Thursday, April 28, 2022

မင်းလူ နှင့် မောင်မိုးသူ


 

❝ မင်းလူ နှင့် မောင်မိုးသူ ❞

မင်းလူ က

‘ အမုန်း က ခရီး လွန်နေဆိုလား

ဒီလို တံခါးခေါက်သံခေါက်တဲ့သူဟာ

အချစ် နဲ့ အမုန်း ပဲ ရှိတာမို့

အချစ်လား ဟေ့ ဝင်ခဲ့လေကွယ် ’

လို့ ရေးလိုက်တော့ စာပေလောက မှာ တုန်ခါ သွားခဲ့ပါတယ် ။

မင်းလူ ဟာ မောင်မိုးသူ ရဲ့ သူငယ်ချင်း မဟုတ်ပါ ။ မောင်ဝဏ္ဏ တို့ ညီအစ်ကို ထဲ မှာ မောင်မိုးသူ က ညီ လို ၊ သူငယ်ချင်း လို ပေါင်းသင်းရတဲ့ ၊ ပေါင်းသင်းခဲ့တဲ့ သူ က မောင်ဝဏ္ဏ ဖြစ်ပါတယ် ။

မောင်ဝဏ္ဏ ကတော့ အစ်ကို လို ဖြစ်တဲ့ ဇော်ဇော်အောင် ၊ မြင့်ထွန်းသိန်း ( ထွန်းထွန်း - ဆေးသိပ္ပံ ) ၊ မောင်မိုးသူ တို့ နှင့် တွဲခဲ့သလို ဦးလေး လို ဖြစ်တဲ့ မောင်ကိုယု တို့ ၊ အထောက်တော်လှအောင် တို့ နှင့်လည်း ပေါင်းတာပဲ ။ သူတို့ ထက် ကြီးတဲ့ မင်းအောင် တို့ ၊ သော်တာဆွေ တို့ နဲ့လည်း ပေါင်း တာပဲ ။ မောင်ဝဏ္ဏ နဲ့ မောင်မိုးသူ တို့ ဟာ စာပေ လောက ၊ ရုပ်ရှင် လောက ၊ မဂ္ဂဇင်း လောက တွေမှာ မကွဲအတူ လုပ်ခဲ့ကြလေတော့ သောက်ဖော်စားဖက်လည်း ဖြစ်ပါတယ် ။ မောင်ဝဏ္ဏ ဒါရိုက်တာ အဖြစ် ရိုက်တဲ့ ကားတွေမှာ ဦးလေး တွေ ၊ အစ်ကိုတွေ ကို အူကြောင်ကြောင် နေရာတွေ မှာ ထည့် ထည့် ရိုက်လို့ မောင်မိုးသူ တို့ ၊ ဝင်းဖေ တို့လည်း တော်တော်များများ မှာ ပါ ပါတယ် ။ ဒါပေမဲ့ မောင်မိုးသူ တို့ ၊ ဝင်းဖေ တို့ က နေရာကောင်းကောင်း မရကြပါဘူး ။ နေရာကောင်း ကျ တော့ သူ့ ယောက်ဖ အောင်ပြည့် ( မောင်ဝဏ္ဏ ဇနီး ချိုရီ ရဲ့ အစ်ကို ) က နေရာ ရတာ ဖြစ်ပါတယ် ။ အောင်ပြည့် ကျတော့ အထောက်တော်လှအောင် ဆီ မှာ စ တွေ့ဖူးပြီး နောက် ချယ်ရီ အထိ အလုပ် မှာ တွဲဖူးပြီး မောင်ဝဏ္ဏ ရုပ်ရှင် ထဲ က ဇာတ်ကောင် ဇာတ်ရုပ် ကို သဘော ကျလို့ အရက်သောက်ခန်း တစ်ခန်း ခေါ် ရိုက်ပါတယ် ။ မရိုက်ခင် ကလည်း မူး ၊ ရိုက်တော့ လည်း မူး အတော် ဒုက္ခ ရောက်ဖူးပါတယ် ။ အောင်ပြည့် မကျန်းမာတော့ မောင်ဝဏ္ဏ တို့ ၊ ချိုရီ တို့ အိမ် ကို လာနေသေးတယ် ။ မောင်မိုးသူ လည်း သွားတွေ့ရပါတယ် ။ ဒီတော့ မောင်ဝဏ္ဏ ရဲ့အိမ် ကို မောင်မိုးသူ ထွက်ခလုတ် ဝင်ခလုတ် ရောက်ဖူးလေတော့ သုမောင် တို့ ၊ မင်းလူ တို့ အိမ်တော့ ရံဖန်ရံခါ မှ ရောက်ဖူး ဖြစ်တာ ဖြစ်ပါတယ် ။

စာရေးဆရာသုမောင် က မောင်မိုးသူ ကို အမြဲ အဖော် ညှိပါတယ် ။ အစ်ကို ၊ အစ်ကို ကိုဝဏ္ဏတို့ ၊ ကိုဉာဏ် တို့ က ကြောင်တယ်ဗျ ။ အစ်ကိုတို့ ၊ ကျွန်တော်တို့ က ရိုးတာ ဆိုပြီး အမြဲ ပြောလေ့ ရှိပါတယ် ။ မောင်ဝဏ္ဏ တို့ညီအစ်ကိုတွေ ထဲ မှာ မောင်ဝဏ္ဏ က အကြောင်ဆုံး ဖြစ်ပါတယ် ။ ဒဿန ဘဲ လေ ။

ကျောင်းတုန်းက ပဲ ဖီလော်ဆိုဖီ ယူလာတာ ထင်ပါရဲ့ ။ သုမောင် ကတော့ တကယ်ပဲ စာ ရေးနိုင်တဲ့ သူ ။ တွေ့သမျှ မြင်သမျှ စာ ဖြစ်အောင် ရေး နိုင်တဲ့ သူ ။ ရေးသမျှလည်း  ကောင်းအောင် ရေးနိုင်တဲ့ သူ ။ သုမောင် တို့ ၊ မောင်မိုးသူ တို့ ဗီဒီယိုဇာတ်ကား မှာ ပြင်ဦးလွင် အထိ ဗလကြီး ( သုမောင် ) နဲ့ လိုက်ပြီး ကူ ရိုက်ဖူးပါတယ် ။ ဗလ လည်း ကြောင် တာပါပဲ ။ သူ့ ကြောင် ပုံက တစ်မျိုးပါ ။ သူတို့ ညီအစ်ကို ထဲ မှာ အငြိမ်ဆုံး ၊ အအေးဆုံး ကတော့ မောင်မိုးသူ တို့ က ကိုဉာဏ် ( သူ့ နာမည် က ဉာဏ်ပေါ်  ) လို့ခေါ်ကြတဲ့ မင်းလူ ပါ ပဲ ။ မောင်မိုးသူ ရဲ့ စာပေ အကဲဖြတ် အရ စာ ရေးရာမှာ အကြိုက်ဆုံးစာရေးဆရာ က မင်းလူ ပဲ ဖြစ်ပါတယ် ။ မင်းလူ ရဲ့စာ ကို ဘယ် အယ်ဒီတာ မှ မတည်းဖြတ်ဘူး ။ မောင်မိုးသူ တို့ မဂ္ဂဇင်း မှာ မင်းလူ ရေးတဲ့ ဆောင်းပါး ကို မောင်မိုးသူ အချက် တချို့ တည်းဖြတ်ဖူးတော့ ကိုဉာဏ် က သူ့ တစ်သက် မှာ အဲဒီ တစ်ကြိမ် ပဲ တည်းဖြတ်တာ ခံရဖူးတယ်လို့ မှတ်မှတ်ရရ ပြောဖူးပါတယ် ။ မောင်ဝဏ္ဏ အိမ် ရောက်တိုင်း ကိုဉာဏ် ကို ခေါ်ကွာ ဆိုပြီး ကိုဉာဏ် နဲ့ စကား ပြောရတာ အရသာ ရှိပါတယ် ။ မင်းလူ နဲ့ မောင်မိုးသူ ဟောပြောပွဲ တစ်ခု ကွမ်းခြံကုန်း မှာ အဲဒီ တစ်ကြိမ် ပဲ တွဲ ဟောဖူးပါတယ် ။ မင်းလူ က အရက် မသောက်တတ်ပါ ။ ဘီယာ တောင် မစို့မပို့သောက်တဲ့ သူ ။

ဒါပေမဲ့ ထူးဆန်း တိုက်ဆိုင်တာက ဒေါ်ကလျာ ရဲ့အမျိုးသမီး စာရေးဆရာမများ စုစည်းရာ အရပ် ကို အမြဲ ဖိတ်ကြားခြင်း ခံရတဲ့ ယောက်ျားသား နှစ်ဦးကတော့ မင်းလူ နဲ့ မောင်မိုးသူ တို့ ပဲ ဖြစ်ပါတယ် ။ အမျိုးသမီးစာရေးဆရာတွေ က မင်းလူ ကို ဝိုင်းပြီး အနိုင် ကျင့်ပါတယ် ။ သူ့ ကို မျောက်လူ ဆို ပြီး နှိမ်ပါတယ် ။ သူ က ပြုံးပြုံး ပြုံးပြုံး ပဲ ။ ဒါပေမဲ့ စာတွေထဲ ကျတော့ ခင်ဆွေဦး ၊ ဦးစိန်ကြီး ၊ ဒေါ်ကလျာ တို့ အပါအဝင် မဂျူး တို့ ၊ သန်းမြင့်အောင် တို့ ၊ မဝိုင်း တို့ အားလုံးကို သရော် လှောင်ပြောင်ပြီး ရေး ပါတယ် ။ သူ သရော်သလို ပြန်ပြီး မရေးနိုင်ကြတဲ့ အမျိုးသမီးစာရေးဆရာမတွေ ကတော့ မင်းလူ ကို မျောက်လူ ဆိုပြီး ဆော် ကြတာပေါ့ ။ ဒါလည်း မင်းလူ က ခပ်ပြုံးပြုံး ပဲ ။ တကယ့်တကယ် က မင်းလူ လို ဘယ်သူမှ ရေးတတ်တာ မှတ်လို့ ။

မင်းလူ စာရေး ဘယ်လောက်ကောင်းသလဲ ဆိုတာ သူ ကွယ်လွန်ပြီးခါ မှ မင်းလူ ရဲ့ တစ်ကိုယ်တော် မဂ္ဂဇင်း ဆိုတာ ထွက် ပါတယ် ။ အယ်ဒီတာချုပ်က မင်းလူ ၊ တာဝန်ခံအယ်ဒီတာ က တောကျောင်းဘုန်းကြီး ။ တောကျောင်းဘုန်းကြီး ရဲ့ကဗျာ က အစအဆုံး ပြောင်မြောက်တဲ့ ကဗျာ ဖြစ်ပါတယ် ။ အယ်ဒီတာအဖွဲ့ ကလည်း မင်းကိုဉာဏ် တို့ ၊ မောင်ဉာဏ်လင်းတို့ ၊ ကမ္ဘာတုန် တို့ ပဲ ။

အယ်ဒီတာ အားလုံး က မင်းလူ မဟုတ်ဘူး ။ တစ်ကိုယ်တော်မဂ္ဂဇင်း ဆိုတဲ့ အတိုင်း မင်းလူ ရေး တဲ့ ကဗျာ တွေ ၊ ဆောင်းပါး တွေ ၊ ဝတ္ထု တွေ ၊ သရော်စာ တွေ ၊ ကဗျာ တွေ က အများကြီးရယ် ။ မင်းလူ ဟာ ဂန္ထဝင် စာ တွေလည်း အရမ်း ကျေတယ် ။ စာဖတ် အလွန် နာ တဲ့ သူ ။ အဲ မောင်မိုးသူ ရဲ့ ဘာသာပြန် စာအုပ်တွေ လည်း ကြိုက် သတဲ့ ။ တမင် မြှောက် ပြောတာလည်း ဖြစ် နိုင်ပါတယ် ။ ဘာပဲပြောပြော မောင်မိုးသူ ကတော့ ‘ မှန်တာတွေ ပြောတာတော့ ကိုဉာဏ် ရာ ဘာမှ အားမနာပါ နဲ့ပြောပါ ’ လို့ ပြော လိုက်တာပေါ့ ။

မင်းလူ ရဲ့စာတစ်ပုဒ် မှာ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ဆိုတာ နာမည်ကြီးပဲလေ ။

အဲဒါ ရှားလော့ဟုမ်း ဝတ္ထု ၊ စုံထောက်မောင်စံရှား ဝတ္ထု ထဲ က စိတ်ကူးလေ ။

တံခါး ခေါက်သံ ကို ဦးစံရှား က နား ထောင်ပြီး ဒီ တံခါးခေါက်သံမျိုး ခေါက်တဲ့ သူ ဟာ နှစ်ယောက် ပဲ ရှိတယ် ။ တစ်ယောက် က ခရီးလွန် နေတော့ တံခါး ခေါက်သူ ဟာ ဘယ်သူဘယ်ဝါ ပဲ ဆိုတာ သိပြီး ‘ ဝင်ခဲ့လေ ’ လို့ ပြောလိုက်တာ ။ အဲဒါကို မင်းလူ က ‘ အမုန်း က ခရီး လွန်နေဆိုလား ၊ ဒီလို တံခါး ခေါက်သံ ခေါက်တဲ့ သူ ဟာ အချစ် နဲ့ အမုန်း ပဲ ရှိတာမို့ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ’ လို့ ရေးလိုက်တော့ စာပေလောက မှာ တုန်ခါသွားခဲ့ပါတယ် ။

မင်းလူ ကို အမျိုးသမီးစာရေးဆရာမတွေ မနိုင်ကြပါဘူး ။ တစ်ခါ မင်းလူ ဆီးကျိတ်ပြဿနာ ဖြစ် လို့ အားလုံးက ဝမ်းသာဝမ်းနည်း သဝဏ်လွှာ ပို့ရမလား လို့ လာ တိုင်ပင်ကြတယ် ။

မင်းလူ ဟာ မောင်မိုးသူ ကိုတော့ အတော် ချစ်တယ် ။ သူ့ အစ်ကိုကြီး မောင်ဝဏ္ဏ ရဲ့သူငယ်ချင်း မို့ လား မသိပါဘူး ။ ဆီးကျိတ်ရောဂါ ကု ပြီး ရန်ကုန် ပြန် ရောက်တာ နဲ့ သူ့ အိမ် ကို ရောက်လာတဲ့ မောင်မိုးသူ ကို Fame က ထုတ်တဲ့ ခရမ်းချဉ်သီးဆေးလုံး နဲ့ မြန်မာဆေးများ ပေးပါတယ် ။ ပြီးတော့ အစ်ကို လည်း ဆီးကျိတ် ဖြစ်ဖူးတာပဲ ဂရုစိုက်ပါ ဆိုပြီး ပြော ရှာတယ် ။ သူတို့ ညီအစ်ကိုတွေ အကြောင်း ရေးရတာ နှမြောစရာ ကောင်း လိုက်တာ ။ တကယ်တမ်းတော့ မောင်မိုးသူ ဟာ သူတို့ ညီအစ်ကို တွေ နဲ့ မှ တွဲခဲ့ ၊ ပေါင်းခဲ့တာ မဟုတ်ပါဘူး ။ သူတို့ ဖခင် ဆရာသာဓု နဲ့ လည်း တွဲပြီး ရုပ်ရှင်ကောင်စီ မှာ အလုပ် လုပ် ဖူးတယ် ။ ဆရာသာဓု လက် ထဲမှာ အမြဲ စီးကရက်သံဘူး ပါပြီး မောင်မိုးသူ ကို အမြဲ တိုက် ပါတယ် ။ ပြီးတော့ ဆရာသာဓု က ပြောသေး ။ စီးကရက် သောက် တဲ့ ၊ အရက် မသောက် နဲ့ တဲ့ ။ ဝဏ္ဏ တို့ ၊ ဗလ တို့ က အရက်သမားတွေ တဲ့ ။ သူတို့ နဲ့ လည်း မပေါင်းနဲ့ တဲ့ ။ တကယ်တော့ ဆရာသာဓု က မောင်မိုးသူ ကို ဆော်တာ ဖြစ်ပါတယ် ။ မောင်မိုးသူ က ဝဏ္ဏ တို့ ၊ ဗလ တို့ နဲ့ အမြဲ သောက်ဖော်စားဖက် မို့ တမင် သိလျက် နဲ့ ပြော တာပါ ။

ဆရာသာဓု က ဆေးလိပ် ကြိုက်လို့ ဝဏ္ဏ ၊ ဗလ ၊ ကိုဉာဏ် အဲ အာယု အထိ လက်ထဲ ကြည့်လိုက်ရင် ဆေးပေါ့လိပ် ကိုယ်စီနဲ့ ပဲ ခင်ဗျ ။

ဝဏ္ဏ အရက် မသောက်တာ ကြာပါပြီ ။ ဒါပေမဲ့ ဆေးလိပ် ကြောင့် လို့ မောင်မိုးသူ ယူဆတာပါပဲ ။ အဆုတ်ကင်ဆာ ဖြစ်ရှာတယ် ။ မောင်မိုးသူ တို့ လည်း အမြဲ သွား ပေါ့ ။ အဲဒီလို မောင်ဝဏ္ဏ ကို ပြုစုနေတုန်း ဗလကြီး ( သုမောင် ) က ဆုံးတယ် ။ မောင်ဝဏ္ဏ ကို မပြောရဲဘူး ။ နောက် မောင်ဝဏ္ဏ ကို ပြုစုရတဲ့ သူ့ ဇနီးသည် ချိုရီ သူ့ ခင်ပွန်း ရဲ့ လေးလပြည့် လောက်မှာ ဆုံးပါးရှာတယ် ။ ချိုရီ ကလည်း မောင်မိုးသူ မိသားစုဝင် လို ၊ သမီး လို ၊ ညီမ လို ပါပဲ ။ အလွန်လှပြီး ချစ်စရာ ကောင်း တဲ့ ကောင်မလေး ။ မောင်ဝဏ္ဏ ကို ပြုစုနေရတာ နဲ့ သူ့ ရောဂါ ကို သူ မေ့ရော့သလား ။ ဒါမှမဟုတ် မောင်ဝဏ္ဏ မရှိရင် ငါ လည်း မနေတော့ဘူး ဆိုပြီး လိုက်သွားလေသလား မသိပါဘူး ။

နောက် မင်းလူ အဆုတ်ကင်ဆာ နဲ့ ဝိတိုရိယဆေးရုံ တင်ရတယ် ပြောပါတယ် ။ မင်းလူ ဆေးရုံတက်ချိန်မှာ မောင်ဝံသ လည်း အဆုတ်ကင်ဆာ နဲ့ ပဲ ဆေးရုံတက် နေရတာ ။ ဒါကို မင်းလူ က အဆုတ်ကင်ဆာအဖွဲ့အစည်း ဖွဲ့မယ် ။ မောင်ဝံသ က ဥက္ကဋ္ဌ ၊ သူ က အတွင်းရေးမှူး ဆိုပြီး စ,ပါသေးတယ် ။ မောင်ဝံသ ဆုံးလို့ ဘာမှ မကြာပါဘူး ။ မင်းလူ ဆုံး ပါတယ် ။ မောင်မိုးသူ လည်း မင်းလူ အရင် နေတဲ့ အမေညို အိမ် ကို သွားတော့ အိမ်နေရာ က မရှိတော့ဘူး ။ ဇဝန ဆို လား ပြောင်းသွားပြီ ဆိုတာ နဲ့ ရေဝေး ပဲ တန်း လိုက်သွားရပါတယ် ။

ရေဝေး ကျ မှ မင်းလူ ရဲ့ ဇနီး ၊ မင်းလူ ရဲ့သမီး နှစ်ယောက် သူမ နဲ့ ယုယ တို့ ကို မောင်မိုးသူ သေသေချာချာ တွေ့ဖူးတော့တာ ။ မင်းလူ ရက်လည် လုပ်တော့ မင်းလူ ရဲ့ဇဝန အိမ် ကို ရောက်ပါတယ် ။ မင်းလူ ရဲ့အိမ် က ရေပတ်လည် ဝိုင်း နေလို့ ရေထဲ ကို ဖြတ် လျှောက်ပြီးမှ မင်းလူ အိမ် ရောက် ၊ သူ့ ဇနီး နဲ့ သမီး နှစ်ယောက် ကို နှုတ်ဆက်ရပါတယ် ။ ဟဲ့ ကိုဉာဏ့် သမီး တွေ ဘယ်သူများ စာ ရေးကြသလဲ ဆိုတော့ ယုယ က စာရေးတယ်လို့ ပြောတော့ ဝမ်းသာရပြန်တယ် ။

တကယ်တော့ သူတို့ ညီအစ်ကိုတွေ ဟာ ဆရာသာဓု ရဲ့ အဆုတ်ရောဂါ အမွေ ရတာ ၊ ဆေးလိပ်သောက် တဲ့ အမွေ ရတာ သူတို့ ညီအစ်ကိုတွေ ထဲမှာ အားကစားသမား ဖြစ်တဲ့ ရူပ တစ်ယောက် ပဲ ကျန်ရစ်ပါတယ် ။ အာယု တောင် အဆစ်ပါ သွားသေးတယ် ။

မင်းလူ လို စာ ရေး ကောင်းပြီး သဘော ကောင်း တဲ့ ညီငယ်တစ်ယောက် ဆုံးပါးသွားရလေတော့ လွမ်းတော်မူဖို့ စာ ကို စီလိုက်ရတာပဲ ဖြစ်ပါတယ် ။

◾မောင်မိုးသူ

📖 သို့ ... မင်းလူ ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment