❝ စံတော်ချိန် ဘမောင် ၊ အပျိုကြီး မကျင်စိန် နှင့် ဂိုးရှိုးပလိန်း ❞
“ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကိုသိန်းတန်အပေါ် ထားရှိတဲ့ မေတ္တာကတော့ ဟောဒီ ဒုဋ္ဌဝတီမြစ်ကြီး စီးဆင်းနေသလိုပါပဲ ကိုသိန်းတန်ရယ် ”
“ ဟာ ဒီစကားကြာရတာ ဝမ်းသာလိုက်တာ မမမိုးရာ ”
“ ကိုသိန်းတန် ကိုသိန်းတန် စိုးစိုး သင်္ဘောပေါ်တက်ခဲ့မယ်နော် ”
“ အို တက်ခဲ့ ၊ တက်ခဲ့ ”
အနှီအသံတို့မှာ ကက်ဆက်ဇာတ်လမ်းခွေများ အပြိုင်အဆိုင် ဖွင့်နေခြင်းမဟုတ် ။ ရေထမ်းသမား ကိုဘမောင်၏ပါးစပ်မှ ရေထမ်းနေရင်း ကြုံရာကျပန်း ပြောဆိုသွားသော စကားများသာဖြစ်ပါသည် ။
“ထွေးညိုရေ မောင်ကြီးပြန်လာရင် ရွာအဝင် လက်ခုပ်ပင်အောက်က တမာပန်းတွေ ကိုင်ပြီး စောင့်နေမယ်ဆို ၊ တေးဆိုကာနော်ကွယ် ထွေးညိုကိုချော့ဖို့ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာဆောင်ကြဉ်းတဲ့ အောင်ခြင်း ရှိသလောက်ပါ”
ကိုဘမောင် သည်အကျင့်ကို ဘယ်က ဘယ်လို ရရှိလာသည်တော့မသိ ။ လက်ပန်စောက်ရွာမှ ကိုဘမောင်တစ်ယောက် သုံးလေးနှစ်ခန့် ပျောက်သွားခဲ့သေးသည် ။
ဒီတုန်းက မြို့ပေါ်မှာလိုလို ရွှေတောမှာလိုလိုနှင့် သတင်းတွေမျိုးစုံအောင် ကြားခဲ့ရသော်လည်း ဘာမျှ ရေရေရာရာ တိတိကျကျ မသိရှိရခဲ့ ။ သူ့အမေ ဒေါ်သိန်းညွန့်ဆိုလျှင် မျက်ရည်နှင့် မျက်ခွက် ဖြစ်ခဲ့ရသည် ။
ကိုဘမောင် ရွာကို ပြန်ရောက်လာတော့ အဝတ်အစားတွေ စုတ်ပြတ်နေပြီး လူပုံက ညှင်းသိုးသိုးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည် ။ မည်သူ့ကိုမျှလည်း စကားမပြော ၊ ရယ်ခြင်းပြုံး ခြင်းလည်း မရှိခဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အမေကတော့ သူ့သားကြီး ပြန်လည်ရောက်ရှိလာသည်ကိုပင် ကျေနပ်ဝမ်းသာလှနေပြီဖြစ်သည် ။ ယခုတော့ -
“ ဆရာကြီး ၊ ဆရာကြီး ၊ အောင်ဘော်ရယ်လေ ဆရာကြီး ယု နဲ့ တွဲနေတာကို မကျေနပ်လို့ဆိုပြီး ဆရာကြီးကို သတ်မလို့တဲ့ အဲဒါ ”
“ ဟား ... ဟား ... ဟား ... ဟား ... ေဟ့ ကြာကူရီ ဆရာဘခက် အစကတော့ ဘာလေး ညာလေးနဲ့ ၊ အခုတော့ ခင်ဗျားတို့က ဒီမှာလာပြီး အကြည်ဆိုက်နေကြတာပေါ့လေ ဟုတ်လား ၊ ဒီစခန်းမှာ ခင်ဗျားကို သတ်ပြီး ကျုပ် ဗိုလ်လုပ်မယ်ဗျ ။ ကျုပ် ဗိုလ်လုပ်မယ် ဟား ... ဟား ... ဟား ... ဟား ...”
“ ဪ ... အောင်ဘော် အောင်ဘော် ၊ ကျည်ဆံရှိတဲ့ သေနတ်က ငါ့ဆီမှာကွ ၊ ရော့ ... ဒီသေနတ်ကိုယူ ငါ့ကိုပစ် ၊ ပြီးတော့ ဒီစခန်းမှာ မင်းဗိုလ်လုပ်ပေါ့ကွာ ၊ ဟေ့ကောင် ယူလေကွာ ယူပါကွ ”
“ ကျွန်တော် မှားသွားပါတယ် ၊ ဆရာကြီးရာ ”
ကိုဘမောင်က သည်လိုလူစားဖြစ်သည် ။ သယ်သူတွေ ဘာပြောပြောသူကတော့ အရှိန်အဟုန်မပျက် သီချင်းတွေ ဆိုရင်း ပြဇာတ်တွေ ခင်းရင်းနှင့် ရေထမ်းသည့်အလုပ်ကို မှန်မှန်ကြီး လုပ်လာခဲ့သည်သာ ဖြစ်ပါသည် ။
ကိုဘမောင်ရေထမ်းသည်က အချိန်မှန်သည် ။ စနစ်ကျသည် ။ ရွာစဉ် အိမ်စဉ်အတိုင်းသာ ရေထမ်းခြင်းဖြစ်သည် ။ အရေးကြီးလို့များ အိမ်ကျော်၍ မခေါ်လိုက်လေနှင့် ။ သူကတော့ လာမည်မဟုတ် ။ သူထမ်းနေကျအတိုင်းသာ ထမ်းသွားမည်ဖြစ်သည် ။ နောက်ပြီး သူရေထမ်းသည်က တစ်အိမ်ကို နှစ်ထမ်းထက်လည်း ပို၍ မထမ်း ၊ သူရေထမ်း ၊ ပို့နေကျအိမ်တွင် မည်မျှပင် ရေတွေ ရှိနေပါစေရှိသည့် ရေကို သွန်ပစ်ပြီး ထမ်းသွားမည်သာဖြစ်သည် ။
သည်အတွက် အိမ်ရှင်တွေကလည်း ဘာမျှပြောနေမည် မဟုတ် ။ ပြောရလောက်အောင်ကလည်း ကိုဘမောင်က ရေထမ်းခ ကို မယူ ။ ပေးလျှင်ယူ၍ ကျွေးလျှင်စားပြီး မပေး မကျွေးလျှင်လည်း ရေကတော့ ထမ်းမြဲထမ်းနေမည်သာ ဖြစ်သည် ။
ဒါကြောင့်လည်း “ ရေဆိုလျှင် ကိုဘမောင်မှ စိတ်ချရတယ် ” ဟု ပြောရလောက်အောင် ဖြစ်လာခဲ့သည် ။ ဒီအချိန်ဆို ကိုဘမောင် ဘယ်အိမ်ကို ရေပို့နေပြီဆိုသည်ကအစ အလိုလိုသိလာကြသည် ။
“ မွန်းတည့်သွားပြီနဲ့တူတယ် "
“ ဘက်ကလာ မွန်းတည့်ရမှာလဲ ၊ ဘမောင်တောင် ရေထမ်းရောက် မလာသေးဘူး ”
ကြာတော့ ကိုဘမောင်က လက်ပန်စောက်ရွာအတွက်နာရီကြီးလိုပင် ဖြစ်လာခဲ့သည် ။ ဒါကြောင့်လည်း စံတော်ချိန်ဟူသောဘွဲ့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည် ။
တစ်ခုတော့ရှိသည် ။ ရွာမှာ အလှူမင်္ဂလာဆောင် သာရေး ၊ နာရေးရှိလို့ကတော့ ဘယ်မှာမှ ရေမထမ်း ။ ထိုသာရေးနာရေးရှိသော အိမ်များတွင်သာ တစ်နေကုန် တစ်နေခန်း ရေထမ်းပေးနေမည်ဖြစ်သည် ။
“ ဟေ့ ဗိုလ်အောင်ဒင် ပြန်လာပြီကွ ၊ ဗိုလ်အောင်ဒင်ပြန်လာပြီ ။ ဒိုင်း ... ဒိုင်း ... ဒိုင်းညှောင့် ၊ ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားကြသူများကတော့ လူမိုက်က ကျွန်တော် ၊ အဖော်က ယောက်ဖ ၊ ဒီမယ် မမြဝင်း ဖိုးရာဇာဟာ တကယ့်တော့ လယ်သမားကြီးပါဗျ ။ ခုတော့ ခုတော့ ကိုသစ္စာရယ် တမာများလို ခါးခဲ့ပြီလားကွယ် ၊ ဪ ... မြညို ... မြညို ”
ဤသို့ ဤနှယ် ဤပုံဖြင့် ကိုဘမောင်တစ်ယောက် တစ်ကိုယ်တော်သီဆို ခင်းကျင်းလာခဲ့သည်မှာ ကြာပြီဖြစ်ပါသည် ။
°°°°°° °°°° °°°°°°
ယခုတစ်လောမှာတော့ စံတော်ချိန်စိန်ဘမောင်တစ်ယောက် အချိန်တွေ ဖောက်ဖောက်လာ နေခဲ့ပြီဖြစ်သည် ။ ဘာကြောင့် အချိန် မမှန်တော့တာတဲ့လဲ ။ ပုံမှန်ရေရောက်ရမည့် အချိန်များတွင်ပင်လျှင် ရေက ရောက် မလာနိုင်တော့ ။ ကိုဘမောင် ရေပို့မည့်အချိန်ကို စောင့်၍ သုံးလူတွေအဖို့ ကသိကအောက်တွေ ဖြစ်ကုန်ကြသည် ။ စံတော်ချိန်ဘွဲ့ကို ပြန်လည်ရုပ်သိမ်းဖို့တော့ ဟုတ်ဟန်မတူ ။ ရေပိုက်ခေါင်းပဲ ပျက်သလား ၊ ရေထမ်းပုံးပဲ ပေါက်သလား မပြောတတ်တော့ ။
မြို့ကြီးပြကြီးများတွင်ရှိသော နာရီစင်ကြီးများကဲ့သို့ အချိန်တွေ လွဲမှားခြင်း ၊ ရပ်တန့်ခြင်းများ ဖြစ်လာခဲ့သည် ။ မီးပျက်၍လော ၊ စက်ပျက်၍လော ၊ ဓာတ်ခဲအား ကုန်၍လော စသည်ဖြင့် သို့လော သို့လော အတွေးတွေက များပြားလာခဲ့ကြသည် ။ ကြာလျှင်တော့ နာရီလက်တံများပင် ပျောက်ဆုံးကုန်သည်အထိ ဖြစ်လာနိုင်သည် ။
ထို့ကြောင့် သကောင့်သား စံတော်ချိန် စိန်ဘမောင်တစ်ေယာက် ဘာကြောင့် ယခုကဲ့သို့ ဖြစ်သွားရသည်ကို သိရှိနိုင်ရန်အတွက် တစ်ခုခုကို စီစဉ်ရတော့သည် ။ ထိုအစီအစဉ်ထဲတွင် စံတော်ချိန် စိန်ဘမောင် ပြုပြင်ရန်ဟူသော အကြောင်းပြချက်ဖြင့် အလှူခံမည့်ကိစ္စ မပါဝင်ခဲ့ပါ ။
ကိုဘမောင်တစ်ယောက် ဘာကြောင့် အချိန်တွေ ဖောက်ပြန်သွားရသည်ဆိုသည့်ကိစ္စ ၊ တကယ်စုံစမ်းလိုက်တော့ အဟုတ်ပင် မကြာလိုက် ။ အကြောင်းရှာတော့ အဲ ... အဲ ... အပျိုကြီး မကျင်စိန်အိမ်မှာ ချာချာလည်နေ၍ဖြစ်ကြောင်း သိရှိလာရတော့သည် ။
°°°°°° °°°°° °°°°°
အပျိုကြီး မကျင်စိန်ဆိုတာကလည်း လက်ပန်စောက်ရွာမှာတော့ နာမည်နှစ်လုံးနှင့် နေသူဖြစ်သည် ။ ဒေါ်ဒေါင်းကြည်၏ သမီးကြီးဖြစ်ပြီး ရုပ်ရည်က ရွက်ကြမ်းရေကျိုသာဖြစ်သည် ။ နဖူးကလေး နည်းနည်းမောက်ပြီး ကျောက်ပေါက် မာကလေး မသိမသာ ထူပိန်းပိန်းကလေး ဖြစ်နေသည်ကလွဲလျှင် အသားမည်းတာလေးတစ်ခုပဲ ပြောစရာရှိသည် ။
ခြေကလေး နည်းနည်းခွင်တာနှင့် တင်ကလေးနည်းနည်း ကောက်နေတာကိုသာ ပြုပြင်လိုက်လျှင်ဖြင့် ရွာက ကာလသားတွေ ဝိုင်းဝိုင်းလည်နေမည်မှာ အသေအချာပင်ဖြစ်သည် ။ ယခုတော့ ယောက်ျားရှားသလားဟုတ်စဟု မေးရမည့်ကိန်းပင်ဆိုက်နေခဲ့သည် ။
“ လက်ပန်စောက်ရွာက ယောက်ျားရှားလို့သာပါ ၊ ကြည့်နေ သည့်ပြင်ရွာက ယောက်ျားတစ်ယောက်ကို ခေါင်းခေါက်ပြီးကိုပဲ ယူပြလိုက်ဦးမယ် ”
အဲသလို ကြိမ်းဝါးနေရင်းဖြင့်ပင် အနှစ်သုံးဆယ် ကျော်လာခဲ့ပြီဖြစ်သည် ။
တစ်နေ့မှာတော့ မကျင်စိန်မြို့ ကို သွားရမည့် ကိစ္စတစ်ခုက ပေါ်လာခဲ့သည် ။ မြို့ပေါ်မှာ အိမ်ထောင်ကျနေသော သူ့ညီမ မခင်စိန် နေမကောင်းဟု ဆိုခြင်းကြောင့်ပင် ။ သူ့အမေက ကလေးငယ်တစ်ဖက်နှင့်ဖြစ်ပြီး သူ့အဖေကလည်း လယ်ရိတ်ချိန်ကြီး ဖြစ်နေသောကြောင့် မခင်စိန်ကို ပြုစုရန်အတွက် မကျင်စိန်ကိုသာ လွှတ်
လိုက်ရတော့သည် ။
တစ်ပတ်လောက်နေတော့ မကျင်စိန် ပြန်ရောက်လာပါသည် ။ သူ့ညီမ မခင်စိန်က ကျန်းမာရေး ကောင်းမွန်သွားခဲ့ပြီ ဖြစ်သော်လည်း မကျင်စိန်မှာတော့ ရောဂါတစ်ခုက ကပ်ပါလာခဲ့သည် ။ ထိုရောဂါသည်ကား -
“ ရွာမှာသာ ယောက်ျားရှားနေတာပါ အမေရာ မြို့ပေါ်မှာတော့ ယောက်ျားတွေ ပေါမှပေါပဲ ၊ ကားခေါင်မိုးပေါ်မှာတင်ပြီး လှည့်ရောင်းနေလိုက်တာများ ယောက်ျားရမယ် ၊ ယောက်ျားရမယ်နဲ့ အရွယ်စုံ အမေရေ ၊ အဲဒါ ဒီတစ်ခါ အမေ မြို့ကိုသွားရင် သေချာရွေးပြီး ဝယ်ခဲ့စမ်းပါအမေရာ ” ဟူ၍ နားပူနားဆာလုပ်လာခဲ့ခြင်းပင် ဖြစ်တော့သည် ။
ကားစပယ်ယာတို့၏ ထူးထူးဆန်းဆန်းကလေး အော်တတ်သည်ကိုပင် အပြစ်ပြောရလေမလား မသိ ။ ဒေါ်ဒေါင်းကြည်တစ်ယောက် မြို့ကိုမသွားရဲတော့သည်မှာလည်း အမှန်ပင် ဖြစ်ပါသည် ။
°°°°°° °°°° °°°°°°
ကိုဘမောင်တစ်ယောက် အပျိုကြီး မကျင်စိန်၏ အိမ်တွင် ချာချာလည်ဖြစ်ခဲ့ရသည့် အကြောင်းရင်းကတော့ သူနှင့်ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဟု ပြောရမလိုပင် ဖြစ်ပါသည် ။ အနှီ မကျင်စိန်ဆိုသည့် အပျိုကြီး ရေချိုးသည့်အချိန်နှင့် ကိုဘမောင် ရေထမ်းပို့သည့်အချိန်သည် မတော်တဆ တိုက်ဆိုင်သွားခဲ့ရပါသည် ။
ထို့နေ့က အပျိုကြီးမကျင်စိန် မည်မျှကြာကြာ ရေချိုးလိုက်သည်မသိ ၊ မကျင်စိန် အအေးမိပြီး ဖျားသွားခဲ့သလို စံတော်ချိန် ကိုဘမောင် ခမျာမှာလည်း ဒူးကောက်ကွေးကြောတွေ တောင့်တင်းကုန်ကာ ခွေခွေကလေး လဲသွားသည်အထိ ဖြစ်ခဲ့ရသည် ။ ဤသည်မှ အစပြု၍ ကိုဘမောင်တစ်ယောက် ချာချာလည်ဖြစ်နေခဲ့တော့ ရာ ....
“ ဒီမှာ မြညို ... မြညို ... ကိုရင်ဩ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မြညို အသိပါကွယ် ၊ မြညိုမှာ ကလေး တစ်ဒါဇင်ရှိနေပါစေ ဟောဒီ ဘမောင်ကတော့ ချစ်သွားမှာပဲ ” ဟူ၍ တစ်ဖုံ ။
“ စိမ်းရက်တဲ့ ပန်းနွယ်ရေ မြသီတာမြစ်အလွှာနားရောက်ပြန်တော့ ငှက် မောင်နှံတောင်ပံယှက်လို့ ပျံဝဲနေတာကိုမြင်ရပြန်တယ်ကွယ် ။ ဒို့တစ်တွေ ငယ်ငယ်ကလိုမဟုတ်ဘူး ။ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ စာဥရယ် ငါအရောက်ပြန်ခဲ့မှာ ” ဟူ၍ တစ်နည်း ။
တစ်ရက်ပြီးတစ်ရက် ၊ တစ်မျိုးပြီး တစ်မျိုး ၊ တစ်ပုဒ်ပြီး တစ်ပုဒ် ၊ တစ်ထုပ်ပြီးတစ်ထုပ် တိုးတိုးပြီး ... သာ ဆိုလာခဲ့လေတော့၏ ။
မကျင်စိန်ခမျာမှာလည်း ထဘီရင်လျားကြီးနှင့်တစ်သွယ် ၊ တဘက်ကြီးခြုံ၍ တစ်ဖုံ ၊ လှေကားခုံမှာ မေးကလေးထောက်ပြီးတော့ တစ်နည်း အသီးသီး အသက အသက နားဆင်အားပေးနေလာခဲ့ရာမှ တစ်နေ့ ဒေါ်ဒေါင်းကြည်နှင့် ထိပ်တိုက်တိုးပါလေတော့၏ ။ ထိုနေ့က ...
“ အင်း ... လောင်းမင်းသား သန္ဓေခလို့ရရင်ဖြင့် မကောင်းသတင်းစကား ချေပဖို့ ရပဟဲ့ဆိုပြီး ၊ ဒေဝဒဟက မြန်းထွက်လို့အလာ လမ်းတစ်ဝက် မှာ ကမ္မဇလေ လှုပ်ရှားပြီး ပန်းလျက် မအီသာ ခြေမကြွလို့ အဖေဗကကြီးရေ သမီး မနေရတော့ဘူးတဲ့ ၊ တိန်... တိန် ... ”
“ အလိုတော် ... ဟဲ့ ကျင်စိန် ၊ ဒါဘာလုပ်နေလဲ ... ”
“ အဲဒီလို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောထား ၊ ဟဲ့ ... ညီတော်နန္ဒ ၊ ဟောဟိုသစ်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့ မျောက်ကြီးနဲ့ မင်းချစ်တဲ့ ဘဒ္ဒကလျာဏီနဲ့ ဘယ်သူက ချောသတုံးတဲ့ ”
“ ကျင်စိန် ငါပြောနေတာ မကြားဘူးလား ၊ ဒီကောင်မလေး ဒီကောင်မလေး ဖျားတော့မှာပဲ ”
“ မေးပြီ ၊ မေးပြီ ၊ ငါဘယ်လို ဖြေရပါ့မလဲနော် ၊ ဘဒ္ဒကလျာဏီရေ မင်းကို မျောက် မကြီးနဲ့ နှိုင်းသတဲ့ ဂျိ ”
“ ကျင်စိန် ငါလုပ်မိလိမ့်မယ်နော် ”
“ မဟာပဒုမရယ်လေ ငါအခုလာတာ ရေထမ်းဖို့ပါကွယ် ဟယ် ၊ တိန်တိန် မတရား မလုပ်လိုက်ပါနဲ့ခင်ဗျ .…. ”
“ လုပ်ရမယ်တဲ့ လုပ်ရမယ် ဘယ့်နှယ်တော် ”
“ အဲဒါကဖြင့်နော်ဗျာ မတရား ဟား ဟာ ၊ မတရားဟား ဟား ဟာ ”
ဒေါ်ဒေါင်းကြည်နှင့် ကိုဘမောင်အပေးအယူလေးတွေဖြောင့်နေသလို မကျင်စိန်ခမျာမှာလည်း အိမ်ပေါ်တက်ရတော့မှာ လိုလို အောက်ပြန်ဆင်းရတော့မှာလိုလို နှင့် လှေကားအလယ်ကောင်ကြီးမှာ ရပ်ရင်း ၊ သူ့အမေကိုတစ်လှည့် ကိုဘမောင်ကိုတစ်လှည့် ကြည့်နေမိသည် ။
“ ရက်စက်လိုက်လေခြင်းနော် ရက်စက်လိုက်လေခြင်း ... ဟင်း ... ဟင်း ...”
မကျင်စိန် မနေသာတော့ ။
“ ကိုဘမောင် ရှင်ပြန်တော့ ရှင်ပြန်တော့ ဟော့ .. ေဟာ့ ... ”
ဒေါ်ဒေါင်းကြည်က တစ်မျိုး ။
“ အောင်မယ် အောင်မယ် ကိုဘမောင်ရယ်တဲ့ ဟုတ်လား ”
“ ဟုတ်ပါတယ် ခင်ဗျ "
“ ဘာပြောတယ် ”
“ မဟုတ်ပါဘူးခင်ဗျ ”
“ တယ်လေ ၊ ကဲ ... မပြန်ဘူးလား ပြန်မှာလား ၊ ဒါပဲပြော ”
“ ခက်ပြီ ခက်ပြီ ၊ မပြန်ပါရစေနဲ့ဦး ခင်ဗျဂျိ ၊ မောင်တို့ရွာကို ရောက်လို့တောင် မလာရဘူးတဲ့ ကညာခင် ”
“ ကဲ ... ဒီလောက်တောင် ဖြစ်လှတဲ့ဟာတွေ သိကြသေးတာပေါ့ ”
ဒေါ်ဒေါင်းကြည် ပြောပြောဆိုဆိုဖြင့် နီးစပ်ရာ ထင်းချောင်းကိုဆွဲပြီး မကျင်စိန်ကို အရင်လိုက်ရိုက်သည် ။ မကျင်မိန်က အိမ်ပေါ်တက်ပြေးသည် ။
“ ဟယ် ... မြစိမ်း အမြန်လာခဲ့ "
“ အောင်မာ သေပေတော့ ”
ကိုဘမောင် ရေထမ်းပုံးတွေကို ဆွဲ၍ သုတ်ခြေတင် အော်ပြေးလိုက်ပုံက -
“ ေအာင်မလေး အခုတော့ဖြင့် တအား ဟားဟားဟာ ၊ တိန့်တိန့်တိန့် တိန့် - တိန့်တိန့် ၊ တတိန်တိန် ၊ တိန့်တိန့် တိန့်တိန်း တိန့်တိန်း ဗျောင်... တိန့် ဟိန် ဟိန့် ဒူဟူဟူဟူဟူ .… ပလို့ဂျိ ”
°°°°°° °°°°° °°°°°°°
“ အဟမ်း .. အဟမ်း ... အဟမ်း ... ဒီရွာမှာတော့ ကျုပ်က လူကြီးပေါ့ဗျာ ”
ဤသို့ ဤနှယ် ဆက်ရမည် ထင်ပါသည် ။ ကိုဘမောင် ၊ မကျင်စိန် နှင့် ဒေါ်ဒေါင်းကြည်တို့ ပါဝင်သော ဘုန်ကြီးရူး နှင့် လှေလူး နေ့ခင်းပိုင်းဇာတ်ထုပ်ကြီးက တစ်ရက်လည်း မဟုတ် ၊ နှစ်ရက်လည်း မက ။ နေ့စဉ် ရက်ဆက်ဖြစ်လာသောကြောင့် ကိုဘမောင် အမှု ဦးတုတ်ကြီးအား ပတ်ခြင်းကြောင့်ပင် ဖြစ်တော့သည် ။
ထိုနေ့က ရွာလူကြီးဖြစ်သူ ဦးတုတ်ကြီး၏ နေအိမ်တွင် လူတော်တော် စုံပါသည် ။ ကိုဘမောင်နှင့် မကျင်စိန် အမှုဆိုတော့လည်း ပိုပြီး စိတ်ဝင်စားကြသည် ။
ဦးတုတ်ကြီးက သူ့ရှေ့မှာရှိသော ကွမ်းအစ်ကြီးထဲမှ ကွမ်းကို ယာ ရင်း -
“ အဟမ်း ... ကဲ ... ဒေါ်ဒေါင်းကြည် ဒီဘမောင်ဆိုတဲ့ကောင်က ပါးစပ်သီချင်း ၊ ပါးစပ်ပြဇာတ်တွေကလွဲလို့ ကျန်တဲ့ အစိတ်အပိုင်းက ကောင်းသားပဲဟ ”
“ ဘယ်အစိတ်အပိုင်းက မကောင်းလို့လဲခင်ဗျ ”
“ ဟေ့ကောင်ဘမောင် မင်းပါးစပ်ပိတ်ထားစမ်း ”
ဦးတုတ်ကြီးက မျက်နှာထားတင်းတင်းနဲ့ ငေါက်လိုက်တော့ ကိုဘမောင် ငြိမ်သွားသည် ။
“ ဟုတ်ပါတယ်တော် ၊ ဒါကို ကျပ်သိပါတယ် ၊ ဒါပေမဲ့ ... အခုဟာက ကျော်မကောင်း ကြားမကောင်းလွန်းလို့ပါ ”
ကိုဘမောင်အမေ ဒေါ်သိန်းညွန့်ကတော့ မိမိသား၏မှားယွင်းမှုကြီးကြောင့် မျက်နှာငယ်ကလေးဖြင့် -
“ ကျွန်မတောင်းပန်ပါတယ် ၊ မဒေါင်းကြည်ရယ် ၊ ကျွန်မသားကလည်း သူစွဲလမ်းတဲ့ဟာဆိုရင် ပါးစပ်ကကို မချတော့တာဆိုတော့ ”
“ အဲဒီလို ပါးစပ်က မချမှာကိုဘဲ ကျုပ်က စိုးရိမ်တာတော့ ”
“ ဟဲ့ ... ဒါက ဒီလိုရှိတယ်လေ ”
ဦးတုတ်ကြီးကတော့ လူကြီးပီပီနှစ်ဦးနှစ်ဖက် အဆင်ပြေသွားစေရန် အတတ်နိုင်ဆုံး ညှိနှိုင်းပေးနေရခြင်းဖြစ်သည် ။
“ ဒေါင်းကြည်ရယ် ညည်း သမီးကျင်စိန်ရဲ့ သဘောထားကို မေးကြည့်ပါဦး ”
မကျင်စိန်က သည်နေရာမှာတော့ သွက်သည် ။
“ အိုတော် ... ကျုပ်က ကိုဘမောင်ရဲ့ သီချင်းနဲ့ ပြဇာတ်သံလေးတွေကို သဘောကျနေတာတော့ ၊ ဟီဟိ ”
ကိုဘမောင်ကို မေးထိုး၍ ပြောသည် ။
“ မေတ္တာစစ်တို့မည်သည် ဖြောင့်ဖြူးရာလည်း မရှိစမြဲမို့ ကျွန်တော်တို့ ချစ်ခြင်းကို မခွဲပါနဲ့လား ဒေါ်ဒေါ်ရယ် ”
“ ကဲ ... ဒေါင်းကြည် ကလေးတွေရဲ့ အခြေအနေတွေလည်း ညည်းသိသားနဲ့ကွယ် ၊ ပြီးတော့ ညည်းလည်း မြို့ပေါ်လေး ဘယ်လေး သွားလို့ရတာပေါ့ ”
“ ရှင် ”
ဦးတုတ်ကြီးစကားက ဒေါ်ဒေါင်းကြည်၏ ရင်ကို ထိမှန် သွားခဲ့သည် ။ လာရောက်နားထောင်နေသူများကလည်း တစ်ယောက်တစ်ခွန်း ဝိုင်းဝန်း၍ ဖျောင်းဖျကြသည် ။
“ ဟုတ်ပါတယ် ၊ မဒေါင်းကြည်ရယ် ၊ သဘောတူလိုက်ပါဗျာ ”
“ သဘောတူလိုက်ပါရှင် ”
ပြောမည့်သာ ပြောရသည် ။ တကယ်ဆိုလျှင် ဒေါ်ဒေါင်းကြည်ကိုယ်တိုင်ကလည်း သဘောတူပြီး ဖြစ်ပါသည် ။ သို့သော် သမီးလည်း သိက္ခာမကျ ၊ မိမိလည်း မျက်နှာမပျက်ရအောင် သမီးရှင်မာနကလေး တက်ပြနေခြင်းမျှသာ ဖြစ်ပါသည် ။
“ ဒါပဲနော် ဦးတုတ်ကြီး ၊ ကျွန်မကလေးတွေရဲ့ အခြေအနေကို သိလို့သာ သဘောတူရမှာ ၊ ဟိုအကောင်ဘမောင်ရဲ့ မျက်နှာက ပြုံးဖြဲပြုံးဖြဲနဲ့ တော်ကြာ သုံးပွဲနဲ့လည်း ပြီးနေပါဦးမယ်ရှင် ”
ဦးတုတ်ကြီးက ထွေးခံကို ယူ၍ ကွမ်းထွေးလိုက်ရင်း
“ ဘာလဲ တဲ့ ၊ သုံးပွဲဆိုတာ ”
“ အိုတော် ကန်တော့ပွဲ သုံးပွဲနဲ့တင်ပြီးသွားမှာစိုးလို့ပါ "
ဒေါ်သိန်းညွန့်က ဒေါ်ဒေါင်းကြည်၏ သဘောတူသည်ဟူသော စကားဆုံးသည်နှင့် ကပျာကယာပင် -
“ စိတ်ချပါ မဒေါင်းကြည်ရယ် ရှင်သဘောတူတယ်ဆိုရင်ကိုပဲ ၊ ကျွန်မတို့က ကျေနပ်လှပါပြီ ၊ အတတ်နိုင်ဆုံးကောင်းအောင်တော့ စီစဉ်ရမှာပေါ့ရှင် ”
“ ဖြစ်နိုင်ရင်တော့ ဟိုမြောက်ဘက်ညောင်ပင်လှရွာက ခင်မြိုင်တို့ မင်္ဂလာဆောင်လို ဂိုး, ရှိုး, ပလိန်း နဲ့ဆို ပိုကောင်းတာပေါ့”
“ ဟဲ့ ဒေါင်းကြည် လာပြန်ပြီ ၊ ဘာလဲ ဂိုး, ရှိုးမှ ပလိန်း ဆိုတာ ”
“ ဦးတုတ်ကြီးကလည်းရှင် ဂိုးဆိုတာက မြို့ေပါ်က အသံချဲ့စက်ကို ပြောတာတော့ အဲဒီစက်က မဏ္ဍပ်ရဲ့ အတွင်းထဲရော အပြင်ဘက်ရော အော်မှ အော်ပဲ ”
“ ဪ ဂိုးအသံချဲ့စက်ကို ပြောတာကိုးဟ ၊ ကဲ ဒါဖြင့် ရှိုး ဆိုတာကရော ”
“ ရှိုး အလှပြင်ဆိုင်လေ ၊ အဲဒီဆိုင်ကိုသာ သွားပြီး ကျွန်မသမီးကိုများ အလှပြင်ပေးလိုက်မယ်ဆိုရင် ဟင်း ... ဟင်း ... ရွာက ကာလသားတွေ ယူကျုံးမရ ဖြစ်ကုန်မှာ သေချာပေါက်ပဲ ။ ဟင်း ... ဟင်း ... ဟင်း ... ”
“ ဝမ်းအပျော့တွေ သွားလို့ဖြစ်မှာပေါ့ဟာ ”
ဒေါ်ဒေါင်းကြည် မျက်နှာကြီး ရှုံ့မဲ့သွားသည် ။
“ ဦးတုတ်ကြီး ကျွန်မက အတည်ပြောနေတာနော် ”
“ အေးပါဟယ် နင်ကလည်း ၊ ငါလည်း ခုမှ ကြားဖူးတော့တာပဲ ၊ ဘာတဲ့ ဂိုး ... ရှိုး ပလိန်းတဲ့ ဟုတ်လား ၊ ဒီလောက်တော့ ငါသိပါသေးတယ် ဟဲ ... ဟဲ ... ဟဲ ”
“ ဟုတ်ဘူးတော့ ၊ ဝက်ဗလာနဲ့ ကျွေးရမှာလို့ ပြောတာ ”
“ ဟေ ... "
ဦးတုတ်ကြီး မျက်လုံးပြူးသွားသည် ။ ဦးတုတ်ကြီးထက် ဒေါ်သိန်းညွန့်က ပို၍ မျက်လုံးပြူးသွားခဲ့ပါသည် ။ ဒေါ်သိန်းညွန့် ထက် ကိုဘမောင်က ပိုပြူမည်ဟု ထင်ပါသည် ။
“ အဲသလောက်ကြီးတော့ ”
လာရောက် နားထောင်အကဲခတ်နေသူတွေက လှုပ်လှုပ်ရွရွ ဖြစ်လာသည် ။ တစ်အောင့်လောက်နေတော့ ဦးချစ်စံဆိုသူက ဝင်ပြောသည် ။
“ ဂိုးအတွက် ကျုပ် တာဝန်ယူတယ်ဗျာ ၊ ကိုဘမောင် ကျုပ်အိမ်ကို ရေထမ်းပေးနေတာကြာပြီ ၊ အခုတစ်ခါတော့ ကျုပ်က ပြန်ပြီး ကူညီရမှာပေါ့ဗျာ ”
“ ဒါဆိုရင် ကျွန်မကလည်း ရှိုးအတွက် တာဝန်ယူပါတယ်ရှင် "
မသိန်းရင်ကလည်း ဝင်ပြောသည် ။
“ ဟ .... ဒါဆို ကျုပ်တို့ တစ်ရွာလုံး သူပဲ ရေထမ်းပြီး ပို့နေတဲ့ဥစ္စာ ကျုပ်တို့မှာလည်း တာဝန်ရှိတာပေါ့ ”
ကိုထွန်းဇံက ဝင်ပြောလိုက်သော စကားအပေါ် အားလုံးက ခေါင်းတညိတ်ညိတ် ဖြစ်ကုန်ကြသည် ။ ဦးတုတ်ကြီးကလည်း စဉ်းစားသည် ။
“ ကိုင်း .… ဒီလိုလုပ်ကြလေကွာ ၊ ဒီကောင်က ငါ့အိမ်ကိုလည်း ရေထမ်းပို့နေကျလဟ ... ဒီတော့ ”
ဤသို့ဖြင့် စံတော်ချိန် စိန်ဘမောင် နှင့် အပျိုကြီးမကျင်စိန် တို့၏ မင်္ဂလာအခမ်းအနားကြီးသည် တစ်ရွာလုံး၏ ဝိုင်းဝန်းဆောင်ရွက် မှုကြောင့် ငိုရှိုးပလိန်းဖြင့်ကောင်းကောင်းကြီး ကျင်းပနိုင်ခဲ့သည် ဖြစ်ပါသည် ။
ရေအကျိုး ( ၁၀ ) ပါး ဆိုသည်မှာ လှူသူက ရသည်လား ။ ယူသူက ရသည်လားဆိုသည်ကို နားမလည်သော်လည်း ယခုအခါတွင်မတော့ အကျိုးရှိသွားပြီဖြစ်ကြောင်း ကိုဘမောင်က ကောင်းကောင်း သက်သေပြသွားခဲ့ပြီ ဖြစ်ပါသည် ။
ထိုမှစ၍ ကိုဘမောင်၏ သီချင်းသံပြဇာတ်သံတို့က အချိန်မှန် ပျံ့လွင့်နေသလို ရေကိုလည်း အချိန်မှန် သုံးစွဲနေရပြီ ဖြစ်တော့သတည်း ။
◾ ကျော်ညိုလွင် ( ကျောက်ဆည် )
📖 ရယ်စရာ ဟာသဝတ္ထုတိုများ အမှတ် ( ၇ )
koaungnaingoo.blogspot.com
.
No comments:
Post a Comment