Tuesday, February 8, 2022

မေ့ဆေးပေးနည်း


 

❝ မေ့ဆေးပေးနည်း ❞

မောင်ထူး သည် လွန်စွာ စိတ်မြန်၏ ။ ထစ်ခနဲ ဆတ်ခနဲ ထိသည့်အခါ ကိုယ် ကိုပဲ ထိထိ ၊ စိတ်နှလုံး ကိုပဲ ထိထိ ထိသူ ကို လက်သီးဖြင့် ပြန်၍ ထိအောင် လုပ်တတ်၏  ။ အလွန် ဆိုးသွမ်းသော သာယာဝတီ ရွှေဘိုနယ်များ ၌ တစ်ကိုယ် တည်း ခရီးသွားသည့် အခါများမှာပင် လက်နက် ၊ တုတ် ၊ ဓား မဆောင် ၊ လက်သီး ကို သာ ဆောင် ကာ လက်သီး ကို သာ အားထားခဲ့ဖူးလေ၏  ။ မိမိ လက်သီး ကို ဝရဇိန်လက်နက် သိကြားစက် လောက် အစွမ်း သတ္တိရောက်သည် ဟု အထင် ကြီးလေ၏  ။ လက်ဝှေ့ ထိုးရလျှင် မိန်းမ ပိုးရသလောက် ပျော်၏ ။ ၎င်း မောင်ထူး မှာ မိခင်ဝမ်းမှ ထွက်၍ လာသော အခါကာလ ဤ လူ့ပြည်သို့ ရောက်စမှာပင် လက်သီးလက်ရုံး တန်းကာ ၊ ဆန့်ကာ ဆန်ကော ထက်၌ လက်သီး ဆုပ်ကာ ပက်လက်ကလေး နေရင်း လက်ဝှေ့ရေး ပြခဲ့သည် ဟု ပြော ကြလေသည် ။

သို့သော်လည်း ထို စကားမှာ စကားတို့ ဘာဝ ကား ၍ ကား ၍ ပြောသော ကောလာဟလ ၊ တစ်ဆင့်ထက် တစ်ဆင့် ကဲ ၍ ပြောသော သတင်းစကား မျှ ဖြစ်ဟန် လက္ခဏာ ရှိလေ၏ ။ အကြောင်းမူကား ၎င်း ကို အမိဝမ်း မှ လူ့ပြည်သို့ ပုစွန်လုံး နှိုက်သလို နိုက်ထုတ် ယူငင်ခဲ့ရသော ဝမ်းဆွဲ သည် ဒေါ်ဖီး ၏ ပြောစကားအရ ဝမ်းတွင်းကပင် သူငယ်နာရောဂါ ပါသဖြင့် ၊ အကြော ဆွဲ၍ လာခြင်း ဖြစ်ကြောင်း လုံလောက်သော အခြေခံနှင့် သိရှိရလေ၏ ။ လက်ဝှေ့ သမား ဝင်စားသောကြောင့် တကယ့် လက်ဝှေ့ရေး ပြ၍လာခြင်းကား လုံးလုံး ကြီး ဟုတ်ဟန် လက္ခဏာ မရှိလှချေ ။ ၎င်း မောင်ထူး သည် လက်သီး ကို အလွန် အားကိုးသူ ဖြစ်လင့်ကစား မိမိ ၏ သွား ၌ ပိုးစား၍ ပြင်းထန်စွာ နာကျင်သော ဝေဒနာကို ခံစားရသော အခါ၌ကား ၊ ပိုးများ ကို လက်သီးနှင့် ထိုး၍ မရ ။ တစ်ခါတစ်ခါ သွားပိုးများ ကို အများကြီး အငြိုးထားကာ တအားကြီး ထိုးချင် ကြိတ်ချင်သည့် စိတ် ဝင်၍ လာသော်ငြားလည်း ၊ ကြွက် မနိုင် ကျီ မီး နှင့် ရှို့ ဟူသော စကားလို ဖြစ်ကာ သွားပိုး မနာ ၊ ပါးကျိုးမှာကိုသာ စိုးရှာသဖြင့် တအား မထိုးသာရုံ မက ၊ သွားကြား မှ မထိုးရဲအောင် ညှာခဲ့ရလေ၏ ။ ဤကား လူသတ္တဝါတို့ ၏ ဓမ္မတာပေတည်း ။ အဘယ်ကား လူသတ္တဝါတို့ ၏ ဓမ္မတာပေနည်း ဟု မေးအံ့ ၊ အကြင်သူသည် အခြားတစ်ပါးသော သူတစ်ထူးအား အနာတရ ဖြစ်စေဖို့ရန် ထိုးခြင်း ၊ ကြိတ်ခြင်း တည်းဟူသော အလုပ်ကို လုပ်ချင်သော စိတ်သည် အဘယ်မျှပင် ကြီးမား ထက်သန် ဝေလျှံမို့မောက်ခြင်း ဖြစ်နိုင်စေကာမူ ၊ မိမိ ၏ ကိုယ်ခန္ဓာ ပဉ္စက ကို မူကား ပိုး ပုရွက် ကမြင်းနီ ကိုက်သလောက်မှ နာကျင်အောင် စစ်စစ် ထိခြင်းအမှုကို ပြုခြင်း၌ စိတ်အား ထက်သန် ၊ မျက်မာန် ကင်းမဲ့သော ဓမ္မတာ သဘောတရားကြီးပေတည်း ။

သို့ဖြစ်လေရာ မောင်ထူး မှာ သွားပိုး ထိုးသဖြင့် ကျိုးကျိုးကျည်ကျည် မချိ နာကျင် အလွန်ပင် ဒုက္ခများပြီး ၊ တညည်းညည်း တညူညူ ဇနီးသည် မမူ သော်မှ မအိပ်နိုင်အောင် ညဉ့်အခါ၌ ပူဆူရလေ၏ ။ မမူ လည်း ထိုဝေဒနာ ကို ပပျောက်အောင် မ ကူခြင်း မပြုနိုင်ချေ ။ သို့ဖြစ်သောကြောင့် စစ်စစ် ထိမခံ ၊ အလွန်တရာမှ နာတတ် ၊ ကျင် တတ်သော လင်ယောက်ျား တစ်ယောက် ဖြစ်ကြောင်း သိပါလျက်နှင့် အသိ ခေါက်ခက် အဝင် နက်ကာ ၊ လင်ယောက်ျား မောင်ထူး အား “ ကိုထူး ကိုထူး ဝေဒနာ ခံစားပြီး နေရတာကို ကျွန်မ ကြည့်လို့လည်း မနေနိုင် ၊ ကယ်လည်း မကယ်နိုင် ၊ ကယ်လည်း မကယ်တတ် ၊ အစားအသောက်လည်း ငတ် ၊ အအိပ် လည်း ပျက် ၊ ဒီလိုသာ နေရလျှင် အခက်ကြီး ခက်တော့မယ် ၊ သွားစိုက်ဆရာ့ ထံ ကို သွားပြီး ပိုးစားတဲ့ ဒီသွား ကို မြန်မြန်ကြီး နုတ်လို့သာ ပစ်စေချင်တာပဲ ” ဟု အိပ်စက်၍ မဖြစ်သော အသံနှင့် စိတ်စက်ညစ်ကာ အကြံ ပေးရှာလေ၏ ။

ထိုအခါ မောင်ထူး က “ မင်း အကြံဟာ သင့်ဟန် ရှိရဲ့ မမူ ၊ ဒီလို နေရင် အစာငတ် အအိပ်ပျက် ၊ စိတ်စက်တောင် ရူးနောက်မှာ စိုးတာမို့ တစ်မူးစ ၊ တစ်မတ်စ မင်း စုလို့ ရသမျှနဲ့ နက်ဖြန်ခါ သွား နုတ်ရန် သွားမှ တော်မှာပဲ ” ဟု စိတ်လက်ပင် လေးလံသော်လည်း ပျောက်ချင်ဇော ထက်သန်သဖြင့် အမှန်ပင် ဝန်ခံလိုက်ရလေတော့သတည်း ။

မိုးလင်းသော အခါ မမူ စုသော ပိုက်ဆံဘူးကလေး ကို ဖောက်ပြီး မောင်ထူး သည် ဆရာ ထံ တစ်ယောက်တည်း ထွက်၍ သွားလေရာ ခမ်းနားသော ဆရာ ၏ အခန်းသို့ ရောက်၍ သွားလေ၏ ။ ဆရာသည် ခွန်အား ဗလ အတော်ကြီးမားသော ဆရာ ဖြစ်၏ ။ ဆရာ နှင့် တူသည်ထက် လက်ဝှေ့ သမား ၊ နပန်းသမား နှင့် ပိုမို၍ အသွင် တူ၏ ။ လူလုံးလူထည် ကြီးမား ထွားကျိုင်းသန်မာ ၊ အရပ်အမောင်း မှာ မောင်ထူး ထက် သာသာကြီး မြင့်၏  ။

မောင်ထူး သည် ၎င်း ဆရာ ကို မြင်လျှင်မြင်ချင်း ၎င်း သည် ငါ ၏ သွား ကို ဧကန်နိုင်နင်းမည့် ယောက်ျား ဟု ယုံကြည် ကိုးစားလေ၏ ။ မောင်ထူး အဘယ်အကြောင်းကိစ္စ နှင့် လာသည်ကို ဆရာ မေးရန် မလို ၊ မောင်ထူး ၏ ရှုံ့ မဲ့သော မျက်နှာဖြင့် သွား အတွက် ငွေပေးရန် လာကြောင်းကို သိလေ၏ ။ မောင်ထူး ၏ နဖူး ကို လက်တစ်ဖက် နှင့် ကိုင်၏ ။ တစ်ဖက်သော လက် ဖြင့် မောင်ထူး ၏ မေးကို ပင့်ကိုင်၏ ။ ဝယ် မည့် နွား ကို သွား ဖြဲ ကြည့်သလို မောင်ထူး ၏ သွား ကို ကြည့်၏ ။ အတော် အနာကြီးကြောင်း သိ၏ ။ ဦးခေါင်း ခါ၏ ။ စုတ် သပ်၏ ။

“ ဒီသွား နုတ်ရမယ် ၊ မနုတ်လျှင် ကြာကြာ ခံရလိမ့်မယ် ” ဟုပြော၏ ။

“ နုတ်ချင်လို့ လာတာပါပဲ ဆရာ ၊ မြန်မြန် သက်သာအောင် လုပ်ပါ " ဟု မောင်ထူး က ပြော၏ ။

ဆရာ သည် မောင်ထူး အား ကုလားထိုင် ၌ အလှန် ခိုင်း၏ ။ သွား ကို စမ်းသပ်ကိုင်တွယ် လှုပ်နှဲ့ရာ မောင်ထူး သည် မျက်စိ မှိတ်ကာ စိတ် ကို တင်းလျက် လက်သီး ကို တင်းစွာ ဆုပ်၍ ထား၏ ။ ဆရာ သည် သွား ကို နုတ်ရာ နုတ်သော ညှပ် ကောင်းစွာ မမိသဖြင့် ချော်၍ သွား၏ ။ မကျွတ်ဘဲ အကြော ကို လျှောက်ကာ ပြင်းစွာ နာကျင်၏ ။

မောင်ထူး ၏ ဆုပ်၍ ထားသော လက်သီးတစ်လုံး သည် ဆရာ ၏ မေးရိုးပေါ် သို့ အုတ်ခဲ တစ်လုံး ထိရောက်သလို ထိရောက်၍ သွား၏ ။ သည် လူ လုပ်လို့ ဟူသောစကား နှင့် ဖြောင်းဖြောင်း မြည်သော လက်ခမောင်း ခတ်သံ သည် ဆရာ့ ထံ မှ ထွက်ပေါ်ကာ သွားစိုက်ခန်းမှာ ပဲ့တင်ထပ်၍ သွား၏ ။ မောင်ထူး လည်း ကုလားထိုင် မှ ခုန်၍ ဆင်း၏ ။ သွားနာ ကို မေ့ပြီး ဖြောင်း ဖြောင်း ဟု မြည်အောင် လက်ခမောင်း ခတ်၏ ။ နှစ်ယောက်သား ထိုးကွင်း မင်ကြောင်များ ပေါ်အောင် ခါးတောင်းမြှောင်၍ သွားကြလေ၏ ။

ဖြောင်းဖြောင်း ၊ ဖြောင်းဖြောင်း ဟူသော ဆရာ နှင့် လူနာ ၏ လက် ခမောင်း ခတ်သံ တို့သည် ရောစပ်၍ မြည်ကြ၏ ။ မကြာမီ ကြက်နှစ်ကောင် ခွပ်သလို ဒူးပျံ ၊ လက်သီးပျံ လွှတ်ကြလေ၏ ။ ဆရာ နှင့် လူနာ သည် ပူးချည် ခွာချည် ဂျိုက်ဒင်ပဆီ နှင့် ကာပင်တီယာ ၊ ဝစ်လာ နှင့် ဂျွန်ဆင် တို့လို အလွန်ပင် အထိုး ကောင်းကြသဖြင့် တိုက် ရှေ့၌ ပရိသတ်တွေ ဝိုင်းအုံကာ လက်ဝှေ့ပွဲ ကို ကြည့်ကြလေ၏ ။

မောင်ထူး စိတ်၌ ဤ ဆရာသည် သွားနာ ၊ သွားပိုးများ ကိုသာ နိုင်သည် ဟု မှတ်ထင်ခဲ့၏ ။ ယခုမှာကား လက်သီးကောင်း ပိုင်သူ ဖြစ်ကြောင်းကို သိစ ပြုလေ၏ ။ သို့သိသည်နှင့် တစ်ပြိုင်တည်း ဆရာ ၏ လက်သီး သည် မောင်ထူး ၏ ပါးပေါ်သို့ ကျရောက်ရာ ကြမ်းပေါ် သို့ မောင်ထူး တစ်စောင်းလဲ ၍ ကျပြီး မူးမေ့၍ ကျသွားလေ၏ ။ ၎င်း ၏ ပါးစပ် အနီး သွေးကွက်ထဲ၌ ဖြူသော အရာ ဝတ္ထု တစ်ခု ပေါ်၍ နေသည်ကို မြင်နိုင်လေ၏ ။

ကိုက်ခဲနာကျင်ခြင်း ကို မသိ ၊ မေ့ဆေး ပေးထားသလို နေ၏ ။ ဆရာ သည် မောင်ထူး အား နှိုး ၍ ထူပြီး ပြုတ်၍ ကျနေသော မောင်ထူး ၏ သွား ကို ကောက်ယူ၍ ၊ ကျော ကို သန်မာသော လက်မောင်းများ နှင့် ဖက် ကာ ရေဇလုံ ရှိရာသို့ ခေါ်သွားပြီး ၊ ပါးစပ် ကို ဆေးရည်တို့ နှင့် ဆေးကြောပြီးနောက် သွား ကို ပြ၏ ။ ထိုနောက် စာရေး စားပွဲမှာ ထိုင်ကာ စက္ကူတစ်ချပ် ကို ရေးပြီး မောင်ထူး အား လှမ်း၍ ပေးလေ၏ ။

ထို စက္ကူ မှာ သွားနုတ်ခ ( ၅ ) ကျပ် အတွက် ဘီလ်စာရွက် ဖြစ်လေ၏  ။ မောင်ထူး သည် မိမိ ၏ သွား ကို ကျေနပ်စွာ ကိုင်၍ ကြည့်ရှုပြီး ငွေ ( ၅ ) ကျပ် ကို ထုတ်၍ ပေးရင်း ၊ “  ယခုလို ပျော်ပျော်ပါးပါး နုတ်ရတော့ နာရမှန်း မသိဘူး ဆရာ ” ဟု ကြည်ဖြူကျေနပ်စွာ ရယ်မော၍ ပြော၏ ။

ဆရာ ။  ။ “ ဟင့်အင်း ၊ ပထမဦးဆုံး ရိုးရိုး အစိမ်းတိုက် နုတ်တော့ နာမှန်း သိတာ နဲ့ မေ့ဆေး ပေးတာကိုး ၊ ဘာနာမလဲ ”  ဟု ပြောရင်း ငွေ ( ၅ ) ကျပ် ကို ယူလေ၏ ။ ထို့နောက် မောင်ထူး ၏ ပခုံး ကို ကိုင်ပုတ်ကာ စကား ဆက် လျက် “ မေ့ဆေး ကောင်းကြောင်း ကြော်ငြာမောင်းကလေးများ လွှင့် လိုက်စမ်း ပါ ” ဟု ပြောရင်း မောင်ထူး အား တံခါးသို့ ရောက်အောင် လိုက်၍ ပို့လိုက် လေ၏  ။

◾  ပီမိုးနင်း

📖  ဗန္ဓုလဂျာနယ် ဝတ္ထုများ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment