Sunday, February 6, 2022

မှော်ဂျင် မောင်ကြာ


 ❝  မှော်ဂျင် မောင်ကြာ ❞


မောင်ကြာ ဟု ဆိုလျှင် မှော်ရိုး တစ်လျှောက်လုံး မသိသူ မရှိ သလောက်ပါ ။ အားလုံး မဟုတ်သော်မှ အတော်များများသော အရေအတွက် က တစ်နည်းမဟုတ် တစ်နည်း မောင်ကြာ နှင့်ဆက်စပ် ပတ်သက်ဖူးကြသည် မို့ မောင်ကြာ က လူသိများသူ တစ်ဦးပါ ။ ထို့ထက် ပို၍ ဆိုရလျှင် မှော်လောက အကျော်ဇေယျတွေ ထဲမှာ မောင်ကြာ က တစ်ယောက် အပါအဝင်ပါ ။


မောင်ကြာ ဟု ဆိုသော်လည်း အသက်က ငယ်ငယ်တော့ မဟုတ် ။ လေးဆယ့်ငါး ဝန်းကျင်လောက်တော့ ရှိပေမည် ။ လူပုံ က အသားဖြူဖြူ ပုပုဝဝ ၊ ဗိုက်ရွှဲရွှဲ ။ အမြဲတစေ စပို့ရှပ် လက်တို နှင့်လျှာထိုးဦးထုပ် ကို ဝတ်တတ် ဆောင်းတတ်ပြီး ပုဆိုး ကို သူ့ ဗိုက်ပူကြီး အောက်မှ ချက်ပြုတ် ဝတ်တတ်ခြင်း က သူ ၏ အမှတ်သင်္ကေတ တစ်ခုပင် ဖြစ်သည် ။ သူ့ ကို ရုတ်တရက် ကြည့် လိုက်လျှင် နှေးကွေးလေးလံသူ  ဟု ထင်စရာ ကောင်းလှသော်ငြား ထိုသို့ လားလားမှ မဟုတ် ။ အလွန်မြန် ၊ အလွန်သွက် ၊ အလွန်လည်သော သူ ။ မျက်စိရော ၊ နားရော ၊ ပါးစပ်ရော ၊ ခြေရော ၊ လက်ရော ဘာတစ်ခုမျှမဖျတ်လတ် မနိုးကြားတာ မရှိ ။ ပြောရလျှင် လူ နှင့် အလုပ် အလွန် ဟပ်မိသည့် သူ ။ အများက သူ့ ကို ခေါ်တာပင် ကြည့်ပါ ။ ဂျင်ကြာ တဲ့ ။


မှော်ထဲ ကို လာပြီဆိုသည်နှင့် မောင်ကြာ့ စက်ကွင်း က လွတ်သူ ဟူ၍ ခပ်ရှားရှား ပင် ။ သည်လို ဖြစ်ရအောင် ကို မောင်ကြာ့ အလုပ် ၊ မောင်ကြာ့ ခွင် ၊ မောင်ကြာ့ ကွန်ရက် က သေးသေးမှ မဟုတ်တာ ။ သူ့ ကို ပွဲစား လို့ပဲ ခေါ်ခေါ် ၊ ရိုက်စား လို့ပဲ ပြောပြော သူ ကိုင်ထားသည့် ကဏ္ဍတွေက တကယ့်ကို များမှ များကိုး ။ ကြည့်လိုက်ပါ ၊ မှော် ထဲ လာတာ ဈေးရောင်းဖို့လား ၊ ကျင်းတူးဖို့လား ၊ ကျင်း က အသစ် တူးမှာလား ၊ အဟောင်း ဝယ်မှာလား ။ ကျင်းချင်းပဲ အလဲအထပ် လုပ်ချင်တာလား ။ အင်ဂျင်တွေ ၊ ကလပ်ခုံတွေ ၊ ထောင်းပိုက်တွေ ဝယ်ချင်သလား ။ ရောင်းချင်သလား ။ ရောင်းမှာ ဝယ်မှာ တွေ က အသစ်လား ၊ အဟောင်းလား ။ အလုပ်သမား ခေါ်ချင်သေးသလား ။ ခေါ်မယ့် အလုပ်သမား က နေ့စားလား ၊ တောင်စားလား ၊ ကျင်းပြတ်သမားလား ။ ဆီ ကို ဝယ်ချင်တာလား ၊ ရောင်းချင်တာလား ။ ဒါဆိုရင် ဂါလံလိုက်လား ၊ ပုံးချင့်လား ၊ ပီပါပြတ်လား ။ အို ၊ တကယ့်ကို စုံ မှ စုံ ။ မောင်ကြာ ပါမှ ပြီးရမည့် အလုပ်များ ကို စာရင်းချ ကြည့်ပါက ဆုံးနိုင်အံ့ မထင် ။


ရေနံ လောကထဲ ကို ဝင်လာသူ မှန်သမျှ အားလုံးလိုလို အဆင်ပြေ အိုကေ သွားကြသည်တော့ မဟုတ် ။ လုပ်ငန်းကိုင်ငန်းကလေး ခွင်တည့်ပြီး ပွပေါက် တိုးသွားသူတွေလည်း မရှားသလို ဘယ်လောက်ပဲလုပ်လုပ် အစစအရာရာ အလုပ် မဖြစ် အကျိုးမပေးဘဲ ကုန်းကောက်စရာ မရှိအောင် မွဲသွားသူတွေလည်း အများအပြား ။ ဟိုဘက် သည်ဘက် အရှုံးအမြတ် မပေါ်ဘဲ သရေရလဒ် နှင့် ကျေနပ်လိုက်ရသူတွေလည်း ဒု နှင့် ဒေး ။ အမှန်ဆိုလျှင် သေသေချာချာ စစ်တမ်း ကောက်ကြည့်ပါက မှော် လောက မှာ ရင်ကော့ ၊ ခေါင်းမော့ လက်မ,ထောင်သွားနိုင်သူတွေ ထက်  မျက်နှာ ရှုံ့မဲ့ပြီး လက်ခါပြသွားသူ တွေက ပိုများလိမ့်မည်ဟူ၍ပင် ပြောနိုင်သည် ။ မှော် ဆိုသည်မှာ လောဘ ၏ ရှေ့ဆောင်မှုကြောင့် ရချင်၍ ဝင်လုပ်ကြသည် မှန်သော်ငြား လုပ်လေတိုင်း မှန်းချက်နှင့် နှမ်းထွက် ကိုက်တတ်သော အလုပ်မျိုး မဟုတ် ။ ခိုင်ခိုင်မာမာရေရေရာရာ ရှိလှသော အလုပ်မျိုး မဟုတ် ။ သို့သော် မောင်ကြာ တို့လို မှော်ဂျင်တွေ အတွက်ကျတော့ သည်လို မဟုတ်ပြန် ။ သေချာပေါက် ပြောနိုင်တာရှိသည် ။ သူတို့ အလုပ်က လူတချို့ကဲ့သို့ ချက်ချင်းလက်ငင်းဘဝပြောင်းကာ တိုက်ဆောက် ကားစီးသွားနိုင်သည့် အလုပ်မျိုးတော့ မဟုတ် ။ ထို့အတူ ရှုံးသွားပြီ ၊ ကုန်သွားပြီ ၊ ပြာကျသွားပြီဆိုသည့် အဖြစ်မျိုးလည်း ဘယ်တော့မှ မရောက်နိုင် ။ မရောက်ဆို သူတကာ့ဆီက ဖြည်းဖြည်းနှင့် မှန်မှန် ပါးပါး တစ်လှည့် ၊ ထူထူ တစ်လှည့် လှီးစား နေရသည့် အလုပ်မျိုး လုပ်နေမှတော့ ရှုံးသည် ဟူ၍ ဘယ်မှာ ရှိပါဦး မည်နည်း ။ အရင်းအနှီး ဟူ၍ ခြူး တစ်ပြားမျှ ကုန်စရာ မလိုဘဲ လူအား ပါးစပ်အား လောက်သာ စိုက်ထုတ်ရသည့် အလုပ်မျိုး လုပ်နေမှတော့ ပြုတ်သွားပြီ ၊ ကုန်သွားပြီ ဟူ၍ ဘယ်မှာ ရှိပါဦးမည်နည်း ။


မောင်ကြာ ကို ဖျံကျ တတ်သည် ၊ အညွန့်ခူး တတ်သည် ၊ ခေါင်းပုံဖြတ်တတ်သည် ဟူ၍ သိထားပြီး သကာလ သူ နှင့် မဆက်ဆံလိုဘဲ ဝေးဝေးက ရှောင်လိုက ရှောင် နိုင်သည် ။ သို့တည်း မဟုတ် ၊ သူ့ အကြောင်းကိုလည်း သိ ၊ သူ နှင့် လည်း မပတ်သက်၍ မဖြစ် ဟု ဆိုလျှင်တော့ သူ နှင့် အလုပ် လုပ်မည့် လုပ်ငန်းအကြောင်း ကို သူ့ ထက် ပိုပြီး နားလည်အောင် ၊ သူ့လောက်နီးနီး ကျေညက်အောင် ကျွမ်းထား သိထားဖို့ လိုသည် ။ ဥပမာ အင်ဂျင်တစ်လုံး ကို ဝယ်ချင်ပြီ ဆိုပါစို့ ။ အင်ဂျင်အကြောင်း ကို တကယ် နားလည်ပါမှ ၊ တကယ် ကျွမ်းကျင်ပါမှ မောင်ကြာ နှင့် ဆက်ဆံပါလေ ။ သို့မဟုတ်လျှင်တော့ မောင်ကြာ့ ခါးပိုက်ထဲ ရောက်ရဖို့သာ ပြင်ထား ။


မှော် ထဲမှာ က ပြောကြစို့ဆိုလျှင် ဖုတ်ပူမီးတိုက်သမားတွေ သာ များသည် ။ အခု ဝယ်ချင် ဝယ်ချင် အခု ရောင်းချင် ရောင်းချင် ဆိုသူတွေသာ များသည် ။ သည်လို ဖြစ်ရသည်မှာ ရေနံမှော် ၏ သဘော သဘာဝ ကိုက အပြောင်းအလဲ ဖြစ်ချင်ပြီဆိုမှဖြင့် ချက်ချင်း မှ ချက်ချင်း ကိုး ။ သည်လို အခါမျိုးတွင်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလို မောင်ကြာ တို့ ခွင်ချည်းပဲသာ မှတ်လိုက်ပေတော့ ။ အဲ ၊ သူ အကြိုက်တကာ့ အကြိုက်ဆုံး ကတော့ မှော် လောကထဲ ကို မလည်မဝယ် နှင့် အခုမှ စပြီး ဝင်လာမည့် သူ ၊ အခုမှ စပြီး အလုပ် လုပ်မည့် သူ မျိုးပင် ဖြစ်သည် ။ ထိုသူမျိုး ကိုတော့ မောင်ကြာ တို့က လာပါ လာပါ ဟုပင် လက်ယပ် ခေါ်ပေလိမ့်ဦးမည် ။ ထိုသူမျိုးနှင့် တွေ့ဆုံရခြင်းက သိုက်တစ်ခု တူးရသလို သူ့ အတွက် အကျိုး ရှိလွန်းသောကြောင့်ပင် ဖြစ်သည် ။


မှော် ထဲမှာ မောင်ကြာ ကြောင့် အဆင်ချောသွား သူ ၊ မောင်ကြာ ကြောင့် ပြေလည်သွား သူ တွေရော မရှိတော့ဘူးလားဟု မေးစရာ ရှိပါသည် ။ အများကြီးပါ ။ မောင်ကြာ နှင့် ချိတ်ဆက်မိပြီးမှ ထူထူထောင်ထောင် ဖြစ်သွားရသူတွေ အများကြီးပါ ။ သို့လင့်ကစား ကောင်းသတင်း ထက် မကောင်းသတင်း က ပို၍ ကျော်တတ်သော လောကထုံးစံအတိုင်း မောင်ကြာ မွှေးသည့်အကြောင်းထက် မောင်ကြာပုပ်သည့် အကြောင်းကသာ မှော် ထဲမှာ ပို၍ လူ့သတင်း လူချင်းဆောင်ကာ နေလေ၏ ။ မောင်ကြာ ချတာ ၊ မောင်ကြာ ဆော်တာ ကို ခံရဖူးသူတွေ ဘက်က ကြည့်ပြန်တော့လည်း မောင်ကြာ က အလွန် ချဉ်စရာ ၊ အလွန် ခါးစရာ ဖြစ်နေသည်မှာ သဘာဝ ကျနေပြန်သည် ။ မောင်ကြာ့ ကို အော့ကြောလန်သူတွေက အရပ် ရှစ်မျက်နှာ မှာ လက်ညှိုးထိုး မလွဲအောင်ပင် ရှိကြသည် ။ ထိုသူများ အနက်မှ ကိုတင်သောင်း ဆိုသူက ဤသို့ ရေရွတ်ကြုံးဝါးခဲ့သည် ။


“ တောက် ၊ ဖြစ်နိုင်ရင် မောင်ကြာ ဆိုတဲ့ ကောင် ကို ဓား နဲ့သာနုပ်နုပ် စဉ်းပစ်ချင်တယ် ။ ဒီကောင့် မျက်နှာ ကို တစ်ခါ မြင်ရတိုင်းတစ်ခါ ငရဲ ကျသလိုပဲဟေ့ ” 


xxx   xxx   xxx


သည်တုန်းက ကိုတင်သောင်း က မှော် ထဲ ကို ရောက်ခါစ ။


“ ကိုမောင်ကြာ ရေ ၊ ကျင်း ကောင်းကောင်းလေး တစ်ကျင်းလောက် ရှာပေးစမ်းပါဦး ဗျာ ။ ကျင်းသစ် တူးတာ နဲ့ စာရင် ကျင်းဟောင်း ပြန်ဝယ်ပြီး ပုံမှန် ဆီ ခပ်စားနေရတဲ့ အလုပ် က ပို ကိုက်မလားလို့ ” 


“ သိပ် ဟုတ်တာပေါ့ဗျာ ။ ဉာဏ်ရှိတဲ့သူ မှန်ရင် ဒီလို တွက်တာပဲ ။ ကျင်း က ဘယ်လို ကျင်းမျိုး လိုချင်သလဲ ။ အမြင့်ကျင်းလား ၊ အောက်ကျင်းလား ” 


“ သင့်တော်မယ့် ကျင်းမျိုးပေါ့ဗျာ ။ ခင်ဗျား ကိုပဲ အားကိုးပါတယ် ” 


“ ဒါဆိုရင် အမြင့်ကျင်းထဲကပဲ ယူ ။ အောက်ကျင်းတွေက မှားတတ်တယ် ။ ဆီထွက်နှုန်း ကောင်းပြီး ဈေးနှုန်းကလည်း ခပ်သင့်သင့် ဆိုတဲ့ ကျင်းမျိုး ကျွန်တော့်မှာ ရှိတယ်“ 


“ ကောင်းပါလေ့ဗျာ ။ ကြည့်လုပ်ပါဦး ” 


သည်လိုနှင့် ကျင်း အရောင်းအဝယ်ကိစ္စ ကို လုပ်ဖြစ်ကြသည် ။ ပထမ မောင်ကြာ က ကိုတင်သောင်း ကို ကျင်းရောင်းမည့် သူတွေ နှင့် တွေ့ ပေးသည် ။ ကျင်းတန်ဖိုးကိစ္စ ကိုလည်း သူတို့ ဘာသာ စကားပြောစေသည် ။ ဈေးနှုန်း နှင့် ပတ်သက်ပြီး ရောင်းသူဝယ်သူ နှစ်ဦး ညှိနှိုင်းကြသည် ။ ထို့နောက် ကိုတင်သောင်း အား ကျင်း အခြေအနေ ကို မျက်မြင်အတိုင်း လေ့လာခိုင်းသည် ။


ဤတွင် ကျင်း အနေအထားကို စူးစမ်းနေသည့် ကိုတင်သောင်း အပါးသို့ ကပ်ကာ မောင်ကြာ က တိုးတိုး ပြောသည် ။


“  ဒီကျင်း အကြောင်းကို ကျွန်တော် ကောင်းကောင်း သိတယ်ဗျ ။ ဒီကောင် နှစ်ရက်ကို တစ်ပီပါနှုန်း နဲ့ ဆီထွက် မှန်နေတာ နှစ်ပတ် တောင် လည်တော့မယ် ။ သူတို့က ဒီကျင်း ကို သိပ် ရောင်းချင်တာ မဟုတ်ဘူး ။ဟိုတုန်းကတည်းက ဒီကျင်း ကို မျက်စိကျပြီး လာတောင်းဝယ်သူတွေရှိတယ် ။ အခုမှ သူတို့ အစုစပ် အချင်းချင်း ရန်တွေဖြစ် ၊ သဘောထားတွေ ကွဲလွဲပြီး ကျင်းကို ပြန်ရောင်းမယ် ဖြစ်လာတာ ။ ဒီ ကျင်းမျိုးကိုဒီဈေးမျိုးနဲ့ ရတာ ခင်ဗျား တစ်ယောက် ပဲ ရှိသေးတယ် ” 


အမှန်တော့ ကိုတင်သောင်း ကလည်း ရေနံ နှင့် ပတ်သက်၍ စိမ်းလှသူတော့ မဟုတ်ပါ ။ အထိုက်အလျောက် အတွေ့အကြုံ ရှိသူ ၊ နားလည်သူသာ ဖြစ်ပါသည် ။ ထို့ကြောင့် ဤ ကျင်းကို တကယ် ဆီထွက် မှန်သော ကျင်း ဟုတ် မဟုတ် တစ်ပတ်ခန့် စောင့် ကြည့်ပြီးမှ ဝယ်ဖို့ ဆုံးဖြတ်သည် ။ သည် အတောအတွင်း တစ်ရက် ကို သုံးကြိမ် ဆီခပ်ချိန် ရောက်တိုင်း စေ့စေ့စပ်စပ် လာကြည့်သည် ။ သို့သော် သားတော်မောင် လုပ်သူက တစ်ရက်နှစ်ရက် မျှ လေ့လာပြီးသည် နှင့် ကျင်းကို သဘော အတွေ့ကြီး တွေ့သွားသည် ။ ကျင်း ကို နောက် တစ်ယောက် လက်ထဲ ရောက်မသွားမီ အမြန် ယူလိုက်ဖို့ချည်း လောဆော်နေတော့သည် ။ သည်တော့ သူ ကိုယ်တိုင်ပင် ဟုတ်နိုးနိုး စိတ်ထဲ ထင်မိရာက သုံးရက်မြောက်သော နေ့တွင် ကျင်း ကို အပြီး ငွေချေလိုက်သည့် အဆင့်သို့ ရောက်သွားသည် ။


အဲ ... ကျင်း ဝယ်ပြီး၍ နှစ်ရက် ပင် မကြာပါ ။ အဖြေ က ဘွားဘွားကြီး ပေါ်လာသည် ။ ပထမ တစ်ရက် လောက်သာ ဆီ က မှန်မှန် ခပ်၍ ရသည် ။ နောက်နေ့ ကျတော့ ပုံမှန် မဟုတ်တော့ပြီ ။ မရ တစ်ချက် ရ တစ်ချက် ဖြစ်လာသည် ။ စိတ်ထဲမှာ စပြီး ထင့်ခနဲ ဖြစ်ရပြီ ။


ချက်ချင်းပင် မောင်ကြာ ကို ပြန်ရှာ ရသည် ။ သူ့ အလုပ်တွေနှင့် သူ ပျာယာခတ် နေသော မောင်ကြာ ကို မနည်း လိုက်ရှာယူရသည် ။ ကျင်း အကြောင်းကို ပြောပြတော့ မောင်ကြာ က . .


“ အာ ... ဒါက သဘာဝပဲ ။ ကျင်း က ဆီ ခပ်လာတာ ကြာပြီ ဆိုတော့ ဆီ ထွက် က နည်းနည်း ထိုင်း သွားတတ်တယ် ။ ကျင်း ကို အစာလေး ဘာလေး ပြန်ကောက်ပေးလိုက် ။ ပုံမှန် အတိုင်း ဖြစ်လာလိမ့်မယ် ” 


ခပ်ပေါ့ပေါ့ ပြောပြီး ထွက်သွားသည် ။ သို့နှင့် ကျင်း ကို သူပြောသည့်အတိုင်း အစာ ပြန်ကောက် ကြည့်သည် ။ သို့သော် ထောင်းရတာသာ အဖတ်တင်သည် ။ ဘာမှ ထူးမလာ ။ ကျင်း က ပို နက်သွားသော်လည်း ဆီ ထွက် က ယခင် အတိုင်းသာ ။ နှစ်ရက် တစ်ပီပါ ဆိုသည့် ကျင်း က တစ်ပတ် ဆယ်ရက် ခပ်တာတောင် တစ်ပီပါမပြည့်ချင် ။


သိလိုက်ပြီ ။ အပတ် ခံလိုက်ရပြီဆိုသည် ကို ကိုတင်သောင်း ကောင်းကောင်းကြီး သိလိုက်ပြီ ။ ထိုအခါ ဒေါသ က စိတ်ထဲမှာ တဖျဉ်းဖျဉ်း ထွက်ပေါ်လာသည် ။ တဖန် ထို ဒေါသ ကို ပွားသည်ထက် ပွားအောင်မီးထိုးပေးမည့်သူက အချိန်ကိုက် ဆိုသလို ဆိုက်ရောက်လာပြန်သည် ။


တစ်နေ့ညနေတွင် ကောင်လေး တစ်ယောက် က ကိုတင်သောင်း တဲ ထဲ ဝင်လာသည် ။ ထို ကောင်လေး က ယခင် ဤ ကျင်းကို ရောင်းလိုက်သူများ ထံမှ ဆီခပ်သမား အဖြစ် အလုပ် လုပ်ခဲ့သူဖြစ်သည် ။ကောင်လေး ရင်ဖွင့်ပုံ က ...


“ ဦးလေး ကို ကိုမောင်ကြာ နဲ့ ကျင်းပိုင်တွေ ပေါင်းပြီး ရိတ်လိုက်တာဗျ ၊ ကျွန်တော် က သူတို့ ခိုင်းတဲ့ အတိုင်း အပြင်က ဆီတွေ ကို ကျင်းထဲ လောင်းပြီး ဖြည့် ဖြည့်ထားရတာ ။ ဦးလေး လာကြည့်တော့မှ ကျင်း ထဲက ထွက်တဲ့ ဆီတွေ ဖြစ်လေဟန် ခပ် , ခပ် ပြရတာပေါ့ ။ ကျင်း လည်း ရောင်းပြီးရော သူတို့ တစ်ဖွဲ့လုံး ညတွင်းချင်း ပြောင်းပြေးကြတာ ကြည့်ပါလား ” 


ကောင်လေး စကားကြောင့် မောင်ကြာ့ ကို သတ်ချင်စိတ်တွေက တဖွားဖွား ဖြစ်ပေါ်လာသည် ။ မောင်ကြာ နှင့် ထပ်ရှင်းဖို့ကိုလည်း မောင်းတင်ထား လိုက်သည် ။ သို့သော် သေသေချာချာ စဉ်းစား ကြည့်ပြန်တော့ သည် ကိစ္စက ထင်သလောက် မလွယ်နိုင်တော့ချေ ။ သုံးဦး သုံးဖလှယ် ဆုံပြီး ရှင်းရမည့်အ‌ရေးတွင် မောင်ကြာ ကို ခေါ်၍ ရသည်ထားဦး ၊ ဟို ကျင်းရောင်းပြေးတွေ က ဘယ်လိုက် ခေါ်ရမှန်း မသိ ။ ဘယ် အရပ်သားတွေမှန်းလည်း မသိ ။ ကျင်း အရောင်းအဝယ်စာချုပ် ထဲမှာ နာမည် တွေတော့ ပါ ပါရဲ့ ။ သို့သော် အစုစပ် လုပ်ကြသော ကျင်းမို့ မည်သူက အဓိက တာဝန်ခံ ဆိုတာလည်း မသိနိုင်ပြန် ။ သည်လိုနှင့်ပင် ပြီးခဲ့ရတော့သည် ။ ရှင်းနေ၍လည်း ဘာမှ ထူးမလာတော့မည့် အတူတူ အရှုံး နှင့်သာ နေလိုက်ရတော့သည် ။ ကိုတင်သောင်း က တက် တခေါက်ခေါက် လုပ်ရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ ။


မောင်ကြာ ကိုတော့ ဟိုနား ရိပ်ခနဲ သည်နား ရိပ်ခနဲ ဆိုသလို မကြာခဏ တွေ့နေရသည် ။ မှော် တကာအနှံ့ လျှောက်လည်နေသည့် ဂျင် ဆိုတော့ တွေ့ရပေမည်ပေါ့ ။ သို့သော် သည်ကောင် က လူပါး ။ကိုတင်သောင်း နှင့် မျက်နှာချင်း ဆိုင်မိသည့် အဖြစ်သို့ ဘယ်တော့မှ အရောက် မခံ ။ ဝေးဝေးကပင် ရှောင်,ရှောင်သွားသည် ။ ကိုယ့်မှာသာ သည်ကောင့် ကို တွေ့ရသည့် အခါတိုင်း တီ ကို ဆား နှင့် တို့ လိုက်သလိုတွန့်ခနဲ တွန့်ခနဲ ဖြစ်,ဖြစ်သွားရသည် ။


တဲနီးချင်း ကိုမြင့်အောင် ဆိုသူက ခရီးလွန်ပြီးမှ ဝင်ပြောဖော်ရတော့သည် ။


“ ဒီ မောင်ကြာ ဆိုတဲ့ လူက လူတကာ့ ချဉ်ဖတ်ဗျာ့ ။ တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတဲ့ လူစားမျိုး ။ ဘယ့်နှယ်ဗျာ ၊ ကျွန်တော် အခု ဆီခပ်နေတဲ့ ကျင်းကလေး စ ဖောက်တုန်းက ၊ ကျင်းပြတ်ငှား တူးမယ်ဆိုပြီး သူ နဲ့ ဆက်သွယ်လိုက်ပါတယ် ။ တစ်ခါတည်းကို တာတေလံ ရော ။ အတောင်တစ်ရာ ကို နှစ်သိန်းခွဲ နဲ့ အပြတ် ဆိုလို့ ငှား တူးလိုက်တာ ။ အတောင်သုံးရာ ပြည့်လို့ ငွေလည်း ရှင်းပေးရော အလုပ်သမား လေးယောက် အတွက် စားစရိတ် တစ်ဝက် ခံရဦးမယ် ဖြစ်လာတော့တာပဲ ။ ကိုမောင်ကြာ ... ကျွန်တော်တို့ စ စကားပြောတုန်းက ဒါ မပါ ပါဘူးဆိုတော့ ၊ မဟုတ်ဘူး ၊ ဒါ ထုံးစံပဲ ဆိုပြီး အတင်းတောင်းနေလို့ ပြဿနာ မဖြစ်ချင်တာနဲ့ ပေးလိုက်ရပါရောလား ဗျာ ” 


ကိုအုန်းရွှေ ဆိုသူကလည်း ....


“  ကျွန်တော့် တုန်းကလည်း ဒီလိုပဲဗျ ။ သူ့ ဆီက အလုပ်သမား ခေါ်ပြီး လုပ်လိုက်တာ ။ အလုပ်သမား ကောင်လေးတွေ က ကျင်း ပြီးသွားပေမဲ့ မောင်ကြာ ဆီ က ပိုက်ဆံ မရသေးလို့ မပြန်နိုင်ကြဘဲတဝဲလည်လည် နဲ့ ဖြစ်နေကြရှာတယ် ။ တချို့က ကိုယ့်ရွာ ကထိန် ကို မီအောင် ပြန်ချင်နေကြပြီ ။ ဒါနဲ့ကျွန်တော် က ကောင်လေးတွေ ကို အကျိုးအကြောင်း မေးကြည့်တော့ ကျွန်တော့် ဆီက ငွေ အကုန်မရသေးလို့ သူတို့ ကို ငွေရှင်း မပေးနိုင်သေးဘူးလို့ မောင်ကြာ က ပြောတယ် ဆိုကိုး ။ ဟာ ... ငါ က မင်း တို့ ပွဲစား ကို ငွေ ရှင်းပေးပြီးတာ ကြာလှပေါ့လို့ ပြောလိုက်တော့ မှ ကောင်လေးတွေ က သူ့ ဆီ ဝိုင်းပြီးတောင်းကြတော့တာ ။ ဒီတော့မှ ဒီလူ က ဒိပြင် နေရာမှာ ငွေလွန် နေလို့ပါ ၊ ဘာညာ နဲ့ စကားရော ဖောရော လုပ်ပြီး ကောင်လေးတွေ ကို ငွေရှင်းပေးတယ် ။ အမှန်တော့ မဟုတ်ဘူး ။ ဒီလူ သက်သက် ဂျင်ဂလယ် ရိုက်ပြီး တခြား နေရာမှာ ငွေကို လှည့်သုံးထားတာ ” 


နောက်ဆုံးတော့လည်း ပြီးတာတွေ ပြီးပါစေတော့ ဆိုပြီး ထုံးစံအတိုင်း ဗမာ့နည်း ဗမာ့ဟန်နှင့် သင်ပုန်း ချေလိုက်ရတော့ တာပါပဲ ။ အလုပ် မဖြစ်သော ထိုကျင်း အပြင် နောက်ထပ် ကျင်းသစ်တစ်ကျင်းပါ ကိုတင်သောင်း ထပ် ဝယ်လိုက်ရသည် ။ ထို ကျင်းကလေးက မျှော်လင့်ထား သလို အကျိုးပေးနေသည်မို့ တော်ပါသေးသည် ။


xxx   xxx   xxx


နောက် တစ်လကျော်ကျော်လောက် အကြာတွင် ကိုတင်သောင်း တို့ ဇနီးမောင်နှံ မှော် ထဲမှ မြို့ပေါ် သို့ တက်လာခဲ့ကြသည် ။ မြို့ဈေးသို့ ရောက်လျှင် ဝယ်ခြမ်းစရာ ရှိသည်များကို ဝယ်ခြမ်းကြသည် ။ဘော်ဒါ ပို့ထားသည့် ကျောင်းသား အတွက်လည်း ငွေလွှဲ ရသည် ။ ထို့နောက် မှော်ပြန် ကားဖြင့် ပြန်လည် လိုက်ပါလာခဲ့ကြသည် ။


ရာသီက မိုးဦးရာသီ သို့ ရောက်ခဲ့လေပြီ ။ သည်နှစ်က မိုးဦး ကောင်းသော နှစ် ဟု ဆိုနိုင်သည် ။ ယခုတလော ရက်ဆက် ဆိုသလိုပင် မိုးတွေ တအုန်းအုန်း ရွာချနေသည် ။ မိုးတွင်း ရောက်ပြီဆိုလျှင် မှော် ထဲမှာက တစ်မျိုး ကောင်းပြီး တစ်မျိုးက မကောင်း ။ မှော်ထဲမှာ ရေ က အဖိုးတန်လှသည် ။ ဈေးကြီးပေး ဝယ်သုံးကြရသည် ။ ခုလို မိုးက သဲသဲမဲမဲ ရွာချပေးလိုက်တော့ သောက်ရေ ၊ သုံးရေ ၊ ချိုးရေမှ အစ ရေကို ပေါပေါပဲပဲ ရသွားသည်မို့ အားလုံးအတွက် အဆင်ပြေသည် ။ တစ်ခု မကောင်းတာက မိုးတွင်း ရောက်ပြီဆိုလျှင် ကျန်းမာရေး အတွက်က စိတ် မချရ ။ စည်းကမ်းမဲ့ နေထိုင်သူများကြောင့် ဝမ်းရောဂါ ကဲ့သို့ ရောဂါဆိုးကြီးများ ပေါက်ပွားလာမှာ စိုးရိမ်ရသည် ။ နောက်ပြီး သွားရေးလာရေး နှင့် ပတ်သက်၍လည်း ဒုက္ခ ရောက်ကြရသည် ။ သိကြသည့် အတိုင်း မှော်သွားလမ်း များက မိုးတွင်း ရောက်ပြီ ဆိုမှဖြင့် ဗွက်တွေ ၊ ကျင်းတွေ ၊ ချိုင့်တွေ နှင့် ဖြောင့်ဖြူးခြင်း လုံးဝ မရှိတော့ပေ ။


ယခု ကိုတင်သောင်း တို့ စီးလာသော မှော်ပြန်ကား ကလည်း မိုးတွေ တသဲသဲ ရွာချနေသည့်ကြားမှပင် ဖြည်းဖြည်းချင်း မောင်းလာခဲ့သည် ။ လမ်းတွေက မှော် ရောက်ခါနီးလေ ပိုဆိုးလေ ။ ကားဆရာ က ခက်ခက်ခဲခဲပင် ကြိုးစားပမ်းစား မောင်းနေရသည် ။ မှော် ဝင်ခါနီး စရွေးချောင်း ကို ရောက်တော့ ကား က ဘယ်လိုမှ ရှေ့ဆက် သွား၍ မရတော့ပေ ။ ဒလဟော ကျလာနေသော တောင်ကျ ရေ က ချောင်း ၏ ကမ်းနှစ်ဖက်စလုံး ပြည့်လျှံ၍ နေသည် ။ အချိန်က လည်း နေဝင်သွားခဲ့ပြီမို့ မကြာခင် မိုးချုပ်တော့မည် ။ ဤတွင် ကားဆရာ က သည်ည သည်စခန်းမှာပင် စတည်းချဖို့ ဆုံးဖြတ်လိုက်သည် ။ ခရီးသည်များ ကိုလည်း ကိုယ့် အစီအစဉ် နှင့် ကိုယ် သင့်တော်ရာတွင် တည်းခိုကြဖို့ ပြောလိုက်သည် ။ သို့သော် ရေ စောစော ကျသွားပါက ညတွင်းချင်းပင် ကားဆက် ထွက်မည့်အကြောင်းကို ခရီးသည်များအား ဆော်ဩထားလေသည် ။


သို့နှင့် ကိုတင်သောင်း တို့ သည်စခန်းမှာပင် ညအိပ်ဖို့ ပြင်ကြရသည် ။ ဤ စခန်းမှာ သူတို့ နေထိုင်ရာ သဖန်းဆိပ် မှော်ကြီး ၏ စခန်းထောက် တစ်ခု ဟု ပြောနိုင်သည် ။ ဆီခြံများ ၊ ကုမ္ပဏီ အဆောက်အအုံများ ၊ စားသောက်ဆိုင်များဖြင့် စည်ကားနေသည် ။ အထူးသဖြင့် ဆီ အရောင်းအဝယ် ပြုလုပ်ရာ ၊ ဆီပွဲစားများ ကျင်လည်ရာ နေရာဖြစ်သည့်အတွက် ငွေရွှင်သော နေရာဌာန တို့၏ ထုံးစံအတိုင်း ဒုစရိုက်ပေါများသော နေရာတစ်ခုဟုလည်း ဆိုနိုင်သည် ။ လောင်းကစား ပြုလုပ်နိုင်သော တဲများ ၊ ဘိလိယက်ခုံများ ၊ မိန်းကလေးများ ဖြင့် ပိုက်ဆံ ရှာသော ဆိုင်များကို မီးရောင် တဝင်းဝင်းဖြင့် အထင်အရှားပင် တွေ့နေရလေသည် ။


ကိုတင်သောင်း တို့က တည်းခိုနေကျ ထမင်းဆိုင် မှာပင် စတည်းချလိုက်ကြသည် ။ ခရီးပန်းလာကြသည်မို့ ထမင်းစားသောက် ပြီးသည်နှင့် စောစော အိပ်ရာဝင်လိုက်ကြသည် ။


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရာမှ ညနာရီပြန် တစ်ချက်လောက် ရောက်တော့ တစ်ဖက် ဆိုင်ခန်းမှ ထွက်ပေါ်လာသော ဆူဆူညံညံ အသံများကြောင့် ကိုတင်သောင်း လန့်နိုးလာခဲ့သည် ။ တစ်ဖက်ဆိုင်နှင့်က တံစက်မြိတ်ချင်း ထိစပ်နေသည်မို့ ထိုဆိုင်မှ ဝရုန်းသုန်းကား ဖြစ်နေသံများကို သဲသဲကွဲကွဲပင် ကြားနေရသည် ။ ယောက်ျား မိန်းမ ငြင်းခုံ ပြောဆိုနေသံ ၊ လုံးထွေးသတ်ပုတ်နေသံများကို အတိုင်းသားပင် ကြားနေရသည် ။ အထိတ်တလန့် ဖြစ်တတ်သော မှော် ၏ သဘာဝ ကို သိထားသူမို့ အိပ်ရာမှ ချက်ချင်း ထကာ ဆိုင် အပြင် သို့ ထွက်လာခဲ့သည် ။ ဆိုင် အပြင် ဘက် တွင် မီချောင်းရောင်ဖြင့် လင်းလင်းကျင်းကျင်း ဖြစ်နေသည် ။ ထို အချိန်မှာပင် ပြဿနာ ဖြစ်နေသော ထို ဆိုင်ထဲ မှ မိန်းကလေးတစ်ယောက် က ကပိုကရိုဖြင့် ပြေးထွက် လာသည်ကို တွေ့ရသည် ။ ကိုတင်သောင်း ကို တွေ့သည်နှင့် ထို မိန်းကလေး က တန်းတန်းမတ်မတ် ပြေးလာကာ ကိုတင်သောင်း လက်မောင်းတစ်ဖက် ကို အားကိုးတကြီး နှင့် ဆွဲကိုင်ပြီး ဗလုံးဗထွေး နှင့် ပြောလေသည် ။


“ ဦးလေးရယ် ။ ကျွန်မ ကို ကယ်ပါဦး ရှင် ။ ကယ်ပါဦး ။ ဟိုမှာ ကျွန်မ ကို စော်ကားဖို့ လုပ်နေကြတယ် ” 


ကောင်မလေး စကားမဆုံးမီ ဘောင်းဘီရှည်နှင့် ကောင်လေးနှစ်ယောက် က ဆိုင်ထဲမှ ထွက်လာသည် ။ ကိုတင်သောင်း ကို တွေ့သည်နှင့် ကောင်လေးတစ်ယောက် က ပြီတီတီ မျက်နှာ ဖြင့် ပြောသည် ။


“ ကျွန်တော်တို့ ကိစ္စပါ ဦးလေး ရာ ။ သူ က သက်သက် ဂျီကျနေတာ ၊ ကျွန်တော်တို့ က ပိုက်ဆံလည်း ပေးပြီးသားပါ ”  


ပြောပြောဆိုဆို သူတို့ က ရှေ့တိုးလာလေသည် ။ ကောင်မလေး ကိုလည်း ဝင်ဆွဲရန် ပြင်သည် ။ ကောင်မလေး က ကြောက်အားလန့်အား နှင့် ကိုတင်သောင်း ကျောဘက်တွင် ကွယ်ရပ်လိုက်ပြီးတုန်တုန်ရီရီဖြင့် လှမ်းပြောလိုက်သည် ။


“ မဟုတ်ဘူး ရှင့် ။ မဟုတ်ဘူး ။ ကျွန်မ မိန်းမကောင်း ပါ ။ ကျွန်မ ပြောတာယုံပါ ဦးလေး ရယ် ။ မှော် ထဲလည်း မရောက်ဖူးလို့ ကျွန်မ အဖေ နောက်ကို လိုက်လာတာပါ ။ အဲဒါ သူတို့ ကျွန်မ အိပ်နေတဲ့ အခန်းထဲ အတင်း ဝင်လာပြီးတော့ ” 


ကောင်မလေး ကို သနားသွားသည် ။ ကောင်မလေး စကားကိုလည်း ယုံကြည်လိုက်သည် ။ ဟို ကောင်လေး နှစ်ယောက် က အချင်းချင်း တစ်စုံတစ်ခု ပြောနေကြသည် ။ သူတို့ ထံမှ ချဉ်စုတ်စုတ် အရက် နံ့ ကပျံ့လွင့်လာသည် ။


ကိုတင်သောင်း က အခြေအနေကို တွက်ဆလိုက်မိပြီမို့ အနီးရှိ သစ်သားတုတ် တစ်ချောင်း ကို ကောက်ကိုင်လိုက်ကာ -


“ ဟေ့ကောင်တွေ နောက်ဆုတ် ။ ဒီမှာ တွေ့လား တုတ် ။ သူများ သားသမီးကို နှမချင်း မစာနာဘဲ မဖျက်ဆီးချင်နဲ့ ။ ကောင်မလေး က မဟုတ်ဘဲနဲ့ ပြောမှာ မဟုတ်ဘူး ” 


“ ဟာ ၊ ရှုပ်ကုန်ပြီဗျာ ၊ ရှုပ်ကုန်ပြီ ” 


ကောင်လေး တစ်ယောက် က ခေါင်းကို ကုတ်ရင်း ပြောသည် ။ ကိုတင်သောင်း လက်ထဲ က တုတ် ကို ကြည့်၍လည်း ရှေ့ မတိုးရဲကြ ။ ထိုအချိန်မှာပင် ထိုဆိုင် ၏ ပိုင်ရှင်ဖြစ်ဟန် တူသူ ဆံပင်တိုတို ၊ ခပ်ဝဝ ၊မိတ်ကပ်ပေါင်ဒါ အဖွေးသား နှင့် မိန်းမ တစ်ယောက် က အိပ်မှုန်စုံမွှားဖြင့် ဆိုင်တွင်းမှ ထွက်လာသည် ။ ကောင်လေးတွေ က ထို မိန်းမ နှင့် မျက်နှာချင်းဆိုင်ကာ တွတ်ထိုးနေကြသည် ။


“ နင်တို့ မှားတာ ၊ နင်တို့ မှားတာ ။ ငါ ပြောတာက သူ့ ကို မဟုတ်ဘူး ဟဲ့ ၊ သူ့ကို မဟုတ်ဘူး ” 


ထို မိန်းမ က ညည်းသလို ပြောလိုက်ပြီး ကိုတင်သောင်း နောက်က ကောင်မလေး ကို တစ်ချက် လှမ်းကြည့်လိုက်သည် ။ တောင်းပန်လိုဟန် မျက်နှာပေးဖြင့်လည်း တစ်ချက် လှမ်း ပြုံးပြလိုက်တာ တွေ့ရသည် ။ မကြာမီ ကိုတင်သောင်း တို့ တည်းခိုသော ထမင်းဆိုင် မှ ဆိုင်ရှင် အမျိုးသမီး နှင့် ကိုတင်သောင်း ၏ ဇနီး တို့ပါ အိပ်ရာမှ နိုးလာကြလေသည် ။


ကိုတင်သောင်း က ခပ်သွက်သွက် ပြောလိုက်သည် ။


“ ကလေးမ ။ သွား ... သွား ။ မင်း ပစ္စည်းတွေ သိမ်းပြီး ဦး တို့ ဆိုင်ဘက် ပြောင်းလာခဲ့ ” 


ကောင်မလေး က သူ့ ကျောပိုးအိတ်ကလေး ကို ကပျာကယာ ပြေးယူပြီး ကိုတင်သောင်း တို့ ဆိုင်ဘက် ကူးလာသည် ။ အခြေအနေက ပြန်ငြိမ်သွားလေပြီ ။ ကိုတင်သောင်း မိန်းမ က ကောင်မလေး ကိုပြောလိုက်သည် ။


“ တော်သေးလို့ပေါ့ သမီးရယ် ။ အဲဒီမှာမှ သွား တည်းရသလားကွယ် ” 


“ ကျွန်မ လည်း မရောက်ဖူးတော့ ဘာမှ မသိဘူး ရှင့် ၊ အဲဒီ မိန်းမကြီး က စိတ်ချလက်ချ တည်းလို့ ရတယ် ၊ ဘာမှ အားမနာနဲ့ ဆိုပြီး အပြောကောင်းကောင်း နဲ့ ခေါ်လို့ သွား တည်းလိုက်မိတာ ရှင့် ” 


ကောင်မလေး က ရှင်းပြရှာသည် ။ ဆိုင်ရှင် အမျိုးသမီး ကပါ ဝင်ပြောသည် ။


“ ဒီ မိန်းမ က ဒီလိုပဲ ။ သိရင် တစ်မျိုး ၊ မသိရင် တစ်မျိုး လုပ်စားနေတာ ကြာလှပြီ ။ တချို့ကောင်မလေး တွေဆို ပြောရမှာ ရှက်လို့ ခေါင်းငုံ့ ပြန်သွားကြတာတွေ မနည်းတော့ဘူး ။ သိပ် ကြောက်စရာ ကောင်းတဲ့ မိန်းမ ။ ဟို တလောက ရဲ က နှင်လိုက်လို့ ပြေးရပြီးပြီ ။ ခု တစ်ကျော့ ပြန်ဝင်လာတာ ” 


သူတို့ အားလုံး ပြန် မအိပ်ဖြစ်ကြတော့ဘဲ ရောက်တတ်ရာရာများကို ပြောဆိုနေကြရင်း အချိန်ကုန်အောင် စောင့်နေလိုက်ကြသည် ။ လင်းအားကြီး အချိန်ရောက်သော် ရေကျသွားပြီ ဖြစ်သဖြင့်ခရီး ဆက် ထွက်ရန် ပြင်သည် ။ ကားသမားများက ခရီးသည်များကို လိုက်ခေါ်နေလေသည် ။


လူစုံသည်နှင့် ကား က ထွက်ခွာခဲ့သည် ။ စရွေးချောင်း ကိုကျော်ပြီးချိန်တွင် တစ်စုံတစ်ခု ကို သတိရပြီး ကိုတင်သောင်း က ကောင်မလေး ကို မေးလိုက်မိသည် ။


“ ဒါနဲ့ ၊ ဟို ရောက်တော့ကော မင်း အဖေ ကို ရှာတွေ့ပါ့မလား ။ မင်း အဖေ နာမည် ဘယ်သူတဲ့ လဲ ” 


“ အဖေ က ကားဂိတ် က လာ စောင့်မယ်လို့ ပြောပါတယ် ။ ကျွန်မ အဖေ ကို ဦးလေးတို့များ သိမလား မသိဘူး ။ ဦးမောင်ကြာ တဲ့ ” 


“  ဟင် . . . ” 


ကား က ကုန်း အတက်မို့ အသံကုန် ညှစ်၍ ရုန်းနေရလေသည် ။ ကိုတင်သောင်း ရေရွတ်လိုက်သည့် “ ဟင် ”  အသံ က ကားစက်သံ ကို ဖုံးလွှမ်းသွား မတတ် သူ့ နားထဲ၌ မြည်ဟိန်းသွားလေသည် ။


xxx    xxx   xxx


ဂိတ်ဆုံးရောက်သော် မောင်ကြာ က သူ့ သမီး ကို လာ ကြိုနေတာ တွေ့ရပါသည် ။ ကောင်မလေး က ကိုတင်သောင်း တို့ လင်မယားကို လက်ညှိုးထိုး ပြကာ သူ့ အဖေ အား တစ်စုံတစ်ခု ပြောပြနေတာ တွေ့ရသည် ။ ညတုန်းက အဖြစ်အပျက် အလုံးစုံကို ပြောပြနေဟန်တူသည် ။မောင်ကြာ က ကိုတင်သောင်း တို့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး မျက်နှာကို ပြန် လွှဲသွားသည် ။ ကိုတင်သောင်း တို့ လင်မယားနှစ်ယောက် ကတော့ ဘာသိဘာသာပင် ကိုယ့် တဲရှိရာ သို့ ပြန်လာခဲ့ကြသည် ။ ညနေ နာရီပြန် နှစ်ချက်လောက် ရောက်တော့ မောင်ကြာ့ သား အကြီးကောင် က ကိုတင်သောင်း တဲသို့ ရောက်လာသည် ။


“ ဦးလေး ။ ဟိုတစ်လောက ဝယ်ထားတဲ့ ကျင်း ကို ပြန် ထုတ်ချင်ရင် ဝယ်မယ့် သူ ရှိတယ်လို့ အဖေ က ပြောလိုက်တယ် ။ ဈေး ကတော့ အရင် ဈေးနှုန်း ရဲ့ တစ်ဝက် ပဲ ရနိုင်မယ် တဲ့ ။ အဲဒါ ဦးလေးသဘော တူရင် တစ်ခါတည်း ငွေချေခဲ့ဖို့ပါ မှာလိုက်တယ် ” 


“ အေး ... အေး ။ ကောင်းတာပေါ့ကွာ ” 


ကိုတင်သောင်း က အလိုက်အထိုက်ပင် ပြန်ပြောလိုက်သည် ။ မောင်ကြာ့ သား က ကျင်းဖိုးငွေ ကို ပေးပြီး ကျင်း စာချုပ် ကို ပြန်ယူသွားလေသည် ။ ညတုန်းက သူ့ သမီးလေး အပေါ် ခရီးသွား ဟန်လွှဲအမှတ်တမဲ့ ကူညီပေးခဲ့မှု အတွက် မောင်ကြာ ၏ တုံ့ပြန်မှုပင်ဖြစ်မည် ။


ဧကန္တ သူ ကိုယ်တိုင် လာရမှာ မျက်နှာ ပူသည့် အတွက် သား ဖြစ်သူ ကို လွှတ်လိုက်ဟန် တူသည် ။ ဘာပဲ ပြောပြော ၊ ဆုံးပြီးသား ငွေ ထဲက တစ်ဝက်မျှ ပြန်ရသည် ဆိုလျှင်ပင် ကျေနပ်စရာကောင်းလှပါပြီ ။ သည် အသုံးမကျသော ကျင်း ကို သူ ကိုယ်တိုင်ကပဲ ငွေပြန်အမ်းပြီး ပြန်ရွေးသည်လား ။ သို့မဟုတ် အခြား မအူမလည် တစ်ယောက် ကိုပင် ဖျံကျပြီး ပြန်ရောင်းဦးမည်လား ။ ဒါတော့ သူ မသိပြီ ။


တစ်ခုတော့ မောင်ကြာ သိလိုက်ဖို့ ကောင်းပြီ ။ ကံကောင်း၍ ရေတိမ် မနစ်ခဲ့ရလေသော သမီးငယ် ၏ အဖြစ်ကို နမူနာ ယူကာ သူများကို အကုသိုလ် ပေးသူ အတွက် တစ်ချိန်မှာ ထို အကုသိုလ် ကိုပင် ပြန်ယူရတတ်မြဲဆိုတာ မောင်ကြာ တစ်ယောက် များများကြီး သိလိုက်ဖို့ကောင်းပြီ ။  


◾ရဲမြတ်တင် 


📖 ဆီမုဆိုး နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment