Saturday, August 28, 2021

ရနောင် ကိုစံရင် နှင့် ဆင်ခိုးမ မခင်ညို


 

❝  ရနောင် ကိုစံရင် နှင့် ဆင်ခိုးမ မခင်ညို ❞

ကျွန်တော်သည် ရန်ကုန်မြို့တွင်းက နေရာအနှံ့အပြားကို  လျှောက်သွားနေသည် ။ လမ်းဘေးက စာအုပ်အဟောင်းရောင်းသည့် ပလက်ဖောင်းတွေပေါ်မှာ ကျွန်တော့်ကို တွေ့နိုင်သည် ။ ပလက်ဖောင်းပေါ်က ပေါချောင်ကောင်း စာအုပ်အဟောင်းတွေကို ဝယ်ဖတ်လေ့ ရှိသည် ။

စာအုပ် အဟောင်းပုံထဲမှာ စာအုပ်ကောင်း တစ်အုပ် တွေ့သည် ။ ၁၉၆၀ ပြည့်နှစ်လောက်က ဆရာကြီး ဦးသော်ဇင် ရေးပြီး စာပေဗိမာန်က ထုတ်သည့် ဆင်ခိုးမလေး စာအုပ်ကို ငါးဆယ်ကျပ်ဖြင့် ဝယ်သည် ။ ဆင်ခိုးမလေး ကနေတာကို ကြည့်ပြီး ရမ္မက်ခိုး ထနေသည့် ရနောင် မောင်မောင်တုတ် ပုံကို သရုပ်ဖော်ထားသည့် ပန်းချီဆရာကြီး ဦးငွေကိုင် ၏ လက်ရာ မျက်နှာဖုံးကပင် ငါးဆယ်မျှမက တန်နေသည် ။

ဆရာကြီး ဦးသော်ဇင်၏ နှံ့စပ် ကြွယ်ဝသည့် ဗဟုသုတနှင့် ကျွမ်းကျင်သည့် တင်ပြပုံတို့ကြောင့် ဖတ်မိတယ် ဆိုရင်ပဲ လက်က ချလို့ မရအောင် ဆွဲဆောင်သွားသည် ။ စာအရေးအသား နှင့် တင်ပြပုံ ရိုးစင်းသော်လည်း အကြောင်းအရာက အားကောင်းလွန်းနေသည် ။ ဆင်ခိုးမလေး ဖြစ်လာမည့် အရပ် ကချေသည် မမျှင် သည် တောင်တွင်းကြီး လယ်တော်အုပ် မောင်မောင် ၏ ဇနီးဖြစ်သည် ။ ဘုရင့်လယ်ယာမြေတွေမှာ ရေရအောင် မိုးခေါ်ပွဲတွေလုပ်ရာမှာ ဝင်ရောက် သီဆိုကပြရင်း နာမည်ကြီးလာသော အရပ်မင်းသမီး ဖြစ်သည် ။ ကံဆိုးချိန် သို့မဟုတ် ကံကောင်းချိန် ရောက်လာသောအခါ နေပြည်တော်အထိ တက်ပြီး အသုံးတော်ခံရမည့်ကိန်း ကြုံလာသည် ။ လယ်ဝန်မင်း၏ အကူအပံ့ဖြင့် ရနောင် မောင်မောင်တုတ် ၏ စံအိမ်တော်ဝင်းထဲမှာ ကပြခွင့် ရခဲ့လေသည် ။ အဲဒီညမှာပဲ အကုသိုလ် ဝင်လေတော့သည် ။ ရနောင် မောင်မောင်တုတ် က ဆင်ခိုးမလေး ဖြစ်လာမည့် မမျှင် ကို မရလျှင် မနေနိုင်တော့ပါဘူး ဆိုပြီး နသားပါယား လုပ်၍ ကုန်းဘောင် ရာဇဝင်သမိုင်းမှာ အရိုင်းစိုင်းဆုံးနှင့် အရုပ်အဆိုးဆုံး သူများမယား ခိုးမှုကြီး ဖြစ်ခဲ့လေတော့သည် ။

ကုန်းဘောင် ခေတ်နှောင်း ကာလမှာ ရနောင် မောင်မောင်တုတ် ကသာ ကြိုက်တယ် ၊ လိုချင်တယ် ဆိုလျှင် မယ်တော် ဆင်ဖြူမရှင် နှင့် စုဖုရားလတ် က လွဲလျှင် ကျန်တဲ့မိန်းမအကုန်လုံးကို ရနိုင်သော ကာလဖြစ်သည် ။ ရနောင် မောင်မောင်တုတ်ဆိုတာ ကုန်းဘောင်ခေတ်မှာ ဓားထက်တဲ့ မိဖုရား စုဖုရားလတ် နဲ့ နို့စို့ဖက် ဖြစ်၍ လိုချင်တာ မှန်သမျှအကုန် ရ ၊ လုပ်ချင်တာ မှန်သမျှ အကုန် ဖြစ်သော မင်းသားတစ်ပါး ဖြစ်သည် ။ ရနောင်မြို့ကို အပိုင်စားရသည့်အပြင် ဘုရင့်နောင် ကျော်ထင်နော်ရထာဘွဲ့ဖြင့် သေနတ်ဝန် ရာထူးကို ရထားသူ ဖြစ်သည် ။ သေနတ်ဝန် ရာထူးကို ကင်းဝန်မင်းကြီးထံမှ မိဖုရား စုဖုရားလတ်က ဖြုတ်ယူပြီး ရနောင် မောင်မောင်တုတ် ကို ခန့်ထားခြင်း ဖြစ်သည် ။ မြင်းကို ချိုတပ်ပေးလိုက်သလို ဖြစ်သွားသည် ။ သူကြိုက်သည့် မိန်းမဆိုလျှင် လင်ရှိသည့် မိန်းမ ကိုပင် မရှောင် ရအောင်ယူသည် ။ မယားတွေများလွန်း၍ သူသုံးပြီးသား အဟောင်းတွေကို ကံစမ်းမဲဖောက်ပြီး စွန့်ကြဲတတ်သည် ။ သူပိုင် သူ့ထက်သာ ထီဆိုင်မှ တစ်သိန်းဆု ပေါက်သူတိုင်းကို သူ သုံးပြီးသား မယား တစ်ယောက် လက်ဆောင်ပေးသည် ။

ရနောင် မောင်မောင်တုတ်၏ စံအိမ်တော် ဝင်းထဲမှာ မဆင်ခိုး ကပြရသည့် ညမှာပဲ မောင်မောင်တုတ် ၏ အတင်းအဓမ္မ ဖက်ရမ်းနမ်းရှုံ့ခြင်းကို မဆင်ခိုး ခံရလေသည် ။ ဆရာကြီး ဦးသော်ဇင်၏ စာအုပ်မှာ အောက်ပါအတိုင်း တွေ့ရသည် ။

“ ကျွန်တော်မျိုးမမှာ ကာမပိုင် လင်ကြီးနဲ့ပါ ဘုရား ”

“ ကာမပိုင် ၊ ဘာ ကာမပိုင်လဲ ”

“ တောင်တွင်းကြီး လယ်တော်အုပ်ရဲ့ မယားပါ ဘုရား ”

“ လယ်တော်အုပ် ဘာလုပ်ရမှာလဲ ”

“ ကလေးနှစ်ယောက် ရှိပါတယ် ဘုရား ”

ဒီနေရာမှာ ဆရာကြီး ဦးသော်ဇင်က ( ညဉ့်အမှောင်က တဖြည်းဖြည်း နက်လာသည် ။ ထို့အတူ ရနောင် ၏ မောဟ အမှောင်ကလည်း တဖြည်းဖြည်း နက်လာသည် ။ ဆိုးရွားသော ပဒေသရာဇ် စနစ်၏ အာဏာစက်အောက်တွင် မမျှင်တစ်ယောက် ရေတိမ်နစ်ရချေပြီ တကား ) ဟု ရေးထားသည် ။

ကျွန်တော် စာအုပ်ကို ခေတ္တပိတ်ပြီး စဉ်းစားသည် ။ လွယ်ကူလှချည်လားဟု တွေးမိသည် ။ ရနောင် မောင်မောင်တုတ်သည် လူပုံအလယ်မှာတောင် မရှောင် ဒါလောက်တောင် သောင်းကျန်း ရမ်းကားနေတာကို သီပေါမင်းတရား ၏ ရွှေနားတော်ပေါက်အောင် ဘယ်သူမှ မတင်လျှောက်ကြဘူးလားဟု တွေးမိသည် ။ တစ်ခုတော့ ရှိသည် ။ သီပေါမင်းကလည်း ခင်ခင်ကြီး ခေါ်  ဒိုင်းခင်ခင် နှင့် ခြေပုန်းခုတ်နေသည့် ကိစ္စမှာ ရနောင် မောင်မောင်တုတ် က အကျိုးတော်ဆောင် အောင်သွယ်တော်ကြီးဖြစ်နေ၍ မောင်မောင်တုတ်ကို ဒီကိစ္စမျိုးနဲ့ အရေးယူရဲပါ့မလား ဆိုတာကတော့ စဉ်းစားရမည့်အချက် ဖြစ်သည် ။ မိဖုရားကြီး စုဖုရားလတ် ၏ ရွှေနားတော် ပေါက်အောင် လျှောက်တင်နိုင်လျှင်တော့ မဖြစ်ဘူးလားဟု စဉ်းစားနေမိသည် ။ စာအုပ်ကို လှန်ထားသည့် နေရာမှ ဆက်ဖတ်သည် ။

နံနက် မိုးသောက် အလင်းရောက်သောအခါ မမျှင် က ရနောင် မောင်မောင်တုတ် အား လျှောက်ထားသည် ။

“ ကာမေသု မိစ္ဆာစာရကံ ဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ် ။ အခု သိမ်းပိုက်လိုက်လျှင် ကိုယ်တော်မှာ အပြစ်ကြီး ထိုက်နေတော့မယ် ။ ဒါကြောင့် ကိုယ်တော်မှာလည်း ကံကြီး မထိုက်ရလေအောင် လင်ကြီး နဲ့ ကွာရှင်းပြီးမှသာ သဘောရှိ သိမ်းပိုက်တော်မူပါ ကိုယ်တော် "

ဒီနေရာမှာလည်း ကျွန်တော် စဉ်းစားရပြန်သည် ။ အတင်း အဓမ္မသမား နဲ့ တစ်ညပဲ အတူ အိပ်ရသေးသည် ။ မမျှင် ၏ လေသံ ပျော့သွားသည် ။ မကျေနပ်တဲ့ အမူအရာနဲ့ သက်ဆိုင်ရာကို တိုင်မယ် ၊ တောမယ် ဆိုတဲ့ စကားတစ်ခွန်းမှ မပြောဘဲ ဒုသနသော ပြစ်မှုနဲ့ မောင်မောင်တုတ် ငရဲကြီးမှာကိုသာ စိုးရိမ်နေတာ တွေ့ရသည် ။ စာအုပ်ကို ဆက်ဖတ်သည် ။

“ ကိုယ်တော်က လယ်တော်အုပ်ကို ဂရုစိုက်ရမှာလား ”

“ ဂရုစိုက်တယ် ရယ်လို့တော့ မဟုတ်ပါဘူး ၊ သူ့မယား ဖြစ်နေတော့ "

“ တော် ... တန် ... တိတ် ၊ သူ့မယား ဆိုတဲ့ စကားကို ကိုယ်တော် မကြားလိုဘူး ။ ဒါ ဘယ်သူ့မယားမှ မဟုတ်ဘူး ။ ကိုယ်တော့်မယား ၊ ကိုယ်တော့် အချစ် "

“ ကိုယ်တော် ... ဘုရား ကျွန်မကို တကယ် မြတ်နိုး တော်မူသလား "

“ မေးရက်ပလေ အသက်ရယ် ၊ မြတ်နိုးတော်မူလွန်းလို့ ဟိုဟာမတွေကို ချောင်ထိုးထားလိုက်ပြီး ဒီက အချစ်ကလေးနဲ့ ထွေးရစ်နေတာပေါ့ ”

“ တကယ် မြတ်နိုးရိုးမှန်ရင် ဘုရား ကျွန်မ တောင်းတဲ့ အခွင့်ကို ပေးရမယ် ။ ကိုယ်တော်အရှင် ပိုင်ပိုင်နိုင်နိုင် ချစ်နိုင်ဖို့ အခွင့်ပါပဲ ”

“ မြန်မြန် တင်စမ်း "

“ ဘုရား ကျွန်မ တောင်တွင်းကိုပြန်ပြီး လယ်တော်အုပ် နဲ့ ပြတ်ပြတ်စဲစဲ ကွာရှင်းချင်ပါတယ် ”

“ ကိုယ်တော် အချစ် နဲ့ တစ်ဗဟိုရ်တောင် ခွဲလို့ မနေနိုင်ဘူး ”

“ မကြာစေရပါဘူး ။ ကိစ္စပြီးအောင် ဆောင်ရွက်ပြီး အမြန်ပြန်ခဲ့ပါ့မယ် ”

ကျွန်တော် စာအုပ်ကို ဆက် မဖတ်သေးဘဲ ပြုံးပြီး စဉ်းစားနေသည် ။ စဉ်းစားစရာတွေတော့ ဖြစ်ကုန်ပြီလို့ သိနေတယ်လေ ။ ရနောင် မောင်မောင်တုတ် သည် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သော်လည်း တန်ခိုးထွားသည် ။ ဓားထက်သည် ။ ဘုရင်နှင့် မိဖုရားကတောင် အလေးထားရသည့် မင်းသားတစ်ပါး ဖြစ်သည် ။ကုန်းဘောင်ခေတ် နန်းတွင်းသူတွေတောင် မောင်မောင်တုတ်က သိမ်းပိုက် မည်ဆိုလျှင် လိုလိုချင်ချင် သဘောတူကြမည် ထင်သည် ။ သာမန် ကျေးတောသူ မမျှင် ကရော ဘယ်လို ဖြစ်မယ် ၊ ရပ်တည်ချက် အမှန်က ဘယ်လို ဖြစ်ခဲ့သလဲ ၊ ကျွန်တော်ကတော့ သဘာဝနဲ့ အနီးစပ်ဆုံး ဖြစ်နိုင်ချေကို ခန့်မှန်းသည် ။ ဒီကိစ္စမှာ မမျှင် ခေါ်  မဆင်ခိုး ၏ အဖြစ်က ကျွန်တော့်အစ်မ မခင်ညို လင်သေတော့ ငိုပုံနှင့် တူနေသည်ဟု ထင်မိသည် ။

ကျွန်တော့်အစ်မ မခင်ညို သည် အသက်သုံးဆယ် ကျော်သည်အထိ အပျိုကြီးဘဝဖြင့် နေခဲ့သည် ။ လင်ယူသားမွေးခြင်းသည် မဂ် နှင့် ဖိုလ် နှင့် မနီးသည့် ယုတ်ညံ့သော အလုပ်ဖြစ်၍ အပျိုကြီးဘဝဖြင့် အရိုး ထုတ်တော့မည်ဟု အမြဲ ပြောသည် ။ ဒီလိုဆိုရင် သီလရှင် ဝတ်ပါလား ဆိုတော့လည်း ခေါင်းခါသည် ။ မဂ်ဖိုလ်ကို ရဖို့အတွက် သီလရှင် ဝတ်စရာ မလိုဟု ဆိုသည် ။ ထဘီဝတ်ပြီး သောတာပန် ဖြစ်သွားကြသည့် ဝိသာခါတို့ မလ္လိကာ တို့ကို ထောက်ပြပြီး အပျိုကြီးဘဝဖြင့်ပင် နေသည် ။

အပျိုကြီး အသက်လေးဆယ် နီးတော့မှ သူဌေးသား ၊ လူဆိုး ၊ နှစ်ခုလပ် ၊ မုဆိုးဖို ကိုစံရင် က လှည်းတင်ပြီး ခိုးပြေးလို့ အပျိုကြီး ဘဝမှ အအိုကြီး ဖြစ်သွားလေသည် ။ ကိုစံရင် က ရွာသူဌေး၏ တစ်ဦးတည်းသောသား ၊ မြို့ကျောင်းထွက် ၊ ကြက်သမား ၊ အရက်သမား ၊ ဖဲသမား ဆိုသော်လည်း ရန်လိုတတ်သူ မဟုတ် ။ မိန်းမတွေ ကြိုက်တတ်သည့် စိတ်ကောင်း လူပျော့ ၊ လူ့ဘော်ကြော့သမား ဖြစ်သည် ။ ဘာအလုပ်မှ မလုပ်ဘဲ ဘန်ကောက် လုံချည်ကို ထည်လဲဝတ်ပြီး ဖဲလည်ရိုက်နေသူ ဖြစ်သည် ။ မိဘ ပေးစားသည့် ပထမမယားနဲ့ ကွဲပြီး နောက်တစ်ယောက် ယူသည် ။ တစ်နှစ်လောက် အကြာမှာ အဲဒီမိန်းမ သေသည် ။ မကြာမီ အရက်ပုန်းရောင်းသည့် မအေးကြည် နှင့် တိတ်တိတ်ပုန်း ညားသည် ။ ညားတုန်းက လူမသိ သူမသိ သော်လည်း ကွဲကြတဲ့အခါ မအေးကြည် က သူ့ကိုယ်မှာ ရှိတာတွေနဲ့ ခိုင်းနှိုင်း တိုင်းထွာဆိုပြီး ကွဲကြလို့ တစ်ရွာလုံး သိကုန်ကြသည် ။

မိန်းမ မရှိလျှင် မနေတတ်ဟန်တူသည့် ကိုစံရင် သည် ကျွန်တော့်အစ်မ အပျိုကြီး မခင်ညို ကို အတင်းအမွေ လှည်းပေါ်ဆွဲတင်ပြီး ခိုးပြေးသည် ။ သီလယူပြီး ဘုန်းကြီးကျောင်းက ပြန်လာသော မခင်ညိုကို ရွာဦးကျောင်း ခြံက အထွက် ရွာဘက်ကို ကူးသည့် မြောင်းကူး တံတားလေး အရောက် မှာ ကိုစံရင် နှင့် အပေါင်းပါတစ်စုတို့က အတင်းအဓမ္မ ဝိုင်းဆွဲပြီး လှည်းပေါ် တင် မောင်းပြေးသွားကြခြင်း ဖြစ်သည် ။

ရွာသူကြီး ဦးဆောင်သည့် ရွာသားတချို့နှင့် ကျွန်တော့် အစ်ကိုတွေ ပြေးလိုက်သွားကြသော်လည်း မမီလိုက်တော့ပါ ။ တစ်ပတ်ဆယ်ရက်လောက် သတင်းအစအန ပျောက်နေသည် ။ နောက် များ မကြာမီ ဆူးပုတ်ကုန်း ရွာက ကြက်ဝိုင်းမှာ ကြက်ဆွဲ လုပ်နေသော ကိုစံရင် ကို မြင်ခဲ့သူ တစ်ယောက်က သတင်း လာပေး၍ ချက်ချင်း ထလိုက်ကြသည် ။ ကိန္နရီချောင်း ရွာသူကြီး နှင့် မခင်ညို ၏ အစ်ကိုတွေ လိုက်လာကြပြီ ဆိုသည့် သတင်းကို ကြားတော့ ကိုစံရင် ကြက်ဝိုင်းမှ ထလစ်သွားသည် ။ ဆူးပုတ်ကုန်း ရွာသားတစ်ယောက်၏ အကူအညီဖြင့် မခင်ညို ရှိနေသည့် အိမ်ကို သွားဝိုင်းကြသည် ။

“ ခင်ညို နင့်ကို ကယ်ဖို့ ငါတို့ လာပြီ ၊ မကြောက်နဲ့ ထွက်လာခဲ့ "

အံ့ဩ စရာ အတော်ကောင်းသည် ။ မခင်ညိုသည် ထွက် မလာရုံသာမက အိမ်ခန်းထဲမှာ ပုန်းနေလိုက်သေးသည် ။ အိမ်ရှင်က သူ့ကို အမှုပတ်မှာစိုးလို့ မခင်ညို ကို ပုန်းနေရာမှ ထွက်လာပါရန် တောင်းပန်သည် ။ ထွက်လာပြန်တော့လည်း သူ့ကို ပြန်ခေါ်သွားမှာကို စိုးရိမ်သည့် ပုံမျိုးဖြစ်နေတာ တွေ့ရသည် ။ သူ့အစ်ကိုတွေ စိတ်ဆိုးကြတော့သည် ။

“ ခင်ညို ၊ ဒါက ဘာသဘောလဲ ။ နင် ပြန်မလိုက်ချင်ဘူး ဆိုတဲ့ သဘောလား ”

“ ကျုပ် ပြန်လိုက်တော့ အပျို ပြန်ဖြစ်မလားတော့ ”

သူကြီးက အားလုံးကို လက်ကာပြလိုက်ပြီးသူကိုယ်တိုင် မေးခွန်းထုတ်သည် ။

“ ကဲ ... တူမကြီး ၊ ငါတို့ လာခဲ့တာ နင့်ကို ပြန်ခေါ်ဖို့ နဲ့ စံရင် ကို ဖမ်းဖို့ လာခဲ့တာပဲ ၊ အခု စံရင် ဘယ်မှာလဲ ”

“ ကျွန်မလည်း ပြန်မလိုက်ပါရစေနဲ့ ၊ ကိုစံရင် ကိုလည်း မဖမ်းပါနဲ့ ဦးကြီးရယ် ”

“ ကောင်းရောကွာ ၊ ဟေ့ကောင် ထွန်းမောင် ပေးစမ်း ငါ့ နှစ်လုံးပြူး သေနတ် ၊ လာ ပြန်ကြမယ် ”

သူကြီးက သေနတ်ကြီး ထမ်းပြီး လှည့်ပြန်သည် ။ ကျွန်တော့် အစ်ကိုတွေက မခင်ညို ကို မျက်စောင်းထိုး ကြည့်ပြီးတောက်ခေါက်သည် ။ နင့်ကို သေခန်းဖြတ်မယ်လို့ပြောပြီး လှည့်ပြန်ခဲ့ကြရသည် ။

အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတော့မှ ကိုစံရင် နှင့် မခင်ညို တို့ ရွာကို ပြန်လာကြသည် ။ ကိုစံရင်၏ မိဘအိမ်မှာပင် နေကြသည် ။ မခင်ညို က သူသည် ကိုစံရင် ကို လုံးဝ မချစ်ပါ ။အတင်းအဓမ္မ အနိုင်ကျင့်ခံလိုက်ရ၍ မထူးဘူး ဆိုပြီး မချစ်ဘဲ အောင့်ပြီး ပေါင်းနေ တာပါဟု ဆိုသည် ။ ကျွန်တော်တို့ ဆွေမျိုးစု၏ ဂုဏ်သိက္ခာကို မခင်ညို ၏ စကားဖြင့် အဖတ်ဆည်ထားရသည် ။

ကိုစံရင် သည် မခင်ညို နဲ့ ညားပြီး ဖင်ငြိမ် အိမ်မြဲတော့မှ ကျန်းမာရေး ယိုယွင်း ကျဆင်းလာတော့သည် ။ ပွဲကြမ်းထားခဲ့သည့် ဒဏ်တွေကို ခံရတော့သည် ။ ချောင်းဆိုးရာမှာ သွေးပါလာသည် ။ ဗိုက်ကြီးပူပြီး အသားတွေ ဝါလာသည် ။ ဆရာဝန်နှင့် ခေတ်မီ ဆေးဝါးတွေ မရှိသေးသည့် ကာလဖြစ်၍ ပယောဂဆရာ နှင့် ဗိန္ဓောဆရာတွေ လက်တည့်စမ်းတာ ခံရင်း ကိုစံရင် ကွယ်လွန်သွားပါသည် ။

ကိုစံရင် အသက်ထွက်သွားသည့် အချိန်မှ အသုဘချသည့် အချိန်အထိ တစ်ကြိမ်မှ မငိုသော မခင်ညို သည် အလောင်းကို မြေချခါနီးကျမှ သတိလစ်ပြီး လဲကျသွားသည် ။ သတိပြန်ရလာသောအခါ မခင်ညို အော်လိုက်သည့် အသံကို ကြားကြရသည့် အသုဘ ပို့သူတွေ စဉ်းစားရ ခက်သွားကြသည် ။

“ ကိုစံရင် ရေ ... လှည်းတင်ပြေးတဲ့ ညက ပြောခဲ့တဲ့ စကားမျိုးလေးတွေ ထ , ပြောပါဦးလားတော့ ‌ေဟာ့ ... ‌ေဟာ့ ၊ မယားတွေ အများကြီး ယူခဲ့တဲ့အထဲမှာ ခင်ညို နင့်ကို ငါအချစ်ဆုံးလို့ ထပြောပါဦး ဟုန်း .. ဟုန်း ”

တောက် ... သွားရောပေါ့ ဗျာ ကျွန်တော်တို့ တစ်ဆွေလုံး တစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခာတွေ ။ မျက်နှာကို အရေခွံပါ ခွာလွှာပစ်လိုက်ချင်ပါသည် ။

◾ အဏ္ဏဝါစိုးမိုး

📖  ‌ေရွအမြုတေ မဂ္ဂဇင်း
       ဧပြီလ  ၊ ၂၀၀၂ ခုနှစ်

koaungnaingoo.blogspot.com

.

No comments:

Post a Comment