❝ ဂျေအိုဝိုင် ဂျိုင်း ❞
“ ဝယ်မပေးဘူး ” လို့လည်း ဦးမြင့်အောင် က သူ့ သမီး မေအောင် ကို ပြတ်ပြတ်သားသား မပြောရက်ဘူး ။
သူ့ စိတ်ထဲမှာတော့ ပုံမကျ ပန်းမကျနဲ့ ဒီလောက် တန်ဖိုးကြီးကြီး ပေးရမှာကို မနှစ်မြို့တာကတော့ အမှန် ။
“ တစ်ထောင် လောက်ကြီး ပေးရပြီးတော့ သမီး ရယ် ၊ ခါး မှာ လည်း မလုံဘူး ၊ မြောက်ကြွကြွ နဲ့ ”
မေအောင် က ဦးမြင့်အောင် စကား ဆုံးအောင်ပင် နား မထောင်တော့ ။ ခြေ ကို ခပ်ဆောင့်ဆောင့် နင်းပြီး အခန်းတွင်း သို့ ဝင်သွားသည် ။ ဒေါ်မေမြင့် မှာသာ ခင်ပွန်းသည် နှင့် သမီး ကို ကြည့်ပြီး သက်ပြင်း မသိမသာ ခိုးချလိုက်သည် ။
ဦးမြင့်အောင် ကတော့ ဖတ်လက်စ သတင်းစာ ကိုသာ ဆက် ဖတ်နေသည် ။
အမေသိန်း ဆီမှ မီးခိုး တထောင်းထောင်း ထအောင် ဆေးလိပ် ဖွာရင်း သမက် ဖြစ်သူ ဦးမြင့်အောင် ထံသို့ မျက် စောင်း ကျလာပါတော့သည် ။ မြေး ခြေ တစ်ချက် ဆောင့် လိုက်လျှင် အသက်ရှူ အောင့်သွားတာ လောက် ဘွားအေ က ပျာသည် ။
“ သူ့ ခေတ် နဲ့ သူ ဝတ်ထိုက် လို့ ဝတ် ရတာများကွယ် ။ မင်းတို့ နှယ် ”
ပြောလက်စ စကား ကို ရပ်ကာ ဆေးလိပ် ကို သာ အငမ်းမရ ဆက် ဖွာနေသည် ။
“ တို့ တုန်းကများ ရွှေဒင်္ဂါး တစ်ပြား ခြောက်ဆယ့်ငါးကျပ် ရတုန်း ကတောင် အင်္ဂလန်နိုင်လွန် တစ်ကိုက် ကို ရှစ်ဆယ် ပေး ဝတ်ရတယ် ။ ဒါလည်း ရှိတော့ ကြိုက်တဲ့ အရောင်တွေ ကို ဝယ် ဝတ်ခဲ့တာပဲ ”
လို့ မြိန်ရည်ရှက်ရေ ပြောကာ ကုလားထိုင် တစ်လုံး ဆွဲကာ ဝင် ထိုင်လိုက်သည် ။
ဦးမြင့်အောင် စိတ်ထဲမှာတော့ ...
“ အင်း ... ဒါမျိုးတွေကြောင့် အဘိုးကြီး ရှာခဲ့တဲ့ ပစ္စည်း တွေ အဘိုးကြီး နောက် ပါ ကုန်တာ ဖြစ်မှာ ။ တိုက် နဲ့ ခြံ နဲ့ ပါ ရောင်းခဲ့ရတာ ကြည့်တော့ ”
လို့ မကျေမနပ် တွေးနေမိသည် ။ ဒေါ်မေမြင့် ကတော့ သူ့ အမေ သေတ္တာ ထဲ မှ အထည် တွေ ကိုသာ မြင်နေမိသည် ။ ဒီအဝတ်အထည်တွေ ကို တန်ဖိုး ဘယ်လောက်များများ ပေးရပါတယ် ဆိုပေမယ့် မေအောင် က ဆို ဝေးလှ ၊ ဒေါ်မေမြင့် ကိုယ်တိုင်ပင် မဝတ်ချင် ။ အ မေသိန်း ကလည်း မဝတ်တော့ ။ မကြာခဏ ရှင်းပြီး ပရုတ် လုံးသာ ဖြည့် ထည့်ပေးနေရသည် ။
ooooo ooooo ooooo
“ ငါ သာ မေမြင့် နဲ့ စောစော အိမ်ထောင် ကျခဲ့ရင် မန္တ လေး က တိုက်ကြီး ရောင်း ဖြစ်မှာ မဟုတ်ဘူး ”
လို့ ဦးမြင့်အောင် မချင့်မရဲ တွေးမိပြန်သည် ။ တကယ် တော့လည်း ယောက္ခမကြီး ကို ဦးမြင့်အောင် လွန်ဆန်နိုင်သူ မဟုတ် ။ ဒေါ်မေမြင့် တို့ ရန်ကုန် ရောက်လို့ ဦးမြင့်အောင် နဲ့ လက်ထပ်ပြီး စကပင် လက်ဝတ်လက်စား အတော်အတန် ရှိသေးသည် ။ အမေသိန်း မှာ ရှေး စတီးပွဲစားကတော်ကြီး ဖြစ်၍ ငွေ ကို ရေ လို သုံးတတ်သည် ။ အသုံးအစွဲလည်း လုံးဝ မလျှော့ ။ မြေးဦး ရလာချိန်၌ တန်ဖိုး ကြီးသည့် ပစ္စည်း ဆို၍ ဆွဲသီး ၊ လက်စွပ် နှင့် နားကပ် သာ ကျန်တော့သည် ။
“ တောက် ”
မြေ ဝယ်လို စိတ် ပြင်းထန်ပြီး အောင်မြင်မှု မရတိုင်း တောက် ခေါက်သံ ဖြင့်သာ ဦးမြင့်အောင် ဖြေသိမ့်ခဲ့သည် ။ ဦးမြင့်အောင် မှာ ရန်ကုန်မြို့ပေါ်မှာ ပင် မွေးဖွားခဲ့သူ ဖြစ်ရာ အိမ်ငှား အခန်းငှား နှင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည် ။ မြေ လက် တစ်ဝါးစာ မှ မပိုင်ဆိုင်ခဲ့ဖူးချေ ။
သမီးလေး မေအောင် ကို မွေးပြီးကာမှ အိမ်ပိုင် ဝိုင်းပိုင်လေး နှင့် သစ်ပင်ပန်းပင်လေးများ စိုက်ကာ နေလိုသည့် စိတ် က နေ့တိုင်း ပေါ်ပေါက်လာခဲ့သည် ။ သမီး အတွက် အနည်းဆုံး ခြံလေး တစ်ခြံ နှင့် တိုက်ပုလေး တစ်လုံးတော့ ရှိစေချင်သည် ။
ရတဲ့ လစာ ကို လောက်ငအောင် စားတတ် စေချင် သည် ။ လေးဘီး ပြေးရတဲ့ ငွေ ကို စု ၊ မေအောင့် လက်ဝတ် လက်စားလေးတွေ အတန်အသင့် ရောင်းလိုက်ပြီး ကိုယ်ပိုင် မြေလေး နှင့် နေ လိုသည် ။ မေအောင့် နောင်ရေး အတွက်ဆို လျှင် အဘွားကြီး က သူ့ ပစ္စည်းလေးတွေ ရောင်းသော် လည်း ကန့်ကွက်မည် မဟုတ်ဟု ဦးမြင့်အောင် ထင်သည် ။ တစ်နေ့နေ့မှာဖြင့် ကိုယ်ပိုင် ဝင်းခြံကလေး ဖြစ်အောင် လုပ်မည်ဟု ဦးမြင့်အောင် အားခဲလျက် ထားသည် ။
ooooo ooooo ooooo
“ အမေ့ သေတ္တာ ထဲက အဝတ်အစားတွေ သာ ရွှေ ဒင်္ဂါးပြား တွေ ဖြစ်လိုက်ရင်တော့ လား .. မေအောင့် အတွက် လက်ဝတ်လက်စားတွေ ကို အမျိုးမျိုး လုပ်ပေးဖြစ်မှာ ” လို့ ဒေါ်မေမြင့် က တွေးသည် ။
နေရာစရာ ၊ စားစရာ မပူရဘဲ မေအောင့် အတွက် အလှူမင်္ဂလာ သွားစရာ လာစရာ ပေါ်ပေါက်လာတိုင်း လက်ဝတ်ရတနာ အတွက် ပူရသည် ။ ဒေါ်မေမြင့် က ငယ်ငယ် က လက်ဝတ်လက်စား အရောင်အသွေး အမျိုးမျိုး ကို အကြီး အငယ် အလတ် ကြိုက်နှစ်သက်ရာ ကို ရွေး ဝတ်ခဲ့ရသူ ဖြစ်ရာ မေအောင့် ကျကာမှ စိတ်တိုင်းကျ မဆင်ခဲ့ရ၍ များ စွာ စိတ်မကောင်း ဖြစ်မိသည် ။ ကိုယ်ပိုင်ပစ္စည်းများ ကို အမျိုးမျိုး ထည်လဲ ဝတ်ရသူမို့ မည်သူ့ ထံမှလည်း အောက်ကျို့ ၍ မငှားချင် ။ ငွေလေး စု မိလျှင်တော့ မေအောင့် အတွက် တစ် ဆင်စာ ပြည့်အောင် ဖြည့်ဝယ်ထားမှ ဖြစ်မှာ ဆိုသည့် စိတ် က ဒေါ်မေမြင့် ခေါင်း ထဲမှာ အမြဲ ရှိနေသည် ။
အစ်ကိုအရင်း မဟုတ်ဟု ဆိုရသော်လည်း ပြည်ကြီး မှ ဘောင်းဘီတိုလေး ဖြင့် ရောက် လာစကပင် ဒေါ်မေမြင့် တို့ အဖေ က သားတပည့် အဖြစ် ခေါ်ယူ မွေးစားခဲ့သည် ။
ဒေါ်မေမြင့် တို့ စီးပွားရေး အခြေ ယိုင်လာပြန်တော့ လည်း ရန်ကုန် သို့ ခေါ်ယူကာ အလုပ်စက်ရုံ အတွင်းမှာ တိုက် တစ်လုံး ပေးကာ နေစေသည် ။ ဦးမြင့်အောင် ကိုပင် ၎င်း စက်ရုံ ထဲမှာ မန်နေဂျာ ခန့်ထားသည် ။ ငယ်စဉ်ကပင် အတူ နေကြသူများမို့ ဒေါ်မေမြင့် တို့မှာ ကိုယ့်အိမ် ကိုယ့်ခြံ လို သဘောထားကာ နေတတ်ကြသည် ။
အလုပ်ရှင် ဖြစ်သော်လည်း အမေသိန်း ဩဇာ ကို လွန်ဆန်ရဲသူ မဟုတ်သောကြောင့် နေမှုထိုင်မှု အတွက် ဒေါ်မေမြင့် လုံးဝ သောက မဖြစ် ။ မေအောင့် ရဲ့ ဖြူဝင်းကြော့ရှင်းနေ တဲ့ ကိုယ် ပေါ်မှာသာ ဖျိုးဖျိုး ဖျတ်ဖျတ် နဲ့ အရောင် တောက်ပ နေစေဖို့ စိတ် သောက ရောက်နေသည် ။
ဒေါ်မေမြင့် စုရန် စိတ်ကူးထားသော ငွေများ မှာလည်း အကောင်အထည် မပေါ် ။ ခေါင်းမြီး ခြုံကာ ထွက် ကုန်တတ် ကြသည် ။ တစ်ခါတစ်ရံ အပိုဝင်ငွေ ရှာပေးနေသည့် ကား လေးကိုပင် ရောင်းကာ မေအောင့် အတွက် လက်ဝတ်ရတနာ ဝယ် ပေးချင်စိတ် ပေါက်ခဲ့သည် ။
ooooo ooooo ooooo
အမေသိန်း ကတော့ ခေတ် မီသည် ။ မေအောင့် အလို ကိုလည်း အလိုက်နိုင်ဆုံး ဖြစ်သည် ။ ဦးမြင့်အောင် နဲ့ ဒေါ်မေမြင့် တို့ က မေအောင့် အတွက် အကုန်အကျ များလွန်းသည် ဆိုသည် ကို အမေသိန်း လက် မခံနိုင် ။
အတော်ဆုံး ၊ အတတ်ဆုံး ၊ အလှဆုံး ၊ အကောင်းတကာ့ အကောင်းဆုံး မှန်သမျှ မေအောင့် မှာချည်း စုနေစေချင် သည် ။
ကျူရှင် ဆိုလည်း ဆရာ ကို အိမ် မှာ တင် အပို့အကြို လုပ်ကာ စားစရာ ၊ သောက်စရာ အပြည့်အစုံနှင့် အမေသိန်း ကိုယ်တိုင် ထိုင် စောင့်ကာ သင်စေသည် ။ ။
အေရိုးဗစ် ဆိုလည်း တက် ၊ ရေကူး ဆိုလည်း သွား ၊ ဆန်း ဆိုသမျှ အားလုံး လိုက်လျောနှင့် မေအောင့် အကြိုက် အားလုံး လိုက်နိုင်သူ ဖြစ်သည် ။ အမေသိန်း အယူအဆ က မယ် တစ်ရွက် ရှိနေလျှင် မောင် တစ်ထမ်း ပါ သူ ကို ရှာရန် မခဲယဉ်း ဟု ထင်သည် ။ ဒါကြောင့် လည်း မေအောင့် ကို အဖက် ဖက် မှ အောက်တန်း မကျအောင် စီမံပေးခဲ့သည် ။
ooooo ooooo ooooo
ဧည့်ခန်းအတွင်း မှာ သုံးယောက်စလုံး စကား မပြော ဖြစ်ကြ ။ အတွေးကိုယ်စီ နှင့် တိတ်ဆိတ် ငြိမ်သက်နေသည် ။
တံခါးဝ မှ “ မေအောင် ရေ .. မေအောင် ရေ ” ဟု ခေါ်သံ ကြား မှ မျက်လုံး အားလုံး တံခါးဝဆီ ရောက်သွားကြသည် ။
တစ်ဖက်ခြံ မှ မေအောင့် သူငယ်ချင်း မီမီ ဖြစ်သည် ။
“ ရိုစီ တို့ ဘုရားကိုးဆူ သွား ရအောင်လို့ မေအောင့် ကို လာ ပြောတာပါ ။ ပြင်ထားနှင့်တော့ လို့ ”
“ သမီး ပြီးတော့ လာခေါ် လှည့်မယ် ။ သွားမယ်နော် အန်တီ ”
ဟု နှုတ်ဆက်ကာ ထွက်သွားသည် ။
အားလုံး မှင်တက်မိနေသည် ။ မီမီ ရဲ့ လှုပ်ရှားမှု ကြောင့် ရင်ဘတ် ဆီမှ ပျိုးပျိုးဖျတ်ဖျတ် လက်လာသည့် အရောင် ကို ဒေါ်မေမြင့် မျက်တောင် ခတ်ကာ ကာကွယ်လိုက် သည် ။
ဦးမြင့်အောင် ပြောသည့် မေအောင် လိုချင်သော တို နန့်နန့် အင်္ကျီလည်း ဝတ် ထားလိုက်သေးသည် ။
အခန်းတွင်းမှ မေအောင့် ရှိုက်သံ သဲ့သဲ့ ထွက်ပေါ်လာ သည် ။
အမေသိန်း မှာ ပျာပျောသလဲဖြင့် မတ်တတ်ရပ်ကာ ...
“ အို .. မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ ငါ့ မြေး လိုချင်တဲ့ ဂျိုင်း အင်္ကျီ ဝယ်ပေးမှ ဖြစ်မယ် ။ ညည်းတို့ ဝယ် မပေးရင် ငါ့ ရှိတဲ့ ပစ္စည်း ရောင်းပြီး ဝယ်မယ် ”
◾ မြို့သာမရာထို
📖 ရနံ့သစ် မဂ္ဂဇင်း
၁၉၉၀ ခုနှစ် ၊ မတ်လ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment