Sunday, March 5, 2023

လက်စားချေခြင်း


 ❝ လက်စားချေခြင်း ❞


မော်မော် သည် စိတ်ပျက် လက်ပျက် နှင့် သာ လိုက်ခဲ့လေသည် ။ ပြပွဲကြီး မှာ လူတွေ ရော ၊ ဆိုင်တွေ ပါ စည်လှပါသည် ။ ဓာတ်မီးတွေ ပွင့် နေလိုက်ကြသည် မှာ မိုးပေါ် က ကြယ်တွေ စုပြုံပြီး ဆင်းလာ နားနေ သလား အောက်မေ့ ရပေသည် ။ ပိုးဖဲ ၊ စိန်ရွှေများ အရောင်ကြောင့် လူတိုင်း ၏ ဟန်သည် လှပမော်ကြွားကာ နေပေသည် ။ အားလုံး ကြည့်၍ ကောင်းလှသည် ။ အို တစ်ထောင့် က ထိုင်ပြီး တမေ့တမော ကြည့်နေ ဖို့ သာ ကောင်း တော့သည် ။


မော်မော် က တော့ အားလုံးနှင့် ဆန့်ကျင်ကာ မကျေမနပ် ဖြစ်လေသည် ။ မော်မော် သည် သွားစရာ လာစရာ ရှိလျှင် သူငယ်ချင်း အပေါင်းအဖော်များ နှင့် သာ သွားလာမြဲ ဖြစ်ပေသည် ။ မိဘများ နှင့် သွားရသည် မှာ အင်မတန် ရှုပ်သည် ။ နည်းနည်းမှ မလွတ်လပ်ပေ ။ အရာရာ မှာ သူတို့ မျက်နှာ ထားတာ ကိုပဲ ကြည့် ကြည့် ပြီး နေရသည် ။ ယခု ပြပွဲ ကို ကား အိမ်သားတွေ သွားလျက် နှင့် မလိုက်ဘဲ သူငယ်ချင်းများ နှင့် သွားမည် ဆို က ဆူပူမည် ကို ကြောက်၍ လိုက်ခဲ့ရသည် ။ 


သူ သိသည့် အတိုင်း လိုက်လာပြီး နည်းနည်း မှ မပျော်သည် ကို တွေ့ ရသည် ။ မပျော်သည့် ပြင် စိတ် တောင် ညစ် ရ သေးသည် ။ သူ့ မေမေ ၊ ဖေဖေ တို့ သည် ရှေး လည်း ဆန် ၍ ကပ်စေး လည်း နဲ သဖြင့် အလွန်အမင်း ခွကျ လေသည် ။ ခု ကြည့်ပါလား ၊ ပြပွဲ ကို ကလေးတွေ တန်းလန်း တန်းလန်း နှင့် လာသည် ။ ဟိုဟာ လိုချင် ၊ ဒီဟာ လိုချင် ပူဆာ သည့် ကလေး က ပူဆာ ၊ ငို သည့် ကလေး က ငို ၊ သူတို့ ကို ပျောက်မှာ စိုး၍ လက် မလွှတ်တမ်း ဆွဲထား ရ သေးသည် ။ 


မော်မော် ညီမလေး အနီ က တော့ တစ်မျိုး ဖြစ်သည် ။ ခွကျလိုက်သည် မှာ လည်း သူ့ အပြင် မရှိဘူး ။ မော်မော် ထက် ထွားကျိုင်း သော်လည်း အင်မတန် ကလေး ဆန်သည့် အနီ ကို မိဘများ ထက် မော်မော် ကြောက်လေသည် ။ အနီ သည် အေးစက်စက် နှင့် ထိအောင် တိအောင် ထုနှက် တတ်သည် ။


အနီ သည် ကလေး အငယ်ဆုံး ကလေး ကို တစ်ချိန်လုံး ချီလာသည် ။ မော်မော် လောက် လှလှပပ ဝတ်စား မလာသော် လည်း အတော် သပ်သပ်ရပ်ရပ်ကား ပြင်ဆင် ထား သဖြင့် ကလေး ချီထားသည် နှင့် မလိုက်ဘဲ ဖြစ်ကာ အပျို လုပ် လွန်းသော သားသည် မအေ ပေါက်စ နှင့် တူ နေ ပေသည် ။ မော်မော် က သူ့ လက်ညောင်းသည် ကို သနား သော် လည်း ကူ ချီရမှာ ရှက် သဖြင့် မသိချင် ယောင် ဆောင် ကာ လမ်းလျှောက် နိုင်သော ကလေး ကို သာ လက်တွဲ ၍ ထိမ်း၏ ။


နှစ်ပတ် လောက် အနှံ့ လျှောက်ပြီး သော် မောလာ သဖြင့် လက်ဝှေ့ထိုးပွဲ တစ်ခု ရှေ့ မှာ မြက်ခင်း ပေါ် ထိုင်ပြီး အပန်းဖြေ ကြလေသည် ။ မော်မော် က မတ်တတ် သာ ရပ် နေ၏ ။ သူ့ စိတ် ကို ရိပ်မိသော အနီ က တစ်ချက် ရယ်ကာ တို့တော့ ညောင်းရင် ထိုင်တာပဲ ။ ဘယ်သူမှ ဂရုမစိုက်ဘူး ဟု ဆိုကာ ခြေဆင်း ပြီး ပစ်ထိုင် လိုက်လေသည် ။


သူတို့ ထိုင်နေရာ နှင့် ခပ်နီးနီး မှာ ချင်းသုပ်ဆိုင် တစ်ဆိုင် ရှိသည် ။ ဆိုင် မှာ ချင်းသုပ် ထက် စားပွဲ ၊ ကုလားထိုင် ကို ရောင်းခြင်း ဖြစ်ပေသည် ။ ချင်းသုပ် ကို မစားရက် အောင် အလှဆုံး ပြင်ကာ သုပ်သူ က နယ်ပေး ပြီး လက် မပေအောင် ဇွန်း ဖြင့် စားစေခြင်း ဖြင့် အပြင် မှာ တစ်မူး လောက် ကို တစ်ကျပ် နှင့် ရောင်း နေလေသည် ။ ပိုက်ဆံ အရမ်းမဲ့ ပေါသူများ နှင့် မိန်းမပျိုများ ပြပွဲ ခေါ်လာသည့် ငနဲ စသော သူများ သာ ထိုင် စားနေသည် ။


အောက်လင်းလက်ဆွဲ ဓာတ်မီးကြီး မှ လင်းလွန်းလှ ၍ မော်တို့ တစ်သိုက် ထိုင် နေသည် မှာ သူတို့ ခြေရင်း မှာ လို ဖြစ်အောင် ထင်ပေါ် နေလေသည် ။


အမော ပြေကြသည့် အခါ ကလေးတို့ မှာ ချင်းသုပ်ဆိုင် ကို မြင်လာလေ၏ ။ အော်ကြီးဟစ်ကျယ် ပူဆာကြ ပြန်သည် ။ မေမေ ဖေဖေ တို့ သည် ကလေးများ ကို လက်ဆွဲ ကာ မတန်မရာ ရောင်းသော ဆိုင် ရှေ့ မှ ထွက်လာသည် ။ ထို့နောက် ပွဲဈေးတန်း သို့ လျှောက်လာ ကာ တစ်မတ်ဖိုး ရောင်းသော မုန့်ဟင်းခါးဆိုင် မှ တစ်ထွာ သာသာ ဗြက် ကျယ်သည့် ထိုင်ခုံကလေးများ မှာ ငုတ်တုတ် ထိုင် ကြ လေသည် ။ 


မော် က ထိုင် လည်း မထိုင် ၊ မုန့်လည်း မစားဘဲ မီးရောင် ကို ကျော ပေးပြီး ရပ်သည် ။ မေမေ ဖေဖေ တို့ က မော်မော် ကို “ စားမလား ” တစ်ခွန်းသာ မေးပြီး သူတို့ ဟာ သူတို့ စား ကြသည် ။ အနီ မှာ ပထမ က မစားဘဲ နေ သော်လည်း မော်မော် ကို ခွတိုက်ကာ တရှူးရှူး တရှဲရှဲ ဝင် စား လေ၏ ။


အနီ မုန့်စား သဖြင့် သူ ချီထားသည့် ကလေး ကို မော်မော် ချီ ရ၏ ။ အင်္ကျီ ကျေမည် လည်း စိုး ချီ လည်း မချီ ချင် သဖြင့် တွန့်ဆုတ် တွန့်ဆုတ် နေ မိ ကာ အနီ က သူ့ မျက်လုံး သွားရာ ကို လိုက် ကြည့်ပြီး သရော်သော မျက်နှာ ဖြင့် “ ဟို လူတွေ က မမ ကို အပျို မှန်း သိပါတယ် ” ဟု ပြော လိုက်လေသည် ။ 


မော်မော် ကို မြင် သဖြင့် တကောက်ကောက် လိုက် လာသော ထို လူသုံး ယောက် ကို အနီ က ဆိုလိုသည် ။ မော်မော် သည် ရှက် လည်း ရှက် ၊ နာ လည်း နာ ကာ မျက်ရည်များ ဝေ လာပြီး ဘာမျှ မပြောဘဲ နှုတ်ခမ်း ကို ကိုက် ၍ နေလေသည် ။ 


မော်မော် သည် သူ့ တစ်အိမ်သား လုံး ကို မုန်းတီးသည် ။ တစ်ခါတစ်ရံ မေမေ့ ကို တော့ ချစ်စိတ် ဝင်သည် ။ သူ့ ကို ဘယ်သူ က မှ မချစ် ၊ ဂရုမစိုက် ဟု ယုံကြည်သည် ။ တစ်နေ့နေ့ တော့ ငါ နဲ့ တွေ့ကြဦးမှာပေါ့လေ ဟု တေးထား သည် မှာ ကြာပြီ ။ သူ့ အိမ်သားများ သည် သူ့ အား ဂရု မစိုက်သည် ကတော့ မှန်သည် ။ မေမေ နှင့် ဖေဖေ သည် ငွေ ငွေ ငွေ နောက် သာ လိုက်ကာ တစ်နေ့ နေ့ ကုန်ဈေးတန်း က အထည်ဂိုဒေါင် မှာ သာ အချိန် ကုန်သည် ။ ထို့ကြောင့် သားသမီးများ သည် ကိုယ့် ဟာ ကိုယ် နေတတ် သလို နေကြရသည် ။ 


မော်မော် သည် သူ့ အိမ်သားများ ကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်း များ ပေသည် ။ ဘယ်သွားသွား တစ်ယောက် တည်း သွားရဲသည် ။ မိဘများ ချောင်လည် သော်လည်း မော်မော် က အိမ် မှာ မလွတ်မလပ် ကုပ်ပြီး မနေချင် သဖြင့် ရုံး တွင် စာရေး ဝင် လုပ်ရာ သူ့ စိတ် နှင့် သူ့ ကိုယ် နေချင်သလောက် နေ နိုင်ပါသည် ။ 


မုန့်ဟင်းခါး စားပြီးသည့် အချိန် မှာ မော်မော် သည် သူတို့ ကို ဘယ်လို ခွာထုတ် ရမည် ကို စဉ်းစားပြီးသား ဖြစ်၏ ။ ထို့ကြောင့် “ မေမေ … ဟောဟို ဘိုင်စကုတ် ပြတဲ့ ဆီ သွားရအောင် ” ဟု ဆို လိုက်သည် ။ သူ သွားချင်သည် ဆိုသော နေရာမှာ ပြပွဲ တစ်ခုလုံး တွင် အမှောင်ဆုံး ဖြစ်၏ ။ ဘိုင်စကုတ် မှာ ရုံ မဆောက်ဘဲ လဟာပြင် မှာ အခမဲ့ ပြ သဖြင့် မီးရောင် အနည်းဆုံး နေရာ ကို ရွေးရပေသည် ။ 


မေမေ သည် သူတို့ ညီအစ်မ စိတ်ကောက် နေကြမှန်း သိ၍ အလို လိုက် ချော့မော့ဖို့ စိတ် ရှိကာ “ ကိုင်း ... လာ ၊ ဘိုင်စကုတ် ကြည့်ရအောင် ဟေ့ ” ဟု ကလေးတို့ ကို ခေါ်ရင်း အိမ်ပြန်တော့မည် ပြင်သော ဖေဖေ့ ကို လက်မောင်း မှ ကိုင်ဆွဲ လာလေသည် ။


ဘိုင်စကုတ် ကြည့်၍ တစ်ပိုင်း တောင် မကုန်ခင် မော်မော် သည် ရှေ့ တိုးရင်း တိုးရင်း ပျောက်ကွယ် သွား၏ ။ မိဘ တို့ သည် “ မော်မော် - မော်မော် ” နှင့် တကြော်ကြော် အော် ပြီး ခေါ် သေးသည် ။ မတွေ့ရပေ ။ သူတို့ သည် ပြပွဲ ကို တစ်ပတ် ပတ်ကာ ရှာ သေးသည် ။ 


ဘိုင်စကုတ် ပြနေရာ သို့ ပြန်ရောက် သော် ကလေးတို့ သည် မောပန်း နေကြပြီး အငယ်ဆုံး ကလေး နှစ်ယောက် မှာ မေမေ  ဖေဖေ တို့ လက်မောင်း ပေါ်ဝယ် ကိုယ်စီ အိပ်ပျော် နေကြသည် ။ မိဘတို့ သည် ကိုယ်လက် နာ နေကြလေပြီ ။


“ စိန်ဂျွန်းသူနာပြုတပ် သွား တိုင်မလား ။ ကလေး ပျောက်တယ် ဆိုရင်တော့ အော်လန်ကြီး နဲ့ အော်ပေးတာပဲ ” ဟု မေမေ က ပြောသည် ။ အနီ က စိတ် မကောင်း ဖြစ်မိသဖြင့် “ ရှက်စရာကြီးပါ မေမေရယ် … မမ ဟာ ကလေး မှ မဟုတ်ဘဲ ။ သူ စိတ်ဆိုး နေဦးမယ် ” ဟု မော်မော် ဘက် က ပြော၏ ။ ဖေဖေ က တွေဝေ နေရာမှ “ သူ လည်း ကလေး မှ မဟုတ်ဘဲလေ ။ ပြန်တတ်သားပဲ လေ ။ တို့ ကို ရှာ မတွေ့ ရင် အိမ် ပြန်မှာပေါ့ ။ ခါတိုင်းလည်း သူ တစ်ယောက် တည်း သွားနေကျ ဟာ ၊ ပူစရာ မရှိပါဘူး ” ဟု ဖြေ ပြော၏ ။ 


နောက်ဆုံးတွင် သူတို့ အိမ်ပြန် ကြ လေသည် ။ ကိုးနာရီ တော့ ခွဲ ပြီ ။ သို့သော် ပြပွဲ မှာ ယခု မှ စည်၍ ကောင်းစ ရှိ သေးသည် ။ သူတို့ မှာ လူ ရှင်းသည့် ခုနစ်နာရီ လောက် ကတည်း က လာခဲ့ကြပါသည် ။


မော်မော် သည် သူ့ မိဘများ ခေါ်သံ က အတင်း လွတ်အောင် တိုးရင်း သူ့ နာမည် ကို လူတွေအလယ် မှာ အော် နေသည့် ရိုင်းစိုင်းမှု ကို စိတ်ဆိုး နေ သေးသည် ။ ထို့နောက် သူခိုးမျက်စိ ဖြင့် မိဘများ ကို ရှာရင်း လျှောက်သည် ။ မိဘများ ကို တွေ့ လို သည် ထက် ရှောင်ပြေး ရအောင် သူ က အရင် တွေ့ မှ ဖြစ်ပေမည် ။ မော်မော် သည် အတင့် ရဲကာ မီးရောင် မှာ ခပ်ကြော့ကြော့ လျှောက် လာပြီး မေမေ ဖေဖေ တို့ ခုလောက် ဆို ပြန်ပြီ ။ 


နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည် ။ စောစောက လူ သုံးယောက် နှင့် သွား တိုးလေသည် ။ 


သူတို့ ကို သိတယ် လည်း ဆိုနိုင်သည် ၊ မသိဘူး လည်း ဆိုနိုင်သည် ။ ထို လူ သုံးယောက် မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှ ကျ သည် ကို တော့ မသိပေ ။ မော်မော် ကြည့် သမျှ ဘယ် ရုံ မှာ မဆို အမြဲ တွေ့သည် ။ စနေ တနင်္ဂနွေ ကြည့်သူ ချင်းချင်း ဖြစ်သမို့လား တော့ မဆိုနိုင် ။ ဆုံမိတတ်သည် မှာ ကား မော်မော် တို့ က နှစ်ကျပ်ခွဲတန်း ရှေ့ဆုံး က ကြည့်မြဲ မှာ သူတို့ က နှစ်ကျပ်တန်း နောက်ဆုံး မှာ ချည်း ရှိလေသည် ။ 


သူတို့ မှတ်မိသည် မှာ လည်း အမြဲတမ်း သည်လူ သည်လူ ချည်း သုံးယောက် တည်း တွဲ တတ်သောကြောင့် ဖြစ်သည် ။ ဘိုင်စကုတ် ပြ၍ ရယ်စရာ ရှိလျှင် သူတို့ က ပထမဆုံး နင်းကန်ပြီး ရယ်တတ်၏ ။ တခြား လူများ လည်း သည်တော့ မှ နားလည် သူ က လည် ၊ မလည် သူ က မလည် နှင့် ရောယောင် လိုက် ရယ်ကြလေသည် ။ မော်မော် တောင် နားမလည် ဘဲ သူတို့ ရယ် သဖြင့် ရယ် ရသည့် အခါမျိုး ရှိ သေးသည် ။


သူတို့ က လည်း စနေ ၊ တနင်္ဂနွေတိုင်း ပွဲဆက် ကြည့်သူ မော်မော် ကို မှတ်မိသည် ။ ဘိုင်စကုတ် မပြသေးခင် နှင့် အားလပ်ချိန် မှာ သမင်လည်ပြန် ကြည့် တတ်သည် ။


သူတို့ အကြောင်း သိသမျှ မှာ ဒါပဲ ဖြစ်သည် ။ သို့သော် မော်မော် သည် သူတို့ အား အင်္ဂလိပ်ဘိုင်စကုတ် ကြည့်သူ ၊ နားလည်သူများ ဖြစ်၍ ခေတ်ပညာ တတ်သူများ မှန်း သိကာ အထင် ကြီး လေသည် ။


မော်မော် သည် ခဏမျှ ခြေလှမ်း တုံ့ နေစဉ် သူတို့ အထဲမှ တစ်ယောက် က လာကာ “ ဪ …. တစ်ယောက် တည်း အဖော် ကွဲ လာ သလား ” ဟု သိကျွမ်းဖူး သလို မေးသည် ။


“ ဟုတ် … ဟုတ်ကဲ့ ” 


“ ကျွန်တော်တို့ ကူ ရှာ ပေးပါ့မယ် ။ မိန်းကလေး တစ်ယောက် တည်း မကောင်းပါဘူး ။ လာပါ ၊ မတွေ့မချင်း ကျွန်တော် စောင့်ရှောက်ပါ့မယ် ။ မတွေ့ လည်း အိမ် လိုက် ပို့ ပါ့မယ် ”


ဤသို့ နှစ်ယောက်သား လျှောက် ခဲ့သည် ။ ကျန်သည့် အဖော် နှစ်ယောက် ကား လစ်ကြ လေပြီ ။ မော်မော် သည် ပြပွဲကြီး ပျော်စရာ ကောင်း ပုံ ကို သိလာ လေသည် ။ နှစ်ယောက် သား ရင်းနှီး လာကာ စကားတွေ ကြွယ်ကြလေ၏ ။ ထို လူ က သူ့ ကိုယ် သူ “ ကိုမြထွန်း ကလေ ဘာညာ နှင့် ပြော သဖြင့် နာမည် သိရသည် ။


ကိုမြထွန်း သည် မော်မော် က ကွဲသည့် အဖော်များ ကို ဟိုသည် ဝင် ကြည့် ဖို့ ထက် ဂရု မစိုက်သည် ကို တွေ့ သဖြင့် ရှာဖို့ ဘာမှ မပြောတော့ချေ ။ သူတို့ နှစ်ယောက် သည် လူ ညပ်သည့် နေရာများ တွင် ရှောင်ရင်း တိမ်းရင်း တစ်ယောက် နှင့် တစ်ယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည် ။


လူ ရှင်းသည့် အခါ မော်မော် သည် ကိုမြထွန်း ၏ ခါး ကို သိုင်းထား သည့် မိမိ လက်များ ကို ရုပ် လိုက် သော်လည်း သူ့ ပခုံး ပေါ် က ကိုမြထွန်း ၏ လက်များ ကား မလျှောပြေချေ ။


သူတို့ သည် လူတော ထဲ မတိုးတော့ဘဲ မှောင်ခို လာ ကာ နောက်ဆုံး တွင် ထွက်ပေါက် ဝင်ပေါက် လည်း မဟုတ်ဘဲ တစ်ဖက် က မည်းမှောင်သည့် ကွင်း ပြင်သို့ ရောက်သည့် နေရာကလေး သို့ ရောက်ကာ မြက်ခင်း ပေါ် ထိုင်ကြသည် ။ သည် နေရာ မှာ လူ လည်း မရှိ ၊ မီးရောင် လည်း မလင်း သဖြင့် မော်မော် သည် မြေကြီး ပေါ် ထိုင် ရမှာ မရှက်တော့ချေ ။ 


ပြပွဲ ထဲ မှာ အလင်းရောင် နှင့် လူတွေ ၊ သည်မှာ တော့ အမှောင် ။ မော်မော် နှင့် ကိုမြထွန်း ။ ပြပွဲ မှာ အသံဗလံ နှင့် လေညစ် ၊ သည်မှာ တော့ တိတ်ဆိတ်ခြင်း နှင့် သန့်ရှင်းလန်းဆတ်သည့် လေ ။ သည် ဆန့်ကျင်ဘက် နှစ်ခု ဟာ ခုလို နီးကပ်စွာ တစ်ဆက်စပ် တည်း တစ်မြေရာကွက် တည်း မှာ ရှိလိမ့်မယ် လို့ ဘယ်သူ တွေးမိပါမလဲ ။


မော်မော် သည် ကြောက် သလိုလို ပျော် သလိုလို စွန့်စားခန်းတွေ ရင်ဆိုင် တိုးနေရ သလို ဖြစ်မိသည် ။ မော်မော် သည် အသက် ငယ် သော် လည်း သည် နေရာ ၏ အဓိပ္ပာယ် ကို ရိပ်မိ နားလည်ပေသည် ။ 


သူတို့ နေရာလေး မှာ လေတင် က ဖြစ်၍ တစ်ခါတစ်ရံ လေပြန်ဝှေ့ လာ မှ ဓာတ်စက်သီချင်း ၊ လူသံ ၊ သူသံ တို့ ကို ကြား ရသည် ။


ကိုမြထွန်း သည် စီးကရက် တစ်လိပ် ကို ညှိ၍ သောက်ရာ သူ့မျက်လုံးများ ကို လက်ခနဲ မြင်ရသည် ။ မော်မော် သည် သူ့ မျက်လုံး ထဲ က တစ်ခု ခု ဘာမှန်း မသိသော တစ်ခု ခု ကို ကြည့်ရင်း ချမ်းတုန် မိ သလို ဖြစ် လာလေ၏ ။


“ ကလေးရယ် … ” ဟု ကိုမြထွန်း က ပျော့ပြောင်း ချော့မော့စွာ ခေါ်သည် ။ သူ သည် တစ်မော် တည်း မော် ရာက ကလေး ကလေး နှင့် ဖြစ် လာသည် ကို မော်မော် သတိထား ခဲ့ မိသည် ။ မော်မော် က လည်း ကိုမြထွန်း ကို ဖြင့် အနှစ်နှစ် အလလ က ချစ်ကြိုက်လာ သူ လို ခင်မင်ရင်းနှီး မိလေသည် ။


ကိုမြထွန်း က မြက်ခင်း ပေါ် ကျောချ၍ လှဲလိုက်ကာ မော်မော့် ကို ပွေ့ လိုက်လေသည် ။ 


မော်မော် အိမ်ပြန် ရောက်သော် ၁၁ နာရီ ခွဲ ပြီး ပေပြီ ။ 


မေမေ က မအိပ်ဘဲ စောင့် နေသည် ။ ဖေဖေ က မူ တစ်ရေး ရ၍ ဆေးပြင်းလိပ် ထ သောက်သည် ။


အိမ်တွင်း သို့ ရောက်သည် နှင့် အပျော်စိတ် ပျောက်ကာ ဝမ်းသာပြောင်လှောင် ချင် စိတ် ပေါက်လာလေသည် ။ “ ယခု မှ  မေမေတို့ ဖေဖေ တို့ ကို နိုင်ပြီ ။ ငါ မှန်း သိပလား ... ကိုင်း ... မှတ် ” ဟု စိတ်တွင်း မှ အခြောက်တိုက် ကြိမ်း လိုက်သည် ။ သို့သော် သူ ပြုခဲ့သည့် အမှု သည် သူ့ မိဘများ ထက် သူ့ ကို ပို၍ မှတ်စေမည်လား ဘာလား တော့ မသေချာချေ ။


သူ့ ဖေဖေ က ဆူ မလို့လား မသိ ၊ စကား ပြောရန် ပါးစပ် ဟ လိုက်သည်နှင့် တစ်ပြိုင်နက် “ သိပ်တော်တဲ့ မေမေ နဲ့ ဖေဖေ ၊ သမီးကလေး တစ်ယောက် တည်း ပစ်ထားပြီး အိမ်ပြန် အိပ်ကြတယ် ” ဦး အောင် ပြော လိုက်ကာ သူ့ အခန်းတွင်း သို့ ဝင်၍ ပြေး လေသည် ။


သူ့ မေမေ က သမီးလေး သည် ငိုယိုရန် ပြေးဝင် သွားသည် ဟု ထင် လေသည် ။ 


မော်မော် က တော့ မှန် ထဲ က ပန်းလျစွာ ပြက်ရယ် ပြု၍ ပြုံးနေသော မော်မော် ကို တစ်ချက်ကြည့် ကာ အဝတ်အစား မလဲဘဲ စားပွဲ တွင် ထိုင်၍ တွေး နေလေသည် ။


◾ကြည်အေး


📖 တာရာမဂ္ဂဇင်း

      အတွဲ ၂ ၊ အမှတ် ၃

      ဇူလိုင် ၊ ၁၉၄၈


#ကိုအောင်နိုင်ဦး


.

Saturday, March 4, 2023

ကွမ်းယာဆိုင်ရှင် မှ ရွှေကုန်သည် ဘဝ သို့


 ❝ ကွမ်းယာဆိုင်ရှင် မှ ရွှေကုန်သည် ဘဝ သို့ ❞


( ကိုအောင်ဆန်းဝင်း ၊ အောင်သမာဓိ ၊ မန္တလေး )


[ အကယ်ဒမီရွှေ ကို အရည်အသွေးမြင့် ရွှေစင် အဖြစ် ရွှေလောက က လက်ခံ ထားကြတယ် ။ အကယ်ဒမီ ပြီးရင် ဒုတိယ နေရာ က ရှိနေတာ က အောင်သမာဓိရွှေ ဖြစ်ပါတယ် ။


ရွှေ ကို သန့်စင်အောင် ချွတ်တဲ့ အောင်သမာဓိ ရွှေလှော်ဖို မှာ အထက် မြန်မာပြည် ဒေသ ပေါင်းစုံ က ရွှေကုန်သည်တွေ နဲ့ နေ့စဉ် စည်ကား နေတယ် ။ အောင်သမာဓိရွှေ အရောင်းဆိုင် ကောင်တာ ရှေ့ မှာ အချိန်ပြည့် စည်ကား နေတယ် ။ အောင်သမာဓိ ရဲ့ စာရင်းစာအုပ်တွေ ထဲ မှာ ရွှေတွေ ပိဿာချိန် နဲ့  စီးဆင်း နေပါတယ် ။


ကိုအောင်ဆန်းဝင်း ( ၄၂ နှစ် ) ဟာ ရွှေလောက မှာ ရွှေကုန်သည် အောင်အောင် အဖြစ် လူသိ များတယ် ။ သူ ဟာ မကြာခင် က မှ ကွမ်းယာသည် အောင်အောင် ဘဝ က တက်လှမ်းလာခဲ့ သူ ဖြစ်ပါတယ် ။ သူ့ အလုပ်ခန်း နဖူးစည်း ထိပ်ဖျား မှာ သူ ကွမ်းယာ ရောင်းစဉ် က ဆိုင် မှာ ချိတ်တဲ့ ‘ အောင်အောင် ကွမ်းယာ ’ ဆိုတဲ့ ပျဉ်းပြားဆိုင်းဘုတ် နွမ်းနွမ်းကလေး ကို တမြတ်တနိုး ဂုဏ်ယူ ချိတ်ဆွဲ ထားဆဲ ဖြစ်ပါတယ် ။ သူ့ ဇနီး မမော်စီ ဟာ ယနေ့ အခါ မှာ ဥစ္စာစည်းစိမ် နဲ့ ပြည့်စုံ နေပြီ ဖြစ်ပေမဲ့ ကွမ်းယာ လည်း ရောင်းခဲ့ရတဲ့ ဘဝ ကို မမေ့နိုင်သေးဘူး ဖြစ်ပါတယ် ။


သူ့ သမီး မဇင်မိမိအောင် နဲ့ မဖြူဖြူအောင် တို့ ဟာ ရွှေဆိုင်ကြီးတွေ ကို ဦးစီး လည်ပတ် နေရပေမဲ့ စားရမဲ့ သောက်ရမဲ့ ဘဝ တုန်း က ဈေးသည် က သနား ခင်မင်ပြီး ဟင်းချက်စရာတွေ ပေး လိုက်တဲ့ အဖြစ် ကို မှတ်မှတ်ရရ ပြန် ပြောဆဲ ဖြစ်တယ် ။


ကိုအောင်ဆန်းဝင်း က သူ့ ကိုယ် သူ သူဌေး မဟုတ်ပါဘူး ။ အခုထိ အလုပ်သမားခေါင်း ပဲ ရှိသေးတယ် လို့ ပြောလေ့ ရှိတယ် ။


မန္တလေးမြို့ ၊ အောင်မြေသာဇံမြို့နယ် က ကိုအောင်ဆန်းဝင်း ရဲ့ တိုက် ကို သွားပြီး သူ့ ဘဝ တက်လှမ်းခဲ့ ရ ပုံ ပြောပြတာတွေ ကို မှတ်သားခဲ့ပါတယ် ။ ]


•••••   •••••   •••••   •••••


ကျွန်တော့် မိဘတွေ က စဉ့်ကူးမြို့နယ် လက်ပန်လှရွာ မှာ နေကြတာ ။


ကျွန်တော် ငယ်ငယ် က တော်တော် ဆင်းရဲတာ ။ ကျွန်တော် ဆယ်တန်း ကျောင်းသား ဘဝ မှာ ည ဆိုရင် ဓားသွေး ၊ မနက် လေးနာရီ အိပ်ရာ ထ ပြီး ထင်းတော တက် ထင်း ဖြတ် ရတာ ။ ညနေ လေးနာရီ မှ အိမ်ပြန် ရောက်တယ် ။ ခြောက်လက်မ ထင်း မှ တစ်ချောင်း တစ်ကျပ် ပဲ ရတာ ။


အမေ က မျှစ် လည်း ရောင်းတယ် ။ မျှစ်တွေ ကို အိုး ထဲ က လက် နဲ့ နှိုက် ရတာ ၊ လက်သည်းတွေ ပဲ့ ကုန်တယ် ။ အမေ က မိုးကုတ် တက်ပြီး ခရမ်းချဉ်သီး လည်း ရောင်းတယ် ။ မန္တလေး က မိုးကုတ် တက် တဲ့ ကားတွေ က ကျွန်တော် တို့ ရွာ ကို အိပ်ကောင်း တဲ့ ည ၁၁း၀၀ နာရီ ၊ ၁၂းဝဝ နာရီ မှ ရောက်တာ ။ အိပ်ရာ က ထ ပြီး ခရမ်းချဉ်သေတ္တာတွေ ကား ပေါ် ထမ်းတင် ပေးရတယ် ။


ဆယ်တန်း ဖြေတော့ စာမေးပွဲ မအောင်ဘူး ။ ကျွန်တော်တို့ မှာ ညီအစ်ကို ခြောက်ယောက် ရှိတယ် ။ အစ်ကို အကြီးဆုံး က တက္ကသိုလ် တက် နေတယ် ၊ ညီငယ်တွေ လည်း ကျောင်း တက်ရင်း တန်းလန်း ၊ အတန်းတွေ က တက်တက် လာပြီ ။ ကျွန်တော် က ဆယ်တန်း ဆက် ဖြေဖို့ မကောင်းတော့ဘူး ။ အိမ် က ကျပ်တည်းတော့ ကျွန်တော် အလုပ် လုပ်မယ် လို့ ဆုံးဖြတ်တယ် ။


အဲသည် အချိန် က ကျွန်တော်တို့ စဉ့်ကူးမြို့နယ် နဲ့ ကပ်လျက် သပိတ်ကျင်းမြို့နယ် မှာ ရွှေတောတွေ ခေတ် သိပ် စားနေတယ် ။ ကျွန်တော် လည်း ရွှေတော တက်ပြီး ကွမ်းယာ ရောင်းတယ် ။ သပိတ်ကျင်းနယ် ကွင်းသုံးဆယ် ရွှေတော မှာ ။ ကျွန်တော် တစ်ယောက် တည်း တက် သွားတာ ၊ အဖော် မပါဘူး ။ အဲသည် အချိန် က ရွှေတော မှာ ငှက်ဖျား က လည်း ဖြစ် သလား မမေးနဲ့ ၊ သေရင် မမြှုပ်နိုင်ဘူး ၊ ဖျာလိပ် နဲ့ လိပ်ပြီး ပစ်ရတဲ့ အချိန် ။


ရွှေတော မှာ ရွှေဆိုင်တွေ ကုန်စုံဆိုင်တွေ ဆိုင်တန်းကြီး ရှိတယ် ။ ကျွန်တော် က ရွှေဆိုင်ကြီးတွေ ကြား ထဲ က ထိုင် ပြီး ကွမ်းယာ ပဲ ရောင်း နေတာ ၊ ၁၉၈၃ ခုနှစ် မှာ အိမ်ထောင် ကျတော့ အမျိုးသမီး ကို ရွှေတော ခေါ် လာပြီး ကွမ်းယာ ဆက် ရောင်းတယ် ။ ကျွန်တော် က ကွမ်းယာ ယာ အမျိုးသမီး က ကွမ်းယာထုပ်တွေ ရွှေတော ထဲ လည် ရောင်းတယ် ။ ရွှေတော မှာ ကွမ်းယာ ရောင်း နေတာ ငါးနှစ် လောက် ကြာတယ် ။ ရွှေအကြောင်း ဘာမျှ မသိသေးဘူး ။


ကျွန်တော်တို့ က ကွမ်းယာ တစ်ကျပ်ဖိုး ငါးယာ ရောင်း တယ် ။ ကွမ်းယာ ပစ္စည်း လိုရင် မန္တလေး ဆင်း ဝယ်တယ် ။


ရွှေတော မှာ ရကြတဲ့ ရွှေတွေ ကို လိုက် စု ဝယ်တဲ့ ရွှေကောက်တဲ့ လူတွေ ရှိတယ် ။ ကျွန်တော် မန္တလေး ကို ကုန် ဝယ်ခါ နီးပြီ ဆိုရင် ရွှေ ကောက်တဲ့ လူတွေ က ရောင်းကြေး ပိုက်ဆံ ကို လာ လာ ချေးတယ် ။ သူတို့ က ဘာ လုပ်သလဲ ဆို တော့ ကွင်းသုံးဆယ် မှာ ရွှေဝယ် ၊ မန္တလေး ရောက်တော့ ရွှေ ပြန် ရောင်းတယ် ။ ရွှေ ရောင်း ပြီး မှ ကျွန်တော့် ပိုက်ဆံ ကို ပေးတာ ။ သူများ ပိုက်ဆံ နဲ့ အလုပ် လုပ် လို့ ရတယ် ဆိုတာ ကျွန်တော် မြင်လာ ပေမဲ့ ရွှေကုန်သည် မဖြစ်နိုင်သေးဘူး ။


ကျွန်တော့် ဆိုင် မှာ လာ ထိုင်ပြီး ကွမ်းယာ ဝယ် စား နေကျ ရွှေကုန်သည် ရှိတယ် ။ နောင် အခါ ကျွန်တော့် ဆရာ ဖြစ်လာတဲ့ သူပေါ့ ။ ဆရာ က မန္တလေး သွားတဲ့ အခါ အောင်အောင် လိုက်ခဲ့ကွာ လို့ ခေါ်ရင် ရွှေထုပ် ကိုင်ပြီး ကျွန်တော် က နောက် က လိုက် ရတာ ။ ရွှေတော ထဲ ရွှေဝယ် သွားပြီ ဆိုရင် ကျွန်တော် က ပိုက်ဆံ ထုပ် ထမ်းပြီး လိုက် ရတာ ။


ကိုဖိုးကွန့် ၊ ကိုကုလား ၊ ကိုမန်းရီ တို့ သုံးယောက် က ကျွန်တော့် အဓိက ဆရာ တွေ ပါ ။ ဆရာ တွေ မန္တလေး သွား ရင် ကျွန်တော် လိုက် သွားတယ် ။


ရွှေတော က ရွှေ က ရွှေ အရိုင်း ၊ ရွှေ ထဲ မှာ ကြေး ပါမယ် ၊ ဘော် ပါမယ် ၊ သံ ပါမယ် ၊ ရွှေဖြူ ပါမယ် ၊ ဒါကို သန့်စင် သွားအောင် ရွှေလှော်ဖို မှာ ချွတ် ရတယ် ။ ရွှေလှော်ဖို တွေ ကို ဆရာတွေ သွားတဲ့ အခါ ကျွန်တော် လိုက် လိုက်သွား ရတယ် ။ ရွှေလှော်ဖို မှာ သွား လှော်တဲ့ အခါ ကျွန်တော် တို့ လို ရွှေ သုံးကျပ်သား ၊ ငါးကျပ်သား လောက် နဲ့ လာ လှော်တဲ့ လူတွေ ရွှေလှော်ဖို က နှုတ် လည်း မဆက်ဘူး ၊ အဆင် ပြေလား လည်း မမေးဘူး ။ ရွှေ တစ်ပိဿာ နှစ်ပိဿာ လာတဲ့ လူ ကျတော့ လှော်ဖို က ကျွတ်နှုန်း တွက် ကြည့်တယ် ။


ရွှေ ကို လှော် လိုက်တဲ့ အခါ ရွှေ ထဲ မှာ ပါတဲ့ အခြား သတ္တုတွေ က ကျွတ်ထွက် သွားတယ် ။ ရွှေ တစ်ကျပ်သား မှာ ရွေး ၁၂ဝ ရှိတယ် ။ လှော် လိုက်လို့ အခြား သတ္တုရွေး ၂ဝ ထွက် သွားရင် ရွှေ က ရွေး ၁ဝဝ ကျန် တယ် ။


ပိဿာ နဲ့ ချီပြီး လာ လှော်တဲ့ လူ ရဲ့ ရွှေ ကို ကျွတ်နှုန်း တွက်ကြည့် လို့ များ နေရင် လှော်ဖို က ဘော်ထောက် ပေး လိုက်တယ် ။ ရွှေ ထဲ ဘော် ပြန် ရော ပေးတာပေါ့ ။ တွက်ခြေ ကိုက်အောင် လုပ် ပေးတာ ။ သူတို့ ကို ငွေ လိုရင်လည်း လှော်ဖို က ငွေချေး ပေး သေးတယ် ။ ကျွန်တော်တို့ လို ရွှေ နည်းနည်း နဲ့ လာတဲ့ လူ ကို တော့ လုံးဝ ဂရု မစိုက်ဘူး ။


ကျွန်တော့် စိတ် ထဲ မှာ တစ်နေ့ နေ့ ကျွန်တော် ရွှေလှော်ဖို ထောင် နိုင်ခဲ့ရင် အနည်းဆုံး လူလာလာ ၊ အများဆုံး လူ လာလာ ဂရု စိုက် နိုင်အောင် ကြိုးစားမယ် ၊ ကုန်သည်တွေ ကို ထမင်း ကျွေးမယ် ဆိုတဲ့ စိတ်ဓာတ် မွေးတယ် ။ ယခု ပြောနေတဲ့ အချိန် အထိ ဒါ ကို တစ်ရက် မှ မမေ့ဘူး ။ ဒါကြောင့် အခု ကျွန်တော့် အိမ် ထဲ မှာ ကုန်သည် ထမင်းစားခန်း ၊ အအေး သုံးဆောင်ရန် နေရာ ၊ နားနေခန်း တွေ ထားတယ် ။ ဧည့်သည် ဝင် လာရင် ကြိုဖို့ ဂရု စိုက်တယ် ။ အဲဒါ သန္ဓေ တည် တဲ့ စိတ် ။ အဲသည် စိတ် က ကျွန်တော့် ဘဝ ကို အများကြီး အကျိုး ပေး ပါတယ် ။


ကွမ်းယာ ရောင်း ရင်း နဲ့ ဆရာတွေ နောက် တပည့် ခံပြီး လျှောက်လိုက် နေတော့ ဆရာတွေ က ကျွန်တော် ရိုးသား တာ ၊ မလိမ်မညာ တာ သိ နေတယ် ။


မန္တလေး က ကုလားကိုညို ဆိုတဲ့ သူ က သူ့ ဒိုင်နာကား ခေါင်းလုံးကလေး ရောင်း တာ ငွေ တစ်သိန်းခွဲ ရတယ် ။ ရတဲ့ ငွေ နဲ့ ရွှေ ကောက် ချင်တယ် ။ လူ တစ်ယောက် ရှာ ပေးပါ တောင်းတယ် ။ အဲသည်တုန်း က ရွှေ တစ်ကျပ်သား ကို သုံးလေးထောင် ၊ ငွေ တစ်သိန်းခွဲ ဆို ရွှေတွေ အများကြီး ရတာပေါ့ ။


ငွေ ရှိတဲ့ လူ က အော်ဖာ ထွက်လာတော့ ဆရာတွေ က အောင်အောင် နဲ့ လုပ်ပါလား ပြောတယ် ။ ဆရာ ကိုမန်းရီ က ကျွန်တော့် ကို အာမ ခံတယ် ။


ကုလားကိုညို နဲ့ တွဲပြီး သူ က ပိုက်ဆံ ကိုင် ၊ ကျွန်တော် က လူစိုက် နဲ့ ရွှေတော ထဲ မှာ ရွှေ လိုက် ဝယ်ကြတယ် ။ ကျွန်တော့် မှာ ပိုက်ဆံ မရှိဘဲ ရွှေကုန်သည် ဖြစ် သွားတယ် ။ ရွှေတော မှာ ရွှေဝယ် ၊ မန္တလေးဆင်း ရွှေလှော်ဖို မှာ ချွတ်ပြီးရောင်း ။ မြတ် တဲ့ အမြတ်ငွေ ကို တစ်ဝက်စီ ခွဲ ယူ ကြရတယ် ။ ရတဲ့ ငွေကလေး စုပြီး ကျွန်တော့် သူငယ်ချင်း တစ်ယောက် နဲ့ စပ်တူ အိမ်ကလေး ဝယ် လိုက်ကြတယ် ။


ရွှေ အရောင်းအဝယ် လုပ်ရင်း လုပ်ရင်း ရှုံး လာတယ် ။ ရှုံး တာများ လာတော့ ကိုညို က အင်း ဖောက်ချင်တယ် ဖြစ် ပြန်ရော ။ ကိုယ်တိုင် ရွှေ တူး တာပေါ့ ။ အင်း ဖောက် တော့ ရှုံး ပြန်ရော ၊ အခြေအနေ က တော်တော်လေး ယိုင် သွားပြီ ။


ကိုညို က ရှိသမျှ ငွေကလေး ပြန် စုပြီး ငါ မလုပ်ချင်တော့ဘူး ။ မြို့ မှာ ပဲ နေတော့မယ် လို့ မန္တလေး ပြန် သွားတော့ ကျွန်တော့် မှာ ဝေ့ချာ ဝေ့ချာ နဲ့ ကွမ်းယာသည် ပဲ ပြန် ဖြစ်သွားတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

အကုသိုလ်မ


 ❝ အကုသိုလ်မ ❞


( ၁ ) 


‌အောင်မယ် ရာရာစစ သင်းတို့ က ငါ့ လုပ်ရပ် ကို လာပြီး သင်းတို့ အမေ ဘက် က နေ ကန့်ကွက်ကြတယ်လေ ။ အကုသိုလ် ကောင်တွေ ၊ ကျေးဇူးကန်းတွေ ၊ ငါ့ ကျေးဇူးတွေ က သင်းတို့ လည်ချောင်း ထဲ မှာ ရှိနေ သေးတယ် ။ အန်ထုတ် ခိုင်းရင် အတောင့်လိုက် ထွက်လာမယ် ။ ဟင်း …  ။ 


အခုလည်း ကျုပ် က မတရား လုပ်တာ မဟုတ်ဘူး ။ ကျုပ် ဆွဲကြိုး ရောင်းပြီး ဝယ် ထားတဲ့ မြေ ။ အိမ် ကို သာ အဖေ ဆောက်ခဲ့တာ ။ အခု အဖေ ဆုံးတာ ၃ နှစ် ကျော် ပြီ ။ ဒါကြောင့် ကျုပ် က ကျုပ် မြေ ကို ကျုပ် ပြန် ယူမယ် ။ အမေ တို့ ထွက်ပေး ။ အိမ် က တော့ အဖေ ဆောက် ထားလို့ ဖျက်ယူ သွားကြ ။ အမေ နေ ဖို့ တစ်နှစ် စာ အိမ် ငှား ပေးမယ် ။ 


အိမ်ကြီး ကို ဖျက် ရောင်းရင် အိမ်ဟောင်းဈေး တော့ ရမယ် ။ အဲဒီ ငွေ ကို ကျုပ် တစ်ပြား မှ အမွေ မယူဘူး ။ အမေ လှူ ချင် လှူ ၊ အမေ့ သားသမီး တွေ ပေးချင် ရင် လည်း ပေး လို့ ပြောတာကို လုံးဝ လက်မခံဘူး ။ ဘယ် လက်ခံမလဲ ။ ‌အောင်တိုး တို့ ၊ ‌အောင်စိုး တို့ ၊ ခင်ဆန်း တို့ က အမေ့ ကို မြှောက်ပေး နေကြတာ ကိုး ။ 


ဒီ မြေ က အမေ နဲ့ လည်း မဆိုင်ဘူး ။ သူတို့ နဲ့ လည်း မဆိုင်ဘူး ။ ကျုပ် ဆွဲကြိုး ရောင်းပြီး ဝယ်တဲ့ မြေ ။ အိမ် က တော့ အဖေ ဆောက်တာ ။ အိမ် က သာ အမေ နဲ့ သူတို့ ဆိုင်တာ ။ ကျုပ် လည်း ဆိုင်တယ် ။ ဒါပေမဲ့ ကျုပ် က အိမ် ရောင်း လို့ ရတဲ့ ငွေ ကို တစ်ပြား မှ အမွေ မယူဘူး လို့ သဘောကောင်း နဲ့ ပြောတာ ကို လက် မခံဘူး ။ ကျုပ် မြေ ကို ဘာလို့ ပေးရမှာလဲ ။ အဖေ နဲ့ အမေ နေလို့ သာ ခွင့်ပြု ထား ရတာ ။ အခု အိမ် မှာ ‌အောင်တိုး နဲ့ ခင်ဆန်း မိသားစု က ကပ် နေ ကြတယ်လေ ။ 


‌အောင်တိုး က ဘာမှ အလုပ် ရှိတာ မဟုတ်ဘူး ။ အကုသိုလ် အလုပ် ကြက် မွေး တယ်လေ ။ ခင်ဆန်း လည်း ဘာ ထူးမှာလဲ ။ သူ့ ယောက်ျား မောင်ဌေး က ငှက် ဖမ်းတယ် ။ ခင်ဆန်း က ဘုရားကြီး မှာ ငှက် ရောင်း တယ်လေ ။ တကယ့် အကုသိုလ် အလုပ် လုပ်နေတဲ့ သူတွေ ။ ဘယ် ကြီးပွားမလဲ ။ ငွေ လိုချင်ရင် ကျုပ် ဆီ ပြေးလာ ကြရတာ ။ ကျုပ် က သူများ ဆိုရင် အပေါင်ပစ္စည်း ပါ မှ ချေးတာ ။ ကိုယ့် မောင် နဲ့ ညီမ ဆိုတော့ အလွတ် ချေး ပေးပါတယ် ။ အတိုး က တော့ အများ ထုံးစံပေါ့ ။ သင်းတို့ မလေးစား မှာ စိုးလို့ပါ ။ 


‌အောင်စိုး ကတော့ ယောက္ခမအိမ် လိုက် နေတယ် ။ သူ လည်း ယောက္ခမ အရက်ဆိုင် မှာ အရက် ရောင်းရတဲ့ အကုသိုလ် အလုပ် လုပ်တဲ့ ကောင်ပဲ ။ သင်း လည်း ယောက္ခမ ငွေ လိုရင် ကျုပ် ဆီ လာ ချေးရတာပါပဲ ။ 


ကျေးဇူးကန်း တွေ ။ 


သင်းတို့ က မြေ ကို ဘယ် ရောင်းစေချင်ကြ မလဲ ။ ဘုံပျောက် သွားမှာ ကိုး ။ အမွေ မရမှာ ကိုး ။ ဒါကြောင့် အမေ့ ကို မြှောက်ပြီး ကျုပ် မြေ ကို မပေးဖို့ ၊ အရောင်း မခံဖို့ ပြောနေကြတာပေါ့ ။ 


မရောင်းလို့ မဖြစ်ဘူး ။ ကျုပ် မှာ လည်း အပူနဲ့ ။ ကျုပ် ယောက်ျား ကိုတင်မာ ရဲ့ အုတ် ၊ ထုံး ၊ သဲ ၊ ကျောက် အရောင်းအဝယ် က လည်း အရှုံး ပြ နေတယ် ။ သား ကလည်း ကား အသစ် ပူဆာ နေတယ် ။ သမီး က လည်း တက္ကသိုလ် တက် ရတော့ ဘဏ်စာရင်း စာအုပ် ဖွင့် ခိုင်းပြီး တစ်လ တစ်လ သူ့ ဘဏ် စာအုပ် ထဲ ဆယ်သိန်း ထည့် ပေးပါ တဲ့ ။ ပိုက်ဆံ ရှိ သားသမီးတွေ ၊ အရာရှိ သားသမီးတွေ မှာ တက္ကသိုလ် ရောက်ရင် ကိုယ်ပိုင် ဘဏ် စာအုပ်တွေ နဲ့ တဲ့ ။ ဒါကြောင့် ရောင်းချင် တာ ပါ ။ ကျုပ် အဖြစ် ကို သူတို့ မသနား ကြဘူး ။ သူတို့ လိုတာ ပဲ နားလည် ကြတယ် ။ သွေး ဆိုပေမယ့် အရေး ဆို အား မကိုးရဘူး ။ 


ဒီတော့ ရှေ့နေ နဲ့ တိုင်ပင် ရ တာပေါ့ ။ ရှေ့နေ က တစ်ဆင့် အမေ့ ကို အိမ်ငှား တစ်နှစ်စာ ပေးမယ့် အပြင် ငွေ ၁ သိန်း ပေးမယ် ။ ကျန်တဲ့ ၃ ယောက် ကို လည်း ၁ သိန်း စီ ပေးမယ် ဆိုတာ လက်မခံကြဘူး ။ 


“ ခင်ဂျမ်း ရယ် … ညည်း ပြောပြော နေတဲ့ ဆွဲကြိုး ဆိုတာ က ညည်း အဖေ နဲ့ ငါ ဆင် ပေးထားတာပါ‌ အေ … မြေ ဝယ် တော့ ငွေ လို လို့ ယူ ရောင်းရတာ‌ အေ … အဲဒီ ငွေချည်း မဟုတ်ပါဘူး … နောက် စီးပွားရေး အဆင် ပြေ တော့ လည်း ညည်းကို ဆွဲကြိုး တစ်ကုံး ပြန် ဆင်ပေးတာပဲ မဟုတ်လား …  မတရား မလုပ်ပါနဲ့‌ အေ … သားသမီးတွေ ထဲ မှာ ညည်း အချမ်းသာဆုံး ပါ ” 


အမေ က မျက်ရည်ခံ ထိုးပြီး ပြောတယ် ။ 


“ ကျုပ် ဆွဲကြိုး ရောင်းပြီး မြေ ဝယ်တာ ကျုပ် မြေ ပေါ့ … ဘယ်သူ့ မေးမေး ကျုပ် ဘက် က ပါ မှာ … ကျုပ် ရှေ့နေကြီး ကို မေးပြီး ပြီ … ဆွဲကြိုး ဝယ်တုန်း က ဘောက်ချာ မှာ ကျုပ်နာမည် နဲ့ အဖေ က ဝယ်ပေးတာ … အဲဒီ ဘောက်ချာ ကျုပ်သိမ်း ထားတယ် … အဲဒါ သက်သေခံ ပဲ … ကျုပ် ဆွဲကြိုးရောင်းပြီး မြေ ဝယ်တယ် ဆိုတာ အမေ အသိဆုံး … အမေ ဟာ အကောင်းဆုံး သက်သေလို့ ရှေ့နေကြီး က ပြောတယ် … ဒါကြောင့် ကျုပ် ဒေါသ မထွက်ခင် ကျုပ် ပေး သလောက် လက်ခံကြပါ … မဟုတ်ရင် လူ မတတ်ပေမယ့် လက်ဖက်ထုပ် တတ် ရပါလိမ့်မယ် … တရားရုံး က စကား ပြောကြရလိမ့်မယ်နော် … နောက်ပြီး ကျုပ် ချမ်းသာတာ ကို မနာလို မရှိပါ နဲ့ … ကျုပ် ကုသိုလ် နဲ့ ကျုပ် ချမ်းသာ တာ … အမေ့ သားသမီးတွေ ဆင်းရဲ မှာ ပေါ့ … အားလုံး အကုသိုလ် အလုပ် လုပ် နေကြတာ ကိုး … အမေ လည်း အကုသိုလ် အစာတွေ စား နေတာ ” 


ဒီတော့ အချို မရ ၊ အချဉ် မရသူတွေ ဆိုတော့ ကျုပ် လည်း သည်းညည်း မခံနိုင်တော့ဘူး ။ ဆိုင် ထဲ ထည့်ဖို့ နဲ့ သားသမီး တွေ လုပ်ပေးဖို့ ငွေ က အရေးတကြီး လို နေတယ် ။ ဒါကြောင့် မြေ ရောင်းရဖို့ ရှေ့နေကြီး လက် ဝကွက် အပ်ရတော့တာပေါ့ ။ ဒီတော့ တရားရုံး မှာ တရားမမှု ကို ဦးတိုက် လျှောက်ရ တော့တာပေါ့ ။ 


ဘယ် တတ်နိုင်မလဲလေ ။ ကျုပ် စကား မှ နားမထောင်ဘဲ ။ အတ္တတွေ များ နေကြတာကိုး ။ 


( ၂ ) 


ထင်တဲ့ အတိုင်းပါပဲ ။ ကျုပ် ဆီ ပထမဆုံး ရောက် လာ တာ က အကုသိုလ်ကောင် ‌အောင်စိုးလေ ။ အရက်လေး မူး ပြီးတော့ ပေါ့ ။ 


“ မခင်ဂျမ်း … တံခါး ဖွင့်စမ်း …  ခင်ဗျား နဲ့ ကျုပ် စာရင်း ရှင်းစရာ ရှိတယ် ” 


“ ဝုန်း … ဝုန်း ” 


သေနာကျ ။ အသံပြဲကြီးနဲ့ ‌အော် နေလိုက်တာ ။ တစ်ရပ်ကွက်လုံး ကြားတယ် ။ သင်း လို ကောင်မျိုး ဘာမှ တွေ့စရာ မလိုဘူး ။ တရားရုံး ကျ မှ ရှင်းမယ် ။ အမှန်တရား က ကျုပ် ဘက် မှာ ရှိတာ ကျုပ် သိတယ် ။ သင်းတို့ က အမွေ လိုချင် လို့ အမေ့ညကို မြှောက်ပေး နေကြတာ ။ သင်းတို့ တစ်ပြား မှ မရဘဲ ရှိတာ ကုန်‌အောင် ကျုပ် လုပ်ပြ မယ် ။ ခင်ဂျမ်း တဲ့ တစ်ဂျမ်း တည်း ရှိတယ် ။ 


“ ဒီမှာ အရပ်ကရို့ ရေ … အမေ ကို တရား စွဲ တဲ့ ခေတ်သစ် အဇာတသတ် မိန်းမကြမ်း ကို မြင်ဖူးကြရဲ့လား … မမြင်ဖူးရင် လာ ကြည့်ကြ … လာကြည့်ကြ … ဟောဒီမှာ ဗျို့ … တစ်ရာ မှာ တစ်ယောက် … မမြင်ဘူး မရှိ ရ လေ‌အောင် လာ ကြည့် ထားကြ ” 


သေနာကောင် ။ မူးမူး နဲ့ စွတ်‌ အော် နေတယ် ။ ရပ်ကွက် က ကျုပ် ကို အထင် ကြီး နေကြတာ ။ အထင် သေး‌ အောင် သင်း က လုပ်တယ်ပေါ့ ။ အကုသိုလ်ကောင် ။ 


“ ဟဲ့ မိမော် … တံခါး သွား ဖွင့် ပေးလိုက် ” 


မိမော် တံခါး သွား ဖွင့် ပေးတော့ အကုသိုလ်ကောင် က ဒယီးဒယိုင် နဲ့ ဝင်း ထဲ ဝင်လာတယ် ။ အဖော် နှစ်ယောက် က လည်း သိုင်းကွက် နင်းလို့ ။ ဂျစ်ကန်ကန် မိုက်ကန်းကန်း ပုံစံတွေ ။ 


“ မောင်စိုး … ငါ့ မောင်လေး ကလည်း စောစောစီးစီး ဘာလို့ သောက် လာရတာလဲ ဟယ် … လာ လာ အထဲ ဝင်ကြ ” 


အိမ်ပေါက်ဝ ရောက်တော့ ကျုပ် က သွား တွဲတယ် ။ 


“ ဖယ် … ကျုပ် ကို မထိနဲ့ ” 


‌အောင်မယ် သေနာ က ကျုပ် လက် ကို ပုတ်ထုတ် ပစ်တယ် ။ အရက်စော် က ဟောင် လို့ ။ သင်း ကို ဂရုစိုက်ချင်လို့ မဟုတ်ဘူး ။ သင်း ရဲ့ ပါးစပ် သေနတ်ပစ် တာ ကို အရပ် က အဟုတ် ထင်သွား မှာ စိုးလို့ ။ 


သင်း က တိုက် ထဲ ဝင် သွားတယ် ။ အဖော် နှစ်ယောက် က လည်း ကျုပ် ကို မိုက်ကြည့် ကြည့် ပြီး တိုက် ထဲ လိုက် ဝင်တယ် ။ 


“ ငါ့မောင် တို့ လည်း အထဲ ဝင်ကြလေ ” 


တကယ်တော့ တိုက် ထဲ ရောက်နေကြပါပြီ ။ ကြောက် လို့ မဟုတ်ပါဘူး ၊ ပြဿနာ မဖြစ်ချင်လို့ပါ ။ 


“ လာ ငါ့ မောင် … ဆိုဖာ ပေါ်ထိုင် ၊ မိမော် … ညည်း အစ်ကို တွေ အတွက် အ‌အေး သုံးဘူး ယူခဲ့ ” 


“ မသောက်ချင်ဘူး … ခင်ဗျား ကျွေးတာ စားချင် သောက်ချင်လို့ လာတာ မဟုတ်ဘူး … ခင်ဗျား နဲ့ စာရင်း ရှင်းချင်လို့ လာတာ ၊ ပြောစမ်းပါဦး … ခင်ဗျား က အမေ့ ကို ဘာလို့ တရား စွဲ ရတာလဲ ” 


‌အောင်စိုး က ဆိုဖာ ပေါ် ခြေပစ် လက်ပစ် ထိုင်ချ လိုက်ပြီး ကျုပ် ကို မျက်ထောင့်နီကြီး နဲ့ ကြည့်ပြီး အသံမာမာ နဲ့ မေးတယ် ။ 


“ အမေ့ ကို တရား စွဲတာ မဟုတ်ပါဘူး ငါ့ မောင် ရယ် … အမေ နဲ့ တရားပြိုင် လုပ်ဖို့ တရားရုံး ကို ဦးတိုက် လျှောက်တာပါ ” 


“ ဘာထူးသေးလဲဗျ …  ဘာဘူကြီး နဲ့ အရာကြီး အတူတူပဲ ” 


“ မဟုတ်သေးဘူး ငါ့ မောင် ရဲ့ … အမွေ ဆိုတာက ကိုယ့် အချင်းချင်း ရှင်းလို့ မရရင် တရားရုံး က ရှင်းပေး ကြတာလေ … ဒီသဘောပါ ” 


ကျုပ် က အချိုသာဆုံး ၊ အရှင်းဆုံး စကားတွေ ကို အပြုံးလေး စွက် ပြီး ပြောနေရတယ် ။ ဒီကောင် က လွယ်တာ မဟုတ်ဘူး ။ ငယ်ငယ် ကတည်း က ထစ် ဆို လက် ပါတဲ့ ကောင် ။ ရပ်ကွက်ရုံး နဲ့ ရဲစခန်း ခဏခဏ ရောက်တဲ့ ကောင် ။ မိန်းမ ရ လို့ ငြိမ် သွားတာ ။ သူ့ လူ နှစ်ယောက် က လည်း မျက်စ ပစ်လိုက်တာ နဲ့ ဘာမှ မစဉ်း စားဘဲ လုပ်မယ့် ကောင်တွေ ။ 


“ ဘာ အမွေလဲ … ဒီ မြေ က အဖေ နဲ့ အမေ ဝယ်ထားတဲ့ မြေ … အဖေ သေပေမယ့် အမေ ရှိသေးတယ် … အခု အမေ နေတယ် … နေပစေပေါ့ ။ ဒါကို ခင်ဗျား က ဘာ အမွေ လုပ် တောင်းတာလဲ … မိဘ ကို ဇရပ် ပေါ်  ရောက်‌အောင် လုပ် နေတာလား ” 


“ မဟုတ်ပါဘူး ငါ့ မောင် ရယ် … အမေ့ ကို ငါ အိမ်ငှား ပေးမှာပါ … အမေ လိုတဲ့ အခါ လည်း ငါ ထောက်ပံ့ မှာ ပေါ့ … အခု မထောက်ပံ့ဘူး ဆိုတာ က ‌အောင်တိုး နဲ့ ခင်ဆန်း က အမေ နဲ့ ကပ် နေကြတာလေ … သူတို့ ကျွေးမွေး နေလို့ ငါ မထောက်ပံ့တာ ပါ … မင်း မသိဘူး ငါ့ မောင် … အမေ မရှိရင် ဒီ မြေ ကို အပိုင် စီး ဖို့ ‌အောင်တိုး နဲ့ ခင်ဆန်း ယောက်ျား က ကြံနေကြတာ … သူတို့ နှစ်ယောက်တည်း ယူမယ် ပေါ့ … ဥပဒေ အရ အိမ် ဆိုတာ က အနေ ကြာသူ က မိဘတွေ မရှိရင် အမွေ ရတာလေ … ငါ က လည်း ငါ့ အိမ် နဲ့ ငါ … ငါ့ မောင် က လည်း ယောက္ခမ အိမ် မှာ နေ ကြတာ မဟုတ်လား … အမေ ဆိုတာက ဒီနေ့ သေမလား ၊ မနက်ဖြန် သေမလား မသိဘူး လေ … ဒီတော့ ငါတို့ က ဉာဏ် ရှိရှိ နဲ့ ကြို လုပ်ထားရမှာ မဟုတ်လား … အမေ့ ကို ငါ သေချာ ရှင်းပြတယ် … နား မဝင်ဘူး ဟယ် … အမေ သေရင် ‌အောင်တိုး နဲ့ ခင်ဆန်း ပဲ ဒီ မြေကို ခွဲယူ ကြမှာ ၊ ငါ လည်း ရမှာ မဟုတ်ဘူး … ငါ့ မောင် လည်း ရမှာ မဟုတ်ဘူး … ဒါကြောင့် ငါ က မခံနိုင်လွန်း လို့ လုပ်ရတာပါ ဟယ် … ငါ ရှုံးတယ် ဖြစ်စေ ၊ နိုင်တယ် ဖြစ်စေ … ငါ့ အချစ်ဆုံး ငါ့ မောင် ကိုတော့ မနစ်နာ ရ‌အောင် ခွဲပေး မှာ ပေါ့ … ဟုတ်လား ။ ငါ့ မောင် ကို အစ်မ အမြဲ ကူညီနေတာပဲလေ … မင်း ယောက္ခမတွေ ငွေ လိုရင် အစ်မ လည်း ချေးပေး နေတာ မဟုတ်လား ” 


“ ငွေ ချေးတာ ခင်ဗျား က အတိုး နဲ့ ချေးတာ … ပြော မနေနဲ့ ၊ ခင်ဗျား ကို ကိုယ့် အစ်မ မို့ ရစေချင်လို့ ချေးတာ … ခင်ဗျား မချေး လည်း ဒီ့ပြင် မှာ ပြည့်လို့ … ဂုဏ်ဖော် မနေနဲ့ …  ခင်ဗျား ပြောသမျှ ကျုပ် မူးနေပေမယ့် ယုံလိမ့်မယ် မထင်နဲ့ … အမေ့ စကားပဲ ကျုပ် ယုံတယ် … ဘာအမွေ မှ ကျုပ် မလိုဘူး ၊ ဒီမြေ ကို အမေ သေတဲ့ထိ နေသွားပါစေ … အမေ သေသွားလည်း ခင်ဗျား မြေ ဆို ခင်ဗျား ရစေ့မယ် … သွားမယ် ” 


“ ငါ့မောင် … အချိုရည် သောက်သွားဦးလေ ” 


“ မသောက်ရဲပါဘူး … အမေ တောင် တရားစွဲရဲတဲ့ မိန်းမ … မောင် ဆိုရင် အဆိပ်ရည် တိုက်မှာ သေချာတယ် ။ ဟေ့ … သွားစို့ ” 


အရက်သမားတွေ ကျုပ် တိုက် ထဲ က ဒယီးဒယိုင် ထွက်သွား ကြတယ် ။ မသောက်နဲ့ပေါ့ ။ အကုန် သက်သာသေး ။ 


“ ဟဲ့ … မိမော် … အ‌အေးဘူးတွေ ရေခဲသေတ္တာ ထဲ ပြန် ထည့် ထားလိုက် …  နောက် ဧည့်သည် လာရင် တိုက်ရ‌အောင် ” 


( ၃ ) 


သမီးကြီး ရတနာစိုး သတင်း ကြား တော့ ကျုပ် မှာ အံ့သြ ၊ ဒေါသ လည်း ဖြစ်ရတာပေါ့ ။ ဒါကြောင့် သမီးကြီး နဲ့ ဖြစ်တယ် ဆိုတဲ့ ဦးသစ်လွင် အိမ် သွားပြီး သူ့ မိန်းမ နဲ့ ကလေးတွေ ရှေ့ မှာ ခွေး ပြော သလို ပြော ပစ်ခဲ့တယ် ။ အားရပါးရ ကြမ်းပြီး ပြန် ခဲ့တယ် ။ ဟုတ်တယ် ။ ဒါမှ သင်း ရှက် ပြီး ကျုပ် သမီး ကို မပတ်သက်ရဲ မှာ ။ ကျုပ် သမီး က ဘာ သိမှာလဲ ၊ ခုမှ တက္ကသိုလ် ဒုတိယနှစ် ပဲ ရှိသေးတာ ။ ကလေး သာသာ အရွယ် ။ 


“ အမေ က လည်း  … ဘာလို့ ဦးသစ် အိမ် သွားရတာလဲ … သမီး အရှက် ကို သွား ခွဲတာလား ” 


ဆိုပြီး အိပ်ခန်း ထဲ ဝင်ပြီး ငိုလေရဲ့ ။ ကျုပ် မှာ ချော့ချင် ပေမယ့် ဒီ တစ်ခါတော့ မချော့နိုင်ဘူး ။ ခေါင်းတွေ မူးပြီး သွေးတွေ တိုးနေတာ ကိုး ။ ဆရာဝန် ပေးတဲ့ ဆေး သောက်ပြီး အိပ်ရာ ပေါ် အိပ် နေရတယ် ။ 


“ မေမေကြီး … မေမေကြီး မောင် …  ဦးတိုး က တွေ့ချင်လို့ တဲ့ … မေမေကြီး နေမကောင်းဘူး ပြောတာ မရဘူး … တိုက် ရှေ့ မှာ ငုတ်တုတ် ထိုင် စောင့်နေတယ် ” 


လို့ မိမော် က လာပြောတယ် ။ 


“ ညည်း က ဘာလို့ ဝင်းတံခါး ဖွင့်ပေး ရတာလဲ ” 


“ ခါတိုင်းလို ကြက်ဥတွေ လာ ပေးတာ ထင်ပြီး တံခါး ဖွင့် ပေးတာ ” 


“ ကြက်ဥတွေ ကော ပါလား ” 


“ ပါပါတယ် မေမေကြီး ” 


သင်း က တစ်မှောင့် ။ ‌အောင်စိုး သွား ပြောလို့ လာ ရှင်းတာ နေမှာ ။ ကိုယ့် ပစ္စည်း နဲ့ ကိုယ် ဖြစ်နေတာတောင် ‌အေး‌အေးဆေးဆေး မနေရပါလား နော် ။ ကျုပ် တိုက်‌အောက် ဆင်းပြီး တိုက်ရှေ့ထွက် ခဲ့တယ် ။ 


“ ဘာလဲ မောင်တိုး … မောင်စိုး ပြောလိုက်လို့ လာ ရှင်း တာလား ” 


“ မဟုတ်ပါဘူး မဂျမ်း ရယ် … မောင်စိုး က ဘာမှ မပြောပါဘူး … မနေ့က တော့ လာတယ် … အမေ က ရိပ်သာ လိုက် ပို့ခိုင်း လို့ သူ့ ဆိုင်ကယ် နဲ့ လိုက်ပို့တယ် ” 


“ ဒါဖြင့် ဘာလို့ လာတာလဲ ” 


“ မဂျမ်း တရားစွဲ တာ ကို ပြန်ရုပ်သိမ်းပါ … မိသားစု ချင်း ရှင်းကြတာပေါ့ ” 


“ ရှင်းလို့ မရလို့ တရားစွဲ ရတာပေါ့ … ဘယ်သူက ပိုက်ဆံ ကုန် ခံချင်မှာလဲ ” 


“ မဟုတ်သေးဘူး မဂျမ်းရယ် … အမေ မသေသေးဘူး အမွေ လုကြတယ် …  ရုံးရောက် ဂါတ်ရောက် ဖြစ်ကြတယ် ဆိုတဲ့ သတင်း က လူ ကြားလို့ မှ မကောင်းဘူး ” 


“ ဘာ အမွေ လဲ … ဒါ ငါ့ ဆွဲကြိုး ရောင်း ဝယ်ထားတဲ့ မြေ ” 


“ အဲဒီ ဆွဲကြိုး က အဖေ ဝယ်ပေး ထားတာပါ … မြေ ဝယ်တော့ အဖေ့ ပိုက်ဆံ နဲ့ မလောက်လို့ မဂျမ်း ဆွဲကြိုး ရော ၊ အမေ့ နားကပ် ရော ၊ ကျွန်တော့် လက်စွပ် ရော ရောင်းပြီး မြေဝယ် အိမ်ဆောက် တာပါ ” 


“ မသိဘူး မသိဘူး … မြေ က ငါ့ ဆွဲကြိုး ရောင်း ဝယ်တာ … အိမ် က အဖေ့ ပိုက်ဆံ နဲ့  နင်တို့ ပစ္စည်းတွေ ရောင်း ဆောက်တာ … မြေ က ငါ ပဲ ဆိုင်တယ် … အိမ် က နင်တို့ ပဲ ဆိုင်တယ် … အိမ် ကို ဖျက် ယူကြ ” 


“ ထားပါ မဂျမ်း ရယ် … ဒီ မြေ ကို ကျွန်တော်တို့ မောင်နှမ သုံးယောက် မယူဖို့ ဆုံးဖြတ် ထားပါတယ် … ဒါပေမဲ့ အမေ့ အတွက် နေဖို့ ထိုင်ဖို့ လိုတယ် ၊ ဒါကြောင့် တစ်ဝက် ကို ခွဲပြီး မဂျမ်း ယူပါ … ကျန် တစ်ဝက် ကို အမေ့ အတွက် အိမ်လေး ဆောက် ပြီး အမေ သေတဲ့ အထိ ‌အေး‌အေးချမ်းချမ်း နေပါစေ မဂျမ်း … ဒါကို လာ ပြောတာပါ …  အမေ သေရင်တော့ အဲဒီ မြေ နဲ့ အိမ် လည်း မဂျမ်း ယူပါ … အခု သမီး က တရားစွဲတယ် ဆိုတော့ အမေ စိတ် မချမ်းသာဘူး … နေ့တိုင်း ကျိတ်ကျိတ် ပြီး ငိုနေ ရှာတယ် …  အမေ စိတ် မချမ်းသာ တော့ ကျွန်တော်တို့ သားသမီးတွေ လည်း ဘယ် စိတ်ချမ်းသာ မလဲ … ဒါကြောင့် မဂျမ်း တရား စွဲ တာကို ရုပ်သိမ်း ပေးပါ … မဂျမ်း ပေးမယ့် ငွေလည်း မယူကြပါဘူး … မောင်နှမတွေ ကိုယ်စား ကျွန်တော် လာ တောင်းပန် တာပါ ” 


‌အောင်တိုး က ပြောပြီး ထွက်သွား တယ် ။ ကောင်းတယ် ။ သင်းတို့ က သားလိမ္မာ ၊ သမီးလိမ္မာ လုပ်ကြတာပေါ့ ။ ကျုပ် ကတော့ ဆိုင် ထဲ ရင်း ရမယ် ။ သား အတွက် ကား ဝယ် ပေး ရမယ် ။ သမီး အတွက် ဘဏ်စာအုပ် လုပ်ပေး ရမယ် ။ ဘယ်သူတွေ ဘာ ပြောပြော ကျုပ် လည်း ဇနီး လိမ္မာ ၊ မိခင်ကောင်း တစ်ယောက်ပါ နော့ ။ 


( ၄ ) 


ပြဿနာ က တစ်ခု တည်း မလာဘူး ။ အဖော် နဲ့ လာတယ် ဆိုတာ သိပ် မှန်တယ် ။ 


ကျုပ် သမီး ရတနာစိုး သိပ် မိုက်တယ် ။ သားကြီး မယားကြီး ရှိတဲ့ သူ နဲ့ ခိုးရာ လိုက် ပြေး သွားတယ်လေ ။ ကျုပ် မှာ ဒေါသ ဖြစ်လွန်းလို့ ။ သားငယ် အာကာဟိန်း ကို ကားမောင်း ခိုင်းပြီး သင်းတို့ ပြေးမယ် ထင်တဲ့ နေရာတွေ ကို ချက်ချင်း လိုက် ရှာတာပေါ့ ။ စိတ် က လော နေတော့ ကား ပြေးတာ က နှေးတယ် ထင်ပြီး သား ကို “ ဟဲ့ … မြန်မြန် မောင်းစမ်း ” လို့ လော လိုက် မိတယ်လေ ။ ဒီတော့ ပြဿနာ တစ်ခု ထပ် ကြုံရတာပေါ့ ။ လမ်း ဖြတ်ကူးတဲ့ အဘွားကြီး တစ်ယောက် ကို ကား က ဝင် တိုက်ပါလေရော ။ ပွဲချင်းပြီးပဲ ။ ကား လည်း ဘာမှ မဖြစ်ဘူး ။ ကျုပ်တို့ သားအမိ လည်း ဘာမှတော့ မဖြစ်ဘူး ။ ဒါပေမဲ့ အာကာဟိန်း ခမျာ အကြောက် လွန်ပြီး စကား မပြောနိုင် သေးဘူး ။ မျက်လုံးလေး ကလယ်ကလယ် နဲ့ အချုပ်ခံ နေရတာ ။ ကျုပ် မှာ သနားလွန်း လို့ လူရှေ့ မရှောင် သူရှေ့ မရှောင် ငို လိုက်ရတာ ။ 


သူ့ အဖေ ကိုတင်မာ ကို ပြောဖို့ အုတ် ၊ ထုံး ၊ သဲ ၊ ကျောက် ရောင်းတဲ့ ဆိုင် ကို လိုက် သွားတယ် ။ မရှိဘူး ။ သူ့ စာရေးမလေး နဲ့ ထွက်သွားတာ နှစ်ရက် ရှိပြီ တဲ့ ။ သေနာကျကြီး ။ ကျုပ် ကို တော့ ဆိုင် က အရှုံး ပေါ် လို့ စာရင်း စစ် ရဦးမယ် ။ အိမ် ကို လေးငါးရက် ပြန် မလာနိုင် သေးဘူး ။ စာရေးမတွေ ကလိမ်ကကျစ် လုပ်ထားတာ နေမှာ လို့ ပြောထားတာ ။ အခုတော့ သင်း က စာရေးမ တစ်ယောက် ကို ကလိမ်ကကျစ် လုပ်သွားတာ ကိုး ။ 


‌အောင်မလေး ပြဿနာတွေ ၊ ပြဿနာတွေ ။ ဘယ်လို ဖြေရှင်းရမလဲ နော် ။ တစ်ယောက် ယောက် က ကျုပ်တို့ ကို ဒုက္ခ ရောက်‌ အောင် လုပ် နေတာ ။ တန်ပြန် မှ ။ ဗေဒင်လက္ခဏာ ဖြစ်ဖြစ် သွား မေးပြီး ယတြာ တစ်ခု ခု လုပ်ရမယ် ။ 


“ မေမေကြီး … မေမေကြီး ညီမ မခင်ဆန်း က မေမေကြီး ကို တွေ့ချင်လို့ တဲ့ … ဝင်ခွင့် တောင်းနေတယ် ” 


မိမော် က လာပြောတယ် ။ 


“ အခု မိဆန်း ဘယ်မှာလဲ ” 


“ ဝင်းပေါက်ဝ မှာ စောင့်ခိုင်း ထားတယ် မေမေကြီး ” 


“ ဟဲ့ … ချက်ချင်း တံခါး သွား ဖွင့်ပေးလိုက် … ဘာလို့ စောင့်ခိုင်း ထားတာလဲ … အလိုက်ကန်းဆိုး မသိဘူး … သွား ” 


“ ဟုတ် … ဟုတ်ကဲ့ …  မေမေကြီး ” 


ကျုပ် လည်း အဝတ်အစား အမြန် လဲပြီး ပိုက်ဆံအိတ် ယူကာ ‌အောက်ထပ် ကို ဒရောသောပါး ဆင်းခဲ့တယ် ။ ခင်ဆန်း က ဆိုဖာ ဘေး မှာ ကျုပ် အလာ ကို မျှော်ကြည့် ပြီး စောင့်နေတယ် ။ 


“ ဟဲ့ … ခင်ဆန်း … အတော်ပဲ …  ငါ နဲ့ လိုက်ခဲ့ ” 


“ ဘယ်လဲ … မဂျမ်း ” 


“ ငါ့ မှာ အပူမီးတွေ တွေ့ နေတယ် ဟဲ့ … နင်တို့ ဘုရားကြီး မှာ ဗေဒင်လက္ခဏာ မေးပြီး ယတြာ ချေ ချင်လို့ … နာမည် ကြီးတဲ့ဆိုင် ခေါ်သွား စမ်း … ငွေ ဘယ်လောက် ကုန်ကုန် လုပ်နိုင်တယ် ” 


“ နောက်မှ လိုက်ပို့ပါ့မယ် မဂျမ်းရယ် … ကျွန်မ ယောက်ျား အခု တီဘီဆေးရုံ မှာ တက် နေရတယ် … ငွေ လိုမှာမို့ အစ်မ ဆီ လာပြီး ငွေ လာ ချေးတာပါ … အတိုး လည်း ပေးပါ့မယ် ” 


“ နင့် ကိစ္စ အရေး မကြီးဘူး … နင့် ယောက်ျား က စောစောစီးစီး ငှက် ဖမ်း လို့ အ‌အေး မိတာ … အကုသိုလ် အလုပ်တွေ လုပ်နေကြတာ ကိုး … အပြန် မှ ငါ ချေးမယ် … အခု ငါ နဲ့ လိုက်ခဲ့ ” 


ပြောပြောဆိုဆို နဲ့ ကျုပ် တိုက်ထဲ က ထွက်ခဲ့တယ် ။ အိမ် မှာ ကား တစ်စီး အပို ရှိပေမယ့် မမောင်း ရဲဘူး ။ လမ်း ပေါ် ထွက်ပြီး တက္ကစီ ငှားစီး တယ် ။ ကားသမား ကို ဘုရားကြီး တောင်ဘက်မုခ် ကို မောင်း ခိုင်းတယ် ။ စောင်းတန်း ဝဲယာ မှာ ဗေဒင်လက္ခဏာ ဟောခန်း တွေ ရှိတာ ကိုး ။ ခင်ဆန်း ခေါ် ရာ လိုက်သွားတယ် ။ 


အရေးထဲ ကိုရွှေဗေဒင်ဆရာ က မွေးသက္ကရာဇ် မေး ၊ မွေးနေ့ မေး ၊ မဟာဘုတ်တိုင် ထူ ၊ ဇာတာ ဖွဲ့ ၊ ပါဒ် ၊ ဓနုလ၈် ၊ ဗြိစ္ဆာစန်း ၊ နဝင်း ၊ နက္ခတ်တွေ တွက် နေပြီး ရှယ်ဟော လား ၊ အထူးဟော လား ၊ ရိုးရိုးဟော လား မေး နေ သေးတယ် ။ စိတ် မရှည်တော့ဘူး ။ 


“ ကဲ … ဗေဒင်ဆရာ … ကျုပ် သမီးကြီး က လင် နောက် လိုက်ပြေး သွားတယ် … သား က ကားတိုက်မှု နဲ့ အချုပ်ခံ နေရတယ် … လင် က စာရေးမ နဲ့ ပျောက် နေတယ် … ဒီ အပူတွေ ငြိမ်း‌အောင် ယတြာ ချေဖို့ လာ မေးတာ … ယတြာ ကို ရှယ် ပြော ” 


လို့ ပြောလိုက် မှ …  


“ ဟာ … အစ်မကြီး ရဲ့ ဇာတာခွင် မှာ လင်သောက ၊ သားသမီး သောက တွေ့တဲ့ ကိန်း ဆိုက် နေတယ် … ဂြိုဟ် မှာ လည်း ပျက်ကိန်း ဆိုက် နေတယ် … ဒါကို ဟော မလို့ပါပဲ … ကဲ မပူနဲ့ … ရှယ် ယတြာ ပေး လိုက်မယ် … တန်ခိုးကြီးဘုရား ရဲ့ တနင်္ဂနွေ ထောင့် မှာ ငှက်သတ္တဝါ ကို လွှတ် ၊ မြင့်မြင့် ရောက် လေ ကိုယ့် အနှောင်အဖွဲ့  သောကတွေ ကင်းလေ ပဲ ” 


“ ကဲ … ဗေဒင်ဆရာ ရော့ … ” 


ကျုပ် ပိုက်ဆံအိတ် ထဲ က ငွေ တစ်ရွက် ကို ထုတ်ပေး ပြီး ဗေဒင်ဆရာ အခန်း ထဲ က ထွက်ခဲ့တယ် ။ ခင်ဆန်း လည်း ကပ် ပါလာတယ် ။ 


“ တနင်္ဂနွေထောင့် ဆိုတာ ဘယ်နေရာလဲ ” 


“ ကျွန်မတို့ ငှက် ရောင်းတဲ့ ဗုဒ္ဓဝင်ပြတိုက် နား ကို ပြောတာ ” 


ကျုပ် ဘုရား ရင်ပြင်တော် အရှေ့ဘက် က ဖြတ်ပြီး ခတ်သုတ်သုတ် သွားတယ် ။ 


“ အစ်မ …  ဘုရား ရောက်တုန်း မဟာမြတ်မုနိဘုရားကြီး ဝင်ဖူးဦးလေ … ” 


“ နေစမ်းပါဟယ် … နင် ကလည်း တစ်မှောင့် … ယတြာ ချေဖို့ က အရေးကြီးတယ် …  နောက်မှ ဖူးမယ် ” 


ငှက်ဆိုင် နား ရောက်တော့ … 

 

“ ဟဲ့ ခင်ဆန်း … နင့် ဆိုင် မဖွင့်ဘူးလား ” 


“ ကိုဌေး ဆေးရုံ တင် ထားပါတယ် ဆို မဂျမ်းရယ် … ဒါကြောင့် ” 


“ နင့် စကား နောက် မှ ပြော … ငါ့ ကို ငှက် တစ်ကောင် ဝယ်ပေးစမ်း … နင့် အသိတွေ ပဲ မဟုတ်လား … ဈေး မများစေနဲ့ ” 


“ မဂျမ်း က လည်း ဒီမှာ ရောင်းတဲ့ ငှက်တွေ က  အတောင် နှစ်ဖက် ကို ထိပ် က နည်းနည်းစီ ဖြတ်ပြီးသားတွေ … ဒါမှ ဝေးဝေး မပျံနိုင် မှာ … ပြန် ဖမ်းပြီး ရောင်း နေကြတာ … မဂျမ်း လိုချင်ရင် အတောင် မဖြတ်သေးတဲ့ ငှက် ကို သွား ယူ ပေးမယ်လေ ” 


ခင်ဆန်း က ကျုပ် ကို တိုးတိုး ကပ် ပြောတယ် ။ 


“ ဟဲ့ … ငါ့ မှာ အချိန် မရှိဘူး … သူတို့ အကုသိုလ် မကြောက်လို့ သူတို့ လုပ်တာ လုပ်ပစေ … ငါကတော့ လွှတ် ရမှာပဲ … ဟဲ့ ဟိုလှောင်ချိုင့် ထဲ က ငှက်ကြီးကြီး ကို သွား ဝယ်စမ်း … ငှက်ကြီးကြီး လွှတ်တော့ ကုသိုလ် များများ ရတာပေါ့‌ အေ ” 


ကျုပ် က တစ်ထောင်တန် တစ်ရွက် ပေး လိုက်တယ် ။ ခင်ဆန်း ဘာမှ မပြောတော့ဘဲ ဈေးဆစ်ပြီး ဝယ် လာတယ် ။ ကျုပ် ကို လာ ပေးတယ် ။ ကျုပ် အရှေ့ဘက် ကို မျက်နှာ မူ လိုက်တယ် ။ ငှက်ကြီး ကို လက် နှစ်ဖက် နဲ့ ကိုင်မြှောက် ပြီး ဆုတောင်း တယ် ။ 


“ ကျုပ် သမီးကြီး အမြင်မှန် ရပြီး လိုက်သွားတဲ့ လူ ကို ပစ်ပြီး အိမ် ပြန် လာပါစေ … ကျုပ် သား လည်း တစ်ဖက် က ကျေ‌အေး တောင်းပန် လို့ အမှုပြီးပါစေ … ကျုပ် လင် နဲ့ပါ သွားတဲ့ ကောင်မလေး လည်း လေဖြတ်သေပါစေ ” 


သုံးကြိမ် သုံးခါ မျက်စိ မှိတ် ၊ အာရုံ ပြု ၊ ရွတ်ဆိုပြီး လက် နဲ့ ကိုင်မြှောက် လွှတ် လိုက်တယ် ။ 


“ ဖလပ် … ဖလပ် ” 


အသံ မြည်ပြီး ငှက်ကြီး ပျံသွားတယ် ။ ကျုပ် မျက်စိ ဖွင့် ကြည့် လိုက်တယ် ။ ဝေးဝေး မပျံဘူး ။ အနား က သစ်ပင်ကြီး မှာ သွား နားတယ် ။ ကျုပ် ကြည်နူးစွာ ကြည့် နေမိတယ် ။ ဒီအချိန် မှာ ပဲ ကြောင်နက်ကြီး တစ်ကောင် သစ်ပင် ခွကြား မှာ ဘွားခနဲ ပေါ် လာတယ် ။ ကျုပ် မျက်လုံး ပြူး သွားတယ် ။ ကြောင် ချောင်း နေတာ ကို ငှက်ကြီး က မသိဘူး ။ လွတ်ပြီ ကျွတ်ပြီ ဆိုပြီး သစ်ကိုင်း ပေါ် မှာ ‌အေး‌အေးဆေးဆေး နား နေတယ် ။ ကြောင် က အနား ဖြည်းဖြည်းလေး သွား နေတယ် ။ 


“ ဟဲ့ ကြောင် … ဟဲ့ ကြောင် ” 


ကျုပ် ‌အော်လိုက်ပေမယ့် နောက်ကျ သွားပြီ ။ ကြောင် က ငှက်ကြီး ကို ခုန်အုပ် ပြီး ပါးစပ် နဲ့ ကိုက်ချီ ကာ သစ်ပင် ပေါ် က ပြန် ဆင်းသွားတယ် ။ 


ကျုပ် မှာ ကြည့်ရင်း … ကြည့်ရင်း နှလုံးတွေ အခုန် မြန် ၊ ခေါင်းတွေ အရမ်း မူးပြီး မြေ ပေါ် ကို ပျော့ခွေ ကျ သွားတယ် ။ 


( ၅ ) 


“ သမီး ခင်ဂျမ်း … သတိ ရ လား … အမေ့ အသံ ကြားရဲ့ လား ”

 

အမေ့ အသံ … ၊ မှတ်မိတာပေါ့ ။ ကျုပ် စကား ပြောချင်တယ် ။ ပြော ကြည့်တယ် ။ အသံ က မထွက်ဘူး ။ အမေ့ ကို ကြည့် ချင်တယ် ။ ဖွင့်လို့ မရဘူး ။ အသံတွေ ကြား နေ ရတယ် ။ 


“ မဂျမ်း အားမငယ် နဲ့ …  ခင်ဆန်း မဂျမ်း သတိရတဲ့ ထိ စောင့်ပေးမယ် နော် ” 


“ မဂျမ်း ဘာမှ မဖြစ်ဘူး … ပြန်ကောင်းလာမှာ … နေ့ ဆို ကျွန်တော် စောင့်ပေးမယ် နော် ” 


‌အောင်တိုး ရဲ့ အသံ ။ 


“ မဂျမ်း … မဂျမ်း ဖြစ်ချင်တဲ့ အတိုင်း အိမ် နဲ့ ဝင်း ကို မဂျမ်း ကို အားလုံး ပေး မှာ … အမေ က ရိပ်သာ သွား နေတော့မှာ … ကိုတိုး နဲ့ ခင်ဆန်း လည်း အိမ်ငှား ပြီးကြပြီ … မဂျမ်း ဘာမှ စိတ် မပူနဲ့ နော် … နေ ကောင်း‌ အောင် နေ ” 


‌အောင်စိုး အသံ က ငိုသံကြီး နဲ့ ပါလား ။ 


သူတို့ စကားတွေ ကြောင့် ကျုပ် ဝမ်းနည်း လိုက်တာ ။ ဘယ်မလဲ ကျုပ် သမီး ၊ ကျုပ် သား ၊ ကျုပ် ယောက်ျား ။ ကျုပ် ချစ်တဲ့ သူတွေ က ကျုပ်နား မှာ တစ်ယောက် မှ မရှိဘူး ။ ငိုချင်လိုက်တာ ။ ပါးပြင် ပေါ် မှာ မျက်ရည် ပူ စီးဆင်းတာ ကို ခံစား လိုက်ရတယ် ။ 


“ သမီး ခင်ဂျမ်း … အမေတို့ ပြောတာ ကို ကြားတယ် မဟုတ်လား … ဘာလို့ ငိုတာလဲ သမီးရယ် … တိတ် တိတ် … ဆရာမ … သမီးကြီး သတိ ပြန် ရလာမှာ မဟုတ်လား ” 


“ မပြောနိုင်ဘူး အဒေါ် … ကိုမာ ဝင်ချင် နေပြီ ” 


ဘာ ကိုမာ ဝင်ချင်တာလဲ ။ ကိုမာ မဟုတ်ဘူး ကိုတင်မာ ၊ ကိုတင်မာ ဆိုတာ ကျုပ် ယောက်ျား ၊ ကျုပ် ယောက်ျား ကျုပ် ဆီ ပြန် လာမှာ ။ 


သမီး ရော ၊ သား ရော ကျုပ် ဆီ ပြန်လာကြမှာ ။ ကျုပ် သတိရတာပေါ့ ။ ဒီ မြေ က ကျုပ် ဆွဲကြိုး ရောင်းပြီး ဝယ် ထားတဲ့ မြေ ။ ကျုပ် မြေ ပေါ့ ။ ဘယ်သူ က အမွေ လို ချင်တာလဲ ၊ မပေးဘူး … မပေးဘူး ။ 


ဟင် … မှောင် သွားလိုက်တာ ။ အမေ ရေ ကယ်ပါဦး ၊ အဖေ ရယ် … ကျုပ် ကို တုတ်ကြီး နဲ့ လိုက် ရိုက် နေတယ် ။ 


◾မင်းတင်ထွဏ်း


📖 ရွှေအမြုတေ မဂ္ဂဇင်း

      ဇူလိုင်လ ၊ ၂၀၁၁ ခု


#ကိုအောင်နိုင်ဦး


.

Friday, March 3, 2023

အမေ ဆိုတဲ့ သူ


 

❝ အမေ ဆိုတဲ့ သူ ❞

အောင်သမာဓိ စိန်ရွှေရတနာဆိုင် နဲ့ ရွှေသန့်စင်လုပ်ငန်းရှင် ကိုအောင် တို့ မိသားစု နဲ့ ကျွန်တော့် မိသားစု က နှစ်စု တစ်စု ရင်းနှီးကြတယ် ။ ကိုအောင် တို့ မိသားစု တင် မက ကိုအောင် ရဲ့ ညီတွေ ၊ ကိုအောင် ရဲ့ အမိ အဖ နဲ့ လည်း သိကျွမ်းတယ် ။

ကိုအောင် ရဲ့ အမေ ဒေါ်ကြည်မြိုင် နဲ့ လည်း မကြာခဏ ဆုံဖြစ်တယ် ။ သူ့ ကို ကျွန်တော် တို့ က မေကြည်မြိုင် လို့ ခေါ်ကြပါတယ် ။ မေကြည်မြိုင် က စကား ပြော သိပ် ကောင်းတယ် ။ သူ ပြောရင် ပုံတိုပတ်စ ၊ ဟာသ တွေ နဲ့ တသောသော ရယ်မောရင်း ပြောလေ့ ရှိတယ် ။

ယခုအခါ သူ့ မှာ ကင်ဆာရောဂါ စွဲကပ် နေပြီ ။ ဘန်ကောက် ကို မကြာခဏ သွား ပြီး ဆေးကုသမှု ခံယူ နေရတယ် ။ ကင်ဆာ နဲ့ အသက်ရှင် နေတာ ဖြစ်ပေမဲ့ မေကြည်မြိုင် က ပေါ့ပေါ့ပါးပါး ၊ ရွှင်ရွှင်လန်းလန်း ပဲ ။ သူ့ အကြောင်း ကျွန်တော် က စိတ်ဝင်စားပြီး စာ ရေး ချင်တယ် လို့ ခွင့် တောင်းတော့ သူ့ သား ကိုအောင် က ဘယ်လို ခေါင်းစဉ် တပ် မှာလဲ မေးတယ် ။ ကျွန်တော့် မှာ အဖြေ မရှိသေး ။

“ မနက်ဖြန် သေမယ့် သူ ဆိုပြီး ခေါင်းစဉ်တပ်ပေါ့ ” လို့ ကိုအောင် က ပြောတော့ သူ က တဟားဟား ရယ်တယ် ။

သူတို့ သားအမိတွေ နေထိုင် ဆက်ဆံပုံ က သူငယ်ချင်းတွေ လို ပဲ ။ မေကြည်မြိုင် မှာ သား အရင်း ခြောက်ယောက် ၊ မွေးစားသား တစ်ယောက် ရှိတယ် ။ သားတွေ အားလုံး လူ တစ်လုံး သူ တစ်လုံး ဖြစ်အောင် မေကြည်မြိုင် ပြုစု ပျိုးထောင် ခဲ့တာ ။ ကိုအောင် ဆိုရင် ဆင်းဆင်းရဲရဲ ကွမ်းယာသည် ဘဝ က ရွှေကုန်သည် ဖြစ် လာတာ ။ မေကြည်မြိုင် ရဲ့ သားသမီး ပြုစုပျိုးထောင်ပုံ ကို မေးမြန်းရင်း သူ့ ဘဝ ကို လည်း မေးဖြစ်ခဲ့ပါတယ် ။

“ ကျွန်မ မတ္တရာမြို့နယ် မွေတလိုင်းရွာ မှာ မွေးတာ ။ အဖေ က ဦးသီဟ ၊ အမေ က ဒေါ်သန်းရင် ။ ကျွန်မ က ဒီ အဖေ ဒီ အမေ နဲ့ နေရတာ မဟုတ်ဘူး ။ မွေးစား အဖေ အမေ နဲ့ နေရတာ ။ မွေးစား တာ က ဦးမော် ၊ ဒေါ်လုံးတင် ”

“ ဘာကြောင့် အမိအဖ တွေ ရှိရက် နဲ့ သူများ က မွေးစား ရတာလဲ ”

“ ကျွန်မ အမေ့ ဘက် က အမျိုး က အလွန် မာနကြီးတဲ့ အမျိုး ။ ပဲ့နင်းကြီး မျိုး ။ အမေ က အဖေ နဲ့ ရည်းစား ဖြစ်တော့ လုံးဝ သဘော မတူဘူး ။ သူတို့ချင်း အဆင့်အတန်း တူ ၊ အမျိုးချင်း တူ တဲ့ သူ နဲ့ ပေးစား မှာ ။ သဘော မတူလို့ အိမ်ရှေ့ ဝင်းတံခါးကြီး ပိတ် ထားတာ ။ အိမ်နောက်ဘက် က ရေချိုးဆိပ် ၊ အဖေ နဲ့ လည်း မတွေ့ရဘူး ။ အမေ က ရေချိုး ရင်း အောက် ကို ရေငုပ် ပြီး သွားတယ် ။ ထဘီရင်ရှား နဲ့ ဘာမှ မပါဘဲ လိုက် သွားတာ ”

“ အဖေ က ဘာ အလုပ်အကိုင် ရှိသလဲ ”

“ ကုန်သည်မျိုးရိုး ပါ ။ အဖေ ငယ်စဉ် က အရောင်းအဝယ် လုပ်တယ် ။ ဒီလို လူမျိုး အမေ့ မိဘတွေ က မကြိုက်ဘူး ။ အမေ က လည်း ဒီ တစ်ယောက် မှ ဒီ တစ်ယောက် ”

“ အဲဒီလို လိုက်ပြေးတော့ ”

“ ဇာတာတွေ မီးရှို့ပြီး အမေ့ ကို သေစာရင်း သွင်း လိုက်တယ် ။ တော်တော် ဆိုးတဲ့ အမျိုး နော် ”

မကြည်မြိုင် က ပြောရင်း ရယ်တယ် ။

“ ဒီတော့ ပတ်ဝန်းကျင် က အမေ နဲ့ အဖေ ကို သနားပြီး ဟို အိမ် က ခေါ်ထား ၊ ဒီ အိမ် က ခေါ်ထား ။ ကျွန်မ ကို လည်း ဟို ကခေါ်  ဒီ က ခေါ် ။ အဲဒါနဲ့ အဘဦးမော် တို့ က သီဟ ငါ့ အိမ် လာ နေ ။ ကလေး လည်း ငါ မွေးစားမယ် နဲ့ ဖြစ်သွားတာ ”

“ အဘ ဦးမော် က မွေးစား အဖေ ဖြစ်သွားတာပေါ့ ”

“ ဟုတ်တယ် ။ ကျွန်မ မူလတန်း လောက် မှာ တိုင်းပြည် က ပျက်လာပြီ ။ ပညာရေး က မတ္တရာ သွား နေ မှ အလယ်တန်း အထက်တန်း နေရမှာ ။ ကျွန်မ က မိန်းကလေး ဖြစ်တဲ့ အတွက် မပို့ဘူး ”

“ ပညာရေး ဘယ်ပုံ ဆက် သင်လဲ ”

“ ကျွန်မက ရဲဘော်တွေ သင်တဲ့ ပညာရေး သင် ရတယ် ။ ခုနစ်တန်း အထိ တက်ရ သေးတယ် ။ အဲဒီမှာ ကျွန်မ ဘဝ က ဆိုးတော့ မှာ ”

နားထောင် နေ ရင်း စိတ်ဝင်စား ပြီး ကျွန်တော့် ခါး က မတ် လာတယ် ။

“အဘ က သေတယ် ။ အဖေ က သေတယ် ။ ကျွန်မ က ၁၅ နှစ် သမီး ပဲ ရှိသေးတယ် ။ အဘ သေ တော့ အမေ့ ညီမ က အတူ လာ နေတယ် ။ သူ နဲ့ ကျွန်မ က မတည့်ဘူး ။ နေ မဖြစ်တော့ တာ နဲ့ ကျွန်မ ဟာ ကျွန်မ အိမ်ခွဲ နေတယ် ။ ကျွန်မ မုန့် လုပ် ရောင်းတယ် ။ တစ်နေ့ ငါးမတ် နဲ့  အလုပ်တွေ လိုက် လုပ်တယ် ။ ဆေးစိုက် ၊ မြေပဲချ ၊ ပေါင်းနုတ် ၊ တောင်သူလုပ်ငန်း တွေ လုပ်ရတယ် ”

“ အမေ အရင်း ဆီ ပြန် မသွားဘူးလား ”

“ အဖေ က ဆုံး ၊ အမေ ကလည်း ရွာ မီးလောင် လို့ ခေါင်းရွက်ဈေးသည် လုပ်ပြီး ကျန်တဲ့ ကလေးတွေ ကို လုပ်ကျွေး နေ ရတယ် ။ အဲဒီ အချိန် မှာ မန္တလေး က အဒေါ် အိမ် မှာ လူ လိုတယ် ။ ထမင်းချက် ပေါ့ ။ အဲဒါ သွား လုပ်ပေးတယ် ။ ကျွန်မ က ရည်မှန်းချက် ကြီး တဲ့ မိန်းမ ၊ ပြည်တော်သာ ဆရာ ခန့် ဖို့ ခေါ်တယ် ။ ကျွန်မ က midwife ( သားဖွားဆရာမ ) တွေ ခေါ်တယ် ။ ကျွန်မ က midwife စာမေးပွဲ ဝင် ဖြေ တယ် ”

“ အရွေး ခံရလား ”

မေကြည်မြိုင် က ပြုံး ပါတယ် ။

“ ၁၉၅၈ ခု ၊ မေလ မှာ ဝင်ခွင့် စာမေးပွဲ ဖြေ ရတယ် ။ စာမေးပွဲ ဂေဇက် က ထွက် တော့မယ် ။ ကျွန်မ ယောက်ျား ဖြစ်လာမယ့် ကိုထွန်းရွှေ က လည်း ကျွန်မ အဒေါ် အိမ် ကို လာ နေတယ် ။ သူ က တောခေါင်း ဖြစ်ခါစ ။ သူ နဲ့ ကျွန်မ နဲ့ လုံးဝ မတည့်ဘူး ။ ဒေါ်လေး က သူ နဲ့ ပေးစား ချင်တာ ။ ကျွန်မ က ဂေဇက် မထွက် သေးလို့ အလိုက် အသာ နေ နေတာ ။ အဒေါ် က သူ့ ယောက်ျား ကို ထွန်းရွှေ နဲ့ ကြည်မြိုင် က ဖြစ်နေပြီ လို့ ပြောတာ ။ ဦးလေး က ဘာမှ မသိဘူး ။ အဲဒီလို ဆို ပေးစားလိုက် ဆို ပြီး ဇွတ် ပေးစားတာ ”

ဒီ တစ်ခါ ပြုံးသူ က ကျွန်တော် ပါ ။ ဘုမသိ ဘမသိ အိမ်ထောင် ကျ ရတဲ့ အမျိုးသမီး တစ်ယောက် ။

“ ရိုးရိုးသားသား ပြော ရရင် ကျွန်မ မှာ အဲဒီ အချိန် က ရည်းစား ရှိတယ် ။ ကျွန်မ က အဲဒီ ရည်းစား နဲ့ လိုက် ပြေးရင် ကျွန်မ လည်း ကျွန်မ အမေ လိုပဲ အပြော ခံရတော့မယ် ။ အမေ က အဖေ နဲ့ လိုက် ပြေးခဲ့တာ ကိုး ။ အမေ့ သမိုင်း ချေရမှာ ပဲ ဆိုပြီး ခေါင်းညိတ် လိုက်တယ် ”

“ midwife ဖြေထားတာ ကကော ”

“ ဂေဇက် လည်း ထွက် လာရော ၊ ကျွန်မ ဖြင့် အသည်း နာ လိုက်တာ ။ midwife ဝင်ခွင့် အောင်တယ် ”

မေကြည်မြိုင် မျက်နှာ ညှိုး သွားတယ် ။ ကျွန်တော် လည်း ဘာ မေးခွန်း မှ မမေးဘဲ အသံ တိတ် နေတယ် ။

“ လူ ဆို တာ ချစ် လို့ ရတယ် ။ ခွေး လည်း ချစ် လို့ ရတယ် ။ ကြောင် လည်း ချစ် လို့ ရတယ် ။ လူ လည်း ချစ် လို့ ရတယ် ။ ဒါပေမဲ့ ကြိုက် လို့ မရဘူး ။ ကိုထွန်းရွှေ ကို ကျွန်မ ကြိုက် လို့ လုံးဝ မရဘူး ။ ဆရာ့ မှာ လည်း သမီး တွေ ရှိမှာပဲ ။ သူတို့ ကို ပြောထားပါ ။ စရိုက် တူ ပြီး ကြိုက် လို့ ရတဲ့ သူ ကို ပဲ အိမ်ထောင်ဖက် အဖြစ် ရွေးပါလို့ ”

ကျွန်တော် က ပြုံး ပြီး ခေါင်း ညိတ် တယ် ။

“ တောခေါင်း ဆိုတော့ ပြောင်းရွှေ့ နေရမှာပေါ့ ”

“ အိမ်ထောင် ကျခါ စ က ဆည်တော်ကြီး ၊ နောက် ရေနံ့သာ ၊ မန္တလေး ၊ စဉ့်ကူးနယ် ညောင်ဝန်း ၊ အဲဒီ က မှ လက်ပန်လှ ”

“ လက်ပန်လှ မှာ အခြေချ ကြတယ် နော် ”

“ လက်ပန်လှ က ပဋိရူပ အရပ်  ဖြစ်တယ် ။ မန္တလေး သွား လို့ လွယ်တယ် ။ ကလေး တွေ အတွက် လည်း ကျောင်း ရှိတယ် ဆိုပြီး ထိုင် လိုက်တာ ”

“ ဦးထွန်းရွှေ ရဲ့ လုပ်ငန်းတာဝန် က လည်း လက်ပန်လှ မှာပဲလား ”

“ ကိုထွန်းရွှေ က လက်ပန်လှ ကနေ မိုးကုတ် ရွှေ့ ရတယ် ။ သူ က အိပ်ရာလိပ် လိပ် ပြီး အလုပ် ထွက် ချ လာတယ် ။ သူ အလုပ် ထွက် လိုက်တော့ ကျွန်မ ကုန်စိမ်း ရောင်း ရတယ် ။ မန္တလေး က ဝယ်ပြီး လက်ပန်လှ ဈေး ထဲ ပျံကျခင်း ရောင်းတာ ”

“ အဆင်ပြေလား ”

“ စ ရောင်းခါစ ရှက်လို့ ဆိုင် မှာ မထိုင်ရဲဘူး ။ အငယ်ဆုံး သား ညီညီထွန်း လေးလသား ၊ မှတ်မှတ်ရရ နတ်တော်လ ။ ကျွန်မ က ဆိုင် ပစ် ထားပြီး သူများ ဆိုင် သွားပြီး မီးလှုံ နေတာ ။ ဈေးဝယ် က ဒါ ဘယ်သူ့ ဟာ လဲ မေးတော့ ဆိုင်နီးချင်း က ကျွန်မ ဆိုင် လို့ ပြော တာပေါ့ ။ မကြည်မြိုင် တို့ ဒီလို လုပ်စားရတဲ့ ဘဝ တောင် ရောက်နေ မှ ကိုး လို့ သူ က ပြောတော့ ဝမ်းနည်း ပြီး မျက်ရည် တောင် ကျတယ် ။ ငါ့ ဘဝ ဒီလိုတောင် ဖြစ် နေပါလား ပေါ့ ။ ငယ်သေးတာ ရဲ့ ဘဝင်လေး ပေါ့ ။ ခု ဆိုရင်တော့ ချဉ်ပေါင်ရွက် လည်း ထိုင် ရောင်းနိုင်ပါပြီ ”

ခုအချိန် မှာ တော့ သားတွေ လည်း ကြီးပွားနေပြီ မို့ သူတို့ အမေ ချဉ်ပေါင်ရွက် ရောင်း စရာ မလိုတော့ပါဘူး ။

“ကျွန်မ စဉ်းစားတယ် ။ ဒီလို လုပ်စား နေလို့တော့ မဖြစ်ဘူး ။ ကုန်စိမ်း ပေမဲ့ ကြီးကျယ် အောင် လုပ် ရမယ် ။ ကိုယ့် ဒေသ က ထွက်တဲ့ ခရမ်းချဉ်သီး ၊ ခရမ်းသီး ၊ မြေပဲ တွေ ဝယ်ပြီး မန္တလေး သွား ရောင်းတယ် ။ မိုးကုတ် တက် ရောင်းတယ် ”

“ မျှစ် လည်း ရောင်းဖူးတယ် နော် ”

“ ရောင်းဖူးတယ် ။ မျှစ်တွေ တော ထဲ မှာ ပေါက် နေတာ ချိုးမယ့် သူ မရှိဘူး ။ မန္တလေး ရောင်း ရင် ရမှာပဲ ။ ချိုးပြီး မန္တလေး လာ ရောင်းတယ် ။ ကျွန်မ က သားတွေ ကို အအား မထားဘူး ။ ကျောင်း ပိတ်ရင် မျှစ်ချိုး ၊ ထင်းခုတ် လုပ်ကြရတာပဲ ”

“ သားသမီး ပြုစု ပျိုးထောင် ခဲ့ပုံလည်း သိချင်ပါတယ် ”

“ သားသမီးတွေ ငယ်စဉ် ကတည်း က အိမ် အလုပ် ကို ကိုယ် နိုင်သလောက် တာဝန် ယူ ရတယ် ။ တော်တော် ငယ်တဲ့ သူ က သောက်ရေအိုး သောက်ရေခွက် တိုက် ။ နို့ညှာ က အိပ်ရာတွေ သိမ်း ။ သူ့ ထက် အကြီးတွေ က ထမင်းချက် အလှည့်ကျ သူ က ချက် ။ တော ထဲ သွား သူ သွား ။ လုပ်ရတာပဲ ။ သူတို့ အချင်းချင်း ကြီးစဉ် ငယ်လိုက် လေးစားရတယ် ၊ ဒီတော့  အုပ်ချုပ် ရတာ သိပ် ကိုးရိုးကားရား မရှိဘူး ။ ကျွန်မ သူတို့ နဲ့ သူငယ်ချင်း လို လည်း နေတယ် ။ ဆရာ လို လည်း သွန်သင်တယ် ။ အမေ လို လည်း မေတ္တာ ပေးတယ် ။ လက်ဦး ဆား က မကိုက် ရင် မရဘူး ”

မေကြည်မြိုင် နောက်ဆုံး ပြော လိုက်တဲ့ စကား ကို ကျွန်တော် သိပ် မရှင်းလို့ ပြန် မေးတယ် ။

“ လက်ဦးဆား ကိုက်အောင် နယ် ရတယ် ။ သားငါး ကို ဆားနယ် ရာမှာ လက်ဦး ဆား မကိုက်ရင် ပုပ်မယ် ။ လက်ဦး ဆား မကိုက်တဲ့ ကလေးတွေ ကြီး မှ ဆုံးမ လို့ မရဘူး ”

သူ ပြောတဲ့ အဓိပ္ပာယ် ကျွန်တော် နားလည် သွားပါပြီ ။

“ ခုခေတ် မိဘတွေ ကို သားသမီး ကို ငယ်စဉ် ကတည်း က နိုင်နိုင်နင်းနင်း ဆုံးမကြစေ ချင်တယ် ။ ကျွန်မ ဆိုရင် ကျွန်မ ငယ်ငယ် က အမေ က ပြောခဲ့တဲ့ စကား တစ်သက်လုံး မမေ့ဘူး ”

ဘာ စကား ပါလိမ့် ကျွန်တော် စဉ်းစား နေတယ် ။

“ ထမင်း စားပြီး ချေး မဖြစ်စေနဲ့ တဲ့ ။ အမေ က ပြောတာ ။ ကျွန်မ က လည်း အမေ့ ကို ပြန် ပြောတယ် ။ အမေ ထမင်း စားပြီးရင် လူတိုင်း ချေး ဖြစ်တာပဲ ဆိုတော့ အမေ က မဟုတ်ဘူး ။ ထမင်း စား ပြီး ဉာဏ် ဖြစ်ရမယ် ။ ထမင်း စား ရင် စဉ်းစားရမယ် တဲ့ ”

သားကောင်းတွေ ကို ထိန်းကျောင်း ပေးခဲ့တဲ့ မိခင်ကောင်း တစ်ယောက် အဖြစ် သူ့ ကို ကျွန်တော် လေးစားမိပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ ၁၀၁

#ကိုအောင်နိုင်ဦး

.

မူကြို

❝ မူကြို ❞


ဖခင် ဖြစ်သူ ဦးမြင့်သန်း က သားလေး သုံးနှစ်ပြည့် ကို ကြီးကျယ် ခမ်းနားစွာ မွေးနေ့ပွဲ လုပ်ပေး ချင်သည်  ။


အခြေအနေ အရ အကျဉ်းတကာ အကျဉ်း ချုံး ကာ မိုးကောင်းဘုရား မှာ ရေ သုံးခွက် လှူပြီး မိုးကောင်းဘုရား ထိပ် က မုန့်ဟင်းခါးဆိုင် မှာ သားအမိ သုံးယောက် မုန့်ဟင်းရည် ထဲ မှ အိုးဘဲဥ ကို မွေးနေ့ကိတ် အဖြစ် ဇွန်း နှင့် လှီး ပြီး ဟက်ပီးဘတ်ဒေး တူးယူ ပေါ့ ။


ဦးမြင့်သန်း အတွေး ထဲ မှာ တော့ မုန့်ဟင်းခါးဆိုင် မှ လူ အများ ၏ လက်ခုပ်သံ က ပွက်လော ရိုက် သွားသည်  ။


ဟက်ပီဘတ်ဒေးတူးယူ ဆို သည့် သံပြိုင် သီဆိုမှု က အတောမသတ် ။ သား ဖြစ်သူ “ ချမ်းသာ အောင် ” ကား ပျော်မဆုံး မော်မဆုံး ။


ငရုတ်သီးမှုန့်များ  ၊ ပဲသီးများ ကို စိတ်ကြိုက် မုန့်ဟင်းခါး ပန်းကန် ထဲ ထည့်ပြီး လုပ်ချင် သလို လုပ် နေသည် ။


မအေ ဖြစ်သူ မသန်းသန်း မှ ဟန့်တားရန် ပြင် လိုက်ချိန်တွင် ဦးမြင့်သန်း မှ  ... 


“ မိန်းမ ...  ဒီနေ့ သူ့ မွေးနေ့ လေ ... သား သုံးနှစ် ပြည့်သွား ပြီ ”


“ တော် ပြောမှ ပဲ သိတော့တယ် ...  ဒီနေ့ ထူးထူးဆန်းဆန်း ဘုရားတွေ ဘာတွေ လာတယ် ဆို တော့ ကျုပ် စိတ် ထဲ မှာ တစ်မျိုး ဖြစ်နေတာ ... မေးတောင် မေးတော့ မလို့  ... ဪ ... သား တောင် သုံးနှစ် ပြည့် သွားပြီ ကိုး ”


ဦးမြင့်သန်း မိန်းမ ဖြစ်သူ ကို ခပ်စေ့စေ့ ပြုံးလိုက်ပြီး ... 


“ မင်းတို့ ဆွေစဉ်မျိုးဆက် က ဒါမျိုး ဘယ် လုပ်ဖူးကြမှာ တုံး ... ပြောတာပဲ လို့ ထင်နေကြတာ  ...  ငါ့ သား ကို မင်းတို့ အမျိုးဘက် သွေး မပါစေရဘူး ”


“ ကိုမြင့်သန်း ... ကျွန်မ မုန့်ဟင်းခါးဆိုင် ထဲ မှာ စကား မများ ချင်ဘူးနော် ”


သား မွေးနေ့ မို့ ကိုမြင့်သန်း လက်လျှော့ လိုက်သည်  ။


သား ဖြစ်သူ ချမ်းသာအောင် ၏ သုံးနှစ်ပြည့် မွေးနေ့ပွဲ ကား မုန့်ဟင်းခါးဆိုင် ထဲ တွင် ပြီးဆုံး သွားခဲ့သည် ။


ပတ်ဝန်းကျင် မိသားစုများ က နိစ္စဓူဝ သူတို့ သားသမီး တွေ ကို မူကြို အကြိုအပို့ ဥပုသ်နေ့ က လွဲရင် ကျန်သော ရက်များ က ငွေကြေး အသင့်အတင့် ရှိသူများ က နံနက်ခင်း တွင် မဟာ အလုပ်ကြီး ပမာ ။


ဒါမျိုး ဘယ် ခံနိုင်ပါ့မတုံး ။


ကိုယ့် ယောက်ျား က ပညာတတ် ။ ပန်းဆိုးတန်း မှာ စာအုပ် ရောင်းတဲ့ သူ ။


ဘယ်သူ က သူ့ လောက် စာပေ အကြောင်း ၊ နိုင်ငံရေး ၊ လူမှုရေး ၊ ကျန်တဲ့ ကိစ္စများ လာ မပြော နဲ့  ။ သူ က အကုန် သိပြီးသား ။


“ ကျုပ် က တော်တော် ရှက်တာ ...  မလှန်နိုင်လို့ ငြိမ် နေရတာ ...  တစ်လမ်းလုံး မနက် ဆိုရင် မူကြိုတွေ ၊ မူလတန်းကျောင်းတွေ ကို … ကြိုပို့ကားတွေ နဲ့ ပွက်လောရိုက် နေတာပဲ ...  ကျုပ်တို့ တစ်ခန်း ပဲ ငြိမ် နေရတယ် ”


“ ရှင့် သား က သုံးနှစ် နဲ့ ခြောက်လ ... မွေးနေ့ တောင် မိုးကောင်းဘုရား မှာ ကျင်းပ ပြီးပြီလေ ...  သူ့ ကို မူကြို ပို့ ဖို့ ... ”


“ ဘာ ... မူကြို ”


ကိုမြင့်သန်း တော်တော် ဒေါသ ထွက် သွားသည်  ။


မိန်းမ ဖြစ်သူ ၏ ဦးနှောက် အတိုင်းအတာ ကို ပေါင်းသင်း လာခဲ့သည့် ကာလများ က ကိုမြင့်သန်း မိန်းမောခဲ့ဖူး လား မသိ ။


အခု မူကြို ဆိုသည့် မိန်းမ ဖြစ်သူ ၏ တောင်းဆိုမှု ကို ကိုမြင့်သန်း က ... 


“ ဒီမှာ မိန်းမ ...  ‘ မူ ’ ဆိုတာ ကို ငါ အရင် ရှင်းပြမယ် .. ‘ မူ ’ ဆိုတာ ဘယ် စနစ် ၊ ဘယ် လမ်းစဉ် လဲ ...  ၊ အရှေ့ လား... အနောက် လား ... လက်ရှိ ‘ မူ ’ ‘ ကြို ’ ဆိုတာ ရှင်းတယ် ... ကြို ဆို တာ ... ‘ မူကြို ’ ဆိုတာ ‘ မူ ’ ခိုင်ခိုင်မာမာ မရှိဘဲ ကြိုဆို တာ ငါ လက်မခံဘူး ... မူကြို ကို ငါ မထား နိုင်ဘူး ... ငါ့ မှာ ငွေကြေး မတတ်နိုင်လို့ မူကြို ကို ငါ့ သား မထားနိုင်ဘူး လို့ မင်း ဘက် က မြင် ချင် မြင် မယ် ... ဒီမှာ မိန်းမ ... ငါ့ သား ကို ငါ ကိုယ်တိုင် ထုဆစ်မယ် ... မူကြို မထားဘူး ... သူ့ ကို စာရေး စာဖတ် တတ် တဲ့ အရွယ် မှာ သူ့ ကို ပထမ ဦးဆုံး မူကြို စာအုပ် ပေး ဖတ်ခိုင်း မှာ က ဦးနု ရဲ့ မိတ္တဗလဋီကာ ကွ ... မူရင်း စာရေးဆရာ က ဒေးကာနယ်ဂျီ ပဲ ... အဲဒါ ဒီနေ့ အတိုင်းအတာ နဲ့ ကြည့်ရင် မူကြို ပဲ ”


◾ဗေလုဝ


📖 ဟဒယမဂ္ဂဇင်း ၊ 

      ဒီဇင်ဘာ ၊ ၂၀၀၇


#ကိုအောင်နိုင်ဦး


.

 

Thursday, March 2, 2023

မိုးနန် နှင့် ပန်းနု


 ❝ မိုးနန် နှင့် ပန်းနု ❞


သမီး က သူ့ အဘိုးလေး ဦးဉာဏ်ပေါ် ကို ဘိုးဉာဏ် ဟု ခေါ်ပါသည် ။ စကား မပီသေး သဖြင့် “ မိုးနန် ” ဟုသာ အသံ ထွက်ပါသည် ။ ဦးဉာဏ် က လည်း ကျွန်မ ပေးသော ပန်းနု ဟူသည့် သမီး အမည် ကို သိပ် သဘော ကျပုံ မရပါ ။ သမီးလေး မွေးခါစ ပျားရည် ဟူသည့် နာမည် ကို ရွေးပေး ခဲ့သည် ။ ကျွန်မ က မပျားရည် ဆိုရင် ခေါ် ရတာ မလှပါဘူး ဦးဉာဏ် ရယ် ဆိုတော့ သူ့ ထုံးစံ အတိုင်း ခနဲ့တဲ့တဲ့ ပြုံးပါသည် ။ သို့သော် သမီးလေး မွေး ကတည်း က ပင် သူ့ မှာ သည်မြေး ကို ဂရုတစိုက် ရှိလွန်းသည် မှာ သိသာလှပါသည် ။


သမီးလေး နှင့် တရင်းတနှီး ဖြစ်အောင် သူ နေ ပါသည် ။ ကလေး ပါး ကို ဆွဲပြီး ကိုယ်ထိလက်ရောက် ကျီစယ်တာ မျိုး က စပြီး ကလေး အတွက် မွေ့ရာ ခေါင်းအုံးလေးတွေ “ နင်တို့ မဝယ်နဲ့ သိလား ၊ ငါ ဝယ်ပေးမယ် ” ဆိုတာမျိုး ကြင်ကြင်နာနာ ရှိတာ သိသာလှသည် ။ ဒီလိုနှင့် အများအားဖြင့် တသီးတသန့် ရှိသယောင် ထင်ရသော ဦးဉာဏ် ကို သူ ၏ တူ ၊ တူမများ က ချစ်ကြောက် ရိုသေရ သော်လည်း သမီး က မူ ခြွင်းချက် အနေ နှင့် ဦးဉာဏ် အပေါ် အထူး ပြောရေးဆိုခွင့် ရသူ ဖြစ်လာပါသည် ။ ပန်းနု  လုပ်တာ ၊ ပန်းနု စားချင်လို့ ၊ ပန်းနု နဲ့ သွားတာ အစ ရှိသဖြင့် သူ့ သမီးများ ပြောသမျှ ကို ဦးဉာဏ် တစ်ယောက် ခွင့်လွှတ်ပြုံး နှင့် ခေါင်းညိတ် တတ်သည်က များလေသည် ။ လမ်း လျှောက်တတ် ခါစ သမီး က ဦးဉာဏ် လက် နောက်ပစ် ပြီး လမ်း လျှောက်သည့် အတိုင်း တောက်တက် တောက်တက် နှင့် လျှောက်ပြ လျှင် သူ ကျေနပ်ပီတိ ဖြစ် နေတတ်သည် ။ မြေးအဘိုး နှစ်ယောက် ရှေ့နောက် တွဲပြီး လျှောက်သည့် အခါ သူ့ အဒေါ်တွေ နှင့် ကျွန်မ တို့ မှာ ရယ်လို့ မဆုံး ။ သူ့ မှာ လူ ရယ်စရာ ဖြစ်နေပြီ ဟု ဦးဉာဏ် မတွေးနိုင်တော့ပါ ။ စကား ပြောတတ်ပြီ ဆိုတော့ လည်း သမီးကလေး ဦးဉာဏ် ဆီ အလည် သွားတိုင်း လုပ်တတ်တာ တစ်ခု ရှိ သေးသည် ။ လိုအပ်တယ် ဟု အကြောင်း ပြပြီး ဦးဉာဏ် က သမီး ကို ကလေး စားသည့် စီဗစ်ချိုချဉ် ကျွေး ပါသည် ။ ဒီ အတိုင်းတော့ မဟုတ် ။ မကျွေးခင် ဗိုလ်ချုပ် ကို အလေးပြု ဟု အော် ကာ အလေးပြု ခိုင်းပြီး မှ ရော့ ဟု စီဗစ် တစ်လုံး လက်ထဲထည့် ပေးပါသည် ။ ဒီ အစီအစဉ် ကြာကြာ မခံပါ ။ နောက်ပိုင်း သမီး က ဦးဉာဏ် အပြော ကို မစောင့်တော့ဘဲ သံရှည် ဆွဲ ကာ စီဗစ် ဆိုပြီး သူ့ ကို အလေး သွား ပြုတော့ “ ဒီကောင်မ မလွယ်ဘူး ” ဆိုပြီး ပန်းနုစီဗစ် ဟု စာ ကပ် ထားသည့် ဘူး ထဲ မှ စီဗစ် တစ်လုံး ကို သွားယူ ပေးသည် ။ သူ့ အခန်း ထဲ က ဗီရိုလေး ပေါ် တွင် မိသားစု အတွက် တသီးတသန့်တင် ထားသော ပစ္စည်းများ ၊ ဆေးဘူးများ ထဲ တွင် ပန်းနုစီဗစ်ဗူး က ပါ နေရာ ယူ ထားပါသည် ။ ဦးဉာဏ် စာရေး စာဖတ် နေချိန် ၊ ဒါမှမဟုတ် ရေဒီယို နားထောင်နေချိန် ဆိုလျှင် အရေးတကြီး ကိစ္စ မရှိဘဲ သူ့ အခန်း ထဲ မည်သူမျှ မဝင်ရဲကြပါ ။ သို့သော် သမီး ကတော့ဖြင့် တဒုန်းဒုန်း နှင့် ပြေးဝင် သွား ခွင့် ရှိ ပါသည် ။ သမီး က ခြင်ထောင် အပြင် မှ ချောင်း ကာ သူ့ ကို ခေါ်လျှင် အပြင် ထွက် လာပြီး စီဗစ် တစ်လုံး ကျွေး ပါသည် ။ သမီး ကလည်း စီဗစ် ရလျှင် သူ့ အခန်း ထဲ မှ အေးအေးသက်သာ ပြန် ထွက် လာပါသည် ။


တစ်ရက် သမီး ကို ဦးဉာဏ် တို့အိမ် ကျွန်မ သွား ကြိုတော့ သူ့ အဒေါ် က ပန်းနု ကို နာမည် ပြောင်း ထားတယ် ၊ သူ့ အဘိုး ပေး ထားတာ ၊ ဘယ်လို ခေါ်လဲ မေးကြည့် ဟု ပြော ပါသည် ။ သမီး က ပြုံးစိစိ နှင့် တစ်လုံးချင်း မဝင်းခိုင် ဟု ဖြေ ပါသည် ။ ကျန်သည့် ဦးလေး ၊ အဒေါ် ၊ အဘိုးအဘွား တွေ က နာမည် မေးတိုင်း လည်း မဝင်းခိုင် ဟု သာ ဖြေပါတော့သည် ။


ကလေး က မကြာခဏ ဝမ်းပျက်ကြောင်း ၊ ကျွန်မ က စိတ်ပူကြောင်း စသ ဖြင့် ပြောပြ မိရာ ဝမ်း ခိုင်အောင် မဝင်းခိုင် လို့ နာမည် ပြောင်းထားတာ ကြားလား ဟု သူ့ အဘိုး က မြေး ဖြစ်သူ ကို ကျွန်မ ကွယ်ရာတွင် သင်ပေးထားခြင်း ဖြစ်လေသည် ။


တစ်ပတ် တစ်ရက် ဒါမှမဟုတ် အကြောင်းကိစ္စ ရှိ၍ မြို့ ထဲ သို့ ထွက်ဖြစ်သည့် အခါတိုင်း လည်း ဦးဉာဏ် မှာ သူ့ မြေး အတွက် တစ်ခု မဟုတ် တစ်ခု ဝယ်လာ တတ်သည် ။ အသံ မြည်သည့် တယ်လီဖုန်း ၊ အစာ ကောက်သည့် ကြက်ကလေး ၊ သီတင်းကျွတ် မီးပုံးတွန်းလှည်း ၊ သင်္ကြန် ရေပြွတ်သေနတ် စသည် ဖြင့် တစ်ကြိမ် နှင့် တစ်ကြိမ် ကစားစရာ မတူစေရပါ ။ ဦးဉာဏ် တို့ အိမ် မှ သမီး ကို သွား ပြန် ခေါ်လာတိုင်း တစ်ခု မဟုတ် တစ်ခု ပါ လာတတ် လွန်း ၍ ကျွန်မတို့ က တော်ပါပြီး ဦးဉာဏ် ရယ် ၊ မြို့ထဲ က နေ ဘာမှ ဝယ်မလာပါနဲ့တော့ ဟု ပြောရပါသည် ။ သို့သော် ဦးဉာဏ် ကတော့ ကျွန်မတို့ စကား ကို ဂရုမစိုက်ပါ ။ သမီး အတွက် ဆိုလျှင် သာမန်ထက် ပင် ပိုပြီး ဂရုတစိုက် ရွေးကာ ဝယ်လာ စမြဲ ။ သူ့ စိတ် နှင့် တွေ့လျှင် သုံးလေးမျိုး တစ်ခါတည်း ဝယ်ထား ပြီး တစ်ရက် ခြား ၊ နှစ်ရက် ခြား တစ်ခုချင်း ထုတ်ပေးတာ မျိုးပင် လုပ်တတ် သေးသည် ။


ကျွန်မတို့ အိမ် နှင့် ဦးဉာဏ် တို့အိမ် မှာ သိပ် မဝေးလှ ။ အားလပ်သည့် အခါတိုင်း သမီး ကို သူ့ အဒေါ်တွေ အိမ် အလည် လာ ခေါ် တတ်ကြသည် ။ အဆင်သင့် လျှင် ကျွန်မတို့ က လည်း မှာ စရာရှိ တာ မှာ ကာ ထည့်ပေးလိုက် စမြဲ ။ နာရီဝက် ၊ တစ်နာရီ ကြာ မှ လိုက် ခေါ်ရပါသည် ။ တစ်ရက် ကျွန်မ သွားခေါ် တော့ ဦးဉာဏ် တို့ အိမ် မှာ တိတ်ဆိတ်လွန်း လှသည် ဟု ခံစား ရသည် ။ ဦးဉာဏ် က ဘက်ထရီအိုး နား မှာ အလုပ် ရှုပ် နေပြီး သမီး က သူ့ အဒေါ်နှစ်ယောက် နှင့် အခန်း ထဲ မှာ ။ ကျွန်မ ကို မြင်တော့ သမီ က ငိုမဲ့မဲ့ ။ သူ့ အဒေါ်တွေ က တိုးတိုး တိုးတိုး ကျွန်မ ကို ပြန်ပြောင်း ပြောပြ ပါသည် ။ သူတို့ မြေးအဘိုး နှစ်ယောက် အပြန်အလှန် အော်ဟစ်ကြသည့် အကြောင်း ပင် ။ ပန်းနု ဒီ အနားမလာ နဲ့ အန္တရာယ် ရှိတယ် ဟု ပြောပြီး ဦးဉာဏ် ဘက်ထရီအိုး မိုးရေ ဖြည့် သည် မှ အစ ပြုကာ မြေးအဘိုး နှစ်ယောက် ရန်ဖြစ်ကြခြင်း ဖြစ်ပါသည် ။ ဦးဉာဏ် က သမီး ကို အလျှော့ မပေးဟန် နှင့် “ ငါ့ ကို ဒီလို လုပ်လို့ မရဘူး ” ဟု ကျွန်မ ရှေ့မှာ ပင် ထပ်ကာ မာန်လိုက် သေးသည် ။ သို့သော် ဦးဉာဏ် သူ့ အခန်း ဘက် ပြန် ထွက် သွားသည် နှင့် ကျွန်မတို့ ညီအစ်မ တစ်တွေ နှင့် ပန်းနု မှာ ရယ်ကာ မောကာ သူ့ ကွယ်ရာ သူ့ အတင်း တုပ် ကြပါသည် ။ အဲဒီ အကြောင်း ဖေဖေ့ ကို ကျွန်မ က ပြောပြတော့ ဖေဖေ က လည်း “ အေး ကောင်းတယ် ဉာဏ်ပေါ့် ကို ပြန် အော်နိုင်တာ ငါ့ မြေး တစ်ယောက် ပဲ ရှိသေးတယ် ” ဟု ဩဘာ ပေးပါသည် ။ သမီး က ထို ကိစ္စ ဖြစ်ပြီး သုံးလေးရက် အထိ ဦးဉာဏ် အိမ် မသွားပါ ။ ဦးဉာဏ် က မုန့်ကျွေး ပြီး သမီး ကို ပြန် ချော့ပါသည် ။ သမီး ကွယ်ရာ မှာ “ တစ်ယောက် တော့ ရှိ မှ ၊ တစ်မျိုးလုံး မှာ တစ်ယောက် တော့ ကြောက်ဦး မှ ၊ မရဘူး ၊ ငါ့ ကို ဒီလို လုပ်လို့ မရဘူး ” ဟု ပြောပါသည် ။ ကျွန်မတို့ မှာ ရယ်ချင်စိတ် ကို မျိုသိပ် ထားရသည် ။ ဒီနောက်ပိုင်း ကျွန်မတို့ လူကြီးများ ကို သမီး ပြန်ပြောတတ်လာ သည့် စကား မှာ “ ငါ့ ကို ဘာများ အောက်မေ့နေသေးလဲ ” ဟူ၍ ဖြစ်ပါသည် ။ တစ်ခါတစ်ခါ ဦးဉာဏ် ပြောနေကျ ပုံစံ အတိုင်း ခေါင်း ကို ဆတ် ကာ “ အဲဒါပဲ အဲဒါပဲ ” ဟု လည်း ပြောတတ်ပါသေးသည် ။


မြေးအဘိုး နှစ်ယောက် တကျက်ကျက် နှင့် ရှိရင်း ကပင် ဇဝနရပ်ကွက် ဘက် သို့ ဦးဉာဏ် တို့ ပြောင်းသွား သည့် အခါ ဦးဉာဏ် နှင့် သမီး အတွေ့ ကျဲ သွားပါသည် ။ နေ့စဉ် နေ့တိုင်း မတွေ့ဖြစ်တော့ ။ သမီး က ကျောင်း တက်ရမည့် အရွယ် လည်း ရောက်လာ သဖြင့် ကျောင်းပိတ်ရက်များ မှ သာ တွေ့ကြပါတော့သည် ။ အိမ်ပြောင်း ပြီးခါစ တွင် ဆိုပါလျှင် ကျွန်မတို့ မှာ တော်တော်နှင့် မရောက်ဖြစ်၍ သူ့ မြေး ကို မလာဘူးလား မလာဘူးလား ခဏခဏ မေး ပါသည် ။ ပြီးလျှင် သောကြာ လို နေ့မျိုး မှာ သူ့ အိမ် တွင် သာ သမီး ကို သိပ်ပါသည် ။ နောက် တစ်ရက် မှ သူ့ သမီးတွေ ကို ပြန် ပို့ခိုင်း တတ်သည် ။ ထိုသို့ မဟုတ်ဘဲ ကျွန်မတို့ က သွား ကြိုသည် ဆိုပါလျှင် အိမ် ရှိရာ အတွင်းလမ်း မှ လမ်းမကြီး တိုင်အောင် သူ ကိုယ်တိုင် ပြန် ပို့ ပေးပါသည် ။ ထို ဝတ် ကို ဘာအကြောင်း ရှိရှိ မဖျက်ပါ ။ သူ့ မြေး သူ့ အိမ် အလည် လာလျှင် သူ့ မှာ ပြုံး နေ တတ်ပြီး သူ့ မြေး သူ့ အိမ် မှာ ရှိ နေလျှင် သူ့ မှာ အလွန် ကျေနပ် နေ တတ်ပါသည် ။ အချို့သော ကျောင်း ပိတ်ရက်တွေ မှာ ကျွန်မတို့ က ကလေး ချောင်းဆိုး နေလို့ ၊ ဖျား နေလို့ ၊ သွားစရာ ရှိလို့ ဆိုကာ သူ့ အဒေါ် နှင့် မထည့် လိုက် လျှင် အပြန် မှာ ဦးဉာဏ် က “ ဟိုကောင်မ မပါဘူးလား ” ဟု ဆီး မေးပါသည် ။ သမီး က လည်း အဲဒီ အိမ် ကို တစ်ပတ် ကနေ နှစ်ပတ် မသွား ရ လျှင် ဂျီကျ ပူဆာ တတ်သည် ။ ထို အိမ် တွင် ရှိသမျှ လူကုန် ကို သူ ဗိုလ်ကျ ၍ ရသည် ကိုး ။ အစားအသောက် အတွက် ဘွားရှန် က မညည်းမညူ အမျိုးအမည် စုံ လုပ်ကျွေး သည် ။ ကျွန်မတို့ မကျွေးသော ဦးဉာဏ် ဝယ် ထား တတ်သည့် သရေစာတွေ စား ရသည် ။ ရုပ်သံ ကြည့် ရသည် ။ သူ့ စိတ်တိုင်း ကျ နေရ သဖြင့် သူ မပြန်ချင်သေးဘူး ဟု အမြဲ ပြောတတ်ပါသည် ။


သို့သော် ရုပ်သံလိုင်းခွဲ တွေ ရွေးရာ မှာ တော့ သူတို့ မြေးအဘိုး လုရ တတ်ပါသည် ။ ကတောက်ကဆ ၊ မကြည်မလင် ဖြစ်ကြသည် က လည်း မကြာခဏ ဆိုသလို ပင် ဖြစ်ပါသည် ။ သူ မကျေနပ် လျှင် “ ဒီ အိမ် ကို လာတာ တီဗွီ ကြည့်ချင်လို့ သိရဲ့လား ။ ကြည့်ချင်တာ မကြည့်ရရင် နောက်ဆို ဘိုးဉာဏ် သတိရတယ် ဆိုလည်း လာမခေါ်နဲ့ ” ဟု ပြောတတ်ပါသည် ။ နောင် မလုရအောင် ဦးဉာဏ် ခမျာ အိမ်တွင် ရုပ်မြင်သံကြား နောက် တစ်လုံး ဖြည့်ရ ပါလေသည် ။ ထိုသို့ အဆင် ပြေအောင် မြေးအဘိုးတွေ နေကြလျက် နှင့် ပင် ပြဿနာ က ဖြစ်မြဲ ဖြစ်လျက်ပင် ။ တစ်ကြိမ်တွင် ကျွန်မတို့ အိမ် ၌ ဓာတ်ခဲ ရုပ်ရှင်ကား ကို ပြန် ကြည့် ဖြစ်ကြပါသည် ။ သမီး က လည်း သူ့ ဦးလေးတွေ ၊ အဒေါ်တွေ ပါသည့် ရုပ်ရှင်ကား မို့ ထိုင်ရာ မထ အားပေးပါသည် ။ ထို့ပြင် ရုပ်ရှင်ကား ထဲ မှ သူ့ အဒေါ် အငယ်ဆုံး သရုပ်ဆောင်ပုံ ကို သဘော ကျ ၍ လူစုံချိန် တိုင်း ၊ သတိရ တိုင်း လုပ်ပြ ပါသည် ။ ဦးဉာဏ် အိမ်ရောက် တော့လည်း ထပ်ခါ ထပ်ခါ လုပ်ပြပြီး ရယ်ပွဲ ဖွဲ့ကြပါသည် ။ ပြီးတော့ သမီး က သူ့ ဘာသာ ရုပ်သံ ကို မက်မက်မောမော ကြည့်နေပါတော့သည် ။ ဦးဉာဏ် နှင့် ဒေါ်လေးရှန် က စကား ပြော လိုက် ၊ ရုပ်သံ ကြည့်လိုက် အတူ ရှိနေပါသည် ။ သူတို့ စကားစ ပြတ်တိုင်း “ ဟဲ့ ပန်းနု ဓာတ်ခဲ ထဲ က ဘယ်နေရာ ကို နင် အကြိုက်ဆုံးလဲ ” ဟု သမီး ဘက် လှည့် ၍ မကြာမကြာ စစ်တမ်း လည်း ကောက် ပါသည် ။ ရုပ်သံအစီအစဉ် ကို အာရုံ ဝင်စား နေ သဖြင့် သမီး က မေးတိုင်း ပြန် မဖြေပါ ။ ဦးဉာဏ် အနေ နှင့် ကလည်း သူ့ ဇာတ်လမ်း ထဲ မှာ ဘယ် ဇာတ်ကွက် ကို သူ့ မြေး အကြိုက်ဆုံးလဲ ဆိုတာ အတော် သိချင်ပုံ ရပါသည် ။ ထပ်ခါ ထပ်ခါ “ ဟဲ့ ပန်းနု ဟဲ့ ပန်းနု ” ဆိုတော့ သမီး က လှည့်ပြီး “ နားငြီးတယ် တိတ်တိတ်နေ ” ဟု အော်ပါလေတော့သည် ။ ဦးဉာဏ် ခမျာ ဘာမှ မပြောနိုင်ပါ ။ အငိုက် မိ သွားသည့် ထိုခဏ မှာ ဘွားရှန် က လည်း ရယ်မိပါသည် ။ ဒါကိုပင် သမီး က “ မရယ်နဲ့ ” ဟု သူ့ အဘွား ကို ထပ် ဟောက်လိုက် သေးသည် ။ သူ့ အဒေါ် က အဘိုး အဘွားကို အဲဒီလို မပြောရဘူး ဟု ဆိုပြီး အပေါ်ထပ် ကို ချက်ချင်း ခေါ်ထုတ်ကာ အခြေအနေ ကို အမြန် ဝင် ထိန်းလိုက်၍သာ တော်ပါတော့သည် ။ ကျွန်မ တို့မှာ သမီး ကို ဆုံးမသွန်သင် ရသည် ။ အဘိုးအဘွားများ နှင့်အတူ နေရ ၊ ကြီးပြင်းရသော  ထူးသည့် ၊ ကောင်းသည့် ကုသိုလ်ကံ အကြောင်း သူ နားလည် လွယ်အောင် ရှင်းပြရပါသည် ။


တစ်ရက် တွင် လမ်းမကြီး ထိပ် ထမင်းဆိုင် မှ ခွေးမ က ဦးဉာဏ် ကို ကိုက်လိုက်သည် ဟု ကျွန်မတို့ ကြားသိ ရသည် ။ တယ်လီဖုန်း ဆက်၍ ဦးဉာဏ် ကို သတင်း မေးရပါသည် ။ ကျွန်မတို့ က တော်တော် နှင့် မရောက်ဖြစ်ပါ ။ ခွေးရူး ကာကွယ်ဆေး ထိုးပြီးကြောင်း ၊ ကျွန်မတို့ သူ့ အိမ် လာလျှင် ထိုခွေး ကို သတိ ထားကြဖို့ အကြောင်း ဦးဉာဏ် က မှာပါသည် ။ သောကြာ ရက် တွင် တော့ ထုံးစံ အတိုင်း ဦးဉာဏ် သမီး ယုယ က ပန်းနု ကို လာခေါ် သွားပါသည် ။ စနေနေ့ မှ ပြန်ရောက် ပါသည် ။ ကျွန်မ က သမီး ကို “ သမီး ရေ ၊ ဘိုးဉာဏ်ကို ခွေး ကိုက်လိုက်တာ အတော်များ နက်သွား သလား ။ ဒဏ်ရာများ ကြီးသလားလို့ ” ဆိုတော့ သမီး က စဉ်းစဉ်းစားစားပြုပြီး ပြန် ပြောသည် ။ “ အနေတော်ပါပဲ မေမေ ” တဲ့ ။ သူ့ သမီးတွေ က တစ်ဆင့် ဦးဉာဏ် ပြန် သိတော့ ခေါင်း တဆတ်ဆတ် ညိတ် ကာ ပြုံးပြီး “ ဩော် သူ ကတော့ အဲ့ဒီလို အဲ့ဒီလို ” ဟု သာ ဆိုနိုင်ပါသည် ။


လွန်ခဲ့သည့် ခုနစ်လ ခန့် ကတော့ ဦးဉာဏ် အတော်လေး နေထိုင် မကောင်းကြောင်း ကျွန်မ တို့ သိ ပါပြီ ။ ထို့ကြောင့် ဦးဉာဏ် ဆေးခန်း သွားသည့် သောကြာရက်များ မှ လွဲ၍ သမီး ကို ဂရုတစိုက် ပို့ပေးရပါသည် ။ တယ်လီဖုန်း ပြောဖြစ်အောင် ခေါ်ပေး ရပါသည် ။ ဘန်ကောက် သို့ တစ်လ ကြာ ဆေးစစ် သွားတော့ လည်း အွန်လိုင်း မှ တစ်ဆင့် တွေ့အောင် စီစဉ် ပေးရပါသည် ။ မြေးအဘိုး နှစ်ယောက် အွန်လိုင်းပေါ်က တစ်ဆင့် တွေ့ကြ ၊ စကား ပြောကြ ၊ စကြ နောက်ကြ ၊ ပျော်ကြရတော့ ကျွန်မ တို့ မှာလည်း ပျော်ရွှင်ရပါသည် ။ သူ့ အဘိုး နှင့် သူ့ အဒေါ် နှစ်ယောက် က တစ်ဖက် ဘန်ကောက် မှာ ၊ သူ့ ဘွားရှန် နှင့် ကျွန်မတို့ က တစ်ဖက် ရန်ကုန် မှာ အမှတ်တရ ဖြစ်ရပါသည် ။


ရန်ကုန် ပြန် ရောက်လာတော့ “ ဦးဉာဏ် သက်သာရဲ့လား ၊ အဆင်ပြေရဲ့လား ၊ သမီး ကို လွှတ်လို့  ဖြစ်ပါ့မလား ” ကျွန်မက သာ တွေး ပူသည် ။ ဦးဉာဏ် က “ ငါ နေကောင်းပါတယ် ၊ ပန်းနု ကို လွှတ်လိုက်ပါ ” ဟု မှာ မြဲ ။ ဆေးသွင်း နေသည့် ရက်မျိုး ဆိုလျှင် တောင် “ ငါ့ ကို သူ က ထိတာ မှ မဟုတ်တာ ၊ ဘာမှ မဖြစ်ဘူး ရတယ် ” ဟု ပြောမြဲ ။ ဦးဉာဏ်တို့ အိမ် မှ ပြန်လာသည့် တစ်ရက် သမီး က ကျွန်မ ကို “ မေမေ ၊ ဘိုးဉာဏ် ကို လေ ဘွားရှန် က အသည်းပုံ ကြက်ဥကြော် ပေးတယ် သိလား ” ဟု သတင်း ပေး ပါသည် ။ ကျွန်မ က နား မရှင်းတော့ “ ဆီဒယ်အိုး ထဲ က အသည်းပုံ ကွင်းကလေးထဲ ကြက်ဥ ကို ထည့် ကြော် လိုက်တာပေါ့ အမေ ရဲ့” ဟု ပြောပြသည် ။ အဲဒီ နေ့ က ဦးဉာဏ် က ဗိုက်ဆာ နေကြောင်း ၊ သမီး က လည်း အရင် စား ချင်ကြောင်း ၊ ဘွားရှန် က ဘိုးဉာဏ် အတွက် အရင် ကြော်ပေး နေကြောင်း ၊ ထို့ကြောင့် ဘိုးဉာဏ် က သူ့ အတွက် အရင် လုပ်ပေးစေကြောင်း စီကာပတ်ကုံး ဆက်ကာ ဆက်ကာ ပြောပြ နေပါသည် ။


အာရုံကြောတွေ ပါ ထိခိုက် ကုန် သဖြင့် နောက်ပိုင်း တွင် ဦးဉာဏ် လမ်း ကောင်းကောင်း မလျှောက်နိုင်ဘဲ ရှိသော အခါ သူ့ အဘိုး ကို ပန်းနု က စိတ်လို လက်ရ ရှိလျှင် နှိပ်ပေး ပါသည် ။ သို့သော် နှိပ်ပေးသည့် အခါတိုင်း ညာဘက် ကို နှိပ်ခိုင်း လို့ မရ ။ ဒါကိုပင် ဦးဉာဏ် က ကလေးတွေ မှာ အန္တရာယ် ကို အလိုလို သိသည့် ဉာဉ်ကလေး ရှိနေတတ်သည် ဟု ချီးမွမ်းစကား ဆိုပါသည် ။ သူ့ ကိုယ် ညာဘက်ခြမ်း က တစ်နေ့ ထက်တစ်နေ့ အလုပ် လုပ်ရ ခက်ခဲလာပြီ မဟုတ်လား ။ လူ တွဲ လိုလာပြီ မဟုတ်လား ။ ကျွန်မ မှာ မြေး အပေါ် သံယောဇဉ် ကြီးလွန်းလှသော ဦးဉာဏ် ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရုံသာ တတ်နိုင်ပါတော့သည် ။


ဆေးရုံ တွင် ပင်ပန်းလွန်း၍ မှိန်း နေသည့် တိုင် သမီး လုပ်သူ က ပန်းနု ဆီ က ဖုန်းလာတယ် အဖေ ၊ ပြောမလား ဟု မေးလျှင် သူ့ သမီး လက် ထဲ မှ တယ်လီဖုန်း ကို အတင်း လှမ်းယူ တတ်ပါသည် ။ ဆေးရုံ ဆင်းပြီးသည့် နောက် သူ့ အိမ်တွင် ဦးဉာဏ် ရှိနေသည့် အခါ ဦးဉာဏ် ဆီ ကျွန်မ တို့ တစ်ခါတစ်ရံ ရောက်ပါသည် ။ ဆေး ဝင်ဖို့ပင် ခက်ခဲလွန်းစွာ မျိုချ နေရသော ဦးဉာဏ် ကို သမီး က “ ဘိုးဉာဏ် မျိုချလေ ၊ မျိုချလိုက် ” ဟု ဝင် ပြောလျှင် မတွေ့တာ ကြာပြီ ဖြစ်သော မြေး ကို အသံ ကြားသည် နှင့် အား ယူပြီး မျက်လုံး ဖွင့် ကြည့်ပါသည် ။ ဝဲ လာသည့် မျက်ရည်စ ကို ကောင်းစွာ လှုပ်ရှား နိုင်သေးသော လက်နှင့် သုတ်သည့် ခဏ ကျွန်မ ရင်ထဲ ၌ လှိုက်ခနဲ ဝမ်းနည်းလာ မိသည် ။ ဦးဉာဏ် နှင့် သမီး နောက်ဆုံး အနေ နှင့် တွေ့ကြရခြင်း ဖြစ်ပါသည် ။ ဦးဉာဏ် မကွယ်လွန်မီ နှစ်ရက် အလို မှာ မြေးအဘိုး တယ်လီဖုန်း ပြောဖြစ် ကြပါသည် ။ သူ့ မြေး ပြောသမျှ ကို နားထောင်ပြီး “ ပန်းနုက တော့ ငါ့ ကို လုပ်ပြန်ပြီ ” ဟု ဆိုလိုဟန် မျက်နှာ အမူအရာ ကို ဖော်ပြကြောင်း ၊ သမီး မကြားရသည့် တိုင် တယ်လီဖုန်း ထဲ မှ သမီး မေးသမျှ ကို လေသံသဲ့သဲ့ ဖြင့် ပြန် ဖြေကြောင်း သိရပါသည် ။ ထို့နောက်တွင် တော့ သူတို့ မြေးအဘိုး ၏ အပြန်အလှန် ကျီစယ်ကြသော စကားများ ကို ကျွန်မတို့ ဘယ်သောအခါ မျှ ကြားကြရတော့မည် မဟုတ်ပါ ။


◾ဝါနု


📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်


#ကိုအောင်နိုင်ဦး


.

သူ့ ကုသိုလ်ကံ


 

❝ သူ့ ကုသိုလ်ကံ ❞

ကိုကွန်း သည် ရန်ကုန်မြို့ ၌ နေခဲ့သည် မှာ နှစ်ပေါင်း အစိတ် ကျော်ခဲ့လေပြီ ။ ထို နှစ်ပေါင်း အစိတ် အတွင်း ပွဲစားကုန်သည် ထီးထမ်း လမ်းလျှောက် အလုပ်များ ကို လုပ်ခဲ့လေရာ တစ်ခါတစ်ခါ ၌ အတော်အတန် ငွေကြေး ရရှိခဲ့၏ ။ အခါများစွာ ၌ ကား ငွေကြေးကျပ်သည် သာ များ တတ်လေသည် ။

သို့ နေခဲ့ရာ ပိုက်ဆံကြေးငွေ အထူး ပါးရှားသော ၁၉၃၈ ခုနှစ် ၌ “ အကြံကုန် ဂဠုန် ဆားချက် ”  ဟူသော စကား ကဲ့သို့ မိမိ မကျွမ်းကျင် သော အလုပ်တစ်ခု ကို စ ၍ လုပ်၏ ။ ထို အလုပ် ကို မကျွမ်းကျင် သောကြောင့် မိမိ ကိုယ် ကို မိမိ ကျွမ်းကျင်သည် ဟု မှတ်ထင်လေ့ ရှိ၏ ။ အကြောင်းမူ ကား ဆေးများ ကို တစ်ဖုံ လျှင် ငါးမတ် ၊ တစ်ကျပ်ခွဲ နှင့် ဖော်စပ်ကာ ပုလင်းကလေး တစ်ပုလင်း ကို တစ်ကျပ်ခွဲ ငါးမတ် နှင့် ကြော်ငြာ ၍ ရောင်းခြင်း သည် ကျိန်းသေ အမြတ်အစွန်း ရဖို့ သာ ရှိသည် ။ အခြား ဆေးကုန်သည်များ လည်း အသီးသီး မော်တော်ကား စီး ၍ ရသည် ။ ငါ ကား ကြော်ငြာ များကို အမျိုးမျိုး လည်း ရေး နိုင်၏ ၊ ဆေးများ ကို ဖော်စပ်၍ သတင်းစာများ ၌ ကြော်ငြာ ပြီး ရောင်းလျှင် အမြတ်အစွန်း ဧကန် ရချိမ့်မည် ။ ၎င်း အလုပ် ထက် ကျိန်းသေသော အလုပ် မရှိ ဟု အောက်မေ့ကာ ပွဲ ပြ ၍ ရသော ငွေကလေး တစ်ရာနှင့် “ အာယုသီဟလေဆေးကြီး ” ဟု ဖော်စပ်ပြီးလျှင် ရှိသမျှသော ၉၆ ပါး ရောဂါ တို့ ကို ပျောက်သည် ဟု ညွှန်းလေ၏ ။ သို့ ဖြစ်သောကြောင့် ဘယ်ရောဂါသည် မှ အဝယ်အခြမ်း မရှိဘဲ အရင်း မြုပ် ၍ နေလေ၏ ။ 

အိမ် လခ က လည်း ပူ ။ စားစရာ လည်း မရှိ ။ ဆေး ကို စား၍ လည်း မနေနိုင် ။ အကြီးအကျယ် ဒုက္ခကြီး ဖြစ်၍ နေလေ၏ ။ ထို ငွေရင်း တစ်ရာ ကို ဤ တနင်္ဂနွေ တစ်ပတ် အတွင်း ပြန်၍ ရလျှင် ရ မရလျှင် ဤ အရပ် မှာ ဤ အိမ် နှင့် နေနိုင်ဖို့ မရှိ ။ အရပ် ကို လည်း မခွာချင် ။ ၎င်းမှာ အခြွေအရံ မယား တစ်ယောက် နှင့် သားသမီး လေးယောက် ရှိလေ၏ ။

ငွေ တစ်ရာ ကို အဘယ်မှာ ရှာ၍ မရ အသိမိတ်ဆွေ ဟူ၍ လည်း အကျွမ်းတဝင် လူယုံ မရှိသူ ဖြစ်လေရာ အဘယ်ကို မှ လှည့်၍ အားကိုးအားထား မတွေ့ ။ သို့ဖြစ်လေရာ အိမ်တံခါးဝ တွင် ပက်လက်ကုလားထိုင် နှင့် ထိုင်ကာ မည်သူ တစ်ယောက် လမ်း မှား ပြီး ငွေတစ်ရာ ပေးဖို့ရန် ရောက်လာ ပါမလဲ ဟု အိမ်ရှေ့ ကို မျှော်ကာ တွေးတောငေးမော ၍ နေလေ၏ ။ အဘယ်က မှ ပေါ် မလာသည် ကို တွေ့ရသော အခါ များစွာ စိတ်ပျက် လျက် တစ်ကိုယ်လုံး ပျော့၍ ကျ သွားလေ၏ ။ သို့ ကျ သွားရာ၌ အိမ် ရှေ့တွင် မိုတိုကား နှင့် ဖြတ်၍ သွားသူများ ကို မြင်ရသောအခါ သင်းတို့ တွေ ဘယ် အတွက်ကြောင့် ဒီလို နေနိုင်ပါသလဲ ဟု တွေးတောပြီး ငါ ကား မဖြစ်နိုင်ဘူးလား ဟု အောက်မေ့လေ၏ ။ သို့ ကြည့်၍ နေခိုက်တွင် မဖြစ်နိုင်တော့ပါဘူး ဟု အောက်မေ့ကာ အထက် မျက်နှာကြက် ကို ကြည့် လိုက် ရာ ရက်မ တစ်ခု မှာ သံချောင်းကြီး ရိုက်၍ ထားသည်ကို မြင်ရလေ၏ ။ ထိုအခါ ဒီ သံချောင်းကြီး မှာ ကြိုး တပ်ပြီး လည်ပင်း ကို ချိတ် လိုက်ရရင် ဒီ အပူ ငြိမ်းချေ ရဲ့ဟု တွေး လေ၏ ။ အကြောင်းမူကား ငွေကြေး အတွက် ပူသော အပူ သည် ရင်မှာ မီးရှို့ ၍ နေပေ၏ ။ ဘယ်ကိုမှ အား မကိုးရသော လောကကြီး ၌ နေရခြင်း သည် သုသာန် မှာ နေရသကဲ့သို့ ဖြစ်လေ၏ ။ သွားလာ နေကြသည် ကို မြင်ရသည့် အခါ သူတို့ မတော့ ကာ လွန်စွာ အေးချမ်းပါကလား ၊ ငါ့ မှာ သာ ပူ နေရတယ် ။ သူတို့မှာ ကိုယ်စီ ကိုယ်ငှ ပရိယေသန ဝမ်းစာ အတွက် တစ်ခုစီ ရှိကြလို့ပဲ ချမ်းသာ ကြပါပေတယ် ။ ငါ့ အတွက် ကား အဘယ်မှာ မျှ အလုပ် မရှိ ၊ အခစား ကျွန် အလုပ်သော် မှ ရဖို့ရန် ခက်လှပါကလား စသည်နှင့် တွေးရင်း ငါ ၏ ဒုက္ခ ၊ ငါ ၏ ဒုက္ခ ဟု ပုတီးစိပ် နေလေ၏ ။

သို့အတန်ကြာ နေမိသောအခါ ထီလက်မှတ် ရောင်းသော ထီစာရေး ဘအို သည် ပြုံး ရယ် လျက် ကိုဘိုးကွန်း ဘာ ငေး နေသလဲ ၊ အခု ထီ ဖွင့်နေပြီ ခင်ဗျား သိရဲ့လား ဟု မေးလျက် ဝင်လာလေ၏ ။

ကိုဘိုးကွန်း သည် မိမိ ၏ ကံ ကို ယုံကြည်သူ တစ်ယောက် ဖြစ်လေ၏ ။ ဤသို့ အကျပ် အတည်း အခက်အခဲ ထဲ မှ ငါ ကံကောင်း တတ်တာပဲ ။ ငါ ထီပေါက်တယ် လို့ များ သတင်းများ ရမလား လို့ အောက်မေ့ကာ ပက်လက် နေရာမှ ထ၍ ထိုင်ပြီး အိတ်ထဲ မှ ထီလက်မှတ်ကလေး ကို ထုတ်ကာ ကြည့် လေ၏ ။

“ ငါ သတင်းစာ လည်း မကြည့်ရဘူး ဟေ့ ထီ ဖွင့် မှန်း လည်း မသိရဘူးကွ ”

ဘအို “ ပေါက်စဉ်စာရင်း တွေ ကျုပ် မှတ်လာခဲ့တယ် ” ဟု ပြောကာ မှတ်၍ ထားသော စက္ကူတစ်ချပ် ကို ထုတ်၍ ကြည့်လေ၏ ။ ထိုစက္ကူ မှာ ဒိုင်ယာရီစာအုပ် မှ ဆုတ်ဖြတ်သော စက္ကူ အစကလေး ဖြစ်လေ၏ ။ ခဲတံ နှင့် မထင်မရှား ရေး၍ ထားသော ဂဏန်းတွေ ကို ထို စက္ကူ ၌ ကြည့်လေ၏ ။ သို့ ကြည့်ရင်း ကိုကွန်း ၏ လက်မှတ် ကို ဆတ်ခနဲ ဆွဲ၍ ယူ ကြည့်ပြီး ဟာ ခင်ဗျား ထီ ပေါက်နေပါပကော ၊ ပထမဆု ဗျ ။ ဂဏန်း ကို တိုက် ကြည့်ကြလေ၏ ။ ထီ ပေါက်သည် မှာ အမှန် ဖြစ် ၍ နေကြောင်း သိ ရလေ၏ ။ ပိုက်ဆံ မရှိ၍ အလွန်တရာ စိတ်ညစ်၍ နေသော ကိုကွန်း မှာ သိန်းထီ ပေါက်သည်ဟု သိ ရသောအခါ က ရတော့မလို ခုန် ရတော့မလို အရူး လို လို ဖြစ်သွားလေ၏ ။ မိမိ မျက်စိ ကို မယုံနိုင်အောင် ရှိလေ၏ ။ ဂဏန်း ကို အကြိမ်ကြိမ် တိုက်၍ ကြည့် လေ၏ ။ သို့ တိုက်၍ ကြည့် လေရာ မိမိ ပေါက်ဂဏန်းများ သည် ဘယ်ကိုမျှ ပျောက်ပျက် ၍ မပြေး ၊ ပေါက်ဂဏန်း အတိုင်း ရှိ နေသည်ကို တွေ့ရလေ၏ ။ ထိုအခါ ကျ မှ ရင်ထဲ ၌ ရှိသော အလုံးကြီး သက်လျော ကာ အခုမှ အေးပါလေရော ဗျာ ။ ငါ ၌ ပူသမျှ တို့ သည် လွင့်စဉ် ပပျောက်လေပြီ ။ စိုးရိမ်ကြောင့်ကြ စရာ လုံးလုံး ကြီး မရှိတော့ပေ ။ ငါ့ သားတွေ ကို ရှင် ပြုမည် ။ ဘယ်သူနှင့်မျှ မတူအောင် နိပါတ်တော်များ ခင်းကျင်း၍ ပြုမည် စသည်ဖြင့် ပြော လေ၏ ။ ဇမ္ဗူ မှာ ငါလို လူ ရှိသေးသလား ။  ' သိန်းထီ ပထမဆု တစ်ယောက် တည်း ပေါက်တဲ့ ယောက်ျား '

ဘအို ။  ။ ဒါတော့ ဘဝ က ကုသိုလ် ကို ဗျ ။

ကိုကွန်း ။  ။ ဘဝ က ကုသိုလ် ပေမဲ့ ဒီလို ငွေကြေး ကျပ်တုန်း ၊ ငွေကြေး လိုနေတုန်း ၊ မျှော်လင့် စရာ မရှိတုန်း လာပြီး အကျိုး ပေးတာဟာ ရှားတဲ့ ကုသိုလ်ပေါ့ ။

ကိုကွန်း ထီပေါက် သည် ဆိုသော သတင်း သည် အနှံ့အပြား ကျော်ကြား၍ သွားလေ၏ ။ အသိမိတ်ဆွေ တို့ သည် ဝမ်းသာကြောင်း ကို ပြောရန် စုရုံး၍ လာကြလေ၏ ။ ငွေကြေး ကျပ်တည်း စဉ် က မတွေ့ရသော မိတ်ဆွေသူငယ်ချင်း တို့ သည် အခါရှေးဦး ပထမ ရောက် လာကြလေ၏ ။

သူဌေးဦးလွင် က ငွေ ကို လိုသလောက် ယူ ၍ သုံးပါ ဟု စာတစ်စောင် ရေး ၍ ပေး လိုက်လေ၏ ။ ထိုစာ နှင့် အတူ ချက်စာအုပ် တစ်အုပ် ကို ပေး လိုက်လေ၏ ။ ၎င်း ချက်စာအုပ် က လက်မှတ်များ နှင့် ငွေများ ကို မိမိ ၏ ဘဏ် မှ လိုသလောက် ထုတ်၍ ယူရန် ပြောလေ၏ ။ သို့သော်လည်း ငွေ တစ်သောင်း ထက် မကျော်စေရ ဟု စကား ပါ ရှိလေသည် ။ သားများ ကို ရှင်ပြုရန်အရေး ကို ရှေးဦး ပထမ ဂရု စိုက်လေ၏ ။ သို့အတွက် ငွေ နှစ်ထောင် ကို ဘဏ် မှ ထုတ်ပြီးလျှင် ယုံကြည် စိတ်ချရသော ဆွေမျိုးဉာတိ များ ကို သားလေးယောက် ရှင်ပြု ရန် လွှဲအပ်လေ၏ ။ ထို ရှင်ပြုအခမ်းအနား မှာ လွန်စွာ ကြီးကျယ် လေ၏ ။ ကိုကွန်း သည် ဆေးဆိုင် ကို ဂရု မစိုက်တော့ပေ ။ ဆင်းရဲသော ဆွေမျိုး တစ်ယောက်အား ပေး လိုက်လေ၏ ။ အိမ်လခ ပူသော အိမ်ရှင် အား လည်း လခများ ကို ခြောက်လ အတွက် အပို ပေး၍ ထား လေ၏ ။ အကြောင်းမူကား မိမိ ထီ ပေါက်သော အိမ် ကို ရုတ်တရက် မစွန့်လိုပေ ။ ထို အိမ် ကို ဝယ်မည် ဟူ၍ ပင် အကြံ ပြုလေ၏ ။ ရှင်ပြုမင်္ဂလာ အခမ်းအနား ပြီးသောအခါ အလှူ အတွက် အိမ် ၌ ရှုပ်ပွေနေသည် ကို ရှင်းရန် ရှိလေ၏ ။

ကိုကွန်း သည် ရှုပ်ပွေ၍ နေသော အိမ်ထဲ တွင် ထိုမှ ဤမှ လှည့်ပတ်ကာ လျှောက်၍ ကြည့်ရင်း ငါ့ မှာ မိန်းမ လည်း မရှိ ၊ သို့အတွက် ဤပစ္စည်းတွေ ကို ရှင်းလင်းသုတ်သင်ဖို့ရန် အင်မတန် ခက်တာပဲ ။ မလှ ကို ငါ ရအောင် ကြံ လိုက်ရရင် တော် လေမလား ၊ မလှ ဟာ အလွန် လိမ္မာတဲ့ မိန်းမ ၊ ရုပ်ရည် မှာ လည်း အသက် သုံးဆယ် ဆိုပေမယ့် လို့ ထို အသက် နှစ်ဆယ် အရွယ်ကလေး လို့ ထင်ရတယ် ။ မျိုးရိုးဂုဏ်လည်း ရှိတယ် ။ သဘောသကန် လည်း ကောင်းတယ် ။ အသိမ်းဆည်း အလုပ်အကိုင် မှာလည်း တော်တယ် ။ အရာရာ မှာ လာဘ် မြင်တဲ့ မိန်းမ ၊ ငါ သူ့ ကို ရရင် ဂုဏ်ကျက်သရေ တစ်ခုပဲ စသည်ဖြင့် တွေးရင်း ကုလားထိုင်စားပွဲ ၊ ဖလားစုံကွမ်းအစ် ၊ ထွေးခံ ၊ ပန်းကန် ၊ ရေတကောင်း စသည်တို့ ၏ အလယ် ၌ လျှောက်ကာ တွေး၍ နေလေ၏ ။

သို့ တွေး၍ နေခိုက် တွင် မိမိ ၏ နောက်၌ ခြေသံ ကို ကြားရသဖြင့် လှည့် ကြည့်လိုက်ရာ မလှ ကိုယ်တိုင် အိမ် ပေါ် ကို တက်၍ လာသည်ကို မြင်ရလျက် အတိုင်းမသိ ဝမ်းသာလုံး ဆို့၍ သွားလေ၏ ။ အံ့အားလည်း သင့်၍နေလေ၏ ။

“ ဪ ... မလှ တစ်ယောက်တည်းလား ”

“ တစ်ယောက်တည်းပါပဲ ” 

“ ဘာကိစ္စနှင့် လာ ပါသလဲ ။ အင်မတန် ထူးဆန်းတဲ့ လာပုံပါကလား ”

မလှ “ မထူးဆန်းပါဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် အခြား လူ မှ မဟုတ်ဘဲ ။ အခု ကိုကွန်း မှာလည်း ဒီ အလုပ်တွေ ကို ကူညီ သိမ်းဆည်းမယ့် အဖော် မရှိ ၊ ဒါကို ကျွန်မ  တွေးပြီး လာတာပဲ ”  ဟု ပစ္စည်းများ ကို လက် နှင့် ပြရင်း ပြော လေ၏ ။

ကိုကွန်း ။  ။ မလှ အတွေးအခေါ် အင်မတန် ရှိပါပေတယ် ၊ ဒီလို အရေး ထဲ မှာ အခုလို သတိ ရတာ အင်မတန် ကျေးဇူးတင်ပါတယ် ၊ ကျုပ်တို့ ဒီဟာတွေ ကို ဘယ်က စလို့ ဘယ်လို လုပ်ရမယ် ဆိုတာ မတွေးတတ်အောင် ရှိတာပဲ ။ မလှ တို့ လို လူ တစ်ယောက် ကြီးကြပ်စီမံ မှ ဖြစ်မြောက်မှာပဲ ။

မလှ ။  ။  ဪ ... ဒုက္ခ ဒုက္ခ ယောက်ျားများ ဟာ မိန်းမ မပါရင် ဘာမှ နေရာ မကြဘူး ၊
ဒါကြောင့် သျှောင် ရှိရင် ဆံထုံး ရှိ မှ ဖြစ်နိုင်တယ် လို့ ပြော ကြတာပဲ ထင်ပါရဲ့ ။

ကွန်း ။  ။ မိန်းမ က အိမ်ရှင် ၊ ယောက်ျား က အပြင်လူ ဆိုတာလို မလှ တဆိတ်လောက် အိမ်ရှင် လို သဘော ထားပြီး စီမံ လုပ်ကိုင် လိုက်စမ်းပါ ။

မလှ ။  ။ အိမ်ရှင် လို သဘောထား နေဖို့ မဟုတ်ပါဘူး တော် ၊ အိမ်ရှင် ပဲ ဆိုလိုက်ပါတော့ ။

ကွန်း ။  ။ အဟုတ်ပဲလား မလှ ရယ် ၊ တကယ် ပြောတာလား ။ တကယ် ပြောတာဖြစ်ရင် ကျုပ် လောက် ကုသိုလ်ကံ ကောင်းတဲ့ လူ မိုးအောက် မှာ ရှိမယ် မထင်ပါဘူး ။

“ အဟုတ် ပြောတာပါ ။ အဟုတ်ပါပဲ လို့ မှတ်လိုက်ပါ ”

“ ဒီလိုဖြင့် ဝမ်းသာ လိုက်တော့မယ် ။ ဝမ်းသာ ရတော့မှာလား ” 

“ ဝမ်းသာပါတော့ ”

ထိုအခါ ကိုဘိုးကွန်း က မလှ ၏ လက် ကို ဆွဲ ကိုင်ကာ နမ်းရှုပ် လေ၏ ။ ထိုနောက် အတန် ကြာမှ လက် ကို လွှတ် လိုက်လေ၏ ။

“ လက်ကို နမ်း လို့ ဘာ အရသာ ရှိသလဲ ”

“ ဟုတ်ကဲ့ လူ ကို နမ်း မှ သေသေချာချာ အရသာ ရှိတာ ၊ နို့ပေမဲ့ လူတွေ မြင် မှာ စိုးလို့ လူ ကို ချမ်းသာ ပေးလိုက်တယ် ။ လူ ကို တော့ကာ တကယ် ပိုင်မှ ”

ကိုင်းလေ ...  အလုပ် ရှိပါသေးတယ် ဟု ပြောပြီး အသိမိတ်ဆွေ သူငယ်ချင်းများ ကို ခေါ်၍ အိမ် ၌ သုတ်သင်ရှင်းလင်းလေ၏ ။ အောက် ၌ ရှင်း၍ ပြီးသောအခါ အဖော်များ ကို ပြန်ဖို့ရန် ခွင့် ပေးလိုက်လေ၏ ။ မလှ သည်ကား ဟိုဟိုဒီဒီ လျှောက်ကာ အိမ်ပေါ် သို့ အမှတ်တမဲ့ တက် သွား လေ၏ ။ သို့ တက်သွားရာ ကိုကွန်း ၏ အိပ်ရာခန်း သို့ သွား လေ၏ ။ အိပ်ရာ ရှုပ် နေသည် ကို သပ်ရပ်စွာ ခင်းကျင်း ၍ ပေးလေ၏ ။ နောက် အတန်ကြာသောအခါ ကိုကွန်း အိမ်ပေါ် ကို တက်၍ ကြည့်လေ၏ ။ မိမိ ၏ အိပ်ရာပေါ်၌ မလှ အိပ်ပျော် သလို နေသည် ကို တွေ့ရလေ၏ ။ ကိုကွန်း သည် လွန်စွာ အံ့အားသင့်လျက် ခြေဖျား ထောက် ကာ အပါး သို့ ကပ် သွားလေ၏ ။ မလှ အိပ်၍ နေသည်မှာ တစောင်း ဖြစ်လေ၏ ။ သို့ တစောင်း အိပ်၍ နေရာ ညာဘက်ခြေ မှာ ကွေးလျက် ဘယ်ဘက်ခြေ မှာ ဆန့်လျက် ၊ လက်ဝဲဘက် မှာ စောင်းလျက် နေလေ၏ ။

ဘယ်ခြေ က ဖြူဝင်းသော တံကောက်ခွက်သားကလေး နှင့် ခြေသလုံးကလေးများ သည် ကိုကွန်း ၏ စိတ် ကို နဖားကြိုး တပ်ကာ ဆွဲသည့် အလား မလှ ၏ အနား ကို ရောက်သော အခါ တစ်ကိုယ်လုံး မလှ ဘက် သို့ ကိုင်းညွတ် ၍ သွားလေ၏ ။ စိတ် ကို အနိုင်နိုင် ချုပ်၍ ထားရလေ၏ ။

ထိုကဲ့သို့ မြင်ရသော အခါ ဆင်နှာမောင်း ကဲ့ သို့ သွယ်ပျောင်း ပြေပြစ် သော ဒူး ၊ ပေါင် ၊ သလုံး
သားများ ၏ ချောမွေ့ခြင်း ညက်ညောခြင်း ကို ကိုင်တွယ် စမ်းသပ်မိ သကဲ့ သို့ အထင်အမြင် ပေါက်လေတော့ သတည်း ။ တင်ပါးကလေး ခါးကလေး မှာ အရိုး မရှိ ၊ အသားပုံ ပကတိ လုံးအိအိကလေး ကို တအား ပွေ့ တော့မည့် အလား လက်နှစ်ဖက် ကို ဆန့်ကာ အပါးသို့ ရောက်၍ သွားလေ၏ ။ ထို့နောက် ကပျာကယာ ချာလည် လည် ၍ နောက် ပြန်ပြီး လျှင် ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓော ဟူသော ဂါထာ ကို ရွတ် လိုက်မှ ဘာလိုလို ညာလိုလို ဖြစ်ချင်သော စိတ် သည် ပြေပျောက် ၍ သွားလေ၏ ။

နောက် ပြန်၍ လှည့် လိုက်သောအခါ မလှ သည် ခုတင် နံဘေး မှာ ရပ်လျက် ဆံပင် ကို ထုံးပတ် ၍ နေလေ၏ ။

“ ကိုကွန်း ခု တင် က ဘာ ဖြစ်တာလဲ ”

“ ကိုယ့် ကိုယ် ကို မလှ အိပ် နေတာ မြင် ရတော့ကာ ကိုယ့် ကိုယ် ကို အစိုး မရသူ တစ်ယောက် ဖြစ်၍ သွားရတယ် ။ ဘာ့ကြောင့် အစိုး မရတယ် ဆိုတာတော့ ကာ မပြောပါ ရစေနဲ့တော့ ။ ကိုယ့် ကိုယ် ကို အစိုး မရသူ တစ်ယောက် ဟာ ဖြစ်ချင်တာတွေ ဖြစ်တာပေါ့ ။ မမေးပါနဲ့တော့လေ ၊ အဖြေရ ခက်လွန်း လို့ပါ ”

“ ဒီလိုဖြင့် ကျွန်မ သွားတော့မယ် ”

ဟု ပြောပြီး အိမ်ပေါ် မှ ဆင်၍ သွားလေ၏ ။ ကိုကွန်း သည် လိုက်၍ သွားလေ၏ ။ သို့ သွားရင်း မလှ နေပါဦး ၊ မလှ မသွားပါနဲ့ဦး ၊ မလှ စိတ်ဆိုး သလား စသည်ဖြင့် တောင်းပန် သော်လည်း မလှ သည် ပြန်၍ မကြည့် ။ ထိုအခါ နောက်မှ နေ၍ လက် ကို ဆွဲပြီး မလှ ကို ရင်ခွင် ထဲ သို့ ပွေ့ယူကာ တအား ဖျစ်ညှစ် လေ၏ ။ ထိုအခါ မလှ က ကိုကွန်း ၏ ရင်ခွင် မှ ရုန်းထွက်ပြီး ကိုကွန်း ၏ ပါး ကို လက်ရာ နှင့် ပွတ် လိုက်လေ၏ ။ ကိုကွန်း ၏ စိတ် မှာ ရှက်ကိုးရှက်ကန်း ဖြစ်၍ သွားလေ၏ ။ မလှ ရယ်မောလျက် စိတ်မဆိုးပါ နဲ့ ကျွန်မ အလကား လုပ်တာပါ ။

“ နာလိုက်တာ အလကား လုပ်လို့သာ တကယ်များ လုပ်ရင် သွားတွေ ထွက်ကုန်မှာပဲ ” 

ဟု ပြောကာ မိမိ ပါး ကို ပွတ်လေ၏ ။ ထိုနောက် မလှ သည် အိမ် ပေါ် မှ ဆင်း၍ သွားလေ၏ ။ ကိုကွန်း လည်း လိုက်၍ သွားလေ၏ ။ သို့သော်လည်း မိမိ ဘာလုပ်ဖို့ လိုက်၍ သွားသည်ကို မသိပေ ။ မလှ ၏ ညှို့ဓာတ် ဆွဲဆောင်ရာသို့ လိုက်ပါ သကဲ့သို့ သွား လေ၏ ။ အိမ် အောက် မှာ ရှင်းလင်း၍ နေသည် ကို တွေ့ရသောအခါ ကိုကွန်း က ခုမှ ရှင်းလင်းသွားတော့တာပဲ ။ မိန်းမများ က လုပ် မှ ရှင်းရှင်းလင်းလင်း ရှိပေတော့တာပဲ ။ မလှ သည် ကား ၎င်း ၏ စကားကို နားမထောင် အိမ်ပေါ် မှ ဆင်းကာ မိမိ အိမ် သို့ သွားလေ၏ ။ ကိုကွန်း လည်း လိုက်၍ သွားရာ မလှ ၏ အိမ်သို့ ရောက်လေ၏  ။ မလှ ၏ အိမ်ခန်း မှာ မိမိ ခါတိုင်း ရောက်ရှိခဲ့သည့် အခန်း လို မဟုတ်ပေ ။ ကြီးကျယ်ခမ်းနားစွာ ပြင်၍ ထားသည် ကို တွေ့ရလေ၏ ။ ကိုကွန်း ၏ စိတ် ၌ အံ့သြကာ မလှ လည်း ထီများ ပေါက်လေရော့သလား ။ ခါတိုင်း အခန်း နဲ့ မတူပါလား အင်မတန် ကြီးကျယ်ခမ်းနားပါကလား ဟု မေး လေ၏ ။ ပီယာနိုကြီး တစ်လုံး ကို လှေကား အနီး မှာ မြင် ရလေ၏ ။ ထို ပီယာနို ကို ဖွင့်ပြီး ထိုင်ကာ ဘောလယ် တစ်ပုဒ် ကို တီး ၍ စမ်း  လေ၏  ။ သို့သော်လည်း ကောင်းစွာ မဖြစ်သဖြင့် ထ ပြီး မိမိ ၏ အပါး၌ မတ်တတ်ရပ်၍ နေသော မလှ အား လက် ကို ဆွဲကာ ပီယာနို ကို တီးရန် အထိုင် ခိုင်းလေ၏ ။ မလှ သည်ကား မငြင်းမဆန်ဘဲ ဝင်ကာ ဘောလယ် ကို ပင် တီး လေ၏ ။ သို့ ဘောလယ် ကို တီးရာ မှ အင်္ဂလိပ်တေးများ ကို လျှောက်၍ တီးလေ၏ ။ ထိုနောက် မြန်မာတေးကြီး ဘွဲ့ကြီးများကို တီး ပြန်လေ၏ ။ ကိုကွန်း သည် လွန်စွာ ကြည်နူးလျက် အနီး ရှိ ကုလားထိုင် ပေါ် မှ ထိုင် လျက် ပီယာနို နှိပ်သော မလှ ၏ လှပသော လက်ချောင်း ကလေးများ ကို ကြည့်ကာ စိတ် ထဲ ၌ ချီးမွမ်း၍ နေလေ၏ ။

ထိုအတွင်း မိမိ မှာ များမကြာမီ က ငွေကြေး လွန်စွာ ကျပ်တည်းလျက် အသက်သေလုခမန်း  ၊ ဖြစ်၍ နေသည် ကို ပြန်၍ တွေးကာ ယခု အခြေအနေ နှင့် လွန်စွာ ခြားနားပါကလား ။ ငါ ကုသိုလ်ကံ ထူး လှပေသည် ။ ငွေကြေး လွန်စွာ ကျပ်တည်းစဉ် က ငါ ဒီ အဖြစ်မျိုးကို ရောက်နိုင်မည် ဟု မတွေးမိပေ ။ ယခုသည် ကား ငါ မတွေးနိုင်သော အဖြစ်မျိုး ကို ရောက်၍ နေလေပြီ ။ ဟိုအခါက မော်တော်ကား စီး၍ သွား သူများကို မြင်သည့် အခါ ငါ သူတို့ နှင့် မတူနိုင်ပါဘူး ဟု တွေးခဲ့မိ၏ ။ ယခုကား ငါ သည် မော်တော်ကား ကို စီး နိုင်လေပြီ ။ ပူစရာ ဟူ၍ အဏုမြူ မျှ မရှိတော့ပေ ။ ငါ့ မှာ မရှိစဉ် အခါက မည်သူ တစ်ဦးတစ်ယောက် မှ ငါ့ ကို ကြည့်ရှုမည့် သူ မပေါ်လာပေ ။ ယခုအခါ ခင်မင်သည် ဆိုသော မိတ်ဆွေ သည် ရှောင်၍ ပင် မရအောင် ရှိလေ၏ ။ ဒီ မိတ်ဆွေတွေ ကို ငါ အလို မရှိတော့ပေ စသည်ဖြင့် တွေး၍ နေလေ၏ ။ ကိုကွန်း သည် ချက်ချင်း လတ်တလော ဘဝ ကူး သူ ၏ အလား ဆင်းရဲငြိုငြင်ပူပင်မှောင်ကျ သော ဘဝ မှ ခမ်းနားတောက်ပြောင်းသော ဘဝ သို့ ရောက်ခဲ့သည်  သာမက မိမိ အချစ်ဆုံး သော မိန်းမ တစ်ယောက် နှင့် စခန်းသွား နေရသော ဘဝ သို့ ရောက်ခဲ့လေ၏ ။

“ ကိုကွန်း ပျော်ရဲ့လား ”

“ ချစ်ရာ အကောင်းဆုံး ဆိုတဲ့ နတ်ကညာတစ်ပါး က နတ်တူရိယာ နဲ့ ဖျော်ဖြေ နေတာကို နားစည်းစိမ် ခံနေရသည်မှာ မပျော်ဘဲနေနိုင်ပါ့မလား ”

“ ရှင် သားကလေးတွေ အတွက် မပူဘူးလား ” 

“ ကျုပ် သားကလေးတွေ အတွက် ဘာ ပူစရာ ရှိသလဲ ။ ငွေကြေးတွေ အများကြီးရှိတာပဲ ”

“ ငွေ အများကြီး ရှိတာနဲ့ ၊ ဒီ အမိုက်အမဲတွေ နဲ့ ဘာ ဆိုင်သလဲ ရှင့် ၊ ဒီ အမိုက်အမဲတွေ ကို ငွေကြေး အပ်ပြီး စိတ်ချလက်ချ သွား နိုင်ပါ့မလား ”

“ ဒီလိုဆိုရင် မလှ တို့ အရှိသားပဲ ၊ ကြည့် နေတော့မှာလား ” 

“ ကြည့် မနေပါဘူး ၊ ကြည့် မနေပေမဲ့ ကာ ပျက်စီးမယ့် လူများ ကို ဘယ်သူမှ မကယ်နိုင်ဘူး ”

ဒီလိုဖြင့် ငွေကြေး ပေးထားခဲ့လို့ စိတ် မချရ ။ လူယုံ ကို အပ်သော်လည်း စိတ် မချရ ၊ သေတာထက် ဆိုးတာတော့ မရှိဘူး ။ ကျုပ် သေမယ့် အကောင်တွေ ကို မွေးထားခဲ့တာ ။ သေဘေး နဲ့ တော့ တွေ့ကြမှာပဲ ၊ ဆင်းရဲဒုက္ခ တွေ့တတ်မယ့် အကောင်မျိုး ကို မွေး တော့ကာ ဆင်းရဲဒုက္ခ တွေ့ချင် တွေ့မှာပဲ ။ သတ္တဝါ တစ်ဦး အတွက် တစ်ဦး က ပူပင်ကြောင့်ကြ သမျှတွေ ဟာ အပိုပဲ စသည်ဖြင့် ကိုကွန်း က ပြော လေ၏ ။ကိုကွန်း မှာ မလှ နှင့် စကား ပြောရသည့် အတွက် ၎င်း ၏ စိတ် မှာ သားသမီးများ အတွက် ပင် မပူမပင် မကြောင့် မကြသော စိတ်များ ပေါ်၍လာလေ၏ ။ လောကကြီး ၌ အဖြစ်အပျက် သဘောတရား ကြည့် ကာ အကုန်အစင် သိ၍ သွားသလို ဖြစ်လေ၏ ။ မိမိ ၏ သားသမီး သည် သူတစ်ပါး ကို ညှဉ်းဆဲ၍ နေဦး မိမိ ၏ စိတ်၌ ပူပင်ခြင်း ဖြစ်မည် မဟုတ်ပေ ။ မိမိ ၏ သားသမီး သည် အလိုအလျောက် ဖြစ်စေ သူတစ်ပါး နှိပ်စက်၍ ဖြစ်စေ ဒုက္ခဆင်းရဲ တွေ့အံ့ မိမိ မှာ အဘယ် ကိစ္စရှိအံ့နည်း ဟူသော စိတ်မျိုး ပေါ်ပေါက်၍ လာလေ၏ ။ စင်စစ်အားဖြင့် ထို အကြောင်းအရာများ ကို မလှ နှင့် အတူ ခဏမျှ ဆွေးနွေးရခြင်း ၌ အလင်းဉာဏ် ကို ရ ဘိသကဲ့သို့ ဖြစ်လေ၏ ။

“ ကိုင်း ...  အောက်ကိုဆင်းကြစို့ ။ ကျွန်မ အိမ် ဘယ်လောက် သားနားတယ် ဆိုတာ ရှင် သိရအောင် ”

ဟု ပြောပြီး ရှေ့ က ဆင်း၍ သွားလေ၏ ။ ကိုကွန်း လည်း လိုက်၍ သွားလေ၏ ။ အိမ်လှေကား မှ စ၍ မြင်သမျှ အခမ်းအနား တို့ ကို အံ့သြလေ၏ ။ မလှ အိမ် အင်မတန် ကြီးကျယ် နေပါကလား အရင်က နဲ့မတူပါကလား ဟု တွေးလေ၏ ။ မီးဖိုချောင် ၌ အရင်က မြင်ခဲ့သလို အိုးတွေ ၊ ခွက်တွေ ၊ မီးသွေးတွေ ၊ ထင်းတွေ ရှုပ်ပွေ၍ မနေတော့ပေ ။ ယခု မြင်ရသည့် မီးဖိုချောင် ကား ပြောင်လက် သန့်ရှင်းသော စားပွဲခန်း ကဲ့ သို့ ဖြစ်၍ နေသည်ကို တွေ့ရလေ၏ ။ မလှ ကလည်း မိမိ ၏ မီးဖိုချောင် ကို ကြည့်ကာ တစ်လှည့် ကိုကွန်း ကို ကြည့်ကာ တစ်လှည့် ပြုံးစိစိ နှင့် လုပ်၍ နေလေ၏ ။

မလှ ဧကန် ထီ ပေါက်ပါပြီ ဟု စိတ် မှာ တွေး မိလေ၏ ။ မလှသည်ကား တစ်စုံတစ်ရာ မပြောဘဲ မီးဖို နံရံ က ခလုတ် ကို နှိပ် လိုက်ရာ တံခါးအရှင် တစ်ခု ပွင့်၍ သွားလေ၏ ။ ထိုအခါ ကိုကွန်း မှာ သာ၍ပင် အံ့သြ လေ၏ ။ ထိုအခန်း ၌ ရေပန်းများ နှင့် ကျောက်ရေစည် တစ်ခု ကို တွေ့ ရလေ၏ ။ မလှ သည် ကိုကွန်း ၏ မျက်နှာ ကို ကြည့်ကာ ရှင် အံ့ဩသလား ဟု မေးလျက် အခန်းတွင်း သို့ ဝင်ပြီး ဒီ ရေစည် ဟာ ဒီလို အိပ်ပြီး ရေချိုးတယ် ဟု ပြောပြီး ရေစည် ထဲ မှာ ဝင်ပြီး အိပ် လေ၏ ။ မလှ၏ မျက်နှာ မှာ လည်း လွန်စွာ ကျက်သရေ ရှိသော အသွင် ပေါ်၍ နေလေ၏ ။ ကိုကွန်း ၏ စိတ် ၌ ပစ္စည်းဥစ္စာ ဂုဏ် အခြေအနေ ဆိုတာ လူ ကို ကျက်သရေ ရှိအောင် ဆောင် တတ်တာမျိုးပဲ ဟု တွေးလေ၏ ။ ကိုကွန်း ၏ စိတ် ၌ ဤမျှလောက် ဂုဏ်ကျက်သရေ ရှိအောင် ခမ်းနားသော အိမ် ပိုင်ရှင် မလှ သည် မိမိ နှင့် စုံမက်ပေသည် ။ မိမိ သည် လွန်စွာ ကံကောင်းသူ ဖြစ်၏ ။ မလှ သည် နာမည် နှင့် လိုက်အောင် လှသူ ဂုဏ်ကျက်သရေလည်း ရှိသူ ဖြစ်၏ ။ မလှ မှာ အသက် သုံးဆယ် အရွယ် မျှ ရှိသော်လည်း အသက် နှစ်ဆယ် ဟု စိတ် ထဲ ၌ မှတ်ထင် ရ၏ ။ အသက် လေးဆယ် အရွယ် ရှိသူ မိမိ မှာ ထိုမျှလောက် ကံကောင်းသူ မှာ ဟုတ်မှ ဟုတ်ပလား ဟု အောက်မေ့ လေ၏ ။ ထိုအတွင်း မလှ သည် လှပသော လက်ချောင်းကလေးများ နှင့် ဘုံပိုင် များ ကို လှည့် လိုက်ရာ ရေပန်း မှ ရေများ ကျ ၍ လာလေ၏ ။ ပျော့ပျောင်းသော ထဘီ မှာ လည်း ခါး ၊ တင် ၊ ပေါင် တို့ ၌ ကပ်ကာ ကျော့ရှင်းသော တင်ပါး အခွက် အချိုင့်အဖုအထစ်များ ကို ရုပ်လုံး ပေါ်အောင် ဖော်လေ၏ ။ မလှ သည် ဘုံပိုင် ကို ပြန်၍ ပိတ်လိုက်လေ၏ ။ ကိုကွန်း အိမ်ပေါ် က ဗီရိုပေါ် မှာ အထုပ် တစ်ခု ရှိတယ် သွား ယူလိုက်ပါ ဟု ခိုင်းလေ၏ ။ ကိုကွန်း သည် အိမ်ပေါ် သို့ လျင်မြန်စွာ ပြေး တက်၍ သွားလေရာ ခြေသုံးလှမ်း နှင့် ရောက်၍ သွားသည် ဟု ထင်မှတ် ရလေ၏ ။ ဗီရို ပေါ် က အထုပ် ကို ယူ၍ ဆင်း လာ ရာ၌လည်း လှေကား နှင့် ခြေ မထိ အောက်မေ့ ရလေ၏ ။ ၎င်း အထုပ် ကို လှပသော မလှ အနား၌ ချ၍ ထားလေ၏ ။ မလှ က အထုပ် ဖြေပြီး ကျွန်မ ဒါတွေ အယူ ခိုင်းသည့် အတွက် စိတ် ဆိုးသလား ဟု မေးလေ၏ ။ အထုပ် ကို ဖြေ လိုက်သောအခါ သစ်လွင်သော ကတ္တီပါလုံချည် ၊ ပိုးအင်္ကျီ ၊ ကတ္တီပါဖိနပ် စသည်များ ကို တွေ့ ရလေ၏ ။

“ ကိုကွန်း စိတ်မဆိုးပါဘူး ၊ ဒါတွေကို ဝတ် မှ မဝတ်ရသေးဘဲ ”

မလှ “ ဟုတ်တယ် မဝတ်ရသေးဘူး ၊ ဒီကနေ့ ပဲ တိုက် က ယူလာပါတယ် ။ ဘာလုပ်ဖို့လဲ သိရဲ့လား ”

ဟု မျက်လွှာ ကို ချကာ မေးလေ၏ ။ ဒီ အဝတ်တွေ ဟာ မင်္ဂလာဆောင် သတို့သမီး ဝတ် ဖို့ အဝတ်ပဲ ၊ အခု ကျွန်မ ဝတ် စမ်း ကြည့်မလို့ ။

ကိုကွန်း သည် ဘာကို ဆိုလိုသည် ဟု သိ သော်လည်း မမေးဝံ့အောင် ရှိ လေ၏ ။ မလှ သည် စိုသော အဝတ် ကို ချွတ်ကာ ထို အဝတ်များ ကို လဲ လေ၏ ။ ကိုကွန်း သည် ကား မျက်နှာ ကို လွှဲလျက် နေ လေ၏ ။ မလှ ဘက် သို့ မျက်နှာ ပြန်၍ လှည့် လိုက်သော အခါ မလှ မှာ ဝတ်ပြီးဆင်ပြီး ဖြစ်လေ၏ ။ ဝတ်ပြီးဆင်ပြီး သော အခါ အလွန် ချောမောလှပ သည် ကို တွေ့ရလေ၏ ။

ကိုကွန်း သွားရအောင် ဟု လက် ကို ဆန့်တန်း၍ ပေး လိုက်လေ၏ ။

ကိုကွန်း သည် လက် ကို ဆီး ၍ ဆုပ်ကိုင်လေ၏ ။ လက် ကို ကိုင် လိုက်သော အရှိန် သည် လျှပ်စစ်ကြိုး ကို ကိုင် မိသလို သွက်သွက်ခါ ၍ ကိုကွန်း ၏ လက် သို့ ကူးစက်လေ၏ ။ ကိုကွန်း သည် ပီတိသောမနဿ ဖြစ်လျက် မျက်လုံး ကို မှေး၍ နေလေ၏ ။ ထိုအခိုက် ပြင်းထန်စွာ မြေငလျင် လှုပ် သဖြင့် တိုက်ပြို ၍ ကျလေရာ ကိုကွန်း ထိုင်၍ နေသော နေရာ အထက် ရှိ သံချောင်းကြီး တပ် ၍ ထားသော ရက်မကြီး သည် ပြုတ် ကျ ပြီးလျှင် ဦးခေါင်း ကို ဖောက်ကာ ကိုကွန်း ရော အိပ်မက် ရော ချုပ်ငြိမ်း ကွယ်ပျောက် ရှာလေသတည်း ။

◾ပီမိုးနင်း
     ( ၁၉၃၉ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး မှ မျှဝေသည်

.

Wednesday, March 1, 2023

ဒီလို ဖြစ်ရမှာပေါ့


 

❝ ဒီလို ဖြစ်ရမှာပေါ့ ❞

မနုရီ တို့ အလယ်ထပ် ပြောင်းလာသည် မှာ ငါးရက် လောက် ပင် ကြာသေးသည် ။

အပေါ်ထပ် မှ ညိမ်းမောင် မှာ လှေကား အဆင်း အတက် တွင် မကြာခဏ ဆုံမိကြသည် ဖြစ်၍ မနုရီ ၏ နံမည်ကလေး မှ အပ အခြား ချောပုံ လှပုံ ကိုယ်လုံး ကိုယ်ပေါက် ကျနပုံ ကို အလွတ် ရနေပြီ ဖြစ်
၏ ။

ညိမ်းမောင် မှာ ဘီအေ အထက်တန်းကျောင်းသား တစ်ယောက် ဖြစ်၍ ရေနံချောင်း မှ လာရောက်ကာ ငယ် သူငယ်ချင်း စိန်ဦး ၏ အိမ်ခန်း တွင် လာရောက် နေထိုင်သူ ဖြစ်လေသည် ။

စိန်ဦး တို့ လင်မယား နှစ်ယောက် စလုံး မှာ ကလေး မရှိသူများ ဖြစ်သည့် အပြင် နှစ်ယောက်လုံး ရုံး အလုပ်သမားများ ဖြစ်ကြ၍ ယခု ကဲ့သို့ ကြာသပတေးနေ့ မျိုး တွင် ညိမ်းမောင် တစ်ယောက် တည်း အခန်း ထဲ တွင် ရှိနေသည် မှာ မဆန်းပေ ။

မနုရီ မက်ထရစ် ဖြေရန် အတွက် ပညာသင်ကျောင်း တစ် ကျောင်း ၌ နေသည် ကို လည်း ညိမ်းမောင် သိ၏ ။ ညနေ သုံးနာရီခန့် ကျောင်း ဆင်း၍ လေးနာရီ မထိုးမီ ဆယ့်ငါးမိနစ် ခန့် တွင် လှေကား ၌ တွေ့ဆုံနိုင်သည် ကို လည်း သိ၏ ။ ထို့ကြောင့်ပင် ညနေပိုင်း တက်စရာ ရှိသော ပါဠိ ကို ပင် မတက်တော့ဘဲ စာ တစ်စောင် ရေး ကာ မနုရီ ၏ အပြန် ကို စောင့်လျက် ရှိသည် ။

သူ့ အကြံ ကား တော်တော် ပိုင်သည် ဟု ဆိုရပေမည် ။ လမ်းမ ၌ စာ ပေးလျှင် လူများ မြင်ကြမည် ။ ကျောင်း ၌ စာ ပေးလျှင် ကျောင်းသား အဖော်များ မြင်ကြမည် ။ အိမ် ထဲ ၌ စာ ပေးလျှင် အိမ်သူ အိမ်သားတွေ သိ ကုန်မည် ။ ထို့ကြောင့် လမ်း မကျ အိမ် မကျ လှေကား အတက်အဆင်း ကား အနည်းငယ် လည်း မှောင်၏ ။ မနုရီ တို့ ၏ အခန်း သည် လည်းကောင်း ၊ မျက်နှာချင်းဆိုင် အခန်း သည် လည်းကောင်း ၊ အမြဲတမ်း တံခါးပိတ် ထားလေ့ ရှိကြလေသည် ။ သို့ဖြစ်၍ မှောင်ခို ရည်းစားစာ သည် အကျိုး ဖြစ်ထွန်းမည် ဟု သူ မျှော်လင့် ထား လေသည် ။

သုံးနာရီခွဲ သည်နှင့် တပြိုင်နက် ကြမ်းပိုး များ သော ကုလားထိုင် ကို ထိုင်မိသူ သကဲ့သို့ ဖင် တကြွကြွ ဖြစ် လာသည် ။ တံခါးပေါက် မှ လှေကား သို့ ချောင်းကြည့် ရသည် မှာ လည်း လိပ်ခေါင်း ကဲ့ သို့ ထွက်ချည် ဝင်ချည် ဖြစ် လှပြီ ။

မျှော်ရဖန် များ သဖြင့် မော သွားဟန် ဖြင့် ပြန် ထိုင် ပြန်ကာ တိုင်ကပ်နာရီ ကို မော့ ကြည့် နေပြန်သည် ။

ဤသို့ဖြင့် လေးနာရီ ထိုးရန် ဆယ့်နှစ်မိနစ် လောက် တွင် တဖန် ထ ချောင်း ပြန်ရာ လှေကား မှ တက် လာသော မနုရီ ကို တွေ့လိုက် ရသည် တွင် ကမန်းတတန်း တံခါးချပ် ကို ဆတ် ဆွဲ လိုက်ပြီး အပြင် ထွက် လိုက်ကာ လှေကားထစ် နှစ်ထစ် ဆင်းလိုက်ပြီး မှ စာ ကျန် ခဲ့သည် ကို သတိ ရကာ ကပျာကရာ ပင် ပြန် တက်ပြီး အခန်း ထဲ ကို ပြန်ဝင် လိုက်သည် တွင် သူ ထွက် စဉ်က ပြန် စေ့ထားမိသော တံခါးရွက် နှင့် နဖူးတို့ ပစ်ဆောင့် လိုက်ကြလေ၏ ။

နာသည် ကိုပင် အရေး မထားနိုင်တော့ ဘဲ တွန်းဝင် သွားကာ စားပွဲ ပေါ် မှ စာခေါက် ကို ယူပြီး ပြန် ထွက်မည် ပြု၏ ။

“ ဟ မနိပ်သေးဘူး ၊ အသားလွတ် ဖြစ်နေတယ် ”

ဟု ကြံ ပြန်ကာ စားပွဲ ပေါ် တွင် တွေ့ရာ သင်္ဂဇာဆရာတော်ဘုရား နိဿယ ပြန်သော ဓမ္မပဒ စာအုပ် ကြား ထဲ သို့ ညှပ် လိုက်ပြီး စာအုပ် ပါ ယူ၍ ဒရောသောပါး ပြေးဆင်း လာခဲ့လေ၏ ။

ထိုအချိန် တွင် မနုရီ မှာ သူ့ အခန်း ၌ ပိတ်ထားသော တံခါး ရှေ့ တွင် ရပ်နေပြီ ဖြစ်ရာ အနား ရောက် လာသော ညိမ်းမောင် မှာ နှလုံး ကလည်း တုန် ၊ မော ကလည်း မော နှင့် မျက်လုံး ပြူးလျက် ရှူးရှဲ ရှူးရှဲ နှင့် ဖြစ်နေရ ကား မနုရီ က ကြောက်ကြောက် နှင့် ကြည့်သည် ကိုညိမ်းမောင် သည် သူ့ အား မနုရီ ပြူးပြဲ ပြသည် အမှတ် နှင့် သာ၍ လန့် သွားကာ နှာခေါင်းကြီး များ ပင် ပွထ လာ မိလေ၏ ။

တဖန် မနုရီ မှာ ညိမ်းမောင် ၏ မျက်နှာထား ကြောင့် ရင်များ ဖို သွားပြန်ကာ ကဗျာကရာ တံခါး ထု ခေါက် လိုက်လေ၏ ။

“ ဒေါက် ဒေါက် ဒေါက် ”

တံခါး ခေါက်သံ ကြားမှ ညိမ်းမောင် မှာ သူ့ ကိစ္စ မပြီးမြောက်သေး သည် ကို ပြန်လည် သတိရ မိပြီး ကမန်းကတန်း ပင် -

“ ရော့ ရော့ ”

နှင့် ဓမ္မပဒစာအုပ်ကြီး ကို မနုရီ အား ထိုးပေး နေလေသည် ။

ဤတွင်မှ မနုရီ မှာ ညိမ်းမောင် အကြံ ကို ရိပ်မိ လာလေသည် ။ မနုရီ မှာ လည်း ညိမ်းမောင် ကို ဂရုထားသည် ဖြစ်ရကား ညိမ်းမောင် အား မျက်စိစပါးမွှေး စူး မထား စေကာမူ ဤသို့ စာ ပေးကြောင်း သိရသော အခါ အကြောက် တစ်မျိုး ဖြစ်ပေါ်လာ ပြန်လေ၏ ။

မနုရီ တွေဝေ နေစဉ် “ ဂျောက် ” ခနဲ တံခါး ဖွင့်သံ ထွက်ပေါ် လာ ရာ မနုရီ မှာ ဘာမျှ မစဉ်းစားနိုင်တော့ဘဲ ညိမ်းမောင် အား သနား သလိုလို စိတ်ရင်းခံကြောင့် စာအုပ် ဆွဲယူ လိုက်ကာ လက်ထဲ တွင် ပိုက် ထားသော ကျောင်းစာအုပ်များ နှင့် ထပ် ကိုင် လိုက်ပြီးသည် နှင့် တပြိုက်နက် တံခါးချပ်လ ည်း ပွင့်လာပြီ ဖြစ်သဖြင့် အထဲ ဝင် သွား လေ၏ ။

တံခါး ဖွင့် ပေးသော မနုရီ ၏ မိခင်မှာ မနုရီ ဝင်လာပြီး ဖြစ်သော် လည်း တံခါး ကို ပြန် မပိတ်သေးဘဲ ညိမ်းမောင် ကို မနုရီ ၏ ဧည့်သည် ကျောင်းသား တစ်ယောက် မှတ် ၍ -

“ လာလေ ... မောင်ရင် ၊ ဘယ့်နှယ် ပြန်ဆင်းသွားမလို့လဲ ”

ဟု မေးလိုက်ရာ လစ်တော့မည် ပြုနေသော် ညိမ်းမောင် မှာ လန့်ဖျပ်သွားပြီး

“ တခြား ဘယ်နှယ့်မှ တော့ မလုပ်ရသေးပါဘူးခင်ဗျာ ”

ဟု ဖြေလိုက်လေ၏ ။

ဤသို့သော ဖြေသံ ကို အပေါက်နား ရှိ ကုလားထိုင် တွင် စာ ထိုင် ဖတ်နေသော မနုရီ ၏ ဖခင် ဦးလှမောင် ကြားမိသည် တွင် ခေါင်းပြောင်ကလေး ကို ထောင်ထ လိုက်ငေးရင်း

“ ဘယ့်နှယ့် အဖြေလဲ ဟေ့ ”

ဟု မေးလိုက်၏ ။

ညိမ်းမောင် မှာ မိမိ အဖြေ မှားသွားပြီ မှန်း သိသော်လည်း အဒေါ်ကြီး နား ထဲ တွင် ဗလုံးဗထွေးကြီး ဝင် သွားမှန်း ကို အကဲခတ် မိ သဖြင့် ဟန်မပျက် ဝင်လာပြီး ဦးလှမောင် အနား ၌ ဝင် ထိုင်လိုက်၏ ။

ဦးလှမောင် မှာ သူ့ အမေး ကို ဖြေမည်လား ဟု ညိမ်းမောင် ကို လိုက် ကြည့်နေရာ သူ့ အနားတွင် ဝင် ထိုင်ပြီး အေးအေးဆေးဆေး ပင် နောက်မှီ နေသော ညိမ်းမောင် ကို တွေ့ ရသော အခါ မအောင့်နိုင်တော့ ဘဲ ...

“ ဟင် ”

ဟု ထပ် မေးလိုက်ရာ စောစောက မေးခွန်းကို မကြားလိုက်သော ညိမ်းမောင်မှာ မျက်လုံး ပြူး သွားပြီး -

“ အီ ”

ဟု မေးခွန်း အဆန်း ဖြင့် ပြန် မေးလိုက်မိလေတော့သည် ။ ဦးလှမောင် မှာ ဘယ်လို သတ္တဝါ ပါလိမ့် ဟူသော အတွေး ဖြင့် ကြည့် ရင်း -

“ မင်း အခုန အပေါက်ဝ မှာ ဖြေတဲ့ အဖြေ ဟာ မေးခွန်း နဲ့ မဆိုင်ပါလားကွ ”

ဟု ခပ်ဆတ်ဆတ် ပြောလိုက်ရာ ညိမ်းမောင် မှာ သူ ၏ လွတ် သွားသော အဖြေ ကို အဘိုးကြီး ရိပ်မိသွားပြီ ဟု သိကာ တိတ်သွား ပြန်၏ ။

“ ခင်ဗျာ ”

ဟု ပြန် မေးလိုက်မိ ပြန်လေ၏ ။

အဘိုးကြီး မှာ မျက်လုံးကျယ်ကြီး ဖြင့် ကြည့် လိုက်ရင်း -

“ မင်း အခုန က အပေါက်ဝ မှာ ဖြေ တဲ့ အဖြေဟာ မေးခွန်း နဲ့ မဆိုင်ပါလား ”

ဟု ခပ်ငေါက်ငေါက် မေးလိုက်မှ ညိမ်းမောင် မှာ အကြံ ရ လာပြီ ဖြစ်သဖြင့် ...

“ ကျွန်တော် နားလေးနေတယ် ခင်ဗျ ”

ဟု ပြော လိုက်မှ အဘိုးကြီး မှာ ကျေနပ်သွားဟန် နှင့် ...

“ ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ပြောလိုက်ပြီး ရွှေမျက်မှန်ကလေး နှင့် ညိမ်းမောင် ကို ကြည့် လိုက်မိပြန် ကာ -

“ အင်း မျက်စိ ကလည်း မကောင်း ၊ နား ကလည်း ပျက် ဆိုတော့ တော်တော် ဝဋ်ကြီးတဲ့ ကောင်လေး ပဲ ”

ဟု တိုးတိုးကလေး ညည်းလိုက်ရာ ညိမ်းမောင် မှာ အဘိုးကြီး သနား အောင်  မျက်နှာငယ်ကလေး နှင့် “ ဟုတ်ကဲ့ ” ဟု ဖြေ လိုက် မှ အဘိုးကြီး မျက်လုံး ပြူးသွားလေ၏ ။

“ ဟင် မင်း တိုးတိုး ပြောတာ ကြားတယ်လား ”

ဤတွင်မှ ညိမ်းမောင် မှာ သူ ဒုတိယမ္ပိ လွတ်သွား ပြန်ပြီ ဟု ရိပ်မိတော့၏ ။ သို့သော် ဟန်မပျက် ပင် -

“ ဟုတ်ကဲ့ တခါတခါတော့ ကြားပါတယ် ၊ အခုဟာ ကျွန်တော် ကျောင်းသားလား လို့ မေးတာ မဟုတ်လား ”

ဟု အဘိုးကြီး ကို ပြန် မေး မှ အဘိုးကြီး သည် သင်္ကာ ကင်းသွား ကာ စကား နည်းစေရန် ခေါင်းညိတ် လိုက်ပြီး “ ဒီလို ဖြစ်ရမှာပေါ့ ” ဟု သူ အနှစ်သက်ဆုံး ဝါကျကလေး ကို ညည်း လိုက် လေသည် ။

ဤ အချိန် တွင် မနုရီ သည် သူ့ အမေ နှင့် အိမ်နောက်ဖေး လိုက် သွားပြီ ဖြစ်၏ ။ ကျောင်းစာအုပ်များ ကို မူ အိန္ဒြေ မပျက်စေရန် နောက် ဖေး မယူသွားဘဲ အနီး မှ စားပွဲ ပေါ် တွင် ပင် တင်ထားခဲ့ ရာ ညိမ်းမောင် မှာ တထိတ်ထိတ် နှင့် ဓမ္မပဒ စာအုပ် ကို ပင် မျက်ခြေ မပျက် ကြည့်နေမိတော့သည် ။

မနုရီ ၏ မိခင် မှာ မနုရီ အား သူ သိလိုသမျှ ကို မေးမြန်း နေလေ ရာ မနုရီ လည်း ညိမ်းမောင် အကြောင်း ကို ရေရေလယ်လယ် သိသည် မဟုတ်ရကား ရမ်းဝါး နေ လေ၏ ။

“ သူ က ကျောင်းသား ပဲ လား ”

“ ဟုတ်တယ်လေ မနုရီ ရဲ့ သူငယ်ချင်း ပေါ့ ”

“ လူ နံမည်က ဘာတဲ့တုန်း ”

“ ရစ်ချာ့ဒ် - တဲ့ ”

မနုရီ မှာ အဘွားကြီး မှတ်ရ ခက်အောင် အင်္ဂလိပ်နာမည်ကြီး ပြောလိုက်ခြင်း ဖြစ်လေသည် ။

မကြာမီပင် မနုရီ အဘွားကြီး နှင့် လက်ဖက်ရည်ပန်းကန်များ ပါ ဧည့်ခန်း သို့ ရောက်လာကြလေ၏ ။

ညိမ်းမောင် နှင့် ဦးလှမောင် တို့ ၏ အကြားရှိ စားပွဲကလေး ပေါ် တွင် လက်ဖက်ရည် အငွေ့တထောင်းထောင်း နှင့် ပန်းကန် နှစ်ခု လည်း ရောက်ရှိ နေလေ၏ ။

ဦးလှမောင် မှာ လောကဝတ် ကျေပြွန်စွာ နှင့် –

“ ကဲ သောက်လိုက်အုန်း ၊ ဒါထက် မောင်ရင် ဘယ်မှာနေလဲ ”

“ အပေါ်ထပ် ”

ညိမ်းမောင် က အဖြေ မဆုံးမီ အဘွားကြီး က -

“ ဟင် ကျောင်းသား ဆို ”

ဟု မေးလိုက်ရာ ဦးလှမောင် က အဘွားကြီး အား မတိုးမကျယ် ဖြင့် “ သူ နားလေး နေတယ် ”ဟု ပြော လိုက်ပြီး ညိမ်းမောင် အား ခပ်ကျယ်ကျယ် မေးပြန်၏ ။

“ ဘယ်မှာ နေလဲ ”

“ အော် စောစောက မေးတာလား ၊ ကျွန်တော်က ပညာ ဘယ်မှာ သင်လဲ မေးတယ် မှတ်လို့ ၊ ကျွန်တော် ပညာသင်တဲ့ နေရာ မှာ ကျောင်း အပေါ် ထပ် မို့ပါ ၊ ကျွန်တော် နေတော့ ဟို ဟို ငါးဆယ့် နှစ်လမ်း မှာ ပါ ”

အဘိုးကြီး နှင့် အဘွားကြီး ကား အိမ်ပြင် ထွက်ကြသူများ မဟုတ် ၍ ဖြီး သမျှ ယုံနေကြလေသည် ။ ညိမ်းမောင် မှာ လည်း စောစောက ဆင်း သွားတော့ ဟန်မျိုး ဖြစ်ခဲ့သည် မှ အစ မနုရီ နှင့် တစ်ခါတလေ မှ တွေ့ရသော သူငယ်ချင်း ဟန်မျိုး ကို ဆောင်လို၍ ဤသို့ ဖြေလိုက် ရခြင်း ဖြစ်လေသည် ။

အဘိုးကြီး ကား ဤမျှ မရပ်သေးဘဲ ...

“ နံမယ်ကကောကွ ”

“ ညိမ်းမောင် ပါ ခင်ဗျာ ”

ဤနေရာ တွင် လည်း အဘွားကြီး က ဝင်၍ ...

“ ဟ မနုရီ ပြောတော့ ဘာတဲ့ လချက် - ဆို ”

“ အို ရစ်ချာ့ဒ် ပါ မေမေ ရဲ့ ”

ဤသို့ မနုရီ က ဝင်ထောက်ပေး သလိုလို နှင့် လမ်းခင်း ပေးလိုက် မှ ညိမ်းမောင် မှာ အကြံ ရ လာကာ -

“ ဟုတ်ကဲ့ အင်္ဂလိပ်ကျောင်း မှာ ငယ်ငယ်က နေခဲ့ရတော့ ငယ်နံမည် က ရစ်ချာ့ လေ ”

ဟုဆက် ဖြီး လိုက်လေ၏ ။

“ အဲ .. ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ပြောပြီး ဦးလှမောင် မှာ စကားစ ပြတ်သွားရကား စားပွဲ ပေါ်ရှိ မနုရီ ၏ စာအုပ် ကို မြင်လိုက်သည် တွင် ...

“ အော် စောစောက သမီး ပိုက်လာတဲ့ အထဲ မှာ ဓမ္မပဒ မြင်လိုက်ပါတယ် ”

ဟု ပြောလိုက်ရာ မနုရီ မှာ မနေသာတော့ဘဲ ပြန် ဖြေရ လေ၏ ။

“ ဟုတ်ကဲ့ ဖတ်ကြည့်မလို့ ၊ သူငယ်ချင်း တစ်ယောက် ဆီ က ငှားခဲ့တယ်လေ ”

“ ပေးစမ်းကွယ် ၊ ဖေဖေ ဖတ်ကြည့်စမ်းမယ် ”

အဖိုးကြီး ၏ စကား အဆုံး တွင် မနုရီ ရော ညိမ်းမောင် ပါ မျက်လုံး ပြူး သွားကြလေ၏ ။

မနုရီ မှာ ညိမ်းမောင် အား မျက်လုံး ဖြင့် အကူအညီ တောင်းလိုက် ရာ ညိမ်းမောင် မှာ အဖိုးကြီး အာရုံ ပြောင်း သွားစေရန် စကားစ ရှာ၍ မရသဖြင့် ကြံမိကြံရာ သူ့ ဖို့ ထားသော လက်ဖက်ရည်ခွက် ကို မတော်တဆ လိုလို ဖြင့် တမင် တိုက်ချလိုက်လေ၏ ။

ပန်းကန်ကွဲသံ ကြားလျှင် အဖိုးကြီး အာရုံ ပြောင်းသွားရမည် ဟု ကြံ ကာ လုပ်လိုက်လေရာ ပန်းကန် မှာ အဖိုးကြီး ၏ ခြေထောက် ပေါ် စွတ်စွတ်ရွတ်ရွတ် ကျ သွားလေသည် ။

အဘိုးကြီး မှာ သူ့ လက်ဖက်ရည် ပူပူဒဏ် ကြောင့် -

“ အား ဖူး ဖူး ”

ဟု ပါးစပ် ထဲ မှ လက်ဖက်ရည်များ ကို စွတ် မှုတ်ထုတ် လိုက် ရာ လက်ဖက်ရည် နှင့် တံထွေးများ မှာ ညိမ်းမောင် မျက်ခွက် ပေါ် သို့ ဒါရိုက်ဟစ် ကျရောက်ကုန် သဖြင့် ညိမ်းမောင် မှာ ယောင်ပြီး လက်ဖက်ရည်စက်များ ကို လက်ဖြင့် ပုတ်ချ မိလေ၏ ။ ဤသို့ ပုတ် ချ လိုက်ရာ တွင် သူ့ မျက်မှန် သူ ပုတ်ချလိုက် မိ သဖြင့် မျက်မှန်ကလေး မှာ လွင့်စင် ပြီး အဘွားကြီး ၏ မျက်ခွက် ကို မှန်ပြန် လေ၏ ။ ဤသို့သော လျင်မြန်လှသည့် ဗရုတ်ဗရက် အဆုံးတွင် ညိမ်းမောင် မှာ အဘိုးကြီး အဘွားကြီး တို့ ၏ မျက်နှာ ကို မကြည့်ရဲတော့ ဘဲ ကဗျာကရာ ထ၍ လစ်ထွက်လာခဲ့လေ၏ ။

အပေါ်ထပ် တက် သွားလျှင် နောက် က လိုက်လာ က ပြေး ပေါက်ရှိမည် မဟုတ်သဖြင့် လှေကား မှ ဆင်းပြေး ခဲ့ ရလေ၏ ။ သို့ရာတွင် မျက်မှန် မပါတော့သည် ဖြစ်ရကား နှစ်ထစ်မျှ ဆင်းပြီး နောက် တစ်ထစ် ကို ကျော်ဆင်း မိ သဖြင့် ဖင်ထိုင်ရက်ကြီး ဒုန်း ဒုန်း ဒုန်း ဒုန်း နှင့် စက်အမြှောက် ပစ် သွားလေတော့သည် ။
ဤအချိန် တွင် မနုရီ ၏ ကြီးတော် ရသေ့မကြီး မှာ မနုရီ တို့ ဆီ လာ လည်ရန် တက်လာ သဖြင့် ညိမ်းမောင် ၏ တစ်တီတူးငှက် ကဲ့သို့ မိုးမျှော် နေသော ခြေထောက် အစုံ မှာ ရသေ့မကြီး ၏ ရင်ဘတ် ကို ပြေးဆောင့် လိုက် မိ ပြီး နှစ်ယောက် စလုံး ဗလုံးဗထွေး နှင့် ပလက်ဖောင်း ပေါ် သို့ ကျလာကြလေ၏ ။

ညိမ်းမောင် မှာ အခွင့် သာလျှင် သာခြင်း မတ်တပ် ရပ်လိုက်ရာ ဘေး က ကုလားဆိုင် တစ်ဆိုင် ရှေ့တွင် ရပ်မိလျက် ဖြစ်နေလေ၏ ။ စောစောက ဗလုံး ဗထွေး ဖြစ်စဉ် ရသေ့မကြီး ၏ တစ်ဘက်မှာ သူ့ လည်ပင်း တွင် ပတ်လျက် ရှိသဖြင့် ဆိုင်ရှင်ကု,လား မှာ ဘုရား တည် ကျောင်း ဆောက်ရန် လာသော အလှူခံ မှတ်၍ “ ဂျောင်း
ဂျောင်း ” နှင့် စွတ် မောင်းထုတ် နေလေတော့သည် ။

ကု,လား၏ “ ဂျောင်း ” သံ ကြားတော့ မှ ညိမ်းမောင် လည်း “ ဂျောင်း ” ရန် ဟန်ပြင်လိုက်သည် နှင့် တပြိုင်နက် ရသေ့မကြီး သည် သူ့ တဘက် ပါ သွား သဖြင့်

“ ပါသွားပြီ ပါသွားပြီတော့ ”

ဟု အော်လိုက် သဖြင့် ပတ်ဝန်းကျင် မှ လူများ မှာ လုယက်မှု ဟု အထင် ရောက်သွားကြ ကာ ဝိုင်းလာလေ၏ ။ လူတွေ ဝိုင်းလာသည် နှင့်တစ်ပြိုက်နက် ပင် ငြိမ်းမောင် မှာ တစ်လှမ်း နှစ်လှမ်း  ပြေးလိုက်ရာတွင် လူအုပ် ထဲ မှ ခပ်ဖျတ်ဖျတ် လတ်လတ် လူ တစ်ယောက် က လေလွင့် နေသော တဘက်စ ကို ဖမ်းဆွဲ လိုက်လေရာ ငြိမ်းမောင် မှာ ကော့လန်လန်ကြီး ဖြစ်သွားပြီး “ အစ် အစ် အစ် ” နှင့် မျက်လုံးပြူး လျှာထွက် လာ လေ၏ ။

ဦးလှမောင် တို့ လည်း ဆင်း လိုက်လာကာ ရသေ့မကြီး အား အကျိုးအကြောင်း မေးကြလေ၏ ။

“ ဘာ ပါသွားတာလဲ ”

“ တဘက် တဘက် ”

ရသေ့မကြီး ၏ အဖြေကို ကြားရသော အခါ ဖမ်းထားသူ လည်း ညိမ်းမောင် ကို သေသေချာချာ ကြည့်ကာ ..

“ ဘာ သဘက် လဲ ၊ ဒီ လူ့ ကို သဘက် ပူး တာ လား ”

ဟုမေးကာ အူကြောင်ကြောင် ဖြစ်နေလေ၏ ။

ဤကဲ့သို့ အကုန်လုံး ရှုပ်ထွေးစဉ် မနုရီ သည် သူ နိုင်သည့် ဇာတ်ကွက် ကို ဝင်ရောက် ကပြလေတော့သည် ။

“ ဒီလိုပါ ... ဒီ ကိုညိမ်းမောင် က အရီ နဲ့ ခင် လို့ အရီ က သူ့ အကြောင်း ကောင်းကောင်း သိပါတယ် ၊ သူ စာ သိပ် ကြိုးစားတာမို့ ဦးနှောက် ပျက်ပြီး ဒီလိုပဲ တစ်ခါတစ်ခါ အရူး ထ တတ်တယ်လေ ”

မနုရီ စကား အဆုံးတွင် ညိမ်းမောင် ရှုံ့မဲ့မဲ့ကြီး ဖြစ်သွားသော် လည်း ဦးလှမောင် မှာ ကျေနပ် သွားသလို မျက်ခုံး နှစ်ဖက်ကို ပင့် လိုက် ၍ -

“ အေး ... ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ပြောလိုက်လေသည် ။

ရသေ့မကြီး လည်း သူ့ တဘက် ပြန်ရ၍ ယူငင်ကာ အပေါ်ထပ် သို့ တက်သွားသည် တွင် မနုရီ ၏ မိခင် လည်း ညိမ်းမောင် ဘက် သို့ လှည့် ၍ -

“ မောင်ရင် မျက်မှန် လာ ယူဦးလေ ၊ မကွဲဘူး ကွဲ့ ၊ အဒေါ့် ပေါင် ပေါ် ကျ လို့ ”

ဟု ပြောလိုက်ရာ ညိမ်းမောင် လည်း လိုက် တက်ခဲ့ရပေတော့သည် ။

အပေါ်ထပ် သို့ ရောက်သောအ ခါ အားလုံးကြေကြေအေးအေး ဖြစ်သွားသော်လည်း ရသေ့မကြီး မှာ ညိမ်းမောင် နှင့် မနုရီ တို့ ဆက်ဆံပုံ ကို သဘောမကျ သလို  မှုန်ကုတ်ကုတ် ရှုသိုးသိုးကြီး လုပ် နေရာ ညိမ်းမောင် မှာ ရသေ့မကြီး ကို သူ့ ဘက် ပါ ရန် အကြံ ထုတ်ရ ပြန်လေ၏ ။

“ အော် ... မိုးညှင်းဆရာတော်ကြီး ရဲ့ တရား ဟော တယ်ပြီး နားထောင် ကောင်းတယ်နော် ”

“ မိုးညှင်းဆရာတော် လည်း ကောင်းတာပဲ ၊ မင်းကွန်းဇေတဝန် ဆရာတော် လည်း ကောင်းတာပဲ ”

ညိမ်းမောင် အစ်အောက် ထုတ်လိုက်ရာ တွင် ရသေ့မကြီး ၏ စကား ထွက်လာရတော့၏ ။ ညိမ်းမောင် လည်း ရသေ့မကြီး ၏ စကား စ ကို ရသည်နှင့် တစ်ပြိုက်နက် -

“ ဟာ ကောင်းပါပြီလား ၊ ဒီ ဆရာတော်ကြီး ဟာ ကျွန်တော့် ဘကြီး တော်တယ်လေ ၊ အင်မတန် သိက္ခာသမာဓိ နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီး ပေါ့ ၊ တရား ဟောလိုက်ရင်လည်း ရှင်း သွားတာပဲ ”

ဟု လှိမ့် လိုက်လေရာ ရသေ့မကြီး မျက်နှာ မှာ ကြည်လင်သွားကာ -

“ ဟင် .. မင်း က ဆရာတော်ကြီး တူလား ကွဲ့ ”

“ ဟုတ်တာပေါ့ ခင်ဗျား ၊ တလောက မြေ လှူတုန်း ကတောင် ကျွန်တော် နေမကောင်းလို့ မလာဖြစ်တာပေါ့ ”

ညိမ်းမောင်၏ အဖြီးအလှိမ့် ရေယဉ်ကြောဝယ် မျောသွား ပြီး ဖြစ်ရကား ရသေ့မကြီး လည်း မနုရီ ၏ မိခင် ကို မျက်စ ပစ်၍ အိမ်ရှေ့ဘက် သို့ ထွက်သွား လေ၏ ။

မိန်းမသား နှစ်ယောက် သည် လူငယ်ချင်း လွတ်လပ်စွာ စကား ပြောနိုင်ဖို့ ရှောင်ပေးကြသည် ဟု သိရှိသော်လည်း ဦးလှမောင် မှာ အိန္ဒြေ မပျက် ရှောင်ပေးနိုင်ရန် ခွင့်တောင်း မရသဖြင့် အူကြောင် ကြောင် ဖြစ် နေစဉ် အလိုက် သိသော မနုရီ က -

“ ရော့ ဖေဖေ ၊ ဓမ္မပဒ ဖတ်မယ် ဆို ”

ဟု မေးလိုက်ရာ အဘိုးကြီး မှာ ကျေနပ်သွားကာ “ အေး ဒီလို ဖြစ်ရမှာပေါ့ ” ဟု ဆို၍ စာအုပ် ယူပြီး ထွက်သွား လေသည် ။

အဘိုးကြီး မရှိ မှ ငြိမ်းမောင် က -

“ အထဲ က စာ ရော ”

“ ဘာ စာလဲ ”

ညိမ်းမောင် မှာ ဒိတ်ခနဲ ဖြစ်သွားကာ မနုရီ ၏ မျက်နှာ ကို မကြည့်ဘဲ ငုံ့လိုက် ရာ မှ မနုရီ ၏ နိုင်လွန်ပိုးအင်္ကျီ အိတ် ထဲ တွင် စာခေါက်ကလေး ကို တစ်ရိပ်ရိပ် မြင်ပြီး မှ -

“ အင်း ဒီလို ဖြစ်ရမှာပေါ့ ”

ဟု ဦးလှမောင် ဂိုက် ဖမ်း လိုက်လေ၏ ။

“ ဘာ ဒီလို ဖြစ်ရမှာလဲ လူကြီးတွေ မရှိတော့ဘူး ”

“ မရှိတော့ဘူး ဘာဖြစ်လဲ ”

“ မရှိတော့ မိကောင်းဖခင် သားသမီးပီပီ ပြန်ရင် ကောင်းလိမ့်မယ် ထင်တယ် ”

“ အင်း ဒီလို ဖြစ်ရမှာပေါ့ ၊ ဒါထက် အကြောင်းလေးတွေ ရော မသိရဘူးလား ”

“ ပြန်ပါ ”

“ မသိရရင် မပြန်ဘူး ”

မနုရီ မှာ စိတ်ညစ် သလို ခေါင်းကုတ်ရင်း က -

“ မနက်ဖြန် ညနေ စောင့်နေ ”

“ စာ ပြန်မှာလား ”

မနုရီ မှာ နှုတ် က မပြောဘဲ ခေါင်းငြိမ့် လိုက်လေသည် ။

“ စာ က ဘယ်လို ပြန်မှာလဲ ”

ညိမ်းမောင် မှာ ထပ် ကဲနေ ပြန်ရာ မနုရီ သည် မျက်စောင်းကလေး တစ်ချက် ထိုးရင်း -

“ မှတ်ထား ၊ မိန်းကလေး မှန်ရင် မုန်းလို့ တော့ စာ မပြန် ထဲ က ချည်း ရှင့် ”

“ အဲဒီလို ဖြစ်ရမှာပေါ့ ”

ပြောပြောဆိုဆို ငြိမ်းမောင် မှာ မိကောင်းဖခင် သားသမီး ပီပီ ထွက်လာခဲ့ရာ တွင် သူ့ နောက် မှ တံခါး ချောက်ခနဲ ပိတ်သံ နှင့် မရှေးမနှောင်း ဓမ္မပဒ ကို ကိုင် ၍ ရသေ့မကြီး နှင့် တရား ဆွေးနွေး နေသော ဦးလှမောင် ထံ မှ စကားသံ ကျယ်လောင်စွာ ထွက်ပေါ် လာ လေ၏ ။

“ ဒီလို ဖြစ်ရမှာပေါ့ ”

◾ကြပ်ကလေး

📖 ကလောင်စုံ မဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၁၉၅ဝ ခု

#ကိုအောင်နိုင်ဦး

.