Tuesday, August 31, 2021

ကန်တော်သာမှာ


 

  ❝  ကန်တော်သာမှာ  ❞

နွေလကျောင်းပိတ်ရက် ၊ သီတင်းကျွတ်ကျောင်းပိတ်ရက် များ ရောက်တိုင်း ကိုခန့် တို့ ရွာကလေးသို့ သွားလို ရောက်လိုစိတ်များ ပေါ်ပေါက်လာတတ်သည် ။ ကျောင်းသားဘဝ လွတ်လပ်စဉ်ကဆိုလျှင် ကျောင်းရက်ရှည် ပိတ်တိုင်း ကိုခန့် တို့ ရွာသို့ ရောက် မြဲ ဖြစ်ပေသည် ။

ကိုခန့် တို့ ရွာမှာ အခြားသော တောရွာများနှင့် ဘာမျှ ထူးခြားသည် မဟုတ် ၊ သာမန် တောရွာလေးမျှသာ ဖြစ်သည် ။ သို့ရာတွင် ကျွန်တော့်အဖို့မှာကား ကိုခန့် တို့ရွာသည် ကိုခန့် တည်းဟူသော ကျွန်တော့်မိတ်ဆွေ လူပျိုကြီး ကိုခန့် ရှိနေသည့်အကြောင်းဖြင့် အခြားသောရွာများထက် ထူးခြား၍ နေသည် ။ ကိုခန့် သည် နေပူ ကျဲကျဲ ၊ သစ်ရွက်ခြောက် တရှဲရှဲ ၊ လေရူး တဝဲဝဲ ထဲမှာပင် ကျွန်တော့်အား ရွှင်မြူးကြည်နူးအောင် တတ်နိုင်သူ ဖြစ်သည် ။ ကိုခန့် နှင့် တွေ့လျှင် ကျွန်တော် ပျော်သည် ။ ရယ်မောရသည် ။ အံ့ဩရသည် ။ ကိုခန့်ကား တောသား ရိုးရိုးကြမ်းကြမ်းကြီး တစ်ယောက်ပင် ဖြစ်သော်လည်း သူ့ရုပ်သွင်ပြင်မှာ နှစ်လိုဖွယ်ရှိသည် ။ ခံ့ညားသည် ၊ ခင်မင်တတ်သည် ၊ ဟာသ ရှိသည် ။ ဤသို့ ကျွန်တော် ထင်သည် ။

ရွာထဲကလူများ လူကြီးလူငယ်မရွေး ကိုခန့်ကိုချစ်ကြသည် ။ သူ့ကို နာမည်ရင်းတစ်လုံးတည်း ခေါ်သူရှားသည် ။

မောင်ရင်ခန့် ၊ ကိုရင်ခန့် ၊ ကိုကြီးခန့် ၊ မောင်ကြီးခန့် စသည်ဖြင့် ခင်မင်မှု ၊ လေးစားမှု ပါသော အမည်များဖြင့်သာ တွင်သည် ။ သူသည် လူပျိုကြီးဖြစ်၍ ရွာကာလသားခေါင်း ဖြစ်သည် ။ အသက် သုံးဆယ်ကျော် ( ယခု လေးဆယ်ကျော် ) ဖြစ်၍ အမေအိုကြီးနှင့် နေသည် ။ တစ်ခါတစ်ခါ ကိုခန့် က “ အမေက ငါ့ကို နင်လူပျိုတဲ့ ... လည်ချည် ဆိုလို့သာ လည်ရပါတယ်ကွာ ... ၊ ငါဖြင့် မျက်စိများတောင် မှုန်ပါပြီ ” ဟု ပြော၍ ရယ်တတ်သည် ။

ရွာက ရေခပ်လမ်းတွင် ကိုခန့်နှင့်အတူ လိုက်၍ အပျိုကြည့်ရသော အချိန်များကို ကျွန်တော် သတိအရဆုံးဖြစ်သည် ။ ကိုခန့်ကို ကြီးငယ်ပျိုအို မရွေး လူချစ်လူခင် ပေါသည် ။ လမ်းမှာ တွေ့သမျှ မိန်းကလေးများကို ကိုခန့်က ရယ်စရာမောစရာပြောရင်း နောက်ပြောင်၍ သွားသည် ။ မိန်းကလေးများကလည်း သူ့ကို စိတ်မဆိုးကြ ၊ ပြန်လှန် နောက်ပြောင်ခြင်း ၊ ပြုံးစိစိ မျက်စောင်းထိုးသွားခြင်း စသော တောဓလေ့ ချစ်စဖွယ်အမူအရာများကို ပြတတ်ကြသည် ။

ကိုခန့် ကလည်း တူမတန် တူမ ၊ နှမတန် နှမ ၊ အချို့ကို ရပ်စကားပြော ၊ အချို့ကို ရိုက် မလို ရွယ် ၊ အချို့ကို ရေတောင်းသောက်နှင့် စမြဲ ဖြစ်သည် ။ ကျွန်တော်သည် ကိုခန့် ကို အားကျမိသည် ။ သူ့ဘဝသည် ပျော်စရာကောင်းလှ၏ ။ မိန်းကလေးအသိတွေ များလှ၏ ။ ပြောမနာ ဆိုမနာခင်မင်ကြ၏ ။ အင်း ... ကောင်းစွ ကောင်းစွဟု အားကျမိသည် ။

“ ဟင်း ... တော့်နော် ... လူကြီး ... ”

“ ဘာလဲဟဲ ၊ ဒီကောင်မက ... ၊ ငါ ရွာထဲ လျှောက် မောင်းတီးလိုက်ရ ၊ ကျော်ပြန်ရော့မယ် ”

“ ပြောဝံ့ ပြောစမ်း ၊ တော်နဲ့ ကျုပ်နဲ့ အတွေ့ပဲ ”

ဤသို့ မျက်စောင်း တခဲခဲနှင့် မဲ့ရွဲ့ ဘုတောသွားသော မိန်းကလေးတစ်ယောက်တော့ရှိသည် ။ သူကား ရွာအရှေ့ပိုင်းမှ ဆယ်အိမ်ခေါင်း ဦးသူတော် တူမ လှအေးဆိုသူပင်တည်း ။

ကိုခန့်ဟာ လူတိုင်းနဲ့ ခင်ပါလျက် လှအေး နှင့် ကျမှ ဘုတစ်လုံး ၊ ခွတစ်လုံး ဖြစ်ရပုံကို ကျွန်တော်က သိချင်သည် ။ ကိုခန့်ကို မေးမှပဲ သိနိုင်တော့မည် ။

“ ဘာတုံး ... ကိုကြီးခန့်ရဲ့ ၊ ဘာအကြောင်းတုံး ... ”

ကိုခန့်သည် သူ့အကြောင်းသူ စဉ်းစားမိသလို “ အဟီးဟီးဟီး .. ” ဟု ရယ်ရင်း “ မသိချင်ပါနဲ့ကွာ ” ဟု ဆိုသည် ။

မသိချင်ပါနဲ့ဆိုမှ သာပြီး သိချင်လာသော ကျွန်တော်က ...

“ ပြောစမ်းပါဦး ကိုကြီးခန့်ရာ ၊ မှတ်သားရအောင် ” ဟု ထပ်မံ အရေးဆိုလိုက်ရပြန်ပါသည် ။ ကိုခန့်လည်း သူ့ဟာသူ ပြန်စဉ်းစားမိသလို တဟီးဟီးနှင့် ရယ်နေရာမှ

“ အလကားကွာ ၊ ဟောဒီကောင်မဟာ ... ငါ ပြောမပြောချင်ပါဘူး ၊ ညောင်မြစ်တူး ပုတ်သင်ဥ ပေါ်လွန်းလို့ ” ဟု ထပ်လောင်း၍ ရင့်ကျူးနေပြန်သည် ။

“ ပြောပဲ ပြောစမ်းပါဦး ကိုကြီးခန့်ရာ ၊ ညောင်မြစ် ဘယ်လိုတူးလို့ ပုတ်သင်ဥ ဘယ်လို ပေါ်တယ်ဆိုတာ ကျွန်တော်လည်း သိပါရစေဦး ”

ကိုခန့်က မပြောသေးချေ ။ သူ့ဟာသူသာ တဟီးဟီးနှင့်ရယ်ရင်း လမ်းလျှောက်လာကြသည် ။ ကျွန်တော်ကလည်း ကြာလေ သိချင်လေ ဖြစ်သည်နှင့် အထပ်ထပ် တောင်းပန်နေသောကြောင့် “ မင်း ဒါလောက် မေးနေမှတော့ ငါထားခဲ့တဲ့ ကတိဖျက်ပြီး ပြောရသေးတာပကွာ ” ဟု ဆိုကာ သူ့ဆေးတံကြီးကို ဆေးဖြည့်ကာ စိမ်ပြေနပြေ မီးညှိလိုက်လေတော့သည် ။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်သား သပြေပင်ဝိုင်းနှင့် တုံးတုတ်ကလေးပေါ်သို့ ဝင်ထိုင်လိုက်ကြသည် ။

“ မနှစ်က သင်္ကြန်တွင်းကပေါ့ကွာ ”

ကိုခန့်က ဤသို့ အစပျိုးပြီး မီးသေလုမတတ်ဖြစ်နေသော သူ့ဆေးတံကြီးကို မီးပြန်ရဲလာသည်အထိ တရှူးရှူးနေသဖြင့် ကျွန်တော့်မှာ စိတ်ရှည်စွာ စောင့်ဆိုင်းနေရပေသေးသည် ။

“ အင်း ... သင်္ကြန်တွင်းဆိုတော့ တို့ရွာအလေ့လည်း မင်းသိသား မဟုတ်လား ၊ ရွာထဲမှာ လူကုန်သလောက်ပဲကွ အရှေ့ကျောင်း ၊ အနောက်ကျောင်း ၊ တောင်ကျောင်း ၊ မြောက်ကျောင်းသွား ဥပုသ်ဇရပ်တွေမှာ အေးအေးလူလူ ပုတီးစိပ်တဲ့လူက စိပ် ၊ အိပ်တဲ့လူက အိပ်နဲ့ ရွာထဲမှာ လူကုန်သလောက်ပဲကွ ၊ အဲသည်အခါမျိုးမှာ ငါတို့ကလည်း “ ကျောင်းတကာ ” ပေါ့ကွာ ဟေ ... ဟေ ...

ကျောင်းတကာ ဆိုလို့ ကျောင်းဆောက်ပြီးလှူတဲ့ဒကာ မထင်လေနဲ့ကွ ၊ ကျောင်းတကာ နှံ့အောင် လျှောက်လည် ၊ ဥပုသ်သည်ယောင်ယောင် ဘာယောင်ယောင်နဲ့ ဘုန်းကြီးတွေ ၊ ဦးပဉ္စင်းတွေနား ကပ် ၊ ကျွေးသမျှ စား ၊ နေ့လယ်ကျတော့ တော်တဲ့သစ်ပင်ရိပ် သွား ၊ ကား နေအောင် အိပ်ကြသကိုး ။

“ မနှစ်ကတော့ အမေက ရွာဦးကျောင်းသွား ဥပုသ်စောင့်တာနဲ့ ငါလည်း အမေစားဖို့ ထမင်းချက်ပြီး အမေ့ဆီ အုပ်လိုက်ပို့ရသကွ ”

“ ဘာအုပ်လဲ ကိုကြီးခန့်ရဲ့"

“ အမေ စားဖို့ပါဆိုမှ ထမင်းအုပ်ပေါ့ကွာ ၊ မင်းကလည်း ဘုရားတည်ဖို့ အုတ်ဖြင့် အမေ စားပါ့ မလား "

“ အင်း ... အင်း ဆိုပါဦး "

“ အမေ ထမင်းစားပြီး အုပ်ကြီးပေွ့ ၊ ရွာထဲပြန်ရမှာပျင်းတာနဲ့ ငါလည်း ကျောင်းမှာတင် အိပ်နေပါတော့မယ်လေလို့ အောက် မေ့ပါတယ် ၊ တကတည်း ဥပုသ်သည်တွေ စကားများကြတာနဲ့ အိပ်လို့မရဘူးကွာ ၊ ဒါနဲ့ ငါလည်း ဦးပဉ္စင်းကြီးဆီက ဖျာချောချော တစ်ချပ်တောင်းပြီး သစ်ပင်ရိပ်အေးအေးတစ်ခု သွားလေမှပဲလေလို့ အောက် မေ့ပြီး ဦးပဉ္စင်းဆီ လာခဲ့တာကိုး "

“ ဦးပဉ္စင်းကြီးကလည်း စိတ်က တိုသနဲ့ ၊ အပြောကလည်း ပက်စက် ၊ ဒါနဲ့ ငါ သွားဝတ်ချတော့ ဟဲ့ ငခန့် နင် ဥပုသ်တွေ ဘာတွေ စောင့်လို့လား ဘာလားနဲ့ နှုတ်ဆက် ၊ အာလာပသလ္လာပ ပြောပြီး ပတ်ချွဲနပ်ချွဲနဲ့ ငါက ဖျာတောင်းရောပေါ့ “

“ ဒီတော့ ဦးပဉ္စင်းကြီးက သယ် ... နင်ဥပုသ်ကလေးတစ်ရက်တလေ စောင့်ပြီး အသေလို အိပ်မလို့ပလေ ၊ မပေးဘူး ၊ နင် ပုတီးစိပ်ရမယ် ၊ အိပ်နေတာတွေ့ရင် ကြိမ်လုံးနဲ့ လှိမ့်ရိုက်ပြီးသားပဲလို့ ကြိမ်းတာနဲ့ ငါ့မှာ ခွကျနေတာပေါ့ကွ ၊ တတ်နိုင်ဘူးကွာ ၊ ဦးပဉ္စင်းကြီးတော့ ငယ်ကြောက်ဆိုတော့ ချော့ရတော့တာပ ၊ တင်ပါ့ဘုရား ၊ တပည့်တော် ပုတီးစိပ်ချင်ပါရဲ့ ၊ ပုတီးမပါလို့ ဦးပဉ္စင်း ခဏငှားပါ ဘာညာနဲ့ ချ ရသပေါ့ကွာ "

“ အစကတော့ ဦးပဉ္စင်းက သူ့ခေါင်းရင်းက ဂုဏ်တော်ပုတီးကြီးတစ်ချက် လှမ်းကြည့်လိုက်ပြီး ငါနဲ့မတန်သလို အင်တင်တင် လုပ်နေသေးတယ် ။ နောက်တော့ အင်း ... ငခန့် နင် တစ်နှစ်မှ တစ်ခါ ဥပုသ်စောင့်တာ တကယ်စိပ်ရင်တော့ ငှားရတာပဆိုပြီး ဖြုတ်ငှားလိုက်ရှာတယ် ၊ ငါလည်း ပုတီးဒါလောက်လိုချင်တာ မဟုတ်ပေမဲ့ ဖျာမရ အတူတူလေ ၊ ဦးပဉ္စင်း စိတ်ဆိုးတော့ မခံပါဘူးဆိုပြီး ပေးတဲ့ပုတီးကြီးယူ အသာဝတ်ချပြီး ဆင်းခဲ့ရတော့တာပဲကွာ "

“ ဒါနဲ့ ငါလည်းအကြံမရဖြစ်ပြီး ကျောင်းနဲ့ ဝေးတဲ့နေရာ လျှောက်ပြီး အရိပ်ရှာထွက်ခဲ့ရောကွ ၊ ငါ့မှာ ဒီဦးပဉ္စင်းကြီးကို ငယ်ငယ်ကတည်းက ကြောက်လာရတော့ ငါ အိပ်နေတာတွေ့ရင် တကယ်ရိုက် မှာလည်း စိုးသေးတာကွ ၊ အရိပ်ဆိုလည်း ဆိုတိုင်း မအိပ်ဝံ့သေးဘူး ၊ ဒါနဲ့ လျှောက်ရင်းလျှောက်ရင်းနဲ့ ကျောင်းအရှေ့တောင်ဘက် ရေကန်ပေါင်ပေါ် ရောက်လာရော "

“ ဒီကန်တော့ မင်းလည်းအသိသား မဟုတ်လား ၊ ကန်ပေါင်က သပြေပင်ကြီးတွေကလည်း အုပ်သနဲ့ ၊ အကိုင်းတွေကလည်း ရေထဲ ဝဲကျနေတာလေ ၊ ဘယ်လောက် ကောင်းလဲ ၊ အင်း ..... ငါတော့ ဒီကန်ပေါင်ပေါ် တစ်နေရာ အိပ်လေမှပဲလို့ စိတ်ကူးနေတုန်း ခပ်လှမ်းလှမ်းက ဝါတာတာ မြင်လိုက်သလို ထင်တာနဲ့ အိပ်ရမှာ မရဲအောင် ဖြစ်သွားသကွ ၊ နောက်တော့ ဟာ ... ရေထဲ ဝဲကျနေတဲ့ သပြေကိုင်းပေါ်တက်အိပ်ရ အကောင်းသား ၊ ဦးပဉ္စင်းလာတောင် တော်တော်နဲ့ မမြင်ရဘူးဆိုပြီး တက်လိုက်ရောကွ ၊ တကယ်နိပ် သကိုးကွ ၊ အကိုင်းတွေကလည်း ဖြာကျနေတော့ အိပ်စရာ အတော်ကောင်းတာ ”

“ အပေါ်ရောက်တော့ အကောင်းဆုံး အကိုင်းရှာ ၊ အသာမှီကြည့် ရုတ်တရက် လိမ့်မကျနိုင်မယ့် ကိုင်းမှာ ကျောကပ် ၊ အဲ ... အဲဒီတော့ အင်္ကျီအသစ်ကလေး ကြေမှာကလည်း စိုးရပြန်တော့ အသာချွတ်ပြီး အထက်ကကိုင်းပေါ် ချိတ် ၊ ပုဆိုးကလည်း ဆီစိမ်ပုဆိုး ခေါက်တောက်တောက် ပေါင်ရင်းထိအောင် လှန် ၊ လေက တဟူးဟူးနဲ့ကိုးကွ ”

“ လက်ထဲက ပုတီးက မစိပ်တစ်ချက် စိပ်တစ်ချက်ဆိုတော့ မတော်တဆ ရေထဲများ လွတ်ကျသွားရင် ဦးပဉ္စင်းကြီး ရိုက်ပြန်ချည်ရဲ့ ဆိုပြီး လည်ပင်း ကွင်းလိုက်စွပ်ထားလိုက်ကရော ပြီးတော့မှ ဇိမ်ကလေးနဲ့ မှေးခနဲ မှေးခနဲ အိပ်ချင်သလို ဖြစ်ဖြစ်လာတဲ့ အရသာကိုခံ ”

ထိုအခိုက်တွင် ခုနက တွေ့လိုက်သော ဘုကျကျ လှအေး ရေခပ်တစ်ခေါက် ပြန်ထွက်လာပြီး ကိုခန့် နှင့် ကျွန်တော်တို့ စကားပြောနေရာအနီးသို့ ရောက်လျှင် ရှက်ကိုးရှက်ကန်းဖြစ်လျက် ကိုခန့် ကို မျက်စောင်းထိုးကာ ခပ်ဆောင့်ဆောင့် ခပ်သုတ်သုတ် သွားသဖြင့် ကိုခန့်က အတန်ကြာ စိုက်ကြည့်နေပြီး “ ကောင်မ ၊ ငါ လိုက်တွယ်လိုက်ရ မကောင်းဘူး ” ဟု ကြိမ်းကာ ရယ်နေပါသည် ။

“ ဒါနဲ့ပဲ ဆက်ပါဦး ကိုကြီးခန့်ရဲ့"

“ ငါလည်း မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်လု ပျော်လု ဖြစ်နေတုန်းမှာကွာ ကန်ထဲ စွက် ... စွက် ... စွက် နဲ့ အသာဆင်းလာတဲ့ ရေသံ အောက်ဆီက ကြားလိုက်တော့ ငါလည်း ဘာများ ပါလိမ့်လို့ ကြည့်လိုက်တော့ လား ... လား ...  မိလှအေး ကိုးကွ ၊ ဟေ... ဟေ ”

ကိုခန့်သည် မီးအားနည်းသွားသော သူ့ဆေးတံကြီးကို ရှူးခနဲ ရှူးခနဲ ဆောင့်ဆောင့် ဖွာရင်း တဂွက်ဂွက် ဖြစ်လာသဖြင့် အိုးဝကို လက်ဝါးဖြင့်ပိတ်၍ ခါလိုက်ပြီး တရှူ နှစ်ရှူ ဖွာ ၊ မီးခိုးများ အားရပါးရ ထုတ်ပြီး ...

“ ကမြင်းမက ဘယ်သူမှ မရှိဘူးဆိုပြီး အလစ်မှာ ရေချိုးရအောင် လာတာကိုး ၊ သိလား "

ကိုခန့်က ဤသို့ပြောပြီး . ဟေဟေ ... ဟေဟေ နဲ့ ရယ်နေသဖြင့် ကျွန်တော်လည်း သူနှင့်အတူ ရော၍ ရယ်နေလိုက် မိသည် ။

“ ဒီကန်ထဲ ရေချိုးရသလား ကိုကြီးခန့်ရဲ့ ၊ ကျောင်းကကန် မဟုတ်ဘူးလား ”

“ ဘယ်ကလာ ၊ ဒီကန် လူတကာ ချိုးနေတာ ၊ အဲဒီရက်ကသာ အခါတွင်းမို့နွားကျောင်းသားတွေ မလာလို့ လူရှင်းနေတာကွ ၊ ကျောင်းကကန်လည်း မဟုတ်ပါဘူး ၊ ကျောင်းနားနီးတာ တစ်ခုပါ ”

“ အင်း ... အင်း ... ၊ ဒါနဲ့ ဆက်စမ်းပါဦး ”

“ ဒါနဲ့ ငါကလည်း အမှတ်မဲ့ သစ်ရွက်ကြားက ကြည့်လိုက်တော့ သူက ရေချိုးရအောင် လာတာပေမဲ့ ရေလဲလုံချည် ပါဟန် မတူဘူးကွ ”

“ ဟောဗျ ၊ အနော့ ... ဘယ့်နှယ် ချိုးတယ် "

“ တို့တောမှာတော့ ကိစ္စမရှိပါဘူးကွာ ၊ ရေထဲ တဖြည်းဖြည်းဆင်းရင်း ခါးကလုံချည် မ ယူသွားပြီး လူတစ်ကိုယ်လုံး ရေထဲထိုင်မိမှ လုံချည်ကို အသာနီးရာသစ်ကိုင်းပေါ်တင်ပြီး ချိုးကြတာပါပဲ "

“ နိပ်ပေ့ဗျာ ၊ အင်း ... အင်း ... ဆက်ပါဦး ”

'' သူကတော့ ဘယ်သူမှမရှိဘူးဆိုပြီး အသာဆင်းပြီး ခုနကလို. လုံချည်ကလေး ကိုင်းပေါ်တင် ၊ ရေလယ်အထိ ကူးသွားပြီး ငုပ်ချည်ပေါ်ချည် ချိုးနေပေမဲ့ ငါက သစ်ရွက်ကြားကနေပြီး ငါ့ များ မြင်သွားမလားဆိုပြီး စိုးရိမ်လိုက်တာ မပြောနဲ့တော့ကွာ ၊ ငါ့ကို အနေရအထိုင်ရ ခက်လို့ပါပဲ ။ ဒါနဲ့ ငါ့မှာ သူမမြင်ပါစေနဲ့ဆိုပြီး အသက် မရှူဘဲ နေပါမှ ပေါင်ကို ခါချဉ်က ဝင်တုပ်လိုက်သေးသကွ "

“ ဟောဗျ ... အဲဒါမှခွ "

“ အေးကွ ၊ ငါလည်း တတ်နိုင်သမျှ ငြိမ်ငြိမ်အသာကလေး ခါချဉ်ကို ပွတ်ခြေနေတုန်း ဘယ်ကဘယ်လို လက်တစ်ဖက်က ပြုတ်သွားတယ် မသိပါဘူးကွာ ၊ ဝုန်းဆို ရေထဲကျသွားတော့တာပဲဟေ့ "

“ ဟောဗျာ "

ကျွန်တော်သည် ကိုခန့်အဖြစ်ကို မျက်စိထဲ ထင်မြင်လာကာ အားရပါးရ ရယ်လိုက် မိပါသည် ။

“ ကျသွားရုံတင် ဘယ်ဟုတ်မလဲကွ ၊ ဆီစိမ်လုံချည်ကြီးက ခေါက်တောက်တောက်ကြီး ၊ ဘယ်လိုက ဘယ်လို နေရစ်တယ် မသိဘူး ၊ သပြေပင်ပေါ်မှာ ကျန်ရစ်ရှာတယ်ကွ "

ကျွန်တော်ရယ်၍ပင် အတောမသတ်နိုင် ၊ ပါးစပ်မှလည်း “ ဂျောက် ပါပဲ ကိုကြီးခန့်ရာ ကြုံမှ ကြုံရလေ " ဟု ရယ်ရင်း ပြောလိုက်ရပါသည် ။

“ ဂျောက် မှ အကြီးအကျယ် ဂျောက်ပေါ့ကွာ ၊ သူကလည်း နေရာက မရွေ့ဝံ့ ၊ ငါကလည်း ပြန်မတက်ဝံ့နဲ့ အတော့်ကို ခက်နေကြတာ "

“ ဒါနဲ့ ဘယ်လိုလုပ်ပြီး တက်ကြတယ် ... "

“ အံမလေး ... ပြော မပြောချင်ပါဘူးကွာ ။ ကမြင်းမက နင် ရေထဲငုပ်နေ ၊ ငါ တက် မယ် ဆိုတော့လည်း သူ ရေထဲမှာ အကြာကြီး မငုပ်တတ်ဘူးတဲ့ကွ ၊ ငါ ငုပ်နေပါမယ် ၊ နင်တက်ပါ ဆိုပြန်တော့ သူ့လုံချည်ထားခဲ့တဲ့ သစ်ကိုင်းနဲ့ သူနဲ့ကြားထဲ ငါရောက်နေတာကိုးကွ ၊ ငါ့မှာကွာ တကတည်း ငုပ်ပါမယ်ဆိုလို့သာ ဆိုရ ၊ တယ်တော့ မငုပ်ချင်လှဘူးပေါ့ကွာ ဟီး ... ဟီး "

" အခက်ပဲနော် "

“ အေးကွ ၊ ဒါနဲ့ ငါတို့မှာ ကန်ထဲက မတက်နိုင်ဘဲ အကျပ်ရိုက်နေရတဲ့ အထဲမယ် ။ ဟို ကလေးတွေ ဘုရားပေါ် မတက်ကြနဲ့ ၊ ခုဆင်း ... လာရိုက်ရမလား ဆိုတဲ့ ဦးပဉ္စင်းကြီးရဲ့ အသံကြီး ကျောင်းဆီက ကြားလိုက်ရတော့ ပဲဟေ့ ၊ တို့ဘက် များရောက်လာရင် ဘယ်လိုလုပ်ရမလဲ မသိဘူးကွ ၊ ဒီလိုဖြစ်နေရတဲ့အထဲမှာကွာ ...”

ကိုခန့် က သူ့ဆေးတံကို ခေါက်လိုက်ပြီး ဆေးအသစ်ဖြည့်ကာ မီးညှိရန် သူ့ဓာတ်မီးခြစ်ကို ထုတ်၍ခြစ်ပြန်သည် ။ မီးတောက် မလာသဖြင့် မီးခြစ်ကို ဖင်ဘက် မှချွတ်ကာ ပါးစပ်တွင် ငုံ၍ မှုတ်နေပြန်သည် ။ ထို့နောက် ပြန်ပိတ်ပြီး ခြစ်ရာ မီးတောက်လာသဖြင့် ဆေးတံတွင် ကပ်၍ ညှိသည် ။

“ အကျပ်ရိုက်နေတုန်းမှာ တကတည်း မိလှအေးက သူရေချိုးတာကို ငါက သစ်ပင်ပေါ်တက်ပြီး ချောင်းကြည့်တာပါရယ်လို့ စွပ်စွဲပြီး ရန်တွေ့လိုက်တာကွာကက်ကက်လန်ပါရော ၊ အရေးထဲမှာ ငါ့မလည်း ဘယ်တတ်နိုင်မတုံးကွာ ၊ မဟုတ်ပါဘူးတဲ့ မိလှအေးရယ် ၊ ဒီကန်ကို ငါက အရင်ရောက်တာပါ ၊ ငါ ပုတီးစိပ်ရအောင် ဒီသစ်ကိုင်းပေါ် ရောက်နေတာ ကြာပါပြီ ၊ နင် ရေချိုးတာကိုလည်း ငါ မကြည့်ချင်ရိုး အမှန်ပါတယ် လို့ ဣ‌ေန္ဒြရရ ပြောလည်း မရဘူးကွ ၊ ငါ့လည်ပင်းမလည်း ပုတီးကြီးက ကွင်းလိုက်စွပ်လျက်သားဆိုတော့ ကိုယ့်ဟာကိုယ်လည်း ရယ်ချင်ရဲ့ ၊ ကမြင်းမ ရန်တွေ့နေတာကိုလည်း ရှင်းရရဲ့ ၊ ဘယ်လိုလုပ်ပြီး ငါ့ပုဆိုးလေး အင်္ကျီလေးတွေဆီ ရောက်အောင်သွားရမလဲ ဆိုတာကို အကြံရကျပ်နဲ့ ၊ သူ့လုံချည်ကလေးဆီ သူရောက်အောင် သွားချင် သွားပါစေတော့လေလို့ ငါက ဘေးဖယ်ပေးမယ်လို့ လှုပ်လိုက်ရင်း ၊ သူက “ လူကြီးတော့နော် ... ဟင်း ” လို့ ဆိုလိုက်ရင်းနဲ့ နေရာကပဲ မရွှေ့ဝံ့ဘူးကွ ”

ထိုအခိုက်တွင် မလှအေး ရေပြည့်သဖြင့် တစ်ခေါက်ပြန်လာသည် ။ ကျွန်တော်တို့အနီးသို့ ရောက်လျှင် သူ့အကြောင်းပြောနေမှန်း သိလေသလားတော့ မသိ ။ ကျွန်တော်ကလည်း သူ့ကိုမြင်မှ ပိုပြီး ရယ်ချင်လာသည်နှင့် ဣန္ဒြေ လုပ်လို့မရ မျက်နှာတစ်ဖက်လွှဲပြီး တခွီးခွီး ဖြစ်နေစဉ်တွင် ကိုကြီးခန့် နှင့် မလှအေးတို့ အပြန်အလှန် ဘုကျနေကြလေသည် ။

“ မဟုတ်ပါဘူးဟယ် ၊ ငါတို့ တခြားဟာ ပြောနေကြတာပါ ”

“ တော် ကျိန်ထားတာ တော့် ထိမှာပဲ ၊ တော့် မြွေဆိုးကိုက် မှာပဲ ၊ တော့် မိုးကြိုးပစ်မှာပဲ သိလား ”

သနပ်ခါး ဘဲကျားရိုက်ထားသော မလှအေးလည်း ရှက်ကိုးရှက်ကန်းဖြစ်လျက် ခြေလှမ်း မမှန်တော့အောင် ဖြစ်ရာတွင် ခလုတ်ဝင်တိုက်လိုက်ပြန်သဖြင့် ခေါင်းပေါ်က ရေအိုးလည်း ကျကွဲလေတော့သည် ။ ရေအိုးကျကွဲရာတွင် မလှအေးလည်း ချော်လဲရောထိုင် စိတ်ဆိုးမာန်ဆိုးနှင့် ကိုကြီးခန့်အား တွေ့ရာခဲလုံး ၊ အိုးခြမ်းပဲ့တို့နှင့် ကောက်ပေါက်လုပ်ကာ ရှက်ရမ်းရမ်းလေသောကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ရွာဆီသို့ သုတ်ခြေတင်ခဲ့ကြရပါသည် ။

အိမ်သို့ရောက်လျှင် ကျွန်တော်၏ မိခင်ထံမှ လူလွှတ်၍ မန္တလေးမြို့မှ ဘဘကြီး ၊ မေမေကြီး နှင့် ဒေါ်လေးတို့ ရောက်နေကြသဖြင့် မီရာရထားနှင့် ပြန်လာရန် အကြောင်းကြားသောစာကို တွေ့လိုက်ရပါသည် ။

ကိုကြီးခန့်တို့ရွာနှင့် ၅ မိုင်ခန့်ဝေးသော မီးရထားဘူတာသို့ နံနက်စောစော ရထားအမီ လှည်းနှင့် သွားမည်ဖြစ်၍ ကျွန်တော်လည်း စာဖတ်ပြီးလျှင် ပြီးချင်းပင် သွားရန် ပြင်ဆင်ရပါတော့သည် ။ ထို့နောက် ကိုကြီးခန့်ကို နှုတ်ဆက်ရင်း သူ့ကို ဘူတာအထိခေါ်ကာ ညနေက အကြောင်း ကန်ထဲက တက်ပုံကလေး မေးမည်စိတ်ကူးနှင့် သူ့ဆီ သွားခဲ့သေးသည် ။ “ နောက် များမှ ပြောကြသေးတာပေါ့ကွာ ” ဟူသော ကိုကြီးခန့်၏ ကတိနှင့်သာ မကျေနပ်ဘဲ ပြန်လာခဲ့ရသည် ။ နောင်လည်း ကိုကြီးခန့်နှင့် အေးအေးလူလူ မတွေ့ရတော့ ။ လွန်ခဲ့သောနှစ်က ကျွန်တော်တို့ဆီသို့ ကိုကြီးခန့် ကုန်ဝယ်ရင်း ရောက်လာပါသေးသည် ။ ကျွန်တော်က သူ့ကိုတွေ့လျှင် တွေ့ချင်း “ ကိုကြီးခန့် ကန်ထဲက တက်ပုံလေး ဆက်ပြောစမ်းပါဦးဗျာ ၊ သိချင်လွန်းလို့ပါ " ဟု မေးလိုက် မိသေးသည် ။ သို့ရာတွင် ကိုကြီးခန့်မှာ ကျွန်တော့်အဖေများနှင့် စကားပြောခိုက်ဖြစ်၍ ပြုံးရုံသာ ပြုံးပြီး “ မင်း မ‌ေမ့‌ေသးဘဲကိုး ၊ မှတ်လည်း မှတ်မိတဲ့ အကောင်ပဲ " ဟုသာ ပြောသွားပါသည် ။

ကျွန်တော်မှာ ကိုကြီးခန့် နှင့် မလှအေး ဘယ်လိုများကြံဖန်ပြီး ကန်ထဲက တက်ကြပါလိမ့် ဟူသော ပြဿနာရပ်ကြီး မပြေမလည်နှင့်ပင် ယနေ့တိုင် ကသိကအောက် ဖြစ်ရလျက်ရှိပါလေသည် ။ ခုနေ သေများသွားလျှင် အသေဖြောင့်ပါမည်လား မသိ ။  ။

◾ထင်လင်း

📖 ငွေတာရီ မဂ္ဂဇင်း
      ၁၉၅၅ ခုနှစ်

koaungnaingoo.blogspot.com

.

Monday, August 30, 2021

မုသာဝါဒ


 

   ❝  မုသာဝါဒ  ❞

လိမ်လည်ခြင်း အမျိုးမျိုးတို့တွင် မိမိကိုယ် မိမိ လိမ်ခြင်းသည် အဆိုးဆုံး ဖြစ်သည်ဟု ဆိုကြသည် ။ သို့ဖြစ်လျှင် မိမိနှင့် အနီးကပ်ဆုံး ရှိနေသော သူကို လိမ်ခြင်းသည်လည်း အဆိုးဆုံး မဟုတ်တောင် တော်တော်လေးတော့ ဆိုးသည်ဟု ဆိုနိုင်ပေမည် ။ ကျွန်တော် လိမ်ခဲ့သော သူကား ကျွန်တော့် မိန်းမပင် ဖြစ်ပါသည် ။

မိန်းမကို လိမ်သင့် / မလိမ်သင့် ၊ အိမ်ထောင်သက် တော်တော် ရင့်နေသော ကျွန်တော့် ဆရာများကို မေးမြန်းကြည့်ရာ ...

တစ်ယောက်က ...

“ ကိုယ့်မိန်းမပဲကွာ ၊ ဘာလိမ်နေစရာ လိုသလဲ ၊ မိန်းမ ကြောက်တတ်တဲ့ သူမှ လိမ်တာကွ ၊ မှတ်ထား ။ မိန်းမများ အကုန်လုံးပြောင်သာ ဖွင့်ပြောထား ။ ကိုယ်က လိမ်ထားခဲ့လို့ တစ်နေ့ အလိမ်ပေါ် သွားရင် မိန်းမက တစ်သက်လုံး ကိုယ့်အပေါ်မှာ အယုံအကြည် ရှိတော့မှာ မဟုတ်ဘူး ... " ဟု ဩဝါဒပေးသည် ။

အခြားတစ်ယောက်ကမူ ...

“ မိန်းမဆိုတာ နည်းနည်းတော့ လိမ်ပေးကွ ။ လိမ်တဲ့အခါကျရင်လဲ တချို့ကိစ္စတွေမှာ လိမ်မှန်း သိအောင် လုပ်ပေးရတယ် ။ ဒါမှ သူတို့ကို ကြောက်လို့ အသိမပေးရဲတာနဲ့ လိမ်ရတာလို့ ထင်မှာ ။ အဲဒီအခါ တော်ရုံကိစ္စဆိုရင် လိမ်မှန်းသိလျက်နဲ့ မသိချင်ယောင်တောင် ဆောင် နေတတ်ကြသေးတယ် ။ ကိုယ်လုပ်ခဲ့သမျှဟာ အကုန် အသိပေးရရင် ဘယ်မှာ လွတ်လပ်မှု ရှိတော့မှာလဲ ... "

ဤသို့လျှင် ဝိဝါဒ ကွဲနေကြလေသည် ။

°°°°°   °°°°°   °°°°°

မိန်းမကို လိမ်သည်ဆိုရာတွင်လည်း အမျိုးမျိုးရှိလေသည် ။

အိမ်ပြန်နောက်ကျ၍ လိမ်ခြင်း ၊ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်စကားပြောမိသဖြင့် နောက်ကျသွားရသည်ကို ရုံးဆင်းခါနီးမှ အရေးတကြီးခိုင်းလို့ဆိုပြီး ... လွှဲချလို့ရသည် ။

ငွေရေးကြေးရေးအရ လိမ်ခြင်း ၊ ဒါကလည်း သိပ်အရေးမကြီးချေ ။ အကြောင်းပြ ကောင်းဖို့သာ လိုသည် ။ ရသမျှ အကုန်အပ်ပြီးမှ စာရင်းအမျိုးမျိုးပြပြီး ပြန်တောင်းတာမျိုး ၊ ငွေအကုန်မအပ်ဘဲ လျှိုထားတာမျိုး လုပ်လို့ရသည် ။ တကယ်တတ်ကျွမ်းကျင်သူဆိုလျှင် ကလေးအတွက် စုထားသော စုဗူးထဲက ပိုက်ဆံကို မရရအောင် ခြေရာလက်ရာ မပျက် ထုတ်ယူသုံးလို့ ရသေးသည် ။ မိသွားတော့လည်း “ ဟီး .. ဟီး ... ဟဲ ... ဟဲ ...  " ဆိုပြီး ရူးသလို ၊ ပေါသလို လုပ်လို့ ရသေးသည် ။

လိမ်ဖို့ အခက်ဆုံးနှင့် အန္တရာယ်အကြီးမားဆုံးကတော့ အရင် ရည်းစားနှင့် ပတ်သက်၍ လိမ်ခြင်းဖြစ်သည် ။ ဒီလိုကိစ္စမျိုးဆိုတာကလည်း အိမ်ကမိန်းမတွေ အသိချင်ဆုံး အကြောင်းအရာ ဖြစ်လေသည် ။ ကိုယ့်ယောက်ျားမှာ အရင်က ရည်းစားရှိခဲ့ဖူးသလား ။ ရှိလျှင် ဘယ်နှစ်ယောက်ရှိလဲ သိချင်ကြသည်မှာ ဓမ္မတာ ဖြစ်သည် ။ အသိ ပေးသင့် / မပေးသင့် ဆိုသည်ကိုကား ကျွန်တော် မဆုံးဖြတ်တတ် ။ ရှေ့က အိမ်ထောင်ကျခဲ့သော သူငယ်ချင်းများ၏ နမူနာကို ကြည့်သောအခါ ...

သောင်းမော် ဆိုသော ကောင်က သူ့မိန်းမအား အရင်ရည်းစား အကြောင်းကို လုံးဝ အသိမပေးဘဲ ထားသည် ။ သူ့အနေဖြင့် ခြေရာလက်ရာတွေ အားလုံး ဖျောက်ဖျက်ပြီးဖြစ်သည့် ကိစ္စမို့ သူ့မိန်းမ လုံးဝ မသိနိုင်ဟု တွက်ထားသည် ။

သို့ရာတွင် တစ်နေ့သ၌ သူငယ်ချင်းတစ်ယောက်၏ စကားမှားမှုကြောင့် ထိုကိစ္စပေါ်သွားပြီး လင်မယား စကားများကြသည် ။ သောင်းမော် က အရင်ရည်းစားကို တကယ်ချစ်ခဲ့တာ မဟုတ် ။ ငယ်ငယ်က ရူးရူးမိုက် မိုက် မို့ အနေနီးလို့ပါ စသည်ဖြင့် မနည်းချော့မော့ ယူခဲ့ရသည် ။ ဒါတောင်မှ နောင်သောအခါတွင် သောင်းမော် အပေါ် အယုံအကြည် မရှိတော့ဘဲ အမြဲလိုလို မျတ်စိ ဒေါက်ထောက် ကြည့်နေသဖြင့် ဒီကောင် အနေကြုံ့ခဲ့ရသည် ။

ချစ်အေး ကတော့ ကိုယ်ပိုင်ပါတယ်ဆိုပြီး သူ့မိန်းမကို မကြောက်လေဟန်ဖြင့် အလုံးစုံ ပြောပြထားသည် ။ အရင် ရည်းစား၏ နာမည်ကိုတောင် အသိပေးထားသည် ။ ထိုအခါကျပြန်တော့လည်း သူ့မိန်းမသည် ဆူဆူပူပူ မလုပ်သည့်တိုင် ထိုကိစ္စနှင့်ပတ်သက်၍ အခါအခွင့်သင့်တိုင်း ‌ေထ့တတ်ေငါ့တတ်ပြန်လေသည် ။

ချစ်အေး တစ်စုံတစ်ခု စဉ်းစားနေတာတွေ့လျှင် ...

“ ဘာလဲ ... သတိရပြီး ဆွေးနေပြီပေါ့ ... ဟုတ်လား .. ” ဟူ၍ လည်းကောင်း ။

တစ်ခါတရံ သူ့ဘာသာ အတင်းစကား မစပ်လုပ်၍ ....

“ ပြောစမ်းပါ ... ကိုနဲ့ အဲဒီအမျိုးသမီးနဲ့ ဘာကြောင့်လွဲခဲ့ကြရတာလဲ ... ၊ ကိုက စဖြတ်တာ မဖြစ်နိုင်ဘူး ... ၊ ဟိုဘက်က ပစ်သွားတာသာ ဖြစ်ရမယ် ... ဒါကြောင့် .. ခုထိ ... စိတ်မကုန်သေးတာပေါ့ ” ဟူ၍လည်းကောင်း...

တစ်ခါတလေကျတော့ ...

“ အရင်ဟာ နဲ့ မိုး နဲ့ ဘယ်သူ့ကို ပိုချစ်သလဲ ...” ဟူ၍လည်းကောင်း ၊ နောက်ပြောင်သလိုလိုနှင့် အစပြန်ဖော်တတ်သည် ။ ချစ်‌ေအး ခမျာ အနုနည်းဖြင့် အတိုက်ခံနေရရှာခြင်းပင် ဖြစ်သည် ။

ဘယ်ဘက်ကမှ မသက်သာပါကလား ...

°°°°°   °°°°°   °°°°°

ကျွန်တော်သည် လေးမေ နှင့် သုံးနှစ်သုံးမိုး ချစ်ကြိုက်ပြီးနောက် လက်ထပ်ကြဖို့ စီစဉ်သည် ။ လက်ထပ်မင်္ဂလာပွဲအကြောင်းတော့ အကျယ်ချဲ့မပြောလိုတော့ပါ ။ မင်္ဂလာမဆောင်ခင် နှစ်ရက်လောက် အလိုမှာ ကျွန်တော်လုပ်ခဲ့သော ကိစ္စတစ်ခုကြောင့်သာ ပြောပါမည် ။

အရင်ရည်းစားထံမှ စာများ ၊ ပို့စကတ်များ ၊ ဓာတ်ပုံများကို ဖျောက်ဖျက်ပစ်ခြင်းပင် ဖြစ်ပါသည် ။ နှစ်တွေကြာခဲ့ပြီဖြစ်သည့်ပြင် စိတ်ထဲမှာလည်း စွဲစွဲလမ်းလမ်း မရှိဘဲ ခပ်ပေါ့ပေါ့ ပစ်ထားခဲ့သဖြင့် ဟိုတစ်ရွက် ၊ ဒီတစ်ရွက် လိုက်ရှာပြီး စုယူရသည် ။ စာအုပ်စင် ၊ စာရေးစားပွဲ ၊ ဗီရို ၊ အံဆွဲတွေထဲမှာ လျှောက် မွှေပြီး ရှာရသဖြင့် သိပ်တော့ မလွယ်လှချေ ။ ကံအားလျော်စွာ အားလုံးပြန်တွေ့သဖြင့် စိတ်အေးသွားရသည် ။

စာတွေ ၊ ပို့စကတ်တွေကို အလွယ်တကူပင် အိမ်သာတွင်းထဲ ပစ်ချလိုက်၏ ။ ဓာတ်ပုံနှစ်ပုံကိုတော့ အားနာသောအားဖြင့် ရေတွင် ဖျောက်ဖျက်လိုက်ရလေ၏ ။

°°°°°   °°°°°   °°°°°

လေးမေနှင့် လက်ထပ်ပြီးသောအခါ ကျွန်တော့်အိမ်မှာပင် နေကြသည် ။ ဟို စာတွေ ၊ ဓာတ်ပုံတွေ မရှိတော့သဖြင့် ကျွန်တော်လည်း ခပ်အေးအေးပင် နေနိုင်ခဲ့၏ ။

လေးမေ အပေါ်တွင် ငွေရေးကြေးရေးအရ လိမ်တာမျိုးတော့ ရှိခဲ့ပါသည် ။ ဤသည်မှာလည်း လိမ်ချင်လွန်းလှလို့ မဟုတ်ပါ ။ ကိုယ့် အတတ်နှင့် ကိုယ် စူးခဲ့ခြင်းသာ ဖြစ်ပါ၏ ။ ရည်းစားဘဝတုန်းက ဝတ္ထုတိုတစ်ပုဒ်ရေးတာ တစ်ရာ့ငါးဆယ် ရတယ်ဟု ကြွားခဲ့ဖူးသည် ။ တကယ်တော့ မဂ္ဂဇင်းတိုင်းက တစ်ရာ့ငါးဆယ် ပေးသည် မဟုတ် ။ အချို့ မဂ္ဂဇင်းတွေက တစ်ရာ ပေးသည် ။ တချို့ဆို ခုနစ်ဆယ့်ငါးကျပ် သာ ။ အခုချိန်ကျတော့ အရင်က ဝတ္ထုတိုတစ်ပုဒ် တစ်ရာ့ငါးဆယ် ရတယ်ဆိုတာ အလကား ပြောတာ ။ နင့်ကို ကြွားတာ ဆိုပြီး အမှန် အတိုင်း ပြောလို့ မကောင်းတော့ချေ ။ ပြောလျှင်လည်း သိက္ခာ ကျရတော့မည် ။ ထို့ကြောင့် ခုနစ်ဆယ့်ငါးကျပ် ၊ တစ်ရာသာပေးသော မဂ္ဂဇင်းတွေမှာ ကျွန်တော့်ဝတ္ထုပါသော လမျိုးဆိုလျှင် ကျွန်တော့် အသုံးစရိတ်ထဲက စိုက်စိုက်ပြီး ဖြည့်ပေးနေရသည် ။

ကျွန်တော့်မိန်းမကို ငွေရေးကြေးရေးအရ လိမ်သည်ဆိုသည်က အထက်က အဆိုပါအတိုင်းသာ ဖြစ်ပါသတည်း ။

°°°°°   °°°°°   °°°°°

“ အရင်က အဆက်တွေ ဘာတွေ ရှိခဲ့ဖူးမှာပေါ့ ... ” ဟု လေးမေ သည်လည်း တစ်ခြားမိန်းကလေးများ ကဲ့သို့ပင် မေးလေ့ရှိ၏ ။ ထိုအခါ ကျွန်တော်က ...

“ ရှိတာပေါ့ ။ ဆယ်ယောက်လောက်တောင် ရှိတယ် ” ဟု ဟာသ လုပ်ပစ်ပြီး စကားလွှဲတတ်၏ ။ လေးမေ သည် ကျွန်တော့်လို ကောင်မျိုး သူ့အပြင် ကြိုက် မည့်သူ မရှိဟု ထင်ထားသလား မသိ ။ သိပ်ပြီး သင်္ကာမကင်း မဖြစ်ခဲ့ချေ ။

တစ်နေ့ သူနှင့်ကျွန်တော် ရုပ်ရှင်ကြည့်ပြီး ပြန်အလာ ၊ ခပ်လှမ်းလှမ်းမှာ အမျိုးသမီးတစ်ယောက် လှမ်းတွေ့သဖြင့် ကျွန်တော် လွှတ်ကနဲ ပြောမိသည် ။

“ ဟေ့ .. ဟေ့ ... ဟိုမှာ ..."

“ ဘာလဲ ... ဘယ်သူလဲ ..."

“ ဟိုမှာလေဟာ ... အင်္ကျီအစိမ်းနဲ့ ခင်ခင်ဦးလေ .."

ကျွန်တော်ပြသော အမျိုးသမီးကို သူ မြင်ပါလျက် ကြောင် တောင်တောင်ဖြင့် ...

“ ဘယ်က ခင်ခင်ဦးလဲ ၊ တို့မှ မသိတာ ...”

ထိုအခါကျမှ ကျွန်တော် ခေါင်းနပန်းကြီးသွားသည် ။

ခင်ခင်ဦး ကို လေးမေ မသိတာ အမှန်ပင်ဖြစ်၏ ။ ခင်ခင်ဦးသည် ကျွန်တော့်အရင် ရည်းစား၏ သူငယ်ချင်းသာ ဖြစ်၏ ။ ဒါကို ကျွန်တော်က လေးမေ ၏ သူငယ်ချင်းအဖြစ် အမှတ်မှားပြီး ယောင်၍ ပြောမိခြင်း ဖြစ်သည် ။

လေးမေက ကျွန်တော့်ကို အကဲခတ်သလို ကြည့်လိုက်၏ ။

ကျွန်တော်လည်း ...

“ ဟာ ... ဟုတ်သားပဲ ၊ ဆောရီး ... ဆောရီး နင်က ငါ့သူငယ်ချင်း ဝင်းမြင့်ဇော် ကိုမှ မမြင်ဖူးသေးတာ ။ အဲဒါ ဝင်းမြင့်ဇော် ရဲ့ အမျိုးသမီးလေ ၊ ငါက နင်နဲ့ မိတ်ဆက်ပေးဘူးတယ် မှတ်လို့ ” ဟု လျှောက်လှည့်ပစ်လိုက် ရသည် ။ သို့သော် လေးမေသည် ဇဝေဇဝါ ဖြစ်နေသေးဟန် တူသည် ။ နောက်ပိုင်းတွင် သူသည် ကျွန်တော့်အား “ ထောက်ကွက် ” ဆန်သော စကားမျိုးတွေ ပြောလေ့ရှိကြောင်း သတိပြုမိ၏ ။

မည်သို့ပင်ဖြစ်စေ ...

အရင်ရည်းစားနှင့် ပတ်သက်၍ သူ့အား အမှန်အတိုင်း ဖွင့်ပြောသင့် / မပြောသင့် မဆုံးဖြတ်နိုင်သေးချေ ။ ဤသို့အားဖြင့် အိမ်ထောင်သက် တစ်နှစ်ကျော်လာခဲ့သည် ။ အမှန်တော့လည်း ဆုံးဖြတ်ချက် မချနိုင်သေးသဖြင့် ဘာမျှမပြောဘဲ နေသည်ကပင် သူ့ကို လိမ်ရာ ရောက်နေသည် ။ သို့ဖြင့် ကျွန်တော်သည် “ မိန်းမလိမ်အသင်း " ထဲတွင် အလိုအလျောက် ပါဝင်နေမိလေတော့သည် ။

°°°°°   °°°°°   °°°°°

ဝတ္ထုတိုလေးတစ်ပုဒ် ရေးဖို့ ကြိုးစားနေသည် ။ ချယ်ရီ မဂ္ဂဇင်းတိုက်က ယခုလမှစ၍ ဝတ္ထုတို စာမူခကို တစ်ရာ့ငါးဆယ်မှ နှစ်ရာ သို့ တိုးမြှင့်ပေးမည်ဟု ဆိုထားသည် ။ ထို့ပြင် ကျွန်တော့်မှာ အကြံအစည်တစ်ခုလည်း ရှိသည် ။ စာမူခရလျှင် လေးမေကို ထုံးစံအတိုင်း တစ်ရာ့ငါးဆယ် ပဲ စာရင်းပြမည် ။ ငါးဆယ်ကို ကျွန်တော် ဖြောင်မည် ။ အရင်က စိုက်ခဲ့ရတာ များလှပြီ ။ ဒီတစ်ခါတော့ ကိုယ့်အတွက် ကျန်အောင် လုပ်မှ ။ ထို့ကြောင့် ပို၍ ကြိုးစားနေခြင်း ဖြစ်လေ၏ ။

သို့ရာတွင် အခက်အခဲတစ်ခုတွေ့နေရသည် ဇာတ်လမ်း၏ အဓိကအခန်းမှာ ကောင်မလေးက ကောင်လေးကို ဖြတ်စာပေးသည့်အကြောင်း ဖြစ်သည် ။ ထိုဖြတ်စာကို စကားလုံး ထိထိမိမိကလေး ရေးလိုက် မှ ဝတ္ထုက အသက်ပါသွားမည် ဖြစ်သည် ။ ဘယ်လို ရေးရမလဲဟု စဉ်းစားလို့ကို မရ ။ ထိုနေရာကျမှ ရှေ့မဆက်နိုင်ဘဲ ရပ်နေသည် ။ ကျွန်တော် အရင်ရည်းစားကတော့ ဆယ်မျက်နှာလောက် ရှိသော ဖြတ်စာရှည်ကြီး တစ်စောင် ရေးခဲ့သည် ။ ခုတော့ ထိုစာကို ဖျက်စီးပစ်လိုက်သဖြင့် မရှိတော့ ။ နှစ်တွေ ကြာခဲ့ဖြစ်၍ စာသားတွေကိုလည်း မမှတ်မိတော့ချေ ။

စာတွေ ဖျောက်ဖျက်ခဲ့မိတာ မှားသည် လုံခြုံသော တစ်နေရာမှာ သိမ်းဆည်းထားခဲ့လျှင် ခုလို အသုံးလိုသော အခါမှ ပြန်ဖတ်ကြည့်လို့ရသည် ။ ခုတော့ ...

ဝတ္ထုဆက်ရေးလို့ မရသဖြင့် ဖောင်တိန်ကိုချ ၊ ဆေးပေါ့လိပ်ကြီး ခဲပြီး ငိုင်နေမိသည်မှာ အတော်ကြာသည် ။ ညဆယ့်တစ်နာရီပင် ထိုးလုပြီ ...

“ ဘာငိုင်နေတာလဲ ... စာရေးလို့ မပြီးသေးဘူးလား ။ အိပ်ချင်လဲ အိပ်ပါတော့လား ..."

လေးမေ သည် တရေးနိုးလာပြီး ဘယ်အချိန်က ကျွန်တော့်နောက် မှ လာရပ်နေသည်မသိ ။ ကျွန်တော်က ..

“ အေးကွာ …. ဆက်ရေးဖို့ စဉ်းစားနေတာ မရလို့ ... " ဟု ပြောလိုက်ရာ ခါတိုင်းလည်း ခုလို အခက်အခဲတွေ့လျှင် အကြံဉာဏ် ပေးနေကျဖြစ်သော လေးမေ က ရေးလက်စစာမူကို ယူဖတ်ကြည့်သည် ။

“ ဪ ... ဒါလေးများ ... ” ဟုပြောပြီး ၊ သူ့မှန်တင်ခုံ အံဆွဲကို ဖွင့်၍ တစ်စုံတစ်ခု ရှာဖွေနေသည် ။ ခဏအကြာတွင် ပြန်ရောက်လာပြီး ....

“ ရော့ ... ဒီစာကို ကူးထည့်လိုက် ... ”

ကျွန်တော့်ရှေ့မှာ စာရွက်တစ်ရွက်ကို ချပေးလိုက်သည် ။ စာကို မြင်လိုက်သည်နှင့် ကျွန်တော် လန့်ဖျပ်သွားရ၏ ။ ကျွန်တော့်အရင် ရည်းစား က ကျွန်တော်ဆီ ရေးခဲ့သော ဖြတ်စာမှ နောက်ဆုံးစာရွက် ၊ ကျွန်တော်၏ ပြစ်ချက် များကို စာလုံးပြောင်ပြောင်ဖြင့် ရေးထားခြင်း ဖြစ်သည် ။ ဒီစာရွက်တစ်ရွက်က စာရွက်တွေ ဖျက်ဆီးရာတွင် ပါမသွားဘဲ ဘယ်လို ကပ်ကျန်ခဲ့ပြီး လေးမေ က ဘယ်လို ရှာဖွေတွေ့ရှိသွားမှန်း မသိ ။ ဘယ်လိုပဲ တွေ့တွေ့ပြဿနာကတော့ စီးရီးလိုက်ကို တက်ပြီ ။ ပြေလည်အောင် ဘယ်လိုရှင်းရမလဲ ...

“ ဟို ... ဒါက ဒီလိုရှိပါတယ် ။ အဲဒီစာဟာ တကယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ... "

“ တော်တော့ ... ရှင်းမနေနဲ့ ။ ခုချိန်ကျမှ ရှင်းနေလဲ အပိုပဲ ။ ရှင်းချင်ရင်လဲ မနက်ကျမှရှင်း ။ ဒါမှ ဘယ်လိုလိမ်ပြီး အကြောင်းပြရမယ်ဆိုတာ အကြံဉာဏ်ထုတ်ဖို့ အချိန်ရမှာ ... "

ကျွန်တော် ဘာမှ ထပ်မပြောနိုင်ခင် ၊ သူ့အိပ်ရာထဲ ပြန်ဝင်သွားသည် ။ ကျွန်တော်လည်း ဘာလုပ်လို့ ဘာပြောရမှန်း မသိသဖြင့် ယောင်တောင်တောင် ထိုင်ရင်း ကျန်ခဲ့သည် ။ အတန်ကြာမှ ဒီကိစ္စကို ခပ်ပေါ့ပေါ့ဖြစ်အောင် လုပ်ပစ်ရမည်ဟု စဉ်းစားပြီး ခုတင်ဆီသို့ သွားကာ တင်ပလွှဲ ဝင်ထိုင်လိုက်သည် ။

“ ဟေ့ .. လေးမေ ၊ ဟဲ ... ဟဲ ... "

လေးမေ က ပြန်မထူး ၊ တစ်ဘက်သို့စောင်း၍ သူ့ပါးပေါ်တွင် ခြင်တစ်ကောင် နားနေသည် ။ ရိုက် မည်ဟု လက်နှင့်ရွယ်ပြီးမှ ပါးရိုက်သလို ဖြစ်သွားမည်စိုး၍ လက်နှင့်ယပ်ပြီး မောင်းထုတ်လိုက်ရသည် ။ ကိုယ်ဝန်သက် နုတုန်းမှာ အထိတ်တလန့်ဖြစ်အောင် မလုပ်ကောင်းဘူး မဟုတ်လား ...

ကျွန်တော် အကြံတစ်ခု ရလိုက်သည် ။ သူ့ဗိုက် မို့ကလေးပေါ် လက်တင်၍ ...

“ လေးမေရာ ... ဒီကိစ္စတွေက ခုချိန်မှာ ရယ်စရာဖြစ်နေပါပြီ ။ ကိုယ့်စိတ်ထဲမှာ သတိတောင် မရတော့ပါဘူး ။ ခုရေးနေတဲ့ ဝတ္ထုကလဲ စာမူခရရင် လေးမေအတွက် ဗိုက်ဖုံးအကျီလေးတွေ ချုပ်ပေးချင်လို့ ကြိုးစားပြီး ရေးနေတာပါ ။ လရင့်လာရင် ခုရှိတဲ့အင်္ကျီတွေနဲ့ မတော်တော့ဘူး မဟုတ်လား ။ ဟေ့ ... လေးမေ ... ကိုယ်ပြောတာ ကြားတယ်နော် ... "

သူသည် ဟိုဘက်လှည့်ပြီး အိပ်နေလျက်ကပင် ...

“ မကြားဘူး .. " ဟု ပြန်ပြောသည် ။

အခြေအနေ သိပ်မဆိုးတော့ကြောင်း သိလိုက်ရသည် ။

ဗိုက်ဖုံးအင်္ကျီ သုံးထည်လောက်တော့ ချုပ်ပေးရမည် ။ အပြင်သွားလျှင်လည်း ဝတ်လို့ရအောင် အသင့်အတင့်ကောင်းကောင်းလေးတော့ ချုပ်ပေးမှ ... ။

ဒါဆို .. စာမူခရလျှင် ငွေငါးဆယ် ဖြောင်ဖို့ကိစ္စ အောင်မြင် ထမြောက် မည် မဟုတ်တော့ ။

◾ မင်းလူ

📖  ချယ်ရီ မဂ္ဂဇင်း
       မတ်လ ၊ ၁၉၈၆

koaungnaingoo.blogspot.com

.

Sunday, August 29, 2021

မှန် ထဲက လူ


 

     ❝  မှန်ထဲက လူ  ❞

တစ်ခါက ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်းကြီး၏ထောင့်တွင် အရိပ်ခိုကာ မိုးကာဖျင်ကြီးတစ်ချပ်ကို ခင်းလျက် ၎င်းအပေါ်တွင် ရှေးဟောင်းမီးခွက် များ မှန်အိမ်များတင်၍ ရောင်းချသော  ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ကြီးတစ်ယောက် ရှိခဲ့ဖူးလေ၏ ။

ထို ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ကြီး၏အမည်မှာ ' အီဗရာဟမ် ' ဖြစ်သော်လည်း ကျွန်ုပ်တို့က ၎င်းအား ' အာလာဒင် ' ဟု ပင် ခေါ်ကြလေ၏ ။ ၎င်းအာလာဒင်၏ ဆိုင်တွင် ရှေးဟောင်း မီးခွက် များ ၊ မှန်အိမ်များသာမက ဓားဟောင်းများ ၊ ပုလင်းဟောင်းများ ၊ ကြွေပန်းကန်ဟောင်းများ ရှိလေ၏ ။

ကျွန်ုပ်သည် အားလပ်သောအချိန်များ၌ အာလာဒင် ၏ ဆိုင်သို့ သွား၍ ဟိုပစ္စည်းကိုင် ၊ ဒီပစ္စည်းကိုင်နှင့် အချိန်ဖြုန်းတတ်လေ၏ ။ ထို့ကြောင့် အာလာဒင် ဆိုသော ကုလားကြီးနှင့် ကျွန်ုပ်သည် ခင်မင်ရင်းနှီးနေပြီဖြစ်၏ ။ တစ်နေ့တွင် ကျွန်ုပ်သည် အာလာဒင် ၏ ဆိုင်သို့ ရောက်သွားပြီး ပစ္စည်းအဟောင်းများကို ကြည့်ရှုနေစဉ် သစ်သားပေါင်တပ် ရှေးဟောင်း ကြည့်မှန် တစ်ချပ်ကို တွေ့မိသဖြင့် ဆွဲယူ၍ ကြည့်မိလေ၏ ။

ထိုသို့ ကြည့်မိရာ ထိုကြည့်မှန်သည် ကတ္တရာသုတ်၍ အင်္ဂလိပ်သတင်းစာဟောင်း တစ်ရွက်ဖြင့် မှန်သားကို ကပ်၍ ပိတ်ထားကြောင်း တွေ့ရလေ၏ ။ ထိုသတင်းစာဟောင်းကို စေ့စေ့စပ်စပ်ကြည့်မိရာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့်က သတင်းစာဖြစ်ကြောင်း နေ့စွဲကို တွေ့ရလေတော့၏ ။

“ ဦးအီဗရာဟမ် ၊ ခင်ဗျားမှန်ကလည်း သတင်းစာစောင် စက္ကူကြီး ကပ်ပြီး ပိတ်ထားတော့ ဘယ်လိုလုပ် ကြည့်ရမှာတုံး ” ဟု ကျွန်ုပ်ကမေးရာ အလာဒင်က...

“ ဒွန်နယာကြီးမှာ အတော်ခက်ခဲတဲ့လူပဲ ၊ ဒီဆိုင်ဟာ မှန်ရောင်းတဲ့ဆိုင် မဟုတ်ဘူးလေ ၊ ရှေးဟောင်းပစ္စည်း ရောင်းတဲ့ ဆိုင်ပဲ ။ ဒီလိုပဲ သုံးမရ စွဲမရ အဟောင်းအစုတ်တွေ တွေ့ရမှာပေါ့ ။ အဲဒီ မှန်ရယ် ၊ ဟောဟို မှန်အိမ်ရယ် ၊ ဟောဒီ ဘူးသီးခြောက်ပုလင်းရယ်ဟာ ဒီဆိုင်ကိုတစ်ချိန်တည်း ရောက်လာတာ ။ လာပြီးရောင်းတဲ့လူက ' ကိုချိတ်ပန်း ' တဲ့ ။ ကျုပ်ကလည်း ခင်ဗျားပြောသလိုပဲမှန်ကြီး ကတ္တရာစေးသုတ်ပြီး သတင်းစာစက္ကူနဲ့ပိတ်ထားတာကို မကျေနပ်လို့ ပြောမိတော့ ကိုချိတ်ပန်းက ... “ အာလာဒင်ရေ ၊ စေတနာနဲ့ ပြောမယ်နော် ။ မှန်ကြီးကို ပိတ်တဲ့အတိုင်း ထားပါ ။ ဓာတ်ဆီတွေ ၊ ရေနံဆီတွေနဲ့ ဆေးကြောပြီး မဖွင့်လိုက်ပါနဲ့ ၊ ဒုက္ခရောက်လိမ့်မယ် ။ ဒီမှန်ကို ကြည့်ပြီး ရူးသွားတဲ့လူ သုံးယောက် ရှိပြီတဲ့ ” လို့ သူကပြောတယ် ။

“ ကျုပ်ကလည်း ဆက်ပြီး မမေးတော့ပါဘူး ၊ ဒါကြောင့် မှန်သားကို ကတ္တရာစေးပိတ်ပြီး သတင်းစာစောင် တစ်ရွက်ကပ်ပြီး ပိတ်ထားတဲ့ မှန်အကြောင်းကို ဒီထက်ပိုပြီး ဘာမျှ မပြောနိုင်ပါဘူးဗျာ ။ စိတ်ဝင်စားရင် ဝယ်သွား ၊ ဒါပဲ ပြောတတ်ပါတယ် ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ထိုမှန်ကြီးကို ဝယ်ခဲ့လေ၏ ။

မှန်မှာ အလျားနှစ်ပေ ၊ အနံတစ်ပေခွဲရှိ၍ သစ်သားကျွန်းပေါင် တပ်ထားလေ၏ ။ သစ်သားပေါင်ကိုလည်း ရှေးဟောင်းအနောက်တိုင်း မှော်ဆရာများ အသုံးပြုလေ့ရှိသော ရူနေ ခေါ် သင်္ကေတတံဆိပ်များ ထွင်းထားသည်ကို တွေ့ရလေ၏ ။

၎င်း ရူနေး တံဆိပ်များကို လေ့လာနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည် ။

🔳  🔳  🔳  🔳

အိမ်သို့ရောက်သောအခါ ကျွန်ုပ်သည် သတင်းစာစက္ကူများကို ကြိုးစား၍ ခွာပြီးလျှင် မှန်မျက်နှာပြင်ကို ရေနံဆီဖြင့် ပွတ်ကာ နှပ်ထားပြီး အချိန်အတော်ကြာမျှ ပွတ်တိုက်ရလေ၏ ။ သုံးရက်ခန့် ကြိုးကြိုးစားစား လုပ်လိုက်သောအခါ ရှေးဟောင်းမှန်ကြီးသည် ကြည့်၍ ရသော အဆင့်သို့ ရောက်သွားလေတော့၏ ။ ကျွန်ုပ်သည် လွန်စွာမှ ကျေနပ်သွား၏ ။ ထို့ကြောင့် မှန်ကြီးကို နံရံတွင် ချိတ်လိုက်၏ ။

နောက်တစ်နေ့နံနက် အိပ်ရာမှထသောအခါ မျက်နှာသစ်ပြီးနောက် ခေါင်းဖြီးရန်အတွက် မှန်ကိုကြည့်လိုက်ရာ မှန်ကြီးသည် မျိုးကောင်း၍ လွန်စွာကြည်လင်သော မှန်ဖြစ်ကြောင်း တွေ့ရလေ၏ ။ ကျွန်ုပ်အခန်း၏ အရိပ်သည် မှန်ထဲတွင် ထင်ဟပ်နေ၏ ။ စားပွဲပေါ်တွင် တင်ထားသော စာအုပ်များကိုလည်း မှန်ထဲတွင် အတိုင်းသား မြင်ရလေ၏ ။

မှန် နှင့် ဆန့်ကျင်ဘက်နံရံတွင် ချိတ်ထားသော ပန်းချီကားကိုလည်း မှန်ထဲတွင် တွေ့မြင်ရလေ၏ ။ ကျွန်ုပ်သည် မှန်ရှေ့တွင်ရပ်ပြီး မှန်တွင်းမှ ကျွန်ုပ်၏ ရုပ်ကို ကျွန်ုပ် ကြည့်လိုက်၏ ။ မှန်ထဲတွင် ကျွန်ုပ်၏ရုပ် ပေါ်နေ၏ ။ သို့ရာတွင် တစ်ခုထူးခြားသည်မှာ အပြင်မှ ကျွန်ုပ်သည် ခေါင်း မဖြီးရသေး ။ မှန်ထဲမှ ကျွန်ုပ်သည် ဆံပင်ကို ခေါင်းအလယ်မှ ခွဲ၍ အကျအန ဖြီးထားသည်ကို တွေ့ရ၏ ။ အပြင်မှ ကျွန်ုပ်သည် စွပ်ကျယ်အင်္ကျီသာ ဝတ်ထား၏ ။ မှန်အတွင်းမှ ကျွန်ုပ်သည် ရှပ်အင်္ကျီ ကုတ်အင်္ကျီတို့ ဝတ်ထား၏ ။ လည်ပင်းတွင်လည်း နက်ကတိုင်ခေါ် လှပသော လည်စည်းကလေးတစ်ခု စည်းထား၏ ။

ကျွန်ုပ်သည် တအံ့တဩဖြစ်သွားပြီးလျှင် ကျွန်ုပ်၏ နှုတ်ခမ်းမွေးကို ကျွန်ုပ်၏ လက်ဖြင့် စမ်းကိုင်မိ၏ ။ မှန်ထဲမှ ကျွန်ုပ်ကလည်း အပြင်က ကျွန်ုပ်အတိုင်းပင် နှုတ်ခမ်းမွေးကို လှမ်း၍ ကိုင်လိုက်၏ ။ ထို့နောက် မှန်ထဲမှ ကျွန်ုပ်က အပြင်က ကျွန်ုပ်ကို လှမ်း၍ စကားပြော၏ ။

“ ဘယ်လိုလဲ ကိုအောင်ထွန်း ၊ မအံ့ဩသင့်တာတွေ အံ့ဩနေပြီလား ။ အပြင်ကလူ နဲ့ မှန်ထဲကလူဟာ အမြဲတမ်း ဆန့်ကျက်ဘက်လေဗျာ ၊ အပြင်က ခင်ဗျားက ညာဘက်လက်ကို မြှောက်ရင် မှန်ထဲက ခင်ဗျားအရိပ်က ဘယ်ဘက်လက်ကို မြှောက်လိမ့်မယ်  ”

“ အပြင်က ခင်ဗျားက ဘယ်ဘက် မျက်လုံး နီနေရင် မှန်ထဲက ညာဘက် မျက်လုံး နီနေလိမ့်မယ် ။ ဘယ်တော့မျှ မတူဘူး ။ မှန်လည်း မမှန်ဘူး ။ ဒါပေမဲ့ ဒီပစ္စည်းကို မှန်လို့တော့ ခေါ်ရမယ်နော် ။ မမှန်လို့တော့ မခေါ်ရဘူး ။ အဲဒီလိုခေါ်ရင်တော့ ခင်ဗျားကို ရူးနေပြီလို့ လူတွေကပြောကြလိမ့်မယ်  ”

“ အခုလည်း အပြင်ကခင်ဗျားက စွပ်ကျယ်အင်္ကျီပဲ ဝတ်ထားတယ် ။ မှန်ထဲက ခင်ဗျားအရိပ်က ကုတ်အင်္ကျီဝတ်ထားတယ် ။ နက်ကတိုင်စည်းထားတယ်ဗျာ အဲဒါဆန်းသလား ။ အပြင်က ခင်ဗျားက ကိုအောင်ထွန်း ဆိုရင် အထဲက ခင်ဗျားဟာ ကိုထွန်းအောင် ပေါ့ဗျာ ။ နည်းနည်းလေး ဟိုဘက်ဒီဘက် ပြောင်းလိုက်ရင် ရပါတယ် ”

“ တစ်ခု ပြောဦးမယ် ၊ ဒီနေ့ ရုံးတက်ရင် ပိုက်ဆံအပို ထည့်သွား ၊ ရုံးက စာရေးတစ်ယောက်ရဲ့ ယောက္ခမကြီး သေလို့ အသုဘအလှူငွေ ကောက်လိမ့်မယ် ” ဟု ပြောလေ၏ ။

ကျွန်ုပ်သည် လွန်စွာ စိတ်ချောက်ချားသွား၏ ။ ရူးချင်သကဲ့သို့လည်း ဖြစ်သွား၏ ။ မှန်ကြီးကို ရိုက်ခွဲလိုက်ရမည်လား ၊ သို့မဟုတ် ကတ္တရာစေးသုတ်၍ သတင်းစာစက္ကူကပ်ကာ နဂိုအတိုင်း ပိတ်ပစ်လိုက်ရမလားဟု ကြံမိလေ၏ ။

ထိုအခါ အတွင်းမှ ကျွန်ုပ်က ... “ မကြံကောင်း မစည်ကောင်းတွေ မကြံပါနဲ့ ကိုအောင်ထွန်းရယ် ၊ ဒါကြီး ခွဲပစ်လို့ ဘယ်ဖြစ်မလဲ ။ ခင်ဗျားတို့ ပြောနေတဲ့ ဂမ္ဘီရဆိုတာ ဒါမျိုး မဟုတ်လား ။ ပြီးတော့ ကတ္တရာစေးသုတ်ပြီး ပိတ်လိုက်ရင်လည်း တစ်ဖက်သားကို ချုပ်နှောင်သလို ဖြစ်မှာပေါ့ ၊ ဘယ်ကောင်းမလဲ ၊ ဒီအတိုင်းထား  ”

“ အားတဲ့အခါ မှန်ကိုလာကြည့်ပြီး ကျုပ်နဲ့စကားပြော ၊ အနာဂတ်အကြောင်းလည်း ကျုပ်ပြောပြနိုင်တယ် ၊ အတိတ်အကြောင်းလည်း ကောင်းကောင်းပြောနိုင်တယ် ၊ အတိတ်က ရာဇဝင်သမိုင်းတွေအကြောင်း ၊ ခင်ဗျားသိချင်တာရှိရင် ကျုပ်ကိုမေး ၊ ကျုပ်ပြောပြမယ်  ”

“ ဥပမာဗျာ ၊ ကျန်စစ်သား ဘယ်နှစ်ခုနှစ်မှာ မွေးသလဲသိချင်တယ်ဆိုပါတော့ ၊ ( ၃၈၂ ) ခုနှစ်မှာ မွေးတယ် ။ ဘာနေ့သားလဲ သိချင်တယ် ဆိုပါတော့ ၊ အင်္ဂါသားဗျာ ။ အဲဒီတော့ မဟာဘုတ်မှာ အထွန်းဖွားပေါ့ ။ ပုဂံခေတ်မှာ အထွန်းဖွားမင်းဆက် ဘယ်နှစ်ပါးရှိသလဲ သိချင်တယ်လို့ မေးတယ်ဆိုပါတော့ ၊ ( ၁၂ ) ပါး ရှိတယ်ဗျာ ”

“ အဲဒီတော့ မှန်ကို ခွဲမပစ်ပါနဲ့ ၊ ကတ္တရာစေးလည်း သုတ်မပစ်ပါနဲ့ ၊ အားတဲ့အခါ မှန်လာကြည့်ပြီး ကျုပ်နဲ့စကားပြောပါ ။ ကျုပ်ကလည်း တခြားလူမဟုတ်ဘူးလေ ၊ ခင်ဗျားပဲ မဟုတ်လား ။ ခင်ဗျားတို့ အပြင်လောကမှာက ငါ န ဲ့သူတစ်ပါး ဆိုတဲ့ မျဉ်းကြောင်းဟာ အတော့်ကို ခြားနားတယ် ။ ကျုပ်တို့ မှန်လောကမှာတော့ ငါ နဲ့ သူတစ်ပါး ဟာ တစ်ထပ်တည်းလောက်နီးနီး ဖြစ်နေတယ် ။ သူတစ်ပါး ဆိုတာလည်း ငါပဲ ၊ ငါ ဆိုတာလည်း သူတစ်ပါး ပဲ ” ဟု မှန်ထဲက ကျွန်ုပ်က အပြင်က ကျွန်ုပ်အား ပြောလေ၏ ။

ကျွန်ုပ်သည် ရုံးသို့ ထွက်လာခဲ့၏ ။ ရုံးသို့ ရောက်သောအခါရုံးမှ စံမတူ ဆိုသော စာရေးတစ်ဦး၏ ယောက္ခမ သေဆုံးသဖြင့် အသုဘအလှူငွေ ကောက်ခံနေသည်ကို တွေ့ရလေ၏ ။ ထို့ကြောင် ကျွန်ုပ်၏ စိတ်၌ “ မှန်ထဲက လူပြောတာ မှန်သားပဲ ” ဟု တွေးထင်မိလေ၏ ။ အိမ်ရောက်သောအခါ မှန်ကို သွားကြည့်၍ ခေါင်းဖြီးပြန်၏ ။ မှန်တွင်းမှ လူ ပေါ်လာပြန်၏ ။ ထိုအခါ ကျွန်ုပ်ကစ၍ ...

“ ခင်ဗျားပြောတာ မှန်တယ်ဗျ ၊ ရုံးလည်း ရောက်ရော စာရေးတစ်ယောက်ရဲ့ ယောက္ခမ ဆုံးလို့ အလှူငွေတွေ ထည့်ရတယ်ဗျ ” ဟု ပြောလိုက်လျှင် မှန်တွင်းမှလူသည် ဟက်ဟက်ပက်ပက် လှောင်ရယ် ရယ်ပြန်၏ ။

“ ကိုအောင်ထွန်းကလည်း လုပ်ပြီဗျာ ၊ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား လုပ်နေပြန်ပြီ ၊ မှန်ပါတယ်ဗျ ၊ ခင်ဗျားကို ထပ်ပြီး ပြောလိုက်ဦးမယ် ။ ရှေ့လထဲမှာ အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရမယ်ဗျ ။ ကနေဒီ လုပ်ကြံခံရတဲ့ အဖြစ်အပျက်နဲ့ သမ္မတ လင်ကွန်း လုပ်ကြံခံရတဲ့ အဖြစ်အပျက်က ပြောင်းပြန်ဗျ ။ သမ္မတ လင်ကွန်းကို လုပ်ကြံတဲ့လူက ပြဇာတ်ရုံထဲကို ဝင်ပြီး လုပ်ကြံတာဗျာ ပြီးမှ ဂိုဒေါင်ထဲမှာ ဝင်ပြီးပုန်းတာ  ”

“ ကနေဒီကို လုပ်ကြံတဲ့လူက ဂိုဒေါင်ထဲကထွက်ပြီး လုပ်ကြံတာ ပြီးမှ ပြဇာတ်ရုံထဲဝင်ပြီး ပုန်းတာဗျ ။ ဒါတွေကလည်း အဆန်းတော့မဟုတ်ပါဘူးဗျာ ။ အဖြစ်အပျက်တွေဟာ လူတွေလိုပဲ ဆင်တူယိုးမှား ပြန်ပြီး ဝင်စားတတ်တယ်ဗျ  ”

“ သန်ဘက်ခါကျရင် ခင်ဗျားတို့ ရပ်ကွက် မီးလောင်လိမ့်မယ် ။ လွန်ခဲ့တဲ့ နှစ် ( ၃ဝ ) က ဒီရပ်ကွက်ဟာ တစ်ခါ လောင်ပြီးပြီလေဗျာ ။ အရပ်လူကြီးအိမ်က ထဘီစုတ်တောင် မကျန်အောင် ပါသွားလိမ့်မယ် ။ အရင်တစ်ခါတုန်းက စိတ်မနှံ့တဲ့ မိန်းမကြောင့် ၊ အရူးကြောင့် လောင်တာဗျ ။ ဒီတစ်ခါ လောင်မှာကတော့ ကလေးကြောင့်ဗျ ။ ကလေး နဲ့ အရူးက ဘာကွာလို့လဲဗျာ ။ နောက်တစ်ခါ လောင်ရင် သဘင်သည်ကြောင့်များ လောင်မလား မသိဘူး ” ဟု မှန်တွင်းမှ လူက ပြောလေ၏ ။

ကျွန်ုပ်လည်း လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး လက်ဖက်ရည်သောက်ရင်း သန်ဘက်ခါတွင် ဤရပ်ကွက် မီးလောင်မည်ဖြစ်ကြောင်း ၊ လောင်မည်မှာလည်း ကလေးကြောင့် လောင်မည်ဖြစ်ကြောင်း အတည်ပေါက်နှင့် ပြောလေတော့၏ ။

ထိုရက်သို့ ရောက်သော အခါ၌ ဘတ်စ်ကားထောင်သောအိမ်မှ ကလေးတစ်ဦးက မီးခွက်ဖြင့်ဆော့ရာ မီးစတင် လောင်ကျွမ်းလေတော့၏ ။ ရပ်ကွက်လူကြီးအိမ် ပါသွား၏ ။ ထိုလူကြီးသည် ကျွန်ုပ်က ကြိုသိနေသည် ။ ကျွန်ုပ်၏ အကြံအစည် ပါနိုင်သည်ဟုဆိုကာ မီးသတ်အရာရှိများကို တိုင်တန်း၍ အမှုဖွင့်သဖြင့် ကျွန်ုပ်မှာ အတော်ပင် ရှင်းယူရလေ၏ ။

အေးအေးဆေးဆေး ဖြစ်သွားသောအခါ၌ ရပ်ကွက်လူကြီးကို ကျွန်ုပ်က လူရှင်းသော နေရာသို့ ခေါ်သွားပြီးလျှင် ထူးဆန်းသော ကျွန်ုပ်၏ မှန်အကြောင်း ပြောပြရာ ရပ်ကွက်လူကြီးက ' မယုံဘူး ' ဟု ဆိုလေ၏ ။

ထို့ကြောင့် ကျွန်ုပ်လည်း မှန်ကို ဖြုတ်၍ ရပ်ကွက်လူကြီးအား အိမ်တွင် နှစ်လခန့် ချိတ်ထားရန် ငှားလိုက်လေတော့၏ ။ ရပ်ကွက်လူကြီးသည် မှန်ရပြီး နောက်တစ်နေ့တွင် အိမ်တွင်းမှ အော်ဟစ်ခုန်ပေါက်၍ ပြေးထွက်လာ၏ ။ ပါးစပ်ကလည်း ...

“  မှန်ထဲက လူက ကျုပ် မဟုတ်ဘူးဗျို့ ၊ တခြားတစ်ယောက် ဖြစ်နေတယ် ၊ လုပ်ကြပါဦးဗျို့ ” ဟု အော်ဟစ်နေလေ၏ ။

အကျိုးအကြောင်းကို မေးရာ ထိုလူကြီးသည် ကျွန်ုပ်ငှားလိုက်သောမှန်ကို ကြည့်သည်ဟု ဆို၏ ။ အပြင်မှ သူသည် စွပ်ကျယ်လက်ပြတ်ကို ဝတ်ထား၏ ။ မှန်တွင် အရိပ်ထင်နေသောသူသည် ဇာတ်မင်းသားကဲ့သို့ ထိုင်မသိမ်း အင်္ကျီ ကို ဝတ်ထား၏ ။ မှန်တွင်းမှ လူက အပြင်ကရပ်ကွက်လူကြီးအား ...

“ ခင်ဗျားက မှန်အပြင်က ကိုသောင်းဌေး ၊ ကျုပ်က မှန်ထဲက ကိုဌေးသောင်း  ” လို့ ပြောတယ် ဟု ရပ်ကွက်လူကြီးက ရှင်းပြလေ၏ ။ ထို့ကြောင့် အနီးအပါးမှ လူများက ရပ်ကွက်လူကြီးကို ချုပ်ကာ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့လိုက်လေတော့၏ ။

ထိုရပ်ကွက်လူကြီး၏ မိန်းမသည် ထိုမှန်ရောက်ပြီးမှ သူ၏ယောက်ျား ရူးသွပ်သွားသည်ဟု သံသယဖြစ်ကာ ထိုမှန်ကို ပေးလိုက်သော ကျွန်ုပ်အား လာရောက် ဆဲဆို ကြိမ်းမောင်းလေ၏ ။ ထို့နောက် မှန်ကို ဖြုတ်ကာ ဆွမ်းခံဘုန်းကြီးအား လှူလိုက်လေတော့၏ ။

များမကြာမီ ထိုဘုန်းကြီးလည်း စိတ်ကယောက်ယက်ဖြစ်ကာ လူထွက်သွားသည်ဟု ကြားသိရလေ၏ ။

ဆရာတော်သည် ထိုမှန်ကိုကြည့်၍ ရပ်ကွက်လူကြီးလည်း ရူးသည် ၊ သူ့ကျောင်းမှ ဦးပဉ္စင်း တစ်ပါးလည်း စိတ်နောက်သွားသည်ဟု သံသယဖြစ်ကာ ထိုမှန်ကို အလယ်တွင်ချကာ ဘုန်းကြီးများက ဝန်းရံပြီးလျှင် ပရိတ်တော်များ ရွတ်ဖတ်ခဲ့လေ၏ ။

ထိုသို့ ပြုလုပ်ပြီးမှ ကျောင်းသို့ မကြာခဏလာလေ့ရှိသော အပျိုကြီးအား စွန့်လိုက်လေတော့၏ ။ ၎င်းအပျိုကြီး သည် မှန်ရပြီး နောက် ထူးထူးခြားခြားကြီး နုပျိုလာသည်ဟု ဆို၏ ။ အသက် ၅ဝ အရွယ်မှ သူ၏ တူမ အသက် ၃ဝ အရွယ်နှင့် ရွယ်တူကဲ့သို့ နုပျိုသွားသည်ဆို၏ ။

ထို့နောက် အတန်ကြာသောအခါ သူ၏ တူမထက်ပင် နုပျိုသွားသည်ဟု ဆို၏ ။ ထိုအပျိုကြီးသည် မှန်ထဲမှ အပျိုကြီး၏ ညွှန်ကြားချက်အတိုင်း စားသောက် နေထိုင်ခဲ့သဖြင့် ဤသို့ဖြစ်သည်ဟု ဆို၏ ။ ထိုအပျိုကြီး စားသောက်ခဲ့သော အစားအသောက် များကို တစ်ဆင့်စကားဖြင့် လေ့လာကြည့်ရာ အများစုမှာ ပဲပင်ပေါက် များသာ ဖြစ်သည်ဟု ဆို၏ ။

ထိုအပျိုကြီးသည် ထိုထူးဆန်းသော မှန်ကြီးအား နေပြည်တော် ပျဉ်းမနားတွင် နေသော သူ၏ အစ်မထံသို့ ပို့လိုက်ရာ သူ၏ အစ်မသည် ထိုမှန်ကြီး ရပြီးနောက် တစ်နေ့တွင် သွက်သွက်ခါအောင် ရူးသွားသဖြင့် မှန်ကြီးကို တခြားလူများ မကြည့်နိုင်အောင် ကတ္တရာစေး သုတ်၍ သတင်းစာစက္ကူဟောင်းများ ကပ်ကာ ရှေးဟောင်းပစ္စည်းများ ရောင်းသော ' အီဗရာဟမ် ' ဆိုသော̶က̶̶ု̶̶လ̶̶ာ̶̶း̶  အား ရောင်းပစ်လိုက်လေတော့သတည်း ။

◾ မင်းသိင်္ခ

📖  မင်းနန်သူ နှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ

koaungnaingoo.blogspot.com

.

Saturday, August 28, 2021

ရနောင် ကိုစံရင် နှင့် ဆင်ခိုးမ မခင်ညို


 

❝  ရနောင် ကိုစံရင် နှင့် ဆင်ခိုးမ မခင်ညို ❞

ကျွန်တော်သည် ရန်ကုန်မြို့တွင်းက နေရာအနှံ့အပြားကို  လျှောက်သွားနေသည် ။ လမ်းဘေးက စာအုပ်အဟောင်းရောင်းသည့် ပလက်ဖောင်းတွေပေါ်မှာ ကျွန်တော့်ကို တွေ့နိုင်သည် ။ ပလက်ဖောင်းပေါ်က ပေါချောင်ကောင်း စာအုပ်အဟောင်းတွေကို ဝယ်ဖတ်လေ့ ရှိသည် ။

စာအုပ် အဟောင်းပုံထဲမှာ စာအုပ်ကောင်း တစ်အုပ် တွေ့သည် ။ ၁၉၆၀ ပြည့်နှစ်လောက်က ဆရာကြီး ဦးသော်ဇင် ရေးပြီး စာပေဗိမာန်က ထုတ်သည့် ဆင်ခိုးမလေး စာအုပ်ကို ငါးဆယ်ကျပ်ဖြင့် ဝယ်သည် ။ ဆင်ခိုးမလေး ကနေတာကို ကြည့်ပြီး ရမ္မက်ခိုး ထနေသည့် ရနောင် မောင်မောင်တုတ် ပုံကို သရုပ်ဖော်ထားသည့် ပန်းချီဆရာကြီး ဦးငွေကိုင် ၏ လက်ရာ မျက်နှာဖုံးကပင် ငါးဆယ်မျှမက တန်နေသည် ။

ဆရာကြီး ဦးသော်ဇင်၏ နှံ့စပ် ကြွယ်ဝသည့် ဗဟုသုတနှင့် ကျွမ်းကျင်သည့် တင်ပြပုံတို့ကြောင့် ဖတ်မိတယ် ဆိုရင်ပဲ လက်က ချလို့ မရအောင် ဆွဲဆောင်သွားသည် ။ စာအရေးအသား နှင့် တင်ပြပုံ ရိုးစင်းသော်လည်း အကြောင်းအရာက အားကောင်းလွန်းနေသည် ။ ဆင်ခိုးမလေး ဖြစ်လာမည့် အရပ် ကချေသည် မမျှင် သည် တောင်တွင်းကြီး လယ်တော်အုပ် မောင်မောင် ၏ ဇနီးဖြစ်သည် ။ ဘုရင့်လယ်ယာမြေတွေမှာ ရေရအောင် မိုးခေါ်ပွဲတွေလုပ်ရာမှာ ဝင်ရောက် သီဆိုကပြရင်း နာမည်ကြီးလာသော အရပ်မင်းသမီး ဖြစ်သည် ။ ကံဆိုးချိန် သို့မဟုတ် ကံကောင်းချိန် ရောက်လာသောအခါ နေပြည်တော်အထိ တက်ပြီး အသုံးတော်ခံရမည့်ကိန်း ကြုံလာသည် ။ လယ်ဝန်မင်း၏ အကူအပံ့ဖြင့် ရနောင် မောင်မောင်တုတ် ၏ စံအိမ်တော်ဝင်းထဲမှာ ကပြခွင့် ရခဲ့လေသည် ။ အဲဒီညမှာပဲ အကုသိုလ် ဝင်လေတော့သည် ။ ရနောင် မောင်မောင်တုတ် က ဆင်ခိုးမလေး ဖြစ်လာမည့် မမျှင် ကို မရလျှင် မနေနိုင်တော့ပါဘူး ဆိုပြီး နသားပါယား လုပ်၍ ကုန်းဘောင် ရာဇဝင်သမိုင်းမှာ အရိုင်းစိုင်းဆုံးနှင့် အရုပ်အဆိုးဆုံး သူများမယား ခိုးမှုကြီး ဖြစ်ခဲ့လေတော့သည် ။

ကုန်းဘောင် ခေတ်နှောင်း ကာလမှာ ရနောင် မောင်မောင်တုတ် ကသာ ကြိုက်တယ် ၊ လိုချင်တယ် ဆိုလျှင် မယ်တော် ဆင်ဖြူမရှင် နှင့် စုဖုရားလတ် က လွဲလျှင် ကျန်တဲ့မိန်းမအကုန်လုံးကို ရနိုင်သော ကာလဖြစ်သည် ။ ရနောင် မောင်မောင်တုတ်ဆိုတာ ကုန်းဘောင်ခေတ်မှာ ဓားထက်တဲ့ မိဖုရား စုဖုရားလတ် နဲ့ နို့စို့ဖက် ဖြစ်၍ လိုချင်တာ မှန်သမျှအကုန် ရ ၊ လုပ်ချင်တာ မှန်သမျှ အကုန် ဖြစ်သော မင်းသားတစ်ပါး ဖြစ်သည် ။ ရနောင်မြို့ကို အပိုင်စားရသည့်အပြင် ဘုရင့်နောင် ကျော်ထင်နော်ရထာဘွဲ့ဖြင့် သေနတ်ဝန် ရာထူးကို ရထားသူ ဖြစ်သည် ။ သေနတ်ဝန် ရာထူးကို ကင်းဝန်မင်းကြီးထံမှ မိဖုရား စုဖုရားလတ်က ဖြုတ်ယူပြီး ရနောင် မောင်မောင်တုတ် ကို ခန့်ထားခြင်း ဖြစ်သည် ။ မြင်းကို ချိုတပ်ပေးလိုက်သလို ဖြစ်သွားသည် ။ သူကြိုက်သည့် မိန်းမဆိုလျှင် လင်ရှိသည့် မိန်းမ ကိုပင် မရှောင် ရအောင်ယူသည် ။ မယားတွေများလွန်း၍ သူသုံးပြီးသား အဟောင်းတွေကို ကံစမ်းမဲဖောက်ပြီး စွန့်ကြဲတတ်သည် ။ သူပိုင် သူ့ထက်သာ ထီဆိုင်မှ တစ်သိန်းဆု ပေါက်သူတိုင်းကို သူ သုံးပြီးသား မယား တစ်ယောက် လက်ဆောင်ပေးသည် ။

ရနောင် မောင်မောင်တုတ်၏ စံအိမ်တော် ဝင်းထဲမှာ မဆင်ခိုး ကပြရသည့် ညမှာပဲ မောင်မောင်တုတ် ၏ အတင်းအဓမ္မ ဖက်ရမ်းနမ်းရှုံ့ခြင်းကို မဆင်ခိုး ခံရလေသည် ။ ဆရာကြီး ဦးသော်ဇင်၏ စာအုပ်မှာ အောက်ပါအတိုင်း တွေ့ရသည် ။

“ ကျွန်တော်မျိုးမမှာ ကာမပိုင် လင်ကြီးနဲ့ပါ ဘုရား ”

“ ကာမပိုင် ၊ ဘာ ကာမပိုင်လဲ ”

“ တောင်တွင်းကြီး လယ်တော်အုပ်ရဲ့ မယားပါ ဘုရား ”

“ လယ်တော်အုပ် ဘာလုပ်ရမှာလဲ ”

“ ကလေးနှစ်ယောက် ရှိပါတယ် ဘုရား ”

ဒီနေရာမှာ ဆရာကြီး ဦးသော်ဇင်က ( ညဉ့်အမှောင်က တဖြည်းဖြည်း နက်လာသည် ။ ထို့အတူ ရနောင် ၏ မောဟ အမှောင်ကလည်း တဖြည်းဖြည်း နက်လာသည် ။ ဆိုးရွားသော ပဒေသရာဇ် စနစ်၏ အာဏာစက်အောက်တွင် မမျှင်တစ်ယောက် ရေတိမ်နစ်ရချေပြီ တကား ) ဟု ရေးထားသည် ။

ကျွန်တော် စာအုပ်ကို ခေတ္တပိတ်ပြီး စဉ်းစားသည် ။ လွယ်ကူလှချည်လားဟု တွေးမိသည် ။ ရနောင် မောင်မောင်တုတ်သည် လူပုံအလယ်မှာတောင် မရှောင် ဒါလောက်တောင် သောင်းကျန်း ရမ်းကားနေတာကို သီပေါမင်းတရား ၏ ရွှေနားတော်ပေါက်အောင် ဘယ်သူမှ မတင်လျှောက်ကြဘူးလားဟု တွေးမိသည် ။ တစ်ခုတော့ ရှိသည် ။ သီပေါမင်းကလည်း ခင်ခင်ကြီး ခေါ်  ဒိုင်းခင်ခင် နှင့် ခြေပုန်းခုတ်နေသည့် ကိစ္စမှာ ရနောင် မောင်မောင်တုတ် က အကျိုးတော်ဆောင် အောင်သွယ်တော်ကြီးဖြစ်နေ၍ မောင်မောင်တုတ်ကို ဒီကိစ္စမျိုးနဲ့ အရေးယူရဲပါ့မလား ဆိုတာကတော့ စဉ်းစားရမည့်အချက် ဖြစ်သည် ။ မိဖုရားကြီး စုဖုရားလတ် ၏ ရွှေနားတော် ပေါက်အောင် လျှောက်တင်နိုင်လျှင်တော့ မဖြစ်ဘူးလားဟု စဉ်းစားနေမိသည် ။ စာအုပ်ကို လှန်ထားသည့် နေရာမှ ဆက်ဖတ်သည် ။

နံနက် မိုးသောက် အလင်းရောက်သောအခါ မမျှင် က ရနောင် မောင်မောင်တုတ် အား လျှောက်ထားသည် ။

“ ကာမေသု မိစ္ဆာစာရကံ ဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ် ။ အခု သိမ်းပိုက်လိုက်လျှင် ကိုယ်တော်မှာ အပြစ်ကြီး ထိုက်နေတော့မယ် ။ ဒါကြောင့် ကိုယ်တော်မှာလည်း ကံကြီး မထိုက်ရလေအောင် လင်ကြီး နဲ့ ကွာရှင်းပြီးမှသာ သဘောရှိ သိမ်းပိုက်တော်မူပါ ကိုယ်တော် "

ဒီနေရာမှာလည်း ကျွန်တော် စဉ်းစားရပြန်သည် ။ အတင်း အဓမ္မသမား နဲ့ တစ်ညပဲ အတူ အိပ်ရသေးသည် ။ မမျှင် ၏ လေသံ ပျော့သွားသည် ။ မကျေနပ်တဲ့ အမူအရာနဲ့ သက်ဆိုင်ရာကို တိုင်မယ် ၊ တောမယ် ဆိုတဲ့ စကားတစ်ခွန်းမှ မပြောဘဲ ဒုသနသော ပြစ်မှုနဲ့ မောင်မောင်တုတ် ငရဲကြီးမှာကိုသာ စိုးရိမ်နေတာ တွေ့ရသည် ။ စာအုပ်ကို ဆက်ဖတ်သည် ။

“ ကိုယ်တော်က လယ်တော်အုပ်ကို ဂရုစိုက်ရမှာလား ”

“ ဂရုစိုက်တယ် ရယ်လို့တော့ မဟုတ်ပါဘူး ၊ သူ့မယား ဖြစ်နေတော့ "

“ တော် ... တန် ... တိတ် ၊ သူ့မယား ဆိုတဲ့ စကားကို ကိုယ်တော် မကြားလိုဘူး ။ ဒါ ဘယ်သူ့မယားမှ မဟုတ်ဘူး ။ ကိုယ်တော့်မယား ၊ ကိုယ်တော့် အချစ် "

“ ကိုယ်တော် ... ဘုရား ကျွန်မကို တကယ် မြတ်နိုး တော်မူသလား "

“ မေးရက်ပလေ အသက်ရယ် ၊ မြတ်နိုးတော်မူလွန်းလို့ ဟိုဟာမတွေကို ချောင်ထိုးထားလိုက်ပြီး ဒီက အချစ်ကလေးနဲ့ ထွေးရစ်နေတာပေါ့ ”

“ တကယ် မြတ်နိုးရိုးမှန်ရင် ဘုရား ကျွန်မ တောင်းတဲ့ အခွင့်ကို ပေးရမယ် ။ ကိုယ်တော်အရှင် ပိုင်ပိုင်နိုင်နိုင် ချစ်နိုင်ဖို့ အခွင့်ပါပဲ ”

“ မြန်မြန် တင်စမ်း "

“ ဘုရား ကျွန်မ တောင်တွင်းကိုပြန်ပြီး လယ်တော်အုပ် နဲ့ ပြတ်ပြတ်စဲစဲ ကွာရှင်းချင်ပါတယ် ”

“ ကိုယ်တော် အချစ် နဲ့ တစ်ဗဟိုရ်တောင် ခွဲလို့ မနေနိုင်ဘူး ”

“ မကြာစေရပါဘူး ။ ကိစ္စပြီးအောင် ဆောင်ရွက်ပြီး အမြန်ပြန်ခဲ့ပါ့မယ် ”

ကျွန်တော် စာအုပ်ကို ဆက် မဖတ်သေးဘဲ ပြုံးပြီး စဉ်းစားနေသည် ။ စဉ်းစားစရာတွေတော့ ဖြစ်ကုန်ပြီလို့ သိနေတယ်လေ ။ ရနောင် မောင်မောင်တုတ် သည် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သော်လည်း တန်ခိုးထွားသည် ။ ဓားထက်သည် ။ ဘုရင်နှင့် မိဖုရားကတောင် အလေးထားရသည့် မင်းသားတစ်ပါး ဖြစ်သည် ။ကုန်းဘောင်ခေတ် နန်းတွင်းသူတွေတောင် မောင်မောင်တုတ်က သိမ်းပိုက် မည်ဆိုလျှင် လိုလိုချင်ချင် သဘောတူကြမည် ထင်သည် ။ သာမန် ကျေးတောသူ မမျှင် ကရော ဘယ်လို ဖြစ်မယ် ၊ ရပ်တည်ချက် အမှန်က ဘယ်လို ဖြစ်ခဲ့သလဲ ၊ ကျွန်တော်ကတော့ သဘာဝနဲ့ အနီးစပ်ဆုံး ဖြစ်နိုင်ချေကို ခန့်မှန်းသည် ။ ဒီကိစ္စမှာ မမျှင် ခေါ်  မဆင်ခိုး ၏ အဖြစ်က ကျွန်တော့်အစ်မ မခင်ညို လင်သေတော့ ငိုပုံနှင့် တူနေသည်ဟု ထင်မိသည် ။

ကျွန်တော့်အစ်မ မခင်ညို သည် အသက်သုံးဆယ် ကျော်သည်အထိ အပျိုကြီးဘဝဖြင့် နေခဲ့သည် ။ လင်ယူသားမွေးခြင်းသည် မဂ် နှင့် ဖိုလ် နှင့် မနီးသည့် ယုတ်ညံ့သော အလုပ်ဖြစ်၍ အပျိုကြီးဘဝဖြင့် အရိုး ထုတ်တော့မည်ဟု အမြဲ ပြောသည် ။ ဒီလိုဆိုရင် သီလရှင် ဝတ်ပါလား ဆိုတော့လည်း ခေါင်းခါသည် ။ မဂ်ဖိုလ်ကို ရဖို့အတွက် သီလရှင် ဝတ်စရာ မလိုဟု ဆိုသည် ။ ထဘီဝတ်ပြီး သောတာပန် ဖြစ်သွားကြသည့် ဝိသာခါတို့ မလ္လိကာ တို့ကို ထောက်ပြပြီး အပျိုကြီးဘဝဖြင့်ပင် နေသည် ။

အပျိုကြီး အသက်လေးဆယ် နီးတော့မှ သူဌေးသား ၊ လူဆိုး ၊ နှစ်ခုလပ် ၊ မုဆိုးဖို ကိုစံရင် က လှည်းတင်ပြီး ခိုးပြေးလို့ အပျိုကြီး ဘဝမှ အအိုကြီး ဖြစ်သွားလေသည် ။ ကိုစံရင် က ရွာသူဌေး၏ တစ်ဦးတည်းသောသား ၊ မြို့ကျောင်းထွက် ၊ ကြက်သမား ၊ အရက်သမား ၊ ဖဲသမား ဆိုသော်လည်း ရန်လိုတတ်သူ မဟုတ် ။ မိန်းမတွေ ကြိုက်တတ်သည့် စိတ်ကောင်း လူပျော့ ၊ လူ့ဘော်ကြော့သမား ဖြစ်သည် ။ ဘာအလုပ်မှ မလုပ်ဘဲ ဘန်ကောက် လုံချည်ကို ထည်လဲဝတ်ပြီး ဖဲလည်ရိုက်နေသူ ဖြစ်သည် ။ မိဘ ပေးစားသည့် ပထမမယားနဲ့ ကွဲပြီး နောက်တစ်ယောက် ယူသည် ။ တစ်နှစ်လောက် အကြာမှာ အဲဒီမိန်းမ သေသည် ။ မကြာမီ အရက်ပုန်းရောင်းသည့် မအေးကြည် နှင့် တိတ်တိတ်ပုန်း ညားသည် ။ ညားတုန်းက လူမသိ သူမသိ သော်လည်း ကွဲကြတဲ့အခါ မအေးကြည် က သူ့ကိုယ်မှာ ရှိတာတွေနဲ့ ခိုင်းနှိုင်း တိုင်းထွာဆိုပြီး ကွဲကြလို့ တစ်ရွာလုံး သိကုန်ကြသည် ။

မိန်းမ မရှိလျှင် မနေတတ်ဟန်တူသည့် ကိုစံရင် သည် ကျွန်တော့်အစ်မ အပျိုကြီး မခင်ညို ကို အတင်းအမွေ လှည်းပေါ်ဆွဲတင်ပြီး ခိုးပြေးသည် ။ သီလယူပြီး ဘုန်းကြီးကျောင်းက ပြန်လာသော မခင်ညိုကို ရွာဦးကျောင်း ခြံက အထွက် ရွာဘက်ကို ကူးသည့် မြောင်းကူး တံတားလေး အရောက် မှာ ကိုစံရင် နှင့် အပေါင်းပါတစ်စုတို့က အတင်းအဓမ္မ ဝိုင်းဆွဲပြီး လှည်းပေါ် တင် မောင်းပြေးသွားကြခြင်း ဖြစ်သည် ။

ရွာသူကြီး ဦးဆောင်သည့် ရွာသားတချို့နှင့် ကျွန်တော့် အစ်ကိုတွေ ပြေးလိုက်သွားကြသော်လည်း မမီလိုက်တော့ပါ ။ တစ်ပတ်ဆယ်ရက်လောက် သတင်းအစအန ပျောက်နေသည် ။ နောက် များ မကြာမီ ဆူးပုတ်ကုန်း ရွာက ကြက်ဝိုင်းမှာ ကြက်ဆွဲ လုပ်နေသော ကိုစံရင် ကို မြင်ခဲ့သူ တစ်ယောက်က သတင်း လာပေး၍ ချက်ချင်း ထလိုက်ကြသည် ။ ကိန္နရီချောင်း ရွာသူကြီး နှင့် မခင်ညို ၏ အစ်ကိုတွေ လိုက်လာကြပြီ ဆိုသည့် သတင်းကို ကြားတော့ ကိုစံရင် ကြက်ဝိုင်းမှ ထလစ်သွားသည် ။ ဆူးပုတ်ကုန်း ရွာသားတစ်ယောက်၏ အကူအညီဖြင့် မခင်ညို ရှိနေသည့် အိမ်ကို သွားဝိုင်းကြသည် ။

“ ခင်ညို နင့်ကို ကယ်ဖို့ ငါတို့ လာပြီ ၊ မကြောက်နဲ့ ထွက်လာခဲ့ "

အံ့ဩ စရာ အတော်ကောင်းသည် ။ မခင်ညိုသည် ထွက် မလာရုံသာမက အိမ်ခန်းထဲမှာ ပုန်းနေလိုက်သေးသည် ။ အိမ်ရှင်က သူ့ကို အမှုပတ်မှာစိုးလို့ မခင်ညို ကို ပုန်းနေရာမှ ထွက်လာပါရန် တောင်းပန်သည် ။ ထွက်လာပြန်တော့လည်း သူ့ကို ပြန်ခေါ်သွားမှာကို စိုးရိမ်သည့် ပုံမျိုးဖြစ်နေတာ တွေ့ရသည် ။ သူ့အစ်ကိုတွေ စိတ်ဆိုးကြတော့သည် ။

“ ခင်ညို ၊ ဒါက ဘာသဘောလဲ ။ နင် ပြန်မလိုက်ချင်ဘူး ဆိုတဲ့ သဘောလား ”

“ ကျုပ် ပြန်လိုက်တော့ အပျို ပြန်ဖြစ်မလားတော့ ”

သူကြီးက အားလုံးကို လက်ကာပြလိုက်ပြီးသူကိုယ်တိုင် မေးခွန်းထုတ်သည် ။

“ ကဲ ... တူမကြီး ၊ ငါတို့ လာခဲ့တာ နင့်ကို ပြန်ခေါ်ဖို့ နဲ့ စံရင် ကို ဖမ်းဖို့ လာခဲ့တာပဲ ၊ အခု စံရင် ဘယ်မှာလဲ ”

“ ကျွန်မလည်း ပြန်မလိုက်ပါရစေနဲ့ ၊ ကိုစံရင် ကိုလည်း မဖမ်းပါနဲ့ ဦးကြီးရယ် ”

“ ကောင်းရောကွာ ၊ ဟေ့ကောင် ထွန်းမောင် ပေးစမ်း ငါ့ နှစ်လုံးပြူး သေနတ် ၊ လာ ပြန်ကြမယ် ”

သူကြီးက သေနတ်ကြီး ထမ်းပြီး လှည့်ပြန်သည် ။ ကျွန်တော့် အစ်ကိုတွေက မခင်ညို ကို မျက်စောင်းထိုး ကြည့်ပြီးတောက်ခေါက်သည် ။ နင့်ကို သေခန်းဖြတ်မယ်လို့ပြောပြီး လှည့်ပြန်ခဲ့ကြရသည် ။

အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတော့မှ ကိုစံရင် နှင့် မခင်ညို တို့ ရွာကို ပြန်လာကြသည် ။ ကိုစံရင်၏ မိဘအိမ်မှာပင် နေကြသည် ။ မခင်ညို က သူသည် ကိုစံရင် ကို လုံးဝ မချစ်ပါ ။အတင်းအဓမ္မ အနိုင်ကျင့်ခံလိုက်ရ၍ မထူးဘူး ဆိုပြီး မချစ်ဘဲ အောင့်ပြီး ပေါင်းနေ တာပါဟု ဆိုသည် ။ ကျွန်တော်တို့ ဆွေမျိုးစု၏ ဂုဏ်သိက္ခာကို မခင်ညို ၏ စကားဖြင့် အဖတ်ဆည်ထားရသည် ။

ကိုစံရင် သည် မခင်ညို နဲ့ ညားပြီး ဖင်ငြိမ် အိမ်မြဲတော့မှ ကျန်းမာရေး ယိုယွင်း ကျဆင်းလာတော့သည် ။ ပွဲကြမ်းထားခဲ့သည့် ဒဏ်တွေကို ခံရတော့သည် ။ ချောင်းဆိုးရာမှာ သွေးပါလာသည် ။ ဗိုက်ကြီးပူပြီး အသားတွေ ဝါလာသည် ။ ဆရာဝန်နှင့် ခေတ်မီ ဆေးဝါးတွေ မရှိသေးသည့် ကာလဖြစ်၍ ပယောဂဆရာ နှင့် ဗိန္ဓောဆရာတွေ လက်တည့်စမ်းတာ ခံရင်း ကိုစံရင် ကွယ်လွန်သွားပါသည် ။

ကိုစံရင် အသက်ထွက်သွားသည့် အချိန်မှ အသုဘချသည့် အချိန်အထိ တစ်ကြိမ်မှ မငိုသော မခင်ညို သည် အလောင်းကို မြေချခါနီးကျမှ သတိလစ်ပြီး လဲကျသွားသည် ။ သတိပြန်ရလာသောအခါ မခင်ညို အော်လိုက်သည့် အသံကို ကြားကြရသည့် အသုဘ ပို့သူတွေ စဉ်းစားရ ခက်သွားကြသည် ။

“ ကိုစံရင် ရေ ... လှည်းတင်ပြေးတဲ့ ညက ပြောခဲ့တဲ့ စကားမျိုးလေးတွေ ထ , ပြောပါဦးလားတော့ ‌ေဟာ့ ... ‌ေဟာ့ ၊ မယားတွေ အများကြီး ယူခဲ့တဲ့အထဲမှာ ခင်ညို နင့်ကို ငါအချစ်ဆုံးလို့ ထပြောပါဦး ဟုန်း .. ဟုန်း ”

တောက် ... သွားရောပေါ့ ဗျာ ကျွန်တော်တို့ တစ်ဆွေလုံး တစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခာတွေ ။ မျက်နှာကို အရေခွံပါ ခွာလွှာပစ်လိုက်ချင်ပါသည် ။

◾ အဏ္ဏဝါစိုးမိုး

📖  ‌ေရွအမြုတေ မဂ္ဂဇင်း
       ဧပြီလ  ၊ ၂၀၀၂ ခုနှစ်

koaungnaingoo.blogspot.com

.

Friday, August 27, 2021

တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်


 

  ❝  တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်  ❞

“  ကဲ … ပြော မပြောချင်တော့ဘူး ၊ ဒါသာ ဖတ်ကြည့်ကြပေတော့  ”

ဒေါ်လှက စာရွက်ခေါက်ကလေးကို သူ့သမီးကြီး၏ ရင်ခွင်ထဲ ပစ်ချလိုက်၏ ။ ဒေါ်ခင်ခင်က မိခင်၏ လေသံ တိုတောင်းပြတ်သားပုံကြောင့် မိခင်မျက်နှာကို မော့ကြည့်လိုက်၏ ။ ချက်ချင်းပင် စာကို ကောက်ဖွင့်လိုက်၏ ။ ဒေါ်ခင်ခင်၏ ညီမဖြစ်သူ ကျောင်းဆရာမ ဒေါ်အေးအေးငြိမ်း ကပါ အနားသို့ ရောက်လာပြီး ညီအစ်မနှစ်ယောက် ခေါင်းချင်းဆိုင် ဖတ်လိုက်ကြ၏ ။

“  အမယ်… ဒါ ရည်းစားစာပဲ  ”

အပျိုကြီး ဒေါ်အေးအေးငြိမ်း၏ အံ့ဩသံ ။

“  စာတွေ ဘာတွေ ပေးတဲ့အဆင့်ထိတောင် ရောက်နေကြပြီကိုး ”

ဒေါ်ခင်ခင် ၏ မှတ်ချက် ။

“  နေပါဦး ၊ ဘယ်သူက ပေးတာလဲ မေမေရဲ့ … ”

“  ဘယ်သူက မလဲအေ ၊ ဟိုကောင် ငွေအိုးပေါ့ ၊ တလောကတည်းက ကြည့်ရတာ အကဲသိပ်မရလို့ ဂရုစိုက်နေတာ ၊ ဒီစာ အသွားအလာ ကြည့်ရတာ မိရွှေသိန်းက ခေါင်းညိတ်ဟန် မတူသေးပါဘူး ၊ ဟိုက တစ်ဖက်သတ် ”

“ အိုး .. ခေါင်းညိတ်ရအောင် မိသိန်းသိန်းက ဘယ်အရွယ် ရောက်နေလို့တုံး မေမေရဲ့ ၊ လူလားမြောက်တာတောင် လေး ငါးလ ရှိသေးတဲ့ဟာကို ၊ နေနှင့်ဦး မိသိန်းသိန်း ဘယ်မလဲ ၊ ပေါင်တွင်းကြောကို နာနာ လိမ်ပစ်လိုက်ဦးမယ် ”

ဒေါ်အေးအေးငြိမ်းက ကျောင်းဆရာမ လေသံ ၊ အပျိုကြီးမာန်တို့ ပေါင်းစပ်ကာ အံတကြိတ်ကြိတ်ဖြင့် ကြိမ်းဝါးနေသည် ။ သူ့မျက်စိထဲတွင် ဆယ့်ခြောက်နှစ်ပြည့်စ ၊ အပျိုဖော်ဝင်စ သိန်းသိန်း ကို ကလေးဟုသာ မြင်နေသည် ။ သူကိုယ်တိုင်ကလည်း အသက် ၃ဝ ကျော်သည့်တိုင် အိမ်ထောင်မပြုဘဲ ဣန္ဒြေတွေ သိက္ခာတွေ ထိန်း၍ နေလာခဲ့သူမို့ သိန်းသိန်း ဆီက ရည်းစားစာ တွေ့သည်ဆိုရုံနှင့် အကြီးအကျယ် မကျေမနပ် ဖြစ်သွားမိ၏ ။

“ ဒါကြောင့် အစကတည်းက မေမေ့ကို ခင်ခင် ပြောသားပဲ ၊ ရေစည်အငှား ငှားရင် လူပျိုလူရွယ်လေးတွေကို မငှားပါနဲ့ ၊ အသက်ကြီးကြီး အိမ်ထောင်ရှိတဲ့လူကို ငှားပါလို့ ”

ဒေါ်ခင်ခင်က မအေကြီးကို အပြစ်တင်လိုက်၏ ။

“ အောင်မယ် မခင်ခင် ၊ ဘယ်သူ့ငှားငှား ဖြစ်ချင်တဲ့လူ ဖြစ်တာပဲအေ့ ၊ ညည်းတုန်းကတော့ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော နီးနီးစပ်စပ် ဖြစ်မှာစိုးလို့ ကျောင်းထားတာတောင် မိန်းကလေးတွေချည်း ရှိတဲ့ကျောင်းမှာ ထားခဲ့တာ မဟုတ်လား ၊ ဒါတောင် ဆယ်တန်း မအောင်ခင် လင်နောက် လိုက်ပြေးသွားခဲ့တာ မဟုတ်လား ”

“ ဟာ … မေမေကလဲ ”

သူ့ဘက် မြားဦးလှည့်လာတော့ ဒေါ်ခင်ခင် ရှေ့မဆက်သာတော့ချေ ။ “ ဟာ … မေမေကလဲ ”ဟု တစ်ခွန်းသာ ဟန့်တားသယောင်ယောင် ပြောပြီး လက်ထဲက စာတိုလေးကို ထပ်ဖတ်နေလိုက်ရသည် ။ ဒေါ်ခင်ခင်သည် အသက် ၄ဝ နာ နား နီးနေသည့် သားနှစ်ယောက် မိခင် ဖြစ်သော်လည်း သူ့ဘက်က ချို့ယွင်းချက်ကို အလျဉ်းသင့်တိုင်း ထုတ်ဖော်ပြောတတ်သည့် မိခင်ကြီးကိုမူ လုံးလုံးကြီး မလွန်ဆန်ဝံ့ပါချေ ။ ကိုယ်ကလည်း အပြစ် ရှိခဲ့ပေသည်ကိုး ။

စာတိုလေးကတော့ ဒေါ်ခင်ခင့် အတွက် မထူးခြားလှပါ ။ ယောက်ျားလေးများ၏ ရှေးရိုးထုံးစံအတိုင်း ချစ်ကြောင်း ၊ ကြိုက်ကြောင်း မျက်နှာကလေးကို အစဉ်တွေ့နေချင်ကြောင်း ၊ပြီးတော့ သူ့ကို ပြန်ချစ်ဖို့အကြောင်း ။ လက်ရေးက ကြောင်ခြစ်သလို စာလုံးပေါင်းကလည်း အမှားမှား အယွင်းယွင်း ။ စကားလုံး သုံးနှုန်းပုံနှင့် စာအရေးအသားကလည်း ကဘောက်တိ ကဘောက်ချာ ။

“ ဟင်း … လေးတန်းတောင် အောင်ရဲ့လား မပြောတတ်ဘူး ၊ ဒီကောင် ဒီလောက်ရဲတာ အိမ်က ဟာမကိုက အနေမတတ်လို့ ၊ အရောဝင်လို့ ဖြစ်လိမ့်မယ် ၊ မိသိန်းသိန်းတော့လား ”

ကျောင်းဆရာမပီပီ လက်ရေးကိုကြည့်၍ အတန်းကို ဖြတ်လိုက်သည် ။ ပြီး စိတ်လိုက်မာန်ပါ မီးဖိုဘက် ထွက်သွား၏ ။ တစ်ခဏအတွင်းမှာပင် သူ့လက်ထဲတွင် ပါလာသူက သိန်းသိန်း ။

ဆီးရွက်ခန့် မျက်နှာငယ်လေးနှင့် ။

“ ကဲ… ဆိုစမ်း မိရွှေသိန်း ၊ ညာမယ်တော့ မကြံနဲ့ ”

သိန်းသိန်းသည် မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ဒေါ်လှကို ကြည့်သည် ။ ပြီးတော့ ဒေါ်ခင်ခင် ၊ အပျိုကြီး ဒေါ်အေးအေးငြိမ်းကိုမူ ငယ်ကြောက်ပီပီ တစေ့တစောင်းကလေးတောင်မှ မကြည့်ဝံ့ ။

“ ဒီစာ ဘယ်တုန်းက ရတာလဲ ” ဒေါ်လှက စစစ်သည် ။

“ မ … မနေ့ကပါ မေမေကြီး ”

တုန်တုန်ရီရီ ဖြေပြီး ဒေါ်ခင်ခင့် မျက်နှာကို အားကိုးတကြီး ကြည့်ပြန်သည် ။

“ မနက်ကလား ၊ မနေ့ကလား… ”

ခပ်ဆတ်ဆတ် ထပ်မေးလိုက်သော ဒေါ်အေးအေးငြိမ်း၏အသံ ။

“ မ… မနေ့ကပါ ၊ မနက်က မဟုတ်ပါဘူး မမအေးငြိမ်း ”

“ ဟင် … မနေ့ကတည်းက ပေးတာ ၊ ငါတို့ကို ဘာဖြစ်လို့ မတိုင်သလဲ မိသိန်းသိန်းရဲ့ ”

ပြောရင်း သိန်းသိန်းခေါင်းကို ဒေါက်ခနဲ ခေါက်ပစ်လိုက်၏ ။ နဂိုကတည်းက မျက်ရည်ဝိုင်းနေသူကလေး မျက်ရည်တွေ ဝေကျလာသည် ။

“ ဘာလဲ ညည်းကပါ ကြိုက်နေလို့လား ၊ ဟင် … ”

‘ ဟင် ’ ဟူသောလေသံက ဟိန်းထွက်လာသည်မို့ ၊ သိန်းသိန်း ပိုကြောက်ရွံ့သွားသည် ။ ဘာဖြေရမှန်းမသိဘဲ တုန်သွားသည် ။

“ ဟဲ့ … ဖြေလေ ၊ ညည်းက ငွေအိုးကို ကြိုက်နေလို့လား ”

“ မ.. မဟုတ်ပါဘူး မမအေးငြိမ်းရယ် ၊ သူ … သူက မမတို့ကို မတိုင်ပါနဲ့တဲ့ ၊ တိုင်ရင် သူ ရေစည်တိုက်ရတော့မှာ မဟုတ်ဘူးဆိုလို့ပါ ”

“ အောင်မယ်… ဟုတ်.. ဟုတ်သေးတော့ ၊ သူ့စကား ဒီလောက် နားထောင်နေရအောင် ညည်းက သူ့ … ဟာ ငါတယ်လေ ”

လိမ်ပြန်ပြီ ပေါင်တွင်းကြော တစ်ချက် ။ သိန်းသိန်း တွန့်တွန့်လူးသွားပြန်၏ ။ ဆရာမမို့ အလိမ်အခေါက် ကျင့်သားရနေ၍လား မသိ ။ ပိုင်ပိုင်နိုင်နိုင် ရှိလွန်းလှ၏ ။ ဒါကြောင့်လည်း သည်အိမ်မှာ ဒေါ်ခင်ခင့် သားနှစ်ယောက်ကို ရိုက်စရာရှိလျှင် ဒေါ်အေးအေးငြိမ်း ကိုသာ တာဝန်ပေးလေ့ရှိ၏ ။ အဘွား ဒေါ်လှရော ၊ မအေ ဖအေရော မရိုက်ရက်ကြသမျှ ဒေါ်အေးအေးငြိမ်းကိုသာ ခွဲတမ်းချပေးလေ့ ရှိကြစမြဲ ။

ဒေါ်ခင်ခင်ကမူ ညီမ၏ အလိမ်အခေါက် များကို ကြည့်ရင်း သူ သိန်းသိန်း အရွယ် ၊ ကိုလှမောင်နှင့် ရည်းစားထားစဉ်တုန်းက ၊ မိခင်ကြီးနှင့် အဒေါ်များ လိမ်ခဲ့ ခေါက်ခဲ့သည်ကို ပြန်လည်ခံစားနေမိသည် ။ နာသည်မှ တော်တော့်ကို နာခဲ့ပါသည် ။ သို့ပေမဲ့ ထိုအလိမ်အခေါက် ၊ အရိုက်အနှက် ၊ အဆိုအဆဲတွေ များလွန်းသောကြောင့်ပင် ကိုလှမောင်နှင့် မြန်မြန်ယူခဲ့သည်ဟု သူထင်သည် ။ ထို့ကြောင့် -

“ ကဲပါ အေးငြိမ်းရယ် ၊ သိန်းသိန်း ကလည်း ပြန်ကြိုက်တာမှ မဟုတ်သေးဘဲကွယ် ၊ မနက် စောစောစီးစီး ဆိုပြောမနေပါနဲ့တော့ ၊ သိန်းသိန်း သွား သွား ချက်ချည်တော့ ၊ အေးငြိမ်းကလည်း ပြင်တော့ ၊ ကျောင်းစောစော သွားရမှာဆို ”

“ သိန်းသိန်း သွားတော့ ” ဟု ဒေါ်ခင်ခင် ပြောလိုက်သည်နှင့် တစ်မိနစ် မဆိုင်းဘဲ နောက်ဖေးခန်းထဲ ဝင်သွားသည့် သိန်းသိန်းကို ကြည့်ကာ ဒေါ်အေးအေးငြိမ်းက တတွတ်တွတ်မြည်တွန်ဆဲ… ။

“ မိန်းမကိုက … ”

“ ဪကွယ် ၊ ဒါမျိုးဆိုတာ ဖြည်းဖြည်းဆေးဆေး ချော့မော့ပြောမှ နားဝင်တတ်တာ အေးငြိမ်းရဲ့ ၊ ညည်းလည်း ဒီအရွယ်လေးတွေ ထိန်းကျောင်း စာသင်နေရတာပဲဟာ ၊ စိတ်ကစားတတ်တဲ့ အရွယ်ဆိုတာ ဒီလိုပဲပေါ့ ”

ဒေါ်ခင်ခင်က ပြေရာပြေကြောင်း နှစ်သိမ့်သည် ။

“ အို … စိတ်ကစားတာ မဟုတ်ဘူး မမခင်ရဲ့ ၊ မီးနဲ့ ကစားချင်နေတာ သိလား ၊ ဟင်း .. ဒီလို မီးမျိုးက လောင်မိရင် ငြိမ်းလွယ်တာ မဟုတ်ဘူး ၊ ကျောင်းမှာများ ဒီလို စာတွေ မိရင် ကောင်းကောင်း တီးပစ်လိုက်တာ ၊ တကတဲ အရွယ်မရောက်သေးဘူး ၊ ကဲလိုက်တာ လွန်ရော ”

မကျေမချမ်းပြောရင်း ငွေအိုး စာကို ကောက်ယူကာ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်၏ ။

“ လူပုံလေးက ရိုးပုံရိုးလက်နဲ့ ၊ သူများတကာ သမီးလို ညီမလို မွေးထားတဲ့ မိန်းကလေးကိုမှ… ”

ဟုတ်ပါသည် ။ သိန်းသိန်းသည် ရောက်လာစဉ်က ၅ နှစ်သမီးသာ ရှိပါသေးသည် ။

သိန်းသိန်း မိခင်ကိုယ်တိုင်က ဖခင်မဲ့ သားသမီး ၆ ယောက်ကို သူ ရှာဖွေမကျွေးနိုင်တော့၍ ၊ စိတ်ချရမည့် လူများထံတွင် သားသမီးသုံးယောက်ကို အပိုင်မွေးရန် ပေးပစ်မည့် သတင်း ကြားကတည်းက ဒေါ်လှက မှာထားခဲ့သည် ။ သိန်းသိန်းသည် တောသူ မဟုတ် ။ မဟာရန်ကုန်မြို့၏ မြို့စွန်မြို့ဖျား ထောက်ကြံ့ဘက် မှ ဖြစ်သည် ။

ရေစက်ဆုံချင်တော့ သိန်းသိန်းကို မြင်မြင်ချင်း သူတို့ သဘောကျကြသည် ။ သဘောကျသည်ဆိုရာ၌ ကိုယ့်အမြင်နှင့် ကိုယ်ပင် ။ ဒေါ်လှ အမြင်က သွက်လက်ချက်ချာပြီး ခိုင်းလျှင် ဖင်ပေါ့သူလေးမို့ ။ သားနှစ်ယောက် မိခင် ရုံးအုပ်စာရေးမ ဒေါ်ခင်ခင် ကတော့ သူ့သားငယ်လေးနှင့်သင့်မြတ်အောင် နေတတ်သည့် သား၏ ကစားဖော်အဖြစ် ၊ အားလုံးထက် ပို၍ ထူးခြားသော သံယောဇဉ်ဖြင့် ချစ်ခင်မိသူကတော့ အပျိုကြီး ဒေါ်အေးအေးငြိမ်း ။ သူကတော့ သိန်းသိန်း ကို ခိုင်း၍ ကောင်းသူအဖြစ် မမြင်နိုင်ဘဲ သွေးရင်းသားရင်း သံယောဇဉ်မျိုးဖြင့် ချစ်ခဲ့ရသူ ။ ပြုစုပျိုးထောင်ခဲ့သူပင် ။ သည်မိန်းကလေးကို ညဘက် စာသင်ပေးသူကလည်း သူ ။ နောက် အတော်ကလေး ရေးတတ် ဖတ်တတ်လာတော့ မိခင်ကြီးနှင့် အတိုက်အခံပြောပြီး ကျောင်းထားပေးသည်ကလည်း သူ ။ လွန်ခဲ့သော နှစ်နှစ် မိခင်ကြီး အရိုးအဆစ်နာသည့် ရောဂါကြောင့် အိပ်ရာထဲက မထနိုင်သည့် နှစ်ကမှ ၊ သိန်းသိန်းကို ကျောင်းထုတ်ခဲ့ရသည် ။ ထိုစဉ်က သိန်းသိန်း ခြောက်တန်း ။ ဒါကိုပင် ဒေါ်အေးအေးငြိမ်း ရင်ထဲက ဘဝင်မကျ ။ လိပ်ပြာလည်း မသန့် ။

“ ကိုယ့်ညီမ အရင်းကလေးသာဆို ၊ ဒီလို လွယ်လွယ်နဲ့ ကျောင်းထုတ်ပစ်ရက်ပါ့မလား ၊ ကျောင်းထုတ်ပစ်နိုင်ပါ့မလား ” ဟု အခါခါ တွေးကြည့်နေမိသည် ။ တစ်ခါ တစ်ခါ အိမ်ရှေ့က ဖြတ်သွားသည့် ကျောင်းသား ကျောင်းသူကလေးများကို သိန်းသိန်း ငေးမောကြည့်ရှုနေသည်ကို တွေ့လျှင် လုံးဝ စိတ်မကောင်း ။

ယခုတော့ သူ သံယောဇဉ်ကြီးခဲ့ရသည့် မိန်းကလေးသည် အတောင်ပင် မစုံသေးမီ ပျံသန်းချင်နေပါပကော ။

“ မဖြစ်ဘူး မဖြစ်ဘူး ၊ မီးဆိုတာ မလောင်ခင် တားမှ ၊ မေမေနဲ့ မမခင်ကိုလည်း မျက်ခြည်မပြတ် ကြည့်နေဖို့ ပြောထားဦးမှ ”

°°°°°   °°°°°   °°°°°

ထိုနေ့က စ၍ ဒေါ်လှတို့သားအမိ သုံးယောက်သည် အချိန်ရှိတိုင်း ၊ အခွင့်သင့်တိုင်း သိန်းသိန်း၏ ‘ ချစ်ရေးတိုက်ပွဲ ’ ကို အပြင်းအထန် ဆင်နွှဲကြတော့သည် ။ ပရိယာယ်အမျိုးမျိုး ၊ စစ်ဆင်ရေး အထွေထွေဖြင့် တိုက်စစ်ဆင်ကြသည် ။ သိန်းသိန်း၏ အသည်းနှလုံးကို ခံတပ်တွေ အထပ်ထပ် ဆို့ကြပ်ပိတ်ကာ ထားကြတော့သည် ။

“ သမီးကို မေမေကြီးတို့က သမီးရင်းလို မွေးခဲ့တာ မဟုတ်လား ၊ စဉ်းစားကြည့်ပါလား ၊ တကယ့် သမီးရင်းလို ချစ်လို့ နားကပ်ရော ၊ ဆွဲကြိုးရော ၊ လက်စွပ်ရော ဆင်ပေးထားတာ မဟုတ်လား ၊ ဟောဒီ နားကပ် လုပ်တုန်းက တစ်ရာကျော် ၊ ဆွဲကြိုးတုန်းက ခြောက်ရာ ၊ လက်စွပ်က သုံးရာကျော် ၊ ကဲ … နည်းသလား ၊ မချစ်ရင် ဒါတွေ လုပ်ပေးပါ့မလား ၊ သမီး စဉ်းစားကြည့် ၊ သမီး ဟိုဟိုဒီဒီ စိတ်တွေ မထားနဲ့ ၊ အချိန်တန် အရွယ်ရောက်ရင် သင့်တော်တဲ့လူ တွေ့ရင် မေမေကြီးက ပေးစားမှာပေါ့ ၊ ဒီ ငွေအိုး ဆိုတဲ့ ကောင်က ဆင်းရဲလိုက်တာ ၊ သမီး မြင်တဲ့အတိုင်း ၊ သူ့အဖေ ကလည်း နောက် မိန်းမငယ်နဲ့ ၊ မအေ ကလည်း အကျင့် သိပ်ကောင်းတာ မဟုတ်ဘူး ။ လက်ဆော့သတဲ့ ၊ ဒီလို မျိုးရိုးမကောင်းတာကို စိတ်ကူးထဲတောင် မထည့်နဲ့ ကြားလား ”

ဒေါ်လှကလည်း သူ့နည်းနှင့်သူ ။ သိန်းသိန်းက ခေါင်းကလေး အောက်ချ၍ ခပ်ငိုင်ငိုင် နားထောင်နေတတ်စမြဲ ။ သူ့စိတ်ထဲတွင် ယောက်ျားလေးတစ်ဦး ပေးသည့် စာလေးတစ်စောင်ကို လက်ခံမိရုံမျှနှင့် သည်မျှ တတွတ်တွတ် ဆိုပြောနေသည်ကို နားမလည်နိုင်ပေ ။ ဒေါ်ခင်ခင် ကတော့ တစ်မျိုး ။ လေပျော့ကလေးဖြင့်  -

“ သိန်းသိန်းရေ …. လိမ်လိမ်မာမာနေနော် ၊ ယောက်ျားဆိုတာလေ ဘယ်အချိန်ယူယူ ရတယ် သိလား ၊ သိန်းသိန်းက ခုမှ ၁၆ နှစ် ရှိသေးတာ ၊ စောစောယူ စောစောဒုက္ခရောက်တာပဲ ၊ မမတုန်းက နှစ်ဖက်စလုံး အိမ်တွေက ပစ်ထားလို့ ဒုက္ခရောက်လိုက်တာ မပြောနဲ့တော့ကွယ် ၊ ကြိုက်တာတော့ ကြိုက်ရပါတယ်ကွယ် ၊ ဒါပေမဲ့ မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်တဲ့ ၊ မကြိုက်ခင် စဉ်းစားမှ တော်ရုံကျတာ ၊ မိန်းကလေးဆိုတာ ရှေ့ရေးကို တွေးတတ်မှ သိလား ၊ ငွေအိုး နဲ့ သဘောမတူလို့ ပြောတာ မဟုတ်ဘူးနော် ၊ မမ ညီမ ဆင်းရဲမှာစိုးလို့ ပြောတာ ၊ ဒီ အိမ်မှာ နေရတာ သိန်းသိန်း ဘာများ ပူစရာရှိသလဲ ၊ ရွှေဆို ရွှေ ၊ အဝတ်ဆို အဝတ် ၊ ပြည့်ပြည့်စုံစုံ နေရတာ မဟုတ်လား ၊ ဆင်းရဲတဲ့လူ ယူရင် ညီမပဲ ဆင်းရဲမှာ ၊ မမိုက်နဲ့ ကြားလား ”

ဒေါ်ခင်ခင်က ဤသို့ ချော့မော့ပြောပြန်တော့လည်း မျက်လုံးကလေး ပေကလပ် ပေကလပ် လုပ်ကာ ၊ လက်သည်းလေး တဖွဖွ ကိုက်ကာ နားထောင်ခဲ့ရသည်သာ ။ မမခင် စကားကိုတော့ နားဝင်မိသလိုလို ။ ချိုသာသော အပြောနှင့် စူးရဲသော ငွေအိုး၏ အကြည့်တို့ကိုပင် မေ့သွားသလိုလို ။

ဒေါ်အေးအေးငြိမ်း ကျတော့ တစ်မျိုး ။ သူက သိန်းသိန်းကို တတွတ်တွတ်နှင့် နားပူအောင် မဆူ ။ ပရိယာယ်သစ်ဖြင့် စစ်ဆင်ရေး လုပ်သည် ။ သူက ငွေအိုး ရေထည့်လာတတ်သည့် ညနေပိုင်း  ၅ နာရီခန့်တွင် မီးဖိုထဲက လေး ငါး ဆယ်ရယ် ဆက်တိုက် စောင့်သည် ။ ငွေအိုးကလည်း သိန်းသိန်း မီးဖိုထဲရှိတတ်သည့် အချိန်ကိုမှ ရွေး၍ ရေထည့်လာတတ်သည်ကိုး ။

“ ဪ… ငွေအိုးတောင် ရေထည့်လာပြီကိုး ”

“ ဟုတ်ကဲ့… မမအေး ”

“ မင်း ရေစည်တိုက်တာ တစ်နေ့ ဘယ်လောက် ရလဲကွဲ့ ”

“ အမှန်မရှိပါဘူး မမအေးရယ် ၊ တစ်ခါတလေလည်း ခြောက်ကျပ် ၊ ခုနှစ်ကျပ် ၊ တစ်ခါတလေလည်း ရှစ်ကျပ် ၊ တစ်ဆယ်ပေါ့ ၊ မိုးတွင်းကျရင်တော့ သုံးလေးကျပ်ပဲ ကိုက်ပါတယ် ခင်ဗျ ”

သဘောရိုးနှင့် မေးသည် ထင်မှတ်သဖြင့် ငွေအိုးက အမှန်အတိုင်း ဖြေရှာသည် ။

“ ဟဲ့ ... နည်းလှချည်လား ၊ ငါက မင်း တစ်နေ့ တစ်နေ့ ဆယ့်လေးငါးကျပ်ရတယ် မှတ်နေတာ ”

“ ကိုယ်ပိုင်စည် ဆိုရင်တော့ ရနိုင်ပါတယ် ခင်ဗျ ၊ ခုတော့ ဒီစည်ကို တစ်ညနေ တစ်ဆယ်နဲ့ ငှားတိုက်ရတာမို့ပါ ”

“ ဪ … ဪ … မင်းက ရေစည်လေး တစ်လုံးတောင်မှ အပိုင် မရှိသေးဘဲကိုး ”

မမအေးက ငါ့ကို ရင်းရင်းနှီးနှီး မေးရှာတယ်ဟု ကျိတ် ဝမ်းသာနေခဲ့မိသည့် ငွေအိုးတစ်ယောက် အောင့်သွားတော့၏ ။ မျက်လွှာလေးချကာ အိုးတိုက်နေသည့် သိန်းသိန်းကို တစ်ချက် ခိုးကြည့်ကာ အမြန်ဆုံး လစ်သွားတော့၏ ။

နောက်တစ်ကြိမ် ကြုံကြိုက်ပြန်တော့လည်း …

“ ဟဲ့… ငွေအိုး ၊ မင်းအဖေက မင်းတို့ကိုရော ပိုက်ဆံလေးဘာလေး ပေးရဲ့လား ”

“ ဟုတ်ကဲ့ ပေးတဲ့အခါလည်း ပေးပါတယ်ခင်ဗျ ၊ ဒါပေမဲ့ မမအေးရယ် ၊ သူ့ နောက် မိန်းမကလည်း ကလေး သုံးယောက် ရနေပြီလေ ။ ဒီတော့ ကျွန်တော်တို့အိမ် ဘယ်သိပ်ပေးနိုင်မလဲ မမအေးရာ ”

“ အင်း … မင်းတို့ကလည်း မောင်နှမ ငါးယောက်နော် ”

“ ဟုတ်… ခင်ဗျ ”

“ မင်း တစ်ယောက်တည်း ရှာတာနဲ့ ကသီမှာပဲနော် ”

“ ကသီတာပေါ့ မမအေးရယ် ၊ ကျွန်တော့်အောက် ထွေးထွေးကလည်း မနက်ဈေးမှာ မုန့်လက်ဆောင်း ရောင်းရသေးတယ် ၊ သူက တစ်နေ့ သုံးလေးကျပ်တော့ မြတ်ပါရဲ့ ၊ ဒါပေမဲ့ မိန်းကလေးဆိုတော့ အဝတ်အစားဖိုးနဲ့ ကုန်တာပါပဲ ”

“ ဪ … ဪ … အင်း … နှမအပျိုလေးလည်း ဂရုစိုက်ဦးကွဲ့ ကြားလား ၊ မင်းတို့မှာ မွဲရတဲ့အထဲ ဆင်းရဲတဲ့လူနဲ့ ရသွားရင် ဒုက္ခတွင်း နက်သထက် နက်သွားဦးမယ် ၊ အနည်းဆုံး စာရေးစာချီလောက်နဲ့မှ ယူပါစေ ကြားလား ”

ငွေအိုး စိတ်အိုက်သွားသည် ။ အတန်းပညာ မတတ်သော်လည်း အသက် ၂ဝ ပြည့်လုပြီမို့ ဒေါ်အေးအေးငြိမ်း၏ စကားအဓိပ္ပါယ်ကို သူ ကောင်းကောင်းကြီး နားလည်မိပါသည် ။

သည်တစ်ချီတော့ သိန်းသိန်း ရှိရာဘက်သို့ ခေါင်းပင် မလှည့်ရဲတော့ဘဲ ခပ်သုတ်သုတ် ပြန်ခဲ့ရသည် ။

ဒေါ်အေးအေးငြိမ်းကတော့ အောင်နိုင်သူကြီးပမာ ၊ သိန်းသိန်း မျက်နှာကို လှမ်းအကဲခတ်လိုက်၏ ။

နောက်ဆုံးအကြိမ်ဟု သတ်မှတ်နိုင်သည့် အကြိမ်က မီးဖိုဘေးက ရေစည်နားမှာ ။

သိန်းသိန်းက ခြင်ထောင်တွေ လျှော်နေသည် ။ ဒေါ်အေးအေးငြိမ်း က ဆပ်ပြာကူတိုက်ပေးနေသည် ။

ဒါကလည်း သူ့အကျင့် ။ သည်မိန်းကလေးကို ကရုဏာစိတ်ဖြင့် အမြဲကူညီလုပ်ကိုင်ပေးလေ့ရှိသည် ။

အချိန်က မနက် ၈ နာရီ ။

“ ငွေအိုး ရေထည့်လာသလား ၊ မနေ့ညက ဘာလို့ မလာသလဲကွဲ့ ”

“ ကျွန်တော့်ညီ အငယ်ဆုံးလေး ဖျားပြီး တက်လို့ပါ မမအေး ၊ တစ်ညနေလုံး အဖျားမကျလို့ ကျွန်တော် စောင့်နေရလို့ပါ ၊ တစ်ညလုံးလည်း မအိပ်ရဘူး မမအေးရယ် ၊ ခုမနက် မှ အဖျားကျသွားတယ် ၊ အမေနဲ့ ထွေးထွေး ကလည်း အောက်ဘက် ကုန်ကူးခေါ်လို့ လိုက်သွားကြတာ ၊ ကျွန်တော်ဖြင့် ဘာလုပ်ရမှန်းကို မသိတော့ဘူး ”

အိပ်ရေးပျက်ထား၍ နွမ်းနေသော ၊ ပူပန်သောကကြောင့် ညှိုးငယ်နေသော ငွေအိုးကို ကြည့်ကာ ‘ သိန်းသိန်းကို စာပေးသူ ’ ဟူသော အမြင် ခဏ ပျောက်သွား၏ ။ ကျောင်းဆရာမတစ်ဦး၏ ကြင်နာတတ်သည့် မိခင်စိတ်က ဝင်ရောက်လာ၏ ။

“ ဆရာဝန်ဆီ သွားမှပေါ့ ငွေအိုးရဲ့ ၊ ဒေါက်တာခင်ဖြူစင် တော်သားပဲ ”

“ ဟုတ် … မမအေး ၊ ကျွန်တော်လည်း သွားဖို့ပါပဲ ၊ အဲ ... အဲဒါအတွက် ပိုက်ဆံက … တစ်ဆယ်လောက် ကျွန်တော် ချေးချင်လို့ပါ ၊ အမေတို့ ပြန်လာရင် ကျွန်တော် ပြန်ဆပ်ပါ့မယ် ”

“ ရပါတယ်ကွယ်.. ယူသွားပေါ့ ၊ ညီမရေ … မမအေးငြိမ်း အိတ်ထဲက ငွေတစ်ဆယ် သွားယူချည်စမ်း ”

သိန်းသိန်းက ဒေါ်အေးအေးငြိမ်း ထင်မှတ်သည်ထက် ပိုမိုလျင်မြန်စွာ ပြန်ရောက်လာ၏ ။

“ ကဲ ... ရော့ ရော့ ၊ ကလေးကို ဂရုစိုက်ကွဲ့ ၊ နေပါဦး မင်းလက် မောင်းက ဘာဖုတွေလဲ ”

ပိုက်ဆံ လှမ်းယူလိုက်သည့် ငွေအိုး လက် မောင်းကို သေသေချာချာစိုက်ကြည့်ရင်း ဖျတ်ခနဲ မေးလိုက်၏ ။ ငွေအိုး ရုတ်တရက် ကြောင်သွားပြီးမှ -

“ ဒါ … ဒါ … ဟို ခြင်ကိုက်ဖုတွေပါ မမအေး ”

“ ခြင်တွေလည်း ဒီလောက်ထိ ကိုက်ရသတဲ့လားကွယ် ၊ မင်းတို့ခြင်ထောင်ကို လုံလုံ မထောင်ဘူး ထင်တယ် ၊ ခြင်ထောင်ကို လုံလုံထောင်မှပေါ့ကွဲ့ ၊ ပေါက်ပြဲနေတာ ရှိရင်လည်း ထွေးထွေးကို အဖာခိုင်းပေါ့ ၊ ခြင်ကိုက်တာ ဒီလောက်ခံရရင် ငှက်ဖျားဝင်တတ်တယ်ကွဲ့ ”

ငွေအိုး ငြိမ်၍ နားထောင်နေသည် ။ ဒေါ်အေးအေးငြိမ်း စကားဆုံးသည့်တိုင် သူ ငြိမ်ရပ်နေဆဲ ။ ခဏကြာမှ လေသံတိုးတိုးဖြင့် ခပ်လေးလေးဖြေသည် ။

“ ကျွန်တော်တို့မှာ ခြင်ထောင်ဆိုလို့ ပေါက်ပြဲနေတဲ့ ခြင်ထောင်တောင် မရှိပါဘူး မမအေးရယ် ၊ ရှိတဲ့ ခြင်ထောင်လေး တစ်လုံးကလည်း အမေတို့ ယူသွားကြလို့ ၊ ညီလေးကိုတောင် ကျွန်တော့် ပုဆိုးစုတ်နဲ့ ထွေးသိပ်ရပါတယ် ”

အားငယ်သံကို သိသိသာသာ ကြားလိုက်ရပြီးသည့်နောက် ၊ ရေစည်လှည်းကြီးကို တဂျိုင်းဂျိုင်း တွန်းကာ ပြန်ထွက်သွားသည်ကို တွေ့လိုက်ရ၏ ။

ဒေါ်အေးအေးငြိမ်းက ငွေအိုးကို ကြည့်နေရာက သိန်းသိန်းဘက်သို့ လှည့်ကြည့်လိုက်၏ ။ သိန်းသိန်းက သူ့ဇာခြင်ထောင်လေးကို မဲနယ်နှစ်နေသည် ။

“ အင်း … ငွေအိုး ဘယ်လောက် ဆင်းရဲတယ်ဆိုတာ သူ သိသွားပြီပဲ ၊ မိုက်မယ်တော့ မဟုတ်ပါဘူး … ”

သည်လို တွေးရင်း ၊ သူ့တိုက်စစ် ပရိယာယ်သစ်၏ အောင်မြင်မှုကို သူ့ဘာသာ ကျိတ်၍ ကျေနပ်နေတော့သည် ။

°°°°°   °°°°°   °°°°°

နောက်တစ်နေ့ နံနက် ၆ နာရီခန့် ။

ဒေါ်အေးအေးငြိမ်း အိပ်ရာက နိုးတော့ သိန်းသိန်းက သူ့ခုတင်ပေါ်ဝယ် မရှိတော့ပြီ ။

ပြန့်ပြူးစွာ ခင်းကျင်းထားသော အိပ်ရာကလေးက သပ်သပ်ရပ်ရပ် ။ သိန်းသိန်းက သန္ဓေကောင်းသည် ။ ငယ်ငယ်ကတည်းက ငါးနာရီခွဲထက် နောက် မကျဘဲ မီးဖိုခန်းဝင်လေ့ရှိသည် ။

သူ ထသွားလျှင် သူ့အိပ်ရာကလေးကို သည်လိုပင် သပ်သပ်ရပ်ရပ် ပြုပြင်ထားပစ်ခဲ့စမြဲ ။

ထို့ကြောင့်လည်း သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်တတ်သည့် သူနှင့် အခန်းထဲ နေနိုင်ခြင်း ဖြစ်ပေသည် ။

သိန်းသိန်း ခုတင်လေးကို လှမ်းကြည့်ရင်း သူ့စိတ်ထဲ တစ်မျိုးဖြစ်သွား၏ ။ သိန်းသိန်း ခုတင်လေးသည် ခါတိုင်းထက် ပိုသပ်ရပ်နေသလိုလို ၊ ရှင်းလင်းနေသလိုလို ။ ရှိသင့်တာတစ်ခုခု ပျောက်နေသလိုလို ။ ဇဝေဇဝါစိတ်ဖြင့် သုံးလေးလှမ်းမျှသာ ခြားသော သိန်းသိန်း ခုတင်လေးဆီသို့ သူ ရောက်သွား၏ ။

“ အလို … ”

အနားရောက် မှ စောစောက မမြင်ခဲ့သည့် သိန်းသိန်းခေါင်းအုံးပေါ်က နားကပ် ၊ လက်စွပ်နှင့် ဆွဲကြိုးကို တွေ့လိုက် မိ၏ ။ ပြီးတော့ စာရွက်ခေါက်တစ်ခု ။

“ အင် … ”

နားလည်လိုက်ပါပြီ ။ အကောင်ကြီး မြင်မှတော့ အရိပ်ပြစရာ မလိုတော့ပါပြီ ။

ဒေါ်အေးအေးငြိမ်း အံတကြိတ်ကြိတ်ဖြင့် စာတိုလေးကို ဖတ်ကြည့်လိုက် မိ၏ ။ စာက လေးငါးကြောင်းမျှသာ ။ နောက်ဆုံး စာကြောင်းကလေးက ဒေါ်အေးအေးငြိမ်းကို သရော်လှောင်ပြောင်နေလေသည် ။

“ မမတို့ ပေးထားတဲ့အထဲက ခြင်ထောင်တစ်ခုပဲ ကျွန်မ ယူသွားပါတယ် မမရှင့် ” တဲ့ ။

သည်တော့မှ သူစောစောက သိန်းသိန်း ခုတင်ပေါ်ဝယ် တစ်ခုခုလိုနေသည်ဟု ထင်ခဲ့မိသည့် အကြောင်းရင်းကို သိရှိလိုက်ရ၏ ။ ထိုအကြောင်းရင်းကို သိလိုက်မှပင် ကိုယ့်ရှူး ကိုယ်ပတ် ၊ ကိုယ့်အတတ် ကိုယ်စူးခဲ့ရပုံကို ဆက်လက်တွေးတောလိုက်မိ၍ မကျေနိုင် မချမ်းနိုင် ဖြစ်သွားရပါတော့သည် ။

“ တောက် … ငါ့နှယ်နော် … ”

◾ ကြူကြူသင်း

📖  ရှုမဝမဂ္ဂဇင်း
       ၁၉၇၉ ၊ မတ်လ ။

koaungnaingoo.blogspot.com

.

Thursday, August 26, 2021

အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်း


 ❝  အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်း ❞


" အပျိုကြီး မမရယ် xxx မမတို့ရယ် xx

တစ်ကိုယ်တည်း ဂွကျတယ် xxx ဂွကျလှတယ် ”


အချဉ်ပေါင်းသည်က ကျွန်တော်တို့ အိမ်ရှေ့မှာ ရပ်ရင်း ကတ်ဆက်ကို အကျယ်ကြီး ဖွင့်ထားတယ် ။ အိမ်ရှေ့လမ်းမပေါ်မှာ သွားလာနေကြတဲ့ လူတွေထဲမှာ အပျိုကြီးတွေ အတော်များများ ပါလေတော့ အပျိုကြီးတချို့က အချဉ်ပေါင်းသည်ကို မျက်စောင်းထိုး ကြည့်ကြတာ ၊ အပျိုကြီးတချို့က ရှက်ရှက်နဲ့ အိမ်ထဲကို ခပ်သုတ်သုတ် ဝင်ပြေးကြတာ ကျွန်တော် သတိထားမိလိုက်တယ် ။


“ အင်း ... ရပ်ကွက်ထဲမှာ အပျိုကြီးတွေ တစ်စတစ်စ များများ လာပါလား ၊ ဘာလို့များပါလိမ့် ၊ ရုပ်ဆိုးလို့ ၊ နှုတ်စွာလို့ ၊ အကျည်းတန်လို့ ၊ ဥစ္စာမွဲလို့ အပျိုကြီးဖြစ်ကြတာတော့ ထားပါတော့ ရုပ်လည်း သဘောလည်းကောင်း ၊ ပညာလည်းတတ် ၊ ဥစ္စာလည်းပေါရဲ့နဲ့ အပျိုကြီးဖြစ်ကြရတဲ့ သူတွေကတော့ ဘာကြောင့်များပါလိမ့် ၊ပြီးတော့ အပျိုကြီးတွေက သူတို့ကို အပျိုကြီးလို့ စရင် စိတ်ဆိုးကြ ၊ ရှက်ကြတာ ဘာကြောင့်ပါလိမ့် ၊ ဒါဟာ စိတ်ဝင်စားစရာပဲ ၊ ကိုယ်နဲ့ ခင်တဲ့မင်တဲ့ အပျိုကြီး တစ်ယောက်ယောက်နဲ့ တွေ့မှ အင်တာဗျူးကြည့်ဦးမယ် ”


အဲဒီလို အတွေးတွေနဲ့ လမ်းမဘက်ကို ကြည့်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် အရပ်ထဲက အပျိုကြီး မချိုရီ တစ်ယောက် အိမ်ကို ပေါက်ချလာပါတယ် ။


“ ဟော ... မချိုရီ ၊ လာဗျာ ၊ ထိုင် ၊ ကိစ္စရှိလို့လား ၊ အလည် သက်သက်ပဲလား ”


“ အလည် သက်သက်ပါကွယ် ၊ မင်း မမရော ”


“ ရေချိုးနေတယ် ထင်တယ် ၊ မချိုရီ ရောက်နေတာ ကျွန်တော် သွားပြောလိုက် မယ်လေ  ”


“ နေပါစေကွယ် ၊အေးအေးဆေးဆေး ချိုးပါစေ ၊ အရေးကြီးကိစ္စ မရှိဘဲ ”


“ ဒါဖြင့်လည်း ထိုင်ဦး ၊ ကျွန်တော် မချိုရီ သောက်ဖို့ တစ်ခုခု စီစဉ်လိုက်ဦးမယ် ”


“ နေနေ ၊ ဘာမှ မလုပ်နဲ့ ၊ ဧည့်သည်မှ မဟုတ်ဘဲကွယ် ”


“ ကဲ ... ဒါဖြင့်လည်း မဂ္ဂဇင်းတွေ ဖတ်ဦး ၊ ရော့ ... ”


“ ဪ ... အေး ၊ ဒါနဲ့ ဦးတို့ ဒေါ်ဒေါ်တို့လည်း မမြင်ပါလား ”


“ ဒက်ဒီတို့ မင်္ဂလာဧည့်ခံပွဲ သွားကြတယ်လေ ၊ ဝါကျွတ်ပြီဆိုကတည်းကဗျာ ရောက်လာလိုက်တဲ့ မင်္ဂလာဆောင်ဖိတ်စာတွေ ၊ ပလူပျံလို့ ၊ ဒက်ဒီတို့လည်း တစ်နေ့မှ မနားရဘူး ၊ ဒါနဲ့ မချိုရီ ဘယ်တော့ ကျွန်တော့်တို့ မုန့်စားရမှာလဲ ”


“ အိုကွယ် ... မောင်ဝေကလည်း မမအသက်ကဖြင့် လေးဆယ် ကျော်နေပြီ "


ပြောရင်းကနေ မချိုရီဟာ ခေါင်းငုံ့သွားပြီး စားပွဲကို လက်သည်းနဲ့ ခြစ်နေပါတယ် ။


“ ဟင် ... ဟုတ်လား ... လေးဆယ်ကျော်ပြီလား ။ ကျွန်တော်က သုံးဆယ်ကျော်လောက်ပဲ မှတ်နေတာ "


ဒီလိုလည်း ပြောလိုက်ရာ မချိုရီရဲ့ မျက်နှာဟာ မီးလာတဲ့အချိန်မှာ ခလုပ်ဖွင့်ထားတဲ့ မီးချောင်းလို ဝင်းထိန်သွားပြီး ...


“ ဟင်း ... ဟင်း …. မောင်ဝေက မြှောက်တတ်သားပဲ မုန့်ဝယ်ကျွေးရမယ် ”


“ မြှောက်တာ မဟုတ်ပါဘူး မချိုရီ ၊ တကယ်ပြောတာပါ ”


“ ဪကွယ် ... မောင်ဝေကလည်း "


ဒီလိုနဲ့ မချိုရီ တစ်ယောက် ရောက်တာနဲ့ မတူ သိသိသာသာ ရွှင်လန်းလာပြီး စကားပြောတွေ ပိုပြီး ချိုသာသွက်လက်လာပါတယ် ။ ကျွန်တော်လည်း အကွက်ဆိုက်လာတာနဲ့ “ အပျိုကြီး အင်တာဗျူး ” ကို စတင်လိုက်ပါတယ် ။


“ မချိုရီ အသက်က လေးဆယ်ကျော်ဆိုတော့ လေးဆယ် နဲ့ ဘယ်နှစ်နှစ်ပါလိမ့် ”


“ လေးဆယ်ထက် နည်းနည်းပဲ စွန်းတယ်လို့ပဲ မှတ်ထားလိုက်ပါကွယ် ”


“ ဘာကြောင့် အပျိုကြီး ဖြစ်ရတာပါလိမ့် ”


“ ယောက်ျား မရလို့ပေါ့ကွယ် ”


“ ယောက်ျားက ဘာလို့ မရတာလဲ ၊ ရည်းစားက ပစ်သွားလို့လား ”


“ ရည်းစားကို မရလိုက်တာပါကွယ် ”


“ ကျွန်တော့်တော့ အံ့ဩလို့ မဆုံးဘူး ၊ မချိုရီက ရုပ်လည်း ချောရဲ့သားနဲ့ ”


“ရုပ်ချောတာနဲ့ ယောက်ျားရတာ မဆိုင်ဘူးကွဲ့ "


“ ဒါဖြင့် ဘာနဲ့ဆိုင်သလဲ ၊ ရုပ်ချော ၊ သဘောကောင်း ၊ ဥစ္စာပေါတဲ့ အစ်မကြီးတွေ ဘာလို့ အပျိုကြီး ဖြစ်ရသလဲ ၊ နောက်ပြီး အပျိုကြီးမို့လို့ အပျိုကြီးလို့ခေါ်ရင် ဘာလို့ ရှက်သလို ၊ စိတ်ဆိုးသလို ဖြစ်ကြတာလဲ ၊ အဲဒါလေး ကျွန်တော် သဘောပေါက်အောင် နည်းနည်းလောက် ရှင်းပြပါလား ”


ကျွန်တော်က အဲဒီလို ရှည်ရှည်ဝေးဝေး မေးလိုက်တော့ မချိုရီ ကလည်း ရှည်ရှည်ဝေးဝေး ပြန်ပြောပြပါတယ် ။ သူမရဲ့ ဇာတ်လမ်းမဟုတ်တဲ့ အဖြစ်အပျက်ကလေး တစ်ခုပါ ။


“ အင်း ... လွန်ခဲ့တဲ့ လေးငါးနှစ်‌ေလာက်က ဖြစ်မယ် ထင်တယ် ၊ မမရယ် ၊ မမရဲ့ ညီမတစ်ယောက်ရယ် ၊ ကိစ္စတစ်ခုနဲ့ ရန်ကုန်ကို သွားကြတယ်ကွယ့် ၊ ရန်ကုန်ကို မနက်ပိုင်းမှာ ရောက်အောင် ဒီကနေ ညရထား စီးသွားကြတာပေါ့ ၊ အိပ်စင်ပါတဲ့ တွဲက လက် မှတ်မရတော့ အိမ်က လူတွေက အထက်တန်းတွဲ လက် မှတ် လုပ်ပေးလိုက်ကြတယ် ၊ ဒါနဲ့ Upper က စီးသွားကြတာပေါ့ ၊ အရင်က Upper က တစ်ခါမှ မစီးဖူးဘူး ၊ အဲဒီ အခေါက်က ပထမဦးဆုံး အကြိမ်ပဲ ”


“ ထိုင်ခုံလေးက ထိုင်လို့ကောင်း ၊ ရထားက တငြိမ့်ငြိမ့် ညီအစ်မနှစ်ယောက် စကားတပြောပြောနဲ့ စီးလိုက်သွားကြတာ ဟန်ကို ကျလို့ ၊ အဲ ... ဒါပေမဲ့ ဆယ်နာရီ ကျော်လို့ ညဉ့်နည်းနည်း နက်လာရော ပြဿနာ စတော့တာပါပဲ ”


“ ပြဿနာဆိုလို့ ဘာတွေများလဲဆိုပြီး တလွဲတွေး မနေနဲ့ဦးနော် ၊ ပြဿနာက ထိုင်ခုံပြဿနာကွယ့် ၊ တွဲထဲမှာ ပါလာတဲ့ အခြား လူတွေကတော့ စီးနေကျမို့ ထင်ပါရဲ့ ၊ သူတို့ထိုင်ခုံကို ဘယ်လို လုပ်လိုက်တယ် မသိပါဘူး ၊ ထိုင်ခုံက နောက်လန်ပြီး ပက်လက်ဖြစ်သွားတယ် ၊ အိပ်စင်လို ဖြစ်သွားတာပေါ့ ။ သူတို့က အဲဒီပေါ်မှာ ဇိမ်နဲ့ ကျကျနန အိပ်ကြတယ် ။ အဲ .. မမတို့နှစ်ယောက်ကတော့ စီးနေကျ မဟုတ်တော့ ဒီခုံကို ပက်လက်ဖြစ်အောင် မလုပ်တတ်ဘူး ၊ သူများတွေ လုပ်တုန်းကလည်း ကိုယ့်ဖာသာ ဖာသိဖာသာနေပြီး သတိထား မကြည့်မိလိုက်တော့ နည်း မသိလိုက်ဘူး ၊ ဒီတော့ မမတို့ နှစ်ယောက်က နဂိုအတိုင်း မတ်မတ်ကြီးပေါ့ ”


“ တစ်တွဲလုံးက လူတွေ အကုန် လဲနေချိန်မှာ မမတို့နှစ်ယောက်ထဲ ထောင်ထောင်ကြီး ဖြစ်နေတော့ ရှက်စရာကြီးပေါ့ကွယ် ။ ဒါကြောင့် အနားက လူတစ်ယောက်ကို အကျိုးအကြောင်းပြောပြီး ထိုင်ခုံကို လုပ်ခိုင်းရ ကောင်းမလားလို့ စဉ်းစားပါသေးတယ် ၊ ဒါပေမဲ့ ဒီလို ခိုင်းရမှာလည်း ရှက်တော့ ဒီအတိုင်းပဲ ကြိတ်နေလိုက်ကြတယ် ၊ မအိပ်ချင်သေးလို့ ထိုင်နေကြတဲ့ ပုံစံပေါ့ ”


“ တစ်တွဲလုံး လှဲအိပ်နေကြချိန်မှာ ကိုယ်က မတ်မတ်ကြီး ထိုင်နေရတာ စိတ်ပျက်စရာပဲ ၊ ဒါပေမဲ့ “ နည်း ” မသိတော့ ဘာတတ်နိုင်မှာလဲ ၊ ထိုင်ခုံကို ဟိုလုပ်ဒီလုပ် လျှောက်လုပ် ကြည့်ချင်ပေမယ့် ကိုယ့်ကြောင့် ထိုင်ခုံပျက်သွားမှာလည်း စိုးရိမ်တယ်လေ ။ အဲ ... ညီမလေးကတော့ ရဲတယ် ၊ နည်းနည်းလည်း စပ်စုတတ်တော့ ဟိုလုပ်ဒီလုပ် လုပ်ကြည့်ရင်း လက်တင်တဲ့ တန်းအောက်က ခလုပ်ကို ဆွဲမိတယ်ထင်ပါရဲ့ ၊ ' ဂျိုင်း ' ဆို ထိုင်ခုံကြီး ပက်လက် ဖြစ်သွားတယ် ၊ အသံက နည်းနည်းကျယ်တော့ အနားက လူတွေတောင် နိုးလာပြီး မမတို့ကို စူးစမ်းသလိုကြည့်ကြတယ် ။ မမ ကတော့ခပ်တည်တည် လုပ်နေလိုက်တယ် ၊ တစ်တွဲလုံးမှာ မမ တစ်ယောက်တည်း မတ်မတ်ကြီးပေါ့ ”


“ အနားကလူတွေ ပြန်အိပ်သွားတော့ ညီမလေးက မမကိုလည်း သူလုပ်သလို လိုက်လုပ်ဖို့ ပြောတယ် ၊ ဒါပေမဲ့ မမက မလုပ်ရဲဘူး ၊ ဒီတော့ ညီမလေးက စိတ်မရှည်တော့ဘဲ မမ ထိုင်ခုံကို စောစောက လုပ်သလိုမျိုးလုပ်လိုက်တယ် ၊ မမထိုင်ခုံလည်း “ ဂျိုင်း ” ဆို ပက်လက်ဖြစ်သွားရော ၊ အနားကလူတွေလည်း ခေါင်းထောင်ကြည့်ကြပြန်ရော ၊ ဒီတစ်ခါတော့ သူများနည်းတူ ကိုယ်လည်း ပက်လက်ဖြစ်ပြီဆိုတော့ သိပ်မရှက်တော့ပါဘူး ”


“ ဒီလိုနဲ့ ညီအစ်မနှစ်ယောက် အိပ်လိုက်လာကြတာ တစ်ညလုံး အဆင်ပြေပေမယ့် မနက် မိုးလင်းတော့ ပြဿနာ တက်ပြန်ပါရော ၊ ပက်လက်ဖြစ်နေတဲ့ ထိုင်ခုံကို ပြန် မမတ်တတ်ပြန်တော့ တွဲထဲက လူတွေ အကုန်လုံး ထောင်ထောင် ထောင်ထောင် ဖြစ်ကုန်တဲ့အချိန်မှာ မမတို့နှစ်ယောက်ထဲ လဲနေတော့တာပေါ့ ၊ မမဖြင့် ရှက်လိုက်တာလေ ၊ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ၊ ကိုယ်မှ မစွမ်းတော့ ဒီအတိုင်းပဲ အိပ်ရာက မနိုးသေးတဲ့ဟန်ဆောင်နေရတာပေါ့ ။ ဒီလိုနဲ့ တဖြည်းဖြည်း နေမြင့်လာတော့ ...”


“ ဟဲ့ .. မိချိုရီ ၊ ရောက်နေတာ ကြာပြီလား ”


မချိုရီ စကားပြောကောင်းနေတုန်း ဘယ်အချိန်က ဧည့်ခန်းထဲ ဝင်လာမှန်း မသိလိုက်တဲ့ မမက လှမ်းနှုတ်ဆက်လိုက်တယ် ။


“ အေး ... ကောင်မ ၊ ငါရောက်နေတာ ကြာပြီအေ့ ၊ ဘယ်လိုလဲ ၊ ညည်းက အလှတွေ ဘာတွေ တယ်ပြင်လှပါလား ၊ ဧကန္တမျှော်လင့်ချက် မကုန်သေးဘူးနဲ့ တူတယ် ”


“ အောင်မာ ... မိချိုရီ ၊ ငါ့ကိုများ ညည်းလို အောက် မေ့ မနေ န့ဲ ၊ ကဲ ... လာ ၊ အခန်းထဲသွားရအောင် ”


မမ က ခေါ်တော့ မချိုရီ အခန်းထဲကို ထလိုက်သွားဖို့ ပြင်လိုက်တယ် ။


“ ဟိုး ... ဟိုး မချိုရီ ၊ ဇာတ်လမ်းကို အပြီးသတ်သွားဦးလေဗျာ ၊ ပြီးတော့ အပျိုကြီးဖြစ်ရခြင်း အကြောင်းရင်းရယ် အပျိုကြီးလို့ ခေါ်ရင် ဘာလို့ ရှက်တယ်ဆိုတာရယ်ကိုလည်း ပြောသွားဦး ”


ကျွန်တော်က ဒီလိုပြောလိုက်တော့ မချိုရီက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး


“ ဇာတ်လမ်းက ပြီးပြီလေကွယ် ၊ ကျန်တာကတော့ မင်းလည်း သိပြီးသားပဲ ၊ မမညီမက ယောက်ျား ရသွားတယ် ၊ မမ ကတော့ အပျိုကြီးဖြစ် ကျန်ခဲ့တယ် ၊ ဒါပဲ ”


ပြောပြောဆိုဆို မချိုရီဟာ ချာကနဲလှည့်ပြီး မမနောက်ကို ခပ်သွက်သွက် လိုက်သွားတယ် ။ ဧည့်ခန်းထဲမှာတော့ ကျွန်တော် တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါတော့တယ် ။


◾ ထက်ငြိမ်းဝေ


📖  ရယ်စရာ ဟာသဝတ္ထုတိုများ

        အမှတ် ၇


koaungnaingoo.blogspot.com


.

Wednesday, August 25, 2021

မိန်းကလေးတွေလက်ကို ကျွန်တော် မုန်းရခြင်းမှာ


 

   ❝  မိန်းကလေးတွေ လက်ကို ကျွန်တော် မုန်းရခြင်းမှာ .. ❞

ပထမအစမ်း စာမေးပွဲဖြေရန် တစ်ပတ်ခန့်သာ လိုတော့သဖြင့် အတန်းတိုင်း အတန်းတိုင်းတွင် ဆရာစာသင်သံမှ တစ်ပါး တိတ်ဆိတ်လျက်ရှိသည် ။ အတန်းထဲတွင်လည်း ကျောင်းပျက်သူ ကျောင်းသား မရှိသလောက်ဖြစ်ကာ ကျောင်းကော်ရစ်တာကလည်း ရှင်းကာနေ၏ ။ ယခင်တုန်းကလို ရေထွက်သောက်သော ကျောင်းသား ၊ အိမ်သာသွားသည့် ကျောင်းသား ၊ ဆရာ မဝင်သဖြင့် ကော်ရစ်တာမှာ ထွက်ရပ်သော ကျောင်းသား စသည်တို့ မရှိကြသဖြင့် ကော်ရစ်တာသည်လည်း ရှင်းကာနေသည် ။

ကျွန်တော်တို့ သင်္ဃန်းကျွန်း အထက ( ၃ ) ကျောင်းသားများအတွက်တော့ ပထမအစမ်း စာမေးပွဲသည် အတန်းတင် စာမေးပွဲလိုပင် အရေးကြီးသော စာမေးပွဲတစ်ခုဖြစ်၏ ။ ပထမအစမ်း စာမေးပွဲ စစ်ပြီးသွားလျှင် ရသည့် အမှတ်ကို ကြည့်ကာ အတန်း အပြောင်းအရွှေ့ လုပ်လေ့ရှိသောကြောင့် ဖြစ်သည် ။ ဆယ်တန်းတွင် A, B, C, D, E, F ဟု အခန်းခြောက်ခန်း ရှိသည့်အနက် ဘာသာစုံ အောင်သူများကို A ခန်းသို့ ပို့သည် ။ တစ်ဘာသာ ကျက B,... စသည်ဖြင့် ပထမအစမ်းပြီးလျှင် ခွဲလေ့ရှိသည် ။

A ခန်းတွင် ဆရာကောင်း ဆရာမကောင်းတွေ ရှိပြီး ကြပ်ကြပ်မတ်မတ် စာသင်လေ့ရှိသောကြောင့် A ခန်းက ၁၀ တန်းအောင်သော ကျောင်းသားအများစု ထွက်လေ့ရှိသည်က တစ်ကြောင်း ၊ A ခန်းမှာဆိုလျှင် အတော်အသင့် စာတော်သူတစ်ယောက် ဆိုသော ဂုဏ်ပုဒ်ကို ရသည်က တစ်ကြောင်းကြောင့် ကျောင်းသားတိုင်း ပထမအစမ်း စာမေးပွဲကို လေးလေးနက်နက်ထားကာ ကျက်ကြရ ဖြေကြရသည် ။

ကျွန်တော်က C ခန်းမှာ ကျောင်းတက်ရသော ကျောင်းသားတစ်ယောက် ဖြစ်သည် ။ ဒါကလည်း ကိုးတန်းတုန်းက အမှတ်စာရင်းနှင့် ခွဲတာဟု ဆရာများကဆိုသဖြင့် ကျွန်တော်သည် သိပ်မတော်သော်လည်း အရမ်း မညံ့သော ကျောင်းသားတစ်ယောက်ဟု မှတ်ယူနိုင်ပါသည် ။ သို့သော် ကျွန်တော့်အိပ်မ က် ထဲမှာ A အခန်းကတော့ ရှိနေမြဲ ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော် စာကို ဂရုတစိုက် သင်ရသည် ။

သင်္ချာ ( ၂ ) ဆရာမ ထွက်သွားလို့ နှုတ်ဆက်အပြီး ထိုင်ပင် မထိုင်ရသေး ။ ပထဝီဆရာမက တန်းဝင်လာသဖြင့် ကျွန်တော်တို့ ပြန်ထိုင်မနေတော့ပဲ နှုတ်ဆက်လိုက်ကြ၏ ။ ပြီးတော့ အတန်းသည် ဆိတ်ငြိမ်ကာ သွားသည် ။ ထိုအချိန်တွင် ဆရာမတွေ ပြောသမျှ စာတွေမှာ ပထမအစမ်းအတွက် အရေးကြီးသော Sport တွေဖြစ်ကြောင်းကို အားလုံး နားလည်ကြသည် ။

ပထဝီဆရာမက ရှမ်းကုန်းမြေမြင့်အကြောင်း ပြန်သင်သည် ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကိုလည်း သင်သည် ။ သင်ပြီးသားဖြစ်သဖြင့် အရေးကြီးသော အချက်အလက် များကိုသာ ပြန်လည်၍ Revation ပြန်ခြင်း ဖြစ်သည် ။ ကျွန်တော့် ပထဝီစာအုပ်ထဲမှာ စတားတွေ ခရေပွင့်တွေ ရှုပ်ယှက်ခတ်ကာသွား၏ ။

ထို့နောက် ဆရာမက မြန်မာနိုင်ငံမြေပုံကို ဆွဲပြကာ မြစ်ကြီးများ ၊ မြို့ကြီးများနှင့် အဓိက စက်ရုံကြီးများရှိရာ မြို့များကို ထည့်ကာပြသည် ။ မှန်ချက်စက်ရုံရှိသော ပုသိမ်မြို့ ၊ ရေနံတွင်းများရှိရာ ချောက် မြို့ စသည်ဖြင့် ဖြစ်သည် ။

“ မင်းတို့ မြန်မာပြည်မြေပုံကိုတော့ ဆွဲတာ ကျင့်ကို ကျင့်ထားရမယ် ၊ ပထဝီဘာသာမှာ မြန်မာပြည်မြေပုံဟာ အဓိကပဲ ၊ ပထဝီမှာ စာက တစ်ဝက် မြေပုံက တစ်ဝက်ပဲ ၊ စာဘယ်လောက် ဤသည်မရွေး မှန်နေပစေ မြေပုံမပါရင်တော့ Sorry ပဲ "

ပထဝီဆရာမ ဒေါ်ဝင်းဝင်းလှက မည်သည့်အပိုဒ်ကို ဖြေဖြေ မြေပုံဆွဲထည့်နိုင်လျှင် ပိုကောင်းကြောင်းကို အထူးအလေးပေးကာ ပြောသွား၏ ။ ဥပမာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို မေးသည်ဆိုကြပါစို့ ။ မြန်မာမြေပုံဆွဲကာ ထိုဒေသကို အရောင်တစ်ခုနှင့် ထည့်ပေးနိုင်လျှင် ပိုအမှတ်ရနိုင်သည်ဟု ဆိုသည် ။

ဆရာမ အချိန်စေ့တော့ မုန့်စားကျောင်း ဆင်းသည် ။ သို့သော် အတန်းထဲက မုန့်ထွက်စားသူ သိပ်မတွေ့ရ ။ ကျွန်တော်လည်း ကျန် ကျောင်းသားတွေလိုပဲ ခုံပေါ်မှာ မှတ်စုစာအုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့သည် ။

“ ဟဲ့ ... ရဲဝင်း ... ငါ့ကို တစ်ခု ကူညီဦးဟာ ... ”

ပြောရင်း ကျွန်တော့်ခုံနံဘေးမှာ ဝင်ထိုင်သူက မေစိုးထိုက် ဖြစ်သည် ။ မေစိုးထိုက်က ကျွန်တော်တို့ အတန်းထဲမှာ အတော် နာမည်ရသည် ။ မေစိုးထိုက် က ချောသည် ။ စကားပြောလျှင် ချွဲသည် ။ အကြည့်က ကြာကြည့် ကြည့်တတ်၏ ။ သူ့ကို လိုက်ကြသူ ကြိုက်ကြသူလည်း တော်တော်များသည် ။ ဒီလို လိုက်တဲ့သူများတော့ မေစိုးထိုက် တို့က မာနတစ်ခွဲသားနဲ့ နေသလား ! မဟုတ် ။ ရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ထားသည် ။ စာမှာကျတော့ ကလချာ ၊ ဘာစာ မေးမေး မျက်လုံးအပြူးသားကလေးနှင့် အဆော်ခံ အရိုက်အနှက်ခံရလျှင်လည်း မဖြုံ တတ် ၊ အတန်းပိုင်ဆရာမက “ မေစိုးထိုက် ရယ် ညည်း လူကလေး လှသလို Reportcard ကိုလည်း လှအောင် လုပ်စမ်းပါ ” ဟု ပြောတော့ မေစိုးထိုက်က သူ့ Reportcard ကို လိပ်ပြာကလေးတွေပါသော စက္ကူလှလှကလေးနှင့် ဖုံးလိုက်၏ ။

“ ဘာကူညီရမှာတုန်းဟ ၊ ငါ့ဘာသာ ငါကို ရှုပ်နေတဲ့ဟာကို ... "

“ မြေပုံဟ ... မြေပုံ ... ဆရာမပြောပုံ အရဆိုရင် မြေပုံတစ်ခုကတော့ ပါကို ပါတော့မှာ ၊ ခက်တာက ငါက မြေပုံ မဆွဲတတ်ဘူးဟ ၊ ငါ့ကို မြေပုံဆွဲနည်း သင်ပေးစမ်းပါဟာ ”

“ ဟာ ... စာမေးပွဲက ဒီလောက် ဖင်နားကပ်နေမှ မြေပုံအဆွဲသင်နေလို့ ရတော့မလားဟ ၊ တစ်ခြားအပုဒ် ရှောင်ဖြေပေါ့ဟာ ..."

“ ဘယ်အပုဒ်ဖြေဖြေ မြေပုံကတော့ ပါမှာပဲတဲ့ဟ ၊ နင်ကလည်း ငါ့ကို ကူညီပါဆို ရဲဝင်းကလည်း ...”

မေစိုးထိုက် က ကျွန်တော့်ပခုံးကို လှမ်းရိုက်ကာ သူ့ပခုံးနှင့်ပစ်ကာ တိုက်ရင်း ကျွန်တော်တို့ ယစ်မူးရပါသော ချွဲသံကလေးနှင့်ဆိုတော့ ကျွန်တော်လည်း လှုပ်၍ မရနိုင်တော့ ။ ကျွန်တော့်စာတွေ ဘေးချ သူ့ကို မြေပုံ ဆွဲပြရတော့သည် ။

သူနှင့် ကျွန်တော် ပူးပူးကပ်ကပ် နေရတာကို သာယာမိတာကိုတော့ ဝန်ခံရမည် ။ သို့သော် ကျွန်တော့်မှာ တခြားကောင်တွေလို သူ့ကို ကြိုက်ချင်တာ ဘာညာတော့ မရှိ ။ ပထမအချက်က မေစိုးထိုက် ဘာဖြစ်လို့ ကျွန်တော့်အနား ကပ်သည်ဆိုတာကို ကျွန်တော် သိသည် ။ အတန်းထဲမှာ ကျွန်တော်က မြေပုံဆွဲ အတော်ဆုံး ၊ ပြီးတော့ ကျွန်တော်နှင့်သူက စာမေးပွဲဖြေလျှင် ခုံနံပါတ် ကပ်လျက်ဖြစ်၏ ။ ဒုတိယအချက်က ကျွန်တော်က အကောင် သေးသေးကွေးကွေး ၊ သူက ဖွံ့ဖွံ့ထွားထွား စွင့်စွင့် တင်းတင်းပြည့်ပြည့် ထောင်ထောင်မောင်းမောင်း ၊ ကျွန်တော့်အရပ်က သူ့ပခုံးကိုပင် မမီချင် ။ ထို့ကြောင့် ဖောဋ္ဌဗ္ဗကို သာယာရုံက လွဲ၍ ရှေ့ဆက်စရာသည် မရှိ ၊

မေစိုးထိုက်သည် ကျွန်တော်ထင်ထားတာထက် ချာသည်ဆိုတာကို လက်တွေ့မို့သာ ယုံရတော့သည် ။ မုန့်စားကျောင်းသာ ပြန်တက်သွားသည် ။ မြန်မာနိုင်ငံ မြေပုံ မပြောနှင့် ဇီးရွက်နှင့်တူသောပုံပင် သူ့ထံမှ ထွက် မလာ ။ ကျွန်တော် တတ်သမျှ မြေပုံအလွယ်ဆွဲနည်းတွေလည်း ကုန်ပြီ ၊ ဒီတော့ ပထမဦးဆုံး ကျွန်တော့်တပည့်ကို နောက်ဆုံး လက်ပူတိုက်နည်းနှင့်သာ သင်ပြရတော့သည် ။

“ ကဲ ... မေစိုးထိုက် ... နင့်ကို ငါ အလွယ်ဆုံး မြန်မာနိုင်ငံမြေပုံဆွဲနည်း သင်ပေးလိုက်မယ်ဟာ... နင့် ညာဘက်လက်ဝါးကို စက္ကူပေါ် မှောက်လိုက် "

မေစိုးထိုက်က ကျွန်တော့်ကို အံ့ဩသလို မော့ကာ ကြည့်သည် ။

“ ငါ့လက်ကို ဟုတ်လား "

“ အေး ဟုတ်တယ်လေ ဒီမှာကြည့် ကဲ ..."

ကျွန်တော်က စက္ကူပေါ်မှာ မှောက်ချထားသော မေစိုးထိုက် လက်ဝါးမှ ပြန့်ကျဲနေသော လက်ချောင်းကလေးတွေကို တင်းစေ့သွားအောင် စုကာ ဖိထားရင်းက ... ။

“ ဟောဒီ ဘေးကိုထွက်နေတဲ့ လက် မကလေးနားက စဆွဲဟာ ... ပြီးတော့ အမှန်ကလေးတစ်ခုခြစ်ပြီး လက်ညှိုးနားအထိ အတွန့်ကလေးတွေနဲ့ ဆွဲ ၊ အဲဒီလက်ညှိုးကနေ အဝိုက်ကလေးတစ်ခုနဲ့ နင့်လက်ချောင်းတွေထဲက အရှည်ဆုံးလက်ခလယ်ကိုသွား အဲဒါ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံး ဦးခေါင်းကလေး အဲဒီကနေပြီး လက်သူကြွယ်ကို ဖျောက်ပြီး လက်သန်းထိပ်ကလေးဆီကို ဆင်းပြီး အချွန်ကလေးထုတ်လိုက် ၊ ပြီးရင် နင့် လက်ဖဝါးဘေးသားကလေးအတိုင်း ဝိုက်ချလိုက်ဟာ ၊ ဒါဆို တော်တော်ရုပ်လုံး ပေါ်နေပြီပဲ ၊ တနင်္သာရီတိုင်းကတော့ ဆွဲတတ်မှာပေါ့ ...”

ကျွန်တော် ပြောပြောဆွဲဆွဲနှင့် ပြီးတော့ သူ့လက်ချောင်းကလေးများကို ဖယ်ပေးလိုက်သည့်အခါ သူဆွဲထားတာထက် အတော်အချိုးကျသော မြန်မာပြည်မြေပုံကို တွေ့ရ၏ ။ မေစိုးထိုက် အံ့ဩကာ ပျော်သွားသည် ။

“ ဟယ် ... ဟုတ်တယ် ... ဒီလိုဆိုတော့လည်း လွယ်လွယ်ကလေးနော် .…. တော်တော် တူတာဟ ”

ကျွန်တော်က အောက်ဆုံးက တနင်္သာရီတိုင်းကို ဖြည့်ကာ ဆွဲပေးလိုက်သည် ။ မေထိုက်က သူ့လက်ဝါးကလေးကို တအံ့တဩ ကြည့်ကာနေ၏ ။

“ တစ်ခေါက် ထပ်ဆွဲပြဦးဟာ ရဲဝင်းကလည်း ..."

အခန်းထဲက ကောင်တွေကတော့ ပူးပူးကပ်ကပ်ထိုင်ကာ မေစိုးထိုက် လက်ဝါးကို ကြိုက်သလို ကိုင်နေသော ကျွန်တော့်ကို မကြည်ပဲ ဘုကြည့် ကြည့် ကြ၏ ။

“ အိမ်မှာ ထပ်ကျင့်ကြည့်ဦးပေါ့ဟာ ... "

“ အေး .. အေး ... ဒါဆိုရင် ငါရပြီဟ ..."

°°°°°   °°°°°   °°°°°

စာမေးပွဲမှာ မြန်မာနိုင်ငံမြေပုံကိုဆွဲကာ မြို့တွေ ၊ စက်ရုံတွေ ထည့်ရသော အပိုဒ် ပါလာပါသည် ။ ကျွန်တော် ကောင်းစွာဖြေနိုင်ခဲ့၏ ။ ပထမအစမ်းပြီးလို့ ကျောင်းပြန်တက်ပြီး သုံးလေးရက် မှာပင် အမှတ်စာရင်းတွေ ကြေညာသည် ။ ကြေညာပြီးသော လေးဘာသာအထိ ကျွန်တော် အားလုံး အောင်ပါသည် ။ မုန့်စားဆင်းချိန် မရောက် မီ ဆရာမဝင်လာ၏ ။

နှုတ်ဆက်ပြီးတော့ တစ်တန်းလုံးတိတ်နေကြသည် ။ ဆရာမက အမှတ်စာရင်း မကြေညာမီ အတန်းကို ဝေ့ကာကြည့်ပြီး စာရွက်တစ်ရွက်ကို ထုတ်သည် ။

“ ကဲ ... ခုံနံပါတ် တစ်ရာခြောက်ဆယ့်ရှစ် မေစိုးထိုက် ထစမ်း ”

အားလုံး အံ့ဩကာ မေစိုးထိုက် ကို ကြည့်ကြသည် ။ မေစိုးထိုက်လည်း အူတူတူဖြင့် ထကာရပ်၏ ။

“ ကဲ ... မေစိုးထိုက် မင်းဆွဲထားတာ ဘာပုံလဲကွ ...”

ဆရာမက အဖြေစာရွက် တစ်ရွက်ကိုလှန်ရင်း စတိတ်ပေါ်မှ ဆင်းကာ ကျောင်းသားများအားလုံး မြင်အောင် ထောင်ကာပြသည် ။ တစ်တန်းလုံး ဝါးခနဲ ပွဲကျသွား၏ ။ ရယ်သည့်ထဲတွင် ကျွန်တော်လည်း ပါသည် ။ ရယ်မှာပေါ့ မေစိုးထိုက်က သူ့ညာဘက် လက်ဖဝါးပုံကို လက်ချောင်းတွေပါ ပေါ်အောင် အတိအကျဆွဲကာ မြစ်တွေ ၊ မြို့တွေ ထည့်ကာပြထား၏ ။ ကွေ့သင့်သည့်နေရာ မကွေ့ ၊ ဝိုက်သင့်သည့်နေရာ မဝိုက် ၊ ပီဘိ လက်ဝါးပုံသာ ဖြစ်သည် ။ လက်ကောက်ဝတ်ကိုပင် ထည့်ဆွဲထားလိုက်သေး၏ ။

“ ဒီလောက်တော်တဲ့ မြေပုံဆွဲနည်းကို ဘယ်ဆရာက သင်ပေးလိုက်တာလဲကွ ”

ဆရာမက ရွဲ့ကာ မေးသည် ။ မေစိုးထိုက် က အမှန်အတိုင်း ဖြေ၏ ။

“ ရဲ ... ရဲဝင်းပါ ဆရာမ ... သူ သမီးကို သင်ပေးတာပါ ဒီလိုပဲ ဆွဲတဲ့ ”

အကြည့်တွေ အားလုံးက ဝုန်းခနဲ ကျွန်တော့်ဆီ ရောက်လာကြသည် ။

“ ကဲ ... မြေပုံ အသင်တော်တဲ့ ဆရာကြီး ထစမ်းပါဦး ”

ကျွန်တော် မတ်တတ်ရပ်ပြီးတော့ ဆရာမက အကြီးအကျယ်ဆူတော့သည် ။ ဆူရင်းနှင့် စိတ်က ပိုဆိုးလာဟန်လည်း ရှိသည် ။ သူ့ကို စော်ကားသည်ဟုလည်း ဆရာမက ဆိုသည် ။

“ ကဲ ... တပည့်မကောင်း ဆရာ့ခေါင်းဆိုတော့ လက်ထပ်သင်ပေးလိုက်တဲ့ ဆရာကြီး လက်ဝါးဖြန့် ...”

ဆရာမက ကျွန်တော့် လက်ဝါးကို ငါးချက်တိတိ တွယ်သည် ။ မေစိုးထိုက် ကိုတော့ “ သူများက ပေါက်ကရသင်တိုင်း လိုက်လုပ်ဦး ” ဆိုကာ သုံးချက် တီးသည် ။ ကျွန်တော် မေစိုးထိုက် လက်ဝါးကို ကိုင်စဉ်က မနာလိုကြည့် ကြည့်ကြသော ကောင်တွေ ဝမ်းသာကုန်၏ ။ မြေပုံမဆွဲတတ်ရင် “ ရဲဝင်းဆီမှာ သင်ကြဟေ့ ” ဟု မုန့်စားဆင်းတော့ အော်ကြသည် ။

ကျွန်တော် မေစိုးထိုက်ကို စကားမပြောတော့ပါ ။ သူကလည်း ကျွန်တော့်ကို မခေါ်တော့ပါ ။ ထိုနေ့မှစ၍ မိန်းကလေးများ၏ လက်ကို ကျွန်တော်မုန်းခဲ့ပါသည် ။

လက်ချောင်း ဖြူဖြူဖောင်းဖောင်းကလေးဆိုလျှင် ပို၍ မုန်းပါသည် ခင်ဗျား ။

◾ နီကိုရဲ

📖  မိန်းမ အလွဲများ

koaungnaingoo.blogspot.com

.

သမ က်လောင်း


        ❝   သ မ က် လောင်း  ❞


    “ ရတနတ္တယံ အဟံ ဝန္ဒာမိ သဗ္ဗဒါ ” 


ကျေးဇူးရှင် ပွဲစားကြီးဦးမင်းမောင် အနိစ္စရောက်ရှိပြီးကတည်းက ပွဲကတော်ကြီးဒေါ်မြမေသည် နောက်ထပ် အိမ်ရာထောင်ရန် စိတ်မကူးဘဲ ဦးမင်းမောင် စုဆောင်းရှာဖွေထားရစ်ခဲ့သော အိမ်ရာခြံမြေ ၊ ရွှေငွေ ၊ ပစ္စည်းများကို မကွဲမပျက်စေရအောင် ချွေချွေတာတာ သုံးစွဲလျက် ဦးမင်းမောင်၏ လက်ငုတ်လက်ရင်းဖြစ်သော အလုပ်ကို တတ်နိုင်သမျှ ဆက်လက်လုပ်ကိုင်လာကာ သမီးဖြစ်သူ လှရီ ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ဆယ်နှစ် ကျော်ခဲ့ပြီ ဖြစ်ပေ၏ ။


ဦးမင်းမောင် မျက်စိနှစ်လုံး မှိတ်၍သွားစဉ်က လှရီမှာ ဆယ့်တစ်နှစ် အရွယ်တွင် ကျန်ရစ်ခဲ့ရာ ယခုအခါတွင် လှရီမှာ အပျိုကြီးလုံးလုံး ဖြစ်နေလျက် အချိန်တန် အရွယ်ရောက်၍ လာပြီဖြစ်နေသဖြင့် ဒေါ်မြမေမှာ သမီးအတွက် စိတ်အေးရလျှင် အလုပ်ဆက်လက်၍ မလုပ်တော့ဘဲ တရားအားထုတ်၍ လယ်ထောက်ခ ရသမျှကလေးနှင့်ပင် တင်းတိမ်ရောင့်ရဲ နေပါတော့မည်ဟု နှလုံးပိုက် မိသည့်အတိုင်း လှရီ အား မြန်မြန် နေရာကျနိုင်စေရန် ဆုတောင်းလျက် ထိုက်တန်မည့် သားမ က်လောင်းကို ရှာဖွေကြည့်ရှုခဲ့လေ၏ ။


လှရီ သည်လည်း အချိန်တန် အရွယ်ရောက်လာ၍ ချစ်ရ ၊ ကြိုက်ရမှန်း သိကတည်းက မိမိ၏ မိခင်ဖြစ်သူ၏ စိတ်၌ သားမ က်လောင်း အလိုရှိနေသည် ၊ မရှိသည်ကို မသိဘဲ မိမိစိတ်အလိုအလျောက် မိခင်အတွက် သားမ က်လောင်းကို ရှာခဲ့လေ၏ ။ ထိုသို့ သမီးရော ၊ မအေပါ သားမ က်လောင်း ရှာကြရာတွင် နှစ်ဦးလုံး သားမ က်လောင်း တွေ့ရှိ ကြလေ၏ ။ သို့ရာတွင် တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူကြသဖြင့် သားမ က်လောင်းမှာ တစ်ယောက် တည်း မဟုတ်ဘဲ နှစ်ယောက်ဖြစ်၍ နေလေတော့၏ ။


ဒေါ်မြမေသည် အခြားတစ်မြို့တစ်ရွာရှိ မိမိ မိတ်ဟောင်းဆွေဟောင်းဖြစ်သူ စက်ပိုင်ရှင်တစ်ဦး၏ သား ၊ အောက်လွှတ်တော် အမတ်ပေါက်စ တစ်ဦးကို သဘောကျမိလေ၏ ။ ဒေါ်မြမေ သဘောကျသူ ဘသိန်းမှာ ရန်ကုန် တက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ကိုခံယူပြီးနောက် ထိုဝိဇ္ဇာဘွဲ့နှင့် အလုပ်အကိုင် လွယ်လင့်တကူ ရှာဖွေ မရနိုင်သည်ကို သိ၍ ဝိဇ္ဇာဘွဲ့ရလျက် အလုပ်အကိုင် မရှိသည်ကို လူများတွေ့မြင်ကြားသိရလျှင် ရှက်စရာကောင်းတော့မည်ဟု ယူဆလျက် အိမ်တွင်အလုပ်အကိုင်မရှိဘဲ ထိုင်၍ ဝိဇ္ဇာဘွဲ့ကို မှိုတက်ခံနေခြင်းထက် တက္ကသိုလ်တွင်ဆက်လက်၍ ဥပဒေပညာကို သင်ကြားနေရလျှင် နှစ်နှစ်လောက်တော့ဖြင့် ဣန္ဒြေမပျက်ဘဲ နေရမှာပဲဟု နှလုံးပိုက်ကာ ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့ပြီးနောက် ဦးဘသိန်း ၊ အထက်တန်းရှေ့နေ ဟူသော ဆိုင်းဘုတ်ကို တပ်ခဲ့သည့်နေ့မှစ၍ နှစ်ဆယ့်ငါးကျပ်ထက် ပို၍ရသော အမှုတစ်မှုမျှ မလိုက်ခဲ့ရသေးသော်လည်း ဘီအယ်လ်ဘွဲ့ကို မသိ နားမလည်သူတို့က ဝတ်လုံဟူ၍ ခေါ်ဝေါ်နေကြခြင်းဖြင့် ကျေနပ်နေခဲ့ရသူ တစ်ယောက်ဖြစ်ပေ၏ ။ ထိုသို့ ဝတ်လုံ အခေါ်ခံရခြင်းကို ပိုမိုကျေနပ်ရပြန် သည့်အချက်တစ်ချက် မှာ အုပ်ချုပ်ရေးအသစ်အရ ရွေးကောက်ပွဲကျင်းပရာတွင် အမတ်ဖြစ်လျှင် တစ်လနှစ်ရာ ၊ နှစ်ရာ့ငါးဆယ် ၊ မှန်မှန်ကြီးစားရမည်ဖြစ်၍ ယခု ရှေ့နေလိုက်နေရသည့် အလုပ်ထက် နေ့တွက် စီဦးမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖခင်၏ ငွေသုံးထောင်ခန့်ကို အရင်းအနှီးပြုလုပ်ကာ အမတ်အရွေးခံရာတွင် ဝတ်လုံဟူသော အမည်ဖြင့် အထင်ကြီး ၊ အမြင်ကြီးဖြစ်၍ မဲဆန္ဒပေးကြသည့်အတွက် အမတ် ဖြစ်လာခဲ့ရခြင်းပင် ဖြစ်ပေ၏ ။


သို့ရာတွင် လှရီ ၏အကြိုက် မှာ အင်္ဂလိပ်စာဆယ်တန်းမျှသာ အောင်မြင်သဖြင့် အလုပ်အကိုင် ကြီးကြီးကျယ်ကျယ် မရနိုင်သဖြင့် အစိုးရအား ကုသိုလ်ဖြင့် အလုပ်လုပ်ကိုင်ပေးနေရရှာသည့် အကူစာရေးကလေး တစ်ယောက် မျှသာ ဖြစ်ပေ၏ ။ လှရီ သည် ခင်မောင် ကို သဘောကျခြင်း၌ အကူစာရေးကလေးဖြစ်သဖြင့် သနား၍လည်း မဟုတ် ၊ မိခင်ဖြစ်သူ သဘောကျလောက်သည့် လိမ္မာရေးခြား ၊ မိသားဖသားပီသ၍ သဘောသကာယကောင်းသူ တစ်ယောက် ဟု သိရှိရသည့်အတွက်ကြောင့်လည်း မဟုတ်ဘဲ ချစ်သူကို တောင့်တရှာဖွေနေဆဲတွင် ရည်းစားစာ ပေးရဲသည့် အစွမ်းသတ္တိကြောင့် လူပျို ၊ အပျိုတို့ ချစ်ကြိုက်မြဲ ဓမ္မတာအတိုင်း ချစ်ကြိုက် မိခြင်း ဖြစ်ပေ၏ ။


ထိုသို့ လှရီ၌ ချစ်ကြိုက်သူရှိနေပြီဖြစ်သည့်အတွက် မိခင်ဒေါ်မြမေက အမတ်ပေါက်စ ဘသိန်း ၏ ဂုဏ်ပုဒ်တို့ကို လေထုတ်၍ ပြောသော်လည်း လှရီ၏နားထဲ၌ မဝင် ၊ ဘသိန်း နှင့် ပေးစားချင်သည့် သဘောကို ပြောသော်လည်း လှရီက အင်းမလှုပ် အဲမလှုပ် ဖြစ်နေသည့်အတွက် ဒေါ်မြမေမှာ အကြံရခက်နေရာက လှရီ သဘောမကျနိုင်သည့် အကြောင်းရင်းကို ရှာရာတွင် ခင်မောင် ကြောင့်ဖြစ်သည်ကို သိရသောကြောင့် ထိုသို့ သိရသည့်နေ့မှစ၍ ခင်မောင် အား အိမ်သို့အဝင်အထွက် မရှိစေရဟု ပိတ်ပင်ရေးဥပဒေဖြင့် နှိပ်ကွပ်ထားပြီးလျှင် လှရီ အားလည်း ခင်မောင် လမ်းလျှောက်လာသည့်အခါ ထွက် မကြည့်ရ ၊ ခင်မောင်ထံ စာမပေးရ စသဖြင့် ပညတ်တော် ဆယ်ပါးဖြင့် တားမြစ် ထားလိုက်လေ၏ ။


သို့ရာတွင် လှရီ မှာ ခင်မောင် အား တစ်နေ့ မတွေ့ရလျှင် မနေနိုင်သလောက် ခင်မောင်ကလည်း မမြင်ရမနေနိုင်သည့် အတွက် နှစ်ဦးစလုံးကပင် တစ်နည်းနှင့် မတွေ့ရလျှင် တစ်နည်းနှင့် တွေ့ရအောင် အမျိုးမျိုး ကြံဖန်နေကြသည့် အတိုင်း တစ်နေ့တွင် ဒေါ်မြမေသည် မိမိ၏ ကျေးဇူးရှင်လင်ယောက်ျား ဦးမင်းမောင်အား အိပ်မ က် မ က်သည်ကို အကြောင်းပြု၍ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ သွေးဆေးကန်ဘက်ရှိ ဇရပ်တစ်ခုတွင် ကွယ်လွန်သူ လင်ယောက်ျားအား ရည်စူး၍ ဆွမ်းအလှူပြုကြရန် သွားရောက်လေရာ လှရီ သည် ထိုနေ့တွင်တွေ့နိုင်ရန် အချက်ကောင်း ဖြစ်သည်ကို သိရှိကာ ခင်မောင် အား အကြောင်းကြားထားသည့်အလျောက် ခင်မောင်သည် ထိုဇရပ်နှင့် ခပ်လှမ်းလှမ်းရှိ အသိတစ်ယောက် ဇရပ်မှနေ၍ လှရီ လာသည့်တိုင်အောင် တမျှော်မျှော်နှင့် စောင့်၍ နေလေ၏ ။


လှရီ သည် နက်ဖြန်နံနက်တွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား အရုဏ်ဆွမ်းကပ်လှူ၍ သံဃာတော်မြတ်များ အားလည်း ဆွမ်းလောင်းရန်အတွက် ကူညီချက်ပြုတ်လုပ်ကိုင်ပေးနေသဖြင့် တော်တော်နှင့် ခင်မောင်အား မတွေ့နိုင်သေးဘဲရှိပြီးလျှင် ချက်ပြုတ်ခြင်းကိစ္စ ပြီးငြိမ်းသွားသည့်အခါ၌လည်း မိခင်ကြီး၏ အလစ်နှင့် မကြုံကြိုက် သေးသည့်အတွက် အားမလို အားမရ ဖြစ်လျက်နှင့်ပင် အလစ်ကို စောင့်နေရလေ၏ ။


ကံအားလျော်စွာ မကြာမီပင် လှရီ ၏ အလိုကို ပြည့်ဝစေရန် ဖူးစာရေးနတ်တို့ ဖန်တီးလိုက်လေရော့သလား မသိ ၊ အနီးရှိ ဇရပ်တစ်ခုတွင် ဒေါ်မြမေ၏အသိ ဇရပ်အစ်မတစ်ဦးနှင့် ထိုဇရပ်တွင် လာရောက်ဥပုသ်စောင့်နေသည် ဆိုသော သင်္ဂြိုဟ်ဆရာတစ်ယောက်သည် အလည် ရောက်ရှိလာကြလေ၏ ။


ဇရပ်အစ်မနှင့် ဒေါ်မြမေတို့သည် ရှေးဟောင်းနှောင်းဖြစ်တို့ကို ဇာတ်လှန်နေကြရာမှ ဒေါ်မြမေသည် ကွယ်လွန်သူ ကျေးဇူးရှင်ကြီးကို သတိရစရာတွေ တစ်ခုပြီး တစ်ခုပွားများလာသဖြင့် ပဝါစကလေးနှင့် မျက်ရည်တို့ကို တို့၍ တို့၍နေရာမှ သင်္ဂြိုဟ်ဆရာကြီးက ဆရာဂုဏ်ပြလိုသည့်အတွက် တရားဟော၍ နားချလေရာ ဒေါ်မြမေမှာ သမီးကလေးအတွက် စိတ်အေးရလျှင် တရားနှင့်ပင် ပျော်တော့မည်ဟု နှလုံးပြု၍ထားသူ တစ်ယောက်ဖြစ်သဖြင့် ထိုသို့ တရားသံများကို ကြားရသည်တွင် ရွှင်ကြည်သောသဒ္ဓါထက်ပွားကာ ထိုသင်္ဂြိုဟ်ဆရာကြီးပေါ်တွင် အတော်ပင် ကြည်ညိုမိလေ၏ ။


“ ဆရာနဲ့တွေ့ရတာ ကျွန်မမှာ ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ ဝမ်းသာလို့ မဆုံးနိုင်ဘူးဆရာရဲ့ ၊ ကျွန်မမှာ အလုပ်တွေ ၊ အကိုင်တွေ ၊ သမီးအတွက် သံယောဇဉ်တွေ ရှုပ်ပွေနေတဲ့အတွက် တရားဘက် မှာ လုံးလုံး မေ့နေတော့တာပဲ ၊ ဒါထက် ဆရာအမည် တစ်ဆိတ်လောက် အမိန့်ရှိပါဦး ” 


“ ကျုပ်နာမည်လား ဆရာဖေတဲ့ ” 


ဒေါ်မြမေသည် သင်္ဂြိုဟ်ဆရာ၏အမည်ကို ကြားပြီးနောက် ဇရပ်အစ်မဘက်သို့လှည့်ကာ “ ဒီ ကကျောင်းအစ်မကြီးနဲ့ ဘယ်လို သိကြတာတုန်း ”  ဟု မေးလိုက်လေ၏ ။


“ အရင်တလော ကျိုက်ထီးရိုးသွားကြတုန်းက ရထားပေါ်မှာတွေ့ခဲ့ကြတာပဲ ၊ ကျိုက်ထီးရိုးမှာ ဥပုသ်လေးဆယ့် ကိုးရက် စောင့်ပြီး အပြန်တွင် ရွှေတိဂုံမှာ တရားအားထုတ်ချင်တယ်ဆိုတာနဲ့ ဒီကဇရပ်မှာပဲ နေထိုင်ဖို့ ဆရာကြီး သဘောရှိ ခွင့်ပြုထားတာပဲ ” 


“ သာဓုပါရှင် . . သာဓု . . သာဓု ”  ဟု အူထဲအသည်းထဲက လှိုက်လှဲသောစေတနာဖြင့်ပြောလိုက်သည့် မိခင်ဖြစ်သူ ဒေါ်မြမေကို ဇရပ်နောက်ဘေးချောင်ဆီမှ အကဲခတ်နေသော လှရီသည် မိမိ၏မိခင်ဖြစ်သူသည် ဆရာဖေအား အာရုံစိုက်၍နေပြီကိုသိရသဖြင့် ဤတွင် လစ်ပြီဟု နှလုံးပြုကာ ခင်မောင်ထံသို့ ပြေးလာခဲ့လေ၏ ။


“ အမယ်လေး မျှော်လိုက်ရတာ ရီရီရယ် ၊ အခုမှပဲ ပေါ်လာတော့တယ် ” 


“ မျှော်တာ ၊ ပေါ်တာတွေ ဖယ်ထားလိုက်စမ်းပါဦး ၊ အခုတွေ့ရတာပဲ တော်လှပြီ ၊ ရှေ့ဆိုရင် ဒီထက်ကြပ်တော့မယ် ၊ အခုတောင် အလစ်မနည်းစောင့်ပြီး ပြေးခဲ့ရတယ် ” 


“ ပြောစမ်းပါဦး ၊ ဘာပြုလို့ ရှေ့ကိုပိုပြီး ကြပ်တော့မှာလဲ ” 


“ ကိုကို မသိသေးဘူးလား ” 


“ ဪ . . မသိလို့ မေးနေတာပေါ့ ” 


“ မသိရင်သာ နေရမယ် ၊ မေမေက ရီရီ  ကို ကိုဘသိန်းနဲ့ ပေးစားတော့မလို့ ” 


“ အလိုလေး . . ဘုရားရေ . . ဘယ့်နှယ်ဖြစ်ရတာတုန်း ” 


“ ရီရီ က ဖြစ်ရတာ မဟုတ်ပါဘူး ၊ မေမေ က ဖြစ်နေတာ ” 


“ ယောက်ျား ပေးစားတော့မယ်တဲ့လား ” 


“ ဟုတ်တယ် ” 


“ ဘယ်သူနဲ့တဲ့လဲ ” 


“ ကိုဘသိန်းနဲ့ ” 


“ ဪ . . ကိုဘသိန်းနဲ့လား ” 


“ ဟုတ်တယ် ” 


“ ဘယ်က ကိုဘသိန်းတဲ့လဲ ” 


“ ခက် များ ခက်ရချည်တော့နော် ၊ ဪ . . ကိုဘသိန်းနဲ့လား ဆိုတော့ သူပဲ သိနေသလိုလို ”  ဟု လှရီကပြောပြီး ဆက်လက်၍ 


“ ကိုဘသိန်းဆိုတာ အခု အောက်လွှတ်တော် အမတ် ၊ ရန်ကုန်က မဟုတ်ဘူး ၊ တစ်မြို့က ၊ ကောလိပ်မှာ ဘီအေအောင်ပြီးနောက် ဘီအယ်လ်ကို ဝင်ဖြေပြီးတော့ ရှေ့နေလုပ်နေတယ် ၊ ကောလိပ်တုန်းက သမဂ္ဂအသင်းတွေ ၊ ဘာတွေထဲမှာလဲ ဥက္ကဋ္ဌလား ၊ ဘာလားမသိဘူး လုပ်ခဲ့တယ် ၊ တချို့ကလဲ ဒီလူဟာ ကောလိပ်မှာ နိုင်ငံရေး လိုက်စားကတည်းက ရူးတူးတူး ၊ ပေါတောတော ဖြစ်နေတယ်လို့ ပြောတာပဲ ၊ ရူးတာက ကိစ္စမရှိဘူး ၊ အခုဘတ်ဂျက် အစည်းအဝေးမှာ ရန်ကုန်လာရင် ရီရီတို့အိမ်မှာ တည်းမလို့တဲ့ ၊ အဲဒါ ဘယ့်နှယ် လုပ်ရမလဲ မသိဘူး ” 


“ အို . . မခက်ပါဘူး ၊ ထိုသူအိမ်လာပြီး ရိသဲ့သဲ့စကားပြောရင် မျက်နှာကို လက်ဝါးနဲ့သာပစ်ပြီး အုပ်လိုက်ရင် ပြီးတာပဲ ” 


“ ဒီလိုလုပ်တိုင်းသာ ဖြစ်ရမယ်ဆိုရင်တော့ ပူပါ့မလား ကိုကိုရာ ၊ မေမေဟာ ဒီတစ်ခုကို သူသဘောကျတယ်ဆိုရင် သူ့အလိုအတိုင်း မလုပ် မနေရဘူး ၊ သူအခု ပေးစားချင်တယ်ဆိုတာလဲ အတင်း ပေးစားတော့တာပဲ ” 


“ ဒီလိုဆိုရင် အခုတစ်ခါတည်း ကိုကို့နောက် လိုက်ခဲ့ပါတော့လား ” 


“ ဟင့်အင်း . . ဟင့်အင်း . . ရီရီ ခိုးရာတော့ ဘယ်တော့မှ မလိုက်ချင်ဘူး ၊ မေမေ သဘောတူမှ ယူချင်တယ် ” 


“ ဒီလိုဆိုရင် မေမေသဘောတူနေတာက တစ်ယောက်ဖြစ်နေတော့ ကိုကို မျှော်လင့်ချက် မရှိတော့ဘူးပေါ့ ” 


“ မပြောနိုင်သေးဘူး ၊ တစ်နေ့ကျရင် မေမေ ကိုဘသိန်းအပေါ်မှာ သဘောမကျဘဲ ဖြစ်ချင်လဲ ဖြစ်သွားမှာပဲ ၊ မေမေဟာ ဒီလိုပဲ လူတစ်ယောက်ကို သဘောကျမိရင်လဲ ချက်ချင်းပဲ ၊ မုန်းချင်ရင်လဲ ချက်ချင်းပဲ ” 


ခင်မောင်မှာ မိမိပေါ်တွင် မြင်မြင်ချင်း အမုန်းခံခဲ့ရသည်ကို စဉ်းစားမိကာ “ အင်း . . ဟုတ်တယ် ”  ဟု ပြောလေ၏ ။


“ ဟုတ်မနေနဲ့ဦး ၊ ကြံလဲ ကြံစမ်းပါဦး ” 


“ အခုပုံတော့ ဘာမှ မကြံနိုင်ဘူး ၊ နောင်ခါလာနောင်ခါဈေး ဆိုသလို ပျော်ပျော်ပဲ နေရုံပေါ့ ” 


“ ကိုကိုသာ ပျော်နေ ၊ ရီရီတော့ သိပ်စိတ်ညစ်တာပဲ ”  ဟု ဆိုကာ လှရီသည် လက်ပတ်နာရီကလေးကို လှမ်း၍ကြည့်ပြီးလျှင် 


“ သွားမယ်ကိုကို ၊ မေမေက ကြာတယ်ဆိုပြီး ဆူနေဦးမယ် ”  ဟု ပြောပြောဆိုဆို ထွက်လာခဲ့လေ၏ ။


လှရီသည် ဇရပ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိခင်ဒေါ်မြမေနှင့် သင်္ဂြိုဟ်ဆရာ ဆရာဖေတို့မှာ အလွန်ပင် အလွမ်းသင့်နေကြသည်ကို တွေ့ရရုံမျှမက မိခင်က “ ဒီလိုဆိုရင် ဆရာ ကျွန်မတို့ အိမ်မှာ လာပြီး တစ်လလေးသီတင်း ဆိုသလို တရားအားထုတ်နေပါလား ၊ ဒီမှာဆိုတော့ တရားအားထုတ်ရပေမယ့် စားရေး ၊ သောက်ရေးအတွက် ခက်သေးတယ် ၊ ကျွန်မတို့အိမ်မှာဆိုရင် ဘာမှ ပူစရာ မရှိဘူး ၊ အားနာစရာလည်း မရှိပါဘူး ”  ဟု ပြောသံကို ကြားလိုက်ရလေ၏ ။ ထိုသို့ ပြောလိုက်သည့်အတိုင်းပင် နောက်တစ်နေ့တွင် လှရီတို့အိမ်သို့ ဆရာဖေ ရောက်ရှိလာလေ၏ ။


ဒေါ်မြမေသည် ဆရာဖေအား အိမ်ဦးခန်းတွင်ထား၍ ဝတ်ကြီးဝတ်ငယ် ပြုစုကျွေးမွေးထားလေရာ လှရီ မှာ ဆရာဖေရောက်သည့်နေ့ကစ၍ ဆရာဖေ စားရေး ၊ သောက်ရေး ၊ နေရေး ၊ ထိုင်ရေးအတွက် တစ်နေ့မျှ မအားရအောင် ပြုလုပ်ရရှာလေ၏ ။ ဆရာဖေကလည်း ယခုကဲ့သို့ ပူပင်ကြောင့်ကြမရှိ နေထိုင်ရသည့်အတွက် ထိုအိမ်ကပင် မသွားချင်တော့သလောက်ဖြစ်မိကာ ဒီကျောင်းအစ်မကြီး ငါ ယူရရင်ဖြင့် တစ်သက်ပန် အေးအေးချမ်းချမ်း နေရတော့မှာပဲဟု တစ်ခါတစ်ခါ တွေးမိလေ၏ ။


ဆရာဖေ ရောက်ရှိ၍ ရက်သတ္တနှစ်ပတ်မျှ မကြာရှိမီပင် ဘသိန်းသည် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိ၍လာကာ လှရီ တို့ထံ၌ တည်းခိုလေ၏ ။ ဘသိန်းသည် ဒေါ်မြမေ၏ အိမ်ရှေ့တွင် လူပိုတစ်ယောက် ရောက်ရှိနေသည်ကိုတွေ့ရသဖြင့် ထိုသူကို ဒေါ်မြမေ က ယူ၍များ ထားလေရော့သလား ၊ သို့တည်းမဟုတ် ဒေါ်မြမေ လိုလိုနှင့် လှရီ အား ချိန်နေသည့် ကြောင်သူတော်များလားဟု မသင်္ကာဖြစ်မိကာ ဆရာဖေ ၏ အနေအထိုင် ၊ အသွားအလာ ၊ အပြောအဆိုတို့ကို မကြာခဏ ချောင်းမြောင်း စူးစမ်း ကြည့်ရှုလေ့ရှိပေ၏ ။


ထိုသို့ ဘသိန်း၏ တိတ်တဆိတ် ချောင်းမြောင်းခြင်းကို ဆရာဖေလည်း အကဲခတ်မိလေရာ တစ်ရက်ထက်တစ်ရက် ကြာ၍လာရာတွင် ဆရာဖေသည်ဘသိန်းပေါ်တွင် မနှစ်သက်သောစိတ်များ ပွားများပေါ်ပေါက်လာကာ ဘသိန်းနှင့် မျက်နှာကြောမတည့်ဘဲ ရှိလာလေ၏ ။ ဘသိန်းကလည်း မိမိအပေါ်တွက် ဆရာဖေ မနှစ်မြို့ခြင်းမှာ ဆရာဖေသည် ဒေါ်မြမေ ကို ကြံစည်နေသည့်အတွက် ၎င်း၏ အကြံ ပျက်ပြားမည်စိုး၍ မိမိပေါ်တွင် မလိုခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိသောကြောင့် အကယ်၍ ဒေါ်မြမေ နှင့် ဆရာဖေ တို့ ပေါင်းသင်းကြလျှင် မိမိမှာ ဆရာဖေအား ယောက္ခမ တော်ရမည် ဖြစ်သည့်အတွက် ဘသိန်းမှာ နဂိုက ဆရာဖေ အပေါ်တွင် စေတနာကောင်း မရှိရသည့်အထဲတွင် သင်္ဂြိုဟ်ဆရာတစ်ယောက်ကို အောက်လွှတ်တော်အမတ်တစ်ယောက်က ယောက္ခမတော်ရမည်မှာ ရှက်စရာကောင်း သကဲ့သို့ သဘောပိုက် မိလျက် ဆရာဖေ အပေါ်တွင် မလိုမုန်းတီးသော စိတ်များ ဖြစ်ပေါ်မိလေ၏ ။


သို့အားဖြင့် တစ်ယောက်ကိုတစ်ယောက် မနှစ်မြို့ဘဲ ရှိနေကြသည့်အလျောက် တစ်နေ့သောညတွင် ညစာ စားပြီးကြ၍ပြီးသည့်နောက် လှရီသည် ဘသိန်း နှင့် ထိုင်၍ စကားပြော မနေလိုသောကြောင့် တိတ်တဆိတ် ရှောင်လွှဲ၍ ထွက်ခဲ့ပြီး အိမ်ဘေးပတ်လည်ရှိ ခြံထဲတွင် ရှောင်၍ နေလေ၏ ။ သို့ရာတွင် ဘသိန်း မှာ လှရီ ကို အလွတ် မခံလိုသည့်အလျောက် လှရီ နောက်သို့ လိုက်လံရှာဖွေလေ၏ ။ ဒေါ်မြမေ ကား အိမ်ပေါ်တွင် ကျမ်းစာအုပ်တစ်အုပ်ကို ဖတ်ရင်း ကျန်ရစ်၍ ဆရာဖေမှာမူ အိမ်နောက်ဘေးရှိ ရေမြောင်းနံဘေး၏ အငူစွန်းကလေးတစ်ခုပေါ်တွင် ထိုင်ရင်း ပုတီးစိတ်၍နေလေ၏ ။


ဆရာဖေ သည် ပုတီးစိတ်၍ ကိုးပတ်ခန့်မျှ ရရှိသောအချိန်တွင် မိမိ၏နောက်ဘက်ရှိ စံပယ်ချုံဆီမှ တချွတ်ချွတ် မည်သောအသံများကိုကြားရသဖြင့် ရုတ်တရက် ပုတီးစိတ် ရပ်၍ သွားလေ၏ ။ ထိုနောက် မှ မိမိတရားအားထုတ် နေခြင်းကို ပျက်ပြားစေရန် မကောင်းဆိုးဝါးများ လာရောက် နှောင့်ယှက်နေပြီဟု ယူဆကာ အသံမထွက်ဘဲ တဖွဖွရွတ်ဆိုကာ မေတ္တာပို့လေ၏ ။ သို့ရာတွင် တချွတ်ချွတ် မြည်သောအသံများမှာ ပပျောက်၍ မသွားသည့်ပြင် ပို၍ပင် ကျယ်လောင်လာသကဲ့သို့ ကြားရသဖြင့် မိမိ၏ မေတ္တာပို့ ၊ ပရိတ်ရွတ်ခြင်းကိုပင် မကြောက်ရွံ့ဘဲ ပိုမို၍ ကဲနေခြင်းကိုထောက်သော် ဘုန်းကြီးတစ္ဆေ ဖြစ်တန်ရာသည်ဟု အောက် မေ့လျက် ပုတီးစိတ်ခြင်းကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ စံပယ်ချုံဆီမှ ခပ်မည်းမည်းသဏ္ဍာန်များကို တွေ့ရသောကြောင့် ပိုမို၍ ထင်ထင်ရှားရှားသိမြင်လိုသောစိတ်ဖြင့် ခြေဖျားထောက်လျက် အနားသို့ တိုးသွားလေ၏ ။ သို့ရာတွင် မည်းမည်း သဏ္ဍာန်များကို ကွဲပြားစွာ မမြင်ရသေးသော်လည်း “ ချစ်လွန်းလို့ပါ ရီရီရယ် ၊ ရီရီ့အပေါ်မှာ တကယ့်မေတ္တာ ထားတဲ့အတွက် ”  စသဖြင့် ကြားလိုက်ရသောကြောင့် မိမိသာလျှင် မေတ္တာပို့နေသည်မဟုတ် ၊ ထိုမည်းမည်း သဏ္ဍာန်တို့လည်း မေတ္တာပို့နေကြပါကလားဟု တွေးမိလျက် တိုးသည်ထက် တိုး၍ သွားသည်တွင် လှရီအား ဘသိန်းက ချစ်ကြိုက်စကားပြောနေခြင်းဖြစ်သည်ကို တွေ့ရသည်အတွက် မိမိအား မြင်၍ မသွားစေရန် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရာတွင် သတိလစ်၍ လျှောက်ခဲ့မိခြင်းကြောင့် ကျောက်ခဲတစ်လုံးကို နင်းမိကာ ခြေခေါက် အားလွန်၍သွားပြီး ရေမြောင်းထဲ ဝုန်းခနဲကျသွားလေ၏ ။


ဘသိန်းမှာ ဝုန်းခနဲမြည်သောအသံကြောင့် မိမိ၏ နှစ်ပါးသွား သစ္စာထားကို ဆက်လက်၍ စခန်းသွားရန် အာရုံပြတ် သွားပြီး “ ဟေ့ . . ဟိုမှာ ဘယ်သူလဲ ၊ ဘယ်သူလဲ ”  ဟု ပျာပျာသလဲ မေးလိုက်လေ၏ ။


သို့ရာတွင် အမှောင်ထဲမှ အဖြေ ထွက်ပေါ်၍ မလာဘဲ ရေထဲတွင် ကူးခတ်နေသည့် အသံကိုသာ ကြားရသောကြောင့် ရေမြောင်းနံဘေးသို့ ပြေးသွားကာ ရပ်၍ကြည့်ရင်း “ ဟေ့ . . ဘယ်သူလဲ ၊ ဘယ်မှာလဲ ”  ဟု မေးလေ၏ ။ လှရီ လည်း ၎င်း၏ နောက် မှ လိုက်သွားကာ ရေထဲသို့ ဟိုဟိုဒီဒီ ကြည့်ပြီးနောက် “ ဟော . . ဟိုမှာ ၊ ညာဘက် မှာ ၊ ညာဘက် မှာ ”  ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘသိန်းမှာ စိတ်မြန် ၊ လူမြန်တစ်ယောက်ဖြစ်သည့် အလျောက် ဒိုင်ဗင်ထိုး၍ ဆင်းသကဲ့သို့ ရေမြောင်းထဲသို့ ခုန်ဆင်းကာ ရေထဲ၌ ကူးခတ်သံပေါ်လာရာ အနားဆီသို့ ကူးသွားလေ၏ ။


ဘသိန်းမှာ ဆရာဖေ၏ အနီးသို့ ရောက်သောအခါ မှောင်မည်းနေသဖြင့် ဆွဲမိဆွဲရာ အတင်းဆွဲလိုက်ရာ ဆရာဖေ ၏ သျှောင်ကို ဆွဲမိသည့်အတွက် စောစောက ပုတီးစိပ်ခဲ့သည့် သိက္ခာတို့ကို မေ့လျော့ပြီး “ ဟဲ့ မအေ . . ၊ ဟဲ့ ၊ ခွေးမသား ”  နှင့် ရေရွတ်ရင်း မိမိအား ကယ်ဆယ်ရန်လာသူကို ပြန်၍ တွန်းထိုးလိုက်ရာ ဘသိန်းသည် ကျောင်းတွင် နေစဉ်က ဖတ်ခဲ့ဘူးသော ရေကူးနည်းစာအုပ်ထဲ၌ ရေနစ်သူကို ကယ်ဆယ်လျှင် ရေနစ်သူက ရုန်းကန် နေက တစ်ချက်တည်း မေးရိုးကို လက်သီးနှင့် ထိုးပြီး မေ့သွားသည့်အခါမှ ကယ်ဆယ်ရမည် ၊ သို့မဟုတ်လျှင် နှစ်ယောက်စလုံး ရေနစ်တတ်သည် ဟူသော အချက်ကို သတိရ၍ ဆရာဖေ၏ မေးရိုးကို ချိန်၍ထိုးလိုက်ရာ မေးရိုးကို မထိဘဲ မျက်ခွက်ကိုထိုးမိသဖြင့်  ” အောင်မယ်လေးဗျ ”  ဟု အော်ကာ နောက်သို့လန်၍ ရေထဲတွင် မြုပ်သွား ပြန်လေ၏ ။


ထိုအခိုက်တွင် လှရီသည် ရေထဲမှလူများ တက်နိုင်ဖို့ရန်အလို့ငှာ ခြံခေါင်းရင်း၌ရှိသော ဝါးလုံးရှည်တစ်ချောင်းကို ဆွဲယူကာ ထွေးလုံးနေသော သူများဘက်သို့ လှမ်းပေးလိုက်ရာတွင် “ ရေနစ်သူ ဝါးကူ၍ထိုး ”  ဆိုသည့်အလား ဘသိန်း ၏ ဗိုက်ကို ထိုးမိသည့်အတွက် ဘသိန်းမှာ အင့်ခနဲ တစ်ချက် မျှအော်နိုင်ပြီး ရေထဲ၌ ဖင်ထိုင်ကျကာ မြုပ်၍ သွားလေ၏ ။


ဘသိန်း မြုပ်၍အသွားတွင် ဆရာဖေ ပေါ်လာပြီး ဝါးလုံးကိုမြင်သဖြင့် လှမ်း၍ဆွဲကာ ကုန်းပေါ်သို့ တက်လာပြီး လှရီ ကိုပင် မကြည့်တော့ဘဲ ခေါင်းငိုက်စိုက်ကြီး ချလျက် အိမ်ဘက်ဆီသို့ ပြေးလေ၏ ။ လှရီသည် ရေထဲ၌ဘသိန်း တစ်ယောက်တည်းသာ ကျန်တော့သည်ကိုသိသောကြောင့် သူ့ထိုက်နှင့် သူ့ကံ ၊ တက်ချင်သလို တက်ပါစေဟု သဘောထားကာ ဝါးလုံးကို ဘသိန်း လှမ်း၍ ဆွဲမည်အပြု ၊ ကုန်းပေါ်သို့ ဆွဲတင်လိုက်ပြီး မှောင်ထဲတွင် ပျောက်၍ သွားလေ၏ ။


သို့ရာတွင် လှရီမှာ အိမ်သို့ ပြန်၍မသွားဘဲ မိမိ၏ ရည်းစား ညအချိန်လာ၍ တွေ့နေကျနေရာသို့ ရောက်ရှိသွားကာ အသင့်စောင့်နေသော ခင်မောင် ကို တွေ့ရလေ၏ ။


“ ရီရီတို့ အိမ်နောက်ဘေးမှာ စောစောက ဘာဖြစ်တာတုန်း ” 


လှရီသည် စကားမပြောရမီကပင် အူနှိပ်၍ရယ်ပြီးနောက် ဖြစ်ပျက်ပုံများကိုပြောပြရာ ခင်မောင်မှာလည်း ရော၍ရယ်မိလေ၏ ။


ထိုနောက် ခင်မောင်က တစ်စုံတစ်ရာတွေးမိ၍ “ ဟာ . . ဒါဖြင့် နေရာကျတာပဲ ”  ဟု အရင်းမရှိ အဖျားမရှိ ပြောလိုက်လေရာ လှရီက “ ဘာနေရာကျတာလဲ ”  ဟု မေးလေ၏ ။


“ ဒီလိုလုပ်ပါလား ”  ဟုဆိုကာ ခင်မောင်သည် လှရီအား တစ်စုံတစ်ရာ ပြုလုပ်ရန် သွန်သင်အကြံပေးလိုက်ရာ လှရီမှာ များစွာ သဘောကျသွားကာ “ ဒါဖြင့် ပြောနေကြာတယ် အချိန်မရှိဘူး ၊ မြန်မြန်သွားမှပဲ ”  ဟု ဆိုကာ ခင်မောင်ထံမှ ခွဲခွာ၍ လာခဲ့လေ၏ ။


လှရီ သည် အိမ်ထဲသို့ရောက်ရှိသည့်အခါတွင် အဝတ်အစား လဲပြီးခါစဖြစ်သော ဘသိန်း ကို သူ၏အခန်း အပြင်ဘက်တွင် တွေ့ရလေ၏ ။


ဘသိန်းသည် စကားအချီး စ၍မနေဘဲ “ ဒီလူကြီးဟာ ရူးနေတယ် ထင်တယ် ”  ဟု ပြောပြီးနောက် လှရီ ၏ ထင်မြင်ချက်ကိုလည်းကောင်း ၊ ငြင်းဆိုချက်ကိုလည်းကောင်း မစောင့်စားဘဲ “ ဟုတ်ပါတယ် ၊ ရူးနေတာ အစစ်ပါပဲ ၊ ရေထဲခုန်ချတာ ကြည့်ပါလား ၊ မရူးရင် ခုန်ချပါ့မလား ”  ဟု မိမိပြောခဲ့သော စကားကို မိမိကိုယ်တိုင် ထောက်ခံချက်ပေးလိုက်လေ၏ ။


လှရီသည် ဘသိန်း၏ စကားကို ကြားလိုက်ရလျှင် တစ်စုံတစ်ရာ ကြည်နူးဖွယ်ရာတွေးမိသကဲ့သို့ မျက်လုံးများ ကြည်လင်တောက်ပြောင်လာကာ “ ဆရာဖေ အကြောင်း ရှင်မသိသေးဘူးလား ”  ဟု မေးလိုက်လေ၏ ။


“ အင်း . . ဟင့်အင်း ” 


“ ဆရာဖေက ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ္တဇရောဂါ ရှိနေတယ် ၊ ရူးနေတယ်ပဲ ဆိုပါတော့လေ အဲ . . ဒါ ကိုယ့်ကိုယ်ကိုမှ မသတ်ရရင် သူများကို လိုက်ပြီး သတ်တတ်တယ် ” 


ဘသိန်းမှာ ထိုစကားကိုကြားရလျှင် အသက်မရှူနိုင်ဘဲ မျက်လုံး ပြူး၍သွားလေ၏ ။


“ သူရူးသွားတာ သိပ်မကြာသေးဘူး ၊ ရူးမယ်ဆိုလဲ ရူးစရာပဲ ၊ ရှင်တွေးကြည့်စမ်း ၊ အိမ်အပြန် သားရော ၊ မယားရော ထမင်းစားပွဲမှာ အဆိပ်မိပြီး သေနေတာတွေ့ရရင် ရှင်ဘယ်လိုဖြစ်သွားမလဲ ၊ အဲ . . သူလဲ ဒီလို ဖြစ်သွားတာပဲ ၊ ဒါနဲ့ သူ့ကို စိတ်ငြိမ်ပါစေလို့ ဘုရားတရား အားထုတ်ခိုင်းပြီး စိပ်ပုတီး ပေးထားတာ ၊ ဒါပေမယ့်လဲ တစ်ခါတစ်ခါ သူ့အရူးဟာ ကြမ်းချင်ရင် သိပ်ကြမ်းတာပဲ ၊ အခု တပေါင်းလဆုတ် မဟုတ်လား ၊ အဲ . . အခုလို အချိန်ဆိုရင် ကြမ်းတတ်တယ် ၊ ဒါကြောင့် ဒီလိုဖြစ်နေတာ ” 


“ ဒါဖြင့် ခုနက သူ့ကိုယ်သူ သတ်သေရအောင် ကြံတာပေါ့ ” 


“ ဟုတ်တယ် ” 


“ သူမသေတော့ ၊ ဘယ့်နှယ် လုပ်ဦးမှာလဲ ” 


“ သူများ လိုက်သတ်မှာပေါ့ ” 


“ ဟိုက် ”  ဟု ဘသိန်း၏ ပါးစပ်မှ အသံထွက်သွားပြီး မိမိအား ရန်ငြိုးထားကာ လာ၍များ သတ်နေဦးမလား ဟု စိုးရိမ်ပြီးနောက် “ ဒီလိုဆိုရင် တစ်ခုခုလုပ်မှ ဖြစ်တော့မပေါ့ ”  ဟု ဆိုလေ၏ ။


“ ဘယ်နှယ့်လုပ်ပြီး ဖြစ်ပါ့မလဲ ၊ ရူးတယ်ဆိုတာကို လူမသိအောင် လုပ်ထားတာ ၊ မေမေ နဲ့ မောင်နှစ်မ နှစ်ဝမ်းတည်း ကွဲတယ် ၊ ဒါပေမယ့် ဘာမှ မတော်ဘူးလို့ ပြောထားတယ် ၊ သူ့မောင်ထိရင် အင်မတန် စိတ်ဆိုးတယ် ၊ အခုနေ ရှင်သူ့ကို သွားပြီးပြောလို့ ၊ သူထွက်ပြေးရင် မေမေ တစ်ခါတည်း ဒေါပွမှာပဲ ” 


“ ဒါဖြင့် သူ့ကို အရိပ်အကဲကြည့်ပြီး ရှောင်ရမှာပဲ ” 


“ ဟုတ်တယ် ၊ ဒီနည်းပဲရှိတာပဲ ”  ဟု ပြောပြောဆိုဆို လှရီသည် အိမ်ပေါ်ထပ်သို့တက်သွားရာ “ သမီးရေ ”  ဟု ခေါ်သံကြားလိုက်ရသဖြင့် “ မေမေ ”  ဟု ပြန်၍ထူးကာ ဒေါ်မြမေ ရှိရာသို့ လျှောက်သွားလေ၏ ။


“ ဘာဖြစ်နေကြတာလဲ ၊ စောစောက ဆရာကြီးတစ်ကိုယ်လုံး ရေတွေရွှဲလို့ အိမ်ထဲဝင်ပြေးတာ မြင်လိုက်ရတယ် ” 


“ နောက်ဘေးမြောင်းထဲမှာ သတ်နေကြတယ် မေမေရဲ့ ” 


“ သတ်နေကြတယ် ၊ ဟုတ်လား ” 


“ ဟုတ်တယ် မေမေရဲ့ ၊ ဆရာကြီးက ကိုဘသိန်း ရန်ကိုကြောက်လို့ ထွက်ပြေးပြီး ရေထဲကိုခုန်ချတာ ၊ ကိုဘသိန်းက ရေထဲ ဆင်းလိုက်ပြီး ဆရာကြီး လည်မျိုကို ညှစ်ပြီးတော့ ရေထဲ အတင်းနှစ်တယ် မေမေရဲ့ ၊ သူတို့ စောစောက ရန်စရှိလို့လား မသိဘူး ” 


“ ဟုတ်နိုင်ပါ့မလား သမီးရယ် ၊ ဒီအသက် ၊ ဒီအရွယ်ကြီးတွေ ရှိမှပဲ ” 


“ ဟုတ်လို့သာ ကျွန်မမြင်တာပေါ့ မေမေရဲ့ ”  ဟု ဆိုကာ လှရီသည် ၎င်း၏မိခင်ထံမှ ထွက်ခွာသွားပြီး ဆရာဖေရှိရာ အခန်းသို့ တမင် သွားရောက်ကာ တံခါးခေါက်၍ခေါ်လေ၏ ။


ဆရာဖေသည် အိပ်တော့မယ်ဟု ပိတ်ဖြူလုံချည် ၊ စွပ်ကျယ်အင်္ကျီ ၊ ဝတ်ထားကာ တံခါးဖွင့်၍ ထွက်လာလေ၏ ။


“ ဆရာကြီး ကုသိုလ် သိပ်ကောင်းတာပဲ ၊ ဘုရားသိကြားမလို့ အသက်ချမ်းသာရာ ရတာပဲ ” 


ဆရာဖေသည် လှရီ၏ ကရုဏာသံဖြင့် ပြောသည့်စကားကိုနားထောင်ကာ လှရီအား ခင်မင်ကြင်နာသော အမူအရာ များကိုပြလေ၏ ။


“ ဆရာကြီးကို ရေထဲ အတင်းဆွဲနှစ်တုန်းက ကျွန်မသာ မရှိရင် ” 


“ ဘာပြောတယ် ၊ ကျုပ်ကို သူရေ ထဲဆွဲနှစ်တာလား ၊ ဟုတ်လား ”  ဟု မျက်လုံးပြူးမျက်ဆန်ပြူးလျက် မေးလေ၏ ။


“ ဟင် . . သူ့အကြောင်း ဆရာကြီး မသိသေးဘူးလား ၊ ဘယ်သူမှ သတိ မပေးထားဘူးလား ”  ဟု မေးသည်တွင် ဆရာဖေ ခေါင်းခါ၍ပြသောကြောင့်


“ ကိုဘသိန်းတို့ တစ်မျိုးလုံးဟာ အရူးမျိုးတွေ ဆရာကြီးရဲ့ ”  ဟု ပြောပြလေ၏ ။


ဆရာဖေသည် အတန်ကြာတွေဝေနေပြီး “ ဒီအရူးဟာ ကြမ်းသလား ”  ဟု မေးလေ၏ ။ “ တစ်ခါတစ်ခါ သိပ်ကြမ်းတယ်တဲ့ ၊ လူသတ်ချင်စိတ်တွေ ပေါ်ပေါ်ပြီး လာတတ်တယ်တဲ့ ” 


“ ဒါပေမယ့် ဆရာကြီးကတော့ သူ့ကို ဘာမှ မလုပ်ဖူးလို့ ၊ သူဆရာကြီးကို သတ်ချင်ဖြတ်ချင်မယ် မထင်ပါဘူး ၊ မပြောနိုင်ဘူး ဆရာရဲ့ ၊ ဆရာကြီး သူ့ရှေ့မှာ သမ်းဖူးသလား ” 


“ အင်း ” 


“ ဒါဖြင့် ပြီးပါလေရော ပြီးပါလေရော ၊ ညအိပ်ရင် ဆရာကြီး အခန်းတံခါးကို အလုံပိတ်ပြီးအိပ်ပေတော့ ” 


“ ဒီလိုဆိုရင် ဒီအရူးကို ဘာပြုလို့လွှတ်ထားကြတာလဲ ” 


“ အခုထက်ထိတော့ ဘာမှမလုပ်သေးလို့ ကြည့်နေရတာပေါ့ ၊ တကယ်လို့ ဒီည ဆရာကြီးကို သတ်ရင် နက်ဖြန် အရူးထောင် ပို့မှာပါ ” 


“ ကျောင်းအစ်မကြီး မသိသေးဘူးလား ၊ ဒီအကြောင်းတွေ ” 


လှရီသည် မိမိပါးစပ်တွင် လက်ညှိုးဖြင့်ပိတ်လျက် “ အို ဒီစကားတွေ မေမေ့ကိုတစ်ခွန်းမှ ပြောမပြနဲ့နော် ၊ မေမေက လူသိမှာ သိပ်စိုးတာ ၊ ဆရာကြီးသာ ဂုဏ်တော်တစ်ထောင်ပုတီးစိပ်ပြီး ဘုရားတရားအောက် မေ့ပြီး အိပ်ပေတော့ ”  ဟု ပြော၍ ထွက်လာလေ၏ ။


မကြာမီ လှရီသည် ဘသိန်း၏ အခန်းသို့ ရောက်သွားပြီး တံခါးခေါက်၍ ခေါ်ကာ “ ကိုဘသိန်း ဆရာကြီးအခန်းထဲမှာ သင်တုန်းဓား တစ်ချောင်း ရှိတယ် ၊ အဲ . . ဒါကို ရအောင်ယူပေတော့ ၊ သူဟာ ဓားကိုမြင်လျှင် သတ်ဖို့ဖြတ်ဖို့ သတိရပြီး ဒီည အခန်းပြင်ထွက်ပြီး လိုက်သတ်နေမယ် ”  ဟု ပြောပြကာ မိမိ၏ အခန်းသို့ အိပ်ဖို့ ပြန်သွားလေ၏ ။


ဘသိန်းမှာ သင်တုန်းဓားဟူသော စကားကိုကြားလျှင် မိမိ၏ လည်ပင်းကို စမ်း၍ ကြည့်မိလေ၏ ။ ထိုသို့စမ်း ကြည့်ရင်း မိမိ၏လက်ချောင်းများ လည်ပင်းကိုထိသည်နှင့် တစ်ပြိုင်နက် တစ်ကျောလုံး စိမ့်၍သွားကာ မိမိ လက်ချောင်းများကို ဓားသွားအမှတ်ဖြင့် ယောင်ယမ်း၍ အော်လိုက် မည်ကဲ့သို့ ပြုမိပြီးမှ ပြန်၍ သတိရလေ၏ ။


ဘသိန်း သည် ဓားကို သတိရနေသဖြင့် ထိုင်၍မရ ၊ ထ၍မရ ၊ အိပ်၍လည်း စိတ်မချဘဲ ရှိရာက ဆရာဖေ၏ ဓားကို ရအောင်ယူမှပဲဟု စိတ်ကို ပိုင်းဖြတ်လိုက်ပြီး ဆရာဖေ၏ အခန်းသို့ သွားရောက်ကာ တံခါး ခေါက်လိုက်လေ၏ ။


“ ဘယ်သူလဲ ”  ဟု အခန်းထဲမှ ဆရာဖေ၏ အသံ ထွက်လာလေ၏ ။


ဘသိန်းမှာ ဆရာဖေ မအိပ်သေးဟု သိရ၍ စိတ်သက်သာသွားကာ “ ကျွန်တော် ဝင်ခဲ့ရမလား ”  ဟု မေးလိုက်လေ၏ ။


“ ဘယ်သူလဲ ” 


“ ကျွန်တော်ပါ ဘသိန်းလေ ” 


“ ဘာလုပ် မလို့လဲ ” 


“ ဓား လိုချင်လို့ပါ ၊ ဓား . . သင်တုန်းဓား . . ” 


“ ဘာ ” 


“ ဓားလေ . . သင်တုန်းဓား ”  ဟု ဘသိန်းက ဖြေလိုက်သည်တွင် နောက်ထပ် ဘာသံမျှမကြားရတော့ဘဲ အခန်းထဲ၌ တိတ်၍နေလေ၏ ။ ဘသိန်းသည် ထပ်၍ ခေါက်လေ၏ ။ အခန်းထဲ၌ အနည်းငယ်မျှ လှုပ်ရှားသံ ကြားရလေ၏ ။ နောက်ထပ် ခေါက်လိုက်ပြန်လေ၏ ။ အခန်းထဲ၌ ခပ်ညံညံ ကြားလိုက်ရပြီးနောက် အခန်းတံခါးကို စားပွဲ ကုလားထိုင်များနှင့် အတွင်းဘက် မှနေ၍ ကာရံ ပိတ်ဆို့ထားသည်ကို သိရလေ၏ ။


ထိုအခါ ဘသိန်းသည် စိတ်လျှော့လိုက်ပြီးနောက် မည်သို့ လုပ်ရပါမည်နည်းဟု အကြံထုတ်ရာက ဆရာဖေ၏ အခန်းအပြင်ဘက် ဝရန်တာနှင့် ကပ်လျက်ရှိသည့် ပြတင်းပေါက်မှနေ၍ ဆရာဖေအိပ်ပျော်စဉ် ဝင်ရောက်၍ ယူရန် အကြံရပြီး မိမိလက်ပတ်နာရီကို ကြည့်လိုက်ရာ ဆယ့်တစ်နာရီ ကျော်ကျော်မျှသာ ရှိသေးသည်ကို တွေ့ရသဖြင့် ညဉ့် နှစ်ချက်ထိုးလောက် မှ ဝင်ရောက်ရန် စိတ်ကူးလျက် မိမိအခန်းသို့ ပြန်လာခဲ့လေ၏ ။


ဘသိန်း၏ခြေသံများပျောက်ကွယ်သွားပြီကိုသိမှ အခန်းတွင်းရှိ ဆရာဖေမှာ စိတ်သက်သာရာ ရသွားလေ၏ ။ သို့သော်လည်း လှရီ ပြောသည့် စကားများနှင့် ဘသိန်း ဓားလာ၍တောင်းခြင်းကို ဆက်စပ်ပြီး တွေးလိုက် မိသည့်အခါ ကြက်သီးမွေးညင်းထသွားပြီး စိပ်ပုတီးကိုကောက်ကိုင်ကာ အိပ်ရာထဲတွင်လှဲရင်း ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿ ၊ နကမ္ပတိ ၊ ဟု အထပ်ထပ်ရွတ်ဆိုကာ ရဲဆေးတင်လေ၏ ။ သို့ရာတွင် ဖုဋ္ဌဿ အခါတစ်ရာပြည့်သည်တိုင်အောင် ကြောက်စိတ် မကုန်သေးဘဲ နည်းနည်းမှ မအိပ်ချင်သေးဘဲ ရှိလေ၏ ။


ဖုဋ္ဌဿ တစ်ရာ့ငါးဆယ်ခန့်ရှိလာသောအခါ အနည်းငယ် မျက်လုံးများ ဖန်၍လာလေ၏ ။ ဖုဋ္ဌဿ နှစ်ရာတစ်ဆယ့် ခုနှစ်ကြိမ်မြောက်ပြီးနောက် နှစ်ရာတစ်ဆယ့်ရှစ်ကြိမ်ဘက် အကူးတွင် ဖုဋ္ဌဿ လောကဓမ္မေ ရောက်ရုံနှင့်ပင် အိပ်ပျော်လေတော့၏ ။


မကြာမီ အောက်ထပ်ဧည့်ခန်းရှိ တိုင်ကပ်နာရီကြီးမှ နှစ်ချက်တီးခေါက်သံပေါ်လာလေ၏ ။ ထိုအသံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘသိန်းသည် ချွတ်ခနဲနင်းကာ ထွက်ပေါ်လာကာ ဆရာဖေအိပ်သော အခန်းအပြင်ဘက်ရှိ ဝရန်တာမှနေ၍ ပြတင်းပေါက်ကို ကျော်၍ဝင်ရန် ကြိုးစားတက်လေ၏ ။


ဘသိန်းမှာ အသံမကြားရအောင် ပြတင်းပေါက်ပေါင်ပေါ်သို့ လှမ်းတက်ရောက်ရှိသွားပြီးနောက် အခန်းတွင်းသို့ အသံမကြားရအောင် ဆင်းဖို့ အကြံထုတ်ရပြန်လေ၏ ။ ထိုသို့ဆင်းရာတွင် ခုန်၍ချလိုက်က အသံ မြည်၍သွားမည် ဖြစ်သည့်အတွက် လျှော၍ ဆင်းမှပဲဟု နှလုံးပြုကာ တဖြည်းဖြည်း လျှော၍ဆင်းရင်း တစ်စုံတစ်ရာကို ခြေဖျားထောက် မိသည့်အခါမှ ကြမ်းပေါ်တွင်ခြေတင်မိပြီဟု စိတ်ချကာ တစ်ကိုယ်လုံးဖိ၍နင်းလိုက်ရာ မိမိ ခြေဖျားအောက်တွင် ရှိသည့်အရာမှာ ကြမ်းပြင်မဟုတ်ဘဲ ထွေးခံဖြစ်သည့်အတွက် ခြေချော်၍ကျသွားပြီး ထွေးခံနှင့်သူ တစ်ပတ်စီ လိမ့်၍သွားလေ၏ ။


ဆရာဖေသည် အခန်းထဲမှဆူညံသံကြားရ၍ ဓာတ်မီးခလုတ်ကို ဖွင့်လိုက်ရာ ကြမ်းပေါ်တွင် အလျားလိုက် မှောက်လဲ နေရာက ရှေ့လက်နှစ်ချောင်းထောက်၍ ထကာ ဇာတ်ထဲက ကျားလုပ်သူ၏ သဏ္ဍာန်ကဲ့သို့နေသော ဘသိန်း နှင့် မျက်နှာချင်းဆိုင်ကြည့်နေမိပြီး ဆရာဖေမှာ ကလေးကို အရုပ်ပြ၍ အခြောက်ခံရသကဲ့သို့ ခုတင်ခေါင်းရင်းတိုင် ဘက်သို့ ဖင်ရွှေ့သွားကာ ကြောက်ဆုတ်ဆုတ် လုပ်နေလေ၏ ။


ဘသိန်း သည် အလျားမှောက် လက်ထောက်နေရာက မထသေးဘဲ ဆရာဖေအား တောင်းပန်သည့်ဟန်ဖြင့် ကြည့်ကာ  ” ဆရာဟို . . အင်း ”  ဟု ပြောရင်း စကားမထွက်ဘဲ ရှိလေ၏ ။


ဆရာဖေကလည်း တစ်စုံတစ်ရာ ပြန်၍ပြောလိုက်သော်လည်း ကြောက်ရွံ့ခြင်းဖြင့် အသံကပ်၍ နေသောကြောင့် လည်ချောင်းထဲတွင် ငါးရိုးစူးနေသည့်ကြောင်အော်သံကဲ့သို့ မြည်လေ၏ ။


“ ကျွန် . . ကျွန်တော် . . ဟို . . ဟိုဒင်း လိုချင်လို့ ”  ဟု ပြောရာက ဘသိန်းသည် အဝတ်ထည့်သော မှန်တင်ခုံပေါ်ရှိ သင်တုန်းဓားကိုမြင်ကာ “ ဟော . . ဟိုမှာ ”  ဟု အသံထွက်လေ၏ ။ ဆရာဖေလည်း ဘသိန်း ကြည့်ရာဘက်သို့ လိုက်ကြည့်ရာ သင်တုန်းဓားကို တွေ့ရ၍ မျက်စိမျက်နှာ ပျက်သွားပြီး နှစ်ယောက်စလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ၊ သင်တုန်းဓားကို ကြည့်လိုက်နှင့် ရှိကြကာ မည်သူမျှ မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြစ်နေကြလေ၏ ။


ထို့နောက် နှစ်ယောက်စလုံး သင်တုန်းဓားကို ဦးအောင် လုကြမည် အလုပ်တွင် အထွက်ချင်းတူနေသဖြင့် နှစ်ယောက်စလုံး ပြန်၍ဆုတ်သွားကာ အပြေးပြိုင်ရန် တာစူ၍ နေကြပြန်လေ၏ ။ ထိုသို့ တာစူနေကြရာက ဘသိန်းသည် ငယ်ရွယ်သူဖြစ်သဖြင့် ပို၍ လျင်မြန်ဖျတ်လတ်သည့်အလျောက် ဆရာဖေ သတိအလစ်တွင် အတင်းပြေး၍ ဓားကို ဆွဲလိုက်လေရာ ဘသိန်း၏ လက်ထဲသို့ ဓားရောက်သွားသည်ကိုတွေ့ရသည်နှင့် တစ်ပြိုင်နက် ဆရာဖေသည် ခုတင်အောက်သို့ အတင်းပြေး၍ ဝင်လေ၏ ။


ဘသိန်းမှာလည်း ဓားရသည်နှင့်တစ်ပြိုင်နက် ဆရာဖေ ခုတင်အောက်က ထွက်၍ တစ်စုံတစ်ရာ လုပ်မည်လောဟု တွေးတောကြောက်ရွံ့ကာ အခန်းထဲက မည်သို့မည်ပုံ မိမိထွက်လာခဲ့ရသည်ကိုပင် မမှတ်မိနိုင်အောင် ပြတင်းပေါက်ဆီသို့ အတင်းပြေး၍ ခုန်ဆင်းထွက်ခဲ့ရလေ၏ ။ ဘသိန်း ထွက်သွားသည့်အခါမှ ဆရာဖေ မှာ ခုတင်အောက်က ထွက်လာရဲပြီးလျှင် ပြတင်းပေါက်ကိုအလုံပိတ်ကာ အိပ်ရာပေါ်တွင် လှဲပြီး “ ဖုဋ္ဌဿ လောကဓမ္မေဟိ ”  ဖြင့် မိမိကိုယ်ကို မိမိပြန်၍ သိပ်ရလေ၏ ။


ထိုညက အဖြစ်အပျက်ကို လှရီ မှာ ဘာမှ မသိသေးဘဲ နောက်နေ့ နံနက်တွင် ထမင်းစားခန်း၌ လက်ဖက်ရည် သောက်ရန်ပြင်ဆင်ရင်း သတင်းစာဖတ်နေရာက ပထဦးဆုံးဝင်လာသူ ဆရာဖေ ကို တွေ့လိုက်ရ၍ ၎င်းမျက်နှာမှာ မကြည်သာသည်ကိုမြင်ရမှ ညက တစ်စုံတစ်ရာဖြစ်ပြီကို ရိပ်မိပြီး မရယ်မိအောင် စိတ်ကို မနည်းနှိမ်နင်း ထားရလေ၏ ။


“ ဆရာကြီး ညက ကောင်းကောင်း အိပ်ရရဲ့လား ” 


“ မအိပ်ရဘူး တူမရဲ့ ၊ အသည်း တထိတ်ထိတ်နဲ့ နေရတာပဲ ”  ဟု အစချီပြီး ဖြစ်ပျက်ပုံကို ပြောပြလေရာ လှရီမှာ မနည်းဣန္ဒြေဆည်ကာ ဟန်လုပ်၍ နေလိုက်ရလေ၏ ။


“ အခုပုံဆိုရင် ဆရာကြီးကို သူမလိုဘူး ထင်တယ် ” 


“ ဟုတ်တယ် တူမရဲ့ ” 


“ ဒီလိုဆိုရင် ဆရာကြီး မြန်မြန်ထွက်ပြေးမှပဲ အသက်ချမ်းသာလိမ့်မယ် ၊ ဘယ်သူမှ မပြောဘဲ ထွက်ပြေးမှ ဖြစ်မယ် ၊ သူသိသွားရင် လိုက်ပြီး ရန်ရှာမှာ စိုးရတယ် ၊ ဒါပေမယ့် မေမေ့ကို စာတစ်စောင် ရေးထားခဲ့မှဖြစ်မယ် ” 


“ အင်း . . ဟုတ်တယ် ” 


“ နို့ပေတဲ့ စာထဲမှာ သူရူးနေတဲ့အကြောင်း ထည့် မရေးနဲ့တော့ ၊ မေမေလဲ အသိသားပဲ ၊ ဆရာကြီးကို ရေထဲ နှစ် သတ်မယ်ကြံတာ ၊ အခန်းထဲ ဝင်ပြီး ပြူးတူးပြဲတဲ လုပ်ပြတာ ရေးပြရင် မေမေသိတယ် ” 


“ အေး . . ကောင်းသားပဲ ”  ဟု ဆရာဖေကပြောစဉ် လှရီက မိမိပါးစပ်ကို လက်ညှိုးနှင့်ပိတ်ကာ “ တိုး . . တိုး . . တိုး ”  ဟု ပြောသဖြင့် ဆရာကြီးသည် ငြိမ်၍သွားပြီးလှည့်ကြည့်လိုက်ရာ ဘသိန်းကိုမြင်ရသဖြင့် မျက်လုံးပြာ၍သွားလေ၏ ။


ဆရာဖေ၏ ပြူးသွားသော မျက်လုံးသည် ဘသိန်း၏ စိတ်ထဲ၌ မိမိအား ဒေါသဖြင့် မျက်လုံးပြူးပြသည်ဟု ထင်မှတ်ကာ လန့်ဖျတ်ပြီး ပြန်၍ လှည့်သွားမည့်အပြု လှရီက “ လာလေ ကိုဘသိန်း ”  ဟု ခေါ်လိုက်သည့်အတွက် လက်ဖက်ရည်စားပွဲတွင် ဝင်၍ ထိုင်လေ၏ ။


ဘသိန်းနှင့် ဆရာဖေတို့သည် တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ ပဲပြုတ်နှင့်နံပြားကို စားနေကြရာက လှရီသည် သတင်းစာကိုဖတ်ရာ အသံကျယ်လောင်စွာဖြင့် ... ယမန်နေ့ည ဆယ့်တစ်နာရီအချိန်တွင် ကြည့်မြင်တိုင် ထီးတန်းစက် မြေအတွင်း၌ နေထိုင်သူ အသက်လေးဆယ့်နှစ်နှစ်ရှိ ကိုထွန်းရွှေ ဆိုသူအား လည်ပင်းတွင် သင်တုန်းဓားနှင့် လှီးဖြတ်ထား၍ သွေးအိုင်ထဲတွင် လဲနေသည်ကို ၎င်း၏ မိန်းမကတွေ့ရှိရသဖြင့် “ လာကြပါဦးတော့ . . လာကြပါဦး ”  ဟု ဟစ်အော်ရာ .....


ဖတ်ပြလိုက်ရာ ဘသိန်းနှင့်ဆရာဖေတို့မှာ လက်လှမ်း၍နှိုက်နေသော ပဲပြုတ် နှင့် နံပြားများ လွတ်ကျကြကာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူး၍ ကြည့်နေကြလေ၏ ။ ထိုသို့ကြည့်နေရာက တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့သောအမူအရာကို ပြကြကာ ထိုင်နေသော ကုလားထိုင်များကို နောက်သို့ ဆုတ်ကြလေ၏ ။


ဘသိန်းသည် ညက မိမိယူထားသော ဓားကို သတိရ၍ ရှိ မရှိ အိတ်ထဲမှ ထုတ်ကြည့်လေ၏ ။ ဘသိန်း ဓားထုတ်သည်ကိုမြင်လျှင် ဆရာဖေသည် ကြောက်လန့်ပြီး ဆွဲမိဆွဲရာ အနီးရှိ နံပြားညှပ်သော ကတ်ကြေးကို လှမ်း၍ ဆွဲလိုက်လေ၏ ။ ဆရာဖေ လက်နက်ဆွဲသည်ကို တွေ့ရလျှင် ဘသိန်းသည် ယမန်နေ့ညက လှရီ မှ မိမိအား ဆရာဖေက ဓားကိုမြင်လျှင် သတ်ချင်ဖြတ်ချင်စိတ် ပေါက်သည်ဟုဆိုခြင်းကို သတိရကာ ထိုင်ရာမှ ဆတ်ခနဲ ထလေ၏ ။


ဘသိန်း ထသည်နှင့်တစ်ပြိုင်နက် ဆရာဖေလည်း လန့်ဖျတ်၍ ထကာ ဘသိန်း ကို ရှောင်ရန် စားပွဲတစ်ဘက်သို့ ရွှေ့သွားလေ၏ ။ ဆရာဖေ ရွှေ့ခြင်းကို ဘသိန်း၏စိတ်ထဲ၌ နောက်သို့လှည့်၍ လိုက်ခြင်းဖြစ်သည်ဟု ထင်မှတ် စေသောကြောင့် ဘသိန်းကလည်း ရှေ့သို့ ခပ်မြန်မြန်တိုးလိုက်ရာ ဆရာဖေ လည်း မိမိ၏နောက်သို့ လိုက်သည်ဟု အယူရှိပြီး စားပွဲကို လှည့်ပတ်၍ ပြေးသဖြင့် ဘသိန်းလည်း လှည့်ပတ်၍ ပြေးနေရလေ၏ ။


ဘသိန်းသည် မိမိကိုင်ထားသော သင်တုန်းဓားမှာ အကယ်၍ ဆရာဖေ ရန်မူက ခုခံထိုးခုတ်ရန် လွယ်ကူသော လက်နက် မဟုတ်ဟု ယူဆကာ စားပွဲကို လှည့်ပြေးရင်း စားပွဲပေါ်ရှိ ငရုတ်ကောင်းပုလင်းကို လက်နက်အဖြစ် အသုံးပြုရန် ပြေး၍ အဆွဲတွင် ဆရာဖေ လည်း စွတ်မိစွတ်ရာ ထွက်ပြေးလေ၏ ။ ဘသိန်းမှာလည်း ဆရာဖေ လစ်ပြီဟု အောက် မေ့ကာ နောက်ထပ် ပြန်လာလျှင် မတွေ့နိုင်ရန် အခြားတစ်ဘက် မှ ထွက်၍ ပြေးလေတော့၏ ။


လှရီ မှာ ကြည့်ကောင်းကောင်းနှင့် ကြည့်နေပြီး နှစ်ယောက်သား ထွက်ပြေး၍ သွားကြမှ အားရပါးရ ရယ်နေစဉ် အိမ်ပေါ်မှ ဆင်းလာသော ဒေါ်မြမေ ၏ ခြေသံကို ကြားရသဖြင့် ဟန်လုပ် နေရလေ၏ ။


“ သမီး . . ဆရာကြီး ဆင်းလာပြီလား ” 


“ ဟုတ်ကဲ့ ” 


“ လက်ဖက်ရည်ကော သောက်ပြီးပလား ” 


“ မပြောတတ်ဘူး ” 


“ ညည်း မမြင်ဘူးလား ” 


“ လက်ဖက်ရည်သောက်တာတော့ မမြင်ဘူး ၊ ပြတင်းပေါက်က ခုန်ဆင်းပြီး ထွက်ပြေးတာတော့ မြင်လိုက်ရတယ် ” 


“ ဘာပြောတယ် ” 


“ ကိုဘသိန်းက ဓားနဲ့လိုက်လို့ လွတ်ရာအပေါက်က ပြေးရတာပဲ ” 


“ မောင်ဘသိန်းကော ” 


“ သူလဲ ပြတင်းပေါက်က ခုန်ပြီး လိုက်သွားတယ် ” 


“ ညည်း ဘာတွေပြောနေတာလဲ ” 


“ ကိုဘသိန်း စိတ်နောက်နေပြီး မေမေရဲ့ ၊ မနေ့ကလဲ ဆရာကြီးကို ရေထဲဆွဲနှစ်တယ် ၊ ညကလဲ အခန်းထဲဝင်ပြီး အရူးလို လုပ်ပြသတဲ့ ၊ နံနက်က ဆရာကြီး ပြောလို့ သိရတာပဲ ၊ အခုနံနက်ကတော့ ဆရာကြီး လက်ဖက်ရည်သောက်လို့ လည်ချောင်းထဲမှ မကျသေးဘူး ၊ တစ်ခါတည်း အရူးလိုအော်ပြီး အတင်းလိုက်တာ မြင်လိုက်ရတာပဲ ” 


ဒေါ်မြမေသည် စိတ်မောလူမောဖြစ်ဟန်ဖြင့် ကုလားထိုင်တစ်လုံးတွင် ပစ်၍ထိုင်လိုက်ပြီး


“ ရှိရှိသမျှလူတွေ အားလုံး ရူးနေကြရော့လား ” 


“ ကိုဘသိန်းတော့ ရူးတာ အမှန်ပဲနဲ့တူတယ် ၊ တက္ကသိုလ်မှာ ပညာတွေ သိပ်ကြိုးစား ၊ နိုင်ငံရေးလိုက်တဲ့သူတွေ ဦးနှောက်ပျက်တတ်တာပဲ ၊ သတင်းစာထဲတောင် တလောတုန်းက အမေရိကန်ပြည်မှာ သိပ်ထူးချွန်တဲ့ကျောင်းသား တစ်ယောက် ၊ သူ့ကို တစ်ကျောင်းလုံးက အထင်ကြီးနေတုန်း သူ့အဒေါ် ခြေသလုံးကို ကုန်းကိုက်သတဲ့ ” 


“ ဆရာကြီးကော ” 


“ တစ်ခါတည်း ပြေးပြီ မေမေရဲ့ ” 


“ ဟင် . . ဟုတ်ကဲ့လား ” 


“ သူ ကျွန်မကို ပြောသွားတယ် ၊ ကိုဘသိန်းဒဏ် မခံနိုင်ဘူးတဲ့ ”  ဟု ပြောလိုက် မှ ဒေါ်မြမေလည်း သက်ပြင်းကြီး ချကာ အကြံအိုက်သည့် အမူအရာကို ပြလေ၏ ။


“ မေမေ . . ကျွန်မ ပြောစရာတစ်ခုရှိတယ် ၊ ညတုန်းက ကျွန်မကို ကိုဘသိန်းက ချစ်ဖို့ ၊ ကြိုက်ဖို့ပြောတော မေမေရဲ့ ၊ ကျွန်မလဲ အင်းမလှုပ် ၊ အဲမလှုပ်နေတုန်း ဆရာကြီးကို သူမြင်တာနဲ့ စကားပြတ်သွားပြီး ရေထဲ ဆွဲနှစ်တယ် ၊ ဒီလိုလူမျိုးကိုတော့ ကျွန်မ မယူပါရစေနဲ့ မေမေရယ် ” 


ဒေါ်မြမေသည် ဒေါသထွက်သော အမူအရာဖြင့် “ အို . . ဒါမျိုးနဲ့တော့ တစ်သက်လုံး မပေးစားဘူး ၊ စိတ်ချ ”  ဟု ပြောလိုက်ရာတွင် လှရီမှာ ရွှင်ပြုံး၍ သွားလေ၏ ။


“ နောက်ပြီး မေမေ တရားအားထုတ်ချင်တယ်ဆို ” 


“ အေး . . အဲဒါ ဘာလုပ်မလို့လဲ ” 


“ မေမေ ကျွန်မကို နေရာချမယ်မဟုတ်လား ” 


“ နေရာချချင်လို့ ဘသိန်း နဲ့ စီမံတာပေါ့ ” 


“ အခုတော့ သူနဲ့နေရာ မကျတော့ဘဲဟာ ၊ ကျွန်မမေတ္တာရှိတာနဲ့ သဘောတူပါတော့ မေမေရယ် ” 


ခါတိုင်း၌ ဒေါ်မြမေသည် ထိုစကားကို ငြင်းပယ်ခဲ့မိလေ၏ ။ သို့ရာတွင် ယခုအခါ ဆရာဖေကို မျက်စိထဲတွင် ပြေး၍မြင်ပြီး လှရီ ၏စကားကို မဖြေသေးဘဲ “ ဆရာကြီး ဘယ်သွားမယ် ပြောသလဲ ”  ဟု မေးလိုက်လေ၏ ။


“ အရင်တုန်းကတော့ ဒီကပြန်ရင် စစ်ကိုင်းချောင်သွားမယ်လို့ ပြောတာပဲ ” 


“ ဒီလိုဆိုရင် မေမေလဲ ဆရာကြီးနောက်လိုက်ပြီး တရားအားထုတ်မယ်လို့ စိတ်ကူးတာပဲ ၊ သမီးကိုလဲ ၊ နေရာချထားခဲ့ချင်တယ် ၊ ဒီတော့ ညည်းတို့အချစ်ကိုလဲ မခွဲတော့ပါဘူး ၊ ငါစိတ်ချရရင် အေးတာပဲ ”  ဟု ပြောလိုက်သည်တွင် လှရီမှာ ဝမ်းသာလုံးဆို့သွားကာ ....


“ မေမေ . . လက်ဖက်ရည်သောက်လိုက်ဦးလေ ၊ အေးကုန်မယ် ၊ ပေါင်မုန့်ထောပတ် သုတ်လိုက်ရဦးမလား ”  ဟု ပျာပျာသလဲ အရေးစိုက်၍ နေလေတော့၏ ။  ။


◾ ဇဝန


📖 ဒဂုန်မဂ္ဂဇင်း 

      ဧပြီ ၊ ၁၉၃၈ ။


koaungnaingoo.blogspot.com


.