Wednesday, August 25, 2021

မိန်းကလေးတွေလက်ကို ကျွန်တော် မုန်းရခြင်းမှာ


 

   ❝  မိန်းကလေးတွေ လက်ကို ကျွန်တော် မုန်းရခြင်းမှာ .. ❞

ပထမအစမ်း စာမေးပွဲဖြေရန် တစ်ပတ်ခန့်သာ လိုတော့သဖြင့် အတန်းတိုင်း အတန်းတိုင်းတွင် ဆရာစာသင်သံမှ တစ်ပါး တိတ်ဆိတ်လျက်ရှိသည် ။ အတန်းထဲတွင်လည်း ကျောင်းပျက်သူ ကျောင်းသား မရှိသလောက်ဖြစ်ကာ ကျောင်းကော်ရစ်တာကလည်း ရှင်းကာနေ၏ ။ ယခင်တုန်းကလို ရေထွက်သောက်သော ကျောင်းသား ၊ အိမ်သာသွားသည့် ကျောင်းသား ၊ ဆရာ မဝင်သဖြင့် ကော်ရစ်တာမှာ ထွက်ရပ်သော ကျောင်းသား စသည်တို့ မရှိကြသဖြင့် ကော်ရစ်တာသည်လည်း ရှင်းကာနေသည် ။

ကျွန်တော်တို့ သင်္ဃန်းကျွန်း အထက ( ၃ ) ကျောင်းသားများအတွက်တော့ ပထမအစမ်း စာမေးပွဲသည် အတန်းတင် စာမေးပွဲလိုပင် အရေးကြီးသော စာမေးပွဲတစ်ခုဖြစ်၏ ။ ပထမအစမ်း စာမေးပွဲ စစ်ပြီးသွားလျှင် ရသည့် အမှတ်ကို ကြည့်ကာ အတန်း အပြောင်းအရွှေ့ လုပ်လေ့ရှိသောကြောင့် ဖြစ်သည် ။ ဆယ်တန်းတွင် A, B, C, D, E, F ဟု အခန်းခြောက်ခန်း ရှိသည့်အနက် ဘာသာစုံ အောင်သူများကို A ခန်းသို့ ပို့သည် ။ တစ်ဘာသာ ကျက B,... စသည်ဖြင့် ပထမအစမ်းပြီးလျှင် ခွဲလေ့ရှိသည် ။

A ခန်းတွင် ဆရာကောင်း ဆရာမကောင်းတွေ ရှိပြီး ကြပ်ကြပ်မတ်မတ် စာသင်လေ့ရှိသောကြောင့် A ခန်းက ၁၀ တန်းအောင်သော ကျောင်းသားအများစု ထွက်လေ့ရှိသည်က တစ်ကြောင်း ၊ A ခန်းမှာဆိုလျှင် အတော်အသင့် စာတော်သူတစ်ယောက် ဆိုသော ဂုဏ်ပုဒ်ကို ရသည်က တစ်ကြောင်းကြောင့် ကျောင်းသားတိုင်း ပထမအစမ်း စာမေးပွဲကို လေးလေးနက်နက်ထားကာ ကျက်ကြရ ဖြေကြရသည် ။

ကျွန်တော်က C ခန်းမှာ ကျောင်းတက်ရသော ကျောင်းသားတစ်ယောက် ဖြစ်သည် ။ ဒါကလည်း ကိုးတန်းတုန်းက အမှတ်စာရင်းနှင့် ခွဲတာဟု ဆရာများကဆိုသဖြင့် ကျွန်တော်သည် သိပ်မတော်သော်လည်း အရမ်း မညံ့သော ကျောင်းသားတစ်ယောက်ဟု မှတ်ယူနိုင်ပါသည် ။ သို့သော် ကျွန်တော့်အိပ်မ က် ထဲမှာ A အခန်းကတော့ ရှိနေမြဲ ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော် စာကို ဂရုတစိုက် သင်ရသည် ။

သင်္ချာ ( ၂ ) ဆရာမ ထွက်သွားလို့ နှုတ်ဆက်အပြီး ထိုင်ပင် မထိုင်ရသေး ။ ပထဝီဆရာမက တန်းဝင်လာသဖြင့် ကျွန်တော်တို့ ပြန်ထိုင်မနေတော့ပဲ နှုတ်ဆက်လိုက်ကြ၏ ။ ပြီးတော့ အတန်းသည် ဆိတ်ငြိမ်ကာ သွားသည် ။ ထိုအချိန်တွင် ဆရာမတွေ ပြောသမျှ စာတွေမှာ ပထမအစမ်းအတွက် အရေးကြီးသော Sport တွေဖြစ်ကြောင်းကို အားလုံး နားလည်ကြသည် ။

ပထဝီဆရာမက ရှမ်းကုန်းမြေမြင့်အကြောင်း ပြန်သင်သည် ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကိုလည်း သင်သည် ။ သင်ပြီးသားဖြစ်သဖြင့် အရေးကြီးသော အချက်အလက် များကိုသာ ပြန်လည်၍ Revation ပြန်ခြင်း ဖြစ်သည် ။ ကျွန်တော့် ပထဝီစာအုပ်ထဲမှာ စတားတွေ ခရေပွင့်တွေ ရှုပ်ယှက်ခတ်ကာသွား၏ ။

ထို့နောက် ဆရာမက မြန်မာနိုင်ငံမြေပုံကို ဆွဲပြကာ မြစ်ကြီးများ ၊ မြို့ကြီးများနှင့် အဓိက စက်ရုံကြီးများရှိရာ မြို့များကို ထည့်ကာပြသည် ။ မှန်ချက်စက်ရုံရှိသော ပုသိမ်မြို့ ၊ ရေနံတွင်းများရှိရာ ချောက် မြို့ စသည်ဖြင့် ဖြစ်သည် ။

“ မင်းတို့ မြန်မာပြည်မြေပုံကိုတော့ ဆွဲတာ ကျင့်ကို ကျင့်ထားရမယ် ၊ ပထဝီဘာသာမှာ မြန်မာပြည်မြေပုံဟာ အဓိကပဲ ၊ ပထဝီမှာ စာက တစ်ဝက် မြေပုံက တစ်ဝက်ပဲ ၊ စာဘယ်လောက် ဤသည်မရွေး မှန်နေပစေ မြေပုံမပါရင်တော့ Sorry ပဲ "

ပထဝီဆရာမ ဒေါ်ဝင်းဝင်းလှက မည်သည့်အပိုဒ်ကို ဖြေဖြေ မြေပုံဆွဲထည့်နိုင်လျှင် ပိုကောင်းကြောင်းကို အထူးအလေးပေးကာ ပြောသွား၏ ။ ဥပမာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို မေးသည်ဆိုကြပါစို့ ။ မြန်မာမြေပုံဆွဲကာ ထိုဒေသကို အရောင်တစ်ခုနှင့် ထည့်ပေးနိုင်လျှင် ပိုအမှတ်ရနိုင်သည်ဟု ဆိုသည် ။

ဆရာမ အချိန်စေ့တော့ မုန့်စားကျောင်း ဆင်းသည် ။ သို့သော် အတန်းထဲက မုန့်ထွက်စားသူ သိပ်မတွေ့ရ ။ ကျွန်တော်လည်း ကျန် ကျောင်းသားတွေလိုပဲ ခုံပေါ်မှာ မှတ်စုစာအုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့သည် ။

“ ဟဲ့ ... ရဲဝင်း ... ငါ့ကို တစ်ခု ကူညီဦးဟာ ... ”

ပြောရင်း ကျွန်တော့်ခုံနံဘေးမှာ ဝင်ထိုင်သူက မေစိုးထိုက် ဖြစ်သည် ။ မေစိုးထိုက်က ကျွန်တော်တို့ အတန်းထဲမှာ အတော် နာမည်ရသည် ။ မေစိုးထိုက် က ချောသည် ။ စကားပြောလျှင် ချွဲသည် ။ အကြည့်က ကြာကြည့် ကြည့်တတ်၏ ။ သူ့ကို လိုက်ကြသူ ကြိုက်ကြသူလည်း တော်တော်များသည် ။ ဒီလို လိုက်တဲ့သူများတော့ မေစိုးထိုက် တို့က မာနတစ်ခွဲသားနဲ့ နေသလား ! မဟုတ် ။ ရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ထားသည် ။ စာမှာကျတော့ ကလချာ ၊ ဘာစာ မေးမေး မျက်လုံးအပြူးသားကလေးနှင့် အဆော်ခံ အရိုက်အနှက်ခံရလျှင်လည်း မဖြုံ တတ် ၊ အတန်းပိုင်ဆရာမက “ မေစိုးထိုက် ရယ် ညည်း လူကလေး လှသလို Reportcard ကိုလည်း လှအောင် လုပ်စမ်းပါ ” ဟု ပြောတော့ မေစိုးထိုက်က သူ့ Reportcard ကို လိပ်ပြာကလေးတွေပါသော စက္ကူလှလှကလေးနှင့် ဖုံးလိုက်၏ ။

“ ဘာကူညီရမှာတုန်းဟ ၊ ငါ့ဘာသာ ငါကို ရှုပ်နေတဲ့ဟာကို ... "

“ မြေပုံဟ ... မြေပုံ ... ဆရာမပြောပုံ အရဆိုရင် မြေပုံတစ်ခုကတော့ ပါကို ပါတော့မှာ ၊ ခက်တာက ငါက မြေပုံ မဆွဲတတ်ဘူးဟ ၊ ငါ့ကို မြေပုံဆွဲနည်း သင်ပေးစမ်းပါဟာ ”

“ ဟာ ... စာမေးပွဲက ဒီလောက် ဖင်နားကပ်နေမှ မြေပုံအဆွဲသင်နေလို့ ရတော့မလားဟ ၊ တစ်ခြားအပုဒ် ရှောင်ဖြေပေါ့ဟာ ..."

“ ဘယ်အပုဒ်ဖြေဖြေ မြေပုံကတော့ ပါမှာပဲတဲ့ဟ ၊ နင်ကလည်း ငါ့ကို ကူညီပါဆို ရဲဝင်းကလည်း ...”

မေစိုးထိုက် က ကျွန်တော့်ပခုံးကို လှမ်းရိုက်ကာ သူ့ပခုံးနှင့်ပစ်ကာ တိုက်ရင်း ကျွန်တော်တို့ ယစ်မူးရပါသော ချွဲသံကလေးနှင့်ဆိုတော့ ကျွန်တော်လည်း လှုပ်၍ မရနိုင်တော့ ။ ကျွန်တော့်စာတွေ ဘေးချ သူ့ကို မြေပုံ ဆွဲပြရတော့သည် ။

သူနှင့် ကျွန်တော် ပူးပူးကပ်ကပ် နေရတာကို သာယာမိတာကိုတော့ ဝန်ခံရမည် ။ သို့သော် ကျွန်တော့်မှာ တခြားကောင်တွေလို သူ့ကို ကြိုက်ချင်တာ ဘာညာတော့ မရှိ ။ ပထမအချက်က မေစိုးထိုက် ဘာဖြစ်လို့ ကျွန်တော့်အနား ကပ်သည်ဆိုတာကို ကျွန်တော် သိသည် ။ အတန်းထဲမှာ ကျွန်တော်က မြေပုံဆွဲ အတော်ဆုံး ၊ ပြီးတော့ ကျွန်တော်နှင့်သူက စာမေးပွဲဖြေလျှင် ခုံနံပါတ် ကပ်လျက်ဖြစ်၏ ။ ဒုတိယအချက်က ကျွန်တော်က အကောင် သေးသေးကွေးကွေး ၊ သူက ဖွံ့ဖွံ့ထွားထွား စွင့်စွင့် တင်းတင်းပြည့်ပြည့် ထောင်ထောင်မောင်းမောင်း ၊ ကျွန်တော့်အရပ်က သူ့ပခုံးကိုပင် မမီချင် ။ ထို့ကြောင့် ဖောဋ္ဌဗ္ဗကို သာယာရုံက လွဲ၍ ရှေ့ဆက်စရာသည် မရှိ ၊

မေစိုးထိုက်သည် ကျွန်တော်ထင်ထားတာထက် ချာသည်ဆိုတာကို လက်တွေ့မို့သာ ယုံရတော့သည် ။ မုန့်စားကျောင်းသာ ပြန်တက်သွားသည် ။ မြန်မာနိုင်ငံ မြေပုံ မပြောနှင့် ဇီးရွက်နှင့်တူသောပုံပင် သူ့ထံမှ ထွက် မလာ ။ ကျွန်တော် တတ်သမျှ မြေပုံအလွယ်ဆွဲနည်းတွေလည်း ကုန်ပြီ ၊ ဒီတော့ ပထမဦးဆုံး ကျွန်တော့်တပည့်ကို နောက်ဆုံး လက်ပူတိုက်နည်းနှင့်သာ သင်ပြရတော့သည် ။

“ ကဲ ... မေစိုးထိုက် ... နင့်ကို ငါ အလွယ်ဆုံး မြန်မာနိုင်ငံမြေပုံဆွဲနည်း သင်ပေးလိုက်မယ်ဟာ... နင့် ညာဘက်လက်ဝါးကို စက္ကူပေါ် မှောက်လိုက် "

မေစိုးထိုက်က ကျွန်တော့်ကို အံ့ဩသလို မော့ကာ ကြည့်သည် ။

“ ငါ့လက်ကို ဟုတ်လား "

“ အေး ဟုတ်တယ်လေ ဒီမှာကြည့် ကဲ ..."

ကျွန်တော်က စက္ကူပေါ်မှာ မှောက်ချထားသော မေစိုးထိုက် လက်ဝါးမှ ပြန့်ကျဲနေသော လက်ချောင်းကလေးတွေကို တင်းစေ့သွားအောင် စုကာ ဖိထားရင်းက ... ။

“ ဟောဒီ ဘေးကိုထွက်နေတဲ့ လက် မကလေးနားက စဆွဲဟာ ... ပြီးတော့ အမှန်ကလေးတစ်ခုခြစ်ပြီး လက်ညှိုးနားအထိ အတွန့်ကလေးတွေနဲ့ ဆွဲ ၊ အဲဒီလက်ညှိုးကနေ အဝိုက်ကလေးတစ်ခုနဲ့ နင့်လက်ချောင်းတွေထဲက အရှည်ဆုံးလက်ခလယ်ကိုသွား အဲဒါ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံး ဦးခေါင်းကလေး အဲဒီကနေပြီး လက်သူကြွယ်ကို ဖျောက်ပြီး လက်သန်းထိပ်ကလေးဆီကို ဆင်းပြီး အချွန်ကလေးထုတ်လိုက် ၊ ပြီးရင် နင့် လက်ဖဝါးဘေးသားကလေးအတိုင်း ဝိုက်ချလိုက်ဟာ ၊ ဒါဆို တော်တော်ရုပ်လုံး ပေါ်နေပြီပဲ ၊ တနင်္သာရီတိုင်းကတော့ ဆွဲတတ်မှာပေါ့ ...”

ကျွန်တော် ပြောပြောဆွဲဆွဲနှင့် ပြီးတော့ သူ့လက်ချောင်းကလေးများကို ဖယ်ပေးလိုက်သည့်အခါ သူဆွဲထားတာထက် အတော်အချိုးကျသော မြန်မာပြည်မြေပုံကို တွေ့ရ၏ ။ မေစိုးထိုက် အံ့ဩကာ ပျော်သွားသည် ။

“ ဟယ် ... ဟုတ်တယ် ... ဒီလိုဆိုတော့လည်း လွယ်လွယ်ကလေးနော် .…. တော်တော် တူတာဟ ”

ကျွန်တော်က အောက်ဆုံးက တနင်္သာရီတိုင်းကို ဖြည့်ကာ ဆွဲပေးလိုက်သည် ။ မေထိုက်က သူ့လက်ဝါးကလေးကို တအံ့တဩ ကြည့်ကာနေ၏ ။

“ တစ်ခေါက် ထပ်ဆွဲပြဦးဟာ ရဲဝင်းကလည်း ..."

အခန်းထဲက ကောင်တွေကတော့ ပူးပူးကပ်ကပ်ထိုင်ကာ မေစိုးထိုက် လက်ဝါးကို ကြိုက်သလို ကိုင်နေသော ကျွန်တော့်ကို မကြည်ပဲ ဘုကြည့် ကြည့် ကြ၏ ။

“ အိမ်မှာ ထပ်ကျင့်ကြည့်ဦးပေါ့ဟာ ... "

“ အေး .. အေး ... ဒါဆိုရင် ငါရပြီဟ ..."

°°°°°   °°°°°   °°°°°

စာမေးပွဲမှာ မြန်မာနိုင်ငံမြေပုံကိုဆွဲကာ မြို့တွေ ၊ စက်ရုံတွေ ထည့်ရသော အပိုဒ် ပါလာပါသည် ။ ကျွန်တော် ကောင်းစွာဖြေနိုင်ခဲ့၏ ။ ပထမအစမ်းပြီးလို့ ကျောင်းပြန်တက်ပြီး သုံးလေးရက် မှာပင် အမှတ်စာရင်းတွေ ကြေညာသည် ။ ကြေညာပြီးသော လေးဘာသာအထိ ကျွန်တော် အားလုံး အောင်ပါသည် ။ မုန့်စားဆင်းချိန် မရောက် မီ ဆရာမဝင်လာ၏ ။

နှုတ်ဆက်ပြီးတော့ တစ်တန်းလုံးတိတ်နေကြသည် ။ ဆရာမက အမှတ်စာရင်း မကြေညာမီ အတန်းကို ဝေ့ကာကြည့်ပြီး စာရွက်တစ်ရွက်ကို ထုတ်သည် ။

“ ကဲ ... ခုံနံပါတ် တစ်ရာခြောက်ဆယ့်ရှစ် မေစိုးထိုက် ထစမ်း ”

အားလုံး အံ့ဩကာ မေစိုးထိုက် ကို ကြည့်ကြသည် ။ မေစိုးထိုက်လည်း အူတူတူဖြင့် ထကာရပ်၏ ။

“ ကဲ ... မေစိုးထိုက် မင်းဆွဲထားတာ ဘာပုံလဲကွ ...”

ဆရာမက အဖြေစာရွက် တစ်ရွက်ကိုလှန်ရင်း စတိတ်ပေါ်မှ ဆင်းကာ ကျောင်းသားများအားလုံး မြင်အောင် ထောင်ကာပြသည် ။ တစ်တန်းလုံး ဝါးခနဲ ပွဲကျသွား၏ ။ ရယ်သည့်ထဲတွင် ကျွန်တော်လည်း ပါသည် ။ ရယ်မှာပေါ့ မေစိုးထိုက်က သူ့ညာဘက် လက်ဖဝါးပုံကို လက်ချောင်းတွေပါ ပေါ်အောင် အတိအကျဆွဲကာ မြစ်တွေ ၊ မြို့တွေ ထည့်ကာပြထား၏ ။ ကွေ့သင့်သည့်နေရာ မကွေ့ ၊ ဝိုက်သင့်သည့်နေရာ မဝိုက် ၊ ပီဘိ လက်ဝါးပုံသာ ဖြစ်သည် ။ လက်ကောက်ဝတ်ကိုပင် ထည့်ဆွဲထားလိုက်သေး၏ ။

“ ဒီလောက်တော်တဲ့ မြေပုံဆွဲနည်းကို ဘယ်ဆရာက သင်ပေးလိုက်တာလဲကွ ”

ဆရာမက ရွဲ့ကာ မေးသည် ။ မေစိုးထိုက် က အမှန်အတိုင်း ဖြေ၏ ။

“ ရဲ ... ရဲဝင်းပါ ဆရာမ ... သူ သမီးကို သင်ပေးတာပါ ဒီလိုပဲ ဆွဲတဲ့ ”

အကြည့်တွေ အားလုံးက ဝုန်းခနဲ ကျွန်တော့်ဆီ ရောက်လာကြသည် ။

“ ကဲ ... မြေပုံ အသင်တော်တဲ့ ဆရာကြီး ထစမ်းပါဦး ”

ကျွန်တော် မတ်တတ်ရပ်ပြီးတော့ ဆရာမက အကြီးအကျယ်ဆူတော့သည် ။ ဆူရင်းနှင့် စိတ်က ပိုဆိုးလာဟန်လည်း ရှိသည် ။ သူ့ကို စော်ကားသည်ဟုလည်း ဆရာမက ဆိုသည် ။

“ ကဲ ... တပည့်မကောင်း ဆရာ့ခေါင်းဆိုတော့ လက်ထပ်သင်ပေးလိုက်တဲ့ ဆရာကြီး လက်ဝါးဖြန့် ...”

ဆရာမက ကျွန်တော့် လက်ဝါးကို ငါးချက်တိတိ တွယ်သည် ။ မေစိုးထိုက် ကိုတော့ “ သူများက ပေါက်ကရသင်တိုင်း လိုက်လုပ်ဦး ” ဆိုကာ သုံးချက် တီးသည် ။ ကျွန်တော် မေစိုးထိုက် လက်ဝါးကို ကိုင်စဉ်က မနာလိုကြည့် ကြည့်ကြသော ကောင်တွေ ဝမ်းသာကုန်၏ ။ မြေပုံမဆွဲတတ်ရင် “ ရဲဝင်းဆီမှာ သင်ကြဟေ့ ” ဟု မုန့်စားဆင်းတော့ အော်ကြသည် ။

ကျွန်တော် မေစိုးထိုက်ကို စကားမပြောတော့ပါ ။ သူကလည်း ကျွန်တော့်ကို မခေါ်တော့ပါ ။ ထိုနေ့မှစ၍ မိန်းကလေးများ၏ လက်ကို ကျွန်တော်မုန်းခဲ့ပါသည် ။

လက်ချောင်း ဖြူဖြူဖောင်းဖောင်းကလေးဆိုလျှင် ပို၍ မုန်းပါသည် ခင်ဗျား ။

◾ နီကိုရဲ

📖  မိန်းမ အလွဲများ

koaungnaingoo.blogspot.com

.

No comments:

Post a Comment