Wednesday, April 27, 2022

ကိုပီတိ နှင့် လှည့်ကွက်သစ်

❝ ကိုပီတိ နှင့် လှည့်ကွက်သစ် ❞

“ လက်ဝဲသုန္ဒရ အိမ် ကို ဝယ်ချင်တယ်ဗျာ ”

“ ဘယ့်နှယ်ကွ ... ဘယ်လို ”

အရင်း မရှိ အဖျား မရှိ ပြောချလိုက်တဲ့ နှုတ်ခမ်းမွှေး ရဲ့ စကား ကြောင့် ကိုပီတိ အံ့ဩတကြီး မေးလိုက်ပြီး ...

“ တွေးတွေးဆဆလည်း လုပ်ပါဦး နှုတ်ခမ်းမွှေး ရာ ကုန်းဘောင်ခေတ် က အိမ်တစ်လုံး ကို ၂၀၀၄ ခုနှစ် ကျ မှ ဝယ် ချင်လို့ ရနိုင်ပါ့မလား ... ရဦးတော့ ဒီ အိမ် ဟာ အကောင်းပကတိ ဖြစ်နိုင်ပါ့မလား ၊ ဖြစ်ဦးတော့ လက်ဝဲသုန္ဒရအမတ်ကြီး နေခဲ့တဲ့ အိမ် ဆိုတာ ရော သေချာပါ့မလား ... တစ်ခုခုတော့ ချွတ်ယွင်း နေရောပေါ့ ”

နှုတ်ခမ်းမွှေးခြောက်ကပ်ကပ် နဲ့ လူ က ရယ် လိုက်ရင်း

“ ကျုပ် ရှေးဟောင်းပစ္စည်း လိုင်း မှာ လုပ်စားလာတာ ၊ ခင်ဗျား အသက် လောက် ရှိနေပြီ မသေချာရင် နေရာ က မရွှေ့ဘူး ၊ ကျုပ်လူ တွေ ကို စုံစမ်း ခိုင်းထားတာ နှစ်နှစ် ကျော်ပြီ ၊ အခုမှ သတင်း အစအန ရလာတာ ၊ တစ်အိမ်လုံး ကျွန်းသား နဲ့ ဆောက်ထားပြီး နံရံတွေ မှာ နန္ဒိသေနပျို့ ထဲ က စစ်အင်္ဂါတွေ ကို ရုပ်ကြွပန်းပု နဲ့ ပုံဖော်ထားသတဲ့ ... နှစ်စဉ်လိုလို ရေနံ ဝ အောင် သုတ်ထားတာ ဆိုတော့ သိပ် မပျက်စီးသေးဘူးပေါ့ ”

“ ဘယ်နယ်မှာ တွေ့ တာတုန်း ”

“ မုံရွေး နား က ရွာတစ်ရွာ ဗျ ”

“ ဟင် လက်ဝဲသုန္ဒရ ရွှေဘို မှာ နေတဲ့ ဥစ္စာ ဘယ်လို ကနေ မုံရွေး ကို ရွှေ့သွားတာလည်း ”

“ အမတ်ကြီး ကတော် ရဲ့ဇာတိ လို့ ပြောတာပဲ အမတ်ကြီး ကွယ်လွန်တော့ သားတွေမြေးတွေ က ဖျက်ပြီး ယူလာတာတဲ့ ”

“ နို့ဖြင့် မင်း ဘယ်လောက်ဈေး နဲ့ ဆိုင်ထားပြီးပြီလဲ ”

နှုတ်ခမ်းမွှေး သူ့ နှုတ်ခမ်းမွှေး နီကြောင်ကြောင်တွေ ကိုသပ်ရင်း

“ အဝယ် ခက်နေလို့ အခု အဲဒီ အိမ် က ဘုန်းကြီးကျောင်း ကို ဆွမ်းစားကျောင်း အဖြစ် လှူထားလိုက်ပြီး အဲဒါ ခင်ဗျား က လူရွှင်တော် ဆိုတော့ လူသိ လည်း များ ၊ လူချစ်လူခင် လည်း ပေါ သမှုတ်လား ဖြစ်နိုင်ရင် ဟဲ ဟဲ ... ”

“ အမလေး မဖြစ်နိုင်ပါရစေနဲ့ တော် ၊ ကျုပ် လင် အသက် ကြီး မှ ပြေးပေါက် မှား နေပါ့မယ် ”

တစ်လျှောက်လုံး ငြိမ် နေခဲ့တဲ့ မဒမ်ပီတိ မျက်လုံးပြူး မျက်ဆံပြူး နဲ့ ဝင် တားတယ် ၊ နှုတ်ခမ်းမွှေး ပိုက်ဆံ အိတ် ကို ဖွင့်ရင်း

“ ကျုပ် က ခင်ဗျား ယောက်ျား ကို ခွဲစားချင်လို့ပါ ။ အဲဒီ နေရာ ကို သွားချင်တဲ့ လူတွေ မှ အပုံကြီး ။ ကဲ ရော့ ... ခင်ဗျား တောင်ရှည် ပုဆိုး ဘိုး ထောင့်သုံးရာ ”

“ အဲဒီ နယ် ကို သူ မသွားရဲ လို့ ကိုကို့ ကို လွှတ် လိုက်တာ သိလား အရင် တစ်ခါက သူ ပြဿနာ ဖြစ်လာတဲ့ နေရာ ... ”

အပြန်လမ်း ကျ မှ မဒမ်ပီတိ က ဖွင့်ပြောတယ် ။

“ ဘယ်လို ပြဿနာတုန်း ဟ ”

“ အဲဒီ ရွာ မှာ တိုင်းရင်းဆေးကျမ်း ပုရပိုဒ်ကြီး တစ်ခု ရှိသတဲ့ ။ ယွန်းပုရပိုက် ကို ရွှေပိန်း ချထားတာ တဲ့ ၊ ပိုင်ရှင် က လည်း တိုင်းရင်းဆေးဆရာကြီး ၊ အသက် ခုနစ်ဆယ် ကျော် တဲ့ ၊ ပုရပိုက် လက်ရာ မပြောနဲ့ အထဲ က ဆေးနည်းတွေ ရောင်းစားရင် ကို တန်ဖိုး မနည်းဘူး တဲ့ ၊ ဒီတော့ နှုတ်ခမ်းမွှေး က သူ့ ထုံးစံအတိုင်း ချဉ်းကပ်ပြီး အမျိုးမျိုး ချော့ ဝယ်တာ ကို ဟို အဖိုးကြီး က မရောင်းဘူး လေ ၊ တစ်ရက် အဖိုးကြီး ရဲ့ အိမ်သားတွေ အလုပ် သွားကြတုန်း နှုတ်ခမ်းမွှေး က စကားစမြည် ဝင် ပြောရင်း ကျေးလက် က အဖိုးကြီးတွေ ဟာ အသက် ရှစ်ဆယ် ကျော် တာတောင် မြို့ပြ က သုံးဆယ် အရွယ် လူငယ်လူရွယ်တွေ နဲ့ သန်စွမ်းဖြတ်လတ်မှု အတူတူဖြစ်တဲ့ အကြောင်း ခပ်တိုတို ပြောရင်း သူ့ ရွာ က ဘကြီး ဆိုရင် ခုနစ်ဆယ့်ငါးနှစ် ရှိတာ ကို တစ်နေ့ ထန်း ခုနစ်ပင် တက်နိုင်တုန်း ၊ အင်မတန် ထူးခြား တဲ့ ဖျတ်လတ်မှုတွေ ကို ပိုင်ဆိုင်ကြောင်း ပြောတော့ ဟို အဖိုးကြီး ကလည်း အားကျမခံ သူ လည်း နေ့စဉ် အိမ် နောက် က ချောင်း ကို ဟိုဖက် သည်ဖက် ကူးလာခဲ့တာ နှစ် သုံးဆယ် ကျော်ခဲ့ပြီ ဆိုတော့ သူ က အံ့သြဟန် နဲ့ လက်တွေ့ ဓာတ်ပုံ မှတ်တမ်း တင်ပါရစေပေါ့ ။ ထိုက်သင့်သလိုလည်း ကန်တော့ ခဲ့ပါဦးမယ် ဆိုတော့ ဟိုလူကြီး က လာ ဆိုပြီး အင်္ကျီ ချွတ် ခါးတောင်း မြှောင်အောင် ကြိုက် လို့ ပေလေးဆယ်လောက် ရှိတဲ့ ချောင်း ထဲ ကို ခုန်ချ ။ ဟိုဘက် ကမ်း ကို ကူးချသွားရော ။ အဖိုးကြီး ဟိုဘက်ကမ်း ရောက်ခါနီး ကျတော့ နှုတ်ခမ်းမွှေး က အိမ် ထဲ ကို ပြန် ပြေး ၊ ပုရပိုက်ကြီး ယူ ပြီး လစ်ပြေး အလာ ရွာ က လူတွေ က မသင်္ကာတာ နဲ့ ဖမ်းထားတုန်း အဖိုးကြီး ရေစိုလုံချည်တောင် မလဲနိုင်ဘူး နောက် က ဖုန် တစ်လုံးလုံး နဲ့ ပြေးလိုက်လာတာ ၊ ရေကူးရတဲ့ ဒဏ် ၊ လိုက်လာရတဲ့ ဒဏ် ကြောင့် ချက်ချင်း ရန် မလုပ်နိုင်သေးဘူး ၊ ငါးမိနစ် လောက် အမော ဖြေနေရသတဲ့ ၊ နှုတ်ခမ်းမွှေး က လူပါး လေ  ။ ဒီ ပုရပိုက် ထဲ က နား မလည်တဲ့ ပါဠိတွေ ၊ ဆရာတော်တွေ ကို လျှောက် ကြည့်ချင်လို့ သတိရတုန်း ခဏ ယူမိတာပါ ။ ယုံကြည်အောင် အပေါင် ပေးတဲ့ သဘော နဲ့ ငွေတစ်သောင်း လည်း စားပွဲ ပေါ် မှာ တင် ထားခဲ့ပါတယ် ဆိုလို့ သွားကြည့်ကြတော့ ဟုတ်နေလို့ အောင့်သက်သက် နဲ့ ပြန် လွှတ်လိုက်ကြရတာလေ ၊ ဟို အကောင် လည်း သူ့ ဟာ သူ လိပ်ပြာ လန့်ပြီး မသွားရဲတော့ဘူး ”

မဒမ်ပီတိ ပြောရင်း ရယ်နေတယ် ၊ အင်မတန် လျှင်တဲ့ သတ္တဝါ ဒီတစ်ခါ ပဲ ခံရဘူးတာ ကိုး... အခုပဲ ကြည့် သူ့အိမ်တွင်းဖြစ် ရုပ်သေးရုပ် တွေ ကို ဆင်ပေးဖို့ တောင်ရှည်ပုဆိုး အဟောင်း တွေ ကို ဈေးကောင်းပေးပြီး ဝယ်တယ် ၊ ခပ်အူအူ ကိုပီတိ က -

“ အသစ်တွေ တစ်ပုံကြီး ရှိပါသကွာ ၊ မင့် ဟာ အဟောင်းအဆွေးတွေ ကို မတန်တဆ ပေးဝယ်ရတယ်လို့ အရူး မဟုတ် ၊ အကောင်း မဟုတ် ”

နှုတ်ခမ်းမွှေး ထူရန်ကော ဆိုတဲ့ အကြည့် နဲ့

“ ရှေးဟောင်းပစ္စည်း ပါ ဆိုမှ အသစ် နဲ့ မွမ်းမံထားရင် ဘယ်သူက ယုံကြည်တော့မှာလည်း ၊ ရုပ်သေးရုပ် တွေတောင် မဟောင်း ဟောင်း အောင် မနည်း လုပ်ထားရတာ ၊ ဒါမှ နိုင်ငံခြားသား တွေ အထင် ကြီးတာ ၊ ဆိုတဲ့ ဈေး ပေးတာ ”

သူ့ အတွေး နဲ့ သူ တော့ အံကျသားပဲ ၊ နှုတ်ခမ်းမွှေး လက်ဖက်ရည်ခွက် ကို သူ့ ရှေ့ တိုးပေးလိုက်ရင်း

“ အခု ခင်ဗျားတို့ သွားပြီး ပွဲ ကရမှာ ရှမ်းပြည်နယ် ဆို ... ”

“ အင်း ”

“ အဲဒီဖက်က ရွာတွေ မှာ အလေးဟောင်း တွေ ရှိတတ်တယ် ၊ ဟင်္သာရုပ်ရယ် ၊ ဆင်ရုပ်ရယ် ၊ နဂါးရယ် အကောင်းဆုံး က ခွေးရုပ်အလေးစုံ ပဲ ဗျ ၊ တစ်ကျပ်သား ကနေ ပိဿာလေး ထိ အစုံလိုက် ရရင် ပွဲ ပြတ်ပြီ ။ ပွဲရက် ကြာရင် ပိုပြီး ရှာချိန် ရတာပေါ့ ။ ခေါပုတ်တို့ ထမင်းချဉ်တို့ ရောင်းတဲ့ ဆိုင်တွေ ကို စုံစမ်းကြည့်ပေါ့ ... သူတို့ ဆီ က ထမင်း တောင် အချိန်အတွယ် နဲ့ ရောင်းတာမဟုတ်လား ပြီးတော့ တိုင်းရင်းသား ဝတ်စုံတွေ ဝယ် ခဲ့ဗျာ... ”

“ အဟောင်းတွေ ရှာဝယ်ရမှာလား ”

“ ဟာ အဲဒါတွေကတော့ အသစ် မှ အလုပ် ဖြစ်တော့မှာပေါ့ ခင်ဗျား ကလည်း အမေ မှာ တဲ့ ဆန်တစ်ခွဲ ပါပဲ ၊ အော် ... မောင်း မောင်း တွေလည်း ရရင် ဝယ်ခဲ့ ”

“ မောင်း ဘာလုပ်ဖို့လည်း မင်း ဆန်ဖွတ် စားတော့ မလို့လား ”

“ ဟာ ၊ တီး တဲ့ မောင်း ပြောတာဗျ ၊ ကျုပ် မှာ လိုက်တာတွေ မမေ့နဲ့ နော် ။ ခင်ဗျား အကျိုးအတွက် လမ်းဖွင့်ပေးလိုက်တာ မြေထည်ပစ္စည်း လက်ရာကောင်းကောင်းတွေ တွေ့ရင်လည်း မုန်ဖိုး ပေးပြီး ယူခဲ့.. ”

အနုပညာသမား ဆိုတာ စီးပွားရေးသမား နဲ့ ရည်ရွယ်ချက်ခြင်း အနေအထိုင် စရိုက် ဆန့်ကျင်ပါတယ် ၊ စီးပွားရေးသမား က သူ လိုချင်တာ ရဖို့ အိမ်ကြိုအိမ်ကြား ဈေးကြို ဈေးကြား တွေမှာ သွားလာ ရှာဖွေသလို အနုပညာသမား ကတော့ သူ ရှိရာ ကိုပဲ ပွဲကြည့်သူ တွေ ဝိုင်းအုံပြီး လာ စေချင်တယ် ။ အဲဒီကျမှ ဖျော်ဖြေမယ် ။ စီးပွားရေးသမား ရဲ့ ရည်ရွယ်ချက် က ငွေကြေး ၊ အနုပညာသမား ရဲ့ ရည်ရွယ်ချက် က အောင်မြင်မှု ၊ ဘယ်လိုမှ သဟဇာတ မဖြစ်တာကြောင့် ကြီးပွားဖို့ လက္ခဏာ မပါတဲ့ ကိုပီတိ ဘယ် ပစ္စည်း ကို မှ မစုံစမ်းမိတာ အမှန်ပါ ။ ရိုးရာယဉ်ကျေးမှု ကို ထိမ်းသိမ်း ကပြနေသူမို့ ယဉ်ကျေးမှု အလှအပတွေ ကို ခုံမင်နှမြောတာလည်း ပါတာပေါ့ ၊ ကုသိုလ် ကံ ကောင်းချင်တော့ နောက်ဆုံး ည မှာ ပွဲငှား က မြေ ဆေးတံအိုး အရိုးပဲ့ တစ်ခု လက်ဆောင် ပေးလိုက်တယ် ။

•••••   •••••   •••••

“ ကျွန်တော့် အိမ် မှာ အင်းဝ ဘက် က ကောက် ယူလာတဲ့ မြေဆေးတံတွေ တောင်း နဲ့ တစ်လုံးစာရှိတယ် ၊ တစ်ချို့များ မီးတောင် မဖုတ် ရသေးဘူး ၊ မူရင်း‌မြေသားလက်ရာအတိုင်းဘဲ ”

နှုတ်ခမ်းမွှေး ဆေးတံအိုး ကို လက်ဝါး ပေါ် တင်ကြည့်ရင်း တတွတ်တွတ် ပြောနေတယ် ၊ ကိုပီတိရင် ထဲ မှာတော့ သူ့ စကား အတိုင်း ဆိုရင် အခု သောက်နေတဲ့လက်ဖက်ရည်ဖိုး တောင် ငါ စိုက် ရှင်းရတော့မယ် ထင်ပါရဲ့ ၊ ဆိုတဲ့စကားသံတွေ ညံနေလေရဲ့ နှုတ်ခမ်းမွှေး ဆက်ပြောတယ် ။

“ ပန်းပွင့်ပုံ ကနုတ်ခွေပုံ တွေ ကို အတွေ့ များခဲ့ပေမယ့် အခု လက်ရာ ကိုတော့ ဒီ တစ်ခါ ပဲ မြင်ဖူးသေးတယ် .. ”

အမှောင်ထု သိပ်သည်းနေတဲ့ ငါ့စီးပွားရေး အနာဂါတ် ကို အလင်းမြှင် တစ်စ ဖြတ်သန်းစ ပြုလာပါပကော ၊ နှုတ်ခမ်းမွှေး အံ့သြမယ် ဆိုရင်လည်း အံ့ဩစရာ ၊ ကိုပီတိ ရလာတဲ့ ဆေးတံက မျောက်တစ်ကောင် နောက်ပြန် ဆေးတံအိုးကို ထမ်းထားတဲ့ လက်ရာ ။ ရိုးရိုး မျောက် မဟုတ်ဘူး ၊ အိန္ဒိယလက်ရာ နဲ့ ရာဇဝင်ဆန် တဲ့ မျောက် ။

“ အင်းဝ ၊ ညောင်ရမ်း ခေတ်တွေ ထက်ကို စောတဲ့ ခေတ် ဖြစ်ရမယ် ၊ ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုး တဲ့ အချိန်မျိုး ဆိုတော့ အင်း ... ပျူ ဗိဿနိုးခေတ် လောက်ကပေါ့ ”

ကိုပီတိ ဝမ်းသာအားရ နဲ့ စကားလှေကြုံ စီးလိုက်တယ် ။

“ အဲဒီ ပုဂ္ဂိုလ် က ပြည် ဘက်ကို ဘုရားဖူး သွားရင် ကောက် ရလာတာတဲ့ ကွ ”

“ လက်ရာ က ဟံလင်း ခေတ် လက်ရာမျိုးဗျ ”

ရော ... ခိုင်လုံအောင် ပြော လိုက်မှ သူ က ဝက်လက်မြို့နယ် ထဲ တောင် ရွှေ့ သွားလိုက်သေးတယ် ။ အို ... ကိုယ် လဲ နားလည်တာ မှ မဟုတ်ပဲ ပေးသရွေ့ အမြတ်ပေါ့ ။

“ ငါးထောင် ယူသွားဗျ ၊ လက်ရာ ကို ပေးတာနော် ပစ္စည်း ကို ပေးတာ မဟုတ်ဘူး ”

ကိုပီတိ တုန်ရီနေတဲ့ လက် နဲ့ ငွေစက္ကူ ကို ယူရင်း ၊ ရင် တွေလည်း ခုန် နေတယ် ။ လုံးဝ မျှော်လင့် မထားတဲ့ တန်ဘိုး ၊ ထင်မှတ် မထားတဲ့ ငွေ ၊ အမွေအနှစ်ကောင်း ဆိုတာ နှစ်ကြာလေ အဖိုး တန်လေပါလား ၊ နှုတ်ခမ်းမွှေး က မျှဝေခံစားတဲ့မျက်နှာမျိုး နဲ့

“ ဂျာမန်သမိုင်းသုတေသီ  မိတ်ဆွေ တစ်ယောက် က ရှားပါး အရှေ့တိုင်း လက်ရာမျိုး ရချင်တယ်ပြောလို့ ၊ ကျုပ် လည်း မမြတ်ပါဘူး ၊ ခင်ဗျား လို ငါးထောင် ပဲ ရ မှာပါ ”

သူ့ ရင် ထဲက ဒေါ်လာ ဆိုတဲ့ အသံ ကို တော့ ကိုပီတိ မကြားနိုင်ရှာဘူးလေ ။

•••••   •••••   •••••

တုရင်တောင် ပေါ် မှာ အနားယူနေတဲ့ နေမင်းကြီး ဟာ အနောက်ဘက် တန့်ကြည်တောင် ကို အလင်းထုတွေ စေလွှတ်လိုက်ပြီ ။ ဧရာဝတီ ရဲ့ ရွှေရည်တွေ က ညင်ညင်သာသာ စီးမျောလို့ ထနောင်းပင်တန်း ဆီ က ချိုးကူသံ သဲ့သဲ့ ပေါ်လာတယ် ၊ တမ္ပဒီပ ရွှေအဆင်း ရှိသော အနီရောင် ပုဂံ မြေပြင် မှာ ကိုပီတိ ဆူးလေဆူးပင် တွေ ကို တုတ်တစ်ချောင်း နဲ့ ဖယ်ရှားရင်း မြေသား ထဲ ကို ထိုးဆွ စမ်းသပ်နေတုန်း ...

“ ကိုကို ... ကိုကို ... ဘာ လုပ်နေတာလည်း... ”

အမောတကော အော်ရင်း ပြေးလာတဲ့ မဒမ်ပီတီ ကို မျက်စောင်း ထိုး ရင်း ...

“ ဆေးတံ ရှာနေတာပေါ့ ဟ ... လန့်လို က် တာ နင် ကလည်း ... ”

အာနန္ဒာဘုရားပွဲတော် ကို က ရတော့မယ် ဆို ကတည်းက ဒင်း လိုက်ချင်နေတာ ဖျတ်ဖျတ် ကို လူး လို့ ၊ ပွဲ တစ်ည က အပြီး မှာ အာနန္ဒာ ၊ သဗ္ဗညု ၊ ဓမ္မရံကြီး ၊ ဗူးဘုရား တွေ ဖူးချင်လှချေ ရဲ့ဆိုလို့ လိုက် ပို့ပြီး ဒင်း အိပ်နေတုန်း အငြိမ့်ခုံ နောက် က မြေစုန့် ပွပွ မှာ ရှာဖွေရေး လုပ်နေတာ ၊ လာ နှောင့်ယှက်ပြန်ပြီ ။ ဒီတစ်ချီ ဆေးတံ ရရင်တော့ နှုတ်ခမ်းမွှေး ထက် ကြီးကျယ်အောင် ကျန်စစ်သားမင်းကြီး ပွဲကြည့်ဆောင်မှာ ဖွာရှိုက်တော် မူခဲ့တဲ့

“ ပုဂံခေတ် ဆေးတံ သောက် တဲ့ အလေ့အထ နည်းတယ် ကိုကို ရဲ့ ”

“ ဒါဖြင့် ဘာ သောက်ကြတာတုန်း ငါးသုံးလုံးလား ၊ မာလ်ဘိုရိုလား ”

စိတ်တိုတို နဲ့ ရွဲ့ ပြောလိုက်ပေမယ့် ဒင့် မျက်ခွက်ပေါ် က အပြုံး ဟာ လွင့် မသွားဘူး ။

“ ခုနက မင်းသမီးတွေ နဲ့ ဘုရားဖူးသွားရင်း ဟိုနား က ဆိုင်ခန်း မှာ ပစ္စည်းတစ်ခု တွေ့ခဲ့လို့ နှုတ်ခမ်းမွှေးအကြိုက် ပစ္စည်းမျိုး ကိုကို ရဲ့ လာပါ သွားရအောင် ”

မလိုက်ပြန်ရင်လည်း မြင်း အီးပေါက်သလို ဗျစ်တောက် ဗျစ်တောက် နဲ့ ရန်လုပ် ခံနေရဦးတော့ မှာဆိုတဲ့ အတွေး နဲ့ ကိုပီတီ ထ လိုက် သွားရတယ် ။

“ ဒီမှာ ကြည့်စမ်း ကိုကို မြင်ဖူးရဲ့လား ”

မဒမ်ပီတိ ပြ ရာကို ကြည့်လိုက်တော့ အသား ကို ဖောင်းကြွ ဆင်ရုပ် နှစ်ဖက် ထွင်းထုထားတဲ့ သေတ္တာကလေး ရေနံ ဝပြီး ညိုမှိုင်းစိုအိလို့ နံဘေး မှာလည်း ကနုတ်ပန်းခွေ တွေ လိမ်လိမ်ယှက်ယှက် ။ ကိုပီတိ မျက်လုံးတွေ ကျယ်သွားပြီး ဆိုင်ရှင် ကို

“ ဒါ ဘာ ထည့် တဲ့ သေတ္တာတုန်း ခင်ဗျ ”

“ ရှေးလူကြီးတွေ ချိန်ခွင် ထည့်တဲ့ သေတ္တာပါ ခင်ဗျ ၊ သံ မရိုက်ပဲ စရွေး စွတ် ထုထားတဲ့ လက်ရာပါ ”

မဒမ်ပီတိ ပြာရီးပြာယာ ဝင်တဲ့ပြီး

“ ဘယ်လောက်တုန်း ရှင့် ”

“ နှစ်ထောင် ရောင်းပါတယ် ”

“ ကျွန်မတို့ က အိမ်မှာ အလှ ထားမှာမို့လို့ လျှော့ပါဦးရှင် မြတ် နိုးလို့ပါ အဟဲဟဲ ”

ဆိုင်ရှင် က ခပ်ပြုံးပြုံး ကြည့်ရင်း ... ထောင့်ရှစ်ရာ နဲ့ ရောင်း လိုက်ပါတယ် ။ မဒမ်ပီတိ ဆိုင် က အထွက် တစ်လမ်းလုံး ဝမ်းသာအားရ နဲ့ ...

“ နှုတ်ခမ်းမွှေး တော့ နာပြီသာ မှတ် ... တစ်သောင်း ကို တစ်ကျပ် မလျှော့ဘူး ၊ ဒါ သမီး ကြည့်တတ်လို့ ရလာတာနော် ဟင်း ဟင်း ... ဒီ တစ်ကွက် တော့ ဒင်းရေရေလည်လည် ခံလိုက်ရ ...  ”

ပြောလက်စ စကားတွေ ဖရိုဖရဲ ဖြစ် ၊ မျက်လုံးကြီး ပြူး ပါးစပ် ဟောင်းလောင်း နဲ့ မဒမ်ပီတိ ငိုင် ကျသွားတယ် ။ သူ့ ရှေ့ ဆိုင် တစ်ဆိုင် ရဲ့နောက်မှာ နေ လှမ်းထား တဲ့ ဆင်ရုပ်ချိန်ခွင်သေတ္တာ တွေ အစီအရီ ရေနံတောင် မသုတ်ရသေးဘူး ၊ ကိုပီတိ ဆိုင် ထဲ က ထွက် လာတဲ့ လူကြီး ကို ကတုန်ကယင် လေသံ နဲ့ လှမ်းပြီး ..

“ ဒီ ... ဒီ သေတ္တာတွေ ... ဘယ် ... ဘယ် က ရ တာလဲ ခင်ဗျ ”

ဆိုတော့ လူကြီး က ခပ်ပြုံးပြုံး နဲ့ အေးအေးလေး ဖြေ လိုက်ပါတယ်...

“ မန္တလေး က နှုတ်ခမ်းမွှေး ဖောက်သည် ပို့ ပေးတာပါ တစ်လုံး ကို ငါးရာနှုန်း ပဲ ကျ ပါတယ်ခင်ဗျ .. ”

◾ ချစ်စရာ

📖 ကိုပီတိ

www.facebook.com/aung.naingoo.3726613

.

 

No comments:

Post a Comment