❝ မေမေ ပျိုးသော ပန်းတစ်ပင် ❞
[ ၁ ]
မန်ကျည်းရွက် စိပ်စိပ် တို့ ၏ အရိပ်ကြဲဖြန့်ထားသော မြေတလင်းဝယ် သူ ထိုင်နေမိသည် ။ ဤနေရာကား ငယ် စဉ်က သူ စာကျက်ခဲ့ရာ နေရာလေး တစ်ခုပင် ။ နယူး စတာဒီ ရီဒါ စာအုပ် အဖုံးပေါ် မှ ဘောင်းဘီတို လေး နှင့် ကောင်လေး ကို သူ လွမ်းဆွတ် သတိ ရနေမိ၏ ။ ဤနေရာကား ငယ်စဉ် က ကျောက်ဒိုး လှိမ့်တမ်း ကစားခဲ့ ရာ နေရာလေး တစ်ခုပင် ။ မြေပြင် ဝယ် ဝိုင်းစက်သော တွင်းငယ် ကလေးများ စီရရီ ပေါ်လာသည် ထင်မိ၏ ။
ဤနေရာကား ငယ်စဉ်က သူ သုံးထပ် ကျား ကစားခဲ့ရာ နေရာလေးတစ်ခုပင် ။ မြေပြင် ဝယ် တုတ်ချောင်း ဖြင့် ရေးခြစ်ထားသော စတုရန်း သုံးဆင့် ပေါ်လာသည် ထင်မိ၏ ။
“ သားတို့ နေတဲ့မြို့က မော်တော်ကား တစ်စီး မှ မရှိဘူးဆို ဟုတ်လား သား ”
အိမ်ခန်းထဲမှ တိုးထွက်လာသော မေမေ့ အသံကို ကြားရ၏ ။ မေမေ့ အနားမှ သူ ထွက်ခွာလာခဲ့သည်မှာ အချိန် အတော် ကြာသွားပြီဖြစ်ကြောင်း သတိပြုမိ၏ ။ မေမေသည် သား ကို သူ့ အနီးတွင် ရှိနေစေချင်သည့် အခါတိုင်း ဤသို့ပင် စကား တံတား သွယ်တန်း၍ ခေါ်ယူလေ့ရှိသည် ။ သူ အိမ် ထဲ သို့ ဝင်ခဲ့သည် ။ မေမေ့ ကို နှိပ်ပေးနေသော ဒေါ်ဒေါ်ဥ က သူ့ ကို ပြုံးပြီး နှုတ်ဆက်သည် ။
“ မေမေ့ ကို ဘယ်သူ ပြောလဲ ”
မေမေ့ အနီး ကြမ်းပြင်တွင် သူ ထိုင်လိုက်သည် ။
“ မြေးလေး က ပြောတာပဲ ”
ဒေါ်ဒေါ်ဥ က မေမေ့ ပခုံးသားများ ကို တံတောင်ဖြင့် ကြိတ်ပေးလျက် ရှိ၏ ။
“ သာယာကုန်း က မြို့မှ မဟုတ်တာ မေမေ ရဲ့ ။ ဘောဂဝတီ မြစ် က ရွာ ကို ပတ်ပြီး စီးနေတော့ ကုန်းလမ်းမ ပေါက်ဘူးလေ ။ မော်တော်ကား လည်း မရှိဘူးပေါ့ ။ ကား မရှိတာက ဘာ ဟုတ်သေးလဲ ၊ လမ်းပေါ်မှာ လမ်းလျှောက်သွားနေတဲ့ လူ တွေ ကို ကြည့် လိုက်ရင် လူ ဆယ်ယောက် မှာ ငါးယောက် က ဖိနပ် မပါဘူး ”
သူ့ စကားကြောင့် ဒေါ်ဒေါ်ဥ အံ့အားသင့်သွားဟန် ရှိသည် ။ နိမ့်မြင့်လှုပ်ရှားနေသော တံတောင်ဆစ်များ ခေတ္တ ရပ်တန့် သွား၏ ။
“ ဆရာမကြီး က လည်း တော် ၊ ကိုယ့် မှာ သားလေး တစ်ယောက်တည်း ရှိတာ ဘာလို့များ ဒီလောက် ခေါင်တဲ့ အရပ် ကို ပို့ ထားပါလိမ့် ”
“ ကျွန်တော် က အစိုးရ အမှုထမ်း ကို ဒေါ်ဒေါ်ဥ ရဲ့ ။ တာဝန် ကျတဲ့ ဒေသ ကို သွားရတာပေါ့ ”
မေမေ က ဒေါ်ဒေါ်ဥ ၏ တံတောင် ကို လက်ဖြင့် ဆုပ်ကိုင်ပြီး အသာအယာ ဖယ်ရှားလိုက်၏ ။ ခဏ နားဦး ဆိုသော သဘာ ။
“ ဒေါ်ဥ ထမင်း စားပြီးမှ ပြန်နော် ”
ဒေါ်ဒေါ်ဥ က ဆေးလိပ်ခွက် ထဲ မှ ပြောင်းဖူးဖက် ဆေးလိပ်တို ကို ယူပြီး ကြေးဝါမီးခြစ် ဖြင့် မီး ညှိ၏ ။ ဆေးလိပ် ထိပ် တွင် ဒုတ်ခနဲ မီးတောက် ဖြာထွက်လာသည်အထိ ဖွာ ရှိုက်ပြီးမှ တံတွေးစွတ်စိုနေသော လက်ချောင်းဖြင့် မီး တောက် ကို ငြိမ်းသတ်လိုက်သည် ။
“ သားကြီး ပြန် လာတဲ့ အခါ ဘာတွေ များ ချက်ကျွေး နေလဲ ဆရာမကြီးရဲ့ ”
“ ကျွန်မ ဘာမှ ချက် မကျွေးရပါဘူး ရှင် ။ အညာ ပြန် လာတဲ့အခါ အညာစာတွေ စားချင်တယ် ဆိုပြီး သူတို့ ဟာ သူတို့ စီမံနေကြတာပါ ။ ဒီနေ့ ချက် စားတဲ့ဟင်းတွေ ကို ပြောပြလိုက်ပါဦး သား ရဲ့ ။ မင့် ဒေါ်ဒေါ်ဥ ကို ”
“ ဆူးပုတ်ကလေး နဲ့ နရှာကြီးရွက် ဟင်းချိုလေ ဒေါ်ဒေါ်ဥ ရဲ့ ၊ ငရုတ်သီးတောင့်လေး မီးကင်ပြီး ခတ်မယ် စိတ်ကူးတာပဲ ။ ပြီးတော့ ပဲကြီးနှပ် ၊ အငန် ကတော့ ငါးပိတစ်ခဲ ကို ခရမ်းချဉ်သီး နိုင်းချင်း နဲ့ ချက် ထားတယ် ။ တမာရွက် တို့စရာ ၊ သရက်သီးခြောက် နဲ့ ဝက်သား ရော ချက်ထားတဲ့ ဟင်းလေးက တစ်ခွက် ဒေါ်ဒေါ်ဥ မြိန်မှာပါ ”
မေမေ က ပြေကျလာသော ဆံပင်များ ကို လက်ဖြင့် သိမ်းရစ်ရင်း ပြန် ထုံးနေ၏ ။ ငွေရောင် သမ်းနေသော ဆံမျှင် အချို့ကို သတိ ပြုမိသည် ။
“ ဒီကောင် က အစားသမား ဒေါ်ဥ ရဲ့ ။ သူ ငယ်ငယ်က စာ ကျက်စေချင်ရင် အစား နဲ့ ပဲ ချော့ပြီး အကျက် ခိုင်းရတယ် ။ ပန်းသီးစိတ်ကလေးတွေ စိတ်ထားပြီး သား စာ ကျက်နော် ၊ စာ တစ်ပိုဒ် ရလို့ မေမေ့ ကို ပြန် ပြနိုင်တိုင်း ပန်းသီး တစ်စိတ် စားရမယ် လို့ သာ ပြောလိုက် စာတွေ တအား ကုန်းအော် ပြီး ကျက် တော့တာပဲ"
မြေသြဇာ ကျွေး၍ ပြုစုပျိုးထောင်ပေးခဲ့ရသော အပင်ငယ်လေး ကို ပြန်လည် သတိရဟန်ဖြင့် မေမေ့ မျက်နှာ ပြုံးရွှင်နေသည် ။
“ ဒါကြောင့်လည်း ဆရာဝန်ကြီး ဖြစ်တာပေါ့ တော် ”
ဒေါ်ဒေါ်ဥ က ဆေးလိပ်တို ကို ခွက် ထဲ သို့ ပြန်ထည့်လိုက်ရင်း သုံးသပ်၏ ။ ထို့နောက် မေမေ့ ကို တစ်ကျော့ နှိပ်ပေးရန် ပြင်ဆင်သည် ။
“ ကျွန်မ တော့လေ ကိုယ့် မှာ သားသမီး မရှိပေမဲ့ သူများ သားသမီးတွေ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာများ မြင်ရရင် သိပ် ကြည်နူးတာပဲ ။ ၇ လမ်း ထဲက မမြခင် သားလေး ဖိုးထောင် ကို ဆရာမကြီး သိတယ် မဟုတ်လား ။ ပြီးခဲ့တဲ့ သီတင်းကျွတ် တုန်း က အမေ လှူချင်တာ လှူဖို့ ဆိုပြီး ငွေ ၅ဝဝဝ လာ ပေးသွားသတဲ့ ၊ လိမ္မာလိုက်တာ ”
ဖိုးထောင် လိမ္မာပုံ ကို သူ အားကျသွားမိသည် ။ သင်္ကြန်တွင်း မှာ လုပ်မည့် မေမေ့ ဆွမ်းကျွေး အတွက် ပြန်စရိတ် ကို ချိ န်ဆ ရင်း ငွေနှစ်ရာ ထည့် ရန် စိတ်ကူးထားသည် မှာ နည်းလွန်းနေသလား ဟု သူ တွေးနေမိ၏ ။
ဒေါ်ဒေါ်ဥ ကား သူ့ လုပ်ငန်း သဘာဝအရ အိမ်တိုင်း သို့ ဝင်ထွက်ခွင့် ရသူ ဖြစ်ရာ မြို့လေးမှ သတင်းမျိုးစုံ ကို ကြားသိနေခဲ့ပေသည် ။ ဒေါ်ဒေါ်ဥ သည် သူ နှစ်သိမ့်ကြည်နူးမိသော သတင်းတစ်ပုဒ် ကို ဆက်လက် ပြောဆိုလျက်ရှိ၏ ။
“ ဈေးပိုင်း က မဌေး ရဲ့ သား မောင်အောင်ဘ ကတော့ မြို့ကို အလည် ပြန်လာရင်း သူ့ အမေ အိမ် ကို ပြင် ဆောက်ပေးသွားတယ် ။ အုတ်ခံ အိမ်ကြီး ကို ဟိန်း နေတာပဲ ဆရာမကြီးရယ် ”
ရေနံ ငတ်သဖြင့် မွဲခြောက် ခြောက်နေသော နံရံပျဉ်ချပ်များကို သူ ငေးကြည့်နေမိ၏ ။ သည် တစ်ခေါက်တော့ ဈေး ကြီးလွန်း၍ ရေနံချေး ချည်း မတတ်နိုင်သည့် တိုင် ဒီဇယ် နှင့် ရောလို့ပဲ ဖြစ်ဖြစ် မေမေ့ အိမ်လေးကို ရေနံ သုတ်ပေးသွားရန် သူ ဆုံးဖြတ်လိုက်၏ ။
“ အဲဒီ မောင်ဖိုးထောင် ရော ၊ မောင်အောင်ဘ ရောဟာ ကျွန်မ တပည့်တွေပဲ ”
မေမေ က ဆရာမကြီး ပီပီ လိမ္မာသော တပည့်များ အတွက် ဂုဏ်ယူ ပြောဆိုလိုက်၏ ။
သူ ၏ ခုန်နှုန်း မြန်လာသော နှလုံးသား ကလည်း တိတ်ဆိတ်သော စကားတစ်ခွန်း ကို ဟစ်ကြွေးလိုက်သည် ။
အဲဒီ ဖိုးထောင် တို့ ၊ အောင်ဘ တို့ ဟာလေ ကျွန်တော့် သူငယ်ချင်းတွေ ပါပဲ ဒေါ်ဒေါ်ဥ ရယ် ။
[ ၂ ]
ထင်းရှူးပင်ပုလေးများ ၏ အပ်ချောင်း လို ချွန်မြသော ရွက်သေးမျှင်မျှင်များ အကြားတွင် ရောင်စုံမီးလုံးများ ဖြိုးပြက်တောက်ပနေကြ၏ ။
စိမ်းလဲ့လဲ့ မြက်ခင်းပေါ်တွင် ခင်းသန့်ဖြူ ဖြန့်လွှာ ထားသော စားပွဲဝိုင်းများ အစီအရီ ရှိနေသည် ။
ဥရောပ ဝတ်စုံ ဝတ်ထားသော စားပွဲထိုးများ က အဖျော်ယမကာ နှင့် စားမြိန်စာများ တင်ထားသော လင်ပန်း များကို သယ်ဆောင် လျက် စားပွဲ တစ်ခု မှ တစ်ခုသို့ လိပ်ပြာ လေးများသဖွယ် တုံ့ခေါက်လူးလာပျံဝဲနေကြ၏ ။
အသံအိမ်များ ထဲ မှ ငြိမ့်ညောင်းသာယာစွာ စီးဆင်းလာသော အိပ်မက်ဝိုင် တေးသွားကို ယစ်မူးစဖွယ် ကြားနေ ရ၏ ။
“ အောင်ဘကြီး ကို စောင့်ရင်း ဖြည်းဖြည်း စ လိုက်ကြ စို့လား ”
ဖိုးထောင် က စီးကရက် ကြော်ငြာစာတမ်းရှည် ပါသော ဖန်ခွက်နှစ်လုံး ကို အနီး သို့ ဆွဲယူလိုက်၏ ။ သူ နှင့် ဖိုးထောင် တို့ နှစ်ဦး သား မိုးမခမြိုင် စားတော်ဆက် သို့ အရင် ရောက်နှင့်နေကြသည် ။ အောင်ဘ က ဧည့်ခံပွဲ တစ်ခု ရှိနေသဖြင့် နောက်ကျမည် ဟု ဆို၏ ။
ရမ်ပုလင်း စက္ကူပတ်ပေါ် မှ ဘီယာ ရာပြည့်တံဆိပ် ကို သူ ငေးကြည့်နေမိသည် ။ ဖိုးထောင် ၏ မျက်နှာပေါ်သို့ အကြည့်ရွှေ့လိုက်၏ ။
“ မင်း ဘယ် နှစ်ခေါက် ရှိသွားပြီလဲ ”
“ နှစ်ခေါက် ”
“ ပထမ တစ်ခေါက် က အချိန် ဘယ်လောက် ကြာလဲ ”
“ တစ်နှစ် ”
ပုစ္ဆာ တစ်ပုဒ် ကို သူ တွက်နေမိသည် ။ တစ်နှစ် ကား တစ်စီး ၊ အောက်ထစ် ကျပ် ငွေ တစ်သိန်း ။
“ တို့ အလုပ်က စွန့်စွန့်စားစား ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်ပါ သင်းအောင် ရာ ။ အောင်ဘကြီး အလုပ် ကမှ ဟန် ကျတာကွ ။ ဘာမှ လူ မပင်ပန်းဘူး ၊ ဒီကောင်ကြီး ကတော့ တကယ့် ကို ချမ်းသာနေပြီ ”
အင်းလျားလမ်း တွင် ရှိသော အောင်ဘ အိမ် သို့ ရောက်ခဲ့စဉ်က မြင်ကွင်း ကို သူ သတိရနေမိ၏ ။ ဂေါက် ရိုက် လေ့ကျင့်ရန် အလှမွေးထားသော မြက်ခင်းစိမ်းစိမ်း ၊ ရေသူမရုပ်လေး၏ လက်ချောင်းများ အကြားမှ ဖြာ ထွက်နေသော ရေပန်းများ ၊ကျွန်းသားပါကေးကြမ်းပြင်ပေါ် မှ ရိတ်သိမ်း၍ ရနိုင်လောက်အောင် အမွေးအမှင် ရှည်လျားအိထွေးသော ကြမ်းခင်းကော်ဇော ။
စုပ်မျိုလိုက်သော ယမကာတစ်ကျိုက် ၏ ခါးသက်သက် အရသာကြောင့် ဖက်ထုပ်ကြော် တစ်ခု ကို ဝါးနေလိုက်သည် ။
“ ဟော အောင်ဘ ရောက်လာပြီ ”
တိုက်ပုံအင်္ကျီအဖြူ ၊ ရှပ်အင်္ကျီ ကော်လာကတုံး နှင့် စိမ်းပြာရောင် ရခိုင်လုံချည် တို့ ကို ဝတ်ဆင်လျက် လှမ်းဝင် လာသော အောင်ဘ ကို တွေ့လိုက်ရ၏ ။
“ အိတ်ကျစ်မီ သူငယ်ချင်း ၊ အင်းလျားလိပ် မှာ လုပ်တဲ့ သတို့သား ရဲ့ ဧည့်ခံပွဲ က တန်း လာခဲ့ရတာ ၊ အဝတ်အစား တွေပဲ ကြည့်တော့ ”
သူ ရော ဖိုးထောင် ပါ ခွင့်လွှတ်ပြုံး ပြုံးလိုက်ကြသည် ။
“ မင်း ရန်ကုန် ရောက်တယ် ကြား ကတည်းက ငါ ဖိုးထောင် ကို အချိန်း ခိုင်းနေတာ ။ ဒီကောင် ညံ့ လို့ ဒီနေ့ မှ ဆုံဖြစ်တာ ”
အောင်ဘ က ကမ္ဘာကြီးတစ်ခုလုံး ကို အိတ်ထဲတွင် ထည့်ထားနိုင်သူတို့ ၏ အသံမျိုးဖြင့် ပြော၏ ။
“ ငါလည်း နေ့တိုင်း ဆက်တာပဲကွ ၊ သူတို့ ရုံး ဖုန်း က အမြဲတန်း အင်ဂေ့ဂျ် ဖြစ်နေတာ ဆက်လို့ကို မရဘူး ”
စားပွဲထိုးများ အောင်ဘ အနီး သို့ အလုအယက် ချဉ်းကပ်လာကြ၏ ။ အောင်ဘ က သူတို့ကို လှည့် မကြည့် စားပွဲပေါ်မှ ရမ်ပုလင်းကို သာ စူးစိုက်ကြည့်သည် ။
“ ဟေ့ ဖိုးထောင် ၊ ဘယ်လိုလဲ ကွ ၊ သူငယ်ချင်း ဆရာဝန်ကြီး တစ်ယောက်လုံး ကို ဧည့်ခံတာ တောင် ဒီ အရက်မျိုး နဲ့ ပဲလား ”
အောင်ဘ က စားပွဲပေါ်မှ ရမ်ပုလင်း ကို ဆတ်ခနဲ လှမ်း ယူလိုက်၏ ။ ပုလင်းပိတ် ဝက်အူရစ် ကို လှည့် ဖွင့်နေသည် ။ ထို့နောက် ပုလင်းထဲ မှ အရက်များကို စောင်းငဲ့ သွန်ချ ပစ်လိုက်၏ ။ ပတ္တမြားရောင် ရေတံခွန်ငယ်တစ်ခု စီးသွယ်ဖြာ ကျလျက် ရှိသည်ကို လှပစွာ မြင်တွေ့ရ၏ ။
သင်းအောင် က ဖိုးထောင် ၏ မျက်နှာကို ကြည့်လိုက်သည် ။ ဒေါသရိပ်ခြည် စွန်းထင်းခြင်း မရှိ ။ ကျေနပ်အားရမှုကြောင့် ပွင့်လက်လာသော အပြုံးရိပ်ကိုသာ မြင်တွေ့ရ၏ ။
အောင်ဘ က အရက် ကုန်သွားသော ပုလင်းခွံ ကို မြက်ခင်းပေါ် သို့ ပစ် ချလိုက်၏ ။ သံတမန်အိတ် ကို ခလုပ်နှိပ် ဖွင့်သည် ။ တံဆိပ်နက်ဝီစကီတစ်လုံး ကို ထုတ်ယူပြီး စားပွဲသို့ အသံ မြည်သွားအောင် ဆောင့် ချလိုက်၏ ။
“ ဒီလို ထိုက်ထိုက်တန်တန် လုပ်ပါကွ ”
ကုလားထိုင်လွတ် တစ်လုံး ၌ အောင်ဘ ထိုင်သည် ။
“ မင်းတို့ ဘာတွေ မှာ ထားကြလဲ ”
“ ဟိုဟာ ဒီဟာ ဘာညာကွိကွပေါ့ ကွာ ”
ဖိုးထောင် ၏ အသံ သည် ဖျော့တော့ပါးလျလျက်ရှိ၏ ။
“ ဟေ့ သူတို့ မှာထားတာတွေ အကုန်လုံး ရပ်ပစ်လိုက်တော့ ”
စားပွဲထိုး က ရိုသေစွာ ဦးညွှတ် ပြသည် ။
“ ဖတ်စကလပ် တစ်ပွဲ လုပ်ကွာ ၊ တဲင်းန်ကို့စ်ပေါ့ ၊ ငါးမန်းတောင် ကြက်ကော်ရည် နဲ့ ဝက်ကလေးကင် တော့ ပါပေ့စေ ၊ ဪ ပွဲသိမ်းအချိုရည် က လိုက်ချီးစ်ဘူး ဖောက်ပေး ၊ ဘူး နော် ဘူး ၊ ပေါင်းထားတဲ့ လိုကယ်တွေ ယူ မလာခဲ့နဲ့ ”
ဟင်းလျာ ဆယ်မျိုးပါသော ပထမတန်းစား တစ်ဝိုင်းစာ မှာ နေခြင်းဟု နားလည် လိုက်၏ ။ ဖန်ခွက် ကို သူ လှမ်းယူလိုက်သည် ။ ဝီစကီကောင်း တို့ ၏ အရည်အသွေး တစ်ရပ်ဖြစ်သော ချောမွေ့ ညက်ညောခြင်းကို လျှာ ဖြင့် ထိတွေ့ခံစားနေမိ၏ ။
“ တို့ သူငယ်ချင်းတွေ ထဲမှာ မင်း တစ်ယောက်ပဲ ဆရာဝန် ဖြစ်တာ ကွ ၊ မင်း အတွက် ငါ သိပ် ဂုဏ်ယူတယ် ”
ဦးစောညိန်း ၏ ပွင့်ဦး သီချင်း ကို ကြားယောင်မိသည် ။ “ လှောင်တာလေလားနော်ကွယ် ” ဟူသော အပိုဒ်ကလေးကို ညည်းညူသံဖြင့် ရွတ်ဆိုချင်စိတ် ပေါ်လာ၏ ။ အောင်ဘ ၏ မျက်နှာကို မလုံမလဲ ကြည့်မိ၏ ။ မျက်လုံးမှာ ၊ လေသံမှာ လှောင်ပြောင်ရိပ် ကို မတွေ့ရ ။ ချစ်ခင်လေးစားသော အကြည့် ၊ လှိုက်လှဲသော အသံ တို့ စေတနာ မှန် ဖြင့် ပြောသော စကား ဟု ယုံကြည်စိတ်ချကာ အနည်းငယ် နေသာ ထိုင်သာ ရှိသွားသည် ။
ဇလုံ ထဲမှ ရေခဲကြီးကြီး တစ်တုံး ကို ယူ၍ ဖန်ခွက်ထဲ ထည့်လိုက်၏ ။
ဖန်ခွက် ထဲတွင် ကျောက်ဆောင် နှင့် ရွှေဝါရောင် လှိုင်းဂယက် နှင့် လှပသော သမုဒ္ဒရာတစ်စင်း ပေါ်ထွန်းသည် ။
ဖိုးထောင် က အောင်ဘ ဘက်သို့ စောင်းငဲ့ ၍ တစ်စုံ တစ်ရာ ပြောသည် ။ အောင်ဘ ကလည်း ပြန်ပြော၏ ။ မိမိ နှင့် ဝေးလှမ်းလှသော ဘာသာစကားများ ဖြစ်သဖြင့် ခပ်မဆိတ်နေလိုက်၏ ။
တိုယိုတာ ကိုရိုလာ ဒီအိတ်က်စ် ၊ အက်စ်အီး ၊ စပရင် တာ ၊ ဟို က်လပ် ၊ ပတ်ဘလစ် ကာ ၊ နီဆန်းပရက်စတို ၊ ဆန်နီ ...
ဖူဂျီယာမာ နှင်းပွင့်တောင်ထိပ်သို့ သူ ရောက်သွား၏ ။ အရိုးခိုက်အောင် အေးမြသောလေ က တဟူးဟူး တိုက်ခတ်နေသည် ။
နံပါတ် အနက် ၊ နံပါတ် အနီ ၊ ယာယီ နံပါတ် ၊ ပါမစ် ဝယ်ခြင်း ။
“ ဟေ့ သင်းအောင် ၊ မင်း လည်း တစ်စီးလောက် ဆွဲထားလိုက်ပါလား ၊ ကိုရိုလာ ( ဈ ) မျဉ်းဆွဲလောက် ဖြစ်ဖြစ်ပေါ့ ”
ဖိုးထောင် က ရုတ်တရက် သူ့ ဘက် သို့ လှည့်ပြီး ပြော၏ ။ ရင်ထဲတွင် ပွန်းရှ သွားသည် ။
“ မဝယ်နိုင်ပါဘူး သူငယ်ချင်း ရာ ၊ ကိုယ့်မှာ ဒီလောက် ငွေအင်အား မရှိပါဘူး ”
အသံ မှာ သေချာစွာ နားစိုက်ထောင်မှ ကြားနိုင်ရုံ ယဲ့ယဲ့လေး ဖြစ်သည် ။
“ ချိုမနေစမ်းပါနဲ့ကွာ ။ ဂျီပီ လုပ်လို့ ရတဲ့ ပိုက်ဆံတွေ ဘယ်သွား ထားမှာလဲ"
စားပွဲ အံဆွဲ အတွင်းသို့ ကျဆင်းလာသည့် စိုထိုင်း ၍ ငါးညှီနံ့ သင်းသော ကျပ်တန် နွမ်းနွမ်းလေးများ ၊ စားပွဲပေါ် တင်ထားသည့် နွားနို့ တစ်ပုလင်း ၊ ကြက်ဥ ငါးလုံး ၊ ကောက်ညှင်းဆန် တစ်ပြည် ။
ဘောဂဝတီ မြစ်ကမ်း နံဘေး မှ ဆေးခန်းလေး အတွင်းသို့ သူ ပြန်လည် ရောက်ရှိသွားသည် ။
“ ကိုယ့် လူနာတွေ က ဆင်းရဲကြပါတယ်ကွာ ”
ဇလုံ ထဲ မှ ရေခဲသေးသေးလေး တစ်တုံး ကို ယူ၍ ဖန်ခွက် ထဲ ထည့်လိုက်၏ ။
စကား ပြတ်သွားကြသည် ။ ဆိတ်ငြိမ်မှုသည် ပွင့်ဖတ်နွမ်းလျသော ပန်းတစ်ခြင်း ကို သယ်ဆောင်လာပြီး သူတို့ သုံးဦးအပေါ်သို့ ဖြည်းညင်းစွာ ကျဲဖြန့်ပေးလျက် ရှိ၏ ။
“ မင်း က အလုပ် မလုပ်တတ်ဘူး ထင်ပါရဲ့ ကွာ ”
အားမလို အားမရ အသံဖြင့် အောင်ဘ က ပြော၏ ။
အေဂျေ ကရိုနင် ၏ ယုဒသစ်ပင် ဝတ္ထု ထဲမှ စည်းစိမ် အဆိပ်သင့် ရှာသူ ဆရာဝန် ဒေးဗစ်မိုရေး ၏ ကြေကွဲဖွယ် ဘဝနိဂုံး ကို သတိရမိသဖြင့် ကျောရိုးတစ်လျှောက် စိမ့်သွားသည် ။
မိုးခါးရေ သောက်ရန် အတွက် ဟစ်ပိုကရေးတီး ၏ ကတိသစ္စာ ကို ချိုးဖောက်ဝံ့ပါရဲ့လား ။
မိမိ လျှောက်လာရာ လမ်းလေးကို ပြန် လှည့်ကြည့်မိ၏ ။ ဆင်းရဲငြိုငြင်၍ ခရီး မတွင်သော်ငြားလည်း ဤလမ်း လေးတွင် တစ်ကိုယ်ကောင်းဆန်မှု ၊ ကျင်းချိုင့်များ မရှိ ။ ချစ်ခင်မှု သစ်ပင်တို့ ၏ အရိပ်များရှိ ၏ ။ ကောက်ကျစ်စဉ်းလဲမှု ထောင်ချောက်များလည်း မရှိ ။ ကြင်နာမှု ကျေးငှက် တို့ ၏ တေးသံ ချိုချို ရှိ၏ ။ ရောင့်ရဲတင်းတိမ်မှု ရေချမ်းစင်ကလေး ရှိ၏ ။ ထို့ပြင် လိပ်ပြာသန့်သူ တို့ သာ မြင်တွေ့ခွင့် ရသော တောင်စဉ်တောင်တန်းများလည်း ရှိလေသည် ။
စိတ်နှလုံး အေးမြငြိမ်းချမ်းစေသည်မို့ ဤ လျှောက်လက်စ လမ်းကလေးမှာပင် ဆက်လက် လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်သည် ။
ကြက်သား ၊ မျှစ်ဆိမ့်ကြော် ပန်းကန်ပေါ်သို့ ဝဲသွားသော ဖိုးထောင် ၏ လက်ထဲမှ တူနှစ်ချောင်းကို ကြည့်နေမိ၏ ။
ငယ်စဉ် ကလေးဘဝက ကြည်နူးဖွယ်ရာ အဖြစ်အပျက်များ ကို လွမ်းမောတသစွာ ပြန် ပြောနေမိကြ၏ ။ ထို့နောက် စကား ပြတ်သွား၏ ။ ဖိုးထောင် မျက်နှာ အောင်ဘ ဘက်သို့ လှည့် သွားပြန်သည် ။ မြေကွက် အရောင်းအဝယ် ကိစ္စ ကို ဖိုးထောင် က စကား စ၏ ။ အောင်ဘ နှင့်အချီအချ ပြောနေကြသည် ။ မိမိ နှင့်ဝေးလှမ်းလှသော စကားတစ်ရပ် ကို ထပ်မံ၍ ကြားရပြန်ပြီဖြစ်၏ ။ သူ ခပ်မဆိတ် နေရပြန်သည် ။
ဂိုးလ်ဒင်ဘယ်လီ ဆိုသော အသံကို ကြားရ၏ ။ အင်းလျားမြိုင် ဆိုတာ ပါသည် ။ ခြောက်မိုင် ၊ အာတီးယား ၊ ပြည်လမ်း ၊ ပါရမီ ။
တိမ်တိုက်ပေါ်၌ တည်ဆောက်ထားသော ဘုံဗိမာန်များ ကို ဝင်းဝင်းလျှပ်လျှပ် မြင်ယောင်လာမိသည် ။ “ ပါရမီ မသီနှင့် ၊ ဘုံခန်း မစမ်းနှင့် ” ဟူသော ကျောင်းတုန်းက မြန်မာစာဆရာ ၏ အဆိုအမိန့်ကို မဆီမဆိုင် သတိရနေမိသည် ။
“ သင်းအောင် မင်း စိတ်ကူး မလွဲနဲ့ ၊ ရန်ကုန် မှာ မြေတစ်ကွက်လောက် ဝယ်ပြီး အခြေ ချထားဖို့ ကောင်းပြီ ”
ထစ်ချုန်း မြည်ဟိန်းလိုက်သော အောင်ဘ ၏ အသံကြောင့် သူ ထိတ်လန့်သွားသည် ။ ကြက်သီးတွေ တဖြန်း ဖြန်း ထလာ၏ ။ ထူအမ်းအမ်း ဖြစ်လာသော မျက်နှာ ကို လက်ကိုင်ပဝါဖြင့် ပွတ်ရင်း ဖုံးကွယ်ထားရ၏ ။
တုန်ခါမှုနှုန်း မြင့်မားလှသော အောင်ဘ ၏ အသံစူးစူး ကို ဆက်လက် ကြားနေရ၏ ။
“ ဘာလဲ ပင်စင်ယူပြီး မှ ဝယ်မယ်လို့ ဆင်ခြေပေးဦး မလို့လား ။ မြေကွက်ဈေးနှုန်း က မင်း ပင်စင်ယူတဲ့ အထိ ငြိမ် ပြီး စောင့်နေမှာ မဟုတ်ဘူးကွ ၊ စဉ်းစား မနေနဲ့ ဝယ်ထားရင် မမှားဘူး ။ မင်း ကြိုက်တဲ့ နေရာ ပြော တို့ ဝိုင်းရှာပေးမယ် ၊ ဘယ် နေ ရာကြိုက်လဲ ခြောက်မိုင် မှာ လား ၊ ပါရမီ မှာ လား ”
နှုတ်ဖြင့် ဖြေရန်အတွက် စကားဝါကျ ခေါင်းပါးလွန်းလှ၏ ။ ရင်ထဲကမူ စကားတွေ အများကြီး ပြောနေမိသည် ။ ဘယ်လို ဖြေရမှာလဲ သူငယ်ချင်း ရယ် ။ မင်း ပြောတဲ့ မြေကွက် က တစ်ပေ ကို ဘယ်လောက်နှုန်း ပေးချေရမှာတဲ့ လဲ ။ မြေ တစ်ပေ ပတ်လည်ပေါ်မှာ အိမ် တစ်လုံး ဆောက်လို့ရော ရနိုင်ရဲ့လား ။ ရနိုင်တယ် ဆိုရင် အဲဒီ အိမ် က သေးသေးလေး နေမှာပေါ့ နော် ။ တို့ ငယ်ငယ်က ကစားခဲ့ကြတဲ့ ပလတ်စတစ် အုတ်ချပ် အဖြူအနီလေးတွေ နဲ့ အိမ်ကလေးမျိုး ဖြစ်မယ် ထင်တယ် ။ အဲဒီ အိမ်ကလေးထဲကို ဝင်နိုင်ဖို့ အတွက် ငါ့ ကိုယ် ငါ ငလက်မ လို လူသေးသေးလေး ဖြစ်သွားအောင် ဖန်ဆင်းရမှာပေါ့ နော် ။
အို ဖန်ဆင်းဖို့ရော လိုသေးရဲ့ လားကွယ် ။
ဝီစကီကြောင့်လား ၊ သိမ်ငယ်စိတ်ကြောင့်လား မသိ ၊ မူးရိပ်မူးရိပ် ဖြစ်လာသည် ။ ရင်ထဲမှ တလှပ်လှပ် ခုန်လာ၏ ။ လည်ချောင်း ထဲမှ ယား လာသည် ။ ပျို့အန်ချင်စိတ် ပေါ်လာသဖြင့် ရင် ကို လက်ဖြင့် ဖိထား၏ ။ တင်မောင်သန် ၏ အီကိုနိုဂျီနစ်ကာစီနိုးမားရောဂါ ကို သွား သတိရသည် ။
ဇလုံ ထဲတွင်ကား ရေခဲတုံး အားလုံး အရည်ပျော်လျက် ရှိလေပြီ ။
[ ၃ ]
အဆင်းအတက် သွက်လက်စေရန် အတွက် သစ်သားစက်သီး ကို ရေ နှစ်ခွက်ခန့် ပက် လိုက်သည် ။
ဒူးတိုက်ပေါ်တွင် လက်ထောက်ရင်း တွင်းထဲ သို့ ငုံ့ ကြည့်၏ ။ မိမိ ပုံရိပ်ကို မှုန်ပျပျ သွားမြင်ရသည် ။ မိမိတို့ မြို့ လေးမှ ရေတွင်းများ သည် နွေရာသီ ဆိုလျှင် ဤသို့ပင် ရေစ ဝေးတတ်မြဲ ဖြစ်၏ ။
ကြိုး ကို လျှော့ချ လိုက်၏ ။ ပုံး နှင့် ရေမျက်နှာပြင် တို့ ထိ သံ ကို ကြားရသည် ။ ပုံး မြုပ်သွားအောင် ကြိုး ကို တစ်ချက် နှစ်ချက် ဆောင့်လိုက်ပြီး မှ အား စိုက်၍ ဆွဲသည် ။ စဉ့်အင်တုံကြီး ထဲသို့ ရေ တစ်ပုံးပြီးတစ်ပုံး လောင်းထည့်နေသည် ။
“ သား ကလည်းကွယ် မေမေ ရေစည် မှာထားပါတယ် ပြောသား နဲ့ အလကား ဒုက္ခ ခံနေတယ် ။ လက်တွေများ ပေါက် ကုန်မှဖြင့် ”
မေမေ့ အသံ ကို ကြားရ၏ ။
“ မေမေ ချိုးဖို့ ရေကို သား ကိုယ်တိုင် ဆွဲပေးချင်လို့ပါ မေမေ ရဲ့ ”
စဉ့်အင်တုံကြီး ထဲတွင် ရေ ပြည့်သွားမှ သူ နားသည် ။
မေမေ ဖတ်ခိုင်းထားသော တောင်မြို့ ဂန္ဓာရုံ ဆရာတော် ၏ တစ်ဘဝ တစ်သံသရာ စာအုပ် ကို သူ ဖတ်နေ၏ ။ မေမေ က သူ့ အနီးမှ ပက်လက်ကုလားထိုင် တွင် လာထိုင်သည် ။
“ ဖိုးထောင် တို့ ၊ အောင်ဘ တို့ နဲ့ သား တွေ့သေးရဲ့လား ”
“ တွေ့ပါတယ် မေမေ ရဲ့ ။ ရန်ကုန် ရောက်တိုင်း တွေ့ပါတယ် ”
“ အေးကွယ် မနေ့က ဒေါ်ဥကြီး ပြောလို့ သူတို့လေးတွေ ကြီးပွားနေကြတယ် ဆိုတာ ကြားရတော့ ဝမ်းသာပါတယ် ။ ဒါနဲ့ ဖိုးထောင် က ရန်ကုန် ကို ဘယ်လို ရောက်သွားတာလဲ ။ သူ က အမှုထမ်း မလုပ်ဘူးလား ”
“ ဒီကောင် က မန္တလေးတက္ကသိုလ် မှာ ပထမနှစ် အောင်ပြီး ကတည်းက ကျောင်း ဆက် မတက်ဘဲ ရန်ကုန် ဆင်း သွားတာ မေမေ ရ ။ အမှုထမ်းလည်း လုပ်တယ်လို့ မကြားမိပါဘူး ။ ခုတော့ သင်္ဘော လိုက်နေတော့ ဟန်တာပေါ့ မေမေ ရာ ။ ရန်ကုန် မှာ တိုက်နဲ့ ၊ ကားနဲ့ ၊ သား တို့ ဘာ ဆိုင်တော့တာ မှတ်လို့ ”
နံရံတွင် ချိတ်ဆွဲထားသော ဖယောင်းတိုင်ပုံ ကားချပ် ကို သူ ငေးကြည့်နေမိ၏ ။
“ လူ ကလည်း အသုံးအစွဲ ကျစ်လျစ်လိမ္မာလို့ ပေါ့ သား ရယ် ။ အောင်ဘကြီး ကိုတော့ မေမေ မတွေ့တာ ကြာလှပြီ ။ ခုနေများ တွေ့ရင် မှတ်မှ မှတ်မိပါ့မလား မဆိုနိုင်ဘူး ”
“ ဒီကောင်ကြီးက ရုပ် မပြောင်းဘူး မေမေ ရ ။ နည်းနည်း ဝလာတာပဲ ရှိတယ် ။ မေမေ မတွေ့တာ ကြာဆို ဒီကောင်က ရှစ်တန်း အောင်ပြီးတာ နဲ့ ကျောင်း က ထွက်သွားတာ ဆိုတော့ ဆယ့်ငါးနှစ် လောက်တောင် ရှိသွားပြီ မေမေ ရ ။ အဲဒီကတည်းက စီးပွားရေး လုပ်နေတာ ကြီးပွားလိုက်တာတော့ မပြောနဲ့ မေမေရာ ။ အခု ဒီကောင် က ကားပွဲစားလေ ”
“ ကားပွဲစား ”
မေမေ က နားမလည်နိုင်ဟန်ဖြင့် မေး၏ ။
“ မေမေ ကလည်း ကားပွဲစား ဆိုလို့ လွယ်အိတ်တစ်လုံး နဲ့ လမ်းပေါ် မှာ လျှောက်နေတဲ့ ပွဲစားမျိုးလို့ မထင်နဲ့ ။ ဒီမှာ ထန်းလျက် တွေ လှောင်သလို ကားတွေ အများကြီး လှောင် ထားနိုင်တဲ့ ပွဲစားမျိုး မေမေရ ။ အရမ်း ကို ချမ်းသာတာပဲ ။ သား ဖြင့် သူ့ တိုက်ထဲ ဝင် ရတာတောင် ခပ်ရွံ့ရွံ့ ရယ် ”
အမှန်လည်း ရန်ကုန် ရောက်တိုင်း အောင်ဘ ၏ တိုက်ရှေ့မှ နေ့စဉ် ဖြတ်သွားနေရပါလျက် ဝင်ဖြစ်ခဲလှ၏ ။
နေ ရင့် လာသဖြင့် အပူဓာတ် အနည်းငယ် လွှမ်းမိုးစ ပြုလာသည် ။ အရှေ့ တောင် အရပ်ဆီ မှ တသုန်သုန် တိုက်ခတ်လာသော ကျွဲတောင်ငူ လေကလေးကြောင့် အနည်းငယ် သက်သာရာ ရ၏ ။
လှုပ်ရှားသွားသော သင်္ဘောရွက်များ ကို မြင်ရ၏ ။ ပင်စည်တွင် တွယ်ကပ်နေသော သင်္ဘောသီးများ ၏ ရွယ်အစားအလိုက် အဆင့်ဆင့် တည်နေပုံ အဆင်ဒီဇိုင်း ကို သူ စိတ်ဝင်စားစွာ ကြည့်နေမိသည် ။
အိမ်ရှေ့လမ်းပေါ်မှ မြင်းလှည်းတစ်စီး ရပ်လိုက်သံ ကို ကြားရ၏ ။
“ နှင်းရီတို့ ၊ ဖိုးသားတို့ ပြန်လာကြပြီ ထင်တယ် ”
သူ အိမ်ရှေ့သို့ ထွက်လာခဲ့၏ ။ မြင်းလှည်း ပေါ် မှ ပစ္စည်းများ ကို အောက်သို့ ချသည် ။ ဧရာမ ဖရဲသီးကြီး တစ်လုံးကို နှင်းရီ က ပွေ့ထား၏ ။ မြင်းလှည်းဆရာ က ပစ္စည်းများကို သယ်ဆောင်ပေးနေသဖြင့် ကျေးဇူး တင်မိ၏ ။
ဖိုးသား ကို ချီပြီး အိမ်ထဲ သို့ ဝင်ခဲ့၏ ။
မေမေ က ဖိုးသား ကို လက်ကမ်းယူပြီး ပွေ့ချီထား၏ ။
နှင်းရီ က ရွာ မှာ ဒီနှစ် ကုလားပဲတွေ ရကြကြောင်း ပြောပြနေသည် ။ စကားစ ပြတ်သွားသဖြင့် ဖတ်လက်စ စာအုပ် ကို ပြန်ကိုင်လိုက်၏ ။
“ မြေးလေး ဒီနေ့ ဆယ့်နှစ် အလီ ထိ ရအောင် ကျက်ရမယ်နော် ။ ဘွားဘွား က မြေးလေးဖို့ ပန်းသီးလေးတွေ စိတ်ထားတယ် ။ အလီ တစ်ပုဒ် ရရင် ပန်းသီး တစ်စိတ် စားရမယ် ”
ဖိုးသား က သူ့ ဘွားဘွား ၏ လျော့ရဲစပြုနေပြီ ဖြစ်သော ပါးပြင် ကို မွှေး၏ ။ နှင်းရီ က မြေးအဘွား နှစ်ယောက်ကို ကြည့်ရင်း ကြည်နူးဟန်ဖြင့် ပြုံးသည် ။
သူ က မေမေ့ ကို ကျီစယ်လိုသောကြောင့် အရွှန်းစကား ဆိုလိုက်သည် ။
“ မေမေ့ ပန်းသီးစိတ်တွေ စားရလွန်းလို့ သား ဖြင့် သိမ်ငယ်လှပါပြီ မေမေ ရာ ။ ခုလည်း ဖိုးသား ကို ပန်းသီးစိတ်တွေ ကျွေးနေပြန်ပြီလား ”
ပြောပြီးသည်နှင့် သူ က ရယ်မောလိုက်၏ ။ မေမေ က လိုက် မရယ်ချေ ။
ချစ်၍ ကျီစယ်လိုက်သော စကား ဆိုသည်ကို သိ၏ ။ သို့သော် ဆရာမကြီး မေမေ သည် သူ တစ်သက်တာလုံး စွဲမြဲစွာ ယုံကြည်ခဲ့သော အကြောင်းအရာ ကို ထိပါးလာပါက စိုးစဉ်းမျှ သည်းခံ နိုင်စွမ်း ရှိဟန် မတူ ပေ ။ မေမေ့ မျက်နှာ မှာ ရုတ်ခြည်း တင်းမာသွားသည် ။ အေးစက်သောမျက်လုံး များဖြင့် သူ့ ကို ကြည့် ၏ ။ ထို့နောက် သူ့ နှလုံးသားတိုင် ထိပါး ရိုက်ခတ်သွားစေသော စကားတစ်ခွန်း ကို မေမေ ဆို လိုက်၏ ။
“ မေမေ့ နားရွက်ကိုများ ကိုက်ဦးမှာလား သား ရယ် ”
◾ မြတ်သင်း
📖 ၁၉၈၉ ၊ ဧပြီ ၊ ပေဖူးလွှာ မဂ္ဂဇင်း
www.facebook.com/aung.naingoo.3726613
.