Tuesday, April 26, 2022

ကျွန်တော် နှင့် ကျွန်ုပ် ၏ ဖေဖေ


 

❝ ကျွန်တော် နှင့် ကျွန်ုပ် ၏ ဖေဖေ ❞

( ၁ )

“ နေစမ်းပါဦး မေမေ ရယ် ၊ ဒါလောက် ကတ်သီးကတ်သတ် နိုင်တဲ့ ဖေဖေ့ လို လူမျိုး ကို ဘာဖြစ်လို့ ရွေး ယူရတာလဲ ”

ကျွန်တော် သည် ဖေဖေ နှင့် မေမေ က မွေးဖွားသော သား လေးယောက် အနက် တွင် ရယ်စရာ မောစရာ ကို သာ အမြဲ ပြောတတ်သော ၊ စိတ်ညစ်စရာ ကြုံလျှင်လည်း အလျင်စလို စိတ်ညစ်တတ်သော ၊ ဒေါသ ဖြစ်စရာ ရှိလျှင်လည်း ချက်ချင်း ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်သော သား တစ်ယောက် ဖြစ်ပါသည် ။

သားဆိုး ဟု မပြောနိုင်သော်လည်း သားများ ထဲတွင် စိတ်နုသော ၊ ခံနိုင်ရည် မရှိသော သား တစ်ယောက် ဟု ပြော၍ ရပါသည်ခင်ဗျား ။

အစ်ကို မောင်ဝဏ္ဏ ၊ ညီလတ် မောင်ရူပ ၊ ညီငယ် ဉာဏ်ပေါ် ( မင်းလူ ) တို့သည်ကား ခံစားချက် တစ်စုံတစ်ခု ရှိလျှင် ရင် ထဲ ၌ သာ ခံစားတတ်ကြပြီး အပြင် သို့ ဖွင့်ထုတ်တတ်ကြသူများ မဟုတ်ကြပါ ။ သဘော ကတော့လည်း ကလေးကလား မဆန်ကြပါ ။ ကျွန်တော် သာလျှင် အသက် သုံးဆယ်ကျော် မှ ကလေးကလား ဖြစ်နေခြင်းကို ဆိုလိုပါသည် ။

ထို့ကြောင့်လားတော့ မသိ ။ ကျွန်တော် သည် အဖေ့ နား တွင် အမြဲတမ်း ကပ် နေတတ်သလို စိတ်ထဲတွင် တစ်စုံတစ်ရာ မခံမရပ်နိုင် ဖြစ်လာသော အခါမျိုးတွင် အမေ့ ထံ သို့ သွားပြီး အမေ့ ကို ချွဲခြင်း အမှု ပြုတတ်ပါသည် ။

ချွဲသည် ဆိုရာ၌ တကယ့်ကို ကလေးငယ် တစ်ယောက် ကဲ့သို့ ချွဲခြင်း ဖြစ်ပါသည် ။

အမေ့ ကို သူ အိပ်သော အိပ်ရာပေါ်သို့ ကျွန်တော် ခေါ် ပါသည် ။ တင်ပျဉ်ချိတ် ထိုင် ခိုင်းပါသည် ။

ပြီးနောက် အမေ ၏ ပေါင်ပေါ်တွင် ကျွန်တော် ခေါင်း မှီပြီး ကျွန်တော် မကျေနပ်သည်များ ကို ပြောကြား ရင်ဖွင့်လေ့ ရှိပါသည် ။ ထိုအခါ အမေ သည် ကျွန်တော် ၏ ဆံပင် ကို ပွတ်သပ်ပေးရင်း ဗုဒ္ဓါနံ ဇီဝတဿ အစ ချီသော မြတ်စွာဘုရား ၏ အသက်အန္တရာယ် ကို တစ်စုံတစ်ယောက် က ရန် မပြုနိုင်မှု နိုင်ဘိသို့ ကျွန်ုပ် အား လည်း ဤသို့ ဖြစ်ပါစေသတည်း ဟူသော အဓိပ္ပာယ် ရသည့် ဂါထာ ကို ရွတ်ဆို ပေးရှာပါသည် ။ ထိုသို့သောအခါ ကျွန်တော် ၏ တထိတ်ထိတ် ခုန်နေသော ရင် သည် ငြိမ်သက် အေးချမ်းရပါ၏ ။

အဖေ က မူ တစ်မျိုး ။ အဖေ သည် ကျွန်တော်တို့ ကို သားသမီး ကဲ့သို့ အေးချမ်းစွာ မဆက်ဆံဘဲ သူငယ်ချင်းများ ကဲ့ သို့ ပူးပူးကပ်ကပ် ဆက်ဆံလေ့ ရှိသည် ဖြစ်ရာ ပြဿနာ ဖြစ်စရာ ရှိလျှင် အမေ နှင့် မဖြစ်တတ်ဘဲ အများအားဖြင့် အဖေ နှင့် သာ ဖြစ် တတ်ခဲ့ပါသည် ။

ကျွန်တော် သည် မိသားစု ထက် သူငယ်ချင်းများ ကို ပို၍ ခင်တွယ်တတ်သော အလေ့အထ ရှိသူ ဖြစ်၏ ။ ထို့ကြောင့် ထင်သည် ။ အဖေ့ ကို အမေ့ ထက် ခင်တွယ်မှု ပိုနေမိသည် ။

အဖေ နှင့် အနေ နီးသမို့လား မသိ ။ ကျွန်တော် သည် အဖေ နှင့် ခဏခဏ ရန် ဖြစ်ရပါသည် ။ ဘာအကြောင်း အရင်းခံကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ ။

စာရေးဆရာ ချင်း ဆိုတော့လည်း ဘာကလေးပဲ ဖြစ်ဖြစ် စကား တစ်လုံး အပေါ်မှာ အကျအန ကောက်၍ သဘောရှိရိုးထုံးစံ ရှိလေသည် ။ ကျွန်တော် နှင့် အဖေ မကြာခဏ အခင်း များရသည် မှာလည်း စာရေးဆရာ ချင်းချင်းမို့ စကား အထအန ကောက် ရာမှ စတင်ခဲ့ရသည် ချည်းသာ ဖြစ်ပေသည် ဟု ကျွန်တော်တော် ထင်မိသည် ။

အင်း .. စာရေးဆရာကြီး တို့ သည် ကြီးသည်ငယ်သည် မဟူ စကားအရာ ၌ မာနကြီးတတ်ကြပါသလား ။ စာရေးဆရာ တွင် အပွင့်အခက်တွေ မရှိပါ ။ ထိုနည်းတူ ရာထူး ကြီးသည်  ငယ်သည် ဟူ၍ မရှိပါ ။ စာရေးဆရာ ဟူသော ဂုဏ်ပုဒ် ရရှိရန် ဘာ ဂုဏ် ၊ ဘာ ရာထူး ၊ ဘာ ငွေကြေးမှ မရှိအပ်ပါ ။ စာရေးဆရာ သည် စာ ရေးရမည် ။ အတွေး ကောင်းရမည် ။ ထို အတွေး သည် လည်း တစ်စုံတစ်ယောက် အတွက် မဟုတ်ရဘဲ လူ အများစု အတွက် ဖြစ်ရမည် ဟု ကျွန်တော် တော့ဖြင့် ယုံကြည်ထားပါသည် ။

ကျွန်တော် က လည်း ကျွန်တော် ပဲ ဗျာ ။ ယခု ပင်လျှင် ပြောရင်းဆိုရင်း နှင့် စကားတွေ စကတည်းက ကား ပြီး ဘယ် ရောက်လို့ ဘယ် ရောက်မှန်း မသိတော့ပါဘူး ။

ကိုင်း ..  တစ် ကနေ ပြန် စပြီး ပြော ပါတော့မည် ။

ကျွန်တော် က အမေ့ အား ဒီလောက် ကတ်သီးကတ်သတ် နိုင်သော အဖေ့ အား ဘာကြောင့် ယူ ရတာလဲဟု ကျီစယ်သော အခါ အမေ က “ ချစ်လို့ပေါ့ သား ရယ် ” ဟု ဖြေပါသည် ။ အင်း ... အချစ် ဟူသည် ကတ်သီးကတ်သတ် နှင့် အရွယ် နှင့် မဆိုင်သော ကိစ္စ ပါ လား ဟု စာရေးဆရာ သုမောင် မှတ်ချက် ချရတော့မတတ်ပဲ ဗျို့ ။

( ၂ )

စောစောက ပြောသလို စာရေးဆရာ အချင်းချင်း ဖြစ်သည့် အလျောက် စကား တစ်လုံးပေါ် တွင် အကျအန  ကောက် တတ်ကြသည် ကို စကား ဆက်ပါရစေ ။ တစ်နေ့တွင် ကျွန်တော် နှင့် ကျွန်တော့် ဖခင် တို့ ( စာရေးဆရာချင်း သဘော ) စကား များကြပါသည် ။ အကြောင်းမူကား တခြား ဟုတ်ပါရိုးလား ။

ကျွန်တော်တို့ ညီအစ်ကိုများ သည် အဖေ့ ထံ မှ အမွေများ ရခဲ့ပါသည် ။ ငွေကြေး ဂုဏ်ဓန ၊ တိုက်တာ အိမ်ခြေ မဟုတ်ရပေါင် ။ ဦးနှောက် အတွေးခေါ်  ပညာဉာဏ် စသည့် ကိစ္စဝိစ္စများ ဖြစ်ပါသည် ။ ထို အထဲတွင် ကျွန်တော် သည် ထူးထူးခြားခြား အများ နှင့် မတူဘဲ အမွေ တစ်ခု ပို ရခဲ့ပါသည် ။

မော်တော်ကား ပြင် ဝါသနာ ပါခြင်း ဖြစ်၏ ။ ဒါကလည်း ငယ်ငယ် က ကျောင်း မှ ပြန် လာလျှင် အခြား အိမ်နီးချင်း ကလေးများ လို ဆော့ချိန် ၊ ကစားချိန် သိပ် မရလှဘဲ ဖေဖေ ၏ လုပ်ငန်းတွင် တတ်အားသရွေ့အုတ်တစ်ချပ် ၊ သဲတစ်ပွင့် ပါဝင် ကူညီရပေါင်း များ သဖြင့် အကျင့် ပါနေခြင်း ဖြစ်တန်ရာ၏ ။ ဘယ်သူ ဘာပြောပြော ကျွန်တော် တော့ ဖြင့် ဦးနှောက် အမွေ သည် အမြတ်ဆုံး ဟု ယုံကြည်ပေသည် ။

ယခု ကျွန်တော် ပြောချင်သဖြင့် ပါးစပ် တယားယား ဖြစ်နေသည် မှာလည်း အဖေ ပေးသော ဦးနှောက်အမွေများ ထဲမှ စာ ရေးတတ်သော အမွေ နှင့် ကား ပြင်တတ်သော အမွေ တို့ ၏ ပဋိပက္ခ ပင် ဖြစ်တော့သည် ။

နားသောတ ဆင် ကြည့်ကြပါ ခင်ဗျား ။

°°°°°°  °°°°°°°  °°°°°°

ကျွန်တော် တို့ အိမ် တွင် အဖေ မာလီကုလားကြီး ၏ သား တစ်ယောက် ရှိ ပါသည် ။ မောင်ပန်းသီး ၊ ကုလားလိုအခေါ် ပါနီး ။ သူ သည် လည်း ကျွန်တော့် ထံ မှ အမွေ တစ်ခု ရပါသည် ။ တော်ရုံတန်ရုံ ၊ ဆီပျောက် ၊ မီးပျောက် ၊ ဘီးပေါက် ၊ ဘရိတ်ပေါက် လောက် တော့ သူ လုပ်တတ်အောင် ကျွန်တော် သင် ထားပေးပါသည် ။ အမွေ ပေါ့ဗျာ ။

အဲ .. တစ်နေ့တွင် ပန်းသီး သည် ကျွန်တော် မသိဘဲလျက် ကား ကို ခိုး မောင်း၏ ။ မောင်း၏ ဆို ရာ၌ ရှေ့ နည်းနည်း တိုး ၊ နောက် နည်းနည်း ဆုတ် သည်လောက် ပါပဲ ။ သို့သော် ကျွန်တော် နားရင်း တီး ၏ ။ ဒါတော့ မရ ၊ စည်းကမ်း ထားရမည် ။ ကောင်းပြီ ၊ ကား ကို ထားတော့ ။ အလို လိုက်လွန်း၍ အခွင့်အရေး ယူပါ များလျှင် မခက်လား ။ မတော်မသင့် သည့် ကိစ္စ မျိုး မှာ အတင့် ရဲ လာလျှင် မခက်ပါလား ။ ဒါက စကား အဖြစ် ပြော တာပါ ။ စကား အဆုံးစွန် ပြော တာပါ ဗျာ ။ သည်ကလေး က ကျွန်တော် သာ မွေးလျှင် ကျွန်တော့် သား လောက် ရှိတာ ၊ ခု မှ ( ၁၃ ) နှစ် ။

မည်သို့ပင် ရှိရှိ ၊ မြန်မာစာ ပါမောက္ခ ဦးမောင်မောင်ကြီး ပြောဖူးသလို စည်းကမ်း သည် စလုံး လုံးကြီးတင် ဆန်ခတ် ရှေ့ကပေါက် နှင့် ( စီး ) မ စီး ရ ။ အထက် မှ အောက် သို့ စီး သည့် သဘော “ အမိန့် သဘော ပါသည် ” ဟု ၊ စည်းမျဉ်း သား သည့် သဘော စလုံးညသတ် ရှေ့ကပေါက် ( ဝစ္စပေါက် လည်း ခေါ်ကြသည် ) နှင့် စည်း ရမည် တဲ့ ။

ဘာပဲဖြစ်ဖြစ် ပန်းသီး ကို နားရင်း တီးသည်မှာ ထို “ စည်းကမ်း ” ကြောင့် ပင် ဖြစ်သည် ။

သို့သော် ကျွန်တော် ၏ အဖေ သည် “ စည်းကမ်း ” အရာ တွင် ကျွန်တော့် အား အပေါ် စီး ၍ “ စည်းကမ်း ” ရှိသူ ဖြစ်လေရာ မောင်ပန်းသီး ကား ခိုးမောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ကျွန်တော့် အား နား အရင်းသို့ ဝင်အောင် တီး ခြင်းဖြစ်ပါသည် ။

“ ဟေ့ကောင် ... ပန်းသီး ကား ခိုးမောင်းတာ မင်း မသိဘူးလား ”

မသိချင်ယောင် ဆောင်၍ “ မသိဘူး ဖေဖေ ” ဟု လိမ်လိမ်မာမာ လိမ် လိုက်ရသည် ။ ထိုနံရောအခါ အဖေ က “ အေး ... မင်းတို့ချင်း ကျေနပ်ရင်  ပြီးတာပါပဲ ” ဟု ပြောပြီး တဆောင့်ဆောင့် ထွက်သွားတော့သည် ။

တစ်နေ့လုံး နေလို့ ထိုင်လို့ မရတော့ ။ ဒါသည်ပင် စာရေးဆရာ ဟူသော ဝေါဟာရ ကို ကျွန်တော် ခုံမင်ခြင်း ဖြစ်သည် ။

အဖေ ကျန်းမာရေး မကောင်းစဉ် အိပ်ရာထဲ လဲ နေတုန်းက သလိပ် ခတ်လျှင် အဖေ့ ပါးစပ် နား လက်ခုပ် ကပ်ပြီး သူ့ တံတွေး ကို ကျွန်တော် ခံ ခဲ့သည် ။ အဖေ့ ကို အဖေ ဟု ကျွန်တော် သိသည် ။

အဲ ... စာရေးဆရာ အချင်းချင်း အနေ နှင့် ကား စကား တစ်လုံး ၊ တစ်လုံး ကို အဖေ မှ မဟုတ် ၊ ဘယ် စာရေးဆရာ ဖြစ်ဖြစ် ကျွန်တော် ဂရု စိုက်တတ်သည် ။ ကောင်းပြီ ၊ ဘာတဲ့တုံး ၊ “ မင်းတို့ချင်း ကျေနပ်ရင် ပြီးရော ” ထို စကားပေါ့ ။ “ မင်း ကျေနပ်ရင် ပြီးရော ” ဆိုလျှင် ကျွန်တော် ခံ သာသည် ။ “ မင်းတို့ချင်း ” ဆိုသည့် အတွက် ကျွန်တော် နှင့် ထိုကုလားလေး မောင်ပန်းသီး ကို တစ်တန်းတည်း ထားရာ ရောက်သည် ဟု ကျွန်တော်  ယူဆသည် ။ သည် ကိစ္စ နှင့် ပတ်သက်၍ အဖေ့ အား ကျွန်တော် က စောဒက တက်သောအခါ -

“ ငါ ပြောတာ ရှင်းရှင်းလေးပဲ ကွ ” ဟု လူကြီး စကား ၊ ပညာရှိ စကား ပြော ရှာသည် ။ ကျွန်တော်  ခံလိုက်ရပါ၏တည်း ။ သို့သော် စောစောက ပြောသလို စာရေးဆရာ သည် စကား အစအန ကောက် တတ်သည် ။ ပြီးတော့ ရှုံးပြီ ဆိုလျှင် ပို၍ အခံရ ခက် တတ်၏ ။ ဒါကြောင့် တစ်နေ့လုံး မအီ မသာ ။

°°°°°°°  °°°°°°  °°°°°°

ညနေစောင်း တွင် ကိုဝင်းဦး ( ထရမ်းပက် ) ကျွန်တော့် ကို သီချင်း တိုက် လာ ခေါ်ပါသည် ။ ( ၂၈ ) လမ်း မှ ဂီတဝါသနာ အလွန် ကြီးမားသူ ဦးစိန်ဝင်း အိမ် မှာ တဲ့ ။ ဟို ရောက်တော့ ရုတ်တရက် သီချင်း မတိုက်နိုင် ။ စိတ် ထဲမှာ တနုံ့ နုံ့ ၊ အဖေ့ ပေါ်တွင် မည်သို့မျှ သဘော မထား ကျေနပ် သော်လည်း စာရေးဆရာ သုမောင် က ဆရာကြီး ဦးသာဓု အပေါ် တွင်ကား စကား တစ်လုံး အတွက် ဘယ်လိုကြီး မှန်း မသိပါဘူးဗျာ ။

တော်တော်ကြီး ကြာမှ သီချင်း တိုက် မှု လုပ် ဖြစ်သည် ။ နောက်ပိုင်းတော့ လိမ္မော်ရည်ကလေး ဘာကလေး သောက်ရင်း ပြုရင်း စိတ်လက် ကြည်လင်သွားတော့သည် ။ ကျွန်တော် စိတ်ညစ် နေသည်ကို သိ၍လား တော့ မပြောတတ် ။ စပယ်ဦး တေးသံသွင်း မှ ကိုသန်းလွင် လည်း အားနာပါးနာ ဖြင့် ထ ပြန် သွားရှာသည် ။ စိတ် မကောင်း ။ သူ လည်း သူ့ စီးပွားရေး နှင့် သူ မို့ မင်းသား စိတ်ညစ် နေသဖြင့် သီချင်း ပင် မတိုက်နိုင် ဟု ထင် သွားလျှင် မကောင်း ။ သူ့ ကို အားနာတာရော ၊ နည်းနည်း စိတ် ရွှင်လာတာကိုရော ပေါင်းပြီး သီချင်း ကို ဖြစ်အောင် တိုက် လိုက်သည် ။ အကောင်းစားကြီး တော့ မရ ။ အဖြစ်သာ ရသည် ။ ကျွန်တော့် အပြစ် ပါ ပဲဗျာ ။

သီချင်း တိုက်ခြင်း ကိစ္စ ပြီး၍ ခြေပစ်လက်ပစ် စိတ် လျော့နေလိုက်ကြသော အခါသမယ တွင် ဆရာ ဘိုကလေးတင့်အောင် ( အစ်ကိုလေး ) ရောက် ချလာပါသည် ။

စကား ဝိုင်းဖွဲ့ ကြသောအခါ ကျွန်တော် ၏ စိတ် သည် ကျွန်တော် ၏ ဖခင်ကြီး ထံ သို့ လွင့်ပျံ သွားပြန်သည် ။

ဆရာ ဒါကတော့ ဘယ်လို ဘယ်ချမ်းသာ ဟု ဖေဖေ ပြော လိုက်သော စကား တစ်ခွန်း နှင့် ပတ်သက်၍ ဇီဇာ ချဲ့မိပါသည် ။ ဘိုကလေးတင့်အောင် ( ဤသို့ ခေါ်မှ လေးစားရာ ရောက်ပါသည် ဟု သူ က ပြောပါသည် ) သည် ဖေဖေ့ သူငယ်ချင်း ဖြစ်သဖြင့် စကားကြုံ ခရီးကြုံ တိုင်တည်ခြင်း ဖြစ်ပါသည် ။

ဘိုကလေးတင့်အောင် သည် ခွက်ပြီးသား သူ ၏ ပါးများ ခွက် သည် ထက် ခွက် အောင် ပြုံး နေပါသည် ။ ပြီး မှ -

“ ဟေ့ ... ဗလကြီး ရ လူကြီး နဲ့ လူငယ် ဆိုတာ အမြဲ ရန် ဖြစ်တတ်တယ် ၊ မင်း အဖေ ဟာ စာပေ ရော ၊ ရုပ်ရှင် ရော အောင်မြင်တာ ဒီလို စကား ကို ကတ်သီးကတ်သတ် ပြော တတ်လွန်း တဲ့ ပညာ ကြောင့် ပေါ့ ကွ ”

ဟု ပညာရှိ စကား ပြော ပြန်သည် ။ ခံ လိုက်ပေဦး သုမောင် ။

ထိုအချိန် ကလေး တွင် ကျွန်တော် ၏ စိတ် သည် မိခင်ကြီး ထံသို့ လွင့် ပျံ သွားပြန်ပါသည် ။ ကျွန်တော် ၏ မိခင် သည် တစ်ခါက စကား တစ်ခွန်း ဆိုခဲ့ ဖူးပါသည် ။

“ ဟဲ့ .. သား မှတ်ထား ၊ အဖေ ဆိုတာ အခြား နာမည် သုံးလို့ မရဘူး ၊ အဖေ ဟာ အဖေ ပဲ တဲ့ ”

“ တယ်ဟုတ်တဲ့ ငါ ပါလား ” ဟု ကိုယ့် ကိုယ် ကိုယ် ထင်မိခဲ့သော ကျွန်တော် သည် ကောလိပ်ဂျင်နေဝင်း “ ပန်းပန်လျက်ပါ ” ဇာတ်ကား တွင် မြတ်လေး ကို ပြောသော စကားတစ်ခွန်း ကို သတိ ရမိပါတော့သည် ။ “ ငါ ဟာ ငပေါ ... ငပေါ .. ငပေါ လို့ ငါ့ အဖေ က ပြောတယ် ”

( ၃ )

ထရမ်းပက်ဝင်းဦး သည် ကျွန်တော် စိတ်လှုပ်ရှားနေသည် ကို သိသည့်အလား စန္ဒရား ခုံ ပေါ် သွား ထိုင်ပြီး ပျော်စရာ ကောင်းသည့် တေး တစ်ပုဒ် ကို လက်သံ စမ်းနေပါသည် ။ ကျွန်တော့် ကို ချော့ သည့် သဘော ။

ထိုစဉ်ခါတွင် ဦးစိန်ဝင်း သည် သူ နှင့် အသက်တူ ရွယ်တူ လောက် ရှိပြီ ဖြစ်သော တယောပြားလေး ကို ပင့်ကူအိမ်များ ကြား မှ ထုတ် ယူလာပြီး -

“ ကိုင်း ... မင်းသား ၊ တို့ သီချင်းတွေ ဆိုကြရအောင်ပါ ” ဟု ကျွန်တော့် အား ချော့ပြန်ပါသည် ။ သူတို့ သည် ဖေဖေ့ ကို အလွန် လေးစားကြသည့် လူများ ဖြစ်ပါသည် ။

အစ်ကိုလေး ခေါ်  ( သူ့ ကို သည်လို ခေါ်မှ ကြိုက်သည် ) ဆရာဘိုကလေးတင့်အောင် က စည်း နှင့် ဝါး ကို ကိုင်ပြီး လိုက် လာသည် ။ သူတို့ သည် “ မေ့ပါနိုင် ” စသော ကြည်နူးဖွယ် သီချင်းများ ကို အသံ စမ်းနေကြပါသည် ။

“ နေကြပါဦးဗျာ ၊ ကျွန်တော် ဆိုချင်တဲ့ သီချင်း ဆိုပါရစေ ” ဟု ပြောလိုက်သောအခါ ကိုဝင်းဦး က “ ဘာ သီချင်းလဲဗျ ” ဟု မေး ပါသည် ။

“ ကျွန်တော့် နောက် ကသာ လိုက်တီးဗျာ ”

သူတို့ သည် ကျွန်တော် ဘာ ဆိုမည်ကို စောင့် နေကြပါသည် ။ ကျွန်တော် ဆို ချလိုက်ပါသည် ။ တစ်ဝက်တစ်ပျက် မှ စ ။

ရေး -  ရွှေတိုင်ညွန့်
ဆို   -  ဒေါ်ကြည်အောင်

မယ်တော်ဘုရား စကား တစ်ခွန်းလောက် မေးစမ်းပါရစေ အကျွန်ုပ် ၏ မွေးသဖခင် သည် မေတ္တာ သဘော ချစ်ပါသလော ပြောပြပါ အခါခါ မေးလေသည် ။

ဝေဒေဟီ ဖြေ မဆည်နိုင်ပြီ ချစ်တာတွေ အမေ ပြောပြပါမည် ၊ ခမည်းတော်ဘုရား အပေါ် အထင်တော် မမှားသင့်ပြီ ၊ မင့် အပေါ် အကြင်နာ သနားတာတွေ ပို ပါသည် ၊ သားလူမမည် ငယ်ရွယ်စဉ် က အတည် တစ်ကျွန်း ခူနာရယ် ကြောင့် ညည်းကာ ငိုရှာသည် မောင့် ဖခင် အာခံတွင်းမှာ သွင်းကာ သိပ်ရသည် ။ ဪ ချစ်လှတဲ့ သားဘပေမို့ အမေ ရင် ထုကာ မရှုရက်နိုင်ပါပြီ ၊ မင်း အနာ မသတီ လောက်စရာပ ပြည် ပေါက် တာတောင် မျိုကာ ချရှာသည် ။

သီချင်း ဆုံး ဆုံးချင်း ကျွန်တော် ထ ပြန်ခဲ့သည် ။ ဦးစိန်ဝင်း သည်  လည်းကောင်း ၊ အစ်ကိုလေး သည် လည်းကောင်း ၊ ကိုဝင်းဦး သည် လည်းကောင်း မျက်ရည် ဝိုင်းလျက် ကျန်ရစ်၏ ။

( ၄ )

အိမ် ပြန် ရောက်သောအခါ ကျွန်တော် အဖေ နှင့် ရန် မဖြစ်တော့ပါ ။

“ ဖေဖေ သား နောက်နောင် ကို ဖေဖေ့ ကို စိတ် နဲ့ တောင် ရန် မဖြစ်တော့ပါဘူး ”

ဖေဖေ က “ ငါ က မင်း ကို ဘာ ပြောနေလို့လဲ ၊ မင်း ဘာသာ ဖြစ်နေတာ မဟုတ်လား ”

‌ကျွန်တော် ဖေဖေ့ ပါး ကို နမ်း လိုက်ပါသည် ။

ကျေးဇူးတင်ပါသည် ဖေဖေ ခင်ဗျား ။ ထိုနည်းတူ အစ်ကိုလေး ၊ ဦးစိန်ဝင်း နှင့် ကိုဝင်းဦး ( ထရမ်းပက် ) တို့ အားလည်း ကျေးဇူးတင်လျက် ။

◾ သုမောင်

📖  ငွေတာရီ မဂ္ဂဇင်း     

       အောက်တိုဘာလ ၊ ၁၉၈၃ ခုနှစ်

koaungnaingoo.blogspot.com

No comments:

Post a Comment