Saturday, February 5, 2022

ရင်ထဲက သမီးလေး


 

❝ ရင်ထဲက သမီးလေး ❞


နယ်တစ်နယ် မှာပေါ့ ကျွန်တော် ကားသွားရိုက်တော့ ကျောင်းပိတ်ရက် ကြုံနေလို့ ကျွန်တော့် ရဲ့ သမီး နယ်လေး ဗဟုသုတ ရစေခြင်းငှာ ကျွန်တော် ခေါ်သွားမိပါသည် ။ သိတယ်မှတ်လား ကျွန်တော့်တို့ ရုပ်ရှင်သမား တွေ က ကျွန်တော့် ကို ချစ်ကြတယ်လေ ။ သည်တော့  '' ယောင်တတ် '' တဲ့ ကျွန်တော့် ကို လည်း စကြ နောက်ကြ ပျော်ကြပေါ့ ။  '' တစ်ဇတ်ဇတ် '' နဲ့ ယောင်နေတဲ့ ကျွန်တော့် ကို ခပ်လှမ်းလှမ်း က ကြည့်နေတဲ့ သမီး လေး ရဲ့ မျက်ဝန်း တွေကို ကျွန်တော် အကဲခတ်မိတယ် ။

ကျွန်မ အဖေ ပင်ပန်းနေပါတယ် မစ ကြပါနဲ့ လို့ ပြောနေသယောင်ယောင် ။ ခက်တာက သူတို့ကလည်း ချစ်လို့ စ နေကြတာလေ ။ သမီး ကတော့ ပုပ္ပါးတောင်ပေါ် က မျောက်ကလေး ကို တစ်လှည့် ကျွန်တော့် ကို တစ်လှည့် နဲ့ ကြည့် ကြည့် နေတတ်တယ် ။ ညပိုင်း အိပ်ရာဝင်တော့

     '' သမီး ဆယ်တန်းအောင်ရင် အလုပ် ဝင်လုပ်တော့မယ် ။ အဖေ နားတော့ ၊ အဖေတို့ အလုပ် က နေပူ မရှောင် မိုးရွာ မရှောင် နဲ့ စိတ်ရော လူရော အရမ်း ပင်ပန်းတယ် ''

    ကျွန်တော် သမီးငယ် ကို တစ်ချက် လှမ်းကြည့်လိုက်တော့ သူ က

     '' ပြီးတော့ သမီး တစ်ခု သိချင်တာပေါ့လေ အဖေ အသက် ကြီးသွားရင်ရော အဲဒီ ရုပ်ရှင်အဖွဲ့တွေ က အဖေ့ ကို ခုလို ခေါ် သုံးဦးမှာလား ဟင် ''

    သမီးငယ် ရဲ့ အမေးစကား ကို ကျွန်တော် ချက်ချင်း ပြန် မဖြေနိုင်ပါဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော့် ရဲ့မျက်လုံး ထဲ ရင် ထဲ မှာ ဘဘဦးဂျော်လီဆွေ တို့ ၊ ဦးစံမတူ ၊ ဦးပလာ တာ ၊ ဦးတုတ်ပေါ တို့ ကို ပြေး မြင်ယောင် သတိရလိုက်လို့ပါပဲ ။

     '' အဖေ ပြောလေ ခုနက သမီး မေးတာကို ''

     '' ဪ အင်း … အဟဲ အဖေ ကျန်းမာရေး ကောင်းနေရင်တော့ ခေါ် သုံးမှာပေါ့ သမီး ရယ် ။ အဖေ က အနုပညာ ကို ချစ်တယ်လေ သူတို့ကလည်း သည်အတိုင်းပဲပေါ့ သမီး ရဲ့ ''

    သမီးငယ် က အနား တိုးလာပြီး ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ကာ

     '' ကျန်းမာရေး ကောင်းတယ် ဆိုတာက ''

     '' ဪ သမီးရယ် ဘာခေါ်မလဲ နား မလေးဘူး မျက်လုံး မမှုန်ဘူး လေ မဖြတ်ဘူး ဆိုတာကို ပြော တာလေ ''

    သမီးငယ် က မျက်မှောင်ကြုတ် စဉ်းစားလိုက်ပြီး ခေါင်းတညိမ့်ညိမ့် ဖြင့်

     '' ဪ… ဪ တကယ်လို့ အဲဒီလို ဖြစ်နေခဲ့ရင်ရော အဖေ့ လူတွေက အဖေ့ ကို ချစ်တာပဲ ခေါ်သုံးမှာ ပေါ့နော် ''

    ကျွန်တော့် ရင်ထဲ မှာ ကျဉ် ခနဲ ဖြစ်သွားတယ် ။ ကျွန်တော် တစ်ခါ ဂျာနယ်တစ်ခုမှာ ရေးဖူးတယ် ။ ဆွေမျိုးတွေ ကို ပစ်မထား နဲ့ ဆောင်းပါးထဲ ကလို ဘဘဦးစံမတူ နဲ့ ဦးဂျော်လီဆွေ တို့ကို နားလေးလို့ ဆိုပြီး စိတ် မရှည် ဘဲ ခေါ် မရိုက်ကြဘူးလေ ။

     '' ဪ သမီးရယ် အဖေ က နားလေးနေတယ် ဆိုပါတော့ ဒါရိုက်တာ က ခဏခဏ ပြန် ပြန်ပြော နေရတော့ အချိန်တွေ ပုပ်ကုန်တာပေါ့ ။ ရုပ်ရှင်တို့ ဗီဒီယိုတို့ ဆိုတာက အချိန် လု ရိုက်နေရတာလေ ။ သည်တော့ ဖေဖေ တစ်ယောက်တည်း အတွက်နဲ့ သူတို့ ခမျာ အချိန် တွေ ကုန်ဆုံးကုန်မှာပေါ့ ။ ဒါရိုက်တာ မိုက်တီး ရိုက် တဲ့ ဇာတ်ကားနာမည်လိုပေါ့ သမီးရယ် ဘာတဲ့ … ချစ်တော့ ချစ်တယ် အလို မလိုက်ဘူးပေါ့ မှုတ်ဘူးလား ဟား ဟားဟား ''

    ခြောက်ခြောက်သွေ့သွေ့နဲ့ ရယ်မောပြီး သမီးငယ် စိတ်ချမ်းသာအောင် ကျွန်တော် ပြောလိုက်တယ် ။

    ကျွန်တော်တို့လို ဇာတ်ပို့ဇာတ်ရံ အနုပညာသမားများ ရဲ့ နောက်ကွယ်က မှီခိုအား ထားနေရတဲ့ သူတွေ ကို စိတ် မဆင်းရဲ စေချင်ဘူးလေ ။ အဲ တစ်ခု ကျန်သေးတယ်ဗျ ကျွန် တော့် သမီးငယ် အကြောင်းလေးပါပဲ ။ ခုနက နယ် ကိစ္စလေးပါပဲ ။ သည်လိုဗျ ရန်ကုန် မှာ ကားရိုက်ရင်း ရှူတင်ကား လာ ကြိုပို့ လုပ်ပေးတယ် ။ အဲ သူတို့ လာနေချိန်မှာ ကိုယ် က အကြောင်းကြောင်းကြောင့် မလိုက်နိုင်ဘူးဆိုရင် ကိုယ့် ဘာသာ ကိုယ် တက္ကစီ ငှားသွား ၊ ဒါပဲ ။ အဲ နယ်ကျတော့ တက္ကစီ မရှိဘူးလေ ။ သည်တော့ ဝီရိယ ရှိရမယ် ။ စောစောထ စားစရာ ရှိတာ စားထား ရှူတင်ကား လာရင် အဆင်သင့် ဖြစ်ရမယ် ။ အကယ်၍ ရှူတင်ကား က ကြပ်နေရင် မင်းသား မင်းသမီး တွေ ရဲ့ ကိုယ်ပိုင်ကားလေးတွေ ကပ်ပြီး စီး ပေါ့ ။ အဲဒါက တစ်ယောက်တည်း ၊ အဝတ်ထုတ် တစ်ထုတ်ရယ် ။ ခုဟာက ကျွန်တော့် သမီးငယ်လေး ပါ နေတော့ အခက်သားလား ။ ရှူတင်ကား ကလည်း ကြပ် တစ်ခါတစ်ရံမှ လိုက်ဖူးတဲ့ သမီး က မျက်လုံးလေး ပေကလပ်ပေကလပ် နဲ့ ။

     '' ကိုကျော်ထူး လာ တက် ၊ ခင်ဗျားသမီး က နောက်ခန်းမှာ ထိုင် ''

    မင်းသား တစ်ယောက် က စေတနာ ရှေ့တန်းတင်ပြီး လာခေါ်တော့ ဘယ်နှယ့် ပြော ရပါ့ သားအဖ နှစ်ယောက် ကား ပေါ် စွေ့ကနဲပေါ့ ။ ကား က နောက်ဖက်ခြမ်း အမိုးတွေ ဖြုတ်ထားပုံ ရတယ် ။ ဘာမှ မပါဘူး ။ လမ်း က ကြမ်း ဖုန်တွေ တလူလူနဲ့ ပေါ့ ။ ကိုယ် က မင်းသား ဘေး ကပ်ရက် ခေါင်းခန်းထဲမှာ အဲယားကွန်း နဲ့ ။ တစ်ချက် တစ်ချက် နောက်ကြည့် မှန်ထဲကနေပြီး သမီးငယ်လေး ကို ကြည့် လိုက်တော့ ဖုန်တွေ သဲတွေ နဲ့ ကျွန်တော့် အဝတ်စားအိတ်လေး ပိုက်ပြီး သိမ်ငယ်အားငယ်နေတဲ့ မျက်နှာလေး ကို တွေ့လိုက်ရတော့ ရင်ထဲ မှာ မကောင်းလိုက်တာ ဗျာ ။

ငါ့ မှာလည်း ကိုယ်ပိုင်ကားလေး ရှိရင် တို့သားအဖ ခုလို တကွဲတပြား စီးရမှာ မဟုတ် ဘူးလို့ အတွေးလေး တောင် ဝင်လာမိပြီး မျက်ရည်တောင် ကျချင်တယ် ၊ တကယ်ပါ ။ သည်ကြားထဲ မင်းသား က ချစ်တော့ ကျွန်တော့် ကို စ ချင်တယ်လေ ။ သည်တော့ ကား ကို အ ရှိန်မြင့် မောင်းပြီး ရုတ်တရက် ဘရိတ် အုပ်မယ် ၊ ကျွန်တော် က ယောင်မယ် ပေါ့ လေ ။ ဒါပေသိ အင်မတန်မှ ကြီးမားသော ချိုင့်ခွက်ကြီး တစ်ခုအပေါ် ဝုန်းကနဲ ကျသွားတော့ ကျွန်တော် လည်း ငယ်သံပါအောင် အော်ဟစ်ပြီး ယောင်တော့ မင်းသား နဲ့ သူ့ တပည့် တွေ က တဟား ဟား ပေါ့ ။

အဲ့ဒီ အချိန်မှာ ကျွန်တော် သတိရလို့ ကမန်းကတမ်း နောက်ဘက်ကို လှည့်ကြည့် လိုက်တော့ ကျွန်တော့် သမီးငယ်လေး ရယ် ဘာမှ ကိုင်စရာ တွယ်စရာ မရှိဘဲ ကား က ခုန် သွားတော့ မြောက်တက်သွားပြီး ကားနောက်ပိတ် တံခါး နဲ့ သူ့ ခါးလေး ဆောင့် မိလိုက်တယ် ။ ဖခင် ဖြစ်သူ စိတ်မကောင်းဖြစ်မှာ စိုးလို့ သူ လေ ကြိတ်မှိတ် နေခဲ့တယ် ။

နောက်ရက်တွေ ကျတော့ ( ကန်တော့ပါနော် ) သူ ဆီး သွားတဲ့အခါ သွေးတွေပါလာ ရော ။ သားအဖ နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် ဖက်ပြီး ငိုလိုက်ရတာဗျာ မပြော ပါနဲ့တော့ ။ ရှူတင် ကို ပဲ ကြောက် သွားတာလား ၊ ဖခင် ဖြစ်တဲ့ ကျွန်တော့် ကို ဝိုင်း စနေတာ ကို ပဲ မကြည့်ရက်တာလား ဆိုတာ ကိုတော့ သူမ ကိုယ်တိုင် ပဲ သိမှာပါ ။ အနုပညာသမားတွေ ရဲ့ နောက်ကွယ်က လူတွေ ဟာလည်း လူတွေ ပါပဲ ။ ခံစားချက် လေး တွေတော့ ရှိကြမှာပေါ့ နော် ။ မဟုတ်ဘူးလား ။

အဲဒါနဲ့ပဲ အဲဒါပဲ ပေါ့ဗျာ … နော် ။

◾  ကျော်ထူး

📖  မဟေသီ မဂ္ဂဇင်း
       အောက်တိုဘာလ ၊ ၂ဝ၁၁ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment