Monday, April 25, 2022

မြင်းတစ်ကောင်


 

❝ မြင်းတစ်ကောင် ❞

ဒီအကြောင်း နှင့် ပတ်သက်လို့ ခင်ဗျား ကို ပြောပြလျှင် ခင်ဗျား ယုံ ချင် မှ ယုံမည် ။

တစ်ခါက ကျွန်တော် မြင်း တစ်ကောင် ဖြစ်သွားဖူးသည် ။

အမှန်တော့ ကျွန်တော် က အလုပ်သမား တစ်ဦး ဖြစ်သည် ။ ဉာဏအလုပ်သမား တော့ မဟုတ်ပါ ။ စက်မောင်းရတဲ့ အလုပ်သမား တစ်ယောက် သာ ။ ကျွန်တော်တို့ အလုပ်ရုံ မှာ ( လက်ချိုး ရေတွက်လို့ ရသော ) အလုပ်သမား ရာဂဏန်း လောက် တော့ ရှိသည် ။ ကျွန်တော် က ထို အထဲ မှ တစ်ယောက် ဖြစ်သည် ။

တကယ်က ကျွန်တော် ပြောချင်သည် မှာ တစ်ခါက ကျွန်တော် မြင်း တစ်ကောင် ဖြစ်သွားသော အကြောင်း ဖြစ်သည် ။

ကျွန်တော့် အိမ် နှင့် ကျွန်တော် အလုပ် ဆင်း ရသော နေရာ မှာ သိပ် မဝေးပါ ။ အလွန်ဆုံး ငါးမိနစ် ပဲ လမ်း လျှောက်ရမည် ။ ကျွန်တော့် အိမ် မှ အလုပ် ရှိရာသို့ အသွား တွင် လမ်း မှာ ဘတ်စ်ကားဂိတ် တစ်ခု နှင့် မြင်းလှည်းဂိတ် တစ်ခု ကို ဖြတ်ရသည် ။ နေ့စဉ် ဖြတ်ဖြတ်သွားရင်း ကျွန်တော် မြင်းလှည်းများ ကို မြင်မြင် နေရသည် ။ တစ်ခါတစ်ခါ ရုတ်တရက် နောက် မှ ပေါ်လာတတ်သော မြင်းလှည်း ကို မနည်း ရှောင်လိုက်ရတာလည်း ရှိသည် ။ တစ်ခါတစ်ခါတော့ မြင်းကတ် ကို မြင်းလှည်းဆရာ က တရွှမ်းရွှမ်း ကျာပွတ် နှင့် တင်ပါး ၊ ခြေထောက် ၊ ဗိုက် ၊ တစ်ခါတစ်ရံ လည်ပင်း တို့ ရိုက်လိုက်လျှင် မြင်းကတ် လည်း အလန့်တကြား ပြေးထွက်လာခိုက် လမ်းပေါ် မှာ ကျွန်တော်  ရောက် နေခဲ့လျှင် မနည်း ရှောင် ပြေးရဖူးသည် ။ တစ်ခါတော့ မြင်းလှည်း တစ်စီး သည် ချောင်းငယ် ကူး တံတားကို အဖြတ် ချောက် ထဲ လိမ့်ကျသွားရာ ခရီးသည် တွေ ရော မြင်းပါ ပက်လက် လန်သွားသည်ကို တွေ့ခဲ့ရဖူးသည် ။ လူတွေ ကို အလွယ်တကူ ဆွဲထုတ်၍ ရသော်လည်း မြင်း ကို တော့ မနည်းကြီး ပြန်မတ် ယူရသည် ။ ဒီတစ်ခါ မြင်းလှည်းဆရာ သည် မြင်း ကို ဆဲဆိုရင်း ဘေး အကူအညီများ နှင့် လှည်း ကို မ,ထုတ်ခဲ့ရတော့၏ ။

•••••   •••••   •••••

တစ်နေ့တွင် ကျွန်တော် အလုပ် မှ ပြန်ခိုက် ဂိတ် မှ ထွက်လာသော မြင်းလှည်း တစ်စီး ကို မြင်ရ၏ ။ လူတစ်ယောက် မြင်း ရဲ့ ရှေ့ခြေနှစ်ချောင်း ကို လျှော်ကြိုး နှစ်ပင်ပူး နှင့် ပွတ် ဆွဲနေလေသည် ။ မြင်း ကတ်နေသောကြောင့် ဒီလို လုပ်နေတာပဲ ဟု ကျွန်တော် တွေး မိ၏ ။ မြင်း မှာ ခြေ မလှမ်းချင်တော့ ။ ရိုက် လို့လည်း မလှမ်း ။ ဒီအခါ လျှော်ကြိုး နှစ်ပင်ပူးလျက် ရှေ့ ခြေ ကို ပွတ် ဆွဲသောအခါ မြင်း သည် နာကျင်လွန်းသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွားပြီး ခြေ လှမ်းသလို ဖြစ်သွားရသည် ။ တွန့်ဆုတ်လိုက် ၊ ခုန်ဆွလိုက် နှင့် နောက်ဆုံး မလွှဲမရှောင်သာ ပြေး ရလေတော့သည် ။ ကျွန်တော် သည် ထို အဖြစ် ကို ရပ်ကြည့်ရင်း ကျွန်တော် ကိုယ်တိုင် မြင်း တစ်ကောင် ဖြစ်သွားသည် ။

•••••   •••••   •••••

ကျွန်တော့် ကို ကျွန်တော့် သခင် ဝယ်လာတုန်းက နှစ်နှစ်သား လောက် ပဲ ရှိသေးသည် ။ ကျွန်တော့် ကို အထက်ဘက် မြင်းခြံမြို့က ဝယ်လာခြင်း ဖြစ်သည် ။ ဒီတုန်းက ခိုင်း လို့ မရတတ်သေးသဖြင့် သုံးထောင့်ငါးရာ လောက် ပဲ သခင် က ပေးခဲ့ရသည် ။

ကျွန်တော်တို့ မြင်းတွေ ကို နှစ်နှစ်ခွဲ ၊ သုံးနှစ်သား လောက် မှ ခိုင်း လို့ ဖြစ်ပါမည် ။ ဝယ် ဝယ်ချင်း ခိုင်းလို့ ရသော မြင်း ဆိုလျှင် အညံ့ဆုံး သုံးထောင် ကျပ် မှ အမြင့်ဆုံး ငါးထောင်ကျော် လောက်တော့ ရှိသည် ဟု ကျွန်တော့် သခင် နှင့် မြင်းပွဲစား တစ်ဦး တို့ ပြောတာ ကြားဖူးပါသည် ။ တစ်ခုတော့ ရှိသည် ။ “ ငိုသံကြား ” မြင်းမျိုးနှင့် “ ပုခက်လွှဲ ” မြင်းမျိုး က ခိုက်တတ်တယ် လို့ အယူ ရှိတဲ့ အတွက် ဈေး မရှိတတ် ။ ဝယ်သူ ရှောင် တတ်သတဲ့ ။ ငိုသံ ကြား ခြင်း ဆိုတာ က မြင်း ကိုယ် ကို လှည်း မှာ တပ်ပြီး အိမ် က ထွက်မယ် အလုပ် အိမ် ဘက် ကို ခေါင်းလှည့် ကြည့် တတ်သော မြင်း ။ ပုခက်လွှဲခြင်း ကတော့ ရပ်နေရင်း ကိုယ် ကို လှုပ် လွှဲ နေတတ်သော မြင်း ၊ မြင်းရှင် သတ်သတဲ့ ။

ကျွန်တော် ကတော့ အရောင်အသွေး ရော ၊ စရိုက် ရော ကောင်း သည့် မြင်းမျိုး ဟု ဆိုပါသည် ။ ကျွန်တော့် အရောင် က ချိတ်လေး ( နီညိုရင့်ရောင် ) ၊ နှာရိုး တစ်လျှောက် အဖြူစင်း ရှိလို့ ကျွန်တော့် ကို နှာကြား ဟု ခေါ်ပါသည် ။

ကျွန်တော့် ကို ကျွန်တော့် သခင် က ဝယ် လာပြီး မကြာမီ မှာပဲ လှည်းဆွဲ ကျင့်သည် ။ လှည်းဆွဲ ကျင့် သည်မှာ လှည်း ပေါ် ၌ လူ မပါ ။ လှည်း ကို ကျွန်တော့် ခန္ဓာကိုယ် နှင့် တွဲ လိုက်ပြီးနောက် သခင် နှင့် သူ့ သား က ဘေး တစ်ဖက်တစ်ချက် က ပြေး လိုက်ပြီး ကျွန်တော့် ပါးစပ်ကြိုး ကို ဆွဲလျက် လှည်းဆွဲ ကျင့်ပေးပါသည် ။ ပထမ တော့ ကျွန်တော် လည်း မပြေးတတ်ပါ ။ သားရေ နှင့် လုပ်ထားသော လည်ဂွေ ( ခွေ ) ကလည်း အစ်တစ်တစ် ဖြစ်နေပါသည် ။ လူ တွေ ၊ ကား ၊ စက်ဘီး တွေ ကို မလန့်အောင်လည်း မျက်နှာဖုံး ( မျက်လုံးကာ ) တပ်ထားရာ ဘေးဘီ ကို လည်း ကောင်းကောင်း မမြင်ရ ။ လုံးဝပါ ။ အမှန်က သူတို့ လုပ်ထားပုံ က ရှေ့တည့်တည့် သူတို့ သွားလိုရာ က လွဲပြီး ဘာမှ မမြင်ရလေ ကောင်းလေ ပင် ။ သူတို့ဆွဲသော ပါးစပ်ကြိုး အာခေါင် ဟိုဘက် ဒီဘက် ကို သံချောင်း ၊ သို့မဟုတ် သံပိုက်လုံးလေး ထည့် ထားပြီး ( စက်သွား ဟုလည်း ခေါ်ပါသည် ) ဘေး တစ်ဖက် တစ်ချက် သံကွင်း မှာ ကြိုးတပ် ။ မျက်နှာဖုံးသံကွင်း နှင့်ဆက် ၊ ဒီ က မှ လှည်းမောင်းသူ က ထို ကြိုးစ နှစ်စ ကို ဆွဲ၍ မောင်းခြင်း ဖြစ်သည် အတိုင်း ကျွန်တော် လှုပ်ရှားရမည် ။ ဘယ် ဘက် က ဆွဲလျှင် ခေါင်း က ဘယ်ဘက် စောင်းသွားပြီး ဘယ်ကွေ့ ၊ ညာ ကြိုး တင်းလျှင် ညာကွေ့ ၊ ကြိုး လျှော့ပြီး ငေါက်သံ နှင့် တင်ပါး ကို တစ်ချက် လောက် ဖြန်းခနဲ ရိုက်လျှင် ရှေ့စူးစူး ကို ပြေး ။ ဒီ သင်္ကေတ ကို မှတ်မိအောင် ယခု လေ့ကျင့်ပေးခြင်း ပဲ ဖြစ်သည် ။ ကျွန်တော့် မှာတော့ တန်း ( လက်တန်း ) နှစ်တန်း ပါးကြိုး ၊ လည်ခွေ ၊ ဗိုက်ကြိုး ၊ အမြီးကြိုး တို့ကြောင့် ကျဉ်းကျဉ်းကျပ်ကျပ် နှင့် တုပ်နှောင် ထားသလို ဖြစ်ပြီး သွားရလာရ ၊ ပြေးရလွှားရ တာ လွတ်လွတ်လပ်လပ် မရှိသလို ဖြစ်ကာ လန့် လို့လည်း နေပါသည် ။ တင်ပါး နှင့် ခြေကာ မှာ လည်း တိုက်တိုက် နေပြန်ပါသည် ။ နောက်တော့လည်း ကျင့်သား ရသွားခဲ့လေသည် ။

“ဟဲ့ ... နှာကြား ၊ ပြေးလေ ၊ ဖေ့သားကြီး ... ပြေးလေ”

တစ်ခါတစ်ရံ ချော့ချော့မော့မော့ သားကြီး ဆိုပြီး ခိုင်း ပါသည် ။ ကျွန်တော် အလွန် ပင်ပန်းမောနေသည့် အခါ မအီမသာ ဖြစ်ပြီး ခြေလက် မသယ်ချင် ၊ မလှုပ်ချင် ၊ မရှားချင် သည့် အခါ ကျွန်တော် အလွယ်တကူ ပြေး မထွက်နိုင်ခဲ့ ။ ဒီအခါ သခင် သည် လူရှေ့သူရှေ့မရှောင် ကျွန်တော့် ကို ဆဲ ပါသည် ။ တင်ပါး ကို ရိုက် ၊ ရိုက် မရလျှင် ခြေထောက် ၊ ဗိုက်များ ကို ရိုက်ပါသည် ။ မတန်တဆ နာကျင်ပေမဲ့ စိတ် ကြီးတတ်သော မြင်းမျိုး ဖြစ်၍ မသွားဘဲ ပေကတ် နေလိုက်မိလျှင် သခင်လည်း တစ်စတစ်စ ပို ကြမ်းလာတော့၏ ။ အကူ မြင်းလှည်းသမား တစ်ယောက်ကို ခေါ် ၊ ပါးကြိုး ( ဇက်သွားကြိုး ) ကို ရှေ့က ဆွဲ ၊ ကျာပွတ် နှင့် ခြေထောက်များ ကို ရိုက် နှင့် ပတ်ကြမ်းတိုက်လေတော့သည် ။

လှည်း ပေါ် က ခရီးသည် တချို့ က ကျွန်တော့် ကို သနားကြမည် အမှန် ။ ဒါပေမဲ့ သူတို့ မပြောသာ ။ တချို့ကတော့ ကတ်ရပါမို့လား ဆိုပြီး သူတို့ ခရီး ဖင့်မှု အတွက် ကျွန်တော့် ကို အမြင်ကတ်ကတ် နှင့် ကျိန်ဆဲဦးမည် ။ တချို့ကတော့ ဥပေက္ခာ ။

•••••   •••••   •••••

ကျွန်တော် နှစ်နှစ်ခွဲ ပြည့်လုနီး အချိန်မှာပဲ ကျွန်တော့် ကို အလုပ် ခိုင်း ပါတော့သည် ။ ကျွန်တော့် အရင် ရှိ နှင့်သော “ ရွှေမ ” ဆိုသည့် မြင်းမအို ကို တော့ ရောင်း ထုတ်လိုက်ကြ၏ ။ ရွှေမ မှာ အိုနာ ကျစ ပြုပြီ ။ လှည်း တစ်ခေါက် ဆွဲရင်ပဲ မော နေတတ်ပြီ ။ လှည်း ဆွဲလာတာပဲ ဆယ်နှစ် ကျော်လေပြီ ။ အသက် ကလည်း နှစ်ဆယ်နီးပါး ရှိပြီး လှည်းတပ် အတင်းအကျပ် ခိုင်း လျှင်တော့ သူ့ အင်အား ရှိသမျှ ရုန်း ပါသေးသည် ။ ဒါပေမဲ့ ရုန်း သာ ရုန်း ၊ ပြေးသာ ပြေး မရွေ့ တော့ ။ သူ့ ကို သခင် က ရောင်း ထုတ်လိုက်သော နေ့က ရွှေမ မျက်ရည်စ တွေ ကြွေ ကျခဲ့တာ ကျွန်တော် မြင်လိုက်ရသေးသည် ။

ပထမ ကျွန်တော့် ဝယ် လာစက ကျွန်တော် သည် ရွှေမ နှင့် အတူ သခင့် အိမ်ဘေး အဖီ မြင်းဇောင်း မှာ နေခဲ့ရ၏ ။ ရွှေမ က ကျွန်တော့် ကို ကြင်နာစွာ လက်ခံခဲ့ပါသည် ။ အစား စားရာတွင်လည်း ဦးစား ပေးခဲ့ပါသည် ။ သူ သည် ကျွန်တော့် ကို မြင်းသစ်ကလေး ဆိုပြီး ဗိုလ် မကျခဲ့ ။ ဖေးမခဲ့သည် ။ ကျွန်တော် လှည်းဆွဲကျင့်သော ကာလ လှည်းဆွဲ ကျင့်ပြီး မောမော နှင့် မြင်းဇောင်း ကို ပြန် ရောက်လာလျှင် ရွှေမ သည် ကျွန်တော့် ကို ကြင်နာစွာ လျှာ ဖြင့် လျက်ပြီး နှစ်သိမ့်ပေးခဲ့ဖူးပါသည် ။ ယခုတော့ ရွှေမ မရှိတော့ ။ ရွှေမ ကို မြင်းပင်စင် ပေး လိုက်ကြလေပြီလား ။

သည့်နောက်တော့ ကျွန်တော် သည် ရွှေမ နေရာ အစား ဝင်ရတော့သည် ။

ပထမ တော့ ကျွန်တော် တက်ကြွနေခဲ့သေးသည် ။ ငယ် လည်း ငယ် ၊ စိတ် လည်း ထက် နေတော့ ဘယ်လောက် ပြေးရ ပြေးရ ကျွန်တော် မောတယ် ပန်းတယ် မရှိခဲ့ ။ တစ်ခါတစ်ခါ ဂိတ်ဆုံး ရွာကြီး တွင် ဘုရားပွဲ ရှိပြီ ဆို မိုးလင်း က မိုးချုပ် တစ်နေ့လုံး ကျွန်တော် ပြေး နေရတော့သည် ။ ဒါလည်း ကျွန်တော် မမှုပါ ။ အမှန်က လှည်းဆွဲမြင်း ကို နှစ်ကောင် ထားရမှာ ဖြစ်သည် ။ မနက်ပိုင်း တစ်ကောင် ၊ ညနေပိုင်း တစ်ကောင် ။ ဒါပေမဲ့ သခင့် မှာ နှစ်ကောင် ဝယ်နိုင်အား မရှိ ။ ဒီတော့ ကျွန်တော် ပဲ တစ်ကောင် တည်း နှစ်ကောင် စာ ရုန်းရတော့သည် ။

•••••   •••••   •••••

ဒီလိုနှင့် ဆယ်နှစ် ကျော်ကျော် လောက် ပြေးပြီးတော့ ကျွန်တော် နည်းနည်း ကျ လာပါသည် ။ ကျန်းမာရေး လည်း သိပ် မကောင်းချင်တော့ ။ လပေါင်း ၊ နှစ်ပေါင်း များစွာ ည ဘက် မတ်တတ်ရပ် အိပ်စက်လေ့ ရှိသော ကျွန်တော် သည် ယခုတော့ ဗုန်းဗုန်းလဲလျောင်း အိပ်စက်ချင်လာပါသည် ။ နှစ်ပေါင်းများစွာ စားလာသော ရိုးပြတ်စင်း နှင့် ပဲမှုန့်ဆမ်း အာဟာရ သည်လည်း ခံတွင်း မတွေ့ချင်တော့ ။ စား ရတာ တစ်နေ့ လာ လည်း ဒါပဲ မဟုတ်လား ။ ကျွန်တော် တစ်ခါတစ်ရံ စားရသော မြက်ခင်းစိမ်းနုကလေးများ ကို မြင်မက် လာတတ်သည် ။ အထူးစပါယ်ရှယ် အစာ ဖြစ်သော ကုလားပဲလုံး ရေစိမ် ကိုလည်း တမ်းတမိသည် ။ ညအခါ နှိပ်စက်တတ် သော မှက် ၊ ခြင် ၊ ဖြုတ် တို့ ၏ သွေးစုပ်မှု ကို လည်း သည်း မခံနိုင်ချင်တော့ ။

တစ်ခါတော့ ကျွန်တော့် ဘဝ ကို စိတ်ချဉ် ပေါက်နေပြီး ( ထိုနေ့က အစာ ကို ဝဝလင်လင် လည်း မပေးခဲ့ ) သခင် ရဲ့ သား အနား ကပ်လာသည် တွင် လန့်ကန်လိုက်မိရာ ကျွန်တော် သေလုမြောပါး အရိုက် ခံရလေတော့၏ ။ ကျွန်တော့် ကို သစ်ပင် တွင် ကြိုးချည်ပြီး တုတ်ပေါင်းစုံ ဖြင့် စုတ်ပြတ်သတ်အောင် ရိုက်ခဲ့ကြသည် ။ မျက်ရည်သွယ်သွယ် ကျအောင် နာကျင်ခဲ့ရ၏ ။ သခင့် သား လည်း လက် ကျိုးသွားသည် ကိုး ။

တစ်ရက်မှာ ကျွန်တော် နည်းနည်း ဖျားချင်နေမည် ထင်သည် ။ တစ်ကိုယ်လုံး ကိုက်ခဲနာကျင် နေကာ မလှုပ်ချင် ၊ မလှမ်းချင် ။ ဒါပေမဲ့ နံနက် လင်းသည် နှင့် ထုံးစံအတိုင်း လှည်း မှာ တပ်ပြီး ကျွန်တော် အိမ် က ထွက်လာရသည် ။ ( ယခုအခါ အရွယ် ရောက်လာပြီ ဖြစ်သော သခင့် သား က မြင်းလှည်း မောင်း ပါသည် ။ သခင့် သား က မြင်းအကြောင်း သိပ် မသိသေး ။ မြင်း နေမကောင်း ဖြစ်ချင်၍ မှိုင်တိုင်တိုင် ဖြစ်လာသည် ကို သတိ မထားမိ ) အဲဒီနေ့ က မနက်ပိုင်း မြို့သစ် ကို နှစ်ခေါက်ဆွဲ လိုက်ရ၏ ။ နေ့လယ်ပိုင်း သခင့် သား ထမင်း စားချိန် မှာ ကျွန်တော် လည်း အနား ရသည် ။ အစာ စားပြီးတော့ အိပ်ချင်လိုက်တာဗျာ ။ မတ်တတ် ပဲ ငိုက်မျဉ်းရ၏ ။

လူတွေ အိမ် ပြန်ချိန် ညနေ လေးနာရီလောက် မှာ ကျွန်တော် ပြန်ထွက်ရ၏  ။ ရာသီဥတု က ပူ ၊ တစ်ကိုယ်လုံး ကိုက်ခဲ နှင့် ကျွန်တော် ဗုန်းဗုန်း လဲပြီး သေသွားတော့ မလား ထင် နေခဲ့သည် ။ ( ကျွန်တော်တို့ မြင်းတွေ မှာ ရပ် လျှင် အကျိုး ၊ ခြေ သုံးချောင်း ထောက် ရပ် တတ်သည် ။ လှဲ လျှင် အသေ ဆိုတာ ရှိသည် ။ နေမကောင်းလို့ လှဲ အိပ်လိုက်လျှင်တော့ သေဖို့ သာ ပြင် ။ ကျွန်တော်တို့ က အင်မတန် အသက်နု သည် ဆိုရမည် ။ ကျွန်တော်တို့ အသက် က တကယ့် ပါးလှပ်လှပ် ပန်းရောင်လေး )

ဂိတ် မှာ ခေတ္တ အလှည့် စောင့်နေတော့ ကျွန်တော် မော နေပါသည် ။ လှည်း ထွက်ပြီ ဆိုသည် နှင့် လှည်း နှင့် ကျွန်တော် မှာ ခွဲခွာခြင်း မရှိတော့ ။ ဂိတ် မှာ နားနေလည်း လှည်း ဖြုတ်ထားသည် မဟုတ်ပါ ။ ဒီ အချိန်က ရေ ငတ်လို့လည်း နေသည် ။ ဒီအခိုက် အလှည့် ကျလာခဲ့၏ ။ သခင့် သား က ကျွန်တော့် ကို ဆွဲပြီး ဂိတ် ထိုးသည် ။ ကျွန်တော့် ခြေထောက်များ ခွေညွှတ်ချင်နေပြီ ကို သိ၏ ။ မြေ မှာ ကောင်းကောင်း မရပ်တည်နိုင် ချင် ။ ခရီးသည်များ တက်လာကြ၏ ။ လူပြည့်ပြီ ၊ ထွက်တော့ ။

“ ဟဲ့ ... နှာကြား ၊ ဖေ့သားကြီး ”

သခင့် သား က ကျွန်တော့် ကို စတင်မောင်းနှင်သည် ။ ကျွန်တော့် ခြေထောက်တွေ က မရွေ့ ။ သခင့် သား က ချော့ မရမှန်း သိသောအခါ ကျာပွတ် ကို သုံး သည် ။ တင်ပါး ကို ခပ်စပ်စပ်ကလေး ရိုက် လိုက်၏ ။ ကျွန်တော် ရုန်းသည် ။ ခြေထောက်တွေ က မရွေ့  ။ သခင့် သား အော်ငေါက်သည် ။ ခြေထောက် ၊ ဝမ်းဗိုက်များ ကို ရိုက်သည် ။ ကျွန်တော် မရွေ့  ။

“ ဟေ့ … မောင်စိုး ၊ လုပ်စမ်းပါဦးကွ ။ နှာကြား ကတ် နေပြန်ပြီ ။ ပညာ လာ ပေးစမ်းပါဦး ”

ထိတ်ခနဲ လန့် သွားသည် ။ ကျွန်တော်တို့ မြင်းတွေ အကြောက်ဆုံး နည်း ကို သူတို့ အသုံးပြုတော့မည် ။ ဒီ နည်းက တီထွင်ထား တာ ဘာမှ မကြာသေး ။ လျှော်ကြိုး တစ်ချောင်း ကို ယူ၍ မောင်စိုး ဆို တဲ့ မြင်းလှည်းသမား ရောက် လာသည် ။ လျှော်ကြိုး ကို ခေါက် လိုက်တော့ နှစ်ပင်ပူး ဖြစ် သွားသည် ။ ကျွန်တော့် ရှေ့ခြေ နှစ်ချောင်းကို ဗိုက်အောက် မှ ပတ်သွင်းလိုက်သည် ။ နောက်တော့ ရှေ့မှ ဘေးမှ ပွတ် ဆွဲပါတော့သည် ။ နာလိုက်တာ အသည်းခိုက် ။ ဒီလို လုပ်ခဲ့သည့် အကြိမ် လည်း မနည်းတော့ သဖြင့် ကျွန်တော့် ရှေ့ ပေါင်ရင်းတွေ မှာ အနာဖြစ် ၊ အနာရွတ်တွေ ဖြစ် နေခဲ့ဖူးပြီ ။ ကျွန်တော် နာလွန်း၍ အော်သည် ။ ခုန်ဆွခုန်ဆွ ၊ မြောက်ဆွမြောက်ဆွ ဖြစ်သွားသည် ။ တော်ပါတော့ ။ တော်ကြပါတော့ ။

ကျွန်တော် နာလွန်းလို့ပါ ။ အမေ ...  မွေးမေ ရေ .. သား ကို မကယ်နိုင်တော့ဘူးလား ။ ကျွန်တော် တအား ကျုံး ရုန်းသည် ။ ရှိသမျှ ခွန်အား ၊ ရှိသမျှ စွမ်းအား  ။ တစ်လက်မ ပဲ ရွေ့ ရွေ့ ၊ နှစ်လက်မ ၊ သုံးလက်မ ၊ တစ်ပေ ၊ တစ်ကိုက် ။

•••••   •••••   •••••

ပြေး ထွက်သွားနေသော မြင်းလှည်း ကို ကျွန်တော် ငေးမော ကြည့်နေရာ မှ သတိ ပြန် ကပ်လာသည် ။

◾မောင်တင်ဆင့်

📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
      အမှတ် ၉ ၊ ၁၉၈၉ ။

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment