Saturday, April 30, 2022

မွှေးတည့်လေ


 

❝  မွှေးတည့်လေ  ❞

ဝတ္ထု တစ်ပုဒ် အား ရုပ်ရှင် ရိုက်ရန် ရောင်းချမည် ကြံတိုင်း ကျွန်မ စိတ် ထဲတွင် သမီး မိန်းကလေး အား အိမ်ထောင် ချ ရမည့် အချိန်တွင် ဖြစ်လာသော ပူပန်သောက မျိုး ရောက်ခဲ့ရသည် ။

ဝတ္ထု ရေးပြီး ထွက်လာချိန် တွင် သမီး ကို မွေးဖွားပြီး အရွယ် ရောက် လာသလိုပင် တိုင်းပြည် က ကြိုက်သည် ဆိုသောအခါ ဝမ်းမြောက်၏ ၊ ရွှင်လန်း၏ ၊ ရင်အေး၏ ။

ကိုယ့် သမီး ကတော့ ချောပြီး လှပြီး လူကြိုက်များပြီး ဖြစ်လေသည် ။

ထို သမီး ကို လက်ထပ် ထိမ်းမြားရန် အတွက် လာရောက် တောင်းဆိုသော အချိန်တွင် မူ ရင်ထဲ မှာ အမျိုးမျိုးတွေး ရပြန်တော့သည် ။ “ လာရောက်တောင်းခံသော သတို့သား သည် သမီးအပေါ် မှာ မှ သစ္စာ ရှိပါမည်လော ။ သမီး ကို ထိုက်သင့်သော အခြေအနေ မှာ ထား နိုင်ပါမည်လော ၊ သူ့ လက်ထဲရောက် ပါမှ သမီးလေး ကို ထင်သလို ချယ်လှယ်လိုက်မှ ဖြင့် ” စသော အတွေးများ မှာ မိခင် တစ်ယောက် နှလုံးသား ကို အထူးပင် ယောက်ယက်ခတ် ပူပန်စေပေသည် ။

ထိုကဲ့သို့ပင် ဝတ္ထု ကို ရုပ်ရှင် ရိုက်ရန် ရောင်းမည် ကြံတိုင်း      

“ ငါ့ ဝတ္ထု ကို အောင်မြင် အောင် ကြိုးစားပြီး ရိုက်မည့်သူတွေ မှ ဟုတ်ပါမည်လား ။ ဝတ္ထု နှင့် လျော်ညီစွာ ခမ်းနားမှု ၊ သေသပ် သပ်ရပ်မှု ၊ လိုအပ်သော သဘာဝတ္ထ ကျမှု တို့၌ ပြည့်စုံအောင် ငွေကုန်ကြေးကျ ခံ၍ ရိုက်နိုင်သော ကုမ္ပဏီ မှ ဖြစ်ပါမည်လော ၊ ဝတ္ထု ကို ဝယ်ပြီးကာမှ ထင်သလို ရိုက်ထုတ်လိုက်ပါလျှင်  ” အစ ရှိသော အတွေးများ သည် ကျွန်မ ရင်ထဲ တွင် လှိုင်းကြွသလို ပြည့်သိပ်၍ လာ တတ်၏ ။

တချို့ ကမူ “ ကိုယ့်ဝတ္ထု ကို ဘယ်လိုမှ ထိခိုက်သည် မဟုတ် ၊ ရုပ်ရှင် မစွံလျှင် ကုမ္ပဏီ ပိုင်ရှင် သာ ထိခိုက်သည် ဖြစ်၍ ပူစရာ မလို ” ဟု ဆို၏ ။ ကျွန်မ သဘောတွင် မူ ထိုသို့ မယူဆပါပေ ။ ကိုယ့် ဝတ္ထု နှင့် ပတ်သက်သမျှ စာပေထုတ်ဝေသူရော ၊ ရုပ်ရှင်ရိုက်ကူးသူ ပိုင်ရှင်ရော အောင်မြင် စေလိုပေ သည် ။

“ မွှေး ” ဝတ္ထု ကို ရုပ်ရှင် ရိုက်ရန် ရောင်းချ မည် ကြံစဉ်က ခဲ မှန်ဖူးသော သူငယ် လို ကြောက် နေသည် ။ ကျွန်မ ၏ ပထမဆုံး ဝတ္ထု “ နဂါးငွေ့ တန်း ” ကို ဒါရိုက်တာ စိန်လှအောင် က လာ ဝယ်၏ ။ ကျွန်မ သည် စိန်လှအောင် အပေါ် ယုံကြည်ချက် နှင့် ရောင်း ချလိုက်၏ ။ စာချုပ် တွင် စိန်လှအောင် သည် ကျွန်မ အား အခွင့်အရေး အတော်များများ ပေး၏ ။ “ ရိုက်နေစဉ် သော် လည်းကောင်း ၊ ရုံတင်စဉ် သော် လည်းကောင်း ၊ တစ်စုံတစ်ရာ ကျွန်မ မကြိုက်နှစ်သက်ပါ က တားမြစ် ပိတ်ပင်နိုင်ရုံမက တရားဥပဒေ အရပါ အရေးယူပါရန် ” ခွင့်ပေးထားလေသည် ။

သို့သော် “ နဂါးငွေ့ တန်း ” ကို “ ညပန်းချီ ” ဟူသော အမည် သို့ ပြောင်း၍ ရိုက် ကတည်းက ကျွန်မ ဝတ္ထု သည် ရေတိမ် နစ်မည် ကို ကျွန်မ သတိ ပြုမိ၏ ။

စိန်လှအောင် က ဝတ္ထု ကို ရုပ်ရှင် ရိုက်ပြီးလျှင် ကျွန်မ ထင်သလို ဝေဖန်ပါရန် ပြောသည် ။ ကျွန်မ သည် ဝေဖန်လိုစိတ်လည်း မရှိတော့ ။ တရားဥပဒေတွေ ဘာတွေ နှင့်လည်း စကား မဆိုချင်ပေ ။ အဘယ်ကြောင့် ဆိုသော် မြန်မာရုပ်ရှင် ကုမ္ပဏီတို့ ၏ လူ မကျွမ်းကျင်မှု ၊ စက်ပစ္စည်း မလုံလောက်မှု ၊ ငွေအင်အား မတောင့်တင်းမှု တို့ ကို ကျွန်မ သိရှိပြီးဖြစ်သောကြောင့်တည်း ။

အကယ်၍ သာ “ နဂါးငွေ့ တန်း ” ကို ရိုက် သူ သည် ဟောလိဝုဒ် မှ ကုမ္ပဏီ တစ်ခုခု သာ ဖြစ်ခဲ့ပါမူ ကျွန်မ ဝတ္ထုဇာတ်လမ်း အား ဖျက်ဆီးသူများ အနေနှင့် ကျွန်မ တရား စွဲမည် ဖြစ်၏ ။ ယခုတော့ ကျွန်မ ဝတ္ထု ကို ပင် ခိုး မချဘဲ တခမ်းတနား သိက္ခာရှိရှိ ဝယ်ယူရိုက်ကူးသည် ကို ပင် ကျွန်မ က ဒါရိုက်တာ စိန်လှအောင် နှင့် ဒါရိုက်တာ ချစ်မောင် တို့ ကို ကျေးဇူး တင်ရပေသေးသည် ။

“ မွှေး ” သည် ရုပ်ရှင် အဖြစ် ရောက် ရခြင်းမှာ မထင်ဘဲ နှင့် ဖြစ်ရခြင်းဖြစ်၏ ။

စုံထောက်မဂ္ဂဇင်း မှ ကိုစောလင်း နှင့် ဆက်သွယ်၍ ဒါရိုက်တာ ဦးချစ်ခင် က “ သရဖူ ” ဝတ္ထု ကို ရုပ်ရှင် ရိုက်ရန် လာ ဝယ်သည် ။ ဦးချစ်ခင် အပေါ် တွင် “ ဖြေလျော့ခွေ ” ဝတ္ထု ရိုက်စဉ်ကတည်း က ကျွန်မ ခင်ပွန်းသည် သည် လေးစားပြီး ဖြစ်သည် ။ ကျွန်မ စိတ် ထဲတွင်လည်း ဒေသစွဲ ရှိသည် ဆိုရပေမည် ။ ဦးချစ်ခင် မှာ ဝါးခယ်မသား ဖြစ်၍ ယုံကြည် စိတ်ချမိသည် ။

“ သရဖူ ” အား ရုပ်ရှင် ရိုက်ရန် စရန်ငွေ တစ်ထောင် ပေး၍ ကျန်ငွေ ကို ကန်တော့ပွဲ ပေးသည့် နေ့ အကုန် ပေးချေရန် ကတိ ပြုသွား၏ ။ ထိုနေ့တွင်ပင် “ မွှေး ” ဝတ္ထု ကို ရှုမဝ တိုက် မှ ထုတ်ဝေသည့် အတွက် လက်ဆောင်အဖြစ် ဦးချစ်ခင် အား တစ်အုပ် လက်ဆောင် ပါးလိုက်ပါသည် ။

“ မွှေး ” သည် ပင်ရင်း မြဝတီမဂ္ဂဇင်း ဝတ္ထုရှည် ဖြစ်သော်လည်း လုံးချင်း အဖြစ် ထုတ်သူ မှာ ရှုမဝဦးကျော် ဖြစ်သည် ။

နောက် နေ့ တွင် ဦးချစ်ခင် နှင့် ပြည်တော်အေးရုပ်ရှင် ပိုင်ရှင် ဒေါ်ညွန့်ညွန့် တို့ ရောက်လာ၍ “ မွှေး ” ကို ရုပ်ရှင် ရိုက်ရန် ရောင်းချဖို့ စကား ဆိုလာသည် ။

ကျွန်မ ရင် ထဲတွင် တဒိတ်ဒိတ် နှင့် ဖြစ်သွားသည် ။ “ သရဖူ ” တုန်းက မပူ ၊ “ မွှေး ” ကို ဘာကြောင့် ရင် ပူရသနည်းဟု ဆိုစရာ ရှိသည် ။ မွှေး သည် ဇာတ်လမ်း ဇာတ်အိမ် ကျယ် လွန်းလှသည် ။ “ နဂါးငွေ့ တန်း ” လိုလည်း မသွက် ၊ Emotion ခေါ်  စိတ် ဖြင့် ခံစားမှုများ အလွန် များသော ဝတ္ထုဖြစ်သည် ။ စကားလုံး ကို စာဖတ်ပရိသတ် က စွဲကြောင်း ဝေဖန်သော စာများမှ ကျွန်မ သိရ၏ ။ ဝတ္ထု တစ်ပုဒ် သည် စာပေအနေ နှင့် ပရိသတ် စွဲတိုင်း ရုပ်ရှင်အနေ နှင့် လူကြိုက်များ အောင်မြင်နိုင်မည် ဟု မဆိုနိုင်ပေ ။

“ မွှေး ” ဝတ္ထု ၌ စကားလုံး လှပုံများ ၊ အဖွဲ့အနွဲ့ များသည် “ လာလုလု‌ငေး ” ခြေဖျား ကို မမီပေ ။ “ လာလုလုငေး ” သည် ကျွန်မ ၏ ဆရာ တင့်တယ် ၏ အဖွဲ့အနွဲ့ အလွန် ကောင်းသော ပြည်သူ ကြိုက် ဝတ္ထုတစ်ပုဒ် ဖြစ်ခဲ့၏ ။ သို့သော် ရုပ်ရှင် အဖြစ် မစွံ ပေ ။

ထိုကြောင့် “ မွှေး ” ကို ရောင်းရမည့် ဆဲဆဲ အခါတွင် ရင်တမမ နှင့် ဖြစ်နေခြင်း ဖြစ်၏ ။ ကျွန်မ ၏ ခင်ပွန်းသည် က မူ “ ဦးချစ်ခင် တစ်မျက်နှာ ကို တစ်ရွာထင်၍ ရောင်းချရန်  ” ကို တယ်လီဖုန်း နှင့် ကျွန်မ အား ခွင့်ပြုလိုက်၏ ။

ကျွန်မ စိတ်ထဲ တွင် လည်း ပိုင်ရှင် က ဝယ် ရဲ ၍ ဒါရိုက်တာ က တောင် ရိုက် ရဲသေးသည် ။ ငါ က ကြောက်နေစရာမဟုတ် ဟု ကိုယ့် စိတ် ကို တင်း လိုက်ရ၏ ။ ဝတ္ထု မှာ ဇာတ်အိမ် ကျယ်သည် ။ ( Action ) ခေါ် ရုပ် လှုပ်ရှားမှုထက် ( Emotion ) ခေါ်  စိတ် လှုပ်ရှားမှု က များသည် မှာ သူတို့ မသိသည် မှ မဟုတ်ဘဲ ဟု ကိုယ့် စိတ် ကို ဖြေ ရ၏ ။ မွှေး မှာ ဝတ္ထု အနေ နှင့် ရှုမဝဦးကျော် ၏ ဝါဒ ဖြန့်မှုကြောင့် ပရိသတ် လက် သို့ အတော် ရောက်နေပေပြီ ။

ရိုက်ပြီ ဟု ဆိုကတည်း က “ မွှေး ” သည် ယိုးဒယား က နေတော့သည် ။ ဖြစ် လိုက်ရသည့် အနှောင့်အယှက် ၊ တွေ့ လိုက်ရသည့် အခက်အခဲ ။ ပြောစရာ မရှိတော့ပေ ။ မြင့်မြင့်ခင် ရော ၊ ဦးကျော်ဆွေ နှင့် ဦးထွန်းဝေ ပါ ဂရုတစိုက် အချိန် ပေးသည့် ကြားကပင် အဆင် မပြေသော အဖြစ်များ အများကြီး တွေ့ ရသည် ။ ဦးချစ်ခင် တို့ က ရုပ်ရှင် ရိုက်တိုင်း ခင်နှင်းယုကိုယ်တိုင် လာ ကြည့်ပါ ဆို၍ လိုက်ကြည့် တိုင်း ကျွန်မ စိတ် မော၍ ပြန် လာခဲ့ရ၏ ။

ဦးချစ်ခင် ကလည်း သူ လိုချင်သော တိကျသည့် အခမ်းအနား တကယ့် ရှုမြင်ကွင်းများ မရ မက ရိုက် လိုသောကြောင့် ပိုင်ရှင် ကလည်း အတော် ကြိုးစားပေးရပေသည် ။ အရပ်ကူပါ လူထပ်ပါ နှင့် အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ ကောင်းမှု ကြောင့် အိန္ဒိယအခန်း ကိုလည်း တကယ် အစစ် သွားရောက်ရိုက်ကူးနိုင်ခဲ့ပေသည် ။

“ မွှေး ” သည် နှစ်နှစ် ကြာမှ ရုပ်ရှင်ကားတစ်ခု အဖြစ် ပိတ်ကား ပေါ် သို့ ရောက် လာရလေသည် ။

ပိတ်ကား ပေါ် သို့ ချောမောစွာ ရောက်လာရခြင်း မဟုတ် ၊ ရုပ်ရှင်ရုံ သပိတ် နှင့် တိုး နေပြန်တော့သည် ။

ကုမ္ပဏီပိုင်ရှင် လည်း ရင်တမမ နှင့် မျက်လုံး ပြူး နေသည် ။ ပြူး ရပေမည် ။ ထုတ်လုပ်သူ အနေ နှင့် ငွေရင်း နှစ်သိန်း ကျော် သုံးသိန်း နီးပါး မှာ တော်ရုံတန်ရုံ နှင့် စွန့်စားရဲခြင်း မဟုတ်ပေ ။

ဖတ်ဖတ်မော နေပြီ ဖြစ်သော ထုတ်လုပ်ရေး တာဝန်ခံ ငြိမ်း က မူ ...

“ ယု ရေ ၊ အသံလေး သာ ပို ကောင်းလိုက် ရင် “ မွှေး ” အတွက် ဘာမှ ပူစရာ မရှိဘူး ” ဟု ရုံ မတင်ခင် ကျွန်မ ကို လာ ပြော၏ ။

ဦးချစ်ခင် က လည်း ( Technique ) စက်ကိရိယာအတတ်ပညာ နဲ့ ပတ်သက်ပြီး တစ်ခု သာ “ ကျွန်တော် မွှေး ကို အား မရဘူး ” ဟု ရုံ မတင်ခင် က ဆို၏ ။

ကုမ္ပဏီပိုင်ရှင် ခမျာ မူ သပိတ်ကိစ္စ နှင့် မျက်လုံး ပြူး နေရဆဲ ပင် ဖြစ်၏ ။ မွှေး ရုပ်ရှင်ကား သည် ကျွန်မရေး သော “ မွှေး ” ဇာတ်ကောင် လိုပင် အနှောင့်အယှက် အဖျက်အဆီး ဒုက္ခ သုက္ခ များလှချည် ကလား ဟု ကျွန်မဘာသာ တွေးမိ၏ ။

ချက်ချင်းပင် ကျွန်မ သည် ကျွန်မ လုပ်နေကျ အလုပ် တစ်ခု ကို သတိသွား ရ၏ ။ မည်သူမှ စကား မပြောဘဲ အဓိဋ္ဌာန် ဥပုသ် ရက်ရှည် ယူ လိုက်၏ ။

“ မွှေး ဖြစ်နေသော အခက်အခဲများ လုံးဝ ကင်းစင်ပါစေသတည်း ” ဟု အဓိဋ္ဌာန် ပြုလိုက်သည် ။

ဥပုသ် ထွက်သော နေ့တွင် မူ ကိုကြီး က စကား ဆိုလာသည် ။ “ သပိတ်လည်း ရက် ရွှေ့သွားကြပြီ ၊ မွှေး လည်း ချောချောမောမော ပဲ ရုံတင်နိုင်ပြီ ။ ကြိုတင်ပြီး လက်မှတ်ဝယ် Booking လုပ် တာပဲ သုံးသောင်းကျော် သွားပြီ ” ဟု ဆို၏ ။

မည်သူ ၏ ကြိုးစားမှုကြောင့် မည်သို့ဖြစ်သည် ဟု တော့ ကျွန်မ မသိပေ ။ ကျွန်မ ရင်ထဲ တွင်မူ အဓိဋ္ဌာန်ဥပုသ် သီလတန်ခိုး ကို ပြင်းထန်စွာ ပိုမို ယုံကြည်သွားလေသည် ။

မွှေး ကား ရုံပေါ် ရောက်လေပြီ ။

“ ဟင် ... ဘယ်လိုကြီးလဲ ၊ အား မရလိုက်တာ ”

“ မွှေး က ရှည် လိုက်တာ ”

“ မွှေး ကလည်း ဝတ္ထု လို အစေ့အငှ မရိုက်တော့ ဆတ်တငံ့ငံ့ နဲ့ ရိုက်ထားသမျှ တစ်နေ့ နှစ်ပွဲ နဲ့ အကုန် ပြဖို့ ကောင်းတယ် ”

“ ဝတ္ထု လို လည်း မဟုတ်ဘူး"

“ ကျွန်တော် ကတော့ ဘာပဲ ပြောပြော ဒီ ကျော်ဆွေ ၊ ထွန်းဝေ ၊ မြင့်မြင့်ခင် ဆိုတဲ့ ဇာတ်ကောင် သုံးယောက် ကို ခွင် ကျအောင် ကိုင် ရဲ တဲ့ ဦးချစ်ခင် ကို အချီးကျူးဆုံးပဲ ”

စာရေးဆရာ တစ်ယောက် က မူ ...

“ မြန်မာ ဇာတ်ကားတွေ မှာ ဇေယျ ဟာ ဆရာဝန်ဘဆွေ အခန်း ဝင် ရိုက်တယ် ဆိုပါတော့ ၊ ဇေယျ ဆိုတာ ပျောက်ပြီး ဆရာဝန်ဘဆွေ လို ပရိသတ် မှာ မကျန်ရစ်ခဲ့ဘူး ။ ဆရာဝန်ဘဆွေ က သာ ဇေယျ လို ကျန်ရစ်ခဲ့တယ် ။ “ မွှေး ” ရဲ့ ထူးခြားချက် က ကျော်ဆွေ ဆို တာ ပျောက်ပြီး “ အတွတ် ” အနေနဲ့ ကျန်ရစ်ခဲ့တယ် ။ ထွန်းဝေ ပျောက်ပြီး “ ကိုကိုနိုင် ” ဟာ ပရိသတ် ပါးစပ် မှာ ကျန်ရစ်ခဲ့သလို မြင့်မြင့်ခင် ပျောက်ပြီး “ မွှေး ” သာ ကျန်ရစ်ခဲ့တယ် ။ အဲဒီ သုံးယောက် ရဲ့ အောင်မြင်မှုပဲ ”

“ တစ်မျိုးတော့ တစ်မျိုးကြီးပဲ ဗျ ၊ ဒါပေမဲ့ ကျွန်တော် မွှေး ကို ကြည့်တာ နှစ်ခါ ရှိသွားပြီ ”

ကျောင်း က ကျူတာ တစ်ယောက် က ဆို၏ ။

အဆောင်မှူး တစ်ယောက် က မူ ...

“ မွှေး ကို ကြည့်ပြီး ကျွန်တော် “ အတွတ် ” သိပ် ဖြစ်ချင်တာပဲ ”

ဟု ပြောပြန်သည် ။

“ ကျွန်မ ကတော့ အတွတ် စကား တိုးတိုး ပြောတာ သဘော ကျလို့ ပြန်ကြည့်တာ သုံးခါ ရှိပြီ ”

ဟု ကျောင်းသူတစ်ယောက် က ဆို၏ ။

ဝန်ကြီးကတော် တစ်ယောက် ကမူ

“ အဲဒီ အတွတ် က သဘာဝ ကျ လွန်းပြီး စကား တိုးတိုး ပြောတာ လွန် သွားတော့ ဘာမှ မကြားရဘူး ။ ဒီ ဇာတ်ကား မှာ အသံ ဖျက် နေတယ် ”

ဟု ဆို၏ ။

ပါလီမန်အတွင်းဝန် တစ်ယောက် က မူ

“ အားလုံး ခြုံပြီး ကျွန်တော် တော့ သဘော ကျတယ် ။ အသံ နည်းနည်း လိုတယ် ၊ အတွတ် က နောက်ဆုံး သူ့ အချစ် ကို ဖွင့် ပြောတာ သဘော မကျဘူး ”

ဆို၏ ။

ကျွန်မ အနေနှင့် မူ ထိုကဲ့သို့ ဝေဖန်သည် ကို သဘော ကျသည် ။ ကျွန်မ ဇာတ်ကောင် အတွတ် ကို အသက်သွင်းစဉ် ကတည်းက သူ သည် အချိန်ကို မတွက်တတ် သူ တစ်ယောက် အနေနှင့် အသက် သွင်းထားရာ ယခု နေရာတွင် နှေးနှေးကွေးကွေး လုပ်ရမည့် နေရာ တွင် မြန်မြန်ထက်ထက် လုပ် လိုက်မိသော အမှား က အတွတ် အား နောက်ဆုံး ပစ်ရိုက်လိုက်ခြင်းဖြစ်သည် ။ ပွဲကြည့်ပရိသတ် က ကျွန်မ လိုချင်သလို မြင် သွားသည် ကို ကျွန်မ သိပ် ဝမ်းသာ၏ ။

“ ကျွန်တော်တို့ ကတော့ ဘွဲ့ နှင်းသဘင်ခန်းမ နောက် မှာ မွှေး ကို ကိုကိုနိုင် ရည်းစား စကား ပြောခန်း မှာ ထွန်းဝေ ဟန် ကို သဘော ကျလို့ ပြန် ကြည့်တာ နှစ်ခါ ရှိပြီ ”

“ မွှေး ” ကား ဝေဖန်သံ ၊ ပြစ်တင်သံ ၊ ကဲ့ရဲ့ ချီးမွမ်းသံ တို့ နှင့် ဂယက်လျှံ၍ နေလေသည် ။ ချစ်လည်း ချစ်ကြ၏ ၊ မုန်းလည်း မုန်းကြ၏ ။

တချို့ က သုံးကျပ်ခွဲတန်း လူထု ကို ဂရု စိုက်၏ ။ ကျွန်မ ဆန္ဒ ကမူ သုံးကျပ်ခွဲတန်း မှသည် ခုနစ်ဆယ့်ငါးပြား အထိ သတိ ပြုမိ၏ ။

ဇာတ်လမ်း မှာ အလယ် က အေး ၍ အားလပ်ချိန် မှ သည် အဆုံးအထိ ( Climax ) ကို သယ် သွား၏ ။ အိန္ဒိယ အပြန် ကိုကိုနိုင် နောက် မိန်းမ ကလေးမွေးကြောင်း သိရပြီး ကိုကိုနိုင် ၊ အတွတ် ၊ မွှေး တို့ သုံးယောက် ဆုံခန်းတွင် ပရိသတ် သည် အပ် ကျသံ မကြားရ ၊ ငြိမ်သက် နေသည် ။ ကျွန်မ ရင် ထဲ တွင် ထိုအခါမှ အလုံး ကျ ၍ အေး သွားတော့သည် ။

ပရိသတ် ကို အထင် သေးသူ တစ်စု က တစ်ကျပ်ခွဲတန်း ၊ ခုနစ်ဆယ့်ငါးပြား တန်း သမား တို့ သည် ( Emotion ) များ သော ရုပ်ရှင် ကို မကြည့် တတ် ၊ နောင်ဂျိန် နှင့် နတ် ကား သာ ကြည့် တတ်သည် ဟု ဆိုကြသည် ။

“ မွှေး ” တွင် ပရိသတ် သည် ထိုကဲ့သို့  ဝေဖန်သူတို့ မှားကြောင်း ပြလိုက်သည် ။

သူတို့ သည် အထင် သေးအပ်သော လူတန်းစားများ မဟုတ်ကြပေ ။

ဇာတ်ကောင်များ နှင့် ဒါရိုက်တာ သာ ကြိုးကြိုးစားစား အောင်မြင်အောင် စွမ်းဆောင်နိုင်ငြားအံ့ ၊ သူတို့ သည် အသည်းနှလုံး နှင့် ခံစားတတ်သောသူများ ပီပီ ဇာတ်ကား ခေါ်ဆောင်ရာ သို့ လိုက်ပါနိုင်ကြသည့် လူများ ဖြစ်ကြောင်း ကို “ မွှေး ” တွင် သက်သေ ပြလိုက်သည် ။

အင်မတန် အေး ၍ လူဆိုး မပါဘဲ ဇာတ်အိမ် ဆင်ထားသော “ မွှေး ” ဇာတ်ကား သည် စင်စစ် အလယ်ပိုင်း တွင် လေး နေလေသည် ။ ထို လေးနေသော အပိုင်း ကို အသက် သွင်း ကာ လှုပ်ရှား ပေးရာတွင် ပြောင်မြောက်စွာ ကြိုးစားပေးသော ဦးကျော်ဆွေ ၊ ဦးထွန်းဝေ နှင့် ဒေါ်မြင့်မြင့်ခင် တို့ အား ကျွန်မ အထူးပင် ကျေးဇူး တင်မိသည် ။

ကျွန်မ ထပ်မံ၍ ကျေးဇူး တင်ရမည့်သူများ မှာ အလင်္ကာကျော်စွာ နှစ်ဦး ဖြစ်သော ရွှေပြည်အေး နှင့် ဦးစိန်ဝေလျှံ ၊ စန္ဒရားဦးချစ်ဆွေ ၊ ဦးမြတ်လေး နှင့် အဆိုကျော် ဦးမောင်မောင်ကြီး ၊ ဦးမင်းသူ နှင့် မာမာအေး ဖြစ်သည် ။ သီချင်း စကားလုံး ရှာ သူများ ကို ရော ၊ ထို စကားလုံးများ ကို ပရိသတ်အသည်းနှလုံး ကို ပို့ ပေးသူများ ကိုရော ၊ ကျွန်မ အထူး ကျေးဇူး တင်မိသည် ။

ကျွန်မ တို့ အနုပညာသမား တို့ သည် လူ တစ်ဦး နှင့် တစ်ဦး မတွေ့ ဆုံကြသော်လည်း ပညာချင်း အတွေးအခေါ် ချင်း တစ်နေရာ တွင် ဆုံ တတ်ကြပါ တကား ဟု တွေးမိသောအခါ “ ဘယ်လိုပဲ ” ဟု မဖော်ပြတတ်သော ကြည်နူးသော စိတ် ဝေဒနာ ကို ကျွန်မ ခံစားလိုက်မိသည် ။

ကျွန်မ ၏ ဝတ္ထုများ ထဲတွင် ဇာတ်ကောင်များ သည် အထီးကျန်သော အခါတွင် ဖြစ်စေ ၊ ရွှင်လန်းတက်ကြွသော အခါတွင် ဖြစ်စေ ပန်းလေးများ နှင့် အတူ နေကြ၏ ။ ပန်းများ ကြွေ ၍ မွှေးပျံ့သော လမ်း တွင် လျှောက် သွားတတ်ကြသည် ။

ထို ကျွန်မ ၏ အတွေးလေးများ သည် စာစပ်သူ ကဗျာဆရာ ( ဝါ ) သီချင်းစပ်သူ ၏ နှလုံသား တွင် အလိုအလျောက် ပေါ်လာ၏ ။ သူ သည် ကျွန်မ နှင့် မတွေ့ဖူး ၊ မကြုံဖူးပါ လျက် ...

“ ပန်းကြွေသော လမ်း ၊ ဖြတ်သန်းလျှောက်သော အခါ ကိုယ့် အသည်း ဘယ်နှယ် ရှိပါ့မယ် မွှေး ရယ် ”

ဟူသော တမ်းတယူဖွယ် ကောင်း သည့် သီချင်း ကို သူ့ အသည်းနှလုံး မှ သွန်ချ ပေးလိုက်လေသည် ။

ကျွန်မ တို့ ချင်း မဆုံမိပါဘဲ လျက် အတွေးအခေါ် ချင်း ဆုံ မိကြသည် ကို ကျွန်မ အလွန်ပင် နှစ်သိမ့် မိပေသည် ။

ကုမ္ပဏီပိုင်ရှင် ဦးကျော်စိုး မှာ မွှေး ရုံပေါ် ရောက်မှပင် ပြုံး နိုင်တော့သည် ။ “ မခင်ယု လာပါဦး ” ဟု ဖိတ်ခေါ်ကာ မြို့လယ် ရှိ ရုံ လေးရုံ စလုံး တစ်ပတ် တိတိ ပြည့် နေပုံကို ခေါ်ပြ၏ ။ အရှုံးအမြတ် မှာ ကျွန်မ နှင့် မဆိုင်တော့ပြီ ဆိုသော်လည်း ကျွန်မ လည်း ထိုအခါမှ “ ဟင်း ” ချနိုင်တော့၏ ။

ဦးချစ်ခင် လက် သို သမီးကညာ မွှေး ကို ဝကွက် အပ်လိုက်မိခြင်း အတွက် ကျွန်မ ယခု သံသယ မဖြစ်တော့ပေ ။ ငွေ ထုတ် ရဲသူ ပိုင်ရှင် ကို လည်းကောင်း ၊ ထုတ်လုပ်မှု အတွက် လှိမ့် နေအောင် ကြိုးစားရသူ မမညွန့် နှင့် မမငြိမ်း ကို လည်းကောင်း ၊ ဇာတ်ဆောင်သူ တို့ ၏ စေတနာ သည် လည်းကောင်း မွှေး ကို တန်ဆာ ဆင်ကြပေသည် ။

စေတနာ သာ မပါခဲ့လျှင် နောက်ထပ်  သိန်း မည်မျှပင် ကုန်ကုန် “ မွှေး ” ကား ရုပ်ရှင်ဇာတ်လမ်း တစ်ခု အဖြစ် မရောက်နိုင်ပေ ။

မွှေး အပေါ်၌ ပွဲကြည့်ပရိသတ် စေတနာ ညွတ်မှု ကြောင့်ပင် နောက်ဆုံး အပတ် တနင်္ဂနွေနေ့ အထိ ရုံ ပြည့် ရလိုက်သေးသည် ။

“ မွှေး ” ကား အောင်မြင်သည် ဟု ဆိုရပေမည် ။ တိုက်ပွဲ တွင် ရွပ်ရွပ်ချွံချွံ စွန့်စား ၍ တိုက်ခဲ့ရသောကြောင့် အောင်မြင်မှု ကို ရလာသော စစ်သားတိုင်း တွင် နဖူး ၊ ဒူး စသည် တို့ ၌ အနာရွတ် မကင်းကြ ။

ထိုအတူ “ မွှေး ” သည်လည်း ပရိသတ်လက်ခံ၍ အောင်မြင်သော ဇာတ်ကား တစ်ကား ဖြစ်သော်လည်း အနာရွတ် မကင်းသည် ကို ကျွန်မ ဝန်ခံပါ၏ ။

သို့သော် အနွတ္ထ ထို အမည် က လေ “ မွှေး ” တည့် လေ ။

◾ ခင်နှင်းယု

📖 ရှုမဝမဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၁၉၆၁ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment