Monday, July 28, 2025

ကျွန်မ၏ သူရဲကောင်းများ


 

❝ ကျွန်မ၏ သူရဲကောင်းများ ❞
       ( ညိုနှင်းအိမ် )

ကျွန်မသည် ဒိုင်ယာရီ ရေးခြင်းကို အလွန်နှစ်သက်ပါသည် ။ ဒိုင်ယာရီ ဆိုတာ ကျွန်မလို နိုင်ငံ့ဝန်ထမ်း တစ်ယောက်အတွက် တစ်နေ့တာ ဆောင်ရွက်ရမည့် အရေးကြီးသောကိစ္စများကို မှတ်ထားသင့်သော မရှိမဖြစ် စာအုပ် သာလျှင် ဖြစ်ပါသည် ။ ဥပမာ - ယနေ့ ဆေးရုံအုပ်ကြီး ကိုယ်စား နံနက် ၉ နာရီ၌ လပတ် ဆွေးနွေးပွဲ သွားတက်ရမည် ။ ဆေးရုံရှိ ဆောက်လက်စ ဓာတ်မှန်ခန်း ပြီးစီးမှု အခြေအနေ တင်ပြရမည် ။ နေ့လယ် ၂ နာရီ၌ တရားရုံးတွင် ရုံးချိန်းရှိသည် စသည် စသည်ဖြင့် အရေးကြီးသော အရာများကို မှတ်ရေးထားမှ မမေ့မလျော့ဘဲ တစ်နေ့တာ လုပ်ငန်းများကို ချောမောပြေပြစ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည် ။

ကျွန်မ၏ ဒိုင်ယာရီ ကတော့ မရှက်တမ်း ဝန်ခံရလျှင် အစပိုင်း လေးငါးရွက်သာ ရုံးအလုပ် ၊ ဆေးရုံ အလုပ်များချည်းဖြစ်သော်လည်း နောက်ပိုင်းတွင် စိတ် ဝင်စားဖွယ်ရာ ကျွန်မ၏ ရင်ခုန်သံ သံစဉ်များပင် ဖြစ်လာကြပါသည် ။ အချိန် ဆင်းရဲလှသောကြောင့် စိတ်ကူးဖြင့် ဝတ္ထုရေးလေ့ ရှိသော ကျွန်မသည် စာရွက်နှင့် ဘောပင် အခန့်သင့်၍ တွေ့ဆုံချိန်လေးတွင် ကျွန်မ၏ ခံစားချက်များ အလိုလို ချရေးမိလျက်သား ဖြစ်သွား ပါသည် ။ ပြင်းထန်သော စိတ်အင်အား၏ စိုးမိုးချက်ကို ကျွန်မ မလွန်ဆန်နိုင်ပါ ။

“ ယနေ့ မိုးကို စတင် တွေ့ဆုံရသည့် ငွေမြားတံကလေးတွေ ကောင်းကင်မှ ကျဆင်းလာသည်ကို ကြည့် ရင်း ကျွန်မ အလိုလို ပျော်ရွှင်နေမိသည် ။ ပိတောက် စိမ်းစိမ်းတွေ ရွှေရည်လူးတော့မည် ထင်သည် ။ မိုးစက်များ လွင့်ကြွေလာသောအခါ မြေသင်းနံ့မွှေးမွှေးကလေးက ကျွန်မနှလုံးသားကို ကလူကျီစယ်လေသည် ”

ဒါ ဆေးရုံ ကျန်းမာရေး အရာရှိ ဆရာဝန်မရဲ့ ဒိုင်ယာရီ တဲ့လား ။ တစ်စုံတစ်ခုတော့ မှားယွင်းနေပါပြီ ။

“ ယနေ့ ကောင်းကင်မှာ စွန်တစ်ကောင် ပျံဝဲနေသည်ကို စတင် တွေ့မြင်ရသည် ။ မိုးထွက်ခွာတော့မည့် အထိမ်းအမှတ်ပေပဲ ။ မိုးသားပြာပြာဝယ် အားမာန်အပြည့်နှင့် စွန်က တောင်ပံ ဖြန့်ဝဲ နေသလို စက္ကူစွန်နီနီကလေး ကလည်း အားကျမခံ ပျံဝဲနေသည် ။ သက်ရှိနှင့် သက်မဲ့ အားပြိုင်ပွဲကို ခုမှရောက်လာသော ဆောင်းက ရီဝေစွာ ငေးမောကြည့်နေပေလိမ့်မည် ”

အဲဒီလို အကွန့်အညွန့်မျိုးတွေ ပါဝင်လာတတ်သော ဒိုင်ယာရီကို သူများ မမြင်အောင် အသာ ဝှက်ထား ရသည် ။ ချစ်သူကတော့ ...

“ မင်းကွာ ဒိုင်ယာရီ ကလည်း စာညွန့်လိုလို ၊ ကဗျာလိုလိုနဲ့ အရေးကြီးတဲ့ ရုံးကိစ္စတွေ မေ့ကျန်ခဲ့ပါဦးမယ် ” ဟု သတိပေးရှာသည် ။

ထိုသို့သော ကျွန်မ၏ ဒိုင်ယာရီတွင် နေ့စဉ် ဆေးရုံ၌ ကြုံတွေ့ ရသော ထူးခြားလှသည့် မှတ်တမ်းလေးများလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပါတတ်ပါသေးသည် ။ “ သူရဲကောင်း ” ဆိုတာ စစ်မြေပြင်မှာသာ ရှိရမှာပေါ့ ဟု ကျွန်မ ငယ်စဉ်က ထင်မြင်ခဲ့ဖူးပါသည် ။ ယခုတော့ ဆေးရုံ အလုပ်တာဝန်များစွာ ကြားတွင် ပြေးလွှားလှုပ်ရှားရင်း ကျွန်မ မလေးစားဘဲ မနေနိုင်သော ၊ မချီးမွမ်းဘဲ မနေနိုင်သော အလွန် စိတ်ဓာတ်ခိုင်မာသည့် သူရဲကောင်းများစွာကို တွေ့ရှိခဲ့ရဖူးလေသည် ။ ကျွန်မ၏ ဒိုင်ယာရီတွင် ရသမျိုးစုံ ရောနှောနေသော ပျော်မွေ့ဖွယ် အကြောင်း အရာများစွာအနက် သူရဲကောင်းများ၏ အကြောင်းကို မှတ်တမ်းတင် ထားသည်ကိုလည်း တွေ့ရပါသည် ။ တစ်ခါတစ်ရံ ဒိုင်ယာရီဟောင်း၏ စာမျက်နှာများကို ပြန်လှန်လှော၍ ကြည့်ရင်း ကျွန်မ သူရဲကောင်းများနှင့် တွေ့ဆုံခဲ့ရပုံကို အမြတ်တနိုး ပြန်လည် ဖတ်ရှုနေမိပါသည် ။

ကျွန်မက တောင်ငူသူမို့ သူရဲကောင်း အရွေးတော်သော ရှင်ဘုရင် တပင်ရွှေထီး ကို သတိရမ်ပါသည် ။ လက်ဖျားထိပ်ကို အပ်နဲ့ စိုက်လို့ တူနဲ့ ရိုက်ကာ ရွေးချယ်ပါသတဲ့ ။ မကြောက်မရွံ့ ၊ မလှုပ်မယှက်နဲ့ နည်းနည်း လေးမှ မတွန့်မဆုတ်သူ ကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်ပါသတဲ့ ။ ကျွန်မ သူရဲကောင်း ရွေးချယ်ပုံကမူ တောင်ငူဘုရင် တပင်ရွှေထီး နှင့် မတူ ၊ တစ်မူများ ထူးခြား နေလေရော့သလား ။

••••• ••••• •••••

ထိုညက ကျွန်မ ညဂျူတီ ကျပါတယ် ။ ည ၁၂ နာရီကျော်သည်အထိ စကားတပြောပြော စားလိုက် ၊ သောက်လိုက်ဖြင့် အိပ်မငိုက်ကြသော်လည်း ည ၂ နာရီ ၊ ၃ နာရီ ထိုးသောအခါ ထုံးစံအတိုင်း အကြီးအကျယ် အိပ်ငိုက်ကြလေသည် ။ ထိုအချိန်မှာမှ ဆေးရုံ အဝင်ဝ သံတံခါးကြီးကို အပြင်းအထန် ကိုင်လှုပ် နေသော လူတစ်စုကြောင့် ကျွန်မတို့ မျက်စိများ ပြူးကျယ်သွား ကြလေသည် ။

“ ဘာလူနာလဲဟဲ့ ”

သူနာပြုဆရာမကြီး ဒေါ်အယ်ဒီ က မေးသည် ။

“ မြွေပွေးကိုက် လူနာပါ ဆရာမကြီး ”

“ ဟဲ့ ... မြွေပွေးတဲ့ဟဲ့ ၊ လာလာ .. စမ်းသပ်ခန်းထဲ မြန်မြန်ပို့ ”

လူနာက ထမ်းပုခက်ပေါ်မှာ ခွေခေါက် နေရှာသည် ။ တောရွာ ထုံးစံအတိုင်း စောင် ကို နှစ်ဖက်ထုံးပြီး ဝါးလုံး တောင့်တောင့်မှာ လျှိုထားသည် ။ ပုခက် အောက်ချလိုက်သောအခါ လူနာကို စောင်ထဲမှ မနည်း ဆွဲထုတ်ရသည် ။ လူနာကော လိုက်ပို့သူများပါ ဟိန္ဒူလူမျိုးများ ဖြစ်ကြသည် ။ ကျွန်မ၏ ဆေးရုံ အနားတစ်ဝိုက်တွင် ဆားဂွန်း ၊ ဆားဒေးနဂါး စသော လယ်ယာစိုက်ပျိုးသည့် ဟိန္ဒူကျေးရွာများ များစွာ ရှိလေသည် ။

လူနာကား မျက်စိပင် မဖွင့်နိုင်တော့ ။ အသက်တော့ ခပ်မျှဉ်းမျှဉ်း ရှူနေဆဲဖြစ်သည် ။ ခုတင်ပေါ် ရောက်လာတော့ လူနာ၏ မျက်နှာကို စေ့စေ့ကြည့်လိုက်လျှင် စောစောက  အိပ်ချင်မူးတူး စိတ်များ လွင့်ပြယ်သွားလေသည် ။

“ အလို .. ဘုရား ဒီလူနာ ရန်ကနား မဟုတ်လား ဟင် ”

“ ဟုတ်ပါ့ … ဒေါက်တာရေ ရန်ကနား မှ အစစ် ”

ရန်ကနား သည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မ၏လူနာ တစ်ယောက် ဖြစ်ခဲ့လေသည် ။ ဟိုတုန်းကလည်း သူ့ကို မြွေပွေးကိုက်၍ ဆေးရုံ ရောက်လာခြင်းပင် ဖြစ်သည် ။ ဆေးရုံမှာ တစ်လနီးပါးခန့် အနာကောင်းသည် အထိ နေပြီးမှ ဆေးရုံမှ ဆင်းသွားသော လူနာဖြစ်၍ ကျွန်မတို့ ကောင်းစွာ မှတ်မိနေခြင်း ဖြစ်သည် ။

လူနာများ မြွေကိုက် ခံရလျှင် ဓားဖြင့် ခွဲစရာ မလိုတော့ကြောင်း ၊ ဓားဖြင့် ခွဲ၍ သူ့အနာမှာ ကြာမြင့်စွာ ကုသရကြောင်း ၊ အနာကို ရေဖြင့် ဆေးရန်သာ အလွန်အရေး ကြီးကြောင်း ၊ ဒဏ်ရာ အပေါ်မှာ ကြိုးစည်း လျှင်လည်း ခပ်လျော့လျော့သာ စည်းသင့်ကြောင်း ၊ တင်းကျပ်လွန်းပါက ခြေလက် ပုပ်သွားတတ်ကြောင်း ၊ လူနာသည် မြွေကိုက်ခံရပြီးမှ လမ်းမလျှောက်ခဲ့လျှင် အဆိပ်ပျံ့နှုန်း နည်းပြီး ဆေးကုသပျောက်ကင်းဖို့ အလွန် သေချာကြောင်း သူသည် ကျွန်မ ကိုယ်စား ရေရေလည်လည် ရှင်းပြနိုင်လေသည် ။

ခုတော့ သူ့ကိုပဲ မြွေပွေးက ထပ်ပြီး ကိုက်ပြန်ပြီ ။

မြွေဓာတ်ကျလှချည်လား ရန်ကနားရယ် ။ ကျွန်မ စိတ်မကောင်းစွာဖြင့် သူ့ကို သွေးပေါင်ချိန်ရန် ပြင်ဆင်သည် ။ ထိုအခါ ချွေးသီးချွေးပေါက်များဖြင့် ဇောချွေးပြန် နေသည့် ကြားမှ ရန်ကနား၏ မျက်စိများ တဖြည်းဖြည်း ပွင့်လာလေသည် ။

“ ဟယ် ... ရန်ကနား နင် သတိရနေသလား ”

“ ဆေးရုံ ရောက်ပြီလား ဆရာ ”

နယ်ဆေးရုံများ၌ ဆရာဝန်မ ကိုလည်း “ ဆရာ ” ဟု ချစ်စဖွယ် ခေါ်ဝေါ်တတ်ကြပါသည် ။

“ အေး … ဆေးရုံမှာပေါ့ ”

“ ဆရာ … နားထောင်နော် ။ ကျွန်တော့်ကို ကိုက်လာ မြွေနှစ်ကောင်တောင် ကိုက်တာ ။ မြွေထီးမြွေမ ထင်တယ် ဆရာ ။ နှစ်ကောင်လုံးကို ကျွန်တော် တက်နင်းမိတယ် ။ မြွေတစ်ကောင် က နော် အရင်ကိုက်တယ် ၊ ကျွန်တော် လန့်ခုန် လိုက်တယ် ။ ပြန်ကျတယ် ။ နောက် တစ်ကောင်ကို ထပ်နင်းမိတယ် ။ ကျွန်တော့်ကို ထပ် ကိုက်ပြန်တယ် ။ ကျွန်တော့်ကို ကိုက်တာ နှစ်ခါနော်ဆရာ ”

ကျွန်မကို အလွန် အရေးကြီးသော စကားများပြောရန် သူ သတိမလစ်သွားစေဖို့ အနိုင်နိုင် ကြိုးစားခဲ့ရဟန် တူသည် ။

“ နင့်ကို တစ်ကြိမ်တည်း မြွေနှစ်ခါကိုက်တယ် ၊ သေချာတယ်နော် ရန်ကနား ”

ထိုအမေးကို သူ မဖြေနိုင်တော့ပါ ။ ပြောသင့်တာ ချက်နှင့်လက်နှင့် ပြောပြီး သတိလစ် မေ့မြောသွားပါသည် ။ ထိုအချိန်မှာ ပျာယာခတ် သွားသူက ကျွန်မဖြစ်ပါသည် ။ မြွေနှစ်ကောင်တောင် ကိုက်တာတဲ့ ။ အဆိပ်က တော်တော်များမှာပဲ ။ ဆေးကုသမှုကို ခေါင်းမီးတောက် မတတ် ချိန်ဆတွက်ချက်ပြီး အဆင်အပြေဆုံးဖြစ်မည့် ကုထုံးကို စဉ်းစားရသည် ။ သူ့ ကိုယ်ထဲ ဝင်သွားသော မြွေဆိပ်ဖြေဆေးများ ကလူးကို့စ်ရည်များ ပြန်ထွက်လာ သည့်ဆီး ၊ ဆီးထဲမှာ သွေးပါမပါ ၊ သွေးပေါင်ကျမှု ရှိမရှိ ၊ သွေးခဲနှုန်း အပြောင်းအလဲ ။ အို ….. ကျွန်မ သူတကာကို မြွေကိုက်ရာတွင် ကုသသည်ထက် ရန်ကနား ကို နှစ်ဆပိုကာ ဂရုစိုက်ရလေသည် ။ သွေးခဲနှုန်းကို မကြာခဏ စစ်မိသည် ။ စိတ်ပူလွန်းလို့ပါ ။ ဒရစ်ပိုက်ကို ကြည့်လိုက် ၊ ဆီးပုလင်း ကြည့်လိုက် ၊ အဖျားဝင်လေသလား ၊ ကြို့ထိုး သလားနှင့် ရန်ကနား အပါးမှ တစ်ဖဝါးပင် မခွာနိုင်တော့ချေ ။

ဖြစ်မှဖြစ်ရလေကွယ် ။ ချစ်တင်းနှီးနှောနေတဲ့ မြွေးပွဲကို တက်နင်းမိတယ် ထင်ပါရဲ့ ။ နင်းပြန်တော့ လည်း အကြိမ်ကြိမ် ။ နင်ကို ကံဆိုးတာ ရန်ကနား ရယ် ။ ဟိုက ချစ်ဆိပ်တွေ တက်နေတုန်း နှောင့်ယှက်တဲ့ နင့်ကို စိတ်ဆိုးဆိုးနဲ့ ဝိုင်းကိုက်ကြမှာပေါ့ ။ နင် ပြန်နေကောင်းလာပါစေ ။

သုံးရက်ခန့် လောကကြီးနှင့် အဆက်ပြတ်ပြီး သတိလစ် မေ့မြောနေရာမှ ရန်ကနား ပြန်လည် သတိရလာလေသည် ။ ဆီးပုလင်းထဲမှာ ဆီးတွေကလည်း အဝါရောင်ဖျော့ဖျော့နှင့် ပုလင်းတစ်ဝက် ကျော်လာပါပြီ ။ ကျွန်မ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ၊ သူ ထိုင်နိုင်တော့ ကျွန်မ လက်ကို တရိုတသေ ဆွဲကိုင်ရင်း သူ့နဖူးမှာ ကပ်ကာ ပြောပါသည် ။

“ ရန်ကနား လေ မြွေကိုက်ပြီး ကတည်းက မျက်စိ ပြာသွားတယ် ။ လမ်းမှာ ခဏခဏ မေ့သွားတယ် ။ ဒါပေမဲ့ ရန်ကနား ကို မြေနှစ်ခါ အကိုက်ခံရတာ သူများ ပြောရင် ဆရာ ယုံချင်မှ ယုံမယ် ။ ရန်ကနား ကိုယ်တိုင် ပြောချင်လွန်းလို့ အတင်း အားတင်းထားရတာ ။ ဒီအကြောင်းကို ဆရာသိရင် အစွမ်းကုန် စဉ်းစားပြီး ကုသနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံတယ် ။ ကျွန်တော် လမ်းမှာ သေမလို ခဏခဏ ဖြစ်တယ်ဆရာ ။ ဒါပေမဲ့ ငါ့အသက်ကို ကယ်နိုင်မယ့်သူ ငါပဲ ရှိတယ် ။ မသေနဲ့ဦး လို့ စိတ်တင်းထားရတယ် ။ ကျွန်တော် သေရမှာကို မကြောက်ဘူးဆရာ ။ သေသေချာချာ ဆေးကု မခံလိုက် ရမှာလိုပဲ စိုးရိမ်တယ် ”

အပြောကောင်းလှသော ရန်ကနား ပခုံးကို ကျွန်မ ဆုပ်ကိုင်ထားမိသည် ။ ဒါမှ ကျွန်မရဲ့ သူရဲကောင်း ။ မြွေပွေးနှစ်ကောင် တစ်ပြိုင်နက် အကိုက် ခံရတာကိုတောင် ဇွဲမလျှော့တဲ့ သူရဲကောင်း ။ တချို့လူတွေဆို ကြောက်လန့် လာနဲ့ကို သေနှင့်ပြီ ။ ရန်ကနား ကတော့ ကျွန်မ ယုံကြည်အောင် ပြောပြနိုင်ဖို့ သူ စိတ်အား တင်းထားခဲ့သည် ။ စိတ်တန်ခိုးသည် ကြီးမားပေစွ ၊ သူ့ရွာနှင့် ဆေးရုံသည် နှစ်မိုင်ခန့် ဝေး လေသည် ။ လှည်းလမ်းပင် မရှိ ။ စောင်ပုခက် တလှုပ်လှုပ်နှင့် လာရရှာသည် ။ သူ စိတ်လျှော့လျှင် သူ လမ်းမှာပင် သေခဲ့ပြီ ။ သေမင်းနှင့် နင်လား ငါလား ရင်ဆိုင်ချိန်တွင် မလျှော့သောဇွဲရှိသူ ရန်ကနား ကို ကျွန်မ လေးစားသည် ။ မှန်ကန်သော ရောဂါအခြေအနေ သတင်းပို့နိုင်မှုကို ကျွန်မ အလွန် နှစ်ခြိုက်မိသည် ။ ကျွန်မကလည်း လူတစ်ယောက် မြွေနှစ်ကောင် တစ်ပြိုင်နက် အကိုက်ခံရခြင်းကို သူများ ပြောလျှင် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နိုင်သည် ။

ဆေးပညာကို ယုံကြည် အားကိုးပြီး သေမင်းကို အန်တုနိုင်သည့် သူရဲကောင်း ၊ ကျွန်မ၏ သူရဲကောင်း ရန်ကနားကား မြွေပွေးသုံးခါ အကိုက် ခံရပြီးသော်လည်း လောကကြီးမှာ ရယ်ကာမောကာ ရုန်းကန်လှုပ်ရှားလျက် ပျော်မွေ့ ကျင်လည် နေဆဲပင် ။

“ နောက်တစ်ခါ မြွေပွေးက ကျွန်တော့်ကို တွေ့ရင် ကိုက်ချင်စိတ် ကုန်ပြီး ရှောင်သွားမှာပါ ဆရာ ” တဲ့ ။

ကျွန်မ သူ့စကားကို အလွန်သဘောကျသွားပြီး ကျွန်မ၏ ဒိုင်ယာရီမှာ မှတ်တမ်းတင်ထားလေသည် ။

မြွေပွေးပင် လက်မှိုင်းချရတဲ့ ကျွန်မရဲ့ သူရဲကောင်းပါပေ ။

••••• ••••• •••••

“ ဆရာ တောကလူနာ ရောက်လာတယ် ။ ကလေး မမွေးနိုင်လို့တဲ့ ”

ကျွန်မ မွေးခန်းထဲ ဝင်လိုက်တော့ မွေးစင်ပေါ်မှာ မိန်းမငယ် တစ်ယောက်ကို တွေ့ရသည် ။ ခပ်ပုပု ညှက်ညှက်ပါပဲ ။ ကလေးကတော့ မမွေးနိုင်သည်ကို ဇာချဲ့ရန် မလိုပါ ။ ကလေးငယ်ကလေး၏ ခြေထောက် သေးသေးလေး တစ်ချောင်းပင် ဝမ်းပြင် ရောက်နေပါပြီ ။ ခြေထောက်ကလေးမှာ ပြာနှမ်းနေပါပြီ ။ သည်မိန်းမ နေသည့် ရွာကလည်း ဝေး ၊ ရွာမှာလည်း ကြိုးစားကြည့်တာ အချိန် တော်တော်ကြာခဲ့ပြီ ထင်ပါသည် ။ ကလေးက အသက် မပါတော့ပါ ။ မိခင်အသက်ကို လုရန်သာ ကျန် ပါတော့သည် ။ ကျွန်မ အတွေ့အကြုံအရ ကလေးမှာ တင်ပါးဆုံနှင့် မွေးမည့် အနေအထား ဖြစ်ရမည် ။ ခြေတစ်ချောင်းက အဆင်သင့်၍ ထွက်လာသော်လည်း အခြား ခြေတစ်ချောင်းက အပေါ်သို့ ထောင်နေဟန် ရှိသည် ။

ဪ... ကိုးလိုးကန့်လန့် နေတတ်ပါ့ကလေးရယ် ။

“ ဒေါက်တာ ကြိုးစားကြည့်ပါလား ၊ ကလေးက သေနေပြီပဲ ။ မရမှ ခွဲခန်းဖွင့်ကြတာပေါ့ ”

သူနာပြုဆရာမကြီး၏ အကြံဉာဏ်ကို ကျွန်မ လက်ခံပါသည် ။ ကျွန်မသည် သားဖွားခြင်းမှာ အလွန် ဝါသနာထုံသော ၊ အလွန်လည်း လာဘ်ကောင်းသော ဆရာဝန်တစ်ဦး ဖြစ်ပါသည် ။ ကျွန်မ၏ ထူးထူးခြားခြား ရှည်လျားသေးသွယ်လှသော လက်ချောင်းကလေး များ၏ ကူညီမှုကြောင့်လည်း ဖြစ်နိုင်ပါသည် ။

မိန်းမတစ်ယောက် မီးဖွားပြီး အချင်း ကပ်နေ၍ ဆေးရုံ ရောက်လာပြီ ဆိုပါစို့ ။ ထိုအချင်းသည် ကပ်သီးကပ်သတ် သားအိမ်မှ ခွာမရ ဖြစ်နေတတ်ပါသည် ။ ထိုသို့ အချင်းခွာရန် ကြိုးစားနေစဉ် ဆင်းချလာလိုက်မည့် သွေးတွေ ကလည်း နွားသ,တ်သလို ခြင်းခြင်းနီ နေတတ် ပါသည် ။ ထိုအခါ အချင်း ကျန်ရုံကလေးနှင့် မိခင် ဗိုက်ခွဲပြီး အချင်း အစအနများ ထုတ်ယူရသည်လည်း ရှိခဲ့ဖူးပါသည် ။

သည်ဆေးရုံမှာတော့လေ .. ။

“ မီးဖိုပျက်ရင် ပစ်မထားနဲ့ ။ ကျွန်တော် အားကြီး စိတ်ဆိုးတယ် ” ဆိုသည့် ကြော်ငြာလိုပင် “ အချင်းကပ်ရင် ပစ်မထားနဲ့ ၊ ကျွန်မ အားကြီးစိတ်ဆိုးတယ် ” ဟု ပြောရမတတ်ပင် ။ ကျွန်မလက်ချောင်းလေးများနှင့်သာ အချင်းကို သပ်သပ်ပြီး ခွာချလိုက် ခဏကလေးနှင့် ကွာကျသွားတာ များပါသည် ။ ထို့ကြောင့် အချင်းကပ် လူနာများ ရောက်လာလျှင် ဘယ်ဆရာဝန်မှ အပင်ပန်းမခံ မကြိုးစားတော့ဘဲ ကျွန်မ ကိုသာ မရအရ လိုက်ရှာကြပါသည် ။ ကျွန်မ လက်ချောင်းကလေးတွေက မုန့်ပျားသလက်ကို ကော်သော သံယောက်မလေး ဟု ကွယ်ရာမှာ ချစ်စနိုးနှင့် နောက်ပြောင်ကြပါသည် ။ ယခုလည်း သည်လူနာကို ကျွန်မ၏ လက်ချောင်းကလေးများ အားကိုးနှင့် ကျွန်မ ကြိုးစားချင်ပါသည် ။ ဒါပေမဲ့ လူနာမှာ ယဲ့ယဲ့သာ ရှိပါတော့သည် ။

“ ကိုင်း .. မရွှေစာ ကျွန်မ ကြိုးစားမွေးကြည့်မယ် ။ မရရင်တော့ ခွဲရမှာနော် ။ အားတင်းထား ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ .. ဆရာ ။ ကျွန်မကို မညှာပါနဲ့ ။ ကြိုးသာ ကြိုးစားကြည့်ပါ ဆရာ ”

အံမယ် ... လူနာနဲ့ ဆရာ ကလည်း လိုက်ဖက်ပါ့ ။ အာဂမိန်းမပါပဲ ။

တကယ့်တကယ် မွေးကြည့်တော့ အားတင်းထားရမည်မှာ ကျွန်မသာလျှင် ဖြစ်ပါသည် ။ တင်ပဆုံနှင့် တစ်နေသည်မှာ ဘယ်လိုမှ ထုတ်၍ မရချေ ။ လွယ်မယောင်နှင့် လက်ပေါက်ကပ်နေလေသည် ။

အား ... အင်း ... အူး ... အလိုလေးနှင့် သံစုံအော်နေ သည်မှာ ကျွန်မ သာလျှင် ဖြစ်သည် ။ လူနာကား ချွေးသီးချွေးပေါက်တွေ မျက်နှာမှာ သီးနေ သော်လည်း အသံ တစ်ချက်မှမထွက်ချေ ။ ကျွန်မ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေပြီ ။ သံယောက်မ ဇောချွေး ပြန်ချေပြီ ။ သွေးတွေကလည်း ခြေရင်းမှာ အိုင်နေပြီ ။ လူနာကား ကလူးကို့စ် ဒရစ်တစ်လုံးနှင့် ကြံ့ကြံ့ခံနေဆဲ ဖြစ်သည် ။ ကျွန်မ အရှုံးပေးရလု ဆဲဆဲတွင် သူမ၏ သားအိမ်ထဲ ကျွန်မ လက်တစ်ချက် အလှည့် ကလေးငယ်၏ ထောင်နေသော ခြေထောက်မှ တံကောက်ကွေးကလေးကို စမ်းမိသွားလေသည် ။

ကိုင်း ... လာလေရော့ ။ တတ်သမျှ မှတ်သမျှ ပညာကုန် ထုတ်ပြီး ကလေး၏ တံကောက်ကွေးကလေးကို ဆွဲဖိလိုက်လျှင် ခြေထောက်ကလေး ကွေးကျလာပြီး ခြေ ဖဝါးကလေးတစ်ဖက် ကျွန်မ ဆွဲကိုင်မိသွားလေသည် ။ ခြေမကလေးကို မလွတ်တမ်း ဆုပ်ကိုင်ပြီး ဆွဲအထုတ်လိုက်တွင် ကလေး၏ တစ်ကိုယ်လုံး ဝမ်းပြင်သို့ သိပ် အခက်အခဲ မရှိတော့ဘဲ ရောက်လာလေသည် ။

ပြီးပြီ ... ပြီးပြီ ။

ကျွန်မကား ပင်ပန်းလွန်း၍ ၊ စိတ်လှုပ်ရှားလွန်း၍ မူးရိပ်မူးရိပ် ဖြစ်နေပြီ ။ ထိုနေရာမှလည်း ရုတ်တရက် ခွာ၍မရ ။ သွေးများဖြင့် စေးကပ်နေ၍ ခြေထောက်ပင် ခွာမရတော့ချေ ။

“ နော်ထီးမူရေ .. ကျွန်မကို သကြားလုံးလေး ခွံ့ပေးပါ ”

သူနာပြုဆရာမက ဟုတ်ပါရဲ့ ၊ ဒေါက်တာ မူးနေရှာပြီဟု ဆိုပြီး ကျွန်မ နှာခေါင်းစည်းကို ဖြုတ်ကာ သကြားလုံးချိုချိုလေး ခွံ့ပေးပါသည် ။ သကြားလုံး ကလေး တမြုံ့မြုံ့ စုပ်လိုက်မှ နေသာထိုင်သာ ရှိသွားပြီး လူနာမရွှေစာကလေးကို လှမ်းကြည့်ရပါသည် ။ သူမကား မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်နေသည်မှအပ ချွေးတွေ သံတွေကြားမှာ အပြုံးစကလေးပင် တွဲခိုနေလိုက်သေး သည် ။ ကျေးဇူးတင်လိုက်တာ ဆရာရယ်ဟု ပြောနိုင်သေးသည် ။

သူမ၏ နေရာမှာ ကျွန်မသာ ဆိုလျှင် နာကျင် ကြောက်လန့်၍ သေနှင့်ပြီထင်သည် ။ နောက်နေ့မှ သူမ နှင့် စကားစမြည် ပြောကြည့်တော့ အားပါးပါး သူမသည် ယခု ကိုယ်ဝန်နဲ့ပါ ဆိုလျှင် ကိုယ်ဝန်ဆောင်ခဲ့သည်မှာ ၁၉ ကြိမ် ရှိပြီတဲ့ ။ ၉ ကြိမ်က ကလေးပျက်ကျ စာရင်း ဝင်ခဲ့သည် ။ ၉ ကြိမ်တိုင်တိုင် သွေးအိုင်ထဲ လူး၍ သေအံ့မူးမူး နာကျင် ခံစားခဲ့ဖူးပြီ ။ ကျန် ၉ ကြိမ်မှာ ကလေး ငါးယောက်က မွေးပြီးမှ ဆုံးပါးခဲ့ပြီး ဘယ်နှစ်နှစ် ၊ ဘယ်နှစ်လ ၊ ဘယ်အချိန် အခါတွေမှာ ဆုံးခဲ့သလဲ ၊ နာမည် ဘယ်သူလဲ ၊ ဘယ်သူက အကြီး ၊ ဘယ်သူက အငယ်လဲ ကျွန်မက စေ့စေ့စပ်စပ် မေးလေ သူမ တိတိကျကျ မဖြေနိုင်လေ ဖြစ်နေတော့လည်း ငါးသိုင်းများတော့ ဟင်းဟုန် သွားပြီထင်ပါ့ ။ သေချာတာကတော့ အားလုံး ဆုံးကြသည်မှာ ငါးနှစ် ခြောက်နှစ်ကျော် အရွယ်တော်တော်ရမှ ဖြစ်သည် ။ မိဖြူ က အရင် ဆုံးတာလား ၊ မိသဲ က အရင် ဆုံးတာလား သူမ သေချာမသိတော့ပေ ။ ယခု အိမ်မှာ ကျန်တာ လေးယောက် ။ သားအကြီးဆုံးက အိမ်ထောင်ကျပြီး မြေးပင် ရနေပြီ ။ ယခုကလေးက နံပါတ် ၁၉ ကြိမ် မြောက်ပေါ့ ။ ခုမှ သူမ အသက်က ၄၃ နှစ် ၊ ထပ်မွေးဦး မှာ ။ သူမ၏ ကလေးမွေး ဆားဗစ်က မသေးလှပါ ။ ဘုရား .. ဘုရား .. သူမရဲ့ သတ္တိတွေ ဘယ်သူကများ ပေးသနားထားပါလိမ့် ။ ကလေးမွေးခြင်း ၊ ခက်ခဲခြင်း ၊ အသက်လုရခြင်းတွေသည် သူမ အတွက်တော့ အသေးအမွှား ဖြစ်နေပြီ ။

ကျွန်မသည် ရှင်မွေးလွန်းမ ကိုမှ သူရဲကောင်းဆု မပေးလျှင် ဘယ်သူ့ကို ပေးရမည်နည်း ။ သတ္တိခဲမကို ကျွန်မ လေးစားပါသည် ။

ဒါမှ ကျွန်မရဲ့ သူရဲကောင်းဟု မိမိဘာသာ အဆိုတင်သွင်းပြီး မိမိဘာသာ အတည်ပြုလိုက်ပါသည် ။

••••• ••••• •••••

နောက်ထပ် သူရဲကောင်း တစ်ဦးကိုမူ ရခိုင်ပြည်နယ် ဆေးရုံတစ်ရုံတွင် တာဝန်ကျစဉ် အမှတ်မထင် ကြုံဆုံခဲ့ရပါသည် ။ ရခိုင်ပြည်နယ်တွင် နံ့သာသွေးပြိုင်ပွဲကို နေရာအနှံ့ ကျင်းပလေ့ ရှိပါသည် ။ သွေးပြီးနံ့သာများကို စဉ့်ခွက်နှင့် ထည့်၍ မြတ်စွာဘုရားကို ပူဇော်ကြပါသည် ။

ကျွန်မတို့ အမွှေးတိုင် ပူဇော်သလိုပေါ့လေ ။ ကျွန်မတို့ ဆေးရုံအဖွဲ့ကလည်း ပြိုင်ပွဲဝင်ရန် စာရင်းပေး ထားပါသည် ။ ကျွန်မက အဖွဲ့ ခေါင်းဆောင်ဖြစ်ပါသည် ။ ဘုရားရင်ပြင်တော်မှာ ကျောက်ပျဉ်ကြီးတွေ ချထားပြီး စတင်ရန် အချက်ပေးသည်နှင့် အားသွန်ခွန်စိုက်နဲ့သာ သွေးရပါသည် ။ ကျွန်မတို့ အဖွဲ့မှာ ကျွန်မ စတင်သွေးပါသည် ။ ကျွန်မတို့ နံဘေးမှ နံ့သာသွေးအဖွဲ့ကတော့ အလွန်အားရစရာ ကောင်းပါသည် ။ နံ့သာသွေးနေသော အစ်မကြီးတွေက တကယ့်ကို အားကောင်းမောင်းသန်ကြီး တွေ ၊ ကိုယ်လုံးကြီးတွေနဲ့ ဖိဖိပြီးသွေးနေသည်မှာ တရှဲရှဲနှင့် အားရစရာ ။

ကျွန်မကတော့လား ကျောက်ပျဉ်နှစ်ချပ်ပဲ သွေးရပါသေးသည် ။ ထမ်းထုတ်ရမတတ် အားပြတ်နေပါပြီ ။ သံယောက်မလက်နှင့် နံ့သာသွေးခြင်းသည် အံမဝင် ခွင်မကျလှပါ ။ သူနာပြုများက မမ ခဏနားလိုက်ပါဦးလား ။ အပု သွေးလိမ့်မယ်ဟု တိုးတိုးလေး ကပ်ပြောပါသည် ။

“ အေး .. ဟုတ်ပါရဲ့ ”

အပုလေးသည် ကုသိုလ် ယူရအောင် အခွင့်အရေး ပေးသလိုလို ဘာလိုလိုနှင့် ကျောက်ပျဉ်နားပင် ကျွန်မ မကပ်ဝံ့တော့ပါ ။ လက်မောင်းတွေ အောင့်လိုက်တာလေ ပြုတ်ကျမတတ်ပါပဲ ။

ပြိုင်ပွဲချိန် ပြီးဆုံးတော့ အားကောင်းမောင်းသန် အစ်မကြီးအဖွဲ့က ပထမရပြီး ကျွန်မတို့ အဖွဲ့က စတုတ္ထ ရပါသည် ။ သိပ်အခြေအနေ မဆိုးလှပါ ။ ဘုရားလူကြီးက ပထမရသော အဖွဲ့အား စတင်၍ နံ့သာခွက်များ ကပ်လှူ ခိုင်းတော့ နံ့သာခွက် ကိုင်ထားသော အစ်မကြီး၏ ချိုင်းအောက် အင်္ကျီစတွင် သွေးစလို အကွက်များစွန်း နေသည်ကို တွေ့ ရပါသည် ။

ကျွန်မက သူမ ကျွန်မအနား လာထိုင်စဉ် ထိုအကြောင်းကို မေးကြည့်သောအခါ …

“ ဟာ .. ကျွန်မချိုင်းက သွေးစုနာကြီး ပေါက်သွား ပြီထင်ပါရဲ့ ။ နံ့သာသွေးချင်ဇောနဲ့ အနာတောင် မေ့သွားတယ် ” ဟု ပြောပါသည် ။

အလို ... ဘုရား ... ဘုရား သူမချိုင်းမှာ သွေးစုနာ ဆိုပါလား ၊ လူရှင်းသော နေရာနား ခေါ်သွားပြီး ချိုင်းလှန် ကြည့်လိုက်တော့ အလိုလေးလေ နည်းတဲ့ သွေးစုနာကြီး မှတ်လို့ ။ ပြည်တွေ ၊ သွေးတွေ တစိုစိုကျနေ၍ အနားမှ အဝတ်စတစ်စ ကောက်ဆွဲပြီး ထပ်ညှစ်လိုက်တော့ ဆီမီးခွက်တစ်ခွက်နီးပါး ပြည်တွေ ထပ်ထွက် လာပါသေးသည် ။

ကျွန်မသာ ဆိုလျှင် သည်သွေးစုနာကြီးနှင့် ပြိုင်ပွဲဝင်ဖို့ စိတ်ကူးထဲပင် ထည့်နိုင်မည် မထင်ပါ ။ သာမန် လူတစ်ယောက် မဆောင်ရွက်နိုင်သော အလုပ်တစ်ခုကို စိတ်ဇွဲကြီးစွာဖြင့် မဆုတ်မနစ် အားမာန်သွင်းပြီး လုပ်ဆောင်နိုင်ခြင်းသည် “ သူရဲကောင်း ” ဟု ခေါ်ဆိုထိုက်သော အပြုအမူပင် မဟုတ်ပါလား ။

ထိုအစ်မကြီးသည် ကျွန်မ၏ သူရဲကောင်းစာရင်းမှာ အသေအချာကို ပါဝင်လာပါသည် ။ ထိုညက ကျောက်ပျဉ်လေး နှစ်ချပ်စာနှင့်ပင် လင်နမင် မွှန်ထူအောင် လူးနေရသော ကျွန်မ အဖြစ်နှင့် နှိုင်းယှဉ်ကြည့်မှ ထိုအစ်မကြီး၏ သူရဲကောင်းဘွဲ့ က ပိုမိုတောက်ပြောင် မြောက်လာပါသည် ။

တစ်ခါတစ်ရံ ကျွန်မသည် ဒိုင်ယာရီဟောင်းများကို တစိမ့်စိမ့် ပြန်ဖတ်ရင်း အတိတ်၏ ရသစုံကို တငြိမ့်ငြိမ့် ပြန်လည် ခံစားနေတတ်ပါသည် ။ ထိုအခါ ကျွန်မ၏ သူရဲကောင်းများကို ယခုပင် ပြေးတွေ့ချင်သည် အထိ တမ်းတလွမ်းဆွတ်မိပါသည် ။  ။

☐ ညိုနှင်းအိမ်
📖Future Light မဂ္ဂဇင်း
     ၂ဝဝ၅ ၊ မေလ

Sunday, July 27, 2025

ကောက်ကျစ်ရင် ဘာဖြစ်တတ်လဲ


 ❝ ကောက်ကျစ်ရင် ဘာဖြစ်တတ်လဲ ❞ 

( အောက်တိုဘာအောင်ကြီး )


တစ်ခါက ..


ရွာတစ်ရွာမှာ ဆေးပညာကို လွန်စွာမှ ကျွမ်းကျင်တတ်မြောက်သော ဆေးဆရာတစ်ယောက်ရှိ လေ၏ ။


သို့သော် ထိုဆေးဆရာကား သူ၏ ဆေးပညာရပ်များကို သင်ကြားမပေးသည့်အပြင် ဆေးပညာကိုလည်း လူတကာ တတ်မြောက်သွားမှာကိုလည်း လွန်စွာမှ စိုးရိမ်၏ ။


ထို့ကြောင့် ... တခြားလူ မပြောနှင့် သူ၏ သားမယား ဆွေမျိုးများကို ပင် မသင်ကြားချေ ။


ထိုဆေးဆရာကား တစ်ရွာလုံးတွင် သူတစ်ယောက်တည်း ဆေးဆရာဖြစ်၍ သူ့ထံတွင် လူနာတွေက လာရောက်ကုသရသဖြင့် သူသည် လွန်စွာမှ ချမ်းသာသော ဆေးဆရာတစ်ယောက် ဖြစ်လေတော့၏ ။


တစ်နေ့မှာ ...


ဆေးဆရာ၏ သားကြီးဖြစ်သူက ..


“ အဖေရယ် ... သားကို အဖေ့ရဲ့ ဆေးပညာတွေ ကျွန်တော်တို့ကို သင်ကြားပေးပါလား ၊ အဖေလည်း အသက်အတော်ကြီးပါပြီ ”   ဟု ပြောလိုက်လေ၏ ။ 


ထိုအခါ ... ဆေးဆရာကြီးက ...


“ မင်းတို့ကို သင်ကြားပေးလိုက်ရင် မင်းတို့က တစ်ဆင့် အခြားလူတွေဆီ ငါ့ပညာတွေ ရောက် ကုန်လိမ့်မယ် ” 


ဟု ပြောရာ ..


“ အဖေ့ဆေးပညာတွေ ပျံ့နှံ့တော့ ပိုကောင်းတာပေါ့ ၊ ဆေးဆရာတွေ များလာတော့ ကျွန်တော်တို့ ရွာလူထု ကျန်းမာရေး တွေ ကောင်းတာပေါ့ အဖေရာ ” 


ဟု သားကြီးက ပြန်ပြော လိုက်လေ၏ ။


သားကြီး စကားကြောင့် ဆေးဆရာကြီးမှာ လွန်စွာမှ ဒေါသထွက်ကာ ...


“ တော် ၊ တန် ၊ တိတ် ... အဲဒီလို ဆေးဆရာတွေ ပေါများတော့ ငါ့ရဲ့ ဝင်ငွေ ထိခိုက်တယ် ၊ ဘယ်သူ့ကိုမှ ငါ့ဆေးပညာကို မသင်ပေးနိုင်ဘူး ၊ သွားကြ ၊ ငါ ဘယ်သူ့ကိုမှ မသင်ပေးဘူး ” 


ဟု သားကြီးကို အော်ဟစ်မောင်းထုတ် လိုက်လေတော့၏ ။


ထို့ကြောင့် ... သားသမီးတို့ မှာ ဖခင်ဆေးဆရာကြီး ထံမှ ဆေးပညာ မရရှာတော့ချေ ။


တစ်နေ့သ၌ ...


ဆေးဆရာကြီးတို့ ကျေးရွာတွင် ကူးစက်ရောဂါဆိုးကြီးတစ်မျိုး ရောက်လာရာ ... တစ်ယောက် ကနေ လေး, ငါး, ဆယ်ယောက် ကူးလာလေပြီးလျှင် ထိုကူးစက်ရောဂါကြောင့် သေကျေပျက်စီးကြကုန်လေတော့၏ ။


ထိုအခါ ဆေးဆရာကြီးမှာ ကား ...


“ ဒါ ... ငါ့အတွက် ငါ့အတွက်ပဲ ၊ ဒီကူးစက်ရောဂါအတွက် ဆေးမြစ် ကို ငါသိတယ် ၊ ငါတောထဲမှာ သွား တူးပြီး ငါတစ်ယောက်တည်း ယူမယ် ၊ ငါတော့ ချမ်းသာပြီ ၊ သူဌေးဖြစ်ကိန်းပဲ ” 


ဟု ဆိုကာ တောထဲသို့ သွားကာ ဆေးမြစ်သွား တူးလေတော့၏ ။


ဤသို့ဖြင့် လွန်စွာဖြင့် ဝေးလံသည့် ဝေးလံသည့် တောနက်ကြီးထဲသို့ ဆေးမြစ်သွားတူးသည့်အခါ ဆေးဆရာကြီးမှာ အသက်ကလည်း ကြီးပြီ ဖြစ်သည့်အတွက် လောဘဇောနှင့် သွားနေရသော်လည်း လမ်းခရီးမှာ လူငယ်တစ်ယောက်လို မသွက်လက်တော့သဖြင့် အတော်ကြာသွားလေ၏ ။


ဆေးဆရာကြီးသည် ဆေးမြစ်တူးသည့် အခါမှာလည်း လူငယ်တစ်ယောက်လို မမြန်မဆန်၍ နှောင့်နှေးပြန်၏ ။


ဆေးဆရာကြီးသည် အပြန်ခရီးတွင်မူ လွန်စွာမှ အားအင်များ ကုန်ခမ်းနေပြီဖြစ်၍ အချိန်အတော်ပင် ကြန့်ကြာသွားလေ၏ ။


“ ဟူး ... ပင်ပန်းပေမယ့် ငါ ငွေတွေ အများကြီးရမှာပဲ ” 


ဟု ဆိုကာ ဆေးဆရာကြီးသည် လွန်စွာမှ ပျော်ရွှင်ကာ ရွာသို့ပြန် လာခဲ့လေတော့၏ ။


ရွာသို့ရောက်သည့်အခါ ဆေးဆရာကြီးမှာ ခဲလေသမျှ သဲရေကျသလိုမျိုးနှင့် ဆေးဆရာကြီး ထင်ထားသလိုမျိုး မဟုတ်တော့ချေ ။


သူတို့ ရွာတစ်ရွာလုံးနှင့် သူ့မိသားစု ၊ ဆွေမျိုးများ ပါ ထိုကူးစက်ရောဂါဆိုးကြီးကြောင့် သေကုန်ကြပြီ ဖြစ်လေတော့၏ ။ 


ထိုအခါကျမှ ဆေးဆရာကြီးမှာ ကား ..


“ ငါ ... မှားပြီ ၊ ငါ့အကျိုးကိုပဲ ကြည့်မိလို့ ငါ့မိသားစု ၊ ငါ့ဆွေမျိုး ၊ ငါ့ရွာ ပျက်စီးရပြီ ၊ ဆိတ်သုဉ်း ရပြီ ၊ တကယ်တော့ ငါဟာ အတ္တကြီးပြီး ဘယ်သူ့ကိုမှ ဆေးပညာ မသင်ပေးချင်တဲ့ ကောက်ကျစ်တဲ့ စိတ်ကြောင့် အခုလို ရွာကြီးပျက်ရတာ ” 


ဟု အသိတရား ရသော်လည်း ထိုဆေးဆရာကြီးအား လောကကြီးက ဒဏ်ခတ်သည့် အနေဖြင့် လွန်စွာမှ ကောက်ကျစ်သည့် မြေခွေးဘဝသို့ ပို့ ဆောင်ပေး လိုက်လေတော့သတည်း ။


 ▭ အောက်တိုဘာအောင်ကြီး

     ၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၉ ) ရက်

📖ယုံတမ်းစကား လိပ် နှင့် အခြားပုံပြင်များ

ဝတ္ထု ရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက်


 ❝ ဝတ္ထု ရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက် ❞


ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ကလောင်သစ်များ ပေးပို့လာတဲ့ စာမူများကို ရွှေအသစ်အဖြစ် ရွေးချယ်ဖော်ပြနေတဲ့ ကဏ္ဍမှာ ပထမ စိစစ်တဲ့ ဆရာမ မသီတာ ( စမ်းချောင်း ) ရော ကျွန်တော် ပါ စာရေးလိုသူများ အတွက် ထားရှိရမယ့် အချက်အလက် တချို့ကို အလျဉ်းသင့်သလို ရေးသားဖော်ပြခဲ့ကြ ပါတယ် ။ တချို့ ဆရာများက တစ်ပုဒ် ဖော်ပြခံရပြီး ချိန်မှာ ကျွန်တော် ၊ ကျွန်မ အချိန် မရတော့လို့ မရေးတော့ပါဘူး ဆိုတာမျိုး ရှိသလို ဘာဆက် ရေးရမှန်းမသိတော့လို့ မရေးဖြစ်တာပါလို့ အကြောင်းပြတဲ့ သူတွေလည်း ရှိပါ တယ် ။ ၂ဝဝ၉ ခုနှစ် ၊ အောက်တိုဘာလထုတ် The Writer မဂ္ဂဇင်းမှာ စာရေးဆရာမ Mona Simpson ရေးသားခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကို ရွှေအမြုတေ ရဲ့ အနှစ် နှစ်ဆယ်ပြည့် အထူးထုတ်မှာ မေတ္တာလက်ဆောင် အဖြစ် ဖော်ပြပေးလိုပါတယ် ။ သူ့ခေါင်းစဉ်ကိုက ဝတ္ထုရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက်လို့ ဆိုထားတဲ့ အတွက် ဝတ္ထုတို ရေးဖို့ ကြိုးစားနေကြတဲ့ သူများနဲ့ အထူး အံဝင်ခွင်ကျ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။


 ••••• ••••• •••••


စာရေးချင်တယ် ဆိုတဲ့သူတွေကို အကြံပေးဖို့ ဆိုတာ တော်တော်ခက်ပါတယ် ။ ကျွန်မက အကြံလည်း ပေးခဲပါတယ် ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၉၉၁ - ၉၂ တုန်း က နယူးယောက် တက္ကသိုလ်မှာ ဘွဲ့လွန်သမားတွေအတွက် ဝတ္ထုရေးနည်း Workshop တစ်ခုမှာ ကျွန်မတို့ ဆွေးနွေး ဖြစ်ကြတော့ လိုက်နာရမယ့် အချက် ၁၃ ချက်ကို တွေ့လာရပါတယ် ။ ဒီအချက် ၁၃ ချက်ဟာ စာရေးချင်သူတွေ အတွက် အများဆုံး အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ပါတယ် ။


◾စာရေးဆရာ ဖြစ်ရမယ်လို့ မိမိ ကိုယ် မိမိ ဆုံးဖြတ်ချက် ချထားပါ


ကျွန်မ ငယ်ငယ် အသက် ၁၉ ၊ ၂၀ လောက်တုန်းက ဝတ္ထုတိုတွေ ရေးပြီး မဂ္ဂဇင်းတိုက်တွေကို ပို့ပါတယ် ။ အဲဒီကနေ အယ်ဒီတာ တစ်ယောက်နဲ့ အပြန်အလှန် စာအဆက်အသွယ် ရခဲ့ပါတယ် ။ အဲဒီ အယ်ဒီတာက ကျွန်မ ဝတ္ထုတွေ ကို အကြိမ်ကြိမ် အခါခါ ပယ်နေတဲ့ သူ ဖြစ်ပေမယ့် ကျွန်မဆီ စာရေးတဲ့ အခါမှာတော့ အားပေးစကားတွေ အမြဲဆိုပါတယ် ။ အဲဒီလိုနဲ့ နှစ်နှစ်လောက် ကြာတဲ့ အခါမှာ ကျွန်မ ကိုလံဘီယာ တက္ကသိုလ်မှာ စာရေးနည်းသင်တန်းကို လျှောက်ထားခဲ့ပါတယ် ။ ကျွန်မကို လက်ခံလိုက်ပြီလို့ ကြားသိရတဲ့ အချိန်မှာ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းကနေ အရှေ့ပိုင်းကို ပြောင်းရွှေ့ နေထိုင်ရပါတယ် ။ အဲဒီမှာ အသိအကျွမ်း ဆိုလို့ တစ်ယောက်မှ မရှိပါဘူး ။ အကြွေးတွေ တင်နေတဲ့ ပညာသင် တစ်ယောက်ပေါ့ ။ အသက် ၂၄ နှစ် အရွယ် ရောက်တော့ မဂ္ဂဇင်း တစ်စောင်ရဲ့ အယ်ဒီတာထံကို “ ကျွန်မ မှာ စာရေးဆရာ ဖြစ်လောက်တဲ့ အရည်အချင်း ရှိပါသလား ” လို့ စာ ရေးပြီး မေးခဲ့ပါတယ် ။


သူ့ အဖြေက “ ယူသော် ရ၏ ” ဆိုတဲ့ အဖြေမျိုးပါ ။ တိကျပြတ်သားတဲ့ အဖြေ မဟုတ်ဘဲ စာရေးဆရာ ဖြစ်ဖို့ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အချက်သာ ဖြစ်တယ်လို့ ပြန်ကြားခဲ့ပါတယ် ။ သူဟာ စာရေးဖို့ ဝါသနာ ပါသူများ အပေါ် မှာ ကြင်နာစိတ်ရှိသူ တစ်ဦးပါ ။


ဒါပေမဲ့ သူ့အနေနဲ့ ကျွန် ကို စာရေးဆရာ ဖြစ်နိုင်တယ် ၊ သို့မဟုတ် မဖြစ်နိုင်ဘူး ဆိုတာကိုတော့ လုံးဝ မဖြေခဲ့ပါဘူး ။ ဒါကြောင့် စာရေးဆရာ ဖြစ်ဖို့ ဆိုတာဟာ မိမိ ယုံကြည်ချက်နဲ့ လုပ်မှသာ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ အဲဒီ အယ်ဒီတာဆီက စာရပြီးတဲ့နောက်မှာ ကျွန်မ စာရေးဆရာ ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပေမယ့် သူနဲ့တော့ အဆက်အသွယ် မရှိတော့ပါဘူး ။ သူ့ အနေနဲ့ ခုအချိန်ခါမှာ သူ ပြောခဲ့တဲ့ကလေးမ တစ်ယောက်ဟာ စာရေးဆရာ ဖြစ်နေပြီ ဆိုတာကိုလည်း သိမယ်မထင်ပါဘူး ။


စာရေးဆရာ ဖြစ်ရမယ် လို့ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်ဟာ တိကျခိုင်မာ ဖို့ အရေးကြီးပါတယ် ။ ဒီဆုံးဖြတ်ချက်အတွက် ကိုယ့်ဘဝမှာ စွန့်လွှတ်ရတာတွေ ရှိကောင်း ရှိနိုင်ပါတယ် ။ ဥပမာ အားလပ်ရက်တွေမှာ သူများတကာတွေက အပန်းဖြေ နေကြပေမယ့် ကိုယ်က လက်လွတ် ဆုံးရှုံးတာမျိုးပေါ့ ။ စာရေးမယ်လို့ ဆုံးဖြတ်လိုက်ရင် နေ့စဉ် နေထိုင် လှုပ်ရှားရတဲ့ ကိုယ့် ဘဝကိုလည်း အလိုလို ထိန်းကျောင်း ပဲ့ပြင်ပြီးသား ဖြစ်စေပါတယ် ။ စာရေးချင်စိတ် ပြင်းထန်လာလေ ရေးနိုင်ဖို့ အစစအရာရာ  ကြိုတင် ပြင်ဆင်မှုတွေ ကို ဆောင်ရွက်လေ ဖြစ်လာပါတယ် ။


ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက်တော့ မတူညီပါဘူး ။ တချို့ ရဲရင့်တဲ့ လူငယ်များက ကောလိပ်ကျောင်းမှာ သူတို့ စာသင်စားပွဲတွေပေါ် မတ်တတ် တက်ရပ်ပြီး တစ်နေ့မှာ ကျွန်တော်တို့ဟာ စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ်လို့ ကြေညာသူတွေ ရှိသလို တချို့ကတော့လည်း ကိုယ့်ရည်မှန်းချက်ကို ကျိတ်ပြီး ထိန်းသိမ်းသူတွေ ရှိပါတယ် ။


တစ်ခါတလေမှာ စာရေးချင်စိတ်ကြောင့် အလုပ်ပြုတ်တဲ့ သူတွေ ၊ ထမင်းငတ်တဲ့ သူတွေ ၊ ရည်မှန်းချက် စွန့်လွှတ်ရ သူတွေ လည်း ရှိတတ်ပါတယ် ။ ဘဝ မှာ ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ စာရေးဆရာ ဖြစ်ချင်သူကတော့ သူ့ ရည်မှန်းချက်ကို ဘယ်တော့မှ လက်မလျှော့ပါဘူး ။


◾မိမိ ယုံကြည်ချက် ကို ခိုင်မာအောင် တတ်စွမ်း သလောက် ကြိုးစားပါ 


ခံစားချက် ပြေပျောက် သွားအောင် စာကလေး တစ်ပုဒ် ၊ နှစ်ပုဒ် လောက် ရေးမယ် ဆိုသူတွေ အတွက် မဟုတ်ပါဘူး ။ ကိုယ်ကိုယ်တိုင်က ဇာတ်လမ်းတွေ အများကြီး ပြောပြချင်တယ်လို့ ယုံကြည်ထားသူတွေ အတွက် ပြောပြချင်ပါတယ် ။ အချိန်ယူပြီး စာရေးပါ ။ မိတ်ဆွေများနဲ့ ညစာစားချိန် ၊ သို့မဟုတ် စကားစမြည် ပြောဖြစ်ချိန်များမှာ ကိုယ့် ဇာတ်လမ်းကို ပြောပြ ကြည့်ပါ ။


စာတစ်ပိုဒ် ၊ သို့မဟုတ် ဝတ္ထုတို တစ်ပုဒ် ပြီးချိန်မှာ ကိုယ်တိုင် ပြန်ဖတ်ကြည့်ပါ ။ ဒီစာက ထူးခြားမှု ရှိရဲ့လား ဆိုတာ ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ ။ ကိုယ့် ရင်ထဲ မှာ “ ငါ စာရေးဆရာ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိရဲ့လား ” ဆိုတဲ့ အစွဲကြီး ဘယ်တော့မှ မထားပါနဲ့ ။


စာရေးချင်တဲ့အခါ အထူးသဖြင့် ဝတ္ထုရေးချင်တဲ့ အခါမှာ အချိန်ကို သူ့ အလိုလို ယူတတ်လာပါလိမ့်မယ် ။ အချိန် က အများကြီးကို လိုအပ်တာပါ ။ ဘာကြောင့်လဲ ဆိုတော့ ရေးသမျှတွေဟာ မှားကောင်း မှားနိုင်တယ် ။ အဲဒါတွေကို ပြင်ဖို့ဆင်ဖို့ အချိန် ယူရဦးမယ် ။ တစ်ခါတလေမှာ ဇာတ်လမ်းဇာတ်ကွက်ကလေး တစ်ခု ရဖို့အတွက် ရက်ပေါင်းများစွာ စဉ်းစားရတာ ရှိပါလိမ့် မယ် ။ ဒါလည်း အချိန်လိုအပ်တာပါပဲ ။ ကိုယ်က ဘာအလုပ်မှ လုပ်စရာ မလိုဘဲ သန်းကြွယ် သူဌေးကြီး ဖြစ်ရင် ဖြစ် ၊ ဘယ်သူနဲ့ မှ ဆက်စပ်စရာ မလိုဘဲ တစ်ကိုယ်တည်း နေရတဲ့ သီလရှင် ဖြစ်ရင် ဖြစ် ၊ အဲဒီလိုမှသာ လူ့ အသိုက်အဝန်းကနေ ဖယ်ထွက်လို့ ရမှာပါ ။ ကိုယ်က လူထဲက လူတစ်ယောက်သာ ဖြစ်တယ် ဆိုရင် တော့ လူတွေ နဲ့ နေရင်း ၊ စားရင်း ၊ သွားရင်း ကပဲ ကိုယ် ရေးချင်တာကို စဉ်းစား တွေးတောရမှာပါ ။ တစ်ယောက်တည်း နေမှ တွေးလို့ရတယ် ဆိုတာ မဟုတ်ပါဘူး ။ စာရေးချင်သူ တစ်ယောက်အတွက် ဘယ်နေရာမှာပဲ နေနေ စာရေးဖို့ စဉ်းစားနိုင်တဲ့ အရည်အချင်း ရှိလာပါလိမ့်မယ် ။


နောက်တစ်ခုက အချိန်ဇယား ချပြီး အလုပ်လုပ်ပါ ။ ကိုယ့် သတ်မှတ်ချိန် အတွင်းမှာ သတ်မှတ်ထားတာကို လုပ်ပါ ။ အဲဒီအချိန်အတွင်း မှာ ပေါ်ပေါက်လာတဲ့ တခြား ကိစ္စတွေ ကို မစဉ်းစားပါနဲ့ ။ ဘာကြောင့်လဲဆိုတော့ ဒါတွေက အမြဲတမ်းလိုလို ရှိနေမှာမို့ပါပဲ ။ သူငယ်ချင်း တစ်ယောက် စိတ်ဓာတ်ကျနေလို့ ၊ အိမ်မှာ ဧည့်သည်ရောက်နေလို့ ၊ အိမ်က မွေးထားတဲ့ ခွေးကို ဆေးခန်း ပို့စရာရှိလို့ အဲဒါမျိုးတွေ ထွေလီကာလီ ပေါ်ပေါက်လာခဲ့ရင် ကိုယ့် အချိန်ဇယားကနေ သွေဖည်သွားပါလိမ့်မယ် ။ မိမိကိုယ် မိမိ ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက် လို ၊ လွှတ်တော်အမတ်ကြီး တစ်ယောက် လို လုပ်စရာ ရှိတာကို မူလ သတ်မှတ်ထားတဲ့အတိုင်း လုပ်နိုင်အောင် တိကျပြတ်သားရပါမယ် ။


ပထမပိုင်းမှာတော့ လူတိုင်းဟာ ကိုယ့် အချိန်ဇယား ကို ကိုယ် မထိန်းနိုင်ကြဘဲ ဖောက်ဖျက်တတ်ကြပါတယ် ။ ဒါပေမဲ့ ကြာလာတော့ အချိန်ဇယားနဲ့ အသားကျ သွားပါလိမ့်မယ် ။


စာရေးစားပွဲမှာ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ထိုင်ကို ထိုင်ပါ ။ စိတ်ညစ်တာပဲ ဖြစ်ဖြစ် ၊ ပျင်းနေတာပဲ ဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်ပါစေ စာရေးစားပွဲကို ရောက်ရင် ကိုယ် ရေးရမယ့် ဇာတ်လမ်း ၊ ဇာတ်ကွက်တွေဟာ ပေါ်လာပါလိမ့်မယ် ။ တစ်ခါတလေမှာ စားပွဲမှာ မထိုင်ခင် ရေးစရာတွေကို သတိရလာတတ် တာလည်း ရှိပါတယ် ။


◾ကိုယ့် အလုပ်မှာ ရင်းနှီး မြှုပ်နှံပါ


စာရေးဖို့ အတွက် လိုအပ်လာပြီ ဆိုရင် အချိန် နဲ့သော်လည်းကောင်း ၊ ငွေ နဲ့သော်လည်းကောင်း ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ် ။ ဆိုကြပါစို့ ၊ နေရာ ဒေသ တစ်ခုအကြောင်း နောက်ခံထားပြီး ရေးမယ်လို့ စဉ်းစားထားတယ် ဆိုပါတော့ ။ အဲဒီ အခါမျိုးမှာ ကိုယ်က ဒီနေရာ ၊ ဒီဒေသကို မရောက်ဖူးဘဲနဲ့ ဘယ်လို ရေးနိုင်ပါ့မလဲ ။


ဒါကြောင့် အဲဒီနေရာကို ရောက်အောင် ငွေကုန်ခံပြီး သွားသင့်ရင် သွားရပါမယ် ။ အချိန်ကုန် ခံသင့်ရင် ခံရပါမယ် ။ ကိုယ်က အိမ်အတွက် ပစ္စည်း တစ်ခု ခု ဝယ်မယ့်အစား စာရေးဖို့ ရင်းနှီး မြှုပ်နှံလိုက်ခြင်း လို့ ခံယူပါ ။ 


ရဲရင့်ပါစေ ။ အချိန်မတန်သေးခင် အောင်မြင်မှုကို မတမ်းတပါနဲ့ ။ ပင်ကို သဘာဝ အားဖြင့် စိတ်ပူတတ်သူ ဖြစ်ရင် ဒီတစ်နှစ်အတွင်း စာရေးဆရာ ဖြစ်လာမယ်လို့ ကြိုတင် ဆုံးဖြတ်ချက် ချပြီး ဖြစ်အောင် ကြိုးစားပါ ။ ဖြစ်ရမယ် လို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ ။


တစ်နှစ် ကုန်ဆုံးသွားတဲ့ အခါမှာ ကိုယ့်လုပ်ရပ်တွေ ကို ပြန်လည်သုံးသပ်ပါ ။ တစ်နှစ် ဆိုတဲ့ အချိန်ကာလဟာ သိပ်များတဲ့ အချိန် မဟုတ်ပါဘူး ။ အဲဒီ ကာလအတွင်းမှာ ကိုယ် ဖြစ်မယ်လို့ ယုံကြည် ထားတာကို ဖြစ်အောင် လုပ်ပါ ။


◾အားလပ်ချိန်များကို မေ့ထားလိုက်ပါ


စာရေးဆရာ ဖြစ်ချင်သူများ အတွက် အားလပ်ချိန်ဆိုတာ မလိုအပ်ပါဘူး ။ အချိန်ပြည့် အလုပ်လုပ်ဖို့ လိုပါတယ် ။ ကိုယ်ရေးနေတဲ့ ဝတ္ထုဇာတ်လမ်း တစ်နေ့ထက် တစ်နေ့ အရှိန်တက်လာဖို့ပဲ သတိပြုရပါမယ် ။


မိတ်ဆွေ အပေါင်းအသင်းများနဲ့ အပျော်ခရီး တစ်နေရာကို ထွက်ဖို့ ရှိတယ်ဆိုရင်လည်း ငြင်းလိုက်ပါ ။ သူတို့က မင်း စာအုပ်တွေ ယူခဲ့ပါကွာ ၊ ငါတို့ မှာ လည်း အလုပ် ရှိတာပါပဲလို့ ဆိုကြပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့ စကားကို ယုံစားပြီး လိုက်သွားမယ်ဆိုရင် သူတို့နဲ့ အတူ ရောပြီး စီးမျောနေမိမှာ အမှန်ပါပဲ ။ ဆိုကြပါစို့ ၊ သူတို့က တပျော်တပါး နဲ့ မြက်ရိတ် နေကြချိန်မှာ ကိုယ်က အခံ့သား ထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေလို့ ဖြစ်ပါ့မလား ။ ဒါကြောင့် အစ ကတည်းက ရှောင်လိုက်ခြင်းက အကောင်းဆုံးပါ ။


◾တာဝန်သည် အနုပညာ၏ ရန်သူဖြစ်သည်


အချိန်ဇယား ကန့်သတ်ပြီး နေ့စဉ် ကိုယ့်စည်းကမ်း နဲ့ကိုယ် နေထိုင်တတ်လာသူ တစ်ယောက်ဟာ အလုပ်ထဲမှာ ကိုယ့်ဘာသာ ကိုယ် လွတ်လပ်ပြီး ပျော်ရွှင်လာပါလိမ့်မယ် ။ တချို့ စာရေးဆရာများ ကတော့ တစ်နေ့ကို စာမျက်နှာ ဘယ်လောက် ပြီးရမယ် ဆိုတဲ့ သတ်မှတ်ချက်ထားပြီး စာရေးတတ်ကြပါတယ် ။ ကျွန်မကတော့ အဲဒီလောက်ကြီး တိကျတဲ့ ဇယား ကန့်သတ်ထားဖို့ မလိုဘူးထင်ပါတယ် ။ ကိုယ်ရေးနေတဲ့ ဝတ္ထုမှာ ဝင်စားနေဖို့သာ လိုအပ် ပြီး တစ်ရက်ထက် တစ်ရက် ဇာတ်ရှိန် တက်လာဖို့သာ လိုအပ်ပါတယ် ။


◾“ သင့်တယ် ” ဆိုခြင်း က “ ကောင်းတယ် ” ဆိုခြင်း ၏ ရန်သူဖြစ်သည်


ကျွန်မ သူငယ်ချင်း Allan Gurganus က သူ ပို့ချတဲ့ စာရေးနည်းသင်တန်းများ မှာ ဒီ စကားလုံးကို အမြဲ သုံးပါတယ် ။ သူ ပြောပြတာက တစ်ခါတုန်းက Joseph Cladwell က ပြောဖူးတယ်တဲ့ ။ စာရေးဆရာများ အနေနဲ့ လွယ်လွယ် ရေးပြီးနိုင်စေဖို့ လုပ်တဲ့ နည်း တစ်နည်း ရှိပါတယ် ။ အဲဒါကတော့ ကိုယ့် အဆင့်ကို နှိမ့်ပြီး ရေးခြင်း ဖြစ်ပါသတဲ့ ။ တကယ်တော့ ဒီနည်းဟာ လက်တွေ့ကျတဲ့ နည်း တစ်နည်း မဟုတ်ပါဘူး ။ ကျွန်မတို့ အနေနဲ့ စာရေးဆရာ တစ်ယောက်ရဲ့ ပထမဆုံး မူကြမ်းဟာ ဘယ်နည်းနဲ့ မှ သူ့အတွက် ဂန္ထဝင် စာ တစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး ။ စာရေးဆရာတိုင်းဟာ စာမူတိုင်းကို အထပ်ထပ် အခါခါဖတ် ၊ အထပ်ထပ် အခါခါ ပြင် ရပါတယ် ။ တချို့ ဝတ္ထုရေးဆရာများ ကတော့ ပထမဦးစွာ ဇာတ်လမ်းအကျဉ်းကို ရေးလိုက်ကြပါတယ် ။ ပြီးတော့မှ လိုတဲ့နေရာမှာ လိုသလို ဖြည့်စွက် ချဲ့ထွင်ခြင်း ၊ အရောင် ဖြည့်ခြင်း စတာတွေကို လုပ်ကြပါတယ် ။ တချို့ကတော့ ဇာတ်ကောင်များရဲ့ စရိုက်ကို ဦးစွာ စဉ်းစား ကြပါသတဲ့ ။ တချို့ စာရေးဆရာများက သူတို့ ချမှတ်ထားတဲ့ အချိန်ဇယားအတွင်း ဘောင်ဝင်အောင် ဖြည်းဖြည်းချင်းပဲ ရေးကြပါသတဲ့ ။ ဒီ လူများ က နောက်တစ်ကြိမ် အချော ပြန်ရေးလေ့ မရှိကြတော့ပါဘူး ။


◾ဝတ္ထုတစ်ပုဒ် ရေးနည်း တိတိကျကျ ကို မည်သူမျှ သင်ကြား မပေးနိုင်ပါ 


ဝတ္ထု တစ်ပုဒ်ကို ဘယ်လို ရေးရမယ် ဆိုတာ ဘယ်သူမှ တိတိကျကျ သင်ပေးလို့ မရပါဘူး ။ ဘာနဲ့ တူသလဲ ဆိုတော့ ကျွန်မတို့ တစ်ယောက် ကို တစ်ယောက် ချစ်ကြတယ်ဆိုတဲ့ နေရာမှာ ဘယ်လို ချစ်တာလဲဆိုတာ မပြောနိုင် သလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး ။


အဲဒီလိုပါပဲ ၊ စာရေးတဲ့ နေရာမှာ ဝတ္ထုဆိုတာ ဘယ်လို ရေးရမယ်လို့ တိတိကျကျ သင်ပေးလို့ မဖြစ်နိုင်ပါဘူး ။


စာရေးချင်စိတ် ရှိသူက သူ့အလုပ်ကို သူလုပ်ရင်း သူ့နည်းကို သူတွေ့သွားပါလိမ့်မယ် ။ မှားရင်း ၊ ပြင်ရင်း ကနေ နည်းလမ်း အမှန်တွေကို ရသွား မှာပါ ။ များများ ရေးလေ နည်းလမ်းကောင်း တွေ့လေ ဖြစ်ပါလိမ့်မယ် ။ ဒုတိယ အကြိမ် ရေးရာမှာ ပထမအကြိမ်လောက် စိတ်ဖိစီးမှု မရှိနိုင်တော့သလို နောက်ထပ် ရေးလေ လွယ်ကူလျင်မြန်သွားလေပါပဲ ။


◾များများ ရေးခြင်း အားဖြင့် ဘယ် ပုံစံ ဟာ မိမိ နှင့် သင့်တော်မည် ကို တွေ့ရှိလာမည် 


တချို့ စာရေးဆရာများက ဝတ္ထုတိုရော ဝတ္ထုရှည်ပါ ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ကြပေမယ့် တချို့ ဆရာများကတော့ တစ်မျိုးကိုသာ ကျွမ်းကျင်ကြပါတယ် ။ ဝတ္ထုတို ရေးသူများက ရုတ်တရက် ချက်ချင်း ဖြစ်ပေါ် လာတဲ့ အဖြစ်အပျက်များကို စိတ်အား ထက်သန်ပြီး ဝတ္ထုရှည်သမားများ ကတော့ အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်များ အပေါ်မှာသာ စိတ်ဝင်စား ကြပါတယ် ။ သူတို့က ရှေ့တစ်လှမ်း တိုး နောက်နှစ်လှမ်း ဆုတ် ဆိုတဲ့နည်းကို စိတ်အား ထက်သန်ကြသူတွေ ဖြစ်ပါတယ် ။


◾အောင်မြင်ကျော်ကြားသည့် အနုပညာရှင် ဖြစ် ၊ မဖြစ် ပြောရန် ခက်သည် 


စာရေးနည်း သင်ကြား ပို့ချတဲ့ သင်တန်းများမှာလည်း စာကို ဘယ်လို ရေးမယ် ဆိုတာသာ သင်ကြား ပို့ချတာပါ ။ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်လာဖို့ ဘယ်လို ဆင့်ပွားတွေးယူမယ် ဆိုတာလောက် အထိ သင်ပေးလို့ မရနိုင်ပါဘူး ။ အတွေးဉာဏ် ကွန့်မြူးနိုင်ဖို့က မိမိ အားထုတ်မှုသာ ဖြစ်ပါတယ် ။


◾အတွေ့အကြုံများ ကို ဝတ္ထုဇာတ်ကြောင်း အဖြစ် ပြန်လည် အသုံးချခြင်း


ဆရာမ တစ်ယောက် အနေနဲ့ အရက်သောက်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ထောက်ခံတယ် လို့ ပြောလို့ မရပါဘူး ။ ဒါပေမဲ့ တစ်ခါတလေ မှာတော့ စိတ်လွတ် ကိုယ်လွတ် နေတတ်တဲ့ သူများ ဖန်တီးတဲ့ ဝတ္ထုများဟာ ပိုပြီး ကောင်းနေတာကို တွေ့ရပါတယ် ။ ဒါဟာ မူးယစ်သောက်စားခြင်းကြောင့်လို့ ကျွန်မ တထစ်ချ မဆိုလိုပေမယ့် ပေါ့ပေါ့ပါးပါး နေထိုင်သူများထံမှ ထွက် လာတဲ့ ဝတ္ထုများဟာ ပိုကောင်းတယ် ဆိုတာ ကိုတော့ ကျွန်မ ဝန်ခံရပါလိမ့်မယ် ။


◾အသံထုတ်ပြီး စာဖတ်သည့် အကျင့်


ကိုယ် ရေးထားတဲ့ စာကို ကိုယ့် ဘာသာ ကိုယ် စိတ်ထဲက ဖတ်ကြည့်နေရင် ချောနေပေမယ့် အသံထုတ်ပြီး ဖတ်ကြည့်လိုက်တဲ့ အခါမှာ မလိုအပ်ဘဲ ပွရောင်း နေတဲ့ စကားလုံးတွေ ကို တွေ့လာနိုင်ပါတယ် ။ ဒါကြောင့် စာပိုဒ် တစ်ပိုဒ် ရေးပြီးတဲ့ အခါတိုင်း အသံထုတ်ပြီး ဖတ်ကြည့်ပါလို့ ကျွန်မ အကြံပြု ချင်ပါတယ် ။


◾စာအုပ်ကောင်းများ ကို ဖတ်ပါ


ဂန္ထဝင် စာအုပ်ကြီးများကို ဖတ်ပါ ။ ဖတ်ပြီးရင်လည်း ပြန် ဖတ်ပါ ။ ဒီ ဝတ္ထုကြီးများ ထဲက ဇာတ်ကောင်များကို အထူး ဂရုပြုပါ ။ ဒါပေမဲ့ ဒီ စာရေးဆရာကြီးများကို မနာလိုစရာ မဟုတ်ဘဲ အားကျဖို့သာ ဖြစ်ပါတယ် ။ သူတို့လို ကိုယ် ရေးတတ်ဖို့ အားကျ စေချင်တာပါ ။ ဒါပေမဲ့ တစ်ခါတလေမှာ အရောင်းရ အတွင်ကျယ်ဆုံး စာရေးဆရာ ၊ ဆရာမ တစ်ယောက် ရဲ့ဝတ္ထုကို ဖတ်ပြီး သိမ်ငယ်စိတ် ဝင်တတ်တဲ့ သူတွေလည်း ရှိပါတယ် ။ အဲဒီလို မဖြစ်ရပါဘူး ။ ချက်ကော့ဖ်တို့ ၊ တော်လ်စတွိုင်းတို့ ဝတ္ထုကြီးတွေကို ဖတ်ပြီး စိတ်ဓာတ် ကျလို့ ဘယ်ဖြစ်ပါ့မလဲ ။


ကျွန်မ တပည့် တချို့ကတော့ သူတို့ စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာ အဲဒီလို ဝတ္ထုကြီးတွေကို ဖတ်ပြီး ငါတို့လည်း ဒီလောက်တော့ ရေးတတ်ပါတယ် ဆိုတဲ့ အတွေးဝင်လာကာ စာပြန်ရေးကြတယ်လို့ ကျွန်မကို ပြောပြ ဖူးပါတယ် ။


◾မိတ်ဆွေများ ထဲမှာ ကိုယ့် ပရိသတ်ကို ရှာပါ


ကိုယ် ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေ တစ်ယောက်က ကိုယ့်စာတွေကို ဝေဖန် အကြံဉာဏ်ပေးဖို့ လိုအပ်ပါတယ် ။ တချို့ စာရေးသူများက ကိုယ့်အချင်း ချင်း ဝိုင်းဖွဲ့ပြီး တစ်ယောက် နဲ့ တစ်ယောက် ဖလှယ်ကာ ကိုယ့်စာ သူဖတ် ၊ သူ့စာ ကိုယ်ဖတ် ဆွေးနွေးကြပါတယ် ။ ပြီးတော့ ကိုယ့်စာ ကို ဘယ်သူက ဘယ်လို ဆွေးနွေးတယ် ၊ ဘယ်လို ဝေဖန်တယ် ဆိုတာ ကိုလည်း မှတ်စုစာအုပ်မှာ ချရေးထားတတ်ကြပါတယ် ။ ဒီမှတ်ချက်တွေကို နောင်မှာ ပြန်ဖတ်ရင်း အကြံကောင်း ဉာဏ်ကောင်းတွေကို ရယူပြင်ဆင်ကြပါတယ် ။


တချို့ ဝေဖန်ချက်တွေက ပျစ်ပျစ်နှစ်နှစ် ရှိတဲ့ အတွက် ကိုယ့်ကို အရှိုက် ထိုးသလို ဖြစ်တတ်တဲ့ အခါတွေလည်း ရှိပါတယ် ။ ဒီအခါမျိုးမှာ သူက ကိုယ့်ကို မလိုလို့ တမင်တကာ ရေးသလား သုံးသပ်ကြည့်ပါ ။ သက်သက်မဲ့ ရေးတာ ဆိုရင်တော့ သူ့ မှတ်ချက်ကို လျစ်လျူရှုထားလို့ ရပါတယ် ။


အများအားဖြင့် ကတော့ ဒီလို စုပေါင်း ဆွေးနွေးခြင်းဟာ စာကောင်း ပေကောင်းများကို ထွက်ပေါ် လာစေတတ်ပါတယ် ။


••••• ••••• •••••


ဒါက ဆရာမ Mona Simpson ရေးသား ဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ် ။ စာရေးချင်စိတ် ရှိသူများအတွက် လိုက်နာသင့်တာတွေ အများကြီး ပါတာ တွေ့ရပါလိမ့်မယ် ။ ဒီနည်းနဲ့ ကိုယ့် ခံစားချက်တွေကို စာမျက်နှာများ ထက် ပေါ်မှာ ချရေးနိုင်ကြလိမ့်မယ် လို့ လည်း မျှော်လင့်ပါတယ် ။


 ☐ ဝင်းငြိမ်း

📖 ရွှေအမြုတေ မဂ္ဂဇင်း

     ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလ

စေတနာရှင်

 

❝ စေတနာရှင် ❞
      ( ပုံပြင် )

ရှေးအခါက တိုင်းပြည် တစ်ပြည်၌ အလွန် ပညာနှင့်ပြည့်စုံသော ဘုရင်ကြီးတစ်ပါး ထီးနန်းစိုးစံ အုပ်ချုပ်တော်မူသတဲ့ ။ ထိုဘုရင်ကြီး၌ ထူးဆန်းသော အပြုအမူ တစ်ခုရှိလေသည် ။ ယင်းထူးဆန်းချက်ကား နံနက်စာပွဲတော် တည်တိုင်းတည်တိုင်း အနီးအနားတွင် သူ့ကျွန်ယုံ တစ်ယောက်မှ တစ်ပါး အခြား မည်သူ တစ်စုံတစ်ယောက်မျှ မနေစေလေ ။ နံနက်စာပွဲတော်တည်ပြီးသည့်အခါတိုင်း ကျွန်ယုံကလေးအား ထူးဆန်းသည့်ပွဲတော်အုပ်တစ်အုပ်ကို အဆက်ခိုင်းစေလေ၏ ။

ယင်းပွဲတော်အုပ်ကိုကား သူတစ်ပါးတည်း ရှိသည့် အခါမှာသာ နေ့စဉ် မှာယူစား သောက်တော်မူလေ့ရှိ၏ ။

ထိုပွဲတော်အုပ်ကို ကျွန်ယုံကလေးသည် ဖွင့်ကြည့်ရန် ဆန္ဒ ပြင်းစွာပေါ်လာသော် လည်း ဘုရင်ကြီးအား ကြောက်ရွံ့သဖြင့် ဖွင့်ကြည့်ရန် မဝံ့ချေ ။

တစ်နေ့သ၌ ကျွန်ယုံကလေးသည် မိမိဆန္ဒကို မလွန်ဆန်နိုင်တော့သဖြင့် ဖြစ်လိုရာ ဖြစ်စေတော့ဟု ဆိုကာ ထူးဆန်းသည့်ပွဲတော်အုပ်ကိုဖွင့်ကြည့်လေရာပွဲတော်အုပ်အတွင်းတွင် ချက်ပြီးသား မြွေဖြူလေးတစ်ကောင်ကို မြင်လျှင် ထူးဆန်းသည့် အစာဟု ထင်၍ မြွေဖြူသား အနည်းငယ်ကို မြည်းစမ်းလေ၏ ။

ယင်းသို့ မြွေဖြူသားကို စားမိသည်နှင့်တစ်ပြိုင်နက် ကျွန်ယုံကလေးမှာ ကျေးငှက်တိရစ္ဆာန် အချင်းချင်း ဆက်သွယ် ပြောဆိုကြသည့် မာဂဓစကားကို နားလည်သွားလေ၏ ။ အချိန်ကျရောက်လတ်သော် ထူးဆန်းသည့် ပွဲတော်အုပ်ကို သွားရောက် ဆက်သရာ မြွေဖြူကလေးအသားမှာ အနည်းငယ်မျှ လက်ရာပျက်လျက် ချွတ်ယွင်းနေသည်ကို မြင်သဖြင့် ဘုရင်ကြီးသည် ကျွန်ယုံကလေး ခိုးစားကြောင်း မိမိ၏ အတတ်ပညာဖြင့် ချက်ချင်းပင် သိရှိတော် မူသဖြင့် ကျွန်ယုံကလေးအား မည်ကဲ့သို့သော အပြစ်ဒဏ်ကိုပေးရန် တော်မည်ကို စဉ်းစားနေ လေ၏ ။

ယင်းနေ့တွင်ပင် မိဖုရားမှာ အလွန် နှစ်သက်မြတ်နိုးလှသော လက်စွပ်တစ်ကွင်း ပျောက်ဆုံးသွားကြောင်းဘုရင်ကြီးထံ လျှောက်လာ၍ဘုရင်ကြီး သိရှိတော်မူလေလျှင်ကျွန်ယုံ အားခေါ်၍ ..

“ အသင်သည် မိဖုရားကြီး၏ လက်စွပ်ကို ပြန်ရအောင် ရှာဖွေပေးဆပ်ရမည် ၊ ရှာဖွေ၍ မတွေ့က ကြီးလေးစွာသော ရာဇဒဏ်ကို ပေးမည် ” ဟု အမိန့်ရှိလေ၏ ။

ကျွန်ယုံကလေး မှာ သောကကြီးစွာနှင့် နန်းတော်အနီးရှိ စမ်းချောင်းကလေး တစ်ခု၏ ကမ်းပါး၌ သွားရောက်ကာ ကြံမှိုင်နေလေ၏ ။

ယင်းအခါ စမ်းချောင်းကလေးတွင်ရှိ ဘဲအုပ်ကို မြင်ရလေ၏ ။ သူတို့အချင်းချင်း ဘာသာဘာဝ “ ဂပ် ... ဂပ် ... ဂပ် ” နှင့် ဆူညံစွာ ပြောဆိုနေကြသည်ကို ကျွန်ယုံသည် စူးစိုက်နားထောင်နေလေ၏ ။

“ ငါ့မှာ ဒီကနေ့ မိဖုရားကြီးရဲ့လက်စွပ်ကို မျိုထားတာနဲ့ ဗိုက်နာ နေတယ်ကွာ ၊ ပြန် တော့မယ် ” ဟူ၍ ဘဲငန်းတစ်ကောင်ပြောသံကို ကြားမိသဖြင့် ကျွန်ယုံသည် ဝမ်းသာအားရ ဖြစ်ကာ ၎င်းဘဲငန်းကို ဖမ်းယူပြီး ရင်ကို ခွဲလိုက်ရာ မိဖုရားကြီး၏ လက်စွပ်ကို ပြန်ရသဖြင့် ဘုရင်ကြီးထံ ဆက်သလေ၏ ။

ဘုရင်ကြီးလည်း အလွန် အားရတော်မူသဖြင့် ကျွန်ယုံအား ... “ လိုသည့်ဆုကိုတောင်းလော့ ” ဟု မိန့်တော်မူလေ၏ ။

“ ကျွန်တော်မျိုးအား ကကြိုးတန်ဆာ တပ်ဆင်ပြီးသည့် မြင်းတစ်ကောင် နှင့် ငွေအချို့ကို သနားတော်မူပြီး တိုင်းပြည် အသီးသီးသို့ ခရီးလှည့်လည်သွားရန် အခွင့်အမိန့်ပေးတော်မူပါဘုရား ” ဟု လျှောက်ထားခွင့်တောင်းလေရော ဘုရင်ကြီးသည် အလိုရှိသည့်အတိုင်း ချီးမြှင့် ပေးအပ်ခွင့်ပြုတော်မူလေ၏ ။

ဤကျွန်ယုံကလေးသည်အလွန်စိတ်စေတနာကောင်းရှိသူတစ်ဦး ဖြစ်သဖြင့် တစ်ပါး သူများနှင့် တိရစ္ဆာန်များအား မိမိ စွမ်းနိုင်သရွေ့အမြဲကူညီလေ့ရှိပေသည် ။

ဘုရင်ကြီး ခွင့်ပြုတော်မူသည့်အတိုင်း ကျွန်ယုံကလေးသည် မြင်းကို စီးကာ တစ်ကိုယ်ချင်း ခရီးထွက်လေတော့၏ ။

မကြာမီ မြစ်ဆိပ်ကမ်းပါး တစ်ခုသို့ ရောက်သွား၍ အမောပြေ နားနေခိုက် မြစ်ကမ်း လှိုင်းပုတ်ခတ်သဖြင့် တင်နေသော ငါးကလေး သုံးကောင်ကို တွေ့ရာ ယင်းငါးကလေးများသည် ကမ်းပါး၌ သေလုမျောပါး ဖြစ်နေကြသည်ကို သိမြင်ရ၍ မြစ်ထဲသို့ ပြန်ချပေးလေ၏ ။

ငါးကလေးများလည်း ဝမ်းသာစွာနှင့် ...

“ ခင်ဗျားရဲ့ကျေးဇူးကို ကျွန်တော် တစ်နေ့နေ့တော့ ပြန်ဆပ်ပါမယ် ” ဟု ပြောပြီး ပျော်ရွှင်စွာ ကူးသွားကြလေ၏ ။

ယင်းနောက် ခရီးဆက်နှင်ပြန်ရာ လမ်းတွင် ပုရွက်ဆိတ်ကလေးများ စီတန်းဖြတ်ကူး နေကြသည်ကို မြင်သဖြင့် ...

“ ငါ ဒီနေရာကို ဖြတ်သွားရင် မြင်းနင်းမိ၍ ပုရွက်ဆိတ်ကလေးတွေ အသက်ဆုံးရှုံး ကြရမယ် ” ဟုဆိုပြီး ပုရွတ်ဆိတ်များ လွတ်အောင် ကွင်း၍ သွားလေ၏ ။

ဤကဲ့သို့ကျွန်ယုံကလေး၏ညှာတာမှုကို သိသဖြင့် ပုရွက်ဆိတ်ဘုရင်မကြီးက ... “ ကျေးဇူးတင်ပါတယ် ၊ ကျွန်မတို့ တစ်နေ့နေ့တော့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ် ” ဟု ပြောလေ၏ ။

တတိယအကြိမ် ခရီးဆက်နှင်ပြန်သော် လမ်းခရီးတစ်ခု၌ မွေးကာစ ကျီးကန်းကလေး များကို တွေ့သဖြင့် ကျီးကန်းကလေးများမှာ အစာဆာ၍ကား အတောင်မစုံသေးသဖြင့် အစာ ရှာသွားရန် မပျံနိုင်ကြသေး ။ “ အာ့ အာ့ အာ့ ” နှင့် သနားစရာ မြည်နေကြသည်ကိုမြင်၍ မိမိမှာပါသည့်အစာအနည်းငယ်ကို ကျွေးလေ၏ ။

“ နောင်ကြီးရဲ့ကျေးဇူးကို ကျွန်တော်တို့ ပြန်ဆပ်ပါ့မယ် ” ဟု ကျီးကန်းကလေးများက ပြောလေ၏ ။

နောက်ဆုံး စတုတ္ထအကြိမ် ခရီးဆက်နှင်ရာ မြို့ကြီးတစ်မြို့သို့ ရောက်ရှိသွားလေသည် ။ မြို့ကြီး၏ လမ်းမကြီး တစ်ခုတွင် လူထုအများစုဝေးနေကြသည်ကို တွေ့ရသဖြင့် အနီးသို့ ချဉ်းကပ်ကာ စုံစမ်းမေးမြန်းလေ၏ ။

ဤမြို့ကြီး၌ အုပ်ချုပ်သည့် ဘုရင်က “ သူစေခိုင်း စမ်းသပ်သည့် ခက်ခဲနက်နဲလှသော အလုပ်များကို ချောမောစွာ ဆောင်ရွက်နိုင်ရန် အရွယ်ကောင်း အရွယ်သန့် မင်းညီမင်းသား ၊ မှူးသား ၊ မတ်သား ၊ အမှုထမ်းအရာထမ်းများ ဝင်ရောက်နိုင်ကြသည် ။ ဝင်ရောက်ဆောင်ရွက်နိုင်သူ အား သမီးတော်နှင့် ထိမ်းမြား၍ အိမ်ရှေ့အရာ ခန့်ထားမည် ” ဟု ကြေညာလျက် ကျင်းပသည့် ပွဲကြီးဖြစ်ကြောင်း ။

ယင်းပွဲကြီးသို့ ဝင်ရောက်ဆောင်ရွက်ကြသူများ တစ်ဦးတစ်ယောက်မျှ မအောင်မြင် ကြောင်း ၊ ပွဲကြီးပိတ်ရက် အနည်းငယ်မျှလိုသေးကြောင်းကို သိရှိရသဖြင့် ဘုရင့်အမှုထမ်း ကျွန်ယုံကလေးမှာ ဝင်ရောက်ဆောင်ရွက်ရန်စာရင်းသွင်းလေတော့၏ ။

စာရင်းသွင်းပြီး အချိန်အနည်းငယ်အတွင်းမှာပင် ကျွန်ယုံကလေးအား ဘုရင့်ရှေ့တော်သို့ သွင်းလေတော့၏ ။

ဘုရင် စီစဉ်ထားသော ဆောင်ရွက်ရန်ကိစ္စများမှာ ...

( ၁ ) လက်စွပ်ရှာ

( ၂ ) စပါးစေ့ထည့်

( ၃ ) ရွှေသစ်တော်သီးအရှာ

ယင်းသုံးချက် ဖြစ်ပေသည် ။

( ၁ ) လက်စွပ်ရှာ

ဘုရင်သည် ကျွန်ယုံကလေးအား မြစ်ကမ်းပါးသို့ ခေါ်သွားပြီး မိမိ ဝတ်ဆင်ထားသည့် လက်စွပ်ကို မြစ်ရေထဲသို့ လွှင့်ပစ်လိုက်လေ၏ ။

“ ၎င်းလက်စွပ်ကို ရအောင် ပြန်ယူ၍ ငါ့ထံ လာရောက် ပို့ဆက်ရမည် ” ဟု အမိန့်ပေးခဲ့ ပြီး ဘုရင်သည် ပြန်လည် ထွက်ခွာသွားလေ၏ ။

( ယင်းမြစ်ကား ကျွန်ယုံကလေး နေသော တိုင်းပြည်ရှိမြစ်နှင့် တစ်ဆက်တည်းပင် ။ )

ကျွန်ယုံကလေးသည် ကြံမှိုင်ကာ မြစ်ရေပြင် ကို ကြည့်ပြီး ရပ်နေစဉ် ယခင်က သူ ကယ်ဆယ်ခဲ့ဖူးသည့် ငါးကလေးသုံးကောင်တို့သည် ကမ်းပါးရေစပ်မှ ဘွားခနဲပေါ်ပေါက်လာ ပြီးလျှင် ။

“ ဗျို့ ... အစ်ကိုကြီး ၊ ဘာကြောင့် မှိုင်နေရပါသလဲ ” ဟု မေးလျှင် ကျွန်ယုံကလေးက အကြောင်းကို ပြောပြလေ၏ ။ ယင်းအခါ ငါးကလေး သုံးကောင်တို့သည် ရေထဲသို့ ငုပ်သွားပြီး ဘုရင့်လက်စွပ်ကို သူ့ထံ လာရောက်ပေးအပ်လိုက်လေ၏ ။

ကျွန်ယုံကလေးလည်း ဝမ်းမြောက်ရွှင်လန်းစွာနှင့် ရရှိသည့် လက်စွပ်တော်ကို ဘုရင်ကြီးထံ ဆက်သနိုင်လေတော့၏ ။

( ၂ ) စပါးစေ့ထည့်

“ တစ်ခုတော့ အောင်မြင်သွားပြီ ၊ နောက်တစ်ခု စမ်းသပ်ရဦးမည် ” ဟု ဘုရင်ကြီးက ပြောပြီးလျှင် ဥယျာဉ်တော် ထဲသို့ စပါး ( ၁၀ ) အိတ်ကို ဖြန့်ကြဲပစ်လိုက်ပြီး ...

“ နောက်တစ်နေ့ မိုးမသောက်မီ ဒီစပါးစေ့တွေကို တစ်စေ့မကျန် အိတ်ထဲသို့ ပြန်ထည့်ရမည် ” ဟု အမိန့်ပေးခဲ့လေ၏ ။

ကျွန်ယုံကလေးသည် ဥယျာဉ်တော်အတွင်း စပါးစေ့များကို ကြည့်ရှုပြီး ကြံမှိုင်နေခိုက် သူ ကျေးဇူးပြုခဲ့ဖူးသည့် ပုရွက်ဆိတ်ဘုရင်မနှင့် ပုရွက်ဆိတ်များ အားလုံး လာရောက်ကာ စပါးစေ့များကို တစ်စေ့မကျန် အိတ် ( ၁၀ ) အိတ်အတွင်းသို့ ပြန်ထည့်ပေးကြလေ၏ ။

( ပုရွက်ဆိတ်များသည် ရေမြေနှင့် ရာသီဥတု အခြေအနေကို လိုက်၍ ဒေသပြောင်း လေ့ရှိတတ်ကြရာ မိုင်ပေါင်းများစွာဝေးသော ဒေသသို့လည်း ရောက်ရှိတတ်ကြလေသည် ။ ယင်း ပုရွက်ဆိတ်များသည်လည်း ကျွန်ယုံကလေး နေသည့် တိုင်းပြည်မှ ကျန်တိုင်းပြည်သို့ ပြောင်းရွှေ့လာကြပြီး ဘုရင့်ဥယျာဉ်တော်အတွင်း၌ နေကြလေသည် ။ )

နောက်တစ်နေ့နံနက် ဘုရင်ကြီး ရောက်လာ၍ ကြည့်ရှုလျှင် စပါး ( ၁၀ ) အိတ်စလုံး ပြန်လည် ပြည့်နေသည်ကို မြင်ရလေ၏ ။

( ၃ ) ရွှေသစ်တော်သီး

“ နောက်ဆုံးတစ်ခု ကတော့ ငါ့အား ရွှေသစ်တော်သီး တစ်လုံးကို ရှာ၍ဆက်ရမည် ” ဟု အမိန့်ပေးတော်မူပြန်လေ၏ ။

ကျွန်ယုံကလေးသည် ရွှေသစ်တော်သီးရှာရန် တောထဲသို့ တစ်ကိုယ်တည်း သွားလေရာ မောပန်းသဖြင့် သစ်ပင်ကြီးတစ်ပင်၏ အရိပ်တွင် ခိုနားနေသည်ကို ကျွန်ယုံကလေး ကယ်ဆယ်ခဲ့ဖူးသည့် ကျီးကန်း ( ၃ ) ကောင်က မြင်သဖြင့် အကြောင်းကို မေးမြန်းရာ “ ရွှေသစ်တော်သီးတစ်လုံးလိုချင်ကြောင်း ” ပြောပြလေ၏ ။ ကျီးကန်းများကလည်း မကြာခဏပင် ရွှေသစ်တော်သီးတစ်လုံးကို ရှာ၍ပေးပြီး ပျံသွားကြလေ၏ ။

ကျွန်ယုံကလေးလည်း ရွှေသစ်တော်သီးကို ဝမ်းမြောက်စွာနှင့် ဆောင်ယူခဲ့ပြီးလျှင် ဘုရင်ကြီးအား ဆက်သလေ၏ ။

ဘုရင်ကြီးလည်း နှစ်သက်အားရတော်မူသဖြင့် မိမိ၏ ကတိအတိုင်း သမီးတော်နှင့် ထိမ်းမြားလက်ထပ်ပြီး အိမ်ရှေ့အရာ ပေးသနားတော်မူလေ၏ ။

ယင်းလက်ထပ်ပွဲတွင် ကျွန်ယုံကလေးနှင့် မင်းသမီးတို့သည် ရွှေသစ်တော်သီးကို မင်္ဂလာဦးအာဟာရ အဖြစ် တစ်ခြမ်းစီ စားသုံးကြစေလေသတည်း ။

“ စေတနာ သဒ္ဓါမှတ်
ကောင်းမြတ်တဲ့သူမှာ ။

လူကိုပင် မဆိုထားဘိ သတ္တဝါတိရစ္ဆာန်များသော်မှ တတ်အားစွာ တုန့်ပြန်လှည့်တယ်
ပွားပြည့်ထင်စွာ ။

သူ့ကျေးဇူး တင်ဖူးလို့ရှိပေလာ
ဘယ်ခါမျှမမေ့ ။

ခွင့်ရေးငယ်ကြုံ ချင့်တွေးကာ ဉာဏ်အအုံနှင့်
မှန်တစ်ပုံတုန့်ပြန်ဆပ်လျှင်ဖြင့်
ကာယကံရှင် စိတ်ကျေနပ်တဲ့ပြင်
လိုအပ်ရာကြံစည်မှုငယ်
ပြီးမြောက်လွယ်ပေ့ ။

⎕ ရွှေဝယ်ဧ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ စက်တင်ဘာ

မြင်စဦး ကြင်စထူး


 

❝ မြင်စဦး ကြင်စထူး ❞

အယ်ဒီတာနှင့် သတင်းစာတိုက်ပိုင်ရှင် ဦးဘိုးထွန်းမှာ ၎င်း၏ ရှေ့တွင် ကြောက်လန့်တုန်လှုပ်သော အမူအရာနှင့် ရပ်ပြီးလျှင် လက်ကလေးများ တဆတ်ဆတ် တုန်လျက်ရှိသော ၊ မိန်းမပျိုကလေးအား များစွာ ဒေါသထွက်သော အမူအရာဖြင့် မြည်တွန်တောက်တီးကာနေလေ၏ ။

ထိုမိန်းမပျိုကလေးမှာ လှပသည်ဟု ဆိုလောက်သည်ထက် ၊ သနားစရာ ကောင်းသည်ဟု ဆိုထိုက်သဖြင့် ၊ ၎င်း၏ ကြည်လင် ပြူးကျယ်ပြီးလျှင် မျက်ရည်ဝိုင်း မတတ်ရှိသော မျက်လုံးမှာ ၎င်း၏ အပြစ်ကင်းသော မျက်နှာ ၊ နီတျာတျာ ရှိသော နှုတ်ခမ်း ၊ မချွန်လွန်း - မဝိုင်းလွန်းသော မေးအကျတို့မှာ ၊ လှပခြင်းမူရာနှင့် သနားစရာ အသွင်တို့သည် ရောတင် ထွေးယှက်လျက် ရှိလေ၏ ။

ထွန်း ။  ။ ဉာဏ် - ဉာဏ် - အဲဒီ ဉာဏ်ဟာ လောကမှာ အရေးကြီး တာပဲ ။ ခင်ခင် လက်ရေးတို ရေးပြီး စာလုံးရိုက်တဲ့ အလုပ်ဟာ ကူလီလုပ်တဲ့ အလုပ်မျိုးလို လက်ရုံးအားကိုး သက်သက် မဟုတ်ဘူး ၊ ဉာဏ်ထက်ပြီး လုပ်ရကယ် ၊ ခင်ခင်ကို ဒါလောက် လခကြီး ပေးပြီး ငှားထားတာဟာ ၊ လက်ရုံးအားကိုး လုပ်ဖို့ သက်သက် မဟုတ်ဘူး ၊ ဉာဏ်ထက်ပြီး အလုပ်လုပ်ဖို့ ငှားတာကို နားလည်ရဲ့ မဟုတ်လား ။

ဤကဲ့သို့ ပြောသော စကားကို ကြောက်အားနှင့် နားထောင်နေသော ခင်ခင် မှာ ပြန်၍ပြောရန် ၊ ကောင်းစွာ မရဲလှသော်လည်း “ တစ်လ တစ်ရာလောက် ကတော့ လခကြီးလို့ မခေါ်လောက်ပါဘူး ” ဟု ရုတ်တရက် နှုတ်က ထွက်သွားလေရာ ၊

ထွန်း ။  ။ ဒီဟာ လခကြီး မဟုတ်ဘူးလား ၊ ဒီလခဟာ ဦးနှောက် နှင့် ယှဉ်ပြီး အလုပ်လုပ်တဲ့ လူကိုပေးတဲ့ လခ ၊ ကူလီကို ပေးတဲ့ လခ မဟုတ်ဘူး ။ ဒါကြောင့် ဒီလောက် လခကို ယူပြီး ခင်ခင်မေ ကို အလုပ်ထဲမှာ ပေါင်းဒါ ရိုက်တာ ၊ မှန်ကြည့်တာကို မလုပ်ရဘူးလို့ ဆိုတာမဟုတ်ဘူး ။

ခင် ။  ။ ဒါကမျက်နှာမှာ အဆီထွက်မှ တစ်ခါတလေ ...

ထွန်း ။  ။ ဒါတွေ ထားလိုက်ပါလေ ။ ဒါကို ငြင်းခုံနေဖို့ မဟုတ်ပါ ဘူး ၊ အခု ဖြစ်တာ ခင်ခင်မေမှာ အသိဉာဏ် လိုသွားလို့ ဦး မှာ ဒီလို ခက်နေရတာ မဟုတ်လား ။

ခင် ။  ။ ဒါတော့ ခင် မှားပါတယ် ။ ဒီအတွက်လည်း ဝမ်းနည်းပါတယ် ။

ထွန်း ။  ။ ဝမ်းနည်းတာတော့ ဟုတ်ပါတယ် ။ ဒီလို ဝမ်းနည်းနေလို့ လည်း ကိစ္စပြီးတာ မဟုတ်ဘူး ။ အံ့ပါရဲ့ ခင်ခင်မေ ရယ် ၊ တခြားဟာ မှားလျှင် ကိစ္စမရှိပါဘူး ၊ အခုတော့ မြင်းပွဲက စွပ်ဒိုင်ဆီကို ရေးတဲ့စာမှ ငါ့ရန်သူ ငဘိုးတုတ် ဆီကို ပါသွားရတယ် ။

ငဘိုးတုတ် အကြောင်းကို သိတယ်မဟုတ်လား ။ ဦး နှင့် တိုင်းရေး ပြည်ရေး ရန်သူကြီး ၊ သူက ဦးကို မဟုတ်တရုတ် စွပ်စွဲပြီး ဆဲဆိုရေးလိုက်လို့ သူ့ စာကို ချေပပြီး ပြန်ဆဲလိုက်တာ အခုတော့ ဒီစာက မြင်းစွပ်ဒိုင်ဆီကို ရောက်သွားပြီး ၊ မြင်းစွပ်ဒိုင်ကို ပေးလိုက်တဲ့ စာက သူ့ဆီကို ရောက်သွားလျှင် ဦး ကို မြင်းသမားကြီးလို့ စွပ်စွဲပြီး သူဆဲဖို့ အပေါက်ရသွားလို့ ဒုက္ခမများ ဘူးလား ။ ဒီလို စာကို မှားပြီး ထည့်မိလျှင် ၊ ဘာပြုလို့ မနေ့က မပြောဘဲ အခု မနက် မှ ပြောရတာလဲ ။

ခင် ။ ။ မနေ့က အိပ်ရာဝင်သို့ အလုပ်ကို သေသေချာချာ ပြန်ပြီး စဉ်းစားတော့မှ မှားမှန်းသိပါတယ် ။

ထွန်း ။  ။ အဲဒါကြောင့် လွန်မှ မစဉ်းစားဘဲ ၊ အလုပ်လုပ်တဲ့ အခါမှာ ဥာဏ်ယှဉ်ရမယ်လို့ ပြောတာ မဟုတ်လား ၊ အခု ဒီအတွက် ဘယ်လောက် ဒုက္ခများတယ် ဆိုတာ သိရဲ့လား ။

ဤသို့ပြောပြီးလျှင် ဦးဘိုးထွန်းမှာ စိတ်ပျက်သော အမူအရာ ၊ သုန်မှုန် လှစွာသော မျက်နှာထားနှင့် စဉ်းစားဉာဏ်ကို ထုတ်၍ နေသကဲ့သို့ ရှိ၏ ။ ဦးဘိုးထွန်းမှာ သတင်းစာတိုက်ပိုင်ရှင် ၊ ဘုရားလူကြီး ၊ တိုင်းပြည် ခေါင်းဆောင်လူကြီးတစ်ယောက် ဖြစ်၍ ဦးဘိုးတုတ် နှင့်မူ တိုင်းပြည်ရေးတွင် သဘောကွဲလွဲသည်က စ၍ တစ်ဦးနှင့် တစ်ဦး အချက်ကို ရှာပြီး နေကြသူများ ဖြစ်ကြရာ ၊ ဘုရားလူကြီး လည်း တစ်ယောက်ဖြစ်သူ ဦးဘိုးထွန်း မှာ အကျင့် စာရိတ္တကောင်းကြောင်း သိက္ခာသမာဓိရှိကြောင်းနှင့် မြို့ရွာနိုင်ငံက ချီးမွမ်း ကြသော်လည်း ၊ ဦးဘိုးတုတ် ကမူ ဦးဘိုးထွန်းအား အမြဲပုတ်ခတ် ပြောဆို၍ နေလေသည် ။

ဦးဘိုးတုတ်၏ တူ မောင်မောင်တင် မှာ တစ်ခါတရံ မြင်းပွဲကို သွားတတ်သူ ဖြစ်ရာ ၊ ဦးဘိုးထွန်းက မောင်မောင်တင် အား အသုံးမကျ အချိန်နှင့် ငွေကို ဖြန်းနေတဲ့ ကြမ်းပိုးကလေးဟု ပြောဆိုထားသော စကားကို ပြန်လှန် ချေပရန် ဦးဘိုးတုတ်မှာ အမြဲရှာကြံ၍ ဦးဘိုးထွန်း၏ အပြစ်ကို စောင့်ကြပ် ကြည့်ရှု နေလေသည် ။

ဤသို့ ရှိနေသည့် အတွက် ဦးဘိုးထွန်း မှာ မိမိ၏ နာမည် မပျက်စေးရန် မြင်းစွပ်ဒိုင်ထံ တိတ်တဆိတ် ငွေပို့ ၍ လောင်းထားကာ မြင်းပွဲသို့ ဘယ်အခါမျှ မသွားသူ ဖြစ်ရကား ၊ မြင်းစွပ်ဒိုင် ထံသို့ ပေးလိုက်သော စာသည် ရန်သူ ဦးဘိုးတုတ်ထံသို့ ရောက်သွားလျှင် မည်မျှ အရေးကြီးသည်ဟု ခင်ခင်မေ မှာ တွေးမိတိုင်း စိတ်မသက်မသာ ဖြစ်၍နေလေ၏ ။

ဦးဘိုးထွန်းသည် ဦးဘိုးတုတ်၏ အပေါ်၌ အပြစ်ရှိက ၊ မိမိ၏ သတင်းစာတွင် ရေးသားရန် အချက်အလက် ရှာနေသည့်နည်းတူ ဦးဘိုးတုတ်မှာလည်း ဦးဘိုးထွန်း အား ရေးစရာ ၊ ဆဲစရာ ကော်စရာတို့ကို အမြဲ အပြစ်ရှာပြီး နေသူ ဖြစ်ရကား ၊ ဤသို့ မှား၍ ထည့်လိုက်သော စာသည် ဦးဘိုးတုတ်၏ လက်သို့သာ ရောက်သွားပါလျှင် ဦးဘိုးတုတ် မှာ ဦးဘိုးထွန်း အား အကိုးအကားနှင့် အပြစ်ဆိုရန် စာလက်ကိုင် ရ၍ သွားပြီး ၊ ဦးဘိုးထွန်းမှာ မည်မျှ နာမည်ပျက်၍ ရှက်ဖွယ်ကောင်းကာ နောက်လာမည့် ရွေးကောက်ပွဲအတွက် ပင် ခဲခက်၍ သွားမည်ကိုကား ကောင်းစွာ စဉ်းစားမိလေသည် ။ ဤကဲ့သို့ ဦးဘိုးထွန်းမှာ အတော်ကြီး စဉ်းစားနေပြီးနောက် ၊

ထွန်း ။  ။ ကဲ ခင်ခင်မေ ဘာမှ ပြောမနေနှင့်ဘော့ ၊ ဘိုးတုတ် ဆီမှာ ပါသွားတဲ့ စာကို ရအောင် ယူပေးရမယ် ။

ခင် ။   ။ ဘယ်နှယ့်လုပ်ပြီး ခင် ယူလို့ရနိုင်မလဲ ။

ထွန်း ။  ။ ဒါ ဦး အလုပ်မဟုတ်ဘူး ၊ ဘယ်နှယ့်လုပ်ပြီး ရရ - ရအောင်သာ ယူပေးရမယ် ။ အခု မနက် ၁ဝ နာရီ ဆိုလျှင် ပို့စမင်းက ဘိုးတုတ် ဆီမှာ စာကို ပို့တော့မယ် ၊ ဒီတော့ ဘိုးတုတ်ဟာ စေစော မထတတ်ဘူး ။ အဲဒါ ကြံပြီးတော့ ယူပေတော့ ၊ ဒီစာကို ရအောင် မယူနိုင်ရင် ခင်ခင်မေ မနက်ဖြန် အလုပ် မရှိတော့ဘူး ၊ ဒါပဲ ။

ဤသို့ ပြောပြီးနောက် ဦးဘိုးထွန်း မှာ ခင်ခင်မေ အား စကားတစ်စုံတရာ ဆက်လက် မပြောလို သော လက္ခဏာဖြင့် အလုပ်ကို ကုန်း၍ လုပ်ရန် ကလောင်တန်ကို ကိုင်လိုက်ရာ ခင်ခင်မေ မှာ နောက်ထပ် စကားပြောဆိုခွင့် မရဘဲ အခန်းထဲမှ ထွက်ခဲ့ရလေ၏ ။

ခင်ခင်မေ မှာ မိမိ ရရှိသော လစာငွေ တစ်ရာဖြင့် မိခင်မုဆိုးမကြီးအား လုပ်ကြွေးရသည့် အပြင် ၊ ညီမကလေး နှစ်ယောက်ကိုလည်း ကျောင်းထားရသည်ဖြစ်ရာ အလုပ်အကိုင် ရှားပါးသော ခေတ်အခါကြီး၌ တစ်လလျှင် တစ်ရာ ရသော အလုပ်ပြုတ်သွားလျှင် မည်မျှ ဒုက္ခများမည် ကိုကား စဉ်းစားရန် လွယ်ကူပေသည် ။

ခင်ခင်မေ မှာ ဆုံးဖြတ်ရန် နှစ်လမ်း မရှိ ၊ တစ်လမ်းသာ ရှိ၍ ထိုလမ်းမှာ ဘယ်နည်းနှင့်မဆို ဦးဘိုးတုတ်ထံသို့ မှား၍ ပေးလိုက်သော စာကို ရအောင် ယူရန်သာ ဖြစ်ရထား ၊ ခင်ခင်မေ မှာ စာကို မည်သို့ ရအောင်ယူမည်ဟု မစဉ်းစား မဆုံးဖြတ်နိုင်မီ မော်တော်ဘက်စ် ပေါ်သို့ ရောက်ကာ နေလေ၏ ။

ထိုနေ့ နံနက် ၁၀ နာရီကျော်ကျော် အချိန်တွင် မောင်မောင်တင် မှာ နှစ်ယောက်ထိုင်ကားကလေးကို မိမိကိုယ်တိုင် မောင်းနှင်၍ ကန်တော်ကြီး ဘေးရှိ အိမ်တစ်အိမ်၏ ဝင်းခြံကြီးအတွင်းသို့ မောင်းနှင်သွားရာ ၊ ၎င်း ဝင်းခြံကြီးအတွင်းသို့ ဝင်လျှင်ဝင်ချင်း မောင်မောင်တင်၏ ကားမှာ ဇက်ကို ရုတ်တရက် ဆွဲလိုက်သော မြင်း၏ပမာ လျှင်မြန်စွာ ရပ်၍ သွားလေ၏ ။ ထိုသို့ ရပ်တန့်ပြီးနောက် မောင်မောင်တင်မှာ ၎င်း၏ နှုတ်မှ “ ဥစ္စာစောင့်များ ဖြစ်နေသလား ” ဟု ရုတ်တရက်မြည်တွန်တောက်တီးပြီးလျှင် ရှေ့သို တဖြည်းဖြည်း တိုး၍ သွားသော်လည်း ၊ သရက်ပင်ကြီး အောက်ရှိ ခုံတန်းလျားကလေးပေါ်တွင် ထိုင်၍ နေသော သူငယ်မကလေးမှာ မောင်မောင်တင် လာနေသည်ကို တစ်စုံတရာ မသိသလို ရှိုက်ကာ ရှိုက်ကားသာ ငိုလျက်နေလေ၏ ။

အနီးသို့ ရောက်မှ မောင်မောင်တင်သည် သူငယ်မကလေး၏ နောက်မှ ရပ်တန့်ပြီးလျှင် ...

တင် ။  ။ အို ... ဘာဖြစ်နေလို့လဲ ။

ဤသို့ မေးသောအခါမှ သူငယ်မသည် မျက်ရည်ရွဲလျက်ရှိသော မျက်လုံးဖြင့် မောင်မောင်တင် အား လှည့်၍ ကြည့်ကာ

သူငယ်မ ။  ။ အမယ် ဒီမှာ .... ဘယ်သူမှ မရှိဘူးအောက်မေ့လို့ပါ ၊ သည်းခံပါ ။

တင် ။  ။ ဘယ်လို ဒုက္ခဖြစ်လာလို့လဲ ၊ ကူညီနိုင်လျှင် ကူညီပါ့မယ် ၊ လူပဲ မဟုတ်လား ။

သူငယ်မ ။  ။ လူပါပဲ ၊ ဥစ္စာစောင့် မဟုတ်ပါဘူး ၊ စိတ်ညစ်တာနဲ့ ငိုမိတာပါ ။

ထိုသို့ ပြောလိုက်ရာ မောင်မောင်တင် မှာ ရှေးအခါက တစ်ကြိမ်တခါမျှ မမြင်ဘူးသော ၎င်းသူငယ်မကလေးသည် ဆိတ်ငြိမ် ကျယ်ဝန်းသော ဤခြံကြီးထဲသို့ မည်သည့်အတွက် ရောက်လာသည်ဟု တွေးရခက်သော လက္ခဏာနှင့် သူငယ်မ၏ မျက်နှာကို အကဲခတ်သလို စိုက်၍ ကြည့်နေရာ ကြည့်လေ ကြည့်လေ သူငယ်မ၏ မျက်စိနှစ်လုံးသည် မိမိအား ညှို့၍ထား သလို ဖြစ်၍လာသည်ကို သတိပြုမိကာ ၊ ဤမျှ လှပသော မိန်းမပျိုကလေးသည် ဤနေရာသို့ မည်သည့်အတွက် တစ်ယောက်တည်း ရောက်၍ လာရသနည်း ဟု တွေးတော၍ မရနိုင်အောင် ရှိလေသဖြင့် ...

တင် ။  ။ ဒီနေရာကို ဘယ်လို အကြောင်းနှင့် ရောက်လာတာလဲ ၊ တစ်ခါမှလည်း မမြင်ဘူးပါလား ။

သူငယ်မ ။  ။ ခင့်နာမည်က ခင်ခင်မေ ပါ ၊ သူဌေးကြီး ဦးဘိုးတုတ်ကို တွေ့ရအောင်လာတာပါ ။

တင် ။  ။ သူ့ကို တွေ့ခဲ့ရဘူး မဟုတ်လား ။

ခင် ။  ။ တွေ့ဖို့ မပြောနှင့် ၊ သူ့အခန်း ထဲကိုတောင် မဝင်ရဘူး ၊ သူ့စက္ကထရီ ကလည်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး ။

ခင် ။  ။ ဒီလို မဝင်ရတော့ဘူး ဆိုရင် ခင်တော့ အလုပ်ပြုတ်ပြီး ဒုက္ခရောက်ရတော့မှာဘဲ ။

တင် ။  ။ ပြောစမ်းပါဦး ၊ ဘာကြောင့် အလုပ်ပြုတ်ပြီး ဘယ်လို ဒုက္ခရောက်ရမှာလဲ ၊ ကယ်နိုင်လျှင် ကယ်ပါ့မယ် ။ ဦးလေးကြီး ဆီကို ဝင်ရအောင်လည်း ကြံပေးဖို့ လိုလျှင် ကြံပေးပါ့မယ် ။

ခင် ။  ။ ဒီဟာတော့ စာစောင် အတွက်ပါပဲ ။ ခင်က စာအိတ်ချင်းမှားပြီး ၊ အဲဒီ ဦး ဆီကို မှားတဲ့ စာတစ်စောင် ထည့်လိုက်မိတယ် ။

တင် ။  ။ ဒီလို စာကလေး တစ်စောင် မှားပြီး ထည့်မိတာနဲ့ အလုပ်ပြုတ်ရမှာလား ။ ဒီလို အမှားမျိုးတော့ သူသူငါငါ လူတိုင်းပဲ မှားမိကြတာပါ ။

ခင် ။  ။ ခင်တို့ သူဌေးကတော့ ဒီလို သူသူငါငါ မှားတတ်တဲ့ အကွက် ဖြစ်ပေမယ့် အပြစ်မလွှတ်ဘူး ။

ဤသို့ ပြောဆိုပြီးနောက် ခင်ခင်မေ က အဖြစ်အပျက် အလုံးစုံကို ဇာတ်ကုန်လှန်၍ ပြောပြရာ မောင်မောင်တင် မှာ နားစိုက်၍ ထောင်နေလေ၏ ။ မောင်မောင်တင်မှာ စာရေးကိရိယာ ၊ အသုံးအဆောင်များ ရောင်းသော ဆိုင်တစ်ဆိုင် ဖွင့်၍ ထားရာ ၊ ၎င်းဆိုင်အား အခြားသော ၎င်းထက် ငွေရင်းများ သူ အလုပ်ရှင် တစ်ဦးက ပြိုင်ဆိုင်ပြီးလျှင် အလုပ်လုပ်၍ မဖြစ်နိုင်အောင် လုပ်ထားသဖြင့် မိမိ၏ ဆိုင်မပျက်စီးဘဲ အလုပ်ကောင်းမွန်စွာ လုပ်ကိုင်နိုင် ရန်အတွက် မိမိ၏ ဦးလေးထံမှ ငွေ ငါးထောင်မျှ ခေတ္တချေးရန် လာသော်လည်း ခင်ခင်၏ ဒုက္ခကို တွေ့မြင်နေရသောအခါ မိမိ၏ ကိစ္စကို ခေတ္တမျှ လျှော့နေလေ၏ ။ ခင်ခင်မေ မှာ မိမိ၏ အဖြစ်အပျက်ကို ပြော၍ ပြီးသောအခါ

တင် ။  ။ ဒါတော့ သိပါပြီ ၊ ခင်ရဲ့ သူဌေးဆိုတာ နာမည်ဘယ်သူလဲ ။

ခင် ။  ။ ဦးဘိုးထွန်းပေါ့ ။

တင် ။  ။ ဟင် .. ဦးဘိုးထွန်း သတင်းစာတိုက်ရှင် ဦးဘိုးထွန်းလား ။

ခင် ။  ။ ဟုတ်ပါတယ် ကိုကို

တင် ။  ။ ဟာ .. ကိုကို အလုပ်ကို ပျက်အောင် ကိုကို့ ဆိုင် အနားမှာ ကပ်ပြီး ၊ စာရေးကိရိယာတွေကို ဈေးလျှော့ရောင်းဖို့ ဆိုင်တစ်ဆိုင် လာပြီး ဖွင့်တာ ၊ ဒီလူကြီးပေါ့ ။

ခင် ။  ။ ဒါတော့ ဟုတ်ပါလိမ့်မယ် ၊ ဒါပေမဲ့ ခင်တို့ မှာတော့ လခစားကိုး ။ သဘောကျတာ မကျတာ ဖယ်ထား ၊ လခရတဲ့ ဆီမှာ အလုပ်လုပ် ရတာပဲ ။ ဒီလို သူတစ်ဖက်သား အလုပ်ပျက်အောင်လုပ်တယ်ဆိုတာ ခင် တော့ အင်မတန် ဝမ်းနည်းပါတယ် ။ သဘောလည်း မကျပါဘူး ။

တင် ။  ။ အို ... ဒီဟာဖြင့်  ခင့် အပြစ် မဟုတ်ပါဘူး ၊ ဦးလေးကြီး ဆီကို မှားပြီး ထည့်ပေးလိုက်တဲ့ စာက ဘယ်သူဆီကို ပေးဖို့စာလဲ ။

ခင် ။  ။ မြင်းစွပ်ဒိုင်ဆီကို ပေးဖို့ ။

တင် ။  ။ မြင်းလောင်းဖို့ စာလား ၊ အမယ် ဒီလူကြီးဟာ ဒါဖြင့် သူတော်ယောင်ကြီးပေါ့ တခြားလူ မြင်းပွဲသွားတော့ သူ အကဲ့ရဲ့ဆုံး လူပဲ ။ ဒါဖြင့် ဒီစာ နေပေ့စေ ၊ ဦးလေးကြီး ဆီကို ရောက်သွားမှ သူ့ အကြောင်းကို သိရမယ် ။

ခင် ။  ။ သူ့အကြောင်းကို လူတွေ သိတာက နောက် ခင့်မှာ အလုပ်လက်မဲ့ ဖြစ်ပြီး ၊ အခုလို အလုပ်ရှားတဲ့ ခေတ်ကြီးမှာ ဒုက္ခရောက်မှာက အရင်ဖြစ်နေတယ် ကိုကိုရဲ့ ၊  ဦးလေးကြီး ဆီက စာကို မရရင်တော့ ခင် ဒုက္ခ ရောက်ပြီးသားပဲ ။

ဤသို့ ပြောလိုက်ရာ မောင်မောင်တင်မှာ များစွာ အခက်အခဲနှင့် ကြုံတွေ့သည့် လက္ခဏာဖြင့် အတော်ကြာ စဉ်းစားပြီးနောက် ၊

တင် ။  ။ ဒီစာကို ပြန်ရအောင် ဘယ်နည်းနှင့် လုပ်မလဲ ။

ခင် ။  ။ လာခဲ့တာ ကတော့ ဒီစာကို ပြန်မရလျှင် ခင် ဒုက္ခ ရောက်ရတော့ မယ့်အကြောင်းနှင့် အားလုံးအဖြစ်အပျက်ကို ကိုကိုတို့ ဦးလေးကြီး ဆီမှာ ပြောပြီး ၊ စာကို ပြန်တောင်းမယ်လို့ လာခဲ့တာပဲ ။

တင် ။  ။ ( ခေါင်းခါလျက် ) မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ဒီလို သွား မလုပ်နှင့် ။ ဦးလေးကြီးက ဦးဘိုးထွန်း ကို ဒီလို နာမည်ဆိုး ဖြစ်မယ့် စာကို ရလျှင် သိကြားမင်း တောင်းလို့တောင် ပေးမှာ မဟုတ်ဘူး ။ ဒီစာကို လက်ကိုင် ထားပြီး ဦးဘိုးထွန်းကို ကျိုးအောင် ချိုးမှာ ၊ စာကို ရအောင် ဉာဏ်ဆင်ပြီး လုပ်ယူမှ ဖြစ်မှာ ။

“ အဲဒီဉာဏ်က ဘယ်လို ဆင်မှာလဲ ” ဟု ခင်ခင်မေ သည် မောင်မောင်တင်၏ မျက်နှာကို အားထား ယုံကြည်သော လက္ခဏာဖြင့် ကြည့်ရှု့ မေးမြန်းရာ မောင်မောင်တင်မှာ ခင်ခင်မေ၏ မျက်နှာထားပုံ အတွက် အားတက်၍ လာသလိုဖြစ်လာလေ၏ ။

ဒီစာကို ဦးလေးကြီး မဖတ်ခင် ရအောင် လုပ်ရမယ် ။ ဖတ်မိလျှင် ဒုက္ခပဲ ၊ ဒီတော့ စာကို မြန်မြန်ရအောင် လုပ်ရမယ် ။ ကိုင်း ... ထ ၊ လိုက်ခဲ့ ၊ မြန်မြန် သွားမှ ဖြစ်မယ် ။

ဤသို့ ပြောရာ ခင်ခင်မေ မှာ ချက်ခြင်းပင် အားရမ်းဝမ်းသာနှင့် ထ၍ မောင်မောင်တင်၏ နောက်သို့ လိုက်မည် ပြုသော်လည်း စာကို ရအောင် မည်သည့်နည်းနှင့် ယူမည်ဟု မသိသဖြင့်  ၊

တင်  ။  ။ လိုက်တာက ဟုတ်ပါပြီ ၊ ဘယ်လို လိုက်ရမှာလဲ ၊ ဘယ်လို လုပ်ရမှာလဲ ။

တင် ။  ။ ခင် ကိုယ်တိုင် လိုက်လာပြီး စာကို အမှတ်တမဲ့ ပြရမယ် ၊ ဒီတော့ ဦးလေးကြီး အခန်းထဲကို ခင် ဝင်တော့ ၊ ဦးဘိုးထွန်း ဆီကလို့ ပြောမပြနှင့် ကြားလား ၊ အဲဒီလို ပြောပြလျှင် အခန်းထဲက ချက်ချင်း ဆွဲထုတ် ခံရတဲ့ အပြင် အားလုံး အကြံပျက် ကုန်လိမ့်မယ် ။

ခင် ။  ။ ဒါဖြင့် ဘယ်လို ပြောရ ၊ ဘယ်လို လုပ်ရမှာလဲ ။

တင် ။  ။ အဲဒါလည်း မလွယ်ဘူး ၊ ဦးလေးကြီး ဆီကို မိန်းကလေး တစ်ယောက်ကို အကြောင်းမဲ့သက်သက် ခေါ်သွားရမယ် ဆိုလျှင်လည်း အကြောင်းပြဖို့ လွယ်တာ မဟုတ်ဘူး ။

ခင် ။  ။ ( ပြုံးလျက် ) ဟုတ်တယ် ၊ ဒါဖြင့် ခင်ဟာ ကိုကိုရဲ့ စက္ကထရီလို့ ပြောလျှင်ကော ။

တင် ။  ။ ဒါက ... သာပြီး မဖြစ်တာပေါ့  ၊ အခု ဦးလေးကြီးဆီမှာ ငွေငါးထောင် ချေးဖို့လာတာ ၊ စက္ကရီတွေ ဘာတွေ ငှားနိုင်တယ် ဆိုလျှင် ငွေကြပ်တယ်လို့ ဘယ်နှယ့်လုပ်ပြီး ပြောလို့ဖြစ်မလဲ ။

ခင် ။  ။ အဲဒါနှင့် အချိန်တွေ အတော် ကုန်နေပြီ ။ ဒါလောက် ရှိလျှင် စာကိုများ ဖတ်ပြီးပြီလား မသိဘူး ။ တစ်ခုခု ခပ်မြန်မြန် စဉ်းစားပြီး လုပ်မှပဲ ။ ခင်တော့  မကြံတတ်တော့ဘူး ၊ စိတ်ရှုပ်နေပြီ ။

တင် ။  ။ ( အတော်ကြာ တွေ၍ စဉ်းစားပြီးနောက် ) အကြံ တစ်ခုတော့ ရတယ် ။ ဒီတစ်လမ်းပဲ ရှိတယ် ။ ခင် က ဒီအကြံကို လိုက်နိုင်ပါလား မသိဘူး ။

ခင် ။  ။ ဒီစာကို ရဖို့ဆိုလျှင် ဘယ်ဒုက္ခမျိုးပဲ ခံရ ခံရ ...

တင် ။  ။ ဒါက ဒုက္ခခံဖို့ မဟုတ်ပါဘူး ။

ခင် ။  ။ ဒါဖြင့် မလိုက်နိုင်စရာ မရှိပါဘူး ။

တင် ။  ။ အဲဒီလိုဖြင့် နေရာကျပြီ ၊ ဦးလေးကြီး က ( မောင်မောင်တင် ၊ မင်းအခုလို မနေရဘူး ၊ အိမ်ထောင်ပြုရမယ် - ငါသဘောကျတဲ့ - သူငယ်မနဲ့ အိမ်ထောင်ပြုလျှင် ငွေငါးထောင် လက်ဖွဲ့မယ် ” လို့ ပြောတာ မကြာသေးဘူး ၊ ဒီတော့ ၊ ခင့်ကို ၊ ကိုကိုရဲ့ ရည်းစား အနေနှင့် သွားပြမှဘဲ ဝင်ခွင့်ရမယ် ... ဒီလို မဟုတ်ရင်တော့ ။ ဘယ်နည်းမှ တခြားနည်းလမ်း မရှိတော့ဘူး ၊ ဒီလိုဆိုလျှင်တော့ ငွေငါးထောင်လည်း လွယ်လွယ်နှင့် ရမှာဘဲ ။

ဤသို့ပြောလိုက်ရာ ခင်ခင်မေ မှာ မျက်နှာထား ခက်သော အမူအရာ နှင့် ခေါင်းကို အောက်သို့ ငုံ့ကာ ခေတ္တနေပြီးနောက် ၊ ရှက်ကြောက်သော လက္ခဏာနှင့် ၊

ခင် ။  ။ ဒါက တကယ်မှ မဟုတ်ဘဲ ၊ အလုပ်ပြုတ် မခံနိုင်တော့ ၊ ကိုကို စီမံတာဘဲ နာခံရမှာပေါ့ ။

ဤသို့ ပြောပြီးနောက် မောင်မောင်တင် နှင့် ခင်ခင်မေ တို့ နှစ်ယောက်မှာ အိမ်ဘက်ဆီသို့ လမ်းလျှောက်၍ သွားရာ တံခါးဝသို့ ရောက်သောအခါ အရပ်ရှည်ရှည်နှင့် လူကြီးတစ်ယောက်မှာ ခင်ခင်မေ အား မသင်္ကာသော မျက်နှာထားနှင့် ကြည့်ရှု၍ နေလေ၏ ။

တင် ။  ။  ဦးကျော်ဇံ မာရဲ့လား ၊ ဦးလေးကြီး ရှိသလား ။

ဇံ ။  ။ မာပါရဲ့ဗျာ ဦးလေးကြီးလည်း ရှိပါရဲ့ ။ စာဖတ်ရင်း ဖိုဝင်နေတယ် ။

တင် ။  ။ ဘယ်နှယ့်လဲ ဦးလေးကြီး စိတ်များ တိုနေသလား ၊ သူ့ ဆီကို ဝင်ဖို့ အခါကောင်းရဲ့လား ။

ဇံ ။  ။ ခါတိုင်းလိုပေါ့ ၊ မောင်မောင်တင် လည်း အသိသားပဲ ။

ဤသို့ ပြောဆိုနေဆဲတွင် ဦးဘိုးတုတ်၏ စက္ကထရီကြီး ဦးကျော်ဇံ မှာ ခင်ခင်မေအား မျက်စောင်းထိုးကာ မသင်္ကာသော အမူအရာနှင့် ကြည့်နေ ရာ ၊

တင် ။  ။ ဦးကျော်ဇံ ဦးလေးကြီးက ကျွန်တော့်ကို အိမ်ထောင် ပြုရမယ် ဆိုတာနှင့် ဦးလေးကြီးကို ပြဖို့ ခင်ခင်မေ ကို ခေါ်လာတယ် ၊ ဦးကျော်ဇံ လည်း ဒီအချိန် ဆိုတော့ စာတွေဘာတွေနှင့် အလုပ်ရှုပ် နေတယ် ထင်ပါရဲ့ ။

ဇံ ။  ။ စာတွေ ဘာတွေတော့ ဒီကနေ့ အားလုံး လုပ်ပြီးပါပြီ ၊ သူဌေးကြီးကို မောင်မောင်တင် လာတယ်လို့ သွားပြီး ပြောလိုက်မယ်လေ ။ ဒီနားလေးက စောင့်နေပါ ။

ဤသို့ပြောပြီးလျှင် ဦးကျော်ဇံမှာ အိမ်ခန်း ထဲသို့ ဝင်၍ သွားစဉ် ၊ မောင်မောင်တင်သည် ခင်ခင်မေ အား ဦးကျော်ဇံ ၏ အခန်းငယ်ကလေး ထဲသို့ လျင်မြန်စွာခေါ်သွားပြီးလျှင် ၊

တင် ။  ။ ကြည့်စမ်း ခင်ရဲ့ ၊ စာဒီမှာ ရှိသလား ၊

ခင် ။  ။  ( စာများကို ကြည့်ပြီးအောက် ) ဒီမှာ မရှိဘူး ၊

တင်  ။  ။ မရှိဘူး ဟုတ်လား ။ ပို့လိုက်လျှင် ဒီစာ ဒီမှာ ရှိရမယ် ။

ဤသို့ပြောနေဆဲတွင် ဦးကျော်ဇံ အိမ်ထဲမှ ပြန်၍ ထွက်ထားသော ခြေသံကို ကြားသဖြင့် မောင်မောင်တင် မှာ ခင်ခင် ၏ ပခုံးကို ကိုင်ကာ နောက်သို့ အသာအယာ ဆွဲလိုက်ပြီးလျှင် ၊ နံရံတွင် ဆွဲချိတ်ထားသော ဦးဘိုးတုတ်၏ ဓာတ်ပုံကို လက်ညှိုးထိုး၍ ပြကာ ၊

ဒီဟာ ကိုကိုရဲ့ ဦးလေး ကြီးပဲ ။ ဟာ ... ဦးဇံ ပြန်လာပြီ ၊ ခု ဒီမှာ ဓာတ်ပုံတွေ ကြည့်ချင်တယ် ဆိုလို့ ပြနေတယ် ၊ ဦးကျော်ဇံ ဒီကနေ့ အလုပ်များတယ် ထင်တယ် ။ စားပွဲမှာ စာတွေ တစ်ပုံကြီးပဲ ၊ ဒါတောင် စာအကုန် ဟုတ်သေးရဲ့လား ။

ဇံ ။  ။ ဒီစာ ဒီနေ့ ရောက်တဲ့စာ ဘာကုန်ဟုတ်မလဲ ။ သူဌေး နှင့် တိုက်ရိုက် ဆိုင်တဲ့စာကို သူဌေးဆီကို ပိုလိုက်ပြီးပြီ ၊ ဒီနေ့ စာတစ်စောင် ဘားမားတိုင်း စာပုံနှိပ်တိုက် ဦးဘိုးထွန်း ဆီက ရောက်လာဘယ် ။ အဲဒီ စာမှာ အပြင်ကတော့ ( ဦးဘိုးတုတ် ပေးရန် ) လို့ တပ်ထားပြီး အထဲက စာကတော့ မြင်းစွပ်ဒိုင် ဆီကို ၊ မြင်းလောင်းဒိုင် ဆီကို မြင်းလောင်းဖို့ အကြောင်း ရေးသားတဲ့ စာဖြစ်တယ် ၊ ဒါနဲ့ ဒီစာကို မောင်မောင်တင်ရဲ့ ဦးလေးကြီး ကိုယ်တိုင် ဖတ်ဖို့ အခုပဲ သူ့ဆီကို ပို့လိုက်တယ် ။

တင် ။  ။ ဟာ ဒါဖြင့် ဒီစာကို ဦးလေးကြီးက ဖတ်ပြီးပြီလား ။

ဇံ ။  ။ ဖတ်ရဦးမယ် ထင်သေးဘူး ။ သူဌေးက အဂ္ဂရိတ်ထိုး တာ စိတ်စွဲလို့ ၊ ဖိုထဲ ဈာန်ဝင် နေလျှင် ဘယ်စာကို ဖတ်ချင်တာမှ မဟုတ်ဘူး ။ သူ ဖတ်တာက သူ ဝါသနာပါတဲ့ စာအုပ်လောက်ကိုပဲ ဂရုတစိုက် ဖတ်တယ် ။ စာကိုတော့ သူကို နှစ်ခါ သုံးခါ သတိပေးနိုင်မှ အနိုင်နိုင် ဖတ်တာပဲ ကဲ ... ဝင်လေ သူဌေး စောင့်နေတယ် ကြာလျှင် စိတ်တိုနေဦးမယ် ။

ဤသို့ ပြောလိုက်ရာ မောင်မောင်တင် မှာ ခင်ခင်မေ အား ခေါ်ပြီးလျှင် ကြီးကျယ်ခမ်းနား၍ စာအုပ်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသော ဦးဘိုးတုတ်၏ အခန်းထဲသို့ ဝင်၍ သွားကြလေ၏ ။

ထိုအခန်းတွင်းတွင် စာအုပ်အမျိုးမျိုးအပြင် နောက်ဘက်နားတွင် ခမ်းနားသပ်ရပ်စွာ လုပ်၍ထားသော အဂ္ဂရိတ် ထည့်ဖို တစ်ခုလည်း ရှိသဖြင့် ၊ ဦးဘိုးတုတ်မှာ မိမိ၏ ချစ်လှစွာသော တူ လာ၍သာ မိမိ၏ တူတော်မောင် အား စောင့်စား၍ နေ၏ ။

မောင်မောင်တင် နှင့် ခင်ခင်မေတို့ ဝင်လာလျှင် ဦးဘိုးတုတ်မှာ ၎င်းတို့ အား ကြာကြာ စကားမပြောဘဲ ကိစ္စပြီးလျှင် ပြီးချင်း ပြန်စေလိုသော လက္ခဏာဖြင့် ...

တုတ် ။  ။ ပြောစမ်း မောင်မောင်တင် မင်းကိစ္စက ဘာကိစ္စလဲ ၊ မင်းမှာ ဘယ်က ရီးစားများ တွေ့လာသလဲ ၊ မောင်ကျော်ဇံက ငါ့ကို နည်းနည်း ပြောပြီးသွားပါပြီ ။ ( ခင်ခင်မေအား ကြည့်လျက် ) ဪ ဒီသူငယ်မ လား ။ ဟင် မင်းနှင့် မတန်ပါကလား ၊ ကလေးမက အပုံကြီး ချောတယ် ၊ သူ့နာမည်က ဘယ်သူလဲ ။

တင် ။  ။ ခင်ခင်မေ

တုတ် ။  ။ သူငယ်မ မိဘက ဘယ်သူလဲ ၊

ခင် ။  ။ ( ရှက်ကြောက်သော ဟန်ဖြင့် ) ဝန်ထောက် ဦးလူဘေ နှင့် ဒေါ်နုပါ ၊ ဖေဖေ တော့ ဆုံးပါပြီ ။

တုတ် ။  ။ ဦးလူဘေကို ၊ ဦး အသိသားဘဲ ပြောစရာ မရှိပါဘူး ၊ ဒါထက် မောင်မောင်တင် ၊ မင်းတို့ နှစ်ယောက် ထိမ်းမြားမည့် အကြောင်းကို သတင်းစာထဲမှာ ကြော်ငြာပြီးပြီလား ။

တင် ။  ။ ဦးလေးကြီး အခွင့်မရလို့ မကြော်ငြာရသေးဘူး ။

တုတ် ။  ။ ကဲ ... ဒါဖြင့် သွားပြီး ကြော်ငြာထည့် မနက်ဖြန် သတင်းစာမှာ ဦးလေးကြီး ဖတ်ချင်တယ် ၊ အခု ဦးလေးကြီး ဓာတ်လုံး အတွက် မီးပျက်မခံနိုင်သေးဘူး ။ မင်းတို့ နှစ်ယောက်လုံး ထမင်း ဒီမှာ စားကြ ၊ ထမင်း စားရင်း စကား ပြောကြရအောင် ။ သွား အခု သတင်းစာတိုက်ကို မြန်မြန် သွား ၊ သူငယ်မကလေးကို အိမ်ရှေ့ခန်းမှာ ထားခဲ့ ။

ဤသို့ ပြောလိုက်ပြီးလျှင် ဦးဘိုးတုတ်မှာ ဖိုကို ဆွဲရန် ကြိုးစကို လက်တစ်ဖက်နှင့် လှမ်း၍ကိုင်လိုက်ရာ မောင်မောင်တင် နှင့် ခင်ခင်မေတို့မှာ အလိုက်သိစွာနှင့် အခန်းတွင်းမှ ထွက်ခွာ၍ လာကြရလေ၏ ။

အပြင်သို့ ရောက်သောအခါ ခင်ခင်မေ မှာ စိတ်မအေးနိုင်သော အမူအရာနှင့် ...

ခင် ။  ။ ကိုကို စာကို မြင်ခဲ့ရဲ့လား ။

တင် ။  ။ မြင်တော့ မြင်ခဲ့တယ် ။ နို့ပေမယ့် ခိုးယူဘို့ အများကြီး ခက်နေလို့ သူမြင်မှာ စိုးတာနှင့် ၊ မခိုးဝံ့ဘူး ။ နို့ပေမယ့် ကောင်းတာ တစ်ခု တော့ လုပ်ခဲ့ပါတယ် ။

ခင် ။  ။ ဘာလုပ်ခဲ့သလဲ ။

တင် ။  ။ ဦးလေးကြီးရဲ့ မျက်မှန်ကို နေရာ ရွှေ့ထားဘယ် ၊ ဒီမျက်မှန် မရှိလျှင် သူ စာမဖတ်နိုင်ဘူး ။ သူ မဖတ်နိုင်ခင် နောက်တစ်ပတ် ကြံပြီး စာကို ခိုးမယ် ၊ ဒီမျက်မှန်ကို နောက်တော့ ဦးကျော်ဇံ တွေ့မှာပဲ ။

ဤသို့ ပြောလိုက်သောအခါ ခင်ခင်မေ မှာ စိတ်ပျက်အားလျှော့သော အမူအရာဖြင့် ပြတင်းပေါက်မှ အပြင်ဘက် ဥယျာဉ်အတွင်းဆီသို့ ကြည့်ကာ ဝမ်းနည်းသော လက္ခဏာဖြင့် နေသည့်ကို မောင်မောင်တင် မြင်သဖြင့် ..

တင် ။  ။ စိတ်ပျက်နေသလား ၊ စိတ်မညစ်ပါနှင့်လေ ၊ ဒီစာကို ရအောင် ကြံပေးပါ့မယ် ။

ခင် ။  ။ စာအတွက် စိတ်ညစ်တာ မဟုတ်ပါဘူး ။ ကိုကိုရဲ့ ဦးလေးကြီးက ကိုကိုနှင့် ခင် ကြောင်းလမ်းစေ့စပ်ထားတယ်လို့ သတင်းစာမှာ ကြော်ငြာရမယ်ဆိုလို့ပါ ။

တင် ။  ။ ဟုတ်တယ်လေ ဒါမှ သူ ယုံကြည်မှာပေါ့ ။ ဒီလိုမှ မလုပ်လျှင်လဲ ကိုကို တစ်သက်လုံး ဦးလေးကြီးက ယုံတော့မှာ မဟုတ်ဘူး ။ မယုံလျှင် ငွေငါးထောင် ဝေးလို့ ငါးပြားတောင် နောင်ကို ပြောလို့ ရမှာမဟုတ်တော့ဖူး ။

ခင် ။  ။ ဒါဖြင့် ခင်ဟာ ကိုကို့ကို သက်သက် လာပြီး ဒုက္ခ ပေးသလို ဖြစ်နေပြီ ။

တင် ။  ။ အို ... ဒီလိုလဲ မအောက်မေ့နှင့်လေ ကိစ္စမရှိပါဘူး ၊ အခု လာတဲ့ကိစ္စက ဦးလေးကြီး ဆီမှာ ငွေငါးထောင်လောက် ချေးဖို့ လာတာပါ ။ ဒီကနေ ဒီငွေကို ရလျှင် အလုပ်အကိုင် အားလုံး နေရာကျမယ် ၊ ဒီငွေကို မရဘူး ဆိုလျှင် ညနေမှာ အလုပ်ပျက်မယ် ၊ ဒါကြောင့် ဦးလေးကြီး ဆီကို အခု သွားရဦးမယ် ၊ ခင် ဒီမှာ ခဏနေပါဦး ၊

မောင်မောင်တင်သည် ဦးဘိုးတုတ်၏ အခန်းထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ဝင်သွားသောအခါ ဦးဘိုးတုတ်မှာ စိတ်တိုသည့် အမူအရာဖြင့် ...

တုတ် ။  ။ မောင်မောင်တင် ဝင်လာပြန်ပလား ။ အခုနကပဲ ဓါတ်လုံး အတွက် မီးပျက်မခံနိုင်ဘူး စကားမပြောအားသေးဘူးလို့ ပြောလိုက်တယ် မဟုတ်လား ။

တင် ။  ။ အခု လာကာ အခြားကိစ္စပါ မိန်းမကြောင်း မဟုတ်ပါဘူး ၊

တုတ် ။  ။ ပြောပြော မြန်မြန်ပြောစမ်း ဘာကိစ္စ ပေါ်လာပြန်သလဲ ။

တင် ။  ။ ဦးလေးကြီး ဆီက ငွေငါးထောင်လောက် ချေးချင်လို့ပါ ။

တုတ် ။  ။ ဟဲ့ ဘာတဲ့ သေသေချာချာ ပြန်ပြောစမ်းပါ ၊ ငါးဆယ်လား ၊ ငါးထောင်လား ။

တင် ။  ။ ငါးထောင်ပါ ။

တုတ် ။  ။ ဘာလုပ်ဖို့ ဖြုန်းပစ်မလို့လား ၊

တင် ။  ။ မဟုတ်ပါဘူး ၊ ဘားမားတိုင်း ၊ စာပုံနှိပ်တိုက် ဦးဘိုးထွန်းက ကျွန်တော် အလုပ် မလုပ်နိုင်အောင် ဖျက်လိုဖျက်ဆီး လုပ်နေလို့ ငွေ ငါးထောင်ကို အမြန် အလုပ်ထဲမှာ ထပ်ထည့်ဖို့ လိုလို့ပါ ။ ဒီလိုမှ မရရင် ညနေမှာ အလုပ်ပျက်ပြီး အလုပ်တိုက်ကို အပိတ်ခံရမှာပဲ ။

တုတ် ။  ။ မင်း အင်မတန် ဒုက္ခပေးတဲ့ အကောင် ။ အခုနကဘဲ သူငယ်မလေးကို ခေါ်လာတယ် အခုပဲ ငွေငါးထောင် လိုချင်တယ် ပြောပြန်ပြီ ၊ တော်တော်ကြာရင် ဘာအတွက် တစ်ခါ လိုချင်ဦးမှာလဲ ။ ဟေ့ ... ဟေ့ လက်ထဲက စာကို ဘာလုပ်ထားဘာလဲ ။

မောင်မောင်တင်သည် လက်မှ စာကို ရုတ်တရက် ချလိုက်ပြီးလျှင် ။

တင် ။  ။ ဒီစားပွဲပေါ်က ရတဲ့စာပါ ။ ခဏယူ ဖက်ကြည့်တာပါ ။

တုတ် ။  ။ အင်း အခုမှ သတိရတယ် ၊ ဒီဟာ ဘိုးထွန်း ဆီက ပေးတဲ့ စာထူးစာဆန်းလို့  ၊ ကိုကျော်ဇံ ပြောသွားတယ် ။ ဖတ်ရဦးမယ် ဟဲ့ .. ကြည့်စမ်း ဒီက မျက်မှန်ကော မရှိတော့ပါလား ။ ဟေ့ ကိုကျော်ဇံ ဒီက မျက်မှန် ဘယ်မှာလဲ ။ ဒီကို လာပါဦး မျက်မှန် ဘယ်မှာလဲဟ ၊

တံခါးဝမှ ထွက်၍ အော်ရာ စက္ကထရီ ကိုကျော်ဇံမှာ အလွန်ရိုသေသော အမူအရာနှင့် ကျွန်တော် တွေ့အောင်ရှာပေးပါ့မယ် ဟု ပြောရာ မောင်မောင်တင် က ကျွန်တော် လည်း ကူရှာပေးပါ့မယ်ဟု ပြောပြီးလျှင် အခန်းထဲမှ ထွက်လာလေ၏ ။

နောက်များ မကြာမီ အတွင်းတွင် ဦးကျော်ဇံ မှာ ရှာ၍ တွေ့သော မျက်မှန်ကို လက်တစ်ဖက်က ကိုင်ပြီးလျှင် ဝင်လာ၍ ၊

ဇံ ။  ။ ဒီမှာ မျက်မှန် တွေ့ပါပြီ ။ အိမ်ရှေ့က ဧည့်သည်တစ်ယောက် သူဌေးကို တွေ့ချင်လို့ စောင့်နေပါတယ် ။

တုတ် ။  ။ ဘယ်က ဧည့်သည်လဲ ။

ဇံ ။  ။ ဦးဘိုးထွန်း လို့ပြောတာပဲ ။

တုတ်  ။ ငဘိုးထွန်းက ဒီမှာ သူဘာကိစ္စနှင့် လာရတာလဲ သူ့ လာလို့ ကိစ္စမရှိပါဘူး ၊ လွှတ်လိုက်ဗျာ ၊ ဝင်ခဲ့လို့ပဲ ပြောလိုက် ။

မကြာမီအတွင်း ဦးဘိုးထွန်း မှာ ဦးဘိုးတုတ်၏ အခန်းထဲသို့ ဝင်လာပြီးလျှင် ၊

ထွန်း ။  ။ ဦးဘိုးတုတ် မာရဲ့ နော် ၊ ကျွန်တော်တော့ စာကလေးအတွက် ထွက်လာခဲ့တာပဲ ။

တုတ်  ။  ။ စာကလေး ဘာစာကလေးလဲ ၊ ဒီအိမ်မှာ တစ်ကောင်မှ မရှိဘူး ။

ထွန်း  ။  ။ ဒီစာကို ဒီလောက်ရှိရင် ဦးဘိုးတုတ် ဖတ်လို့တောင် ပြီးပြီ ထင်တယ် ။ ဒီစာ အတွက် ၊ ကျွန်တော့် စာရေးမကလေး ကိုတောင် ဒီကို စောစောက လွှတ်လိုက်သေးတယ် ။ အဲဒီ စာရေးမကလေးက အခုထက်ထိ စာကို ယူမလာတာနဲ့ စိတ်မအေးလို့ ကျွန်တော် ကိုယ်တိုင် ထပ်ပြီး လိုက်လာ ရတယ် ။

တုတ်  ။  ။ ဪ .. ဟုတ်ရဲ့လား ။ ဒါဖြင့် ဟိုစာပေါ့ ၊ ကျွန်တော် ဖတ်ဖို့ အချိန်ရသေးလို့ အခုတောင် မဖတ်ရသေးပါဘူး ၊ ဒီကိုတော့ ဘယ်က စာရေးမကလေးမှ အခု မနက် မလာဖူးသေးပါဘူး ၊ မိန်းကလေး ဆိုလို့ မောင်မောင်တင်ရဲ့ ရည်းစားတစ်ယောက်ပဲ ဒီမနက် လာသေးတယ် ။ ဟေ့ .... ကိုကျော်ဇံ လာပါဦး ။

ဇံ ။  ။ လာပါပြီ ၊

တုတ် ။  ။ ဟေ့ ... ကိုကျော်ဇံ ဦးဘိုးထွန်းက စောစောကုန်းက စာရေးမကလေး တစ်ယောက်ကို ကျုပ်ဆီ လွှတ်လိုက်တယ် ပြောတယ် ၊ ဟိုစာရဲ့ ကိစ္စအတွက်ပေါ့ ဟုတ်လား .... စာရေးမတစ်ယောက် အခု မနက်လာသလား ။

ဇံ ။  ။ ဟုတ်ကဲ့ ၉ နာရီ ကျော်ကျော်လောက်တုန်းက သူငယ်မလေး တစ်ယောက် လာပြီး မေးတယ် ။ သူဌေးကြီး အလုပ်များနေတယ်လို့ ကျွန်တော်က ပြောလိုက်တာနဲ့ပဲ ပြန်သွားတယ် ၊ ပြီးတော့ နောက် နာရီကို လောက် ကြာတော့ မောင်မောင်တင်နဲ့ အတူ တစ်ခေါက်လာကြပြီး မောင်မောင်တင် က သူ့ရည်းစားလို့ ပြောတယ် ။

တုတ် ။  ။ သွား ... ဒီသူငယ်မကို သွားခေါ်လိုက် တယ်ပြီး ဇာတ်ရှုပ်ပါကလား ၊ ဒီစာလေးအတွက် ဘာအရေးကြီးဘာလဲ ။ ပြစမ်း ဒီစာ ၊ ဒီစာကို ဖတ်ကြည့်ချင်တယ် ။

ဤသို့ပြောပြီးလျှင် ပြောပြောဆိုဆိုနှင့် ဦးဘိုးတုတ်မှာ စာများကို ရှာဖွေရာ

ထွန်း  ။  ။ ဒီစာကို မဖတ်တာ ကောင်းပါတယ်လေ ၊ ဒီဟာ မှားပြီး ရောက်လာတဲ့ စာပါ ။ ဒီစာကို မှားထည့်မိလို့ ကျွန်တော် ကိုယ်တိုင် လိုက်လာတာပေါ့ ။

တုတ် ။  ။ ခင်ဗျား အစက ဘာပြုလို့ ဂရုမစိုက်ရဘာလဲ ။ ခင်ဗျား မဖတ်စေချင်တဲ့ စာကို ကျွန်တော်လည်း မဖတ်ပါဘူး ။ ရော့ ... ယူသွား ။

ဤသို့ပြောပြီးလျှင် စာကို ပေးသောအခါ ဦးဘိုးထွန်းသည် လက်ကို လျင်မြန်စွာ ဆန့်ဟန်းပြီးလျှင် စာကို လှမ်းယူလိုက်ပြီးနောက် ၊ ဦးဘိုးထွန်း မှာ ထိုကိစ္စအတွက် လေးနေသော စိတ်များမှာ တစ်ခါတည်း ပေါ့ပါး၍ သွားလေ၏ ။

ဤအခိုက်အတွင်းတွင် ခင်ခင်မေသည် အခန်းထဲသို့ ဝင်လာရာ ဦးဘိုးထွန်းမှာ ခင်ခင်မေကို လက်ညှိုးထိုး၍ ဦးဘိုးတုတ်၏ ဘက်သို့ လှည့်ကာ “ ဟောဒါ ကျွန်တော် လွှတ်လိုက်တဲ့ သူငယ်မ ပဲ ၊ ခင်ခင်မေ ဘာပြုလို့ ခိုင်းလိုက်တဲ့ ကိစ္စကို ပြီးအောင် မလုပ်ပဲ နေရတာလဲ ။ ခင်ခင်မေ ကို ဒီစာကို ပြန်ယူလာဖို့ ခိုင်းလိုက်တယ် မဟုတ်လား ၊ အခုအချိန် ဘယ်လောက် လွန်သွားသလဲ ၊ ဒါကြောင့် ကိုယ်တိုင် ထပ်ပြီး လိုက်လာရတယ် ဒီလိုဆိုရင် အလုပ် ထုတ်ပစ်ဖို့ပဲ ရှိတယ် ။ တိုက်ကို ရောက်လျှင် နင် ထွက်စာ ယူပေတော့ ။

ဤသို့ပြောဆိုနေဆဲတွင် မောင်မောင်တင် မှာ ရှေ့သို့ တိုးလာပြီးလျှင် ..

တင် ။  ။ ဒီလိုလုပ်လို့ ဘာဖြစ်နိုင်မလဲ ။ ဒီလို ခင်ခင်မေ ကို ထုတ်ပစ်လိုက်ရင် ဒီစာအတွက် ခက်မှာပေါ့ ။

ထွန်း ။  ။ ဘာဖြစ်လို့ ခက်ရမှာပဲ ၊ ဒီစာအကြောင်းကို မောင်ရင်က ဘာသိလို့လဲ ။

တင် ။  ။ ( ပြုံးလျက် ) သိလိုပေါ့ ၊ ဦး ရထားတဲ့ စာကို ဖတ်ကြည့်ပါလား ။

ဤသို့ပြောသဖြင့် ဦးဘိုးထွန်း မှာ မခံချင်သော အမူအရာဖြင့် စာအိတ်ထဲမှ စာကို ကပျာကယာ ယူ၍ဖက်လိုက်ရာ ထိုစာအိတ်ထဲက စာရွက်မှာ စာမပါဘဲ ဗလာစက္ကူ ဖြစ်၍ နေသည်ကို တွေ့ရလေ၏ ။

ထွန်း ။  ။ ဒီဟာ ကျုပ်စာ မဟုတ်ဘူး ။

တင် ။  ။ ဟုတ်တယ် ၊ ဒီစာရွက်အလွတ်နှင့် စာကို ခုနက ဦးလေးကြီးနဲ့ စကားပြောရင်း ကျွန်တော် လဲပြီး ထားလိုက်တယ် ။ ဦးဘိုးထွန်း ဟာ ကျွန်တော်ရဲ့ အလုပ် မပျက်ပျက်အောင် ကျွန်တော်ကို တမင်ပြိုင်ပြီး ဈေးလျှော့ရောင်းသလို ကျွန်တော်က စိတ်သဘောထား မရှိပါဘူး ။

တုတ် ။  ။ ဒီစာ အတွက်ဟာ အင်မတန် ရှုပ်နေပါလား ၊ စာကလေးတစ်စောင်နဲ့ ဒါလောက် ရှုပ်တာ စကားများကာ တစ်ခါမှ မတွေ့ဖူးဘူး ၊ ဒီစာထဲမှာ ဘာအကြောင်းတွေ ပါလို့လဲ ။

တင် ။  ။ ဒီစာထဲမှာပါတဲ့ အကြောင်းတွေကို ဦးလေးကြီးသာ အားလုံးသိရင် ဒီစာကို ဦးလေးကြီး လက်လွှတ်မှာ မဟုတ်ဘူး ၊ ဘယ်နှယ့်လဲ ဦးဘိုးထွန်းရဲ့ ဦးလေးကြီးကို ဒီစာ ပေးလိုက်ရမလား ။

ထွန်း ။  ။ မပေးပါနဲ့  ၊ မလုပ်ပါနဲ့ ။ ကဲ ကဲ ဦးကပဲ လျော့ပေးပါမယ် ၊ တူမောင်တို့ ဦးဘိုးတုတ် နဲ့ ဦး ဟာ တိုင်းရေးပြည်ရေး ခွဲမှု တွဲမှု ကစပြီး စကားများကြတာ ။ ခုတော့ အခွဲ ၊ အတွဲ ကိစ္စလည်း ပြီးပါပြီ ။ တစ်ယောက်ကို တစ်ယောက် ရန်သူလို သဘောထားတဲ့ စိတ်တွေကို ဖျောက်လိုက်ကြပါစို့ ။ ခင်ခင်မေ ကို အလုပ်က ထုတ်ပစ်မယ် ဆိုတာလည်း အလကား ခြောက်တာပါ ။

တင် ။  ။ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ ကလည်း ရန်လိုတဲ့ စိတ်မထားပါဘူး ။

ထွန်း ။  ။ ဦးလည်း အသက်ကြီးတော့ တူမောင်တို့လို ဖျတ်ဖျတ်လတ်လတ် လူငယ်တစ်ယောက်ကို အထောက်အထား လိုနေတယ် ။ ဦးလည်း မောင့်ရဲ့ အလုပ်ကို ပျက်စီးအောင် အပြိုင်အဆိုင် မလုပ်ချင်ပါဘူး ၊ မောင့် အလုပ်နဲ့ ဦးရဲ့ ဆိုင်ကို ပေါင်းပြီး စပ်တူ အလုပ်လုပ်ကြပါစို့  ။

တင် ။  ။ ဟုတ်ကဲ့ ... ကျွန်တော်ကလည်း နှစ်ဦး အကျိုးရှိဖို့ကို မငြင်းပါဘူး ၊ ဒါပေမဲ့ ဦးလေးက သတင်းစာမှာ မနက်ဖြန်ကို ကြော်ငြာ ဖတ်ချင်တယ်လို့ အမိန့်ပေးထားတယ် ။ သတင်းစာတိုက်ကို အချိန် မလွန်ခင် ပြေးလိုက်ဦးမယ် ။ အလုပ်စပ်တူ လုပ်ဖို့ မနက်ဖြန်မှ တိုင်ပင်ကြတာပေါ့ ။

ဤသို့ ပြောပြီး မောင်မောင်တင် မှာ ထွက်၍သွားရာ ခင်ခင်မေ မှာလည်း နောက်က ပါ၍ သွားသည်ကို ဦးဘိုးထွန်း မှာ အံ့အားသင့်စွာနှင့် ကြည့် ပြီး ...

ထွန်း ။  ။ သူတို့ ဘာကြော်ငြာ ထည့်ဖို့ သတင်းစာတိုက်ကို ပြေးကြတာလဲ ။

တုတ် ။  ။ သူတို့ နှစ်ယောက် ထိမ်းမြားဖို့ ကြောင်းလမ်းထားတဲ့ အကြောင်းပေါ့ ။

▣  ရေးသူ ?
📖 ခေတ်ဟောင်း ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

Saturday, July 26, 2025

ဆစ်ဂ်မန်ဖရွိုက် ပတ်ပျိုး


 

❝ ဆစ်ဂ်မန်ဖရွိုက် ပတ်ပျိုး ❞
        ( ဇော်ဇော်အောင် )

လူအတော် စုံသည် ။ စိန်မြင့်နှင့် အောင်ကြီးမြင့်တို့ ရောက်နှင့်နေပြီ ။ လှမြင်တို့ နောက်ထပ် လိုက်လာကြလိမ့်မည် ။ လူစုံတော့ ဝိုင်းစသည် ။ ထုံးစံအတိုင်း ကျွန်တော် ပုလင်းကိုင်၍ ခွက်လှည့် ပေးရသည် ။ သိပ်ပျော်စရာ ကောင်းသည် ။ သည်လို ပျော်စရာကောင်းပုံမျိုး နောက်ထပ် ကြုံတော့မည် မဟုတ်ကြောင်း ဟိုတုန်းက မစဉ်းစားမိ ။ အတော်များသွားတော့ အိပ်ပျော်ကုန်ကြသည် ။ ကျွန်တော် အိပ်မရသေး ။ ကျွန်တော် မဝသေး ။ တံခါးကို အသာစေ့၍ အောက်သို့ဆင်းခဲ့သည် ။ ကမ်းနားလမ်းမ ပေါ်မှာ လူရှင်းနေ၏ ။ ရွှေဘုံသာလမ်းဘက် ဆီမှ ကားဟွန်းသံများ ကြားရသည် ။ လဝန်း အတော် မြင့်ပြီ ။ လေအေးကလေးတစ်ချက် မြစ်ဘက်ဆီမှ တိုက်ခတ်လာ၏ ။ ကျွန်တော် တောင်ပေါ်သို့ တက်ခဲ့သည် ။ တောင်တက်လမ်းပြေရာမှ မတ်လာ၏ ။ အမြင့်ရောက် လေလေ အအေးဓာတ်က ပိုလေလေ ။ သစ်ပင်ကြီးတွေ ကြားမှာ လရောင်သည် ပြိုးပြောက်ကွက်ကျားနေ၏ ။ အောက်သို့ လှမ်းကြည့်လိုက်ရာ လရောင်ဝိုးဝါးတွင် လယ်ကွင်းများနှင့် ချောင်းငယ်များကို မြင်ရသည် ။ တောင်ပေါ်သို့ ဆက်တက်သည် ။ တောင်ထိပ်ဟု ထင်ရသော နေရာသို့ ရောက်ပြီ ။ သစ်ပင်ကြီး တစ်ပင် ခြေရင်းမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည် ။ မိုးပေါ် မော့ကြည့်တော့ သစ်ပင်တွေ ကြားမှ လမင်းကို မြင်ရသည် ။ ကျွန်တော်ရှေ့တည့်တည့် ခြေထောက်နားမှာ အရက်ပုလင်းကြီး တစ်ပုလင်း ။ ဂျော်နီဝါးကားတံဆိပ်ပတ် အနက် ။ သိပ်မဆိုးတဲ့ ဝီစကီပါပဲ ။ ဒီနေရာမှာ ဘာ့ကြောင့် ဒီပုလင်းကြီး ရောက်နေသလဲမသိ ။ ဘယ်သူ လာထား သွားသလဲ မသိ ။ ဘယ်လို ရောက်လာသလဲ မသိ ။ မစဉ်းစားနဲ့လေ ။ ပုလင်းကိုဖွင့်၍ တစ်ငုံမော့လိုက်၏ ။ နေပါဦး ၊ ဒီပုလင်းက …. ။ နောက်ထပ် တစ်ငုံ မော့လိုက်၏ ။ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရောက် ... ။ ကျွန်တော် နောက်ထပ် တစ်ငုံ မော့လိုက်ပြန်၏ ။ ထို့နောက် တစ်ငုံ ။ နောက်အတော်ကြာတော့ ကျွန်တော် အိပ်ပျော်သွား သည် ။ ထိုတောင်ထိပ်က သစ်ပင်ကြီး နောက်မှာ ကျွန်တော် အိပ်ပျော်သွားသည် ။

ထိုတောင်ထိပ်ပေါ်မှာ ကျွန်တော် အိပ်ပျော်သွားတာ နှစ်ပေါင်း ( ၄၀ ) ကြာသည် ။ နှစ်ပေါင်း ( ၄၀ ) တိတိ ကြာအောင် အိပ်ပျော်သွားသည်ကို ဘယ်သူ ပြောသလဲ ၊ ကျွန်တော် အသေအချာ မသိ ။ ကျွန်တော် သိတာက လသာတဲ့ ညတစ်ည တောင်ထိပ်တစ်ခုပေါ်မှာ အိပ်ပျော် သွားသည် ။ ကျွန်တော် အိပ်တာ နှစ်ပေါင်း ( ၄၀ ) ကြာ သည်ဟု တစ်စုံတစ်ယောက်ကပြော၍ ကျွန်တော် သိနေခြင်း ဖြစ်သည် ။ ယခု ကျွန်တော် အိပ်ရာက နိုးလာပြီ ။

ကျွန်တော် အိပ်ရာက နိုးတော့ ဇေယျာလင်းတို့ စားပွဲမှာ ရောက်နေတော့သည် ။ ငြိဏ်းဝေက ရေတွေ သောက်နေသည် ။ ထွန်းဝေမြင့်က စကား မပြော ၊ ဖန်ခွက်ကို လှည့်ပတ်ကစားနေသည် ။ ခင်အောင်အေးက ဖန်ခွက်ထဲ ရေခဲတုံး ထည့်နေ၏ ။ ဇေယျာလင်းက ကျွန်တော့်ကို ပြောသည် ။

“ အဘိုးကြီး ယူမှာလား ”

“ အင်း … နှစ်ယောက် ယူမယ် ”

ဇေယျာလင်းက ကျွန်တော့် မျက်နှာကို လက်ညှိုး နှင့်ထိုး၍ ရယ်သည် ။ ကျွန်တော်တို့ စကားပြောမှာ ကံတွေ မပါတာလား ၊ နာမ်တွေ မပါတာလား မေးကြည့် ရဦးမယ် ။ ကြိယာတော့ ပါ၏ ။ သူက ယူမလား မေးသည် ။ ကျွန်တော်က ယူမယ်ပြောသည် ။ ဘာ ပြဿနာမှ မဖြစ်တန်ကောင်းရာ ။

“ ဒါပြောတာ ... ဒါပြောတာ အဘိုးကြီးရဲ့ ”

ဇေယျာလင်းက ရယ်မော၍ ပုလင်းကြီးကိုင် မြှောက်ယမ်းပြသည် ။

“ အင်း …. ထည့် ထည့် ။ ငါက ဟိုဟာပြောတာ ”

ကျွန်တော်က နံရံပေါ်က ချိတ်ထားသော ပြက္ခဒိန် ပေါ်က မိုဒယ် ကောင်မလေးနှစ်ယောက်ကို လက်ညှိုး ထိုးပြ၏ ။ ခင်အောင်အေး က ကျွန်တော့် လက်ညှိုးကို ဇွန်းနှင့် ခေါက်၏ ။ ဒါ ဘာမှပြဿနာ ဖြစ်စရာ အကြောင်း မရှိဟု ထင်သည် ။ ကိုယ့်ကျင့်တရား ပျက်ပြားသောကိစ္စ မဟုတ်ဟုလည်း ထင်သည် ။ ထိုညက ကျွန်တော် မအိပ်ဖြစ်ပါ ။ သည်တစ်ခါ အိပ်ပျော်သွားလျှင် ဘယ်နှစ်နှစ် ကြာမည်လဲမသိ ။ တစ်ညလုံး ကာရာအိုကေဘားမှာ သီချင်းဆိုနေလိုက်၏ ။

တောင်ငူဆောင် ရှေ့မှာ သစ်ရိပ်ဝါးရိပ် ကြီးမားသည် ။ နေပြောက်မထိုး ၊ အေးမြ၏ ။ လက်ဖက်ရည် ဆိုင်တွေမှာ လူတွေ သိပ်မစည်သေး ။

“ ဒီစာအုပ် ဖတ်ပြီးပြီလား ”

ကျွန်တော် စိတ်နှင့် ကိုယ်နှင့် သိပ်မကပ် ။ ဘာမှ ဖြီးလိမ်းပြင်မထား ၊ မျက်နှာဝင်းဝင်း ဆံပင်တိုတိုဖွာဖွာ ကောင်မလေးကို ကြည့်၍ ကြောင်နေသည် ။ အမှန်တော့ အသက် သိပ်မငယ်လှ ။ ကျွန်တော့် အသက်နှင့် နှိုင်းစာ၍  ကောင်မလေး ဟု ထင်နေတာ ဖြစ်မည် ။

“ ဟင် ... ဘယ်စာအုပ်လဲ ”

“ ဒီစာအုပ်လေး ”

Anti - Aesthetics ဆိုသော စာအုပ်ဖြူဖြူလှလှ ကလေး ။ ပန်းချီဆရာအေးကို နိုင်ငံခြားက ဝယ်လာပြီး ကျွန်တော် ဖတ်ဖို့ ပေးထားသော စာအုပ် ။

“ ငါ စာမဖတ်ဘူး ၊ စာအုပ်ကလေးလှလို့ ကိုင်လာတာ ”

“ ဟင် ”

“ ဟုတ်တယ် ”

“ ပို့စ်မော်ဒန် သဘောတရားတွေအကြောင်း ရေးထားတာလား ”

“ ငါ မဖတ်ပါဘူး ဆိုနေမှ ၊ ဘယ်သိမလဲ ”

“ ခင်ဗျား မဖတ်ရင် ကျွန်တော့်ကို ငှားပါလား ”

“ တစ်ခါတည်း အပိုင် ယူလိုက်တော့ ”

“ ဟင် ”

“ ငါမှ မဖတ်တာ ယူလိုက် ”

ကောင်မလေး စာအုပ်ရလို့ ဝမ်းသာသွားသည် ။ ရသပညာအကြောင်းတွေ သူ စိတ်ဝင်စားတာ အရင် ကတည်းက သိနေသည် ။ အမှန်တော့ ဤလောကမှာ ဘာရသမှ မရှိ ။ လူတွေက ရှိသည်ဟု ထင်နေကြတာ ။ ဘာရသမှ မရှိဘဲ ရသပညာ ဆိုတာ ဘာသွားလုပ်ရမှာလဲ ဟု တွေးမိ၏ ။ ထိုအတွေးသည် ခပ်ကြောင်ကြောင် ဖြစ်၍ တစ်ယောက်ယောက် ကြားသိသွားလျှင် အပြစ်တောင် တင်လိမ့်မည် ။ အရေးကြီးတာက မရှိသောရသ မဟုတ် ။ ရှိမှ မရှိတာ ဘယ်လိုလာ၍ အရေးကြီးရမည်လဲ ။ သို့ဖြင့် အရေးကြီးတာက ဘာလဲ ။ ဘာမှ အရေးမကြီးဘူးဟု ပြောလျှင်လည်း သိပ်မဟုတ်သေးဘူးဟု ထင်သည် ။ ကျွန်တော့် ရှေ့က အုတ်နီခဲရောင် ထနေသော လက်ဖက်ရည်ခွက်ကို ကောက်ယူမော့သောက်ပစ်လိုက်၏ ။ ပါးစပ် ထဲမှာ ချဉ်နေသည် ။ ဗီးဂတ်စ်တစ်လိမ် မီးညှိ သောက်လိုက်သည် ။ ခံတွင်းချဉ်ပြေအောင် ။

“ ပါးစပ်ချဉ်တာ အရေးကြီးတယ် ”

“ ဟင် ... ဘာလဲ ”

ကောင်မလေးသည် အဆက်အစပ် ပြတ်နေသော ကျွန်တော့် စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားပုံ ရ၏ ။

“ ဘာမှမဟုတ်ပါဘူးဟာ ”

ကောင်မလေးသည် စာအုပ်ကို တစ်ရွက်ချင်း ဖြည်းဖြည်း လှန်၍ ကြည့်နေသည် ။ သူ အတော်သဘောကျ နေပုံရသည် ။ ကျွန်တော် ဘာ့ကြောင့် တောင်ငူဆောင် ရှေ့က ဦးချစ်သားများ လက်ဖက်ရည်ဆိုင်မှာ သည် ကောင်မလေးနှင့် အတူ ထိုင်နေသလဲ ။ ကျွန်တော် မသိ ။ ကောင်မလေးသည် စာအုပ်ထဲက ပို့စ်မော်ဒန် သဘောတရားတွေကို လိုသလို ခုံမင်စွာ ဖတ်နေ၏ ။ ကျွန်တော် သည်နေရာမှာ ကြာကြာမနေနိုင် ။ ကံ့ကော်ပန်းများ၏ ရနံ့သည် လေးတွဲချိုအီ၍ ကျွန်တော့် အရေပြားကို ယားယံစေသည် ။ ကံ့ကော် Allergy အလာဂျီ ဟု ခေါ်ရလိမ့်မည် ထင်သည် ။ ကောင်မလေးနှင့် စာအုပ်ကို ထားပစ် ခဲ့၍ ကျွန်တော် ထွက်လာခဲ့သည် ။ ထိုညက ကျွန်တော် အိပ်ဖြစ်၏ ။ ရိုးရိုးပါပဲ ။ အိပ်မက်တစ်ခု မက်သည် ။ အိပ်မက် ထဲမှာ ကောင်မလေးသည် စံပယ်ပန်းတွေ ဝေနေအောင် ပန်၍ သီချင်းဆိုနေသည် ။ ထိုကောင်မလေးသည် လက်ဖက်ရည်ဆိုင်မှာ စာအုပ်တစ်အုပ်နှင့် ကျွန်တော် ထားပစ်ခဲ့သော ကောင်မလေးနှင့် အတော်တူသည် ။ အိပ်ရာက နိုးတော့ ကျွန်တော် ဈေးသွားသည် ။

ဈေးထဲမှာ လူစည်သည် ။ လူလည်း စုံသည် ။ ကျွန်တော့် ခြေထောက်တွေ ညောင်းလာအောင် လှည့်ပတ်နေ၏ ။ ဆိုင်တစ်ဆိုင်မှာ ကျွန်တော် လိုချင်သော အရာ တွေ့၏ ။ အိတ်ထဲမှ စက္ကူတစ်ထပ် ကို ထုတ်၍ ဆိုင်ရှင်အား လှမ်းပေးလိုက်သည် ။ ဆိုင်ရှင်က ကျွန်တော် လိုချင်သောပစ္စည်းကို ကြွပ်ကြွပ်အိတ် တစ်လုံးနှင့် ထည့်၍ ပေးသည် ။ ပြီးတော့ ကျွန်တော် ပေးလိုက်သော စက္ကူများကို ကိုင်ပြ၍ ကျွန်တော့်ကို ပေးသည် ။

“ ခင်ဗျား ပိုက်ဆံတွေ ရေရဦးမလား ”

“ မလိုဘူးထင်ပါတယ်ဗျာ ”

“ မလိုရင်လည်း မရေတော့ဘူးလေ ”

“ ဒါပေမဲ့ လိုနေရင် ဘယ့်နှယ်လုပ်မလဲ ”

“ ခင်ဗျားပဲ မလိုဘူးဆို ”

“ ကျွန်တော် ပြောတဲ့ လိုတယ်ဆိုတာ မပြည့်တာကို ပြောတာ ”

“ ပြည့်လိမ့်မယ် ထင်ပါတယ်ဗျာ ”

“ ထင်တယ်ဆိုတာ မသေချာဘူး ”

“ ဒါဖြင့်လည်း ရေကြည့်လေ ”

“ မရေတော့ပါဘူးဗျာ ”

ကျွန်တော် ဆိုင်ရှင်ကို ကြည်ကြည်လင်လင် ပြုံးပြ၏ ။ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို ကြည်ကြည်လင်လင် ပြုံးပြ၏ ။ ကျွန်တော်တို့ နှစ်ယောက်စလုံး စိတ်ချမ်းသာမှု ရသွားသည် ထင်ရ၏ ။

“ ဆရာ ဘာတွေ ဝယ်လာတာလဲ ”

နောက်ဘက်ဆီမှ အသံကြားရ၏ ။ ငါ့ဘာသာ ဘာတွေ ဝယ်ဝယ် နင့် အလုပ်လား ၊ နင်နဲ့ ဘာဆိုင်လို့လဲ လို့ ကောတော့မည် စိတ်ထဲက ကြံပြီးမှ မကောဖြစ်တော့ ။ အဘယ်ကြောင့် ဆိုသော် ထိုအသံသည် မိန်းကလေး ခပ်ငယ်ငယ် တစ်ယောက်၏ အသံ ဖြစ်သောကြောင့် လှည့်ကြည့်လိုက်သည် ။ ကျွန်တော်သည် အသက် အတော် ကြီးနေသော အဘိုးကြီး တစ်ယောက် ဖြစ်သော်လည်း မိန်းမပျိုကလေးများကို အတော် ငမ်းတတ်၏ ။ ထိုကိစ္စသည် ဖုံးကွယ်ထားစရာကိစ္စ မဟုတ် ၊ လူပီသသော ကိစ္စ ဖြစ်သည်ဟု သူငယ်ချင်း တစ်ယောက်က ပြော ဖူးသည် ။

“ ဆရာ ဘာတွေ ဝယ်လာတာလဲ ”

ထပ်မေးသည် ။ ကျောင်းသူ အရွယ် ၊ သို့မဟုတ် ကျောင်းသူကြီး အရွယ် ၊ အတော် လှပသားနားသော မိန်းကလေး တစ်ယောက် ၊ လက်ထဲမှာ ပလတ်စတစ်အကြည် ဖိုင်တွဲ တစ်တွဲ ကိုင်ထား၏ ။ ပခုံးသိုင်း လွယ်ရသော အိတ်ကြီးကြီး လွယ်ထား၏ ။ တော်တော်ကလေး လှပါသည် ။

“ ဪ ... သိက္ခာတွေ ဝယ်လာတာပါ ”

“ ရှင် ”

သည်ကလေးမသည် မဟာဝိဇ္ဇာတန်း တက်နေတာလား ၊ ပါရဂူ အကြိုတန်း တက်နေတာလား ကျွန်တော်မသိ ။ ကျွန်တော် သိတာကတော့ ကျွန်တော် ပြောတာ သူ မသိဟူသော အချက်ဖြစ်၏ ။ ကျွန်တော့်ကို ပြုံးသလို မဲ့သလို ကြည့်၍ ခပ်သုတ်သုတ် ထွက်သွား သည် ။ ကျွန်တော် မှားသွားသည် ။ ငရုတ်သီးမှုန့်ဖြစ်ဖြစ် ၊ သရက်သီးသနပ်ဖြစ်ဖြစ် တစ်ခုခု ဝယ်လာသည်ဟု ပြောလိုက်ဖို့ကောင်းသည် ။ အခု ဝယ်လာသော ပစ္စည်းအတိုင်း ပြောလိုက်၍ ထွက်သွားသည် ။ လှလှပပ မိန်းမငယ် တစ်ယောက်နှင့် အိပ်ပျော်မသွားခင် နိုးနေရက်နှင့် အိပ်မက် မက်သည် ။ အိပ်မက် ဆိုတာ နိုးနေတုန်း မမက်ရဘူးဟု ပြောသော်လည်း မရ ။ အိပ်မက်က အတင်း ဝင်မက်သည် ။ အိပ်မက်ထဲမှာ ဈေးဝယ်တုန်းက တွေ့ ခဲ့သော ကောင်မလေးနှင့် ထပ်တွေ့သည် ။ ကျွန်တော့်ကို မြင်၍ ရှင် သိက္ခာ မရှိဘူးဟု ပြော၏ ။ ကျွန်တော်က သိက္ခာရှိ ကြောင်းပြဖို့ သိက္ခာ ထည့်ထားသော ကြွပ်ကြွပ်အိတ်ကို ရှာသည် ။ ကြွပ်ကြွပ်အိတ် ရှာမတွေ့  ။ ကျွန်တော် သိက္ခာ ရှိကြောင်း မပြောလိုက်ရ ။ ကောင်မလေး ပြုံးပြီး ထွက်သွားသည် ။ ထို့နောက် ကျွန်တော် ပျော်သွား၏ ။

အိပ်ပျော်သွားသည်နှင့် အိပ်မက်မက်တော့သည် ။ အိပ်မက် ထဲမှာ ကျွန်တော် တောင်ထိပ် ပေါ်မှာ အနှစ် ( ၄ဝ ) ကြာအောင် အိပ်ပျော်သွားတာ မဖြစ်နိုင်ဘူးဟု ကျွန်တော့် သူငယ်ချင်းများက ပြောသည် ။ ကျွန်တော် အမှန်တကယ် နှစ် ( ၄၀ ) လောက် အိပ်ပျော်သွားတာ ကျွန်တော်သာ သိသည် ။ သို့သော် ကျွန်တော် သိတာကို သက်သေပြလို့ မရ ။ အများသူငါ ယုံကြည်အောင်လည်း ပြောလို့မရ ။ ထိုအိပ်မက် ထဲမှာပင် ကျွန်တော့် သူငယ်ချင်းများနှင့် အချေအတင် စကားများရ၏ ။ ကျွန်တော် အော်ငေါက် ထုတ်လိုက်သောကြောင့် သူငယ်ချင်းများ ပြန်သွားကြ၏ ။ ခဏကြာတော့ ကျွန်တော် အိပ်ရာက နိုးလာသည် ။

နိုးလာတော့ ကျွန်တော့် အိပ်ရာဘေးမှာ ကျွန်တော့် သူငယ်ချင်း မိုးကြည် ရပ်နေသည် ။

“ ပြင်ဦးလွင် မိုးကြည် ”

“ အေး ... ဟုတ်တယ် ”

“ မင်းနာမည် အရင် နာမည်လောက် ခေါ်လို့ မကောင်းဘူး ”

“ အေး ... ဟုတ်တယ် ”

“ ဟ ... နေပါဦး ၊ မင်းကို ငါ့အိပ်မက်ထဲမှာ တွေ့တာ ၊ အခု ငါ နိုးနေပြီလေ ။ ဘာလို့ အိပ်မက်နဲ့ အတူ ပါမသွားဘဲ ချန်နေရခဲ့ရတာလဲ ”

“ သိဘူး ”

“ ဟကောင်ရ ၊ အိပ်မက်ထဲက လူက အပြင်မှာ တကယ် မရှိရဘူး ”

“ ဒီမှာ ရှိလို့ရပါတယ်ကွာ"

“ ဘယ်မှာ ရှိလို့ရတာလဲ ၊ မဟုတ်သေးပါဘူး ”

“ ဒီစာမျက်နှာ ပေါ်မှာ ရတယ် ”

“ ဟင် ”

“ ဒါ ဝတ္ထုတို မဟုတ်လား ”

“ အေး ... ဟုတ်သားပဲ ”

ကျွန်တော်တို့ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်၍ ရယ်မောလိုက်ကြသည် ။ နှစ်ယောက်လုံး “ ဆပ်တိုရိ ” ရသွားပြီ ထင်သည် ။

“ ငါ နှစ် ( ၄၀ ) လောက် တောင်ထိပ်မှာ အိပ်ပျော်သွားတာကို မင်းယုံလား ”

“ အေး .. ငါလည်း အဲဒါပြောချင်လို့ ချန်နေရစ်ခဲ့တာ ၊ ဒီမယ် ငါပြောမယ် ၊ ငါယုံတယ် ”

“ မိုးကြည် မင်းတော်တယ် ”

“ ဘာလို့ ယုံတာလဲလို့ မမေးတော့ဘူးလား ”

“ မမေးတော့ဘူးလေ ၊ ဝတ္ထုထဲ မှာမို့လို့ မင်းယုံတာ မဟုတ်လား ”

“ ဒီတစ်ခါ မင်းတော်တယ် ”

ကျွန်တော်တို့ နှစ်ယောက် နောက်ထပ်တစ်ခါ “ ဆပ်တိုရိ ” ရသွားပြန်သည် ။ တကယ်တော့ ကျွန်တော့် သူငယ်ချင်း မိုးကြည် ကွယ်လွန်တာ လေးငါးနှစ်လောက် ရှိပြီ ။ တကယ့် သူငယ်ချင်းမိုးကြည် အစစ် မရှိတော့ပေမယ့် သည်ဝတ္ထုထဲမှာ ရှိလို့ရသည် ။ သည်လိုပဲ ဂျူးလီ ယက်ဆီဇာ တို့ ၊ ကျန်စစ်သား တို့ ၊ ဟစ်တလာ တို့ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာ ခဏခဏ ပြန်ပြန်တွေ့ နေရသည် ။ ကျန်စစ်သား တို့တောင် ပြန်လာလို့ ရသေးတာပဲ ၊ မိုးကြည် လည်း ဝတ္ထုထဲမှာ ပြန်လာမှာပေါ့ ။ ကျွန်တော်တို့ စကား အကြာကြီးပြောကြ၏ ။ စိန်မြင့် အကြောင်း ၊ ခင်ဝမ်း အကြောင်းတွေပါသည် ။ အတော်ကြာတော့ မိုးကြည် ပြန်သွား၏ ။ ကျွန်တော့်ကိုလည်း စကားတစ်ခွန်း ပြောသွားသေး၏ ။

“ ငါပြန်သွားတာနဲ့ မင်းဝတ္ထုကို အဆုံးသတ်လိုက်တော့ ”

“ ဘာလို့လဲဟ ”

“ မင်းဝတ္ထုက ရှည်ရှည်လာတော့ ကြာလာရင် ပျင်းစရာ ကောင်းလာပြီ ”

“ အေး .. ဒါလည်း ဟုတ်တယ် ”

မိုးကြည် ပြောသွားတော့ ကျွန်တော့် ဝတ္ထုက ပျင်းစရာ ကောင်းလာပြီတဲ့ ။ ဟုတ်သားပဲ ။ သို့သော်လည်း စဉ်းစားတာက ဝတ္ထုကို အဆုံးသတ်လို့ မဖြစ်သေး ။ နှစ် ( ၄ဝ ) အိပ်ပျော်ရာက နိုးရာတော့ ...

၁ ။ ဇေယျာလင်းတို့နှင့် အရက်သောက်သည် ။

၂ ။ တက္ကသိုလ် လက်ဖက်ရည်ဆိုင်မှာ ကောင်မလေး တစ်ယောက်နှင့် ထိုင်သည် ။

၃ ။ ဈေးထဲမှာ ပစ္စည်းတစ်ခု ဝယ်သည် ။

၄ ။ အိပ်မက်ထဲက ကျန်နေရစ်တဲ့ သူငယ်ချင်းနှင့် တွေ့သည် ။

အခုထိ အဖြစ်အပျက်တွေက အဆက်အစပ်မရှိသေး ။ ဝတ္ထုရုပ်လုံး မပေါ်သေး ။ အဓိက Theme ဖြစ်တဲ့ နှစ် ( ၄၀ ) အိပ်ပျော်သွားတာနဲ့ ဇာတ်ကွက်တွေနဲ့ အဆက်အစပ် မရှိသလို ဖြစ်နေသည် ။ အနှစ်လေးဆယ် တောင်ပေါ်မှာ အိပ်ပျော်သွားတာ ဘာအဓိပ္ပာယ်လဲ ။ အဲဒီအကျိုးဆက်က ဘာလဲ ။ ဘာဆက်ဖြစ်သလဲ ၊ ဘာ့ကြောင့် ... ။

ဤဝတ္ထုရေးသော စာရေးဆရာသည် အလွန်တုံးသောသူ ဖြစ်၏ ။ တကယ့်ချာဗင် ။ သူ့ဝတ္ထု သူ ဘာရေးလို့ ရေးမှန်းမသိ ။ ဘယ်ရောက်လို့ ရောက်မှန်းမသိ ။ အဆက်အစပ် သဘောတရား မသိ ။ ဝတ္ထုသဘောတရား မသိ ။ ဇာတ်လမ်း ၊ ဇာတ်ကွက် သဘောတရား မသိ ။ ဝတ္ထု တည်ဆောက်ပုံ အနုပညာကို မသိ ။ နာမည်တစ်လုံးနှင့် ဝတ္ထုရေးဆရာ လုပ်နေတာ ရှက်စရာကောင်းသည် ။ အဆိုးဝါးဆုံးအချက်က သူ့ဝတ္ထုထဲမှာ သူ အနှစ် ( ၄ဝ ) အိပ်ပျော်သွားသော အကြောင်းကို စာဖတ်သူတွေ ကောင်းကောင်း သဘောပေါက်နေကြောင်းကို သူ မသိ ။

ဤဝတ္ထုရေးသူ အလွန်တုံးသည် ။  ။

☐ ဇော်ဇော်အောင်
📖ဟန်သစ်မဂ္ဂဇင်း
     ၂၀၀၃ ၊ ဒီဇင်ဘာလ

ဝတ္ထုရေးရင်း တန်းလန်း ဘာဆက် လုပ်ရမှန်း မသိတော့တဲ့ အခါ ...


 

❝ ဝတ္ထုရေးရင်း တန်းလန်း ဘာဆက် လုပ်ရမှန်း မသိတော့တဲ့ အခါ ...❞

စာရေးဆရာ အတော်များများ ဝတ္ထု ရေးကြတဲ့အခါမှာ ဖြစ်စေ ၊ ဆောင်းပါး ၊ ကဗျာ စသဖြင့် မိမိ သန်ရာသန်ရာ ရေးနေကြရင်း တစ်ဝက် တစ်ပျက်မှာ ဘာဆက် ရေးရမှန်း မသိတော့ဘဲ တိုးလိုးတန်းလန်း ဖြစ်တတ်ကြပါတယ် ။ အဲဒီအခါမှာ ဘယ်လို ဆက်ရှင်းကြမလဲ ဆိုတာကို စာရေးဆရာမကြီး Phyllis A. Whitney က အကြံပေး ထားပါတယ် ။ ဒီဆရာမကြီးဟာ လူငယ်များနဲ့ လူလတ်များ အတွက် စာအုပ်ပေါင်း များစွာကို ရေးသားခဲ့သူ ဖြစ်ပြီး ၂၀၀၉ ခု နှစ်ဦးပိုင်း ကမှ အသက် ၁၀၄ နှစ် အရွယ် မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။ သူ့ နည်းများကို ဒီလို ဖော်ပြထားပါတယ် ။

••••• ••••• •••••

ရေးရင်းတန်းလန်း ဘာဆက် လုပ်ရမှန်းမသိ မကြာခဏ ဖြစ်တတ် ပါတယ် ။ စာတစ်ပုဒ်ကို စ ရေးခါစမှာ စိတ်အား ထက်သန်ခဲ့သမျှ အငွေ့ပြန် ကုန်သလား မသိရလောက်အောင် ကုန်ခန်းသွားတတ်ပါတယ် ။ ဇာတ်လမ်းအသစ် ၊ ဇာတ်ကောင်အသစ်များ နဲ့ ဇာတ်အိမ်အသစ်ကို ရေးဖွဲ့ရတဲ့ အခါမှာ စာရေးဆရာ ရဲ့ စိတ်ဟာ မြူးထူးတက်ကြွ နေပါတယ် ။ ဒါပေမဲ့ တစ်ဝက်တစ်ပျက် ရောက်တဲ့ အခါမှာတော့ ငြီးငွေ့လာပြီး ဘာဆက် လုပ်ရမှန်း မသိ ဖြစ်တတ်တာကို စာရေးဆရာတိုင်း ကြုံဖူးပါလိမ့်မယ် ။

အဲဒါကို မရမက အတင်း ဖျစ်ညှစ်ပြီး ရေးဖို့ ကြိုးစားခြင်းဟာ စနစ်တကျ ဖြေရှင်းတဲ့နည်း မဟုတ်ပါဘူး ။ ငြီးငွေ့လာတယ် ဆို ကတည်းက ကိုယ်ဖန်တီး နေတဲ့ ဝတ္ထုမှာ တစ်စုံတစ်ခု အမှားအယွင်း ရှိနေပြီ ဆိုတာကို ကိုယ့် ဦးနှောက်ထဲက တီထွင်နိုင်စွမ်းက သတိပေးခြင်း ဖြစ်ပါတယ် ။

ဒီလို အတွေ့အကြုံတွေ ကျွန်မ အများကြီး တွေ့ကြုံဖူးပါတယ် ။ ဒီလို အခက်အခဲ တွေ့ကြုံစဉ် ခဏမှာ ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့လောက်အောင် တုန်လှုပ်ချောက်ချား မိပါတယ် ။ ဒါပေမဲ့ အခုတော့ ငြီးငွေ့မှုဟာ ကိုယ့်ကို အမှားအယွင်း တစ်စုံတစ်ခု ရှိနေတယ် လို့ အသိပေး အချက်ပြခြင်းဖြစ်တယ် ဆိုတာ သိလာတဲ့ အတွက် တုန်လှုပ်ခြင်း မရှိတော့ပါဘူး ။ ကျွန်မ လုပ်ဆောင်တဲ့ နည်းလမ်းများကို ရေးဖော် စာရေးဆရာများ အတွက် ဖော်ပြပေးချင်ပါတယ် ။

◾မိမိကိုယ် မိမိ စာရွက် ပေါ်မှာ စကား ပြောကြည့်ပါ

ကျွန်မ မကြာခဏ ကြုံတတ်တာ ကတော့ ဝတ္ထု ရေးရင်းတန်းလန်း ဘာဆက် ရေးရမှန်း မသိ ဖြစ်သွားတာပါပဲ ။ အဲဒီ အခါမှာ ဇာတ်လမ်းကို ပြင်ရမလား ၊ ဇာတ်ကောင်ကို ပြင်ရမလား မသိတော့ပါဘူး ။ ဒါဟာ ကျွန်မရဲ့ ဦးနှောက်ထဲက တီထွင်ဖန်တီးနိုင်မှု စွမ်းအားက ကျွန်မ ရေးပြီးတဲ့ အပေါ်မှာ အမှားအယွင်း ရှိနေပြီ ဆိုတာ သတိပေးလိုက်ခြင်း ဖြစ်ပါတယ် ။

ဒီတော့ ဘာလုပ်သလဲ ဆိုတော့ စာရွက်ပေါ် မှာ ကျွန်မကိုယ် ကျွန်မ ပြန် စကားပြော ကြည့်ပါတယ် ။ ခဲတံ နဲ့ရေးပြီးတော့ပဲ ဖြစ်ဖြစ် ၊ လက်နှိပ်စက် ရိုက်ပြီးတော့ပဲ ဖြစ်ဖြစ် ပြောဆိုခြင်း ဖြစ်ပါတယ် ။ ကျွန်မ ရေးလက်စဟာ ဘာမှားနေသလဲ ၊ ကျွန်မ ဇာတ်လမ်းကို ဘယ်လို ဆက်သွားရမလဲ ဆိုတာကို အဖြေ ရှာပါတယ် ။

စာရွက်ပေါ် မှာ ကိုယ့် စိတ်ကူးကို ချရေးကြည့်တယ် ။ ရှေ့ဆက်ရမယ့် ဇာတ်လမ်းမှာ ဘယ်လို ဆက်သွားရမလဲပေါ့ ။ နည်းလမ်း အသွယ်သွယ်ကို ချရေးကြည့်လိုက်ရင် တစ်ခုခု ကတော့ အဆင်ပြေ သွားနိုင်ပါတယ် ။ တစ်ခါတလေ မှာလည်း ချရေးထားတဲ့ နည်းလမ်း နှစ်ခု သုံးခုကို ပေါင်းစပ် လိုက်ခြင်းအားဖြင့် အဖြေတစ်ခု ထွက်လာပါတယ် ။ နည်းလမ်း တစ်ခုချင်းကို ဖြစ်နိုင်ခြေ ရှိ၏ ၊ မရှိ၏ သုံးသပ်ကြည့်ပါတယ် ။ ဒီ အခြေအနေမှာ ဝေဖန်ရေးတော့ လုပ်လို့ မရသေးပါဘူး ။ ဇာတ်ကို ရှေ့ဆက်ပြီး စီးဆင်း သွားနိုင်ဖို့သာ အဓိက ထားရပါတယ် ။ တကယ်လို့ အဲဒီအချိန်မှာ ဝေဖန်ရေး လုပ်လိုက်ရင် ဇာတ်လမ်း က ဆက်စီး မသွားနိုင်တော့ဘဲ ရပ်သွားနိုင်ပါတယ် ။

◾ဇာတ်ကောင်များ ကို ပြန်လည် သုံးသပ်ခြင်း

နောက် တစ်ခုက ကိုယ် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်များကို တစ်ခုချင်း ပြန်လည် သုံးသပ်ကြည့်ပါတယ် ။ ရေးပြီးသား ဇာတ်ကြောင်းထက် သူ့ကို ဘယ်နည်းနဲ့ ပြင်ဆင်နိုင်သလဲ ၊ ဘယ်လို ထွက်ခွာ ပေးနိုင်သလဲ ဆိုတာကို ပြန်လည် စဉ်းစားခြင်းပါ ။ အဲဒါ အပြင် ဇာတ်ကောင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုကို ကျွန်မ မြှုပ်ထားခဲ့မိသလား ဆိုတာကိုလည်း ပြန်ပြီး သုံးသပ်ရပါတယ် ။ တစ်ခါတလေမှာ အဲဒီလို ပြန်သုံးသပ်တဲ့ အခါမှ နောက် ဆက်ရေးမယ့် ဇာတ်လမ်းမှာ အထောက်အကူ ပြုမယ့် အချက်အလက်တွေ ပေါ်လာနိုင်ပါတယ် ။ တစ်ခါတလေမှာ ကိုယ့်အဓိက ဇာတ်ကောင်က လက်ထပ်လိုက်ပြီး နှစ်တော်တော်ကြာတဲ့ အခါမှ ဒီဇာတ်လမ်းမှာ ဒုတိယ အရေးအကြီးဆုံး ဖြစ်လာမယ့် ဇာတ်ကောင်က ပေါ်ချင် ပေါ် လာပါတယ် ။

ကျွန်မ ကိုယ်တိုင်က လက်ထပ်ပေါင်းသင်းခြင်းကို ဘာမှန်းညာမှန်း မသိဘဲ အိမ်ထောင်ကျခဲ့သူ ဖြစ်ပါတယ် ။ ကျွန်မ ဇာတ်ကောင်များဟာလည်း တစ်ခါတလေ မှာ ကျွန်မ နည်းတူ ဖြစ်တတ်ပါတယ် ။ အဲဒီလို ကိုယ်နဲ့ ထပ်တူ ဖြစ်တဲ့ အချက်ကို တွေ့ လိုက်ပြီဆိုရင် ဒီဝတ္ထုကို ရှေ့ဆက်သွားဖို့ နည်းလမ်းပေါင်းများစွာ ပေါ်ထွက်လာပါလိမ့်မယ် ။

သဘောတူခြင်း ၊ သဘော မတူခြင်း စတဲ့ အချက်အလက်များဟာ ဇာတ်ကောင်များ ရဲ့ ကြားမှာ ရှိလေ့ရှိထ ဖြစ်တဲ့ အချက် တစ်ခု ဖြစ်ပါတယ် ။ ကျွန်မ စာရေးတဲ့ နေရာမှာ Brian Garfield ပြောခဲ့တဲ့ “ စာဖတ်သူနေရာက ခံစားပြီး ရေးကြည့်ပါ ” ဆိုတဲ့ စကားကို အမြဲ နှလုံးသွင်း ထားပါတယ် ။ ဇာတ်ကောင်တွေကို သူတို့ မျှော်လင့်မထားတဲ့ အခွင့်အရေးတစ်ခု ပေး လိုက်ရင် စာဖတ်သူမှာ အံ့သြတကြီး ဖြစ်သွားတတ်စမြဲပါ ။ ဒါကြောင့် ကျွန်မရေးတဲ့ ဝတ္ထုများမှာ အတိတ်ဇာတ်ကြောင်းကို ဦးစွာ အခြေခံပြီးမှ အနာဂတ် အတွက် ရေးဖွဲ့လေ့ရှိပါတယ် ။ အဲဒီလို ရေးလိုက်တဲ့ အခါမှာ စာဖတ်သူ ဘက်က မျှော်လင့် မထားတဲ့ ဇာတ်လမ်း ၊ ဇာတ်ကွက်တွေ ပေါ်ထွက်လာပါတယ် ။

◾ဇာတ်အိမ် တည်ထားရာကို ပြန်လည် သုံးသပ်ခြင်း

ကိုယ့်ဇာတ်အိမ် တည် ထားတဲ့ နေရာ အတွင်းအပြင် မြင်ကွင်းများဟာ ဇာတ်ကွက်အသစ် ပေါ်ထွန်းလာရေး အတွက် အများကြီး အထောက်အကူ ပြုပါတယ် ။ နောက်ခံ အကြောင်းအရာတိုင်းဟာ တစ်ခုချင်း ကွဲပြားခြားနားနေတဲ့ အတွက် တစ်ခုချင်း ပေါ် မူတည်ပြီး မဆုံးနိုင်တဲ့ ဇာတ်လမ်းတွေ များစွာ ရေးဖွဲ့ နိုင်ပါလိမ့်မယ် ။

အရီဇိုးနားပြည်နယ် ၊ ဆီဒိုးနားကို သွားပြီး Vermilion ဝတ္ထုရေးဖို့ သွားရောက်တဲ့အခါ ပတ်ဝန်းကျင် မြင်ကွင်းများက ကျွန်မကို ဘာသတိရစေ သလဲ ဆိုတော့ ပတ်ပတ်လည် မြင်ကွင်းများမှာ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ကျောက်ဆောင်ကြီးများကြောင့် အီဂျစ်ပြည် မှ ရုပ်တုကြီးများကို သတိရစေခဲ့ပါတယ် ။ တချို့ကျောက်ဆောင်ကြီးများမှာ သဘာဝလေ တိုက်စားမှုနဲ့ လူ တစ်ယောက်ရဲ့ မျက်နှာပုံစုံမျိုး ဖြစ်ပေါ် နေတာ တွေ့ရပါတယ် ။ အဲဒီလို ရုပ်တုနဲ့ တူတဲ့ ကျောက်ဆောင်ပေါင်း များစွာ ကို ထပ်ဖန်တလဲလဲ ကျွန်မ မြင်တွေ့ လာရတဲ့ အခါ ဓာတ်ပုံရိုက် ယူခဲ့ပါတယ် ။ အိမ်မှာ အေးအေးဆေးဆေး ရှိတဲ့ အချိန် ဒီ ဓာတ်ပုံတွေကို အသေးစိတ် ပြန်ကြည့်လိုက်တော့ အင်မတန် ထူးဆန်းတဲ့ အတွေးတွေ ကျွန်မ ခေါင်းထဲ ဝင်လာပြီး နောက်ထပ် ဇာတ်တစ်ပုဒ်အတွက် ဇာတ်ကျောရိုး ရစေခဲ့ပါတယ် ။

ဒါကြောင့် ရေးရင်းတန်းလန်း ငြီးငွေ့ လာတဲ့ အခါ ၊ ဘာ ဆက် ရေးရမှန်းမသိ ဖြစ်တဲ့ အခါ ကိုယ့် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပါ ။ အဲဒီ အခါမှာ ဆက်ရေးစရာတွေ ပေါ်လာပါလိမ့်မယ် ။

◾ဇာတ်ကောင် နဲ့ မြင်ကွင်း ထိစပ်မှု ရှိပါစေ

ဇာတ်ကောင်နဲ့ မြင်ကွင်းများဟာ တစ်သားတည်း ရှိဖို့ လိုအပ်ပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ Vermilion ဝတ္ထုမှာ အမျိုးသမီး ဇာတ်ဆောင်က လူမျက်နှာနဲ့ တူတဲ့ ကျောက်တုံးများကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ်နေခဲ့ပါတယ် ။ ဒီ ကျောက်တုံးများ ဟာ ဝတ္ထုရဲ့အသက် အရေးကြီးတဲ့ ဇာတ်ကောင်များ နေရာက ပါဝင်လာခဲ့ပါတယ် ။ ဒါပေမဲ့ တစ်ခု သတိထားဖို့ ကတော့ ပြင်ပမြင်ကွင်းကို ရေးဖွဲ့ခြင်းက ဝတ္ထု မဖြစ်တော့ဘဲ ခရီးသွား ဆောင်းပါး ဖြစ်သွားတတ်တာလည်း ရှိပါတယ် ။ အဲဒီ အချက်ကိုတော့ အထူး သတိပြုရပါမယ် ။

Domino ဝတ္ထုကို ရေးစဉ်ကာလတုန်းက ကိုလိုရာဒိုပြည်နယ်မှ ကျောက်ဆောင်ကြီးများ ပတ်ဝန်းကျင်မှာ ဇာတ်အိမ်ကို တည်ထားပါတယ် ။ ကျွန်မ ဖန်တီးချင်တာက တစ္ဆေ ၊ သရဲတွေကြီးစိုး နေတဲ့ မြို့သေးသေးကလေး တစ်မြို့ကို ရည်ရွယ်တယ် ။ နောက်ဆုံးမှာ ဒီမြို့ကလေးက ဖုန်မှုန့်တွေကြားမှာ ပျောက်ကွယ်သွားမှာပါ ။ အဲဒီ မြို့ကလေးမှာ ကျွန်မ အမျိုးသမီးဇာတ်ကောင်က ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အတွေ့အကြုံတွေ ကြုံတွေ့မယ် ။ ဒါကြောင့် ကျွန်မ ဝတ္ထုခေါင်းစဉ် မှာ ကျွန်မ စိတ်ကူးထဲမှာ ဖန်တီးထားတဲ့ မြို့ကလေးရဲ့ အမည် လည်း ပါဝင်အောင် စဉ်းစားရပါတယ် ။

ကျွန်မ အတွက်တော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဇာတ်အိမ်တည်မယ့် နေရာနဲ့ ဖန်တီးမယ့် ဇာတ်ကောင်တို့ တစ်သားတည်း ဖြစ်နိုင်ဖို့ရာ တော်တော် အရေးပါပါတယ် ။ ဒါကြောင့် ဇာတ်အိမ်ကို သေသေချာချာ စဉ်းစားပြီးမှ ဘယ်နေရာမှာ တည်မယ် ဆိုတာ ဆုံးဖြတ်ရပါတယ် ။

◾မိမိ သုတေသန ပြုလုပ်ထားတဲ့ အချက်များကို ပြန်လည် ဆန်းစစ်ပါ

ဇာတ်တစ်ပုဒ်ရဲ့ နောက်ခံ ဇာတ်ကြောင်းကို ရေးနိုင်ဖို့ရာ စာရေးဆရာက ပတ်ဝန်းကျင်ကို လေ့လာရပါတယ် ။ နောက်ခံထားမယ့် နေရာမှာ ရှိနေတဲ့ သက်ရှိပုဂ္ဂိုလ် တော်တော်များများနဲ့ ကျွန်မ စကားပြောကြည့် ပါတယ် ။ ဒီလို စကားပြောတဲ့နေရာမှာ သူတို့ရဲ့ဇာတ်လမ်းတွေကို ရေးဖို့ပြောတာ မဟုတ် ပါဘူး ။ ဇာတ်လမ်း ကတော့ ကျွန်မ ကိုယ်ပိုင် တည်ဆောက်တာပါ ။ ဒါပေမဲ့ သူတို့ ပြောပြတဲ့ အထဲက ထူးခြားတဲ့ အချက်တချို့က ကျွန်မ ဇာတ်အိမ်ထဲမှာ ထည့်သွင်း အသုံးချနိုင်တာတွေ ပါလာတတ်ပါတယ် ။ ဒါပေမဲ့ ပြောနေတုန်းမှာ စိတ်ကူးရတာ မဟုတ်ဘဲ စာရေးနေတဲ့ အချိန်ကျမှ သူတို့ ပြောတဲ့ အကြောင်းအရာများက အသုံးဝင်တဲ့ အချက်အလက်များ ဖြစ်လာခြင်းပါ ။ ဥပမာ အားဖြင့် တစ်ခါတုန်းက Key West လွင်ပြင် တစ်ခုမှာ ထူးထူးခြားခြား အမျိုးသမီး တစ်ယောက် စွန်လွှတ် နေတာကို ကျွန်မ တွေ့ခဲ့ရဖူးတယ် ။ အဲဒီ မြင်ကွင်းကို ကျွန်မ ဝတ္ထုထဲမှာ ဇာတ်ဝင်ခန်း အဖြစ် ထည့်ရေးခဲ့ပါတယ် ။

ကယ်လီဖိုးနီးယားပြည်နယ် ၊ ကာမယ်လ်မြို့ကို ရောက်တော့ အသက်အရွယ် တော်တော် ကြီးရင့်တဲ့ ပန်းပုဆရာကြီး တစ်ဦးနဲ့ စာကြည့်တိုက်မှာ ဆုံတွေ့ရာက မိတ်ဆွေ ဖြစ်သွားပါတယ် ။ သူက ကျွန်မကို သူ့အိမ်သို့ ဖိတ်ခေါ် ပြီး လှလှပပ အနုပညာ မြောက်စွာ ခင်းကျင်းထားတဲ့ သူ့ဧည့်ခန်းကို ပြပါတယ် ။ ကျွန်မ ကလည်း ဒီလို ထူးခြားတဲ့ နေရာမျိုးကို ဝတ္ထုထဲမှာ ထည့်ရေးဖို့ စိတ်ဝင်စားတဲ့သူ ဖြစ်တော့ တစ်နေ့နေ့ မှာ ဒီ ဧည့်ခန်းအကြောင်း ထည့်ရေးဖို့ မှတ်သား ထားရပါတယ် ။

ကိုယ်တွေ့  ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဟာ တကူးတက လေ့လာတွေ့ရှိရတာမျိုး မဟုတ်ဘဲ အမှတ်တမဲ့ကနေ ဇာတ်ဝင်ခန်း အဖြစ် အသုံးဝင် တာတွေ ဖြစ်လာခဲ့ပါတယ် ။ ဒါတွေက နောင်မှာ ဝတ္ထု ထဲက ထူးခြားတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်လာမှာ မလွဲပါဘူး ။

◾ကိုယ် ဖန်တီးလိုက်တဲ့ ဇာတ်ကောင်များ အပေါ်မှာ ကိုယ့် စိတ်ခံစားချက်တွေ ထည့်သွင်းပေးပါ

ဇာတ်အသစ် တစ်ပုဒ်ကို ရေးတော့မယ်ဆိုရင် ဇာတ်ကျောရိုးကို ကျွန်မ အရင်ရေးပါတယ် ။ အဲဒီအခါမှာ အဓိကဇာတ်ကောင်ရဲ့ အခြေအနေက ပေါ်ထွက်လာပါတယ် ။ အဓိကဇာတ်ကောင်ရဲ့ ရင်ထဲမှာ ကိုယ့် ခံစားချက်တွေ ထည့်ပေးလိုက်တဲ့ အခါမှာ သူ နဲ့ အားပြိုင်မှုတွေ ၊ ပေါက်ကွဲမှုတွေ ၊ လှုပ်ရှားမှုတွေ သူ့ အလိုလို ပေါ်ထွက်လာပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ Rainsong ဝတ္ထုမှာ ဇာတ်ဖွင့်ဖွင့်ချင်း အဓိက ဇာတ်ကောင် ဖြစ်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်းသည် နာမည်ကြီး အဆိုကျော်က အင်မတန် ထူးဆန်းစွာ ရုတ်တရက် ကွယ်လွန်သွားတာနဲ့ စလိုက်ပါတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းများက ထင်ကြေး အမျိုးမျိုး ပေးလာတဲ့ ဖိအားတွေကို သူမ မခံနိုင်တော့တဲ့ အတွက် မိတ်ဆွေ တစ်ဦး ဖိတ်ကြားတဲ့ Long Island က Gold Coast စံအိမ်ကြီးကို ထွက်လာခဲ့ပါတယ် ။ အေးချမ်းတိတ်ဆိတ်လှတဲ့ ဒီစံအိမ်ကြီးထဲမှာ နေရင် သူမ အနေနဲ့ သီချင်းတွေ ရေးသားကာ သူမ ဘဝကို တည်ငြိမ်သွားအောင် ပြန်လည် ဆောက်တည် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ် ။

ကျွန်မက ဒီနေရာမှာ စဉ်းစားရပါပြီ ။ ကျွန်မ ဇာတ်ကောင်ကို အင်မတန်ကြီးမားလှတဲ့ ဒီ အိမ်ကြီးထဲမှာ ဘယ်လို ချောက်ချားစရာတွေနဲ့ တွေ့ပေးရမလဲပေါ့ ။ တစ်ညမှာတော့ သူမနားထဲမှာ ဂီတသံတွေ ကြားလာခဲ့ရပါတယ် ။ တကယ်တော့ ဒီအိမ်ကြီးထဲမှာ တခြားသူ မရှိပါဘူး ။ ဒါပေမဲ့ ခင်ပွန်းသည် ဖြစ်သူရဲ့ အသံ နဲ့ သီချင်းသံကို ကြားလာရတယ် ။ သီချင်းက ခင်ပွန်းသည် သီဆိုနေကျ Ruinsong ဖြစ်ပြီး အဲဒီသီချင်းကို သူမကိုယ်တိုင် ရေးစပ် ပေးခဲ့တာပါ ။ ဒီလို ကြားလိုက်ရတယ် ဆိုရင်ပဲ ကြက်သီးမွေးညင်းတွေ ထလာပြီး သည်းထိတ်ရင်ဖို အဖြစ်အပျက်များနဲ့ ကြုံတွေ့ရပါတော့တယ် ။

◾ဇာတ်ကောင်များ ရဲ့ အတိတ်ကို ပြန်ကြည့်ပါ

ဇာတ်ကောင်တိုင်းမှာ အတိတ် ရှိပါတယ် ။ ပစ္စုပ္ပန်ကာလ အကြောင်း ရေးနေစဉ်မှာလည်း စာရေးသူက ဒီ ဇာတ်ကောင်ရဲ့ အတိတ်ဇာတ်ကြောင်းကို ဖန်တီးနိုင်ပါတယ် ။ သူ့ အတိတ်က သူ့လက်ရှိ အခြေအနေများကို ဖန်တီးနေတာ ဖြစ်တဲ့ အတွက် ဇာတ်ကောင် ရဲ့အတိတ် ဟာ ပစ္စုပ္ပန်ကာလ အတွက် အရေးပါ အရာရောက်လှပါတယ် ။ ဒါကြောင့် ကျွန်မ ဝတ္ထုရေးတဲ့ နေရာမှာ ဇာတ်ကောင်များရဲ့ အတိတ်က ဘယ်လို ရှိခဲ့တယ် ဆိုတာကို အနည်း နဲ့အများ ဆိုသလို ထည့်သွင်းဖော်ပြလေ့ ရှိပါတယ် ။

တစ်ခါတလေမှာ တချို့ ဇာတ်ကောင်များဟာ ဇာတ်လမ်း မစခင် ကတည်းက ကွယ်လွန်ခဲ့ပြီးသား ဇာတ်ကောင်တွေလည်း ဖြစ်တတ်ပါတယ် ။ အဲဒီ ဇာတ်ကောင်များဟာလည်း လက်ရှိ လှုပ်ရှားသက်ဝင် နေတဲ့ ဇာတ်ကောင်များ အပေါ်မှာ လွှမ်းမိုးမှုအား ကြီးမားနိုင်ပါတယ် ။ အတိတ်သမိုင်းက လျှို့ဝှက်ချက်များ ရှိနေခဲ့ရင် ပစ္စုပ္ပန်ကာလမှာ အကျိုးသက်ရောက်မှု များပြား ပြီး ဇာတ်လမ်းသစ်များ လည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ ဒီအချက်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ သာဓက ပြရမယ်ဆိုရင် Rebecca ဝတ္ထုကြီးဟာ ကျွန်မ ပြောခဲ့တဲ့ အချက်များနဲ့ ကိုက်ညီတဲ့ ကမ္ဘာကျော် ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ် ။ ကျွန်မ ရေးသားခဲ့တဲ့ Dream of Orchids ဝတ္ထုမှာ ဆိုရင် အဓိကဇာတ်ကောင် အမျိုးသမီးရဲ့ ဖခင်ဟာ ဝတ္ထုဇာတ်လမ်း မစခင် ကတည်း က ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ် ။ သူ ကွယ်လွန်ပြီး တစ်နှစ် ကြာမှ ဇာတ်လမ်း စတာ ဖြစ်တဲ့ အတွက် သူနဲ့ ပတ်သက်တဲ့ ဇာတ်ကောင်များရဲ့ ရင် ထဲမှာ အမှတ်တရ ဖြစ်စရာတွေ အများကြီး ကျန်ရစ် နေဆဲပါ ။ အဲဒီလို အမှတ်တရ ဖြစ်စရာတွေ ကနေ အံ့သြဖွယ်ရာ ကောင်းလောက်အောင် ဇာတ်လမ်း အသစ်တွေ ပေါက်ဖွားလာခဲ့ပါတယ် ။

ကိုယ့် ဇာတ်ကောင်တွေ က ဆုံးဖြတ်နိုင်တဲ့ ခွန်အား ရှိတဲ့ ဇာတ်ကောင်တွေလည်း ဖြစ်နေပါစေ ။ ဒီလို အရည်အချင်း ရှိမှ ဇာတ်အရှိန်မှာ စီးဆင်း မျောပါလာနိုင်မှာ ဖြစ်ပါတယ် ။ အဓိက မဟုတ်တဲ့ တခြား ဇာတ်ကောင်များ မှာလည်း ဆုံးဖြတ်ပိုင်ခွင့် ၊ ရွေးချယ်ပိုင်ခွင့်တွေ ပေးထားရပါမယ် ။ ဒီလို ပေးထားမှသာ ဇာတ်ကောင် တစ်ယောက် နဲ့ တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်တာတွေ ၊ သဘောတူညီတာတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ် ။

◾အချက်အလက်များ ထပ်မံ စုဆောင်းပါ

လက်ရှိ ရေးဖွဲ့ပြီးသား အချက်အလက်များ အပြင် ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်များ ရရှိနိုင်အောင် စာအုပ်များ ဖတ်ခြင်း ၊ စာကြည့်တိုက်မှာ လေ့လာခြင်းနည်းများနဲ့ အချက်အလက်များ ခိုင်မာအောင် ထပ်မံ စုဆောင်းသင့်ပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ Dream of Orchids ရေးဖို့ စတင်စဉ်မှာ ကျွန်မ ဘယ်နည်းနဲ့မှ သစ်ခွပန်းများ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်မ ကိုယ် ကျွန်မ မထင်ခဲ့ပါဘူး ။ ကျွန်မ ကိုယ်တိုင်က သစ်ခွပန်း မြတ်နိုးသူလည်း မဟုတ်ပါဘူး ။ အဲဒါအပြင် ရေငုပ်တယ် ဆိုတာကိုလည်း ကျွန်မ ဘဝမှာ စဉ်းတောင် မစဉ်းစားခဲ့ဖူးပါဘူး ။ ဒါပေမဲ့ စာကြည့်တိုက် ကနေ သစ်ခွပန်း နဲ့ ပတ်သက်တဲ့ စာအုပ် လေးအုပ် လောက် ငှားရမ်းလာပြီး ဖတ်ပြီးချိန်မှာတော့ သစ်ခွ နဲ့ ပတ်သက်လို့ ကျွန်မ ဇာတ်ကွက်တွေ ဆင်လို့ ရပါပြီ ။ ဒီ ကြားထဲမှာ လူသ,တ်မှု တစ်ခုကို တောင် ထည့်လိုက်လို့ ရပါသေးတယ် ။ စာတွေ့ နဲ့ အားမရသေးတဲ့ အတွက် ကျွန်မ နေရပ်က သစ်ခွစိုက်ပျိုးရေးခြံ တစ်ခြံကို သွားရောက် လေ့လာခဲ့ပါသေးတယ် ။ အဲဒီလို သွားချိန်မှာ ကျွန်မ လက်ထဲမှာ မေးစရာ မေးခွန်းတွေ ရေးထားတဲ့ စာရွက်တစ်ရွက် အသင့် ကိုင်ဆောင်သွားခဲ့ပါတယ် ။

ဒီ ဝတ္ထု ရေးနေစဉ်မှာ ကျွန်မ အေးဂျင့်က ရေငုပ်တဲ့ ဇာတ်ကွက် ပါသင့်တယ်လို့ အကြံ ပေး လာပါတယ် ။ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင်က ရေငုပ်တာကို လုံးဝ ဝါသနာ မပါသူ ၊ စိတ်မဝင်စားသူ ဖြစ်တဲ့ အတွက် အကြိမ်ကြိမ် အခါခါ ငြင်းခဲ့ပါတယ် ။ နောက်ဆုံးမှာ သူက ရေငုပ်တာ နဲ့ ပတ်သက်ပြီး ရေအောက် မြင်ကွင်းများကို ဖော်ပြထားတဲ့ National Georaphic စာအုပ်တွေ ယူလာပေးပြီး လေ့လာ စေတဲ့ အခါမှာတော့ ကာရေဗီယန် ပင်လယ်ကွေ့ ရေအောက် ကြမ်းပြင်ပေါ်မှာ တွေ့ရတဲ့ အပျက်အစီးများက ကျွန်မ စိတ်ကို ဆွဲဆောင်သွားပါတယ် ။ အဲဒီ မြင်ကွင်းများ ကြောင့်ပဲ ကျွန်မ ဝတ္ထုထဲမှာ ရေငုပ်တဲ့ သူတွေအကြောင်း ဇာတ်လမ်းဇာတ်ကွက် ထည့်သွင်းရေးသား သွားနိုင်ပါတယ် ။

ကာလ တော်တော်ကြာကြာ ကတည်းက ကျွန်မ လေ့လာမှတ်သားထားတဲ့ အဆို တစ်ခု ရှိပါတယ် ။ “ မသိရင် သိအောင် ရှာဖွေ လေ့လာပါ ” ဆိုတဲ့ အဆိုပဲ ဖြစ်ပါတယ် ။ အချက်အလက်ကောင်း တစ်ခု ရပြီဆိုရင် စာရေးဆရာ အနေနဲ့ စိတ်ကူး ယဉ်ချင်သလို ယဉ်ခွင့် ရှိသွားပါပြီ ။

◾မသိတာကို စဉ်းစား တွေးတောပါ

ဝတ္ထု တစ်ပုဒ် စ မရေးခင် မှာ ကျွန်မ ကတော့ မသိသေးတဲ့ အကြောင်း အရာတွေကို တွေးပြီး အဖြေ မသိတဲ့ မေးခွန်းတွေ ချရေးပါတယ် ။ ဒါဟာ ဇာတ်လမ်းဇာတ်ကွက် ချ မရေးခင်မှာ လုပ်ရမယ့် အခြေခံ အချက် တစ်ခု ဖြစ်ပါတယ် ။ အဲဒီလို အခြေခံ အချက်ကို ချရေးပြီးမှသာ မသိတဲ့ မေးခွန်းများကို သိအောင် ကြိုးစား ဖြေဆိုရင်း ကနေ စိတ်ကူးတွေ ပေါက်ဖွား လာပါလိမ့်မယ် ။

သိအောင် ကြိုးစား နေရင်း သိလာပြီ ဆိုရင် အဲဒီ မေးခွန်းကို ခြစ်ပစ် လိုက်တယ် ။ နောက်ထပ် မသိသေးတဲ့ အချက်ကို ဆက်ပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ပဲ တွေးစရာတွေ ဟာ အဆက်မပြတ် ရှိလာပါတယ် ။ ဒါဟာ ဇာတ်ကို စ မကိုင်ခင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီအချိန်က တွေးရမယ့် အချိန်သာ ဖြစ်ပါတယ် ။ ရေးရမယ့် အချိန် မဟုတ်သေးပါဘူး ။ မေးခွန်းတွေ အားလုံး ဖြေဆိုပြီး သွားပြီ ဆိုရင်တော့ ရေးချင်တဲ့ ဇာတ်လမ်းကို စရေးလို့ ရပါပြီ ။

◾ဇာတ်ကောင်များရဲ့ ခံစားမှုကို စာဖတ်သူ သိသာပါစေ

ဇာတ်ကောင်က ပြဿနာ တစ်ခုနဲ့ ကြုံလာပြီ ဆိုရင် အဲဒီ ဇာတ်ကောင် နေရာမှာ ကျွန်မ ကတော့ ကျွန်မ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး စဉ်းစားပေးပါတယ် ။ အဲဒီလို ဖြစ်လာရင် ငါ ဘယ်လောက် ခံစားရသလဲ ၊ ဘာကြောင့် ဒေါသဖြစ်ရ တာလဲ ၊ ဘယ်အခါမှာ ပျော်သလဲ ။ ဒါတွေဟာ ဇာတ်ကောင်ရဲ့ ရင်ထဲမှာ ရှိရမယ့် အချက်တွေပဲ ဖြစ်ပါတယ် ။ အမြဲတမ်း အရေးပါ ပါတယ် ။ ဒါကြောင့် ဇာတ်ကောင် ရဲ့ ခံစားချက်ဟာ စာရေးဆရာရဲ့ခံစားချက်နဲ့ ထပ်တူထပ်မျှပါပဲ ။

••••• ••••• •••••

စာရေးဆရာ တစ်ယောက် အနေနဲ့ ကိုယ့် စိတ်ကူးတွေကို ရောပြီး မွှေလိုက်တဲ့ အခါမှာ ခွန်အားသစ်တစ်ခု ရလာပြီး ကိုယ့်ရှေ့မှာ ကာဆီးနေတဲ့ တံခါးတစ်ချပ် ပွင့်သွားသလို ခံစားရပါလိမ့်မယ် ။ တံခါး ပွင့်သွားပြီဆိုရင် ဘယ်သူမှ အဲဒီ အထဲကို ဝင်ပြီး မလေ့လာဘဲ နေနိုင်တော့မှာ မဟုတ်ပါဘူး ။ လေ့လာလိုက်ခြင်းအားဖြင့် ရေးချင်စရာ ကောင်းတဲ့ အချက်အလက်ပေါင်း များစွာကို ရှာဖွေတွေ့ရှိလာလိမ့်မယ်ဆိုတာ ကျွန်မ ကိုယ်တွေ့ပါပဲ ။

••••• ••••• •••••

ဆရာမကြီး Phyllis ရဲ့ စာရေးနည်း ဆောင်းပါး ဖြစ်ပါတယ် ။ စာရေးဖို့ ကြိုးစားနေတဲ့ ဝါသနာရှင်များ အတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။

⎕ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
     ၂ဝဝ၉ ခုနှစ် ၊ သြဂုတ်လ