❝ အဆိပ် ❞
“ ပန်းရမယ် သပြေပန်း ၊ နှင်းဆီပန်း ၊ သစ္စာပန်း ဘုရားတင်ဖို့ အတွက် ပန်းလှလှလေးတွေ ရမယ် ”
“ ဟေ့ မာလာ ၊ ခဏစောင့်ဦး ငါ ပန်းယူမလို့ ”
ပန်းတွေ အပြည့် ထည့်ထားသည့် ခြင်းတောင်း အား ခေါင်းပေါ် ရွက်ပြီး သူမ အိမ်ရှေ့ကို ကျော်ပြီး အော်ရောင်းနေသည့် သူငယ်ချင်း မာလာ ကို အိမ်ထဲက နေပြီး ကြည်ပြာ လှမ်းအော် တားကာ သူမ ဆီ လျှောက်သွားလိုက်သည် ။ အနားရောက်သည်နှင့် ခြင်းတောင်းထဲ က သပြေပန်း ၃ စည်းလောက် ကို ဆွဲယူပြီး အိတ်ကပ်ထဲ ထည့်ထားသည့် ငွေ ကို ထုတ်ပေးလိုက်သည် ။ ထို့နောက် ကြည်ပြာ သည် မာလာ ကို ကြည့်ပြီး မသိမသာ နှာခေါင်းရှုံ့ လိုက်သည် ။
“ ဒီမယ် မာလာ ၊ နင် ဒီလို ပန်းတွေကို ခေါင်းပေါ်ရွက်ပြီး အော်ရောင်းနေတာ မရှက်ဘူးလားဟင် ”
ပြောမနာ ဆိုမနာသည့် သူငယ်ချင်း အရင်းကြီးတွေ ဖြစ်ကြသည်မို့ ကြည်ပြာ သည် ဇက် ကို ပုပြီး မဝံ့မရဲ ဘွင်းဘွင်းကြီး မေးလိုက်သည် ။ ကြည်ပြာ ၏ အမေးကြောင့် မာလာ သွားပေါ်အောင် ရယ်လိုက်မိသည် ။
“ မရှိလို့ ပြောင် လုပ်စားတာ သူများပစ္စည်း ကို ခိုးစားတာမှ မဟုတ်တာ သူငယ်ချင်း ရယ် ၊ ဘာလို့ ရှက်ရမှာလဲလို့ ။ ရှက်လို့ မလုပ်စားရင် ငါ နဲ့ အမေ နှစ်ယောက် လုံး ထမင်း ငတ်ကုန်မှာပေါ့ ဟ ”
မာလာ ၏ စကားများ သည် အားလုံး အမှန်တွေချည်း ဖြစ်သည် ။ ချို့တဲ့သည့် မိခင်မုဆိုးမ နှင့် အတူတူ နေကြရသည့် ဘဝတူ သူငယ်ချင်းတွေ ဆိုပေမယ့် မာလာ သည် မရှက်မကြောက် သူမ ၏ မိခင် နှင့် အတူ ဘဝ ကို ရုန်းကန်သည် ။ ကြည်ပြာ မှာတော့ ထိုကဲ့သို့ နိမ့်ပါးသည့်အလုပ်များ ကို လုပ်ရမှာ အလွန် ရှက်သည် ။ မာလာ ကဲ့သို့ ဈေးတောင်း ကို ခေါင်းပေါ် ရွက်ပြီး အော်ရောင်းရလျှင်ဖြင့် ဟု တွေးမိသည့် အချိန်တိုင်း သူမ တစ်ကိုယ်လုံး ကြက်သီးတွေ ဟိုနားဒီနား သီးထလာသည် ။ အခုလည်း အတူတူပင် ။ မာလာ နှင့် စကား ဆက်ပြောဖို့ ကြည်ပြာ တွင် ဘာ ခွန်အားမှ မရှိတော့ချေ ။
“ ကျောင်းကျမှ တွေ့တော့မယ်နော် မာလာ ”
ထို့ကြောင့် စကားကြော ကို အမြန်ဆုံး ဖြတ်ချလိုက်သည် ။
“ အိုခေ ကောင်းပြီလေ ၊ ဒါဆို ငါ ဈေး ထပ်ရောင်းလိုက်ဦးမယ် နော် ”
ကြည်ပြာ သည် မာလာ ကို ခေါင်းညိမ့်ပြလိုက်သည် ။
“ ပန်းတွေ ရမယ် သပြေပန်း ၊ သစ္စာပန်း ပန်းလှလှလေးတွေ ဘုရားတင်ဖို့ ရမယ် ”
သူမ ကို ကျောခိုင်းပြီးသည်နှင့် ပန်းတွေ ကို အသံပြဲကြီး နှင့် အော် ရောင်းနေပြန်သည့် မာလာ ၏ ကျောပြင်ကို ကြည့်ပြီး ကြည်ပြာ ရင်ထဲ ဘာမဆိုင် ညာမဆိုင် ရှက်စိတ်များ ဝင်ရောက်လာသည် ။
“ တော် တော် ... မရှိရင်လည်း တခြား အလုပ်ပဲ လုပ်စားမယ် ။ အသံပြဲကြီး နဲ့ အော်ရောင်းရမှာ ကိုတော့ အရှက်ဆုံးပဲ ”
ကြည်ပြာ သည် ပန်းစည်း ကို ကိုင်ထားရင်း ပခုံးပါ တုန်ခါမြင့်တက်သွားအောင် တစ်ယောက်တည်း ရေရွတ်ပြီးသည် နှင့် အိမ်ထဲ ပြန်ဝင်သွားလေသည် ။
°°°°° °°°°° °°°°°
“ ရှေ့တစ်ပတ် သောကြာနေ့ ကျရင် ကျောင်းမှာ အာစရိယ ပူဇော်ပွဲ ရှိတယ် မေမေ ။ အဲဒါ အတန်းပိုင်ဆရာမ က တစ်ယောက် ကို အနည်းဆုံး ငါးထောင် ကို ဗုဒ္ဓဟူးနေ့နောက်ဆုံး ထည့်ရမယ်လို့ မှာ လိုက်တယ် မေမေ ”
ကြည်ပြာ သည် ကျောင်း ကနေ အိမ် ကို ပြန်ရောက်ရောက်ချင်းပင် လွယ်အိတ် ကို အိမ်တိုင်က သံငုပ်တွင် ချိတ်ပြီး မိခင် ဖြစ်သူ ဒေါ်ခင်မေ အား အသိပေးလိုက်သည် ။ “ ငါးထောင် ” ဆိုသော ငွေပမာဏ ကို ကြား ပြီး ဒေါ်ခင်မေ ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ထိုနှင့်အတူ မျက်လုံးပါ မသိမသာ ဝိုင်းစက်သွားသည် ။ ငါးထောင် ဆိုသော ငွေပမာဏ သည် ချမ်းသာသော မိသားစု အတွက်တော့ သူတို့ သားသမီး ကို ကျောင်းမုန့်ဖိုး ပေးသလောက် သာ ရှိပေမယ့် သူမ အဖို့တော့ သားအမိ နှစ်ယောက် စားရန် အတွက် ဆန် သုံးပြည် လောက် ဝယ်လို့ ရသည် မဟုတ်ပါလား ။ ကြည်ပြာ ပြောသည့် ငွေ ငါးထောင် သည် သူမ ၏ အိတ်ထောင်ထဲ တွင် ရှိသည် ။ သို့ပေမယ့် ဆန်အိုး ထဲတွင်တော့ ဆန် တစ်စေ့ မျှ မရှိတော့ချေ ။ မည်သို့ပင်ဖြစ်စေ သမီးကြည်ပြာ စိတ်ညှိုးနွမ်းသွားမှာ ကိုတော့ ဒေါ်ခင်မေ မလိုလားပေ ။
“ အေးပါ သမီးရယ် ၊ မေမေ ဗုဒ္ဓဟူးနေ့ အမီ ပေးပါ့မယ် ဟုတ်ပြီလား ”
ထို့ကြောင့် ကြည်ပြာ စိတ်ကျေနပ်သွားအောင် ချော့မော့ထားလိုက်သည် ။ ကြည်ပြာ သည် ဒေါ်ခင်မေ ၏ စကားများကို ထမင်းစားရင်း ခေါင်းညိတ် ပြလိုက်သည် ။
°°°°° °°°°° °°°°°
နေ့လယ်ခင်း ထမင်းစားချိန် ကျောင်းဆင်းတော့ အိမ် ကို မသာယာသော မျက်နှာထားဖြင့် ပြန်ရောက်လာပြီး ထမင်းစားပွဲပေါ် ဘုတ်ခနဲ ထိုင်ချကာ စိတ်လက် မပါသည့် အမူအရာ နှင့် ထမင်းစားနေသော ကြည်ပြာ ကို ဒေါ်ခင်မေ သတိထားလိုက်မိသည် ။
“ မေမေ သမီး ပြောထားတဲ့ ငွေ ရှိရင် ပေးပါတော့လား ဟင် ။ ဗုဒ္ဓဟူးနေ့ က မနက်ဖြန် မို့လို့ ဒီနေ့ပဲ သူငယ်ချင်းတွေ က အာစရိယ ပူဇော်ပွဲ အတွက် ငွေ ကို ဆရာမ ဆီ ပေးပြီးကုန်ကြပြီ ။ မာလာ တောင် ပါသေးတယ် ။ သမီး တစ်ယောက်တည်း ပဲ ကျန်တော့တယ် မေမေ ရ ။ ဆရာမ က သမီး ကို ဘယ်တော့ ပေးမှာလဲတဲ့ အီး ဟီး ဟီး သမီး ရှက်တယ် မေမေ ”
ထင်သည့်အတိုင်း ဖြစ်လာသောကြောင့် ကြည်ပြာ ကို ကြည့်ပြီး ဒေါ်ခင်မေ ရင်ကွဲမတတ် ခံစားလိုက်ရသည် ။ မရှိကြတာချင်း အတူတူကိုမှ မာလာ က ပေးပြီးသွားပြီ ဆိုတော့ အခက်သား လား ။ လက်ရှိ သူမ ထံတွင် အခုချက်ချင်း ကောက်ကာငင်ကာ သေသွားတောင် ပါးစပ်ထဲ ထည့်ဖို့ မူးတစ်ပြား တောင် မရှိချေ ။ ထုံးစံအတိုင်း သမီး ဖြစ်သူ ကြည်ပြာ ကို ချော့ရန်သာ ရှိတော့သည် ။
“ ပိုက်ဆံ က ဗုဒ္ဓဟူးနေ့ မှ နောက်ဆုံး ပေးရမှာ မဟုတ်လား သမီးရယ် ၊ မနက်ဖြန် ကို အဲဒီ ငွေငါးထောင် ရအောင် ရှာပြီး ပေးပါ့မယ်နော် သမီး ။ အခု မေမေ့ ဆီမှာ မရှိသေးလို့ပါ ”
“ မေမေ့ ကို ပြော လိုက်ရင် အဲဒီ အတိုင်းချည်းပဲ ။ အဲဒီ ပိုက်ဆံ ကို သမီး က သုံးမှာလည်း မဟုတ်ဘူး ၊ အာစရိယပူဇော်ပွဲအတွက် ပေးရမှာလို့ ရှေ့တစ်ပတ်ကတည်းက ပြောထားတာကို အခုထိ မရနိုင်သေးဘူး ။ ဘယ်တော့များမှ မေမေ့ ဆီမှာ ငွေ ရှိလာဦးမှာလဲ ဟင် ။ ကျောင်းမှာ အရာရာတိုင်း ကိစ္စတိုင်း အောက်ကျနောက်ကျ ဖြစ်ရလွန်းလို့ ကျောင်းတောင် နေချင်စိတ် မရှိတော့ဘူး ”
ကြည်ပြာ သည် ဒေါသကြောင့် စားလက်စထမင်း ကို ကုန်အောင် မစားဘဲ လက် ကို ထဆေးကာ လွယ်အိတ် ကို ဆွဲယူပြီး အိမ်ပြင် ကို ထွက်သွားလေသည် ။ ကြည်ပြာ စားထားသော ပွသရောင်း ထနေသည့် ထမင်းစားစားပွဲ ကို အဝတ်စ နှင့် သုတ်ပြီး ပါးပေါ် ကျတော့မလို ဖြစ်နေသည့် မျက်ရည်အား လက်ခုံ နှင့် အမြန်ဆုံးသုတ်ပြီး ပြုံးလိုက်သည် ။ ဘယ်လောက်ပင် ဆိုးဆိုး မိမိ ၏ ရင်နှစ်သည်းချာ သားသမီးမို့ ဘယ်မိဘ က အပြစ် မြင်မည်နည်း ။ ယခု ဒေါ်ခင်မေ သည်လည်း ထိုနည်းလည်းကောင်းပါပင် ။ ကြည်ပြာ အား အပြစ်မမြင်သည့် အပြင် သူမ ၏ လိုအပ်ချက်အား မဖြည့်ဆည်းပေးနိုင်သည့် အတွက် ဒေါ်ခင်မေ ပို၍ စိတ်မကောင်း ဖြစ်နေရသည် ။
°°°°° °°°°° °°°°°
“ ဘယ်လို ဖြစ်တာလဲ ဟင် ခင်မေ ၊ နင့် သမီး ငိုပြီး ကျောင်းသွားနေတာ ကို တွေ့လိုက်တယ် ”
ရုတ်တရက် အိမ်ထဲ ဝင်လာသည့် မာလာ ၏ မိခင် ဒေါ်ရီမြင့် ကြောင့် ဒေါ်ခင်မေ သည် လုပ်လက်စ အလုပ် ကို ဖြတ်ပြီး အိမ်ရှေ့ဘက်ကို ထွက်လာကာ ကြမ်းခင်းပေါ် ထိုင်ချလိုက်သည် ။
“ တွေ့လိုက်တာလား မရီမြင့် ၊ အာစရိယပူဇော်ပွဲကြေး မပေးနိုင်သေးဘူး ပြောလို့ စိတ်ကောက်သွားတာပါ ”
ဘယ်လောက်ပင် ရင်းနှီးကြသည့် မိတ်ဆွေ ဟု ပင် ပြောပြော ကိုယ့် သားသမီး အသုံးမကျ ဖြစ်နေသည်ကိုတော့ ဘယ် သူစိမ်း ကို မှ ပေး မသိချင်ကြတာ မိဘတိုင်း ၏ စိတ်ပင် မဟုတ်လား ။ ဒေါ်ခင်မေ တွင်လည်း ဒီစိတ် ရှိသည် ။ ထို့ကြောင့် ကြည်ပြာ နှင့်ပတ်သက်ပြီး အမှန်တရားချိုချိုလေးအား နှစ်လိုဖွယ်ကောင်းအောင် ရယ်မောရင်း ပြောလိုက်သည် ။ ဒေါ်ရီမြင့် သည်လည်း ကြည်ပြာ ဆိုး တာကို သိသည် ။ သို့ပေမယ့် သူငယ်ချင်း ၏ သမီး မို့ လို့ ကိုယ့် သမီးအရင်း လို သဘောထားပြီး မပြစ် မမြင်ပေ ။
“ အဲဒါ အသာထား အခု ကျုပ် တောထဲ ထင်းခွေ သွားမလို့ တော် လိုက်ဦးမလား ”
“ အင်းလေ ၊ မှိုလေးဘာလေး ရှာရအောင် သွားကြတာပေါ့ ”
ဒေါ်ခင်မေသည် ပြောပြောဆိုဆိုနှင့် သံမှာ ချိတ်ထားသည့် ပလိုင်း ကို ဆွဲယူပြီး သိုင်းလွယ်လိုက်သည် ။ ထရံကြား ထဲ ညှပ်ထားသည့် ဓားရှည် ကိုပါ ဆွဲကိုင်လိုက်ပြီး ဒေါ်ရီမြင့် နှင့်အတူ တောထဲ ဝင်လာခဲ့သည် ။ ဒေါ်ရီမြင့် သည် ထင်းခြောက်များ ကို ရှာဖွေကောက်ပြီး နွယ်ကြိုး နှင့် စည်းပြီး ပုံထားသည် ။ ဒေါ်ခင်မေ သည် တောကြိုအုံကြား တောင်ကတုံးတွေ ဆီ လျှောက်သွားပြီး မှိုများ ရှာသည် ။ ကံကြမ္မာက သူမ အား မျက်နှာသာ ပေးသည်ဟု ဆိုရမည်လားတော့ မသိ ။ သူမ ရှာလိုက်သည့် နေရာတိုင်းတွင် မှို နှင့် ပက်ပင်း တိုးသည် ။ ထို့ကြောင့် သူမ ၏ ပလိုင်းထဲတွင် မှိုများ အတော်အတန် ပြည့်နေပြီ ဖြစ်သည် ။
မှို ရသည့် မျက်နှာ ဟူသည် ဒေါ်ခင်မေ ၏ အပြုံးမျက်နှာ ကို ပြောသည်လား မသိ ။ ဒေါ်ခင်မေ သည် ပျော်လွန်း၍ ဆိုမိဆိုရာ သီချင်းများ ကို မညီမညာ ဆိုနေမိသည် ။ ဆိုင်းမဆင့် ဘုံမဆင့်ဘဲ မိုးပါ သည်းကြီးမည်းကြီး ရွာချလိုက်တော့ အမောများတောင် ပြေသွားသည် ။ အိမ် ရောက်သည် နှင့် မှိုများ ကို အဝယ်ဒိုင် ထံ သွားသွင်းတော့ ငွေ လေးသောင်း လောက် ခိုင်သွားသည် ။ ဒါပေမဲ့ ညရောက်တော့ ဒေါ်ခင်မေ ဘယ်လို မှ အိပ်၍ မရနိုင်အောင် သူမ ၏ ကျောတစ်ပြင်လုံး ပူလောင်သလို ခံစားရပြီး ယားယံ လာသည် ။ တန်းလေးပေါ် တင်ထားသည့် ဘာမီတွန်ဘူး ကို ယူပြီး သက်သာလိုသက်သာငြား ဖွင့်ပြီး နှစ်လုံး လောက် ဆင့် သောက်ပြီး အိပ်သည် ။ ဒါပေမဲ့ ဘယ်လိုမှ မသက်သာ ။ သမီး ဖြစ်သူ ကြည်ပြာ ကို ကြည့်လိုက်မိတော့ သူမ က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတော့ မနှိုးရက်တော့ပေ ။ အိပ်နေရာက ကုန်းထပြီး တိုင်မှာ ချိတ်ထားသည့် ဘီး ကို ဖြုတ်ပြီး လက်လှမ်းမီသလောက် နောက်ကျော ကို လက်နောက်ပစ်ပြီး ထိုးကုတ်သည် ။ မသက်သာပေ ။ မတတ်နိုင်တော့သည့် အဆုံး မိုးလင်းသည်နှင့် ဆေးရုံ ကို ပြေးရတော့သည် ။
တာဝန်ကျ ဆရာဝန်ကြီး သည် ဒေါ်ခင်မေ ၏ နောက်ကျောက အင်္ကျီ စ ကိုလှန်ပြီး ကြည့်လိုက်သည့် ခဏဝယ် သူ ၏ မျက်ခုံးတွေ ပင့် တက်သွားသည် ။
“ အဒေါ် မနေ့ က တစ်ခုခု လုပ်ခဲ့သေးလား ”
“ ဟုတ်ကဲ့ မနေ့ က တောထဲ သွားပြီး မှို ရှာခဲ့ပါတယ် ”
ဒေါ်ခင်မေ သည် ဆရာဝန် ၏ အမေး အား မှောက်လျက်အနေအထား နှင့် လှဲအိပ်ရင်း က ဖြေလိုက်သည် ။
“ ဘယ် အချိန်လောက်ကလဲ ”
“ ညနေ လေးနာရီ လောက်ကပါ ”
“ မှိုတွေ အများကြီး ရခဲ့တာပဲလားဟင် အဒေါ် ”
ဒဏ်ရာက မသက်သာသည့် ကြားထဲ ရွှတ်နောက်နောက် လုပ်နေပြန်သော ဆရာဝန် ကြောင့် ဒေါ်ခင်မေ ဒေါသထွက်လာသည် ။
“ အလကား စတာပါ အဒေါ် ၊ မနေ့က ပြန်လာတော့ မိုး မိခဲ့တယ် မဟုတ်လား ”
ဒေါ်ခင်မေ သည် ဆရာဝန် ၏ အမေး အား ခေါင်း ကို ဆတ်ခနဲ ညိတ်ပြီး ပြန်ဖြေသည် ။ ဆရာဝန် သည် သူ့ စကား ကို ဆက်ပြောလိုက်သည် ။
“ မှို ဆိုတာ က အဆိပ် လေ ဒေါ်ဒေါ် ၊ အဲဒါကို မိုး က ရွာချလိုက်တော့ ဒေါ်ဒေါ် ရဲ့ ကျောပေါ် မှိုအဆိပ် တွေ စီးကျ ကုန်တာပါ ။ မပူပါ နဲ့ ဆေးရုံ တက်ပြီး ကုလိုက်ရင် သက်သာသွားမှာပါ ”
ဆရာဝန် သည် သူ့ ဘေးမှာ ရပ်နေသည့် သူနာပြုမလေး ကို မှာစရာ ရှိသည်များကို မှာပြီး တခြား လူနာများကို လိုက်ပြီး ကြည့်နေပြန်လေသည် ။
ကြည်ပြာ သည် သူနာပြုမလေး ဆေးလိမ်းပေးနေသည့် ညိုမည်းပြီး အရေပြားများကွာကျနေသော မိခင် ဒေါ်ခင်မေ ၏ ကျောပြင် ကို ကြည့်ပြီး ငြိမ်သက်နေသည် ။ ဆေးလိမ်းပြီးလို့ သူနာပြုမလေး ပြန်ထွက်သွားတော့မှ ကုတင်ဘေး က ခုံတန်းရှည်ပေါ် ထိုင်ပြီး ဒေါ်ခင်မေ ၏ လက် ကို ဆုပ်ကိုင်ထားလိုက်မိသည် ။
“ အရမ်း နာနေလားဟင် မေမေ ၊ ဒီ မှိုအဆိပ် မိထားတဲ့ ဒဏ်ရာ က ပျောက်ပျောက်ပါဦးမလားဟင် မေမေ ”
ဒေါ်ခင်မေ သည် သူမ ၏ မျက်နှာ ကို စိုးရိမ်စွာ ကြည့်ပြီး မေးနေသည့် ကြည်ပြာ ကြောင့် ပြုံးလိုက်မိသည် ။
“ ဘာဖြစ်လို့ မပျောက်ရမှာလဲ သမီးရယ် ၊ ပျောက်တာပေါ့ ။ မပျောက်နိုင်တာက မေမေ့ ရင်ထဲမှာ သမီး ကို ငုံထားမတတ် ချစ်တဲ့ အချစ်ဆိပ် ပါပဲ ။ အခု မေမေ ဒီလို ဆေးရုံ မှာ လှဲနေတော့ သမီး ရဲ့ ကျောင်းကိစ္စ နဲ့ စားဖို့သောက်ဖို့ အတွက် ဘယ်လိုစီစဉ်ရရင် ကောင်းမလဲလို့ မေမေ တွေးနေတာ ။ ဪ ဒါနဲ့ ဒီနေ့က ဗုဒ္ဓဟူးနေ့ မဟုတ်လား ၊ ရော့ ဒီမှာ သမီး ဆရာတွေ ကို ကန်တော့ဖို့ အတွက် တောင်းထား တဲ့ အာစရိယပူဇော်ပွဲကြေး ငါးထောင် ”
ဒေါ်ခင်မေ သည် ပြောပြောဆိုဆိုနှင့်ပင် သူမ ၏ ခေါင်းအုံးဘေးတွင် ချထားသည့် ဟောင်းနွမ်းနေသော သားရေဖာ အစုတ်ထဲမှ ငါးထောင်တန် တစ်ရွက် ကို ဆွဲထုတ်ပြီး ကြည်ပြာ ကို ပေးလိုက်သည် ။ ဒေါ်ခင်မေ သူမ ကို ကမ်းပေးသည့် ငါးထောင်တန်ငွေစက္ကူရွက် ကို ခပ်စိမ်းစိမ်း ကြည့်ပြီးသည်နှင့် ဒေါ်ခင်မေ ၏ ခါး ကို ဖက်ပြီး ငိုချလိုက်သည် ။
“ အီး ဟီး ဟီး ... မယူဘူး ၊ သမီး အတွက် မေမေ့ အရေပြားတွေ ၊ သွေးတွေ ၊ အသားတွေ ကို မှိုအဆိပ် အမိ ခံပြီး ရှာလာတဲ့ ဒီငွေ ကို ဘယ်သူ့မှ မပေးနိုင်ဘူး ။ သမီး မေမေ့ ကို ဒုက္ခ ပေးမိပြီ ၊ သမီး အတ္တကြီးပြီး မေမေ့ ရဲ့ ဒုက္ခတွေ ကို မမျှဝေ မခံစားပေးခဲ့မိ လို့ သမီး ကို ခွင့်လွှတ်ပါ မေမေ ရယ် ”
“ ကဲ ဒီကလေး လူကြားထဲ ငိုနေတာ မရှက်ဘူးလား ”
ဒေါ်ခင်မေ သည် လူကြားထဲ ကလေးလို ငိုနေသည့် ကြည်ပြာ ကို ချစ်စနိုး နှင့် မာန်လိုက်ပြီး နောက် သမီး ၏ ကျောပြင် ကို ဝဲတက်လာသော မျက်ရည်များ နှင့် အတူ ပွတ်ပြီး ချော့မြူလိုက်သည် ။
°°°°° °°°°° °°°°°
“ ပန်းရမယ်... ဘုရားပန်းကပ်ဖို့ နှင်းဆီပန်း ၊ သပြေပန်း ၊ သစ်ခွပန်းလေးတွေ ရမယ် ”
“ ဟေ့ ကြည်ပြာ လာပါဦး ”
အသံ လာရာကို ခေါင်းပေါ် ရွက်ထားသည့် ပန်းခြင်းတောင်းလေး အား ထိန်းပြီး စောင်းငဲ့ ကြည့်လိုက်တော့ သူငယ်ချင်း မာလာ ဖြစ်နေ၍ ကြည်ပြာ သည် မာလာ ၏ အိမ်ထဲ ဝင်ပြီး ပန်းတောင်း ကို ချကာ ထိုင်ချလိုက်သည် ။ မာလာ သည် တောင်းထဲ က သပြေသုံးစည်း ကို ယူပြီး ကြည်ပြာ အား ပန်းဖိုး ပေးလိုက်သည် ။ ပြီးသည်နှင့် ကြည်ပြာ ၏ မျက်နှာအား စူးစမ်းသလို ကြည့်ပြီး မေးခွန်း ထုတ်လိုက်သည် ။
“ နင် ဒီလို ပန်းတွေ လိုက်ရောင်းနေတာ မရှက်ဘူးလား ဟင် ”
“ မရှိလို့ ပြောင် လုပ်စားတာ သူများပစ္စည်း ခိုးစားတာမှ မဟုတ်တာ ။ မလုပ်ရင် ငါ နဲ့ အမေ ထမင်း ငတ်သွားမှာပေါ့ ”
စကားဆုံးသည် နှင့် ကြည်ပြာ သည် မာလာအား မျက်လုံး အပြူးသားနှင့် ကြည့်မိရက်သား ဖြစ်သွားသည် ။ ဒီစကားများ သည် တစ်ချိန်က မာလာ ကို သူ မေးခဲ့ဖူးသော ၊ မာလာ က သူမ ကို ဖြေပေးခဲ့ဖူးသော စကားများ ဖြစ်သည် ။ သေချာသည် ၊ ဒါ မာလာ သည် တစ်ချိန်က ဇာတ်ကို ပြန်ခင်းပြီး သူမ ကို အတည်ပေါက် နောက်နေသည် ကို ကြည်ပြာ သိ လိုက်သည် ။ ကြည်ပြာ သည်မာလာ ကို ခပ်စေ့စေ့ စိုက်ကြည့်လိုက်ပြီးသည် နှင့် မာလာ ၏ ပေါင် ကို ခပ်ဆတ်ဆတ် ရိုက်ပြီး -
“ မသာမ ငါ့ ကို ကလဲ့စား ပြန်ချေတာပေါ့လေ ”
ဟု ရယ်ရင်း ပြောကာ ပန်းခြင်းတောင်း ကို ခေါင်းပေါ် ပြန်တင်ပြီး အသံပြဲကြီး နှင့် အော် ရောင်းလေတော့သည် ။
“ ပန်းရမယ်... ဘုရားကပ်ဖို့ အတွက် ပန်းအမျိုးစုံ ရမယ် ”
အဆိပ်မိတဲ့ မိခင်တစ်ဦး ရဲ့ အချစ်ဆိပ်ထက် ဘယ်အရာပိုပြီး အေးမြနိုင်ဦးမလဲ ။ မရှက်ဘူး ... ဒီနေ့က စပြီး မေမေ မပင်ပန်းရအောင်လို့ ရိုးသားတဲ့ အလုပ်တွေ ကို ငါ အကုန် လုပ်မယ် ။
ကြည်ပြာ သည် သူမ ၏ အတွေး ဆုံးသွားသည်နှင့် ပန်းများ ကို ပျော်ပျော်ကြီး အော် ရောင်းပစ်လိုက်သည် ။
“ ပန်းရမယ် ဗျို့ ... ပန်း ပန်း ပန်း ... ”
◾ကရင်နော်
📖 နှလုံးသားဖြင့် စီရင်သည်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment