❝ ဗုဒ္ဓဟူးသမီး ❞
( ၁ )
မလုံးတင် ကားကြီးဂိတ်ကို ရောက်တော့ နေတော်တော်မြင့်နေပြီ ။ ခါတိုင်းတော့
သည့်ထက်စောတယ် ။ သူ့ အလုပ်ကလည်း တကယ်တော့ နောက်ကျလို့ မကောင်းဘူး ။ ကနေ့တော့
ဘာရယ် မဟုတ်ဘူး ။ ဟိုဟာလေးလုပ် ဒီဟာလေးလုပ်ရင်းနဲ့ကို နောက်ကျသွားတာ ။ ပြီးတော့
သူ့ အိမ်လေးရှိတဲ့ မြို့သစ်ကနေ အဲဒီကားကြီးဂိတ်ကို သွားဖို့က ဘတ်စ်ကားတစ်ထောက်
စီးရသေးတာ ။ အဲဒီဘတ်စ်ကားကလည်း လိပ်ကမှ မြန်ဦး မယ် ။ လူဆိုတာကလည်း အမြဲတမ်း
ကျပ်ညပ်နေတတ်တယ် ။ ဟိုနားထောက် ဒီနားထောက်ကလည်း တစ်မျိုး ၊ မှတ်တိုင်ရယ်လို့တောင်
မဟုတ်တော့ဘူး ။ လမ်းမှာ တားသမျှ ရပ်ပေးတောကလည်း လူပေါက်စေ့ ။ တစ်ခါတလေများ
လူသာ ဆင်းပြေးလိုက်ချင်သေးတယ်ဆိုတဲ့ ကားမျိုး ။ အဲဒီမနက်က ရှစ်နာရီ မခွဲ တခွဲလောက် မှ
ကားကြီးဂိတ်ကို ရောက်တယ် ။ မလုံးတင် ရင်တွေ တအားခုန်နေတယ် ။ ခါတိုင်း ဒီနေရာကို
ခုနစ်နာရီခွဲဆို ရောက်နေကျ ။ ဒီနေ့ တစ်နာရီခွဲလုံးလုံးကို နောက်ကျနေပြီ ။ ထင်တဲ့ အတိုင်းပဲ
ကားတွေကလည်း နေပူကြီးထဲမှာ တန်းစီထားလိုက်တာ အတောင့် ။
ရှစ်နာရီခွဲဆိုပေမယ့် နေကတော့ တော်တော့်ကို နေပူနေပြီ ။ အရင်က ဒီနေရာလေးမှာ
ကုက္ကိုပင်ကြီးတွေရှိတော့ တော်သေးတယ် ။ အခုတော့ လမ်းချဲ့လို့ဆိုလား ကုက္ကိုပင်ကြီးတွေ
မရှိတော့ဘူး ။ သစ်ပင်တွေ မရှိကြတာလည်းကြာပြီ ။ မြန်ဆန်လိုက်တာ မပြောနဲ့တော့ ။
မနေ့တစ်နေ့ကပဲ ရှိသေးတယ် ။ မြေစာပင်ကလေး တစ်ပင်ကို မြေပွပွထဲက ဆွဲနှုတ်လိုက်သလို
မြန်တာ ။ မလုံးတင် ရောက်သွားသွားချင်းပဲ ထိပ်ဆုံးက ဘတ်စ်ကားပေါ်ကို နောက်ပေါက်ကနေ
တက်လိုက်တယ် ။ နေရာတော့ မရှိတော့ဘူး ။ နောက်နား ခပ်ကျကျမှာ မတ်တတ်ရပ်ရင်းက
လူတွေကို အကဲခတ်တယ် ။ ဝတ်စုံတွေနဲ့ ရုံးသူရုံးသားတွေက များနေတယ် ။ တခြား
ခရီးသည်တွေလည်း ပါတာပါပဲ ။ သူ့လိုပဲ မတ်တတ်ရပ်နေသူတွေကလည်း အလယ် အူကြောင်းမှာ
နှစ်ထပ်လောက် ဖြစ်နေတယ် ။
“ ကိုင်း … သောက်ကြဦးမလား ၊ ရေခဲရေအေးအေးလေး ငါးမူးတည်းပါ ”
ရေနွေး အိုးကြီးကြီးထဲကို ရေခဲရေ ထည့်ပြီးတော့ ကားပေါ်ကို လူတစ်ယောက်
တက်လာတယ် ။ ရေနွေး အိုးနှုတ်သီးမှာ ပလတ်စတစ်ရေခွက် သုံးလေးခွက်လည်း ချိတ်ထားတယ် ။
ဘယ်သူမှလည်း မသောက်ပါဘူး ။ ရေခဲရေသည်က တိုးရင်းဝှေ့ရင်း သူ့ အနားကို ရောက်လာတယ် ။
ရေခဲရေသည်က သူ့ကို မတွေ့အောင် တစ်ဖက်ကိုလှည့်ဖို့ ကြိုးစားနေတုန်းမှာပဲ သူ့ကိုပြုံးပြီး
နှုတ်ဆက်နေပြီ ။ သည်တော့မှ သူလည်း တင်းတိတ်တွေနဲ့ မည်းချိတ်နေတဲ့ သူ့မျက်နှာပေါ်က
နှုတ်ဆက်ပြုံးကလေး ပြုံးရင်းက မေးကလေးကို ဆတ်ပြလိုက်တယ် ။ ရေခဲရေသည်ကလည်း
သည် အမူ အရာရဲ့ အဓိပ္ပာယ်ကို မေးလိုက်တာပဲဆိုတာ သိတဲ့ပုံနဲ့ …
“ ခင်ဗျား နောက်ကျလို့ ပြောနေတယ် ” လို့ တစ်ခွန်းပဲပြောပြီး ဆင်းသွားတယ် ။ အဲသည် စကားကြားတော့ မလုံးတင် ရင်တွေခုန်လာပြန်ရော ။ တချို့ကလည်း လူကျပ်နေပေမယ့်
အလျင်လိုတယ်နဲ့ တူပါရဲ့ ။ သည်ကားပေါ်ကိုပဲ မဆံ့ရင်ကာ အတင်းတက်တယ် ။ တချို့ကတော့
နောက်ကားထွက် မှာကို စောင့်နေကြတယ် ။ ကားတွေက ငါးမိနစ်တစ်စီး ပုံမှန်ထွက်နေကျကိုး ။
ရုံးချိန်ကလည်း ရုံးချိန်ဆိုတော့ နောက်ကဘတ်စ်ကားတွေပေါ်က ထိုင်ခုံတွေ လူပြည့်နေတာတောင်
ပလက်ဖောင်းပေါ်မှာ လူတွေ အပြည့်ရှိနေသေးတယ် ။
“ အိပ်ချင်ပြေလေး အမူး အမော်ကောင်းတယ် ၊ အာခံတွင်းမှာရှင်းတယ် ၊ အိပ်ချင်မှာ
ပြေတယ် ၊ ဆီး ၊ လိမ္မော် ၊ နာနတ် ၊ စတော်ဘယ်ရီ ၊ ဒူးရင်း အရသာငါးမျိုးနဲ့ ပြုလုပ်ထားတဲ့
မွှေးမွှေးလေးတော်ဖီ ၊ နှစ်ခုကိုမှ တစ်ကျပ် ”
ကားက မထွက်နိုင်သေးဘူး ။ ခရာသံလည်း မကြားရသေးဘူး ။ ငါးမိနစ်လည်း ကျော်လောက်ပါပြီ ။ ခရာမှုတ်ဖို့နေနေသာ ဂိတ်မှူးနဲ့ဒရိုင်ဘာ စကားများနေတယ်နဲ့ တူပါရဲ့ ။ အသံတွေ ကားပေါ်က ကြားနေရတယ် ။ အဲသည်တုန်းမှာပဲ ကောင်လေးတစ်ယောက် ကားပေါ်တက်လာတယ် ။ ကောင်လေးဆိုပေမယ့် သုံးဆယ်လောက်ရှိရော့မယ် ။ လက်ထဲမှာလည်း စာရွက်တွေနဲ့ …
“ ကိုင်း … တစ်နည်း အားဖြင့် ခရီးသွားကြမယ့် ကျွန်တော့် အစ်ကို ၊ အစ်မများ ၊ ကျွန်တော့်မိဘများ ကျွန်တော့်ကြောင့် စိတ် အနှောင့် အယှက် ၊ ကိုယ် အနှောင့် အယှက် ဖြစ်ကြတယ်ဆိုရင် တောင်းပန်ပါတယ်ဗျာ ၊ အချိန်လည်း သိပ်မရဘူး ၊ ကားကလည်း ထွက်တော့မယ် ၊ တခြားမဟုတ်ပါဘူး ၊ နက္ခတ်ဗေဒ သိပ္ပံနည်းကျ ဗေဒဝိဇ္ဇာဆရာကြီး ဦးကြည်ရဲ့ ဒီနှစ် တပေါင်း တန်ခူး တစ်လစာ ဟောစာတမ်းတွေပါ ၊ များများလည်း မပါပါဘူး ၊ ကိုယ့်မွေးရက်ကလေးကိုသာ အမိန့်ရှိပါ ၊ ကျွန်တော် နေရာ အရောက် လာပို့ပါ့မယ် ၊ ဟောစာတမ်းတစ်စောင်မှ တစ်ကျပ် ၊ ဟုတ်ကဲ့ … ဒီနှစ်သင်္ကြန်က တန်ခူးလထဲမှာ မကျဘူးတဲ့ ၊ ကဆုန်လထဲမှာ ကျသတဲ့ ၊ ဒီနှစ်မှာ အင်္ဂါနဲ့ စနေသားသမီးများကို အသေသာ ကပ်ထားကြတော့ … တစ်ကျပ်ဆိုလို့ မမှန်ဘူးထင်ရင် ကျွန်တော့်မိဘများ ပိုက်ဆံတစ်ပြားမှ ပေးမသွားနဲ့ ၊ နမူနာ စာရွက်တောင်း ၊ ထိပ်ဆုံးသုံးကြောင်းကို ဖတ်ကြည့် ၊ မှန်ကန်တယ် ၊ တိုက်ဆိုင်တယ်ဆိုမှ ဝယ်ကြည့် ၊ တနင်္ဂနွေသားတွေက သူတစ်ပါး အမြင်နဲ့ မတူဘဲ ဆန့်ကျင်ပြောဆိုတတ်လို့ အမှတ် အတေးများ ခံရတတ်သတဲ့ ၊ တနင်္လာသားများကတော့ စီးပွားရေး မကောင်းတတ်သေးပေမယ့် သင်တန်းများတော့ တက်ရကိန်းရှိသတဲ့ ၊ ဗုဒ္ဓဟူးသားသမီးများ အတွက်ကတော့ ၄ ၊ ၁ ၊ ၇ စတဲ့ ဂဏန်းနဲ့သာ ထီထိုး ၊ ထီဆုကြီးများတောင် ပေါက်ကိန်းရှိတဲ့ အချိန်လို့ ဟောစာတမ်းမှာ အတိ အလင်း ဟောထားပါတယ် ၊ မိမိရဲ့ လူမှုရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး ”
မလုံးတင် မျက်လုံးတွေက ဟိုဟိုသည်သည် ကြည့်နေရာက ဟောစာတမ်းရောင်းတဲ့ ကောင်လေးဆီကို ရောက်သွားတယ် ။ ကားပေါ်မှာ လူကများနေတော့ ကောင်လေးကို ရုတ်တရက် မမြင်ရဘူး ။ ကောင်လေးကလည်း စာရွက်ထပ်ကို ခေါက်ချိုးကိုင်ထားရင်းက ပြောနေတာ ။
“ ကိုင်း … အလိုရှိတဲ့ ကျွန်တော့်မိဘများ တိုက်ဆိုင်ရင် လှမ်းသာခေါ်လိုက် ၊ တစ်စောင်မှ တစ်ကျပ်ထဲ ၊ နိုင်ငံကျော် ဗေဒဝိဇ္ဇာဆရာကြည်ရဲ့ ဟောစာတမ်း ၊ ဒီတစ်လစာထဲ ငွေတစ်ကျပ်ဆိုတာ ကွမ်းစား ၊ ဆေးလိပ်သောက် ကျပျောက်သလောက်ပဲရှိတယ် ၊ ယတြာကောင်းတော့ မင်းလောင်းကျေသတဲ့ ၊ မိမိရဲ့ကံကြမ္မာ ဂြိုဟ်စီးဂြိုဟ်နင်း ၊ ဘေး အန္တရာယ် ကြိုတင်သိရှိနိုင်တဲ့ အပြင် ယတြာထူးများလည်း ပါတယ်”
မလုံးတင်က လူတွေကြားမှာ ရှေ့ကို နည်းနည်း တိုးထွက်လိုက်တယ် ။ စုတ်ပြတ် ညစ်သယောင်းနေတဲ့ သူ့ကို အဝတ် အစား သစ်လွင်တောက်ပနေကြတဲ့ ကားစီးသူတချို့က မနှစ်မြို့သလို ကြည့်နေတာကို သူသိသားပဲ ။ ရေမချိုး မိုးမချိုး သူ့ကိုယ်က နံစော်နေတာလည်း သူ့ဟာသူ သိတယ် ။ အမြီးတိုနေတဲ့ ရာဘာဖိနပ်မှာ ချည်ထားတဲ့ သံကြိုး အစတွေက သူများခြေထောက်တွေကို ထိုးမိလို့ ကားပေါ်ရောက်တိုင်း အပြောခံရတာကလည်း ခဏခဏဆိုတော့ ဖိနပ်ကိုလည်း သတိထားရသေးတယ် ။ ဒါပေမယ့် မတတ်နိုင်ဘူး ။ နောက်နားကနေ ရှေ့ကိုတိုးနိုင်သလောက် တိုးတယ် ။
“ ဗုဒ္ဓဟူးသမီး … ဗုဒ္ဓဟူးသမီး ”
“ ဟောစာတမ်း တစ်စောင်ပေးပါ ”
ရုတ်တရက်အော်လိုက်တဲ့ သူ့ အသံကြောင့် သူ့ကို လူတွေက ဝိုင်းကြည့်ကြတယ် ။ မလုံးတင်ကတော့ ဒါကို ဂရုမစိုက်ပါဘူး ။ သူ့လက်ထဲက ကျပ်တန် နွမ်းနွမ်းကလေးကို လှမ်းပေးရင်း ဟောစာတမ်းကောင်လေး လှမ်းပေးမယ့် ဟောစာတမ်းတစ်ရွက်ကို လက်ကမ်းလိုက်တယ် ။
“ ကိုင်း … ဟောဒီက အဒေါ်ကြီးကလည်း ဗုဒ္ဓဟူးသမီး အတွက် ဟောစာတမ်းတစ်စောင်တဲ့ ၊
ဟုတ်ကဲ့ လာပါပြီ ၊ မွေးနေ့မွေးနံကိုပြော ၊ ကြာသပတွေး ဟုတ်ကဲ့ ၊ ဟောဒီကလည်း ကြာသပတေး
တစ်စောင်တဲ့ ၊ ကြာသပတေး သားသမီးများကလည်း ဒီလထဲမှာ ဘဝခြေလှမ်းသစ်တွေ စရလိမ့်မတဲ့ ၊ ဆီ ၊ ဆန် ၊ ဆေး အင်္ဂါနံ အရောင်း အဝယ်များ ကောင်းနိုင်သတဲ့ခင်ဗျာ ၊ စနေ ၊ ဟုတ်ကဲ့ ရမယ် ၊ နိုင်ငံကျော်ဗေဒဝိဇ္ဇာ ဆရာကြည်ရဲ့ဟောစာတမ်းတွေ ၊ မမှန်ရင် ငွေတစ်ကျပ်ကိုမပေးနဲ့ ၊
ကျွန်တော် ဒီဘတ်စ်ကားဂိတ်မှာ ရောင်းလာတာ လေးလကျော်ပြီ ၊ မမှန်ရင် ဪ … ဟုတ်ကဲ့ ၊
စနေပဲနော် ၊ စနေသားသမီးများကတော့ ကောင်းလွန်းလို့တောင် ယတြာချေရမယ့်လ ၊
မိတ်သစ်ဆွေသစ်များက ကြည့်ရှုလိမ့်မယ် ။ ငွေရေးကြေးရေး မလိုချင်ပါဘူး ဆိုတာတောင်
အိမ်ဝ အထုပ်နဲ့ ရောက်လာမယ့် အချိန်တဲ့ခင်ဗျား ”
မလုံးတင်ကတော့ သူ့လက်ထဲ ရောက်လာတဲ့ ဗုဒ္ဓဟူးသားသမီး အတွက် ဟောထားတဲ့
ဟောစာတမ်း စာရွက်ကြမ်းကြမ်းကို လှမ်းယူရင်း နောက်ကို ဆုတ်ဆုတ်လာတယ် ။
အပေါက်ဝများကို တိုးထွက်လာပြီး အဝနားမှာ ရပ်ရင်းက ဟောစာတမ်းကို ဖတ်ဖို့ကြိုးစားတယ် ။
ဒါပေမယ့် လူကကျပ်နေလို့ ဘယ်လိုမှ ဖတ်လို့မရဘူး ။ အဲသည်တုန်းမှာပဲ ကားထွက်ခရာတုပ်သံ
ရှည်ရှည်ကြီးက ဆောင့်ဆောင့်အောင့်ေအာင့် ထွက်လာတယ် ။
*****
( ၂ )
သည်နေ့တော့ ကားကြီးဂိတ်ကို မလုံးတင် အစောကြီး ရောက်နေပြန်ရော ။ နေစရာ နားစရာမရှိလို့ ဂိတ်မှူးရဲ့ သစ်သားတဲကလေးဘေးမှာ ဝင်ထိုင်တယ် ။ အဲသည်နေရာက အရိပ်ကလေးရှိတာကိုး ။
စောစောထွက်လာလို့ ဘာမှလည်း မစားရသေးဘူး ။ သူ့လက်ထဲ ပိုက်ဆံလေးနှစ်ကျပ်ပဲ
ကျန်တယ် ။ တစ်ကျပ်က သူပြန်ရင် လမ်းစရိတ်လုပ်ဖို့ ။ ကျန်တဲ့တစ်ကျပ်နဲ့ သူ ဘာဝယ်စားရင်
ရမလဲလို့ လိုက်ရှာတယ် ။ ခက်တာက ဒီနေရာမှာ တစ်ကျပ်တန်မုန့်ရယ်လို့ ရောင်းတဲ့ဆိုင်ကို
မရှိတာ ။ လက်ဖက်ရည်ဆိုင် ၊ မုန့်ဟင်းခါးဆိုင် စတဲ့ ဆိုင်တွေတော့ရှိတယ် ။ သည်ဆိုင်တေွကလည်း
သိတဲ့ အတိုင်း ဘာစားစား အနည်းဆုံး ပိုက်ဆံငါးကျပ်တော့ပါမှ မဟုတ်လား ။ ခါတိုင်းတော့
ထမင်းကြမ်း မစားဖြစ်ရင်တောင် သူ့ အိမ်က အထွက် လမ်းထိပ်မှာ ရောင်းတဲ့
ကောက်ညှင်းထုပ်ကလေး တစ်ထုပ်လောက်တော့ စားခဲ့တာချည်းပဲ ။ ကနေ့မစားဖြစ်ဘူး ။ ရင်ထဲက
တော်တော့်ကို ဆာလာတယ် ။ နည်းနည်းစောသေးလို့လား မသိဘူး ။ ကားကလည်း နှစ်စီးလားပဲ
ရှိသေးတယ် ။ ကားဂိတ် သစ်သား အိမ်ကလေးရဲ့ အရိပ်မှာထိုင်ရင်းက ဟိုဟိုသည်သည်
ကြည့်တယ် ။ ခါတိုင်း ကားကြီးတွေပေါ်မှာ တက်ရောင်းတဲ့ ဂွေးချိုသီး တုတ်ထိုးသည် ၊
ဆီးတော်ဖီသည် ၊ ရေခဲရေသည်တွေတောင် မလာသေးဘူး ။ ဘာပဲဖြစ်ဖြစ် တော်ဖီပြားလေး
နှစ်ပြားကို တစ်ကျပ်နဲ့ ဝယ်စားမယ်လို့ သူ စိတ်ကူးတယ် ။ ဒါပေမယ့် ဘာသည်မှ
မရောက်သေးတာ ။ သူ နာရီဝက်လောက် ဆက်ထိုင်နေတယ် ။ အဲသည်တုန်းမှာပဲ သူ့ဘေးကို
လူတစ်ယောက် ရောက်လာတယ် ။ ကျပ်တန်နွမ်းနွမ်းလေးတွေ နှစ်ထပ် သူ့ကို ရုတ်တရက်
လှမ်းပေးတယ် ။ သူက အလိုက်သင့်ယူလိုက်ရင်း ကျပ်တန်တွေကို ထည့်တယ် ။ ခါတိုင်းလိုပါပဲ ၊
ကျပ်တန် အရွက်နှစ်ဆယ်ပါပဲ ။
“ ညနေကျ ကျွန်တော့်ကိုစောင့်ဦး ၊ ပြောစရာရှိလို့ ”
“ အေး … အေး …”
ဒါပဲ ။ ပြောသွားတဲ့စကားက ဒါပါပဲ ။ ဒါပေမယ့် သူ့ရင်တွေ တုန်လိုက်တာ ၊ ဘာပါလိမ့် ။
ခါတိုင်း တစ်ခါမှ ဒီလိုမပြောဖူးဘူး ။ မနက်ဘက် ဒီလိုပဲ ငွေနှစ်ဆယ် ၊ တစ်ခါတစ်ခါ
သုံးဆယ်လောက် ပေးထားပြီးရင် ထွက်သွားတာပဲ ။ ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာ သူ
သိပြီးသားပဲ ။ ဘာတွေပြောရမလဲ ဆိုတာလည်း သူ သိနေသားပဲ ။ အထူး အဆန်း လုပ်လို့ ။ ညနေကျ
စောင့်ဦးတဲ့ ၊ ဘာပါလိမ့် ။ သူ့ခေါင်းထဲ အဲဒီ အတွေးတွေ ခဏနေတော့ မရှိတော့ပြန်ဘူး ။
လောလောဆယ် မုန့်ကလေး တစ်ဖဲ့စားရဖို့ပဲ အာသီသပြင်းနေတယ် ။ သူ့လက်ထဲမှာ
အဲသည်လူပေးသွားတဲ့ ကျပ်တန် အနွမ်းကလေး ရွက်နှစ်ဆယ် ရှိနေပေမယ့် သူ့ပိုက်ဆံမဟုတ်ဘူး ။
ဒါပေမယ့် လက်လှည့်ကလေး ခဏတစ်ဖြုတ် သုံးမယ်ဆိုရင်တော့ သုံးနိုင်ပါတယ် ။ အဲဒါလည်း သူပဲ
ဆပ်ရမှာပဲ ၊ သူ့ပိုက်ဆံထဲက ကုန်မှာပဲ ။
မနီးမဝေး ဆိုင်တန်းတွေဆီ မုန့်ဟင်းခါးဟင်းရည်သည် ကလေးရောက်လာတော့ သူ
ထလိုက်တယ် ။ အကြော်မပါရင် သုံးကျပ် ၊ တစ်ပွဲတလေတော့ စားပစ်လိုက် မယ်လို့
သူစိတ်ကူးတယ် ။ ဒါဆို ညနေကျ သူ အိမ်ပြန်ရင် ခုနစ်ကျပ်ပဲရတော့မယ် ။ ကားခကတော့ သူ့မှာ
သပ်သပ်ချန်ထားတဲ့ တစ်ကျပ်ရှိသေးတယ် ။ မုန့်ဟင်းခါးတစ်ပွဲစားဖို့ သူ့စိတ်တွေ လွန်ဆွဲနေတယ် ။
ဒါပေမယ့် သူ မစားဖြစ်တော့ဘူး ။ ရပ်ထားတဲ့ ရှေ့ကားပေါ်မှာ လူတွေပြည့်နေပြီ ။ သူ့စိတ်ကို
သူချိုးနှိမ်ရင်းက တံတွေးကို မျိုချလိုက်တယ် ။ ခဏနေတော့ ဆီးတော်ဖီသည် ရောက်လာတယ် ။ သူ
အရမ်းဝမ်းသာသွားတယ် ။ တစ်ကျပ်ဖိုး သုံးခုရအောင်တောင်းပြီးကမန်းကတန်း ဝါးပစ်လိုက်တယ် ။
ကားဂိတ်ရေအိုးစင်က ရေတစ်ခွက်ကို နှုတ်ခမ်းဘေးက ရေတွေစီးကျသွားတဲ့ အထိ သောက်တယ် ။
ဝမ်းထဲမှာ နည်းနည်းတော့ ငြိမ်သွားတာ အမှန်ပဲ ။ နောက် ခဏနေတော့ ထုံးစံ အတိုင်းပဲ
ဘတ်စ်ကားနောက်ပေါက်က တိုးတက်လိုက်တယ် ။
“ ကျွန်တော့်မိဘများ ခရီးသွားရင်း လမ်းသွားရင်း မိမိကံကြမ္မာကို မိမိဆန်းစစ်နိုင်ဖို့ နိုင်ငံကျော် ဗေဒဝိဇ္ဇာ ဆရာကြည်ရဲ့ ဟောစာတမ်းတွေကို ရောင်းချပေးပါတယ် ၊ ဟောစာတမ်းတစ်စောင်မှ တစ်ကျပ်ပါ ၊ မိမိရဲ့ မွေးနေ့မွေးနံလေးတွေကို ပြောရင် နေရာ အရောက် ကျွန်တော်လာပို့ပါ့မယ် ၊ သောကြာသမီးများ အတွက်ကတော့ ဒီလထဲမှာ အကောင်း အဆိုး ရောထွေးနေဦးမတဲ့ ၊ ထင်တာတွေဖြစ်မလာလို့ စိတ်မောလူမော ဖြစ်နေရမှာတဲ့ ၊ ဗုဒ္ဓဟူးသားသမီးတွေကတော့ အလုပ် အကိုင် အပြောင်း အရွှေ့ မြင်သတဲ့ ၊ ထိခိုက်ရှနာတွေလည်း ရှိသတဲ့ ၊ နိုင်ငံကျော် ဆရာကြည်ရဲ့ ဟောစာတမ်းတွေ ၊ မမှန်ရင် တစ်ပြားမှမပေးနဲ့ ”
မလုံးတင်က ဟောစာတမ်းရောင်းတဲ့ ကောင်လေးကိုပဲ လိုက်ကြည့်နေတယ် ။ ခဏနေတော့ သူ့ချွေးခံထဲကို လက်နှိုက်လိုက်တယ် ။ ကျပ်တန် အထပ်တွေထဲက တစ်ရွက်ကိုပွတ်ပြီး နှိုက်ယူရင်းက လက်တွေကို တဆဆ လုပ်နေတယ် ။ ကောင်လေးက တဖြည်းဖြည်းနဲ့ ကား အူကြောင်းဘက်ကို ရောက်လာတယ် ။
“ ဗုဒ္ဓဟူးသမီး တစ်စောင်ပေးပါဟဲ့ ကောင်လေး ”
“ ပြီးခဲ့တဲ့ အပတ်က နင့်စာရွက်ဝယ်ပြီး ထီထိုးတာ ခုနစ်ရာဆု ပေါက်တယ် ကောင်လေးရဲ့ ၊
တစ်ရွက်ပေးပါဦး ”
ဟောစာတမ်း ကောင်လေးတောင် ရုတ်တရက် ကြောင်သွားတယ် ။ ကားပေါ်က လူတွေကလည်း ကိုယ့်စိတ်နဲ့ကိုယ် ၊ ကိုယ့်စကားနဲ့ကိုယ် ရှိနေရင်းက မလုံးတင်စကားကြောင့် ခဏလေး တိတ်သွားတယ် ။
“ ကိုင်း … ဟောဒီမှာခင်ဗျား ၊ ဗုဒ္ဓဟူးသမီးက တစ်စောင် အားပေးပါပြီ ၊ ပြီးခဲ့တဲ့ အပတ်က
အစိုးရအောင်ဘာလေသိန်းဆုကိုလည်း ကျွန်တော့်ဟောစာတမ်းမှာပါတဲ့ နံပါတ်နဲ့ တိုက်ထိုးတာ
ခုနစ်ရာဆု ပေါက်သတဲ့ခင်ဗျာ ၊ ကိုင်း … ရော့ … ဒေါ်ကြီး ၊ ဗုဒ္ဓဟူးသမီး အတွက် ဒီလ
ဟောစာတမ်းမှာလည်း နံပါတ်တွေပါတယ် ၊ ဗုဒ္ဓဟူးက ၄ ၊ ၁ ၊ ၇ နဲ့ စတဲ့ ဂဏန်းတွေ
ဒီလ အကျိုးပေးမတဲ့ ၊ ကျေးဇူးတင်ပါတယ်ဗျာ ၊ ကျွန်တော်တို့ကလည်း ဝမ်းသာပါတယ် ၊ ကိုင်း …
ထီတွေလည်း ပေါက်ကုန်ပြီခင်ဗျ ၊ သောကြာနံ ဟုတ်လား ၊ ဟုတ်ကဲ့ လာပါပြီ ၊ ကဲ …
သောကြာတစ်စောင်တဲ့ ၊ ခင်ဗျာ … စနေ ဟုတ်ကဲ့ ၊ စနေသားသမီးများကလည်း ရပ်ဝေးက
မိတ်ဆွေများရဲ့ အထောက် အပံ့ရမယ်တဲ့ ၊ အကျိုးပေးဂဏန်းတွေလည်း ပါတယ်ဗျာ ၊ သိချင်ရင်တော့
တစ်ကျပ်တည်းပါ ”
မလုံးတင်က ဟောစာတမ်း စာရွက်ကလေးကိုကိုင်ရင်း ဘတ်စ်ကားနောက်ပေါက်ကို မယောင်မလည် တိုးတိုးသွားတယ် ။ ဂိတ်တဲထဲက ခရာတုပ်ပြီးလို့ ဝူးခနဲ ကားစက်နှိုးတော့မှ ကားပေါ်က မသိမသာ တိုးဆင်းလိုက်တယ် ။
ဒီကားနောက်က လူပြည့်နေတဲ့ ဘတ်စ်ကားရဲ့ နောက်ပေါက်ကို ကားစီးခရီးသည်
တစ်ယောက်လို သူ အတင်း တိုးတက်လိုက်ပြန်ရော ။ သိပ်မကြာခင်မှာပဲ ကားရှေ့ပေါက်က
ဟောစာတမ်းကောင်လေး တက်လာတာကို သူကြည့်နေတယ် ။ ကောင်လေး တက်လာတော့မှ
ချွေးခံ အင်္ကျီစထဲက ကျပ်တန်လေးတစ်ချပ်ကို အသာနှိုက်ယူလိုက်တယ် ။ ရှေ့နားကို မသိမသာ
တိုးတိုးသွားလိုက်တယ် ။ ပေရေနေတဲ့ သူ့ကို လူတွေက နှာခေါင်းရှုံ့ရင်း ဖယ်ပေးကြတယ် ။
မတိုးလို့ကလည်း မဖြစ်ဘူးလေ ။
“ ဗုဒ္ဓဟူးသမီး တစ်စောင်ပေးပါ ”
လို့ ပြောရင်း ဟောစာတမ်းတစ်စောင် ဝယ်ရဦးမှာကိုး ။ ဒါ သူ့ အလုပ်ကိုး ။
*****
( ၃ )
မီးတွေတောင်ထွန်းပြီ ။ ကက်ဆက်သံတွေက ညံတုန်း ။ ဘတ်စ်ကားတွေလည်း ကျဲသွားပြီ ။
ရန်ကုန်ဘက်ကို ထွက် မယ့် ဘတ်စ်ကားဆိုတာ မရှိသလောက်ပဲ ။ ဆာလိုက်တာလည်း
မပြောနဲ့တော့ ၊ အူတွေတောင် လိမ်နေပြီထင်ပါရဲ့ ။
သူ မြို့သစ်ကို ပြန်ရဦးမှာ ။ မြို့သစ်ကားတွေကလည်း ပုရွက်တွင်း တစ်တွင်းလို လူတွေ
ခဲခဲလှုပ်နေတတ်တာ ။ သူ ပြန်လို့မဖြစ်သေးဘူး ။ ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်ကလေး ရှိရာကို
သူ သွားတယ် ။ ထင်တဲ့ အတိုင်းပဲ ။
လူကျဲကျဲ လက်ဖက်ရည်ဆိုင်ကလေးရဲ့ ထောင့်တစ်ထောင့်မှာ သူ့ကိုစောင့်နေတဲ့
ဟောစာတမ်းကောင်လေးကို တွေ့တယ် ။ ဘေးနားမှာလည်း မိန်းမငယ်တစ်ယောက် ။
နှုတ်ခမ်းနီတွေရဲလို့ ။ “ နေပါဦး ၊ ဒီကောင်မကို ငါသိပါတယ် ” လို့ မလုံးတင် စဉ်းစားတယ် ၊
စဉ်းစားလို့မရဘူး ။ ပြည်တည်တည်မျက်နှာနဲ့ ကောင်လေးရဲ့ လက်တွေကို ဆုပ်ချေနေတယ် ။
ဆေးဆိုးထားတဲ့ လက်သည်းချွန်ချွန်တွေနဲ့ ကောင်လေးရဲ့ လက်ဖဝါးတွေကို ကုတ်ခြစ်ပေးနေတယ် ။ တစ်ခါတစ်ခါ ကောင်လေးရဲ့ လက် မောင်းတွေကို ထုလားထုရဲ့ ။
“ ဟော … ဒေါ်ကြီး လာ ၊ လက်ဖက်ရည်သောက် မလား ”
“ အေး … သောက်ချင်တယ် ၊ နင် ငါ့ကို ခေါ်ထားလို့သာ ၊ နို့ဆိုရင် ငါပြန်ပြီ ၊ မြို့သစ်ကားက
ကျပ်တယ်ဟ ၊ နောက်ရက် မှ ပေါင်းရှင်းလည်း ရတာပဲဟာ ”
“ ဪ … ဟုတ်တယ် ၊ ဒီလိုဗျာ ၊ ပြောရမှာ အားတော့နာတယ် ၊ ဒီကကျွန်တော့ညီမ
တောကရောက်လာတော့ ဒေါ်ကြီး လုပ်ရမယ့် အလုပ်တွေ မနက်ဖြန်ကစပြီး သူလုပ်လိမ့်မယ် ၊
ဒေါ်ကြီး မနက်ဖြန်ကစပြီး မလာနဲ့တော့ ဆိုတာ ပြောမလို့ ”
မလုံးတင် ဘယ်လိုမှမထင်ထားတဲ့ စကားတွေ ။ သူ ဒီ အလုပ်ကလေးကို လွန်ခဲ့တဲ့
လေးလလောက်ကတည်းက ရထားတာ ။ ဘာမှ မဟုတ်ပါဘူး ။ ဟောစာတမ်းကောင်လေးက
ဘတ်စ်ကားရှေ့က ဟောစာတမ်း တက်ရောင်းရင် သူ့ အလုပ်က လူကြားသူကြားက
ဟောစာတမ်းတစ်စောင် စဝယ်ရုံပဲ ။ ရန်ကုန်သားတွေဆိုတာက အခက်သားပဲ ။ လူတစ်ယောက်က
စဝယ်မှ လိုက်ဝယ်တတ်တာ မဟုတ်လား ။ သူ့ အလုပ်က “ ဗုဒ္ဓဟူးသမီး တစ်စောင် ပေးပါဟယ် ” လို့
ပြောပြီးဝယ်ရုံပဲ ။ ကောင်လေးက ဟောစာတမ်းဝယ်ဖို့ နှစ်ဆယ်မျိုး ၊ သုံးဆယ်မျိုး သူ့ကို မနက် မနက်
ထုတ်ပေးထားတတ်တယ် ။ ညနေဘက် အလုပ်သိမ်းရင် သူ့ကို နေ့တွက်တစ်ဆယ်ပေးတယ် ။
ပထမတော့ သူ့ အလုပ် သူ နားမလည်ဘူး ။ ဘာဖြစ်လို့ ဒီလိုလုပ်မှန်းလည်း မသိဘူး ။ နောက် မှ
ကောင်လေးက ရှင်းပြတယ် ။ ဒါက “ ဒလန် ” လုပ်ရတာတဲ့ ။ “ ဒလန် ” ဆိုတာ ဘာမှန်းလည်း သူ
မသိဘူး ။ နောက်တော့လည်း လုပ်ပျော်တယ်ထင်လို့ လုပ်ရင်းက ဘတ်စ်ကားဂိတ်မှာပဲ
နေကုန်နေခမ်း အချိန်ကုန်ရတော့တယ် ။ တစ်နေ့လုပ်ခ တစ်ဆယ်ထဲက ဘတ်စ်ကားခ
နှစ်ကျပ်နုတ်ပြီးရင် ကျန်တဲ့ရှစ်ကျပ်ကို ဘာမှမစားမသောက်ဘဲ အိမ်ပြန်ရင် ယူသွားနိုင်တာ
လေးလတောင် ရှိနေပြီပဲ ။ ဘာပဲဖြစ်ဖြစ် ကောင်လေးပဲ ကျေးဇူးတင်နေရသေးတယ် ။ အူ အလိမ်ခံပြီး
နေ့လယ်ဘက် မုန့်လေးပဲလေး ဝယ်စား ၊ ေရအဝသောက်ပြီး ပိုတဲ့ပိုက်ဆံလေး သူရနေတာကိုပဲ
သူကျေနပ်တယ် ။ အခုတော့ ဒီ “ ဒလန် ” ဆိုတဲ့ အလုပ်ကလေးတောင် လုပ်တဲ့လူပေါ်လာပြန်ပြီ
မဟုတ်လား ။ ရောက်လာတဲ့ လက်ဖက်ရည်ခွက်ကိုတောင် မသောက်နိုင်တော့ဘူး ။ သူ့ရင်ထဲမှာ
ဆို့နေတယ် ။ တစ်နေကုန် ဘတ်စ်ကားဂိတ်က နေပူကြီးထဲမှာ ကားတစ်စီးပြီး တစ်စီး
တက်လိုက် ဆင်းလိုက် လုပ်ရတာထက်တောင် ပူလောင်နေသေးတယ် ။
“ မိုးကလည်းကျတော့မယ် ဒေါ်ကြီးရဲ့ ၊ အလုပ်ကလည်း ပြောင်းချင်ပြီ ၊ နောက် ဟောဒီက
ညီမရောက်လာတော့ ဒေါ်ကြီးလုပ်တဲ့ အလုပ်ကလေး သူလုပ်ချင်လို့တဲ့ ၊ အဲဒါ …”
“ နင် စဉ်းစားပါဦးဟယ် ၊ ငါ့မှာက ဒီ အလုပ်ကလေး …”
“ တခြား အလုပ်ပဲ ရှာလုပ်ပါဗျာ ၊ ရော့ … ဒီကနေ့ အတွက် တစ်ဆယ် ၊ ခင်ဗျားလည်း
သိပါတယ် ၊ ကျွန်တော်လည်း သိပ်ကျန်လှတာ မဟုတ်ဘူး ”
မလုံးတင် လက်ဖက်ရည်တောင် မသောက်တော့ပါဘူး ။ စားပွဲက ထတယ် ။
သူ့ဖိနပ်ဟောင်းကလေးကို စွပ်တယ် ။ ပိုက်ဆံတစ်ဆယ်ကို တင်းတင်းဆုပ်ရင်းက ခဏကလေး
ရပ်နေလိုက်တယ် ။ တစ်ခုခု ပြောချင်ပေမယ့် ဘာပြောရမှန်းလည်း မသိဘူး ။
“ လက်ဖက်ရည် သောက်သွားဦးလေဗျာ ၊ မှာပြီးမှ ”
“ မသောက်တော့ပါဘူး ”
မြို့သစ် ကားဂိတ်ဘက်ကို ထွက်လာခဲ့တယ် ။ မြို့သစ်ကိုသွားမယ့် ကားပေါ်မှာ လူတွေဆိုတာ တရွရွ နဲ့ မွစာတက်လို့ ။ နောက်ကားကို စောင့်ဖို့ဆိုတာကလည်း ထူးမှာမဟုတ်ဘူး မဟုတ်လား ။ လူပြည့်နေတဲ့ ဘတ်စ်ကားတွအပေါ်ကို နေ့စဉ်နဲ့ အမျှ တက်နေကျဆိုတော့ သူ့ အဖို့ သိပ်တော့ ထူးပြီး ကျပ်တယ် မဟုတ်တော့ပါဘူး ။ အိမ်မှာလည်း ကလေးတွေက မျှော်လှရော့မယ် ။
“ ဗုဒ္ဓဟူးသားသမီးတွေ အတွက်ကတော့ အလုပ် အကိုင် အပြောင်း အရွှေ့ ရှိသကဲ့သို့
ထိခိုက်ရှနာတွေလည်း မြင်သတဲ့ ”
နေ့လည်က ကောင်လေးပြောသွားတဲ့ ဟောစာတမ်းက စာသားတွေက သူ့ကို တမင်များ
ရည်ရွယ်ပြီး ပြောတာလားလို့လည်း သူ စဉ်းစားနေမိပါသေးတယ် ။
“ ကိုင်း … ကားခလေး အဒေါ်ကြီး ”
“ ဗုဒ္ဓဟူးသမီး ၊ အဲ … မြို့သစ်ကွေ့ကို ”
သူ့လက်ထဲက ကျပ်တန်နွမ်းကလေးကို ထုတ်ပေးတုန်းမှာပဲ ကားစက်က ဝူးခနဲနှိုးတယ် ။
ဘာပဲဖြစ်ဖြစ် မနက်ကားကြီးဂိတ်ကို မလုံးတင် လာစရာ မလိုတော့ဘူး ။
◾နေဝင်းမြင့်
📖 ဝါနီပြာပန်းချီ မဂ္ဂဇင်း
အမှတ် - ၃
၁၉၉၁ ခုနှစ် ၊ ဇူလိုင် လ
koaungnaingoo.blogspot.com
.
No comments:
Post a Comment