Sunday, February 13, 2022

သူတော်ငတေ ၏ မဟူရာကျောက်ရှင်


 ❝ သူတော်ငတေ ၏ မဟူရာကျောက်ရှင် ❞


ဝါတွင်းကာလ ဝါခေါင်လဆန်း ( ၈ ) ရက် ၊ ဥပုသ်နေ့၌ ဖြစ်သည် ။


ကျွန်ုပ်တို့ အရပ်၌ ဝါတွင်း ဥပုသ်နေ့ များတွင် သီတင်းသည် ၊ ဥပုသ်သည်မများ နေ့ဆွမ်း စားပြီးချိန် ၌ ဇရပ်တွင် စုဝေးကာ ဇာတ်ကြီးဆယ်ဘွဲ့ ထဲမှ လင်္ကာဖြင့် ရေးသားထားသော ဇာတ်ဝတ္ထု တစ်ခုခု ကို စာ ဖတ်တတ်သူများက အလှည့်ကျ ဖတ်ပြ၍ စာနာသူများက နာကြသော အလေ့အထ ရှိသည် ။


ထိုသို့ စာနာနေကြရာမှ ဒေါ်ကြာလှဖြူ မည်သော ဥပုသ်သည် ၊ သီတင်းသည်မ တစ်ယောက် သည် ဇရပ် အောက် မှ " ကယ်ကြပါ ၊ ကယ်ကြပါ " ဟု အော်ငိုလိုက်ရာ ဇရပ်ရှိ ဥပုသ်သည်များ အားလုံး မှာ အထိတ်တလန့် ဖြစ်ကုန်ကြသည် ။


အမှန်က ဇရပ်ရှိ ဥပုသ်သည်မများ သာမဟုတ် ၊ ကျောင်းရှိ ဘုန်းတော်ကြီး ၊ ဦးပဉ္စင်း ၊ ကိုရင် ၊ ကျောင်းသားများ နှင့် ဥပုသ်သည် လူကြီးများပါ ထိတ်လန့်တကြား ဖြစ်ကုန်ကြ၏ ။ ထို့ကြောင့် ကျောင်းရှေ့ရှိ ဇရပ် ဘက် သို့ လှမ်းကြည့်သူကြည့် " ဘာဖြစ်တာလဲ ၊ ဘယ်သူလဲ " မေးသူ မေးနှင့် ချက်ချင်း အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည် ။


အကြောင်းမှာ ဥပုသ်သည်မ ဒေါ်ကြာလှဖြူ ကို တောပင့်ကူ အကိုက်ခံလိုက်ရ၍ ဖြစ်၏ ။


ဒေါ်ကြာလှဖြူ မှာ ဆေးငုံတတ်သော အကျင့် ရှိသည် ။ ထို့ကြောင့် ဆေးလိပ်တို တစ်တို ကို ပထမတစ်ခါ ကိုက်ငုံပြီး ကျန် ဆေးလိပ်တို ကို ဇရပ်ကြမ်းခင်း ဝါးလုံးခေါင်း တစ်ခေါင်း ထဲရောက် တစ်ခါ ခံတွင်းချဉ်လာလျှင် ငုံရအောင် ထည့်ထားခဲ့သည် ။


ဇရပ်ကြမ်းခင်း ဝါးလုံးများ အားလုံးမှာ လွှ နှင့် ညီညီညာညာ တိုက်ဖြတ်ပြီး ခင်းထားသော ဝါးကြမ်းခင်းများ ဖြစ်ရာ အခင်းတစ်ပြင် လုံးရှိ ဝါးလုံးများမှာ အခေါင်းချည်း ဖြစ်သည် ။ ထို့ကြောင့်လည်း ဒေါ်ကြာလှဖြူ က ပထမ သူ ထည့်ထားခဲ့သော ဝါးလုံးခေါင်း ကို လည်း မှတ်မှတ်ရရ သတိ မထားမိဘဲ နမော်နမဲ့ ထည့်ထားခဲ့ရာ ယခု ခံတွင်း ချဉ်လာ၍ ဆေး ငုံချင်လာသောအခါ ဇရပ်အောက် ကို ဆင်းပြီး သူ့ ဆေးလိပ်တို ထည့်ထားခဲ့သော ဝါးလုံးခေါင်း ကို လိုက်ရှာကြည့်သည် ။


ထိုအခါ ဝါးလုံးခေါင်းထဲ၌ မည်းမည်းမြင်သော အရာကို သူ့ ဆေးလိပ်တို ဟု ထင်ကာ လက်ညှိုးနှင့် လှမ်းကောက် နှိုက်သည် ။ အမှန်မှာမူ သူ က ဆေးလိပ်တို ဟုထင်ပြီး ဝါးလုံးခေါင်း ထဲ၌ မည်းမည်း မြင်နေရသော အရာမှာ ဆေးလိပ်တို မဟုတ်ဘဲ တောပင့်ကူကြီး တစ်ကောင် ဖြစ်နေသဖြင့် အကိုက် ခံလိုက်ရခြင်း ဖြစ်သည် ။


ကျွန်ုပ်တို့ ဆီ၌ ဝါဆို ဝါခေါင်လများ မိုးကြီးပြီ ၊ ရေကြီးပြီဆိုလျှင် တောပင့်ကူကြီးများ သည် ရေ နှင့် မျောပါလာကာ တွယ်မိတွယ်ရာ ရမိရရာကို တွယ်တက်ပြီး ဝါးလုံးခေါင်း နှင့် သက်ငယ်ဓနိအမိုး အကြို အကြား ဝင်နေတတ်ကြသည် ။ ဤသည်ကို သိသော်လည်း ဆေးငုံချင်သော ဆန္ဒ နှင့် ဒေါ်ကြာလှဖြူ က ဝါးလုံးခေါင်းထဲ ရှိ တောပင့်ကူကို ဆေးလိပ်တို အမှတ်ဖြင့် နှိုက်မိ၍ အကိုက် ခံလိုက်ရခြင်း ဖြစ်သည် ။


တောပင့်ကူ ၏ အဆိပ် မှာ အလွန် ပြင်းသည် ။ စ , အကိုက်ခံရစဉ်က အော် နေရသလို နောင်တွင်လည်း ထို ဒဏ်ရာ မှ ရောင်ရမ်းလာပြီး တဖြည်းဖြည်း နှင့် အသားကောင်းတွေ ပုပ်ပွလာကာ လက်ဆစ် ၊ ခြေဆစ်တွေပါ ပြုတ်ကျတတ်သည် ။ ကျွန်ုပ်တို့ ရွာ ၌ ပင့်ကူ ကိုက်ခံရ၍ ထိုသို့ လက်ဆစ် ၊ ခြေဆစ်တွေ ပြုတ်ကျဖူးသူ တစ်ယောက် ၊ နှစ်ယောက် ခန့် ရှိရာ ယခု ဒေါ်ကြာလှဖြူ မှာ လောလောဆယ် ပင့်ကူ ကိုက် ဒဏ်ရာ မှ မခံနိုင်လောက်အောင် နာကျင်လာ၍ အော်ဟစ် ငိုယိုနေရသလို နောင်တွင် လက်ညှိုးပုပ်ပွ ပြုတ်ကျတော့မည် ကိုလည်း တွေးမိကာ ဆောက်တည်ရာ မရ အော်ဟစ်ငိုယို ပြီး " ကယ်ကြပါဦး ၊ လုပ်ကြပါဦး " နှင့် အကူအညီတောင်း ငိုယိုနေသည် ။


သို့သော် တောပင့်ကူ အဆိပ်ဖြေဆေး ဆိုသည်မှာ ဘယ်အရာမှန်း ဘယ်သူမှ မသိကြသဖြင့် ထင်ရာမြင်ရာ ကို တစ်ယောက် တစ်ပေါက် သာ ပြောဆို ဆူညံနေကြသည် ။ တချို့က ပင့်ကူ ကိုက်ရာ ကို ခုချက်ချင်း မီးစ နှင့် ထိုးလိုက်လျှင် အဆိပ် အတော်အသင့် ကျ သွားနိုင်သည်ဟု ပြောသလို ၊ တချို့ကလည်း မန်ကျည်းစေ့ ကို နှစ်ပိုင်း ဖြတ်၍ တစ်ပိုင်း နှင့် ပင့်ကူ ကိုက်ရာ ကို ကပ်ထားလျှင် အဆိပ် ကျသည် ဟု ဆိုပြန်သည် ။


ခက်သည်မှာ ထိုဥပုသ်နေ့ က သူတို့ ရွာ ဆေးဆရာ ကလည်း ဥပုသ်စောင့် ရောက် မလာဘဲ ပျက်ကွက်နေလေရာ ဆေးဆရာ ကို ရွာထဲ ပြေးခေါ်ရန် သွား သူ က သွား နေသည် ။ ဒေါ်ကြာလှဖြူ အတွက် ပို၍ ကံဆိုးသွားသည် မှာ သူ တို့ ရွာ ဆေးဆရာကြီးကို မင်းရွာ က လာ ပင့်သွားသဖြင့် ဆေးဆရာ အခေါ် သွားသူမှာ ရွာ ထဲ ၌ ဆေးဆရာ မရှိကြောင်း တစ်ခေါက် ပြေးလာ ပြောရပြန်၏ ။


မင်းရွာ က လာပင့်သွားသော ဆေးဆရာ ကို လိုက်ခေါ်ကြရအောင်ကလည်း မင်းရွာ နှင့် သူတို့ ရွာ မှာ အသွားအပြန် တစ်နာရီ နီးပါးခန့် ကြာမည် ။


သို့ဆိုလျှင် ယခု ဒေါ်ကြာလှဖြူ ၏ တောပင့်ကူ ကိုက်သော ဝေဒနာ ကို မည်သို့ ကုစားကြရမှန်း မသိဖြစ်ကာ တစ်ယောက် တစ်ပေါက် နှင့်သာ ဆူညံ နေကြသည် ။ တောပင့်ကူ အကိုက် ခံထားရသော ဒေါ်ကြာလှဖြူ မှာ လည်း မနေနိုင် မထိုင်နိုင်လောက်အောင် နာကျင်လာသောအခါ ဒဏ်ရာ ရထားသော လက် ကို နောက် လက်တစ်ဖက် နှင့် ဆုပ်ကိုင်ကာ ဇရပ် အောက် တွင် လူးလှိမ့် ငိုယိုနေလေသည် ။


ထိုအချိန်တွင် သာမန်အားဖြင့် သူ့ ဖိုရုံ ထဲက ထွက်ခဲလှသော သူတော်ငတေ သည် ရုတ်ရုတ်သဲသဲ အသံ ကြား သဖြင့် သူ့ ဖိုရုံ ထဲက ကိုယ်ရုံကြီး ဖိုသီဖတ်သီ နှင့် ထွက်လာကြည့်သည် ။ မျက်မှောင် ကုတ်ကာ " ဒီလောက် အော်ဟစ် ငိုယိုနေရအောင် နေ့ခင်းကြောင်တောင်ကြီး ဘယ်သူ့ ကျားဝင်ကိုက်လို့လဲ " ဟု မေး၏ ။


" ကျားကိုက်တာ မဟုတ်ဘူး ဦးသူတော် ၊ ဒေါ်ကြာလှဖြူ ကို တောပင့်ကူကြီး ကိုက် လိုက်တာဗျ ။ အဲဒါ အခု သူ မခံနိုင်လောက်အောင် နာကျင်လာလို့ ၊ ဟိုမှာ မြင်တဲ့အတိုင်းပဲ ၊ ဇရပ် အောက် မှာ လူးလှိမ့်အော်ဟစ်နေရတာ ။ ဆေးဝါး မန္တရား ရှိရင် ဒါနပြု ကုသိုလ် ယူလိုက်ပါဦး"


အရပ်လူကြီး ဥပုသ်သည် တစ်ယောက် က သူတော်ငတေ ကို တောင်းတောင်းပန်ပန် ပြောလိုက်၏ ။


ထိုအခါ သူတော်ငတေ သည် သူ့ ဖိုရုံ အခန်း ထဲ ပြန်ဝင်သွားပြီး ချက်ချင်း ပြန်ထွက်လာကာ တောပင့်ကူကြီး ကိုက် ၍ လူးလှိမ့် အော်ငိုနေသော ဒေါ်ကြာလှဖြူ အနား ရောက်လာသည် ။


" ပင့်ကူမှန်း ဆေးလိပ်တိုမှန်းတောင် မသိတတ်တဲ့ မိန်းမ ။ ခံရတာ နည်းတောင် နည်းသေးတယ် "


လူးလှိမ့် အော်ငိုနေသော ဒေါ်ကြာလှဖြူ ကို စူးစိုက်ကြည့်ကာ သူတော်ငတေ က သူ့ ထုံးစံအတိုင်း ပြောလိုက်၏ ။ သို့သော် ဒေါ်ကြာလှဖြူ ခမျာမှာကား သူတော်ငတေ ကို အကျိုးအကြောင်းပင် ပြန် မပြောနိုင်ဘဲ အော်ဟစ်၍ သာ ငိုယိုနေသည် ။


" ငိုနေလို့ ခင်ဗျား ဝေဒနာ ပျောက်မလားဗျ ။ ပြစမ်း ခင်ဗျားလက် "


ပြောပြောဆိုဆိုနှင့်ပင် သူတော်ငတေ သည် ဒေါ်ကြာလှဖြူ ၏ ပင့်ကူ ကိုက် ခံထားရသော လက်တစ်ဖက် ကို ဆိုးဆိုးဆတ်ဆတ် ဆတ်ခနဲ လှမ်းဆွဲ ကာ


" ဘယ်နေရာ ကို ကိုက်လိုက်လဲ ၊ ပြစမ်း "


" ... ဒီ လက်ညှိုးထိပ် ကို ကိုက် လိုက်တာ ဦးသူတော် ရယ် ။ အောင်မယ်လေး နာလိုက်တာ "


ဒေါ်ကြာလှဖြူ က ဒီ လက်ညှိုးထိပ် ကို ကိုက်လိုက်တာ ဟူသော စကား မဆုံးခင်မှာပင် သူတော်ငတေ သည် ဒေါ်ကြာလှဖြူ ၏ လက်ညှိုးထိပ် ကို သူ့ လက်ထဲ ပါလာသော ကညစ်အချွန် နှင့် ထိုး ကော်လိုက်သည် ။


ထိုအခါ ဒေါ်ကြာလှဖြူ မှာ


" အောင်မယ်လေးတော့ သေပါပြီ "


ဟု ထပ် အော်လိုက်ပြန်၏ ။


" ခင်ဗျားဟာ မသေနိုင်ပါဘူးဗျ ။ မသကာ ပြုတ်ကျရုံက လွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး ။ ခုနက ကျုပ် ထိုးလိုက်တဲ့ ကညစ် စူးသွားတာနဲ့ စောစော က ပင့်ကူ ကိုက်ခံထားရတာ ဘယ်ဟာ ပို နာသလဲ "


" ဦးသူတော် ထိုးလိုက်တာလည်း နာတာပဲ ၊ ပင့်ကူ ကိုက်လိုက်တာက အီပြီး နာတာ ။ ဦးသူတော် ကညစ် နဲ့ ထိုးလိုက်တာက ရုတ်တရက်ကြီး ဆိုတော့ ပို နာသလိုပဲ"


ဒေါ်ကြာလှဖြူ က ပင့်ကူ ကိုက်လိုက်တုန်းက သွေး မထွက်ဘဲ ယခု သူတော်ကညစ် နှင့် ထိုးလိုက်ကာမှ သွေး ထွက်လာသော သူ့ လက်ညှိုးထိပ် ကို ကြည့်ကာ တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားသည် ။


"ပင့်ကူ ကိုက်တာက ကျုပ် ကညစ် နဲ့ ထိုး လိုက်တာလောက် မနာဘူး ဆို တော့ အဲဒါ ဝေဒနာတစ်ခု ကို ဝေဒနာ တစ်ခု က ဖုံးလွှမ်းသွားတဲ့ သဘောပဲ ။ အခု ခင်ဗျား ကိုယ် ကို ဓား နဲ့ တစ်ယောက်ယောက် က လာ ခုတ်ရင် ကျုပ် ကညစ် နဲ့ ထိုးထားလို့ နာတယ် ဆိုတဲ့ ဝေဒနာ က ရုတ်တရက် ပျောက်သွားပြီး ဓား ခုတ်ရာက တစ်ခါ နာလာပြန်ဦးမယ် ။ ကျုပ် ကညစ် နဲ့ ထိုးထားတဲ့ ဒဏ်ရာ က နာကျင်မှုဝေဒနာ ရုတ်တရက် ပျောက်သွားတာ ဘာကြောင့်လဲ"


"မသိပါဘူး ဦးသူတော်"


"တော်တော့ ခင်ဗျားတို့ ဝိပဿနာ ထိုင်နေကြတယ်ဆို ။ သန္တတိ ဖြစ်စဉ်ကိုမှ နား မလည်ရင် ဝိပဿနာ ထိုင်တာ အပို ပေါ့ဗျ ။ ကဲ အခု ခင်ဗျား ကို ပင့်ကူ စ ကိုက်လိုက်တုန်းက နာတာ နဲ့ အခု နာတာ ဘယ်ဟာက ပို နာတယ်လို့ ထင်လဲ ။ အခုကို ပြောတာနော် ။ အခုဆိုတာ အခု ကျုပ် ပြောနေတဲ့ အချိန်ကို ပြောတာ ။ စောစောက ကညစ် နဲ့ ထိုးလိုက်လို့ နာတာကို ပြောတာ မဟုတ်ဘူး ။ ဘယ့်နှယ်လဲ ၊ ခင်ဗျား လက် ငြိမ်ငြိမ် ထားစမ်းပါ "


ဒေါ်ကြာလှဖြူ နှင့်တကွ ဝိုင်းကြည့်နေကြသူ အားလုံးက ဒေါ်ကြာလှဖြူ ၏ လက်ညှိုး ထိပ်တွင် သူတော်ငတေ စကားတပြောပြော နှင့် ဘယ်တုံးကပင် ကပ်လိုက်မှန်း မသိသော ကျောက်ပြာပြာလေး တစ်လုံးကို သတိ ပြုမိလိုက်ကြသည် ။


" ကျုပ် မေးနေတာလည်း ခင်ဗျား ဖြေဦးလေဗျာ ။ အခု နာကျင်ခြင်း ဆိုတဲ့ ဝေဒနာ ဘယ်လို နေသေးလဲ "


" သက်သာသွားပါတယ် ဦးသူတော် "


" ဟုတ်ရဲ့လား ၊ သေချာလား "


" သက်သာပါတယ် "


"သက်သာရင် လက်ကို ငြိမ်ငြိမ်ထား ။ ခင်ဗျားတို့ ခုလို ဝိုင်းကြည့်နေကြမယ့်အစား ကျုပ် ကို နွားနို့စိမ်း တစ်ဖန်ခွက်လောက် သွား ရှာပေးကြပါလား "


ဝိုင်းကြည့်နေကြသော ဥပုသ်သည် မိန်းမ ၊ ယောက်ျားများ ကို သူတော်ငတေ က မော့ကြည့်ပြီး ပြောလိုက်၏ ။


" ရပါတယ် ဦးသူတော် ကျွန်တော့် နွားမတမ်းမလေး မိုးဦးက မှ သားပေါက်ထားတာ ရတာပေါ့"


" ရရင် စောစော သွားယူလိုက်ဗျာ "


နွားနို့ ရပါတယ် ဆိုသော ဦးထွန်းလူ က ချက်ချင်းပင် သူတော်ငတေ အပြောကြောင့် ဇရပ်နားက ထွက်သွားသည် ။


ထိုအချိန်မှာ သူတော်ငတေ က ဒေါ်ကြာလှဖြူ ပင့်ကူ ကိုက်ရာ လက်ညှိုးထိပ် ၌ ကပ်ပေးထားသော လက်သည်းခွံ ပမာဏရှိ ကျောက်ကလေး ကို စိုက်ကြည့်ကာ -


" ဒါ မဟူရာကျောက် ခေါ်တယ်ဗျ ။ အဆိပ် မှန်သမျှ သိပ်နိုင်တာ ။ ခင်ဗျားတို့ သတိထားမိကြလား ၊ ဒေါ်ကြာလှဖြူ ရဲ့ လက်ထိပ်က ပင့်ကူ ကိုက်ရာ ကို ကျုပ် စ,ကပ်ပေးတုန်းက ဒီ မဟူရာ ကျောက်ကလေး ရဲ့ အရောင်ဟာ ခပ်ပြာပြာ ပဲ ။ အခု ညို သွားပြီ ၊ တွေ့လား "


ဟု ပြောလိုက်၏ ။


မှန်သည် ။ ယခု သူတော်ငတေ ပြောလိုက်မှ သတိထား ကြည့်မိကြရာမူလက ပြာလဲ့လဲ့ကျောက်ကလေး မှာ ယခု ညို သွားလေပြီ ။


" အဲဒါ ပင့်ကူ ရဲ့ အဆိပ် ကို မဟူရာကျောက် က စုပ်ယူနေတာဗျ "


သူတော်ငတေ ထိုသို့ ပြောနေစဉ် နွားနို့ သွားညှစ်သူ ဦးထွန်းလူ သည် နွားနို့ တစ်အာဒါ ( ပုလင်းဝက် ) နီးပါးရှိ ပုလင်းတစ်လုံး ကို ပိုက်ပြီး ပြန် ရောက်လာသည် ။ ထိုအခါ သူတော်ငတေ က ဇရပ်ပေါ်ရှိ သီတင်းသည် တစ်ဦး ဆီ က ကြေးဖလားတစ်လုံး လှမ်းတောင်းပြီး ဦးထွန်းလူ ၏ ပုလင်းထဲ က နွားနို့ရည် ကို ကြေးဖလား ထဲ လောင်းထည့်လိုက်လေ၏ ။


" ခင်ဗျားတို့ စောစောက ဝိုင်းကြည့်နေကြတာ ဘာမြင်ရလဲ ။ အခုမှ ကြည့်ဖို့ကောင်းတာ ။ လာ လာကြည့်ကြ "


ဟု ပြောပြီး ဒေါ်ကြာလှဖြူ လက်ညှိုးထိပ်၌ ကပ်ထားသော မဟူရာကျောက် ကို အသာလေး တို့ယူ လိုက်ကာ နွားနို့ကြေးဖလားခွက်ထဲ ထည့်လိုက်၏ ။ ထိုအခါ အရောင် ညိုနေသော မဟူရာ ကျောက်ကလေးသည် နွားနို့လေးဖလား ခွက်ထဲ အမြှုပ်တစီစီ နှင့် ကူးခပ်နေလေသည် ။


" ကျုပ် မဟူရာကျောက်က ပင့်ကူဆိပ်တွေ ကို ပြန် အန်ထုတ်နေတာ တွေ့ကြလား "


" တွေ့ပါတယ် ဦးသူတော် "


ဝိုင်းကြည့်နေကြသူများ ထဲမှ တစ်ယောက် က ပြောလိုက်၏ ။


"အေး ဒါဆို ခင်ဗျားတို့ ဆက်ကြည့်နေကြဦး ။ မကြာမီ နွားနို့ရော မဟူရာကျောက် ပါ အရောင် ပြောင်း သွားလိမ့်မယ် "


သူတော်ငတေ ပြောသည်မှာ အမှန်ပင် ဖြစ်သည် ။ ဖြူဖွေးနေသော ကြေးဖလားထဲ က နို့ရည် မှာ မကြာမီ မည်းပုပ်ဘသွားလေသည် ။ ထိုအခါ သူတော်ငတေ သည် ကြေးဖလားထဲ က မဟူရာ ကျောက်ကလေး ကို အသာ ကောက်ယူပြီး သူ့ လက်ဝါးနှစ်ဖက် နှင့် ပွတ်လိုက်သည် ။ ပြီးတော့ မဟူရာကျောက် ကို သူ့ လက်ဝါး ပေါ် တင်ပြထား၏ ။


" ကဲ စောစောက ညိုနေတဲ့ မဟူရာကျောက် က မူလအတိုင်း ပြန်ဖြစ်သွားပြီ ။ ဟုတ်ရဲ့လား ၊ သေသေချာချာ ကြည့်ထားကြ "


" ဟုတ်ပါတယ် "


ဟု ဥပုသ်သည် အားလုံးက ဝန်ခံ စကား ဆိုကြသည် ။


" ခင်ဗျား ကော တောပင့်ကူ ကိုက်တာ ဟိုတုန်းကလို နာသေးလား "


" မနာတော့ပါဘူး ဦးသူတော် "


ဝိုင်းကြည့်နေကြသူများ နှင့် စကား ပြောနေရာ က သူ့ ဘက် လှည့်မေးလာသော သူတော်ငတေ ကို ဒေါ်ကြာလှဖြူ က မနာမကျင်တော့ကြောင်းပြောလိုက်သည် ။


" သေချာရဲ့လား "


" သေချာပါတယ် ဦးသူတော် ၊ ပင့်ကူ ကိုက်လိုက်တုန်းက လက်ညှိုး တစ်ချောင်းတင် မကပါဘူး ။ ဒီဘက် လက်တစ်လျှောက်လုံး သေမလောက် ကို နာတာ ။ အခု မနာတော့ပါဘူး "


" ကျုပ် ကညစ် နဲ့ ထိုးလှန်ထားတဲ့ နေရာ ကကော "


" အဲဒီနေရာကတော့ နည်းနည်း နာပါသေးတယ် "


" အေး နာရင် သေလိုက် ။ ခင်ဗျား ပင့်ကူ ကိုက်တဲ့ ဒဏ်ရာနဲ့ မသေဘဲ ကညစ် ထိုး ဒဏ် နဲ့ သေလိမ့်မယ် ။ ကြားပဲ မကြားဖူးပါဘူး ၊ ဆေးလိပ်တိုမှန်း တောပင့်ကူမှန်းတောင် ခွဲခြားညမသိတတ်တဲ့ မိန်းမ "


သူတော်ငတေ ၏ စကား ကို အားလုံး ဝိုင်းရယ်လိုက်ကြစဉ် သူတော်ငတေ လည်း ဘုန်းကြီးကျောင်းဝင်း ဘက် ထွက် သွားလေသည် ။


◾ဝေယံလင်းခေါင်

   

📖 သူတော်ငတေ ၏ ပိတုန်း ၁၀၀၀ နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment