား ၊ သတို့သမီး အားလုံး ဘယ်လို ပွဲထွက်ရမယ် ဆိုတာ သင်ပေးပြီးပြီ ဖြစ်ကြောင်း တန်းစီပြီး မတ်တပ်ရပ် စောင့်ခိုင်းထားပြီး ဖြစ်လို့ ဦးသိန်းလှမော် လည်း မင်္ဂလာစင်မြင့် ဆီကို တစ်ယောက်တည်း လျှောက်သွားပါတယ် ။ သူ ခေါ်လိုက်မှ သတို့သား ၊ သတို့သမီး နဲ့ မိဘတွေ အားလုံး အခါတော်ပေး တီးလုံးနဲ့ မင်္ဂလာစင်မြင့် ဆီ လျှောက်လာရမှာပါ ။ လမ်းမှာ ပရိသတ်တွေ ကြား က ဖြတ်သွားရတော့ ပွဲတက်တဲ့ ပရိသတ် ရဲ့ ရယ်သံ တချို့ ကြားရတဲ့ အတွက် သိပ် မသင်္ကာပါဘူး ။ ဒါနဲ့ ခပ်တည်တည်ပဲ လျှောက်သွားပါတယ် ။ စင်မြင့်ပေါ် တက်ခါနီး စိတ်မချလို့ နောက်မှာ ဘာတွေ ဖြစ်နေသလဲ မသိဘူး ၊ လူသံတွေ ကြားရတယ် ဆိုပြီး လှည့် ကြည့်လိုက်တော့ သူ့ နောက်မှာ ရထားတွဲကြီး လို ပန်းကြဲသူတွေ ၊ သတို့သား ၊ သတို့သမီး တွေ ၊ မိဘ တွေ တစ်ပြုံကြီး လိုက်လာတာ တွေ့ လိုက်တော့ သူ လည်း လန့်သွားပါတယ် ။ သူ မခေါ်သေးဘဲ ဘာဖြစ်လို့ လိုက်လာကြသလဲ ကြည့်လိုက်တော့ မှ ( နယ်မြို့ဘိသိတ်ဆရာကြီး က ) ဦးသိန်းလှမော် နောက်က အားလုံး လိုက်ကြတော့လို့ အချက်ပြလိုက် လို့ ဘုမသိ ၊ ဘမသိ နဲ့ မင်္ဂလာသတို့သား ၊ သတို့သမီး လည်း လိုက်လာကြတာ ဖြစ်နေလို့ပါ ။ ဒါနဲ့ပဲ အဲဒီပွဲလည်း အခါတော်သီချင်း မတီးရဘဲ အခြောက်တိုက် ပွဲထွက်ခဲ့ရပါတယ် ။

နောက်ထပ် ရေးပြချင်တဲ့ မင်္ဂလာဘိသိတ်ဆရာကြီး တစ်ယောက်ကတော့ ရေဒီယိုအဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင် ကိုရန်ပိုင်စိုး ပါပဲ ။

ကိုရန်ပိုင်စိုး က မင်္ဂလာ အခမ်းအနားမှူး လုပ်တဲ့ အလုပ်လည်း ထပ်တိုးလာတော့ ဂုဏ်ပုဒ်တွေက ခပ်များများပါပဲ ။ ဂီတအစည်းအရုံး ( မြန်မာနိုင်ငံ ) မှာလည်း တွဲဖက်အတွင်းရေးမှူး ( ၂ ) တာဝန် ကို ယူထားပါတယ် ။ တစ်ရက်မှာ တာမွေမြို့နယ် မှာ ရှိတဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး ကို ကျွန်တော် ရောက်သွားပါတယ် ။ ကိုရန်ပိုင်စိုး ရဲ့ ရုံးခန်း ထဲ ကို ကျွန်တော် ရောက်သွားတော့ ကျွန်တော့် ကို ကော်ဖီတွေ ၊ ဘာတွေ တိုက်ပြီး သေသေချာချာ ဧည့်ခံပါတယ် ။ ပြီးတော့မှ ကျွန်တော် သူ့ ဆီ လာရတဲ့ ရည်ရွယ်ချက်ကို ဂီတ ကိစ္စ ထင်ပြီး မေးပါတယ် ။ ကျွန်တော် က ကိုရန်ပိုင်စိုး ကို မေးစရာလေး ရှိလို့ လာတာပါ ။ ကျွန်တော် မင်္ဂလာ အခမ်းအနားမှူးများ အကြောင်း ဆောင်းပါး ရေးချင်လို့ ကိုရန်ပိုင်စိုး ဆီက အဖြစ်အပျက် တချို့ကို တစ်ဆင့် ကြားဖူးပါတယ် ။ သေချာလား ၊ တကယ် အဖြစ်အပျက် ဆိုတာလား သိချင်လို့ အတည်ပြု ပြောပြပါဆိုပြီး အင်တာဗျူး ဝင်လုပ်ခဲ့ပါတယ် ။ အဲဒီမှာ ကိုရန်ပိုင်စိုး က အမူအရာအပြည့် နဲ့ ကျွန်တော့် ကို ရှင်းပြခဲ့ပါတယ် ။

သူ ပြောပြတဲ့ အထဲက နှစ်ချက် ကို ကျွန်တော် ပြန် ရေးပြချင်ပါတယ် ။

ပထမ အဖြစ်အပျက် တစ်ခုက ကိုရန်ပိုင်စိုး အခမ်းအနားမှုး လုပ်တဲ့ မင်္ဂလာပွဲ တစ်ခု မှာ ဌာနဆိုင်ရာ ( အရာရှိတစ်ဦး ) က လာပြီး လက်ထပ်လက်စွပ် ဝတ်ပေးဖို့ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုရန်ပိုင်စိုး လည်း လက်စွပ်ဝတ်ပေးဖို့ အရာရှိ အန်ကယ်ကြီး ကို ခေါ်လိုက်ပါတယ် ။

စင်ပေါ် ရောက်လာတော့ အရာရှိအန်ကယ်ကြီး က သူ့ ကို နှုတ်ဆက်ပြီး သတို့သား နဲ့ သတို့သမီး ကို မင်္ဂလာလက်စွပ် ဝတ်ပေးဖို့ လက်စွပ်ဘူး ကို ယူပြီး ဖွင့်လိုက်ပါတယ် ။ အဲဒီမှာ အန်ကယ်ကြီး မျက်လုံး ပြူးသွားပါတယ် ။ ဘာလို့လဲ ဆိုတော့ လက်စွပ် ထည့်တဲ့ ဘူး ထဲမှာ လက်စွပ် ပါ မလာလို့ပါပဲ ။ မင်္ဂလာပွဲရှင် တွေ က မေ့ပြီး ကျန်ခဲ့တာပါ ။ ဒါပေမယ့် လက်စွပ် ဝတ်ပေးရမယ့် အန်ကယ်ကြီး က ဘာ လုပ်ရမှန်း မသိတော့ဘူး ဖြစ်နေပါတယ် ။

ကင်မရာမင်းတွေ ၊ ဗီဒီယိုရိုက်သူတွေ ကလည်း ရိုက်နေကြပါတယ် ။ ဒါကြောင့် ကိုရန်ပိုင်စိုး က “ အန်ကယ် ဘာမှ မရှိတဲ့ ဘူးထဲက လက်စွပ် ရှိသလို ဟန်ဆောင်ပြီး ထုတ်လိုက် ၊ ပြီးတော့ လက်ထဲ က လက်စွပ် ( ရှိသလို ) နဲ့ သတို့သမီး ၊ သတို့သား လက်ထဲ ကို ဝတ်ပေးချင်ယောင် ဆောင်လိုက်ပါ ” လို့ ရုတ်တရက် ( ရုပ်ရှင်သရုပ်ဆောင် ပီပီ ) အိုက်တင် လုပ်ဖို့ သင်ပေးလိုက်မှ လက်စွပ် ဝတ်ပေးရမယ့် အန်ကယ်ကြီး လည်း သဘော ပေါက်သွားပြီး ၊ ဘာမှ မရှိတဲ့လက်စွပ် ကို ရှိသလို ဟန်ဆောင်ပြီး ဝတ်ပေးလိုက်မှ အဆင်ပြေ သွားပါတယ် ။ ကင်မရာမင်း တွေကလည်း ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ကြတာပေါ့ ။

သူ ပြောပြတဲ့ ဒုတိယ အဖြစ်အပျက် တစ်ခုကတော့ ဆင်ခြေဖုံးမြို့နယ် တွေမှာ အခမ်းအနားမှူး သွားလုပ်ရတဲ့ ပွဲတွေ ဆိုရင် တီးဝိုင်း မရှိတဲ့ ၊ မပါတဲ့ အတွက် မင်္ဂလာစကား ပြောပြီးလို့ သတို့သား ၊ သတို့သမီး ကို စင်မြင့်ပေါ် ဖိတ်ခေါ်မယ် ဆိုရင် ခြောက်ကပ်ကပ်ကြီး တီးလုံး မပါဘဲ ပွဲထွက်ကြတာမျိုး ဖြစ်လေ့ ရှိတော့ အဲဒီ အခက်အခဲ ကို ဖြေရှင်းတဲ့ အနေနဲ့ မင်္ဂလာသီချင်း ( အခါတော်ပေး ) ကို အဆိုတော် တင်တင်မြ ၊ ဟေမာနေဝင်း ၊ စိုးစန္ဒာထွန်း စသဖြင့် အဆိုတော်တွေ ရဲ့ ဆိုထားတဲ့ ကက်ဆက်ခွေလေး ကို ယူသွားပေးလေ့ ရှိပါတယ် ။ မင်္ဂလာရှင်တွေ ကို ပွဲထွက်ဖို့ တီးဝိုင်း ၊ အဆိုတော် ပါလား မေးပြီး မပါခဲ့ရင် သူယူခဲ့တဲ့ ကက်ဆက်ခွေ ထဲက ကြိုက်တဲ့ အဆိုတော်ရဲ့ အသံ နဲ့ ပွဲထွက်ဖို့ ဖွင့်ခိုင်း လိုက်ရုံပါပဲ ။

အဲဒီလို အဆင်ပြေအောင် လုပ်ပေးဖို့ သူ တတ် နိုင်သလောက် ကြိုးစားထားလို့ ဆင်ခြေဖုံးမြို့နယ် တစ်ခုက မင်္ဂလာဆောင်တစ်ခု ရောက်သွားတဲ့အခါ ၊ အခါတော်သီချင်း ဆိုပေးမယ့် အဆိုတော် နဲ့ တီးဝိုင်း မငှားထားတဲ့ အကြောင်း ၊ မင်္ဂလာပွဲရှင်တွေက ပြောပြလို့ သူ့ ကက်ဆက်ခွေလေး ကို ဖွင့်ပေးဖို့ အသံချဲ့စက်ဆရာ ကို သွားပေးပါတယ် ။ စက်ဆရာ ကို သူ က ညီလေး ၊ ဒီသီချင်းခွေလေး ကို ပွဲ စ,မယ် ဆိုရင် ဖွင့်ပေးပါကွာ ” လို့ ရိုရိုသေသေ ပေးပါတယ် ။ စက်ဆရာ က သူ့ မျက်နှာကို ပြန် ကြည့်ပြီး ၊ လက် က စားပွဲခုံ ကို တောက်နေပါတယ် ။ ပါးစပ် ကလည်း လေ ချွန်နေပါတယ် ။ ခြေတစ်ဖက် ကလည်း ၊ ဒူးပေါ်ကန့်လန့် တင်ထားပြီး ၊ မထီလေးစား နဲ့ သူ့ ကို ပြန် ကြည့်နေပါတယ် ။ ပြီးတော့မှ “ ကက်ဆက်ခွေ ခေတ် ကုန်သွားပြီ ကျွန် တော့် စက် မှာ ကက်ဆက် မပါဘူး ။ ဒီဗီဒီစက် ပဲ ပါတယ် ။ သီချင်းလည်း ဗီစီဒီခွေ ပဲ သုံးတယ် ” ဆိုပြီး မထီလေးစား ပြန်ဖြေပါတယ် ။ ကိုရန်ပိုင်စိုး လည်း စက်ဆရာ ရဲ့ အမူအရာ ကို မကြိုက်ပေမယ့် သူ့ ဘက်က ခေတ်မမီတော့တာ ကို ဝန်ခံပြီး “  ကိုယ် က ကက်ဆက်ခွေ ပဲ ပါလာလို့ ဆောရီးပါပဲ ညီလေး ရာ ၊ အဲဒီတော့ ပွဲ စမယ်ဆိုရင် ကိုယ်အချက် ပြလိုက်မယ် ။ ညီလေး က မင်္ဂလာသီချင်း ဖွင့်ပေးပါ ” လို့ပဲ ပြောခဲ့ပါတယ် ။ အဲဒီ ဗီစီဒီ ကလည်း ရုပ်ရှင်မင်းသမီး တစ်ယောက် ရဲ့ မင်္ဂလာအခမ်းအနားခွေ ( မူရင်း ) ပါ ။ ဒါကြောင့် သူ ဖွင့်ချင်တဲ့ သီချင်းနံပါတ် ကိုပဲ ပြောခဲ့ပါတယ် ။

တကယ် ပွဲ ထွက်ရမယ့် အချိန်မှာ သတို့သား ၊ သတို့သမီး က မြက်ခင်းပြင်လေး မှာ နေရာ ယူပြီးပါပြီ ။ ဒါနဲ့ သူ က စက်ဆရာ ကို ဖွင့်တော့လို့ အချက် ပြလိုက်ပါတယ် ။ အဲဒီမှာ စက်ဆရာ က သူ့ ထုံးစံအတိုင်း လေ ချွန်ပြီး နံပါတ် နှိပ်လိုက်ပါတယ် ။ သတို့သား နဲ့ သတို့သမီး လည်း တောင်ကုန်းလေးအတိုင်း ပရိသတ်တွေ ဘက် ကို လာနေတော့ ခေါင်းပေါင်းလေး က တဖြည်းဖြည်း နဲ့ မြင့်တက်လာပါတယ် ။ တီးလုံး က မထွက်သေးပါဘူး ။ ဒါကြောင့် စက်ဆရာ ကို ဘယ်လိုလဲ မေးငေါ့ ပြပါတယ် ။ စက်ဆရာ ကလည်း ဒီဗီဒီစက် ကို လက်ညှိုးထိုးပြပြီး လေ ချွန်နေပါတယ် ။ ဒူး ကလည်း နှံ့နေပါတယ် ။ သတို့သား ၊ သတို့သမီး လည်း ပရိသတ် က တွေ့ရတဲ့အချိန်မှာ အသံကြားရပါတော့တယ် ။ “ အရှင်ရုက္ခစိုးနတ်မင်းကြီး ၊ ကျွန်တော့ရဲ့ သားလေး အရှင် ရုက္ခစိုးနတ်မင်း ရဲ့ ညောင်ပင်အောက်မှာ အပေါ့သွားခဲ့တဲ့အတွက် .. ”

စသဖြင့် ယင်လုံအိမ်သာ ဆောက်လုပ်ရမယ့် ပညာပေးပြကွက် ပါတဲ့ အသံ ထွက်လာပါတယ် ။ အဲဒီမှာ အသံချဲ့စက်ဆရာလည်း ဒုက္ခ ရောက်တော့တာပါပဲ သူ က သီချင်းနံပါတ် ( ၆ ) ဆိုရင် ဗီစီဒီ မှာ က အဲဒီ နံပါတ် အတိုင်း သီချင်း မထွက်ပါဘူး ။ အကျိုးပြု အစီအစဉ်တွေ ပါရင် နံပါတ်တွေ လွဲ ကုန်တတ်ပါတယ် ။ သူ့ ဒီဗီဒီ စက်ကို ကျော်လိုက်တော့လည်း “ ဆရာမ ၊ သမီးဗိုက်တွေ ၊ အောင့်,အောင့်နေတယ် ” ဆိုတဲ့ ယင်လုံအိမ်သာ အကြောင်းပဲ အသံထွက်နေပါတော့တယ် ။ အဲဒီမှာပဲ သတို့သား ၊ သတို့သမီး လည်း စိတ်ဆိုးပြီး စင်မြင့်ပေါ် ရောက်ခဲ့ရပါတော့တယ် ။ ဒါလေးကတော့ ကိုရန်ပိုင်စိုး ပြောပြတဲ့ မင်္ဂလာအခမ်းအနားမှူး အလွဲလေးတွေ ဖြစ်ပါတယ် ။

( ဒီ စာလေးကို မွန်ပြည်နယ် ၊ လမိုင်းမြို့နယ် ၊ လမိုင်းရွာလေး ကို Lazy Club စတိတ်ရှိုးပွဲ တီးဖို့ ရောက်တုန်း နေ့လည် မှာ အမှတ်တရ ရေးဖြစ်ခဲ့ပါတယ်)

◾ နိုင်ဇော် ( Lazy Club )

၂၁ - ရက် ၊ မေလ ၊ ၂၀၀၈ ခုနှစ်ထုတ်
နံနက်ခင်း သတင်းဂျာနယ်
အမှတ်စဉ် Vol.3 No.243

www.facebook.com/aung.naingoo.3726613

.