Friday, April 29, 2022

စေတနာရှင်


 

   ❝  စေတနာရှင် ❞

ညနေ ၄ နာရီခန့်တွင် အစိမ်းရင့်ရောင် ဆလွန်းကား တစ်စီး သည် ဦးဝိစာရလမ်း တစ်ခုသောခြံ နှင့် နှစ်ထပ်တိုက် တစ်လုံး ၏ ဆင်ဝင်အောက် သို့ ထိုး၍ ရပ်လိုက်၏ ။

“ ဟော ကိုကိုပြန်လာပြီ ” ဟု အသက် ၂၃ နှစ်ခန့် မိန်းမတစ်ယောက် နှင့် အသက် ၂၅ နှစ် ခန့် မိန်းမ တစ်ယောက် ပြေး ထွက်လာကြကာ ကားပေါ် မှ မိုးကာအင်္ကျီ ၊ ကုန်သည်ကိုင် သားရေအိတ် ၊ စက္ကူထုပ် တစ်ထုပ် တို့ ကို ဝေခွဲ ယူငင်ကြလေသည် ။

လုလင် မှာ အသက် ၃၀ ခန့် မွန်မွန်ရည် ၊ အဝတ်အထည် သပ်သပ်ရပ်ရပ် ဖြစ်၏ ။ ထွက်ကြိုသူ လုံမပျို တစ်ဦး မှာ နှုတ်ခမ်းထူ ၊ နှာခေါင်းပွ ၊ မျက်လုံးပြူး နှင့် ဖြစ်၍ ၊ အခြား တစ်ဦး မှာကား အသား မညိုတညို ။ ရုပ်ရည်သနားကမား ဖြစ်သော်လည်း လုလင် နှင့် ဆက်စပ်၍ မရချေ ။

လုလင်လည်း ပြုံးပြုံးရယ်ရယ် နှင့် ပင် တိုက်အောက်ထပ် သို့ ဝင်ရောက်လာရာ ၊ တံခါးမ အလွန်တွင် မရဲတရဲ ရပ် နေသော အသက် ၁၅ နှစ်ခန့် ဆံအုပ်လုံးသိမ်း နှင့် ကလေးတစ်ယောက် ကို မြင် ရသဖြင့် အံ့အားသင့်သွား၏ ။ လာကြိုသူ လုံမ တစ်ယောက် က

“ ဟဲ့ လှညွန့် ဒါပဲ တို့ပြောတဲ့ ကိုကို ဆိုတာ ” ကလေးမ သည် လုလင် အား လေးစားရွံ့ကြောက်သော အသွင် နှင့် မော့ကြည့်၏ ။ လုလင် မှာ သူ့ အခန်း ဆီသို့ သွားကာ ဘောင်းဘီရှည် ၊ ဖိနပ် တို့ ကို ချည်ချောလုံချည် ၊ ရှေ့ထိုးဖိနပ် နှင့် လဲပြောင်း ဝတ်ဆင်ကာ ထွက်၍ လာ၏ ။

“ ဪ မင်းမောင် ၊ ပြန်လာပြီလား ၊ ဟော တူမတစ်ယောက် တိုးပြန်ပြီ ”

အသက် ၅၀ ခန့် ဖြူဖြူတုတ်တုတ် မိန်းမခန့်ကြီး တစ်ယောက်သည် သား ဖြစ်သူ ရှိရာ ဧည့်ခန်း သို့ လာပြီးလျှင် စတင် ပြောဆိုခြင်း ဖြစ်၏ ။

“ ဘယ်ကလဲ မေမေ ရဲ့ ”

“ အေး သူ ပြောပြပါလိမ့်မယ် ၊ စကားပြော သွက်ပါတယ် ၊ ရုပ် ကိုလည်း မင်း သေသေချာချာ ကြည့်ရင် ညွန် ဖုံးနေတဲ့ ပတ္တမြား လိုပဲ ”

ကလေးမ သည် လူစိမ်း ဖြစ်သဖြင့် ပြတင်းတစ်ခုနား တွင် ရပ်၍ နေ၏ ။ ကိုမင်းမောင် က ...

“ ဟေ့ ကလေးမ လာပါဦးကွဲ့ ” ဆိုမှ မရဲတရဲ နှင့် လျှောက်၍ လာကာ ဆိုဖာဘေး ကော်ဇော ပေါ် တွင် ထိုင်မည် အလုပ် “ ဟဲ့ အဲဒီပေါ် ထိုင်" ဟု ဆိုသဖြင့် ဆိုဖာပေါ် ထိုင် ချလိုက်ရာ ဖင် မြုပ်သွားသဖြင့် “ အကို့ ” ဟုဆိုကာ ယောင်၍ မတ်တတ် ရပ်ရှာသည် ။ နှာတံ ၊ မျက်လုံး ၊ မျက်နှာပေါက် အမှန်ပင် မိန်းမချောလေး တစ်ယောက် ဖြစ်သည်ကို ကိုမင်းမောင် အကဲ ခတ်မိလေသည် ။ မိန်းကလေး ၏ ခါး က ဖျဉ်အင်္ကျီ ကား သူ နှင့် မတော် အတော် ကြီးနေသဖြင့် အိမ် က သူငယ်မကြီးတွေ ၏ အင်္ကျီ ဝတ်ဆင်ပေးထားကြောင်း တွေးမိ၏ ။ ထိုအခါ ၂ နာရီခွဲ နှင့် ၃ နာရီခွဲ အကြား ရန်ကုန်မြို့ တွင် မိုးသည်းထန်စွာ ရွာ ချသည်ကို ကိုမင်းမောင် သတိပြုမိ၏ ။ မိန်းကလေး မှာ မိုးမိ၍ အဝတ်တွေ စိုသဖြင့် အိမ် က အဝတ်နှင့် လဲပေးထားကြောင်းလည်း စုံထောက် ကိုဉာဏ်များ ဟန် နှင့် အတတ် တွေးလေသည် ။

“ ပြောပါဦးကွဲ့ ၊ ဘယ်လို ဖြစ်လာတာလဲ ” 

ကလေးမ သည် ကိုမင်းမောင် ၏ မိခင် ဒေါ်လှအေး အား တစ်လှည့် ၊ ကိုမင်းမောင် တစ်လှည့် ကြည့်ပြီးနောက် သူ့ ဖြစ်ပုံကို ....

“ ကျွန်မတို့က တောက ၊ ကျွန်မအမေ က မသက် တဲ့ ၊ ကျွန်မအဖေ က ကိုမြတ်ကျော် တဲ့ ”

“ ဟဲ့ နင် စောစောက ပြောတော့ ကိုဘိုးဟန် ဆို ”

“ ဟုတ်ပါတယ် မေမေကြီး ရဲ့ ၊ ကျွန်မ ရည်လည်အောင် ပြော မလို့ပါ ။ တောမှ ဓားပြတော့ ဓားပြလက်ချက် နဲ့ ကျွန်မ အဖေ အရင်း ကိုမြတ်ကျော် သေပါတယ် ။ ဒီအခါမှာ ကိုဘိုးဟန် က အမေ နဲ့ ကျွန်မကို သနားတယ် ဆိုပြီး စောင့်ရှောက်ပါတယ် ။ ကျွန်မ အသက် ၁၃ နှစ် ရှိသေးတယ် ။ နောက် စောင့်ရှောက်ရင်း အမေ နဲ့ ညားကြရော ။ တော မှာ အလုပ်အကိုင် မရှိ ၊ ငတ်တစ်လှည့် ပြတ်တစ်လှည့် မို့ အမေ့ ပုလဲနားကပ် ရောင်းပြီး ရန်ကုန် လာကြတယ် ။ ရန်ကုန် ကျတော့ ကျောက်တိုင် အမြင့်ကြီး အပေါ်မှာ ဘုန်းကြီးတစ်ပါး တောင်ဝှေး ထောက် ထားပုံ ကြေးရုပ် ရှိတဲ့ အဲဒီ အနောက်မြောက် ဘက် နား ဘေးမှာ တဲထိုး ဗူးသီးကြော် ရောင်း ကြပါတယ် ။ တစ်စတစ်စ ငွေရ များတော့ တဲကြီးတစ်လုံး အသစ် ထိုးနေကြတယ် ။ ပထွေး ဟာ ကျွန်မ အပေါ် ကောင်းပါတယ် ။ သူ အရင်က မသောက်တတ်ဘူး ။ ရန်ကုန် က လူတွေ နဲ့ ပေါင်းမှ အရက် သောက်တတ်တယ် ၊ ကျွန်မ အပေါ်လည်း သူ မရိုးချင်ဘူး ၊ ဒါပေမဲ့ အမေ ကလည်း စောင့်ရှောက် ၊ ကျွန်မ ကလည်း ရှောင်နိုင်အောင် ရှောင် ခဲ့တာပဲ ။ ဒါနဲ့ ကနေ့တော့ အမေ နဲ့ ဗူးသီး ဝယ် သွားကြတယ် ။ နောက် သူ တစ်ယောက်တည်း ပြန် လာတယ် ။ မူး လာတယ်လို့လည်း ထင်တယ် ။ ကျွန်မ လည်း ခပ်လန့်လန့် ၊ ဗူးသီး လှီး တဲ့ ဓားဦးချွန် ကို ဖျာအောက် အမှတ်တမဲ့ ထိုး ထားတယ် ။ ဒီအတွင်း အိပ်ရာ ပေါ် တက် အိပ်ပြီး ကျွန်မကို အနှိပ် ခိုင်းတယ် ။ ငယ်ငယ် ကလည်း နှိပ် ပေးခဲ့ရဖူးတော့ နှိပ် ပေးရတာပဲ ။ ဒါပေမဲ့ သူ ဘာမပြော ညာမပြော အတင်း ဖက်လှဲတော့ ကျွန်မ က ပရိယာယ် ဆင်ပြီး “ နေဦး ခဏ နေဦး လုံးချည် တစ်ထပ် ချွတ် လိုက်ဦးမယ် ” ဆိုတော့ သူ လွှတ်ပေးတယ် ၊ ကျွန်မ လည်း တကယ် လုံချည် တစ်ထပ် ချွတ် ၊ ဖျာ အောက် သွင်းရင်း အဘ ရယ် ဟို တံခါး ကြည့် ပါဦးဆိုတော့ သူ လှည့်ကြည့်တယ် ။ အဲဒီအခိုက် သူ့ ကျောကို ဖျာ အောက်က ဓားဦးချွန် နဲ့ တအား ထိုး လိုက်တာ အောင်မလေးဗျ ဆိုပြီး မှောက်လျက် လဲ ကျသွားရော ၊ ဓား ကို ရေမြောင်း ထဲ ပစ်ချ ထွက်လာခဲ့တာပဲ ၊ လမ်းဘေး က မြောက်ဘက် တည့်တည့် လျှောက် လာတာ မိုးတွေအုံ့မှိုင်းပြီး သိပ် ရွာချတော့လည်း ပုလိပ် ဖမ်း မှာ ကြောက်လို့ ဇွတ်တိုး လျှောက် လာတာ ၊ ချမ်းအား ကြီးတာနဲ့ ဝင်းခြံတစ်ခု အတွင်း က တိုက်ကြီး ရဲ့ စူ ထွက်နေတဲ့ အောက် ဝင် အရပ်မှာ ဟို မမတွေ ၊ ဒီ မေမေကြီးရယ် တွေ့ တာပဲ ဦးလေး ရယ် ”

“ နင် ပြေးလာသလား ” 

“ မပြေးပါဘူး  ၊ ပြေးရင် လူ ရိပ်မိမှာပေါ့ ”

“ ကြည့် မေမေ စိတ်ကူးဉာဏ် မခေဘူး ၊ နင် ဦးလေးတို့ အိမ် မှာ နေမလား ”

“ ကျွန်မ ဘယ်မှ အားကို မရှိဘူးလို့ မေမေကြီးတို့ ကို ပြောပြီးပါပြီ ။ ပုလိပ် ဖမ်း မှာသာ စိုးရိမ်တာပါ ”

“ ကိစ္စမရှိဘူး ၊ ဦးလေး က မဖမ်းအောင် လုပ်ပေးမယ် ” 

ကလေး မှာ အလွန် ဝမ်းသာအားရသော အမူအရာ ပြောင်းလဲ သွားလေသည် ။ သူ့ ဘဝသစ် ကိုလည်း တိုက်တာ အခမ်းအနား မော်တော်ကား တို့ဖြင့် ငရဲဘဝ မှ နတ်ပြည် ရောက် ရတော့မည် ကိုလည်း တွေးတောမိကာ ဝမ်းသာမဆုံး ဖြစ်နေဟန် တူသည် ။

ကိုမင်းမောင် မှာ အကျိုးပေး ထူးသူဖြစ်၏ ။ တစ်ကြိမ်သော အခါက သူ လည်း ဆင်းဆင်းရဲရဲ နေခဲ့ရဖူးသည် ။ ဂျပန့်ခေတ် တွင် ကူးသန်းရောင်းဝယ်ရေး ဖြင့် စီးပွား ဖြောင့်ခဲ့သည် ။ အင်္ဂလိပ် ပြန် ရောက်လာသောအခါလည်း သူ မဆင်းရဲ ၊ စစ်ဘက်ပစ္စည်းများ နှင့် နိုင်ငံခြား ပစ္စည်းများ ကို သိန်းနှင့်ချီ၍ ရန်ကုန် တွင် ကုန်တိုက် ဖွင့် ကာ ရောင်းချနေသူ ဖြစ်သည် ။ ဆင်းရဲဖူးသဖြင့် ဒုက္ခိတများ ကို သနား တတ်သည် ။ အကူအညီ ပေးတတ်သည် ။ ခရီးစရိတ် ဆတ်အထည် စသည်တို့ ၊ သူ ထောက်ပံ့ရသော ဆင်းရဲသားများ ကား မရေတွက် နိုင်ပြီ ။

အိမ်တွင် သူ ရောက်စ က “ ကိုကို ” ဟု ခေါ်၍ ကြိုဆိုကြသော မိန်းမ နှစ်ယောက် အနက် မလှကြွယ် ဆိုသူမှာ ကလေးတစ်ယောက် နှင့် လင် စွန့်ပစ်ခြင်း ခံရရှာ၏ ။ ကလေးငယ် နှင့် အလုပ် မလုပ်နိုင် ၊ တောင်းစားရသော ဘဝ ရောက်ခဲ့၏ ။ ကလေးငယ် ဆုံး ၍ ဘယ်လို သင်္ဂြိုဟ်ရမှန်း မသိ ၊ ကလေးအလောင်း ပိုက်ကာ ငိုယို လှည့်လည်နေစဉ် ကိုမင်းမောင် နှင့် တွေ့၍ အိမ် တွင် ကျွေးမွေးပြုစုထားခြင်း ဖြစ်၏ ။

ရုပ်ရည်သနားကမား တစ်ယောက် မှာ ၁၈ နှစ် အရွယ် က အိမ်ထောင် ကျ ၊ ၂၂ နှစ် လင်ဆုံး ၊ ၂၄ နှစ် တွင် သူတို့ တောရွာ သို့ ရန်ကုန် က သူဌေးသား တစ်ယောက် ပေါ်ပေါက်လာကာ မိန်းမချော မစိန်ဥအား အပါ ခေါ် သွား၏ ။ မကောင်းသော အလုပ် သဘော မတူပဲ လုပ် နေစဉ် ၊ ကိုမင်းမောင် နှင့် တွေ့၍ အကျိုးအကြောင်း ပြောကာ လူကောင်း ဘဝ သို့ ပြန်၍သွတ်သွင်းခဲ့ခြင်း ဖြစ်ရာ နှစ်ဦးစလုံး ကိုမင်းမောင် ၏ အိမ် တွင် သစ္စာ ရှိစွာ နေထိုင်ခဲ့ကြလေသည် ။

ထိုတွင်မျှမက သူ ၏ အလုပ်တိုက် တွင် အသက် ၂၀ ကျော် မှ ၃၀ ကျော် အထိ ယောက်ျား ၅ ယောက် ကိုလည်း အလုပ်အကိုင် ပေးထားသေး၏ ။

လှညွန့် ကား တစ်ခါမျှ မအိပ်ရဘူးသော မွေ့ရာ ၊ ခုဆောင်များ ပေါ်တွင် အပူအပင် လည်း မရှိတော့ သဖြင့် ထို ည အဖို့ နှစ်ခြိုက်စွာ အိပ်ပျော်ရှာလေသည် ။

နောက်တစ်နေ့ နံနက် အိပ်ရာက နိုးသောအခါ လက်ဘက်ရည်ခန်း တွင် လက်ဘက်ရည်အချို နှင့် ဘီစကစ်မုန့်များ ကို စား ရပြန်သည် ။ စားသောက်ပြီး၍ အပြင်သို့ အထွက် “ လှညွန့် ” ဟု ခေါ်သံ ကြားသဖြင့် ဧည့်ခန်းသို့ လျှောက်လာ၏ ။ ကိုမင်းမောင် သည် သူ နှင့် ဖောင်းပွကြီး ဖြစ်နေသော လှညွန့် အင်္ကျီ ကို ကြည့်ရင်း သတင်းစာ တစ်စောင် မှ ကော်လံတစ်နေရာ ကို ထောက် ပြ၏ ။

◾ ဓား နှင့် ထိုးသွားခြင်း

ယမန်နေ့ က ဦးဝိစာရလမ်း ၊ ဦးဝိစာရကြေးရုပ် အနီး ရှိ ဗူးသီးကြော်သည် ကိုဘိုးဟန် ဆိုသူ အား ၊ အမည်မသိ လူတစ်ယောက် က ကျော ကို ဓား နှင့် ထိုးပြီးလျှင် ငွေ ၅ ကျပ် ကို လု ယူသွားကြောင်း ၊ ကိုဘိုးဟန် ၏ ဒဏ်ရာမှာ အတော်ကလေး ပြင်းထန်သော်လည်း အသက် ကို မစိုးရိမ်ရ ၊ ကန်တော်မင်ဌာန မှ အရေးယူထားကြောင်း ။

ကလေးမ မှာ အကြောင်သား ကြည့် နေရာက ...

“ ကျွန်မ စာ မတတ်ဘူး ဦးလေးရဲ့" ဟု ပြောလိုက်ရာ ၊ ကိုမင်းမောင် ဟင်းခနဲ သက်ပြင်းရှူမိလေသည် ။ တောရွာ ပညာရေး ချို့ယွင်းပုံတွေ ကိုလည်း အမျှင်အတန်းကြီး ပေါ်ပေါက်လာတော့လေသည် ။ ကိုမင်းမောင် သည် စာအဓိပ္ပာယ် ကို ဖတ်၍ ပြောလေ၏ ။

“ ဟင် ဦးလေး ၊ ဘာဖြစ်လို့ သူ အမှန် မပြောသလဲ ” 

“ သူလည်း လူပါးပေါ့ ဟဲ့ ၊ အမှန် အစစ် ခံရင် သူ့ အပေါ် အမှု ပတ်မှာပေါ့ ။ နင့် ကို မတရား ကျင့်မယ် ကြံလို့ နင် က ခုခံတယ် ဆိုတော့ သူ လည်း နာမည် ပျက် ၊ နင် လည်း ဘာ အပြစ် မှ ရှိမှာ မဟုတ်ဘူး ”

“ ဒီလိုဆိုရင် အမေ တစ်ယောက်တည်း နေတော့မှာပဲ ”

“ နင့် အမေ ကို ဒီ ခေါ်ထားချင်သေး သလား ”

လှညွန့် သည် ဘာမျှ ပြန် မပြောဘဲ အကူအညီ လိုသော အမူအရာ နှင့် ကိုမင်းမောင် ၏ မျက်နှာ ကို ကြည့် နေသည် ။

“ ကဲ လာလာ ဦးလေး နဲ့ လိုက်ခဲ့ ”

ကိုမင်းမောင် သည် ခါး က အဝတ် နှင့် ပင် ဒရိုင်ဘာ ကားရုံထဲမှ ထုတ်ထားသော ဆင်ဝင်အောက်ရှိ ကား ရပ်ထားရာသို့ ထွက် ခဲ့ရာ လှညွန့် လည်း အင်္ကျီဖား ၊ အပွင့်ရိုက်လုံချည် ၊ ဖိနပ်ဗလာ နှင့် လိုက်လာ၏ ။ ကားတံခါး ဖွင့်ပြီးလျှင် အတက် ခိုင်း၏ ။ လှညွန့် ကား ပေါ် တက်မှ ဖိနပ် မပါမှန်း သိသဖြင့် ...

“ ဟဲ့ ဖိနပ်ကော ”

“ ဒီတိုင်း ပြေးလာတာ ၊ ခုံဖိနပ် တဲ မှာပဲ ” 

“ ဟဲ့ လှကြွယ် ၊ လာစမ်း ၊ နင် တို့ စီးတဲ့ ဖိနပ် လတ်လတ် တစ်ရံ ယူခဲ့ ” ဟု အမိန့် ပေးသဖြင့် လှကြွယ် အပြေးကလေး လာ ကာ ၊ ဖိနပ်တစ်ရံ လှညွန့် အား ပေး လိုက်၏ ။ ကိုမင်းမောင် လည်း ကား ကို ကိုယ်တိုင် မောင်းကာ ဦးဝိစာရလမ်း တစ်လျှောက် တောင်ဘက် ဆီ သို့ ခပ်သွက်သွက် နှင်ခဲ့၏ ။ ဘုရားကြီး အနောက်မြောက် အလွန်တွင် လှညွန့် က...

“ ဟော ဟိုမယ် ဗူးသီး ကြော်နေတယ် ” ဟု လမ်း အနောက်ဘက် တစ်နေရာ သို့ ပြသဖြင့် ကား ကို လှည့်ကွေ့ကာ အကြော်တဲ တစ်တဲရှေ့ လမ်းဘေးတွင် ရပ်လိုက်၏ ။

လှညွန့် သည် “ အမေ ” ဟု ခေါ်လိုက်ရာ အကြော်သည် လည်း သံယောင်းမ လက်က လွတ် ကျကာ -

“ ဟဲ့ လှညွန့် ” ဟု ခေါ်ရင်း မျက်ရည်တွေ စီးကျနေရှာသည် ။ ကိုမင်းမောင် ကား ပလက်ဖောင်း ဘေး တွင် ရပ်နေရာ ၊ လှညွန့် က “ ဦးလေး ထိုင်ပါဦးလား ” ဟု တဲထဲ သင်ဖြူးဟောင်း တစ်ချပ် ခင်း ပေးသဖြင့် ဝင်၍ ထိုင်၏ ။ အသက် ၄၀ ကျော်ခန့် အခြား မိန်းမကြီး တစ်ယောက် ပေါ်ပေါက်လာရာ အကြော် ကြော်နေ သူ က ထို မိန်းမအား ဒယ်အိုး ကို လွှဲအပ်ပြီး တဲ ထဲ ဝင်လာ၏ ။ လှညွန့် သည် သူ့ ဇာတ်ကြောင်း ကို ပြန်၍ ပြောပြရာ...

“ ဟင် ငါ ဒါတွေ မသိဘူး ၊ ဗူးသီးဝယ် သွားရာက ငါ အိမ်ပြန် ရောက်တော့ တဲနီးနားချင်းတွေ က ပြောလို့သာ သိရတယ် ၊ သူ့ ကို မတွေ့ဘူး ၊ နင့် လည်း မတွေ့တော့ မီးတောက်နေတာပဲ ”

“ အခု သူ ဆေးရုံက မဆင်းခင် ၊ ဦးလေးဆီ လိုက်နေဖို့ ကျွန်မ လာခေါ်တာ ”

မသက် သည် ကိုမင်းမောင် ၏ မျက်နှာ ကို အလွန်အံ့ဩ ကျေးဇူးတင်သော အမူအရာနှင့် ကြည့်ရာက ..

“ မနေ့ညက မစု ကို အဖော်ခေါ် အိပ်တယ် ” ဟု အကြော် ကြော်နေ သူအား လှမ်း ကြည့်ကာပြောရာ..

“ အရီးစု လည်း ညတိုင်း ဘယ် စောင့်နိုင်မလဲ ”

“ လိုက်တာတော့ ဟုတ်ပါပြီ ၊ ဒီ ပစ္စည်းတွေ ဘယ့်နှယ် လုပ် ထားခဲ့မလဲ ”

“ တဲရော ၊ ပစ္စည်းတွေရော တစ်ယောက်ယောက် ပေးခဲ့ပေါ့ဗျာ ”

ကိုမင်းမောင် က ထိုသို့ ပြောသောအခါ မသက် သည် အလွန် အံ့ဩသော အမူအရာနှင့် ကြည့် ပြန်၏ ။

“ ဘာလဲ ခင်ဗျား ယောက်ျား ဆေးရုံ က ဆင်းတော့ ဒီ အလုပ် ဆက် လုပ်ချင်လို့လား ”

“ ဟုတ်ပါဘူး ရှင် ၊ အစက သူ ဓားထိုး ခံရတာ လူဆိုး က ဆိုလို့ ကရုဏာ သက်မိပါတယ် ။ အခု လှညွန့် ပြောတော့ သူ့ မျက်နှာ ကြည့်ချင်စိတ် ကို မရှိပါဘူး ။ ခုလို အားကိုရမဲ့ လူ ပေါ်ပေါက်တော့ သူ နဲ့ ပြန်တောင် မပေါင်းချင်ပါဘူး ။ သမီး အတွက် အနှိပ်စက် ခံရပေါင်းလည်း များလှပါပြီ ”

“ ကဲ ဒါဖြင့် လောလောဆယ် လဲစရာ အဝတ်အထည် တချို့ယူ ၊ ဟို အကူအညီတဲ့ မစု တဲ့ ဟုတ်လား ၊ သူ့ ကို ပေးခဲ့ပါ ”

သို့ဖြင့် မသက် တစ်သက် နှင့် တစ်ကိုယ် မမျှော်လင့်သော မော်တော်ကား အသစ်စက်စက်ပေါ် သားအမိ နှစ်ယောက် ကား နောက်ပိုင်း က ထိုင်ကာ လိုက်ပါသွားကြလေသည် ။

“ ငါ့ သား တိုက် ကို နောက်ထပ် လူဘယ်နှစ်ယောက် လူဦးရေ တိုးဦးမလဲ ”

“ ဟုတ်ပါ့ မေမေကြီး ရယ် ၊ ကိုကို့ စေတနာမျိုးတော့ ရှားပါတယ် ”

ကား ဆင်ဝင်အောက် အရပ် ၊ မသက် နှင့် လှညွန့် တို့ဆင်း၍ တိုက်ထဲ ဝင်စ ၊ ဒေါ်လှအေး နှင့် လှကြွယ် တို့ အပြန်အလှန် ပြောဆိုနေကြခြင်း ဖြစ်၏ ။ မသက် မှာ မရဲတရဲ ဖြစ်နေရာ တစ်ည အိပ်ဖူးသော လှညွန့် က ရှေ့ဆောင် ရှေ့ရွက် ပြုကာ နေရာ ချထားလေသည် ။

ကိုမင်းမောင် သည် ကျောင်းဆရာမ တစ်ဦးအား နံနက် ၇ နာရီ မှ ၉ နာရီ အထိ ၊ လှညွန့် အား မြန်မာစာ သင်ပေးရန် ငှားရမ်းလာရောက်စေရာ ၊ လှညွန့် အား ၃ လ အတွင်း မြန်မာစာ ကို ကောင်းစွာ ရေးနိုင် ဖတ်နိုင် လေသည် ။ လှညွန့် ဉာဏ် ထက်မြက်ပုံကို သိရသော ကိုမင်းမောင် မှာ တောရွာများ တွင် လှညွန့် ကဲ့သို့ အလားတူ ဉာဏ် ထက်မြက်ပါလျက် သင်ခွင့် မရ၍ စာ မတတ်သူပေါင်း မည်မျှ များပြားကြမည် ထပ်မံ တွေးတောကာ စိတ် မကောင်း ဖြစ်၍ သွားလေသည် ။

လှညွန့် မှာ အကင်းလည်း ပါး၏ ။ ဖျတ်လတ် သွက်လက်၏ ။ အဆီအဆိမ့် စသော စားကောင်းသောက်ဖွယ်များ စားသောက်နေထိုင်ရသဖြင့် ၃ လ အတွင်းမှာပင် အသားအရည် စိုပြည်ဝဖြိုးလျက် တစ်သွေး တစ်မွေး ဖြစ်၍ နေလေသည် ။

ကိုမင်းမောင် အလုပ် သို့ သွားမည် ဆိုလျှင် ကိုမင်းမောင် ၏ လက် ကို ဆွဲကာ ကားပေါ် တက်သည် အထိ လိုက်၍ ပို့၏ ။ ကိုမင်းမောင် ပြန် လာလျှင် လက် တစ်ဘက် က ပစ္စည်းတွေ ကို လက်တစ်ဘက် က ကိုမင်းမောင် အား ကိုင်ဆွဲကာ တစ်နေ့ အတွင်း အိမ် အဖြစ်အပျက် ကို တွတ်တီးတွတ်တာ ပြောရင်း လိုက်ပါလာတတ်၏ ။

လှကြွယ်နှင့် စိန်ဥ တို့ပင် ပိုလွန်းတယ် ၊ သဲလွန်းတယ် ဟု မျက်ကွယ်တွင် ရှုံ့မဲ့ အတင်းပြောစ ပြုလာ၏ ။ ကိုမင်းမောင် အရေး ပေးထားသဖြင့် တိုက်ရိုက် မပြောဝံ့ ။ လှညွန့် နှင့် ဆန့်ကျင်ဘက် မလုပ်ဝံ့ ကြချေ ။
ကိုမင်းမောင် မှာ ရင့်ကျက်သော ဣန္ဒြေ နှင့် သုန်သုန်မှုန်မှုန် နေတတ်ရာ လှညွန့် ရောက် လာကတည်းက အတော် ရွှင်ရွှင်ပျပျ ဖြစ်၍လာလေသည် ။ လောကကြီး တစ်နေ့တစ်ခြား စိုပြည်လာသည် ဟု ထင်မှတ်လေသည် ။ ဆင်းရဲစဉ် ဘဝ က ရည်းစား သစ္စာဖောက် သွားသဖြင့် နောက်ထပ် ချစ်ကိစ္စ မစဉ်းစားဘဲ နေခဲ့ရာ လွန်ခဲ့သော တစ်နှစ်ခန့် က အရောင်းအဝယ် လည်ပတ်သော မာဂရက် ခေါ် ရင်ရင်မြင့် ဆို သူ နှင့် ချစ်ကြိုက်ခဲ့လေသည် ။ ရင်ရင်မြင့် ၏ စိတ်ထားကို အပြီးအပိုင် အကဲ မခတ်ရသေးသည့် အတွက် တစ်ဘက်က လက်ထပ်ရန် ပူဆာသည်ကို ရက်ဆွဲလာခဲ့သူ ဖြစ်၏ ။  တိုက်တွင် ကား ကိုမင်းမောင် သည် အပေါ်ထပ်တွင် အိပ်၏ ။ ဒေါ်လှအေး လည်း အပေါ်ထပ် တွင် အိပ်ရာ ၊ လှညွန့် အား ဒေါ်လှအေး ၏ အခန်း ထဲ တွင် အိပ်စေ၏ ။ လှကြွယ် ၊ စိန်ဥ ၊ မသက် တို့မှာ အောက်ထပ် တွင် အိပ်ကြရသည် ။

လှညွန့် သည် မနက်တိုင်း စောစော နိုးလျက် သူ့ မေမေကြီး နှင့် သူ့ ဦးလေး အတွက် မျက်နှာသစ်ရေ ၊ သွားတိုက်ဆပ်ပြာခွက် ၊ မျက်နှာသုတ်တဘက် တို့ အသင့် ပြင်ထားလေ့ ရှိ၏ ။ ဒေါ်လှအေး လည်း သွက်လက် ဖျတ်လတ် လိမ္မာရေးခြား ရှိလှသော လှညွန့် အား သမီး အရင်းပမာ ချစ် လေသည် ။  တစ်နံနက်ခင်း၌ မျက်နှာသစ်ရေ တည်ရင်း မျက်စိ မျက်နှာ ပျက် ၍ နေသည် ။ ကိုမင်းမောင် သည် မျက်နှာ သစ်ရာက လှညွန့် မျက်နှာ ညှိုးသည် ကို မြင်ရလျှင်..

“ ဟဲ့ လှညွန့် ဘာဖြစ်တာလဲ ”

“ အမေ မရှိတော့ဘူး ၊ ထွက်သွားပြီ ဦးလေး ရဲ့ ”

လှညွန့် သည် ထိုသို့ ပြောရင်း စာရွက်ခေါက် တစ်ခု ပေး၍ ဖတ်ရှုသောအခါ ..

သူဌေးမင်း ရှင့်

ကျွန်မမှာ သူဌေးမင်း အားပြောဖို့ ဝတ္တရား ရှိသော်လည်း မပြောဝံ့ သဖြင့် ၊ ဤ စာ ရေး၍ ထား ခဲ့ရပါသည် ။ ကျွန်မ မှာ ကိုဘိုးဟန် နှင့် ရေစက် မကုန်သေးသဖြင့် သူ့ နောက် သို့ လိုက်ပါသွားပါပြီ ။ သမီးလှညွန့် ကို သာ စောင့်ရှောက်တော်မူပါ ရှင့် ကျွေးမွေးပြုစုသည့်အတွက် ကျေးဇူးတင်ပါသည် ။
            မသက်

“ နင့်အမေ စာ တတ်သလား ”

“ ဟင့်အင်း မတတ်ပါဘူး ၊ သူ့ ယောက်ျား ရေး မှာပေါ့ ။ သူ့ အိပ်ရာ ဝင်ကြည့်တော့ လူ မတွေ့ဘဲ ဒီစာ တွေ့တာဘဲ ”

“ နင့် အမေ ကို လွမ်းလို့ မျက်နှာ မကောင်း ဖြစ်နေတာကိုး ”

“ မဟုတ်ပါဘူး ဦးလေးရယ် ၊ သူ နတ်ပြည် ရောက် နေရာက ငရဲပြည် ပြန် ဆင်းလို့ စိတ် မကောင်းနေတာပါ ။ ကျွန်မ တစ်သက် ဦးလေး နဲ့ အတူ နေရရင် ဘယ်သူ့ မှ မလွမ်းဘူး ”

လှညွန့် မှာ ကလေးစိတ် မပျောက် ၊ သူ့ စိတ် ထဲ ရှိသမျှ ဘွင်းဘွင်းကြီး ပြောလိုက်သည် ကို ကိုမင်းမောင် အတော် သဘော ကျသွားလေသည် ။

“ ကဲ အောက်ထပ် ဆင်း ၊ ကော်ဖီ အပြင်ခိုင်းချည် ”

လှညွန့် သည် ကိုမင်းမောင် လက် ထဲ က တဘက် ကို ယူကာ ကိုမင်းမောင် ၏ အခန်း ထဲ သို့ ဝင်ရောက် ထား ခဲ့ပြီးလျှင် အောက်ထပ် သို့ ဆင်း၍ သွားလေသည် ။

ကိုမင်းမောင် သည် မသက် ထွက်ခွာသွားသည် ကို အပြစ် မတင်လိုချေ ။ မ သည် ဖို နှင့် ကင်း၍ မနေနိုင် ။ ဖို သည် မ နှင့် ကင်း၍ မနေနိုင် ။ အကြင်သူသည် ကင်း၍ နေနိုင်အံ့ ၊ တရား အားထုတ်သူ သော်လည်းကောင်း ဖြစ်ရမည် ။ သို့မဟုတ် အားအင် ချည့်နဲ့သော သူ သော်လည်းကောင်း ဖြစ်ရမည် ။ ထို့ကြောင့် လှကြွယ် နှင့် စိန်ဥ ၏ အိမ်ထောင်ရေး ကို စဉ်းစား ပြန်လေသည် ။ စိန်ဥ ၏ ဖူးစာဘက် ကား ခဲယဉ်းသည် မဟုတ်သော်လည်း ၊ လှကြွယ် ၏ ဖူးစာဘက် မှာ အတော် ရှာရပေမည် ။ မိမိ၏ ဩဇာခံ ထဲက လူ တစ်ယောက် ဖြစ်မှသာ ဟန် ကျနိုင်မည် ဖြစ်ရာ ထိုအခါ သူ ၏ လုပ်သား ထဲ မှ လူ တစ်ယောက် ကို မြင် မိလေသည် ။

ထိုသူမှာ အားခွန်ဗလ ကောင်းလျက် ဂွတို ဂင်တို နှာခေါင်းပွ ၊ အသားညိုသော အသက် ၃ဝ ခန့် လုပ်သား တစ်ယောက် ဖြစ်၏ ။ မော်တော်ကား ကိရိယာများကို တပ်ဆင်သော အလုပ် ၌ ကျွမ်းကျင်၍ အလေးအပင် ကို လူ ၂ ယောက်စာ လောက် ချီမ ရွှေ့ယူနိုင်သူ ဖြစ်၏ ။ မွေးစားနှမ နှစ်ယောက် ၏ အိမ်ထောင်ရေး ကို တွေးမိသောအခါ ကိုမင်းမောင် ပြုံးမိလေ၏ ။ ကိုမင်းမောင် တီးခေါက်ကြည့်သောအခါ လှကြွယ် ၏ ခင်ပွန်းလောင်း က သူ့ အဖော်များအား “ ဆရာ့ ကြောင့် သာ ယူ ရမှာပါဗျာ ၊ အရုပ်က ဆိုးလိုက်တာ ” ဟု ပြော၏ ။ လှကြွယ် ကလည်း စိန်ဥ အား “ ကိုကို အမိန့် မလွန်ဆန်ဝံ့ လို့သာ ၊ လူ က ဂင်တို ဂွတိုနဲ့ အရုပ် ဆိုးလိုက်တာ ” ဟု ပြော၏ ။

များမကြာမီပင် ဂွတို နှင့် မလှကြွယ် ၊ မုဆိုးဖို အသက် ၃ဝ ခန့် စာရေးတစ်ယောက် နှင့် စိန်ဥ တို့အား ကိုမင်းမောင် လက်ထပ် ပေးလိုက်၏ ။ နှစ်ယောက် စလုံး အလုပ်တိုက် တွင် အိပ်ကြသူများ ဖြစ်ရာ မယား ရကြသောအခါ နေစရာဘုံ မရှိသဖြင့် ကိုမင်းမောင် ၏ တိုက် အောက်ထပ် ၌ပင် နေခွင့် ပြုထားရာ နှစ်စုံတွဲလုံး ပျော်တပြုံးပြုံး ၊ မော်မဆုံး ဖြစ်၍ နေကြသည်ကို ကိုမင်းမောင် ကျေနပ်နေတော့လေသည် ။
ကိုမင်းမောင် ၏ တိုက်တွင် ရှေးဦးစွာ ကိုမင်းမောင် ၊ မိခင်ဒေါ်လှအေး ၊ ထမင်းချက် မိန်းမ တစ်ယောက် ၊ ဒရိုင်ဘာ တစ်ယောက် ၊ ဒရာဝမ် တစ်ယောက် ၊ မာလီ တစ်ယောက် မှ အရင်းတည်ခဲ့ရာ ယခု လူ ၅ ယောက် တိုးနေ၏ ။ နောက်ထပ် မည်မျှ တိုးဦးမည် မသိ ။ အိမ်ကြီး ကား သာယာစိုပြည်လျက် စကား ပြောသံ ၊ သီချင်းသံ ၊ စန္ဒယားသံ တို့ဖြင့် ဆူညံ၍ နေလေသည် ။

တစ်ညနေ၌ ကိုမင်းမောင် သည် တိုက်အပေါ်ထပ် သို့ တက်ရောက်ကာ အောက်ပါ စာ ကို ဒေါပွစွာ ရေးသားနေ၏ ။

မာဂရက်
ကျွန်ုပ် ကို စွပ်စွဲတာ ၊ ဒီအကြိမ်ပါ ( ၅ ) ကြိမ် ရှိပြီ ။ ဒီ အကြိမ် ဟာ အဆိုးဆုံး ပဲ ယခု စာရေးသည့် အချိန်အထိ ကလေးမ အပေါ် ကျွန်ုပ် စိတ် မပြစ်မှားမိပေ ၊ ဖက်လဲတကင်း နေနေ ၊ စိတ်သာ ပဓာန ၊ ယခု ကျုပ် အိမ် ရောက်တာ ( ၁ ) နှစ် နီးပါး ရှိပြီ ကျုပ် လက်ထဲက ရေ သွန် လို သွန် ၊ မှောက် လို မှောက် ၊ သောက် လို သောက် ၊ သို့သော် ကျုပ် မသွန် ၊ မသောက် မမှောက် ၊ မာဂရက် စာ ထဲမှာ ရယ်စရာ ကောင်းတာ ကတော့ နောက်ဆုတ်ဖို့ စဉ်းစားရမယ် ဆိုတဲ့ စကားပဲ မစဉ်းစားနဲ့ နောက်ဆုတ်လိုက် ၊ ဒီလောက် စိတ်ထား သေးသိမ်တဲ့ မိန်းမမျိုးလည်း ကျုပ် နဲ့ မဖြစ် ၊ ဒါကြောင့် ဒီ ကလေး ကိုပဲ အပျိုရည် နဲ့ ( ၂ ) နှစ် လောက် အရိပ် တကြည့်ကြည့် နေပြီး သူ့ ကိုပဲ သိမ်းပိုက်တော့မယ် ။     
          မင်းမောင်

ကိုမင်းမောင် သည်  စာရွက်ကို ခေါက်ပြီး စာအိတ်တစ်လုံး တွင် ထည့်သွင်းလိုက်စဉ် လှညွန့် တက်ရောက်လာကာ...

“ ဦးလေး ထမင်းစားကြစို့ ၊ ဟင် မျက်နှာကြီး ကလည်း ဘာ ဖြစ်တာလဲ ”

“ ဘာမှ မဖြစ်ပါဘူး ”

“ ဒါဖြင့် ဆင်းကြစို့ ” ဟု လက် ကို ဆွဲခေါ်ရာ ကိုမင်းမောင် သည် ပြုံးပြုံးကြီး လိုက်ပါသွားလေသတည်း ။

◾ မဟာဆွေ

📖 သွေးသောက်မဂ္ဂဇင်း
      ၁၉၄၇ - ခု ၊ ဇူလိုင်လ

📖 ကြီးပွားရေး မဂ္ဂဇင်း
       ၁၉၃၉ - ခု ၊ စက်တင်ဘာလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment