Showing posts with label နိုင်ဇော် ( lazy club ). Show all posts
Showing posts with label နိုင်ဇော် ( lazy club ). Show all posts

Thursday, February 3, 2022

ကျွန်တော် နှင့် မင်္ဂလာအခမ်းအနားမှူးများ


 

❝ ကျွန်တော် နှင့် မင်္ဂလာအခမ်းအနားမှူးများ ❞

အခုတစ်လော ခေတ်စားနေတဲ့ Live Show ဗီစီဒီ ရိုက်ကူးရေး အစီအစဉ်တွေ ဟိုတယ်တွေမှာ ပြုလုပ်တဲ့ အခမ်းအနားတွေ မှာ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း ကျွန်တော် သိသလောက် ရေးပြချင်ပါတယ် ။

သူတို့ ရဲ့ ပုဂ္ဂိုလ်ရေး အဖြစ်အပျက်လေးတွေ ၊ မတော်တဆ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတွေ က ပရိသတ်တွေ မသိလိုက်တဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတွေ ဖြစ်ပေမယ့် ကြားမိ ၊ မြင်မိတဲ့ ကျွန်တော့် အတွက်တော့ စာဖတ်ပရိသတ်တွေ သာ သိသွားရင် တစ်ခုခုတော့ ဗဟုသုတ ရသွားကြမယ်လို့ ထင်မြင်မိတာကြောင့် အခမ်းအနားမှူး လုပ်တဲ့ ပုဂ္ဂိုလ်တွေ ကို ( လူချင်း ခင်မင်မှုကြောင့် ) တွေ့တိုင်း မေးဖြစ် ၊ အင်တာဗျူး လုပ်ဖြစ်ခဲ့ပါတယ် ။ အဲဒီ အကြောင်းလေးတွေ တင်ပြချင်ပါတယ် ။

တစ်ခါတစ်ခါ မင်္ဂလာဆောင်တွေမှာလည်း အခမ်းအနားမှူး လုပ်ရတာ မလွယ်ပါဘူး ။ တရုတ် မင်္ဂလာအခမ်းအနား တစ်ခု ( မေဟွား ) ခန်းမ မှာ လုပ်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခု ကို တင်ပြချင်ပါတယ် ။

မင်္ဂလာပွဲ စတော့မယ် ဆိုပြီး အဆိုတော်တစ်ယောက် က သီချင်းဆို အပြီးမှာ တီးဝိုင်း ကို ခဏ ရပ်လိုက်ပါတယ် ။ ပြီးတော့မှ မင်္ဂလာ အခမ်းအနားမှူး ( အမျိုးသမီး ) ကို နာမည် ခေါ်ပြီး စင်မြင့်ဆီ ကို လာဖို့ ဖိတ်လိုက်ပါတယ် ။ အဲဒီမှာ အပေါ်ထပ် က လှေခါးကြီးဟာ တီးလုံးသံ နဲ့ အတူ အပေါ် က ကျလာပါတယ် ။ အဲဒီ အမျိုးသမီး အခမ်းအနားမှူး လည်း အပေါ်ထပ် လှေခါး ကနေ ဆင်း လာပြီး ၊ ပရိသတ်တွေ ကြား က ဖြတ်ပြီး လမ်းလျှောက် လာပါတယ် ။ စင်မြင့်ပေါ် တက်လာပြီး ပရိသတ် ကို အရိုအသေ ပေးပြီးတော့မှ မင်္ဂလာအခမ်းအနား အစီအစဉ် အကြောင်း ပြောမယ် ဆိုပြီး သူ့ လက်ထဲ က ကိုင်လာတဲ့ မင်္ဂလာဖိတ်စာ စာရွက်ကလေး ကို ဖွင့် လိုက်တော့မှ ခေါင်းမွှေးတွေ ထောင်မတတ် လန့်ဖြန့်သွားတော့တာပါပဲ ။ သူ့ ရဲ့ လက်ထဲ မှာ မင်္ဂလာဖိတ်စာ ရဲ့ အပေါ်ခြမ်းပဲ ပါလာပြီး အလယ်ခေါင် က မင်္ဂလာအစီအစဉ် စာရွက် ပြုတ်ကျ ကျန်ခဲ့လို့ပါ ။ သူ က အဲဒီ ဖိတ်စာ ကြည့်ပြီးမှ နေရပ်လိပ်စာ ၊ အဖေ ၊ အမေ နာမည် နဲ့ ပြောရမှာ ဖြစ်လို့ အဲဒီ သူ့ ရဲ့ စာရွက် ကျန်ခဲ့တော့ ဘယ်လိုမှ သတို့သား ၊ သတို့သမီး ရဲ့ အချက်အလက်တွေ ကို မသိတော့ပါဘူး ။ ဒါကြောင့် ချက်ချင်းပဲ ပရိသတ် ကို ပြ န်အရိုအသေ ပေးပြီး သူ လာရာ လမ်းအတိုင်း ပြန် တက်ပြေးသွားရတာမျိုး ကို ပရိသတ်တွေ က တအံ့တသြ ကြည့်ရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ဖူးပါတယ် ။

ဟာသသရုပ်ဆောင် ကိုအရိုင်း ရဲ့ ပြောပြချက်လေး တစ်ခု ကိုလည်း ကျွန်တော် ကြားဖူးသလောက် ရေးပြချင်ပါတယ် ။

သူ ( ကိုအရိုင်း ) အခမ်းအနားမှူး လုပ်နေတဲ့ Live Show ပွဲတစ်ခုမှာ သရုပ်ဆောင် တစ်ယောက်လည်း စင်ပေါ် တက်လာပြီး စကား တက်ပြောပါတယ် ။ သူ ကလည်း ဟာသတွေ ပြောပြီး ကိုအရိုင်း ကို ပညာပေးပါတော့တယ် ။ ကိုအရိုင်း လည်း တတ်နိုင်သလောက်တော့ သည်းခံပြီး လိုက်လျောပါတယ် ။ နောက်ဆုံး သူ့ ဘက်က သည်းခံနိုင်စွမ်း ကျော်သွားတဲ့ အချိန်မှာ အဲဒီသရုပ်ဆောင် က အဆိုတော် ကို သူ က ခေါ်ပေးမယ် ဆိုပြီး ကိုအရိုင်း ကို “ ကဲ - ကိုအရိုင်း ရေ ၊ အခု သီဆိုမယ့် သူ ကို ကျွန်တော် ခေါ်ပေးမယ် ၊ အင်္ဂလိပ် လို ခေါ် ရမလား ၊ မြန်မာ လို ခေါ် ရမလား ” ဆိုပြီး မေးလိုက်ပါတယ် ။ အဲဒီမှာ ကိုအရိုင်း လည်း ( အခွင့်အရေး စောင့်နေသူ ပီပီ ) “ အစ်ကိုကြီး က အင်္ဂလိပ် လို မှ မပြောတတ်တာ ၊ မြန်မာ လို ပဲ ခေါ်လိုက်ပါ ” ဆိုပြီး ၊ ပွဲသိမ်းဂိုးသွင်းလိုက်ရတာ ကို အားနာနာ နဲ့ ကျွန်တော့် ကို ပြန်ပြောပြခဲ့တာ ကြားရတော့ အခမ်းအနားမှူး လုပ်တော့မယ် ဆိုခဲ့ရင် ကိုယ်ခံပညာလည်း တတ်ဖို့တော့ လိုလိမ့်မယ်လို့ မှတ်ထားခဲ့ဖူးပါတယ် ။

မင်္ဂလာအခမ်းအနားမှူး တွေ ထဲ က ကျွန်တော် နဲ့ လူချင်း ခင်မင်တဲ့ အစ်ကိုကြီး တစ်ယောက် ရှိပါတယ် ။ သူ ကတော့ မြန်မာ့ရုပ်မြင်သံကြား မှာ ( ယခင်က ) အစီအစဉ် ကြေငြာသူ တစ်ယောက် ဖြစ်ခဲ့တဲ့ အစ်ကိုကြီး ( ဦး ) သိန်းလှမော် ဖြစ်ပါတယ် ။ ဦးသိန်းလှမော် ဟာ အစီအစဉ် ကြေငြာရာမှာ ရော ၊ မင်္ဂလာအခမ်းအနားမှူး လုပ်ရာမှာ တည်တည်ငြိမ်ငြိမ် ၊ အေးအေးဆေးဆေး ဆောင်ရွက်သူ ဖြစ်ပေမယ့် အပြင်မှာ လူချင်း တွေ့ကြရင် ရယ်စရာတွေ ပြောပြီး ၊ ပျော်ပျော် နေတတ်တဲ့ ( ဇဝနဉာဏ် ) ရှိသူ တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် မြင်မိပါတယ် ။

သူ က အတည်ပေါက် နဲ့ ရယ်စရာ ပြောတတ်ပါတယ် ။ တစ်ခါက မင်္ဂလာပွဲ အပြီး “ ရွှေခေါင်းလောင်း ” လက်ဖက်ရည်ဆိုင် မှာ ကျွန်တော် နဲ့ သူငယ်ချင်းတွေ ထိုင်နေကြတုန်း သူ ရောက်လာပါတယ် ။ ကျွန်တော်တို့ ဝိုင်းမှာ ဝင်ထိုင်ကြပြီး ၊ ကျွန်တော် ဝယ်လာတဲ့ ဂျာနယ် ကို ယူ ဖတ်ပါတယ် ။ အဲဒီ ဂျာနယ် က မြရိပ်ညို စတိတ်ရှိုး မှာ ကျွန်တော် ဂစ်တာ လက်တံ သုံးချောင်း ပါတဲ့ ဂစ်တာကြီး လွယ်ပြီး တီးနေတဲ့ ဓါတ်ပုံ ပါလာတယ် ။ ဦးသိန်းလှမော် က အဲဒီ Neck သုံးချောင်း နဲ့ ဂစ်တာကြီး ကိုကြည့်ပြီး “ ထပ်သရီး ” ဆိုပြီး ကုလားလို ပြောပါတယ် ။ တကယ်တော့ သုံးထပ်ဂစ်တာ ဆိုတာကို ရုတ်တရက် ကုလားလို “ ထပ်သရီး ” ဆိုပြီး ရွံရှာတဲ့ ပုံစံနဲ့ စတာပါ ။ ကျွန်တော် က သူ့ ရဲ့ ရုတ်တရက် စ,တတ်တဲ့ ဇဝနဉာဏ် ကို သဘောကျလိုက်လို့ ဥပမာ အဖြစ် ရေးပြတာပါ ။

ဦးသိန်းလှမော် ဆီ က အခမ်းအနားမှူး အဖြစ် လုပ်တုန်း လွဲချော်တာတွေ ရှိခဲ့သလား ဆိုပြီး မေးဖြစ်ခဲ့ပါတယ် ။ သူ က ပြောပြဖူးတာလေးတွေ ကို ပရိသတ် ဆီ တင်ပြချင်ပါတယ် ။

တစ်ခါက မင်္ဂလာပွဲ တစ်ခု မှာ သူ အခမ်းအနားမှူး လုပ်ပြီး သတို့သား ၊ သတို့သမီးကို မင်္ဂလာစင်မြင့် ဆီကို ခေါ်လိုက်ပါရော ၊ အဲဒီမှာ သတို့သား က ခြေလှမ်း လှမ်းလိုက်တိုင်း လူတွေ က ဝိုင်းရယ် ကြပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သတို့သား က သူ့ရဲ့ ပုဆိုးတောင်ရှည် ကို သေသေချာချာ ဝတ်မထား ၊ ပတ်မထားတဲ့ အတွက် သူ လမ်းလျှောက်လိုက်တိုင်း တောင်ရှည်ပုဆိုး က ဟ ဟ သွားပြီး တွယ်ထားတဲ့ ချိတ်ကလည်း မရှိလို့ ပေါင်ရင်း အထိ ပေါ်သွားပြီး ( ကန်တော့ပါရဲ့ ) အတွင်းခံဘောင်းဘီ ပါ လူ တွေ မြင်ကြလို့ သတို့သား ကို ဝိုင်း ရယ်နေကြတာ ဖြစ်နေတော့တာပါပဲ ။

မင်္ဂလာပွဲ တစ်ခုမှာလည်း သတို့သမီး ရဲ့ ဦးလေး ဆိုသူ တစ်ယောက် က ဘိသိက်ဆရာ ( နယ်မြို့တစ်မြို့က ) ဖြစ်လို့ ( ဦးသိန်းလှမော် )ကို ကူညီပြီး ၊ အခမ်းအနားမှူးလုပ်ပေးပါရစေ ဆိုတော့ သူ လည်း လက်ခံလိုက်ပါတယ် ။ တကယ်လည်း အခမ်းအနား စ,တော့မယ် ဆိုတော့ ဘိသိတ်ဆရာ ၊ ဦးလေးကြီး က သတို့သား ၊ သတို့သမီး အားလုံး ဘယ်လို ပွဲထွက်ရမယ် ဆိုတာ သင်ပေးပြီးပြီ ဖြစ်ကြောင်း တန်းစီပြီး မတ်တပ်ရပ် စောင့်ခိုင်းထားပြီး ဖြစ်လို့ ဦးသိန်းလှမော် လည်း မင်္ဂလာစင်မြင့် ဆီကို တစ်ယောက်တည်း လျှောက်သွားပါတယ် ။ သူ ခေါ်လိုက်မှ သတို့သား ၊ သတို့သမီး နဲ့ မိဘတွေ အားလုံး အခါတော်ပေး တီးလုံးနဲ့ မင်္ဂလာစင်မြင့် ဆီ လျှောက်လာရမှာပါ ။ လမ်းမှာ ပရိသတ်တွေ ကြား က ဖြတ်သွားရတော့ ပွဲတက်တဲ့ ပရိသတ် ရဲ့ ရယ်သံ တချို့ ကြားရတဲ့ အတွက် သိပ် မသင်္ကာပါဘူး ။ ဒါနဲ့ ခပ်တည်တည်ပဲ လျှောက်သွားပါတယ် ။ စင်မြင့်ပေါ် တက်ခါနီး စိတ်မချလို့ နောက်မှာ ဘာတွေ ဖြစ်နေသလဲ မသိဘူး ၊ လူသံတွေ ကြားရတယ် ဆိုပြီး လှည့် ကြည့်လိုက်တော့ သူ့ နောက်မှာ ရထားတွဲကြီး လို ပန်းကြဲသူတွေ ၊ သတို့သား ၊ သတို့သမီး တွေ ၊ မိဘ တွေ တစ်ပြုံကြီး လိုက်လာတာ တွေ့ လိုက်တော့ သူ လည်း လန့်သွားပါတယ် ။ သူ မခေါ်သေးဘဲ ဘာဖြစ်လို့ လိုက်လာကြသလဲ ကြည့်လိုက်တော့ မှ ( နယ်မြို့ဘိသိတ်ဆရာကြီး က ) ဦးသိန်းလှမော် နောက်က အားလုံး လိုက်ကြတော့လို့ အချက်ပြလိုက် လို့ ဘုမသိ ၊ ဘမသိ နဲ့ မင်္ဂလာသတို့သား ၊ သတို့သမီး လည်း လိုက်လာကြတာ ဖြစ်နေလို့ပါ ။ ဒါနဲ့ပဲ အဲဒီပွဲလည်း အခါတော်သီချင်း မတီးရဘဲ အခြောက်တိုက် ပွဲထွက်ခဲ့ရပါတယ် ။

နောက်ထပ် ရေးပြချင်တဲ့ မင်္ဂလာဘိသိတ်ဆရာကြီး တစ်ယောက်ကတော့ ရေဒီယိုအဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင် ကိုရန်ပိုင်စိုး ပါပဲ ။

ကိုရန်ပိုင်စိုး က မင်္ဂလာ အခမ်းအနားမှူး လုပ်တဲ့ အလုပ်လည်း ထပ်တိုးလာတော့ ဂုဏ်ပုဒ်တွေက ခပ်များများပါပဲ ။ ဂီတအစည်းအရုံး ( မြန်မာနိုင်ငံ ) မှာလည်း တွဲဖက်အတွင်းရေးမှူး ( ၂ ) တာဝန် ကို ယူထားပါတယ် ။ တစ်ရက်မှာ တာမွေမြို့နယ် မှာ ရှိတဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး ကို ကျွန်တော် ရောက်သွားပါတယ် ။ ကိုရန်ပိုင်စိုး ရဲ့ ရုံးခန်း ထဲ ကို ကျွန်တော် ရောက်သွားတော့ ကျွန်တော့် ကို ကော်ဖီတွေ ၊ ဘာတွေ တိုက်ပြီး သေသေချာချာ ဧည့်ခံပါတယ် ။ ပြီးတော့မှ ကျွန်တော် သူ့ ဆီ လာရတဲ့ ရည်ရွယ်ချက်ကို ဂီတ ကိစ္စ ထင်ပြီး မေးပါတယ် ။ ကျွန်တော် က ကိုရန်ပိုင်စိုး ကို မေးစရာလေး ရှိလို့ လာတာပါ ။ ကျွန်တော် မင်္ဂလာ အခမ်းအနားမှူးများ အကြောင်း ဆောင်းပါး ရေးချင်လို့ ကိုရန်ပိုင်စိုး ဆီက အဖြစ်အပျက် တချို့ကို တစ်ဆင့် ကြားဖူးပါတယ် ။ သေချာလား ၊ တကယ် အဖြစ်အပျက် ဆိုတာလား သိချင်လို့ အတည်ပြု ပြောပြပါဆိုပြီး အင်တာဗျူး ဝင်လုပ်ခဲ့ပါတယ် ။ အဲဒီမှာ ကိုရန်ပိုင်စိုး က အမူအရာအပြည့် နဲ့ ကျွန်တော့် ကို ရှင်းပြခဲ့ပါတယ် ။

သူ ပြောပြတဲ့ အထဲက နှစ်ချက် ကို ကျွန်တော် ပြန် ရေးပြချင်ပါတယ် ။

ပထမ အဖြစ်အပျက် တစ်ခုက ကိုရန်ပိုင်စိုး အခမ်းအနားမှုး လုပ်တဲ့ မင်္ဂလာပွဲ တစ်ခု မှာ ဌာနဆိုင်ရာ ( အရာရှိတစ်ဦး ) က လာပြီး လက်ထပ်လက်စွပ် ဝတ်ပေးဖို့ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုရန်ပိုင်စိုး လည်း လက်စွပ်ဝတ်ပေးဖို့ အရာရှိ အန်ကယ်ကြီး ကို ခေါ်လိုက်ပါတယ် ။

စင်ပေါ် ရောက်လာတော့ အရာရှိအန်ကယ်ကြီး က သူ့ ကို နှုတ်ဆက်ပြီး သတို့သား နဲ့ သတို့သမီး ကို မင်္ဂလာလက်စွပ် ဝတ်ပေးဖို့ လက်စွပ်ဘူး ကို ယူပြီး ဖွင့်လိုက်ပါတယ် ။ အဲဒီမှာ အန်ကယ်ကြီး မျက်လုံး ပြူးသွားပါတယ် ။ ဘာလို့လဲ ဆိုတော့ လက်စွပ် ထည့်တဲ့ ဘူး ထဲမှာ လက်စွပ် ပါ မလာလို့ပါပဲ ။ မင်္ဂလာပွဲရှင် တွေ က မေ့ပြီး ကျန်ခဲ့တာပါ ။ ဒါပေမယ့် လက်စွပ် ဝတ်ပေးရမယ့် အန်ကယ်ကြီး က ဘာ လုပ်ရမှန်း မသိတော့ဘူး ဖြစ်နေပါတယ် ။

ကင်မရာမင်းတွေ ၊ ဗီဒီယိုရိုက်သူတွေ ကလည်း ရိုက်နေကြပါတယ် ။ ဒါကြောင့် ကိုရန်ပိုင်စိုး က “ အန်ကယ် ဘာမှ မရှိတဲ့ ဘူးထဲက လက်စွပ် ရှိသလို ဟန်ဆောင်ပြီး ထုတ်လိုက် ၊ ပြီးတော့ လက်ထဲ က လက်စွပ် ( ရှိသလို ) နဲ့ သတို့သမီး ၊ သတို့သား လက်ထဲ ကို ဝတ်ပေးချင်ယောင် ဆောင်လိုက်ပါ ” လို့ ရုတ်တရက် ( ရုပ်ရှင်သရုပ်ဆောင် ပီပီ ) အိုက်တင် လုပ်ဖို့ သင်ပေးလိုက်မှ လက်စွပ် ဝတ်ပေးရမယ့် အန်ကယ်ကြီး လည်း သဘော ပေါက်သွားပြီး ၊ ဘာမှ မရှိတဲ့လက်စွပ် ကို ရှိသလို ဟန်ဆောင်ပြီး ဝတ်ပေးလိုက်မှ အဆင်ပြေ သွားပါတယ် ။ ကင်မရာမင်း တွေကလည်း ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ကြတာပေါ့ ။

သူ ပြောပြတဲ့ ဒုတိယ အဖြစ်အပျက် တစ်ခုကတော့ ဆင်ခြေဖုံးမြို့နယ် တွေမှာ အခမ်းအနားမှူး သွားလုပ်ရတဲ့ ပွဲတွေ ဆိုရင် တီးဝိုင်း မရှိတဲ့ ၊ မပါတဲ့ အတွက် မင်္ဂလာစကား ပြောပြီးလို့ သတို့သား ၊ သတို့သမီး ကို စင်မြင့်ပေါ် ဖိတ်ခေါ်မယ် ဆိုရင် ခြောက်ကပ်ကပ်ကြီး တီးလုံး မပါဘဲ ပွဲထွက်ကြတာမျိုး ဖြစ်လေ့ ရှိတော့ အဲဒီ အခက်အခဲ ကို ဖြေရှင်းတဲ့ အနေနဲ့ မင်္ဂလာသီချင်း ( အခါတော်ပေး ) ကို အဆိုတော် တင်တင်မြ ၊ ဟေမာနေဝင်း ၊ စိုးစန္ဒာထွန်း စသဖြင့် အဆိုတော်တွေ ရဲ့ ဆိုထားတဲ့ ကက်ဆက်ခွေလေး ကို ယူသွားပေးလေ့ ရှိပါတယ် ။ မင်္ဂလာရှင်တွေ ကို ပွဲထွက်ဖို့ တီးဝိုင်း ၊ အဆိုတော် ပါလား မေးပြီး မပါခဲ့ရင် သူယူခဲ့တဲ့ ကက်ဆက်ခွေ ထဲက ကြိုက်တဲ့ အဆိုတော်ရဲ့ အသံ နဲ့ ပွဲထွက်ဖို့ ဖွင့်ခိုင်း လိုက်ရုံပါပဲ ။

အဲဒီလို အဆင်ပြေအောင် လုပ်ပေးဖို့ သူ တတ် နိုင်သလောက် ကြိုးစားထားလို့ ဆင်ခြေဖုံးမြို့နယ် တစ်ခုက မင်္ဂလာဆောင်တစ်ခု ရောက်သွားတဲ့အခါ ၊ အခါတော်သီချင်း ဆိုပေးမယ့် အဆိုတော် နဲ့ တီးဝိုင်း မငှားထားတဲ့ အကြောင်း ၊ မင်္ဂလာပွဲရှင်တွေက ပြောပြလို့ သူ့ ကက်ဆက်ခွေလေး ကို ဖွင့်ပေးဖို့ အသံချဲ့စက်ဆရာ ကို သွားပေးပါတယ် ။ စက်ဆရာ ကို သူ က ညီလေး ၊ ဒီသီချင်းခွေလေး ကို ပွဲ စ,မယ် ဆိုရင် ဖွင့်ပေးပါကွာ ” လို့ ရိုရိုသေသေ ပေးပါတယ် ။ စက်ဆရာ က သူ့ မျက်နှာကို ပြန် ကြည့်ပြီး ၊ လက် က စားပွဲခုံ ကို တောက်နေပါတယ် ။ ပါးစပ် ကလည်း လေ ချွန်နေပါတယ် ။ ခြေတစ်ဖက် ကလည်း ၊ ဒူးပေါ်ကန့်လန့် တင်ထားပြီး ၊ မထီလေးစား နဲ့ သူ့ ကို ပြန် ကြည့်နေပါတယ် ။ ပြီးတော့မှ “ ကက်ဆက်ခွေ ခေတ် ကုန်သွားပြီ ကျွန် တော့် စက် မှာ ကက်ဆက် မပါဘူး ။ ဒီဗီဒီစက် ပဲ ပါတယ် ။ သီချင်းလည်း ဗီစီဒီခွေ ပဲ သုံးတယ် ” ဆိုပြီး မထီလေးစား ပြန်ဖြေပါတယ် ။ ကိုရန်ပိုင်စိုး လည်း စက်ဆရာ ရဲ့ အမူအရာ ကို မကြိုက်ပေမယ့် သူ့ ဘက်က ခေတ်မမီတော့တာ ကို ဝန်ခံပြီး “  ကိုယ် က ကက်ဆက်ခွေ ပဲ ပါလာလို့ ဆောရီးပါပဲ ညီလေး ရာ ၊ အဲဒီတော့ ပွဲ စမယ်ဆိုရင် ကိုယ်အချက် ပြလိုက်မယ် ။ ညီလေး က မင်္ဂလာသီချင်း ဖွင့်ပေးပါ ” လို့ပဲ ပြောခဲ့ပါတယ် ။ အဲဒီ ဗီစီဒီ ကလည်း ရုပ်ရှင်မင်းသမီး တစ်ယောက် ရဲ့ မင်္ဂလာအခမ်းအနားခွေ ( မူရင်း ) ပါ ။ ဒါကြောင့် သူ ဖွင့်ချင်တဲ့ သီချင်းနံပါတ် ကိုပဲ ပြောခဲ့ပါတယ် ။

တကယ် ပွဲ ထွက်ရမယ့် အချိန်မှာ သတို့သား ၊ သတို့သမီး က မြက်ခင်းပြင်လေး မှာ နေရာ ယူပြီးပါပြီ ။ ဒါနဲ့ သူ က စက်ဆရာ ကို ဖွင့်တော့လို့ အချက် ပြလိုက်ပါတယ် ။ အဲဒီမှာ စက်ဆရာ က သူ့ ထုံးစံအတိုင်း လေ ချွန်ပြီး နံပါတ် နှိပ်လိုက်ပါတယ် ။ သတို့သား နဲ့ သတို့သမီး လည်း တောင်ကုန်းလေးအတိုင်း ပရိသတ်တွေ ဘက် ကို လာနေတော့ ခေါင်းပေါင်းလေး က တဖြည်းဖြည်း နဲ့ မြင့်တက်လာပါတယ် ။ တီးလုံး က မထွက်သေးပါဘူး ။ ဒါကြောင့် စက်ဆရာ ကို ဘယ်လိုလဲ မေးငေါ့ ပြပါတယ် ။ စက်ဆရာ ကလည်း ဒီဗီဒီစက် ကို လက်ညှိုးထိုးပြပြီး လေ ချွန်နေပါတယ် ။ ဒူး ကလည်း နှံ့နေပါတယ် ။ သတို့သား ၊ သတို့သမီး လည်း ပရိသတ် က တွေ့ရတဲ့အချိန်မှာ အသံကြားရပါတော့တယ် ။ “ အရှင်ရုက္ခစိုးနတ်မင်းကြီး ၊ ကျွန်တော့ရဲ့ သားလေး အရှင် ရုက္ခစိုးနတ်မင်း ရဲ့ ညောင်ပင်အောက်မှာ အပေါ့သွားခဲ့တဲ့အတွက် .. ”

စသဖြင့် ယင်လုံအိမ်သာ ဆောက်လုပ်ရမယ့် ပညာပေးပြကွက် ပါတဲ့ အသံ ထွက်လာပါတယ် ။ အဲဒီမှာ အသံချဲ့စက်ဆရာလည်း ဒုက္ခ ရောက်တော့တာပါပဲ သူ က သီချင်းနံပါတ် ( ၆ ) ဆိုရင် ဗီစီဒီ မှာ က အဲဒီ နံပါတ် အတိုင်း သီချင်း မထွက်ပါဘူး ။ အကျိုးပြု အစီအစဉ်တွေ ပါရင် နံပါတ်တွေ လွဲ ကုန်တတ်ပါတယ် ။ သူ့ ဒီဗီဒီ စက်ကို ကျော်လိုက်တော့လည်း “ ဆရာမ ၊ သမီးဗိုက်တွေ ၊ အောင့်,အောင့်နေတယ် ” ဆိုတဲ့ ယင်လုံအိမ်သာ အကြောင်းပဲ အသံထွက်နေပါတော့တယ် ။ အဲဒီမှာပဲ သတို့သား ၊ သတို့သမီး လည်း စိတ်ဆိုးပြီး စင်မြင့်ပေါ် ရောက်ခဲ့ရပါတော့တယ် ။ ဒါလေးကတော့ ကိုရန်ပိုင်စိုး ပြောပြတဲ့ မင်္ဂလာအခမ်းအနားမှူး အလွဲလေးတွေ ဖြစ်ပါတယ် ။

( ဒီ စာလေးကို မွန်ပြည်နယ် ၊ လမိုင်းမြို့နယ် ၊ လမိုင်းရွာလေး ကို Lazy Club စတိတ်ရှိုးပွဲ တီးဖို့ ရောက်တုန်း နေ့လည် မှာ အမှတ်တရ ရေးဖြစ်ခဲ့ပါတယ်)

◾ နိုင်ဇော် ( Lazy Club )

၂၁ - ရက် ၊ မေလ ၊ ၂၀၀၈ ခုနှစ်ထုတ်
နံနက်ခင်း သတင်းဂျာနယ်
အမှတ်စဉ် Vol.3 No.243

www.facebook.com/aung.naingoo.3726613

.

Friday, December 3, 2021

ကျွန်တော် နှင့် အဆိုတော် လွှမ်းမိုး


 ❝ ကျွန်တော် နှင့် အဆိုတော် လွှမ်းမိုး ❞


( နာဂစ်မုန်တိုင်း ကြောင့် မီးကလည်း ပျက်တဲ့ ည ၊ လေက လည်း မတိုက် ၊ မီးစက်တွေ ရဲ့ အပူငွေ့တွေကြောင့် ထင်ပါရဲ့ ) ဆရာဝင်းဖေဝင်း ဘာသာပြန်ထားတဲ့ “ သတ္တမလျှို့ဝှက်ချက် " ဆိုတဲ့ စာအုပ်ကို အင်ဗာတာ ဖွင့်ပြီး ဖတ်နေရာက မျက်လုံးအနားပေးရအောင် MP3 , MP4 , CD Player , DVD Player , Computer စတဲ့ လက်စွဲတော် ခေတ်မီ ဇိမ်ခံပစ္စည်း မှန်သမျှ မီးမလာတာ ကြာလို့ တစ်ခုမှ အလုပ်မလုပ် ကြတော့ ငယ်ငယ်တုန်းက သူငယ်ချင်းဖြစ်တဲ့ နားကျပ်ကက်ဆက် လေးကပဲ အားကိုးစရာ ရှိပါတော့တယ် ။


ဒါနဲ့ ကက်ဆက်ခွေ စင်ပေါ်က လက်လှမ်းမီတဲ့ မဖွင့်တာကြာ ပြီဖြစ်တဲ့ ( အရင်က စီဒီတွေပဲ အားကိုးရှိနေတော့ မေ့နေပြီဖြစ်တဲ့ ) ကက်ဆက်ခွေဟောင်းလေး တစ်ခွေကို ဖွင့်ပြီး နားထောင်နေမိပါတယ် ။ အဲဒီမှာ ကိုလွှမ်းမိုး ရဲ့ အသံကို စပြီး ကြားရတော့တာပါပဲ ။


သီချင်းခွေလေးက “ ဟင်္သာတို့ ရဲ့နန်းတော်ရှေ့" ၊ နားထောင်ဖြစ်တဲ့ သီချင်းလေးကလည်း “ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ " ပါပဲ ။ အဲဒီသီချင်းလေးကို ဆိုနေတဲ့ ကိုလွှမ်းမိုး ရဲ့ အသံ ကြားတော့မှပဲ ကိုလွှမ်းမိုး အတွက် အမှတ်တရ စာစုလေး ရေးချင်စိတ်က ဘယ်လိုမှ မတားဆီးနိုင်အောင် ပေါ်လာပါတယ် ။


တီးခတ်ပေးထားတဲ့ တေးဂီတအဖွဲ့ ( The Rays ) ရဲ့ လက်သံကလည်း ခေတ်မီလွန်းလို့ ဂစ်တာ ( ကို ) အော်စတင် တီးထားတဲ့ ဂစ်တာသံ ဟာ အခု လက်ရှိတီးနေတဲ့ ဂစ်တာသံတွေထက်တောင် ပိုကောင်းနေ ၊ ပိုလတ်ဆတ်နေတယ်လို့ ထင်မိပါတယ် ။


ဒီလိုအတွေးတွေကြောင့် ( ကို ) လွှမ်းမိုး နဲ့ ပတ်သက်ပြီး စာတစ်ပုဒ်အဖြစ် ချရေးလိုက် မယ်ဆိုမှ ကျွန်တော်ဟာ တစ်ကယ်တော့ ကိုလွှမ်းမိုး နဲ့ စကားတောင် မှတ်မှတ်ရရ တစ်ခါမှ မပြောဘူးတဲ့ သူတစ်ယောက်ပါ ။


သူ့ကို ကျွန် တော်ဂစ်တာတီးတဲ့ သက်တမ်းတလျှောက် ( သူ မကွယ်လွန်ခ င်အထိ ) စင်ပေါ်မှာလည်း မှတ်မှတ်ရရ တီးဖူးခဲ့တာ တစ်ကြိမ်လောက်တောင် ရှိပါ့မလားလို့ ပြန်စဉ်းစားကြည့်တော့လည်း မသေချာပါဘူး ။ ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိပါတယ် ။


အဲဒါက ( ကို ) လွှမ်းမိုး သီချင်းတွေကို ကြိုက်တာ သေချာတယ် ။ ( ကို ) လွှမ်းမိုး ရဲ့ ဂစ်တာသမားဘ၀ ဂစ်တာတီးပြီး သီချင်းဆိုတဲ့ပုံစံ ၊ ကိုယ်ပိုင်တီးဝိုင်းမှာ ဂီတမှူး နာမည်တပ်ပြီး ၊ ရဲရဲရင့်ရင့် သီဆို တီးခတ်ခဲ့တာကို သဘောကျမိတာတော့ သေချာပါတယ် ။ ( ကိုလွှမ်းမိုး ရဲ့ ဝိုင်း Sweet Heart  တို့ The King တို့ လက်သံကိုလည်း ကြိုက်ခဲ့တာ သေချာပါတယ် ) ဒါကြောင့် ကိုယ်ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ( ကို ) လွှမ်းမိုး သီချင်းလေးတွေအကြောင်းကို ရေးပြရင်းနဲ့ ( ကို ) လွှမ်းမိုး အမှတ်တရ စာစုလေးကို ရေးရပါတော့တယ် ။


ကျွန်တော် နေခဲ့တဲ့ ( အ.ထ.က ( ၄ ) ပုဇွန်တောင် ) ကျောင်း အာစရိယပူဇော်ပွဲလုပ်တဲ့နေ့မှာ စတိတ်ရှိုးတီးဝိုင်းတစ်ခုကိုငှားပြီးကျောင်းသားတွေ ၊ ဝါသနာပါတဲ့သူ မှန်သမျှ သီချင်းဆိုဖို့ စာရင်းသွင်းကြပါ ဆိုပြီး၊ အတန်းတိုင်းကို လိုက်ပြောပါတယ် ။ အဲဒီနှစ်က ကျွန်တော် ( ၇ ) တန်း ကျောင်းသားဘဝပါ။ တီးဝိုင်းကလည်း ရေကျော် က တီးဝိုင်း ( MG 10 ) ပါ ။ ကျွန်တော်ကသီချင်းဆိုဖို့ မဝံ့မရဲ ဖြစ်နေချိန်မှာ ကျွန်တော် သီချင်းဆိုလေ့ရှိတာ၊ ဝါသနာပါတာ သိနေတဲ့ သူငယ်ချင်းတွေက စင်ပေါ်မှာ တက်ဆိုဖို့ တိုက်တွန်းကြတာနဲ့ စာရင်းပေးလိုက်ပါတယ် ။ ( အဲဒီအချိန်တုန်းက ကျွန်တော် ဂစ်တာ မတီးတတ်ပါ ) သီဆိုမယ့်သီချင်းလေးက အဆိုတော် ( ကို ) လွှမ်းမိုးရဲ့ “ ချစ်သတိပြု ” ဖြစ်ပါတယ်။ အဲဒီသီချင်းလေးဟာ ကျွန်တော်ရဲ့ ဘဝမှာ ပထမဆုံး စင်မြင့်ပေါ်မှာ စဆိုဖြစ်ခဲ့တဲ့ သီချင်းလေးပါပဲ ။


အဲဒီ သီချင်းလေးပါတဲ့ သျှီ ( သို့ ) သစ်ခုတ်သမားရဲ့ လွမ်းချင်း တေးစီးရီးထဲက ရွှေညာသူထွေးမြ ဆိုတဲ့ သီချင်းလေးကလည်း ကျွန်တော် ပထမဆုံး ဂစ်တာစကိုင်ပြီး တီးကြည့်မိချိန် ။ သူငယ်ချင်းက ကော့ဒ် နှစ်ခု A နှင့် E စပြီးသင်ပေးရင်း စတီးဖြစ်ခဲ့တဲ့ ဂစ်တာတီးတတ်ခဲ့တဲ့ သီချင်းလေး ဖြစ်နေတာပါပဲ ။


ဒီလိုနဲ့ တဖြည်းဖြည်းချင်း ( ကို ) လွှမ်းမိုး သီချင်းလေးတွေ အားလုံးလိုလိုဟာလည်း ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်ရဲ့ ညပိုင်းအုပ်စုဖွဲ့ တီးကြတဲ့ ဂစ်တာဝိုင်းမှာ အများဆုံး ကြားနေရပါတယ် ။ အဲဒီ သီချင်းလေးတွေ ( မိုးစက်တင်လေ ) တေးစီးရီး နာမည်ကြီးနေချိန်မှာ ကျွန်တော်တို့ ရပ်ကွက်တီးဝိုင်း တီးဖြစ်တဲ့ စတိတ်ရှိုးတိုင်းမှာ Rhythm ဂစ်တာတီးတဲ့ ( ကျွန်တော့်ကို ဂစ်တာသင်ပေးတဲ့ သူငယ်ချင်း ) ရဲကျော်သူ ( ယခု ကနေဒါနိုင်ငံ ) က အမြဲတမ်း လွှမ်းမိုး သီချင်း သီဆိုသူပါပဲ ။


( ကို ) လွှမ်းမိုး ကို အရမ်းကြိုက်လို့ ( ကို ) လွှမ်းမိုး တီဗီထဲမှာ သီချင်းဆိုရင် ဝတ်လေ့ရှိသလို ၊ ကော်လံကတုံးအင်္ကျီ အဖြူ နဲ့ ရခိုင်ပုဆိုး ဝတ်လေ့ရှိပါတယ် ။ 


ငယ်ငယ် က မြန်မာ့ရုပ်မြင်သံကြားမှာ စနေနေ့ညပိုင်း စတူရီယိုသီချင်း လွှင့်တဲ့အချိန် ( ၇ ) နာရီခွဲ က ည ( ၈ ) နာရီ သတင်းမလာခင်ကြား လွှင့်လေ့ရှိတဲ့ “ မိုးစက်တင်လေ ” သီချင်းမှာ ကိုလွှမ်းမိုး ရဲ့ လယ်ကွင်းတွေ ၊ စပါးခင်းတွေ ကြားက တိုက်ပုံအင်္ကျီလေး ကို လက်က ချိတ်ပြီးလျှောက်လာတဲ့ပုံစံကို အရမ်းကြိုက်လို့ အဲဒီ Style လိုက်ဖမ်းတယ်လို့ ထင်ပါတယ် ။


( ကို ) လွှမ်းမိုး ရုပ်ရှင်ရိုက်တော့လည်း ပထမဆုံးရိုက်တဲ့ “ ပန်းသီတဲ့ကြိုး " ဇာတ်ကားနဲ့ အကယ်ဒမီရလိမ့်မယ် လို့ မဂ္ဂဇင်းတွေ မှာ ဖတ်ရတော့လည်း ကျွန်တော် က ဘာမဆိုင် ညာမဆိုင် ဝမ်းသာနေမိပါသေးတယ် ။ အနုပညာသမား ဆိုတော့ သူ့ကို လူချင်း မသိရပေမယ့် ကျွန်တော့်ဘက်ကတော့ သူ နဲ့ ရင်းနှီးနေသလို ခံစားနေရပါတယ် ။


တကယ်တမ်းတော့ အကယ်ဒမီ နဲ့ ( ကို ) လွှမ်းမိုး လွဲခဲ့ပါတယ် ။


ပြီးတော့လည်း ( ကို ) လွှမ်းမိုး ရဲ့ အိမ်ထောင်ရေး ကိစ္စတွေပြီးမှ ထွက်လာတဲ့ သီချင်း “ သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ” ဆိုရင်လည်း တော်တော့်ကို ကြိုက် မိပြီး ကိုယ့်မှာ ရည်းစားတောင် မရှိဘဲ ညညဂစ်တာဝိုင်းမှာ “ သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ” ဆိုပြီး အသားကုန် ကြေကွဲမိနေပါသေးတယ် ။ ( အခုတော့ တကယ့် သားလေး ကို ကိုယ်ကြိုက်တဲ့ နာမည် ပေးခွင့်ရတဲ့ဘဝ ပိုင်ဆိုင်ရလို့ တော်ပါသေးရဲ့ ) ခုတော့ အဲဒီသီချင်းလည်း ဆိုစရာမလိုတော့ပါဘူး ။ ဆိုရင် ကျွန်တော့်မိန်းမ က ဘာ ကြောင်တာလဲ လို့ မေးမှာပါ ။


ငယ်ငယ်တုန်းက ကျွန်တော်တို့ ရေကျော် ၊ အိုးဘိုရပ်ကွက်ထဲမှာ ( ကို ) လွှမ်းမိုး သီချင်း လာဆိုတဲ့ ပွဲတစ်ခုတော့ မှတ်မှတ်ရရ ကြည့်ဖူးပါတယ် ။ အဲဒီပွဲမှာ ( ကို ) လွှမ်းမိုး က သူရဲ့ နာမည်ကြီးသီချင်းတွေ တော်တော်များများ ၁၄ - ပုဒ် ၊ ၁၅ - ပုဒ်လောက်ကို ဆိုပြပါတယ်။ သီချင်းတစ်ပုဒ် ဆိုပြီး ခဏနားတဲ့အချိန်လေးမှာ သူ ခေါ်လာတဲ့ ကီးဘုတ်သမား သူငယ်ချင်း ကို ပရိသတ်နဲ့ မိတ်ဆက်ပေးရာမှာ ( ကို ) လွှမ်းမိုး က “ ကျွန်တော့် သူငယ်ချင်းကို အော်ဂင်တီးပေးဖို့ မြောက်ကိုရီးယား က ခေါ်လာတာပါ ” ဆိုပြီး မိတ်ဆက်ပေးတော့ ပရိသတ်တွေ အားလုံး ဝါးကနဲ ပွဲကျသွားပါတယ် ။


အဲဒီအချိန်တုန်းက အာဇာနည်ကုန်းမှာ ဗုံးခွဲတဲ့ကိစ္စနဲ့ ဇင်မို တို့ ၊ ကင်မင်ချူး တို့ကို ဖမ်းမိချိန်ဆိုတော့ လူတိုင်း ပါးစပ်ဖျားမှာ “ မြောက်ကိုရီးယား ” နာမည်ကြီးနေချိန်နဲ့ တိုက်ပြီး ပရိသတ်ကို ပွဲကျအောင် ပြောတတ်တဲ့ပညာကိုလည်း မှတ်မှတ်ရရ ကြားခဲ့ ကြည့်ခဲ့ရပါတယ် ။


ဒီလိုနဲ့ ကျွန်တော် ဂစ်တာသမားတစ်ယောက်အဖြစ် စတီရီယိုလောကထဲ စ,ဝင်နေချိန် ၊ နှစ်တစ်နှစ်ရဲ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် ရန်ကုန်မြို့တော်ခန်းမရဲ့ ရှေ့က စင်မြင့်ပေါ်မှာ စတိတ်ရှိုး နဲ့ ပရိသတ်ကို ဖျော်ဖြေတဲ့ပွဲတစ်ခုကို ကျွန်တော်တိုးဝှေ့ပြီး လူအုပ်ထဲက ကြည့်ဖြစ်ပါတယ် ။


တီးဝိုင်းနာမည်ကတော့ အခုထိ မှတ်မိပေမယ့် အကြောင်း ကြောင်းကြောင့် မဖေါ်ပြတော့ပါဘူး ။ အဲဒီတီးဝိုင်းက အလှည့်ကျ စတီရီယိုတေးသံရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပွဲထုတ်ပြီး ( ကို ) လွှမ်းမိုး ရဲ့ အလှည့် ရောက်လာပါတယ် ။ ပရိသတ်ကလည်း ( ကို ) လွှမ်းမိုး ကို တအား အားပေးကြပါတယ် ။ ( ကို ) လွှမ်းမိုး က သူ့ ရဲ့ သီချင်းတစ်ပုဒ် နဲ့ စတင် ဖျော်ဖြေပါတယ် ။ သူ စ,ဆိုတဲ့ သီချင်းက လူတိုင်း သိတဲ့သီချင်းဖြစ်ပေမယ့် အဲဒီဝိုင်း ( နာမည်ကြီးတီးဝိုင်း မဟုတ်ပါ ) က သီချင်းရဲ့ " တမ်ပို ” လို့ ခေါ်တဲ့ အမြန်နှုန်းလည်း မမှန် ၊ သီချင်း Intro ကလည်း တီးတာ လွဲနေတော့ ( ကို ) လွှမ်းမိုး မှာ ဘယ်လိုမှ ဝင်ဆိုလို့ မရပါဘူး ။ သူ့ လို ဂစ်တာလည်း တီးတတ် ၊ သီချင်းလည်း ရေးတတ် ၊ ဆိုတတ်တဲ့ အဆိုတော်ကျွမ်း ဖြစ်နေတော့ တော်ရုံ ဝါသနာရှင် ဆိုရင် ဘယ်လိုနေမလဲ ၊ စဉ်းစားကြည့်နိုင်ပါတယ် ။ ကျွန်တော် က ပရိသတ်ထဲ ၊ လူအုပ်စုထဲက ကြည့်နေရတော့ ( ကို ) လွှမ်းမိုး ရဲ့ အခက်အခဲလည်း သိ တီးဝိုင်းအဖွဲ့ ရဲ့ ပရမ်းပတာဖြစ်နေတာကိုလည်း သနား ( ကိုယ့် ဂီတသမား အချင်းကိုယ်ချင်း စာမိတာပါ ) ရှေ့ဆက်ဘယ်လို ဖြစ်ကြမှာလဲဆိုတာ စိတ်ဝင်စားနေပါတယ် ။ ( ကို ) လွှမ်းမိုး ဘယ်လို ဒီပြဿနာကို ကိုင်တွယ်မလဲဆိုပြီး သူ့နေရာက ဝင်ခံစားမိနေပါတယ် ။ အဲဒီမှာ ( ကို ) လွှမ်းမိုး က အဲဒီ တီးဝိုင်း ရဲ့ သီချင်း အနှေးအမြန် အတိုင်းလည်း လိုက် မဆို ၊ သီချင်းရဲ့ Intro ကို လွဲမှား တီးနေတဲ့ အတီးသမားတွေ အပေါ်မှာလည်း လုံးဝ မျက်နှာ မပျက်ပဲ ( သူ ဘာမှ မဖြစ်သလို ) တီးဝိုင်း ဘက် ကို လှည့်မကြည့်ဘဲ ( တချို့ စုန်းပြူး အဆိုတော်တွေ လို ဆရာကြီး လုပ်ပြီး တီးဝိုင်းကို ရပ်ခိုင်း ၊ ဘာမှ မသိဘဲ လှည့်ကြည့် ၊ အချက်ပြတာတို့ ၊ ဘာမှ မလုပ်ဘဲ ) ပရိသတ်ကြီးကိုသာ သူ တီးသလို လက်ခုပ်သံ လိုက်တီးခိုင်းပါတယ် ။ သူတီးတဲ့ ' တိုင်မင် ' က လက်ရှိ တီးနေတဲ့ တီးဝိုင်းရဲ့ ' တိုင်မင် ' နဲ့ ဘာမှ မဆိုင်ပါ။


အဲဒီလို ပရိသတ် နဲ့ ၊ သူ နဲ့ လက်ခုပ်သံ တူတူညီညီ တီးကြတော့ တီးဝိုင်းလည်း သူတို့ မှားနေပြီ ဆိုတာ သိသွားတာ နဲ့ ဘာမှ မတီးတော့ဘဲ ရပ်လိုက်ကြပါတယ် ။ အဲဒီတော့မှ ပရိသတ်တွေ ရဲ့ လက်ခုပ်သံတွေ ( သူပေးတဲ့ တိုင်မင် အတိုင်း ) တီးကြတဲ့ အသံတွေနဲ့ " လေညှင်းလေးက တိုးတိုးလေး ပြောသွားတယ် ။ မင်း ချစ်သူ မင်း ကို မေ့ပြီ တဲ့ ” ဆိုတဲ့ စာသားလေးကို စဆိုပြီး အိန္ဒြေရှိရှိ နဲ့ တီးဝိုင်း ရဲ့ အမှား ကို ဖုံးဖိပြီး၊ ပရိသတ်ကြီး လုံးဝ မသိရအောင် တစ်ပုဒ်လုံး ဆိုပြီး ပွဲထိန်းခဲ့တဲ့ ပညာရပ် ကို ကျွန်တော် မျက်ဝါးထင်ထင် မြင်လိုက်ရမှ ၊ ဒါကြောင့် “ လွှမ်းမိုး " လို့ ခေါ်တာကိုး လို့ မှတ်ချက်ချ လိုက် မိပါတော့တယ်။


◾ နိုင်ဇော် ( Lazy Club )


📖 နံနက်ခင်း သတင်းဂျာနယ်

      အမှတ်စဉ် Vol.3 No.245

      ၄ ရက်၊ ဇွန်လ၊ ၂၀၀၈ ခုနှစ် 


koaungnaingoo.blogspot.com


 .